အခန်း ၂၅၉
Vol. 26 Ch. 259
အခန်း (၂၅၉) ပင်လယ်ပြင်ထက်ဝယ်
ဆယ်ရက်မြောက်သောနေ့၌ကား နတ်ဆိုးနယ်မြေ၏ ဧကရာဇ်မြို့တော်ဆီသို့ စစ်တပ်ကို ဦးဆောင်ချီတက်လာခဲ့သော စုရှန်ရွှယ်သည် သတ်မှတ်ထားသည့် အချိန်ကာလအတိုင်း မြို့တော်တွင် နန်းတက်ပွဲအခမ်းအနားကို ခမ်းနားထည်ဝါစွာ ကျင်းပခဲ့သည်။
တစ်စုံတစ်ယောက်၏ ကြီးမားလှသော ဖိအားပေးခြိမ်းခြောက်မှုအောက်တွင် နတ်ဆိုးဘုရင်အသီးသီးသည် တမန်တော်များ စေလွှတ်၍ဖြစ်စေ၊ အခမ်းအနားသို့ ကိုယ်တိုင်ကိုယ်ကျ တက်ရောက်၍ဖြစ်စေ နတ်ဆိုးဘုရင်မသစ် စုရှန်ရွှယ်ထံ ထောက်အညံ့ခံကြောင်း ပြသကြ၏။
ထို့နောက်တွင်ကား နတ်ဆိုးကမ္ဘာကို ကိုယ်စားပြုသော နတ်ဆိုးဘုရင်မသစ်သည် ကျိုကျိုး နယ်မြေဆယ်ခုရှိ အမှန်တရားမဟာမိတ်အဖွဲ့၊ နတ်ဆိုးဂိုဏ်းမဟာမိတ်အဖွဲ့တို့၏ ခေါင်းဆောင်များနှင့် ကန့်သတ်ချက်စာချုပ်များကို လက်မှတ်ရေးထိုးခဲ့သည်။
ပြည်တွင်းအခြေအနေများ တည်ငြိမ်ချောမွေ့စေရန်လည်း နောက်ထပ် သုံးလခန့် အချိန်ယူ ညှိနှိုင်းခဲ့ရပြန်သည်။ သို့မှသာ နတ်ဆိုးဧကရာဇ်နန်းတော်နှင့် မြောက်ပိုင်းနတ်ဆိုးနယ်မြေရှိ ခရိုင်နှစ်ဆယ့်ရှစ်ခုတို့အကြား အားပြိုင်မှုသည် ပိုမိုထင်ရှား ပီပြင်လာ၏။
ထိုသို့လုပ်ဆောင်နေသည့် တစ်ချိန်တည်းမှာပင် အပိုင်းအစများကို ဆက်စပ်ထားသော မြေပုံအရ စုရှန်ရွှယ်သည် ပထမဆုံးနတ်ဆိုးဧကရာဇ်ဘိုးဘေး၏ ဂူဗိမာန်တည်ရှိရာ တိကျသောနေရာကို အောင်မြင်စွာရှာဖွေနိုင်ရန် လူများကို လျှို့ဝှက်စွာ စေလွှတ်သည်။
ဤအဓိကကိစ္စရပ် သုံးခုကို အောင်မြင်စွာ ဆောင်ရွက်ပြီးစီးပြီးနောက် သူမသည် ဧကရာဇ်မြို့တော်တွင် နန်းဆင်းကြောင်း ရုတ်တရက် ကြေညာပြီး နန်းပလ္လင်ကို ဖအေတူမအေကွဲ မောင်ဖြစ်သူ ချန်ဟွမ်ယွီထံသို့ လွှဲပြောင်းပေးအပ်သည်။
"မင်း အာဏာရလာတာ သုံးလရှိသွားပြီ။ အဲဒီအချိန်အတွင်း မင်းလုပ်ခဲ့တဲ့ အဓိကကိစ္စကြီး သုံးခုစလုံးက သစ္စာဖောက်တဲ့ လုပ်ရပ်တွေချည်းပဲ။ နတ်ဆိုးကမ္ဘာမှာတော့ မင်းရဲ့ နာမည်ပျက်က နှစ်ထောင်ချီပြီး နံစော်နေတော့မှာ အသေအချာပဲ။"
ကျယ်ပြောလှသော သမုဒ္ဒရာပြင်ထက်ရှိ လှေငယ်တစ်စင်းပေါ်တွင် ပိုင်ချူးရန်က စုရှန်ရွှယ်အား နောက်ပြောင်လာသည်။ ၎င်းတို့နှစ်ဦးသည် ကနဦးနတ်ဆိုးဧကရာဇ်ဘိုးဘေး၏ ဂူဗိမာန်တည်ရှိရာ နေရာဆီသို့ ဦးတည်သွားနေကြခြင်းပင်။
"သူတို့ဘာသာ ဘယ်လိုပဲထင်ထင် ကျွန်မ ဂရုမစိုက်ပါဘူး။"
စုရှန်ရွှယ်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ရင်း ပြောသည်။
"ကျွန်မက နတ်ဆိုးဂိုဏ်းရဲ့ ပူးတွဲအကြီးအကဲဖြစ်သလို ကာမသုတြာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲလေ။ မြောက်ပိုင်းရဲ့ မင်းသမီးတို့၊ နတ်ဆိုးနယ်မြေရဲ့ ဘုရင်မတို့မှ မဟုတ်တာ။"
"တကယ်ကို လွတ်လပ်တဲ့ စိတ်ဓာတ်ပဲ။"
ပိုင်ချူးရန်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရိုးသားပွင့်လင်းစွာဖြင့် ပြော၏။
"ရှန်ရွှယ် ကျေးဇူးပဲ။"
စုရှန်ရွှယ်၏ မျက်နှာလေး ရုတ်တရက် နီရဲသွားသော်လည်း သူမ၏ ကျင့်စဉ်စွမ်းအင်ဖြင့် ချက်ချင်း ဖိနှိပ်ထိန်းချုပ်လိုက်ပြီးနောက် မေးသည်။
"ဘာအတွက် ကျေးဇူးတင်တာလဲ။"
"ငါ့အတွက် နတ်ဆိုးနယ်မြေကို လာပေးတဲ့ ဒီခရီးစဉ်အတွက်ရော ဒီရက်ပိုင်းတွေအတွင်း ငါ့အတွက် လုပ်ပေးခဲ့တာတွေ အားလုံးအတွက်ပါ ကျေးဇူးတင်တာပါ။"
ပိုင်ချူးရန်သည် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားဟန်ဖြင့် နှာခေါင်းကို ပွတ်သပ်လိုက်ရင်း ဆက်ပြောလေသည်။
"ဟွန့်... နင် သိသားပဲကို။"
စုရှန်ရွှယ်က ပြန်ပြော၏။
ပိုင်ချူးရန်သည် ရှေ့သို့ ခြေနှစ်လှမ်းလှမ်းလိုက်ပြီး လှေငယ်အား ချီစွမ်းအင်ဖြင့် ဆက်လက်မောင်းနှင်သည်။ စုရှန်ရွှယ်သည် နောက်ဘက်မှ တိတ်ဆိတ်စွာ ချဉ်းကပ်လာပြီး အောက်သို့ချထားသော ပိုင်ချူးရန်၏ လက်ဖဝါးဆီသို့ သူမလက်ကို ဆန့်ထုတ်လိုက်သော်လည်း အဆုံးတွင် ခေတ္တမျှ တွေဝေသွားပြီးနောက် သူ့ ဝတ်ရုံလက်စကိုသာ ဖွဖွလေး ဆွဲကိုင်လေ၏။
လှေငယ်လေးသည် လှိုင်းလုံးများအကြား ယိမ်းထိုးလျက် လှိုင်းတံပိုးများကို ခွဲထွက်ကာ ရေမိုင်ပေါင်းများစွာ ရှေ့သို့ ဆက်လက်ချီတက်သွားသည်။ ထိုစဉ် ခါးတွင် ချိတ်ဆွဲခံထားရသော ကျီရှန်းမှာ အဆုံးတွင် မနေနိုင်တော့ဘဲ ထအော်လာသည်။
"အဟမ်။ ငါ အခု စကားပြောလို့ ရပြီမလား။"
စုရှန်ရွှယ်သည် မျက်ခုံးပင့်လိုက်ကာ ကျီရှန်းအား သတ်ဖြတ်တော့မည့် အကြည့်ဖြင့် စူးရဲစွာ စိုက်ကြည့်သော်လည်း ပိုင်ချူးရန်ကမူ နောက်သို့ လှည့်မကြည့်ဘဲ ပြန်ဖြေ၏။
"ရပြီ။ မင်း ဘာပြောချင်လို့လဲ။"
"အိုး... နောက်ဆုံးတော့ ပြောလို့ရပြီပေါ့။ မင်းတို့နှစ်ယောက် ကြည်နူးနေကြတာကို ကြည့်ရတာ ငါ့မှာ အသက်ရှူတောင် ကြပ်လာပြီ။"
ကျီရှန်းက မျက်ခုံးများ ပင့်မလျက် စပြောသည်။ "ဘာဖြစ်လို့ ကနဦးနတ်ဆိုးဧကရာဇ်ဘိုးဘေးက နတ်ဆိုးနယ်မြေမှာ မမြှုပ်နှံဘဲ ပင်လယ်ထဲက ကျွန်းတစ်ကျွန်းမှာ သူ့ကိုယ်သူ မြှုပ်နှံချင်ရတာလဲ။ ဘယ်လိုမျိုး အကြံအစည်တွေ ရှိနေလို့လဲ။ နတ်ဆိုးတော်ဝင်မိသားစုကြားထဲမှာ ပျံ့နှံ့နေတဲ့ ကောလဟာကတွေကရော ဘာအဓိပ္ပာယ်လဲ။ ငါ့ရဲ့ သိချင်စိတ်တွေ ဆူပွက်လာသလို ခံစားနေရပြီကွ"
"ဒီလောက် အကြာကြီးနေလာတာတောင် ရှင်က ဒီလို အဓိပ္ပာယ်မရှိတာတွေကို ပြောတက်တာလား။" စုရှန်ရွှယ်က ဒေါသတကြီးဖြင့် ပြောသည်။
"ဒါဆိုလည်း ဘာဖြစ်လဲ။ ငါ့ရဲ့ ခံစားချက်တွေကို ဖွင့်ထုတ်လို့ မရဘူးလား။"
"ပါးစပ်ပိတ်ထား။"
ကျီရှန်းသည် ဝမ်းနည်းစွာဖြင့် ပါးစပ်ကို ပိတ်လိုက်ရသော်လည်း ပိုင်ချူးရန်နှင့် စုရှန်ရွှယ်တို့အကြားရှိ ရိုမန်တစ်ဆန်သော လေထုမှာမူ သူ၏ ကြားဖြတ်နှောင့်ယှက်မှုကြောင့် လုံးဝပျက်စီးသွားရ၏။ လက်ကျန်ခရီးစဉ်တစ်လျှောက်လုံးတွင် စုရှန်ရွှယ်မှာ ယခင်ကဲ့သို့ သိမ်မွေ့သော ခံစားချက်မျိုးကို ပြန်လည်မရရှိနိုင်တော့ပေ။
'နောက်ဆိုရင် ဒီကောင်စုတ်ကို ဖယ်ရှားပစ်ဖို့ ဆင်ခြေတစ်ခုခု ရှာမှဖြစ်တော့မယ်'
စုရှန်ရွှယ်သည် သူမ၏ စိတ်ထဲတွင် တိတ်တဆိတ် ကြံစည်နေသည်။
မြေပုံပေါ်တွင် ပြသထားသော အချက်အလက်များအရ ပထမဆုံးနတ်ဆိုးဧကရာဇ်ဘိုးဘေး၏ ဂူဗိမာန်သည် ချန်ဟိုင်၏ အရှေ့တောင်ဘက်၊ နတ်ဆိုးနယ်မြေ ကမ်းရိုးတန်းမှ မိုင်ရာပေါင်းများစွာ ကွာဝေးသော အထီးကျန်ကျွန်းတစ်ကျွန်းပေါ်တွင် တည်ရှိသည်။
အလွန်အမင်း မဝေးကွာလှသော်ငြား ဤခရီးအကွာအဝေးသည် ပင်လယ်ပြင်အတွင်း၌ အန္တရာယ် အလွန်ထူပြောလှ၏။ လမ်းတစ်လျှောက်တွင် ပိုင်ချူးရန်သည် အစွမ်းထက်သော ပင်လယ်သားရဲအချို့ကို သတ်ဖြတ်ခဲ့ရသည်။ ထိုအထဲတွင် နဂါးမျိုးနွယ်၏ လက္ခဏာအချို့ ပါဝင်သော ပင်လယ်နဂါးတစ်ကောင်ပင် ပါဝင်သည်။
ဤပင်လယ်သားရဲများသည် ကျယ်ပြောလှသော ပင်လယ်ပြင်ကြီးထဲတွင် ပင်လယ်ရေတစ်စက်မျှသာဖြစ်ပြီး သူတို့ ခွဲဝေသိမ်းပိုက်ထားသော မိုင်ဆယ်ဂဏန်းမျှရှိသည့် ပိုင်နက်နယ်မြေငယ်လေးမှာလည်း ဘာမှမဟုတ်ပေ။