← Chapters

အခန်း (၁၁၈-၁၂၀)

Vol. 8 Ch. 118-120

အခန်း (၁၁၈-၁၂၀)

Vol. 8 Ch. 118-120

အပိုင်း (၁၁၈) မျက်နှာ

သုံးရက်ကြာပြီးနောက် မြို့တော်၌ ရုံးတော်၏ကျွန်လေလံပွဲ စတင်ခဲ့လေသည်။

မူလက ကျက်သားရေရှိကာ ကြော့ရှင်းလှသည့် အမျိုးသမီးယွီ၏ ကျောပြင်သည် အခုတော့ အများကြီး ကိုင်းကျသွားတော့သည်။ လေးလံသည့်ခြေကျင်းများက သူမ၏ခြေလှမ်းများကို ပို၍ နှေးကွေးသွားစေတော့သည်။ အမျိုးသမီးကျောက်နှင့်အတူ သူမသည် မူလက မည်းနေသည့် ဆံပင်များသည် တစ်လအတွင်း ဖြူသွားကာ အသက်အရွယ်ကြီးနေပြီးဖြစ်သည့် အကြီးအကဲ အမျိုးသမီးစုန့်ကို တွဲထားလေသည်။ ခင်ပွန်းမိသားစု၏ စွန့်ပစ်ခံလိုက်ရသည့် ဒုတိယမိသားစု၏ အကြီးဆုံးသမီး ရှောင်လင်းရူက သူတို့နောက်မှ လိုက်လာလေသည်။ သူတို့လေးယောက်သည် အဆင့်အလိုက်ရုံးတော်ကျွန်များကြားတွင် မလှမ်းချင့်လှမ်းချင်ဖြင့် လျှောက်လာတော့သည်။

သူတို့ခေါင်းကို မော့မထားကြသော်လည်း လေလံရုံထဲက ဂုဏ်ကြီးသူတို့၏ အကြည့်များက သူတို့ပေါ်သို့ ကျရောက်နေမှန်း ခံစားမိနိုင်သေးသည်။ အမျိုးသမီးယွီသည် ထိုနေရာတွင် ထိုင်ခဲ့ဖူးသည့် သူမအကြောင်းကို ပြန်စဥ်းစားလိုက်မိပြီးနောက် အလွန်ရှက်ရွံ့သွားကာ ခေါင်းပင် မမော့ရဲတော့ချေ။

“ ရုံးတော်ကျွန်တွေရဲ့ လေလံပွဲကို တရားဝင်စတင်ပါပြီ၊ အရင်ဆုံး ရာဇဝတ်သား လျိုမိသားစုရဲ့ အမျိုးသမီးမိသားစုတွေကနေ စပါမယ်”

ရုံးတော်ကျွန်လေလံပွဲတွင် လေလံပွဲကို တာဝန်ယူထားရသည့် အရာရှိငယ်လေးက ကျယ်လောင်စွာ အော်လိုက်လေသည်။

“ ရာဇဝတ်သားလျိုမိသားစုမှာ ရုံးတော်ကျွန် သုံးယောက်ရှိပါတယ်၊ လျန်၅၀၀ နဲ့စပါမယ်”

လေလံပထမဆုံးထုတ်ခံရသူများမှာ စစ်သူကြီးလျိုမိသားစုက အမျိုးသမီးမိသားစုဝင်များ ဖြစ်ကြလေသည်။ စစ်သူကြီးလျိုက အတိတ်က စစ်သူကြီးဟန်၏ ပူးပေါင်းကြံစည်မှုတွင် ပါဝင်သဖြင့် ကြီးလေးသည့်ပြစ်မှုဖြင့် စွဲဆိုခံခဲ့ရသည်။ လျိုမိသားစုကို မျိုးဆက် ၉အထိ အပြစ်ပေးခဲ့ကြသည်။

အခုတော့ လျိုမိသားစုနှင့် မည်သူက ပတ်သက်ရဲပါတော့မည်နည်း။ ထို့ကြောင့်ပင် လျိုမိသားစု၏ အမျိုးသမီးဖက်က ဆွေမျိုးများက သူတို့ကို ဝယ်ယူရန် ထွက်မလာရဲကြချေ။ နောက်ဆုံးတွင် သူတို့ကို အမည်မသိ စီးပွားရေးလုပ်ငန်းရှင်ငယ်လေးတစ်ယောက်က ဝယ်သွားတော့သည်။

ရုံးတော်ကျွန်လေလံသည် အစီအစဥ်တိုင်း သွားနေလေသည်။ ယိုကျင့်က လေလံပွဲက စီစဥ်ပေးထားသည့် ထိုင်ခုံတွင် ထိုင်နေလေသည်။ ရုံးတော်ကျွန်အဖွဲ့ကို အာရုံစိုက်ကာ ရှာဖွေရင်း သူမက ဘေးတွင် ရပ်နေသည့် သက်တော်စောင့်ခေါင်းဆောင်ရှောင်ကို လေသံဖြင့် မေးလိုက်လေသည်။

“ အစောင့်ခေါင်းဆောင် ရှင် သူတို့ကို တွေ့လား”

သူမသည် ရှောင်မိသားစုဝင်များကို တခါမှ မတွေ့ဖူးချေ။ အခုတော့ သူမသည် သူတို့၏ပုံစံကို သိရရန် သက်တော်စောင့်ခေါင်းဆောင်ရှောင်ကို အားကိုးနေရတော့သည်။

သက်တောင်စောင့်ခေါင်းဆောင်ရှောင်က သူမျက်လုံးများ ကျုံ့ထားလိုက်ပြီး သူနှင့် မီတာအနည်းငယ် အကွာအဝေးက ရုံးတော်ကျွန်လူအုပ်ကြီးထဲက ရင်းနှီးသည့်ပုံရိပ်များကို ရှာဖွေနေလိုက်သည်။ ခဏကြာပြီးနောက် သူက သူတို့ကို လက်ညှိုးထိုးပြလိုက်ပြီး စိတ်လှုပ်ရှားနေသည့်အသံဖြင့် တီးတိုးပြန်ဖြေလိုက်လေသည်။

“ကျွန်တော် သူတို့ကို တွေ့ပြီ၊ ဘယ်ဖက်မှာ ရပ်နေကြတယ်၊ အစိမ်းရောင်ဝတ်စုံနဲ့ အမျိုးသမီးရယ် သူ့ဘေး လူသုံးယောက်ရယ်”

အစောင့်ခေါင်းဆောင်ရှောင်၏အကြည့်နောက် လိုက်ကြည့်လိုက်ရာ သူမသည် သက်လတ်ပိုင်း အမျိုးသမီးနှစ်ဦးက ဆံပင်ဖြူနေသည့် အဘွားကြီးတစ်ယောက်ကို တွဲထားသည်ကို တွေ့လိုက်ရလေသည်။ အစောင့်ခေါင်းဆောင်ရှောင်က အစိမ်းရောင်အဝတ်အစားနှင့် တစ်ယောက်မှာ ရှောင်မိသားစု၏အကြီးဆုံးမမလေး ဖြစ်ကြောင်း ပြောပြလေသည်။ သူတို့လေးယောက်လုံးသည် အင်္ကျီလက်အပြင်ဘက်က လက်ခုံပေါ်တွင် အနီရောင်ဒဏ်ရာများ ပြန့်ကျဲနေလေသည်။ သူတို့သည် ထောင်ထဲတွင် များစွာ ခံစားခဲ့ရမှာ သေချာသည်။ ယိုကျင့်က သူမ၏အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး အသာအယာခေါင်းညိတ်ပြလိုက်လေသည်။

“ကျွန်မ သိပြီ”

ရုံးတော်ကျွန် လေလံပွဲသည် အလွန်လျင်မြန်စွာ ဆက်ဖြစ်နလေသည်။ မကြာမီတွင် ရှောင်မိသားစု၏ အမျိုးသမီးမိသားစုဝင်များ အလှည့်သို့ရောက်လာတော့သည်။

“ ရာဇဝတ်သားတွေကတော့ ရှောင်မိသားစုရဲ့ အမျိုးသမီးမိသားစုဝင်လေးယောက်ပါ၊ လျန်၅၀၀ နဲ့စပါမယ်” အရာရှိငယ်လေးက စျေးစ,ပေးလေသည်။

“ လျန်၅၀၀” အရာရှိလေး စကားဆုံးသွားသည်နှင့် တစ်ယောက်ယောက် စတင် လေလံဆွဲတော့သည်။ ယိုကျင့်က အသံလာရာကို ကြည့်လိုက်တော့ ပိုနီတေလ်းပုံစံဆံပင်နှင့် အိမ်ထောင်သည် အမျိုးသမီးငယ်လေးတစ်ယောက် ဖြစ်မှန်း တွေ့လိုက်ရလေသည်။ သူမသည် ကြော့ရှင်းပြီး တည်ငြိမ်ပုံရသည်။

ယိုကျင့်က အနည်းငယ် တွေဝေသွားပြီး သက်တော်စောင့်ခေါင်းဆောင်ရှောင် ဖက်လှည့်ကာ မေးလိုက်တော့သည်။

“ အဲဒါက ဘယ်သူ”

ရှောင်မိသားစုနဲ့ ဆက်ဆံရေးကောင်းတဲ့ တစ်ယောက်ယောက်များလား။ ဒါပေမဲ့ သူမရဲ့အကြည့်တွေက အဲလိုမထင်ရဘူး။

သက်တော်စောင့်ခေါင်းဆောင်ရှောင်က အမျိုးသမီးကို ကြည့်လိုက်၏။ သူမကို သိပ် မရင်းနှီးလှသော်လည်း သူသည် သူမကို မှတ်မိနေပြီး လှုံ့ဆော်လိုက်တော့သည်။

“ မမလေး မြန်မြန် လေလံဆွဲတော့၊ ကျွန်တော်နောက်မှ ရှင်းပြမယ်”

ရှောင်မိသားစုနှင့် ထိုလူ၏ရန်ငြိုးကို စကားအနည်းငယ်ဖြင့် ရှင်းပြလို့မရနိုင်ပေ။ အခုချိန်တွင် အရေးအကြီးဆုံးမှာ ရှောင်မိသားစု၏သခင်များကို ဝယ်ယူရန် ဖြစ်လေသည်။ အကြီးဆုံးမမလေးက သူတို့ကို ဝယ်လိုက်လျှင် ဒါသည် သခင်များအတွက် အကောင်းဆုံးနည်းလမ်း ဖြစ်မည်ဟု ယုံကြည်လိုက်လေသည်။ သူတို့တွေ တခြားလူလက်ထဲ ရောက်သွားရင် ဘယ်လိုလုပ်မလဲ။ ပြောရခက်သွားပြီလေ။

အမျိုးသမီးယွီကလည်း ပထမဆုံး လေလံဆွဲသူကို မှတ်မိလေသည်။ ထိုလူသည် သူမ၏ရုပ်ရည်ကို ကြည့်ရုံနှင့် မှတ်မိနေပြီး ‘ရှင်တို့တွေ တကယ်ပဲ ကျွန်မလက်ထဲ ရောက်လာမယ့်နေ့ ရှိလာပြီပဲ’ဟု ပြောနေသယောင် အထက်စီးဆန်ဆန်အကြည့်တစ်ခုဖြင့် ကြည့်လိုက်လေသည်။

ပိုင်ယအာသည် ဟိုတုန်းက ရန်ငြိုးကို ပြန်လည်ချေပနိုင်တော့မည်ဟု တွေးလိုက်စဥ်မှာပင် နောက်တစ်ယောက်က ဝင်လာတော့သည်။

“ လျန်၆၀၀”

နှစ်ဖက်လုံးက လူများသည် လေလံဆွဲလာသူကို ချက်ချင်းကြည့်လိုက်ကြပြီး အပြာရုံပုဝါပါသည့် ဦးထုပ်တစ်ခုဆောင်းထားပြီး ဘရိုကိတ်အသား စကပ်ကို တစ်ရောင်ထဲ ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ယောက် ဖြစ်မှန်း တွေ့လိုက်ရလေသည်။ မည်သူကမှ သူမ၏မျက်နှာကို သေချာမမြင်ရပေ။

ပိုင်ယအာသည် ပြိုလဲသွားပြီဖြစ်သည့် ရှောင်မိသားစုတွင် သူတို့၏ ချန်ယောက်ကျင်း (စစ်သူကြီး) ရှိနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ဒေါသတို့သည် သူမ၏စိတ်ကိုလွှမ်းမိုးသွားပြီး သူမက လေလံပွဲ၏မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့်အပြာရောင်ဝတ်စုံနှင့် မိန်းကလေးကို ဒေါသဖြင့် စိန်းစိန်းဝါးဝါး ကြည့်လိုက်လေသည်။ သူမသည် သူမကိုအစေခံကို စျေးဆက်ပေးရန် အချက်ပြလိုက်လေသည်။

“ လျန် ၆၅၀”

မျှော်လင့်မထားဘဲ မျက်နှာမဖော်ထားသည့်မိန်းကလေးက ချမ်းသာပြီး အင်အာကြီးသူဖြစ်လာကာ စျေးကို လျန် ၁၀၀၀အထိ ချက်ချင်း တင်လိုက်လေသည်။ ထိုအရာက ပိုင်ယအာကို ဒေါသကြောင့် အံတင်းသွားစေတော့သည်။

“ အဲဒီလူရဲ့ ဇာတိကဘယ်ကလဲ၊ သူမကဖြင့် အဲဒီရုံးတော်ကျွန်တွေကို လိုချင်တာမှ မဟုတ်ဘဲနဲ့ ငါနဲ့ပြိုင်လုဖို့ လုပ်နေတာပဲ”

သူမသည် ဒေါသထွက်နေသော်လည်း လက်မလျှော့ချင်သေးပေ။ ရှောင်မိသားစုရဲ့ အနှောင်အယှက်ကြောင့်သာ မဟုတ်ရင် သူမက မိသားစုကနေ အဘိုးနှင်ထုတ်တာ ဘယ်ခံရပါ့မလဲ။ အရည်အချင်းရှိတဲ့ ခင်ပွန်းကို အဖိုးက ဘယ်မျက်နှာလွှဲပါ့မလဲ။ အိမ်ကို မူးကာပြန်လာပြီး အဘိုးလက်အောက်တွင် စာသင်ခွင့် မရကောင်းလားဟု သူမကို အပြစ်တင်နေသည့် ခင်ပွန်းသည်အကြောင်း စဥ်းစားမိတော့ ပိုင်ယအာသည် ရှောင်မိသားစုကို အငြိုးမထားမိတော့သည်။ သူမသည် သူမ၏နာကျည်းချက်များကို ပုံချဖို့ရန် လိုအပ်လေသည်။

“ လျန် ၁၁၀၀”

အရာရှိငယ်လေးသည် အနည်းငယ် အံ့အားသင့်သွားတော့သည်။ သူသည် ရှောင်မိသားစုက အဆင့် ၅ ပြည်သူ့ဝန်ထမ်းအရာရှိတစ်ယောက် ရှိသည့် ကုန်သည်မိသားစုတစ်ခုဟုသာ သိထားလေသည်။ သူတို့၏အမျိုးသမီးဆွေမျိုးများအတွက် လေလံဆွဲပေးမည့် မိတ်ဆွေကောင်းတစ်ယောက် ရှိထားပြီး စျေးက ၁၀၀၀ကျော်သွားမည်ဟု လုံးဝထင်မထားခဲ့ချေ။ တခြား ရာဇဝတ်သား အရာရှိမိသားစု၏ အမျိုးသမီးများအားလုံးကို တစ်ကြိမ်ထဲနှင့် စျေးပေးကာ ဝယ်သွားကြသည်ကို အားလုံးကို သိကြလေသည်။

သို့သော် သည်လေလံကတော့ ဆက်တက်နေဆဲပင်။ သည်တစ်ကြိမ်တွင် အင်မတန်ချမ်းသာသည့် ယိုကျင့်က စျေးကို ထပ်တင်လိုက်ပြန်သည်။ သူမက သက်တော်စောင့်ခေါင်းဆောင်ရှောင်ကို စျေးထပ်ပေးရန် အချက်ပြလိုက်လေသည်။

“ လျန် ၁၅၀၀”

စဖွင့်သည့်စျေးထက် ၃ဆ ဖြစ်လာတော့သည်။

ရှောင်မိသားစု၏ အမျိုးသမီးမိသားစုများသည် သူတို့မျက်လုံးများကို တိတ်တိတ်လေး ပင့်ကာ လှမ်းကြည့်လိုက်ရာ ပုဝါပါသည့် ဦးထုပ်ဆောင်းသည့် မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရပြီး သူမ၏ မျက်နှာကိုတော့ မမြင်ရပေ။ သို့သော် သူတို့သည် အနည်းငယ် တွေဝေသွားပြီး စိတ်သက်သာရာ ရသွားတော့သည်။ မိန်းကလေးဘေးက လူကို မြင်လိုက်ပြီး သူ့ကို မှတ်မိသွားပြီး ထူးဆန်းသည့်ခံစားချက်တစ်ခု ဖျတ်ခနဲ ဝင်လာတော့သည်။

“ လျန်၂၀၀၀”

ပိုင်ယအာသည် သူမ၏ငွေရောင်သွားများက ကျွတ်ထွက်တော့မည်ဟု ခံစားမိလိုက်ရပြီး သူမ တတ်နိုင်သည့် အမြင့်ဆုံးစျေးကို ဖြစ်ညစ်ကာ ပေးလိုက်တော့သည်။

ပိုင်ယအာက လျန်၂၀၀၀ သာ တတ်နိုင်သော်လည်း ချမ်းသာပြီး အင်အားကြီးသည့် မိန်းကလေးစုက သူမ၏အိတ်ထဲတွင် လျန် ၂၀,၀၀၀နီးပါး ထည့်ကာ လေလံပွဲသို့ လာခဲ့ခြင်းပင်။ သူမအတွက်တော့ ငွေအပိုင်းအစ သက်သက်မျှသာ ဖြစ်လေသည်။ ဘာက အဲလောက်ကြီးကျယ်ပါမည်နည်း။ ပိုင်ယအာက တွယ်ကပ်ပြီး ဇွဲကောင်းကောင်းနှင့် စျေးပေးနေသည်ကို မြင်လိုက်ရသဖြင့် ယိုကျင့်က သူမ၏စိန်ခေါ်မှုကို တွေဝေမနေဘဲ လက်ခံလိုက်ကာ လေလ့ဆက်ဆွဲလိုက်တော့သည်။

“လျန် ၂၅၀၀”

ပိုင်ယအာသည် ရှောင်မိသားစုအပြင် ဘယ်ကပေါ်လာမှန်း မသိသည့် ချန်ယောက်ကျင်းကို လည်း မုန်းတီးမိတော့သည်။ သူမသည် “ဟွန်း”ခနဲနှာခေါင်းရှုံ့လိုက်ကာ လေလံကို လက်လျှော့လိုက်တော့သည်။ ပိုင်ယအာသည် ဒေါသထွက်နေသော်လည်း သူမသည် မိသားစုမှ နှင်ထုတ်ခံထားရသူဖြစ်ပြီး အဆင့် ၈ ပြည်သူ့ဝန်ထမ်းအရာရှိတစ်ယောက်ကို လက်ထပ်ထားသူဖြစ်လေသည်။ သူမ၏မိခင်က သူမအတွက် တင့်တောင့်တင့်တယ် လက်ဖွဲ့ပစ္စည်းများ ပြင်ဆင်ပေးခဲ့သော်လည်း သည်လိုသုံးစွဲပုံနှင့်တော့ ခံနိုင်မည်မဟုတ်ပေ။ သူမသည် အမုန်းတရားကြောင့် မျက်လုံးကန်းသွားသည့် အဆင့်အထိတော့ မရောက်သေးပေ။

အရာရှိလေးက အတန်ကြာအောင် စောင့်နေလိုက်၏။ သူမက လေလံထပ်ဆွဲတော့သည်ကို တွေ့လိုက်ရဖြင့် တူဖြင့် ထုကာ စျေးကို လျန်၂၅,၀၀၀ သတ်မှတ်လိုက်တော့သည်။

ထို့နောက် တစ်စုံတစ်ယောက်က ရှောင်မိသားစုဝင်လေးယောက်ကို တင်းနေအောင် ခတ်ထားသည့် ခြေကျင်းများအား ဖြုတ်ပေးလိုက်လေသည်။ ယိုကျင့်နှင့် ချိုးဖန်တို့က မဝံ့မရဲဖြစ်နေသည့် အမျိုးသမီးယွီနှင့် အမျိုးသမီးကျောက်ကို မြန်မြန် တွဲပေးလိုက်လေသည်။ ရှောင်လင်းရူကတော့ စိတ်အားတက်နေဆဲ။ သူမက အကြီးအကဲကို ချက်ချင်း တွဲလိုက်ပြီး မျက်လုံးများဖြင့် ယိုကျင့်ကို ကျေးဇူးတင်စကား ပြောလိုက်လေသည်။

“ ဒီနေရာက စကားပြောလို့ မကောင်းဘူး၊ အရင်ဆုံး ဒီက ထွက်ကြရအောင်”

ယိုကျင့်က ငွေရှင်းပြီးနောက် ရှောင်မိသားစု၏ လေးယောက်စာ ကျွန်စာချုပ်ကို ယူပြီးသွားသည့် သက်တော်စောင့်ခေါင်းဆောင်ရှောင်ကို ကြည့်လိုက်ပြီးနောက် အားလုံးက အရင်ဆုံးထွက်သွားရန် လှုပ်ရှားလိုက်ကြတော့သည်။

သက်တော်စောင့်ခေါင်းဆောင်ရှောင်က ခေါင်းညိတ်ပြလိုက်လေသည်။ ယောကျ်ားနှင့် မိန်းမကြားက ကန့်သတ်ချက်ကြောင့် သူသည် အဖွဲ့နောက် ခြေနှစ်လှမ်းအကွာတွင် ရပ်နေလိုက်တော့သည်။ သူသည် သူတို့ကို ရုံးတော်ကျွန်လေလံပွဲမှ ဦးဆောင်ကာ ထွက်လာခဲ့တော့သည်။ သူတို့သည် စုမိသားစု၏ လှည်းပေါ် တက်လိုက်ကြပြီး စုကျားချာဆိုင်သို့ ပြန်လာခဲ့ကြတော့သည်။ ဆိုင်တွင် တာဝန်ခံဝူမိသားစု က ရေနွေးနှင့် လဲလှယ်ရန် အဝတ်အစားအသစ်များကို ပြင်ဆင်ထားပြီး ယိုကျင့်က လူများ ခေါ်ပြန်လာမည်ကို စောင့်ဆိုင်းနေလေသည်။

တစ်ဖက်တွင်တော့ ပိုင်ယအာသည် ရှောင်မိသားစုဝင်များက အစမှအဆုံးအထိ မျက်နှာမဖော်ထားသည့် မိန်းကလေးနောက် လိုက်သွားသည်ကို စောင့်ကြည့်နေလေသည်။ သူမက ဘေးက အမျိုးသမီးအခြွေအရံကို မျက်စိမှိတ်ပြလိုက်ပြီး

“ သူတို့နောက်ကို လိုက်ဖို့ တစ်ယောက်ယောက်ကို ရှာလိုက်၊ ဘယ်သောက်ကျိုးနဲက ငါ့ဆီက လူတွေကို လုသွားလဲဆိုတာ သိချင်တယ်”

ရှောင်မိသားစုနှင့် ပိုင်မိသားစုကြားက စိတ်မကောင်းစရာအကြောင်း သိကြသည့် တချို့ စပ်စုတတ်သည့်လူများက ပိုင်ယအာကို စိတ်ဖြေပေးနေကြလေသည်။

“ အမျိုးသမီးရွှီက တကယ်ကြင်နာတတ်တာပဲ၊ ရှောင်မိသားစုကြောင့် မိသားစုကနေ သခင်ကြီးပိုင်ရဲ့ နှင်ထုတ်ခံလိုက်ရတာကို ဒီနေ့ ရှင်က ရှောင်မိသားစု ဒုက္ခရောက်နေတုန်း လာကူညီခဲ့တာပဲ၊ ရှင်က လုံးဝအငြိုးတေး မထားတတ်ဘူးနော်”

ပိုင်ယအာအား ထိုစကားများကို အထင်သေးခြင်းနှင့် ရယ်ဖွယ်အတိ ပြောလိုက်ကြပြီး သူတို့သည် ကိုယ့်ဟာကို ကျေနပ်နေသည့်မျက်နှာထားများဖြင့်ရှိနေကြလေသည်။

ပိုင်ယအာ၏ မျက်လုံးလှလှလေးများက ထိုလူကို စောင်းကာ ကြည့်လိုက်၏။ သရော်ဟန်အပြုံးတစ်ခုက သူမ၏နှုတ်ခမ်းထောင့်တွင် ပေါ်လာလေသည်။ သူမက လျစ်လျူရှုထားလိုက်ပြီး ဘေးကအစေခံနှင့် ထွက်လာခဲ့တော့သည်။

သူမ၏အပေါင်းအဖော်များရှေ့တွင် မျက်နှာပျက်ရသည်ဟု ခံစားလိုက်ရသဖြင့် ထိုအိမ်ထောင်သည်အမျိုးသမီးက ပိုင်ယအာ ထွက်သွားသည့်ဖက်ကို ဒေါသဖြင့် စိုက်ကြည့်နေလိုက်တော့သည်။ အသံမှာ မကျယ်လွန်းသော်လည်း ပိုင်ယအာ ကြားနိုင်သည်အထိတော့ ရှင်းလင်းလေသည်။

“ကိုယ်လက်ထပ်ပွဲကို အဆင့်နိမ့်ပြည်သူ့ဝန်ထမ်းအရာရှိတစ်ယောက်ရဲ့ တရားမဝင်သားနဲ့ လျှို့ဝှက်လုပ်ခဲ့လို့ ပိုင်မိသားစုက နှင်ထုတ်ခံလိုက်ရတဲ့ အကျင့်ပျက် စာပေပညာရှင် မိသားစုတစ်ခုပဲကိုများ၊ သူမက အခုထိ ပိုင်မိသားစုရဲ့ အကြီးဆုံးသခင်မလေးကို ထင်နေသေးတာလား”

သူမ၏အသံမှာ မသိမသာ စူးရှနေသည်။ ထွက်သွားတော့မည် ပြင်လိုက်သည့် ပိုင်ယအာသာ ကြားလိုက်သည် မဟုတ်ဘဲ့ ဆယ်လှမ်းအကွာက လူများပင် ကြားသွားတော့သည်။ ထိုလူများသည် အမျိုးသမီး၏ စကားကို ကြားလိုက်ရသောအခါ သူတို့က မသိမသာအကြည့်များက ပိုင်ယအာထံ ကျရောက်သွားတော့သည်။ ထိုအဓိပ္ပါယ်ပါသည့် အကြည့်အားလုံးက ပိုင်ယအာကို ရှက်ရွံ့သွားစေပြီး သူမ၏စိတ်ထဲတွင် ရှောင်မိသားစုကို ပိုမုန်းတီးသွားစေတော့သည်။ သူတို့မိသားစု ဒီလိုပြဿနာကြီးတစ်ခုကို မလုပ်ခဲ့ရင် သူမကလည်း ဒီနေ့ ဒီလို မျက်နှာပျက်ရမှာ မဟုတ်ဘူး။

“ မတရားမှုတိုင်းမှာ တရားခံရှိသလို အကြွေးတိုင်းမှာလည်း ကြွေးရှင်ရှိတယ်၊ ချန်ယောက်ကျင်း ဝင်ရှုပ်သွားလို့ နင်တို့တွေကို အလွှတ်ပေးမယ် မထင်နဲ့”

လှည်းပေါ်တွင် ထိုင်ရင်း ပိုင်ယအာ၏ ကျောက်စိမ်းမျက်နှာသည် အနည်းငယ် နီမြန်းနေလေသည်။ ဒေါသကြောင့်လား ရှက်ရွံ့စိတ်ကြောင့်လားပင် မသိတော့ချေ။ လေလံပွဲက မြင်ကွင်းကို ပြန်စဥ်းစားမိလိုက်ပြီးနောက် ထိုအတင်းပြောတတ်လွန်းသည့် မိန်းမနှင့် အသက်ရှင်နေသေးသည့် ရှောင်မိသားစုက အဆင့်နိမ့်များကို အရေခွံခွာချင်စိတ် ဖြစ်လာတော့သည်။ ပခုံးကို နှိပ်နှယ်ပေးရင်း ပိုင်ယအာနောက်တွင် ဒူးထောက်နေသည့် အစေခံမလေးသည် သူမ၏ မမြင်ရသည့်အခြမ်းကြောင့် ကြောက်ရွံ့နေပြီး အကြောင်းမဲ့ တုန်ယင်နေလေသည်။ ထို့နောက်တွင်တော့ မျှော်လင့်ထားသည့် ရိုက်ချက်တစ်ခုက လွှင့်ပျံလာတော့သည်။

“ ပေါ့သလား လေးသလားတောင် မသိတဲ့ အသုံးမကျတဲ့ဟာမ”

အစေခံမလေးသည် မသိမသာ တုန်ယင်နေသည့် လက်များနှင့် ထိုနေရာတွင် ဆက်ပြီး ဒူးထောက်နေလေသည်။ သူမ အရိုက်ခံရသည်မှာ ပထမဆုံးအကြိမ် မဟုတ်တော့ပေ။ သို့တိုင် သူမသည် ဘာတစ်ခွန်းမှ မပြောရဲချေ။

***

မတရားမှု၏တရားခံ၊ အကြွေးရှင် ရှောင်မိသားစုအဖွဲ့သည် စုမိသားစု၏လှည်းပေါ်သို့ တက်သွားပြီး ယာယီနေထိုင်သည့် ကျူးချိုးလမ်းကြီးပေါ်က စုကျားချာဆိုင် အနောက်ဘက်ခြံဝင်းသို့ ပြန်လာကြတော့သည်။ သူတို့ထွက်သွားပြီးနောက် ဤသို့သော စိတ်ဝင်စားစရာကောင်းသည့် ပြဇာတ်က လေလံရုံတွင် ဖြစ်သွားခဲ့သည်ကိုတော့ အမှန်ပင်မသိကြတော့ပေ။

“ အရင်ဆုံး လူကြီးတွေကို ရေချိုးပြီး အဝတ်အစားလဲလို့ရအောင် ခေါ်သွားလိုက်ကြမယ်”

လှည်းသည် စုကျားချာ၏အနောက်ဘက်ခြံဝင်းသို့ ပြန်ရောက်လာလေသည်။ သူမ၏ပုဝါဦးထုပ်ကို ချွတ်လိုက်ပြီးဖြစ်သည့် ယိုကျင့်က ချိုးဖန်အား လူများကို ရေချိုးသန့်စင်ပြီး အဝတ်အစားလဲရန် ခေါ်သွားခိုင်းလိုက်တော့သည်။ ထို့နောက် သူမက ဘေးတွင်ရှိနေသည့် အမျိုးသမီးယွီဘက် လှည့်ကာ ပြောလိုက်၏။

“ သခင်မ ကျွန်မကို မေးစရာရှိနေတယ်ဆိုတာ သိပါတယ်၊ အခု ကျွန်မတို့မှာ အချိန်တွေအများကြီး ရှိပါသေးတယ်၊ သခင်မတို့ အခုတလော အများကြီး ဒုက္ခခံခဲ့ရပါပြီ၊ ကျွန်မတို့တွေ ရေချိုး အဝတ်စားလဲပြီး ညနေစာစားကြပြီးမှ အသေးစိတ်စကားပြောကြမယ်လေ”

အမျိုးသမီးယွီက အသာအယာ ခေါင်းညိတ်လိုက်၏။ သူမသည် သည်သူစိမ်းမိန်းမငယ်လေးကို မသိသော်လည်း သံသယတချို့တော့ ရှိနေလေသည်။ သူမသည် မိန်းမငယ်လေးက သူမအပေါ်တွင် မလိုလားသည့်သဘော မရှိမှန်းတော့ မြင်နိုင်လေသည်။

“ ဒါဆိုရင်တော့ ကျွန်မတို့တွေ မိန်းကလေးကို ဒုက္ခပေးရပါအုံးမယ်”

“ သခင်မက အရမ်းအားနာတတ်တာပဲ”

ရှောင်မိသားစု၏ မိသားစုဝင်များ ရေချိုး အဝတ်စားလဲနေချိန်၌ မီးဖိုဆောင်တွင် အစားအသောက်များ ပြင်ဆင်ရင်း အလုပ်များနေလေသည်။ ရှောင်မိသားစု၏ အမျိုးသမီး မိသားစုဝင်များ ရေချိုးသန့်စင်ပြီး သန့်သန့်ရှင်းရှင်း သက်သောင့်သက်သာရှိသည့် အဝတ်အစားသစ်များနှင့် ထွက်လာချိန်၌ ဝဥပေါင်း၊ ကြက်မျှင်ဆန်ပြုတ်နှင့် ပေါ့ပေါ့ပါးပါးဟင်းတချို့ကို တည်ခင်းထားလေသည်။

“ ဒီရက်ပိုင်းမှာ သခင်မတို့ ကောင်းမစားသောက်ခဲ့ရတာကို စဥ်းစားမိပြီး ရုတ်တရက် ဆီများတာက စားမိရင် အစာမကျေဖြစ်ပြီး ခန္ဓာကိုယ်ကို ထိခိုက်မှာ စိုးမိပါတယ်”

ယိုကျင့်က ချိုးဖန် လှမ်းပေးလာသည့် ကြက်သားမျှင်ဆန်ပြုတ်ကို ယူလိုက်ပြီး ရှေ့က အကြီးဆုံး အမျိုးသမီးစုန့်ကို လက်နှစ်ဖက်ဖြင့် ပေးလိုက်လေသည်။

“ ဒီဆန်ပြုတ်က အပျော့စာပါ၊ သခင်မကြီး စားကြည့်ပါအုံးလား”

အမျိုးသမီးစုန့်က ပြုံးကာ အဖြူရောင်ကြွေထည်ပန်းကန်လုံးကို ကောက်ကိုင်လိုက်ပြီး အနည်းငယ် မြည်းစမ်းကြည့်လိုက်လေသည်။ အမှန်ပင် နူးညံ့ပြီး အရသာရှိလှပေသည်။ သူမက ပြုံးလိုက်ပြီး ဇွန်းကို ပြန်ချလိုက်ကာ ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်ပြီး

“ တော်လိုက်တဲ့ကလေး သမီးက သိပ်စဥ်းစားပေးတတ်တာပဲ”

“ သခင်မကြီးက ကျွန်မကို အရမ်းချီးကျူးနေပါပြီရှင်”

ယိုကျင့်က လှိုက်လှိုက်လှဲလှဲ ပြန်ဖြေလိုက်တော့သည်။ အမျိုးသမီးယွီနှင့် တခြားသူများသည် စိတ်ထဲတွင် ဇဝေဇဝါ ဖြစ်နေကြသော်လည်း စကားများများ မပြောကြချေ။ ကယ်ဆယ်ခဲ့လိုက်ရပြီးနောက် ရှောင်မိသားစု၏အမျိုးသမီးများက ပထမဆုံးတစ်နပ်သည် တိတ်ဆိတ်စွာ ပြီးဆုံးသွားတော့သည်။

နာရီဝက်ကြာပြီးနောက် ချိုးဖန်နှင့် တာဝန်ခံဝူတို့က စားပွဲပေါ်က စားကြွင်းစားကျန်များကို မြန်မြန်သိမ်းဆည်းလိုက်ပြီး အဆီများကို ဖယ်ရှားရန် အားလုံးအတွင် ကွေ့ဟွားအူလုံလက်ဖက်တစ်အိုး မြန်မြန်ပြင်ဆင်ပေးလိုက်ကြသည်။ ထို့နောက် သူတို့သည် အကြီးဆုံးမမလေးနှင့် ရှောင်မိသားစုဝင်များ တိုင်ပင်ဆွေးနွေးနိုင်ရန် ထွက်လာခဲ့ကြလေတော့သည်။

…

အပိုင်း (၁၁၉) အချိန်ကြာမြင့်စွာဖျားနာခြင်း

သခင်မစုန့်သည် အပြုံးလေးဖြင့် ယိုကျင့်၏လက်ကို ဆွဲကိုင်ကာ မေးမြန်းလိုက်သည်။ “ဒီက မိန်းကလေး မင်းက ဘယ်မိသားစုကမှန်း အဘွားမသိဘူး။ နာမည်ဘယ်လိုခေါ်လဲ”

သခင်မစုန့်၏ ယခုအသက်အရွယ်မှာ ကိုယ်ခံအား သိပ်မရှိပေ။ သူမသည် ညောင်စောင်း၌ တ၀က် လှဲနေရပြီ ဖြစ်သည်။ ယိုကျင့်သည် ချီဖန်အား ခေါင်းအုံးပွတစ်လုံး ယူခိုင်းလိုက်ပြီး သခင်မစုန့်၏ ခါးနောက်၌ ခုလိုက်သည်။ သူမတို့ အိမ်၏တံခါးကို စ၀င်ကတည်းကပင် ထိုမိန်းကလေးငယ်မှာ စီစဉ်စရာများဖြင့် အလုပ်များနေခဲ့သည်။ သူမ၏ရှေ့ရှိ မိန်းကလေးမှာ စိတ်သဘောထားကောင်းမွန်ပြီး သူမတို့အပေါ်၌ မကောင်းသည့်ရည်ရွယ်ချက် မရှိမှန်း အမျိုးသမီးစုန့်သိလေသည်။

ယိုကျင့်သည် ချိုသာစွာပြုံးရင်း သေသပ်စွာထိုင်လိုက်ခြင်းကြောင့် အပြုအမူကောင်းရှိမှန်း သိသာပေသည်။ “သခင်မကြီး ကျွန်မရဲ့မျိုးရိုးနာမည်က စုပါ။ နာမည်က ယိုကျင့်လို့ခေါ် ပါတယ်။ လော့ဟယ်မြို့က ရောက်လာတာပါ”

သူမသည် သူမ၏နောက်ရှိ အမျိုးသမီးယွီ၏ ပြောင်းလဲသွားသည့်အမူအရာကို သတိမထားမိဘဲ အမျိုးသမီးစုန့်၏ ဘေး၌သာ ထိုင်နေပြီး ဆက်လက်စကားပြောနေခဲ့သည်။

“လော့ဟယ်မြို့ကလား။ အဲဒါဆို အဘွားနဲ့ မွေးရပ်မြေတူတာပဲ” သူမသည် ပျော်ရွှင်စွာဖြင့် ယိုကျင့်၏လက်ကို ပွတ်သပ်လိုက်သည်။ “လိမ္မာလိုက်တဲ့ကလေး အဘွားတို့ကိုကယ်ဖို့ ငွေအများကြီး သုံးလိုက်ရမှာပဲ။ အဘွားတို့က ကျေးဇူးမသိတတ်တဲ့သူတွေ မဟုတ်ပါဘူး။ ကျွန်တွေ အခိုင်းအစေတွေ အနေနဲ့ မင်းရဲ့ကြင်နာမှုကို ပြန်ပေးဆပ်မှာပါ”

ထိုအကြောင်းကို ပြောရင်း အမျိုးသမီးစုန့်၏စိတ်ထဲ၌ စိတ်မကောင်းဖြစ်မိသည်။ သူမတို့ရှောင်မိသားစုမှာ မြို့တော်၌ ဆယ်စုနှစ်များစွာ ကြာရှိခဲ့သည်ဖြစ်ရာ အပေါင်းအသင်းမိတ်ဆွေများ ပေါများပေသည်။ သူမတို့နှင့် အလွန်ရင်းနှီးကြသည့် မိ‌တ်တွေများမှာ ဒုနဲ့ဒေးပင် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အပျက်အစီးနှင့် ကြုံချိန်၌ မည်သူမှ လက်ကမ်းကူညီခြင်း မရှိကြချေ။ ထိုလူများနှင့် ဆန့်ကျင်စွာပင် သူမ တစ်ခါမှ မြင်တွေ့ဖူးခြင်းမရှိခဲ့သည့် မိန်းကလေးငယ်လေးသည် သူမတို့မိသားစုကို ကယ်တင်ပေးခဲ့သည်။

“သခင်မကြီးက ကျွန်မကို မြှောက်ပင့်လွန်းနေတာပါ။ အရင်က ကျွန်မတို့မိသားစု နိမ့်ပါးတဲ့အချိန်မှာ အစ်ကိုကြီးရှောင်နဲ့ ရှောင်လင်ဖုန်းတို့က ကူညီပေးခဲ့တာပါ။ အစ်ကိုကြီးရှောင်က ကျွန်မအသက်ကိုလည်း ကယ်ပေးခဲ့ဖူးတယ်။ အခုက အစ်ကိုကြီးရှောင်ရဲ့ အသက်သခင် ကျေးဇူးရှင်ဖြစ်တဲ့ အကြွေးကို ပြန်ဆပ်ရုံပါပဲ” ယိုကျင့်သည် သူမ၏ရှေ့ရှိ အကြီးအကဲကို အမှန်ပင် သဘောကျပေသည်။ သခင်မကြီးမှာ ဒုက္ခများစွာ ကြုံတွေ့ခဲ့ရသည့်တိုင် တည်ငြိမ်ကာ ကြင်နာတတ်သေးသည်။ ထိုအရာက အရင်ဘ၀က သူမကို ဆယ်နှစ်ကျော်မျှ ပျိုးထောင်ပေးခဲ့သော အဘွားဖြစ်သူကို အောက်မေ့သတိရသွားစေသည်။ သူမတို့ တွေ့ဆုံသည်မှာ ပထမဆုံးအကြိမ် ဖြစ်သော်လည်း အချင်းချင်း ရင်းနှီးသွားကြသည်။

သူမ၏ ဂုဏ်ယူ၀င့်ကြွားရဆုံး မြေးဖြစ်သူအကြောင်းကို ကြားလိုက်သည့်အခါ တည်ငြိမ်သည့် အဘွား၏ မျက်နှာသည် အနည်းငယ် ၀မ်းနည်းလာခဲ့သည်။ “လင်းယွီက တကယ့်ကို ကောင်းမွန်တဲ့ကလေးပဲ။ အဘွားတို့ကြောင့်သာ သူက အပြစ်မရှိဘဲ အခုလိုခံစားနေရတာ”

အချုပ်ထဲရှိ လူများ၏အကြောင်းကို ပြောလာသည့်အခါ အမျိုးသမီးယွီနှင့် အမျိုးသမီးကျိုးတို့၏ မျက်၀န်းထောင့်များမှာ အနည်းငယ် စိုစွတ်လာခဲ့သည်။ သခင်မကြီး ကြွေကွဲငိုကြွေးမည်ကို စိုးရိမ်သောကြောင့် သူမတို့သည် မျက်ရည်မကျအောင် တင်းခံရင်း လက်ကိုင်ပဝါစကို ယူကာ မျက်၀န်းထောင့်များကို သုတ်လိုက်သည်။

လေထုသည် ရုတ်တရက်ပင် ၀မ်းနည်းဖွယ်ကောင်းလာသည်။ ယိုကျင့်သည် သူမကိုယ်သူမ စိတ်ပျက်လာခဲ့သည်။ သူမသည် အမှန်ပင် တုံးအလွန်းသည်။ ယခု ရှောင်လင်းယွီမှာ ဆောင်းအကုန်၌ ခေါင်းဖြတ် ကွပ်မျက်ခံရန် အမိန့်ချထားခြင်းခံနေရသည်ကို သူမသည် သခင်မကြီးရှေ့၌ ထုတ်ပြောခဲ့မိသည်။ ၀မ်းနည်းဖွယ် လေထုကို ပျောက်စေရန် သူမသည် အလျင်စလိုဖြင့် ပြောလိုက်လေသည်။ “သခင်မကြီလည်း ပင်ပန်းနေလောက်ပါပြီ။ အပြင်မှာ နေဖို့ထိုင်ဖို့ အကုန်ပြင်ဆင်ပြီးပါပြီ။ သခင်မကြီးက အခုကိုယ့်ကိုယ်ကိုယ် ကျန်းမာဖို့ အာရုံစိုက်ထားပါဦး”

အမျိုးသမီးယွီသည် အသိကပ်လိုက်ပြီးနောက် ယိုကျင့်အား ရှုပ်ထွေးသည့် အကြည့်များဖြင့် ကြည့်လိုက်သည်။ ထို့နောက် အရှေ့သို့ထွက်ကာ သခင်မစုန့်ကို နှစ်သိမ့်လေသည်။

“ဟုတ်တာပေါ့။ အခုအရေးကြီးဆုံး အမေ့ရဲ့ ကျန်းမာရေးကောင်းအောင်လုပ်ဖို့ပဲ။ ကျန်တာတွေက အလောတကြီး လုပ်လို့မဖြစ်သေးဘူး”

သူမသည် ထိုသို့ပြောပြီးနောက် မျက်၀န်းသည် အနည်းငယ်စပ်လာကာ မျက်ရည်များ ပြည့်လာကြောင်း သိလိုက်ရသည်။ အဆုံး၌ သူမသည် မျက်ရည်များကို ပြန်လည်တောင့်ခံနိုင်လိုက်သည်။ အကယ်၍ သူမသာ မထိန်းနိုင်ပါက သခင်မကြီး၊ အသည်းငယ်သည့် ယောက်မဖြစ်သူနှင့် အတွေ့အကြုံ မရှိသေးသည့် တူမဖြစ်သူတို့ပါ ပြိုလဲမည်ကို သူမသိလေသည်။

သခင်မစုန့်သည် သူမဘေးရှိ ချွေးမနှစ်ဦးနှင့် မြေးမလေးကို ကြည့်ကာ သူမ၏မျက်၀န်းများမှာ နီရဲလာခဲ့သည်။ သူမသည် အနည်းငယ်ချောင်းဆိုးပြီးနောက် သဘောတူလိုက်လေသည်။ “ဟုတ်ပါပြီ။ မင်းတို့ ပြောသလိုပဲ လုပ်တာပေါ့”

ယိုကျင့်သည် အခြားလူများကိုခေါ်ကာ သခင်မစုန့်ကို ကူညီခိုင်းလိုက်သည်။ ထို့နောက် ရှောင်မိသားစု၀င်အားလုံးကို ဧည့်သည်များနေထိုင်ရာ အခန်း၌ နေရာချပေးလိုက်သည်။

အကျဉ်းထောင်၌ များပြားလှသည့် ဒုက္ခများ ခံစားလာရမှုကြောင့် နှစ်ပေါင်းများစွာ နူးညံ့စွာ ပျိုးထောင်လာခဲ့သည့် သူမတို့၏ကိုယ်ခန္ဓာမှာ တိုက်စားပျက်စီးသွားလေသည်။ ခဏတာ အနားယူပြီးသည့်နောက်၌ အချိန်ကြာမြင့်စွာ ဖျားနာကြတော့သည်။ သခင်မစုန့်၊ အမျိုးသမီးယွီနှင့် အမျိုးသမီးကျိုးတို့သည် တစ်ရက်တည်းဖျားနာကြလေသည်။

“လူနာတွေက စိတ်ခံစားချက်တွေ များနေလို့ပါ။ ကြောက်ရွံ့တာ စိုးရိမ်းတာတွေကြောင့် အတွင်းစိတ်က မငြိမ်မသက် ဖြစ်နေကြတာ။ ဆေးဝါးတချို့ ရေးပေးလိုက်မယ်။ တစ်ရက်သုံးကြိမ်သောက်ပေးရမယ်။ တကြိမ်စီမှာ ဆေးကို ငါးခွက်တစ်ခွက်တင် (ရေငါးခွက်စာထည့်ပြီး တစ်ခွက်စာကျန်အောင်ကျိုတာ) ကျိုတိုက်လိုက်ပါ။ ထမင်းစားပြီးတဲ့အချိန်တိုင်း တိုက်ရမှာနော်” တာဝန်ခံဝူသည် ဆေးကုသဆောင်မှ သားဖွားမီးယပ် အထူးကုဖြစ်သည့် သမားတော်ကို ပင့်ဖိတ်ထားခဲ့သည်။ သမားတော်သည် စကားပြောပြီးချိန်၌ သူအပ်စိုက်ထားသည့်နေရာအသီးသီးမှ ငွေအပ်များကို တစ်ခုချင်းစီ နုတ်လိုက်ကာ မှာကြားလိုက်သည်။ “သုံးရက်ကြာတစ်ခါ ကျွန်တော် ပြန်လာစစ်ပေးမယ်။ မိသားစု၀င်တိုင်းက သု့ကို သေချာကြည့်ထားရမယ်။ တကယ်လို့အဖျားတက်တာရှိရင် ကျွန်တော့်ကို အမြန် အကြောင်းကြားလိုက်ပါ”

ယိုကျင့်သည် သမားတော်ပြောသည့် စကားများကို သေချာစွာ မှတ်သားထားလိုက်သည်။

“ကျွန်မမှတ်မိပါပြီ။ သမားတော်‌ချင် ကျွန်မတို့အိမ်မှာ ဖျားနာနေတဲ့ အခြားလူကြီးနှစ်ယောက်လည်း ကျန်သေးပါတယ်။ သမားတော်ကို ကြည့်ပေးဖို့ ဒုက္ခပေးပါရစေ”

သမားတော်ချင်သည် ထိုစကားကို ကြားသည့်အခါ အသာအယာခေါင်းညိတ်လိုက်သည်။ “အဲဒါဆို သခင်မလေးပဲ လမ်းပြပေးပါဦး”

အမျိုးသမီးယွီနှင့် အမျိုးသမီးကျိုးတို့၏ လက္ခဏာမှာ တူညီလှသည်။ သမားတော်သည် ထိုအမျိုးသမီးနှစ်ဦး၏ ကိုယ်ခံအားအလိုက် အချို့ဆေးများ ချိန်ညှိပေးလေသည်။ ခဏအတွင်း၌ပင် ထိုနှစ်ဦးအတွက် ဆေးစာ ရေးသားပြီးလေသည်။ အနည်းငယ် ထူထောင်နိုင်သေးသည့် ရှောင်လင်းရူကို နောက်ဆုံးမှ စစ်ဆေးကြည့်ပေးခဲ့သည်။ ဆေးစာရေးပေးပြီးနောက် သူသည် အလျင်စလို ပြောလိုက်သည်။

“တကယ်တော့ လေးယောက်လုံးရဲ့ လက္ခဏာတွေက အတူတူပါပဲ။ ဆေးဝါးတွေက ကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ပေမဲ့ ဒီထဲက သုံးယောက်ကတော့ စိတ်ငြိမ်အောင် ထားဖို့လိုမယ်။ ပြီးတော့ သခင်မကြီးက အသက်ကြီးတော့ သူ့လက္ခဏာက ပိုဆိုးတယ်။ မိသားစု၀င်တွေက သူ့ကို သေချာဂရုစိုက်ဖို့ လိုလိမ့်မယ်”

မိသားစုကြီးတစ်ခု၌ လူလေးယောက် ဖျားနာနေသည်မှာ ထိုမိသားစုအတွက် မလွယ်ကူလှချေ။ ယိုကျင့်သည် သူမနှုတ်ခမ်းကို ကိုက်ကာ မျက်ခုံးအနည်းငယ် တွန့်လိုက်ရင်း လေးနက်သည့် မျက်နှာထားဖြင့် ပြန်‌ဖြေလိုက်သည်။ “ဟုတ်ကဲ့ပါ သမားတော်ချင် ကျွန်မတို့ ဂရုစိုက်လိုက်ပါ့မယ်”

သူမသည် သက်တော်စောင့်ရှောင်အား သမားတော်ချင်ကို ဆေးကုသဆောင်သို့ လိုက်ပို့ရန် အချက်ပြလိုက်ပြီး ပြန်လာသည့်လမ်း၌ သမားတော် ရေးပေးသွားသော ဆေးစာအတိုင်း ဆေးများ၀ယ်ယူရန် စေခိုင်းလိုက်သည်။ သူမ ချွီဖန်နှင့် တာဝန်ခံဝူ၏ဇနီးတို့မှာ အိမ်၌ စောင့်ကာ အမျိုးသမီးသုံးဦးကို အိပ်ရာ၌သာ လှဲနေရန် ဖျောင်းဖျနေခဲ့ကြသည်။

အနည်းငယ် အလုပ်လုပ်ကိုင်နိုင်ပြီး ဖြူဖျော့နေသည့် ရှောင်လင်းရူမှာ ယိုကျင့်၏ ဖိအားပေးမှုကြောင်း လက်ရန်းကုလားထိုင်၌ ထိုင်လိုက်ရသည့်အတွက် သူမသည် အနည်းငယ်အရှက်ရမိသည်။

“သခင်မလေးစု ကျွန်မအဆင်ပြေပါတယ်။ ကျွန်မလုပ်ပေးပါရစေ”

သူမတို့မိသားစုသည် သူမထက် ငါးနှစ်မျှငယ်သည့် စုမိသားစုမှ သခင်မလေးကို အမှီအခို ပြုနေရသည်။ သူမတို့မိသားစုမှာ ကျွန်များ ဖြစ်နေသည့်တိုင် ဧည့်သည်အဖြစ် ဆက်ဆံခံရပေသည်။ ယခု အဘွား၊ အမေဖြစ်သူနှင့် ဒေါ်လေးတို့မှာ ဖျား‌နာနေပေသည်။ သူမသည် ရှက်ရွံ့နေမှုကို မတွန်းလှန်နိုင်ချေ။

“အစ်မရှောင် ကျွန်မနဲ့ပတ်သက်ပြီး စိတ်အနှောင့်အယှက်အဖြစ်မခံပါနဲ့။ တကယ်လို့အစ်မပါဖျားသွားရင် အဲဒါကျွန်မအပြစ်ဖြစ်သွားလိမ့်မယ်” ယိုကျင့်သည် တာဝန်ခံဝူ၏ဇနီးဖြစ်သူ ကမ်းပေးလာသော ရေနွေးကြမ်းခွက်ကိုယူကာ ရှောင်လင်းရူ၏လက်ထဲသို့ ထည့်ပေးလိုက်သည်။ “ကျွန်မက ကျေးဇူးပြန်ဆပ်ရုံပါ။ ထပ်ပြီး ကျေးဇူးကြွေးတင်အောင် လုပ်တာမဟုတ်ပါဘူး။ အစ်မကြည့်ရတာ ညီမထက် ကြီးမဲ့ပုံပဲ။ ညီမကို အပြင်လူလို့ မသတ်မှတ်ပါနဲ့။ ယိုကျင့်လို့ ခေါ်ရင် ရပါပြီ”

“ဟုတ်ပါပြီ ယိုကျင့် ညီမလေးကို အခက်တွေ့စေမိပြီ” ရှောင်လင်းရူသည် မျက်လွာချလိုက်မိသည်။ ထို့နောက် သူမ၏နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။ သူမ၏၀မ်းကွဲအစ်ကိုများမှာ အဘယ်ကြောင့် ထိုမိန်းကလေးနှင့် သူငယ်ချင်း ဖြစ်ချင်မှန်း သူမသိလာပြီဖြစ်သည်။ “ဒါနဲ့ ယိုကျင့် အစ်မတစ်ခုလောက် မေးလို့ရမလား”

မိသားစု၌ ပြောင်းလဲမှုကြီး မဖြစ်ခင်တွင် ရှောင်လင်းရူသည် အလိုလိုက်ခံထားရကာ အရယ်အပြုံးများသည့် သခင်မလေး ဖြစ်သော်လည်း ကောင်းမွန်စွာ ပညာတတ်မြောက်ထားသည့် အမျိုးသမီးဖြစ်သည်။ သူမသည် ဉာဏ်ရည်ထက်မြက်သည့်အပြင် ငယ်ရွယ်သည့် မိန်းကလေးများကြား၌ ရှားပါးသည့် စိတ်ဓာတ်ကြံ့ခိုင်သူမျိုးဖြစ်သည်။ ယနေ့၌ အပြောင်းအလဲ ကြီးကြီးမားမားကို ကြုံတွေ့လိုက်ရသည့်အတွက် သူမ၏အကျင့်မှာ အနည်းငယ် ပြောင်းလဲသွားသည်။ သို့သော်လည်း ယိုကျင့်၏ ပေါင်းသင်းဆက်ဆံရေးကောင်းမှုကြောင်း မိန်းကလေးနှစ်ဦးမှာ ရွယ်တူများကဲ့သို့ ဖြစ်လာပြီး ခဏအတွင်း၌ပင် ရင်းနှီးခင်တွယ်လာကြသည်။

သက်တော်စောင့်ရှောင်မှာ ကြီးမားလှသည့် ဆေးထုပ်လေးထုပ်ကို ယူပြီးပြန်လာချိန်၌ ရင်းနှီးနေသော မျက်နှာလေးပေါ်ရှိ အပြုံးလေးကို တွေ့မြင်လိုက်ရသောကြောင့် စိတ်သက်သာရာရသွားခဲ့သည်။ အကြီးဆုံးသခင်မလေး၏ စိတ်ထဲရှိ အတားအဆီးမှာ အနည်းငယ်ပြေလျော့သွားလေပြီဖြစ်သည်။

…….

“ဖျားနာမှုက တောင်ဆင်းသလို အမြန်၀င်ရောက်လာပေမဲ့ ပိုးအိမ်ကနေ ပိုးသားရက်သလိုပဲ ပျောက်ဖို့ ကြာရှည်တယ်” ဆိုသည့် ဆိုရိုးစကားကဲ့သို့ပင်ဖြစ်သည်။ ရှောင်မိသားစုရှိ လူကြီးသုံးဦး၏ တစ်လတာဖျားနာမှုမှာ ပျောက်ကင်းတော့မည် ဖြစ်သည်။ ထိုလအတွင်းတွင် စုကျားချာ၏ နောက်ဘေးခြံ၀င်း၌ ပြင်းထန်လှသည့် ဆေးရနံ့များသည် လေထဲ၌ ပျံ့နှံ့နေခဲ့သည်။ ရှောင်မိသားစုရှိ အကြီးအကဲသုံးဦးမှာလည်း ဖြည်းဖြည်းချင်း သက်သာလာခဲ့သည်။

အခြားတစ်ဖက်ရှိ ပိုင်ယအာသည် ရှောင်မိသားစုကို ၀ယ်ယူသွားသည့်လူမှာ အသိဉာဏ်နည်းသည့် အပြင်လူ ဖြစ်နေမှန်း သိလိုက်ရသောကြောင့် သူမ၏သွားများသည် ဒေါသကြောင့် ယားယံလာခဲ့သည်။

“ဒေါသထွက်လိုက်တာ။ အခြားမြို့က တောသူမကများ ငါ့ကိုလာပြီး ဆန့်ကျင်ရဲတယ်”

ကြေးမုံမှန်ပြင်၏ ရှေ့၌ထိုင်ကာ သူမ၏လက်ထဲ၌ ပိုးသားလက်ကိုင်ပဝါကို ကိုင်ထားရင်း အမျက်ဒေါ‌သကြောင့် လက်ကိုင်ပဝါကို အစိတ်စိတ်အမြွှာမြွှာ ချေမွပစ်ချင်နေခဲ့သည်။ အဲ့လိုလုပ်လို့ မဖြစ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါဒါကို သည်းမခံနိုင်ဘူး။

ထိုအလတွင်းတွင် ယိုကျင့်၊ ချွီဖန်နှင့် တာဝန်ခံဝူ၏ဇနီးသည်တို့မှာ အိမ်ရှိ လူနာလေးဦးကို ဂရုတစိုက် ပြုစုစောင့်ရှောက်ခဲ့ကြသည်။ သခင်မစုန့်တို့မှာ ကျန်းမာရေး ကောင်းမွန်လာပြီး ယိုကျင့်တို့မှာ ပင်ပန်းမှုကြောင့် ပို၍ပင် ပိန်ပါးလာကြသည်။

အမျိုးသမီးယွီမှာ အစ၌ ယိုကျင့်အပေါ်တွင် အနည်းငယ်မုန်းတီးမိသည်။ အကြီးဆုံးသားမှာ မြို့တော်သို့ ပြန်ရန် ကြန့်ကြာနေရခြင်းသည် ယိုကျင့်ကြောင့် ဖြစ်ပေသည်။ ထိုမိန်းကလေးသည် သူမ၏သားကို သွေးဆောင်ဖြားယောင်းသွားသည်ဟု ထင်ခဲ့ဖူးသည်။ ကံကြမ္မာအရ သူမတို့ ဒုက္ခရောက်နေချိန်တွင် ကယ်တင်ခဲ့သူမှာ တစ်ချိန်က သူမအမြဲ အပြစ်တင်ခဲ့ဖူးသော ထိုမိန်းကလေးသာ ဖြစ်သည်။ အမျိုးသမီးယွီအတွက် ထိုအရာကို လက်ခံရန် အနည်းငယ် တုန့်ဆိုင်းနေမိသည်။

“ယိုကျင့် ခဏနေပါဦး။ ပြောစရာလေးရှိလို့ပါ” ဆေးသောက်ပြီးသွားသော အမျိုးသမီးယွီသည် ခုတင်၌ လှဲနေကာ ဆေးပန်းကန်ယူပြီးထွက်သွားရန်ပြင်နေသည့် ယိုကျင့်အား တားလိုက်သည်။

ယိုကျင့်သည် အမျိုးသမီးယွီကို အံ့ဩစွာကြည့်လိုက်သည်။ အမျိုးသမီးယွီသည် ရက်ပိုင်းအတွင်း၌ သူမအပေါ်တွင် နေရခက်စွာ ဆက်ဆံနေသည်ကို သူမသိပေသည်။ သူမနေ့စဉ်ဆေးလာပို့တိုင်း ကျေးဇူးတင်သည်ဟုသာ ပြောလေ့ရှိသည်။ ဒီနေ့ဘာလို့ ရုတ်တရက်ကြီး ငါ့ကို စကားပြောချင်နေရတာလဲ။ ထိုအရာများသည် သူမ၏စိတ်ထဲရှိ သံသယများသာ ဖြစ်သည်။ သူမသည် ခုတင်ဘေးရှိ ကုလားထိုင်အဝိုင်းလေး၌ ထိုင်လိုက်ပြီး ခေါင်းအနည်းငယ်နိမ့်ပေးကာ ပြောလိုက်သည်။

“ဘာများမှာချင်သေးလို့လဲ”

အမျိုးသမီးယွီ၏ စိတ်ထဲ၌ ရှက်ရွံ့မှုများ ပြည့်နှက်သွားတော့သည်။ စိတ်ထားမကောင်းခဲ့သည်မှာ သူမ ဖြစ်ကြောင်း သိသာနေပေသည်။ သူမသည် ထိုမိန်းကလေးကို အစေခံတစ်ဦးကဲ့သို့ စေခိုင်းကဲ့သော်လည်း တစ်ဖက်လူမှာ သူမအား ရိုသေလေးစားမှုများ ပေးခဲ့သည်။ သူမသည် ခဏတာမျှ ပြောစရာစကားမဲ့သွားခဲ့သည်။ ချောင်းအနည်းငယ် ဆိုးပြီးနောက် သူမ၏အသံကို ထိန်းကာ ဆက်ပြောခဲ့သည်။ “လိမ္မာလိုက်တဲ့ကလေး။ အရင်က မင်းအပေါ် ဒေါ်လေး အထင်လွဲခဲ့တာပဲ”

အမျိုးသမီးယွီသည် ကောင်းမွန်သည့် ကံကြမ္မာရှိသည့်သူဖြစ်သည်။ သူမသည် ‌ချမ်းသာသည့်မိသားစု၏ တရား၀င်သမီးအဖြစ် မွေးဖွားလာခဲ့ပြီး သူမ၏ပျိုရွယ်စဉ်တစ်‌လျှောက်လုံး မိဘများကလည်း ချစ်ခင်ပေးခဲ့ကြသည်။ ထို့နောက် သူမ၏မွေးဖွားရာ မိသားစုထက်ပင် အဆင့်အတန်းမြင့်သည့် ရှောင်မိသားစုထံသို့ လက်ထပ်ထိမ်းမြားခဲ့ပြီး ကြင်နာသည့် ယောက္ခမများကို ရရှိခဲ့ကာ ခင်ပွန်းသည်၏ အလေးပေးမှုကိုလည်း ရရှိခဲ့သည်။ သူမ၏ဘ၀တစ်လျှောက်လုံး၌ သူမ၏ လက်အောက်ငယ်သားများထံမှ တောက်ပမြင့်မြတ်သည့် ကြယ်တစ်လုံးကဲ့သို့ ဆက်ဆံခံခဲ့ရပြီး သူမဘ၀၌ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ခေါင်းငုံမတောင်းပန်ခဲ့ဖူးပေ။ ဆယ်စုနှစ်များစွာ ထိုသို့ နေထိုင်လာပြီးနောက် သူမသည် တစ်စုံတစ်ဦးကို တောင်းပန်ရန် ရှက်ရွံ့လာခဲ့သည်။

အမျိုးသမီးယွီမှာ အတိတ်ကအကြောင်းများကို ပြောချင်ကြောင်း ယိုကျင့်သိသည်နှင့် မျက်နှာအမူအရာ မပြောင်းဘဲ တက်ကြွစွာပြောလိုက်သည်။ “အတိတ်တုန်းကဟာတွေလား။ သခင်မရဲ့ လက်ရှိ အရေးကြီးဆုံးက ခန္ဓာကိုယ်ကို အားဖြည့်ဖို့ပဲ။ ကျန်တာကို လူငယ်တွေ တွေးပူဖို့ ထားလိုက်ပါ”

ထိုသို့ပြောပြီးနောက် သူမယူလာသည့် ပန်းလက်ဖက်ရည်ပူပူလေးကို အမျိုးသမီးယွီဆီသို့ ကမ်းပေးလိုက်သည်။ “သခင်မ ‌လည်ချောင်းရှင်းလိုက်ပါဦး”

အမျိုးသမီးယွီသည် ယိုကျင့်ပေးလာသည့် အဖြူရောင် ကြွေထည်ခွက်ကိုယူကာ သောက်လိုက်သည်။ သူမသည် အလိုက်သိကာ သိက္ခာတရားနှင့်ပြည့်စုံသည့် ထိုမိန်းကလေးအား စိတ်ထဲ၌ တဖြည်းဖြည်း ကျေနပ်အားရလာခဲ့သည်။ သူမ၏ မျက်နှာရှိအပြုံးမှာ စိတ်သက်သာရာရမှုမှ စိတ်လိုလက်ရမှုများဖြင့် ပြည့်နေသော အပြုံးတစ်ခုအဖြစ်ပြောင်းလဲသွားသည်။ ထိုသို့ပြောင်းလဲပြီးနောက် သူမသည် ယိုကျင့်အား ပြောလိုက်သည်။ “ဟုတ်ပြီ ဒေါ်လေးလည်း သက်သာနေပါပြီ။ ကိုယ်လုပ်စရာရှိတာ သွားလုပ်ချည်”

ထိုကလေးမှာ ကျေးလက်၌ မွေးဖွားခဲ့သော်လည်း စိတ်နေစိတ်ထားနှင့် အမူအကျင့်မှာ ကောင်းမွန်လှကြောင်း လွန်ခဲ့သည့်လအတွင်း စောင့်ကြည့်ခဲ့ခြင်းအရ မှတ်ချက်ချနိုင်သည်။ အဓိကမှာ ထိုကလေးသည် အကြီးများအပေါ် ဂရုစိုက်တတ်သောကြောင့်ဖြစ်သည်။ ကြီးမားသည့် ကပ်ဘေးကို ရင်ဆိုင်ပြီးနောက် သူမ၏ဘ၀၌ ရင်းနှီးခဲ့သည့် လူများ၏စိတ်ရင်းမှန်ကို သိရှိလာခဲ့သည်။

အမျိုးသမီးယွီ၌ ပြေားရာမရှိတော့ကြောင်းသိသည်နှင့် ယိုကျင့်လည်း ဆက်မနှောင့်ယှက်တော့ပေ။ သူမသည် ခြေလှမ်းဖွဖွလှမ်းကာ ထွက်သွားပြီးနောက် တံခါးကို အသာအယာပိတ်ခဲ့ပြီး အမျိုးသမီးယွီအနားယူနိုင်ရန် တိတ်ဆိတ်အေးချမ်းသည့် ပတ်၀န်းကျင်၌ ထားပေးခဲ့သည်။

ခုတင်၌ လဲလျောင်းလိုက်ပြီးနောက် သူမ၏မျက်၀န်းကို အသာအယာမှိတ်ကာ သက်ပြင်းချလိုက်သည်။ ထိုကလေးသည် မည်မျှပင်ကောင်းနေပါစေ လင်းယွီနှင့် သူမကြားရှိ ဆက်ဆံရေးသည် မဖြစ်သင့်ပေ။ လင်းယွီ၏ အခြေအနေကို မသိရသောကြောင့် ပျောက်ကွယ်သွားသော အမျိုးသမီးယွီ၏ စိတ်ပျက်အားငယ်မှုမှာ ပြန်လည် သိပ်သည်းလာတော့သည်။

…

အပိုင်း (၁၂၀) နန်းတော်အကျဥ်းထောင်သို့ ညပိုင်းထောင်ဝင်စာတွေ့ခြင်း

ယိုကျင့်သည် အိမ်တွင် လူနာများကို စောင့်ရှောက်ရင်း အလုပ်များနေသော်လည်း သူမသည် သီးသန့်နေခြင်း မဟုတ်သလို တံခါးအပြင်သို့လည်း လုံးဝမထွက်သည်လည်း မဟုတ်ချေ။ သက်တော်စောင့်ခေါင်းဆောင်ရှောင်နှင့် တစ်လလောက် ပြေးလွှားခဲ့ပြီးနောက် နောက်ဆုံးတော့ သူမသည် ထောင်ကြပ်တစ်ယောက်မှတစ်ဆင့် အကျဥ်းထောင်သို့ ဝင်နိုင်သွားတော့သည်။ တစ်ဖက်လူက လျန် ၁၀၀၀ လက်ခံခဲ့ပြီး ညပိုင်း မည်သူမှမရှိသည့်အချိန်၌ သူတို့ကို တစ်နာရီဝင်ခွင့်ပေးခဲ့လေသည်။

“ အကြီးဆုံးသခင်လေးကို ဆောင်းဦးကုန်ရင် ကွပ်မျက်ဖို့ အမိန့်ချထားပြီး ဒါကလည်း စစ်သူကြီးဟန်ရဲ့ ပုန်ကန်မှုနဲ့ ပတ်သက်နေတာဆိုတော့ အစောင့်အကြပ်က တင်းကြပ်မှာ သေချာတယ်၊ အောက်က လူတွေကလည်း ဒီအခွင့်အရေးကို သေချာပေါက် အသုံးချကြမှာပဲ၊ ဘာလို့လဲဆိုတော့ ငွေက လူတွေကို စိတ်လှုပ်ရှားစေနိုင်တယ်လေ”

သက်တော်စောင့်ခေါင်းဆောင်ရှောင်သည် လက်နှစ်ဖက်ကိုယှက်ကာ ယိုကျင့်အား ပြောလိုက်၏။

“ ဒါပေမဲ့ ထောင်ကြပ်ကြီးက ပြောတယ် တစ်ယောက်ထဲကိုပဲ ခေါ်သွားလို့ရမယ်တဲ့၊ မမလေး ကိုယ်တိုင်သွားချင်လား”

ယိုကျင့်သည် သက်ပြင်းချလိုက်တော့သည်။ သူမသည် ခေါင်းကို အနည်းငယ်မော့လိုက်ပြီး ခြံငယ်လေး၏အထက်ကို ကြည့်လိုက်လေသည်။ တောက်ပနေသည့်လသည် တဖြည်းဖြည်း ဝိုင်းစက်လာသည်။ အတန်ကြာအောင် တိတ်ဆိတ်နေလိုက်ပြီးနောက် သူမက ဖြည်းဖြည်းချင်း ပြောလိုက်တော့သည်။

“ ကျွန်မ ဒီအကြောင်းကို မနက်ဖြန်ကျရင် ရှောင်မိသားစုရဲ့ သခင်မကို ပြောပြပြီး သူ့ကိုပဲ ဆုံးဖြတ်ခိုင်းလိုက်ပါမယ်”

သူမနှင့် ရှောင်လင်းယွီကြားတွင် ရှင်းပြလို့မတတ်သည့် ချစ်မေတ္တာတချို့သာ ရှိလေသည်။ အမျိုးသမီးယွီကတော့ သူ့ကို မွေးဖွားပေးခဲ့ပြီး ဆယ်နှစ် အနှစ်နှစ်ကျော်အထိ ပြုစုပျိုးထောင်ခဲ့ပေးသူ ဖြစ်သည်။ ခံစားချက်များနှင့် ဆင်ခြင်တုံတရားတို့ဖြင့် သူမသည် အမျိုးသမီးယွီအား နောက်ဆုံးအကြိမ် သူမ၏သားဖြစ်သူကို သွားတွေ့ခွင့်ပေးလိုက်သင့်လေသည်။

သက်တော်စောင့်ခေါင်းဆောင်ရှောင်၏ အကြည့်က အနည်းငယ်မှေးမှိန်သွားတော့သည်။ သူသည် အကြီးဆုံးမမလေးကို မော့ကြည့်လိုက်ပြီးနောက် ခေါင်းပြန်ငုံ့လိုက်ကာ ဘာမှမပြောတော့ပေ။

နောက်တစ်နေ့ နံနက်စောစောတွင် နွေရာသီမနက်စောစောက တနည်းနည်းဖြင့် အေးမြနေသေးလေသည်။ မနက်စာစားပြီးနောက် လန်းဆန်းနေသည့်အမျိုးသမီးယွီက ရှောင်လင်းရူကိုခေါ်ကာ ဆင်ဝင်အောက်တွင် ထိုင်နေလေသည်။ သူတို့သည် အေးမြလန်းဆန်းသည့် လေပြေကို ခံစားရင်း ပန်းထိုးခြင်းအလုပ်ကို လုပ်နေကြသည်။ သူတို့နှစ်ယောက်သည် အရင်တုန်းကလို ချမ်းချမ်းသာသာ ဝတ်စားထားခြင်း မဟုတ်တော့ပေ။ အဝေးမှကြည့်လျှင် သူတို့ကို သာမန်လူချမ်းသာ မိသားစုများ၏ ဆွေမျိုးများဟုသာ ထင်ကြလိမ့်မည်။ ပတ်ဝန်းကျင်အခြေအနေက အနည်းငယ် တိတ်ဆိတ်နေပြီး အေးချမ်းနေလေသည်။

“ ယိုကျင့် သမီးလာပြီလား”

အမျိုးသမီးယွီသည် ပြီးခဲ့သည့်အခေါက်က ယိုကျင့်ကို တောင်းပန်ပြီးကတည်းက သူတို့နှစ်ယောက်ကြားက အထုံးလေးသည် ပြေလျော့သွားခဲ့လေသည်။ အမျိုးသမီးယွီ၏ သူမအပေါ် မှားယွင်းခဲ့သည့် မလိုမုန်းထားခြင်းက ပျောက်ကွယ်သွားပြီဖြစ်သည်။ အခုတော့ သူနှစ်ယောက်သည် အလွန်သင့်မြတ်လှလေသည်။

သူမ ရောက်လာသဖြင့် ရှောင်လင်းရူက သူမကို ဆွဲကာ ထိုင်ခိုင်းလိုက်ပြီး ရွှင်မြူးကာဖြင့် ပြောလိုက်၏။

“ ရှင် ဒီနေ့အားတယ်ပေါ့နော်၊ ကျွန်မတို့တွေ စကားမပြောဖြစ်တာ ကြာနေပြီ၊ ဒီနေ့တော့ အချိန်ကိုက်ပဲ”

ယိုကျင့်က ကြည်နူးကာဖြင့် ပြန်ပြောလိုက်သည်။

“ အစ်မက ကျွန်မကို ဆူညံတယ်လို့ မထင်ဘူးဆိုတော့ အစ်မနဲ့ စကားပြောဖို့ပဲ ဆန္ဒရှိတော့တာပေါ့၊ အရင်ဆုံး ကျွန်မ သခင်မနဲ့ စကားပြောလိုက်အုံးမယ် ပြီးမှ ရှင့်ကို လာရှာမယ်နော်”

“ ရှင် ကျွန်မဆီ သက်သက်လာခဲ့တယ်လို့ ထင်နေတာ၊ ဒေါ်ကြီးကို လာရှာလိမ့်မယ်လို့ လုံးဝထင်မထားမိဘူး”

ရှောင်လင်းရူက သူမ၏မျက်နှာပေါ်က ပါးချိုင့်လေး ခပ်ခပ်ရေးရေး ပေါ်လာသည်အထိ ပြုံးလိုက်လေသည်။ တော်တော်သိမ်မွေ့ပြီး လှပသည့်မြင်ကွင်းပင်။ သူမက မတ်တတ်ရပ်လိုက်ပြီးနောက် ပြောလိုက်လေသည်။

“ အတော်ပဲ ကျွန်မလည်း သွားတော့မယ်၊ အကြီးအကဲနဲ့ အမေ့အတွက် ဆေးကြိုထားတာ အသင့်ဖြစ်ပြီလား သွားကြည့်လိုက်အုံးမယ်”

အမျိုးသမီးကျောက်၏ ခန္ဓာကိုယ်သည် အားနည်းပြီး အမျိုးသမီးစုန့် ပြန်လည်နာလန်ထူလာဖို့က အသက်အရွယ်ကြောင့် နှေးကွေးနေလေသည်။ အခုတော့ သူတို့နှစ်ယောက်သာ ဆေးသောက်ရန် လိုအပ်တော့သည်။

အမျိုးသမီးယွီက ဇဝေဇဝါဖြင့် ယိုကျင့်ကို ကြည့်လိုက်၏။

“ မင်း ငါနဲ့ ဘာပြောချင်တာရှိလို့လဲ၊ ပြီးတော့ လင်းရူကိုတောင် တမင်ပြန်လွှတ်လိုက်တယ်ဆိုတော့”

အခုတော့ သူတို့သည် အိမ်တွင်သာ နေနိုင်လေရာ ဘာများ လုပ်နိုင်ပါအုံးမည်နည်း။

ယိုကျင့်က အမျိုးသမီးယွီ၏ဘေးတွင်ထိုင်လိုက်ပြီး လေသံကို နိမ့်ကာပြောလိုက်လေသည်။

“သခင်မ ဒီကိစ္စက အရမ်းအရေးကြီးတယ်၊ သတိအရမ်းလွန်နေလို့ ကျွန်မကို အပြစ်မဆိုပါနဲ့နော်”

သူမ၏ပုံစံကို မြင်လိုက်ရတော့ အမျိုးသမီးယွီသည် စိတ်ထဲတွင် ခပ်ရေးရေး ခန့်မှန်းကြည့်လိုက်သော်လည်း အတည်မပြုရဲချေ။ သူမက သတင်းလွတ်သွားမည်စိုးသဖြင့် မြန်မြန်အနားသို့ အနည်းငယ်တိုးလိုက်တော့သည်။

“ ကျွန်မတို့တွေ နန်းတော်အကျဥ်းထောင်ထဲက ထောင်ကြပ်တစ်ယောက်နဲ့ အဆက်အသွယ်ရတယ်၊ သူက ကျွန်မတို့ကို နန်းတော်ထောင်ထဲ ခေါ်သွားပေးမယ်တဲ့၊ ဒါပေမဲ့ တစ်နာရီပဲ အချိန်ပေးမှာ”

ယိုကျင့်က တမင်လေသံတိုးတိုးဖြင့် ပြောလိုက်သော်လည်း စကားလုံးများ အမျိုးသမီးယွီ၏နားထဲသို့ စိတ်နှင့်ခန္ဓာကိုယ်ကို မိုးကျိုးပစ်လိုက်သည့်အလား ရှင်းရှင်းလင်းလင်း ဝင်ရောက်သွားတော့သည်။ သူမ၏မျက်နှာပေါ်က အပြုံးသည့် အတိုင်းအတာတစ်ခုအထိ အေးခဲသွားတော့သည်။ ယိုကျင့်ကို ကြည့်နေသည့် သူမ၏မျက်လုံးလှလှလေးများသည် မျက်ရည်များ စို့တက်လာတော့သည်။ သူမသည် ယိုကျင့်ကို နှုတ်ဆိတ်ကာသာ ကြည့်နေနိုင်တော့သည်။ ဘာတစ်ခွန်းမှမပြောနိုင်ဘဲ သူမ၏ ခံစားချက်များသည် လှိုက်တက်လာလေတော့သည်။

ယိုကျင့်က နှုတ်ခမ်းများကို စေ့ထားလိုက်ပြီးမှ ဆက်ပြောလိုက်၏။

“ မနက်ဖြန်ည ၅နာရီ ၄၅လောက် သက်တော်စောင့်ခေါင်းဆောင်က အဒေါ့်ကို နန်းတော်ထောင်ရဲ့ အစွန်နားအထိ လိုက်ပို့ပေးလိမ့်မယ်၊ နန်းတော်ထောင်ဘက်ကလူကို စီစဥ်ထားခိုင်းပြီးပြီ”

သူမသည် အမျိုးသမီးယွီအား သူမမျက်နှာပေါ်က မျက်ရည်များကို သုတ်ရန် သူမ၏ကိုယ်ပိုင် အကောင်းစားလက်ကိုင်ပဝါကို လှမ်းပေးလိုက်လေသည်။ ရှောင်သားအဖက အမျိုးသမီးယွီ၏ နှလုံးသားထဲက အကြီးမားဆုံးအမာရွတ်မှန်း ယိုကျင့် သိနေသည်။ အခုတော့ သူမက ရုတ်တရက် သည်အကြောင်း ထုတ်ပြောလိုက်သဖြင့် သူမက ထိုအမာရွတ်ကို ဆွဲထုတ်သလိုဖြစ်သွားလိမ့်မည်။

အမျိုးသမီးယွီသည် ဝမ်းနည်းနေသော်လည်း ပျော်ရွှင်မှုက ကြီးစိုးနေ၏။ သူမ၏မျက်နှာပေါ်က မျက်ရည်များကို သုတ်လိုက်ပြီးနောက် ယိုကျင့်၏လက်များကို တင်းနေအောင် ဆုပ်လိုက်ပြီး

“ သိတတ်လိုက်တဲ့ကလေး၊ ငါတို့ရှောင်မိသားစုက မင်းအပေါ် ကျေးဇူးကြွေးတွေ တင်နေပါပြီ၊ မင်းက ငါတို့ရှောင်မိသားစုအပေါ်ကို စေတနာကြီးကြီးမားမား ထားခဲ့တာပဲ၊ ငါရဲ့ကျန်တဲ့ဘဝတစ်လျှောက်လုံး မင်းရဲ့စေတနာတွေကို သေချာပေါက် အမှတ်ရသွားပါ့မယ်”

အမျိုးသမီးယွီသည် ရင်နာရပြီး လက်ရှိဘုရင်မင်းမြတ်အပေါ် နာကျည်းမှုများစွာ ရှိနေသော်လည်း ရှောင်မိသားစုက ယောကျ်ားသားများသည် သေမိန့်ကျခံထားရမှန်း သိထားလေသည်။ သူမသည် ခင်ပွန်းသည်နှင့် အကြီးဆုံးသားတို့၏ အလောင်းကို ကောက်ဖို့သာ စောင့်ဆိုင်းတော့မည်ဟု တွေးထားတော့သည်။ သို့သော် အခုတော့ သူမသည် သူတို့ကို နောက်ဆုံးအကြိမ်အဖြစ် အမှန်ပင် တွေ့နိုင်တော့မည်။ သူမသည် စိတ်မလှုပ်ရှားဘဲ အပျော်မလွန်ဘဲ အဘယ်မှာ ရှိပါမည်နည်း။

ထိုသို့ပြောလိုက်ပြီးနောက် သူမက ယိုကျင့်ရှေ့တွင် ဒူးထောက်ဖို့ရန် မတ်တတ်ပင် ထရပ်လိုက်လေသည်။ ယိုကျင့်က သူမကို မြန်မြန်တွဲထားလိုက်ပြီး သူမကို ပြန်ထိုင်ခိုင်းလိုက်လေသည်။

“သခင်မရယ် ရှင်ကျွန်မက နှိပ်စက်ဖို့ ကြိုးစားနေတာပဲ၊ အကြီးဆုံးသခင်လေးရှောင်က ကျွန်မရဲ့ အသက်သခင်ပါ၊ အခု ကျွန်မက ကျေးဇူးကို မဖြစ်စလောက်လေး ပြန်ဆပ်နေတာပါ၊ ရှင်ကလည်း ကျွန်မလေးစားရတဲ့ လူကြီးတစ်ယောက်လေ၊ ဘယ်လိုလုပ်ပြီးတော့ ရှင့်ဆီကနေ ဦးညွှတ်တာကို လက်ခံနိုင်ပါ့မလဲ”

ခြုံပြောရလျှင် အမျိုးသမီးယွီသည် အစောပိုင်းက သူမကို မှားယွင်းအထင်လွဲခဲ့မိသော်လည်း အမှန်ပင် အရည်အချင်းရှိပြီး လူငယ်မျိုးဆက်များအပေါ် ကြင်နာတတ်လေသည်။ ယိုကျင့်ကလည်း အကြီးအကဲကောင်းများနှင့် တွေ့ဆုံရန် ကံပါသည့် မိန်းမပျိုလေးတစ်ယောက်ဖြစ်လေသည်။ ထိုထက်ပိုသည်က သူမသည် ချောမောလှပသေးသည်။ အမျိုးသမီးယွီတွင် သားနှစ်ယောက်သာ ရှိလေသည်။ သူမသည် အမြဲလိုလို နှင်းပွင့်လို ချောမွေ့ကာ ဉာဏ်ကောင်းသည့် သမီးတစ်ယောက် လိုချင်ခဲ့သည်။ ယိုကျင့်က သူမစိတ်ကူးထားသည့် သမီးလေးနှင့် တစ်ထပ်တည်းကျသည်ဟု ပြောရမည်။ ထို့ကြောင့် အမျိုးသမီးယွီက ယိုကျင့်ကို ပိုပြီး ကောင်းကောင်းမွန်မွန် ဆက်ဆံလေသည်။ ယိုကျင့်ကလည်း သူမကို ပိုပြီး တလေးတစားနှင့် ဆက်ဆံသည်။ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးသည် တစ်မုဟုတ်ချင်း တိုးတက်သွားတော့သည်။

“ ငါ ဒီကျေးဇူးကို ဘယ်လို ...ဘယ်လိုတုံ့ပြန်ရမလဲ မသိတော့လို့ပါ”

အမျိုးသမီးယွီသည် ရင်ဘတ်ပေါ် လက်တင်ထားလေသည်။ သူသည် စိတ်လှုပ်ရှားမှုကြောင့် မတည်ငြိမ်နိုင်သေးပေ။ သူမ၏အနည်းငယ်နီမြန်းပြီး လှပသည့်မျက်လုံးများက သူမကို စိုက်ကြည့်နေ၏။

“ ငါ မင်းကို နစ်နာစေမိပါပြီ”

ယိုကျင့်သည် သူမ၏မျက်နှာပေါ်တွင် ခပ်ရေးရေးအပြုံးတစ်ခု ဆောင်ထားရင်း ပြန်ဖြေလိုက်တော့သည်။

“ ကျွန်မ မနစ်နာရပါဘူးရှင်”

ဘာနစ်နာစရာရှိမှာလဲ။ ဟိုတုန်းက နှုတ်ဆက်စကားက သူနဲ့ သူမတို့ရဲ့ နောက်ဆုံးတွေ့ဆုံခြင်း ဖြစ်သွားတာကို စဥ်းစားမိတော့ နှမြောတသဖြစ်မိလေရဲ့။

အမျိုးသမီးယွီသည် သည်ကိစ္စကို အမျိုးသမီးစုန့်နှင့် အမျိုးသမီးကျောက် တို့အား ကွယ်ဝှက်မထားခဲ့ချေ။ နောက်ဆုံး မိုးလောက်မြင့်သည့် အကျဥ်းထောင်ထဲတွင် အကျဥ်းချခံထားရသူများမှာ အမျိုးသမီးစုန့်၏ သားနှင့်မြေးများ ဖြစ်ပြီး အမျိုးသမီးကျောက်၏ ခင်ပွန်းလည်း ပါလေသည်။

သူမ၏စကားကို ကြားလိုက်တော့ အမျိုးသမီးစုန့်က ချက်ချင်းပင် မျက်ရည်များစီးကျလာတော့သည်။ ယိုကျင့်၏ လက်ကို ကိုင်ထားပြီး သူမသည် အချိန်တော်တော်ကြာသည်အထိ မလွှတ်ပေးချေ။

“ သိတတ်လိုက်တဲ့ကလေးရယ် တကယ် ကျေးဇူးတင်ပါတယ်”

အမျိုးသမီးစုန့်သည်လည်း အခက်အခဲများကို ကျော်ဖြတ်ခဲ့ရသည့် သူတစ်ယောက်ဖြစ်လေသည်။ သို့သော် တစ်ခါမှ သည်လိုအောက်ဆုံးအခြေအနေအထိ မရောက်ခဲ့ဖူးချေ။ သူတို့သည် အောက်ဆုံးသို့ ကျသွားချိန်၌ စုမိသားစု၏ ကလေးမလေးကသာ သူတို့ကို အကူအညီပေးခဲ့လေသည်။ သူမသည် သူမတို့မိသားစုကို ကယ်တင်ပေးရုံမကပဲ ချွေးမဖြစ်သူက သူမ၏ကလေးနှင့်မြေးများကို နောက်ဆုံးတွေ့ခွင့်ရအောင် အရဲစွန့်ကာ လမ်းရှင်းပေးခဲ့သေးသည်။ သူမသည် ကျေးဇူးမတင်ဘဲ မနေနိုင်တော့ပါ။

အမျိုးသမီးကျောက်သည် စိတ်ထဲတွင်အနည်းငယ် စိတ်ပျက်မိသော်လည်း မျက်နှာပေါ်တွင် အားတင်းကာ ပြုံးထားလေသည်။ ဖျော့တော့နေသည့်မျက်နှာပေါ်တွင် အားတင်းထားသည့် အပြုံးကြောင့် အမျိုးသမီးယွီမှာ အနည်းငယ်အပြစ်မကင်းသလို ခံစားလိုက်ရတော့သည်။

“ ယောက်မလေး....”

ဒုတိယမောင်လေးနှင့် ယောက်မလေးတို့သည် ငယ်ချစ်ဦးများဖြစ်ကြလေသည်။ သူတို့သည် အချင်းချင်း နက်ရှိုင်းစွာ ချစ်ခင်ကြသည်။ အခုတော့ သူမသည် ခင်ပွန်းဖြစ်သူနှင့် သားဖြစ်သူကို နောက်ဆုံးအကြိမ် တွေ့ရန် ပိတိဖြစ်ရပြီး သူမကို လစ်လျူရှုထားမိလေသည်။

“ ယောက်မကြီး ကျွန်မ သိပါတယ်၊ ဒီဘဝမှာ ကျွန်မတို့ အတူတူအိုမင်းသွားဖို့ ကံမပါလာဘူး၊ သူ ကျွန်မကို ငရဲသွားတဲ့လမ်းမှာ စောင့်နေပြီး နောက်ဘဝမှာ တစ်နေရာထဲ အတူတူပြန်ဝင်စားခွင့်ရဖို့ပဲ မျှော်လင့်မိရုံပါ”

အမျိုးသမီးကျောက်၏မျက်တောင်များသည် စင်းကာကျနေလေသည်။ သူမ၏မျက်နှာပေါ်က ပြတ်သားလှသည့်အပြုံးတစ်ခုက အချစ်အတွက် ဒုတိယသခင်ကြီးရှောင်နှင့်အတူ အချိန်မရွေး လိုက်သေသွားနိုင်သည့်ပမာ။

သူမပြောလိုက်သည့် စကားကို ကြားလိုက်ရချိန်၌ အမျိုးသမီးစုန့်နှင့် အမျိုးသမီးယွီတို့သည် ပိုပြီးအပြစ်ရှိသလို ခံစားသွားရတော့သည်။ အမျိုးသမီးစုန့်က သက်ပြင်းချကာ ပြောလိုက်၏။

“ ဒုတိယသားရဲ့ဇနီးရယ် သမီးဝမ်းနည်းနေမယ်ဆိုတာ သိပါတယ် ဒါပေမဲ့ နင် လင်းရူနဲ့ လင်းဝမ်ကို စောင့်ရှောက်ပေးရအုံးမယ်လေ၊ လင်းဝမ်က အခုမှ ၁၂နှစ်ပဲ ရှိသေးတယ်၊ဧကန္တ နင် သူ့ကိုတောင် ဂရုမစိုက်ဘဲ တော့ဘူးလား”

အမျိုးသမီးစုန့်သည် ယိုကျင့်အား ယုံကြည်လေသည်။ လင်ဖုန်းနှင့် လင်းဝမ်တို့ ပျောက်ဆုံးနေသည်ကို လျှို့ဝှက်မထားခဲ့ချေ။ သူတို့ ပျောက်သွားသည်ကို အားလုံးက သိထားကြသော်လည်း ရှောင်မိသားစု၏ ယောကျ်ားသားများနှင့် အမျိုးသမိးစုန့်တို့သာ သူတို့ကို ဘယ်ပို့ထားမှန်း သိလေသည်။

ယောက္ခမကြီးက သူမ မခွဲနိုင်ရက်ဆုံးနှင့် ငယ်ငယ်ကတည်း သူ့အဖေနှင့် တထေရာထဲတူသည့် သားအကြောင်းကို ထုတ်ပြောလိုက်သည်ကို ကြားလိုက်ရသောအခါ အမျိုးသမီးကျောက်သည် ရုတ်တရက်ဆိုသလို စိတ်ထဲတွင် မခံရက်နိုင်အောင် နာကျင်သွားတော့သည်။ အစကတော့ သူမသည် ခင်ပွန်းဖြစ်သူနှင့် အမှန်ပင် လိုက်သွားချင်ခဲ့လေသည်။ သို့သော် အခုတော့ ယောက္ခမကြီး ပြောလိုက်သည့် စကားကိုကြားလိုက်ရပြီးနောက် အမျိုးသမီးကျောက်သည် စိတ်မပူဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။ သူမ ထွက်သွားခဲ့လျှင် သူမ၏ရူအာ ဘယ်လိုဖြစ်သွားမည်နည်း။ သူမ၏ ဝမ်အားကရော ဘယ်လိုဖြစ်လာမည်နည်း။ သတင်းဆိုးကြားလိုက်ရချိန်က သူမ၏ခင်ပွန်းနောက် လိုက်သွားမည့်စိတ်ကူးကို တဖြည်းဖြည်း လက်လျှော့ခဲ့လေတော့သည်။

***

နောက်တစ်နေ့ ညနေ ၅နာရီကျော်သွားပြီဖြစ်သည်။

မြို့တော်တွင် ညပိုင်း၌ ညမထွက်ရအမိန့် မရှိသော်လည်း သက်တော်စောင့် ခေါင်းဆောင်ရှောင်က အလွန်သတိ ရှိနေဆဲ။ သူသည် လှည်းကို အကျဥ်းထောင်မှ ၁၅မိနစ်လောက်လမ်းလျှောက်ရသည့် အကွာအဝေးက နေရာတစ်ခုဆီသို့ တိတ်တိတ်လေးမောင်းလာခဲ့လေသည်။ သူသည် လှည်းရပ်နားရင် လမ်းကြားလေးတစ်ခု တွေ့လိုက်ရပြီး သည်နေရာတွင် အစောင့်တစ်ယောက်ကို ချန်ခဲ့လိုက်သည်။ သူကိုယ်တိုင်က အနက်ရောင်ဝတ်ရုံခြုံထားသည့် အမျိုးသမီးယွီကို စောင့်ကြပ်ကာ အိမ်များနှင့် မြို့တံတိုင်းများ၏ ထောင့်ကျသည့်အရိပ်ကို တိတ်တိတ်လေး ဖြတ်လျှောက်လာခဲ့လေသည်။ သူတို့သည် ထောင်ကြပ်နှင့်ချိန်းဆိုထားသည့်နေရာသို့ ရောက်လာခဲ့တော့သည်။

“ ရွှီး ရွှီး ရွှီး ၊ ရွှီး ရွှီး ရွှီး “

သူသည် ည၏တစ်ဖက်ခြမ်းက ငှက်အော်သံဖြင့် အချိန်းအချက်လုပ်ထားသည့် တုန့်ပြန်သံကို စောင့်နေလေသည်။ အချိန်မကျသေး၍လားမသိပေ သက်တော်စောင့် ခေါင်းဆောင်ရှောင်သည် နှစ်ကြိမ်လောက် ကြိုးစားခဲ့သော်လည်း ဘာသံမှ ပြန်မကြားရပေ။ မျက်နှာတစ်ဝက်သာ ဖော်ထားပြီး ဝတ်ရုံကြီးတစ်ခုအောက်တွင် ပုန်းကွယ်နေသည့် အမျိုးသမီးယွီသည် မနေနိုင်တော့ဘဲ စိုးရိမ်လာမိတော့သည်။

“ တစ်ဖက်လူက ကတိဖျက်လိုက်တာတော့ မဟုတ်ပါဘူးနော် ဟုတ်တယ်မလား”

“သခင်မ စိတ်မလောပါနဲ့ အချိန်မကျသေးလို့ နေမှာပါ၊ ကျွန်တော် ထပ်ကြိုးစားကြည့်လိုက်မယ်”

သက်တော်စောင့် ခေါင်းဆောင်ရှောင်သည် လေသံကို နိမ့်ကာ ပြန်ပြောလိုက်လေသည်။ ထို့နာက် သူက တစ်ဖက်ခြမ်းကို ထပ်အချက်ပြလိုက်၏။

ကံအားလျော်စွာ သည်တစ်ကြိမ်တွင်တော့ အသံပြန်ကြားလိုက်ရသည်။ တစ်ဖက်လူ အသံပြန်ပြုပြီး မကြာခင်မှာပင် လူတစ်ယောက်သည် မီးအိမ်မှိန်မှိန်လေးတစ်ခုဖြင့် လျှောက်လာခဲ့လေသည်။

“ ကျုပ်နောက် လိုက်ခဲ့”

ထိုသို့ပြောလိုက်ပြီးနောက် သူသည် ပြန်လှည့်ထွက်သွားတော့သည်။

ထိုလူရောက်လာသည်ကို မြင်လိုက်ရသဖြင့် အမျိုးသမီးယွီ၏စိတ်က တဖန်တက်ကြွသွားတော့သည်။ သူမသည် သက်တော်စောင့် ခေါင်းဆောင်ရှောင်၏ လမ်းပြမှုအောက်တွင် ခြေလှမ်းသွက်သွက်ဖြင့် ထောင်ကြပ်နောက် လိုက်သွားပြီး မဲမှောင်သည့်ည ဖုံးလွှမ်းထားသည့် ချောက်ချားဖွယ်နန်းတော်ထောင် ဆီသို့ ဦးတည်လာခဲ့လေတော့သည်။

“ အထဲရောက်သွားတာနဲ့ ဘေးဘီကို ပတ်မကြည့်နဲ့၊ မအော်နဲ့ နားလည်လား”

ဝူမျိုးနွယ်အမည်ရှိ ထောင်ကြပ်က မီးအိမ်ကို ကိုင်ထားပြီး တည့်တည့်ကို ကြည့် အမျိုးသမီးယွီအား လှည့်မကြည့်ဘဲ သတိပေးလိုက်လေသည်။

“ ခင်ဗျားရဲ့အတွေးတွေကို ဘယ်လိုဖြတ်ထုတ်ရမယ်ဆိုတာကို မသိရင် ကျုပ်က ခင်ဗျားနဲ့အတူ အန္တရာယ်ကို စွန့်စားမှာမဟုတ်ဘူး၊ သေမိန့်ကျထားတဲ့သူတွေကို လာတွေ့ခွင့်မရှိဘူးဆိုတာ ခင်ဗျား သိပါတယ်”

အမှန်တွင်တော့ သူသည်လည်း လောင်းကစားဝိုင်းကြောင့် ဖိအားပေးခံခဲ့ရပြီး မတိုးသာမဆုတ်သာ အခြေအနေ ဖြစ်ခဲ့ရခြင်းပင်။ သူသည် အထက်တန်းစား လောင်းကစားဝိုင်းတွင် ငွေတိုးချေးကာ လျန်၇၀၀တိတိ အကြွေးတင်နေလေသည်။ လောင်းကစားဝိုင်းကို အရေးပါသူများက ထောင်ထားခြင်း ဖြစ်သည်။ မနက်ဖြန် နောက်ဆုံးပေးရလိမ့်မည်။ သူသည် ငွေပြန်မဆပ်နိုင်ခဲ့လျှင် သူ့လိုလူ ဘယ်နှစ်ယောက်က သေသွားပြီးပြီကို ဘယ်သူမှ သိလိုက်မည်တောင် မဟုတ်ပေ။

လောင်းကစားကြွေးကို ဆပ်ဖို့ရန် သူသည် သည်မိသားစုနှင့် အရဲစွန့်ကာ ပူးပေါင်းလိုက်ရတော့သည်။ ရှောင်မိသားစုက တော်တော်ချမ်းသာတာပဲ။ သူတို့ရဲ့ပိုင်ဆိုင်မှုကို သိမ်းခံလိုက်ရတာတောင် သူတို့တွေက ထောင်ဝင်စာတွေ့ဖို့ လျန်၁၀၀၀ သုံးနိုင်နေသေးတဲ့။ သူတို့တွေ နိုင်ငံ့ဘဏ္ဍာအဖြစ် မသိမ်းခံရခင်က ဘယ်လောက်တောင် ချမ်းသာလို့ပါလိမ့်။ ဝူမျိုးနွယ်စုအမည်ရှိ ထောင်ကြပ်သည် ထိုအကြောင်းကို တွေးရင်း ပိုပြီး စိတ်ရှုပ်လာတော့သည်။ အတွေးလွန်သွားသဖြင့် ထောင်တံခါးကိုပင် ဝင်တိုက်လုနီးနီး ဖြစ်သွားတော့သည်။

‘ချမ်းသာနေတုန်းကတော့ မသနားတတ်ကြဘူး’ ‘ သေဒဏ်နဲ့ပဲ တန်တယ်’ ဟူသည် ရုန့်ရင်းကြမ်းတမ်းသည့် ဒေါသစကားက သူ့ပါးစပ်မှ ထွက်လာသည်ကို နားထောင်မိသွားပြီး အမျိုးသမီးယွီသည် ဝတ်ရုံအောက်က သူမ၏လက်များကို တင်းနေအောင်ဆုပ်ထားလိုက်မိတော့သည်။ သူမသည် ငွေမြင်မှ မျက်လုံးဖွင့်တတ်သည့် သည်လူကို ကျိတ်ကာ မုန်းမိနေတော့သည်။ သူမသည် ကျားနာကြီးတစ်ကောင် ဖြစ်သွားသည့် သူမ၏အခြေအနေက သာမန်ခွေးတစ်ကောင်၏ နိုင်ထက်စီးနင်းလုပ်ခံလိုက်ရခြင်းကိုလည်း ဝမ်းနည်းမိလေသည်။ သို့သော် လက်ရှိအခြေအနေက သူမအတွက် ဝေဖန်ပြစ်တင်ရန် မဖြစ်နိုင်မှန်း သိလေသည်။ သူမသည် သူ့ကို ဒေါသထွက်အောင် လုပ်ခဲ့မိလျှင် သူမ၏ခင်ပွန်းနှင့် သားတို့ကို နောက်ဆုံးအကြိမ်ပင် တွေ့လိုက်ရမည်မဟုတ်တော့ပေ။ ထို့ကြောင့် သူမသည် သည်ခံစားချက်ကို လျှို့ဝှက်စွာ မျိုသိပ်ထားလိုက်လေတော့သည်။

…

All Chapters