← Chapters

အခန်း (၁၁၅-၁၁၇)

Vol. 8 Ch. 115-117

အခန်း (၁၁၅-၁၁၇)

Vol. 8 Ch. 115-117

အပိုင်း (၁၁၅) ရှေးဟောင်းနှောင်းဖြစ်များ

မြို့တော်သို့ စစ်သူကြီး လျိုဝေပြန်လာချိန်၌ ပြည်သူများသည် စစ်သူကြီးအား ပို၍ပို၍ပင် လေးစားလာကြသည်။ မထင်မရှား စကားတစ်ခုပင် ရှိသေးသည်။ “စစ်သူကြီးလျိုဝေသာ မရှိပါက သာ့ဖန် ပျက်သုဉ်းသည်မှာ ကြာပြီဖြစ်သည်” အရှင်မင်းကြီး၏ မျက်နှာမှာ ‌တနေ့တနေ့ အကျည်းတန်လာခဲ့သည်။

“ငါစစ်ပွဲကနေ ရုံးတော်ကို ပြန်ရောက်ရောက်ချင်း စစ်တပ်တံဆိပ်တုံးကို အရှင်မင်းကြီးဆီ ပြန်ပေးရမယ်တဲ့။ အဲ့ပညာရှိအမှုထမ်းတွေက ညီလာခံမှာ ဟိုဟာ ဒီဟာပဲပြောတတ်တာ အရှေ့ထွက်ပြီး ပြောဆိုဖို့ပဲတတ်တာ မြောက်ပိုင်းစစ်ပွဲက လော့ဟယ်မြို့ထိ ရောက်ခါနီးအချိန်ကျတော့ သူရဲဘောကြောင်ပြီး ရှောင်ဖို့ပဲသိတဲ့ဟာတွေ။ သူတို့က ငါ့ကိုသေစေချင်နေကြတာလား” လျိုဝေသည် စားပွဲပေါ်ရှိ ပုလင်းလွတ်ကို ခွဲလိုက်လေသည်။ သူ၏မျက်၀န်းထဲရှိ ခါးသီးမှုနှင့် ၀မ်းနည်းမှုများမှာ စည်ထဲရှိ နွေဦးရေစမ်းများ လျှံကျတော့မည့်နှယ် ပြည့်နှက်နေခဲ့သည်။

“လျိုဝေဆိုတဲ့ငါက ဘ၀တစ်လျှောက်လုံး စစ်သည်တော်လုပ်ခဲ့တာ။ ငါကအမြင့်ကို မှန်းပေမဲ့ ဘယ်လိုနှိမ့်ချရမှန်း သိတဲ့ကောင်ပါ။ ဒီမှာရှိနေတဲ့ ပြည်သူတွေကြောင့်သာ မဟုတ်ရင် ဒီဟန်ဆောင်ပန်ဆောင်ပေးတဲ့ ဘွဲ့နာမည်ကို ဘယ်သူက လက်ခံနေမှာလဲ”

ယခင်က ဖြစ်ပျက်ခဲ့သော စစ်သူကြီးဟန်၏ ကိစ္စမှာ သူ၏စိတ်ထဲ၌ ရှင်းရှင်းလင်းလင်း ရှိနေသေးသည်။ ထိုအခါ သူနှင့် စစ်သူကြီးတို့ သဘောထားကွဲလွဲခဲ့ကြသည်။ သူသည် ယခင်က စစ်သူကြီးဟန်နှင့် တူသည်တဲ့လား။ သူတို့၏ကံ မြင့်သော်လည်း သခင်ဖြစ်သူ၏နေရာကို ကိုင်လှုပ်ရဲတဲ့ သတ္တိမျိုး ရှိနိုင်မည်လား။ “ဘယ်လောက် သနားစရာကောင်းတဲ့လူတွေလဲ။ ရယ်စရာကောင်းလိုက်တာ။ ယုတ်မာကောက်ကျစ်လိုက်တာ”

“သခင်ကြီး မူးနေပါပြီ” လျိုဝေ၏ဇနီးဖြစ်သူသည် အမူးပြေ စွပ်ပြုတ်ကို ယူလာပေးခဲ့ကာ သူ့အား မျက်ရည်များဖြင့် ကြည့်နေခဲ့သည်။ ထိုဇနီးမောင်နှံနှစ်ဦးမှာ နှစ်ပေါင်းသုံးဆယ်မျှ ပေါင်းသင်းနေထိုင်လာသည်ဖြစ်၍ ခင်ပွန်းဖြစ်သူ၏ ခါးသီးမှုကို သူမမသိဘဲ နေမည်တဲ့လား။ သို့သော် မည်မျှပင် ခါးသက်နေပါစေ ဘာတတ်နိုင်မည်နည်း။ အသံကျယ်ကျယ် ငိုကြွေးကာ မေ့ထားရန်သာ တတ်နိုင်ပေသည်။

လျိုဝေသည် ဇနီးဖြစ်သူပေးသည် စွပ်ပြုတ်ကို ယူကာ အောက်သို့ချလိုက်သည်။ ထို့နောက် ဇနီးဖြစ်သူ၏လက်ကို အသာအယာပွတ်သပ်ပေးနေခဲ့သည်။ “ကိုယ်သေသွားတာ ကိစ္စမရှိဘူး၊ မင်းနဲ့ကလေးတွေက မဆီမဆိုင် ဆွဲထည့်ခံရတာ”

လျိုဝေသည် စစ်တိုက်နည်းကိုသာ တတ်ကျွမ်းသည့်သူ ဖြစ်သော်ငြား တုံးအနေသည့်သူ မဟုတ်ပေ။ သူ၏ လက်ရှိအနေအထားမှာ ပစ်ခါနီး မီးမြားပေါ်၌ ရပ်နေရကြောင်း သူသိပေသည်။ သူ၏တဘ၀လုံးတွင် စစ်သည်တော်အဖြစ် တာ၀န်ထမ်းဆောင်လာကာ တိုင်းပြည်ကို အလုပ်အကျွေး ပြုရန်အတွက်သာ ကိုယ့်ကိုကိုယ် မြှုပ်နှံထားခဲ့သည်။ အကယ်၍ ကံဆိုးမိုးမှောင်ကျသွားပါက နေရာတိုင်း၌ ရယ်သံများ လွင်နေတော့မည်။

လျိုဝေ၏နီရဲရဲ မျက်၀န်းများ၌ စိတ်ပိုင်းဖြတ်ထားသည့်ဟန် ပေါ်ထွက်လာသည်။ သူသည် ဇနီးဖြစ်သူအား ငေးကြည့်ရင်း ပြောလေသည်။ “မနက်ဖြန် ညီလာခံကျရင် နုတ်ထွက်ခွင့်ပေးဖို့ အရှင်မင်းကြီးကို တောင်းဆိုလိုက်မယ်။ ပြီးရင် မင်းနဲ့ကလေးတွေကို ခေါ်ပြီး ကိုယ်တို့ ဟွမ်ကျိုးကို ပြန်ရအောင်လေ။ ကိုယ်ကလယ်စိုက်မယ် မင်းက စပါးရိတ်ပေါ့။ ကိုယ်တို့ရဲ့ လက်ကျန်ဘ၀တစ်လျှောက်လုံး အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်နဲ့ပဲ ဖြတ်သန်းရအောင်”

ယခုတွင် အရှင်မင်းကြီးသည် အသက်အရွယ် ကြီးရင့်လာပြီဖြစ်ကာ ဆက်ခံမည့် အိမ်ရှေ့စံ နေရာသည်လည်း မသတ်မှတ်ရသေးပေ။ အခြေအနေမှာ သားငါးယောက်သည် ထီးနန်းအတွက် တိုက်ခိုက်ရန် ဖြစ်ပွားတော့မည့်အခြေအနေဖြစ်နေသည်။ မြောက်ပိုင်းရှင်းကျန်းရှိ မတော်တဆမှုမှာ မတော်တဆမှု မဟုတ်ဘဲ လုပ်ကြံမှုဖြစ်ကြောင်း သူသိပေသည်။ သူသာ သတိကြီးကြီး မထားဘဲ ကြိုတင်ရှောင်ရှားခြင်း မပြုခဲ့ပါက ထိုမြှားသည် လက်၌စိုက်ရမည့်အစား သူ၏ဘယ်ဘက်ရင်အုံသို့ တည့်တည့်ဖြတ်သွားလိမ့်မည် ဖြစ်သည်။

“ဟုတ်ပါပြီ ဟွမ်ကျိုးကို အတူပြန်ကြ‌တာပေါ့” လျိုဝေ၏ ဇနီးဖြစ်သူသည် ခင်ပွန်းသည်၏နဖူးမှ ချွေးများအား လက်ကိုင်ပဝါဖြင့် သုတ်ပေးလိုက်သည်။ သူမ၏မျက်၀န်းများမှာ နီရဲနေခဲ့သည်။ ခင်ပွန်းဖြစ်သူမှာ တိုင်းပြည်ကို အလုပ်အကျွေးပြုချင်မှန်း သူမသိပေသည်။ မဟုတ်လျှင် ယခုအခေါက်အရေးအခင်း၌ အရဲစွန့်ကာ ရှေ့ထွက်လိမ့်မည် မဟုတ်ပေ။ သို့သော် အရှင်မင်းကြီး၏ နှလုံးသားမှာ အေးစက်လှသည်။ မြောက်ပိုင်းရှင်းကျန်း၌ စစ်ပွဲပြီးဆုံးခါစ ခင်ပွန်းဖြစ်သူအား မြို့တော်သို့အလျင်ပြန်လာခိုင်းခဲ့သည်။ သူရဲကောင်းစစ်သူကြီးဘွဲ့ ချီးမြှင့်သော်လည်း ခင်ပွန်းဖြစ်သူ၏ ခေါင်းဆောင်းပင် မချွတ်ရသေးခင် စစ်တပ်တံဆိပ်တုံးကို ပြန်အပ်ရန် လူလွှတ်စကားပါးခဲ့သည်။ သူမတွေးလေ ခင်ပွန်းဖြစ်သူအတွက် ပို၍ မတရားသလို ခံစားရလေဖြစ်သည်။ ထို့ကြောင့် အစေခံတစ်ဦးအားခေါ်ကာ သူမနှင့်အတူ ခင်ပွန်းသည်အား အိပ်ဆောင်သို့ပြန်ပို့ရန် စေခိုင်းလိုက်သည်။

………..

ညီလာခံခန်းမ၌ လျိုဝေသည် စစ်၀တ်စုံကို ပြည့်စုံစွာ၀တ်ဆင်ထားပြီး ဘုရင်မင်းမြတ် ချီးမြှင့်သည့် ပထမတန်းစား စစ်သူကြီး၀တ်ရုံကိုကိုင်ကာ ကောင်းကင်ဧကရာဇ်ကို အရိုအသေပြု ဒူးထောက်ထားကာ အနားယူရန်အတွက် မေးမြန်းလေသည်။ “ဒီလက်အောက်ငယ်သားက အရှင်မင်းကြီးရဲ့ ကြင်နာမှုကို မမေ့လျော့ပါဘူး။ ဒါပေမဲ့ ကျွန်တော်က အသက်ကြီးလေ အနာရောဂါထူလေ ဖြစ်လာလို့ပါ။ အရှင်မင်းကြီး ဒီလက်အောက်ငယ်သားကို နုတ်ထွက်ခွင့်ပေးပြီး လယ်ထဲကို ပြန်ပို့ပေးဖို့ တောင်းဆိုပါတယ်”

“ဘာကိုပြောချင်တာလဲ စစ်သူကြီးလု” အရှင်မင်းကြီးသည် ကုန်းကုန်းများအား စစ်သူကြီးကိုဆွဲထူရန် အလျင်ပြလိုက်ပြီး စိုးရိမ်စွာ ပြောလေသည်။ “စစ်သူကြီးလုက နိုင်ငံရဲ့ သူရဲကောင်းဖြစ်ပြီး ကိုယ်တော့်ရဲ့ အားထားရတဲ့ အမှုထမ်းပါ။ ဘာလို့အဲ့လောက် ညှိုးငယ်နေရတာလဲ”

သူ၏စကားများသည် လျိုဝေအား ချီးမွန်းပြောဆိုနေသော်လည်း မျက်၀န်းများမှာ နှစ်တစ်ထောင် ရေခဲကျောက်သားကဲ့သို့ အေးစက်နေခဲ့သည်။

“အရှင်မင်းကြီး ကျွန်တော်က အိုနေပါပြီ။ ဒီလောက်ကြီးလေးတဲ့ တာ၀န်ကို ထမ်းဆောင်နိုင်စွမ်း မရှိတော့ပါဘူး။ ကျွန်တော့်ဆန္ဒကို ဖြည့်ဆည်းပေးဖို့ အရှင်မင်းကြီးကို တောင်းဆိုပါတယ်” ထို့နောက် လျိုဝေသည် ညီလာခံခန်းမ၌ ဒူးထောက်နေခဲ့ကာ ထရန်ငြင်းဆိုနေခဲ့ပြီး သူ၏နဖူး၌ သွေးစိမ်းရှင်များ ထွက်သည်အထိ ဦးတိုက်နေခဲ့သည်။

လျိုဝေ၏နုတ်ထွက်ရန် စိတ်အားထက်သန်မှုကြောင့် ညီလာခံရှိ အမှုထမ်းများမှာ ကိုယ်ပိုင်အမူအရာတစ်ခုစီဖြင့် တုံ့ပြန်ကြလေသည်။ မည်သူမှ ရှေ့ထွက်ကာ လျိုဝေအတွက် ကူညီပြောဆိုခြင်းမရှိကြပေ။

“ဒီကိစ္စကို ထပ်မပြောနဲ့။ စစ်သူကြီးက မြောက်ပိုင်းနယ်စပ်ကိုနှိမ်နှင်းနိုင်ပြီး အောင်မြင်မှုကြီးကြီး ယူလာပေးခဲ့တာပဲ။ စစ်သူကြီးသာ ၀တ်ရုံချွတ်ပြီး ရာထူးကနေ နုတ်ထွက်သွားမယ်ဆို ပြည်သူတွေက ကိုယ်တော့်ကို ဘယ်လိုထင်ကြမလဲ” ဘုရင်မင်းမြတ်၏ဒေါသမှာ တဟုန်းဟုန်း တောက်လောင်နေခဲ့သည်။ သူသည် ညီလာခံရှိ မင်းမှုထမ်းများကို စိန်းစိန်းဝါးဝါး ကြည့်လိုက်ပြီး ကြေညာလိုက်သည်။ “ငါကိုယ်တော် ဆုံးဖြတ်ပြီးပြီ။ စစ်သူကြီးက အနာရောဂါ ခံစားနေရတယ်ဆိုလဲ သမားတော်ဌာ‌နကနေ တော်၀င်သမားတော်နှစ်ဦးကို စစ်သူကြီးအိမ်တော်မှာ ကိုယ်တိုင်ကိုယ်ကျ ကုသစေမယ်။ စစ်သူကြီးသာ မသက်သာဘူးဆို အဲ့သမားတော်တွေကို သူတို့ခေါင်းနဲ့သာ လာတွေ့လို့ပြောလိုက်။ ညီလာခံသိမ်းမယ်”

အရှင်မင်းကြီးသည် ၀တ်ရုံလက်စကို ခါပြီး ထွက်သွားသည်ကို ကြည့်ရင်း လျိုဝေသည် မြေပေါ်သို့ လဲပြိုသွားတော့သည်။ သူ၏စိတ်ထဲ၌ ခဏတာမျှ ၀မ်းနည်းမှုများ ကြီးစိုးသွားလေသည်။ ဘုရင်မင်းမြတ်မှာ သူ့အား မလွှတ်ပေးချင်ပေ။ စစ်သူကြီးဟန်သည် သူ့ကို ပေါ်ပေါ်ထင်ထင် ဆန့်ကျင်သည့်အချိန်မှစ၍ သူသည် ဟန်မိသားစု၏ လက်အောက်၌ ‌တာ၀န်ထမ်းဆောင်ခြင်း မရှိတော့ချေ။ ထိုအချိန်က လျိုဝေသည် တောင်ပိုင်းရှင်းကျန်း၌ တပ်သားများ လေ့ကျင့်စုဆောင်းနေခြင်းကြောင့်သာ လွတ်မြောက်ခဲ့သည်။ စစ်သူကြီးဟန်ကဲ့သို့ သစ္စာရှိ အမှုထမ်းတစ်ယောက်သည် မင်းသားသုံး၏ ပုန်ကန်မှု၌ ပါ၀င်ခဲ့သည့်အကြောင်းကို မယုံကြည်နိုင်ခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သူသည် ထိုအချိန်က မြို့တော်၌ မရှိခဲ့ပေ။ စစ်သူကြီးဟန်၏ မိသားစုရာကျော်မှာ ညတွင်းချင်း ကွပ်မျက်ခံရကြောင်းကိုသာ ကြားသိခဲ့သည်။ ထိုအချိန်က ဈေးထဲရှိ သွေးများကို သုံးရက်သုံးညတိုင် ရွာသွန်းသည့် မိုးကြောင့်သာ ဆေးကြောနိုင်ခဲ့သည်။ ဘ၀တစ်လျှောက်လုံး စစ်တပ်၌ တာ၀န်ထမ်းဆောင်ခဲ့သည့် စစ်သူကြီးဟန်မှာ အလောင်းကောက်မည့်သူမရှိဘဲ ဘ၀ကို အဆုံးသတ်သွားရသည်။

လျိုဝေသည် သက်ပြင်းတစ်ချက်ရှိုက်ကာ မျက်လုံးကို တင်းကျပ်စွာမှိတ်ထားလိုက်သည်။ ကိစ္စများသာ ဆက်လက်ဖြစ်ပျက်နေပါက ယခင်က ဟန်မိသားစု၏ အဆုံးသတ်သည် သူ၏အနာဂတ် ဖြစ်လာလိမ့်မည်။ ပြည်သူပြည်သားများအတွက် အသက်စွန့်ရမည်ကို မကြောက်ရွံ့ပေ။ သို့သော် သူ့ဇနီး၊ ကလေးများနှင့် သုံးနှစ်အရွယ်သာ ရှိသေးသော မြေးဖြစ်သူတို့ရော မည်သို့ဖြစ်မည်နည်း။ သူတို့ပါ သူနဲ့အတူသေရမည်တဲ့လား။

ထိုအချိန်၌ မြို့တော်သည် ဆူညံကာ အသက်၀င်နေဆဲပင်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကောင်းကင်၌ တိမ်မည်းများ ချိတ်ဆွဲနေပေသည်။ ရှေးဦးစွာ မိုးကြိုးထိမှန်မည့်သူမှာ မည်သူမှန်း ဘယ်သူမှမသိကြချေ။ ရုံးတော်များသည်လည်း အနည်းငယ်မလုံခြုံသလိုခံစားရသည့်တိုင် မည်သူမျှ အလျင်စလို မလှုပ်ရှားရဲကြပေ။

မြို့တော်ရှိ ရှောင်မိသားစု၌

ရှောင်လင်ဖုန်းသည် မိဘများနှင့် အစ်ကိုဖြစ်သူမှာ သူ့ဆီမှ တစ်ခုခုအား ဖုံးကွယ်ထားသည်ကို ခံစားမိနေသော်လည်း ယနေ့ထိ မည်သည့်သဲလွန်စမှရှာမတွေ့ခဲ့ချေ။ ဖခင်ဖြစ်သူသည် သူ့အား မြို့တော်မှ ထွက်ခွာစေကာ လော့ဟယ်မြို့သို့ ပြန်သွားစေလိုသည်။

ရှောင်လင်ဖုန်းသည် အံ့ဩမှုများဖြင့် မယုံကြည်နိုင်သည့်တိုင် ဘေးနားရှိ အစ်ကိုဖြစ်သူကို ပျော်ရွှင်စွာ မျက်စပစ်ပြလိုက်သည်။ သူ၏အနည်းငယ်တုန်ရီနေသောအသံမှာ မယုံကြည်မှုများပြည့်နှက်နေသည်။

“အစ်ကိုကြီး ကျွန်တော် တကယ် လော့ဟယ်မြို့ကို တစ်ယောက်တည်း သွားရမှာလား”

သူထိုမျှ အံ့ဩနေသည်ကို အပြစ်မတင်နိုင်ချေ။ ရှောင်လင်ဖုန်းသည် တစ်နှစ်နီးပါး ကြာသည်အထိ မြို့တော်၏ဂိတ်၀မှ အပြင်သို့ ခြေတစ်လှမ်းမလှမ်းရသေးပေ။ သူ၏ဘ၀သည် နေ့စဉ် ကျောင်းတော်သို့ သွားပြီး စာကျက်ရင်း ထောင်ကျနေသကဲ့သို့ ဖြစ်နေခဲ့သည်။

“ဘာလဲ လင်ဖုန်းက လော့ဟယ်မြို့ကို မသွားချင်ဘူးလား” ရှောင်လင်းယွီသည် လော့ဟယ်မြို့မှ ပေးပို့လာသည့် စာကို စာအုပ်အပါးထဲ၌ ထည့်ကာ ဘာမျှမဖြစ်ပွားသကဲ့သို့ မေးလိုက်သည်။ “တကယ်လို့ လင်ဖုန်းမသွားချင်ရင် အစ်ကို အဖေ့ကို သွားပြောပေးမယ်လေ”

“မလုပ်နဲ့။ မပြောပါနဲ့ အစ်ကိုကြီးရယ်။ ကျွန်တော် သေချာပေါက်သွားချင်တာပေါ့” ရှောင်လင်းယွီမှ သူ့အား ထူပေးရန် အချက်ပြလာသည့်အခါ လင်ဖုန်းသည် အလိုက်တသိဖြင့် သူ၏ကျောကို ထိန်းပေးရင်း ကူပေးလိုက်သည်။

“ကျွန်တော်က အပျော်လွန်နေလို့ပါ။ အစ်ကိုကြီးမသိလို့ ကျွန်တော်မြို့တော်မှာ ပိတ်မိနေတာ တစ်နှစ်ကျော်နေပြီ။ ပျင်းလို့သေတော့မယ်” လော့ဟယ်မြို့၌ သူနှင့် ဆော့ဖော်ဆော့ဖက်မှာ စုမိသားစုရှိ ကလေးငယ်များသာ ဖြစ်သော်လည်း ထိုနေရာ၌ အဘွား၊ အဖေ၊အမေနှင့် ဒုတိယဦးလေးတို့ ရှိမည်မဟုတ်ပေ။ ယခုကတည်းကပင် လွတ်လပ်သည့်အငွေ့အသက်များသည် သူ့ဆီသို့ လာနေကြောင်း ရှောင်လင်ဖုန်း ခံစားမိနေသည်။

ရှောင်လင်းယွီသည် ညီဖြစ်သူအား ကြည့်ရင်း အားကျမနာလိုမှုနှင့်မတူ စိုးရိမ်ပူပန်စိတ်ကိုပါ တခါတည်း ခံစားမိသည်။ မနာလိုရသည်က ညီဖြစ်သူမှာ လွတ်လပ်စွာနေထိုင်နိုင်ပြီး ကောင်းကင် ပြိုကျသည့်တိုင်အောင် နောက်မှ ထောက်ပံ့ပေးမည့် မိသားစု ရှိနေခြင်းကိုပင်ဖြစ်သည်။ ရှောင်မိသားစု ပြိုကွဲသွားပါက ဤကမ္ဘာ၌ သူ့အား ကာကွယ်မည့်သူ မရှိမည်ကို စိုးရိမ်မိသည်။

“အစ်ကိုကြီး ကျွန်တော့်ကို ဘာလို့ အဲ့လိုကြည့်နေရတာလဲ” ရှောင်လင်ဖုန်းသည် နောက်ကွယ်ကအကြောင်းအရာကို မသိသော်လည်း အစ်ကိုဖြစ်သူ၏အကြည့်က သူ၏စိတ်ကို ရှုပ်ထွေးသွားစေသည်။ “ကျွန်တော်က လော့ဟယ်မြို့ကို ခဏပဲသွားမှာလေ။ ပြန်မလာမှာလည်း မဟုတ်ဘဲနဲ့ကို”

“ဟုတ်ပြီ မင်းက မနက်ဖြန်သွားတော့မှာမလား။ ပစ္စည်းတွေ အကုန်ထည့်ပြီးပြီလား။ ပြီးကျမှ ယူစရာမေ့နေလို့ဆိုပြီး ပြန်လှည့်ပြန်မလာ‌တာ ကောင်းမယ်နော်” ရှောင်လင်းယွီသည် သူ၏အတွေးများဖြင့် ညီဖြစ်သူ၏ ပခုံးကို ပျော်ရွှင်စွာ ပုတ်လိုက်သည်။

“လင်ဖုန်း မင်းက အရွယ်ရောက်နေပြီ။ အစ်ကို၊ အဖေနဲ့အမေတို့ မင်းဘေးမှာမရှိရင် အရာရာကို ဂရုစိုက်ရမယ်။ ဘယ်အရာမှ အလောတကြီး မလုပ်နဲ့။ ဦးလေးချင်စကားကိုလည်း သေချာနားထောင်။ လင်း၀မ်ကငယ်သေးတယ်။ မင်းကအကြီးတစ်ယောက်အနေနဲ့ သူ့ကို စောင့်ရှောက်ရမယ်။ နားလည်လား” ယခုအခေါက် လော့ဟယ်မြို့သို့ သွားရောက်ချိန်၌ ဒုတိယသခင်ရှောင်၏ တစ်ဦးတည်းသောသားပါ လိုက်ပါမည်ဖြစ်သည်။

“ကျွန်တော်က ကလေးမဟုတ်တော့ပါဘူး။ အစ်ကိုကြီးက ဘယ်လိုဖြစ်လို့ အမေ့လို ပူညံပူညံ လုပ်တတ်လာရတာလ” အစ်ကိုဖြစ်သူမှာ တနေ့တခြား ထူးဆန်းလာပေသည်။ သူ၏စိတ်ထဲ၌ သံသယများ တလိပ်လိပ်တက်လာသည့်တိုင် အကြောင်းအရာကို ရှာမတွေ့သေးပေ။

သူသည် အမှန်ပင် ညီဖြစ်သူအတွက် စိတ်ပူနေသော်လည်း ထိုသို့ ငြိုငြင်ခံလိုက်ရသည်။ ခေါင်းကိုသာ အသာရမ်းရင်း ညီဖြစ်သူကို နှင်လွှတ်လိုက်သည်။ “သွားတော့”

ရှောင်လင်ဖုန်းသည် နားမလည်နိုင်ဖြစ်နေသော်လည်း ဒီတိုင်းသာ ထားလိုက်သည်။ ထိုသို့ဖြင့် ရှောင်လင်းယွီ၏ စာကြည့်ဆောင်မှာ လှည့်ပြန်လာခဲ့ကာ သူ၏ခြံထဲသို့ ပြန်သွားခဲ့သည်။ ရှောင်လင်ဖုန်းသည် မနက်ဖြန်၌ ထွက်ခွာတော့မည်ဖြစ်သည်။ ထို့အတွက် သူယူရမည့် ပစ္စည်းများကို သေချာစဉ်းစားဖို့လိုသည်။

ညီဖြစ်သူ၏ ပေါ့ပါးနေသည့် ကျောပြင်ကိုကြည့်ရင်း ရှောင်လင်းယွီသည် စာကြည့်ခန်း၌ထိုင်ကာ ညှပ်ထားခဲ့သည် စာရွက်ကို ပြန်ထုတ်လိုက်သည်။ သူသည် အချိန်တစ်ခုကြာ ငေးငိုင်နေခဲ့သည်။ ယခုတစ်ခေါက် ရှောင်လင်ဖုန်းနှင့် ရှောင်လင်း၀မ်တို့အား အတူထွက်သွားခိုင်းခြင်းသည် ရှောင်ဟိုင်ရူတို့သားအဖနှင့် ဒုတိယသခင်ရှောင်တို့ကြားရှိ ဆုံးဖြတ်ချက်သာဖြစ်သည်။ ရှောင်မိသားစုသည် မြို့တော်၌ လူသိများသည့် မိသားစုဟု ဆိုနိုင်သည်။ မိသားစုရှိ သခင်များအားလုံး ထွက်ခွာသွားပါက အခွင့်အရေးယူရန် စောင့်နေကြသည့် လူများအတွက် ပြဿနာရှာရန် အခွင့်အရေး ရသွားလိမ့်မည်။ ကလေးနှစ်ယောက်အား မထင်မရှား တိုးတိုးတိတ်တိတ်ပို့ဆောင်ပြီးပါက သူတို့ စိတ်အေးရမည်ဖြစ်သည်။ ထိုကလေးနှစ်ဦးသာ လုံခြုံပါက မြို့တော်၌ တစုံတခုဖြစ်ပွားသည့်တိုင် ရှောင်မိသားစု၏မျိုးဆက်ပြတ်မည်ကို စိုးရိမ်စရာမလိုတော့ချေ။

လော့ဟယ်မြို့သည် ရှောင်လင်ဖုန်းအား ခဏတာ ထားထားခြင်းဖြစ်သည်။ သူတို့သာ မြို့တော်မှ ထွက်ပြီးသည်နှင့် ကိုယ်ရေးအချက်အလက်များကို ပြောင်းလဲကာ အခြားမြို့မှတဆင့် ရှီကျင်းသို့ သွားမည်ဖြစ်သည်။ ရှောင်၀မ်သည် ရှီကျင်း၌ အရာရာပြင်ဆင်ပြီးပြီဖြစ်သည်။

ဒုတိယမြောက်ရက်၏မနက်ခင်း၌ ခုနှစ်နာရီမထိုးခင် မှိန်ပျပျ အချိန်ကတည်းကပင် ရှောင်အိမ်တော်၏ အနောက်တံခါးမှ လှည်းပေါင်းများစွာ ထွက်ခွာသွားကြသည်။ လူသံများမကြားရဘဲ မြင်းများ၏ခွာသံနှင့် အပြာရောင်ကျောက်ခင်းလမ်းပေါ်၌ လှိမ့်သွားသည့် လှည်းဘီးသံများသာ မနက်ခင်း၏ အေးဆေးညက်ညောသည့် တေးသံအဖြစ် ထွက်ပေါ်နေခဲ့သည်။ သားနားလှသော လှည်းထဲ၌ ရှောင်လင်ဖုန်းနှင့် ရှောင်လင်း၀မ်သည် အထုပ်ကိုယ်စီပိုက်ကာ အိပ်မောကျနေကြသည်။ ယနေ့သည် သူတို့မိသားစုကို တွေ့ရသည်မှာ နောက်ဆုံးအကြိမ်ဖြစ်မှန်း မသိကြချေ။

“သခင်ကြီးကို အပြစ်တင်ကြပါနဲ့။ သူက သူ့ဘ၀မှာ မိ‌တ်ဆွေပေါများပြီး ကျေးဇူးသိတတ်တဲ့ လူတစ်ယောက် ဖြစ်နေရုံပါ။ ဟန်မိသားစုအရေးမှာ ၀င်ပါခဲ့တယ်ဆိုတာကလည်း အဲ့မိသားစုရဲ့ နောက်ဆုံးမျိုးဆက်ကို မပျက်စီးစေချင်တဲ့စိတ်နဲ့ နောက်ဆုံးမျိုးဆက်က အသက်အနည်းငယ်ကို ကယ်ခဲ့ရုံပါ” သခင်ကြီး၏ ဇနီးဖြစ်သူ သခင်မကြီးရှင်း၏ မိသားစုများသည် သခင်မကြီးနေထိုင်ရာ ဖူအန်(ကောင်းချီးကြွယ်၀ခြင်း)ခြံ၌ နေရာယူထားကြသည်။ သူမသည် ချွေးမဖြစ်သူနှင့် အကြီးဆုံးမြေးဖြစ်သူကို ကြည့်ကာ ဖျော့တော့အသံဖြင့် ပြောလေသည်။ “မင်းတို့အဘိုးနဲ့ စစ်သူကြီးဟန်နဲ့က လော့ဟယ်မြို့ ရေကြီးမှု မဖြစ်ခင်ကတည်းက သိကျွမ်းခဲ့ကြတာ။ အဲ့တုန်းက စစ်သူကြီးဟန်သာ မကယ်ခဲ့ရင် သခင်ကြီး ဆုံးပါးသွားတာ ကြာလှပြီ။ အဲ့လိုသာဆို အခုလိုရှောင်မိသားစု ရှိလာမှာ မဟုတ်ဘူး။ တွက်ကြည့်ရင် ငါတို့က ဟန်မိသားစုဆီမှာ အကြွေးတင်နေခဲ့တာပဲ”

ရှောင်လင်းယွီသည် အဘိုးဖြစ်သူ ငယ်စဉ်က ထိုသို့အတွေ့အကြုံရှိခဲ့မှန်း မသိခဲ့ပေ။ ထို့ကြောင့် သေချာကျကျနန ထိုင်ကာ အဘွားဖြစ်သူပြောပြသည့် ရှေးဟောင်းနှောင်းဖြစ်များကို ကြားမဖြတ်ဘဲ သေချာနားထောင်နေလေသည်။

အစက ရှောင်ဟိုင်ရူနှင့် ဒုတိယသခင်ရှောင်မှာ သခင်ကြီးကို ဟန်မိသားစုကိစ္စ၌ ၀င်စွက်ဖက်ခဲ့သည့်အတွက် စာရင်းရှင်း‌ချင်နေကြသည်။ သူတို့သည် သခင်ကြီးမှာ ငြိမ်းချမ်းသည့်ဘ၀ကို မလိုချင်ဘဲ ဟန်ကွမ်းဟုန်၏ ပုန်ကန်မှု၌ ၀င်စွက်ဖက်ကာ ဟန်ကွမ်းဟုန်၏ မြေးများကို ကယ်တင်ခဲ့သည်ဟု တွေးထင်နေခဲ့ကြသည်။ အထူးသဖြင့် ရုံးတော်၌ အမှုထမ်းဖြစ်နေသာ ဒုတိယသခင်ရှောင် ဖြစ်သည်။ သူသည် မြေအောက်ကမ္ဘာသို့သွားကာ သခင်ကြီးနှင့် စာရင်းရှင်းချင်နေခဲ့သည်။ ထိုအရာက သူ့သားအတွက် သေတွင်း တူးပေးခြင်းပင်ဖြစ်နေသည်။

“နောက်တော့ စစ်သူကြီးဟန်က ချီးမြှောက်ခံရပြီး မင်းအဖေက မိသားစုအမွေကို ဆက်ခံလိုက်တယ်။ တစ်ယောက်က ရုံးတော်မှာ အပစားပေးခံရပြီး တစ်ယောက်က ကုန်သည်တွေကြား ပင်ပင်ပန်းပန်း ကုန်ကူးနေခဲ့တယ်။ စစ်သူကြီးဟန်က သူ့ဘ၀တစ်လျှောက်လုံး တိုင်းပြည်အတွက်ပဲ မြှုပ်နှံခဲ့တယ်။ သခင်ကြီးက စစ်သူကြီးဟန်ကို သစ္စာစောင့်ခွေးလို့ပဲ တွေးထားခဲ့တာ။ အဲ့လိုနဲ့ နှစ်ယောက်သားက ဝေးသွားကြတာပဲ” အဘွားဖြစ်သူသည် ကံကြမ္မာ ပြောင်းလဲသွားသော ယခင်ကိစ္စများကိုပြန်တွေးရင်း အတိတ်ကိုလွမ်းဆွတ်သည့် ခံစားချက်များပြည့်နှက်နေခဲ့သည်။

“စစ်သူကြီးမိသားစု ကံဆိုးမိုးမှောင်ကျတော့ သခင်ကြီးက တတ်နိုင်သမျှ ကြိုးစားခဲ့တာ။ နာတာရှည်ရောဂါကြောင့် အိပ်ရာထဲလှဲနေတဲ့ ‌အိမ်ရှေ့စံအတွက် ကျားသစ်ရိုင်းတစ်ကောင် ပြင်ဆင်ပေးပြီး အဲ့ကျားသစ်နဲ့ စစ်သူကြီးဟန်ရဲ့မြေးကို လဲလှယ် ကယ်တင်ခဲ့တာ။ အဲ့တုန်းကတော့ ကိစ္စက သိုသိုသိပ်သိပ်နဲ့ ပြီးသွားတယ်ပြောတာပဲ။ သိတဲ့လူကလည်း နည်းနည်းပဲရှိတာပဲ။ ဒါပေမဲ့ စစ်သူကြီးလျိုဝေကြောင့်နဲ့ အရှင်မင်းကြီးသာ လုပ်ဖို့ ဆန္ဒရှိနေရင် တစ်ယောက်ယောက်က အဲ့ကိစ္စကို ‌ပြောထုတ်မှာကိုပဲ စိုးရိမ်မိတယ်”

မိခင်ဖြစ်သူ၏စကားများကို နားထောင်ပြီးနောက် ရှောင်ဟိုင်ရူနှင့် ဒုတိယသခင်ရှောင်တို့မှာ ပြောစရာစကားမဲ့သွားကြသည်။ သူတို့ဘာအတွန့်တက်နိုင်မည်နည်း။ သခင်ကြီးကို မိသားစုရဲ့ အသက်နဲ့ဘ၀ကို အလဲအထပ်လုပ်ပြီး စစ်သူကြီးရဲ့မြေးကို ကယ်ခဲ့သည့်အတွက် အပြစ်တင်ရမည်လား။ သို့သော် စစ်သူကြီးဟန်ကြောင့်သာမဟုတ်ပါက ရှောင်မိသားစုမှာ လွန်ခဲ့သည့်နှစ်ပေါင်းများစွာကပင် ပျောက်ကွယ်သွားနိုင်သည်။ သခင်ကြီး မှန်ကြောင်းမှားကြောင်းကို မည်သူမျှ မဆုံးဖြတ်နိုင်ကြချေ။

…

အပိုင်း (၁၁၆) ထိတ်လန့်ဖွယ်အပြောင်းအလဲ

ရှောင်လင်ဖုန်းနှင့် ရှောင်လင်းဝမ်တို့ ထွက်သွားပြီး လဝက်ကြာပြီးနောက် မြို့တော်က ပြဿနာဖြစ်နေသည့် လမ်းကြောင်းမှာ ရုတ်တရက်ပြောင်းသွားတော့သည်။

“ အကြီးဆုံးသခင်လေး ကျွန်တော်တို့အိမ်တော်ကို အပြင်ကနေပြီး ရုံးတော်က စစ်သည်တွေ ဝိုင်းထားကြတယ်”

ပထမဂိတ်ပေါက်က ဘဏ္ဍာမှူးက အပြင်ဘက်မှနေ၍ ထော့နဲ့ထော့နဲ့ဖြင့် ရောက်လာလေသည်။ သူ့ဦးထုပ်ပင် ဘယ်နားကျကျန်ခဲ့မှန်း မသိပေ။ သူသည် ကမန်းကတမ်း အလျင်စလိုပြေးဝင်လာပြီး သည်နေ့အိမ်တွင် ရှိနေသည့် အကြီးဆုံးသခင်လေးကို လာပြောပြလိုက်တော့သည်။

“ သူတို့အားလုံးက လက်နက်တွေ ကိုင်ထားကြတယ်၊ ကုန်ခြောက်ဝယ်ဖို့ တာဝန်ကျတဲ့ အိမ်တော်က အလုပ်သမားတောင် အပြင်ထွက်ခွင့်မရဘူး”

ရှောင်လင်းယွီသည် လက်ထဲက စာအုပ်ကိုချထားလိုက်ပြီး ဘာမှအရေးမကြီးသည့်ဟန်ဖြင့် မျက်လုံးကို ပင့်ကာ ပျာယာခတ်နေသည့်အစေခံကို ကြည့်လိုက်ပြီးနောက် ပြောလိုက်လေသည်။

“ကျွန်တော် သိပြီ၊ ဘဏ္ဍာမှူးကြီးကို ဖူအန်းခြံဝင်းရဲ့ ပင်မခန်းမကို လာခဲ့ဖို့ သွားခေါ်လိုက်ပါ”

ဒီနေ့ အဖေက တခြားလူတွေနဲ့ အလုပ်ကိစ္စဆွေးနွေးဖို့ အပြင်ထွက်သွားတယ်။ ဒုတိယဦးလေးကလည်း ရုံးတော်အစည်းအဝေးကနေ ပြန်မလာသေးဘူး။ အခု အိမ်တော်မှာ သူရယ်၊ အဖွားရယ် အမေရယ်ပဲ ရှိတာ။ အခုနေအရေးအကြီးဆုံးတာဝန်က မိသားစုရဲ့စိတ်နှလုံးကို တည်ငြိမ်အောင် လုပ်ပေးဖို့ပဲ။

ရှောင်လင်းယွီသည် ဖူအန်းခြံဝင်သို့ ခြေလှမ်းကျဲများဖြင့် မြန်မြန်လျှောက်သွားလိုက်သည်နှင့် အမျိုးသမီးယွီနှင့် အမျိုးသမီးစုန့်တို့က ပင်မခြံဝင်းထဲတွင် ထိုင်နေကြပြီးဖြစ်လေသည်။ ဒုတိယမိသားစု၏ သခင်မ အမျိုးသမီးကျောက်ကပင် အလောတကြီး ရောက်လာခဲ့လေသည်။ သူရောက်လာသည်နှင့် သမီး ယောက္ခမအားလုံးက မျက်နှာပေါ်တွင် စိုးရိမ်ကြောက်လန့်စိတ်များဖြင့် ထရပ်လိုက်ကြတော့သည်။

“လင်းယွီ”

ရှောင်လင်းယွီက အမျိုးသမီးစုန့်ကို မြန်မြန်သွားတွဲပေးလိုက်ပြီး ပြန်ထိုင်ခိုင်းလိုက်လေသည်။

“ စိတ်မလှုပ်ရှားပါနဲ့ အကြီးအကဲဖွားဖွား ၊ အခုက ရုံးတော်က စစ်သည်တွေက အိမ်တော်ကို ဝိုင်းထားကြရုံပဲ ရှိပါသေးတယ်၊ ကျွန်တော်တို့တွေ အပြင်ထွက်လို့မရဘူးဆိုပေမဲ့ အဖေနဲ့ ဦးလေးတို့က အိမ်တော်အပြင်ဘက်မှာ ရှိနေသေးတယ်၊ သူတို့တွေ နည်းလမ်းတစ်ခုတော့ သေချာပေါက် ရှာကြမှာပါ”

ရှောင်လင်းယွီသည် ထိုသို့ ပြောလိုက်ရသော်လည်း အဖေနှင့် ဦးလေးတို့လည်း ထိန်းသိမ်းခံထားရလောက်ပြီမှန်း စိတ်ထဲက သိနေလေသည်။ အခုတော့ အရာအားလုံးသည် လက်ရှိ ဘုရင်မင်းမြတ်၏ ရည်ရွယ်ချက်ပေါ်တွင်သာ မူတည်နေတော့သည်။ ဒုတိယဦးလေးသည် တခြားသူများနှင့် အုပ်စုဖွဲ့ခြင်းမျိုးလုံးဝမရှိပေ။ ဒါကပင် လူအများကို ဒေါသထွက်စေခဲ့တာဖြစ်မည်။ အခုတော့ ပျော်စရာဇာတ်သိမ်းထက် မကောင်းသည့်ဇာတ်သိမ်းတစ်ခု ဖြစ်ဖို့ ပိုအလားအလာ ရှိနေတော့သည်။

သူပြောလိုက်သည့်စကားကို ကြားလိုက်ရပြီးနောက် အမျိုးသမီးစုန့်နှင့် တခြားသူများက အနည်းငယ် စိတ်အေးသွားကြတော့သည်။

“ သားပြောတာဟုတ်တယ်၊ သားအဖေနဲ့ ဦးလေးတို့ ရှိသေးတာပဲ”

လူသုံးယောက်၏စိတ်ခံစားချက်များကို နှစ်သိမ့်ပေးလိုက်ပြီးနောက် ရှောင်လင်းယွီက ရှောင်အိမ်တော်၏ ဘဏ္ဍာထိန်းကြီးနှင့် ခဏလောက် တိုင်ပင်လိုက်လေသည်။ အမျိုးသမီးစုန့်နှင့် တခြားသူများက မကန့်ကွက်ကြသဖြင့် ဘဏ္ဍာထိန်းကြီးက ဆက်ပြောလိုက်တော့သည်။

“ အိမ်ကို ရုတ်တရက်ဝင်စီးလိုက်တာဆိုတော့ လူတွေရဲ့စိတ်တွေကလည်း လန့်ဖျပ်သွားကြမှာပဲ၊ မိသားစုစည်းကမ်းကို ချိုးဖောက်တဲ့သူ၊ လူတွေကို စိတ်ဖောက်ပြားအောင်လုပ်တဲ့သူတွေကို ဦးလေးချိုင်ကပဲ ဖြေရှင်းထားလိုက်မယ်”

အခုတော့ အရာအားလုံးသည် ရှုပ်ထွေးနေေသော်လည်း လူများ၏စိတ်ကတော့ ရှုပ်ထွေးနေလို့ မဖြစ်ပေ။

“ဟုတ်ကဲ့ အစေခံကြီးက အခုပဲ သွားဖြေရှင်းလိုက်ပါ့မယ်”

ရှောင်ချိုင်သည် သူတစ်ဘဝလုံး ရှောင်မိသားစု၏ ဘဏ္ဍာထိန်းကြီးတစ်ယောက်အဖြစ် လုပ်လာခဲ့လေသည်။ သူသည် အကြီးဆုံးသခင်လေး ကြီးပြင်းလာသည်ကို စောင့်ကြည့်လာခဲ့သူ ဖြစ်သည်။ ယခုမူ အိမ်တွင် ထိတ်လန့်စရာအပြောင်းအလဲတစ်ခု ဖြစ်နေသော်လည်း အကြီးဆုံးသခင်လေးက အလွန်မှတည်ငြိမ်နေသည်ကို မြင်လိုက်ရသဖြင့် ထိတ်လန့်ကာ လေးစားမိလေတော့သည်။ အကြီးဆုံးသခင်လေးသည် အခုတော့ အမှီအခိုကင်းသည့် လူကြီးတစ်ယောက် ဖြစ်လာပြီ။

မြို့တော်တွင် ထိုသို့တွေ့ကြုံနေရသည်မှာ ရှောင်မိသားစုတစ်ခုတည်း မဟုတ်ချေ။ မြို့တောင်ပိုင်း မြို့တော်ဝန်အိမ်တော်မှ အရာရှိလင်မိသားစု၊ ရုံးတော် တော်ဝင်ပညာရှင်အိမ်တော်မှ အရာရှိကျန်းမိသားစုနှင့် ပုံမှန်ဆိုလျှင် အားနည်းသည်တည်ရှိမှုများ ရှိသည့် တတိယအဆင့် မှူးမတ်များ၏ အိမ်တော်များအားလုံး ဝိုင်းခံထားရလေသည်။ အခိုက်တန့်အတွင်း လူများသည့် ပျာယာခတ်သွားကြပြီး ဘာဖြစ်နေမှန်းကို မည်သူမှ မသိကြပေ။

“ တတိယအစ်ကိုတော်က ကံကုန်သွားတာ နှစ်ပေါင်း အဲလောက်ကြာနေပြီကို ဒီလူတွေ အခုထိ အရမ်း ခေါင်းမာနေကြတုန်းပဲ၊ မင်းတို့တွေ တတိယအစ်ကိုတော်နောက်ကို သေတဲ့အထိ လိုက်ပါမယ်လို့ သစ္စာပြုထားကြတယ်ဆိုမှတော့ သူ့ကို သွားခစားလိုက်ကြပေတော့”

အထက်တွင် ထိုင်နေသည့် ငွေရောင်နဂါးဝတ်ရုံနှင့် ယောက်ျားက ခပ်ရေးရေးပြုံးလိုက်လေသည်။ သူသည် စားပွဲပေါ်က အဖြူရောင်ကျေက်စိမ်းအရက်ခွက်ကို ကောက်ကိုင်လိုက်ပြီးမှ ပြန်ချလိုက်ကာ

“ ပွဲကတော့ စ,တော့မယ်”

***

မြို့တော်က ကံခေခြင်းသတင်းသည် ၃လပိုင်းအတွက် ချာရှန်းငွေစာရင်းစာအုပ်နှင့်အတူ လော့ဟယ်သို့ ပြန်ရောက်လာခဲ့လေသည်။

“ ရှောင်မိသားစု ဘာဖြစ်သွားတာလဲ”

ယိုကျင့်က စာရင်းစာအုပ်ကို ကိုင်ထားပြီး မကြည့်ပေ။ ထို့အစား သူမသည် ဟန်လီ ချာရှန်းမှ သယ်ပြန်လာသည့်သတင်းကို ဂရုတစိုက်မေးမြန်းနေတော့သည်။

“ ဘယ်တုန်းက ဖြစ်သွားတာလဲ”

အမှန်တွင်တော့ သူမနှင့် ရှောင်လင်းယွီသည် နှစ်ဝက်ကျော်သည်အထိ အပြန်အလှန် အဆက်အသွယ် မရှိခဲ့ကြပေ။ တစ်ခုတည်းသော အဆက်အသွယ်မှာ သူက သူမကို တစ်ဖက်သတ်ပေးခဲ့သည့် ကျောက်စိမ်းဆံထိုးတစ်စုံသာ ဖြစ်လေသည်။ လက်ထပ်ပွဲအသစ်တစ်ခုကို ပြင်ဆင်ပြီးလောက်ပြီလို့ ထင်ထားခဲ့တဲ့သူက ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်သွားရတာတဲ့လဲ။

ဟန်လီသည် နေလောင်ထားသဖြင့် ညိုသည့်မျက်နှာပေါ်က ပုံမှန်မဟုတ်သည့်အမူအရာဖြင့် အောက်ဖက်က ထိုင်ခုံပေါ်တွင် ထိုင်နေ၏။ အခုတော့ ရှောင်မိသားစုသည် ဟိုတုန်းက စစ်သူကြီးဟန်၏ ပုန်ကန်မှုတွင် ပါဝင်ပတ်သက်ခဲ့ခြင်းကြောင့်ဖြစ်ရာ ဟန်လီမှာ မည်သို့ပြောရမည်မသိ ဖြစ်နေတော့သည်။ သူသည် ယိုကျင့်ကို အမှန်အတိုင်း ပြောလိုက်ရပါမည်လား။

တွန့်ဆုတ်နေသည့်အမူအရာကို မြင်လိုက်ရသဖြင့် ယိုကျင့်သည် အလွန်စိုးရိမ်သွားတော့သည်။

“ဟန်လီ ပြောလေ၊ ရှောင်မိသားစု ဘာဖြစ်သွားလဲလို့”

စကားကို တစ်ဝက်တပြက်နဲ့ ပြောတာက လူတစ်ယောက်ကို သေလောက်အောင် ပူပင်ရစေတယ်မလား။

“ မြို့တော်က လူတွေပြောတာကိုပဲ ကြားခဲ့တာပါ သူတို့တွေက ပုန်ကန်မှုတစ်ခုမှာ ပါဝင်ခဲ့တယ် ထင်တယ်တဲ့”

ဟန်လီက သူ၏ခြောက်သွေ့နေသည့်နှုတ်ခမ်းကို စေ့ထားလိုက်ပြီး သူ့ကိစ္စကို ဖုံးကွယ်ထားရန် ဆုံးဖြတ်လိုက်တော့သည်။ နောက်ဆုံး သူတို့၏ကိစ္စသာ ပေါက်ကြားသွားလျှင် သူဖြစ်စေ၊ အားဟွာဖြစ်စေ ၊ စုမိသားစုဖြစ်စေ အားလုံးသည် ကံဆိုးမိုးမှောင်ကျသွားပေလိမ့်မည်။

ပုန်ကန်မှုတဲ့လား။ ယိုကျင့်သည် ရှေ့ခေတ်ကလူ တစ်ယောက်မဟုတ်သော်လည်း ပုန်ကန်မှုပစ်မှုက မည်မျှပြင်းထန်ကြောင်းကိုတော့ သူမလည်း သိထားလေသည်။ သူမ၏မျက်လုံးများသည် မယုံကြည်မှုများဖြင့် ပြည့်နက်နေတော့သည်။

“ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ ရှောင်မိသားစုက ကုန်သည်တွေ မဟုတ်ဘူးလား၊ သူတို့တွေက ပုန်ကန်မှု ရာဇဝတ်မှုမှာ ဘယ်လိုလုပ်ပြီး ပတ်သက်နိုင်မှာလဲ”

ဟန်လီသည် ယိုကျင့်က ဤမျှဣန္ဒြေပျက်သွားသည်ကို တစ်ခါမှ မမြင်ခဲ့ဖူးချေ။ သူမ၏နှုတ်ခမ်းများကို သွေးထွက်တော့မတတ် တင်းနေအောင် ကိုက်ထားလေသည်။ သူသည် လက်သီးကို တင်းနေအောင် ဆုပ်ထားပြီး သူမကို မည်သို့နှစ်သိမ့်ပေးရမည်မသိ ဖြစ်သွားတော့သည်။

ကံအားလျော်စွာ ယိုကျင့်၏ အမှတ်မထင်ဖြစ်သွားသည့်အခြေအနေက မကြာလိုက်ချေ။ ထိတ်လန့်သွားပြီးနောက် သတိပြန်ဝင်လာကာ သူမသည် အပြင်ဘက်တွင် စောင့်နေသည့် ချိုးဖန်ကို အသံမြင့်ကာ လှမ်းခေါ်လိုက်တော့သည်။

“သက်တော်စောင့်ခေါင်းဆောင်ရှောင်ကို သွားခေါ်လာခဲ့”

ဘာမှမသိရှာသည့် သက်တော်စောင့်ခေါင်းဆောင်ရှောင်က အရင်ဆုံး တလေးတစားဖြင့် ဦးညွှတ်နှုတ်ဆက်လိုက်ပြီးနောက် မေးလိုက်လေသည်။

“ အကြီးမမလေး ဘာခိုင်းစရာရှိလို့ပါသလဲ”

“သက်တော်စောင့်ခေါင်းဆောင်ရှောင် ရှင် ရှောင်မိသားစုနဲ့ နှစ်တွေအကြာကြီး အတူတူ နေလာတာဆိုတော့ ရှင် ရှောင်မိသားစုက လူတွေကို ဆက်သွယ်နိုင်မှာပဲ ဟုတ်တယ်မလား”

ယိုကျင့်က သူမကို အားကိုးတကြီး မျက်လုံးများဖြင့် ကြည့်နေ၏။

“ ရှောင်မိသားစုမှာ တစ်ခုခု ဖြစ်နေလို့၊ ကျေးဇူးပြုပြီး ဘာဖြစ်ခဲ့တာလဲဆိုတာကို သွားစုံစမ်းပေးပါ”

သက်တော်စောင့်ခေါင်းဆောင်ရှောင်သည် အကြီးမမလေးက သူ့ကို ဝင်လာခိုင်းသည်မှာ ရှောင်မိသားစု၏ကိစ္စကြောင့် ဖြစ်မည်မှန်း ထင်မထားခဲ့မိချေ။ သူ့နှလုံးသားသည် ရုတ်တရက် ပူတက်လာပြီး ဝမ်းနည်းသည့်မျက်လုံးများဖြင့် အကြီးဆုံးမမလေးကို ကြည့်လိုက်လေသည်။ သူက မေးလိုက်၏။

“ အကြီးဆုံးမမလေးက ဒီကိစ္စကို ဘာအကြောင်းကြောင့် မေးတာလဲ ခင်မျာ”

အခု ရှောင်မိသားစုက ကြောက်စရာကောင်းတဲ့ အခက်အခဲတွေကြုံနေရတာပဲ။ ရှောင်မိသားစုနဲ့ ဆက်ဆံရေးကောင်းမွန်ခဲ့ကြတဲ့ လူတွေကလည်း အခုတော့ သူကို ရှောင်နေကြတာ။ ဒါပေမဲ့ အကြီးဆုံးမမလေးကတော့ အကြီးဆုံးသခင်လေးကို လက်လျှော့လိမ့်မှာ မဟုတ်ဘူးလို့ ခံစားမိနေတယ်။

“သက်တော်စောင့်ခေါင်းဆောင်ရှောင် ရှောင်မိသားစုမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို ကျွန်မ သိချင်တယ်”

ယိုကျင့်က နှုတ်ခမ်းကို တင်းနေအောင်စေ့ထားပြီး သူ့ကို မျက်လုံးများမခွာတမ်း ကြည့်နေလေသည်။ သူမ၏ပြင်းပြစိတ်က သူ့ကို ရှင်းမပြတတ်အောင် စိတ်သက်သာရာ ရသွားစေတော့သည်။

သက်တော်စောင့်ခေါင်းဆောင်ရှောင်က အသာအယာ သက်ပြင်းချလိုက်၏။ သူသည် ရှောင်မိသားစု၏ ကံဆိုးမိုးမှောင်ကျခဲ့သည့်သတင်းကို ဟန်လီထက် ရက်အနည်းငယ်စောသိခဲ့ရသည်။ သူသည် ဟန်လီထက် အသေးစိတ်အဖြစ်အပျက်များကို ပိုသိထားခဲ့သည်။ အကြီးဆုံးသခင်လေးနှင့် စုမိသားစုက အကြီးမမလေးတို့ကြားက ဆက်ဆံရေးကို သိထားသဖြင့် သူသည် သူမကို ဘာမှမဖုံးတော့ရန် ဆုံးဖြတ်လိုက်ပြီး သူကြားခဲ့သမျှ သတင်းအားလုံးကို ယိုကျင့်အား ပြောပြလိုက်တော့သည်။

“ စစ်သူကြီးလျိုဝေက မြောက်ပိုင်းစုန့်ကျန်း တိုက်ပွဲရဲ့ကောင်းမှုကြောင့် ကျော်ကြားမှု တိုးတဲ့အခါမှာ တစ်စုံတစ်ယောက်ကနေပြီးတော့ လွန်ခဲ့တဲ့ ၅နှစ်က တတိယမင်းသားရဲ့ လျှို့ဝှက်ကြံစည်တဲ့ကိစ္စမှာ ဟန်ကွမ်းဟုန်စစ်သူကြီး ပါဝင်ခဲ့တဲ့ကိစ္စကို တမင်ဆွဲထုတ်လာခဲ့တယ်၊ တစ်နည်းနည်းနဲ့ ရှောင်မိသားစုကလည်း ပါဝင်ပတ်သက်မိခဲ့တယ်၊ အခုတော့ သခင်ကြီး၊ သခင်မနဲ့ အကြီးဆုံးသခင်လေး အားလုံးက ထောင်ထဲမှာ အကျဥ်းချခံထားရတယ်၊ ရှောင်အိမ်တော်ကိုလည်း နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းယူလိုက်ကြတယ်”

စကားပြောပြီးသွားသည်နှင့် သက်တော်စောင့်ခေါင်းဆောင်ရှောင်သည် သူ၏ နီရဲနေသည့် မျက်လုံးများကို မြင်သွားမည်စိုးသဖြင့် ခေါင်းကို ပြန်ငုံ့ထားလိုက်တော့သည်။

သက်တော်စောင့်ခေါင်းဆောင်ရှောင်သည် ယခုအချိန်၌ စုမိသားစုဝင်တစ်ယောက် ဖြစ်နေသော်လည်း သူသည် ငယ်ငယ်ကတည်းက ရှောင်အိမ်တော်တွင် ကြီးပြင်းလာခဲ့သူဖြစ်လေသည်။ သူ့အပေါ် ထားရှိခဲ့သည့် ရှောင်မိသားစု၏ကျေးဇူးကြောင့်သာ သူကြီးပြင်းလာခဲ့ရခြင်းပင်။ အခုတော့ သူသည် သခင်မိသားစုကပ်ဘေးကို အသုံးမကျစွာ မတတ်သာဘဲ ကြည့်နေရလေသည်။ ခံ့ညားလှသည့် အရပ်မြင့်မြင့် ယောက်ျားတစ်ယောက်က ရှောင်မိသားစု၏မတရားမှုကို စိတ်ထဲတွင်သာ ဝေဖန်ပြစ်တင်နိုင်ပြီး သူ့အရည်အချင်းမရှိမှုအတွက် ဒေါသထွက်နေမိတော့သည်။

“ အိမ်ကို ချိပ်ပိတ်လိုက်တယ်၊ စီရင်ချက်စာ ထွက်မလာသေးဘူးမလား”

လက်ရမ်းပေါ်က ယိုကျင့်၏လက်များသည် တင်းနေအောင်ဆုပ်ထားလေသည်။ သူမ၏ လက်ချောင်းများက အလွန်တင်းကြပ်နေသဖြင့် သွေးကြောများပင် ထောင်တက်လာတော့သည်။

“ စစ်သူကြီးဟန်ပုန်ကန်မှုက ဘာဖြစ်တာလဲ”

စစ်သူကြီးဟန်အမှု ဖြစ်ချိန်၌ ယိုကျင့်သည် ငယ်သေးလေသည်။ ထို့အပြင် သူမသည် ဝေးလံလှသည့် နေရာတစ်ခုတွင် ရှိနေခဲ့သည်။ မြို့တော်က ကိစ္စများကို များစားစားမသိမည်က ပြောရန်ပင်မလိုချေ။

“ ဒီအစေခံ အဲဒီအကြောင်းကိုတော့ နည်းနည်းပဲ ကြားဖူးပါတယ်၊ အဲဒီတုန်းက တတိယမင်းသားက နန်းလုဖို့ ရည်ရွယ်ခဲ့တယ်တဲ့၊ တတိယမင်းသားရဲ့အိမ်တော်မှာ ခြေငါးချောင်း နဂါးဝတ်ရုံတော်တစ်ခုအပြင် စစ်သူကြီးဟန်နဲ့ အပြန်အလှန်ပို့ထားတဲ့ လျှို့ဝှက်စာတွေကိုလည်း တွေ့ခဲ့တယ်တဲ့”

ထိုအချိန်က သက်တော်စောင့်ခေါင်းဆောင်ရှောင်သည် မြို့တော်တွင်သော်လည်း စစ်သူကြီးဟန်အမှု၏ အတွင်းလူအများစုက သေဆုံးသွားကြပြီဖြစ်သည်။ သူသည် အကြောင်းအရာကို အမှန်တကယ် အသေးစိတ် ရှင်းပြရမည်ဆိုလျှင် သက်တော်စောင့်ခေါင်းဆောင်ရှောင်က လုပ်နိုင်လိမ့်မည်မဟုတ်ပေ။ သူသည် ဟိုတုန်းက ကြားခဲ့သည့်သတင်းများကိုသာ အကျဥ်းချုပ်ပြန်ပြောပြနိုင်ခဲ့သည်။

သက်တော်စောင့်ခေါင်းဆောင်ရှောင်၏စကားကို နားထောင်လိုက်ရပြီးနောက် ယိုကျင့်သည် တိတ်ဆိတ်သွားတော့သည်။ ပုန်ကန်မှုမှာ ပါဝင်တာက မျိုးဆက်၉ဆက်အထိ သေမိန့်ကျနိုင်တာပဲ။ သူမလို နောက်ခံမရှိ ငွေမရှိတဲ့ တောသူတစ်ယောက်က ဘာလုပ်နိုင်မှာလဲ။ ကြီးမားလှသည့် ဧည့်ခန်းကြီးထဲတွင် မိန်းကလေး၏မျက်နှာသည့် လေးလံနေတော့သည်။ ကောင်လေးနှင့် လူငယ်တို့၏ မျက်နှာများကလည်း အနည်းငယ်တုန်လှုပ်နေ၏။ ဘယ်ဆက်ပြောရမည်မှန်း ဘယ်သူမှ မသိကြချေ။ တိတ်ဆိတ်မှုက အလွန်နက်နဲလွန်းရုံသာမက တစ်စုံတစ်ယောက်၏စိတ်ကိုလည်း အနှောင့်အယှက်ဖြစ်စေလေသည်။

တိတ်ဆိတ်မှုက တော်တော်ကြာသွားပြီးနောက် ယိုကျင့်သည် မျက်မှောင်ကျုံ့ကာ ပြောလိုက်တော့သည်။

“သက်တော်စောင့်ခေါင်းဆောင်ရှောင် မနက်ဖြန် မြို့တော်ကို သွားကြမယ်”

အခု ရှောင်မိသားစုက ပြန့်ကျဲနေတယ်လို့ ပြောရမယ်။ သူတို့တွေ သူ့ကို မကယ်နိုင်ဘူးဆိုရင်တောင် သူ့ခန္ဓာကိုယ်ကို ကောက်ပေးမဲ့ တစ်ယောက်ယောက်တော့ ရှိရမယ်လေ။

“ အကြီးဆုံးမမလေး”

သက်တော်စောင့်ခေါင်းဆောင်ရှောင်နှင့် ဟန်လီတို့က တပြိုင်နက် ထအော်လိုက်လေသည်။ ကွာခြားချက်မှာ ဟန်လီက သဘောမတူသည့်အမူအရာ ဖြစ်နေပြီး သက်တော်စောင့်ခေါင်းဆောင်ရှောင်ကတော့ အံ့အားသင့်ကာ ကျေးဇူးတင်နေ၏။

ဟန်လီက အရင်ဆုံးပြောလိုက်၏။

“ အကြီးဆုံးမမလေး ပုန်ကန်မှုဆိုတာ မျိုးဆက်၉ခုကို သတ်ပစ်မဲ့ ကြီးလေးတဲ့ပြစ်မှုတစ်ခုပါ၊ ကိုယ့်အတွက်ကို မတွေးဘူးဆိုရင်တောင် သခင်မ၊ ယိုရင်နဲ့ တခြားသူတွေအတွက် စဥ်းစားပေးပါအုံး”

သူမနှင့် နှစ်အနည်းငယ် ဆက်ဆံလာခဲ့ပြီးနောက်ပြီး ယိုကျင့်သည် ပြောသည့်အတိုင်း လုပ်တတ်သူမှန်း သူ သိထားပြီးသားပင်။ သို့တိုင် သူသည် သူမကို နားချချင်နေသေးသည်။

ဟန်လီ၏ စကားကို ကြားလိုက်ရသည်တွင် အစောပိုင်း၌ အားတက်သွားသည့် သက်တော်စောင့် ခေါင်းဆောင်ရှောင်က ချက်ချင်း စိတ်ပျက်သွားတော့သည်။ သူ့ပခုံးများက အားပျက်က လျှောကျသွားတော့သည်။ သူသည် ဘာဆက်ပြောရမည်မသိတော့ချေ။

“ ငါ့လုပ်နိုင်စွမ်းနဲ့ဆိုရင်တောင် သူ့ကို မကယ်နိုင်ပါဘူး၊ ငါ ပြဿနာသွားရှာမှာ မဟုတ်ဘူး”

ဟန်လီက စိုးရိမ်ပေးနေမှန်း ယိုကျင့်သိလေသည်။ သူမ၏စိတ်ထဲတွင် တွေးထားသည်က သူ့ကို ကယ်ဖို့ရန် အခွင့်အရေး တစ်ထောင်ပုံမှ တစ်ပုံသာ ရှိလျှင်တောင် သူသည် သူ့ကို ကယ်ပေးချင်သေးသည်။ ယိုကျင့်သည် သူမမိသားစု၏ နာမည်ကို အန္တရာယ်ဖြစ်အောင်တော့ လုပ်မည်မဟုတ်ပေ။ ထို့ကြောင့် သူမက ဟန်လီအား စိတ်ချထားရန် ကြည့်လိုက်ပြီးနောက် ပြောလိုက်လေသည်။

“ ငါ ငါ့အတိုင်းအတာကို သိပါတယ် ၊ စိတ်မပူပါနဲ့”

ထို့နောက် သူမသည် သက်တော်စောင့်ခေါင်းဆာင်ရှောင်ဖက် လှည့်လိုက်ပြီး မှာကြားလိုက်တော့သည်။

“ ကျွန်မတို့တွေ မနက်ဖြန် မနက်စောစောထွက်ကြမယ်၊ အစောင့်နောက်ထပ် ၃ယောက်လောက် ခေါ်ခဲ့ဖို့နဲ့ ယာဥ်ငယ်လေးတစ်စီးပြင်ဆင်ဖို့ သက်တော်စောင့်ခေါင်းဆောင်ရှောင်ကိုပဲ ဒုက္ခပေးရတော့မှာပဲ”

ဟန်လီမှာ ပြောစရာစကားရှိနေမှန်း သိလိုက်ရပြီး ယိုကျင့်က လက်ယမ်းပြလိုက်ကာ မပြောတော့ဖို့ တားလိုက်လေသည်။

ဟန်လီသည် သူ့ပါးစပ်ကို ဖွင့်လိုက်ပြီးမှ ချိနဲ့စွာ ပြန်ပိတ်ထားလိုက်တော့သည်။ ရှုံ့မဲ့သွားသည့်အပြုံးတစ်ခုက ပေါ်လာလေသည်။ စုမိသားစုသာ သည်ကိစ္စကြောင့် တစ်ခုခု ဖြစ်သွားခဲ့လျှင် ယိုကျင့်ကို ထပ်ပြီး မျက်နှာချင်းဆိုင်ရန် အင်အားမရှိတော့မှန်း သူတစ်ယောက်သာ သိလေသည်။

***

အမျိုးသမီးစုသည် ယိုကျင့်က မြို့တော်သို့ သွားမည်ဖြစ်ပြီး မနက်ဖြန် မနက်စောစောသွားလိမ့်မည်ဟု ကြားလိုက်ရတော့ အနည်းငယ် စိတ်မပူဘဲ မနေနိုင်ဖြစ်သွားတော့သည်။

“ ဆိုင်းမဆင့်ဗုံမဆင့်နဲ့ ဘာဖြစ်လို့ မြို့တော်ကို သွားစရာပေါ်လာတာလဲ၊ ပြီးတော့ အလျင်လိုလှချည်လား”

“ အလုပ်ကိစ္စပါ အမေရယ် စိတ်မပူပါနဲ့၊ အမြန်ဆုံး တစ်လ ၊ အကြာဆုံး သုံးလ လောက်ပေါ့”

ယိုကျင့်သည် ကိုယ့်ဟာကို အားတက်နေအောင် တင်းထားရင်း အပြုံးတစ်ခုဖြင့် အမျိုးသမီးစုကို ပြောလိုက်လေသည်။ လက်ရှိတွင် သူမ၊ ဟန်လီနှင့် သက်တော်စောင့်ခေါင်းဆောင်ရှောင်တို့သာ ရှောင်မိသားစု၏ကံဆိုးသည့်အဖြစ်ကို သိထားကြသည်။ သူမက ဘာမှမပြောလျှင် ဟန်လီကလည်း ဘာမှပြောလိမ့်မည် မဟုတ်ပေ။ သူတို့သည် မြို့တော်သို့ သွားချိန်၌ တစ်ခုခု တွေ့ကြုံရနိုင်လေသည်။ လေးလေးနက်နက် ဆင်ခြင်သုံးသပ်ကြည့်လိုက်ပြီးနောက် ယိုကျင့်သည် အမျိုးသမီးစုအား ထိုအကြောင်း ဖုံးကွယ်ထားဖို့ ဆုံးဖြတ်လိုက်တော့သည်။

အမျိုးသမီးစုက သူမ၏စကားကို ယုံကြည်သွားတော့သည်။ သူမက လက်ကို ထုတ်လိုက်ပြီး သမီးအကြီးဆုံးလေး၏ ခေါင်းကို ပုတ်ပေးလိုက်ကာ ကြည်နူးစိတ်ဖြင့် ဩဝါဒချွေတော့သည်။

“ ဒီကလေးမကတော့ အမြဲတမ်း အလာတကြီးနဲ့၊ ဒီလောက်အကြာပြီး အပြင်ထွက်ရမယ်ဆိုလည်း အမေ့ကို စောစောစီးစီး ပြောပါလား၊ ဒါမှ သမီးအတွက် အထုပ်အပိုး ပြင်ပေးလို့ရမှာပေါ့ မဟုတ်ဘူးလား”

ယိုကျင့်သည် အမျိုးသမီးစု၏ဘေးတွင် ထိုင်လိုက်၏။ သူမ၏မိန်းမငယ်ဆန်ဆန် ချွဲနွဲ့ပုံက အနည်းငယ် ချစ်စရာကောင်းနေလေသည်။ သူမက သွားများပေါ်အောင် ပြုံးပြလိုက်ပြီး

“ အမေရယ် စိတ်မပူပါနဲ့နော်၊ ချိုးဖန်နဲ့ တခြားသူတွေ လုပ်နေပါတယ်၊ အခု သမီးမရှိတော့ ဦးလေးစုန့်၊ ယိုရင်၊ ယိုကျူးနဲ့ တခြားသူတွေက အပြင်ကကိစ္စတွေကို လုပ်ပေးလိမ့်မယ်၊ အမေကတော့ မိသားစုအရေးကိုပဲ ပိုပြီးဂရုစိုက်ပေးပါနော်”

“ တော်လိုက်တဲ့ကလေးမ အခု အိမ်မှာ အဒေါ်စုန့်နဲ့ယွိလန်တို့အပြင် အစေခံတွေလည်း အများကြီးရှိတာပဲ၊ အမေက ဘာလို့ စိတ်ပူနေရမှာလဲ”

သူမ အခုလေးတင် ဖတ်ခဲ့သည့် စာအကြောင်း စဥ်းစားမိလိုက်ပြီးနောက် အမျိုးသမီးစုက နှမြောတသစွာဖြင့် မှတ်ချက်ပေးလိုက်လေသည်။

“ အမေ အခုလေးတင် သမီးဒေါ်လေးရဲ့ စာကိုဖတ်ပြီးတာ၊ သမီးသွားလိုက်ရင် သမီးအစ်မယိုဟယ်ရဲ့ တစ်လပြည့်ပွဲကို လွဲသွားတော့မှာပဲ၊ သမီးဒေါ်လေးက စာထဲမှာ ပြောထားတယ် အစ်မယိုဟယ်ရဲ့ သားလေးက အရမ်းချောပြီး ကြည်လင်နေတာပဲတဲ့၊ လူတွေချစ်ခင်အောင် လုပ်တတ်တယ်တဲ့လေ”

ချာရှန်းတွင် ရှိနေသေးသည့် ယိုဟယ်သည် ဖောင်းဖောင်းပြည့်ပြည့်သားလေးတစ်ယောက်ကို မွေးခဲ့လေသည်။ သူမသည် တစ်လပြည့်သွားပြီးလျှင် လော့ဟယ်သို့ ပြန်လာနိုင်ပြီ။ အချိန်ကျလျှင် တစ်လပြည့်ပွဲကို ကျင်းပလိမ့်မည်။

“ ဒေါ်လေးနဲ့ အစ်မယိုဟယ်တို့က သမီးကို အပြစ်ပြောကြမှာမဟုတ်ပါဘူး”

ယိုကျင့်က လခြမ်းလေးလိုမျက်လုံးများ ကွေးသွားသည်အထိ ပြန်ပြုံးပြလိုက်လေသည်။ အမျိုးသမီးစုနှင့် ခဏလောက် စကားပြောလိုက်ပြီးနောက် ပင်မခြံဝင်းမှ ထွက်လာခဲ့ပြီး ယိုရင်၊ ယိုကျူးနှင့် ယိုပေါင်တို့ကို မှာစရာရှိများ မှာထားလိုက်သည်။ နောက်ဆုံးတွင် သူမက ဦးလေးတို့ လင်မယားနှင့် ယွိလန်ကို တချို့ကိစ္စများ မှာထားလိုက်သည်။ အလုပ်များလှသည့်ညတစ်ည ကုန်ဆုံးသွားပြီးနောက် နောက်တစ်နေ့ မနက်စောစောတွင် လှည်းတစီးနှင့် မြင်းနှစ်ကောင်တို့က လော့ဟယ်မြို့မှ ထွက်ခွာလာတော့သည်။ လေးယောက်သားသည် မြို့တော်သို့ တိတ်တဆိတ် ခရီးနှင်လာခဲ့ကြလေတော့သည်။

…

အပိုင်း (၁၁၇) ကွပ်မျက်ခြင်းနှင့်ကျွန်ရောင်းချခြင်း

ပြဿနာများဖြစ်ပွားသည်မှာ မြန်ဆန်လှသည်။ ကြိုတင်ပြင်ဆင်ထားသည့် ရှောင်မိသားစုသည်ပင် အစောင့်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

တော်၀င်အချုပ်ခန်း၌

နိုင်ငံရေးပြစ်မှုကျူးလွန်သူအများစုမှာ တော်၀င်အကျဉ်းထောင်၌ ဖမ်းချုပ်ခံထားရသည်။ ထို့ကြောင့် မြို့တော်ရှိလူတိုင်းသည် ထိုထဲသို့ တစ်ခါ၀င်ပြီးသည်နှင့် ငရဲခန်းတံခါး၀သို့ ရောက်မည်မှန်း သိကြသည်။

သူ၏ကိုယ်ပေါ်ရှိ လရောင်ကဲ့သို့ ဖြူဖွေးသည့် ကျောက်စိမ်းကြိုးမှာ ပဲ့နေသည့်တိုင် မညစ်ပတ်သေးပေ။ ရှောင်လင်းယွီသည် အခန်းထောင့်ရှိ အနည်းငယ်ခြောက်သွေ့သောနေရာ၌ ထိုင်ကာ ကလေးတစ်ယောက်၏ ခေါင်းတစ်လုံးစာမျှသာ ရှိသော ပြတင်းပေါက်ကို ကြည့်နေခဲ့သည်။ ထိုမှ ဖြတ်၀င်လာသည့် အလင်းဖျော့ဖျော့နှင့် အချုပ်ကျနေသည့် နေ့ရက်များကို တွက်ချက်နေခဲ့သည်။ ထိုလူငယ်လေးသည် အချုပ်ခန်းထဲ၌ ထင်းရှူးပင်ကဲ့သို့ ဖြောင့်မတ်စွာထိုင်နေခဲ့ပြီး ကျန်ရှိသည့် ရှောင်မိသားစု၀င်များအကြောင်း တွေးတောနေခဲ့သည်။ “အဘွားနဲ့အမေတို့ ဘာတွေဖြစ်နေမှာပါလိမ့်…..”

အကျဉ်းထောင်ထဲရှိ လူနည်းစုသာ ဒုက္ခကို ကြံ့ကြံ့ခံနိုင်ကြသည်။ အများစုမှာ လက်လျှော့ကြလေသည်။ အဘွားဖြစ်သူတစ်ဦးသာ အသက်ကြီးသူဖြစ်ပေသည်။ သူတို့ပြစ်ဒဏ် ချသည့်ရက်ထိ သူမ မတောင့်ခံနိုင်မည်ကိုသာ စိုးရိမ်မိသည်။

ဘုရင်မင်းမြတ်၏ ဒေါသကြောင့် နိုင်ငံအတွင်းရှိ အာဏာပိုင်နေရာများ၌ ရှုပ်ရှက်ခတ်ကု‌န်ပေသည်။ စစ်သူကြီးဟန်၏ပြဿနာ၌ ပါ၀င်ခဲ့သူအကုန်လုံး၏ အိမ်များမှာ နိုင်ငံတော်ဘဏ္ဍာပိုင်အဖြစ် သိမ်းယူခံခဲ့ရပြီး ထိုသူများသည် ဆောင်ဦး၌ ကြွေကျသည့် သစ်ရွက်များပမာ အချုပ်ခန်းထဲသို့ သက်ဆင်းရလေသည်။ လွန်ခဲ့သည့်လကပင် ချီးမြှောက်ခံနေရသေးသည် စစ်သူကြီးလုဝေသည်ပင် အချုပ်ခန်းသို့ ရောက်ကာ လူတိုင်းအတွက် သစ္စာဖောက်တစ်ဦးသဖွယ် ဖြစ်လာခဲ့သည်။

ယိုကျင့်တို့ မြို့တော်သို့ ရောက်ချိန်တွင် တစ်မြို့လုံးမှာ အုတ်အောသောင်းနင်းဖြစ်နေခဲ့သည်။ လူတိုင်းသည် အန္တရာယ် ကျရောက်နေကြသည်။ ယိုကျင့်သည် မြို့တော်၌ ကျောထောက်နောက်ခံ မရှိသည့်အပြင် သူမ၌ စုကျားချာဖွင့်တုန်းက စီးပွားဖက်အနေနှင့် ရှောင်လင်းယွီပေးခဲ့သော ကျောက်စိမ်းဆွဲပြားလေးသာ ရှိသည်။

လှည်းထဲ၌ ထိုင်ကာ ကျောက်စိမ်းပြားလေးကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။

“သက်တော်စောင့်ရှောင် စုကျားချာကို သွားပြီး သတင်းစုံစမ်းမယ်”

ယခုအချိန်၌ သူမသည် စုကျားချာ မထိခိုက်ရန်သာ မျှော်လင့်နေရသည်။ စုကျားချာသည်လည်း အသိမ်းခံလိုက်ရပါက သူမအတွက် မြို့တော်သည် အလွန်ပင်ခက်ခဲတော့မည် ဖြစ်ကြောင်း ယိုကျင့်သိပေသည်။

စုကျားချာဆိုင်သည် ကျူးချွီလမ်းမကြီးပေါ်၌ တည်ရှိကာ မြို့တော်၌ အနည်းငယ်နာမည်ရသည့် ဆိုင်ဟုဆိုနိုင်သည်။ သက်တော်စောင့်ရှောင်သည် အနည်းငယ် စုံစမ်းမေးမြန်းပြီးနောက် တည်နေရာကို သိလိုက်ရသည်။ သက်တော်စောင့်ရှောင်သည် လူရှုပ်သည့် ဈေးထဲသို့ဖြတ်ကာ စုကျားချာဆိုင်၏ တံခါးရှေ့၌ ရပ်လိုက်သည်။

“ဧည့်သည် ဘယ်လိုလက်ဖက်ခြောက်မျိုးကို လိုချင်ပါလဲ။ ကြည့်လို့ရပါတယ်” ဆိုင်သည် ဖွင့်ထားသော်လည်း လက်ထောက်ငယ်လေးနှစ်ဦးသာ ရှိသည်။ ဆိုင်၏တာ၀န်ရှိသူမှာ မည်သည့်နေရာမှ မမြင်ရချေ။

သခင်မလေး၏ အချက်ပြမှုကို ရသည်နှင့် သက်တော်စောင့်ရှောင်သည် အရှေ့သို့ထွက်ကာ မေးမြန်းလေသည်။ “ငါတို့က မင်းတို့ဆိုင်က တာဝန်ခံနဲ့ စီးပွားရေးကိစ္စဆွေးနွေးစရာရှိတယ်။ တာဝန်ခံနဲ့တွေ့ဖို့ ခေါ်ပေးပါဦး” သူတို့သည် ချားရှန်းမှ အထောက်အထားများ ပြောင်းလဲကာ လာသည့်တည်နေရာကို ဖုံးကွယ်ရင်း ထွက်ခွာလာခဲ့ကြသည်။ ယခုသူတို့သည် မြို့တော်သို့ ရောက်ရှိနေသောကြောင့် သူတို့ကိုယ်သူတို့ ဖော်ထုတ်၍မရပေ။ ထိုသို့ ပေါက်ကြားသွားပါက ရှောင်မိသားစုကို ကယ်တင်ရန် မပြောနှင့် စုမိသားစု၀င်များပါ ပါ၀င်ပတ်သက်လာမည်ဖြစ်သည်။

လက်ထောက်လေးသည် ထိုလူများကို အသေးစိတ်စစ်ဆေးလိုက်သည်။ ထိုလူငယ်လေးသည် ကြည့်ကောင်းကာ အရပ်လည်း သိပ်မရှည်ပေ။ သာမန်လူများထက်လည်း ကောင်းမွန်စွာ ၀တ်စားထားပေသည်။ စကားပြောသည့်သူမှာ ခါး၌ ဓားကို လွယ်သိုင်းထားလေသည်။ သေချာစဉ်းစားပြီးနောက် လက်ထောက်လေးသည် ပျော်ရွှင်စွာ ပြောလေသည်။ “ဧည့်သည်တော်နှစ်ယောက်က စီးပွားရေးဆွေးနွေးဖို့ လာတာပဲ။ အဲဒါဆို အပေါ်ထပ်မှာ သွားနားနေကြပါဦး။ ကျွန်တော် တာဝန်ခံကို သွားခေါ်ပေးပါ့မယ်”

ထိုသို့ပြောပြီးနောက် အခြားလက်ထောက်တစ်ယောက်ကို ဒုတိယထပ်ရှိ လေသာဆောင်အခန်းသို့ ခေါ်သွားရန် အချက်ပြလိုက်ပြီး သူသည် လှည့်ထွက်ကာ အနောက်ခြံထဲသို့ သွားပြီး ‌တာဝန်ခံကို သွားပြောလေသည်။

စုကျားချာဆိုင်ရှိ တာဝန်ခံသည် ရှောင်မိသားစု၏ အရေးအခင်းကြောင့် သူ၏လက်ဖက်ခြောက်ကိုပင် ကောင်းမွန်စွာ မရောင်းရဲပေ။ ရှောင်မိသားစု၏ဆိုင်များသည် အသိမ်းခံလိုက်ရပြီး သူ၏ လက်ဖက်ခြောက်ဆိုင်မှာ ကျန်ရှိနေသေးကြောင့် စိတ်သက်သာရာ ရသွားသော်လည်း အနည်းငယ် စိုးရိမ်မိသည်။ လက်ရှိတွင် သူသည် ခြံအနောက်ဘက်၌သာ ပုန်းကွယ်နေခဲ့ပြီး နန်းတွင်းရဲမက်များ၏ ဖမ်းဆီးခံရမည်ကို စိုးရိမ်သောကြောင့် အပြင်ပင် မထွက်ခဲ့ပေ။

“ဘယ်လိုလူမျိုးလဲ” လက်ထောက်ပြောသည့် အရေးကြီးသည့်ဧည့်သည်မှာ သူနှင့်တွေ့ရန် ခြံ‌ရှေ့၌ စောင့်နေကြောင်း သိသည်နှင့် တာဝန်ခံဝူသည် သူ၏မျက်လုံးကို ခပ်ဖွဖွမှိတ်လိုက်သည်။ သူ၏စိတ်ထဲ၌ ထိုလူကို ထွက်တွေ့သင့်၊ မတွေ့သင့်ကို အဖန်ဖန်အခါခါ စဉ်းစားနေခဲ့သည်။

လက်ထောက်ငယ်လေးသည် ထိုလူနှစ်ဦး၏ ပုံစံကို သေချာစွာပြောပြလေသည်။ “အရှေ့ကလူက အသက်သုံးဆယ်ကျော်လောက် ရှိပြီး ဓားကိုင်ထားတော့ အစောင့်ဖြစ်မဲ့ပုံပဲ။ သူ့နောက်က ကောင်လေးက အသက်တစ်ဆယ့်လေး တစ်ဆယ့်ငါးနှစ်လောက်ပဲရှိသေးတာ။ သူ့ပုံစံက မိန်းကလေးဆန်ပေမဲ့လည်း တော်တော်ချောတယ်”

ပုံစံကိုခန့်မှန်းလိုက်ပြီးနောက် တာဝန်ခံဝူ၏ ပိတ်ကျနေသော မျက်၀န်းမှာ ပွင့်ဟလာခဲ့သည်။ ဖြစ်နိုင်တာက သခင်‌ငယ်လေးလား။ ရှောင်မိသားစု၌ အငယ်ဆုံးသခင်လေးနှင့် ဒုတိယမိသားစုမှ သခင်လေး လင်း၀ယ်သာပျောက်ဆုံးသွားခဲ့သည်။ မိသားစုရှိလူတိုင်းမှာ အကျဉ်းထောင်ထဲ၌ ရှိနေကြသည်။ သခင်ငယ်လေးက ဒီနေရာကို ရှာတွေ့သွားတာလား။ ထိုသို့တွေးမိသည်နှင့် အားနည်းနေသည့် တာဝန်ခံဝူမှာ ချက်ချင်းပင်ထရပ်ကာ အရှေ့ထဲသို့ အမြန်ပြေးလွှားသွားလေသည်။

“ဘယ်မှာလဲ အဲ့လူဘယ်မှာလဲ”

“ဒုတိယထပ် လေသာဆောင်အခန်း….” လက်ထောက်လေးသည် သူ စကား မဆုံးခင်ပင် ‌တာဝန်ခံဖြစ်သူမှာ ပျောက်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ ထို့အတွက် အနည်းငယ် အံ့ဩမိသည်။ “ဘာကိစ္စမလို့ တာဝန်ခံက အဲ့လောက် စိတ်လှုပ်ရှားနေရတာလဲ…”

တာဝန်ခံမှာ တည်ငြိမ်အေးဆေးသည့်သူမှန်း လူတိုင်းသိကြသည်။ ယခုတွင် ‌တာဝန်ခံဖြစ်သူမှာ သူတို့ထက်ပင် ပို၍ ပျာယာခတ်နေလေသည်။

တာဝန်ခံဝူသည် စိုးရိမ်ပူပန်မှု၊ စိတ်လှုပ်ရှားမှု၊ ပျော်ရွှင်မှုတို့နှင့်အတူ လေသာဆောင်အခန်း၏တံခါးကို ခေါက်လိုက်သည်။ ခဏအကြာ၌ သက်တော်စောင့်ဟုထင်ရသည့် လူငယ်တစ်ဦးသည် တံခါးဖွင့်ပေးပြီးနောက် သူ့အား စကားတစ်ခွန်းမျှ မဆိုဘဲ အထဲသို့၀င်ခိုင်းကာ တံခါးပြန်ပိတ်လေသည်။

တာဝန်ခံဝူသည် အခန်းထဲသို့ ၀င်သွားလိုက်သည်။ သူ၏မျက်၀န်းထဲသို့ ဝင်လာသည့် လူငယ်လေးမှာ မရင်းနှီးသည့်သူသာဖြစ်သည်။ စိတ်ပျက်မှုနှင့်အတူ စိတ်သက်သာရာ ရခဲ့သည်။ လာရောက်သည့် ဧည့်သည်မှာ သခင်ငယ်လေး ဖြစ်မည်ဟု ထင်ထားခဲ့သည်။ ယခုစဉ်းစားကြည့်ပါက သခင်ငယ်လေးသည် ရှောင်မိသားစု၏ မျှော်လင့်ချက်ဖြစ်သည်။ သခင်ငယ်လေးမှာ နေ့ခင်း၌ မည်သို့ပေါ်ပေါ်ထင်ထင် မြို့တော်ထဲသို့ ၀င်လာနိုင်မည်နည်း။ တာဝန်ခံဝူ၏ စိတ်ထဲ၌ အတွေးများနေသည့်တိုင် မျက်နှာအမူအရာမှာ မပြောင်းလဲသေးပေ။ သက်ပြင်းချသံ သဲ့သဲ့လေးသာ သိသိသာသာ ထွက်လာခဲ့သည်။ “ဒီက ဧည့်သည်နှစ်ယောက်က ကျွန်တော်နဲ့ ဘာစီးပွားရေးကိစ္စများ ဆွေးနွေးချင်တာပါလဲ”

ယိုကျင့်သည် သူမ၏ကိုယ်ပေါ်၌ ချိတ်ဆွဲထားသည့် ကျောက်စိမ်းပြားလေးအား တာဝန်ခံဝူထံသို့ လက်ဆင့်ကမ်းပေးလိုက်သည်။ “တာဝန်ခံဝူ ဒါလေးကို တစ်ချက်ကြည့်ကြည့်ပါဦး”

“စုမိသားစုက အကြီးဆုံးသခင်မလေးလား” တာဝန်ခံဝူသည် ထိုကျောက်စိမ်းပြားမှာ သူ့ဆီ၌ တစ်ခုရှိသည့်အတွက် တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်သည်။ အစ၌ပင် အကြီးဆုံးသခင်ငယ်လေးမှာ ထိုကျောက်စိမ်းပြားမှာ ပုံစံတူသုံးခုရှိကြောင်း ပြောပြဖူးသည်။ တစ်ခုမှာ အကြီးဆုံးသခင်လေး၌ ရှိပြီး နောက်တစ်ခုမှာ သသူ့ဆီတွင် ရှိပေသည်။ ကျန်တစ်ခုမှာ စုမိသားစု၏ အကြီးဆုံးသခင်မလေး၏ လက်ထဲ၌ ပိုင်ဆိုင်ထားသည်။ သူသည် သခင်ငယ်တစ်ဦးကဲ့သို့ ၀တ်စားဆင်ယင်ထားသော စုသခင်မလေးကို ကြည့်ကာ သံသယများနှင့်အတူ အံ့ဩထိတ်လန့်မိသည်။ “စုသခင်မလေး ဒါက…”

ယိုကျင့်သည် သူ၏ထင်မြင်ချက်မှာ မှန်ကန်ကြောင်း အပြုံးလေးဖြင့် ခေါင်းညိတ်လိုက်သည်။ သူမ၏ ရောက်ရှိလာမှုအတွက် ထိုသူ၌ သံသယများရှိကြောင်း သူမ သိသည့်အတွက် အလျင်အမြန် ရှင်းပြလိုက်သည်။ “ဒီကိစ္စက အရေးကြီးကိစ္စပဲ။ လုံခြုံအောင်လို့ အပြင်ထွက်တဲ့အခါ ယောက်ျားလေးလို ၀တ်ရတာပါ”

“အကြီးဆုံးသခင်မလေးက ဒီတစ်ခေါက် မြို့တော်ကို ဘာကိစ္စနဲ့ လာခဲ့တာပါလဲ။ ဖြစ်နိုင်တာက အကြီးသခင်လေး အကြောင်းကို ကြားမိလို့လား” တာဝန်ခံဝူသည် သူ၏အံ့ဩမှုကို ဖုံးကွယ်လိုက်ပြီး တိုက်ရိုက်မေးလိုက်သည်။ လတ်တလောတွင် မည်သည့်ပွဲတော် မည်သည့်အောင်ပွဲမျှ ကျင်းပခြင်းမရှိပေ။ အကြီးသခင်မလေး ရုတ်တရက် ရောက်ရှိလာမှုမှာ အရေးကြီးကိစ္စကြောင့် ဖြစ်ရပေမည်။ လတ်တလော၌ အရေးကြီးကိစ္စမှာ ရှောင်မိသားစု၏ကိစ္စသာ ဖြစ်သည်ဟု ယူဆနိုင်သည်။

“တကယ်တော့ မြို့တော်မှာ ကျွန်မအတွက် ဘာကျောထောက်နောက်ခံမှမရှိဘူးလေ။ အဲ့တော့ ဒီကိုပဲ လာအကူအညီတောင်းရတာပါ။ လတ်တလော မြို့တော်မှာ အခြေအနေဘယ်လိုရှိလဲ။ ရှောင်လင်းယွီကို တွေ့ချင်တယ်ဆို တွေ့လို့ရနိုင်မလား” ယိုကျင့်သည် တာဝန်ခံဝူအား တည့်တည့်မတ်မတ် စိုက်ကြည့်လိုက်သည်။ သူမသည် မြို့တော်သို့ ရောက်ရှိလာသော်လည်း မြို့တော်၌ ဖြစ်ပွားနေသည့် ကိစ္စရပ်များကို အသေးစိတ် မသိသေးပေ။ ထို့အတွက် ရှေးဦးစွာ သတင်းစုဆောင်းပြီးမှ အစီအစဉ်ရေးဆွဲရမည် ဖြစ်သည်။

တာဝန်ခံဝူသည် သခင်ဖြစ်သူအတွက် စိုးရိမ်နေသော်ငြား သူသည် တာဝန်ခံတစ်ဦးသာဖြစ်သည်။ သခင်ဖြစ်သူနှင့် တွေ့ဆုံရန် မည်သည့်အာဏာရှိမည်နည်း။ သူသည် လတ်တလောအတွင်း နှုတ်ခမ်းထောင့်များ နာကျင်ကိုက်ခဲနေသည့်တိုင် မည်သည့်ဖြေရှင်းနည်းကိုမျှ ရှာမတွေ့ခဲ့ပေ။ သူ၏ရှေ့ရှိ စုမိသားစု၏ အကြီးဆုံးသခင်မလေးမှာ သူ့အတွက် နောက်ဆုံးမျှော်လင့်ချက်ဖြစ်ပေသည်။ တာဝန်ခံဝူသည် ကိုယ့်ကိုယ်ကိုယ်အားပေးလိုက်သည်။ သူသည် မြင်းသေတစ်ကောင်အား အသက်ရှိနေသည့် မြင်းသဖွယ် စဉ်းစားရုံသာရှိတော့သည်။ သူသည် ယိုကျင့်အား သူသိသမျှ သတင်းအားလုံးကို ပြောပြခဲ့သည်။

“မနေ့က အရှင်မင်းကြီးရဲ့အမိန့်အရဆိုရင် ရှောင်မိသားစုက အမျိုးသားတွေအကုန် ကွပ်မျက်ခံရပြီး အမျိုးသမီးတွေက ရုံးတော်အစေခံဖြစ်လာမှာ” တာဝန်ခံဝူသည် ပြောနေရင်းဖြင့် သက်ပြင်းချမိသည်။

“အရှင်မင်းကြီးက သတ်မှတ်ပြီးပြီဆိုတော့ ပြောင်းလဲဖို့ မလွယ်လောက်ဘူး”

ရှောင်မိသားစုကယ်ပေးထားသည့် ဟန်မိသားစု၏ မြေးဖြစ်သူကို မရှာတွေ့သည်မှာ ကံကောင်းသည်ဟု ဆိုနိုင်သည်။ ကံဆိုးစွာဖြင့် ရှောင်မိသားစုသည် ဟန်မိသားစုနှင့် အဆက်အသွယ် ရှိခဲ့ကြောင်းကို ဖော်ထုတ်ခံရပါက ကျားအမြှီးကို သွားဆွဲမိသည်နှင့် တူနေလိမ့်မည်။ အနည်းဆုံး ဆွေစဉ်မျိုးဆက်ကိုးခုလုံး ကွပ်မျက်ခံရန် အမိန့်မကျသည်မှာ ကံကောင်းသည်ဟုဆိုနိုင်သေးသည်။

မည်သို့ပင်ဖြစ်စေ စစ်သူကြီးလုဝေသည် စစ်သူကြီးဟန် မသေဆုံးခင်က တွေ့ဆုံခဲ့ဖူးသည်။ အမတ်ချုပ်နှင့် စကားအတန်ကြာ ပြောပြီးသည့်နောက်၌ သူတို့သည် မုန်တိုင်းအလယ်တည့်တည့်သို့ ကျရောက်သွားကာ မျိုးဆက်ကိုးဆက်ထိ ကွပ်မျက်ခံရန် အမိန့်ထုတ်ခံရသည်။

“ကွပ်မျက်ခံရမယ်” ယိုကျင့်သည် ထိုင်ခံမှ မတ်တတ်ရပ်ပြီးနောက် ထပ်မံလဲကျသွားလေသည်။ ရုတ်တရက် ဆန်လှသောသတင်းကြောင့် သူမသည် မူးဝေနေခဲ့ပြီး အချိန်အတန်ကြာ စကားမပြောနိုင်ခဲ့ပေ။ လက်ရန်းကုလားထိုင်၌ ဝေရီရီထိုင်နေရင်း အချိန်အတန်ကြာသည်ထိ သတိမကပ်ဘဲ ရှိနေခဲ့သည်။

တာဝန်ခံဝူသည် မျက်၀န်းထောင့်ရှိ မျင်ရည်များကို သုတ်လိုက်ပြီး ကွဲအက်နေသည့်အသံဖြင့် ပြောလေသည်။ “ကွပ်မျက်မှာက ဆောင်းကုန်မှပါ။ ပြောချင်တာက အချိန်နှစ်၀က်လောက် ရပါသေးတယ်”

တာဝန်ခံဝူသည် သစ္စာရှိသည့် အစေခံဟု ဆိုနိုင်ပေသည်။ သခင်ဖြစ်သူမိသားစု၌ ထိုကဲ့သို့ ကိစ္စမျိုး ဖြစ်ပွားသည့်တိုင် မြို့တော်မှ ထွက်ခွာခြင်းမပြုဘဲ ဆက်လက်တွယ်ကပ်နေခဲ့သည်။ ထိုကဲ့သို့ စိတ်မျိုး မရှိသည့်သူဆိုပါက သူ၏မိသားစုနှင့်အတူ ထွက်ပြေးခဲ့လောက်ပြီဖြစ်သည်။ မည်သူက ရူးရူးမိုက်မိုက်နှင့် မြို့တော်၌ စောင့်ဆိုင်းနေမည်နည်း။ တာဝန်ခံဝူ၏ အတွေးမှာ ရိုးရှင်းလှသည်။ ယခုကဲ့သို့ အရှုပ်အထွေးဖြစ်နေချိန်၌ အကြီးဆုံးသခင်လေးကို ဒီအတိုင်း ထားမသွားနိုင်ချေ။ သခင်လေး၏နောက်တွင် တစ်ယောက်ယောက်က အလောင်းကောက်ရန် နေပေးခဲ့သင့်သည်။

ယိုကျင့်သည် စိတ်အားငယ်စွာဖြင့် မျက်လွှာချလိုက်သည်။ ခဏကြာပြီးနောက် သက်တော်စောင့်ရှောင်ကို စိုက်ကြည့်ကာ မေးလိုက်သည်။ “ကျွန်မက အစ်ကိုကြီးရှောင်ကို‌ တွေ့ချင်တယ်။ သက်တော်စောင့်ရှောင်ဆီမှာ အကြံဉာဏ်လေးများ မရှိဘူးလား”

တာဝန်ခံဝူ၏ အခြေချမှူသည် မြို့တော်၌ အချိန်အနည်းငယ်သာ ရှိသေးသောကြောင် သက်တော်စောင့်ရှောင်ကဲ့သို့ အဆက်အသွယ်မများလှပေ။ သက်တော်စောင့်ရှောင်ပင် ရှောင်လင်းယွီကို မတွေ့နိုင်ပါက ယခုတစ်ခေါက် ခရီးသည် အလကားဖြစ်လိမ့်မည်။

သက်တော်စောင့်ရှောင်၏ မျက်နှာထားမှာ ပိုပိုပြီး ဆိုးလာခဲ့သည်။ သခင်ဖြစ်သူမိသားစုမှာ ဟန်မိသားစု၏ပုန်ကန်မှုတွင် ပါ၀င်ပတ်သက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ယိုကျင့်မှ သူ့အား မေးမြန်းသည့်အခါ ပြန်မဖြေခင် အနည်းငယ် တွေဝေနေခဲ့သည်။ “ဒီအစေခံ နည်းလမ်း ရှာကြည့်ပါဦးမယ်”

သူသည် အကောင်းဆုံးကြိုးစားကာ အကြီးဆုံးသခင်လေးနှင့် ယခင်က ဆက်နွှယ်ခဲ့ဖူးသည့် သူများကို ဆက်သွယ်နိုင်ရန် ကြိုးပမ်းရမည်။ တစ်ယောက်ယောက်သာ သခင်လေးနှင့် ပတ်သက်ခဲ့မှုကို တန်ဖိုးထားပါက ကူညီပေးလိမ့်မည်ပင်ဖြစ်သည်။ ထိုမှတဆင့် သခင်လေးနှင့်တွေ့ရန် ကြိုးပမ်းရမည်။

တာဝန်ခံဝူသည် ထိုစကားကိုကြားချိန်၌ ပျော်ရွှင်သွားကာ ကျေးဇူးတင်စကားဆိုလေသည်။ “အဲဒါဆို ဧည့်သည်နှစ်ယောက်ကိုပဲ ပြဿနာပေးရတော့မယ်။ အကြီးသခင်မလေးလည်း ခရီးနှင်လာရတာ ပင်ပန်းရောပေါ့။ ဆိုင်ရဲ့‌အနောက်မှာ အခန်းရှိတယ်။ အဲမှာ အနားယူလိုက်ပါ့လား”

ယိုကျင့်သည် တာဝန်ခံဝူ၏ ကမ်းလှမ်းမှုကို သဘောတူလိုက်သည်။ စုမိသားစု၏လူလေးယောက်မှာ စုကျားချာဆိုင်၏ အနောက်ခြံ၀န်းထဲ၌ နေထိုင်ကြတော့သည်။ တာဝန်ခံဝူ၏ မိသားစုသည်လည်း ထိုခြံ၀န်း၌ နေထိုင်ပေသည်။ တာဝန်ခံ၏ဇနီးဖြစ်သူမှာ ထိုနေ့ကပင် ခင်ပွန်းသည်၏ အထူးမှာကြားချက်ကို လက်ခံရရှိခဲ့သည်။ လက်ရှိ လာရောက်လည်ပတ်သောသူမှာ ခင်ပွန်းဖြစ်သူ၏ အလုပ်ရှင် ဖြစ်သောကြောင့် သူမသည် လေးစားသမှုဖြင့် ဆက်ဆံလေသည်။ နေ့စဉ် ဟင်းလျာများ မုန့်များနှင့် ရေနွေးကြမ်းများပါ ပြင်ဆင်ပေးလေသည်။ မည်သည်ကိုမှ မေးခွန်းမထုတ်သည့်အတွက် အမှန်ပင်အေးချမ်းလှသည်။

မြို့တော်၌ အခြေချပြီးနောက် သက်တော်စောင့်ရှောင်သည် နေ့စဉ် မနက်အစောထွက်ကာ နောက်ကျမှပြန်လာတတ်သည်။ ယိုကျင့်သည် ချီဖန်နှင့်သက်တော်စောင့်တစ်ဦးကိုခေါ်ကာ မြို့တော်ရှိ လမ်းကြားများ၌ လိုအပ်သည့်သတင်းအမျိုးမျိုးကို စုဆောင်းနေခဲ့သည်။ သတင်းအများစုမှာ ကြားဖူးနား၀ရှိရုံသာ ဖြစ်ပြီး အသုံးမ၀င်လှချေ။ အချို့သတင်းများမှာတော့ အသုံး၀င်လှသည်။

“ရုံးတော်အစေခံတွေကို ရောင်းမယ်” ယိုကျင့်သည် ထိုသတင်းအား သက်တော်စောင့်ရှောင်ဆီမှ ကြားကြားချင်းပင် မျက်မှောင်ကြုံ့မိလိုက်သည်။ “အဲ့မှာ ရှောင်မိသားစုက မိသားစု၀င်တွေများ ပါသေးလား”

ထိုထဲ၌ ပါရှိပါက ယိုကျင့်သည် သူမ တတ်နိုင်သမျှ ကြိုးပမ်းကာ ထိုလူများကို ၀ယ်ယူရမည်။ ရှောင်လင်းယွီ၏ သူမအပေါ် ကြင်နာခဲ့မှုအတွက် ပြန်ပေးဆပ်သည်ဟု မှတ်ယူနိုင်သည်။

သက်တော်စောင့်ရှောင်သည် မည်းမှောင်နေသော မျက်နှာဖြင့် တည်ငြိမ်စွာခေါင်းညိတ်ရင်း ထပ်ပြောလေသည်။ “အဲထဲမှာ သခင်မကြီး၊ အကြီးဆုံးသခင်မနဲ့ ဒုတိယမိသားစုက သခင်မရယ် အကြီးဆုံးမမလေးပါ ပါတယ်။ နောက်သုံးရက်နေရင် ရောင်းတော့မှာပါ” ရုံးတော်အစေခံများမှာ ဈေးကြီး ပေး၀ယ်ရပေသည်။ ရုံးတော်အစေခံနှင့် ရိုးရိုးအစေခံကြားရှိ ကွာခြားချက်မှာ ရုံးတော်အစေခံများသည် သူတို့၏အဆင့်အတန်းကို တစ်သက်စာဖယ်ရှား၍ မရသောကြောင့်ဖြစ်သည်။

ရှောင်မိသားစု၌ အမျိုးသမီးအနည်းငယ်သာ ရှိပြီး ထိုလေးဦးသည်သာ သခင်အဖြစ် သတ်မှတ်နိုင်သည်။ ခင်ပွန်းဖြစ်သူ မိသားစုမှ ပစ်ပယ်သွားသော နူညံ့ညင်သာကာ အမျိုးသမီးကောင်းအင်္ဂါရပ်နှင့် ပြည့်စုံသည့် အမျိုးသမီးတစ်ဦးကို သူပြန်သတိရလိုက်သည်။ ထိုအမျိုးသမီးမှာ ရှောင်မိသားစုထံ၌ ပြဿနာ ဖြစ်ပွားသည့်အချိန်တွင် သူမ၏အိမ်သို့ ပြန်သွားလေသည်။ ထို့နောက် သူမသည်လည်း အကျဉ်းကျသွားကာ ရောင်းရန်စောင့်ဆိုင်းနေသည့် အစေခံထဲ၌ ပါ၀င်ပေသည်။ သက်တော်စောင့်ရှောင်သည် ကျူးအိမ်တော်သို့ သွားကာ ထိုဝံပုလွေနှလုံးသားနှင့် လူများ(ကောက်ကျစ်သောသူ)ကို အပိုင်းပိုင်းဖြတ်နိုင်ရန် ဆုတောင်းနေမိသည်။

“တစ်ယောက်ယောက်များ အဲ့‌အရောင်းပွဲမှာ ပါဖို့ ဖိတ်စာတို့ ကတ်တို့ရှိကြလား” ယိုကျင့်သည် အစီအစဉ် ဆွဲထားပြီပြီဖြစ်သည်။ ယခု၌ ရှောင်လင်းယွီမှာ ဆောင်းကုန်မှ ကွပ်မျက်ခံရမည် ဖြစ်သည့်အတွက် သူမတို့ အလျင်စလို လှုပ်ရှား၍မရပေ။ သို့သော် ရှောင်မိသားစုရှိ အမျိုးသမီးများကို မည်သူမျှ ကယ်တင်ထားခြင်း မရှိပါက သူမတို့မည်သို့အဆုံးသတ်မည်ကို မည်သူမှမသိနိုင်ပေ။

“ကျွန်တော် ဖိတ်စာကတ်ရခဲ့ပါတယ်” သက်တော်စောင့်ရှောင်သည် သူ၏အိတ်ကပ်မှ ဖိတ်စာကတ်တစ်ခုကို ထုတ်လိုက်ပြီး ယိုကျင့်၏ရှေ့သို့ လက်နှစ်ဖက်ဖြ င့်ပေးလေသည်။ ထိုအရာမှာ ဖန်းမိသားစု၏ အကြီးဆုံးသခင်လေးဆီမှ အကူအညီ တောင်းထားခြင်းဖြစ်သည်။ ဖန်းဟွာသည် သူ့အား အကျဉ်းထောင်ထဲရှိ အကြီးဆုံးသခင်လေးနှင့် တွေ့ဆုံရန် မကူညီပေးနိုင်သော်လည်း ကူညီချင်စိတ် ရှိနေသေးသည်။ အကြီးဆုံးသခင်မလေးသာ ရှေ့ဆက် မကူညီပေးလိုပါက သူကိုယ်တိုင် ရှေ့ထွက်ကာ လုပ်ဆောင်မည်ဟု စိတ်ပိုင်းဖြတ်ထားသည်။ လူတိုင်းကို မကယ်နိုင်သော်လည်း ဒုတိယမိသားစုရှိ အကြီးဆုံးသခင်မလေးကို ကယ်နိုင်လိမ့်မည်။

ဖိတ်စာကတ်ရပြီးသည့်နောက် ယိုကျင့်သည် အမိန့်ပေးလိုက်သည်။ “‌‌နောက်သုံးရက်နေရင် ခရီးစကြတာပေါ့”

တာဝန်ခံဝူသည် ယိုကျင့်မှာ ရုံးတော်ကျွန်များ ရောင်းချပွဲတွင် ပါ၀င်မည်ဖြစ်ကြောင်း သိသည်နှင့် ဆိုင်ရှိငွေအားလုံးကို ယိုကျင့် အသုံးပြုနိုင်ရန် ပေးအပ်လိုက်သည်။ ထို့အပြင် လော့ဟယ်မြို့မှ ထွက်ခွာစဉ်က ယိုကျင့် ယူဆောင်ခဲ့သည့် လျန်းတစ်သောင်းနှင့် ဆိုပါက စုစုပေါင်းပမာဏမှာ လုံလောက်သည်ဟုဆိုနိုင်သည်။

…

All Chapters