အခန်း (၁၀၆-၁၀၈)
Vol. 8 Ch. 106-108
အပိုင်း (၁၀၆) ပြန်လည်ဆုံစည်းကြမဲ့နှစ်သစ်ကူး
အမျိုးသမီးဟန်ရောက်လာခြင်းက နှစ်သစ်ကူးကို ပိုပြီးပြည့်စုံသွားစေတော့သည်။ ယိုဟယ်သည် အမျိုးသမီးဟန်ကို ပြောပြရန် အကြောင်းအရာများစွာ ရှိသလို မေးစရာလည်းအများကြီး ရှိနေ၏။ လျိုကျိုးထင်က သူ့မိန်းမ ဘာစဥ်းစားနေသည်ကို သိသဖြင့် ယိုဟယ်ကို ဝူလီချောင်တွင် ထားခဲ့လိုက်ပြီး သူ့မိဘများကို အကျိုးအကြောင်း ပြန်ပြောရန် လော့ဟယ်သို့ ပြန်လာခဲ့လိုက်သည်။ လျိုမိသားစု၏ လူကြီးနှစ်ယောက်သည် သူတို့ချွေးမဖြစ်သူ မိသားစုအကြောင်း အသေးစိတ်တချို့ကို သိထားလေသည်။ သူတို့၏ ခမည်းခမက်က သည်နေရာအထိ အဝေးကြီး လာခဲ့ရသည်ကို ကြားလိုက်ရပြီး ချွေးမဖြစ်သူကလည်း ကိုယ်ဝန်ရှိနေသည်ကို သိထားသဖြင့် သူတို့က သည်အသေးအဖွဲကိစ္စလေးကို စိတ်ထဲမထားမည်မှာ ပြောရန်ပင်မလိုချေ။
စုအိမ်တွင်တော့ အားလုံးသည် အချိန်အကြာကြီး စကားပြောလိုက်ကြပြီးနောက် အမျိုးသမီးဟန်က ယိုကျင့် စီစဥ်ပေးထားသည့် အစေခံများနောက်သို့ ကိုယ်လက်သန့်စင်ရန် လိုက်သွားလေသည်။
အမျိုးသမီးဟန်သည် အမျိုးသမီးစုက သူမအတွက် ပြင်ဆင်ပေးထားသည့် အဝတ်စားအသန့်များကို လဲလိုက်ပြီးနောက် ထုပ်ပိုးကာ ပင်မခြံဝင်းသို့ ပြန်လာချိန်၌ စုမိသားစု၏ အစေခံများက ထမင်းစားစားပွဲပေါ်တွင် ညနေစာကို ပြင်ဆင်ထားပြီးဖြစ်နေသည်။
အမျိုးသမီးဟန် ရောက်လာသည်နှင့် အမျိုးသမီးစုက သူမကို ဆွဲလိုက်ပြီး ဦးပိုင်းတွင် ထိုင်ခိုင်းလိုက်၏။
“ ကျွန်မ ဒီအဝတ်အစားတွေကို ဆောင်းတွင်းအတွက် ချုပ်ထားတာ၊ မတော်မှာ စိုးရိမ်နေတာ၊ အရမ်း ကြီးနေလိမ့်မယ်လို့ လုံးဝမတွေးခဲ့မိဘူး”
အမျိုးသမီးဟန်နှင့် အမျိုးသမီးစုတို့သည် အရပ်အမောင်း အတူတူခန့်ရှိသော်လည်း အမျိုးသမီးဟန်၏ ခန္ဓာကိုယ်က ကောက်ကြောင်းရှိကာ အမျိုးသမီးစုကတော့ ပိုပိန်လေသည်။ သို့သော် အမျိုးသမီးဟန်သည် ပြီးခဲ့သည့်နှစ်နှစ်အတွင်း ကောင်းကောင်းမနေခဲ့ရသဖြင့် အများကြီး ပိန်သွားခဲ့သည်။ အမျိုးသမီးစုမှာ ပြီးခဲ့သည့်နှစ်နှစ်အတွင်း ကောင်းကောင်း နေလာရသဖြင့် အသားအရေများ ဝဖြိုးလာသည်။ အမျိုးသမီးဟန်၏ ကိုယ်ပေါ်က အမျိုးသမီးစု၏ အဝတ်အစားများသည် အနည်းငယ်ချောင်နေတော့သည်။
“ ရပါတယ်၊ မနက်ဖြန်ကျရင် သမီး ဒေါ်လေးဝတ်ဖို့ အဝတ်အစားနှစ်စုံလောက် ချုပ်ခိုင်းလိုက်ပါ့မယ်”
ယိုကျင့်က အမျိုးသမီးစု၏ဘေးတွင် ရပ်လိုက်ပြီး အနည်းငယ် ပိုတက်ကြွလာသည့် အမျိုးသမီးဟန်ကို ကြည့်ကာ ဝမ်းသာရွှင်ပြုံးကာ ပြောလိုက်လေသည်။
“ ဒေါ်လေး ဒီမှာပဲနေနော်၊ ဒေါ်လေးနဲ့ အမေ အဖော်ရတာပေါ့”
အမျိုးသမီးဟန်က အလိုမတူစွာဖြင့် “ ဒေါ်လေးက သမီးကို အများကြီးဒုက္ခပေးပြီးပြီ၊ သမီးအိမ်မှာ ဘယ်လိုလုပ်ပြီး အလကား စားသောက်နေနိုင်မှာလဲ”
စုအိမ်၏ တံခါးကို ဝင်လာကတည်းက ဒုတိယမိသားစု၏ကလေးများကို ကောင်းကောင်းမွန်မွန် ပျိုးထောင်ပေးခဲ့ကာ ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည့် အရုပ်လေးပမာ လိမ္မာလှပကြမှန်း သတိထားမိခဲ့သည်။ ထို့နောက် အသုံးအဆောင်ပစ္စည်းများနှင့် ခြံထဲက အစေခံများကို ကြည့်လိုက်ပြီး အမျိုးသမီးဟန်သည် သူမသာ စုအိမ်တွင် နေထိုင်လျှင် အဆင်ပြေမယ်မှန်း သိလေသည်။ သို့သော် သူမ၏စိတ်နှလုံးက ကျေးဇူးတရားကို ပြန်ပေးဆပ်ခိုင်းရန် လုံးဝခွင့်မပြုခဲ့ပေ။ ထိုအခြင်းအရာထက် သူမ၏ သားနှစ်ယောက်ကလည်း ပျောက်နေသေးသည်။ စုအိမ်တွင် နေထိုင်သည်က စုမိသားစုကို ဒုက္ခပေးမိမည် စိုးသဖြင့် ထိုနေရာတွင် မနေလိုပေ။
“ အမေ သမီးအိမ်လိုက်ခဲ့၊ လျိုအိမ်က အဒေါ့်အိမ်လောက် မကြီးဘူး၊ နည်းနည်းတော့ ကြပ်တယ်ဆိုပေမဲ့ နေလို့ရပါသေးတယ်၊ သမီးလည်း မွေးတော့မှာလေ၊ အမေ ဘေးမှာရှိရင် သမီးလည်း စိတ်အေးရတာပေါ့”
ယိုဟယ်သည် အမျိုးသမီးဟန်၏ သမီးဖြစ်သည်။ ထို့ကြောင့် သူမက အမျိုးသမီးဟန်၏စိတ်ကို အနည်းငယ် ခန့်မှန်းမိပြီး အမျိုးသမီးဟန်ကို လျိုမိသားစုဆီ ပြန်ခေါ်သွားချင်သည်က သဘာဝပင်။
အမျိုးသမီးဟန်သည် ထိုစကားကို ကြားလိုက်ရတော့ တွေဝေသွားတော့သည်။ သူမသည် ကလေးသုံးယောက် မွေးခဲ့သဖြင့် မိန်းမတို့ ကလေးမွေးချိန်က ငရဲတံခါးကို ဖြတ်လျှောက်ရသည်နှင့် တူမှန်း သိလေသည်။ သမီးဖြစ်သူကို ငယ်ငယ်ကတည်းက အလိုလိုက်ထားခဲ့သည်။ သူမသာ သမီးဘေးတွင် မစောင့်ကြည့်နေလျှင် သမီးဖြစ်သူက စိတ်မအေးနိုင် ဖြစ်နေလိမ့်မည်။
အားလုံးက အချိန်တစ်ခုအထိ ဘာစိတ်ကူးမှ ထွက်မလာသည်ကို တွေ့လိုက်ရသဖြင့် ယိုကျင့်က အားလုံးကို မြန်မြန် လာထိုင်ခိုင်းလိုက်ပြီး
“ဟင်းတွေအားလုံး ပြင်ပြီးပြီ၊ ထမင်းအရင် ပြီးအောင်စားကြတာပေါ့၊ နောက်မှ ဒီအကြောင်း ဆက်ပြောကြမယ်၊ ဒေါ်လေးလည်း ခရီးတလျှောက်လုံး ပူနွေးနွေးစားဖို့ အခွင့်အရေးမရခဲ့ဘူး၊ တိုင်ပင်စရာရှိတာတွေ ညနေစာစားပြီးမှ ဆက်ပြောကြတာပေါ့”
အးလုံးက မရေမရာဖြစ်နေပြီး စားသောက်ချိန်ရောက်နေပြီ ဖြစ်သဖြင့် သူတို့အားလုံးက ညစာစားရန် အပြန်အလှတ် ထိုင်ခိုင်းလိုက်ကြလေသည်။ စားသောက်နေစဥ် ပျော်ရွှင်မှုနှင့် စည်းလုံးညီညွတ်မှုကိုတော့ ထုတ်ပြောရန်ပင်မလိုချေ။
ညသည် မှောင်မိုက်လာ၏။ စုအိမ်၏ တနေကုန် စည်းကားနေမှုသည် တဖြည်းဖြည်း ပြန်တည်ငြိမ်သွားတော့သည်။ ရှေ့တံခါးနှင့် နောက်ဖေးတံခါးကို ပိတ်ထားလိုက်သည်။ စုမိသားစု၏ အပြင်ဘက်တွင် အစောင့်များက နှစ်ကြိမ်လှည့်ပတ် စောင့်ကြပ်နေကြသည်။ ကျန်သည့်လူများသည် နွေးထွေးသည့် အိပ်ရာထဲတွင် အိပ်မက်လောကသို့ ဝင်ရောက်သွားပြီး ဖြစ်လေသည်။
အနောက်ဘက်ခြံဝင်းထဲတွင် ယိုဟယ်သည် လက်မထပ်ခင်က နေခဲ့သည့် စုမိသားစုရှိ သူမ၏ အပျိုခန်းထဲတွင် ရှိနေ၏။ တောက်ပသည့်လရောင်က ဖွေးဖွေးဖြူနေသည့် ဆီးနှင်းပမာ မှန်ပြတင်းပေါက်ကို ဖြတ်ကာ လင်းထိန်နေပြီး မြေပြင်တစ်ခုလုံးကို လွှမ်းခြုံထားလေသည်။ အမျိုးသမီးဟန်နှင့် ယိုဟယ်တို့သည် စောစောစီးစီး လဲလျောင်းရင်း မနားတမ်း စကားပြောနေကြ၏။ ယိုဟယ်တွင် မေးခွန်းများစွာ ရှိနေပြီး သိချင်တာလည်း အလွန်များနေလေသည်။ ထို့ကြောင့် အများအားဖြင့် တီးတိုးပြောနေသူမှာ အမျိုးသမီးဟန် ဖြစ်နေသည်။ ချောမွတ်သည့်ကျောက်စိမ်းအသွင် လက်များက ခေါင်းကို ထောက်ထားရင်း ယိုဟယ်သည် လှဲလျောင်းနေသည်။ သူမသည် အမေဖြစ်သူပြောပြနေသည့် တင်းယွင်က ထိုလူများနှင့် အကြောင်းအရာများအကြောင်းကို စိတ်ဝင်တစား နားထောင်နေလေသည်။
“ တကယ်တော့ အမေက သမီးအဖေရဲ့အကြံကို ခန့်မှန်းမိပြီးသားပါ၊ ဒါပေမဲ့ အဲဒီတုန်းက မျှော်လင့်ချက်လေး မဆိုစလောက် ထားခဲ့မိတာပေါ့၊ သမီးထွက်သွားပြီး သိပ်မကြာပါဘူး၊ သမီးရဲ့အဘွားကလည်း ဆုံးသွားတယ်၊ အမေကတော့ နှစ်ပေါင်းများစွာ ပေါင်းသင်းလာတဲ့ အမေတို့ကြားက သံယောဇဥ်ကို သူ ထောက်ထားလိမ့်မယ်လို့ တွေးခဲ့တာ၊ သူ ဒီလောက်အထိ ရက်စက်လိမ့်မယ်လို့ လုံးဝမထင်ခဲ့ဘူး၊ သူ့ကို အသက်ရှင်လျက် ပြန်တွေ့ရအုံးမယ်ဆိုရင် သူ့ကို ကွာရှင်းပစ်မယ်”
အမျိုးသမီးဟန်သည် သန်မာသော်လည်း ကိုယ့်အတွက်သာ ကြည့်ကာ သူမကို ထားခဲ့သည့် ခင်ပွန်းဖြစ်သူအကြောင်း သမီးထံ ပြောပြရင်း မျက်လုံးများက နီလာတော့သည်။
“ အမေက သမီးရယ်၊ ဝမ်ရှန့်ရယ် ဝမ်ယွီရယ်အတွက်ပဲ ဝမ်းနည်းတာပါ”
ယိုဟယ်က အမျိုးသမီးဟန်၏လက်မောင်းကို တင်းကြပ်နေအောင် ဖက်ထားလိုက်၏။ သူမမျက်လုံးထောင့်က မျက်ရည်များက အကြိမ်ကြိမ် လှိမ့်ဆင်းလာလေသည်။ နောက်ဆုံးတော့ မျက်ရည်များသည် အိစက်ပျော့ပြောင်းသည့် ခေါင်းအုံးပေါ်သို့ တိတ်ဆိတ်စွာ ကျဆင်းသွားတော့သည်။
“ မစိုးရိမ်ပါနဲ့ အမေရယ်၊ သမီး အမေ့ကို တစ်ယောက်ထဲ လုံးဝထားခဲ့မှာမဟုတ်ဘူး၊ အခုချိန်ကစပြီး အမေ သမီးနဲ့ပဲ နေတော့၊ သမီး အမေ့ကို စောင့်ရှောက်ပါ့မယ်”
“ အရူးမလေး အမေဘက်က မိသားစုဝင်ကို ခင်ပွန်းရဲ့မိသားစုက ဘယ်လိုလုပ်ပြီး ကျွေးထားလို့ရမှာလဲ”
သမီးဖြစ်သူက အလွန်စိတ်ချမ်းမြေ့စေရာ အမျိုးသမီးဟန်သည် ပျော်ရွှင်မိသည်မှာတော့ ပြောရန်ပင် မလိုချေ။ သို့သော် သမီးဖြစ်သူအကျိုးအတွက် သူမသည် အသာအယာ ငြင်းဆန်လိုက်တော့သည်။
“ အခုအမေက ငယ်ပါသေးတယ်၊ စောင့်ရှောက်ရမဲ့အရွယ် မရောက်သေးပါဘူး၊ အမေက ကိုယ့်ဟာကို လုပ်ငန်းသေးသေးလေး လုပ်ချင်သေးတယ်၊ သမီးရဲ့မောင်လေးနှစ်ယောက်က အမေ့နောက်လိုက်ဖို့ ဆန္ဒရှိရင် အမေက သူတို့ကို ပညာဆက်သင်နိုင်အောင် ထောက်ပံ့ပေးရလိမ့်မယ်”
မိခင်ဖြစ်သူ၏စိတ်ထဲတွင် အစီအစဥ်တစ်ခု ရှိထားမှန်း သိလိုက်ရသဖြင့် ယိုဟယ်က သူမတွင် နောက်ခံတစ်ခု ရှိလာသကဲ့သို့ အားတက်သရော ခေါင်းညိတ်လိုက်လေသည်။
“ ကောင်းတယ် အခု သမီးလက်ထဲမှာ ငွေတချို့ရှိသေးတယ်၊ အချိန်ကျရင် သမီး အမေ့ကို ပေးလိုက်မယ်”
သည်နေရာတွင် ယွဲ့မိသားစု သားအမိတို့က တီးတိုးစကားပြောနေကြ၏။ တခြားဘက်တွင်တော့ စုမိသားစုသားအမိကလည်း အမျိုးသမီးဟန်၏ နောင်ရေးအတွက် အစီအစဥ်ချနေလေသည်။
“ယိုကျင့် သမီးရဲ့ ဒေါ်လေးကို သမီးသွားခေါ်လာတာနော်၊ သူ့ရှေ့ရေးအတွက် သမီးမှာ အစီအစဥ်တစ်ခုတော့ ရှိရမယ် ဟုတ်တယ်မလား”
ညနေစာစားချိန်က သမီးဖြစ်သူ၏ စကားနှင့် အပြုအမူကို ပြန်စဥ်းစားရင်း အမျိုးသမီးစုသည် သူမ၏ စိတ်ထဲတွင် တစ်ခုခုရှိမှန်း သိနေသဖြင့် ထုတ်ပြောလိုက်တော့သည်။
“ သမီးရဲ့ဒေါ်လေးက အမေတို့မိသားစုဝင်ပါပဲ၊ သမီး ကောင်းကောင်းလေး စီစဥ်ပေးရမယ်နော်”
ယိုကျင့်က နူးအိသည်အထိ တည်ထားသည့် အရသာရှိလှသည့် မှိုဖြူစွပ်ပြုတ်တစ်ပန်းကန်ကို သောက်လိုက်၏။ သူမက ပြုံးကာ ပြန်ပြောလိုက်လေသည်။
“အမေရယ် စိတ်မပူပါနဲ့၊ သမီးက ဒေါ်လေးကို ခေါ်လာပြီဆိုမှတော့ သမီးမှာ အစီအစဥ်ရှိတာပေါ့၊ ဒါပေမဲ့ အခုက နှစ်သစ်ကူးလေ၊ ဒီတော့ အစီအစဥ်တိုင်းကို နှစ်ကူးပြီးတဲ့အထိ စောင့်မှရမှာပေါ့ ဟုတ်တယ်မလား”
အမျိုးသမီးစုသည် အကြီးဆုံးသမီးဖြစ်သူက ကြိုတင်စီစဥ်ရာတွင် ကျွမ်းကျင်မှန်း သိထားလေသည်။ အခု သူမက ထိုသို့ပြောလိုက်သဖြင့် အစီအစဥ်များ သေချာပေါက်ရှိမည်မှန်း တွေးထားလိုက်သည်။ ထို့ကြောင့် သူမက သတိပေးလိုက်၏။
“ ညဥ့်လည်း နက်နေပြီ၊ အခုက နှစ်သစ်ကူးဆိုတော့ သမီးဘာမှလုပ်စရာမရှိတော့ရင်း စောစောအိပ်တော့လေ”
“ အမေ စိတ်မပူပါနဲ့ သမီး သိပါပြီ”
ယိုကျင့်က ခေါင်းညိတ်ပြလိုက်ကာ ချိုးဖန် ကို မီးအိမ်တစ်ခု ယူလာခိုင်းလိုက်ပြီး အမျိုးသမီးစုအား ပင်မခြံဝင်းဆီသို့ အနားယူရန်ပြန်ပို့ခိုင်းလိုက်တော့သည်။ သူမသည် စားပွဲနားတွင် ထိုင်ချလိုက်ပြီး အမျိုးသမီးစုမလာခင်က မပြီးသေးသည့်အလုပ်များကို ဆက်လုပ်လိုက်လေသည်။
***
ယိုဟယ်သည် လျိုမိသားစု၏ လူကြီးနှစ်ယောက်တိုက်တွန်းမှုကြောင့် ဝူလီချောင်တွင် နှစ်သစ်ကူး လေးရက်မြောက်နေ့အထိ နေလိုက်သည်။ အမျိုးသမီးဟန်နှင့် စုမိသားစုတို့ကို အင်တင်တင်ဖြင့် နှုတ်ဆက်လိုက်ပြီးနောက် လော့ဟယ်မြို့သို့ ပြန်လာခဲ့တော့သည်။
တမံပေါ်တွင် ရပ်ရင်း အမျိုးသမီးစုသည် သမီးဖြစ်သူစီးသွားသည့် တလှုပ်လှုပ်မြည်းလည်းက မြို့ဘက်သို့ သွားနေသည်ကို စောင့်ကြည့်နေလိုက်လေသည်။ မြည်းလှည်းလေးက အဝေးသို့ ရောက်သွားပြီး အနက်ရောင်အစက်ကလေး ဖြစ်သွားချိန်မှ အမျိုးသမီးစုသည် အေးခဲနေသည့် သူမ၏လက်များကို နွေးသွားအောင် လေပူတစ်ချက်မှုတ်ထည့်လိုက်ပြီး စုအိမ်တံခါးထဲသို့ ပြန်ဝင်လာခဲ့သည်။
“ ယိုကျင့် အဒေါ် တတ်နိုင်သမျှ မြန်မြန် တစ်ခုခုလုပ်ဖို့ ရှာလိုက်ပါ့မယ်၊ ပြီးရင်တော့ သမီးတို့အိမ်က ပြောင်းပေးမယ်နော်”
အမျိုးသမီးဟန်က အနည်းငယ်ရှက်ရွံ့နေ၏။ သူမ၏စုဆောင်းငွေအားလုံးကို ဝမ်ရှန့်အား တိတ်တိတ်လေး ပေးခဲ့လိုက်သည်။ သူမသည် လော့ဟယ်သို့ လာခဲ့ချိန်၌ တစ်ပြားတစ်ချပ်မှ မရှိသလို ဒုတိယမိသားစုက ကလေးများကိုလည်း နှစ်သစ်ကူး စာအိတ်နီ (ဟုန်ပေါင်း) ပင် မပေးနိုင်ခဲ့ချေ။ အခုတော့ သမီးဖြစ်သူ၏ ပိုက်ဆံအိတ်ထဲက လျန်ငွေအနည်းငယ်သာ ရှိတော့သည်။ သူမသည် အချိန်ခဏထိ မျက်နှာပြောင်းကာ စုအိမ်တွင် အလကားနေရအုံးမည်။
တစ်နည်းနည်းဖြင့် ချုပ်တီးထားရသည့် အမျိုးသမီးဟန်ကို ကြည့်လိုက်ပြီး ယိုကျင့်က ပြုံးလိုက်ပြီး သူမကို ဆွဲကာ ထိုင်ခိုင်းလိုက်လေသည်။
“ ဒေါ်လေး သမီးတို့အိမ်မှာ နေရတာ အဆင်ပြေဘူးလို့ ထင်လို့ မြန်မြန်ကြီး ထွက်သွားချင်နေတာလား၊ သမီးကတော့ အစကတည်းက ဒေါ်လေးကို ဒုက္ခပေးဖို့ ကိစ္စတချို့ရှိနေတာ၊ အခု ဒေါ်လေးက အဲလိုပြောတော့ ဒေါ်လေးကို နှောင့်ယှက်မိတာ သမီးဖြင့် အရမ်းရှက်မိသွားပြီ”
“ အနှောင့်အယှက် မဖြစ်ပါဘူး၊ သမီး တစ်ခုခုလိုအပ်ရင်း ပြောသာပြော၊ ဒေါ်လေး ကူညီနိုင်ပါတယ်”
အမျုးသမီးဟန်သည် ယိုကျင့်က သူမကို အကူအညီတောင်းစရာရှိသည်ဟု ကြားလိုက်သည်နှင့် ချက်ချင်း သဘောတူလိုက်တော့သည်။
“ ဒါပေမဲ့ သမီးအစ်မ ယိုဟယ်ရဲ့ကိစ္စကလည်း သမီးကို ဒုက္ခပေးပြီးနေပြီ၊ ဒီနှစ်ရက်အတွင်း ယိုဟယ်ပြောပြလို့ အဒေါ်ကြားပြီပြီ၊ သမီးက သူ့မင်္ဂလာလက်ဖွဲ့အတွက် ငွေအများကြီး ကုန်သွားတယ်တဲ့၊ သူ့ကိုလည်း မကြာခဏဆိုသလို မုန့်ဖိုးပေးတယ်တဲ့၊ အဒေါ်တို့သားအမိက သမီးအပေါ် အကြွေးတွေအများကြီး တင်နေပါပြီ”
“ ဒေါ်လေးပဲ ပြောတယ်လေ သမီးတို့က မိသားစုတစ်ခုထဲဆို၊ မိသားစုဝင်တွေကြားမှာ ခွဲခြားစရာဘာလိုလို့လဲ”
ယိုကျင့်ကသည် ဒေါ်လေးနှင့် ယိုဟယ်တို့၏ သဘောထားများကို ပိုပြီးသဘောကျလာတော့သည်။ ထို့ကြောင့် သူမက အမျိုးသမီးဟန်အား သူမ၏အစီအစဥ်ကို ပြောပြလိုက်တော့သည်။
“ အစကတော့ သမီးက နှစ်သစ်ကူးပြီးရင် လော့ဟယ်မှာ နောက်ထပ်ဆိုင်တစ်ခု ထပ်ဖွင့်ချင်တာ၊ ဒေါ်လေးကလည်း ငယ်ငယ်ကတည်း အဘိုးဟန်နဲ့ စီးပွားရေးလုပ်လာတာဆိုတော့ သမီးက ဒေါ်လေးကို ဆိုင်အသစ်ရဲ့တာဝန်ခံ လုပ်စေချင်တယ်၊ ဒေါ်လေး တူမလေးကို တကယ်ချစ်ရင် သေချာပေါက် သဘောတူရမယ်နော်”
“ ဒေါ်လေးက ကုန်စုံဆိုင်မှာ လက်တိုလက်တောင်းတွေပဲ လုပ်တာပါ၊ ကိစ္စသေးသေးလေးတွေပဲ လုပ်တာ၊ ဘယ်လိုလုပ်ပြီး ဒီအလုပ်ကို ကိုင်တွယ်နိုင်မှာလဲ”
အမျိုးသမီးဟန်သည် သူမ၏အတွက် ပြောပေးခဲ့သည့် ဒုတိယယောက်မ၏စကားဖြစ်မှန်း စဥ်းစားမိလေသည်။ ထို့ကြောင့် ယိုကျင့်က သည်လိုစီစဥ်ပေးရခြင်းပင်။ အပြစ်ရှိသလို ပိုခံစားလာရပြီး သူမက ပြောလိုက်၏။
“ ယိုကျင့်ရယ် သမီးရဲ့ စေတနာကောင်းကို ဒေါ်လေးသိပါတယ် ဒါပေမဲ့လေ ဒေါ်လေးမှာ အဲလောက်အရည်အချင်းရှိတယ်လို့ မထင်ဘူး၊ မျက်နှာပြောင်ပြောင်နဲ့ သဘောတူလိုက်ပြီမှ သမီးကို ဒုက္ခပေးမိနေအုံးမယ်၊ ဒီလိုဆိုရင် ဒေါ်လေးက မိသားစုသံယောဇဥ်ကို တကယ်ပဲ လျစ်လျူရှုသလို ဖြစ်နေလိမ့်မယ်”
အမျိုးသမီးဟန်၏စကားကို ကြားလိုက်ရပြီးနောက် ယိုကျင့်သည် ဆိုင်းအသစ်အား အမျိုးသမီးဟန်လက်ထဲ လွဲပေးရန် ပိုသေချာသွားတော့သည်။
“ ဒေါ်လေး အတွင်းရောအပြင်ပါ သိပြီး အကျင့်ကောင်း စိတ်ထားကောင်း ယုံကြည်ရတဲ့ တာဝန်ခံတစ်ယောက် ရှာဖို့ အရမ်းခက်တယ်ဆိုတာ သိတယ်မလား၊ သမီးကတော့ စေတနာပါတယ် ဆိုပေမဲ့ သမီးတို့မိသားစုရဲ့ငွေတွေကို ဒေါ်လေးအတွက် အလကားသုံးလိုက်မှာမဟုတ်ပါဘူး၊ သမီး ဒေါ်လေးရဲ့အရည်အချင်းကို ယုံတယ်၊ ဒါကြောင့် ဒီကိစ္စကို ထုတ်ပြောရတာ၊ ဒေါ်လေးက ဆန္ဒရှိတယ်ဆိုရင် နှစ်သစ်ကူးပြီးလို့ ဆိုင်ဖွင့်တဲ့အထိ စောင့်ပေးပြီး ခဏလောက် စမ်းလုပ်ကြည့်ပေါ့၊ တကယ် အလုပ်မဖြစ်ဘူးဆိုမှ နောက်တစ်ခုစဥ်းစားကြမယ်လေနော်”
ယိုကျင့်၏ အားတက်နေသည့် မျက်လုံးများကို တွေ့လိုက်ရသဖြင့် အမျိုးသမီးဟန်မှာ ရှင်းပြလို့မတတ်အောင် ယုံကြည်မှုရှိသွားကာ ခဏလောက် ပြန်ဆင်ခြင်ကြည့်လိုက်ပြီးနောက် သဘောတူလိုက်တော့သည်။
“ ဟုတ်ပြီလေ ဒါဆို ဒေါ်လေးစမ်းကြည့်ပါ့မယ်”
အမျိုးသမီးဟန်သည် ပရိယာယ်မကြွယ်ဝသူ မဟုတ်ချေ။ သူမ၏တူမလေးက သူမအတွက် လုပ်ပေးနေမှန်း သိလေသည်။ ဆိုင်ဖွင့်ပြီးလျှင် သေချာဂရုစိုက်ရမည်ဟု စိတ်ထဲတွင် အလေးအနက် ကတိပြုလိုက်တော့သည်။ သို့မှသာ ဒုတိယမိသားစုက သူမအပေါ်ထားရှိသည့် စေတနာများနှင့် ထိုက်တန်ပေလိမ့်မည်။
အမျိုးသမီးဟန်က ထိုကိစ္စကို ဆန္ဒအလျောက် သဘောတူလိုက်သည်ကို တွေ့လိုက်ရသဖြင့် ယိုကျင့်သည် သူမကို ပို၍ပင် သဘောကျသွားတော့သည်။ သူမသည် အမျိုးသမီးဟန်က သူမ၏ ခြေထောက်ကို ဆွဲမထားသလို၊ သူတော်ကောင်း ယောင်ဆောင်ခြင်းမလုပ်သည့်အတွက်လည်း လေးစားမိသည်။ ထို့ကြောင့် သူမကို ဆိုင်အသစ်အတွက် အစီအစဥ်များကို ချက်ချင်း ပြောလိုက်တော့သည်။
အခုတော့ စုမိသားစု အလည်အပတ်သွားရန် လိုအပ်သည့် တစ်ဦးတည်းသောဆွေမျိုးမှာ လျိုမိသားစုပင်။ နေ့တိုင်းလိုလို လက်တွဲလုပ်နေရသည့် ဧည့်သည်တချို့ထဲလည်း နှစ်သစ်ကူးအတွက် အလည်အပတ်သွားရန် ရှိသေးသည်။ တစ်ချက်မှာ သတင်းများကို ဖလှယ်ရန်ဖြစ်၏။ ဒုတိယတစ်ချက်မှာ တစ်ဖက်လူက စီးပွားရေးသမားများနှင့် ဆက်သွယ်ရန် ဖြစ်လေသည်။ ယိုကျင့်သည် အမျိုးသမီးစုအား ဆိုင်အသစ်ကိစ္စ စီမံခိုင်းရန် ဆုံးဖြတ်ပြီးသွားသဖြင့် နောက်ရက်အနည်းငယ်အတွင်း သူမအလည်အပတ်သွားရောက်လျှင် အမျိုးသမီးဟန်အား ခေါ်သွားရလိမ့်မည်က ပြောရန်ပင်မလိုချေ။ မူလက အမျိုးသမီးဟန်သည် စုအိမ်တွင် နေရသည်ကို အနည်းငယ်မသက်မသာဖြစ်မိခဲ့ပြီး ဘယ်မှာရှိနေမှန်းမသိသည့် သားနှစ်ယောက်အတွက်လည်း စိတ်ပူမိသည်။ အခုတော့ သူမသည် စိတ်ပြန်စုစည်းလာနိုင်ပြီး ယိုကျင့်ကလည်း ဝမ်ရှန့်နှင့် ဝမ်ယွီတို့ကို စုံစမ်းရန် လော့ဟယ်တွင် လူလွှတ်ထားသည့်အကြောင်း တစ်ကြိမ်မက ပြောပြထားသဖြင့် အမျိုးသမီးဟန်၏စိတ်ထဲက လွှမ်းဆွတ်မှုကို အနည်းငယ် သက်သာသွားစေလေသည်။
နှစ်သစ်ကူးတွင် လော့ဟယ်မြို့သည် လူများက ပြောနေသည့်အကြောင်းအရာ အများအပြားလည်း ရှိသေးသည်။ မြောက်ပိုင်းတွင် စစ်မက်ဖြစ်နေမှန်း အားလုံးက သိထားကြသော်လည်း နှစ်သစ်ကူးကိုတော့ ဖြတ်သန်းပေမည်။ ယွဲ့ချန်လုနှင့် ယွဲ့ချန်ရှို့တို့ညီအစ်ကိုများသည် လော့ဟယ်မြို့သို့ ရောက်လာချိန်၌ နှစ်သစ်ကူးပြီး ရှစ်ရက်မြောက်နေ့ရှိနေပြီ ဖြစ်သည်။
“ ဒီလော့ဟယ်မြို့က တကယ်ချမ်းသာတာပဲ”
ဝမ်ညန်သည် သူမ၏သုံးနှစ်သားလေးကို ချီကာ နွားလှည်းပေါ်တွင် ထိုင်နေ၏။ သူမ၏မျက်လုံးများသည် လေတိုက်ခတ်သဖြင့် လည်နေသည့်ဘီးလို ပတ်ခြာလည်နေပြီး လော့ဟယ်၏ ကြွယ်ဝချမ်းသာမှုကို လုံးဝသဘောကျနေတော့သည်။
“ အိမ်ထောင်ဦးစီး ကျွန်မတို့ ဒီမှာပဲ နေကြမလား”
ယွဲ့ချန်လုတို့ ညီအစ်ကိုသည် နွားလှည်းတစ်စီးကို မောင်းလာသည်ဖြစ်ရာ ဖြည်းဖြည်းလေး သွားနေလေသည်။ ထို့အပြင် သူတို့သည် လမ်းတစ်လျှောက် အနားယူရန် မကြာခဏ ရပ်ရသေးသည်။ လမ်းအကြောင်းသိသည့် စုမိသားစု၏လှည်းသမားလို မဟုတ်ပေ။ ထို့ကြောင့် သူတို့သည် ရက်ကောင်းတချို့အတွက် လမ်းပေါ်တွင် နှောင့်နှေးခဲ့ရသည်။ အခုတော့ သူတို့သည် လော့ဟယ်သို့ ရောက်လာပြီး ညီအစ်ကိုနှစ်ယောက်လုံးမှာ ပင်ပန်းနေကြတော့သည်။ ဝမ်ညန်၏ အဆိုပြုချက်ကို ကြားလိုက်ရသည့် ယွဲ့ချန်ရှို့က သူ့ကျောင်းညန်လေးကို ကြည့်လိုက်ပြီး ယွဲ့ချန်လုကို ခေါင်းညိတ်ပြလိုက်၏။ ယွဲ့မိသားစု၏ ဒုတိယနှင့် တတိယမိသားစုတို့သည် လော့ဟယ်မြို့တွင် ယာယီ ရပ်နားလိုက်ကြလေတော့သည်။
…
အပိုင်း (၁၀၇) ခွေးခွေးချင်းပြန်စားခြင်း
လော့ဟယ်စီရင်စု၏ ငွေကြေးချမ်းသာမှုအလိုက် ကုန်ကျစရိတ်များလည်း တိုးပွားလာသည်။ လွန်ခဲ့သည့် သုံးလေးနှစ်က ၀မ့်ညန်၏ သိုဝှက်စုဆောင်းမှုကြောင့် ယွဲ့ချန်လု၌ ကိုယ်ပိုင်ငွေအနည်းငယ် ရှိလေသည်။ သို့သော်လည်း ထိုငွေသည် လော့ဟယ်စီရင်စု၌ သူတို့မိသားစုသုံးယောက် ရပ်တည်နိုင်ရန် ခက်ခဲလွန်းလှသည်။ ယွဲ့ချန်ရှို့သည် ဉာဏ်များလှသည့်သူ ဖြစ်သည်။ ဒုတိယအစ်ကိုဖြစ်သူအား မိသားစုနှင့်အတူ ခေါ်ယူထားကာ အပြင်ဘက်၌ ယှဉ်ပြိုင်လုပ်ကိုင်လေသည်။ အန္တရာယ် တွေ့ကြုံလာပါက အစ်ကိုဖြစ်သူ မိသားစုအား ရောင်းချကာ ငွေကြေးခွဲယူလို့ရပေမည်။
ယွဲ့ချန်လုသည် တတိယမိသားစုရှိ လူကြီးနှစ်ဦးနှင့် အရွယ်ရောက်စ ကလေးနှစ်ဦးကို ကြည့်လိုက်သည်။ လော့ဟယ်စီရင်စု၌ နေထိုင်ပြီးသည့်တိုင် ထိုမိသားစုသည် နေ့စဉ် ပူပူနွေးနွေးဖြင့် အာဟာရမျှတစွာ စားသောက်နိုင်လေသည်။ ပေါက်စီကိုသာ သုံးနပ်မှန်အောင် မနည်းစားနေခဲ့ရသော သူတို့မိသားစုနှင့် မတူပေ။ ၀မ်ညန်နှင့် ခဏခဏ တိတ်တဆိတ်စကားများကြပြီး သူ၏အဖိုးတန် ၀မ်ပေါင်လေးသည်လည်း အသားစားချင်သောကြောင့် အကြိမ်ကြိမ် ငိုကြွေးနေလေသည်။ သူတို့နှစ်ဦးမှာ ညီအစ်ကိုဖြစ်သည့်တိုင် ယွဲ့ချန်ရှို့သည် နေ့စဉ်နပ်မှန်အောင် စားသောက်နိုင်ပြီး သူသည် ခက်ခဲပင်ပန်းနေရသည့်အတွက် ယွဲ့ချန်လုတစ်ယောက် အခဲမကြေဖြစ်လာသည်။ ထို့ကြောင်း တတိယမိသားစု၏အခန်းသို့ တိတ်တဆိတ် ၀င်လာခဲ့သည်။
ပိုက်ဆံစုဆောင်းနိုင်ရန် ယွဲ့မိသားစုသည် လော့ဟယ်စီရင်စု၏ အရှေ့ဘက်ခြမ်းရှိ တည်းခိုခန်း၌ ဈေးအနည်းဆုံး အခန်းကိုသာ ငှားရမ်းနေထိုင်လေသည်။ ယွဲ့ချန်လုသည် တတိယညီဖြစ်သူထံမှ ငွေရအောင်ယူရန် စိတ်ပိုင်းဖြတ်ထားလေသည်။ သူသည် နည်းနည်းလေးမျှ တုံ့ဆိုင်းမနေခဲ့ချေ။ တည်းခိုခန်း၌ လူသွားလူလာများကာ ပိုက်ဆံပျောက်သည်မှာ ပုံမှန်သာဖြစ်သည်။
ညနက်၌ တတိယမိသားစုသည် မီးမှိတ်ကာ အိပ်မောကျနေကြသည်။ တည်းခိုဆောင်၏ စင်္ကြံသည်လည်း ရှင်းလင်းနေကာ ထို၌ အရိပ်တစ်ခုသည် ဖြည်းညှင်းစွာဖြင့် လျှောက်လှမ်းကာပြီး ယွဲ့လျန်ရှို့တို့မိသားစု၏ ခေတ္တတည်းခိုရာအခန်းသို့ ၀င်ရောက်လာခဲ့သည်။ မည်သူထင်မည်နည်း။ ရှိခိုးကောင်က ပုစဉ်းရင်ကွဲနောက်ကိုလိုက်ချိန် စာဝါငှက်က သူတို၏နောက်၌ ရှိနေလေသည်။ (ကိုယ်က သူများကို တစ်ခုခုလုပ်လိုက်တဲ့အခါ အဲ့လူကလည်း သူ့လိုပဲ လုပ်နေတာပါ) တတိယမိသားစု၏ အခန်းသို့ ယွဲ့ချန်ရှို့၀င်ပြီး မကြာခင်ပင် အိမ်သာထဲမှ အနက်ရောင်ပုံရိပ်တစ်ခုထွက်လာကာ ယွဲ့ချန်လုတို့၏ မိသားစုအခန်းသို့ တိုးတိုးတိတ်တိတ် ၀င်ရောက်ခဲ့သည်။
၀မ်ညန်၏ အလိုမကျမှုကြောင့် တည်းခိုခန်း၏ တစ်ဦးနေအခန်းကို စျေးနှစ်ဆပေးကာ နေထိုင်နေရသည်။ သူသည် တတိယ၏ ငွေကို ခိုးယူရန် ကြံချိန်၌ ထိုလူမှာလည်း သူ့အပေါ်သို့ မျက်စိကျနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အခန်းထဲ၌ ၀မ်ညန်နှင့် သုံးနှစ်သား ကလေးငယ်သာ ကျန်ရှိသည့်အတွက် ယွဲ့ချန်ရှို့သည် ရေထဲလွှတ်သည့် ငါးပမာ လွတ်လပ်နေခဲ့သည်။ ခဏကြာ ရှာဖွေပြီးနောက် ယွဲ့ချန်ရှို့သည် နှစ်လျန်းမျှသာ ရှာတွေ့ပေသည်။ ဆူညံသံများကြောင့် အစ်ကိုဖြစ်သူ နိုးမည်ကို စိုးရိမ်၍ ယွဲ့ချန်ရှို့သည် ကြိတ်မှိတ်ကာ ရသမျှနှင့် တင်းတိမ်လိုက်ရသည်။ ငွေစအနည်းငယ်သည် ဘာမျှမရသည်ထက် ပိုကောင်းပေသည်။ ထို့နောက် သူသည် ယွဲ့ချန်လု၏အခန်းမှ ထွက်လာခဲ့တော့သည်။
“ညီလေး မင်းဒီမှာဘာလုပ်နေတာလဲ” သူသည် ယွဲ့ချန်ရှို့၏အခန်းမှ လုံလောက်စွာ ခိုးယူပြီးပြန်လာချိန်၌ ယွဲ့ချန်ရှို့သည် သူ၏အခန်းကို ကုတ်ချောင်ချောင်း ရပ်ကြည့်နေသေယကြောင့် မေးလိုက်သည်။
ခိုးယူပြီး၍ မလုံမလဲ ဖြစ်နေသော ယွဲ့ချန်ရှို့သည် အစ်ကိုဖြစ်သူ၏ ရောက်ရှိလာမှုကြောင့် လန့်သွားကာ ကြက်သီးမွေးညင်းများပင် ထမိသည်။ ခြောက်ကပ်နေသော အပြုံးဖြင့် ပြန်လည်ချေပလိုက်သည်။ “မဟုတ်ပါဘူး။ ဘာမှမဟုတ်ဘူးရယ်။ သန့်စင်ခန်းက ပြန်လာပြီး လမ်းကြုံလို့ ဖြတ်သွားတာ။ ဖြတ်သွားရုံတင်ပါ”
ယွဲ့ချန်လု၏ သံသယအကြည့်များကို လျစ်လျူရှုပြီးနောက် ယွဲ့ချန်ရှို့သည် သူ၏အခန်းကိုသာ ပြန်သွားလေသည်။
ယွဲ့ချန်ရှို့၏ မလုံမလဲပုံစံကြောင့် ယွဲ့ချန်လုသည် ညီဖြစ်သူအပေါ်၌ အနည်းငယ် သံသယဖြစ်မိသော်လည်း စိတ်ထဲမှ ထုတ်လိုက်သည်။
ဒုတိယမနက်အစော၌ အခန်းနှစ်ခုမှ အော်ဟစ်သံအသီးသီး ထွက်ပေါ်လာခဲ့သည်။ “ဘယ်ခွေးက ငါ့ပိုက်ဆံခိုးရဲတာလဲ”
ထိုသို့ပြောပြီးသည်နှင့် ညီအစ်ကိုနှစ်ဦးသည် အခန်းကိုယ်စီမှ ဒေါသတကြီး ထွက်လာကြလေသည်။ ကြောက်မက်ဖွယ်ရာကောင်းလှသည့် ပုံရိပ်ပင်ဖြစ်သည်။
တည်းခိုခန်း၏ ကြီးကြပ်သူမှာ သူ့ထံမှ အမြတ်လိုချင်နေကြသော ညီအစ်ကိုနှစ်ဦးအားကြည့်ကာ ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။ “ကျွန်တော်တို့ ဆိုင်ရဲ့ စည်းကမ်းအရ ပစ္စည်းတွေက ပိုင်ရှင်ကိုယ်တိုင် ထိန်းသိမ်းရတာပါ။ ညီလေးတို့လို ပျောက်သွားတဲ့ သူတိုင်းကိုသာ အလျော်ပေးနေရရင် ဘယ်လိုလုပ် စီးပွားရေးလုပ်နိုင်တော့မှာလဲ။ မဟုတ်ဘူးလား”
တည်းခိုဆောင်၏ ကြီးကြပ်သူမှု ဒုက္ခများစွာကို ကြံ့ကြံ့ခံ ကျော်ဖြတ်ခဲ့သူဖြစ်သည်။ မြောက်ပိုင်းမှ ဧည့်သည်နှစ်ဦးကြောင့် သူ့ကိုယ်သူ အရူးလုပ်ခံမည်တဲ့လား။
“ပိုက်ဆံက မနေ့ကမှ ငါ့ဆီမှာ ရှိသေးတယ်။ မနက်မှ ပျောက်တာ။ အဲ့တော့ မင်းတို့ထဲကမဟုတ်ရင် ဒီတည်းခိုဆောင်က တစ်ယောက်ယောက်ပဲ”ယွဲ့ချန်ရှို့သည် ငါးလျန်းမျှ ပျောက်ဆုံးသွားခဲ့သည်။ ထိုငွေများသည် သူတို့မိသားစု လအနည်းငယ်လောက် အေးအေးလူလူ နေထိုင်စားသောက်နိုင်ရန် လုံလောက်ပေသည်။ သူသည် အလုပ်မကြိုးစားသည့်တိုင် ဉာဏ်များကာ အပြောချိုသူဖြစ်သည်။ ယခုသူထိုသို့ မတွေးတောနိုင်တော့ပေ။
“စကားကို ကြည့်ပြော ကောင်လေး” တည်းခိုဆောင်၌ နေသူအများစုမှာ ကိုယ်ရံတော်များနှင့် ကုန်သည်များ ဖြစ်ကာ သွားသွားလာလာဖြင့် နေသူများဖြစ်သည်။ ထိုထဲ၌ အချို့မှာ ကြမ်းတမ်းရိုင်းစိုင်းကြပေသည်။ ယခုကဲ့သို့သူမျိုး ဖြစ်သည်။ ယွဲ့ချန်ရှို့၏စကားဆုံးသည်နှင့် ထောင့်ကျသည့် မျက်နှာအချိုးအစားရှိသော လူထွားကြီးသည် သစ်သားတုတ်တစ်ချောင်းကို လက်၌ ကိုင်ထားပြီး သူ၏ရှေ့သို့ လာရပ်လေသည်။ ကျားမျက်၀န်းနှင့်တူသည့် ကြောက်မက်ဖွယ် အကြည့်ကြောင့် ယွဲ့ချန်ရှို့၏ စိတ်သည် တုန်လှုပ်ခြောက်ခြားသွားသည်။
“စည်းစည်းလုံးလုံးနေရင် ငွေဝင်တယ်။ စည်းစည်းလုံးလုံးနေရင် ငွေ၀င်ပါတယ်”
တည်းခိုဆောင်ကြီးကြပ်သူမှာ လူသုံးဦးကြား၌ ညပ်ကာ ဖြန်ဖြေပေးနေရသည်။ နှစ်ဦးနှစ်ဘက်အား ဖျောင်းဖျကာ ပြောဆိုရသည်။ လေးထောင့်မျက်နှာနှင့် လူထွားကြီးအား စကားအနည်းငယ်ပြောသော ဖြေသိမ့်ပေးရသည်။ “သူတို့က နယ်ဝေးက ဒုက္ခရောက်လို့ ရောက်လာကြတဲ့သူတွေပါ။ လောကကြီးကို မမြင်ဖူးကြသေးလို့ ဖြစ်နေတာပါ။ အစ်ကိုလျှို့က သူတို့အတွက်နဲ့ စိတ်အနှောင့်အယှက် ဖြစ်စရာမလိုပါဘူး”
တာဝန်ခံမှ ဖျောင်းဖျနေသောကြောင့် ထိုလူသည် ယွဲ့မိသားစု၏ ညီအစ်ကိုနှစ်ဦးကို အေးတိအေးစက်ကြည့်ကာ ဆောင့်အောင့်ထွက်သွားတော့သည်။ “ဒီနေ့ ကြီးကြပ်သူမျက်နှာနဲ့ ဘာမှမလုပ်တော့ဘူး။ နောက်တခါ ဒီနေရာမှ ငါ့ကို အာမခံနဲ့”
ထိုသို့ပြောပြီးသည်နှင့် တိတ်ဆိတ်နေသော တည်းခိုဆောင်သည် တဖန်ပြန်အသက်၀င်လာတော့သည်။
ထိုလူထွက်သွားမှသာ တာဝန်ခံလည်း စိတ်သက်သာရရတော့သည်။ ထို့နောက် ညီအစ်ကိုနှစ်ဦးထံသို့ လှည့်ကာ စကားဆက်လေသည်။ “ပိုက်ဆံပျောက်တာ အမှန်ဆိုရင် ကျွန်တော့်မှာ ရုံတော်က အသိရှိတယ်။ တိုင်ချက်ဖွင့်ရင်ရော ဘယ်လိုလဲ”
“မတိုင်ပါနဲ့” ညီအစ်ကိုနှစ်ဦးသည် မလုံမလဲနှင့် တစ်ပြိုင်နက်တည်း အော်ဟစ်ကြလေသည်။ သူတို့ စကားမှားသွားကြောင်းသိသည်နှင့် စကားကို ပြန်ပြင်ပြောကြလေသည်။ “တကယ်က ငွေစနည်းနည်းပဲ ပျောက်သွားတာပါ။ ရုံးတော်ကို အနှောင့်အယှက်ပေးဖို့မလိုပါဘူး”
“ဟုတ်ပါတယ် ဟုတ်ပါတယ် အနှောင့်အယှက်ပေးဖို့မလိုပါဘူး” ယွဲ့ချန်လုသည် သူ၏ ခြောက်သွေ့နေသော နှုတ်ခမ်းကို သပ်ကာ ခက်ခဲစွာဖြင့် တုံ့ပြန်လိုက်သည်။ ညီအစ်ကိုနှစ်ဦးသည် တာဝန်ခံဖြစ်သူ၏ စူးစမ်းနေသော အကြည့်အောက်မှ ပြေးထွက်လာခဲ့ည်။ တာဝန်ခံသည်လည်း ထိုညီအစ်ကိုနှစ်ဦး၏ အပြုအမူများကြောင့် သူခိုးက သူခိုးကိုရှာကာ(သူခိုးကလူပြန်ဟစ်တာ) သူ့အား လှည့်စားနေသည်ဟု တထစ်ချ ယုံကြည်လိုက်သည်။ ထိုမိသားစုနှစ်ခုအား အခွင့်အရေးကြုံသည်နှင့် မောင်းထုတ်ရန် ကြံရွယ်လိုက်သည်။
ယွဲ့ညီနောင်မှာ တရားလိုဖြစ်သည့်တိုင် သူတို့ကိုယ်သူတို့ သူခိုးဟု မလုံမလဲ ဖြစ်နေသောကြောင့် ရုံးတော်ကို တိုင်ရန် မရည်ရွယ်ထားခဲ့ပေ။ ယွဲ့ချန်လုသည် နှစ်လျန်းပျောက်သွားသည့်တိုင် တတိယဆီမှ ငွေငါးလျန်းရလိုက်ပေသည်။ ရုံးတော်သာ ၀င်ရောင်ပတ်သက်မည်ဆိုပါက မြတ်မည့်လုပ်ငန်း အရှုံးပေါ်ရုံသာ ဖြစ်ပေတော့မည်။ ယွဲ့ချန်ရှို့သည် စိတ်ထဲ၌ မကျေနပ်သော်လည်း ရွေးချယ်စရာ မရှိပေ။ သူ၏ပိုက်ဆံအား ခိုးသွားသော သူခိုးကို မုန်းတီးပေသည်။ ထိုသို့တိုင် ရုံးတော်ကို တိုင်ချက်မဖွင့်ရဲပေ။ ဤသို့ဖြင့် ထိုကိစ္စသည် ပြည်ဖုံးကားချလိုက်ရတော့သည်။
ယွဲ့ချန်လုသည် တတိယညီဖြစ်သူထွမှ ငွေငါးလျန်းကို တစ်ခါတည်း ရယူနိုင်ခဲ့သည်။ ငွေသည် ထိုမျှ အလွယ်တကူ ရလာသောကြောင့် သူ၏ခေါင်းထဲ၌ အတွေးတစ်ခုပေါ်ပေါက်လာသည်။ သူသည် လမ်းပေါ်၌ ပင်ပန်းစွာ ကုန်စည်ထမ်းလျှင်ပင် တစ်လ၌ ငွေစအနည်းငယ်သာ စုဆောင်းနိုင်သည်။ တစ်ညတည်းနှင့် ငွေပမာဏအများကြီးကို ရှာနိုင်ခဲ့သည်။ တတိယညီထံ၌ ဂုဏ်ပကာသနသာရှိကာ ငွေကြေး မရှိတော့ပေ။ ဒါပေမဲ့ ဒီနေရာကဘယ်နေရာလဲ။ လော့ဟယ်မြို့က ဘယ်တော့မှ လူချမ်းသာတွေ ပြတ်လပ်တယ်ဆိုတာ မရှိဘူး။
ယွဲ့ချန်လု ထိုအကြောင်းကို စဉ်းစားလေ ပိုပြီးပျော်ရွှင်လေဖြစ်လာသည်။ ၀မ်ညန်နှင့် ယွဲ့ချန်ရှို့၏ နောက်ကွယ်၌ ယွဲ့ချန်လုသည် လော့ဟယ်စီရင်စု၏ လမ်းပေါ်သို့ တစ်ဦးတည်း လျှောက်သွားနေခဲ့သည်။
ယခုအချိန်တွင် မြောက်ပိုင်းမှ လူအချို့သည် လော့ဟယ်စီရင်စုသို့ ပြောင်းရွှေ့လာကြသည်။ လူများသည်က လက်များသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ယွဲ့ချန်လုသည် နှစ်ကြိမ်မြောက်အောင်မြင်စွာ ခိုးယူနိုင်ခဲ့သည်။ သူသည် ထိုသို့ကိစ္စရပ်များ၌ မကျွမ်းကျင်သေးသောကြောင့် လူချမ်းသာများဆီသို့ ဦးတည်မသွားရဲဘဲ သာမန်လူများနှင့်သာ စတင်ခဲ့သည်။ သာမန်လူနှစ်ဦးဆီမှ ငွေနှစ်လျန်းမျှ ရယူပြီးချိန်တွင် သူသည် စိတ်ကျေနပ်နေခဲ့သည်။
…………
ယနေ့တွင် ယိုရင်သည် အစ်မဖြစ်သူထံမှ ရှားရှားပါးပါး ခွင့်ရခြင်းဖြစ်သည်။ ထို့ကြောင့် သူမ၏ နောက်လိုက်လေးကို ခေါ်ကာ အရည်အသွေးကောင်းမွန်သည့် ပိုးသားအထည်နှစ်လိပ်ကို ၀ယ်ယူရန် အထည်ဆိုင်သို့ ထွက်လာခဲ့သည်။ ထိုအစများဖြင့် နွေရာသီ၌ ဟန်လီအတွက် အထည်ချုပ်ပေးရန်ဖြစ်သည်။ နှစ်သစ်ကူးတွင် အစ်မဖြစ်သူသည် သူမနှင့် ဟန်လီ၏ ဆက်ဆံရေးကို တရား၀င်ကြေညာခဲ့သည်။ ဟန်လီသည် လွန်ခဲ့သည့် သုံးနှစ်အတွင်း စုမိသားစု၌ ရိုးသားကြိုးစားစွာ လုပ်ကိုင်ခဲ့သည်။ ထို့အပြင် ဟန်လီသည် သူမကို ကတိတစ်ခု ပေးထားခဲ့သည်။ သူမသည် သူနှင့် လက်ထပ်ပြီးသည့်တိုင် မိဘအိမ်နှင့်ခွဲနေစရာမလိုပေ။ သို့သော် သူသည် မိန်းကလေးဖြစ်သူ၏ မိသားစုထဲ၌ ကပ်နေမည်မဟုတ်ပေ။ ဟန်လီသည် ယိုရင်အား မိသားစုနှင့်မခွဲခွာစေလိုပေ။ အမျိုးသမီးစုသည်လည်း ထိုကိစ္စကို သဘောတူပေသည်။
“ဒုတိယမမလေးက ကြင်နာတတ်ပြီး သိမ်မွေ့တယ်။ အစ်ကိုကြီးဟန်က သုံးဘ၀သုံးကမ္ဘာလောက် ကုသိုလ်ပြုခဲ့လို့ မမလေး မျက်စိကျမိတာနေမယ် “ ယခုတွင် ယိုရင်၏ဘေး၌ လီသုံဟူသော ကိုယ်ပိုင်အစေခံ ရှိလေသည်။ သူမ၌ ကြီးမားသည့် မျက်လုံးဝိုင်းဝိုင်းလေးနှင့် ပါးဖောင်းဖောင်းလေးများ ရှိပေသည်။ ထိုအရာက လူကို စိတ်ချမ်းသာစေသည်။ ယခု၌လည်း သူမသည် ယိုရင်၏ဘေး၌ အဆက်မပြတ် စကားပြောနေခြင်းဖြစ်သည်။
ယိုရင်၏ မျက်နှာသေးသေးလေးမှာ နီရဲတွတ်နေခဲ့ပြီဖြစ်သည်။ သူမသည် လီသုံ၏ စကားကို ပြန်မပြောဘဲ မည်းနယ်ရောင် ပိုးထည်ကို ညွှန်ပြလိုက်သည်။ “ဒီက အစ်ကို ကျွန်မကို ဒါလေးပြလို့ရမလား”
အထည်ဆိုင်မှ အကူလေးသည် အလိုက်သိပေသည်။ ချက်ချင်းပင် အထည်ကို ထုတ်ပေးလိုက်သည်။
“ဒီကမိန်းကလေးက ကောင်းကောင်းရွေးတတ်တာပဲ။ ဒါက နွေဦးမှ အသစ်သွင်းထားတဲ့ ဒီဇိုင်းပါ။ အ၀တ်ချုပ်ဖို့ အသင့်တော်ဆုံးပဲ။ အဲဒါက နွေးထွေးပြီးတော့ လူကို သွက်လက်တက်ကြွဟန် ပေါ်စေတယ်” ထိုအကူလေးသည် ယခုလေးပင် အနောက်မှ အစေခံလေး၏ပြောစကားကြောင့် မျက်စိရှေ့ရှိ မိန်းမပျိုမှာ သူမ၏ချစ်လှစွာသော အမျိုးသားအတွက် လက်ဆောင်၀ယ်ယူဆနကြောင်း သိလိုက်ရသည်။ သူသည် ဝါးပင်စိမ်းများဖြင့် စီခြယ်ထားသော ပိုးသားကိုထုတ်ပေးလိုက်သည်။
“သခင်မလေး ဒါကိုကြည့်ကြည့်ပါလား။ အရည်အသွေးတကယ်ကောင်းတာ”
ယိုရင်သည် မျက်မှောင်အနည်းငယ်ကြုံ့ကာ ခဏမျှစဉ်းစားပြီးနောက် နောက်ဆုံးတွင် အခြားကြည်ပြာရောင် အထည်စကိုပါ ရွေးချယ်လိုက်သည်။ “ဒီသုံးခုပဲ”
ငွေပေးချေပြီးနောက် အစေခံနှင့်မိန်းမပျိုနှစ်ဦးတို့သည် အ၀တ်ဆိုင်မှ အထုတ်ကိုယ်စီဖြင့် ထွက်လာခဲ့သည်။ သူတို့ထွက်လာသည်ကို မြင်သည်နှင့် ဆိုင်ရှေ့၌ စောင့်နေသော ကိုယ်ရံတော်သည် ချက်ချင်းပင် အနားသို့ ရောက်လာလေသည်။ “ဒုတိယမမလေး”
ထို့နောက် သူသည် ယိုရင်နှင့်အစေခံတို့ သယ်လာသောပစ္စည်းများကို သယ်ယူလိုက်သည်။
ယခုတလောအတွင့် လော့ဟယ်မြို့သို့ လူစိမ်းများ ၀င်ထွက်သွားလာမှုများပေသည်။ သူမ၏လုံခြုံရေးကို စိတ်ပူသောကြောင့် အစ်မဖြစ်သူသည် ကိုယ်ရံတော်တစ်ယောက်ကို အိမ်၌ သီးသန့်ငှားရမ်းထားပေသည်။ ထို့ကြောင့် သူမအပြင်ထွက်တိုင်း ခေါ်သွားရသည်။
“ပြန်ကြရအောင်” ယိုရင်သည် ကိုယ်ရံတော်ကို ခေါင်းညိတ်ပြလိုက်သည်။ ထိုသို့ဖြင့် သခင်နှင့်အစေခံ သုံးဦးသည် မုန့်ဆိုင်သို့ မနှေးမမြန်အရှိန်ဖြင့် ပြန်ကြလေသည်။ မုန့်ဆိုင်သို့ မရောက်မှီ အနည်းငယ်အလိုတွင် ယိုရင်သည် သူမ၏ဘ၀၌ တစ်သက်တာ မေ့မရခဲ့သော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ ထိုပုံရိပ်သည် လမ်း၏တစ်ဘက်ခြမ်းမှတစ်ဆင့် သူမဆီသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာချေသည်။
“သခင်မလေး” ယိုရင်တစ်ခုခုဖြစ်နေကြောင်း ဦးစွာသတိထားမိသူမှာ လီသုံဖြစ်သည်။ သူမသည် တစ်ခဏအချင်း ဖြူဖျော့ကာ ထိတ်လန့်နေသော သူမ၏သခက်မအားအနောက်မှ ထိန်းကူထားရသည်။
“သခင်မလေး ဘာဖြစ်လို့လဲ။ တစ်ခုခုပြောပါဦး။ ကျွန်မကို လန့်အောင်မလုပ်ပါနဲ့”
ယိုရင်သည် လီသုံပြောသည်ကို မကြားတော့ပေ။ လော့ဟယ်မြို့၏ လမ်းမပေါ်ရှိ ဆူညံသံများမှာလည်း သူမ၏နားထဲ၌ တစ်ဝီဝီမြည်သံများအဖြစ်သာ ကြားနေရသည်။ ယိုရင်၏မျက်၀န်းထဲ၌ မျက်နှာပေါ်တွင် အမာရွတ်ရာဖြင့် လူတစ်ဦးကိုသာ မြင်လေသည်။ ထိုအချိန်က ချွေ့ဖုန်းရွာ၌ အဆူခံအရိုက်ခံ ဘ၀ကို ပြန်ရောက်သွားသကဲ့သို့ပင် ဖြစ်နေခဲ့သည်။ ထိုလူနီးလာလေ ယိုရင်၏ကိုယ်မှာ ပို၍တုန်လှုပ်လာလေ ဖြစ်သည်။ သူမ၏အတွေးထဲ၌ ထိုလူမှာ သူမကို တစ်သက်လုံး မမှတ်မိရန်သာ ဆုတောင်းနေခဲ့သည်။
နှစ်ကြိမ်မျှ အောင်မြင်စွာ ခိုးယူပြီးနောက် ယွဲ့ချန်လုသည် အနောက်ဘက်ဈေးမှ အိမ်သို့ပြန်စဉ် အသက်တစ်ဆယ့်သုံးနှစ် တစ်ဆယ့်လေးနှစ်အရွယ် မိန်းကလေးတစ်ဦးသည် သူ့အား ကြည့်နေကြောင်း သိလိုက်ရသည်။ သူသည် ပေါ်တင်ကြည့်ရန် မဝံ့ရဲသောကြောင့် ဘေးဘီကို ကြည့်ဟန်ဆောင်ကာ ကြည့်လိုက်သည်။ အပေါ်ယံအရ ထိုမိန်းကလေးသည် ချမ်းသာသည့် မိသားစုမှ ဆင်းသက်လာပုံရသည်။ သူသာ အောင်မြင်ပါက ငွေအများကြီးရမည်ပင်….
ကိုယ်ရံတော်မှာ ကြည့်နေသည့် နေရာကို သတိထားမိပြီး ယိုရင်၏ရှေ့၌ ပိတ်ရပ်လိုက်ကာ ထိုနေရာသို့ စူးစိုက်ကြည့်လိုက်သည်။ ထို့နောက် အနောက်သို့ လှည့်မကြည့်တော့ဘဲ လီသုံအား ညွှန်ကြားလိုက်သည်။ “ဒုတိယမမလေးကို ငါကြည့်ထားမယ်။ ဆိုင်ကိုသွားပြီး အကြီးဆုံးသခင်မလေးကို အမြန်ခေါ်လာခဲ့”
ယွဲ့ချန်လုသည် ဓားသွားနှင့် လူငယ်တစ်ဦး၏ စူးရှသည့် အကြည့်များကြောင့် သူ၏ သူရဲဘောကြောင်မှုကို ပေါ်ပေါ်ထင်ထင်ပင် ဖော်ပြကာ ထွက်ပြေးသွားလေသည်။ ယိုရင်မှာ ချွေးအေးများ စိုရွဲနေကာ ကျန်ရစ်ခဲ့သည်။
လီသုံသည် ဆိုင်သို့ သွားရာလမ်းတစ်လျှောက် ပြေးလွှားနေခဲ့ကာ ယိုကျင့်နှင့်အတူ ပြန်လာခဲ့သည်။ ယိုကျင့်သည် ရောက်ရောက်ချင်းပင် ငရဲတံခါး ဖြတ်ခဲ့ရသော ပုံစံနှင့် ထိတ်လန့်နေသော ယိုရင်ကို တွေ့သည်နှင့် အမြန်ပွေ့ထူလိုက်လေသည်။ “ယိုရင် မမကြီးဒီမှာရှိတယ်။ မကြောက်နဲ့။ မကြောက်နဲ့နော်”
“မမ မမကြီး… ညီမ..ညီညီ…မ” ယိုရင်သည် ကြောက်ရွံ့နေသောကြောင့် သူမ၏စကားကိုပင် ဆုံးအောင် မပြောနိုင်ချေ။
ယိုကျင့်သည် အမြန်ပင် တွေးတောလိုက်ကာ လီသုံကို အချက်ပြလိုက်သည်။ ထို့နောက် သူမတို့နှစ်ဦးသည် ဘယ်တစ်ဘက်ညာတစ်ဘက် ကိုင်၍ ယိုရင်ကိုထိန်းကာ ဆိုင်သို့ပြန်လာခဲ့သည်။ ယိုကျင့်သည် ယိုရင်၏နားနားသို့ကပ်ကာ ချော့မြူနေခဲ့သည်။ “မကြောက်နဲ့နော်။ ဘာပဲဖြစ်ဖြစ် အစ်မရှိတယ်”
ကံကောင်းစွာဖြင့် ယိုရင်ဖြစ်ပွားသည့်နေရာမှာ စုကျားရှန်းနှင့် မဝေးသောကြောင့် သူမတို့သည် ဆယ့်ငါးမိနစ်အတွင်းပင် ဆိုင်သို့ ပြန်လာနိုင်ခဲ့သည်။
သူမသည် ယိုရင်အား ဒုတိယထပ်ရှိ အခန်းသို့ ခေါ်လာပြီးနောက် ဘေးရှိလူများကို ထွက်သွားခိုင်းလိုက်သည်။ ယိုရင်က မတည်ငြိမ်သေးသောကြောင့် စိတ်ငြိမ်စေရန် ရေနွေးအနည်းငယ်မျှ အတင်းအကျပ် သောက်ခိုင်းခြင်းခံလိုက်ရသည်။ အနည်းငယ် တည်ငြိမ်လာချိန်၌ သူမသည် ယိုကျင့်ကို ဖြစ်ခဲ့သမျှကို ပြောပြလိုက်သည်။
…
အပိုင်း (၁၀၈) အဖေနဲ့သမီး ၊ အမေနဲ့သား ( ကြမ်းပိုးဖမ်းခြင်း)
“မကြီး ယွဲ့ချန်လု ယွဲချန်လု ဒီကို ရောက်နေတယ်”
ယိုရင်၏စိတ်အခြေအနေသည် အများကြီး တည်ငြိမ်သွားသော်လည်း သူမ၏စိတ်ထဲက ကြောက်ရွံ့မှုက အသက်ပင် မရှုနိုင်အောင် ထိန်းချုပ်ထားလေသည်။ သူမသည် ယိုကျင့်ကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်ပြီး
“ ညီမလေး သူ့ကို တွေ့ခဲ့တယ်၊ ညီမလေး သူ့ကို တကယ်တွေ့ခဲ့တာ”
ယိုကျင့်က သူမ၏လက်ကိုဆန့်လိုက်ပြီး ယိုရင်၏လက်ကို တင်းနေအောင် ကိုင်လိုက်ကာ ညင်ညင်သာသာ နှစ်သိမ့်ပေးလိုက်တော့သည်။
“ ဘာမှမဖြစ်ဘူး၊ ဘာမှမဖြစ်ဘူး၊ အားလုံးအတွက် မကြီးရှိတယ်နော်”
အေးစက်စက်ခံစားချက်တစ်ခုသည် သူမ၏မျက်လုံးထဲတွင် စိမ့်ဝင်လာတော့သည်။ အဲဒီ ယွဲ့မိသားစုက လူတွေက သူတို့အတွက် အမြဲတမ်း ဂြိုဟ်ဆိုးပဲ။ ဒါကို အဆုံးသတ်ဖို့ နည်းလမ်းတစ်ခုရှာဖို့ အချိန်ကျလာပြီ။
ယိုရင်၏ စိတ်ခြေအနေသည် မတည်မငြိမ်ဖြစ်နေဆဲ။ ယိုကျင့်သည် မတတ်သာတော့ဘဲ နင်အန်းခန်းမက သမားတော့ကို ပင့်ကာ သူမအတွက် စိတ်ငြိမ်ဆေး ညွှန်းပေးခိုင်းရတော့သည်။ ထို့နောက် သူမသည် လီသုံကို ဆိုင်နောက်ဖေးက မီးဖိုတွင် ဆေးသွားကြိုခိုင်းလိုက်ပြီး ယိုရင်အား ချော့မော့ကာ ဆေးတိုက်လိုက်လေသည်။
ယိုရင်သည် ဆေးသောက်ကြီး နာရီဝက်ကြာပြီးနောက် ဆေးအာနိသင် ပြလာတော့သည်။ သူသည် ခုတင်ကိုမှီပြီး ခဏအကြာတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။ ယိုကျင့်က ဘရိုကိတ်သား ဂွမ်းစောင်ကို ယူကာ သူ့ကို အသာအယာခြုံပေးလိုက်ပြီး ချိုးဖန်ကို အထဲတွင် နေခိုင်းပြီး ယိုရင်အား စောင့်ကြည့်ခိုင်းလိုက်လေသည်။ သူမက ဘေးအခန်းသို့သွားကာ လီသုံနှင့် ကိုယ်ရံတော်ကို ခေါ်လိုက်ပြီး သည်နေ့ ဖြစ်ခဲ့သည့်အရာများကို အသေးစိတ်မေးလိုက်တော့သည်။
မိသားစု သက်တော်စောင့်က တစ်နည်းနည်းဖြင့် မသင်္ကာစရာကောင်းသည့် သက်လတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်၏အသွင်အပြင်ကို အကြမးဖျင်း ဖော်ပြလိုက်ပြီး မျက်နှာပေါ်တွင် အမာရွတ်တစ်ခုရှိသည်ဟု ဆိုလိုက်ချိန်၌ ယိုကျင့်၏စိတ်တို့မှာ လေးလံသွားတော့သည်။
“ သိပြီ၊ နင်တို့နှစ်ယောက် ဒီကိစ္စကို ထုတ်မပြောရဘူးနော်။ အထူးသဖြင့် သခင်မနဲ့ မမလေးတွေရှေ့မှာ မပြောမိစေနဲ့”
သူတို့သည် ဇဝေဇဝါဖြစ်သွားသော်လည်း ဒုတိယမမလေး၏ ပုံမှန်မဟုတ်သည့်အပြုအမူကို ပြန်သတိရသွားပြီး အကြီးဆုံးမမလေး၏ တည်ကြည်နေသည့်မျက်နှာထားကို မြင်လိုက်ရချိန်၌ ခံစားချက်က တောင့်တင်းသွားတော့သည်။ သည်ကိစ္စသည် အရေးကြီးကိစ္စပဲ ဖြစ်ရမည်။ ထို့ကြောင့် သူတို့နှစ်ယောက်လုံးက ဦးညွှတ်ကာ ပြောလိုက်၏။
“ ဟုတ်ကဲ့ ကျွန်မ (ကျွန်တော်) နားလည်ပါပြီ”
သူတို့နှစ်ယောက်ကို လက်ယမ်းပြကာ ထွက်သွားခိုင်းလိုက်ပြီးနောက ယိုကျင့်သည် ဘေးအခန်းတွင် အချိန်အကြာကြီး တစ်ယောက်ထဲထိုင်နေလိုက်သည်။ လက်ဖက်နံ့များပြည့်နေသည့် ပန်းကန်လုံး အေးသွားချိန်မှ နောက်ဆုံးတွင် စိတ်ထဲ၌ ဆုံးဖြတ်ချက်လိုက်လေတော့သည်။
***
ယွဲ့ချန်လုတို့ ညီအစ်ကိုရှိမည့်နေရာကို ရှာတွေ့ရန် မခက်ခဲချေ။ နေ့ဝက်အတွင်း စုမိသားစု၏ သက်တော်စောင့်များက သတင်းအားလုံးကို သယ်ပြန်လာခဲ့လေသည်။ ဘေးအခန်းတွင် ရပ်နေရင်း သက်တော်စောင့်ခေါင်းဆောင်ရှောက်က သူ့လက်များကို တလေးတစား ယှက်ထားပြီး သည်နေ့စုံစမ်းလာသည့် သတင်းများကို တစ်ခုပြီးတစ်ခု တင်ပြလိုက်၏။
“ အကြီးမမလေးကို သတင်းပို့ပါတယ်၊ ယွဲ့မိသားစုညီအစ်က လော့ဟယ် ပြီးခဲ့တဲ့ရက်အနည်းငယ်ကမှ ရောက်လာတာပါ၊ ညီအစ်ကိုနှစ်ယောက်က ပြီးခဲ့တဲ့ရက်တုန်းက ငွေပျောက်သွားတဲ့ကိစ္စနဲ့ ရန်ပွဲတစ်ခု ဖြစ်ခဲ့ပါသေးတဘ်၊ တာဝန်ခံက ရုံကို သတင်းပို့ဖို့ပြောတော့ ညီအစ်နှစ်ယောက်က မလုံမလဲနဲ့ သူခိုးတွေလို ထွက်ပြေးသွားပါတယ်တဲ့”
ယိုကျင့်သည် အလယ်ကထိုင်ခုံးကြီးတွင် ထိုင်နေ၏။ သက်တော်စောင့်ခေါင်းဆောင်ရှောင်၏ စကားကို နားထောင်လိုက်ပြီးနောက် အသားမာအလွှာပါးပါးလေးတက်နေသည့် သူမ၏သေးသွယ်သည့် လက်ညှိုးက မသိမသာကွေးသွားပြီး သစ်မွှေးသားစားပွဲကို အသာအယာ စည်းချက်အတိုင်း ခေါက်နေလေသည်။ ခဏကြာပြီးနောက် သူမက ပြောလိုက်၏။
“ ကျေးဇူးတင်ပါတယ် သက်တော်စောင့်ခေါင်းဆောင်ရှောင် ၊ ဒီရက်ပိုင်းအတွင်း ယွဲ့ချန်လုနောက် လိုက်ဖို့ လူတွေစီစဥ်ထားလိုက်ပါ၊ မြွေကို မလန့်ပါစေနဲ့၊ တစ်ခုခု လှုပ်ရှားမှုရှိရင် ကျွန်မကို ချက်ချင်း အသိပေးပါ”
ယွဲ့ချန်လုသည် သည်နေရာကို ဒုက္ခသည်အနေဖြင့် လာခဲ့ခြင်းပင်။ သူ့တွင် ကျောထောက်နောက်ခံလည်း မရှိသလို အာဏာလည်းမရှိပေ။ ယခုအချိန်တွင် ယိုကျင့်က သူ့ကို ရှင်းထုတ်လိုက်ရန် မိနစ်ပိုင်းလေးသာ အချိန်ယူရလိမ့်မည်။ သာ့ဖုန်းသည် ပွင့်လင်းသည့်လူနေမှုပုံစံ ဖြစ်သော်လည်း သစ္စာရှိမှုနှင့် လိမ္မာသိတတ်မှုက အဓိကစံနှုန်းတစ်ခု ဖြစ်နေသေးသည်။ သက်သေများ ကျန်ခဲ့ပြီး နောက်ပိုင်းမှ လူများက သိသွားကြလျှင် ယိုကျင့်နှင့် စုမိသားစုဝင်အားလုံး နစ်နာကြလိမ့်မည်။ အစီအစဥ်မှာ အရင်ဆုံး ယွဲ့ချန်လု၏ အဓိကအားနည်းချက်ကို ရှာရန်ဖြစ်ပြီး နောက်မှ သူ့ကို ဖြည်းဖြည်းချင်း ရှင်းထုတ်ရလိမ့်မည်။
အဖေဖြစ်သူနှင့် လော့ဟယ်မြို့သို့ ထွက်ပြေးလာကြသည့် ယွဲ့ဝမ်ရှန့်တို့ ညီအစ်ကိုကတော့ ယွဲ့ဝမ်ရှန်၏စိတ်တို့သည် ကြီးကြီးမားမား တုန်လှုပ်နေ၏။ သူ့အကြီးဆုံးအစ်မက လော့ဟယ်တွင် ရှိမှန်း သိထားလေသည်။ ယိုဟယ်နှင့် လက်ရှိယွဲ့ချန်ရှို့တို့ကြားက ရွေးချယ်ရမည်ဆိုလျှင် ယွဲ့ဝမ်ရှန့်သည် တွေဝေမနေဘဲ ယိုဟယ်ကို သာရွေးချယ်ရလိမ့်မည်။
လမ်းတစ်လျှောက်တွင် ယွဲ့ဝမ်ရှန့်တို့ ညီအစ်ကိုနှစ်ယောက်လုံးသည် လိမ်လိမ်မာမာ လိုက်လာကြလေသည်။ ထို့ကြောင့် ယွဲ့ချန်ရှို့က သူ့သားနှစ်ယောက်ကို မတင်းကြပ်ထားပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့သည် သူ့မျက်စိရှေ့တွင် မရှိကြဘဲ သူကလည်း ကျောင်းညန်နှင့် အချိန်ဖြုန်းနိုင်သဖြင့် ပျော်ရွှင်နေလေသည်။ အတွင်းက မိန်းမတစ်ယောက်၏ ချွဲနွဲ့ကာ ပေါ့ပျက်ပျက်ကျီစယ်သံကို ကြားလိုက်ရချိန်တွင် ဝမ်ရှန့်တို့ညီအစ်ကိုသည် တတိယမိသားစု လက်ရှိနေနေသည့် နေရာမှ ထွက်လာပြီး သစ်သားတံခါးကို ပိတ်လိုက်၏။
ယွဲ့ဝမ်ရှန့်သည် သည်လူသားတို့၏အရေးကိစ္စကို နားမလည်သော်လည်း သူသည် လူအ,တစ်ယောက်တော့ မဟုတ်ပေ။ အထဲတွင် ဖြစ်ပျက်နေသည်များကို အလိုလိုသိနေသည်။ အလွန်စိတ်ပျက်လွန်းသည့် အမူအရာဖြင့် သူသည် အနည်းငယ်စိတ်ရှုပ်နေသည့် ညီလေးကို ဆွဲခေါ်လာကာ ဒေါသတကြီး ထွက်လာခဲ့တော့သည်။
သို့သော် သူသည် တည်းခိုခန်းမှ ထွက်လာပြီး လူများ သွားလာလှုပ်ရှားနေသည့် လော့ဟယ်မြို့၏ လမ်းပေါ် ရပ်လိုက်မိချိန်၌ လော့ဟယ်မြို့သည် အလွန်ကြီးသဖြင့် လူတစ်ယောက်ကို ရှာဖို့ရာ ကောက်ရိုးပုံထဲ အပ်ရှာရသလိုဖြစ်နေမှန်း သဘောပေါက်သွားတော့သည်။
ပျားပန်းခတ်မျှစည်ကားနေသည့် စျေးကိုကြည့်ရင်း ယွဲ့ဝမ်ယွီက ယွဲ့ဝမ်ရှန့်၏အင်္ကျီအနားကို မသက်မသာ သိလိုစိတ်တို့ဖြင့် ဆွဲလိုက်လေသည်။
“ စန်းကော (တတိယအစ်ကို) ကျွန်တော်တို့ ဘယ်သွားကြမှာလဲ”
ယွဲ့ဝမ်ရှန့်သည် ယွဲ့မိသားစုတွင် တတိယမြောက် မွေးဖွားလာသူဖြစ်သည်။ ၁၂ သာရှိသေးသည့် ယွဲ့ဝမ်ယွီသည် သည်မိသားစု၏ အလှည့်အပြောင်း အားလုံးကို ရင်ဆိုင်ခဲ့ရသည်။ အခုတော့ သူ့မိခင်က အနားမှာမရှိသလို သူ့ဖခင်ကလည်း ချစ်ခင်ကြင်နာတတ်သည့်ဖခင်မဟုတ်တော့ပေ။ သူယုံကြည်ရသည့် တစ်ဦးတည်းသောသူမှာ သူအစ်ကိုအရင်းတစ်ယောက်သာ ဖြစ်လေတော့သည်။
“ အမေနဲ့ အစ်မကို သွားရှာကြမယ်”
ယွဲ့ဝမ်ရှန့်သည် အနည်းငယ်ပျာယာခတ်နေသော်လည်း သူ့မျက်လုံးများကတော့ ပြတ်သားလှသည်။ အမေတစ်ခါတုန်းက ပြောဖူးတယ် အစ်မက လော့ဟယ်မှာ အိမ်ထောင်ကျသွားပြီတဲ့။ ထွက်မလာခင် အမေပြောခဲ့သေးတယ်။ သူမ လော့ဟယ်ကိုသွားပြီး အစ်မကို သွားရှာမှာတဲ့။ ယွဲ့ဝမ်ရှန့်သည် ထိုစကားက ယွဲ့ချန်ရှို့နောက် လိုက်သွားနိုင်ရန် သူ့ကို ချော့မော့ခဲ့သည့် အမျိုးသမီးဟန်၏ လုပ်ဇာတ်အလိမ်အညာတစ်ခုလား သူမသိပေ။
ယွဲ့ဝမ်ယွီကတော့ သူတို့သည် အမေနှင့်အစ်မကို သွားရှာမည်ဟု ကြားလိုက်ရသဖြင့် စိတ်တက်ကြွသွားတော့သည်။ သို့သော် ရုတ်ခြည်းဆိုသလို ကြီးမားလွန်းလှသည့် လော့ဟယ်မြို့ကြောင့် လက်တွေ့အခြအနေသို့ ပြန်ရောက်လာတော့သည်။
“ ဒါပေမဲ့ စန်းကော ဒီနေရာက အကြီးကြီးပဲ ၊ ကျွန်တော်တို့ ဘယ်လိုရှာမှာလဲ”
သို့တိုင် ယွဲ့ဝမ်ရှန့်ကတော့ သူတို့ကို ရှာဖွေရန် အားတင်းထားဆဲ။ ဆုံးဖြတ်ချက်ပြတ်သားလွန်းသည့် ခြေလှမ်းများဖြင့် သူသည် ရှေ့သို့ ဆက်လျှောက်သွားလိုက်တော့သည်။
“ ငါတို့တွေ ကောက်ရိုးပုံထဲမှာ အပ်ရှာရမယ်ဆိုရင်တောင် မျှော်လင့်ချက်သေးသေးလေးရှိနေသ၍ လက်လျှော့လိုက်လို့မရဘူး၊ ဝမ်ယွီက အဖေ့နောက် လိုက်သွားချင်လို့လား”
စန်းကော၏ အဖြေမရှိသည့်မေးခွန်းကို ကြားလိုက်ရချိန်၌ ယွဲ့ဝမ်ယွီက ခေါင်းကို တွင်တွင်ခါပြလိုက်ပြီး
“ ကျွန်တော် စန်းကောနဲ့ပဲ နေမှာ”
ညီအစ်ကိုနှစ်ယောက်သည် တစ်အိမ်ပြီးတစ်အိမ်၊ တစ်လမ်းပြီးတစ်လမ်း ရည်ရွယ်ချက်မရှိ လော့ဟယ်မြို့၏ လမ်းမကြီးနှင့် လမ်းကြားများပေါ်တွင် ဇွဲမလျှော့တမ်း လျှောက်လာခဲ့လေသည်။
ယိုကျင့်သည် အမျိုသမီးစုနှင့် တခြားသူများကို လျှို့ဝှက်ထားသော်လည်း အမျိုးသမီးဟန်ကိုတော့ ထိုကိစ္စကို တိုးတိုးတိတ်တိတ် ပြောပြထား၏။
“ အခု ဦးလေးနဲ့ မောင်လေးနှစ်ယောက်က လော့ဟယ်မြို့မှာ ရောက်နေပြီ၊ ဒေါ်လေး ဦးလေးနဲ့ ကွာရှင်းချင်ရင် ဒါက အကောင်းဆုံးအခွင့်အရေးပဲ၊ သမီးတို့ ဘာဆက်လုပ်ကြမလဲ၊ အချိန်ကတော့ အကောင်းဆုံးအချိန်ပဲ၊ ဒေါ်လေးက ဦးလေးနဲ့ ကွာရှင်းချင်ရင် သမီး ဒေါ်လေးကို နောက်တစ်ကြိမ် ကူညီပေးမယ်”
အမျိုးသမီးဟန်သည် ယွဲ့မိသားစုနှင့် ပတ်သက်ချင်ခဲ့လျှင် ယိုကျင့်က နောက်ဆုံးတစ်ကြိမ်သာ သူမကို ကူညီရလိမ့်မည်။ နောက်ပိုင်းတွင် ကိုယ့်လမ်းကိုယ် လျှောက်ရန်သာကျန်တော့သည်။
ယိုကျင့်၏စကားကို နားထောင်လိုက်ပြီးနောက် အမျိုးသမီးဟန်က ထိုကိစ္စကို စဥ်းစားမနေတော့ဘဲ ဆုံးဖြတ်ချက်ချလိုက်တော့သည်။ ပြတ်သားလှသည့်မျက်နှာထားဖြင့် သူမက ပြောလိုက်၏။
“ ဒေါလေး ယွဲ့ချန်ရှို့နဲ့ ကွာရှင်းချင်တယ်”
သူမနှင့် ယွဲ့ချန်ရှို့ကြားက ဆယ်နှစ်တာသံယောဇဥ်သည် သမီးဖြစ်သူကို မီးပုံထဲ တွန်းချကတည်းက မှိန်ဖျော့သွားသည်မှာ ကြာလှပြီ။ နောက်ပိုင်း ထိုမိန်းမကို ခေါ်လာချိန်တွင်တော့ လုံးဝ ပျောက်ဆုံးသွားတော့သည်။
“ ယိုကျင့် ဒေါ်လေး သမီးကို နောက်တစ်ခု တောင်းဆိုစရာရှိသေးတယ်”
အမျိုးသမီးဟန်က ယိုကျင့်ရှေ့တွင် ရပ်လိုက်ပြီး ဒူးကို ညွှတ်လိုက်ကာ မြေကြီးပေါ်သို့ ဒူးထောက်ချလိုက်တော့သည်။
“ သမီး မောင်လေးနှစ်ယောက်ကို ဒေါ်လေးဆီ ပြန်ခေါ်လာပေးလို့ရမလားဟင်၊ အခု အဲဒီယွဲ့ချန်ရှို့က တစ္ဆေတစ်ကောင်လို့ သူ့မျက်လုံးတွေကွယ်နေသလို လုပ်နေတာ ဝမ်ရှန့်နဲ့ ဝမ်ယွီတို့ရဲ့ အနားဂတ်က သူ့နောက်လိုက်သွားရင် ပျက်စီးသွားလိမ့်မယ်”
ယိုကျင့်က သူမကို မြန်မြန်တွဲထူလိုက်ပြီး သူမ၏ထိုင်ခုံတွင် ပြန်ထိုင်ခိုင်းလိုက်လေသည်။ သူမက လေသံတိုးတိုးဖြင့် အာမခံလိုက်လေသည်။
“ ဒေါ်လေးက ဘာလုပ်မှာလဲ၊ ဒေါ်လေး မောင်လေးနှစ်ယောက်ကို အရမ်းသတိရနေတယ်ဆိုတာ သမီးသိပါတယ်၊ မောင်လေးနှစ်ယောက်လည်း အတူတူပဲ နေမှာပဲမလား”
စကားဆုံးသွားသည်နှင့် သူမသည် အသံကို မြင့်လိုက်ပြီး တံခါးဘက်ကို လှမ်းပြောလိုက်လေသည်။
“သူတို့ကို ခေါ်လာခဲ့”
အစပိုင်းတွင် အမျိုးသမီးဟန်သည် ဇဝေဇဝါဖြစ်သွား၏။ သို့သော် သူမ၏ခေါင်းကို လှည့်ကြည့်လိုက်ရာ အများကြီးပိန်ချုံးသွားပြီး အူကြောင်ကြောင်းနှင့် တံခါးနားတွင် ရပ်နေသည့် သားနှစ်ယောက်ကို မြင်သွားပြီး မျက်ရည်များ ချက်ချင်းစီးကျလာတော့သည်။
“ ဝမ်ရှန့် ၊ ဝမ်ယွီ”
“အမေ”
ဝမ်ရှန့်တို့ညီအစ်ကိုသည် လော့ဟယ်မြို့တွင် ရက်အနည်းငယ်ကြာသည်အထိ လှည့်ပတ်သွားခဲ့ပြီး အပ်တစ်ချောင်းပင် မတွေ့ခဲ့ချေ။ သည်နေ့ သူတို့က ထွက်လာသည်နှင့် ချက်ချင်း ဓားကိုင်ထားသည့် ယောက်ျားနှစ်ယောက်က သူတို့ ပြီးခဲ့သည့် နှစ်ရက်လုံးလုံး အကြိမ်များစွာ ဖြတ်လျှောက်ခဲ့ဖူးသည့် မုန့်ဆိုင်သို့ ခေါ်လာခဲ့လေသည်။ အစပိုင်းတွင် ညီအစ်ကိုနှစ်ယောက်သည် ဘေးအခန်း၌ စိုးရိမ်စိတ်များဖြင့် ထိုင်နေရင်း စားပွဲပေါ်က လတ်လတ်ဆတ်ဆတ်ဖုတ်ထားသည့် မုန့်များကို မစားရဲကြချေ။ သူတို့သည် အစောင့်နှစ်ယောက်ကို မေးလိုက်သော်လည်း ဘာအဖြေမှ ပြန်မရပေ။ အခုမှ အစိမ်းရောင်အဝတ်အစားနှင့် အပျိုရံတစ်ယောက်က ဝင်လာပြီး သူတို့ကို ထွက်လာရန် ခေါ်လေသည်။ ညီအစ်ကိုနှစ်ယောက်မှာ အနည်းငယ် မသက်မသာဖြစ်နေကြဆဲ။
မသက်မသာဖြစ်နေသည့် ခံစားချက်အားလုံးသည် အမျိုးသမီးဟန်ကို တွေ့လိုက်ရချန်၌ ပျောက်ကွယ်သွားတော့သည်။ ဝမ်ယွီသည် ငယ်သေးသဖြင့် အမျိုးသမီးဟန်၏ လက်မောင်းကို ပြေးဖက်လိုက်တော့သည်။ သူ့မျက်နှာသေးသေးပေါ်တွင် မျက်ရည်များ ပေကျံနေ၏။ သူသည် တစ်အိအိနှင့် ငိုရင်း ပြောလိုက်လေတော့သည်။
“ သား သား သားက အမေ့ကို ဘယ်တော့မှ ထပ်မတွေ့ရတော့ဘူးလို့ ထင်နေတာ”
“အ,လိုက်တဲ့ကလေး အမေက သားတို့ရှေ့မှအကောင်းအတိုင်း ရှိနေတယ်မလား”
အမျိုးသမီးဟန်သည် အငယ်ဆုံးသားလေးကို အမြတ်တနိုး ထိလိုက်ပြီး မျက်နှာပေါ်က မျက်ရည်များကို လက်ကိုင်ပဝါလေးဖြင့် ဂရုတစိုက် သုတ်ပေးလိုက်ပြီးနောက် ကိုယ့်ကိုယ်ကိုယ် မျိုသိပ်ထားရသဖြင့် မျက်လုံးများ နီရဲနေသည့် အကြီးဆုံးသားလေးကို လှမ်းကြည့်လိုက်လေသည်။ သူမက လက်ကို ဆန့်လိုက်ကာ ပြောလိုက်၏။
“ ဝမ်ရှန့်”
ဝမ်ရှန့်၏ မျက်လုံးများသည် နီရဲနေ၏။ သူသည် အံတင်းတင်းကြိတ်ထားကာ ကိုယ်ဟန်ပျက်သွားမည် စိုးသည့်အလား လေးလံသည့် ခြေလှမ်းများဖြင့် အမျိုးသမီးဟန်ဆီ လျှောက်လာခဲ့လေသည်။ အမျိုးသမီးဟန်သည် နာကျင်ဝမ်းနည်းရသည့်နှလုံးသားဖြင့် အကြီးဆုံးသားလေးကို ရင်ခွင်ထဲ ပွေ့ဖက်ထားလိုက်တော့သည်။
“ သားအတွက် ခက်ခဲခဲ့မှာပဲကွယ်”
ဝမ်ရှန့်က အသာအယာ ခေါင်းခါပြလိုက်၏။ ပဲစေ့အရွယ်မျက်ရည် တစ်စက်က မည်သူမှ မမြင်နိုင်သည့် နေရာသို့ တိတ်တိတ်လေး ကျသွားပြီး ဘယ်သူမှမလိုက်ရဘဲ အဝတ်အစားထဲသို့ စိမ့်ဝင်သွားတော့သည်။ ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း လော့ဟယ်မြို့ထဲတွင် သတင်းများရှာရင်း မြောက်ပိုင်း စစ်မျက်နှာတွင် အပျက်အစီးများသည့်ရှုံးနိမ့်မှု သတင်းများက ဆက်တိုက်ရောက်လာခဲ့သည်။ သည်မနက်စောစောတွင် တင်းယွင်မြို့ကျသွားသည့် ဝမ်းနည်းစရာသတင်းက ရောက်လာ၏။ ယွဲ့ဝမ်ရှန့်သည် ပိုပြီးမသက်မသာဖြစ်လာတော့သည်။ သူသည် အမေက သူတို့ကို လိမ်ညာသွားပြီး ထားခဲ့ဖို့ ကြိုးစားခဲ့သည်ဟုပင် သံသယဖြစ်သွားတော့သည်။ တကယ်လို့ အမေက သူ့ဟာသူ ထွက်သွားမယ်ဆိုရင် ငွေတွေအားလုံးကို ဘာလို့ သူ့ကိုပေးခဲ့မှာလဲ။
ယွဲ့ဝမ်ရှန့်သည် ထိုအကြောင်းကို စဥ်းစားလေလေ ပိုပြီး ကြောက်ရွံ့လာလေလေ ဖြစ်နေတော့သည်။ သို့သော် သူသည် ထိုအကြောင်းကို ထုတ်မပြရဲချေ။ မသက်မသာမှု၊ နောင်တနှင့် စိုးရိမ်စိတ်အားလုံးကာ သူ့အမေကို တွေ့လိုက်သည့်ခဏတွင် ပျောက်ကွယ်သွားတော့သည်။ ကံကောင်းလို့ အမေ ဘာမှမဖြစ်တာ။
ပြန်လည်ဆုံးစည်းရခြင်းကြောင့် မျက်ရည်နှင့် မျက်ခွက် ဖြစ်နေကြသည့် သားအမိသုံးယောက်ကို ကြည့်ရင်း သည်ရက်ပိုင်းအတွင်း အနည်းငယ်စိတ်နှင့်ကိုယ်မကပ်ဖြစ်နေသည့် ယိုရင်အကြောင်း စဥ်းစားမိလိုက်တော့ ယိုကျင့်မှာ သက်ပြင်းမချဘဲ မနေနိုင်ဖြစ်သွားတော့သည်။ သူတို့တွေလည်း မိဘတွေပဲလေ။ အမျိုးသမီးဟန်က သူ့သားတွေနဲ့ ပြန်တွေ့ရတာကို ကြည့်ပြီး ယွဲ့ချန်လုက ယိုရင်က စိတ်နဲ့ကိုယ်မကပ်နိုင်အောင် ကြောက်လန့်သွားအောင် လုပ်နေတာကို ကြည့်လိုက်မိတော့ တကယ့်ကို ရယ်စရာကြီးပါလား။
ယိုကျင့်သည် လေးလေးနက်နက် စဥ်းစားနေစဥ် အမျိုးသမီးဟန်က သားနှစ်ယောက်ကို ဦးဆောင်ကာ ယိုကျင့်ရှေ့တွင် တဖန် ဒူးထောက်လိုက်ပြန်သည်။
“ ယိုကျင့် ဒေါ်လေးတို့မိသားစုအပေါ် သမီးရဲ့စေတနာတွေအတွက် ဒေါ်လေးမှာ ပြန်ပေးစရာ ဘာမှမရှိ....”
“ ဒေါ်လေ ဘာလုပ်နေတာလဲ”
ယိုကျင့်က သူမကို မြန်မြန်ပြန်ဆွဲထူလိုက်ပြီး အပြစ်မဆိုသည့် စကားနည်းငယ် ပြောလိုက်တော့သည်။
“ သမီးတို့အားလုံးက မိသားစုပဲကို။ လူကြီးတစ်ယောက်အနေနဲ့ ဒေါ်လေးက ဒူးထောက်ပြီး သမီးကို အသက်တိုအောင် လုပ်နေတော့မှာလား ဟင်”
အမျိုးသမီးဟန်သည် မျက်နှာပေါ်က မျက်ရည်များကို သုတ်ပစ်လိုက်ပြီး သူမ၏ သားနှစ်ယောက်နှင့်အတူ ယိုကျင့်က တွဲပေးထားသည်ကို အားပြုရင်း ထရပ်လိုက်လေသည်။ သူမက် သားနှစ်ယောက်ဘက်သို့ လှည့်ကာပြောလိုက်၏။
“ သားတို့ မှတ်ထားရမယ်နော် အမေတို့သားအမိတတွေ ဒီနေ့အန္တရာယ်ကင်းကင်းနဲ့ ပြန်ဆုံနိုင်ပြီး အခုအချိန်အထိ သားတို့အစ်မ ကောင်းကောင်းမွန်မွန်နေနိုင်တာ အားလုံးက ယိုကျင့်ရဲ့ ကျေးဇူးတွေကြောင့်ပဲ၊ ဒီကျေးဇူးကို တစ်သက်လုံး မှတ်ထားရမယ်နော်”
“ ဟုတ်ကဲ့ သားတို့မှတ်ထားပါ့မယ်”
ယွဲ့ဝမ်ရှန့်သည် သူတံခါးက ဝင်လာစဥ်ကာ သူ့အမေတွင် ရပ်နေသည့် ဝတ်ကောင်းစားလှနှင့် ဂုဏ်သရေရှိ မိသားစုတစ်ခုက လူလို အရှိန်အဝါရှိသည် မိန်းကလေးငယ်လေးကို သတိထားမိခဲ့လေသည်။ ဟိုတုန်းက ဒုတိယဦးလေးမိသားစု၏ တတိယညီမလေး ဖြစ်မည်ဟု လုံးဝ မထင်ထားခဲ့ချေ။ သူသည် ထိုအကြောင်းကို တွေးလေလေ ပိုပြီး စိတ်ရှုပ်လာလေလေ ဖြစ်နေတော့သည်။ သူသည် မနေနိုင်တော့ဘဲ ယိုကျင့်ကို ထပ်ကြည့်လိုက်မိတော့သည်။
ယွဲ့ဝမ်ရှန့်၏အကြည့်ကို သတိထားမိသည့် ယိုကျင့်က ပြုံးပြလိုက်ပြီး သူ့ကိုခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူမက အမျိုးသမီးဟန်ဘက် လှည့်လိုက်ပြီး
“ဒါဆို ဒေါ်လေး ဝမ်ရှန့်၊ ဝမ်ယွဲ့တို့နဲ့ စကားပြောလိုက်အုံး၊ သမီး အလုပ်ကိစ္စ အပြင်သွားလိုက်အုံးမယ်”
ထိုသို့ပြောလိုက်ပြီးနောက် သူမသည် အမျိုးသမီးဟန်တို့ သားအမိကို အချိန်ပေးရန် လှည့်ထွက်သွားလိုက်တော့သည်။
အမျိုးသမီးဟန်သည် သားနှစ်ယောက်နှင့် ကွဲသည်မှာ သိပ်မကြာလှသေးသော်လည်း အပြင်လောက၏ နေရာတိုင်းတွင် ဖရိုဖရဲဖြစ်နေလေသည်။ မဆုံးနိုင်သည့်မေးခွန်းများ မေးရန်ရှိနေသည်ကလည်း သဘာဝပင်။ ထို့အပြင် သူမသည် သားဖြစ်သူ၏သဘောထားကိုလည်း တီးခေါက်ကြည့်ရအုံးမည်။ သူမသည် ယွဲ့ချန်ရှို့နှင့် ကွာရှင်းဖို့ ဆုံးဖြတ်ထားသော်လည်း သူမ၏သားနှစ်ယောက်က ယွဲ့မိသားစု၏ မျိုးဆက်များ ဖြစ်နေသည်။ သားများက သူမနောက် လိုက်ရန်ဆန္ဒရှိလျှင် သူမ၏စိတ်ထဲတွင်လည်း ယုံကြည်ချက် ရှိလာလိမ့်မည်။ သားများက သူမနောက် မလိုက်လိုလျှင် သူမသည် ယွဲ့ချန်ရှို့နှင့် ယှဥ်ပြိုင်ရန် ယုံကြည်ချက်ဘယ်မှာ ရှိနိုင်ပါမည်နည်း။