အခန်း (၁၁၂-၁၁၄)
Vol. 8 Ch. 112-114
အပိုင်း (၁၁၂) အန္တရာယ်ထဲတွင် ချမ်းသာမှုကို ရှာဖွယ်ခြင်း
စုမိသားစုက လူအားလုံးသည် မြန်မြန်လှုပ်ရှား လိုက်ကြတော့သည်။ နေ့ဝက်အတွင်း အယောက်တိုင်းက ကိုယ်စီအထုပ်များကို ထုပ်ပိုးပြီး သွားတော့သည်။ အတွေးပေါင်းစုံနှင့် အားလုံး၏ အိပ်ရေးပျက်ညများသည် နောက်ဆုံးတော့ ကျော်လွန်သွားတော့သည်။ နွေဦးမနက်စောစောတွင် ရာသီဥတုက မြူခိုးနှင့် မှိုင်းဝေနေလေသည်။ စုမိသားစု၏ မြင်းလှည်းနှစ်စီးနှင့် မြည်းလှည်း ငါးစီးတို့သည် စုမိသားစုတံခါးရှေ့တွင် ညီညီညာညာ တန်းစီကာ ရပ်ထားလေသည်။ စုမိသားစုရှိ လူအားလုံးသည် တိတ်တိတ်ဆိတ်ဆိတ်နှင့် သွက်သွက်လက်လက် လှုပ်ရှားလိုက်ပြီး မထွက်ခွာခင် နောက်ဆုံး သေချာစစ်ဆေးလိုက်ကြ၏။
စုမိသားစု၏သခင်များက ခြံရှေ့တွင် နှုတ်ဆက်စကား ပြောနေကြဆဲ။
“ယိုကျင့် အမေ သမီးနဲ့ ယိုကျူးတို့ လော့ဟယ်မှာနေခဲ့တာကို တကယ် စိတ်ပူတယ်နော် တကယ်လို့များ...”
အမျိုးသမီးစုသည် သမီးနှစ်ယောက်၏လက်ကို တင်းနေအောင် ကိုင်ထားပြီး မလွှတ်တမ်း ငြင်းနေလေသည်။ သူမသည် သူတို့နှင့်အတူ သမီးနှစ်ယောက်ကိုပါ ခေါ်သွားချင်ခဲ့သည်။
“ ငွေက အရေးမကြီးပါဘူး၊ အမေက အမေတို့မိသားစုတွေ ကောင်းကောင်းနေနိုင်ဖို့ပဲ မျှော်လင့်တာပါ”
ကျန်သည့်လက်တစ်ဖက်ဖြင့် ယိုကျင့်က အမျိုးသမီးစုကို အသာအယာပုတ်လိုက်ပြီး အသာအယာနှစ်သိမ့်လိုက်၏။
“ အမေရယ် စိတ်မပူပါနဲ့၊ အိမ်မှာ ဦးလေးစုန့်နဲ့ သက်တော်စောင့်တချို့ ရှိပါသေးတယ်၊ ဘာမှ ဖြစ်မှာ မဟုတ်ဘူး”
စုမိသားစု၏အုတ်မြစ်သည် လော့ဟယ်မြို့တွင် ရှိနေလေသည်။ လော့ဟယ်သည် မြောက်ပိုင်းမှ သာ့ဖုန်းမြို့တော်သို့ သွားရန် အရေးကြီးသည့်ဂိတ်တစ်ခုဖြစ်သည်။ လော့ဟယ်ကို ထိုးဖောက်နိုင်ခဲ့လျှင် မြောက်ပိုင်းလူမျိုးများ၏မြင်းတပ်က အချိန်တိုအတွင်း မြို့တော်ကို တိုက်ခိုက်သွားနိုင်လိမ့်မည်။ မင်းကြီးက လောဟယ်ကို ကျဆုံးခံလိမ့်မည် မဟုတ်ပေ။
ယိုကျင့်က သည်အချက်ကို လောင်းကြေးထပ်ချင်မိသည်။ သို့သော် သူမနှင့်အတူ မိသားစုတစ်ခုလုံးကို မစွန့်စားစေလိုပေ။ အခန့်မသင့်ဘဲ မြောက်ပိုင်းလူမျိုးက အမှန်ပင် သည်နေရာသို့ ရောက်လာခဲ့လျှင် ချာရှန်းသည် ဝေးလံသည့်နေရာဖြစ်သဖြင့် လွတ်သွားလိမ့်မည်။ မိသားစု၏လုံခြုံရေးအတွက် ယိုကျင့်က သူမကိုယ်တိုင် နေခဲ့ရန် ဆုံးဖြတ်လိုက်ပြီး မိသားစုတစ်ခုလုံးကို စွန့်စားခွင့်မပြုပေ။
“ ဟုတ်ပါတယ် အမေရဲ့ စိတ်မပူပါနဲ့ မကြီးက သမီးတို့ထဲမှာ တိုက်ခိုက်ရေးအကောင်းဆုံးသူပဲလေ၊ သူ အဆင်ပြေမှာပါ”
ယိုကျင့်နှင့် တစ်ဝက်လောက်တူသည့် ယိုကျူးက ယိုကျင့်ဘေးတွင် ရွှင်လန်းစွာရပ်ရင်း အမျိုးသမီးစုကို နှစ်သိမ့်ပေးလိုက်လေသည်။
“ အမေ ချာရှန်းမှာ စိတ်မပူပဲ ခဏလောက် သွားနေလိုက်နော် ၊ မကြီးနဲ့ သမီးတို့ အမေတို့ကို လာခေါ်မှာ စောင့်နေလိုက်”
“သမီးရဲ့မကြီးက အရမ်းအရည်အချင်းရှိတာ ဟုတ်ပါတယ် ဒါပေမဲ့ သမီးကတော့ အပျင်းအထူဆုံးလေ၊ ဒီမှာနေခဲ့ဖို့အရေး အော်ဟစ်ဆူပူနေရဲရသလား”
စိတ်ဆိုးကာဖြင့် အမျိုးသမီးစုက ယိုကျူးကို ကြည့်လိုက်ပြီး
“ သမီးတို့ ညီအစ်မတွေထဲမှာ သမီးက အာအခံတတ်ဆုံးပဲ”
ယိုကျူးက လျှာလေးထုတ်ပြကာ ပြန်တုံ့ပြန်လိုက်လေသည်။ ခေါင်းလေးကို ငုံ့ကာ မကြီးကို မှီထားလိုက်ပြီး ဘာမှမပြောတော့ပေ။ မကြီးက သူမအတွက်ပြောပေးမည်မှန်း သိထားသောကြောင့်ပင်။ သူမသည် ငယ်ငယ်လေးကတည်းက မကြီးစကားကို နားထောင်ခဲ့လေသည်။ သို့သော် သည်တစ်ကြိမ်တော့ ဘယ်သူမှ သူမကို နားမချနိုင်ခဲ့ပေ။ သူမသည် မကြီးနှင့် လော့ဟယ်တွင် နေခဲ့ရန် ဆုံးဖြတ်ခဲ့လေသည်။
ယိုကျင့်က ပြုံးကာ ပြောလိုက်၏။
“ အမေရယ် စိတ်မပူပါနဲ့တော့၊ ယိုကျူးက ပါးနပ်ပါတယ်၊ ဘာမှ ဖြစ်မှာမဟုတ်ဘူး၊ ပြီးတော့ တစ်ခုခု ဖြစ်လာရင်လည်း ဒီမှာ သမီးရှိပါသေးတယ်၊ သမီး ယိုကျူးကို ဂရုစိုက်ပါ့မယ်”
အစပိုင်းတွင် ယိုကျင့်သည် လော့ဟယ်၌ ယိုကျူးကို ခေါ်ထားရန် အစီအစဥ်မရှိခဲ့ပေ။ သို့သော် မနေ့ညက ယိုကျူးနှင့် စကားများခဲ့ရသည်။ တောင်းပန်တိုးလျှိုး ကတိပေးခဲ့ပြီးနောက် ယိုကျင့်က လိုက်လျောပေးလိုက်တော့သည်။ သားအမိများသည် အချိန်တော်တော်ကြာသည်အထိ စကားပြောလိုက်ကြလေသည်။ သက်တော်စောင့်ခေါင်းဆောင် ရှောင်က အားလုံး အဆင်သင့်ဖြစ်သည့်အကြောင်း သတင်းလာပို့သည့်အချိန်မှ အမျိုးသမီးစုသည် ကျန်သည့် ကလေးများကို ခေါ်ကာ လှည်းပေါ် တက်သွားပြီး ချာရှန်းသို့ ထွက်ခွာသွားကြတော့သည်။
ဘေးတွင် အမျိုးသမီးဟန်က သူမ၏မျက်ရည်များကို တိတ်တိတ်လေး အကြိမ်ကြိမ် သုတ်နေလေသည်။ သူမသည် ကလေးများနှင့် နောက်ဆုံးတော့ ပြန်ဆုံစည်းခွင့်ရခဲ့သော်လည်း အခုတော့ သူတို့တွေက တဖန် ပြန်ခွဲခွာသွားရပြန်သည်။ သူမသည် မတတ်သာတော့ဘဲ အတန်တန် မှာကြားလိုက်တော့သည်။
“ သားတို့အစ်မက အခု ကိုယ်ဝန်ရင့်နေပြီနော်၊ ဝမ်ရှန့် သားက အကြီးဆုံးသား၊ သားရဲ့အစ်မနဲ့ မောင်လေးကို အမေမရှိတုန်း ကောင်းကောင်းစောင့်ရှောက်ရမယ်နော်”
အစပိုင်းတွင် ယိုကျင့်က အမျိုးသမီးဟန်အား ချာရှန်းသို့ လိုက်သွားရန် ပြောခဲ့သော်လည်း သူမက နေခဲ့ဖို့ရန်သာ အတင်းပြောနေလေသည်။ ထို့ကြောင့် ယိုဟယ်တစ်ယောက်သာ လျိုမိသားစုမှ ယောက်မလေးနှစ်ယောက်နှင့် ဝမ်ရှန့်ညီအစ်ကိုကို ခေါ်ကာ ချာရှန်းသို့ သွားလိုက်ကြလေသည်။
အမျိုးသမီးဟန် နှင့် ယိုကျင့်က ယိုကျူးကို ခေါ်ထားလိုက်ပြီး စုအိမ်၏ဂိတ်တွင် ရပ်ကာ မိုးမသောက်ခင် မနက်စောစော၌ တဖြည်းဖြည်း ပျောက်ကွယ်သွားသည့် လှည်းတန်းကို စောင့်ကြည့်နေလိုက်လေသည်။ သူတို့သည် နောက်ဆုံးမြည်းလှည်း မပျောက်သွားခင်အထိ စုအိမ်အတွင်းသို့ ပြန်မဝင်သွားခဲ့ကြပေ။ ယိုကျင့်သည် မိသားစု၏ ကိစ္စကြီးငယ်အားလုံးကို သေသေချာချာပြန်စီစဥ်ရန် လိုအပ်လာတော့သည်။
ပင်မဆောင်၏ ထိပ်ပိုင်းတွင် ထိုင်ရင်း ယိုကျင့်က ပြင်းပြသည့်မျက်လုံးများဖြင့် နှစ်တန်းစီထားသည့် အစေခံနှင့် အစောင့်များကို ကြည့်လိုက်ပြီး ကြေညာလိုက်တော့သည်။
“ ရှင်တို့အားလုံးက ကျွန်မတို့စုမိသားစုနဲ့အတူ အေးအတူ ပူအမျှ လော့ဟယ် နေခဲ့ဖို့ ဆန္ဒရှိတယ်ဆိုတော့ ကျွန်မကလည်း အခု ရှင်တို့ အာမခံပေးနိုင်တယ် တကယ်လို့များ မြောက်ပိုင်းလူမျိုးတွေ ဒီကို တကယ်ရောက်လာခဲ့ရင် ကျွန်မက ရှင်တို့ထဲက ဘယ်သူ့ကို ဘယ်တော့မှ လက်လွှတ်မှာ မဟုတ်ဘူး၊ တစ်ယောက်ယောက် ကံအကြောင်းမလှလို့ သေသွားမယ်ဆိုရင်လည်း ကျွန်မတို့ စုမိသားစု ကျန်ရစ်ခဲ့တဲ့မိသားစုတွေကို ချန်ခဲ့ပြီး လျစ်လျူရှုမှာမဟုတ်ဘူး”
သည်အချိန်တွင် လော့ဟယ်၌ကျန်ခဲ့ကြသည့် လူအများစုက လူငယ် နှင့် လူလတ်ပိုင်း ယောက်ျားများနှင့် စားဖိုဆောင်မိန်းမများအပြင် အကြီးမမလေးနှင့် တတိယမမလေးကို အလုပ်အကျွေးပြုကြသည့် အနီးကပ်အပျိုရဲ့များသာ ဖြစ်လေသည်။ ကျန်သည့်လူများမှာ ရှောင်မိသားစုက စုမိသားစုအတွက် ထားခဲ့ပေးသည့် အစောင့်သုံးယောက်နှင့် သည်နှစ်ထဲတွင် လေ့ကျင့်ပေးထားသည့် လူငါးယောက်ဖြင့် ဖွဲ့ထားသည့် ယာယီအစောင့်အဖွဲ့ဖြစ်လေသည်။
နေခဲ့သည့်လူများထဲတွင် သွေးမြင်ခဲ့ဖူးကြသည့် ရှောင်မိသားစု၏အစောင့်များမှလွဲလျှင် ကျန်လူများသည် မူလက တည်ငြိမ်အေးချမ်းသည့်ကာလတွင် မွေးလာခဲ့ကြသည့် အေးချမ်းသည့်သာမန်လူများ ဖြစ်လေသည်။ သူတို့သည် စစ်ပွဲအတွေ့အကြုံကို အဘယ်မှာ ရှိဖူးပါမည်နည်း။
သို့သော် သူတို့သည် စုမိသားစုနှင့် အကြီးဆုံးမမလေးကို ကျေးဇူးသိတတ်ကြလေသည်။ စုမိသားစုက သူတို့ကို ဝယ်ခဲ့ပြီး အစားအသောက်နှင့် အဝတ်အစားများ ထောက်ပံ့ပေးခဲ့သည်။ သခင်မနှင့် တခြားမမလေးက ထွက်သွားကြသော်လည်း စုမိသားစု၏ကျောရိုးသည် အမြဲတမ်း အကြီးဆုံးမမလေးပင်။ အားလုံးက တစ်ညီတစ်ညွှတ်တည်း ပြန်ဖြေလိုက်ကြလေသည်။
“ အကြီးမမလေး စိတ်မပူပါနဲ့”
အကြီးမမလေး သည်နေရာတွင် ရှိနေသ၍ သူတို့၏စိတ်ထဲတွင်လည်း ယုံကြည်မှုရှိလေသည်။
“ အခုမိသားစုထဲမှာ လူနည်းနည်းပဲ ကျန်တော့တယ်ဆိုပေမဲ့ အားလုံးက ကိုယ်တာဝန်ကို ဆက်ပြီးလုပ်ဆောင်ကြရမယ်၊ အစောင့်အဖွဲ့အနေနဲ့ အစောင့်လင်းက အစောင့်ခေါင်းဆောင်အဖြစ် ယာယီတာဝန်ယူလိုက်ပါ၊ လူရှစ်ယောက်ကို လေးဖွဲ့ခွဲလိုက်မယ်၊ နေ့တိုင်း ၂၄နာရီ စောင့်ကြပ်နေမဲ့လူတွေ ရှိရမယ်၊ ပြီးတော့ နေဝင်ပြီဆိုတာနဲ့ နေရာတိုင်းက ဂိတ်တံခါးကို စောစောပိတ်ရမယ်”
ယိုကျင့်က စည်းစနစ်ကျကျ တစ်ယောက်ချင်းစီကို အိမ်မှုကိစ္စများ တာဝန်ချလိုက်လေသည်။ အားလုံးသည် အနည်းငယ် ပူပင်ကာ စိတ်လှုပ်ရှားနေကြသော်လည်း အကြီးဆုံးမမလေး၏ တည်ငြိမ်နေသည့်အသွင်ကို မြင်လိုက်ရလျှင် စိတ်အေးသွားစေသည့် ဆေးတစ်လုံး သောက်လိုက်ရသလို ခံစားသွားရလေသည်။ တာဝန်များကို ချထားပေးပြီးသည်နှင့်ချက်ချင်း သူတို့သည် အလုပ်လုပ်ရန် ထွက်သွားကြတော့သည်။
ရှေ့တန်းတိုက်ပွဲသည့် တစတစပိုပြီး မတိုးသာမဆုတ်သာသည့် အခြေအနေသို့ ရောက်ကာ လော့ဟယ်မြို့တွင် စျေးနှုန်းများလည်း တဟုန်ထိုး ထိုးတက်သွားတော့သည်။ ကံအားလျော်စွာ စုမိသားစုက ဆိုင်အတွက်ရော အိမ်အတွက်ပါ အစားအသောက် လုံလုံလောက်လောက် သိုလှောင်ထားပြီးဖြစ်သည်။ သူတို့၏နေ့စဥ်ဝင်ငွေသည် စစ်ပွဲမတိုင်ခင်ကထက် လေးပုံတစ်ပုံလောက် ကျဆင်းသွားတော့သည်။
***
“အခု နေရာတိုင်းမှာ ကမောက်ကမ ဖြစ်နေတာပဲ”
ပိုင်ကျီက ဆိုင်၏ကောင်တာနောက်တွင် ရပ်ရင်း အပြင်က ဖြတ်သွားဖြတ်လာများကို ဘာမှမတတ်နိုင်သလို ကြည့်နေလေသည်။ သူမ၏စိတ်ထဲတွင် ပူပင်မှုနှင့် မတတ်သာမှုက တိုးလို့သာ လာနေတော့သည်။
ပိုင်ကျီသည် စုမိသားစု၏လူဟောင်းတစ်ယောက်ဟု သတ်မှတ်နိုင်သည်။ ဆိုင်တွင် အလုပ်လုပ်နေကြသည့် မိန်းကလေးများက အကြီးမမလေးနှင့် တတိယမမလေးတို့က ထွက်မသွားမှာကို သိထားကြပြီး အားလုံးက သူတို့နှင့်အတူ လော့ဟယ်တွင် နေခဲ့ရန် တောင်းဆိုခဲ့ကြလေသည်။ ယခုမူ ဆယ်ရက်ကျော်လာပြီ ဖြစ်သည်။ မြောက်ပိုင်းစစ်ပွဲကလည်း မတိုးသာမဆုတ်သာ အခြေအနေတစ်ခု ဖြစ်လာသည်။ အမှန်တွင်တော့ ဒါသည် လော့ဟယ်မြို့သားများအတွက် သတင်းကောင်းပင်။
ယိုကျူးသည် အနောက်ဘက်မီးဖိုဆောင်မှ အရှေ့ဘက်သို့ ထွက်လာသည်မှာ ခပ်ရှားရှားပင်။ ပိုင်ကျီနှင့် ချိုးနိုင်တို့က အနည်းငယ်နွမ်းနယ်နေကြသည်ကို မြင်လိုက်သဖြင့် သူမက အားပေးစကား ပြောလိုက်လေသည်။
“ ဒီလောက်လှတဲ့ နေ့လေးကို နင်တို့နှစ်ယောက်က ဘာလို့ သက်ပြင်းတွေချနေတာလဲ၊ မကြီး ခဏနေ ပြန်လာတော့မယ် နင်တို့ မစိုးရိမ်ဘူးလား”
တတိယမမလေး ထွက်လာသည်ကို မြင်လိုက်သဖြင့် ပိုင်ကျီနှင့် ချိုးနိုင်တို့က သူတို့မျက်နှာအမူအရာများကို ချက်ချင်း ပြင်လိုက်ပြီး အပြုံးတစ်ခု ဆောင်ထားလိုက်ကြလေသည်။
“ တတိယမမလေး အစေခံမလေးကို ချမ်းသာပေးပါ အစေခံမလေးက မှားမှန်းသိပါပြီ”
ပိုင်ကျီနှင့် ချိုးနိုင်တို့သည် တတိယမမလေးက မိန်းကလေးငယ်လေးအရွယ်မှာ ကျက်သရေရှိလှသည့် ဆယ်ကျော်သက်အရွယ်မိန်းကလေးအဖြစ် ကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့ကြသူများဟု ဆိုနိုင်လေသည်။ သခင်နှင့် အစေခံကြားက စည်းကို ရှင်းရှင်းလင်းလင်း တားထားသော်လည်း ခင်မင်မှုရင်းနှီးမှုတို့က ရှိသေးသည်။
“ နင်တို့တွေ ဘာတွေပြောနေကြတာလဲ၊ နင်တို့ရယ်သံကို အပြင်ကနေတောင် ကြားရတယ်”
ပြုံးရွှင်နေသည့် ယိုကျင့်သည် အပြင်က ပြန်ရောက်လာချိန်၌ သူတို့သုံးယောက်က စကားပြာနေကြသည်။ သည်နေ့တွင် သူမက နတ်သမီးဆယ်နှစ်ပါး ဒီဇိုင်းစကပ်ကို မက်မွန်ပွင့်ထိုးထားသည့် အဖြူရောင်လက်ကျဥ်းအင်္ကျီနှင့် ကြာပွင့်တစ်စုံဒီဇိုင်း အပေါ်ထပ် အနွေးထည်ကို တွဲဝတ်ထားလေသည်။ ချောမောလှပနှင့်ပြီးသား မိန်းကလေးတစ်ယောက်ကို ပိုကြီး တောက်ပကာမှင်တက်ဖွယ်ဖြစ်သွားစေတော့သည်။
“ အကြီးမမလေး ( မကြီး)”
ယိုကျင့် ပြန်လာသည်ကိုမြင်လိုက်သဖြင့် သူတို့သုံးယောက်သည် ရယ်မောနေသည်ကို ရပ်လိုက်ကြတော့သည်။ ပိုင်ကျီနှင့်ချိုးနိုင်က လက်လေးကိုချကာ ရပ်လိုက်ပြီး ယိုကျူးကတော့ သူမဆီ ကပ်သွားလိုက်၏။
“ မကြီး ပြီးသွားပြီလား”
မကြီးက သည်နေ့ ဆွေးနွေးတိုင်ပင်စရာရှိသည့်အတွက် အပြင်သွားလိုက်မှန်း ယိုကျူး သိထားသည်။ မျှော်လင့်မထားဘဲ သူသည် နာရီ၀က်စောပြန်လာခဲ့လေသည်။ မကြီး၏ပြုံးနေသည့် အမူအရာကို ကြည့်လိုက်ပြီး ကိစ္စချောမွေ့ခဲ့မှန်း သိလေသည်။
ချိုးနိုင်ယူလာပေးသည့် ဆူးနှင်းဆီပျားရည်ဖျော်ရည်ကို တစ်ငုံသောက်လိုက်ရာ နွေဦးမနက်စောစော၏ အအေးဓာတ်တို့ ပျောက်သွားတော့သည်။ ယိုကျင့်က အေးဆေးသက်သာစွာ သက်ပြင်းချလိုက်ပြီး ချိုးနိုင်ကို ပန်းကန်းလုံး ပြန်ပေးလိုက်ပြီးနောက် ညီအစ်မနှစ်ယောက်က ဒုတိယထပ်ရှိ ဘေးအခန်းသို့ တက်သွားလိုက်ကြတော့သည်။
“ မကြီး ဒီနေ့ဘယ်လိုလဲ”
မကြီး၏ နက်နဲလွန်းလှသော မျက်နှာအမူအရာကို ကြည့်ရင်း ယိုကျူး၏သိလိုစိတ်တို့က တိုးထွက်လာကာ ယိုကျင့်ဘေးတွင် နာနာခံခံဖြင့် ထိုင်ချလိုက်လေသည်။
ယိုကျင့်က သူမ၏အိတ်ကပ်ထဲက စာရွက်အထပ်အနည်းကို ထုတ်ယူလိုက်ပြီး စားပွဲပေါ်တင်လိုက်ကာ ယိုကျူးကို ပြုံးလျက်ကြည့်လိုက်၏။
“ ဒါကို ကြည့်ပြီး အဖြေရှာကြည့်ပါလား”
ယိုကျူးသည် သူမကို သံသယမဖြစ်ပေ။ စားပွဲပေါ်က စာရွက်များကို ကောက်ယူလိုက်ပြီး သေသေချာချာဖတ်ကြည့်လိုက်လေသည်။ နောက်ဆုံးတွင် ခေါင်းမော့ကာ ယိုကျင့်အား မသင်္ကာသလို ကြည့်လိုက်လေသည်။
“ စာချုပ်တွေ အများကြီးပဲ၊ ဘယ်လောက်တောင် ကျသွားလဲဟင်၊ အယ်၊ ဒါက ဘာလဲ”
သူမသည် ပိုင်ဆိုင်မှုစာချုပ် ဖြစ်နေမှန်း သိသွားတော့သည်။ သူတို့ထဲက တစ်ခုသည် မြို့အရှေ့ပိုင်းရှိ လမ်းကို မျက်နှာမူထားသည့် နှစ်ထပ်ဆိုင်တစ်ခု ဖြစ်လေသည်။ ကျန်သုံးခုမှာ မြို့အရှေ့ဘက်ရှိ ဟွိုင်ရှူးလမ်းသွယ်နှင့် အန်းချန်လမ်းမပေါ်တွင် ရှိလေသည်။ သူတို့ထဲတွင် ဟွိုင်ရှူးလမ်းသွယ်က တစ်ခုသည် ခြံဝင်းသုံးခုပါသည့်အိမ်တစ်လုံးဖြစ်လေသည်။ အန်းချန်လမ်းမပေါ်က အိမ်နှစ်လုံးကတော့က ခြံဝင်းနှစ်ခုပါသည်။ ဒါပေမဲ့ ဒီစာရွက်နှစ်ခုပေါ်မှာ ဘာလို့ သူမနဲ့ ဒုတိယအစ်မတို့ရဲ့ နာမည်တွေ ရေးထားတာလဲ။
ယိုကျင့်က အိမ်စာချုပ်လေးခုကို သူမအိတ်ကပ်ထဲ ပြန်ဂရုတစိုက် ပြန်ထည့်လိုက်၏။ သူမသည် ယိုကျူးကို သွားပေါ်သည်အထိ ပြုံးပြလိုက်ကာ ပြောလိုက်လေသည်။
“ နင့်ဒုတိယအစ်မက နောက်နှစ်နှစ်လောက်ဆို လက်ထပ်တော့မှာလေ၊ လက်ဖွဲ့ပစ္စည်း ပြင်ဆင်ထားဖို့ အချိန်ကျပြီ၊ နင့်ဒုတိယအစ်မ လက်ထပ်ပြီးသွားနောက် နင့်အလှည့်ပဲလေ မဟုတ်ဘူးလား”
သူမသည် အသက် ၁၅နှစ် ၁၆နှစ်တွင် လက်ထပ်သည်က အလွန်စောလွန်းသည်ဟု ထင်မိသော်လည်း ဒါက သည်ခေတ်၏စံနှုန်း ဖြစ်နေသည်။ သူမသည် သူတို့ကို ကာကွယ်ပေးရန် အကောင်းဆုံး လုပ်ပေးရန်သာ ရှိတော့သည်။
“ ဘယ်အချိန်ပဲဖြစ်ဖြစ်ပါ ငွေလိုမျိုး ပစ္စည်းတွေက ကိုယ့်လက်ထဲမှာ ရှိနေတာပိုကောင်းတယ်လေ”
“ ညီမလေး မလိုချင်ပါဘူး၊ မကြီး ဒါကို ယိုလင် ၊ ယိုလော့ နဲ့ တခြားသူတွေ အတွက်သိမ်းထားလိုက်”
ယိုကျူးက မျက်နှာလေးကို စူပုတ်ထားကာ ယိုကျင့်ကို ကြည့်လိုက်၏။
“ ဒီလောကမှာ ယောက်ျားရယ်လို့မှ မရှိတာ၊ ညီမလေးကတော့ ဒီနံစော်နေတဲ့ယောက်ျားကြောင့် ကိုယ့်ဟာကို အမှားခံမဲ့အစား ဆံချပြီး သီလရှင်ပဲ ဝတ်လိုက်တော့မယ်”
စိတ်ဆိုးဟန်ဖြင့် ယိုကျင့်က သူမ၏နဖူးကို တောက်လိုက်တော့သည်။
“ ပေါက်ကရတွေ၊ နင် နောက်ပိုင်း လက်ထပ်တာပဲဖြစ်ဖြစ် လက်မထပ်တာပဲဖြစ်ဖြစ် ဒီပစ္စည်းတွေနဲ့ ထိုက်တန်ပါတယ်၊ ဒီလောကမှာ လူတိုင်း နင့်ကို သစ္စာဖောက်သွားနိုင်ပေမဲ့ ငွေနဲ့ ပိုင်ဆိုင်မှုစာချုပ်တွေကတော့ သစ္စာမဖောက်နိုင်ဘူး”
ယိုကျူးသည် ယွဲ့မိသားစုရှိလူများ၏ ကြီးကြီးမားမား သက်ရောက်မှုခံစားနေရကြောင့် ယိုကျင့်သိလေသည်။ ထို့ကြောင့်ပင် ယိုကျူးက ဒီလောကက ယောက်ျားများသည့် လူကောင်းများ မဟုတ်ဟု တွေးခဲ့ခြင်းပင်။ ထို့ကြောင့် သူမလည်း စကားများများ မပြောတော့ချေ။ မည်သို့ဆိုစေ အိမ်စာချုပ်ကို အလှဲအလှယ်လုပ်ပြီးဖြစ်လေသည်။
“မကြီး”
ယိုကျင်းက ပို၍အနားကပ်ကာ ထိုင်လိုက်ပြီး သူမ၏လက်မောင်းကို ဆုပ်ကာ ချွဲနွဲ့ကာ လှုပ်ယမ်းနေလေသည်။
“ ညီမလေး လက်မထပ်ချင်ဘူးနော်၊ ညီမလေး အိမ်မှာပဲနေပြီး ဆိုင်စောင့်လုပ်ပေးလို့မရဘူးလား”
“ ညီအစ်မတွေထဲမှာ နင်က အဆိုးဆုံးပဲ”
ယိုကျင့်သည် အခြေအနေတစ်ခုအထိ နှိပ်စက်ခံလိုက်ပြီးနောက် ညီမဖြစ်သူကို ဖိအားပေးရန် ရည်ရွယ်ချက် မရှိလေရာ သူမက သဘောထားပြောင်းသွားတော့သည်။
“ ဟုတ်ပါပြီ၊ ညီမလေးက နောင်တစ်ချိန်ကျရင် တကယ်ချစ်ရမဲ့သူ မတွေ့ဘူးဆိုရင်တော့ လက်မထပ်နဲ့ပေါ့”
မည်သို့ဆိုစေ မိသားစုအခြေအနေနှင့်ဆိုလျှင် ယိုကျင့်သည် သူတို့တွေ လက်ထပ်သည်ဖြစ်စေ လက်မထပ်သည်ဖြစ်စေ သူတို့တစ်ယောက်ချင်းကို မိသားစုစီးပွားရေးတစ်ခု စတင်ခိုင်းရန် စီစဥ်ထားပြီးသားပင်။ ယိုကျူးကို အတင်းလက်ထပ်ခိုင်းလိုက်လျှင် သူမကို ကျန်သည့်ဘဝတစ်လျှောက် မုန်းနေလေတော့မည်။
ယိုကျူးသည် ယိုကျင့်ပါးစပ်ထဲက ဤမျှလောက် ထိတ်လန့်ဖွယ်စကားထွက်လာသည်ကို အံ့ဩမသွားချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမက အလွန်ကျေးဇူးတင်နေသေးသည်။
“ ကျေးဇူးတင်ပါတယ် မကြီး”
မကြီးက သူမဘက်မှာ ရှိနေသရွေ့ အမေ ဘယ်လောက်ပဲ စိတ်ဆိုးဆိုး သူမကတော့ မကြောက်ပါဘူး။
ညီအစ်မနှစ်ယောက်သည် စကားအကြာကြီးပြောလိုက်ကြပြီးနောက် ယိုကျူးသည် မီးဖိုဆောင်သို့ ပြန်သွားတော့သည်။ ယိုကျင့်က ဒုတိယထပ် ဘေးအဆောင်တွင် စာရင်းတွက်ရင်း နေခဲ့လိုက်တော့သည်။
ရှေ့တန်းစစ်ပွဲကြောင့် လော့ဟယ်မြို့၏စျေးနှုန်းများက ခုန်တက်သွားတော့သည်။ သို့သော် အိမ်ခြံမြေစျေးက အကြီးအကျယ် ကျဆင်းသွားသည်။ သည်တစ်ကြိမ်တွင် ယိုကျင့်ဝယ်လာခဲ့သည့် လမ်းဘက်မျက်နှာမူထားသောဆိုင်က စစ်ကြိုကာလစျေး၏ ၈၀% သာရှိလေသည်။ အိမ်များက ပိုစျေးပေါ၏။ ထိုလူများသည် မြောက်ပိုင်းလူမျိုးများ ရောက်လာမည်ကို ကြောက်ကြသဖြင့် အိမ်များကို စျေးပေါပေါနှင့် ရောင်းချလိုကြသည်။ သူမသည် ပေါက်စျေး၏၇၀%ဖြင့် အိမ်သုံးလုံးကို ဝယ်ယူခဲ့သည်။
စာရင်းထဲက ကုန်ကျစားရိတ် ယွမ်၃၀၀၀ နီးပါးကို မှတ်လိုက်ပြီးနောက် ယိုကျင့်သည် အိမ်တွင်ကျန်သည့် ငွေများကို ရေတွက်လိုက်လေသည်။ နောက်ဆုံးတွင် သူမသည် စာရင်းစာအုပ်ကိုပိတ်လိုက်ပြီး လမ်းဘက်မျက်နှာမူထားသည့် ပြတင်းပေါက်ဘေးတွင် ထိုင်ချလိုက်ကာ စျေးထဲတွင် လူများ သွားလာလှုပ်ရှားနေသည်ကို ကြည့်နေလိုက်လေသည်။ အန္တရာယ်ထဲတွင် ချမ်းသာခြင်းကို ရှာဖွေနေခြင်းဟု သူမကိုယ်သူမ ပြန်စဥ်းစားလိုက်မိတော့သည်။ လက်ရှိဘုရင်မင်းမြတ်က သူမကို စိတ်မပျက်ရစေဖို့သာ ဆုတောင်းမိလေတော့သည်။
…
အပိုင်း (၁၁၃) အောင်မြင်မှုကြီး
မတ်လထဲရောက်ချိန်တွင် ရှေ့တန်းမှ အောင်မြင်မှုကြီး ဆွတ်ခူးနိုင်ခဲ့သည့် သတင်းမှာ ပျံ့နှံ့လာခဲ့သည်။ လော့ဟယ်မြို့၌ ယိုကျင့်နှင့် အကြံတူညီစွာ နေထိုင်ကြသော လူအများစုမှာ စိတ်သက်သာရာ ရသွားကြသည်။
မြို့တော်ရှိ တရားရုံး၌
ဆံနွယ်များ ဖြူဖွေးနေပြီဖြစ်ကာ ခါးအနည်းငယ်ကိုင်းနေသော ဘုရင်မင်းမြတ်သည် စစ်ပွဲမှ အောင်မြင်ကြောင်း အရေးပေါ်ပြန်စာကို ဖတ်ပြီးနောက် သူ၏စိတ်၌ ခုနေသည့် အရာမှာ ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။ သူ၏ကိုင်းနေသည့်ခါးပင် အနည်းငယ် မတ်သွားသယောင်ပင် ဖြစ်နေသည်။ “ကောင်းပေစွ။ ကိုယ်တော့်ရဲ့ မှူးမတ်က တကယ်ပဲ ယုံကြည်မှုနဲ့ထိုက်တန်တယ်။ ကိုယ်တော်လို ချင်တာကို ဖြည့်ဆည်းပေးနိုင်တယ်။ စစ်သူကြီးလုကို သူရဲကောင်းဘွဲ့ပေးပြီး မြောက်ပိုင်းနယ်စပ်ကအရေးကိစ္စတွေ တည်ငြိမ်တာနဲ့ ရုံးတော်မှာ ပထမတန်းစားစစ်သူကြီးအနေနဲ့ ခန့်အပ်မယ်”
“အမြော်အမြင်ရှိလှကြောင်းပါ” မှူးမတ်များအားလုံးသည် နဂါးပလ္လင်အောက်၌ ၀ပ်တွားခရနေကြကာ အသက်ရှည်စေပါကြောင်း သံပြိုင်ဟစ်ကြွေးကြသည်။ မည်သို့ပင်ဖြစ်စေ လော့ဟယ်မြို့သည် လုံခြုံသွားပြီဖြစ်ကာ မြောက်ပိုင်းရှင်းကျန်းသည်လည်း လုံခြုံသွားပြီဖြစ်သည်။ အရာအားလုံးသည် သတင်းကောင်းများသာဖြစ်သည်။
“အံ့ဩဖွယ်ပဲ” အရှင်မင်းကြီးသည် အကြိမ်အနည်းငယ်မျှ အားရပါးရ ရယ်သွမ်းလေသည်။ ညီလာခံမှာ အတိုက်အခဲမဖြစ်ဘဲ ပြီးဆုံးသည်က ရှားပါးပေသည်။ အရာရှိများအားလုံး စိတ်ထောင်းကိုယ်ကြေနေကြပြီဖြစ်သည်။ မြောက်ပိုင်းနယ်စပ်ရှိ တပ်များက မြောက်ပိုင်းရန်သူများကို တိုက်ထုတ်နိုင်ခဲ့သည့်အတွက် သာ့ဖန်၏ အကြီးမားဆုံး ခရီးသွားလာရေးပြဿနာမှာ ဖြေရှင်းပြီးဖြစ်သည်။ ဘုရင်မင်းမြတ်၏ စိတ်ညစ်ညမ်းသမျှလည်း ပြေပျောက်ပြီဖြစ်သောကြောင့် မှူးမတ်များမှာ စိတ်ချလက်ချအိပ်နိုင်ပြီဖြစ်သည်။
သို့သော်လည်း ညီလာခံ၌ မျက်နှာတွင် ပြုံးနေသော်လည်း စိတ်ထဲ၌ နာကျင်နေကြသော သနားစရာလူတစ်စု ရှိနေသေးသည်။ မြောက်ပိုင်းအရေးကိစ္စသည် မတိုးသာမဆုတ်သာ အခြေအနေဖြစ်ပွားချိန်၌ မည်သူမှ ရှေ့ထွက်မလျှောက်တင်ရဲကြပေ။ ထို့ကြောင့် သူတို့သည်လည်း ချုံရှင်းဟန် စစ်သူကြီးလုကို တွန်းပို့လိုက်ကြသည်။ သူတို့၏ မူရင်းရည်ရွယ်ချက်မှာ အတားအဆီးဖြစ်နေသော လူအိုကြီးလုကို ဖယ်ရှားရန်ဖြစ်သော်လည်း သူတို့အကြံအစည်အတိုင်း မဖြစ်လာခဲ့ချေ။
ထိုလူအိုကြီးလျိုဝေ၌ အိုဇာတာကောင်းလိမ့်မည်ဟု မည်သူထင်မည်နည်း။ မသေလျှင် ကံကောင်းသည်ဟု ဆိုရမည်ဖြစ်သော်လည်း ထိုလူကြီးသည် မြောက်ပိုင်းနယ်စပ်ရှိ ရန်သူများကိုပင် တိုက်ထုတ်နိုင်လိုက်သည်တဲ့လား။ မှူးမတ်အုပ်စုမှာ အရှေ့ဆုံးတန်း၌ ရပ်နေသော လက်သည်းလေးခုပါသည့် ငွေရောင် တရားရုံး၀တ်ရုံကို ၀တ်ဆင်ထားသည့် လူ၏ကျောပြင်ကို ကြည့်လိုက်သည်။ သူတို့၏နှလုံးသားမှာ ကျပ်တည်းလာပြီး ယနေ့ ဒေါသမထွက်မိအောင် ထိန်းသိမ်းနေရသည်။
စစ်သူကြီးလျိုဝေ၏ မြောက်ပိုင်းနယ်စပ် အောင်နိုင်မှုမှာ မြို့တော်တစ်ခုလုံး ပျံ့နှံ့သွားလေသည်။ နိုင်ငံတစ်ခုလုံး အောင်ပွဲခံနေချိန်၌ စစ်အောင်နိုင်ရေးသတင်းနှင့်အတူ အခြားသော ကောလာဟလများပါ ပြန့်နှံ့လာခဲ့သည်။
“မင်းသိပြီးပြီလား။ အခုမြောက်ပိုင်းနယ်စပ်မှာ ရန်သူတွေကို တိုက်ထုတ်လိုက်တဲ့ စစ်သူကြီးလျိုဝေက အရင်က သမိုင်း၀င် စစ်သူကြီးဟန်ရဲ့ လက်အောင်မှာ တာ၀န်ထမ်းဆောင်ဖူးတယ်တဲ့။ သူက စစ်သူကြီးဟန်ရဲ့ အားထားရဆုံးဖြစ်မှာ သေချာတယ်” မြို့တော်ရှိလူတိုင်းသည် စစ်သူကြီးလျိုဝေမှာ ယခင်က မြောက်ပိုင်းနယ်စပ်ရှိ ရန်သူကိုတိုက်ထုတ်ပြီး မြောက်ပိုင်းရှင်းကျန်းနှင့်တကွ အခြားသော မြို့များကိုပါ ပြန်လည်ရယူပေးခဲ့သော သမိုင်း၀င် စစ်သူကြီးဟန်၏ လက်ရုံးတော်မှန်း သိပြီးကြပြီဖြစ်သည်။
အချို့လူများသည် ယခင်က စစ်သူကြီးဟန်၏ မိသားစု၀င်ပေါင်းတစ်ရာကျော် အပြစ်ပေးခံရသည့်ကိစ္စကိုပါ ပြန်လည်အစဖော်လာကြသည်။ ခဏအတွင်း၌ပင် တစ်မြို့လုံး၌ ကောလာဟလပေါင်းများစွာ ပြန့်နှံ့ကုန်လေသည်။
“အခုတလော လူတွေက မြောက်ပိုင်းက အောင်နိုင်မှုက စစ်သူကြီးကြောင့်လို့ ပြောနေကြပြီး ဘယ်သူမှ အရှင်မင်းကြီးရဲ့ အမြော်အမြင်ရှိမှုကို မပြောကြပါဘူး”ခမ်းနားလှသည်သည့် စာကြည့်ဆောင်ထဲတွင် ပိန်သွယ်သွယ်မျက်နှာရှိသည့် လူတစ်ဦးသည် အဆင့်လေး ပြည်သူ့ရေးရာ အမှုထမ်း၀တ်စုံကို ၀တ်ဆင်ထားပြီး အဆောင်အယောင်အပြည့်တပ်ဆင်ထားသည်။ “အရှင်မင်းကြီး ဟန်ကွမ်းဟုန်ရဲ့ ကိစ္စက ကျွန်တော့်မှတ်ဉာဏ်ထဲမှာ ထင်ထင်ရှားရှား ရှိနေတုန်းပါပဲ။ မင်းကြီးက နောက်ထပ် ဟန်ကွမ်းဟုန်လို လူမျိုးကို ထပ်ပျိုးထောင်မလို့လား”သူသည် တိုင်းပြည်အရှင်၏ နှလုံးသားထဲရှိ ဆူးကို သိသောကြောင့် ထိုအရာကို ပို၍သာ စွပေးနေလေသည်။
“အဓိပ္ပာယ်မရှိလိုက်တာ” စာအုပ်ပါးလေးတစ်ခုသည် မတ်တတ်ရပ်နေသော အမှုထမ်း၏ ခြေထောက်နားသို့ လွင့်လာကာ ထိုလူသည် ချက်ချင်းပင် ဒူးထောက်လိုက်သည်။ သို့သော်လည်း သူ၏ပါးစပ်မှ တော်၀င်မိသားစု၏ လက်အောက်ငယ်သားဟု ပြောဆိုရင်း ဆက်လက် နားသွင်းလေသည်။ “အရှင်မင်းကြီး အမျက်တော်မရှပါနဲ့။ ဒီလက်အောက်ငယ်သားက သူရဲကောင်းစစ်သူကြီးကို ပုတ်ခတ်နေတာ မဟုတ်ရပါဘူး။ စစ်သူကြီးလျိုဝေက ဟန်ကွမ်းဟုန်ရဲ့ ဘယ်လက်ရုံးအနေနဲ့ ထမ်းဆောင်ခဲ့ပြီး ဆယ်နှစ်ကျော်ကြာရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့တယ်ဆိုတာ အရှင်မင်းကြီး သိပြီးသားပါ။ အခုသူက နိုင်ငံရဲ့အတောင့်တင်းဆုံး တပ်ကို ကိုင်တွယ်နေရတဲ့သူပါ။ အကယ်၍ သူသာ သူ့စစ်သားစစ်သည်သုံးသိန်းနဲ့အတူ မြောက်ပိုင်းနယ်စပ်က ပြန်လာပြီး သူ့ဓားသွားကို ကျွန်တော်တို့ဆီ ပြန်ရွယ်လာရင် မတားနိုင်မှာ စိုးရပါတယ်”
ထိုသို့ပြောပြီးသည်နှင့် အမှုထမ်းသည် သူ၏ခေါင်းနီရဲကာ အညိုမဲမစွဲခင်အထိ ထပ်ခါတလဲလဲ ဦးတိုက်ခဲ့သည်။ နဂါးပလ္လင်၌ ထိုင်နေသော နဂါး၀တ်ရုံနှင့် ဆံဖြူအဘိုးအိုကြီးမှာ နက်နဲလှသည့်အသံဖြင့် အမိန့်ပေးလိုက်သည်။ “ကောင်းပြီး အမတ်မင်းချန် ထတော့”
ဟန်ကွမ်းဟုန်၏ကိစ္စအား ပြန်အစဖော်လာသောကြောင့် ယခင်က စစ်သူကြီးလျိုဝေ၏ အောင်မြင်မှုကြောင့် ရွှင်ပျနေသည့် မင်းကြီး၏မျက်နှာမှာ မှောင်မိုက်ကာ ဒေါသတရားတို့ဖြင့် ပြန်လည်ဖြစ်တည်လာခဲ့သည်။
မင်းကြီးသည် အမှုထမ်းကို ဆုတ်ခွာရန်အချက်ပြလိုက်ပြီး ခမ်းနားလှသော စာကြည့်ဆောင်ထဲ၌ တစ်ဦးတည်း ကျန်ရစ်ခဲ့လေသည်။ အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေခဲ့ပြီးနောက် သူ၏မျက်၀န်းကို မှိတ်ချလိုက်သည်။ မျက်လုံးပြန်ဖွင့်ချိန်၌ ထိုမျက်၀န်းထဲတွင် ခါးသီးမှု၊ စိုးရိမ်ပူပန်မှုများနှင့် စိတ်ပိုင်းဖြတ်ဟန် အရိပ်အယောင်များ ပေါ်ထွက်နေသည်။
မြို့တော်နှင့် ဝေးရာ ချောင်ကျသောအရပ်ရှိ အိမ်တစ်လုံး၌ ဧကရာဇ်နှင့် ရုပ်ချင်းဆင်လှသည့် လူငယ်တစ်ဦးသည် တည့်မတ်စွာ ထိုင်နေလေသည်။ ထသွားထလာဖြစ်သည့် အမည်းရောင်၀တ်စုံကို ပြောင်းလဲ၀တ်ဆင်ပြီးပြီဖြစ်သော အရာရှိချန်ပြောသမျှကို နားဆင်ရင်း စာကြည့်ဆောင်ထဲရှိ အဖြစ်အပျက်များကို ခန့်မှန်းတွက်ချက်နေကာ ခေါင်းညိတ်လိုက်သည်။ “ဖခမည်းတော်က စိုးရိမ်ကြောင့်ကြများတဲ့သူပဲ။ ဟန်ကွမ်းဟုန်ရဲ့ကိစ္စက အခုထိ ဖခမည်းတော်ရင်ထဲမှာ အရိပ်တစ်ခုလို တွယ်ကပ်နေတုန်းပဲ။ အရာရှိချန်က အခုလိုထောက်ပြလိုက်တော့ ဖခမည်းတော် သေချာပေါက် သံသယစိတ်၀င်မှာ ကျိန်းသေပဲ။ ငါတို့ရဲ့ လျှို့ဝှက်တပ်သားတွေလည်း စပြီးလှုပ်ရှားလို့ရပြီ”
“ကျွန်တော်နားလည်ပါပြီ” အရာရှိချန်၏ ကြမ်းတမ်းလှသည့် မျက်နှာ၌ ကောက်ကျစ်သည့် အပြုံးတစ်ခုထွက်ပေါ်လာသည်။ “လျိုဝေသာပြုတ်တာနဲ့ မြောက်ပိုင်းရှင်းကျန်းမှာ ရှိတဲ့ တပ်သားသုံးသိန်းက အရှင်းသားလက်ထဲကို ရောက်လာမှာပါ”
သံသယမျိုးစေ့သည် စိုက်ပျိုးပြီးသည်နှင့် အလျင်အမြန်ကြီးထွားလာတတ်သည်။ အချိန်ကိုသာ မီးစာမွှေးလိုက်ပါက အရှင့်သားသည် အရေးကြီးလှသည့်နေရာကို တက်လှမ်းနိုင်မည်ဖြစ်သည်။
“ရှေးဆိုရိုးတွေကို မကျက်မှတ်ဘဲ လေ့လာသင့်တယ်။ အခုက တယူသန်ပြီး တဖက်သတ်ဆန်လွန်းတယ်။ လျိုဝေနဲ့ ဟန်ကွမ်းဟုန်တို့လို ပါရမီရှင်တွေအတွက် သနားစရာပဲ” လူငယ်လေးသည် သက်ပြင်းသဲ့သဲ့ချရင်း အရည်အချင်းရှိသည့်သူများအတွက် ၀မ်းနည်းနေသည့်တိုင် သူ၏မျက်၀န်းရှိ အေးစက်မှုမှာ ပျောက်ကွယ်မသွားခဲ့ပေ။
လျိုဝေနှင့် ဟန်ကွမ်းဟုန်၏ ယခင်က ဆက်ဆံရေးသည် ပျံ့နှံ့လာသည့်အတွက် မြို့တော်၏လူတိုင်း သိပြီးကြပြီဖြစ်သည်။ ရုံးတော်၌ ထိုကိစ္စနှင့်ပတ်သက်၍ လူအများအပြား ငြင်းခုန်နေကြသည်။ ညီလာခံ၌လည်း ပြည်သူ့ရေးရာ၀န်ထမ်းနှင့် စစ်ဘက်ဆိုင်ရာ အမှုထမ်းများသည် အချင်းချင်း အောက်ဖဲလှန်ရင်း အငြင်းပွားနေကြသည်။ ထိုအချိန်၌ မြို့တော်ရှိ ရှောင်မိသားစုမှာ တစ်ခုခုလွဲမှားနေကြောင်း သတိထားမိသွားသည်။ ရှောင်လင်းယွီသည် စာကြည့်ခန်း၌ ရှောင်ဟိုင်ယုနှင့်အတူ ထိုကိစ္စအပေါ် တိတ်တဆိတ်ဆွေးနွေးခဲ့ကြသည်။
“သားမှတ်မိတာက စစ်သူကြီးဟန်နဲ့အဘိုးနဲ့က ဆက်ဆံရေးကောင်းခဲ့ကြတယ်လေ။ ဟန်မိသားစု တစ်ခုခု ဖြစ်တုန်းက သားတို့ရှောင်မိသားစု ၀င်ပါခဲ့သေးလား” ရှောင်လင်းယွီသည် အဘိုးဖြစ်သူ၏ ရှုပ်ထွေးကျယ်ပြောလှသော သူငယ်ချင်းဆက်ဆံရေးများကို နှစ်သက်ပေသည်။ သို့သော် အဘိုးဖြစ်သူသည် ထိုမျှမရိုးရှင်းပေ။ သူအတွေးလွန်ခြင်းဖြစ်မည်ဟုသာ မျှော်လင့်နေရသည်။
ရှောင်ဟိုင်ယုသည် စားပွဲထိပ်၌ ထိုင်ကာ ဂျင်ဆင်းရနံ့လက်ဖက်ရေကြမ်းကို သောက်ရင်း ယခင်ကထက် နည်းဗျူဟာများ တွက်ချက်တတ်လာသော အကြီးဆုံးသားဖြစ်သူကို ကြည့်ရင်း ပြန်ဖြေလိုက်သည်။
“အရင်တုန်းက ကကိစ္စတွေပါ။ ဘာလို့မေးတာလဲ”
ဟန်မိသားစုအရေးနှင့် ပတ်သက်လာလျှင် သူသည် မသိချင်ယောင်ဆောင်ကာ မျက်နှာလွဲခဲပစ်နေခဲ့သည်။
ယခင်က ဟန်မိသားစုသည် ပုန်ကန်မှု၌ ပါ၀င်ခဲ့ကာ ထိုပြစ်မှုကြီးသည် မျိုးနွယ်စုကိုးခုအား ပျက်သုဉ်းစေခဲ့သည်။ ထိုပြဿနာမှာ လွန်ခဲ့သည့် လေးနှစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယခု လူတိုင်းသည် ဟန်မိသားစု၏ အရေးအခင်းအကြောင်းကို ပြန်လည်တူးဆွလာသောကြောင့် ရှောင်ဟိုင်ယု ထိုကိစ္စကို ထုတ်မပြောချင်သည်မှာ မထူးဆန်းပေ။
ဖခင်ဖြစ်သူ၏ မျက်နှာအမူအရာကြောင့် ရှောင်လင်းယွီမှာ နှလုံးပြုတ်လုမတတ် စိုးရိမ်လာသည်။ သို့သော်လည်း အပြင်ဘက်၌ သူ၏တည်ကြည်ကာ ၀တ္တရားသိလှသည့် ပုံစံကို ထိန်းသိမ်းထားလေသည်။ “အဖေ သား၀င်စွက်ဖက်တာ မဟုတ်ပါဘူး။ စစ်သူကြီးလုက မြောက်ပိုင်းနယ်စပ်ကို ပြန်သိမ်းပိုက်လာပြီး တစ်ယောက်ယောက်သာ သူက စစ်သူကြီးဟန်ရဲ့ လက်အောက်ကလူဆိုတဲ့အချက်ကို ဖော်ထုတ်လိုက်ရင် တကယ်လို့ အတိတ်ကပြဿနာကို ပြန်တူးဆွမယ်ဆိုရင် အရင်က ရှောင်မိသားစုက ဟန်မိသားစုနဲ့ အဆက်အသွယ်ရှိမှန်း သိသွားခဲ့ကြရင်...”
ရှောင်မိသားစု၏ ဒုတိယသခင်ရှောင်မှာ ရုံးတော်၌ တာ၀န်ထမ်းဆောင်နေကြ၍ ရှောင်သားအဖနှစ်ဦးသည်လည်း အရှင်မင်းကြီး အမျက်ဒေါသကြီးပုံကို သိရှိကြသည်။ ထို့အပြင် စစ်သူကြီးဟန်၏ သစ္စာဖောက်မှု ဖြစ်ပွားခဲ့သည်မှာ ငါးနှစ်မျှသာ ကြာသေးသည်။ အတိတ်က ထိုပြဿနာမှာ မည်မျှကြီးမားကြောင်း ရှောင်ဟိုင်ယုသိပေသည်။ သားဖြစ်သူ၏စကားကြောင့် သူ၏နောက်ကျော၌ အေးစိမ့်လာကာ ကြက်သီမွေးများ ထလာတော့သည်။ သူသည် ချောင်းခြောက်ဆိုးရင်း ပြောလိုက်သည်။ “မင်းရဲ့ဒုတိယဦးလေး ရုံးတော်ကပြန်လာမှ ဆက်ပြောကြတာပေါ့”
အချက်အလက်များသည် ရှောင်လင်းယွီ အစိုးရိမ်လွန်နေခြင်း မဟုတ်ကြောင်း သက်သေပြနေပြီဖြစ်သည်။
ရုံးတော်မှ ဒုတိယသခင်ရှောင် ပြန်လာသည့်အခါ ရှောင်သားအဖနှင့် ဒုတိယသခင်ရှောင်မှလွဲ၍ မည်သည့်အစေခံမှ မထားရှိတော့ပေ။ နှစ်နာရီမျှ လျှို့ဝှက်ဆွေးနွေးပြီးနောက် အတိတ်ကနှင့် ယခုဖြစ်ပေါ်နိုင်သည့် ပြောင်းလဲမှုများအားလုံးအတွက် အသေးစိတ်ကျစွာ ရှင်းရှင်းလင်းလင်း တွက်ချက်ပြီးပြီဖြစ်သည်။ ရှောင်မိသားစု၏ လွတ်မြောက်မှုအတွက်ကိုပင် ဆွေးနွေးပြီးကြပြီဖြစ်သည်။
“မျိုးဆက်သစ်တွေက တကယ်ပဲ အထင်ကြီးစရာပဲ။ အိုက်ရား လင်းယွီက ပိုပြီးတော့တောင် စဉ်းစားတွေးတောတတ်နေပြီပဲ” ဒုတိယသခင်ရှောင်၏ မျက်၀န်းထဲတွင် ရှောင်လင်းယွီအပေါ် စိတ်ကျေနပ်မှုများ ပြည့်နေခဲ့သည်။ ထို့နောက် နှမြောတသဖြစ်စွာ ပြောလေသည်။ “တကယ်လို့ လင်းယွီသာ မိသားစုစီးပွားရေးကို မဆက်ခံဘဲ နိုင်ငံရေးထဲပါခဲ့ရင် တကယ်ကို အောင်မြင်မှုတွေသီးနေမှာ”
ရှောင်လင်းယွီသည် ငယ်ရွယ်သေးသော်လည်း အချက်အလက်များကို ချက်ကျလက်ကျနှင့် ထိထိရောက်ရောက်ပြောနိုင်ပြီး ယခုအခြေအနေအပေါ်၌ သူ၏ကြိုတင်ပြင်ဆင်ထားသည့် အစီအစဉ်နှင့် ရယ်ရွက်ချက်များကိုလည်း ပြီးပြည့်စုံစွာ စီမံထားသည်။ ရှောင်လင်းယွီပြောသွားသည့်စကားများကို ပြန်ကြားယောင်ရင်း ဒုတိယသခင်ရှောင်၏စိတ်ထဲ၌ ၀မ်းမနည်းဘဲ မနေနိုင်တော့ချေ။
အခြားသူမှ မိမိတို့၏ကလေးကို မြှောက်ပင့်ချိန်တွင် ပီတိမဖြစ်သည့် မိဘမျိုး မည်သို့ရှိနိုင်မည်နည်း။ အထူးသဖြင့် သူသေချာလေ့ကျင့်ပေးခဲ့သည့် အမွေဆက်ခံသူမှာ ချီးမြှောက်ခြင်းခံနေရခြင်း ဖြစ်သည့်အတွက် ရှောင်ဟိုင်ယုမှာ အပျော်လွန်နေခဲ့သည်။ ရှောင်ဟိုင်ယုသည် ရင်ကိုကော့ကာ မျက်နှာ၌ ချိုသာသည့် အပြုံးတစ်ခု ပန်ဆင်ရင်း စံပြလူတစ်ဦးအနေဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။ “လင်းယွီက ငယ်သေးတယ်။ ညီလေးရဲ့ ဒီလိုချီးကျူးစကားတွေကို ဘယ်လိုလက်ခံနိုင်မှာလဲ”
ထို့နောက် ရှောင်လင်းယွီဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “တကယ်လို့ သားမှာ အစီအစဉ် ရှိပြီဆိုလည်း မြန်မြန်ပြင်ဆင်တော့။ ဒီကိစ္စကို တိတ်တဆိတ်လုပ်မှဖြစ်မယ်။ တကယ်သာ တိုက်ပွဲဖြစ်ရင် အဖေတို့ရှောင်မိသားစုက သေချာပေါက် ပြိုကွဲသွားလိမ့်မယ်”
ရှောင်မိသားစုသည် လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာမှ စတင်လာပြီး ဖြည်းဖြည်းချင်း မိသားစု၀င်များ လျော့နည်းလာခဲ့သည်။ သူ၏မျိုးဆက်များသာ ပုန်ကန်မှုနှင့် ပျက်သုဉ်းသွားခဲ့ပါက အနာဂတ်၌ မြေအောက်ကမ္ဘာသို့သွားချိန်တွင် ဘိုးဘေးများကို မျက်နှာမပြရဲမည်ကို စိုးရိမ်မိသည်။
ရှောင်မိသားစုသည် မျိုးရိုးမြင့်ပညာရှိ လူတန်းစားများကို မယှဉ်နိုင်သော်လည်း နှစ်ရာချီ တည်တံ့လာခဲ့သော မျိုးနွယ်ဖြစ်သည်။ ယခုကဲ့သို့ မိသားစုကြီး၌ လူများစွာရှိကာ ပါးစပ်များစွာရှိပေသည်။ ထိုသူတို့သည်လည်း သစ္စာရှိကြသည့် အစေခံများဖြစ်ကြသည်။
ရှောင်လင်းယွီ၏စာကြည့်ခန်းထဲ၌ လူငယ်တစ်ဦးနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးတို့ ဆွေးနွေးနေကြသည်။ လူငယ်လေး၏အသံသည် တည်ကြည်ညက်ညောလှသည်။ “ဒီတစ်ခေါက် ရှင်းကျန်းကို သွားရင် ဦးလေး၀မ်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဖုံးကွယ်သွားဖို့ မမေ့နဲ့နော်။ ၀ယ်ယူမဲ့ အိမ်တွေလယ်တွေအကုန်လုံး ရှောင်မိသားစုရဲ့ နာမည်နဲ့ ၀ယ်လို့မရဘူး”
ရှောင်လင်းယွီ၏ အပြုအမူများသည် အသေးစိတ်ကျလှသည်။ အကယ်၍ အရှင်မင်းကြီးသာ အပြစ်မယူခဲ့ဘူးဆိုလျှင် သူ့မိသားစုအတွက် ပိုင်ဆိုင်မှုတိုးချဲ့ရုံသာ ဖြစ်ပြီး အရှင်မင်းကြီးသာ အတိတ်ကဖြစ်ရပ်များကို ဆွဲထုတ်ကာ အဘိုးဖြစ်သူသာ ဟန်မိသားစု၏ ပုန်ကန်မှုတွင် ပါ၀င်ခဲ့ကြောင်း ရှာတွေ့ပါက ထိုပိုင်ဆိုင်မှုများသည် ရှောင်မိသားစု တဖန်ပြန်လည်ထူထောင်ရန် နောက်ဆုံးမျှော်လင့်ချက် ဖြစ်သည်။
ရှောင်၀မ်သည် ထိုကိစ္စအတွက် ရှောင်လင်းယွီရွေးထုတ်ထားသော အကောင်းဆုံး ကိုယ်စားလှယ် ဖြစ်သည်။ ရှောင်၀မ်သည် အဘိုးလက်ထက်ကပင် ရှောင်မိသားစုထံသို့ သူ့ကိုယ်သူ ရောင်းစားခဲ့သည်။ သူသည် ယခင်သခင်ကြီးရှောင်နှင့်အတူ ကြီးပြင်းလာခဲ့သည်။ ရှင်းကျန်း၌ စီးပွားရေးလုပ်နေစဉ် သူတို့သည် ဓားပြတိုက်ခံခဲ့ရသည်။ သခင်အိုကြီးရှောင်သာ ကိုယ်စားဓား ၀င်မခံခဲ့ပါက ရှောင်၀မ်သည် ရှင်းကျန်း၌ ကွယ်လွန်ခဲ့မည်ဖြစ်သည်။ အဘိုးဖြစ်သူ မဆုံးပါးခင်က ရှောင်၀မ်အား ရှောင်လင်းယွီ၏ ဘေး၌ ခစားရန် စီစဉ်ပေးခဲ့သည်။ ရှောင်၀မ်သည် ရှောင်မိသားစုနှင့် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူဖြစ်ပြီး ကိစ္စအရပ်ရပ်ကို ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ပေးခဲ့သည်။ ထို့ကြောင့် ယခုကဲ့သို့ အရေးကြီးကိစ္စများ ဖြစ်ပေါ်ချိန်၌ ရှောင်လင်းယွီ ဦးဆုံးစဉ်းစားမိသည်မှာ ရှောင်၀မ်ဖြစ်သည်။
“ရက်အနည်းငယ်နေရင် ဦးလေး၀မ်ကို တောင်ပိုင်းကို သွားဖို့စီစဉ်ပေးမယ်။ ရေလမ်းက သွားတဲ့အခါ မုန်တိုင်းတွေနဲ့ ကြုံတွေ့နိုင်တယ်။ အဆုံးဆိုးကတော့ ဦးလေးသေနိုင်တယ်” ရှောင်လင်းယွီသည် ခဏရပ်ပြီးနောက် ဦးလေး၀မ်ကိုကြည့်ကာ ဆက်ပြောလေသည်။
“အဲ့အချိန်ကျ ဦးလေးကို ကြိုဖို့ တစ်ယောက်ယောက် လာလိမ့်မယ်။ မသွားခင် ဦးလေးရဲ့ အထောက်အထားကို ပြောင်းဖို့ လိုတယ်။ ရှင်းကျန်းကိုသွားပြီး ပိုင်ယွဲ့ကုန်သည်အနေနဲ့ ပိုင်ဆိုင်မှု အချို့ကို ၀ယ်ခဲ့ပါ။ ဦးလေးမိသားစုအတွက် လူတချို့စီစဉ်ပေးပြီး သူတို့ရဲ့ အစေခံအဆင့်အတန်းကို ဖျက်ပေးမယ်။ ပြီးတော့ ငွေအလုံအလောက်ပေးပြီး မွေးရပ်မြေမှာ သူတို့ပိုင်ဆိုင်မှုနဲ့ သူတို့ အခြေချခိုင်းလိုက်ပါ့မယ်”
ရှောင်၀မ်သည် လက်ထက်ပြီးပြီဖြစ်ကာ ရှောင်မိသားစု၌ပင် မျိုးဆက်ပြန့်ပွားခဲ့သည်။ သူသည် အသက်လေးဆယ် ရှိပြီဖြစ်သည့်အတွက် လက်ထက်ပြီးကာ မိသားစုတစ်ခု ထူထောင်ပြီးပြီဖြစ်သည်။ သူစိတ်မချနိုင်သည့်တစ်ခုတည်းသောအရာမှာ သူ၏ဇနီးအိုနှင့် သားသုံးယောက်သာဖြစ်သည်။
ရှီကျန်းသည် ရှင်းကျန်းသို့ ဦးတည်ရာ၌ တည်ရှိသည့် မြို့ဖြစ်သည်။ အနောက်နိုင်ငံများနှင့် ကုန်သွယ်ရေးကောင်းမွန်သည့်အတွက် ချမ်းသာကြွယ်၀လှသည်။ ရှင်းကျန်းနှင့် ရှီးရုန်ဆီသို့ လမ်းခရီးမှာ တိုတောင်းလှသည်။ အဆိုးဆုံးကိစ္စများဖြစ်ပွားပြီး အရှင်မင်းကြီးသာ ရှောင်မိသားစုကို သတ်ဖြတ်လိုပါက ရှောင်မိသားစုသည် ရှီကျင်း၌ လမ်းကြောင်းဖျောက်ကာ ရှီးရုန်ဆီသို့ လွတ်မြောက်နိုင်သေးသည်။
ရှောင်လင်းယွီ၏စကားများကို သေချာနားထောင်ပြီးနောက် ရှောင်၀မ်သည် ဂရုတစိုက် အရိုအသေပြုလိုက်သည်။ “ကျွန်တော်နားလည်ပါပြီ”
အကြီးသခင်ငယ်လေးမှာ ရည်ရွယ်ချက်ကို သေချာမပြောသော်ငြား ရှောင်၀မ်သည် သခင်အိုကြီးရှောင်နှင့် နှစ်ပေါင်းများစွာ လုပ်ကိုင်လာသူဖြစ်သည်။ ထို့ကြောင့် ဟန်မိသားစုနှင့် ရှောင်မိသားစု၏ ဆက်ဆံရေးကို သိပေသည်။ အကြီးဆုံးသခင်လေးမှာ မိသားစုအတွက် လွတ်လမ်းရှာချင်ပုံရသည်။
သုံးရက်ကြာပြီးနောက် ရှောင်၀မ်သည် မိသားစု၀င်များနှင့် ကောင်းမွန်စွာ နှုတ်ဆက်ခဲ့ပြီးနောက် ရှင်းကျန်းသို့ ခရီးနှင်တော့သည်။
…
အပိုင်း (၁၁၄) အခြေအနေရုတ်တရက် ပြင်းထန်ခြင်း
စစ်သူကြီးလျိုဝေ ဦးဆောင်သည့် မြောက်ပိုင်းရှင်းကျန်းမှ စစ်သည် သုံးသိန်းသည် မြောက်ပိုင်းလူမျိုးများကို သာ့ဖုန်းနယ်စပ်သို့ ပြန်လည်မောင်းထုတ်လိုက်တော့သည်။ မြောက်ပိုင်းလူမျိုးသည် အထိအခိုက် ကြီးမားခဲ့လေသည်။ သာ့ဖုန်းကတော့ စစ်ပြေငြိမ်းရေးကို ဦးတည်လိုက်၏။ နောက်ဆုံးတွင် နှစ်ဖက်လုံးက သဘောတူညီမှုရခဲ့ပြီး မြောက်ပိုင်းလူမျိုးများထံမှ အရည်အသွေးမြင်းကောင်း ၅၀၀၀ နှင့် လျန်၁၀၀,၀၀၀တန်ဖိုးရှိ ရှားပါးရတနာများကို လက်ဆောင်ပဏ္ဏာအဖြစ် ပေးဆောင်လိုက်ရသည်။ မြောက်ပိုင်းတွင် နှင်းများထူထဲစွာကျပြီးနောက် အလစ်တိုက်ခြင်းမှ စခဲ့သည့်တိုက်ပွဲတစ်ခုသည် နောက်ဆုံးတော့ စစ်သူကြီးလျိုဝေ၏ ခေါင်းဆောင်မှုတွင် အနိုင်ရရှိခဲ့လေသည်။
စစ်သူကြီးလျိုဝေ၏ ဆက်တိုက်အောင်ပွဲ သတင်းများက တစ်ခုပြီးတစ်ခု ဆက်တိုက် ပြန်ရောက်လာခဲ့သည်။ အစောပိုင်း စစ်သည်များနှင့် မြင်းများသာ သွားလာစေပြီး လူသူကင်းမဲ့နေသည့် လော့ဟယ်မြို့သည် နောက်ဆုံးတော့ အရင်ကအတိုင်း ပြန်လည်စည်ကားလာခဲ့သည်။ စုကျားရှန်း၏ လုပ်ငန်းသည်လည်း ပုံမှန်အနေအထားသို့ တဖြည်းဖြည်း ပြန်ရောက်လာခဲ့သည်။ စုကျားမီကိုတော့ အလျင်စလို ဆက်တိုက်ပြင်ဆင်လာခဲ့လေသည်။ လော့ဟယ်မြို့က အရာအားလုံးသည် ကောင်းမွန်သည့်လမ်းကောင်းတစ်ခုသို့ တိုးတက်လာခဲ့တော့သည်။
သုံးလပိုင်းတွင် နွေးဦးလေပြေက နွေးထွေးနေ၏။
ယိုကျင့်က သူမပြောခဲ့သည့် ထိုနေ့စကားကို ဖြည့်ဆည်းရန် ယိုကျူး၊ အမျိုးသမီး နှင့် ယိုဟယ်၏ယောက်ျား လျိုကျိုးထင်ကိုခေါ်ကာ လူများကို သွားကြိုရန် ချာရှန်းသို့ ထွက်လာခဲ့ကြသည်။ မျှော်လင့်မထားဘဲ ထိုကလေးများက ချာရှန်းတွင် ပျော်ရွှင်စရာအချိန်ကောင်းတစ်ခု ရခဲ့လေသည်။ မနက်တိုင်း တောင်ပေါ်တက်ကာ လက်ဖက်ခြံထဲတွင် လက်ဖက်ခူးသူများနှင့်အတူ လက်ဖက် ခူးကြသည်။ အတည်ငြိမ်ဆုံးဖြစ်သည့် ယိုပေါင်နှင့် ယိုလော့တို့ကပင် အလွန်သွက်လက်ကာ ပျော်ရွှင်တတ်လာလေသည်။
“ နင်တို့လေးတွေ ဒီမှာ တစ်လကျော်တောင် ကစားခဲ့ကြပြီးပြီလေ အခုထိမပြန်ချင်ကြသေးဘူးလား”
ယိုကျင့်က ပျော်ရွှင်ကြည်နူးစွာ ယိုတွမ့်၏လက်ကို ကိုင်ကာ လက်ဖက်တောင်ပေါ်က ဖြည်းဖြည်းချင်း လမ်းလျှောက်ဆင်းလာခဲ့လေသည်။ သူတို့နောက်တွင် စုမိသားစု၏ မိန်းကလေးတစ်စု ပါလာလေသည်။ ခန်းအာကတော့ ဟန်အားဟွာနှင့်အတူ ပြေးဆင်းသွားနှင့်သည်။
စုမိသားစု၏လက်ဖက်တောင်သည် သည်နှစ်တွင် အလားအလာကောင်းလေသည်။ အကြောင်းမှာ လက်ဖက်တောင်များသည် အလွန်ကြီးမားပြီး လက်ဖက်ပင်များလည်း အများအပြားရှိကာ လေးလပိုင်းမရောက်ခင်အထိ ခူးစရာလက်ဖက်ပင်များ များစွာကျန်နေသေးသည်။ ဟန်လီ၊ စုန့်ဟွာနှင့် အမျိုးသမီးစုတို့၏ ခွင့်ပြုချက်အောက်တွင် စုမိသားစု၏အစေခံများကို လက်ဖက်ခြံသို့ ပို့လိုက်သည်။ ထို့နောက် လက်ဖက်ခူးရန် နှစ်ရှည်အလုပ်သမားနှင့် အချိန်ပိုင်းအလုပ်သမားများကို ငှားရမ်းခဲ့လေသည်။ ထိုအခိုက်တွင် လက်ဖက်တောင်ပေါ်၌ အလွန်စည်ကားနေတော့သည်။
အမျိုးသမီးစု၊ ယိုဟယ်နှင့် ယွိလန်တို့က လက်ဖက်တောင်ခြေက စုမိသားစု၏အိမ်တွင် ထိုရင်း စကားပြောနေကြသည်။ အကြီးဆုံးသမီးက ကလေးများနှင့် ပြန်ရောက်လာသည်ကို ကြည့်ရင်း သူမက လုပ်လက်စအလုပ်ကို ချထားလိုက်ကာ သူတို့ကို ပြုံးပြီး နှုတ်ဆက်လိုက်၏။
“ သမီးတို့တွေ ဒီနေ့တော့ စောစောပြန်လာကြတာပဲ”
ချာရှန်းတွင် နေသည့်အတောအတွင်း အမျိုးသမီးစုသည် တစ်ရက်ခြားလိုလို အကြီးဆုံးသမီးဖြစ်သူထံမှ အကျိုးအကြောင်း ပြောသည့်စာများကိုလက်ခံရရှိခဲ့သည်။ မနေ့က သူမ၏မျက်လုံးရှေ့တွင် တကယ်ပေါ်လာချိန်တွင်တော့ အမျိုးသမီးစုသည် အရင်အတိုင်း စိတ်အေးသွားတော့သည်။
“ ဒီနေ့ နေက နည်းနည်းပြင်းတယ်၊ နေဒဏ်ခံတာကြာရင် မူးဝေကြမှာစိုးလို့ သူတို့ကို ခေါ်ပြန်လာခဲ့တာ”
ယိုကျင့်က မျက်နှာပေါ်တွင် ခပ်ရေးရေးအပြုံးတစ်ခု ဆောင်ထား၏။ သူမ၏ကျောနောက် ခြင်းကို ချလိုက်ပြီး ကလေးတစ်စုဖက်သို့ လှည့်လိုက်လေသည်။
“ မြန်မြန်သွားပြီး သန့်ရှင်းရေးလုပ်ကြတော့၊ အတန်းသွားစရာရှိရင် သွားတက်ကြ၊ လော့ဟယ်ကို ပြန်ရောက်တာနဲ့ အားလုံးကို တစ်ယောက်ချင်း စစ်ဆေးရမယ်၊ တစ်ယောက်ယောက်က အပျင်းထူတာ တွေ့ရလို့ကတော့ အပြစ်ပေးရလိမ့်မယ်”
မကြီးက သူတို့ကို အိမ်စာစစ်ဆေးမည်ဟု ကြားလိုက်သဖြင့် မိန်းကလေးငယ်လေးများသည် မယုံနိုင်သည့်အသွင် ဖြစ်သွားပြီး သူတို့၏မျက်နှာများကသည် အလန့်တကြား ဖြစ်ကုန်ကြတော့သည်။ သူတို့အားလုံးက အော်ဟစ်ညည်းညူကြလေ၏။
“ မကြီးရယ် အဲလိုမလုပ်ပါနဲ့”
“ ဒါကိုတော့ စျေးဆစ်လို့မရဘူး၊ သွားကြတော့”
သူမသည် ပေါက်စီလေးလို ရှုံ့တွနေသည့်မျက်နှာနှင့် ရှောင်ချီ၏ခေါင်းလေးကို ပုတ်ကာ ရယ်မောရင်းပြောလိုက်တော့သည်။ ထို့နောက် သူမက မိသားစု၏အစေခံများအား ကလေးများကို သန့်ရှင်းရေး လုပ်ပေးရန် အချက်ပြလိုက်လေသည်။ ထို့နောက် သူမက အမျိုးသမီးစုကို အသိပေးလိုက်ပြီးနောက် ခြင်းတောင်းကိုသယ်ကာ မီးဖိုဆောင်သို့ သွားလိုက်တော့သည်။ သူမသည် သည်နေ့တွင် လတ်လတ်ဆတ်ဆတ် နူးညံ့သည့်တောင်ပို့မှိုများကိုလည်း ခူးခဲ့သည်။ နေ့လယ်စာအတွက် နောက်ထပ်ဟင်းတမည် ထပ်ထည့်နိုင်သည်။
ချာရှန်းရှိ အမျိုးသမီးစားဖိုမှူးကလည်း အလွန်တော်လေသည်။ သူတို့သည် ရှိနေသည့်အမည်များကို သုံးကာ လက်ဖက်ကြားသားကင်၊ အရွက်နုမွှေကြော် နှင့် တခြားဟင်းများ အစားအသောက်လုပ်ရာတွင် တော်ကြသည်။ အမျိုးသမီးစားဖိုမှူးသည် မီးဖိုဆောင်ထဲတွင် အလုပ်လုပ်နေစဥ် အကြီးဆုံးမမလေးက ခြင်းတစ်ဝက်လောက်ပါသည့် တောင်ပို့မှိုခြင်းနှင့် ရောက်လာသည်ကို တွေ့လိုက်ရ၏။ သူမသည် ဝမ်းသာအားရ လှမ်းယူလိုက်သည်။ ခြင်းထဲကို ကြည့်ရင်း သူမက ဝမ်သာအားရ မှတ်ချက်ပေးလိုက်လေသည်။
“ အကြီးဆုံးမမလေး ခူးလာတဲ့ တောင်ပို့မှိုတွေက လတ်ဆတ်နေတာပဲ၊ တောင်ပို့မှိုကြော်ဟင်းတစ်ခွက် ထပ်ထည့်လိုက်မယ်နော်” သည်စားဖိုမှူးသည် စုမိသားစုသို့ရောက်သည့် လူသစ်ဖြစ်သည်။ ထို့ကြောင့် စုမိသားစုက ခက်ခက်ခဲခဲ နေလာခဲ့ရသည့်အကြောင်းကို မသိပေ။ အကြီးမမလေးက ကျက်သရေဂုဏ်သိက္ခာနှင့် ပြည့်စုံပြီး ငယ်ငယ်လေးကတည်းက နူးနူးညံ့ညံ့သိမ်သိမ်မွေ့မွေ့ ကြီးပြင်းလာသည်ဟု ထင်ခဲ့သည်။ သူမကိုယ်တိုင် လုပ်လိမ့်မည်ဟု လုံးဝမတွေးထားချေ။ အတော်လေးပင် အသစ်အဆန်းဖြစ်နေလေသည်။
“ အဒေါ်က စားဖိုမှူးပဲလေ၊ ဘယ်လိုချက်ရမယ်ဆိုတာ အဒေါ်က အသိဆုံးပါ”
ယိုကျင့်က ပြုံးလိုက်ပြီး မီးဖိုဆောင်မှ ထွက်လာခဲ့၏။ သူမသည် ပြန်လှည့်လာကာ ယိုဟယ် ယာယီနေသည့် အခန်းသို့ သွားလိုက်တော့သည်။
ယိုဟယ်သည် ကိုယ်ဝန် ကိုးလရှိနေပြီဖြစ်သည်။ သူမသည် အချိန်မရွေး မွေးဖွားလာနိုင်သည်။ လျိုကျိုးထင်က မလာခင် သူ့မိဘများနှင့် တိုင်ပင်ခဲ့၏။ မပြန်ခင် ချာရှန်းတွင်သာ ယိုဟယ် ကလေးမွေးဖွားပြီး မီးထွက်တဲ့အထိ စောင့်ချင်ခဲ့သည်။ အမျိုးသမီးဟန်က ထိုအကြောင်းကို သိထားရာ သဘောတူပြီးသားပင်။ နောက်ဆုံး ယခုမူ ယိုဟယ်သည် ကိုယ်ဝန်ရင့်နေပြီဖြစ်၏။ သူမသည် လမ်းပေါ်တွင် မီးဖွားခဲ့လျှင် အကြီးအကျယ်ဒုက္ခရောက်လိမ့်မည်။
“ သမီးရဲ့ယောက္ခမကလည်း ထွက်လာလို့မရဘူး၊ ပြီးတော့ သူတို့မိသားစုကလည်း ခေါက်ဆွဲဆိုင်နဲ့ ကုန်စုံဆိုင်ကို အားကိုးနေရတာလေ၊ သူတို့အားလုံး ဒီကိုလာရင် မိသားစုမှာ စားစရာ မရှိတော့မှာ စိုးရတယ်”
ယိုဟယ် ယာယီနေသည့် အနောက်ဆောင်၏ အရှေ့ခန်းတွင် အမျိုးသမီးဟန်က ယိုဟယ်ကို တက်ကြွစွာ ဖွင့်ပြောလိုက်လေသည်။
“ သမီးရဲ့ယောက်ျား စာလေ့လာနေတာကလည်း ငွေပဲဆိုတာ သိတယ်နော်၊ နောင်တချိန် သမီးရဲ့ယောက်မနှစ်ယောက် လက်ထပ်ကြရင်လည်း ငွေတွေအများကြီး ကုန်အုံးမှာ၊ အမေတို့ မလာခင် သမီးကြိုက်တတ်တဲ့ မုန့်တွေနဲ့ ကလေးမွေးရင် လိုအပ်မဲ့ပစ္စည်းတွေအများကြီး ပြင်ဆင်ပေးခဲ့သေးတယ်၊ သူက အရမ်းတွေးပေးတတ်တာပဲ ဒီတော့ သူ့ကို အပြစ်မမြင်နဲ့နော်”
အမှန်တွင်တော့ ယိုဟယ်သည် အစကတည်း လော့ဟယ်မှ ထွက်သွားရန် လုံးဝမစဥ်းစားခဲ့ပေ။ နောက်ဆုံး အမေနှင့် ယောက္ခမမိသားစုသည် လော့ဟယ်မြို့တွင် ရှိနေလေသည်။ နောက်ပိုင်းမှ လျိုကျိုးထင်နှင့် ယောက္ခမများ၏ နားချသည့်စကားကြောင့် သူမသည် ယောက်မနှစ်ယောက်ကို ခေါ်ကာ ချာရှန်းသို့ လာခဲ့လိုက်တော့သည်။
အခုတော့ သူ့ယောက်မနှစ်ယောက်သည် စုမိသားစု၏ ညီမငယ်လေးတချို့နှင့် ကောင်းမွန်သည့်အချိန်တစ်ခု ပိုင်ဆိုင်ခဲ့ရသည်။ အစ်ကိုကြီး ရောက်လာသည်ကို တွေ့လိုက်ရချိန်၌ သူတို့သည် စကားအနည်းငယ်သာပြောပြီး ယိုပေါင်နှင့် တခြားကလေးများနှင့်အတူ ကစားရန် ပြောထွက်သွားကြတော့သည်။
လျိုကျိုးထင်သည် သူ့ယောက်ဖနှစ်ယောက်ကို ပထမဆုံးတွေ့ရခြင်းပင်။ နောင်တစ်ချိန်တွင် သူ့ယောက်ဖက တော်ဝင်စာမေးပွဲ ဝင်ဖြေမည်ကို သိထားလေသည်။ သူသည်လည်း စုမိသားစုက ငှားထားသည့် ဆရာနှင့် စာလေ့လာနေမှန်း သိထားသည်။ ပထမတော့ သူက ဝမ်ရှန့်၏ ဗဟုသုတအသိပညာကို စမ်းသပ်ကြည့်လိုက်သေးသည်။ အခြခံကောင်းသည်ကို တွေ့လိုက်ရသဖြင့် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး
“ စာလေ့လာတဲ့အခါမှာ အလျင်မလိုရဘူး၊ ပြီးတော့ ရည်မှန်းချက် မြင့်မြင့်ထားရမယ်၊ မင်းရဲ့လက်ရှိအခြေခံက ကောင်းတယ်၊ ဆရာချန်ကလည်း အသိပညာကြွယ်ဝတယ်၊ သူ့ဆီ တစ်ခုခုတော့ သင်ယူလိုက်ရမှာပါ”
သူတို့နှစ်ယောက် စကားပြောနေစဥ် လျိုမိသားစု၏ ညီမငယ်နှစ်ယောက်က အပြေးရောက်လာကာ လျိုကျိုးထင်ကို စကားနည်းနည်း ပြောလိုက်ပြီးနောက် ပြန်ထွက်သွားလေသည်။ လျိုကျိုးထင်က ရယ်မောကာ ပြေးထွက်သွားသည့် ညီမငယ်လေးနှစ်ယောက်ကို ကြည့်ရင်း အမှတ်မထင် မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာလေသည်။ ညီမငယ်လေးများသည် အိမ်တွင် များသောအားဖြင့် အနည်ငယ် စိုးရိမ်စိတ်ဖြင့် နေလာကြလေသည်။ ဇနီးသည်၏ အမေဘက်က မိသားစုနှင့် ခရီးသွားလိုက်ခြင်းက သူတို့ကို ဆယ်နှစ်အရွယ်မိန်းကလေးများနှင့် ပိုတူလာအောင် လုပ်ပေးလိမ့်မည်ဟု လုံးဝမထင်ထားခဲ့မိချေ။
စုမိသားစု၏လုပ်ငန်းသည် တဖြည်းဖြည်း တိုးတက်လာလေသည်။ ချာရှန်၏ကုန်ကြမ်းလုပ်ငန်းက ရှောင်လင်းယွီဘက်က ရောင်းအားတိုးလာမှုနောက် အမှီမလိုက်နိုင်ဖြစ်လာတော့သည်။ ယိုကျင့်သည် သည်တစ်ခေါက် ချာရှန်းသို့ ရောက်လာသည်မှာ လုပ်ငန်းကို စစ်ဆေးရန်ဖြစ်သည်။ စာရင်းစာအုပ်ကို ဖတ်လိုက်ပြီးနောက် သူမသည် ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်ပြီး
“ လက်ဖက်ကုန်ကြမ်းက လိုက်နိုင်ရဲ့လား”
စုမိသားစုသည် လက်ရှိတွင် လက်ဖက်တောင် ဧကပေါင်း ၃၀၀ လောက်ရှိသော်လည်း သူတို့သည် အပင်သစ်များ ဖြစ်နေလေသည်။ အထွက်နှုန်းက မမြင့်သေးချေ။ လက်ရှိကုန်ကြမ်းများအရ လက်ဖက်တောင် တစ်ခုတည်းက ကုန်ကြမ်းများ မထုတ်ပေးနိုင်သေးပေ။
“အကြီးဆုံးမမလေး စိတ်မပူပါနဲ့ ကျွန်တော် ချာရှန်းက လက်ဖက်လုပ်သူတွေနဲ့ ဆွေးနွေးပြီးပါပြီ၊ ကုန်ကြမ်း လိုက်နိုင်ပါတယ်”
စုန့်ဟွာက အကြီးဆုံးမမလေး၏မေးခွန်းကို တလေးတစားပြန်ဖြေလိုက်၏။
“ ပြီးတော့ အလုပ်ရုံမှာ လက်ဖက်လှော်တဲ့ ဆရာတွေကလည်း ပိုပြီး အားစိုက်နေကြပါတယ်၊ ကျွန်တော်တို့ လုပ်ငန်းကို လုံးဝနှောင့်နှေးစေမှာမဟုတ်ပါဘူး”
ယိုကျင့်က ခေါင်းညိတ်ပြလိုက်၏။
“ မျိုတော်က ရောင်းအားက အရမ်းမြင့်တယ်၊ ရှင်တွေအတွက် ခက်ခဲမယ်ဆိုပေမဲ့ အတတ်နိုင်ဆုံးတော့ လုပ်ပေးကြပါ၊ ဒီအလုပ်များတဲ့ကာလပြီးရင်တော့ အားလုံးကို အားလပ်ရက်ပေးပါ့မယ်”
ဟန်လီနှင့် စုဟွာနှစ်ယောက်ကို ပြန်လွှတ်လိုက်ပြီးနောက် ယိုကျင့်က ဟန်လီပေးခဲ့သည့် ငွေစာရွက်များကို သေသေချာချာ ရေတွက်လိုက်လေသည်။ စာရင်းစာအုပ်ထဲက အရေအတွက်နှင့် ကိုက်ညီသွားမှ သူမက ငွေစာရွက်ကို သေတ္တာထဲ ပြန်ထည့်လိုက်၏။
သေတ္တာထဲက ငွေစာရွက် လျန်ငွေ ၅သောင်းကို ကြည့်ရင်း ယိုကျင့်သည် အကြောင်းရင်း မည်မည်ရရမရှိဘဲ အနည်းငယ်စိတ်ပျက်နေမိလေသည်။ ရှောင်လင်းယွီနဲ့ သူမရဲ့လက်တွဲလုပ်ငန်းက မနှစ်က ရှောင်လင်းယွီ မပြန်ခင် သဘောတူထားခဲ့တာပဲ။ ရှောင်လင်းယွီက ဘာလို့များ သူမကို စာဆက်မရေးတော့မှန်း မသိရပေမဲ့ သူကတော့ သူမနဲ့ဆက်သွယ်ဖို့ သီးသန့်တာဝန်ခံတစ်ယောက်ကို လွှတ်ပြီး ကြိုတင်စီစဥ်ထားတဲ့အတိုင်း ချာရှန်းမှာ လုပ်ငန်းလာလုပ်ခိုင်းခဲ့တယ်။ သူက သူမရဲ့ကိုယ်ပိုင်လက်ဖက်ခြောက်တွေကို စျေးနှုန်းနဲ့ အရောင်းကို ဆုံးဖြတ်ပေးခဲ့တယ်။ သူမမှာ ဒါနဲ့ပတ်သက်ပြီး ဘာမှစိုးရိမ်နေစရာလည်း မရှိပါဘူး။ ယိုကျင့်သည် သူမက ရွှေပေါင်လုံးကြီးကို အလကား ဖက်ခွင့်ရနေသည်ဟု ခံစားမိလေသည်။
ချာရှန်းရှိအိမ်သည် လော့ဟယ်မြို့က စုမိသားစုအိမ်ထက် အများကြီးသေးလေသည်။ စုမိသားစုဝင် ကလေးများသည် တစ်ခန်းကို နှစ်ယောက် သုံးယောက်အိပ်ရ၏။ သို့တိုင် ကလေးများကတော့ ပျော်ပျော်ရွှင်ရွှင် ကစားနေကြဆဲပင်။ လော့ဟယ်သို့ပြန်ရန် အချိန်ကျလာတော့ အားလုံးက ယိုဟယ်ကလေးမွေးပြီးတဲ့အထိ နေခဲ့ကြမည့် အမျိုးသမီးဟန်နှင့် ဝမ်းကွဲခဲအိုကို လေးဖင့်စွာ ကြည့်နေလေသည်။ နောက်ဆုံးတွင်တော့ နောက်ပိုင်းကျလျှင် တစ်နှစ်လျှင် တစ်လလောက် ချာရှန်းသို့ ခေါ်လည်မည်ဟု မကြိးက ကတိပေးလာသဖြင့် လေးဖင့်သည့် ခြေလှမ်းများနှင့် ချာရှန်းမှ လော့ဟယ်သို့ ပြန်လာခဲ့ကြတော့သည်။
လော့ဟယ်သို့ ပြန်ရောက်လာချိန်၌ အရာအားလုံးသည် ပုံမှန်ပြန်ဖြစ်သွားတော့သည်။
မသိလိုက်ခင်မှာပင် လေးလပိုင်းသို့ ရောက်လာတော့သည်။ ယိုကျင့်သည် အရွယ်ရောက်ပွဲအခမ်းအနား လုပ်ပြီးနောက် ယခုချိန်စပြီး အပျိုလေးတစ်ယောက်ဟု သတ်မှတ်နိုင်လေသည်။
စုမိသားစုသည် လော့ဟယ်က လူအများအပြားကို သိသော်လည်း ယိုကျင့်ကတော့ သူမနှင့် ရွယ်တူမိန်းကလေးများကို မသိပေ။ ထို့ကြောင့် အရွယ်ရောက်ပွဲ အခမ်းအနားအတွက် လူအနည်းငယ်ကိုသာ ဖိတ်ကြားလိုက်လေသည်။ မိသားစုဝင်များနှင့်သာ ကျင်းပခဲ့ပြီး ပွဲပြီးသွားတော့သည်။ ညဥ့်သန်းခေါင်တွင် စုမိသားစုသည် ပြန်လည်ငြိမ်သက်သွားတော့သည်။ အလှပြင်စားပွဲရှေ့တွင် ထိုင်ရင်း ယိုကျင့်သည် ခေါင်းပေါ်က မြေခွေးရုပ်ကျောက်စမ်းဆံထိုးကို ဖြုတ်လိုက်ပြီး လက်ထဲတွင်ကိုင်ထားကာ အထပ်ထပ် အခါခါ စဥ်းစားနေမိလေသည်။ စားပွဲပေါ်တွင် တင်ထားသည့် မြို့တော်ကပို့လာသော ကျောက်စိမ်းဆန်ထိုးတစ်စုံကို ကြည့်ရင်း အချိန်တော်တော်ကြာအောင် နှုတ်ဆိတ်နေသည့်ယိုကျင့်က ရှင်းပြလို့မတတ်သည့်သက်ပြင်းတစ်ချက် ချမိသွားတော့သည်။
လော့ဟယ်က မုန်တိုင်းသည် စစ်သူကြီးလျိုဝေစစ်တပ်၏ အပြန်လမ်းနှင့်အတူ ပျောက်ကွယ်သွားတော့သည်။ သို့သောငြား မြို့တော်က မုန်တိုင်းကတော့ ပြင်းထန်သည်ထက် ပြင်းထန်လာတော့သည်။
ရှောင်ဝမ်နှင့် ရှောင်မိသားစုလှေက ပင်လယ်ထဲသို့မြှုပ်သွားသည့်သတင်းက မြို့တော်သို့ ပြန်ရောက်လာခဲ့လေသည်။ ရှောင်ဝမ်၏ဇနီး အမျိုးသမီးဝူသည် အကြိမ်ကြိမ် ငိုရလွန်းသဖြင့် သလစ်သွားတော့သည်။
“ ဦးလေးဝမ်က ကျွန်တော်တို့ရှောင်မိသားစုကြောင့် သေဆုံးခဲ့ရတာပါ၊ ကျွန်တော်တို့ရှောင်မိသားစုက အကြင်နာမဲ့တဲ့သူတွေ မဟုတ်ပါဘူး၊ ဒါက အဆင့်ဖယ်ရှားပေးတဲ့စာချုပ်၊ လျန်ငွေ၅၀၀၀၀နဲ့ လော့ဟယ်မှာရှိတဲ့ ခြံဝင်းသုံးခုပါတဲ့အိမ်စာချုပ်ပါ၊ အဒေါ်ဝူ လက်ခံပေးပါနော်၊ ကလေးတွေကို လော့ဟယ်ကို ပြန်ခေါ်သွားပြီး ကောင်းမွန်တဲ့ဘဝတစ်ခု ထူထောင်ပါ”
ရှောင်လင်းယွီက သူအစောကြီးကတည်းက ပြင်ဆင်ထားခဲ့သည့် ပစ္စည်းများကို အမျိုးသမီးဝူ၏ လက်ထဲသို့ ထည့်ပေးလိုက်လေသည်။ ထို့နောက် ရှောင်ဝမ်၏သားများကို နှစ်သိမ့်ပေးလိုက်၏။
“ အဆင့်ဖယ်ရှားပြီးသွားပြီးဆိုတော့ မင်းတို့တွေပိုကောင်းတဲ့ ဘဝမှာနေနိုင်သွားပြီ၊ ရှောင်ဟုန်က စာလေ့ရတာ အကြိုက်ဆုံးပဲဆိုတော့ သုံးနှစ်တာ ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြီးရင် တော်ဝင်စာမေးပွဲကို ဝင်ဖြေလို့ရပြီ”
ရှောင်ဟုန်သည် ရှောင်ဝမ်၏ဒုတိယသား ဖြစ်လေသည်။ သူသည် ကလေးဘဝကတည်းက ကဗျာနှင့် စာအုပ်များကို အကြိုက်ဆုံးဖြစ်သည်။ သူသည် အလွန်ဉာဏ်ကောင်းသည့်ကလေးလည်း ဖြစ်သည်။ သူသည် အဆင့်နိမ့်သဖြင့် နစ်နာခဲ့ရပြီး တော်ဝင်စာမေးပွဲသို့ ဝင်ဖြေခွင့်မရခဲ့ပေ။ အကြီးဆုံးသခင်လေးက သူတို့မိသားစု၏ အဆင့်နိမ့်ဘဝကို ပယ်ဖျက်ပေးရလောက်သည်အထိ သနားညှာတာလိမ့်မည်ဟု လုံးဝထင်မထားခဲ့ပေ။ ရှောင်ဟုန်သည် အဖေ ရုတ်တရက် ဆုံးပါးသွားသည့်အတွက် ဝမ်းနည်းရသော်လည်း ရှောင်မိသားစု၏စေတနာကိုတော့ ကျေးဇူးတင်မိလေသည်။
“ ကျေးဇူးတင်ပါတယ် အကြီးဆုံးသခင်လေး”
အမျိုးသမီးဝူကလည်း မသိတတ်သူ မဟုတ်ပေ။ သင်္ဘောပျက်ကျခြင်းအတွက် သခင့်မိသားစုကို အပြစ်ပြောလို့မရမှန်း သူမ အလိုလိုသိပြီးသာပင်။ သခင့်မိသားစုက ဤမျှကရုဏာအပြည့်ဖြင့် သူမနှင့်ကလေးများကို အဆင့်နိမ့်ဘဝမှာ ပယ်ဖျက်ပေးလိမ့်မည်ဟု လုံးဝထင်မထားခဲ့ပေ။ ငိုထားသဖြင့် ယောင်ကိုင်းကာ နီရဲနေသည့် မိန်းမကြီးသည် ဒူးထော်ကာ အဖန်ဖန် ဦးချကန်တော့လိုက်လေသည်။
“ အကြီးဆုံးသခင်လေးကို ကျေးဇူးတင်ပါတယ်ရှင်”
အမှန်တွင်တော့ ရှောင်ဝမ်မိသားစုတွင် စုဆောင်းငွေအများအပြား ရှိထားလေသည်။ သို့သော်ငြား အဆင့်နိမ့်ဘဝက သူတို့ခေါင်းပေါ်တွင် အမြဲလိုလို စိုးမိုးထားခဲ့သည်။ ဘာလုပ်လုပ် သူတို့သည် သာမန်လူများထက် အဆင့်နိမ့်သည့်နေရာတွင်သာ ရှိနေခဲ့သည်။
အခုတော့ သူတို့မိသားစု၏ အဆင့်နိမ့်ဘဝကို ဖယ်ရှားပေးလိုက်သဖြင့် သူတို့သည် ရှောင်မိသားစုကို ပိုပြီး ကျေးဇူးတင်မိသည်က သဘာဝပင်။
အမျိုးသမီးဝူနှင့် သားသုံးယောက်ကို လိုက်ပို့ပေးလိုက်ပြီးနောက် ရှောင်လင်းယွီသည် ရှောင်ဝမ်ထံမှ လျှို့ဝှက်စာတစ်စောင် လက်ခံရရှိခဲ့ပြီး သူသည် ရှီကျင်းသို့ ရောက်သွားပြီကြောင်း သတင်းရခဲ့တော့သည်။ အပြင်က မှိုင်းပျပျ ကောင်းကင်ကို ကြည့်ရင်း သူတစ်ယောက်တည်း ရေရွတ်နေမိတော့သည်။
“ ဒီနေ့လေးက ဖြည်းဖြည်းချင်းကုန်သွားရင် သိပ်ကောင်းမှာပဲ”
အလွန်ဝေးကွာလှသည့် လော့ဟယ်က မိန်းကလေးအကြောင်းတွေးရင်း သူသည် မနေသာတော့ဘဲ သက်ပြင်းချမိလိုက်တော့သည်။ နောက်ဆုံးတော့လည်း သူသည် သူ့ခံစားချက်များကို ထိန်းမထားနိုင်ခဲ့ပေ။ သူသည် လူကိုယ်တိုင် မသွားရောက်နိုင်ခဲ့သော်လည်း သူမ၏ အရွယ်ရောက်ပွဲအခမ်းအနားကို လက်မလွှတ်ချင်ခဲ့ပေ။ စိတ်ထဲတွင် အချိန်အကြာကြီး မျိုသိပ်ခဲ့ရသည့် ခံစားချက်များကို သူသိလိုက်ရချိန်တွင်တော့ ပေါင်းမြက်ကဲ့သို့ ထိန်းမနိုင်အောင် ကြီးထွားနေနှင့်ပြီး ဖြစ်နေတော့သည်။ သည်အခိုက်ကျမှ သူသည် သည်ဘဝတွင် သည်ခံစားချက်ကို လက်မလွှတ်နိုင်တော့မှန်း အမှန်တကယ် သိသွားတော့သည်။
ဘုရင်မင်းမြတ်၏အတွေးလှိုင်းတို့သည် မတည်မြဲပေ။ နောက်တစ်စက္ကန့်တွင် ဘာဖြစ်လာမည်ကို မည်သူက ခန့်မှန်းနိုင်ပါမည်နည်း။ သူနှင့် သူမတို့သည် ဘယ်တော့ပြန်တွေ့ကြမည်ကို မည်သူက သိပါမည်နည်း။ အခုတော့ အခြေအနေက ရုတ်တရက် ပိုပြင်းထန်လာလေသည်။ ရှောင်မိသားစုသည် ရုံးတော်၏ ယိုယွင်းမှုထဲ ပါဝင်ပတ်သက်ခဲ့လျှင် သူ့ကိုယ်သူ ကာကွယ်နိုင်လိမ့်မည်မဟုတ်ပေ။ နွေရာသီ၏ စမ်းရေအိုင်လေးကို အဘယ်ကြောင့် နှောင့်ယှက်နိုင်ရက်ပါမည်နည်း။ သူသည် ထိုအကြောင်းကို တွေးမိလေလေ ပိုပြီး နောင်တရမိလေလေ ဖြစ်နေတော့သည်။ အကြောင်းမှာ သူသည် သူမနှင့် မျက်နှာချင်းဆိုင်မိလျှင် ဘာမှမတတ်နိုင် ဖြစ်ရသည့်အတွက်ကြောင့်ပင်။ သူမနှင့် ပတ်သက်လာလျှင် အဆုံးထိ သည်းမခံနိုင်သည့် သူ့ကိုယ်သူ အပြစ်တင်မိလေတော့သည်။