အခန်း ၂၅၇
Vol. 26 Ch. 257
အခန်း (၂၅၇) တောင်းပန်ပါတယ်။ မင်းတို့ရဲ့ စစ်သည်တွေ အားလုံး ပြောင်သလင်းခါသွားပြီ။ [၁]
ပိုင်ချူးရန်က အစောင့်များကို သူတို့အပေါ် ရေအေးများဖြင့် ပက်ဖျန်းစေလိုက်ရာ နတ်ဆိုးဘုရင်များမှာ နာကျင်စွာ ညည်းတွားရင်း နိုးလာကြသည်။ ဝေဝါးနေသော အမြင်အာရုံထဲမှ သူတို့၏ရှေ့တည့်တည့်၌ ရပ်နေသော ပိုင်ချူးရန်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် လန့်ဖြန့်သွားကာ အမူးပြေသွားတော့၏။
အစပိုင်းတွင် အံ့အားသင့်သွားကြသော်လည်း မကြာမီ သူတို့၏ မျက်နှာထက်တွင် ဝမ်းသာပျော်ရွှင်မှုများ ဖြာထွက်လာကာ အလုအယက် မေးသည်။
"ဓားဘိုးဘေး။ ခင်ဗျား လွတ်မြောက်လာပြီလား။"
"အင်း။"
ပိုင်ချူးရန်က ပြုံးလျက် ခေါင်းညိတ်ပြ၏။
"မင်းတို့လည်း နိုးလာပြီပဲ။ ပြည်တွင်းစစ်ကြီးလည်း ပြီးသွားပြီ။"
"ဘာ။"
နတ်ဆိုးမြွေဟောက်က အတင်းရုန်းကန်လျက် မေးသည်။
"ရလဒ်က ဘယ်လို အဆုံးသတ်သွားလဲ။"
"သတင်းကောင်းနဲ့ သတင်းဆိုး နှစ်ခုရှိတယ်။ ဘယ်ဟာကို အရင်ကြားချင်လဲ။"
ပိုင်ချူးရန်က တည်ငြိမ်စွာ ပြန်မေး၏။ နတ်ဆိုးဘုရင်လေးပါးမှာ သိသိသာသာ စိုးရိမ်ထိတ်လန့်သွားကြသည်။ ခေတ္တမျှ စဉ်းစားခန်းဝင်သွားပြီးနောက် နတ်ဆိုးမြွေဟောက်မင်းက တုံ့ဆိုင်းစွာဖြင့် ပြော၏။ "ဒါဆိုလည်း သတင်းကောင်းကို အရင်ပြောပြပါ။"
"အင်း။ သတင်းကောင်းကတော့ ရှန်ရွှယ်က အနောက်ပိုင်း နတ်ဆိုးနယ်မြေက လူတွေကို ဦးဆောင်ပြီး အနိုင်ရသွားပြီ။ မြောက်ပိုင်း နတ်ဆိုးနယ်မြေနဲ့ ဧကရာဇ်မြို့တော်ကလည်း လက်နက်ချ အရှုံးပေးသွားကြပြီ။"
ပိုင်ချူးရန်က ခေါင်းညိတ်လျက် ပြောလေသည်။
"ဘာ။ ကျွန်တော်တို့ နိုင်သွားတာလား။"
နတ်ဆိုးဘုရင်လေးပါးမှာ အလွန်တရာ ဝမ်းသာသွားကြပြီးနောက် ဇီးကွက်က သတိကြီးစွာဖြင့် ထပ်မေးသည်။
"ဒါဆို သတင်းဆိုးကကော။"
"အင်း။ ရှန်ရွှယ်က စစ်ဘယ်လိုတိုက်ရမလဲဆိုတာ စနစ်တကျ သင်မထားရတော့လေ မင်းတို့ရဲ့ တပ်တွေအားလုံးကို သူ ပြောင်သလင်းခါသွားအောင် အသေခံ ဝင်တိုက်ခိုင်းပစ်လိုက်တယ်။"
ပိုင်ချူးရန်၏ မျက်နှာတွင် အားနာတောင်းပန်လိုသည့် အမူအရာများ အပြည့်ဖြစ်နေ၏။
"အခု မင်းတို့ဘက်က လူနှစ်ဒါဇင်လောက်ပဲ အသက်ရှင်လျက် ကျန်တော့တယ်။ တကယိ တောင်းပန်ပါတယ်ကွာ"
——————–
ဝက်ဝံဖြူနှင့် မြေခွေးဖြူတို့သည် မြောက်ပိုင်း နတ်ဆိုးနယ်မြေသို့ ထွက်ပြေးပုန်းအောင်းသွားကြသည်။ ချန်ဟွမ်ယွီကလည်း နတ်ဆိုးဘုရင်များကို ဦးဆောင်ကာ လက်နက်ချခဲ့၏။ တစ်ကမ္ဘာလုံးကို ခြုံကြည့်လိုက်လျှင် စုရှန်ရွှယ်အား ယှဉ်ပြိုင်နိုင်စွမ်းရှိသော ပြိုင်ဘက်ဟူ၍ လုံးဝ မရှိတော့ချေ။ ဤသို့ အလုံးစုံ ပေါင်းစည်းညီညွတ်သွားခြင်းသည် နတ်ဆိုးမြွေဟောက်မင်းနှင့် အခြားသူများ စီစဉ်ခဲ့သော သူတို့ အလိုချင်ဆုံးသော ရလဒ်တစ်ခုကို အောင်မြင်စွာ ရရှိသွားစေ၏။
သို့သော် တစ်ချိန်တည်းမှာပင် အနောက်ပိုင်း နတ်ဆိုးနယ်မြေ၏ စစ်ရေးစွမ်းအားများမှာလည်း စုရှန်ရွှယ်၏ အသေခံဗျူဟာအောက်တွင် လုံးလုံးလျားလျား ကုန်ခမ်းသွားရသည်။ နတ်ဆိုးမြွေဟောက်သည် နတ်ဆိုးမျိုးနွယ်စု၏ ပြည်တွင်းစစ်တွင် ပိုင်ချူးရန် ပါဝင်လာစေရန် ဆွဲဆောင်နိုင်ခဲ့သော အလွန်ပြောင်မြောက်သည့် အစီအစဉ်တစ်ခုကို ပိုင်ဆိုင်ခဲ့သည်။ နတ်ဆိုးကမ္ဘာကြီး တစ်ခုလုံးတွင် ပိုင်ချူးရန်ကို တားဆီးနိုင်သော အင်အားစုဟူ၍ မရှိခဲ့ပေ။
သို့သော် သူသည် အရေးကြီးဆုံး အရာတစ်ခုကို တွက်ချက်ရန် မေ့သွား၏။ ကနဦးဘိုးဘေး နတ်ဆိုးဧကရာဇ် ဂူဗိမာန်၏ မြေပုံသည် ပိုင်ချူးရန်အတွက် အမှန်တကယ် အရေးကြီးသည်မှာ မှန်သော်လည်း မြေပုံတစ်ခုတည်းအတွက်နှင့် ကျိုကျိုးနယ်မြေဆယ်ခုရှိ လူသားမျိုးနွယ်များ၏ အနာဂတ်ကို ပိုင်ချူးရန် လျစ်လျူရှုထားလိမ့်မည်ဟု မဆိုလိုပေ။
မျိုးရိုးဗီဇနှင့် အဆင့်အတန်း ခွဲခြားမှုများကို စွန့်လွှတ်ထားသော ပေါင်းစည်းညီညွတ်သည့် နတ်ဆိုးမျိုးနွယ်စုကြီးသည် ကျိုကျိုး နယ်မြေဆယ်ခုရှိ လူသားမျိုးနွယ်များအတွက် ကြီးမားလှသော ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်လာပေမည်။
ယခင်ခေတ်ကာလက သန့်စင်အင်ပါယာ သည် ပေါင်းစည်းညီညွတ်ပြီး အလွန်အစွမ်းထက်သော လူသားအင်ပါယာကြီးတစ်ခု ဖြစ်ခဲ့သောကြောင့်သာ နတ်ဆိုးကမ္ဘာက ရှုံးနိမ့်ခဲ့ရပြီး နောက်ထပ် ကျူးကျော်ရန် မကြံစည်ရဲခဲ့ခြင်းပင်။ ထို့အပြင် ကျီရှန်း၏ ပြောဆိုချက်များအရ ထိုအချိန်က သန့်စင် အင်ပါယာကိုယ်တိုင်လည်း ထိုစစ်ပွဲအတွက် ကြီးမားလှသော တန်ဖိုးတစ်ခုကို ပေးဆပ်ခဲ့ရ၏။
သို့သော် ယနေ့ခေတ် လူသားမျိုးနွယ်မှာမူ ပွင့်ပွင့်လင်းလင်း ပြောရလျှင် လူနှင့် နတ်ဆိုးတို့ကြား မဟာစစ်ပွဲကြီးအပြီးတွင် ပြန်လည်ရှင်သန်ရေးအတွက် ပထမဆုံး ခြေလှမ်းကိုသာ စတင်လှမ်းရသေးသည့် အနေအထားသာ ရှိသေးသည်။
နတ်ဆိုးများ၏ စုစုပေါင်း အရေအတွက်သည် ကျိုကျိုးနယ်မြေဆယ်ခုရှိ လူသားမျိုးနွယ်များထက် များစွာနည်းပါးသည်မှာ မှန်သော်လည်း နတ်ဆိုးဟု သတ်မှတ်ခေါ်ဆိုနိုင်သော နတ်ဆိုးတိုင်းသည် လူသားအသွင်ပြောင်းနိုင်စွမ်းရှိသည့် အဆင့်မြင့် နတ်ဆိုးများသာ ဖြစ်ရမည်ဖြစ်ပြီး ၎င်းတို့၏ စွမ်းအားမှာ လူသားကျင့်ကြံသူများ၏ အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် နှိုင်းယှဉ်နိုင်၏။
ထိုသို့သော နတ်ဆိုးမျိုးနွယ်စုကြီးသည် နှစ်ပေါင်း ထောင်နှင့်ချီ၍ အတားအဆီးမဲ့ ဖွံ့ဖြိုးတိုးတက်လာပြီးနောက် သူတို့ဘက်မှ ကျင့်ကြံသူအရေအတွက်မှာ လူသားမျိုးနွယ်စုထက် အဆမတန် ပိုမိုများပြားနေခဲ့ပြီ ဖြစ်သည်။