← Chapters

အခန်း (၁၀၉-၁၁၁)

Vol. 8 Ch. 109-111

အခန်း (၁၀၉-၁၁၁)

Vol. 8 Ch. 109-111

အပိုင်း (၁၀၉) ပရမ်းပတာဖြစ်ခြင်း

မိခင်ဖြစ်သူမှ ဖခင်ဖြစ်သူနှင့် ကွာရှင်းလိုကြောင်း ကြာသိချန်၌ ယွဲ့၀မ်ရှန်းသည် မိခင်ဖြစ်သူဘက်မှ တွေဝေမရှိဘဲ ရပ်တည်ပေးခဲ့သည်။ “အဖေက လူကောင်း မဟုတ်တော့ဘူး။ ၀မ်ယုနဲ့ကျွန်တော်က အမေ့နောက်ကိုပဲ လိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ”

၀မ်ရှန်းသည် အမျိုးသမီးဟန်နှင့် လိုက်ပါမည်ဖြစ်ကြောင်း ပြောကြားချန်၌ ၀မ်ယုသည်လည်း အစ်ကိုဖြစ်သူနှင့် ထပ်တူပင်ဖြစ်နေခဲ့သည်။

ယွဲ့၀မ်ရှန်းသည် ဟယ်မိသားစုရှိ လူအိုကြီးနှစ်ဦးမှ ပြုစုပျိုးထောင်ခဲ့သည့်သူဖြစ်သည်။ မိခင်ဘက်မှ အဘွားဖြစ်သူမှာ ယွဲ့ချန်ရှို့ကြောင့် ဒေါသထွက်ကာ ဖျားနာသည့်တိုင် ယွဲ့ချန်ရှို့သည် သမားတော် ပင့်ပေးရန် ငြင်းဆိုခဲ့သည်ကို သူကိုယ်တိုင်မြင်တွေ့ခဲ့ပြီးဖြစ်သည်။ ထိုအဖျားက အဘွားဖြစ်သူအား သေဆုံးစေခဲ့သည်။ ထို့နောက် ယွဲ့ချန်ရှို့သည် မကယ်ကောင်းသည့်အရာအား အိမ်သို့ခေါ်လာကာ ပျော်ရွှင်မှုနှင့် ပြီးပြည့်စုံနေသော သူတို့၏မိသားစုဘ၀ကို ဖျက်ဆီးပစ်ခဲ့သည်။ ယွဲ့၀မ်ရှန်းသည် မျက်စိမှိတ်နားပိတ် နေတတ်သည့်သူမဟုတ်ပေ။ ဖခင်ဖြစ်သူနောက်ကို လိုက်မည့်အစား ကျေးဇူးကန်းသည့် သားမိုက်ပဲ အဖြစ်ခံလိုက်မည်။

သားနှစ်ယောက်မှာ မိခင်ဖြစ်သူနှင့် နေထိုင်လိုကြောင်း ဆုံးဖြတ်ပြီးသည်နှင့် အမျိုးသမီးဟန်သည် နောက်ဆုံးဆုံးဖြတ်ချက်ကို ယိုကျင့်အား ‌ပြောပြလိုက်သည်။

ယိုကျင့်သည် နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ “အဲ့လိုဆို ဒီနေ့ကလွဲပြီး အခြားကောင်းတဲ့နေ့ မရှိတော့ဘူး။ ဒီနေ့ကစပြီး ၀မ်ရှန်တို့ညီအစ်ကိုနှစ်ယောက်က စန်းကူးကူး(အဒေါ်သုံး)နဲ့ လိုက်နေလိုက်။ စန်းကူးကူး ဒီနေ့အတွက် အလုပ်လုပ်စရာမလိုတော့ဘူး။ ၀မ်ရှန်တို့ညီအစ်ကိုနှစ်ယောက်ကို ခေါ်ပြီး အိမ်ပြန်လိုက်တော့။ ယွဲ့ချန်ရှို့ဘက်ကို ကျွန်မကြည့်လုပ်လိုက်မယ်”

ယွဲ့၀မ်ရှန်တို့ ညီအစ်ကိုနှစ်ဦးအား ယနေ့ပြန်လွှတ်လိုက်ပါက လော့ဟယ်မြို့၌ သူမတို့ အခြေချနေကြောင်း ပေါက်ကြားသွားနိုင်ပေသည်။ ထိုအခါ မပြင်ဆင်ရသေးခင်ပင် ယွဲ့ချန်လုဆီ၌ ပက်ပင်းတိုးမိနိုင်သည်။

အမျိုးသမီးဟန်သည် ယိုကျင့်၏စီစဉ်မှုကို ငြင်းဆိုစရာမရှိပေ။ သူမ၏သားနှစ်ယောက်ကိုခေါ်ကာ ကျေးဇူးတင်စကားပြောပြီး ထွက်သွားလေသည်။

အစ၌ ယွဲ့ချန်ရှို့သည် သားနှစ်ယောက် ပျောက်ဆုံးမှုအပေါ် အလေးအနက်မထားခဲ့ပေ။ ထိုကလေးနှစ်ဦးမှာ အပြင်၌ လည်ပတ်စားသောက်နေသည်ဟုသာ တွေးထင်လိုက်သည်။ သို့သော် နှစ်ရက် ကြာပြီးသည့်တိုင် မည်သည့်သတင်းအစအနမှ ရှာမတွေ့သဖြင့် အထိတ်တလန့်နှင့်သာ ရှာဖွေရန် တွေးတောလိုက်သည်။

“သခင်ကြီး လော့ဟယ်စီရင်စုက အဲ့လောက်တောင်ကြီးတာ။ ဘယ်နားမှာ သွားရှာမလို့လဲ”

ကျိုးညန်သည် ယွဲ့ချန်ရှို့၏ လက်မောင်းပေါ်သို့ အရှိုးမရှိသည့်လူနှယ် မှီတွဲနေ၏။ သူမ၏ လက်သွယ်သွယ်လေးများမှာလည်း သူ၏ရင်ဘတ်ပေါ်၌ ဦးတည်ရာမဲ့စွာ ပြေးလွှားနေသည်။

“ပြီးတော့ အပြင်မှာ ဒီလောက် ပရမ်းပတာဖြစ်နေတာ။ မတော်လို့ သခင်ကြီးတစ်ခုခုဖြစ်သွားရင် ကျိုးညန်ဘယ်လိုလုပ်ရမှာလဲ”

ယွဲ့ချန်ရှို့သည် မိုက်မဲသည့်သူဖြစ်သော်လည်း သူ၏သားနှစ်ယောက်မှာ မိသားစု၏တာ၀န်ကို ပခုံးထမ်းရမည့်သူများ ဖြစ်သည်။ သားဖြစ်သူများ မရှိပါက အရာရာ အဆုံးသတ်သွားလိမ့်မည်။ ထိုအကြောင်းကို တွေးမိသည်နှင့် ယွဲ့ချန်ရှို့သည် ကျိုးညန်၏တွယ်ကပ်နေမှုကို တွန်းဖယ်လိုက်ပြီး လော့ဟယ်မြို့ပေ့်၌ နှစ်ရက်မျှ လှည့်လည်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေသည့်တိုင် သားဖြစ်သူများ၏အရိပ်ကိုပင် မတွေ့ခဲ့ပါချေ။

ကျိုးညန်သည် ထိုညီအစ်ကိုနှစ်ဦးအား မျက်စိဆံပင်မွေး ဆူးနေသည်မှာ ကြာပြီဖြစ်သည်။ ယခု သူတို့ကိုယ်တိုင် ထွက်သွားသည့်အတွက် သူမဖြစ်စေချင်သလို ဖြစ်လာခဲ့သည်။ ယွဲ့ချန်ရှို့မှ သူတို့အား ပြန်ခေါ်လာမည်ကို မည်သို့ ခွင့်ပြုနိုင်မည်နည်း။ ၀မ်ညန်၏ ၀၀ကစ်ကစ် ဖြူဖွေးနေသည့် ကလေးကို ကြည့်ကာ သူမသည် စိတ်ပြောင်းသွားပြီး အကြံတစ်ခုရလာခဲ့သည်။

တစ်ရက်လုံး လှည့်ပတ်ရှာကာ ပင်ပန်းနေသော ယွဲ့ချန်ရှို့အတွက် ခြေဆေးရန် ရေခပ်ပေးပြီးနေယက် ကျိူးညန်သည် သူ၏ဘေး၌ ထိုင်ချလိုက်သည်။ “သခင်ကြီး လော့ဟယ်မြို့က အကြီးကြီးပဲ။ ပြီးတော့ လောကကြီးက ပဋိပက္ခတွေနဲ့ ကမောက်ကမ‌ဖြစ်နေတာ ဘယ်နေရာမှာသွားရှာမှာလဲ။ ၀မ်ရှန်တို့ညီအစ်ကိုနှစ်ယောက်က ဉာဏ်ကောင်းတဲ့သူတွေလေ။ သူတို့အဆင်ပြေလောက်မှာပါ။ ဒါပေမဲ့ သခင်ကြီးသာ တစ်ခုခုဖြစ်သွားရင် ကျွန်မဗိုက်ထဲက ကလေးကို ဘယ်လိုလုပ်မလဲ”

ကျိုးညန်၏စကား‌ေကြာင့် တစ်နေ့ကုန် ပင်ပန်းနေခဲ့သော ယွဲ့ချန်ရှို့မှာ ချက်ချင်းပင် တက်ကြွလာခဲ့သည်။ “ကျိုးညန် မင်းပြောချင်တာက…. မင်းကိုယ်၀န်ရှိနေပြီလား”

သူ၏ကလေးကို လွယ်ထားရသည့် နူးညံ့လှပသော ကျိူးညန်နှင့် ယှဉ်လျှင် ယွဲ့၀မ်ရှန်နှင့်ယွဲ့၀မ်ယုတို့မှာ အရောင်အဝါ မှေးမှိန်လှသည်။ ထိုညီအစ်ကိုနှစ်ဦးသည် ဟန်အဘွားကြီး မ‌သေဆုံးခင်ကပင် သူ့ကို မျက်မုန်းကျိုးသော အကြည့်များဖြင့် ကြည့်နေခဲ့ကြသည်ကို သူသိပေသည်။ ယခု၌ အမှန်ပင် အံ့ဩဖွယ်ရာကိစ္စရပ်ဖြစ်သည်။ သူချစ်မြတ်နိုးရသည့် ကျိူးညန်၌ ကိုယ်၀န်ရှ်နေလေပြီ။ မည်သို့ပင်ဖြစ်စေ သးသည် ငယ်ရွယ်သေးသည်။ သားမျိုးဆက်မရှိမည်ကို စိုးရိမ်စရာလိုမည်တဲ့လား။

“ဒီနေ့ နည်းနည်းမသက်မသာဖြစ်လို့ ဆေးခန်းကိုသွားပြီး သမားတော်နဲ့ပြကြည့်တာ။ သမားတော်က ပြောတော့ ရက်နုသေးတယ်တဲ့။ ဒါပေမဲ့ ကျွန်မမှာ ကလေးလေးရှိနေတာသေချာပါတယ်” ကျိုးညန်သည် ရှက်ရွံ့စွာဖြင့် ခေါင်းငုံကာ သူ၏လက်မောင်း၌ မှီတွယ်ရင်း ပြောနေလေသည်။ သူ၏ဘက်ခြမ်းမှ ကျိူးညန်၏အမူအရာကို မမြင်နိုင်သော်လည်း သူမ၏မျက်၀န်းများမှာ ကွဲပြားနေကြောင်း ပြောနိုင်ပေသည်။ ကျိုးညန် ယွဲ့အိမ်သို့ ၀င်ရောက်လာကတည်းက ထိုသားရဲနှစ်ကောင်နှင့် ခွေးမသည် သူမကိုမနှစ်သက်ခဲ့ပေ။ ယခု သူမဘာမျှမလုပ်ရသေးခင်ပင် ထိုအရာများသည် သူ့အလိုလို ပျောက်ကွယ်သွားခဲ့သည်။ ကောင်းကင်ဘုံမှ သူမအား အကူအညီပေးနေခြင်းဖြစ်သည်။

ထို့အတွက် ထိုသားရဲနှစ်ကောင်အား ပြန်မလာအောင် လုပ်ရမည်။ ယွဲ့ချန်ရှို့၌ ဥစ္စာပစ္စည်း မပေါများသော်လည်း ထိုလူသည် လူအများနှင့် ပေါင်းသင်းဆက်ဆံတတ်ပေသည်။ လော့ဟယ်စီရင်စု၌ တောင်မြောက်ကူးသန်းနေသည့် ကုန်သည်များ ရှိပေသည်။ ထို့အတွက် ယွဲ့ချန်ရှို့ ကံကောင်းလာရန် သိပ်မခက်ခဲပေ။ ကျိုးညန်အတွက် ဒုက္ခများခံစားခဲ့ရသည်မှာ လုံလောက်ပေပြီ။ သူမသည် ဆောင်ကြာမြိုင်မှ ထောင်ပေါင်းများစွာသော ယောက်ျားများ၏ အိပ်စက်ရာနေရာ မဖြစ်ချင်တော့။ ထို့ကြောင့် ယွဲ့ချန်ရှို့၏နှလုံးသားကို ပိုင်ဆိုင်နိုင်ရန် အလျင်စလိုပြုမူနေရခြင်းဖြစ်သည်။ ထိုညီအစ်ကိုနှစ်ဦးသာ ပြန်မလာသ၍ ယွဲ့ချန်ရှို့ ကလေးလိုချင်ပါက သူမသည် တစ်ယောက်မွေး ပေးမည်ဖြစ်သည်။

ကျိုးညန်သည် ထိုညီအစ်ကိုနှစ်ဦးအား ပြန်မလာစေချင်ပေ။ ထိုညီအစ်ကိုနှင့် ထိပ်တိုက် ရင်ဆိုင်ရသည်မှာ အမှန်ပင်ခက်ခဲ့လှသည်။ ထို့နောက် ယွဲ့ချန်ရှို့အား တစ်နေကုန် ထိုညီအစ်ကိုနှစ်ဦးကို လိုက်ရှာနေ၍ စိတ်ဆိုးဟန်ပြုမူလိုက်သည်။ ဦးလေးခြောက်၏ဂိုဏ်းအပြင်ဘက် အနောက်ဘက်ဈေး၏ အ၀င်၀ဂိတ်၌ အိမ်ဟုခေါ်ဆိုနိုင်လောက်သော ခြံအသေးစားလေးအား ရှာတွေ့ခဲ့ကြသည်။

ယွဲ့ချန်ရှို့သည် ရွှေ့ပြောင်းမည့်ကိစ္စအား ယွဲ့ချန်လုနှင့် မပြောဆိုခဲ့ပေ။

ယွဲ့ချန်လုသည်လည်း ယွဲ့ချန်ရှို့၏မိသားစုနှင့် မတွေ့သည်မှာ နှစ်ရက်သုံးရက်ရှိပြီဖြစ်သည်။ တည်းခိုဆောင်၏ တာဝန်ခံနှင့်တွေ့ကာ တွေ့ဆုံမေးမြန်းရာမှာ ယွဲ့ချန်ရှို့တို့မိသားစုမှာ တည်းခိုဆောင်မှ ထွက်သွားသည်မှာ ရက်အတန်ကြာပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူတို့အတူ ၀ယ်ထားခဲ့သည့် လှည်းသည်ပင် ပါသွားပြီဖြစ်သည်။

“လောင်စန်းက တကယ်ကောင်းတဲ့ကောင်မဟုတ်ဘူး။ နွားလှည်းက အကုန်ပိုင်တဲ့ဟာကို တိတ်တိတ်လေး ယူသွားတယ်ပေါ့” ယွဲ့ချန်လုသည် ဒေါသတကြီးဖြင့် အခန်းကို ပြန်လာခဲ့ကာ အပြစ်မဲ့သော ခုံပုဝိုင်းလေးကို ပစ်ကန်လိုက်သည်။ ၀မ်ညန်သည် သူမ၏ကလေးကို အခုမှ သိပ်ပြီးကာစဖြစ်သည်။ ယွဲ့ချန်လု အမောတကော ပြေး၀င်လာသည်ကို မြင်သည်နှင့် ထိုလူအား လွှတ်ထားလိုက်ကာ လျစ်လျူရှုနေလိုက်သည်။

ယွဲ့မိသားစုမှ ထွက်ခွာလာသည့် ညီအစ်ကိုနှစ်ဦးမှာ လမ်းတ၀က်၌ပင် နှုက်ဆက်ခွဲခွာသွားကြပေသည်။ လတ်တလောတွင် ယွဲ့ချန်လုသည် မကောင်းမှုဒုစရိုက်မျိုးစုံ၌ ပါ၀င်ပတ်သက်ပြီးပြီဖြစိသည်။ ယွဲ့ချန်လု အပြင်၌ ပြုလုပ်နေသည်များကို ၀မ်ညန် ခန်းမှန်းမိသော်လည်း ယွဲ့ချန်လုမှ ပစ္စည်းကောင်းများ ယူလာချိန်၌ သူမသည်လည်း ပျော်ရွှင်စွာ ခံစားနေခဲ့သည်။ ၀မ်ညန်သည် ထိုအရာကို မတားမြစ်သည့်အပြင် အားပေးအားမြောက်လုပ်ခဲ့သည်။

…………..

ယွဲ့၀မ်ရှန်ညီနောင်နှစ်ဦးသည် စပြောင်းလာကတည်းကပင် အရှေ့ဘက်ခြံ၌ သူမတို့နှင့်အတူ စာလေ့လာသင်ကြားခဲ့သည်။ ယွဲ့၀မ်ရှန်နှင့် ယွဲ့၀မ်ယုတို့နှစ်ဦးစလုံးသည် စာရိတ္တကောင်းမွန်သူများ ဖြစ်သည်။ ခမ်းအာသည် တစ်ခဏအတွင်း၌ပင် ၀မ်းကွဲအစ်ကိုနှစ်ဦး ရလာသောကြောင့် ထိုညီအစ်ကိုနှစ်ဦးကို အလွန်ပင်နှစ်သက်ခေသည်။ ညီအစ်ကိုသုံးယောက်သည် ဓားရေးနှင့်စာပေများကို နေ့စဉ်အတူတကွ လေ့ကျင့်သင်ကြားကြသည်။ မျက်စိတမှိတ်အတွင်းပင် ခမ်းအာ၏အပြုအမူများမှာ တည်ငြိမ်လာခဲ့သည်။ ထိုအရာက အမျိုးသမီးနှင့်ယိုကျင့်ကို တတိယမိသားစုခွဲမှ ညီအစ်ကိုနှစ်ဦး‌အပေါ် ပို၍ သဘောတွေ့စေခဲ့သည်။

ယွဲ့၀မ်ရှန်ညီအစ်ကိုနှစ်ဦးသည် စုအိမ်သို့ စတင်ရောက်ရှိချန်၌ ဒုတိယမိသားစု၏ ညီမငယ်များအပေါ် သတိထားဆက်ဆံခဲ့သည်။ ရက်အနည်းငယ်ကြာ နေထိုင်ပြီးနောက် ထိုညီမငယ်များ၏ဘ၀သည် တိုးတက်သည့်အပြင် အပြုအမူ ကိုယ်ကျင့်တရားပါ ကောင်းမွန်ကြောင်းသိရှိခဲ့သည်။ အသက်လေးနှစ်ပြည့်ခါနီး ယိုတျန့်နှင့် ခမ်းအာသည်ပင် အမူအကျင့်‌ကောင်းများ ရှိကြသည်။ အိမ်၌လာနေသည့် ဆင်းရဲသော ဆွေမျိုးများဟူသည့် အချက်ဖြင့် သူတို့အပေါ်၌ နှိမ်ချပြောဆိုခြင်း မပြုလုပ်ကြပေ။ ထိုသို့ဖြင့် ညီအစ်ကိုနှစ်ဦးမှာ စုမိသားနှင့် လိုက်ရောညီထွေဖြစ်လာခဲ့သည်။

အနာဂတ်အတွက် အစီအစဉ်အသေးစိတ်ကို ယိုကျင့်သည် ၀မ်ရှန်နှင့် တိုင်ပင်ခဲ့သည်။ ၀မ်ရှန်မှာ တော်၀င်အရာရှိစာမေးပွဲကို ဖြေဆိုရန် ရည်ရွယ်ထားသည့်အတွက် သူမသည် တတ်နိုင်သမျှ ကူညီရန် ဆုံးဖြတ်ထားသည်။ “ဆရာချန်က အိမ်မှာသင်ကြားဖို့ခေါ်ထားတဲ့ဆရာပဲ။ သူက ရှုချိုင့်ရာထူးရှိတော့ သင်ကြားရေးစွမ်းရည် နည်းနည်းတော့ရှိတယ်။ အစ်ကို့အခြေအနေက အခြေခံမပိုင်သေးတော့ ဆရာချန်နဲ့တင် အ‌ဆင်ပြေပါတယ်။ တုန်ရှန်းအောင်ပြီဆိုတာနဲ့ လော့ဟယ်မြို့က ကျောင်းတော်ကို အစ်ကိုတက်နိုင်တယ်။ အစ်ကိုသုံး ဘယ်လိုထင်လဲ”

“ဆရာချန်နဲ့ သင်နိုင်တာကိုက ‌ကံကောင်းနေပါပြီ။ အစ်ကိုက ဘယ်လိုလုပ်ပြီး ညီမကို ဒုက္ခထပ်ပေးရမှာလဲ” ယွဲ့၀မ်ရှန်သည် စုမိသားစု၌ ခဏမျှ လာရောက်နေထိုင်ခြင်းဖြစ်သော်လည်း အခြားသူများထံ၌ စုမိသားစု၏ အကြီးဆုံး သမီးဖြစ်သူ၏ လုပ်ရည်ကိုင်ရည်ကို ကြားဖူးနား၀ရှိပေသည်။ လက်ရှိအခြေအနေသည် အသက်မပြည့်သေးသည့် ညီမလေးသုံးနှင့် အခြားညီမငယ်များ ဖန်တိးထားခြင်း ဖြစ်သည်။ ထို့အတွက် သူမပေါ်၌ လေးစားမှုရှိသည်မှာ ထည့်ပြောစရာပင်မလိုအပ်ချေ။

“နောက်လာမဲ့ကိစ္စ နောက်မှတွေးရအောင်။ အခု အစ်ကိုသုံးက အိမ်မှာ စိတ်အေးလက်အေး စာလုပ်လို့ရတယ်။ အပြင်ကကိစ္စတွေက ညီမနဲ့ စန်ကူးကူးတာ၀န်ထားလိုက်” ယိုကျင့်သည် ထိုသို့ပြောပြီးနောက် လက်ဖက်ရည်ခွက်ကို ယူကာ အနည်းငယ်သောက်လိုက်သည်။ စံပယ်ရနံ့ သင်းပျံ့နေသည့် ထိုရေနွေးကြမ်းက သူမကို စိတ်ကျေနပ်မှုရစေခဲ့သည်။ ယခုတစ်ခါပြုလုပ်သည့် ရနံ့မွှေးလက်ဖက်ခြောက်များသည် ယခင်တစ်ခါကထက်ပိုကောင်းပေသည်။

မောင်နှမနှစ်ဦး ဆွေးနွေးပြီးနောက် ယွဲ့၀မ်ရှန်သည် သူ၏ညီများကိုခေါ်ကာ စာသင်ကြားရာအခန်းသို့ သွားလေသည်။ ယခုစာသခင်ခန်း၌ စုမိသားစုရှိ သမီးရှစ်ယောက်အပြင် စုခမ်း၊ ဟန်အာ့ဟွာနှင့် ယွဲ့၀မ်ရှန်တို့ ညီအစ်ကိုနှစ်ဦး ပါပါရှိလေသည်။ စုစုပေါင်း လူဆယ့်နှစ်ဦးခန့် နေ့စဉ်လေ့လာသင်ကြားလျက်ရှိသည်။ ထိုထဲတွင် ယွဲ့၀မ်ရှန်သည် အကြီးဆုံးဖြစ်သည်။ သူသည် ‌စောစီးသွာပင် တုံ့ရှန်းစာမေးပွဲကို ဖြေဆိုပြီးသူဖြစ်သည်။ သူသည် အခြေခံအကောင်းဆုံးနှင့် စာအကြိုးစားဆုံးသူဖြစ်သည်။

ရှုချိုင့်ဟောင်းဖြစ်သူ ဆရာချန်သည်ပင် ထိုလူငယ်ကို လွန်စွာနှစ်သက်ပေသည်။ မိသားစုခေါင်းဆောင်၏ ညွှန်ကြားချက်အရ နေ့စဉ်စာသင်ကြားချန်များကို ညှိခဲ့သည်။ မနက်ခင်းတွင် အငယ်လေးများကို သင်ကြားကာ နေ့လယ်တွင် အရာထမ်းစာမေးပွဲဖြေဆိုမည့် ယွဲ့၀မ်ရှန်ညီအစ်ကိုနှစ်ဦးနှင့် ဟန်အာ့ဟွာတို့ကို သင်ကြားပေးခဲ့သည်။ နေ့စဉ် စာသင်ကြားချိန်မှာ ပြည့်နှက်နေခဲ့သည်။

ယွဲ့၀မ်ရှန်သည် စာလေ့လာနိုင်မည့် အခွင့်အရေး ရရှိလာမည်ဟု ထင်မထားခဲ့ပေ။ ထိုသို့အခွင့်အရေးမျိုးကို သူအပီရယူထားရမည်ဖြစ်သည်။ သူသည် ဒုတိယအန်တီလေးနှင့် ညီမသုံးကို ပို၍ပင် ကျေးဇူးတင်နေမိတော့သည်။ သူသည် နေ့စဉ်စာကြိုးစားလေ့လာရန် သံဓိဌာန်ချလိုက်သည်။ အနာဂတ်၌ အောင်မြင်ကျော်ကြားမှုရရှိလာပါက မိခင်ဖြစ်သူ၏ကြိုးစားမှုနှင့် ဒုတိယမိသားစု၏ ကြင်နာမှုတို့ကို ပြန်လည်ပေးဆပ်ရန် ရည်ရွယ်ထားသည်။

အမျိုးသမီးဟန်သည် ဆိုင်စီမံခန့်ခွဲမှုအတွက် နေ့စဉ်အလုပ်များနေခဲ့သည်။ စုမိသားစု၏ ဆိုင်ခွဲသစ်တည်နေရာမှာ လော့ဟယ်မြို့၏အရှေ့ဘက်ဈေး၌ တည်ထားသောကြောင့်ဖြစ်သည်။ ထိုဆိုင်၏ အဓိကထုတ်ကုန်မှာ စုမိသားစုမှ ပြုလုပ်သည့် ပျားရည်နှင့် ရနံ့မွှေးလက်ဖက်ခြောက်များ ရောင်းချရန်ဖြစ်သည်။ ရောင်းမည့်ကုန်ပစ္စည်များမတူညီသည့်အပြင် ဆိုင်အသစ်‌ဖြစ်သောကြောင့် စုကျားမီဟု အမည်ပေးခဲ့သည်။ ထို့သို့ဖြင့် လူတိုင်းသည် ထိုဆိုင်သစ်မှာ ဝူလီချောင်ရှိ စုမိသားစု၏ စီးပွားရေးလက်ခွဲဖြစ်ကြောင်း ခန့်မှန်းနိုင်လေသည်။

ရှေးခေတ်၌ ပျားရည်သည် ရှားပါးပစ္စည်းအဖြစ်သတ်မှတ်နိုင်သည်။ ထို့အပြင် လှပမှုကို တိုးစေသည့် ရနံ့မွှေးလက်ဖက်ခြောက် ပါရှိပေသည်။ ထိုပစ္စည်းနှစ်ခုအား အဓိကထုတ်ကုန်အဖြစ် ရောင်းချသည့်အတွင် ပြင်ဆင်မှုပိုင်းသည် မဆိုးရွားလှပေ။ အမျိုးသမီးဟန်သည် ရက်အနည်းအတွင်း၌ ဆိုင်၏ အလှဆင်မှုကို တာ၀န်ယူထားရသည်။

စုမိသားစု၏ စီးပွားရေးမှာ ကြီးမားလာပြီဖြစ်သောကြောင့် ယိုကျင့်တစ်ဦးတည်း ကိုင်တွယ်ရန် မတတ်နိုင်တော့ချေ။ ထို့ကြောင့် အပြင်လူများနှင့် ဆက်ဆံရမည့် စီးပွားရေးကိစ္စအများစုကို ဦးလေးစုန့်နှင့်သာ အပ်ထားလိုက်သည်။ ဆိုင်၊ ဟောင်ကျားဟွမ်နှင့် ချားရှန်းတို့၌ သက်ဆိုင်ရာ တာ၀န်ခံများခန့်အပ်ထားလေသည်။ ထို့ကြောင့် ယိုကျင့်သည် ဆိုင်နှင့်တည်းခိုဆောင်ကိုသာ အချိန်ရှိသလို သွားကြည့်ရန်သာ လိုအပ်တော့သည်။ အန်ကယ်စုန့်နှင့်အခြားလူများ မဖြေရှင်းနိုင်သည့် ကိစ္စရှိမှသာ ယိုကျင့်သည် ၀င်ရောက်ဖြေရှင်းမည်ဖြစ်သည်။ ယခုသည် ယခင်ကထက် ပို၍ကောင်းမွန်လာပြီဖြစ်သည်။

ဆိုင်အသစ် ဖွင့်တော့မည်ဖြစ်သောကြောင့် ယိုကျင့်သည်လည်း အလုပ်များနေခဲ့သည်။ အမျိုးသမီးဟန်သည် ဆိုင်အသစ်စီးပွားရေးကို ကြည့်ရှုစောင့်ရှောက်ထားပြီး ယိုကျင့်သည် ထုပ်ပိုးရန် လိုအပ်သည့်ပစ္စည်းအတွက် လက်သမားများနှင့် အဆက်မပြတ် ပြောဆိုဆွေးနွေးနေရသည်။ အ၀ကျဉ်းသည် ဖန်ပုလင်းအဖြူလေးသည် စုကျားရှန်းဟု ရိုက်နှိပ်ထားပြီး ပျားရည်ထည့်ရန် အသုံးပြုမည့် ပုလင်းများဖြစ်သည်။ ထိုတံဆိပ်သည် စုကျားရှန်းကို ပို၍နာမည်ကြီးစေမည်ပင်ဖြစ်သည်။

“ဒီတစ်ခေါက် နမူနာက အဆင်ပြေပါတယ်။ အဲဒါဆို ‌တာ၀န်ခံခယ်နဲ့ ဒီကဆရာတွေကို အလုပ်ပေးရဦးမယ်။ ဖေဖော်ဝါရီလ နှစ်ဆယ့်သုံးရက်မတိုင်ခင် တစ်ကျင်းအရွယ်ရှိတဲ့ အဖြူရောင်ဖန်ပုလင်း ၅၀၀နဲ့ နှစ်ကျင်းအရွယ်ရှိတဲ့ ဖန်ပုလင်း သုံးရာကို အရှေ့ဘက်ဈေးက စုကျားရှန်းဆိုင်အသစ်ကို အပြီးသတ်ပို့ပေးပါ” ယိုကျင့်သည်ယခုတစ်ခါ နမူနာကို သဘောကျသောကြောင့် ရွေးချယ်လိုက်လေသည်။

စုသခင်မလေးမှ ရွေးချယ်လိုက်ကြောင်း ကြားချိန်၌ တာ၀န်ခံခယ်မှာ စိတ်သက်သာရာရသွားတော့သည်။ ယခုတစ်ခေါက် နမူနာသည် လေးကြိမ်မြောက် ပုံသွင်းခြင်းဖြစ်သည်။ လုပ်ငန်းစဉ်မှာ အနည်းငယ်‌ ရှုပ်ထွေးသော်လည်း ထိုစီးပွားရေးသည် စုကျားရှန်းနှင့် ရေရှည်လက်တွဲနိုင်မည်ဖြစ်ကြောင်း သိပေသည်။ ထို့ကြောင့် ထိုတာ၀န်သည် ပထမဦးစားပေးဖြစ်နေရခြင်းဖြစ်သည်။ “စုသခင်မလေး စိတ်မပူပါနဲ့။ နှစ်ဆယ့်သုံးရက်နေ့မတိုင်ခင် ပြီးစေရမယ်”

ငွေငါးဆယ်လျန်း ပေးချေပြီးနောက် ယိုကျင့်သည် သူမ၏လူများကို ဦးဆောင်ကာ အနောက်ဘက်ဈေးသို့ ဦးတည်လိုက်သည်။ လော့ဟယ်မြို့ထဲ၌ လူများ အတုန်းအရုန်း ၀င်ရောက်လာသည်ကို မြင်လိုက်ရသောကြောင့် ယိုကျင့်၏နှလုံးသားမှာ တုန်လှုပ်သွားခဲ့သည်။ မြောက်ပိုင်းက စစ်ပွဲက အဲ့လောက်ဆိုးရွားနေတာလား။

အကြီးဆုံးသခင်မလေးနှင့် နှစ်၀က်မျှ အတူရှိလာသည့် ချွီဖန်အတွက် သူမ၏သခင်သည် ထိုသို့အပြင်ကို ကြည့်ကာ ငေးငိုင်နေသည်ကို ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ ထို့ကြောင့် ချက်ချင်းပင် အနားတိုးသွားကာ တီးတိုးပြောလိုက်သည်။ “သခင်မ‌လေး ဘာဖြစ်လို့လဲ”

အကူလေး၏ တီးတိုးခေါ်ဆိုမှူကြောင့်သာ ယိုကျင့်သည် ပြန်လည်အသိ၀င်လာပြီး တည်ငြိမ်သည့်မျက်နှာနှင့် ခေါင်းရမ်းလိုက်သည်။ “ဘာမှမဟုတ်ပါဘူး သွားရအောင်” ထို့နောက် သူမသည် ဂါ၀န်စကို မကာ လှည်းထဲသို့၀င်လိုက်သည်။ ချွီဖန်သည်လည်း အနောက်မှလိုက်ခဲ့သည်။ သခင်ဖြစ်သူလှည်းပေါ်သို့ ရောက်သည်နှင့် လိုက်ကာစများကို သေချာချလိုက်ပြီး အပြင်ရှိ စူးစမ်းနေသည့်မျက်၀န်းများမှ ကာကွယ်ပေးလိုက်သည်။

လှည်းသည် အနောက်ဘက်ဈေး၏ ပျားပန်းခတ်နေသော လမ်းမတစ်လျှောက် မောင်းနှင်လာခဲ့သည်။ ယိုကျင့်သည် လှည်းထဲ၌ မျက်လုံးမှိတ်ကာ လမ်း၏တစ်ဖက်တစ်ချပ်မှ ဆူညံသံများကို နားစွင့်နေခဲ့သည်။ သူမ၏စိတ်သည် ရှုပ်ထွေး ဝေဝါးနေခဲ့သည်။ သူမသည် စစ်၏ဆိုးကျိုးများကို နားလည်ပေသည်။ အကယ်၍ ထိုမီးပွားသည် ‌လော့ဟယ်မြို့သို့ လာရောက်ထိခတ်ပါက ယခုကဲ့သို့ ကြီးမားလှသည့် မိသားစုကြီးကို သူမကာကွယ်နိုင်မည်လား။

သူမသည် သက်ပြင်းအကြီးကြီးချကာ ခေါင်းထဲမှထုတ်လိုက်တော့သည်။ လက်ရှိအခြေအနေ၌ သူမသည် ခြေတစ်လှမ်းချင်းလှမ်းရုံသာတတ်နိုင်သည်။

…

အပိုင်း (၁၁၀) ဖရိုဖရဲကာလ (အပိုင်း ၂)

မြို့တော်တွင်တော့ လက်ရှိဘုရင်မင်းမြတ်ဖြစ်စေ၊ ရာချီသည့် အရာရှိအိမ်များတွင်ဖြစ်စေ မည်သူမှ ကောင်းမွန်သည့်နှစ်တစ်ခုကို မနေခဲ့ရချေ။

အစောပိုင်းနှစ်များတွင် ၁၅ရက်နေ့ကျော်မှသာ ရုံးတော်အစည်းအဝေးကို ပြုလုပ်ခဲ့သည်။ သည်နှစ်တွင်တော့ မြောက်ပိုင်းက စစ်ပွဲကြောင့် သာ့ဖုန်း၏မြို့စောင့်တပ်သည် ကျဆုံးပြီးရင်း ကျဆုံးလာခဲ့သည်။ ဘုရင်မင်းမြတ်သည်လည်း တစ်ညတည်းနှင့် အိုစာသွားတော့သည်။ ထိုအရေးကြီးစစ်ဖက်ဆိုင်ရာဝန်ကြီးများ အားလုံးသည် အလွန်ပူပင်နေကြသဖြင့် သူတို့၏ခေါင်းများပင် ဖြူဖွေးလာတော့သည်။ စစ်မက်ရေးရာဝန်ကြီးက ဘဏ္ဍာရေးဝန်းကြီးက အသုံးစားရိတ်မထုတ်ပေးပါဟု လျှောက်လေသည်။ ဘဏ္ဍာရေးဝန်ကြီးကလည်း ဆင်းနွမ်းပါးမှုကြောင့် ငိုကြွေးပြသည်။ သူတို့သည် ငိုယိုပြီး နေ့တိုင်း တော်ဝင်စာကြည့်ခန်းကို ဒုက္ခပေးကြလေသည်။ ထိုအခြင်းအရာက ဘုရင်မင်းမြတ်၏ဦးခေါင်းတော်ကို ကြီးလာစေပြီး အမျက်ဒေါသ ထွက်လာစေတော့သည်။ ကံဆိုးလှသည့် မိန်းမစိုးငယ်လေးများနှင့် အပျိုတော်များက ထိုအမျက်တော်ကို ရင်ဆိုင်ကြရတော့သည်။

“ အခုတလော မြောက်ပိုင်းရှင်းကျန်းက ဆက်တိုက်စစ်ရှုံးနေတာ ၊ မင်းကြီးက စိတ်ကွက်တော်မူနေတာကို မင်းတို့တွေက သေသေချာချာ မခစားကြဘဲနဲ့ မင်းကြီးကို အနှောင့်အယှက်ဖြစ်အောင် နေနေကြတယ်၊ မင်းတို့တွေမှ အပြစ်ပေးမခံရရင် ဘယ်သူက အပြစ်ပေးခံရအုံးမှာလဲ”

ချင်းယန်နန်းတော်၏ မိန်းမစိုးချုပ် လင်ကုန်းကုန်း (မိန်းမစိုး)က ကြမ်းပြင်ပေါ်တွင် ဒူးနှစ်ဖက်ကို ထောက်ချလိုက်လေသည်။ တုန်ရီနေသည့်အပျိုတော်လေးမှာ အသံပင်မထွက်ရဲချေ။

“နန်းတွင်းရေးရာဌာနကိုသွားပြီး အပြစ်သွားခံယူကြ”

အခုက ပထမဆုံးလဖြစ်တာကြောင့်မလို့ပေါ့။ မင်းကြီးက ပထမဆုံးလမှာ သွေးသံတွေမမြင်ချင်လှဘူး။ ဒါကြောင့် ပုရွက်ဆိတ်လို အစေခံတွေက အသက်ရှင်နိုင်သွားတာ။ ပုံမှန်အချိန်မှာသာဆိုရင် အစောကြီးကတည်းက သေသွားကြလောက်ပြီ။

အပြစ်ပေးခံရမည်ဟုသာ ကြားလိုက်ရသည့် အပျိုတော်နှစ်ယောက်၏နှလုံးသည် လည်ချောင်းတွင် တစ်ဆို့နေရာမှ မူလနေရာသို့ ပြန်ရောက်သွားတော့သည်။ သူသည် အကြိမ်ကြိမ် နဖူးတိုက်ဦးချလိုက်ပြီး

“ ကျေးဇူးတင်ပါတယ် ကုန်းကုန်း၊ ကျေးဇူးတင်ပါတယ် “

လင်ကုန်းကုန်းက သူတို့ကို လှည့်မကြည့်ပေ။ သူသည် သူတို့နှစ်ယောက်ကို ဆွဲခေါ်သွားရန် အစောင့်များကို လက်ယမ်းပြလိုက်ပြီးနောက် မြန်မြန်ထကာ လူကိုယ်တိုင် ခစားရန် ဘုရင့်ဘေးနားသို့ သွားလိုက်လေသည်။ မြောက်ပိုင်း ရှင်းကျန်း စစ်ပွဲသည် ပြင်းထန်လှ၏။ မင်ကြီး၏ မျက်နှာတော်ကလည်း တနေ့တခြား ပိုညိုလာတော့သည်။ တခြားသူ မပြောနှင့် မင်းသားလေး ဘဝကတည်းက သူ့ဘေးတွင် ခစားလာခဲ့သည့် သည်အဖိုးကြီး သူပင် မင်းကြီးကို ခစားနေရင်း စိုးထိတ်နေမိလေသည်။ တခြားလူများဆိုလျှင် ပြောရန်ပင်မလိုချေ။

“ သူတို့ အယောက်တိုင်းက ငါကိုယ်တော်ဆီမှာ ဆင်းရဲမှုကြောင့် ငိုပြဖို့ပဲသိကြတယ်”

လင်ကုန်းကုန်းသည် ချင်းယန်နန်းတော် တံခါးဝသို့ ဝင်လိုက်ရုံရှိသေး ဒေါသကြောင့် မင်းကြီး ပစ်ထုတ်လိုက်သည့် မှတ်တမ်းစာအုပ်က သူ့ကို ထိမှန်သွားတော့သည်။

လင်ကုန်းကုန်းသည် ခန္ဓာကိုယ်က နာကျင်မှုကို လျစ်လျူရှုလိုက်ပြီး ဒူးထောက်ကာ ပြန့်ကျဲနေသည့် မှတ်တမ်းစာအုပ်လေးများကို တစ်အုပ်ချင်းကောက်ကာ ဘေးတွင်ချထားလိုက်လေသည်။ သူသည် မင်းကြီးထံသို့ လက်ဖက်ရည်နွေးတစ်ခွက်ကို ယူလာခဲ့လိုက်၏။

“ စိတ်လျှော့တော်မူပါ မင်းကြီး ၊ အရေးကိစ္စက ဘယ်လောက်ပဲကြီးကြီး ကောင်းကင်ဘုံရဲ့ သားတော်လောက်တော့ အရေးမကြီးပါဘူး”

“ငါကိုယ်တော်က ဘယ်လိုဒေါသမထွက်ဘဲ နေနိုင်မှာတုန်း၊ နေ့တိုင်းနီးပါ ကိုယ်ကျိုးအတွက် တိုက်ခိုက်နေကြပြီးမှ သူတို့ တစ်ယောက်ချင်းစီက ပြေးလိုက်တာမှ ယုန်ထက်တောင်မြန်သေးတဘ်၊ အခု မြောက်ပိုင်းရှင်းကျန်း ရှုံးပါပြီဆိုတော့ အဲဒီစစ်သူကြီးတွေက သူတို့တွေက အိုနေပါပြီ စစ်သည်တွေ ဦးမဆောင်နိုင်တော့ပါဘူးနဲ့၊ သူတို့တွေ ဒဏ်ရာရထားလို့ အဝေးကြီးမသွားနိုင်တော့ပါဘူးနဲ့ ပြောနေကြတယ်မလား၊ ဘဏ္ဍာရေးဝန်ကြီးက ပိုတောင်ဆိုးသေးတယ်၊ ငါကိုယ်တော် ပါးစပ်တောင် မဟရသေးဘူး၊ သူက ဆင်းရဲလှပါချည်ရဲ့ဆိုပြီး အရင်လာငိုပြနေတယ်”

မင်းကြီးသည် သည်နှစ်တွင် သက်တော် ၅၀ကျော်ပြီဖြစ်၏။ ထို့အပြင် ဒေါသကြီးသူတစ်ယောက် ဖြစ်သည်။ ယခုမူ သူသည် အလွန်အမျက်ထွက်ရသဖြင့် သူ့မျက်လုံးများက မဲနက်လာကာ သူသည် သတိလစ်သွားတော့မတတ်ပင်။

“ မင်းကြီး မင်းကြီး စိတ်ထိန်းတော်မူပါ”

လင်ကုန်းကုန်းက ရှေ့သို့ မြန်မြန်တိုးလိုက်ပြီး ယိမ်းယိုင်သွားသည့်မင်းကြီးကို ထိန်းထားလိုက်လေသည်။

နန်းတော်ထဲတွင် အေးချမ်းမှုဟူ၍ လုံးဝမရှိပေ။ အပြင်ဘက်တွင်လည်း အရာအားလုံးက ရှုပ်ထွေးနေလေသည်။

မြို့တော်ရှိ ရှောင်အိမ်တော်တွင်တော့ သခင်ကြီးရှောင်နှင့် ဒုတိယသခင်ကြီးရှောင်တို့သည် စာကြည့်ခန်းတွင် လျှို့ဝှက်ဆွေးနွေးနေကြလေသည်။

“ အခု မြောက်ပိုင်းရှင်းကျန်း စစ်ပွဲကလည်း တဖြည်းဖြည်းပြင်းထန်လာပြီ၊ ဘဏ္ဍာရေးဝန်ကြီးကလည်း ငွေမရှိဘူးလို့ပဲ ငိုပြနေတယ်၊ ငါ့အထင်တော့ မင်းကြီးရဲ့စိတ်ကူးက ရာချီတဲ့အရာရှိမိသားစုတွေကနေ တောင်းတော့မယ်ထင်တယ်”

ဒုတိယသခင်ကြီးရှောင်သည် သခင်ကြီးရှောင်နှင့် တော်တော်တူသော်လည်း သခင်ကြီးရှောင်ထက်စာလျှင် ပညာသင်အငွေ့အသက် ပိုထင်ရှားသည်။ ညီအစ်ကိုနှစ်ယောက်သည် မျက်နှာချင်းဆိုင် စကားပြောနေကြပြီး ၇၀%လောက်တူကြသည့် မျက်နှာများက လေးပင်သည့် အမူအရာများ ဖြစ်နေကြလေသည်။

သခင်ကြီးရှောင်က ညီငယ်ဖြစ်သူ၏စကားကို နားထောင်လိုက်ပြီးနောက် ပို၍ပင် မျက်မှောင်ကျုံ့သွားတော့သည်။

“ ထပ်ပြီးတော့လား၊ လွန်ခဲ့တဲ့နှစ်နှစ်တုန်းကလည်း ငါတို့တွေ လော့ဟယ်က တူးမြောင်းအတွက် လျန်၂သိန်း ထုတ်ပေးခဲ့ပြီးပြီ၊ အခု စစ်ပွဲကာလကျတော့ ငွေတွေ ဒီထက်ပိုကုန်ကျမယ်ထင်တယ်နော်”

မြို့တော်ရှိ ရှောင်မိသားစု၏အုတ်မြစ်သည် အလွန်မနက်ရှိုင်းပေ။ ဒုတိယသခင်ကြီးသည် ဘုရင်မင်းမြတ်ရှေ့တွင် မျက်နှာအနည်းငယ် ရသော်လည်း အတိအကျပြောရလျှင် ရှောင်မိသားစုသည် အမြဲလိုလို အပစ်ခံရမည့်ငှက်တစ်ကောင်သာ ဖြစ်တော့သည်။

ဒုတိယသခင်ကြီးရှောင်က သက်ပြင်းချလိုက်ပြီး

“ ဒီကိစ္စကို မင်းကြီးဆီမှာ ငါက အရင်ဆုံး လျှောက်လဲလိုက်ရင်း မင်းကြီးရှေ့မှာ အလိုလို မျက်နှာရမှာပဲ၊ ဒါပေမဲ့ ငါ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိသားစုကြီးတွေက ငါတို့မိသားစုအပေါ် ပိုပြီး ရန်လိုလာကြလိမ့်မယ်”

အမှန်တွင်တော့ ရုံးတော်အစည်းအဝေးစလျှင် ထိုကိစ္စကို လျှောက်ဖို့အရေး မင်းကြီးက သူ့ကို အရိပ်အယောင် ပြထားနှင့်ပြီးသားပင်။ သို့မှ မင်းကြီးက ထိုချမ်းသာသည့် မိသားစုကြီးများထံမှ ငွေများ ကောက်ခံနိုင်လိမ့်မည်။

ရှောင်မိသားစု၏ချမ်းသာမှုသည် မျိုးဆက် ၂ခု ၃ခုအထိ စုဆောင်းလာခဲ့ရခြင်းဖြစ်သည်။ တခြားအိမ်တော်ကြီးများနှင့် အဘယ်မှာ ယှဥ်နိုင်ပါမည်နည်း။ ဘုရင်မင်းမြတ်၏ရည်ရွယ်ချက်ကလည်း ရှောင်မိသားစု မဟုတ်ပေ။ သူသည် တခြားမိသားစုကြီးမှာထံမှ ပိုမျှော်လင့်ထားလေသည်။ ရှောင်မိသားစုက စကား အစပျိုးပေးရန် ဆင်ခြေသက်သက်ပင်။

“အခု အခြေအနေက ပိုပြီး ဖရိုဖရဲဖြစ်လာပြီ၊ မင်းကြီးကလည်း ပိုပြီး သင်္ကာမကင်းဖြစ်လာတယ်၊ ငါသာ အရင်ဆုံး မလျှောက်တင်ရင် ငါ့ကိုလည်း သံသယဖြစ်လာမှာ စိုးမိတယ်ဂ

ဒုတိယသခင်ကြီးရှောင်က သက်ပြင်းချလိုက်၏။ မင်းကြီးသည် လွန်ခဲ့သည့်နှစ်နှစ်ကထက် အများကြီး အိုစာလာပြီး သူ့ကျန်းမာရေးကလည်း ယိုယွင်းနေပြီဖြစ်သည်။ တော်ဝင်အာဏာကိုစွဲမက်မှုကလည်း ပိုပြီးဆိုးရွားလာလေသည်။ ဒုတိယသခင်ကြီးရှောင်သည် ဘယ်မင်းသားထံဘက်မှ မရပ်သလို ဆန့်ကျင်သည့်စိတ်မရှိသော်လည်း မင်းကြီးကတော့ သံသယဖြစ်နေလေသည်။ နန်းတွင်းအရာရှိဟောင်း အများအပြားသည်လည်း အသေးအဖွဲကိစ္စလေးကြောင့်ပင် မင်းကြီး၏အပြစ်ပေးခြင်းခံခဲ့ရသည်။ ရှောင်မိသားစု၏ ရာချီသည့် လူ့အသက်များ၏ ဘဝအတက်အကျအတွက် သူသည် မတတ်သာဘဲ သစ္စာတရားကို မကြာခဏ ပြသခဲ့ရလေသည်။

ညီအစ်ကိုနှစ်ယောက်သည့် ညဥ့်နက်သည်အထိ စာကြည့်ခန်းထဲတွင် စကားပြောလိုက်ကြပြီးနောက် အသီးသီးလမ်းခွဲလိုက်ကြလေသည်။ ရှောင်ဟိုင်ရူသည် လေးလံသည့်ခြေလှမ်းများဖြင့် ပင်မဆောင်ဆီ ပြန်လျှောက်လာပြီးနောက် အိပ်ရန် လဲချလိုက်တော့သည်။ သို့သော် စိတ်ထဲတွင် စဥ်းစားစရာ အလွန်များနေသဖြင့် ဟိုလှည့်သည်လှည့်ဖြစ်ကာ လုံးဝအိပ်မပျော်နိုင်ဖြစ်နေတော့သည်။

“သခင်ကြီး ဒီနေ့ဘာဖြစ်ခဲ့လို့လဲ၊ တစ်ခုခုများ ဖြစ်လို့လား”

အမျိုးသမီးယွီသည် ဂွမ်းစောင်ကို ခြုံလိုက်ပြီးမှ သူမခေါင်းအုံးဘေးက လူမှာ သည်နေ့ ထူးခြားနေသည်ကို သတိထားမိသွားတော့သည်။ ထို့ကြောင့် သူမက လှည့်လာပြီး အနားသို့မှီချလိုက်ကာ ခပ်တိုးတိုးမေးလိုက်လေသည်။

ရှောင်ဟိုင်ရူသည် မသိမသာသက်ပြင်းချလိုက်ပြီး ပြန်ဖြေလိုက်၏။

“ လုပ်ငန်းကိစ္စလေးတစ်ခုပါ၊ မင်း စောစောအိပ်တော့”

သူသည် လက်ကိုဆန့်လိုက်ပြီး ဇနီးဖြစ်သူကို ဖက်ကာ နှစ်ချက်လောက် အသာအယာ ပုတ်ပေးလိုက်လေသည်။ အစက သူမသည် သူ့ကို အကြီးဆုံးသား၏ လက်ထပ်ဖို့ကိစ္စ ပြောချင်ခဲ့သော်လည်း မျက်မှောင်ကျုံ့နေသည့်သူ့ကို မြင်လိုက်ရသဖြင့် အမျိုးသမီးယွီက အခိုက်တန့် တိတ်ဆိတ်သွားတော့သည်။ လင်မယားနှစ်ယောက်သည် ခဏကြာသည်အထိ တိတ်ဆိတ်နေလိုက်ကြလေသည်။ အိပ်မောကျသွားကြသော်လည်း အိပ်ရာတစ်ခုထဲတွင် မတူညီသည့်အိပ်မက်များ မက်ခဲ့ကြတော့သည်။

ရှောင်လင်းယွီဘက်တွင်တော့ သည်တစ်ကြိမ် အဖေဖြစ်သူနှင့် ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း စကားပြောလိုက်ပြီးနောက် သူ့ကိုယ်ကို တမင်ထိန်းချုပ်ကာ သူ့အတွေးများကို ဖိနှပ်ထားလိုက်ပြီး လော့ဟယ်သို့ စာရေးခြင်းကို ရပ်လိုက်တော့သည်။ သူသည် နေ့တိုင်း မိသားစုအလုပ်ကိစ္စတွင်သာ စိတ်နှစ်ထားလိုက်တော့သည်။ ထိုတစ်ကြိမ်က အမူးလွန်ပြီး အိပ်မက်မှ နိုးလာပြီးနောက် လော့ဟယ်က အတိတ်အကြောင်းကို လုံးဝအစမဖော်တော့ချေ။ လော့ဟယ်က လူများနှင့် ကိစ္စများသည့် လေနောက်လွင့်ပါသွားပြီဟုသာ အားလုံးက ထင်လိုက်ကြလေသည်။ မရေမတွက်နိုင်သည့် အိပ်ပျက်ညများတွင် သူ့ထံသို့ပို့ခဲ့သည့် မိန်းကလေး၏စာများကို ထပ်ခါထပ်ခါ ဖတ်ခဲ့ရသည့် အကြောင်းကိုတော့ ရှောင်လင်းယွီ ကိုယ်တိုင်သာ သိလေသည်။ နောက်ပိုင်းတွင် ထိုစာများကို ကမ္ဘာ့အမွေအနှစ်တစ်ခုလို သေတ္တာထဲထည့်ကာ သိမ်းထားလိုက်တော့သည်။ ဤသို့ဖြင့် သူ့ချစ်ခြင်းနှင့် အတွေးအားလုံးကို ပိတ်လှောင်ထားလိုက်တော့သည်။

ဖုန်းဟွာသည် အဆော့မက်ပြီး အပျော်ရှာနေဆဲ။ သူ အားသည့်အချိန်တိုင်း ရှောင်လင်းယွီကို အရက်သောက်ရန် ဖိတ်လိုက်၊ လက်ဖက်ရည်သောက်ရန် ဖိတ်လိုက်ဖြင့် ရှောင်လင်းယွီကလည်း သည်ဖိတ်ကြားချက်အများစုကို လက်ခံတက်ရောက်ခဲ့လေသည်။

“ ပိုင်မိသားစုက မိန်းကလေးက မင်းကို လာရှာတယ်လို့ ငါ ကြားမိသလားလို့”

ဖုန်းဟွာသည် သည်နေ့၏အတင်းစကားကြီးတစ်ခုကို ကြားလိုက်ရပြီး ရှောင်လင်းယွီထံတွင် လာရောက်အတည်ပြုခြင်းပင်။

“ ဘယ်လိုလဲ၊ မိန်းမလှလေးရဲ့မျက်ရည်တွေက ရင်ကို လှုပ်ခတ်စေတယ်မလား”

ရှောင်လင်းယွီသည် မျက်လုံးပင် ပင့်မကြည့်ပေ။ ဘေးက အစေခံက ချာရှန်းကပို့လာသည့် အနံ့အရသာ ကောင်းမွန်သည့် လက်ဖက်ရည်တစ်ခွက်ကို ဖုန်းဟွာအတွက် လောင်းထည့်ပေးလိုက်လေသည်။

“ မိန်းမလှလေးရဲ့မျက်ရည်က ငါနဲ့ဘာဆိုင်လို့လဲ”

သူ့အမြင်တွင်တော့ စေ့စပ်ထားသည့် ပိုင်ယအာသည် သင့်တော်သည့်သခင်မတစ်ယောက် သက်သက်ပင်။ နောက်ပိုင်း စေ့စပ်ပွဲ ပျက်သွားပြီးနောက်တွင် သူမသည် သူ့မျက်လုံးတွင်တော့ သူစိမ်းတစ်ယောက်ထက် မပိုတော့ပေ။ သူသည် နေ့တိုင်းလိုလို လုပ်စရာကိစ္စအများအပြားရှိနေ၏။ တစ်နေ့ ၄၈နာရီရှိလျှင်တောင် သူ့အတွက် မလုံလောက်ပေ။

“ အကြီးဆုံးသခင်လေးရှောင်က တကယ်ရက်စက်တာပဲ”

ဖုန်းဟွာသည် လက်ဖက်ရည်ပန်းကန်းလုံးကို ကောက်ကိုင်လိုက်ပြီး တစ်ငုံသောက်လိုက်ပြီးနောက် သက်ပြင်းချလိုက်လေသည်။

“ ပိုင်မိသားစုက မိန်းကလေးသာ သူမက သူမရဲ့ချစ်သူနဲ့ပေါင်းဖက်ခွင့်ရတာ အောင်သွယ်တော်ဖြစ်တဲ့ မင်းကျေးဇူးကြောင့်မှန်း သိသွာခဲ့ရင် သူမ မင်းကို ပိုပြီးကျေးဇူးတင်နေတော့မှာမလား”

ပြီးခဲ့သည့်နှစ်က ရှောင်လင်းယွီသည် လက်မထပ်ခင် သူ့ကို အရှက်ခွဲခဲ့သည့် ပိုင်ယအာနှင့် လက်ထပ်ပွဲကို ဖျက်သိမ်းရန် နောက်ကွယ်က လုပ်ရပ်အများအပြားကို လုပ်ခဲ့ရသည်။ ထိုကိစ္စအတွင်းမှာပင် ဖုန်းဟွာကလည်း ကူညီပေးခဲ့လေသည်။

ထိုအကြောင်းကို စဥ်းစားလိုက်ပြီးနောက် ဖုန်းဟွာသည် သက်ပြင်းမချဘဲ မနေနိုင်ဖြစ်သွားတော့သည်။

“ ရာစုနှစ်တစ်ခုသက်တမ်းရှိသည့် ပညာရှင်မိသားစုက သင်ကြားပေးထားတဲ့ ဘယ်လိုမိသားစုကြီးရဲ့ သမီးမလို့လဲ၊ အဲဒီအကြောင်းတွေ စဥ်းစားလိုက်ရင် ငါတော့ ပိုင်မိသားစုရဲ့သခင်ကြီးအတွက် တကယ်ရှက်မိတယ်”

သူသည် ပြောရင်းဆိုရင်း အကြိမ်အနည်းငယ် တံတွေးထွေးထုတ်လိုက်လေသည်။ ပိုင်ယအာကို လုံးဝမနှစ်မြို့မှုက သူ့မျက်ခုံးများကြားတွင် အတိုင်းသားပေါ်နေတော့သည်။

“ လက်ဖက်ရည်ကိုသာ သောက်စမ်းပါ၊ ဒါတောင် မင်းပါးစပ်ကို မပိတ်နိုင်သေးဘူး”

စိတ်ဆိုးဟန်ဖြင့် ရှောင်လင်းယွီက သူ့ကို မျက်စောင်းဖြင့် ကြည့်လိုက်လေသည်။ ယိုကျင့် သူ့ကို ပေးထားတဲ့ လက်ဖက်ကောင်းလေးတစ်ခွက်ကို တကယ်ပဲ မဖျက်ဆီးသင့်ပါဘူး။

“ မင်းက ယောက်ျားတစ်ယောက်လေ၊ ဘာလို့များ အဲဒီလျှာရှည်တဲ့မိန်းမတွေဆီကနေ လျှောက်သင်နေတာလဲ”

ဖုန်းဟွာသည် သည်းခံရင်း တဟင်းဟင်း ရယ်ကာ ပြန်ပြောလိုက်လေသည်။

“ လက်ဖက်ရည်သာသောက်ပါ၊ လက်ဖက်ရည်သောက်”

သူတို့နှစ်ယောက်သည် ထိုအကြောင်းကို ရှောင်လိုက်ကြလေသည်။

“ ဒါနဲ့ သခင်လေးရှောင် မင်း ဒီလက်ဖက်ကို ဘယ်ကရခဲ့တာလဲ၊ အရသာက သာမန်နဲ့ နည်းနည်းလေးကွဲနေသလားလို့”

ချာရှန်းမှ အသစ်ထုတ်ထားသည့် လက်ဖက်မွှေးနှစ်မျိုး(ကွေ့ဟွာအူလုံလက်ဖက်နှင့် စံပယ်စိမ်းလက်ဖက်)တို့အပြင် ချာရှန်၏အထူးထုတ်ရနံ့လက်ဖက်ကို ပို့လိုက်လေသည်။ ဒါသည် ရှောင်လင်းယွီနှင့် ယိုကျင့်ကို အရင်က တိုင်ပင်ထားခဲ့သည့်အရာများ ဖြစ်လေသည်။ ချာရှန်းက လက်ဖက်ရွက်ကောင်းများ ထွက်ချိန်၌ မြို့တော်သို့ ချက်ချင်း ပို့ပေးရမည်ဟူ၍။ ရှောင်လင်းယွီက စျေးကွက်ဖွင့်ပေးရန် တာဝန်ယူထားလေသည်။ လက်ဖက်များသည် ယိုကျင့်လက်က ထွက်လျှင် သာမန်အရည်အသွေးလက်ဖက်များထက် အနည်းငယ်စျေးတင်ကာ ရောင်းနိုင်ပေမည်။ ရှောင်လင်းယွီကတော့ အဆက်အသွယ်များပြီး နည်းလမ်းများလည်း ရှိလေသည်။ လက်ဖက်များသာ သူ့လက်ထဲတွင် ရှိနေလျှင် အရည်အသွေးမြင့်လက်ဖက်ကို စျေးတင်ရောင်းရန်က သူ့အတွက် မခက်ခဲပေ။

သို့သော် ယိုကျင့်က သူတို့နှစ်ယောက် လက်တွဲလုပ်ရာတွင် အခြေအနေတစ်ခုကို တောင်းဆိုထားလေသည်။ စုမိသားစု၏ လက်ဖက်သည် စုမိသားစု၏ တံဆိပ် ‘စုကျားချာ’အောက်တွင်သာ ရှိရလိမ့်မည်။ အမြတ်ခွဲခြင်းအတွက် ယိုကျင့်က ၆၀% နှင့် ရှောင်လင်းယွီက 40%ဖြစ်သည်။ ရှောင်လင်းယွီသည် သူ့မိသားစုပိုင်ဆိုင်မှုအပေါ် မှီခိုလိုစိတ်မရှိချေ။ ထို့ကြောင့် သူသည် ယိုကျင့်နှင့် မိတ်ဖက်လုပ်လိုက်တော့သည်။ အမြတ်ဝေစုအတွက် ရှောင်လင်းယွီက ၃၀% သာယူလိုက်သည်။ “နောက်ဆုံး မင်းက လူအင်အားနဲ့ ပစ္စည်းအင်အား ထုတ်ရမှာလေ၊ ကျွန်တော်ကတော့ စျေးကွက်ဖွင့်ပေးရုံပဲ၊ အမြတ် ၃၀%က လုံလောက်ပါပြီ” ဟူ၍။

ပြီးခဲ့သည့်နှစ်က ယိုကျင့်နှင့် လက်တွဲလုပ်မည့် သဘောတူစာချုပ်ကို ချုပ်ခဲ့သည့် အခြေအနေကို စဥ်းစားလိုက်ပြီး ရှောင်လင်းယွီ၏မျက်နှာပေါ်တွင် မသိသာသည့်အပြုံးတစ်ခုသည် မတတ်သာဘဲ ပေါ်လာတော့သည်။ သူ့ ပြန်ပြောလိုက်၏။

“ အရသာရှိတယ်ဆိုရင် မင်း နည်းနည်းလောက် ဝယ်လိုက်ပါလား”

သည်နေ့တွင် သူတို့နှစ်ယောက်သည် ‘စုကျားချာ’တံဆိပ်အောက်တွင် ဖွင့်ထားသည့် ပထမဆုံး လက်ဖက်ရည်ဆိုင်၏ ဒုတိယထပ်က ဘေးအဆောင်တွင် ဆုံတွေ့နေကြခြင်းပင်။ ရှောင်လင်းယွီက ဆိုင်ကို စုမိသားစု၏နာမည်နှင့် ဖွင့်ခဲ့သည်။ တာဝန်ခံတစ်ယောက်သာ ဆိုင်ပိုင်ရှင်က သူမှန်း သိလေသည်။ တာဝန်ခံသည် သစ္စာရှိသူတစ်ယောက်ဖြစ်ပြီး ရှောင်လင်းယွီ တခြားနေရာမှာ ခေါ်ပြန်လာသူဖြစ်လေသည်။ ထို့ကြောင့် မြို့တော်ရှိ ‘စုကျားချာ’ပိုင်ရှင်မှာ သူဖြစ်သည့်သတင်း ပေါက်ကြားသွားမည်ကို စိုးရိမ်စရာမလိုပေ။

“ ဒီဆိုင်ကို အသစ်ဖွင့်ထားတာမှန်း ငါ သတိထားမိတယ်၊ မင်းက တကယ်ဂရုစိုက်တတ်တာပဲ၊ ဒီလိုအသစ်အဆန်းလက်ဖက်ကိုတောင် ရှာတွေ့ခဲ့တယ်ဆိုတော့လေ”

ဖုန်းဟွာသည် လက်ဖက်ကို အရသာခံလိုက်ပြီး လက်ဖက်ရွက်မှလုပ်ထားသည့် မုန့်ကို စမ်းစားကြည့်လိုက်လေသည်။ အသစ်အဆန်းဖြစ်ကာ အရသာရှိလေသည်။ သူက ခေါင်းတွင်တွင် ညိတ်လိုက်ပြီး

“ ဒီနွေဦးရက်ပိုင်းမှာ ငါ ခံတွင်းမတွေ့ဘူးလို့ ခံစားနေရတာ ဒီမုန့်က အသစ်အဆန်းဖြစ်ပြီး တော်တော်ခံတွင်းမြိန်တာပဲ”

ထို့နောက်တွင် သူသည် ခံတွင်းပျက်နေသည်နှင့် လုံးဝမတူဘဲ နောက်တစ်ပိုင်း စားလိုက်လေတော့သည်။

‘စုကျားချာ’သည် ဖွင့်ထားသည်မှာ လဝက်ပင်မပြည့်သေးချေ။ စျေးကြီးသော်လည်း မြို့တော်တွင် လူချမ်းသာများက မရှားပေ။ အစောပိုင်းတွင်ပင် ရှောင်လင်းယွီက ရှောင်မိသားစုနှင့် စီးပွားရေးတွဲလုပ်နေသည့် ဧည့်သည်များကို လက်ဖက်ခြောက်များ လက်ဆောင် ထည့်ပေးလိုက်လေသည်။ လက်ဖက် သုံးလေးခွက်စာပမာဏကို ‘စုကျားချာ’ တံဆိပ်နှိပ်ထားသည့် ကြွေခရားလေးများထုပ်ပိုးထားလေသည်။ အသစ်ဖွင့်ထားသည့် ‘စုကျားချာ’သည် ဧည်သည်အများအပြားကို ဆွဲဆောင်ခဲ့လေသည်။ အခုတော့ ဒုတိယထပ်၏ သီးသန့်အခန်းများ၏ ၅၀- ၆၀% တွင် ဧည့်သည်များက ထိုင်ကာ လက်ဖက်နှပ်ရင်း ရှုခင်းကို ကြည့်နေကြလေသည်။ လုပ်ငန်းကလည်း အမှန်ပင်ကောင်းလေသည်။

“ ငါက စီးပွားရေးသမားတစ်ယောက်လေ ဒီတော့ အများကြီးသိနေတာ မထူးဆန်းပါဘူး”

ရှောင်လင်းယွီသည် ဆိုင်၏သမိုင်းကြောင်းကို ပြောပြဖို့ရန် ရည်ရွယ်ချက်မရှိချေ။ သူက ပြုံးသာပြလိုက်ပြီး သူ့အတွက် နောက်ထက် ရနံ့သင်းသင်းလက်ဖက်တစ်ခွက် လောင်းထည့်ပေးလိုက်ပြီး စကားလမ်းကြောင်းပြောင်းလိုက်တော့သည်။

“ အခုတလော ရုံးတော်မှ လှုပ်လှုပ်ရှားရှားဖြစ်နေတယ်လို့ ကြားတယ်”

သူသည် မြောက်ပိုင်းကျန်းဒေသက ကိစ္စများကိုလည်း သိထားလေသည်။ ဒီအကြောင်းကို စဥ်းစားကြည့်လိုက်တော့ မင်းကြီးက သေချာပေါက် စိုးရိမ်နေမှာပဲ။ အစောပိုင်းနှစ်တွေတုန်းက သာ့ဖုန်းရဲ့မဟာစစ်သူကြီး စစ်သူကြီးဟန်ကွမ်းဟန်က ဟန်မိသားစုရဲ့စစ်တပ်ကို ဦးဆောင်ပြီး မြောက်ပိုင်းနယ်စပ်က မြောက်ပိုင်းလူမျိုးစုကို ရက်ရက်စက်စက် တိုက်ထုတ်ခဲ့ပြီး မဟာအောင်မြင်မှုကြီးတစ်ခုနဲ့အတူ ပြန်လာခဲ့တဘ်။ မြောက်ပိုင်း လူမျိုးစုရဲ့တက်ကြွမှုကို ကြီးကြီးမားမား ထိခိုက်စေခဲ့တယ်။ အဲဒီအခါကျမှ သာ့ဖုန်းရဲ့မြောက်ပိုင်းနယ်စပ်က တည်တည်ငြိမ်ငြိမ် နေနိုင်တော့တယ်လို့ မှတ်လို့ရတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ လေးနှစ်က စစ်သူကြီးဟန်က ရန်သူနဲ့ ပူးပေါင်းပြီး ပုန်ကန်မှုနဲ့ စွပ်စွဲခံလိုက်ရပြီး ဟန်မိသားစုက လူပေါင်းရာချီက ညတွင်းချင်း သတ်ဖြတ်ခံလိုက်ရတယ်။ အခုတော့ သာ့ဖုန်းတနိုင်ငံလုံးမှာ ဒုတိယနတ်စစ်သူကြီးတစ်ယောက်ကိ ဘယ်မှာရှာတွေ့နိုင်တော့မှာလဲ။

“ ငါ မသိဘူး၊ ဒါပေမဲ့ ငါ့မိသားစုက အဖိုးကြီးကတော့ စိတ်ပူလွန်းလို့ စကားတောင်မပြောနိုင်ဘူး ထင်တယ်၊ အခြေအနေကတော့ အကောင်းဘက်မှာ မရှိလောက်ဘူးထင်တယ်”

ဖုန်းဟွာ၏အဖေသည် ဘဏ္ဍာရေးဌာန၏ ဒုဝန်ကြီးရာထူးရှိသည့် ရုံးတော်အရာရှိတစ်ယောက် ဖြစ်လေသည်။ ယခုမူ မင်းကြီးက နေ့တိုင်းလိုလို ဘဏ္ဍာရေးဌာမှ ငွေများ တောင်းနေလေသည်။ အရာရှိဖုန်းမှာ စိတ်မပူဘဲ အဘယ်မှာရှိပါမည်နည်း။

…

အပိုင်း (၁၁၁)

ရှောင်လင်းယွီသည် သူမထံသို့ စာထပ်မံပေးပို့ခြင်း မရှိတော့ချေ။ ယိုကျင့်သည် လက်ဖက်ရွက်လုပ်ငန်းအား စုန့်ဟွာနှင့် ဟန်လီနှစ်ဦးကိုသာ လက်လွှဲလိုက်တော့သည်။ ယိုကျင့်သည် ချားရှန်းမှ လစဉ်ပေးပို့လာသည့် စာရင်းစာအုပ်ကိုသာ စစ်ရန် လိုအပ်တော့သည်။ သူမတို့နှစ်ဦး၏ တစ်နှစ်တာကာလဆက်ဆံရေးသည် ဆက်ခနဲ ‌ပြတ်တောက်သွားတော့သည်။ သူလည်းမလာခဲ့သလို သူမလည်း မသွားခဲ့ပေ။ နှစ်ဦးသား၏ ဖုံးကွယ်ထားသည့် အပြုအမူများကို အချင်းချင်းနားလည်ဟန် ရှိသည်။

“စစ်မှန်တဲ့အလင်းရောင်အတွက် နွေဦးလက်ဖက်ရွက်က စတင်ထုတ်သင့်ပါပြီ။ လူကြီးမင်းရှောင် ရှာပေးထားတဲ့ လက်ဖက်ပြုလုပ်သူက ဒီလကုန်မှာပဲ ချားရှန်းကို ရောက်မှာပါ။ ဒါကတော့ ဇန်နဝါရီလရဲ့ စာရင်းပါ” ဟန်လီသည် စာရင်းစာအုပ်အား ယိုကျင့်ဆီသို့ လွှဲအပ်လိုက်သည်။ နှစ်နှစ်ကြာ ဂဂုတစိုက် လေ့ကျင့်မှုကြောင့် လွန်ခဲ့သည့်အတိတ်က သူမနှင့် ရွယ်တူအရပ်ရှိခဲ့သည့် တစ်ဆယ့်ခြောက်နှစ်အရွယ် ဟန်လီမှာ ယခု သူမထက် ခေါင်းတစ်လုံး ပိုမြင့်နေပြီဖြစ်သည်။ ခရီးသွားတိုင်း ခန္ဓာကိုယ်တစ်ခုလုံး နုံးချိနေသည့်သူမနှင့်မတူဘဲ ဟန်လီသည် တောင့်တင်းသန်မာသည့် လူငယ်တစ်ဦးနှင့်တူနေသည်။

ယိုကျင့်သည် သားရေနှင့် ပတ်ထားသော စာရင်းမှတ်တမ်းကို ယူလိုက်ပြီး အခန်းအပြင်၌ ရပ်စောင့်နေသော ယိုရင်၏ကိုယ်ပိုင်အစေခံ လီသုံကို မြင်လိုက်သောကြောင့် မရယ်မိဘဲ မနေနိုင်ခဲ့ချေ။

“ဟုတ်ပြီ။ ငါစာရင်းတွေ ကြည့်ထားလိုက်မယ်။ ယိုရင်ကိုသွားကြည့်ပြီး ပြီးကျပြန်လာခဲ့”

ယိုရင်သည် ယွဲ့ချန်လုနှင့် တွေ့ပြီးကတည်းကပင် စိတ်ဓာတ်ကျနေခဲ့သည်။ ဟန်လီ၏ ပြန်လည်ရောက်ရှိမှုသည် ယိုရင်၏အခြေအနေကို အနည်းငယ် စိတ်သက်သာစေဖို့ မျှော်လင့်မိသည်။

“ကျေးဇူးပါ အကြီးဆုံးသခင်မလေး” ဟန်လီသည် နှုတ်ခမ်းကို ကွေးအောင်ပြုံးလိုက်ကာ လက်နှစ်ဖက်ကိုယှက်ရင်း ကျေးဇူးတင်စကားပြောပြီးနောက် ပြေးထွက်သွားတော့သည်။

ဟန်လီ ထွက်လာသည်ကို မြင်သည်နှင့် လီသုံသည် အမြန်ပင် ဒူးကွေးကာ ဂါရ၀ပြု လျှောက်တင်လေသည်။ “ဟန်သခင်‌လေး နောက်ဆုံးတော့ ပြန်လာပြီပဲ”

ဟန်လီနှင့် ယိုရင်၏ စေ့စပ်မှုအပြီး၌ စုမိသားရှိ ဟန်ညီအစ်ကိုနှစ်ယောက်၏အနေအထားမှာ ပို၍ သိသာထင်ရှားလာသည်။ လူအများ၏သင်္ကာမကင်းမှုကို ရှောင်ရှားရန် ဟန်လီတို့ညီအစ်ကိုနှစ်ဦးအား အမျိုးသမီးစု၏ မိဘဆွေမျိုးဘက်မှ တူအဖြစ်အမျိုးတော်စပ်သူများဟုသာ ပြောဆိုခဲ့သည်။ ဟန်လီညီအစ်ကိုနှစ်ဦးသည် စုမိသားစုသို့ ဦးစွာ၀င်ရောက်ခဲ့သူများဖြစ်သည်။ အစကတည်းကပင် သူတို့ကိုယ်သူတို့ ကျွန်အဖြစ် ‌ရောင်းစားခြင်းမပြုခဲ့ပေ။ ထို့အပြင် ယိုရင်၏ ကရုဏာသက်မှုများကြောင့် ဟန်လီတို့ညီအစ်ကိုနှစ်ဦးသည် အစေခံများနှင့်ကွာခြားပေသည်။ ယခု၌ နှစ်ဦးသား၏ လက်ဆက်မှုမှာ အတည်တကျဖြစ်ပြီးသည့်အတွက် ထိုညီအစ်ကိုနှစ်ဦး၏ အနေအထားသည် စုမိသားစု၏ အစေခံများထက် ပို၍မြင့်သည်မှာ အသေအချာပင်ဖြစ်သည်။

“ဒုတိယသခင်မလေး ဘယ်လိုနေသေးလဲ” ဟန်လီသည် ရှေ့မှဦးဆောင်သွားနေသော လီသုံ၏နောက်သို့ လိုက်ကာ နက်ရှိုင်းလှသည့်အသံဖြင့် မေးလိုက်လေသည်။ ဖေဖော်ဝါရီလ၌ စာရင်းစာအုပ်ပို့ရမည့်သူမှာ စုန့်ဟွာဖြစ်သည်။ သို့သော် ယိုရင်၏ ဖျားနာမှုအကြောင်းကို သိသည်နှင့် စုန့်ဟွာနှင့် တာ၀န်လဲကာ ချားရှန်း၌ လူပ်စရာရှိသည်များပြီးစီးသည်နှင့် အမြန်ပြန်လာခဲ့သည်။ ဤနည်းဖြင့်သာ သူ၏ နှလုံးသားတစ်ခုလုံး စိုးမိုးနေသည့် မိန်းကလေးကို တွေ့နိုင်မည်ဖြစ်သည်။

လီသုံသည် လမ်းအသွယ်သွယ်ကိုဖြတ်ပြီးနောက် ဆက်သွားနေရင်း ပြောလိုက်သည်။

“အစပိုင်းရက်တွေတော့ တော်တော် နေမကောင်းဖြစ်နေတာ။ ဒါပေမဲ့ ဆေးဆယ်ရက်လောက်သောက်ပြီးသွားတော့ ကောင်းလာပါပြီ”

ဒုတိယသခင်မလေး၏ ဖျားနာမှုမှာ ရုတ်တရက်ဆန်ကာ ပြင်းထန်လှသည်။ ထိုအရာက သခင်မကြီးနှင့် သခင်မလေးများ အားလုံးကို ထိတ်လန့်စေခဲ့သည်။ သို့သော်လည်း အကြီးဆုံးသခင်မလေး၏ ညွှန်ကြားချက်ကြောင့် သူမသည် ထိုနေ့ကဖြစ်ပျက်ခဲ့သည်များကို မည်သူ့ကိုမျှ မပြောရဲခဲ့ပေ။ ကံကောင်းထောက်မစွာဖြင့် အကြီးဆုံးသခင်မလေးလည်း ထိုနေရာ၌ ရှိသောကြောင့် ဒုတိယသခင်မလေး၌ ဘာမျှမဖြစ်ခဲ့ပေ။

ဆယ်ရက်ကျော် ဆေးသောက်ရတယ်။ ဟန်လီသည် ထိုစကားကို ကြားကြားချင်းပင် နှလုံးခုန်နှုန်းများ လျင်မြန်လာတော့သည်။ ဘာရောဂါများလဲ။ မီးပုံးပွဲတော်အပြီး သူထွက်သွားသည့်အချိန်ကပင် သူမ အဆင်ပြေနေသေးသည်။ ထွက်သွားပြီး ရက်အနည်းငယ်ကြာရုံသာရှိသေးသည် သူမက ဘယ်လိုဖျားသွားရတာလဲ။ နဂိုကပင်ခက်ထန်လှသော အမျိုးသား၏မျက်ခုံးသည် ထိကပ်လုမတတ် တွန့်ကွေးသွားကာ သူ၏ရုပ်ကို ပို၍ကြောက်စရာကောင်းသွားစေသည်။ ထိုသို့ဖြင့် လူနှစ်ယောက်သည် ဘာစကားမျှ ထပ်မဆိုတော့ဘဲ ခြေလှမ်းများကို ခပ်သွက်သွက်သာ လျှောက်ခဲ့သည်။ အချိန်ခဏလေးအတွင်း၌ပင် သူတို့နှစ်ဦးသည် ယိုရင်၏ဧည့်ခန်းတံခါး၀သို့ ရောက်ရှိလာသည်။

ဟန်လီပြန်ရောက်ကြောင်း ကြားသည်နှင့် ယိုရင်သည် ပျော်ရွှင်သွားလေသည်။ သို့သော်လည်း သူမ၏မြတ်နိုးရသူ၌ လုပ်စရာတာ၀န်များ ရှိသေးသည်။ ထို့အပြင် သူမသည်လည်း ကျန်းမာရေး မကောင်းသောကြောင့် လေအေးမိ၍မရပေ။ ထို့ကြောင့် လီသုံနှင့် ခေါ်လွှတ်ကာ အခန်းထဲ၌ ငြိမ်ငြိမ်လေး ထိုင်စောင့်ရုံသာ တတ်နိုင်သည်။

မိန်းမငယ်တစ်ဦးသည် အခန်းထဲ၌ ဂနာမငြိမ်ဖြစ်နေကာ အပြင်ဘက်မှ လှုပ်ရှားသံကို ကြားလိုက်ရသည်။ ခဏအကြာ၌ သူမရင်းနှီးကျွမ်း၀င်လှသော ပုံရိပ်လေးတစ်ခုသည် အလင်းရောင်ကို ကျောပေးရင်း အခန်းထဲသို့ ၀င်လာခဲ့သည်။ သူမသည် ချက်ချင်းပင်မတ်တတ်ထရပ်လိုက်ကာ ချောင်းတစ်ချက်ဆိုးလိုက်သည်။ “ရှင်ပြန်လာပြီပဲ”

ဟန်လီသည် တံခါးကိုဖွင့်ကာ အထဲသို့ ခြေလှမ်းလိုက်သည်နှင့် သူ၏မျက်၀န်းများသည် သူမ၏ကိုယ်၌သာ ကပ်တွယ်နေခဲ့သည်။ သူ၏ချစ်ရသူသည် သူထွက်သွားတုန်းကထက် ကိုယ်အလေးချိန်ကျကာ ပိန်ပါးသွားပေသည်။ မြတ်နိုးရသူလေးအား ရင်ခွင်၌ ထွေးပိုက်ထားချင်စိတ်များ တိုးပွားလာတော့သည်။

သူတို့နှစ်ဦးသည် စေ့စပ်ပြီးသည့်တိုင် တစ်ဦးနှင့်တစ်ဦး စည်းမျဉ်များထားကာ ပွဲပြီး‌ဆုံးသည့်တိုင် ဓလေ့ထုံးတမ်းအတိုင်း လိုက်နာကြသည်။ ယိုကျင့်သည် ဟန်လီ၏အင်္ကျီလက်စကို ကိုင်ရင်း တစ်ဦးကို တစ်ဦး စိုက်ကြည့်နေခဲ့သည်။ သူမတို့နှစ်ဦးမှာ အလွန်နီးကပ်စွာ ရပ်နေခဲ့ကြသည်။ ထိုအချိန်သည် ဓလေ့ထုံးတမ်းကို ပထမဆုံးဖောက်ဖျက်မိခြင်းဖြစ်သည်။ ဟန်လီသည် ‌သူ၏ရှေ့ရှိ မြတ်နိုးရသူအား ထွေးပွေ့ချင်သည့်စိတ်ကို ထိန်းမရနိုင်အောင် ဖြစ်နေခဲ့သည်။ သူ၏အသံနက်ဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။ “ကိုယ်ပြန်လာပြီ” ကိုယ်ပြန်လာပြီ ဘယ်လောက်ပဲ ကြီးမားတဲ့ပြဿနာဖြစ်ဖြစ် မင်းအတွက် ကိုယ်ဖြေရှင်းပေးမယ်။

ဟန်လီ၏အပြုအမူကြောင့် ယိုရင်သည် အနည်းငယ်လန့်သွားသော်လည်း ရုန်းကန်ရမည့်အစား သူ၏လက်မောင်း၌ ခေါင်းမှီလိုက်ကာ စည်းချက်မှန်သော်လည်း လျင်မြန်နေသည့် နှလုံးခုန်သံကို နားဆင်နေလိုက်သည်။ ထိုအသံသည် နှစ်သစ်ကူးတွင် အပြင်ဘက်မှ ဗုံတီးခတ်နေသည်နှင့်တူသည်။ ထူးဆန်းစွာပင် အချိန်ကြာမြင့်စွာ ရှုပ်ရှက်ခက်နေခဲ့သော သူမ၏နှလုံးသားသည် လျင်မြန်စွာပင် မူလအနေအထားသို့ ပြန်လည်ရောက်ရှိသွားလေသည်။

အပြင်ဘက်ရှိလီသုံသည် သခင်လေးဟန်နှင့် သူမ၏သခင်မလေးတို့ အချင်းချင်း ဖက်တွယ်နေသည်ကို မြင်သည်နှင့် ထိုနေရာမှ တိတ်တိတ်လေး ဆုတ်ခွာသွားကာ ထိုပုံရိပ်ကို မမြင်နိုင်ရန်သေချာသည့်နေရာ၌ ကျောပေးနေလိုက်လေသည်။ သူမသည် အပြင်၌ လုံ့လဝီရိယရှိစွာဖြင့် သူမ၏သခင်မလေးအတွက် စောင့်ကြည့်ပေးနေခဲ့သည်။

ယိုရင်၏ ဖျားနာမှုမှာ စိတ်ပိုင်းဆိုင်ရာနှင့် သက်ဆိုင်နေကြောင်း ယိုကျင့်သိပေသည်။ သူမသည် ယွဲ့ချန်လုကို ပထုတ်ပေးနိုင်သော်လည်း ယိုရင်၏စိတ်ထဲရှိ ကြိုးထုံးကို မဖြေနိုင်ပေ။ ထို့ကြောင့် ချားရှန်းအား ပေးပို့သောစာ၌ ယိုရင်၏ ဖျားနာမှုအကြောင်းကိုပါ ထည့်သွင်းရေးသားပြီး ဟန်လီသည် ယိုရင်၏ နှလုံးသားရှိ အထုံးအဖွဲ့ကို ဖြေနိုင်မဖြေနိုင် စမ်းကြည့်လိုက်ခြင်းဖြစ်သည်။ ယွဲ့ချန်လုအတွက် သူမ သေချာပေါက် ကိုင်တွယ်ရမည်။

ယွဲ့ချန်လုမည်သည့်နေရာတွင် နေထိုင်ပြီး မည်သည့်အလုပ်များ လုပ်ကိုင်စားသောက်နေကြောင်း ရှာဖွေရန် သူမအတွက် မခက်ခဲပေ။ ယွဲ့ချန်လု၏ ပြဿနာကို တစ်ကြိမ်တည်း အပြတ်ရှင်းရန်အတွက် ထိုလူလော့ဟယ်မြို့သို့ ရောက်ကြောင်း စသိသည့်နေ့မှ စတင်ကာ ထိုလူ့အတွက် တွင်းနက်နက် တူးထားပေးခဲ့သည်။

ဧည့်ခန်း၌ ထိုင်နေပြီး တံခါးပေါက်အပြင်ဘက်ရှိ မက်မွန်သီးပင်၏ အစိမ်းရောင် ကိုင်းအသစ်လေးများကိုကြည့်ကာ ယိုကျင့်သည် စိတ်လွှတ်လက်လွှတ်ပြောဆိုနေခဲ့သည်။

“ပိုက်ကွန်လည်းချပြီးပြီ။ ငါးကလည်း စောင့်နေရတာကြာပေါ့။ ပိုက်ကွန်ပြန်ဆွဲဖို့ အချိန်ကြပြီပဲ”

နွေဦး၏ ရှုခင်းအလှသည် အရောင်အသွေးစုံလင်လှသည်။ အကျည်းတန်သော အရာရှိလျှင် ထိုအရာကို တစ်ဦးမဟုတ်တစ်ဦး ဖယ်ကျဉ်းပေးရမည်။

.........

သုံးရက်အကြာ

သက်တော်စောင့်ရှောင်သည် လက်နှစ်ဖက်ကို တရိုတသေ ယှက်ကာ ယိုကျင့်ကို ‌ပြောလိုက်သည်။

“အကြီးဆုံးသခင်မလေး အကုန်ပြင်ဆင်ပြီးပါပြီ”

သက်တောင်စောင့်ရှောင်သည် အကြီးဆုံးသခင်မလေးမှာ သူခိုးတစ်ယောက်နှင့် မည်သို့ ရန်ငြိုးရန်စ ရှိမှန်း မသိပါချေ။ သို့သော် ကြင်နာသနားတတ်သည့် အကြီးဆုံးသခင်မလေးမှ လူတစ်ယောက်အား မြောက်ပိုင်းရှိ စစ်ပွဲထဲသို့ ထောက်ပံ့ကြေးမရှိဘဲ တပ်သားတစ်ယောက်အဖြစ် စေခိုင်းရန် ထောင်ချောက် ဆင်ဖမ်းရလောက်သည်အထိ ထိုလူနှင့် အငြိုးတော်တော်ရှိပုံရသည်။

“သက်တော်စောင့်ရှောင် အလုပ်ကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ်” ယိုကျင့်သည် စုကျားရှန်း၏ ဒုတိယထပ်ရှိ လေသာဆောင်၌ ယပ်တောင်ခတ်ရင်း အပြင်ဘက်ရှိ ပျားပန်းခတ်နေသော ဈေးထဲကို ငေးကြည့်နေရင်း တည်ငြိမ်စွာ ပြောလေသည်။ “ဒီလောက်ကြီးတဲ့လော့ဟယ်မြို့မှာ လူတစ်ယောက် ပိုတာဖြစ်ဖြစ် လျော့တာဖြစ်ဖြစ် ဘယ်သူသိမှာလဲ”

သက်တော်စောင့်ခေါင်းဆောင်ရှောင်သည် ခေါင်းအား တစ်၀က်ထိနှိမ့်ချလိုက်ကာ မျက်နှာအမူအရာကို ဖုံးကွယ်လိုက်သည်။ ယိုကျင့်ပြောသည်ကို ဘာမှမကြားသကဲ့သို့ ပြုလုပ်နေဟန်ပေါ်သည်။

ယိုကျင့်ပြောသည့်အတိုင်းပင် မြောက်ပိုင်း၌ စစ်ပွဲ ဖြစ်ပွားနေသောကြောင့် မူလ၌ တည်ငြိမ်အေးချမ်းသည့် လော့ဟယ်မြို့သည် မြောက်ပိုင်းမှ စစ်ဘေးဒုက္ခသည်များ၏ ပထမဆုံးရွေးချယ်စရာ နေရာဖြစ်လာခဲ့သည်။ လမ်း၌ ‌ကွေကွဲကြသူများ ထောင်သောင်းမကရှိပေသည်။ သန္ဓေမကောင်းသည့် သူခိုးတစ်ယောက် ပျောက်ဆုံးခြင်းကို မည်သူက ဂရုစိုက်မည်နည်း။

ယွဲ့ချန်လု ပျောက်ပြီး သုံးရက်အကြာ၌ ယွဲ့ချန်လုသည် အပြင်၌ လည်ပတ်နေခြင်းမဟုတ်ဘဲ အမှန်ပင် ပျောက်ဆုံးနေကြောင်း ၀မ်ညန် နားလည်လိုက်သည်။ သူမ၏ကလေးကို ပိုက်ကာ လော့ဟယ်မြို့၌ နှစ်ရက်မျှ ပိုက်စိပ်တိုက်ရှာခဲ့သည်။ ယွဲ့ချန်လု၏ အရိပ်ကိုပင် ရှာမတွေ့ခဲ့ချေ။ အိမ်နီးချင်းများ၏ အကြံပေးမှုကြောင့် သူမသည် ကလေးတစ်ဖက်နှင့်အတူ ရုံးတော်ရှေ့၌ ငိုကြွေးတော့သည်။ “အရာရှိ ကျွန်မယောက်ျားက တကယ်ကို ပျောက်နေတာပါ။ အရာရှိ ကျွန်မယောက်ျားကို ကူရှာပေးပြီး တရားမျှတအောင် လုပ်ပေးပါ”

မြောက်ပိုင်းရှိစစ်ပွဲမှာ အင်မတန် ပြင်းထန်သောကြောင့် စစ်ဘေးဒုက္ခသည်များ အများအပြား ၀င်ရောက်လာကာ လော့ဟယ်မြို့ရှိ ရုံးတော်သည် နေ့စဉ် အလုပ်များပိနေခဲ့သည်။ ဒုက္ခသည်များ များပြားလေ ပြဿနာများများတက်လေ ဖြစ်သည်။ သူသည် ရုံးတော်မှထွက်ကာ ကင်းလှည့်ရန် ရှားရှားပါးပါး တာ၀န်ရခဲ့သည်။ ခေတ္တမျှ အသက်ရှူရုံရှိသေးသည် စုတ်ပြတ်နေသော မိန်းမတစ်ဦးမှ သူ့အား တားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ စိတ်ညစ်ညူးစွာဖြင့် သူ၏ဘောင်းဘီ၌ ဆွဲကပ်ထားသော သူမ၏လက်များကို ဒေါသတကြီး ဖယ်ရှားလိုက်သည်။ “သွား ထွက်သွား ရုံးတော်ကို အပျော်ကစားရတဲ့နေရာများ မှတ်နေကြတာလား”

၀မ်ညန်သည် မြေကြီးပေါ်သို့ ပစ်ချခံလိုက်ရသည်။ “အရာရှိကြီး အရာရှိကြီး ကျွန်မအမျိုးသားက သုံးရက်လောက် ပျောက်နေတာပါ။ ကျေးဇူးပြုပြီး ကူညီပေးပါ”

၀မ်ညန် သာမန် အမျိုးသမီးတစ်ဦးသာဖြစ်၍ ရုံးတော်ကို အကူအညီ‌တောင်းရုံသာ တတ်နိုင်ခဲ့သည်။ သူမရုံးတော်၏ ဂိတ်၀သို့ မရောက်ခင်ပင် မောင်းထုတ်ခံလိုက်ရမည်ဟု မည်သူထင်မည်နည်း။

မြေကြီးပေါ်၌ အိပ်ပျော်နေသော ယွဲ့၀မ်ပေါ်သည် ကြမ်းကြုတ်လှသည့် အရာရှိကြောင့် အမေဖြစ်သူ ထိတ်လန့်နေသည်ကို ကြည့်ကာ အာခေါင်ခြစ်၍ ငိုကြွေးလေသည်။ သားအမိနှစ်ဦးမှာ အချင်းချင်းပွေ့ ဖက်ကာ လည်ချောင်းအက်မတတ် ငိုကြွေးနေကြသည်။ လမ်းသွားလမ်းလာများ၏ အာရုံကို ဖမ်းစားနိုင်သော်လည်း မည်သူမှ ကူညီပြောဆိုခြင်းမရှိခဲ့ပေ။ အကုန်လုံးသည် သာမန်လူများသာ ဖြစ်ကြသည့်အတွက် ရုံးတော်နှင့် အတိုက်အခံမလုပ်ရဲကြပေ။

“အမြန်ထွက်သွား မဟုတ်ရင် ဖမ်းပြီးအချုပ်ထဲထည့်ပစ်မယ်” မျက်နှာမည်းမှောင်နေသော ရုံးတော်အရာရှိမှ ၀မ်ညန်အား ကြမ်းတမ်းစွာ မောင်းထုတ်လိုက်သည်။ “အခုတလော အပြင်မှာ ပရမ်းပတာ ဗရုတ်သုတ်ခ‌ဖြစ်နေတာ။ မြောက်ပိုင်းက စစ်ပွဲရဲ့မီးစ ဒီကို ဘယ်အချိန်မဆို လွှင့်လာနိုင်တယ်။ မင်းယောက်ျားက ထွက်ပြေးသွားပြီ နေမှာပေါ့။ လူတိုင်း ဒုက္ခရောက်နေတာကို မင်းကပါ ရုံးတော်ကို အပူထပ်ပေးပြီး ငိုယိုနေသေးတာလား”

အရာရှိပြောသည်မှာလည်း အကျိုးအကြောင်းသင့်လှသည်။ အရွယ်ရောက်ပြီးသား အမျိုးသားတစ်ဦးအနေနှင့် အမျိုးသမီးနှင့် ကလေးကို ခေါ်၍ပြေးခြင်းထက် ကိုယ့်ဘာသာ ကိုယ်လွတ်ရုန်းခြင်းက ပို၍မြန်ဆန်ပေသည်မဟုတ်လား။

၀မ်ညန်သည် မည်သည်ကို ယုံကြည်ရမည်မသိပေ။ သူမသည် ရုံးတော်အပေါက်၀မှ ပင်ပန်းညှိုးနွယ်စွာ ထွက်လာပြီး သူမ၏သားနှင့်အတူ ခဏတာငှားရမ်းထားသည့် ခြံ၀န်းသို့ ပြန်လာလိုက်သည်။ သားအမိနှစ်ဦးမှာ မှောင်ရီမပျိုးခင်အထိ အတူငိုကြွေးခဲ့ကြပြီး ညရောက်သည့်တိုင် ယွဲ့ချန်လုမှာ ပြန်မလာခဲ့ချေ။

“ယွဲ့ချန်လုက သူနဲ့ထိုက်တန်တာကို ရသွားတာပဲ။ သူက အခုကတည်းက ငိုနေပြီလား။ သူမ ငိုဖို့ အနာဂတ်မှာ အခွင့်အရေးအများကြီး ရှိပါသေးတယ်” သူမ၏ လက်ထဲရှိစုတ်တံသည် တဖြည်းဖြည်း အောက်သို့ဆင်းသွားကာ ရေအလျင်ကဲ့သို့ ညင်သာစွာရွေ့လျားနေသည်။ ထို့နောက် ကြီးမားသည့် စုတ်ချက်တစ်ခုဖြင့် အဆုံးသတ်လိုက်ရာ စာရွက်ပေါ်၌ “သည်းခံခြင်း”ဟူသည့် စာလုံးမှာ လှပသေသပ်စွာ ပေါ်ပေါက်လာသည်။ “ငါတို့က နှစ်ပေါင်းများစွာ သည်းခံလာပြီးပြီ။ အချို့အငြိုးအတေးတွေအတွက် ပြန်ပေးဆပ်ချိန်တန်ရင် ပြန်ပေးဆပ်ရမှာပဲ”

ထိုနှစ်က ယိုတျန့်နှင့် ခမ်းအာတို့ ဆယ်ရောက်နောက်ကျမှမွေးဖွားလာပြီး ယွဲ့မိသားစု၏ အငြူစူခံရခြင်းမှာ အဘယ်ကြောင့်နည်း။ အကုန် ၀မ်ညန်၏နောက်ကွယ် အစီအစဉ်များကြောင့် ဖြစ်သည်။ ယိုကျင့်သည် ယွဲ့မိသားစုတစ်ဦးချင်းစီအတွက် အကြွေးပြန်ယူရန် စီစဉ်ထားသည်။ ၀မ်ညန်လည်း အပါအ၀င်ဖြစ်သည်။

တင်းယွမ်မှစကာ မြောက်ပိုင်းနယ်စပ် ချိုးဖောက်ခံရ၍ လော့ဟယ်မြို့သည်လည်း အခြေအနေအရ ရန်သူ၏ အုပ်ချုပ်လွှမ်းမိုးခံရမည့် နယ်မြေထဲ၌ ပါ၀င်နေခဲ့သည်။ ဖေဖော်ဝါရီလထဲ‌သို့ ရောက်ချိန်၌ လော့ဟယ်မြို့၏ အခြေအနေမှာ ပို၍ပြင်းထန်လာခဲ့သည်။ ယခင်က ပြေးလာခဲ့ကြသော ဒုက္ခသည်များသည်ပင် အသက်ဆက်ရှင်ရန်အတွက် တောင်ဘက်ပိုင်းသို့ ဆက်မံပြေးသွားကြလေသည်။

နှစ်မကုန်ခင်ကတည်းကပင် ချားရှန်းဘက်၌ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ပြီးကြပြီဖြစ်သည်။ ထိုအချိန်၌ ဟန်လီသည် အစီအစဉ်တစ်ခုနှင့် ပြန်လာခဲ့သည်။ ထိုအစီအစဉ်မှာ စုမိသားစုရှိ ကလေးများနှင့် အသက်ကြီးကာ အားနည်းသည့် အမျိုးသမီးများကို ချားရှန်း၌ ခဏတာခိုလှုံရန် ဖြစ်သည်။

စုမိသားစု၏ပင်မအခန်းထဲ၌ ယိုကျင့်နှင့် အမျိုးသမီးစုသည် ထိပ်ဆုံးခုံ၌ ထိုင်နေလေသည်။ စုမိသားစုရှိ လူများအားလုံးကို တစ်စုတစည်းတည်း စုဝေးသည်မှာ ရှားပါးလှသည်။ အဒေါ်စုန့်သည် နောက်ဆုံး၌ ရပ်နေကာ ဘေးရှိတည်ငြိမ်လှသော အစောင့်ခေါင်းဆောင်ရှောင်ကို ကြည့်လိုက်သည်။ ထို့နောက် စိုးရိမ်ပူပန်နေကြသော သခင်ဖြစ်သူများကို တစ်ချက်ကြည့်လိုက်သည်။ မည့်သည့်အရာများ ဖြစ်ပျက်နေသည်ကို သူမတို့ မသိသော်လည်း သခင်၏အမိန့်အတိုင်း ရပ်စောင့်နေကြကာ အမိန့်ပေးမည်ကို စောင့်ဆိုင်းနေကြသည်။

လူတိုင်း၏မျက်နှာ၌ တုံ့ပြန်မှုအမျိုးမျိုး ရှိနေကြသည့်တိုင် အကြီးဆုံးသခင်မလေး ပြောသမျှကို ဂရုတစိုက်နားထောင်ကြသည်။ “ငါတို့ချားရှန်းမှာ ခဏသွားနေကြမယ်။ အဲ့တော့ အသုံး၀င်ပြီး ပေါ့ပါးတဲ့ ပစ္စည်းတွေပဲ သယ်လာကြ ချားရှန်းမှာ အကုန်ပြင်ဆင်ထားပြီးပြီ။ လော့ဟယ်မြို့မှာ အခြားသက်တော်စောင့် သုံးယောက်နဲ့အတူ နေခဲ့ဖို့ ခေါင်းဆောင်ရှောင်ကိုပဲ ဒုက္ခပေးပါရစေ။ ကျန်တဲ့သူတွေက သခင်မကြီးနဲ့ သခင်မလေးတွေ နောက်ကနေ ချားရှန်းကို လိုက်သွားရမယ်။ အဒေါ်စုန့်တို့ဘက်က အသက်ကြီးပြီး အားနည်းတဲ့ အမျိုးသမီးနဲ့ကလေးတွေကို အဓိကထားတင်မယ်။ မီးဖိုချောင်မှာ ခစားတဲ့အစေခံတွေနဲ့ ကိုယ်ပိုင်အစေခံတွေလည်း အထုတ်ပိုးပြင်ထားကြ။ နေ့လယ်ကျရင် ချားရှန်းကို လိုက်မဲ့လူတွေ နာမည်စာရင်း လာပေးထားကြ”

ခဏနားပြီးနောက် ယိုကျင့်သည် တစ်ခုခုမှာရန် ကျန်သေးကြောင်း သတိရမိပြီး ဆက်ပြောလေသည်။

“ဆရာချန်လည်း ကျန်သေးတယ်။ သူလည်း ချားရှန်းကိုလိုက်လိမ့်မယ်”

“ဟုတ်ကဲ့” အဒေါ်စုန့်နှင့် သက်တော်စောင့်ရှောင်သည် သခင်ဖြစ်သူ၏အမိန့်ကို ရသည်နှင့် အမြန်ပင်လုပ်ငန်းစလေသည်။

“အမေတို့လည်း အခြားလူတွေလို သွားပုန်းကြမလို့လား” သမီးဖြစ်သူ၏ တိုက်ပွဲ၀င်ရန် အသင့်ဖြစ်နေသည့် ပုံရိပ်ကြောင့် အမျိုးသမီးစုသည် တစ်စုံတစ်ခုအား ခံစားမိကာ စိုးရိမ်စွာဖြင့် မေးလိုက်သည်။

“ချားရှန်းမှာ အကုန်ပြင်ပြီးပါပြီ အမေရဲ့။ စိတ်ပြေလက်ပျောက် အပန်းဖြေရုံလေးပါ။ လော့ဟယ်မြို့ ငြိမ်သွားပြီဆိုတာနဲ့ သမီးကိုယ်တိုင် အမေတို့ကို လာကြိုပါ့မယ်” ယိုကျင့်သည် သူမ၏ မျက်နှာအမူအရာကို ထိန်းထားသည့်တိုင် အမျိုးသမီးစုသည် သမီးဖြစ်သူ၏ ခက်ခဲတွေ‌ဝေနေသည့် ပုံရိပ်ကို ရိပ်မိလေသည်။

အမျိုးသမီးစု၏မျက်၀န်းများသည် အနည်းငယ်နီရဲလာကာ အသံလည်း အနည်းငယ်တုန်ရီလာသည်။

“သမီးက အမေတို့နဲ့အတူမသွားဘူးလား”

အမျိုးသမီးစုသည် စစ်ပွဲနှင့် မကြုံကြိုက်ဖူးသော်လည်း လော့ဟယ်စီရင်စု ချိုးဖောက်ခံရသည်နှင့် သူမတို့ကဲ့သို့ မိသားစုသေးသေးလေးများသည် မည်သည့်အချိန်၌မဆို ပျက်စီးသွားနိုင်သည်ကို သူမသိပေသည်။

ယိုကျင့်သည် အမျိုးသမီးစု၏ တုန်ရီနေသည့် လက်အား အသာအယာပွတ်ပေးရင်း အပြုံးလေးဖြင့် နှစ်သိမ့်လေသည်။ “‌အမေ သမီးကို စိတ်မပူပါနဲ့။ သမီးက မြင်းစီးတတ်နေပါပြီ။ တကယ်လို့ လော့ဟယ်မျိုမှာ တစ်ခုခုဖြစ်လဲ အိမ်မှာ သက်တော်စောင့်တွေရှိတာပဲ။ အန္တရာယ်တစ်ခုခုကြုံရင် သမီးထွက်ပြေးနိုင်ပါတယ်။ ဟောင်ကျားဟွမ်နဲ့ လော့ဟယ်မြို့မှာ သမီးတို့ဆိုင်တွေ ရှိသေးတယ်လေ။ တကယ်လို့ တစ်ယောက်မှ ကွပ်ကဲမဲ့သူမရှိရင် ဆိုင်တွေက ပရမ်းပတာတွေဖြစ်ကုန်မှာ”

စစ်ပွဲအတွင်း၌ လူများ၏ စိတ်သည် ကြောက်စရာအကောင်းဆုံးဖြစ်သည်။ ယခုလော့ဟယ်မြို့၌ ကျန်ရစ်ကာ ဆိုင်များကို ကြည့်ရှုနိုင်မည့်သူမှာ သူမသာရှိသည်။ အခြားသော နည်းလမ်းကိုလည်း မစဉ်းစားနိုင်ပေ။

…

All Chapters