← Chapters

အခန်း ၂၅၂

Vol. 26 Ch. 252

အခန်း ၂၅၂

Vol. 26 Ch. 252

အခန်း (၂၅၂) အသက်ဖြင့် လဲလှယ်ခြင်း

တစ်ချိန်က သာယာငြိမ့်ညောင်းသော တေးသီချင်းသံများ၊ ကခုန်မှုများဖြင့် စည်ကားသိုက်မြိုက်ခဲ့သော မြို့စားအိမ်တော်၏ ခန်းမဆောင်ကြီးမှာ ယခုအခါ၌မူ ပြာကျနေသော အပျက်အစီးပုံကြီး အဖြစ်သို့ ရောက်ရှိသွား၏။

ငြိမ်းသတ်၍မရနိုင်သော အစစ်အမှန် မီးတောက်များ ပြင်းထန်လွန်းလှသော အပူရှိန်အောက်တွင် မြို့စားအိမ်တော်၏ ပင်မခန်းမဆောင်ကို တည်ဆောက်ထားသော ကျောက်တုံးကြီးများပင်လျှင် အရည်ပျော်ကျလာကာ မြေပြင်ပေါ်၌ ပုံသဏ္ဍာန်မဲ့စွာ စီးဆင်းနေကြသည်။ မီးကျွမ်းနေသော အလောင်းအနည်းငယ်မှာ အပျက်အစီးများကြားတွင် ကောက်ကွေးစွာ လဲလျောင်းနေကြ၏။ ရုတ်တရက် ကျရောက်လာသော ကြောက်မက်ဖွယ် အပူချိန်ကြောင့် ထိုအလောင်းများသည် သေဆုံးခါနီး အနေအထားအတိုင်း တောင့်တင်းနေကြဆဲ ဖြစ်သော်လည်း ခပ်ဖွဖွလေး ထိလိုက်သည်နှင့် ပြာများအဖြစ်သို့ ပြောင်းလဲကာ လေထဲတွင် လွင့်စင်ပျောက်ကွယ်သွားမည်မှာ သေချာလှသည်။

ထိုမီးကျွမ်းနေသော အလောင်းများထဲတွင် ကျားပျံနှင့် နတ်ဆိုးနွားဟူသော နတ်ဆိုးဘုရင် နှစ်ပါးလည်း ပါဝင်၏။ ရည်မှန်းထားတာ အောင်မြင်သွားပြီးနောက် ပိုင်ချူးရန်သည် သူတို့အပေါ် သက်ညှာပေးရန် မည်သည့်အကြောင်းပြချက်မျှ မရှိတော့ပေ။ ထိုနတ်ဆိုးဘုရင်နှစ်ပါးမှာ မူလကတည်းက ပြင်းထန်သော ဒဏ်ရာများကို ရရှိထားပြီးဖြစ်ရာ သဘာဝကျစွာပင် ဤကံဆိုးမိုးမှောင်ကျမှုမှ လွတ်ကင်းနိုင်ခဲ့မည် မဟုတ်ချေ။

သို့သော်လည်း ပိုင်ချူးရန် တမင်ရည်ရွယ် ထိန်းချုပ်မှုအောက်တွင် ဝက်ဝံဖြူမှာမူ အသက်ရှင်ကျန်ရစ်နေ၏။ မီးလုံး ပေါက်ကွဲသွားသော အခိုက်အတန့်တွင် ပြင်းထန်လှသော ပေါက်ကွဲမှုလှိုင်းက သူ့ကို အဝေးသို့ လွင့်စင်သွားစေခဲ့သည်။ မြင့်မားလွန်းသော အပူရှိန်ကြောင့် သူ၏ ခန္ဓာကိုယ် အနှံ့အပြားတွင် ပြင်းထန်သော မီးလောင်ဒဏ်ရာများ ရရှိသွားသော်လည်း နတ်ဆိုးဘုရင်တစ်ပါး၏ ကိုယ်ခံစွမ်းအားအရ ယင်းသည် ကုစား၍မရနိုင်သော ဒဏ်ရာမျိုးတော့ မဟုတ်ပေ။

မြေပြင်ပေါ်ရှိ ပြာများကို နင်းဖြတ်ကာ ပိုင်ချူးရန်သည် အပျက်အစီးများကြားမှ ဖြည်းညှင်းစွာ ဖြတ်လျှောက်သွားပြီး ဝက်ဝံဖြူ လည်ပင်းကို ဆုပ်ကိုင်ကာ အပျက်အစီးပုံထဲမှ ဆွဲထုတ်လာ၏။

"ကနဦးဘိုးဘေး နတ်ဆိုးဧကရာဇ်ရဲ့ မြေပုံအပိုင်းအစ ဘယ်မှာလဲ"

ပိုင်ချူးရန်က အေးစက်စွာ မေးသည်။

"ထွီ"

ဝက်ဝံဖြူသည် သွေးစွန်းနေသော တံတွေးများကို ပိုင်ချူးရန်၏ မျက်နှာဆီသို့ အားယူ၍ ထွေးထုတ်၏။ သို့သော် ပိုင်ချူးရန်က ကြိုတင်မျှော်လင့်ထားပြီးဖြစ်ရာ ခေါင်းကို ဘေးဘက်သို့ အသာအယာ ရှောင်တိမ်းသည်။

"အင်းလေ။ တကယ်တော့ ငါက လုပ်ထုံးလုပ်နည်းအရ မေးကြည့်ရုံပါပဲ"

ပိုင်ချူးရန်သည် ဝက်ဝံဖြူအား မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီးနောက် သူ၏ခါးတွင် ချိတ်ဆွဲထားသော ကျီရှန်းကို ဖြုတ်ယူကာ ဝက်ဝံဖြူဘက်သို့ လှည့်ပြ၏။

ခေတ္တမျှ အကဲခတ် ကြည့်ရှုပြီးနောက် ကျီရှန်းက မျက်လုံးအိမ်များမှ အစိမ်းရောင် မီးတောက်များကို တဖျပ်ဖျပ် တောက်ပစေရင်း ပြောသည်။

"သူ့ရဲ့ လက်မပေါ်က လက်စွပ်လေးက သိုလှောင်ရေး မှော်လက်နက်ပဲ"

"မင်း... မင်းက သက်ရှိတစ်ခုလား။"

ဝက်ဝံဖြူသည် မြေပြင်ပေါ်တွင် လဲကျနေရင်း ထိတ်လန့်အံ့အားသင့်စွာဖြင့် မေး၏။

သို့သော် ပိုင်ချူးရန်ရော ကျီရှန်းပါ သူ့ကို ဂရုမစိုက်ကြပေ။ ပိုင်ချူးရန်သည် ရှေ့သို့လှမ်းသွားကာ အားနည်းနေသော ဝက်ဝံဖြူမင်းထံမှ လက်စွပ်ကို အလွယ်တကူ ဆွဲချွတ လေ၏။ ထို့နောက် လက်စွပ်ပေါ်ရှိ ကန့်သတ်ချက် အစီအရင်များကို ရိုက်ချိုးဖျက်ဆီးလိုက်ကာ အတွင်းမှ မြေပုံအပိုင်းအစကို ထုတ်ယူလိုက်သည်။

မြေပုံအပိုင်းအစကို သေသေချာချာ သိမ်းဆည်းပြီးနောက် သိုလှောင်လက်စွပ်ကို ဝက်ဝံဖြူ၏ လက်မပေါ်သို့ ပြန်လည်စွပ်ပေးလိုက်ပြီး ပါးပြင်ကို ခပ်ဖွဖွ ပုတ်ကာ ပြော၏။

"ကြည့်... ငါက မြေပုံအပိုင်းအစကိုပဲ ယူတာ။ သူများရဲ့ သိုလှောင်လက်စွပ်တွေကို လျှောက်မွှေလေ့ မရှိဘူး။ ဒါက ဂုဏ်သိက္ခာပဲ။ ဘိုင့်ဘိုင်... ဒီမှာပဲ ဖြည်းဖြည်းချင်း အနားယူနေလိုက်တော့။"

"ငါ့ကို ဘာလို့ မသတ်တာလဲ။"

ဝက်ဝံဖြူမက မောဟိုက်နေသော လေသံဖြင့် မေးလာ၏။

"ဘာလို့လဲဆိုတော့..."

ပိုင်ချူးရန်က ခေတ္တမျှ စဉ်းစားပြီး ပြုံးကာ ပြန်ဖြေသည်။

"မင်းကို အသက်ရှင်ရက် ချန်ထားတာက အသုံးဝင်သေးလို့ပေါ့ အစ်ကိုကြီးဝက်ဝံရဲံ၊ နတ်ဆိုးကမ္ဘာမှာ လူမျိုးရေး တန်းတူညီမျှမှုရဖို့အတွက် မင်း ဆက်ပြီး တိုက်ပွဲဝင်ဖို့ လိုသေးတယ်လေ"

—————–

ဝက်ဝံဖြူကို အနောက်တွင် ချန်ရစ်ခဲ့ပြီးနောက် ပိုင်ချူးရန် နတ်ဘုရားအာရုံသည် ဝန်ကြီးချုပ်ယွင်ခွန်းအား ပစ်မှတ်ချကာ တောက်လျှောက် ခြေရာခံလိုက်လေ၏။

ထို့ပြင် ပြင်းထန်စွာ ဒဏ်ရာရ၍ သေလုမျောပါးဖြစ်ကာ အပျက်အစီးများပေါ်တွင် လဲလျောင်းနေသော ဝက်ဝံဖြူအား မျောက်ဝံနှင့် နဂါးတို့က လာရောက်သတ်ဖြတ်သွားမည်ကိုလည်း သူ စိုးရိမ်မနေပေ။ နတ်ဘုရားအာရုံ၏ စူးစမ်းရှာဖွေမှု ရလဒ်များအရ ၎င်းနတ်ဆိုးဘုရင်နှစ်ပါးနှင့် နန်းတက်စ နတ်ဆိုးဘုရင်ငယ် ချန်ဟွမ်ယွီတို့သည် လောလောဆယ်တွင် မြို့ထဲ၌ မရှိကြတော့ချေ။ ထို့အပြင် မြို့အပြင်ဘက်တွင် မြေခွေးတစ်ကောင် ရှိနေသေးသည်ကို မဆိုထားနှင့် စုရှန်ရွှယ်ကိုယ်တိုင်ပင်လျှင် တော်လှန်ရေးခေါင်းဆောင်ဖြစ်သော ဝက်ဝံဖြူကို နတ်ဆိုးဧကရာဇ်ဂိုဏ်းက မျက်စိရှေ့တွင် သတ်ဖြတ်သွားသည်ကို လက်ပိုက်ကြည့်နေမည် မဟုတ်ပေ။

ဝန်ကြီးချုပ်ယွင်ခွန်းနှင့် ပတ်သက်၍မူ ဤလူသည် ဝက်ဝံဖြူထက် ပို၍ ကောက်ကျစ်စဉ်းလဲလေ၏။ လောလောဆယ်တွင် သူသည် မြေပုံအပိုင်းအစကို သယ်ဆောင်ကာ အစွမ်းကုန် အပြေးအလွှား လွတ်မြောက်အောင် ကြိုးပမ်းနေပြီး ဤမြို့နှင့် မိုင်ရာချီဝေးကွာသော တောရိုင်းနယ်မြေဆီသို့ တိတ်တဆိတ် ထွက်ပြေးသွားသည်။

ပိုင်ချူးရန်သည် တောအုပ်များကို ဖြတ်သန်းပြီး တောင်တန်းများကို ကျော်ဖြတ်ကာ လျှိုမြောင်များထဲသို့ ငုပ်ဆင်း၍ လိုဏ်ဂူအနက်ကြီးထဲအထိ တောက်လျှောက် ဖမ်းဆီးလိုက်ပါသွားသည်။ အဆုံးတွင် လိုဏ်ဂူအနက်ပိုင်းရှိ မြေအောက်ရေကန်တစ်ခုထဲသို့ ယွင်ခွန်း ခုန်ဆင်း၏။

ပိုင်ချူးရန်သည်လည်း ယွင်ခွန်း အနောက်မှနေ၍ မီတာရာပေါင်းများစွာ နက်ရှိုင်းသော ဤရေကန် အောက်ခြေသို့ ငုပ်ဆင်းသွားပြီး အောက်ခြေလိုဏ်ဂူမှတစ်ဆင့် မြေအောက်မြစ်တစ်ခုအတွင်းသို့ ဝင်ရောက်သွားသည်။ ရေအောက်ခရီး မီတာရာပေါင်းများစွာ ကူးခတ်ဖြတ်သန်းပြီးနောက် အခြား မြေအောက်ရေကန်တစ်ခုမှတစ်ဆင့် ပေါ်ထွက်လာပြီးသည့်နောက်တွင်မှ ဝန်ကြီးချုပ်ယွင်ခွန်း ခြေလှမ်းများ အဆုံး၌ ရပ်တန့်လေ၏။

All Chapters