အခန်း ၂၅၄
Vol. 26 Ch. 254
အခန်း (၂၅၄) ဒီကျောက်စိမ်းဆွဲပြားက ဘယ်သူ့ဟာလဲ
ပိုင်ချူးရန်က လက်ဆန့်တန်းကာ လှမ်းယူလိုက်ရာ လူငယ်လေး၏ လက်ထဲမှ အစိမ်းရောင် ကျောက်စိမ်းဆွဲပြားသည် သူ့လက်ဝါးပြင်ထက်သို့ ရောက်ရှိလာသည်။ သူက ထိုဆွဲပြားကို သေချာစွာ အကဲခတ်ကြည့်ရှုလိုက်ပြီးနောက် အေးစက်စက် လေသံဖြင့် မေးသည်။
"ဒီကျောက်စိမ်းဆွဲပြားကို မင်း ဘယ်က ရလာတာလဲ။"
လူငယ်လေးက ဘေးဘက်ရှိ ဝန်ကြီးချုပ်ယွင်ခွန်းကို တစ်ချက်ကြည့်လိုက်သော်လည်း နှုတ်ဆိတ်နေဆဲပင်။
"ငါ နားလည်ပြီ။ ဒါကလည်း ပြောလို့မရတဲ့ ကိစ္စပဲ မဟုတ်လား။"
ပိုင်ချူးရန်သည် ကျောက်စိမ်းဆွဲပြားကို သိမ်းဆည်းပြီး ပေါ့ပေါ့ပါးပါးပင် ဆက်ပြော၏။
"ဒါပေမဲ့ ဒီကျောက်စိမ်းဆွဲပြားက သူ့အသက်တစ်ချောင်းကိုပဲ လဲလှယ်ပေးနိုင်မှာ မင်းက သူ့အသက်ကို လဲလှယ်ပေးပြီးတော့ ဘာဆက်လုပ်ချင်လို့လဲ။"
"ဒီကျောက်စိမ်းဆွဲပြားနဲ့ လဲလိုက်တာက သူ့အသက်ပါ။ ကျွန်တော့်အသက် မဟုတ်ပါဘူး။"
ထိုစဉ် ဝန်ကြီးချုပ်ယွင်ခွန်းသည် မြေပြင်ပေါ်မှ အားယူထလာပြီး သူ၏ လည်ချောင်းကို ဖိကိုင်ရင်း တစ်စုံတစ်ရာ ပြောရန် ဟန်ပြင်သည်။
"တော်ပါတော့ ဝန်ကြီးချုပ်ယွင်။ ဒီတစ်ခေါက်တော့ ခင်ဗျား ကျွန်တော့်စကားကို နားထောင်ရမယ်။"
လူငယ်လေးက ဖြတ်ပြောသည်။ ထို့နောက် သူက ခါးသီးစွာ ပြုံးလေ၏။ "ကျွန်တော်နဲ့ ယှဉ်ရင် နတ်ဆိုးကမ္ဘာက ခင်ဗျားကို ဆုံးရှုံးခံလို့ မဖြစ်ဘူးလေ။ ပိုအရေးကြီးတာက လူသားဓားဘိုးဘေးက ကျွန်တော့်ကို သတ်မယ်လို့ မထင်ဘူး။ ခင်ဗျားကော အဲ့လို မထင်ဘူးလား။"
"အိုး... ငါ မင်းကို မသတ်ဘူးလို့ ယုံကြည်နေရလောက်အောင် မင်းဆီမှာ ဘာများ ခိုင်လုံတဲ့ အကြောင်းပြချက် ရှိနေလို့လဲ။"
ပိုင်ချူးရန်က ခေါင်းကို အနည်းငယ် စောင်းကာ စိတ်ဝင်စားဟန်ဖြင့် မေးသည်။ "မင်းနဲ့ စုရှန်ရွှယ်ကြားက သွေးသားတော်စပ်မှုကြောင့်လို့တော့ လာမပြောနဲ့နော်။ သူမက ဒီကိစ္စကို ဂရုမစိုက်ဘူးဆိုတာ မင်းသိသလို ငါလည်း ဂရုစိုက်မှာ မဟုတ်ဘူး။"
"ကျွန်တော်က နတ်ဆိုးဧကရာဇ်ရဲ့ သွေးသားဆိုတဲ့ အဆင့်အတန်းအပေါ်မှာ ဘာမျှော်လင့်ချက်မှ မထားပါဘူး။ လူတစ်ဝက် နတ်ဆိုးတစ်ဝက်ဖြစ်နေတဲ့ ကျွန်တော့်အစ်မကို မပြောနဲ့ ကျွန်တော်ကိုယ်တိုင်တောင် ဒီသွေးသားဆက်ဆံရေးကို ဂရုမစိုက်ပါဘူး။"
လူငယ်လေးက စိတ်ကို တည်ငြိမ်အောင် ကြိုးစား၏။ သူ အနည်းငယ် စိုးရိမ်ထိတ်လန့်နေကြောင်းကို ပိုင်ချူးရန် အကဲခတ်မိသော်လည်း ရဲဝံ့စွာ သတ္တိမွေး၍ ဆက်ပြောသည်။
"ခင်ဗျား ကျွန်တော့်ကို မသတ်ဘူးလို့ ထင်ရတဲ့ တစ်ခုတည်းသော အကြောင်းရင်းက ကျွန်တော် အသက်ရှင်နေတာက ခင်ဗျားအတွက် ဒါမှမဟုတ် လူသားမျိုးနွယ်အတွက် ပိုပြီး အကျိုးရှိနေလို့ မဟုတ်ဘူးလား။"
ပိုင်ချူးရန်သည် စကားတစ်ခွန်းမျှ မဆိုဘဲ သူ့ကိုသာ တိတ်ဆိတ်စွာ စိုက်ကြည့်နေ၏။
"မျောက်ဝံနဲ့ နဂါးတို့ ကျွန်တော့်ကို လာရှာတွေ့ပြီး မြို့စားအိမ်တော်ဆီ အတူတူ ပြန်ရောက်လာတဲ့အခါ ခင်ဗျားက ဝက်ဝံဖြူကို မသတ်ဘဲ မြေခွေးဖြူက သူ့ကို ခေါ်သွားတာကို လက်ပိုက်ကြည့်နေခဲ့တာ ကျွန်တော် မြင်လိုက်ရတယ်။ ပြီးတော့ ကနဦးဘိုးဘေး နတ်ဆိုးဧကရာဇ် ဂူဗိမာန်ရဲ့ မြေပုံအပိုင်းအစတွေကိစ္စလည်းပါတယ်။ ခင်ဗျား တကယ်လိုချင်နေတာက နှစ်ဖက်စလုံး အင်အားပြိုကွဲနေပြီး အထိအခိုက် အသေအပျောက် များပြားရုံတင်မကပဲ ပြည်တွင်းရေး ပဋိပက္ခတွေ မဖြေရှင်းနိုင်သေးတဲ့ နတ်ဆိုးကမ္ဘာတစ်ခုပဲ။"
လူငယ်လေးသည် ခေတ္တမျှ စကားရပ်လိုက်ပြီး ဆက်ပြောသည်။
"ဒါကြောင့်မို့လို့ မြောက်ပိုင်း နတ်ဆိုးနယ်မြေရဲ့ ခေါင်းဆောင်အဖြစ်နဲ့ရော အလယ်အလတ်နဲ့ အောက်ခြေအဆင့် နတ်ဆိုးမျိုးနွယ်တွေရဲ့ စိတ်ဓာတ်ရေးရာ ပြယုဂ်အဖြစ်ပါ အသက်ရှင်နေဖို့ ဝက်ဝံဖြူကို ခင်ဗျား လိုအပ်နေတာပဲ။ တစ်ချိန်တည်းမှာပဲ ဝက်ဝံဖြူကို ဆန့်ကျင်မယ့် အထက်တန်းလွှာ နတ်ဆိုးမျိုးနွယ်တွေရဲ့ ခေါင်းဆောင်အနေနဲ့ မြင့်မြတ်တဲ့ နတ်ဆိုးဧကရာဇ်ရဲ့ သွေးကို ဆက်ခံထားတဲ့ နတ်ဆိုးဧကရာဇ်အဖြစ် ကျွန်တော် အသက်ရှင်နေဖို့ကိုလည်း ခင်ဗျား လိုအပ်ပြန်တယ်။ သွေးသားမျိုးနွယ် အဆင့်အတန်းအရ သတ်မှတ်ထားတဲ့ ဒီလို လူတန်းစား ကွာဟချက်မျိုးက အကြမ်းဖက်နည်းလမ်းတွေကို မသုံးဘူးဆိုရင် တစ်နှစ်၊ နှစ်နှစ်လောက်နဲ့ အလွယ်တကူ ဖြေရှင်းလို့ မရနိုင်ဘူးလေ။ ပြီးတော့ ကျွန်တော်တို့ နတ်ဆိုးကမ္ဘာရဲ့ တိုက်ခိုက်ရေးစွမ်းအား အားလုံးနီးပါးကလည်း ပြီးခဲ့တဲ့ ပြည်တွင်းစစ် အကြိမ်ရေ အနည်းငယ်အတွင်းမှာပဲ ခင်ဗျားရဲ့ အကြံအစည်အောက်မှာ ကုန်ခမ်းသွားခဲ့ရပြီ။ နောက်လာမယ့် နှစ်တွေမှာ နတ်ဆိုးမျိုးနွယ်စုက ဒီနာကျင်ရတဲ့ အချိန်ကာလကို ကျော်ဖြတ်ဖို့ပဲ ရုန်းကန်ကြိုးစားရဦးမှာဖြစ်လို့ ကျိုကျိုးရဲ့ နယ်မြေဆယ်ခုကို ကြီးမားတဲ့ ခြိမ်းခြောက်မှုပေးနိုင်ဖို့ဆိုတာ လုံးဝကို မဖြစ်နိုင်တော့ဘူး။"
"ဒီအချက်တွေကို မင်းဘာသာမင်း ခန့်မှန်းမိသွားတာလား။"
ပိုင်ချူးရန်သည် ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ရုတ်တရက် မေးသည်။
"မဟုတ်ပါဘူး။ ကျွန်တော့်မှာ အဲ့ဒီလောက် ဉာဏ်ရည်ဉာဏ်သွေး မရှိသေးပါဘူး။
ချန်ဟွမ်ယွီက အရိုအသေပေးလာ၏။
"ဝန်ကြီးချုပ်ယွင် ချန်ထားခဲ့တဲ့ ဗျူဟာတွေရယ် အစ်မတော် မင်းသမီးရဲ့ လုပ်ရပ်အမျိုးမျိုးရယ်ကို ပေါင်းစပ်တွေးတောကြည့်လိုက်တာပါ။"
"အင်း... မင်းနာမည် ဘယ်လိုခေါ်လဲ။"
"ကျွန်တော့်နာမည် ဟွမ်ယွီပါ။"
"ချန်ဟွမ်ယွီပေါ့။"
ပိုင်ချူးရန်က လက်ကိုမြှောက်ကာ ပြောလေသည်။
"မင်းရဲ့ ကျောက်စိမ်းဆွဲပြားနဲ့ ဝန်ကြီးချုပ်ယွင်ခွန်းရဲ့ အသက်ကို လဲလှယ်ပြီးတော့ မင်းရဲ့ ဒီထိုးထွင်းသိမြင်တဲ့ စကားတွေနဲ့ မင်းအသက်ကိုပါ ကယ်တင်လိုက်နိုင်ပြီ။ ဒါဆိုရင် အပြင်ဘက်က နတ်ဆိုးဘုရင် နှစ်ပါးရဲ့ အသက်ကို ကယ်ဖို့အတွက်ကော မင်း ဘာကို အသုံးပြုမှာလဲ။ မင်း သိတဲ့အတိုင်းပဲ ဒီယွင်ခွန်းရယ်၊ အပြင်ဘက်က မျောက်ဝံရယ်၊ မင်းရဲ့ ဝမ်းကွဲအစ်ကို နဂါးရယ်သာ မရှိတော့ဘူးဆိုရင် မင်းနဲ့ ဝက်ဝံဖြူကြားက အင်အား ချိန်ခွင်လျှာက မညီမမျှ ဖြစ်သွားလိမ့်မယ်လေ။"