← Chapters

အခန်း ၂၅၆

Vol. 26 Ch. 256

အခန်း ၂၅၆

Vol. 26 Ch. 256

အခန်း (၂၅၆) တောင်းပန်ပါတယ်။ မင်းတို့ရဲ့ စစ်သည်တွေ အားလုံး ပြောင်သလင်းခါသွားပြီ။

စစ်သုံ့ပန်းများကို လက်ခံရယူနေသော စုရှန်ရွှယ်သည် သူ့ကို လျင်မြန်စွာ တွေ့သွားပြီး စစ်သုံ့ပန်းများကို အခြားသူများထံ လွှဲပြောင်းကာ ပြုံးလျက် သူ့ဆီသို့ လျှောက်လာ၏။

"ရှင် ပြန်လာပြီပဲ။"

ပိုင်ချူးရန် ခေါင်းညိတ်ပြသည်။ သို့သော် စုရှန်ရွှယ်သည် သူ့နောက်တွင် ပါလာသော ချန်ဟွမ်ယွီနှင့် ဝန်ကြီးချုပ်ယွင်ခွန်းတို့ကို တွေ့လိုက်ရသဖြင့် သူမ၏ မျက်နှာပေါ်ရှိ အပြုံးများ ချက်ချင်း ပျောက်ကွယ်သွား၏။ သူမက ပိုင်ချူးရန်၏ လက်မောင်းကို ကိုင်ကာ ဘေးသို့ ဆွဲခေါ်သွားပြီး တိုးညှင်းသော အသံဖြင့် မေးလေသည်။

"ဘာလို့ ဒီယွင်ခွန်းကို အပြတ်မရှင်းပစ်ခဲ့တာလဲ။"

"ဒီအရာကြောင့်ပေါ့။"

ပိုင်ချူးရန်သည် သူ၏လက်ထဲရှိ အစိမ်းရောင် ကျောက်စိမ်းဆွဲပြားကို မြှောက်ပြသည်။

စုရှန်ရွှယ်သည် ဤကျောက်စိမ်းဆွဲပြားကို ရင်းနှီးနေသလို ခံစားရ၏။ သူမ သေချာစွာ စဉ်းစားကြည့်ပြီးနောက် အံ့အားသင့်သွားသည်။

"ဒီအပေါ်က အမှတ်အသားက ရှင့်ရဲ့ ချီမင်ဓားဂိုဏ်းကဟာ မဟုတ်ဘူးလား။"

"ဟုတ်တယ်။ ချီမင်ဓားဂိုဏ်းမှာ တပည့်တစ်ယောက် စတင်ဝင်ရောက်လာတိုင်း ဆရာဖြစ်သူက သူ့အတွက် ကျောက်စိမ်းဆွဲပြားတစ်ခုကို ကိုယ်တိုင် ထုဆစ်ပေးရတယ်။ ဒီအပေါ်က အလုပ်ဆောင်ချက်တွေက တော်တော်လေး ဆက်စပ်မှု ရှိနေတယ်။"

ပိုင်ချူးရန်က ရှင်းပြ၏။

"ဒါပေမဲ့ ပိုအရေးကြီးတာက ဒီကျောက်စိမ်းဆွဲပြားဟာ ဆရာဖြစ်သူက တပည့်တွေအတွက် ပေးတဲ့ သတင်းစကားနဲ့ ကောင်းချီးတွေကို ကိုယ်စားပြုတယ်။ အစောပိုင်းတုန်းကတော့ ချီမင်ဓားဂိုဏ်းရဲ့ ကျောက်စိမ်းဆွဲပြားက အဆင့်အတန်း ကိုယ်စားပြုဖို့ သက်သက် မဟုတ်ခဲ့ဘူး။ ဒီအစဉ်အလာက အဲ့ဒီကနေ စတင်ခဲ့တာပဲ။ ငါ့ရဲ့ဆရာ ချီမင်တာအိုဆရာသခင်ကလည်း ငါ့အတွက် ကျောက်စိမ်းဆွဲပြားတစ်ခု ထုဆစ်ပေးခဲ့တယ်။"

ပိုင်ချူးရန်သည် ပြောရင်းဖြင့် သိုလှောင်အိတ်ထဲမှ ကိုယ်ပိုင် ကျောက်စိမ်းဆွဲပြားကို ထုတ်ယူကာ ပြသသည်။

"အပေါ်က မှော်လုပ်ဆောင်ချက်တွေ အားလုံးက နောက်ပိုင်းမှ ငါ့ဟာငါ ထပ်ထည့်ထားတာ။ အစောပိုင်းတုန်းကတော့ ဒါက ရိုးရိုး ကျောက်စိမ်းဆွဲပြားလေး တစ်ခုပါပဲ။ ဆရာက ငါ့ကို ဇွဲလုံ့လဆိုတဲ့ စကားလုံးကို ပေးခဲ့တယ်။ အဓိပ္ပာယ်ကတော့ ကျင့်ကြံတာကို မရပ်တန့်ဘဲ ဇွဲရှိရှိနဲ့ ဆက်လုပ်သွားရင် တစ်နေ့ကျရင် ပိုမြင့်တဲ့အဆင့်ကို ဖောက်ထွက်နိုင်လိမ့်မယ် ဆိုတဲ့သဘောပေါ့လေ။"

ဤကဲ့သို့သော ကျောက်စိမ်းဆွဲပြားမျိုးသည် နှစ်ပေါင်း သုံးထောင်တိုင်အောင် ဆက်လက်တည်ရှိနေခဲ့သော ချီမင်ဓားဂိုဏ်း၏ အစဉ်အလာတစ်ရပ်ပင် ဖြစ်သည်။ ယခုမှ ဂိုဏ်းသို့ စတင်ဝင်ရောက်လာသော ထန်ရော်ဝေတို့ အုပ်စုပင် ထိုသို့ရရှိကြ၏။ ပိုင်ချူးရန်၏ တပည့်အနေဖြင့် ထန်ရော်ဝေ ကျောက်စိမ်းဆွဲပြားကို ပိုင်ချူးရန် ကိုယ်တိုင် ထုဆစ်ပေးခဲ့ပြီး သူမအား ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ သူမအတွက် ပေးထားသော စကားလုံးမှာ ခက်ခဲကြမ်းတမ်းခြင်းပင်။

ပိုင်ချူးရန်က သူမ၏ ကျင့်ကြံမှုခရီးလမ်းတွင် ခက်ခဲကြမ်းတမ်းမှုများကို ဇွဲရှိရှိ ရင်ဆိုင်ကျော်ဖြတ်နိုင်စေရန် ရည်ရွယ်၍ဖြစ်ကြောင်း သူမအား ရှင်းပြသော်လည်း အမှန်တွင်မူ ပိုင်ချူးရန်သည် ထိုအချိန်က သူ့ အဆင့်ဖောက်ထွက်ရန် ခက်ခဲကြမ်းတမ်းလှခြင်းကိုသာ မသိစိတ်မှ စဉ်းစားမိနေခဲ့ခြင်းဖြစ်သည်။

"ဒီကျောက်စိမ်းဆွဲပြားကို ထုဆစ်တဲ့အချိန်မှာ အသုံးပြုထားတဲ့ နည်းပညာက ချီမင်ဓားဂိုဏ်းရဲ့ သီးသန့် ထုဆစ်နည်းပညာပဲ။"

ပိုင်ချူးရန်သည် စုရှန်ရွှယ်၏ လက်ထဲတွင် ကိုင်ထားသော ကျောက်စိမ်းဆွဲပြားကို ကြည့်ကာ လေးနက်စွာ ပြော၏။

"ဝန်ကြီးချုပ်ယွင်ခွန်းနဲ့ မင်းရဲ့ မောင်လေးတို့ရဲ့ တုံ့ပြန်မှုတွေအရဆိုရင် ဒီကျောက်စိမ်းဆွဲပြားက ဟိုစောက် ဖူဆန်းနတ်ကွန်းက လာတာလို့ ငါ ခန့်မှန်းမိတယ်။ ဒါပေမဲ့ ပြဿနာက ငါက ချီမင်ဓားဂိုဏ်းရဲ့ တပည့်တွေ နှစ်ပေါင်း သုံးထောင်ကျော်အတွင်း ဘယ်တွေရောက်နေလဲ ဆိုတာကို အကြမ်းဖျင်း တွက်ချက် မှတ်တမ်းတင်ထားပြီးသားပဲ။ ငါ့ရဲ့ မှတ်တမ်းအရဆိုရင် တုန့်ယင်းကို သွားတဲ့ ချီမင်တပည့်တွေ လုံးဝ မရှိသလို၊ ချန်းဟိုင်ဘက်ကို သွားတဲ့လူတောင် သိပ်မရှိဘူး။ ဒါဆို စိတ်ဝင်စားစရာ အကောင်းဆုံး မေးခွန်းတစ်ခု ရှိလာပြီ။"

ပိုင်ချူးရန်က ကျောက်စိမ်းဆွဲပြားကို သေချာစွာ စိုက်ကြည့်ရင်း အသံကို နှိမ့်ချပြောသည်။

"ဒီကျောက်စိမ်းဆွဲပြားက ဘယ်သူ့ဟာလဲ။"

စုရှန်ရွှယ် ကိုင်ဆောင်ထားသော ကျောက်စိမ်းဆွဲပြားထက်တွင် တည်ထောင်ခြင်းဟူသော စကားလုံးတစ်လုံးကို ထွင်းထုထားသော်လည်း ၎င်းမှာ မည်သည့်အဓိပ္ပာယ်ကို ဆောင်ကြဉ်းနေကြောင်းကိုမူ ပိုင်ချူးရန် သေချာစွာ မသိခဲ့ပေ။

"ထားလိုက်တော့။ ဘယ်လိုပဲဖြစ်ဖြစ် ငါ အခြေခံတည်ဆောက်ခြင်း အဆင့်ကို တက်လှမ်းဖို့ နည်းလမ်းရှာတွေ့သွားရင် ဖူဆန်းနတ်ကွန်းဆိုတဲ့ နေရာကို တစ်ခေါက်လောက် သွားကြည့်ရမယ်။"

ပိုင်ချူးရန်သည် စုရှန်ရွှယ်လက်ထဲမှ ကျောက်စိမ်းဆွဲပြားကို ပြန်ယူကာ သေသေချာချာ သိမ်းဆည်း၏။

"လောလောဆယ်တော့ အရင်ရှင်းကြတာပေါ့။"

စုရှန်ရွှယ်တစ်ယောက် ထိုနေရာရှိ စစ်သုံ့ပန်းများကို စတင်ထိန်းသိမ်းနေစဉ် ပိုင်ချူးရန်ကမူ လူအနည်းငယ်ကို ခေါ်ဆောင်ကာ မြေအောက်အကျဉ်းတိုက်ဆီသို့ ဆင်းသွားသည်။ သူသည် ဝက်ဝံဖြူ၏ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံထားရသော နတ်ဆိုးမြွေဟောက်မင်း အပါအဝင် နတ်ဆိုးဘုရင်လေးပါးကို သွားရောက် ရှာဖွေရန်ပင်။

သူတို့သည် ပိုင်ချူးရန် မဟုတ်ကြပေ။ မှင်ရည်ဖျန်း အင်မော်တယ်များနှင့် ရင်ဆိုင်ခဲ့ရစဉ်က ပြန်လည်မနာလန်ထူနိုင်လောက်အောင် အပြင်းအထန် ရိုက်နှက်ခံခဲ့ရ၏။ ယခုအခါ ထိုနတ်ဆိုးဘုရင်လေးပါးမှာ လက်ထိတ်ခတ်ခံထားရပြီး ကျောက်နံရံထက်တွင် ယှဉ်လျက် တွဲလောင်းချိတ်ဆွဲခံထားရကာ သတိလစ် မေ့မြောနေကြဆဲ ဖြစ်သည်။

All Chapters