အခန်း (၁၆၉-၁၇၀)
Vol. 17 Ch. 169-170
အခန်း (၁၆၉)
လျှပ်စစ်စကူတာ အခိုးခံရခြင်း
လူငယ်လေးသည် သူ၏ဖုန်းအဆက်အသွယ်များထဲတွင် အချိန်အတော်ကြာ ရှာဖွေပြီးနောက် ငိုတော့မည့်အသံ ဖြင့် သနားစရာကောင်းအောင် ပြောလိုက်လေသည်။
"ကျွန်တော့် သူငယ်ချင်းကို ဖုန်းဆက်ခေါ်ပြီး ဒီကျောက်စိမ်းက နှစ်ယွမ်နဲ့ ခြောက်ဆယ့်ခြောက်ပြား တန်မတန် ကြည့်ခိုင်းလိုက်ရင်ရော...။"
လျန်ထျန်းက ပြတ်ပြတ်သားသား ခေါင်းခါကာ ငြင်းဆန်လိုက်လေသည်။
"မင်းအဖေကို ခေါ်လာရင်တောင် (၂) ယွမ်နဲ့ (၆၆)ကျောင် ကနေ တစ်ပြားမှ လျှော့ပေးမှာ မဟုတ်ဘူး…။ ဘာလို့ လဲဆိုတော့ ငါ့ဆီမှာ ပြေစာတွေ အကုန်ရှိတယ်…။ ငါ တကယ်ပဲ ဒီပိုက်ဆံတွေ အကုန်ခံပြီး ဝယ်ထားတာ...။"
"တကယ်လို့ လျော်ကြေးပေးဖို့ နည်းလမ်းမရှာဘူးဆိုရင် ငါ ရဲခေါ်ပြီး မင်းကို ဖမ်းခိုင်းရလိမ့်မယ်…။ သူတစ်ပါး ပိုင်ဆိုင်မှုကို တမင်သက်သက် ဖျက်ဆီးတာက ထောင်ဒဏ်ကျခံရနိုင်တဲ့ ပြစ်မှုတစ်ခုပဲ...။"
ထိုစကားကို ကြားသောအခါ လူငယ်လေးမှာ ပို၍ ထိတ်လန့်သွားပြီး ချက်ချင်းပင် တောင်းပန်လေတော့သည်။
"ကျေးဇူးပြုပြီး ရဲကို မတိုင်ပါနဲ့ဗျာ…၊ ရဲကို မတိုင်ပါနဲ့…။ ကျွန်တော် ခင်ဗျားပိုက်ဆံတွေကို ပြန်ပေးဖို့ နည်းလမ်း ရှာပါ့မယ် ဟုတ်ပြီလား...။"
လူငယ်လေးသည် လေးလံသော စိတ်နှလုံးဖြင့် ဖုန်းအချို့ ခေါ်ဆိုလိုက်လေသည်။
သို့သော် သူသည် တစ်ပြားတစ်ချပ်မှ ပြန်မရခဲ့သည့်အပြင် တစ်ဖက်လူများက သူ့ကိုပင် အကြွေးပြန်ဆပ်ရန် တောင်းဆိုနေကြသဖြင့် အလွန်ထိတ်လန့်သွားကာ ဖုန်းကို အမြန်ချလိုက်ရလေသည်။
သူက လျန်ထျန်းကို အခက်တွေ့နေသော မျက်နှာထားဖြင့် ထပ်ကြည့်လိုက်သောအခါ လျန်ထျန်းသည် သူ၏ ဖုန်းကို ထုတ်ကာ ရဲကို ဖုန်းဆက်ရန် ပြင်ဆင်နေခဲ့လေသည်။
လူငယ်လေးက သူ့ကို အမြန်တားဆီးလိုက်ပြီး ဒူးထောက်ချလိုက်ကာ မျက်ရည်များ စီးကျလာခဲ့လေတော့သည်။
"ကျွန်တော် မှားသွားပါတယ်…၊ တကယ်ကို မှားသွားပါတယ်…။ ခင်ဗျားက အရမ်းသဘောကောင်းတာပဲ ခင်ဗျား က ဘဝအတွေ့အကြုံ ရအောင် အစားအသောက် လိုက်ပို့နေတဲ့ သူဌေးတစ်ယောက် ဖြစ်ရမယ် ဒါမှလဲ ဒီလောက် ဈေးကြီးတဲ့ ကျောက်စိမ်းကို ဝယ်နိုင်မှာပေါ့...။"
"ကျေးဇူးပြုပြီး ကျွန်တော် ဆင်းရဲတာကို ထောက်ထားပြီး ခွင့်လွှတ်ပေးပါ…။ ကျွန်တော် တကယ်ပဲ ဒီလောက် များတဲ့ ပိုက်ဆံတွေကို မလျော်နိုင်လို့ပါ...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းက လှောင်ပြောင်လိုက်လေသည်။
"မင်း ဆင်းရဲတာနဲ့ပဲ ငါက မင်းကို အလွတ်ပေးရမယ်လို့ မဆိုလိုဘူးလေ…၊ ဒါက ဘယ်လို ယုတ္တိမျိုးလဲ...။"
"ပြီးတော့ မင်းက အရင်က ဆင်းရဲတဲ့ပုံစံ လုံးဝမပေါ်ပါဘူး…။ တကယ်တော့ တော်တော်လေးကို မောက်မာနေ ခဲ့တာပဲလေ...။"
"ရိုးရိုးသားသား ပြောရရင် မင်းက တကယ်ဆင်းရဲပြီး ရိုးသားကြိုးစားတဲ့သူ တစ်ယောက်ဆိုရင် ငါ မင်းကို သိပ်ပြီး အပြစ်တင်နေမှာ မဟုတ်ဘူး…။ ဘာလို့လဲဆိုတော့ ငါလည်း တစ်ချိန်က ဆင်းရဲခဲ့ဖူးလို့ပဲ...။"
"ဒါပေမဲ့ မင်းရဲ့ ဆင်းရဲနွမ်းပါးမှုက မင်းကိုယ်တိုင် ဖန်တီးထားတာဆိုတာ ငါ မြင်နိုင်တယ်…။ တစ်ခုခု မှားယွင်းစွာ လုပ်မိရင် အဲ့ဒီအတွက် တာဝန်ယူရမယ် ဆင်းရဲခြင်းက မင်းရဲ့ အမှားအတွက် ဆင်ခြေတစ်ခု ဖြစ်မလာနိုင်ဘူး...။"
နောက်ဆုံးတွင် လူငယ်လေးမှာ ထိုမျှများပြားသော ငွေကြေးကို မပေးနိုင်ခဲ့သဖြင့် လျန်ထျန်းသည် ထွက်သွားခါစ ရဲအရာရှိများကို ပြန်ခေါ်ကာ လူငယ်လေးကို ပြန်လည်ပညာပေးရန် ထည့်ပေးလိုက်လေသည်။
လူငယ်လေးသည် သူနှင့် ထိုက်တန်သော ပြစ်ဒဏ်ကို ရရှိခဲ့သော်လည်း ကျောက်စိမ်းမှာမူ ကျိုးပဲ့သွားခဲ့ပြီဖြစ်ရာ ထိုကျိုးပဲ့နေသော အရာကို ကြည့်ကာ လျန်ထျန်းမှာ စိတ်မကောင်း ဖြစ်နေဆဲပင်။
နင်ယွဲ့သည် လျှောက်လာပြီး ညင်သာစွာ ပြောလိုက်လေသည်။
"ဒီကျောက်စိမ်းဆွဲသီးကို လောလောဆယ် ကျွန်မဆီမှာ ထားခဲ့ပါလား…။ နောက်မှ ပြင်လို့ရမယ့် နည်းလမ်း ရှိမရှိ ကျွန်မ ကြည့်ပေးပါ့မယ်...။"
"ကျွန်မရဲ့ မိသားစုက ကျောက်စိမ်းလုပ်ငန်းကို မျိုးဆက်အဆက်ဆက် လုပ်ကိုင်လာခဲ့တာဆိုတော့ ဒီအပိုင်းနဲ့ ပတ်သက်ပြီး ကျွန်မမှာ ဗဟုသုတ နည်းနည်းပါးပါး ရှိပါတယ်...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းက တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ သဘောတူကာ ခေါင်းညိတ်လိုက်လေ သည်။ ကျောက်စိမ်းပြားကို ထားခဲ့ပြီးနောက် သူသည် အမှာစာများ ဆက်လက်လက်ခံကာ အစားအသောက်များ ပို့ဆောင်ရန် ထွက်ခွာသွားခဲ့လေတော့သည်။
ကျိုးပဲ့နေသော ကျောက်စိမ်းကို ကိုင်ထားရင်း နင်ယွဲ့သည် ထွက်ခွာသွားသော လျန်ထျန်း၏ ကျောပြင်ကို ငေးကြည့်နေခဲ့မိလေသည်။ သူမ၏ ဖြူနုသော လက်ကလေးများကို ရင်ဘတ်ရှေ့တွင် ဆုပ်ကိုင်ထားကာ လှပ သော မျက်နှာလေးမှာ အနည်းငယ် နီမြန်းနေပြီး တိုးတိုးလေး ရေရွတ်လိုက်လေသည်။
"တကယ်ကို ထူးခြားတဲ့သူပဲ သူလိုလူမျိုးက တစ်ဘဝလုံး ပုံအပ်ဖို့ ထိုက်တန်တဲ့သူ ဖြစ်ကောင်းဖြစ်နိုင်တယ်...။"
လျန်ထျန်းမှာမူ နင်ယွဲ့၏ ရေရွတ်သံများကို သဘာဝကျကျပင် မကြားခဲ့ဘဲ အစားအသောက် ပို့ဆောင်ရသော အလုပ်ရှုပ်သည့်ဘဝသို့ အလျင်အမြန် ပြန်လည်ရောက်ရှိသွားလေတော့သည်။
ထိုနေ့တွင် လျန်ထျန်းသည် ထုံးစံအတိုင်း အမှာစာများ လက်ခံကာ အစားအသောက်များကို ပို့ဆောင်နေခဲ့သည်။
စားသောက်ဆိုင်တစ်ဆိုင်တွင် အစားအသောက် သွားယူသောအခါ သူ၏ လျှပ်စစ်စကူတာကို အပေါက်ဝတွင် ရပ်ထားခဲ့သော်လည်း သူ ပြန်ထွက်လာချိန်တွင်မူ စကူတာမှာ ပျောက်နေခဲ့ပြီ ဖြစ်၏။
ဤအခြေအနေက လျန်ထျန်းကို အမှန်တကယ်ပင် အနည်းငယ် တွေဝေသွားစေခဲ့သည်။
အကြောင်းမှာ သူ ဆိုင်ထဲဝင်၍ အစားအသောက်ယူကာ ပြန်ထွက်လာသည့် လုပ်ငန်းစဉ် တစ်ခုလုံးသည် စက္ကန့် သုံးဆယ်ပင် မကြာခဲ့သောကြောင့် ဖြစ်သည်။
လျှပ်စစ်စကူတာသည် မျက်တောင်တစ်ခတ်အတွင်း မည်သို့ ပျောက်ကွယ်သွားနိုင်သနည်း မည်သူက စီးသွားခဲ့ ခြင်း ဖြစ်မည်နည်း။
အစားအသောက် ပို့ဆောင်ဖူးသူတိုင်း သိကြသည်မှာ လမ်းဘေးဆိုင်တစ်ဆိုင်မှ အမှာစာတစ်ခုကို လာယူမည်ဆို လျှင်...၊ ပို့ဆောင်သူအများစုသည် အချိန်ကုန်သက်သာစေရန် လျှပ်စစ်စကူတာ သော့များကို တပ်ထားလျက် ခေတ္တမျှ ထားရစ်ခဲ့လေ့ရှိကြသည်။
အစားအသောက် ဝင်ယူပြီး ပြန်ထွက်လာသည့် အချိန်မှာ မြန်ဆန်လွန်းသဖြင့် ထိုမျှ တိုတောင်းသော အချိန်လေး အတွင်း လျှပ်စစ်စကူတာ အခိုးခံရခြင်းမှာ အလွန်ရှားပါးလှသည်။
သို့သော် လျန်ထျန်းသည် ယနေ့တွင် ဤအခြေအနေနှင့် ကြုံတွေ့ခဲ့ရပြီး သူ၏ ပထမဆုံး လုပ်ဆောင်ချက်မှာ ရဲကို ဖုန်းဆက်တိုင်ကြားခြင်းပင် ဖြစ်ချေသည်။
ဖုန်းချပြီးနောက် သူသည် လက်ထဲရှိ ပါဆယ်ထုတ်ကို ကြည့်ကာ ချက်ချင်းပင် တက္ကစီတစ်စီးကို ငှား၍ သွား ရောက်ပို့ဆောင်လိုက်လေသည်။
မည်သို့ပင်ဖြစ်စေ လျန်ထျန်း၏ ပထမဆုံး မူဝါဒမှာ အစားအသောက် မှာယူထားသော ဖောက်သည်များကို အချိန်အကြာကြီး စောင့်ဆိုင်းရခြင်းမျိုး လုံးဝမဖြစ်စေရဟူ၍ ဖြစ်သည်။
ပို၍ အရေးကြီးသည်မှာ ကမ္ဘာပေါ်ရှိ ကုန်ဈေးနှုန်းများ အဆတစ်သန်း ပြုတ်ကျသွားသည့် အခြေအနေတွင် အစားအသောက် အမှာစာတစ်ခု ပို့ဆောင်ရသည့် ကော်မရှင်ခသည် လျှပ်စစ်စကူတာ တစ်စီး သို့မဟုတ် တက္ကစီ ခထက် များစွာ ပို၍ တန်ဖိုးရှိနေသောကြောင့် ဖြစ်လေသည်။
သို့သော် အချိန်သတ်မှတ်ချက်ကို ကျော်လွန်သွားပြီး အဆိုးမြင် မှတ်ချက်များနှင့် တိုင်ကြားမှုများ ရရှိမည်ဆိုပါက ဆုံးရှုံးမှုများမှာ ပို၍ပင် ကြီးမားသွားပေလိမ့်မည်။
ယခင်ကမူ လျန်ထျန်းသည် အစားအသောက် ပို့ရန် တက္ကစီငှားရမည်ကို နှမြောနေမည်ဖြစ်ပြီး လမ်းဘေးမှ စက်ဘီးတစ်စီးကို ရှာကာ အစွမ်းကုန် နင်းသွားမိမည်မှာ သေချာလှသည်။
အစားအသောက်များ ပို့ဆောင်ပြီးနောက် လျှပ်စစ်စကူတာ မရှိတော့သော လျန်ထျန်းအတွက် အမှာစာများ ထပ်မံလက်ခံရန် အဆင်မပြေတော့သဖြင့် အခြေအနေကို စုံစမ်းရန် ရဲထံသို့ ထပ်မံဖုန်းဆက်ရန် ပြင်ဆင်လိုက် လေသည်။
"ဒေါသထွက်ဖို့ ကောင်းလိုက်တာ လမ်းဘေးမှာ ရပ်ထားတဲ့ ပို့ဆောင်သူရဲ့ စကူတာကို ဘယ်သူကများ ခိုးသွား ရတာလဲ...။"
လျှပ်စစ်စကူတာ၏ တန်ဖိုးမှာ သေးငယ်သော ပြဿနာတစ်ခုမျှသာ ဖြစ်ပြီး အရေးကြီးသည်မှာ လျန်ထျန်း၏ အစားအသောက် ပို့ဆောင်မှုကို နှောင့်နှေးစေကာ မျက်စိတစ်မှိတ်အတွင်း ယွမ်အနည်းငယ်မျှ ဆုံးရှုံးသွားစေ ခြင်းပင် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် လျန်ထျန်း ဖုန်းခေါ်တော့မည့် အချိန်တွင် ရဲက သူ့ထံသို့ အရင် ဖုန်းဆက်လာခဲ့ လေသည်။
ဖုန်းဝင်သွားပြီးနောက် ရဲအရာရှိတစ်ဦး၏ အသံ ထွက်ပေါ်လာခဲ့သည်။
"လျန်ထျန်း မဟုတ်လား ခင်ဗျားရဲ့ လျှပ်စစ်စကူတာကို ခိုးသွားတဲ့သူကို ကျွန်တော်တို့ ဖမ်းမိထားပါပြီ သူတို့က အခု(× × ×) လမ်း ရဲစခန်းမှာ စက်ဘီးရော လူရော ရှိနေပါတယ် ခင်ဗျား လာခဲ့ဖို့ အဆင်ပြေမလား...။"
လျှပ်စစ်စကူတာ သူခိုးကို ဖမ်းမိပြီဟု ကြားသောအခါ လျန်ထျန်းက ချက်ချင်းပင် ပြန်ဖြေလိုက်လေသည်။
"အဆင်ပြေပါတယ်…၊ အဆင်ပြေပါတယ်…။ ကျွန်တော် အခုပဲ လာခဲ့ပါ့မယ်…။ ကျေးဇူးတင်ပါအများကြီး တင်ပါတယ်ဗျာ…၊ ခင်ဗျားတို့က တကယ်ကို အရည်အချင်းရှိတာပဲ နာရီဝက်တောင် မကြာလိုက်ဘူး...။"
ဖုန်းထဲမှ ရဲအရာရှိက ရယ်မောလိုက်လေသည်။
"သူခိုးက တုံးလို့ပါ ခင်ဗျားတို့ ပို့ဆောင်သူတွေရဲ့ လျှပ်စစ်စကူတာတွေ အကုန်လုံးမှာ ဂျီပီအက်စ် ခြေရာခံစနစ် တပ်ဆင်ထားတော့ သူတို့ရဲ့ တည်နေရာကို ကျွန်တော်တို့ အရမ်းမြန်မြန် ရှာတွေ့သွားတာပါ...။"
"ဒါပေမဲ့ ခင်ဗျား မြန်မြန်လာတာ ပိုကောင်းမယ်…။ ဘာလို့လဲဆိုတော့ လျှပ်စစ်စကူတာ ခိုးသွားတဲ့သူက တော် တော်လေးကို အကျိုးအကြောင်း မသင့်တဲ့သူမို့လို့ပါ…။ ခင်ဗျား ဒီနေရာသို့ ရောက်မှပဲ တခြားအကြောင်းတွေကို ဆက်ပြောကြတာပေါ့...။"
ဖုန်းချပြီးနောက် လျန်ထျန်းသည် ချက်ချင်းပင် တက္ကစီငှားကာ ရဲစခန်းဆီသို့ ဦးတည်သွားလေတော့သည်။
လမ်းတစ်လျှောက်တွင် ရဲအရာရှိ ပြောသွားခဲ့သော နောက်ဆုံးစကားများကို ပြန်တွေးမိပြီး သူ တွေးတောမိ သွားခဲ့လေသည်။
"စက်ဘီးသူခိုးက အကျိုးအကြောင်း မသင့်ဘူး ဟုတ်လား လက်ပူးလက်ကြပ် မိထားတာတောင်မှ ဝန်ခံပြီး သက် ညှာပေးဖို့ တောင်းပန်ရမှာ မဟုတ်ဘူးလား…။ ဘယ်လိုလုပ်ပြီး အကျိုးအကြောင်း မသင့်တာ ဖြစ်နိုင်မှာလဲ...။"
"ကားခိုးတာက အခုခေတ်မှာ တရားဝင်များ ဖြစ်နေပြီလား…၊ ကမ္ဘာကြီးက တကယ်ကို အံ့ဩစရာတွေနဲ့ ပြည့် နှက်နေတာပဲ ငါတောင် တွေးကြည့်လို့မရတော့ဘူး…။ ကိုယ်တိုင် သွားကြည့်လိုက်တာပဲ ကောင်းပါတယ် လေ...။"
မကြာမီပင် လျန်ထျန်းသည် ရဲစခန်းသို့ ရောက်ရှိလာခဲ့လေသည်။
ရဲစခန်းအတွင်းသို့ ဝင်ဝင်ချင်းပင် အတွင်းဘက် ရုံးခန်းတစ်ခုမှ ဆူညံသော အသံများကို ကြားလိုက်ရပြီး အလယ် အလတ်အရွယ် အမျိုးသမီးတစ်ဦး၏ အသံနှင့် တူနေလေသည်။
သို့သော် ထိုအသံမှာ ဘဲအော်သံကဲ့သို့ ဩရှရှဖြစ်နေသဖြင့် ဆူညံနေသည့်တိုင် တစ်ဖက်လူက ဘာတွေပြောနေ သည်ကို လျန်ထျန်း နားမလည်နိုင်ခဲ့ပေ။
သူ လာရောက်ရသည့် အကြောင်းရင်းကို ရှင်းပြပြီးနောက် ရဲအရာရှိတစ်ဦးက ဆူညံသံများ ထွက်ပေါ်နေသော ရုံးခန်းဆီသို့ လျန်ထျန်းကို အမြန်ခေါ်ဆောင်သွားခဲ့သည်။
ထိုရုံးခန်းနှင့် နီးကပ်လာလေလေ ဆူညံသံများက ပို၍ ကျယ်လောင်လာလေလေဖြစ်ပြီး ဧည့်ခန်းတွင် တာဝန် ကျနေသော ကင်းလှည့်ရဲများပင် မကြာခဏ မျက်မှောင်ကြုတ်လာရသည်အထိ ဖြစ်လေသည်။
တံခါးပွင့်လာပြီး လျန်ထျန်း ဝင်သွားပြီးနောက်မှသာ ရုံးခန်းမှာ အနည်းငယ် ငြိမ်သက်သွားခဲ့လေသည်။
ရုံးခန်းအတွင်းတွင် စားပွဲကြီးတစ်လုံး ရှိလေ၏။ စားပွဲ၏ တစ်ဖက်ထိပ်တွင် ရဲအရာရှိ နှစ်ဦး ထိုင်နေပြီး အခြားတစ်ဖက်တွင်မူ အသက်လေးဆယ်အရွယ်ခန့်ရှိ အလယ်အလတ်အရွယ် အမျိုးသမီးတစ်ဦး မတ်တတ်ရပ်နေခဲ့လေသည်။
စောစောက ကျယ်လောင်ပြီး ဩရှရှဖြစ်နေသော အသံမှာ ထိုအမျိုးသမီးကြီးထံမှ ထွက်ပေါ်လာခြင်း ဖြစ် ကြောင်း ရှင်းလင်းနေလေသည်။
သူမသည် ခါးထောက်လျက် ဒေါသထွက်နေသော မျက်နှာထားဖြင့် ရပ်နေပြီး သူမနှင့် မျက်နှာချင်းဆိုင်ရှိ ရဲအရာရှိ နှစ်ဦးမှာလည်း ဘာမှမတတ်နိုင် ဖြစ်နေကြသည့်ပုံပင်။
ရဲအရာရှိတစ်ဦးက လျန်ထျန်း ရောက်လာသည်ကို မြင်သောအခါ ကယ်တင်ရှင်တစ်ဦးကို တွေ့လိုက်ရသည့် အလား ကြည့်ကာ အမြန်ပြောလိုက်လေသည်။
"ခင်ဗျားက အခိုးခံရတဲ့ လျှပ်စစ်စကူတာ ပိုင်ရှင် လျန်ထျန်း မဟုတ်လား…။ နောက်ဆုံးတော့ ရောက်လာပြီပဲ…။ မြန်မြန် သူမနဲ့ မျက်နှာချင်းဆိုင် ရှင်းလိုက်ပါဦးဗျာ...။"
အခန်း (၁၇၀)
အမှန်တရားများကို ဘေးဖယ်ထားလိုက်ခြင်း
ပစ္စည်းပျောက်ဆုံးသွားသော ပိုင်ရှင်ဖြစ်သူ လျန်ထျန်း စကားမပြောနိုင်မီပင် အသက်လေးဆယ်အရွယ်ရှိ ထို အမျိုးသမီးက ဒေါသတကြီးဖြင့် သူ့ကို စတင်အပြစ်တင်တော့လေသည်။
"မင်းက အစားအသောက်ပို့တဲ့သူတစ်ယောက် ဖြစ်ပြီး ကြည့်ရတာ သပ်သပ်ရပ်ရပ်ရှိသားပဲ…။ ဘာလို့ ဒီလောက် သဘောထားသေးသိမ်ရတာလဲ...။"
"ငါက ဟင်းသီးဟင်းရွက်တွေ အများကြီး ဝယ်လာတော့ သယ်ရတာ အဆင်မပြေလို့ မင်းရဲ့ လျှပ်စစ်စကူတာကို ခဏငှားလိုက်တာလေ…၊ အဲ့ဒါကို မင်းက ဘာလုပ်လိုက်တာလဲ…။ တကယ်ကြီး ရဲခေါ်ပြီး ငါ့ကို ဒီနေရာမှာ အဖမ်းခံရအောင် လုပ်လိုက်တယ်ပေါ့...။"
ဤစကားကို ကြားသောအခါ လျန်ထျန်းမှာ ချက်ချင်းပင် ဆွံ့အသွားပြီး သူ၏ဘေးရှိ ရဲအရာရှိက သူ့ကို မေးခွန်း ထုတ်လာလေသည်။
"ခင်ဗျားက သူမကို လျှပ်စစ်စကူတာ ငှားလိုက်တာလား…၊ ကြိုတင်ပြီး ခွင့်ပြုချက် ပေးထားခဲ့တာလား...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းက ချက်ချင်းပင် ခေါင်းခါပြလိုက်လေသည်။
"မငှားပါဘူး…။ ကျွန်တော်သာ သူမကို ငှားလိုက်ရင် ရဲကို တိုင်ပါ့မလား...။"
အခြားရဲအရာရှိတစ်ဦးက ခါးသီးစွာ ပြုံးလိုက်လေသည်။
"သူမက စောစောက ဒီနေရာမှာ အော်ဟစ်သောင်းကျန်းနေတာ…၊ ဒါပေမဲ့ ခင်ဗျားရဲ့ လျှပ်စစ်စကူတာကို ငှားစီး တာပါလို့ အတင်းပြောနေတယ်…၊ ပြီးတော့ ကျွန်တော်တို့က သူမကို ထွက်မသွားခိုင်းလို့ဆိုပြီး အကြာကြီး ဆဲဆို နေသေးတယ်...။"
ထိုစကားများကို ကြားသောအခါ လျန်ထျန်းက မျက်မှောင်ကြုတ်သွားပြီး အဆိုပါ အမျိုးသမီးကြီးကို ကြည့်ကာ ဇဝေဇဝါဖြင့် မေးလိုက်လေသည်။
"အန်တီ ကျွန်တော့်ကို သိလို့လား...။"
အမျိုးသမီးက ခေါင်းခါလိုက်လေသည်။
"မသိပါဘူး...။"
လျန်ထျန်းက ဆက်မေးလိုက်လေသည်။
"ဒါဆို အရင်က ကျွန်တော့်ကို မြင်ဖူးလို့လား...။"
အမျိုးသမီးက တစ်ဖန် ခေါင်းခါလိုက်ပြန်လေသည်။
"တစ်ခါမှ မမြင်ဖူးပါဘူး...။"
လျန်ထျန်းမှာ ခေတ္တမျှ စကားဆွံ့အသွားပြီးနောက် လုံးဝနားမလည်နိုင်စွာဖြင့် မေးလိုက်လေသည်။
"ခင်ဗျားက ကျွန်တော့်ကိုလည်း မသိဘူး..၊ အရင်ကလည်း တစ်ခါမှ မမြင်ဖူးဘဲနဲ့ ကျွန်တော့်ရဲ့ လျှပ်စစ်စကူတာ ကို ငှားတယ်လို့ ဘာလို့ ပြောရတာလဲ...။"
"ပြီးတော့..၊ သိတဲ့သူ ဖြစ်နေရင်တောင်မှ သူတစ်ပါးရဲ့ ပစ္စည်းကို အသုံးပြုမယ်ဆိုရင် မျက်နှာချင်းဆိုင် ခွင့်တောင်းရဦးမှာပဲလေ...။"
"သူတစ်ပါးရဲ့ ပစ္စည်းကို ခွင့်ပြုချက်မပါဘဲ ယူတာက ခိုးတာပဲ မဟုတ်ဘူးလား…။ ငှားတယ်ဆိုတဲ့ စကားကို ဘယ်ကနေ ယူသုံးလိုက်တာလဲ...။"
ဤအရာများအားလုံးကို ကြားပြီးနောက်တွင်ပင် အမျိုးသမီးကြီးမှာ မာနတကြီးဖြင့် မိမိကိုယ်ကိုယ် အမှန်ယူ နေဆဲပင် ဖြစ်လေသည်။
"ခိုးတယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ…။ ဘာလို့ ဒီလောက် ရိုင်းရိုင်းစိုင်းစိုင်း ပြောရတာလဲ...။"
"ငါက မိန်းမသားတစ်ယောက်လေ ဈေးထွက်ဝယ်ရတာ လွယ်တယ်များ မှတ်နေလား…။ အဲ့ဒီ မုန်လာဥဖြူကြီး တွေ၊ ဂေါ်ဖီထုပ်တွေ၊ အိတ်ကြီးအိတ်ငယ် အများကြီးနဲ့ဆိုတော့ ကီလိုဆယ်ဂဏန်းလောက် အလေးချိန် ရှိမှာ ပေါ့...။"
"ကြည့်စမ်း…၊ ကြည့်စမ်း…၊ ငါ့လက်တွေဆိုတာ အတင်းဆုပ်ကိုင်ထားရလို့ နီရဲနေတာပဲ…။ ဒီထက်ပိုပြီး ကြပ်သွားရင် ပြတ်ထွက်တော့မယ် ဟိုမှာ လျှပ်စစ်စကူတာလေးတစ်စီး ရှိနေတာကို ငါက ခဏလေးတောင် ငှားလို့ မရဘူးလား...။"
"ပြီးတော့…၊ ငါက ပြန်မပေးဘူးလို့လည်း တစ်ခွန်းမှ မပြောပါဘူး…။ ငါက အိမ်ကို စီးသွားပြီး ဟင်းသီးဟင်း ရွက်တွေ ချထားခဲ့ပြီးရင် ပြန်လာပို့ပေးမလို့ စီစဉ်ထားတာလေ...။"
"မင်းလို အစားအသောက်ပို့တဲ့ ကောင်လေးက ဒီလောက် သဘောထားသေးသိမ်မယ်လို့ ဘယ်သူက သိမှာလဲ ရဲတောင် ခေါ်လိုက်သေးတယ်…။ ဒီနေရာမှာ ခဏလောက် ရပ်စောင့်နေလို့ မရဘူးလား…။ ဝင်စားဖို့ လောက် တောင် လောနေတာလား...။"
လျန်ထျန်းကဲ့သို့ သဘောကောင်းသူပင် ထိုစကားကို ကြားပြီးနောက် ပေါက်ကွဲသွားလေတော့သည်။
"ကျွန်တော်က သဘောထားသေးသိမ်တယ် ဟုတ်လား…။ ကျွန်တော့်အလုပ်က အစားအသောက်ပို့ရတာလေ..။ လျှပ်စစ်စကူတာက ကျွန်တော့်အလုပ်အတွက် မရှိမဖြစ် လိုအပ်တဲ့ ကိရိယာပဲ…။ ပျောက်သွားရင် ဘယ်လိုလုပ် စိတ်မပူဘဲ နေနိုင်မှာလဲ...။"
"ခင်ဗျားက ကျွန်တော့်ကို အဲ့နေရာမှာ စောင့်နေစေချင်တာလား…။ ခေါင်းထဲမှာ တစ်ခုခုများ ချို့ယွင်းနေလား ၊ ကျွန်တော်က အခုလေးတင် အစားအသောက် သွားယူလာတာ ဖောက်သည်က လာပို့မယ့်အချိန်ကို စောင့်နေ တာလေ…။ တကယ်လို့များ နောက်ကျသွားလို့ အဆိုးမြင်မှတ်ချက်တွေ တိုင်ကြားမှုတွေ ရလာရင် ခင်ဗျား တာဝန်ယူမှာလား...။"
"ငှားတယ်ဆိုတဲ့ စကားကို ပြောထွက်ဖို့ ဘယ်လိုတောင် အရှက်မရှိရတာလဲဆိုတာ ကျွန်တော် တကယ်ကို နားမလည်နိုင်တော့ဘူး…။ ရိုးရိုးသားသားပြောရရင် ကျွန်တော် မိန်းမတွေကို ဆဲဆိုတာ အရမ်းရှားတယ်…။ ဒါပေမဲ့ ခင်ဗျားကတော့ ကျွန်တော့်ကို တကယ် ဒေါသထွက်အောင် လုပ်နိုင်လွန်းတယ်...။"
"ကျွန်တော် အခု ပြောလိုက်မယ်..၊ ခင်ဗျားက ကျွန်တော့်ရဲ့ ခွင့်ပြုချက်မပါဘဲ စက်ဘီးကို စီးသွားတာ အဲ့ဒါ ခိုးတာ ပဲ..။ ခင်ဗျားက အရှက်မရှိတဲ့ သူခိုးပဲ...။"
ထိုစကားများကို ကြားသောအခါ အလယ်အလတ်အရွယ် အမျိုးသမီးကြီးမှာ ချက်ချင်းပင် ဒေါသတကြီးဖြင့် ထပ်မံ၍ အော်ဟစ်လေတော့သည်။
"အစားအသောက်ပို့တဲ့ကောင် မင်းက ယဉ်ကျေးမှု မရှိတာပဲ…။ ငါက မိန်းမသားတစ်ယောက်လေ ငါ့ကို အပြစ်တင်နေရအောင် မင်းက ဘယ်လို ယောက်ျားမျိုးလဲ...။"
"ပြီးတော့…၊ ဒါက စုတ်ပြတ်နေတဲ့ လျှပ်စစ်စကူတာလေး တစ်စီးပါ…။ အကောင်းပကတိအတိုင်း ပြန်ပေးထား ပြီးသားကို ဘာတွေ ထပ်လိုချင်နေသေးတာလဲ...။"
ထိုအချိန်တွင် အနီး၌ ရပ်နေသော ရဲအရာရှိနှစ်ဦးမှာလည်း ဆက်၍ သည်းမခံနိုင်တော့ပေ။ သူတို့သည် နှစ်ဦးသား ငြင်းခုံနေခြင်းကို ဦးစွာ တားဆီးလိုက်ပြီးနောက် အမျိုးသမီးကြီးကို တင်းမာသော လေသံဖြင့် ပြောလိုက်လေ သည်။
"ခုနက မျက်နှာချင်းဆိုင် ရှင်းလင်းပြီးတဲ့နောက်မှာ ကိစ္စရဲ့ အမှန်တရားက အရမ်းကို ရှင်းလင်းနေပါပြီ...။"
"ခင်ဗျားက ပို့ဆောင်သူရဲ့ ခွင့်ပြုချက်မရဘဲ လျှပ်စစ်စကူတာကို ယူသွားတာ ခိုးမှုမြောက်ပါတယ်...။"
"ခင်ဗျားက အမျိုးသမီးတစ်ယောက် ဖြစ်နေတာနဲ့ပဲ အားနည်းတဲ့ အနေအထားမှာ ရှိနေတယ် ဆိုပေမဲ့ ခင်ဗျား လုပ်တာ မှန်တယ်လို့ မဆိုလိုဘူး…။ အထူးသဖြင့် ခင်ဗျားက အကျိုးအကြောင်းမသင့်ဘဲ ပြဿနာရှာဖို့ ကြိုးစား နေတာက ပိုဆိုးတယ်...။"
"ဒါကြောင့် ဒီကိစ္စကို ဒီလိုပဲ ဖြေရှင်းလိုက်မယ်…။ ဒါက ပြဿနာကြီး တစ်ခုတော့ မဟုတ်ပါဘူး ဒဏ်ကြေးရိုက် လိုက်ရင် လုံလောက်ပါတယ်...။"
သို့သော် ရဲအရာရှိ စကားပြော၍ မဆုံးမီပင် အမျိုးသမီးကြီးက ထပ်မံ၍ အော်ဟစ်လိုက်ပြန်လေသည်။
"ယောက်ျားတွေ အကုန်စုပြီး ငါလို မိန်းမသားတစ်ယောက်ကို အနိုင်ကျင့်နေကြတာပေါ့ ဟုတ်လား…။ ကောင်းပြီ လေ ငါ မင်းတို့နဲ့ မငြင်းနိုင်ပါဘူး...။"
"ဒါပေမဲ့ အမှန်တရားတွေကို ဘေးဖယ်ထားလိုက်မယ်ဆိုရင်တောင် သူက လုံးဝ အပြစ်ကင်းနေတာလား…။ သူ့ဆီမှာ ပြဿနာ နည်းနည်းလေးမှ မရှိဘူးလား...။"
ဤစကားကို ကြားသောအခါ လျန်ထျန်းမှာ ဆွံ့အသွားရလေသည်။
"ကျွန်တော်က ဘာမှားနေလို့လဲ၊ ကျေးဇူးပြုပြီး ခင်ဗျား နားမလည်ဘူးလား…။ ခင်ဗျားက ကျွန်တော့် လျှပ်စစ် စကူတာကို ခိုးသွားတာလေ...။"
အမျိုးသမီးကြီးက အကျိုးအကြောင်း မသင့်ဘဲ ဆက်၍ ငြင်းခုံနေပြန်လေသည်။
"ငါက မင်းရဲ့ လျှပ်စစ်စကူတာကို စီးသွားတာ မှန်တယ်…။ ဒါပေမဲ့ တခြားလူတစ်ယောက်ရဲ့ စကူတာကို မစီးဘဲ ဘာလို့ မင်းရဲ့ စကူတာကိုမှ ရွေးစီးရတာလဲဆိုတာကို မင်းကိုယ်မင်း ပြန်မသုံးသပ်ဖူးဘူးလား...။"
"အဲ့ဒါက မင်းရဲ့ လျှပ်စစ်စကူတာမှာ သော့တပ်ထားခဲ့လို့ မဟုတ်ဘူးလား…။ မင်းက လူတွေကို လာစီးအောင် မြှူဆွယ်နေတာ မဟုတ်ဘူးလား…။ အဲ့ဒါ မင်းအမှား မဟုတ်ဘူးလား...။"
"ဒါကြောင့် ငါ မင်းရဲ့ စက်ဘီးကို စီးသွားခဲ့တာ…၊ ပထမအချက်က ဟင်းသီးဟင်းရွက်တွေ သယ်ရတာ ပင်ပန်းလို့၊ ဒုတိယအချက်က မင်း စက်ဘီးကို ထားခဲ့ရင် သော့ဖြုတ်ဖို့ သိသွားအောင် သင်ခန်းစာလေး နည်းနည်း ပေးချင်လို့ လေ...။"
"ဒီသင်ခန်းစာလေးက မင်းကို အနာဂတ်မှာ စကူတာအခိုးမခံရအောင် ကူညီပေးလိမ့်မယ်...။ ငါ ဘယ်လောက် တောင် အားထုတ်ပေးခဲ့ရသလဲဆိုတာ မြင်ရဲ့လား…။ ပြီးတော့ မင်းက ငါ့ကို ဖမ်းဖို့ ရဲတောင် ခေါ်လိုက်သေးတယ် မင်းက ဘယ်လိုလုပ်ပြီး ဒီလောက် အရှက်မရှိရတာလဲ...။"
ဤစကားများက 'အရှက်မရှိ' ဆိုသည့် စကားလုံးကို အစွန်းရောက်သည်အထိ အကောင်းဆုံး သရုပ်ဖော်ပြနေပြီး အရေးအကြီးဆုံးအချက်မှာ ထိုအလယ်အလတ်အရွယ် အမျိုးသမီးကြီးသည် မျက်နှာတစ်ချက်မပျက်ဘဲ ထို စကားများကို ပြောထွက်နေခြင်းပင် ဖြစ်သည်။
ဤအချိန်တွင် လျန်ထျန်း၏ မျက်နှာမှာ ပြာနှမ်းသွားပြီး စကားလုံးတိုင်းကို ရှင်းလင်းပြတ်သားစွာ ပြောလိုက်လေ သည်။
"ဒါဆို အဲ့ဒီလိုမျိုးဆိုရင် ကျွန်တော်က ခင်ဗျားကို ကျေးဇူးတင်ရမှာပေါ့...။"
အလယ်အလတ်အရွယ် အမျိုးသမီးကြီးက သူမ၏ လက်များကို ရင်ဘတ်ရှေ့တွင် ပိုက်ထားလိုက်လေသည်။
"ငါ မင်းရဲ့ စကူတာ ကို စီးသွားတယ်ဆိုတဲ့ အချက်ကို ဘေးဖယ်ထားလိုက်မယ်ဆိုရင် ငါက မင်းရဲ့ ကျေးဇူးတင် စကားနဲ့ ထိုက်တန်ပါတယ်...။"
အနီးနားတွင် ရပ်နေသော ရဲအရာရှိနှစ်ဦးမှာ ဤစကားကို ကြားသောအခါ ရယ်ချင်စိတ်ကို မနည်းအောင့်ထား ရလေတော့သည်။
သို့သော် သူတို့သည် ကျွမ်းကျင်စွာ လေ့ကျင့်သင်ကြားခံထားရသူများပီပီ ထိုအချိန်တွင် သူတို့ဘဝ၏ ဝမ်းနည်း စရာ ကိစ္စရပ်များအားလုံးကို အမြန်ပြန်လည် စဉ်းစားကာ ရယ်ချင်စိတ်ကို ထိန်းချုပ်ပြီး တည်ကြည်သော အမူ အရာကို ပြန်လည်ရယူလိုက်ကြလေသည်။
လျန်ထျန်းမှာ ဒေါသထွက်လွန်း၍ ရယ်မောလိုက်မိပြီး အမျိုးသမီးကြီးကို ပြောလိုက်လေသည်။
"ဒါကို ဘာလို့ခေါ်လဲဆိုတာ ခင်ဗျား သိလား…။ အဲ့ဒါက ဂန္ထဝင်မြောက်တဲ့ နစ်နာသူကို အပြစ်တင်ခြင်းပဲ...။"
"ကျွန်တော်က သော့မဖြုတ်ထားရင် တစ်ယောက်ယောက်ကို စီးဖို့ မြှူဆွယ်နေတာလို့ ခင်ဗျား ပြောတာ ဘာ အဓိပ္ပာယ်လဲ…၊ အကယ်၍ တစ်နေ့နေ့မှာ တစ်ယောက်ယောက်ကများ...။"
ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် လျန်ထျန်းက ဆက်မပြောတော့ချေ။ ချက်ချင်းပင် သူ တစ်ခုခုကို သဘောပေါက် သွားသကဲ့သို့ အကြောင်းအရာကို ပြောင်းကာ ပြောလိုက်လေသည်။
"ထားလိုက်ပါတော့ ရိုးရှင်းတဲ့ စကားလုံးတွေက ခင်ဗျားကို အခြေခံအကျဆုံး အမှန်တရားတွေကို နားလည် အောင် လုပ်ပေးဖို့ မလုံလောက်တော့ဘူးလို့ ကျွန်တော် ခံစားရတယ်...။"
ထိုသို့ပြောရင်း လျန်ထျန်းသည် ရုတ်တရက် ရှေ့သို့ တက်လှမ်းလိုက်ပြီး သတိပေးခြင်း အလျဉ်းမရှိဘဲ သူ၏ လက်ကို မြှောက်ကာ လျှပ်စီးလက်သကဲ့သို့ အမြန်နှုန်းဖြင့် ရိုက်ချလိုက်လေတော့သည်။
“ဖြန်း...”
ပြတ်သားသော ပါးရိုက်သံတစ်ခု ထွက်ပေါ်လာပြီး အမျိုးသမီးကြီး၏ ဝဖြိုးနေသော မျက်နှာမှာ အားပါသော ပါးရိုက်ချက်တစ်ခုကို ခံလိုက်ရလေသည်။
အရာအားလုံးမှာ အလွန် ရုတ်တရက် ဆန်လွန်းလှသဖြင့် အမျိုးသမီးကြီး ဘာဖြစ်သွားသည်ကို သဘောပေါက် ချိန်တွင်မူ သူမသည် ရောင်ရမ်းသွားသော ပါးပြင်ကို အုပ်ကိုင်လျက် မြေပြင်ပေါ်သို့ ယိမ်းယိုင်လဲကျနေခဲ့ပြီ ဖြစ် ပေသည်။
နောက်တစ်စက္ကန့်တွင် သူမသည် ငိုကြွေးတော့လေသည်။
"လူတစ်ယောက် အကြမ်းဖက်ခံရပြီ…၊ ရဲစခန်းထဲမှာ လူတစ်ယောက် အကြမ်းဖက်ခံရပြီ…။ ဒီလောကမှာ တရားမျှတမှု ဆိုတာ မရှိတော့ဘူးလား...။"
ထို့နောက် ချက်ချင်းပင် အမျိုးသမီးကြီးသည် အပြင်ပန်းအားဖြင့် ကြမ်းတမ်းနေသော်လည်း လျန်ထျန်းကို ဆက်၍ ဆဲဆိုနေလေသည်။
"မိန်းမတွေကို ရိုက်နှက်ရအောင် မင်းက လူစိတ်မရှိဘူးလား…။ အဲ့ဒီ ပါးရိုက်ချက်ကြီးက ငါ့ကို စိတ်ပိုင်းဆိုင်ရာ ဘယ်လောက်တောင် ထိခိုက်သွားစေလဲဆိုတာ မင်း သိလား...။ ဝါး...။"
ဤမြင်ကွင်းကို မြင်သောအခါ ရဲအရာရှိနှစ်ဦးမှာ လျန်ထျန်းကို တားဆီးရန် အမြန် ရှေ့သို့ တက်လာခဲ့ကြသော် လည်း သူတို့၏ လုပ်ရပ်မှာ ထိရောက်မှုထက် ဟန်ပြသဘောမျိုးသာ ဖြစ်နေပြီး ရဲအရာရှိတစ်ဦးက သူ၏ရှေ့တွင် ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
"ဟေ့ ဘာလုပ်နေတာလဲ ပြောစရာရှိတာ စကားနဲ့ပဲပြောလေ…။ အကြမ်းဖက်တဲ့ နည်းလမ်းကို မသုံးနဲ့...။"
ထို့နောက် သူက လျန်ထျန်း၏ နားအနီးသို့ တိတ်တဆိတ် ကပ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။
"ညီလေး...၊ ကောင်းတယ်ကွာ အဲ့ဒါမှ ကျေနပ်စရာပဲ...။"
"ဒါပေမဲ့ မင်း ထပ်ပြီး စိတ်လိုက်မာပါ လုပ်လို့ မရတော့ဘူးနော်...။ မဟုတ်ရင် သူမ ထပ်ပြီး သောင်းကျန်းနေရင် ငါတို့ ဖြေရှင်းလို့ ရမှာမဟုတ်ဘူး...။"
လျန်ထျန်းက ခေါင်းညိတ်ကာ တိုးတိုးလေး ပြန်ဖြေလိုက်လေသည်။
"စိတ်မပူပါနဲ့…၊ ကျွန်တော် ဘာလုပ်နေလဲဆိုတာ ကျွန်တော် သိပါတယ်...။"
ထို့နောက် လျန်ထျန်းသည် ထပ်မလုပ်တော့ကြောင်း ပြသရန် သူ၏လက်ကို မြှောက်လိုက်သော်လည်း သူ၏ နောက်ဆက်တွဲ စကားများမှာမူ မြေပြင်ပေါ်တွင် ထိုင်ငိုနေသော အမျိုးသမီးကြီးအတွက် ပြတ်သားပြီး အားပါ ခဲ့နေလေသည်။
"ကျွန်တော် ခင်ဗျားကို ရိုက်လိုက်တာ မှန်တယ်…။ ဒါပေမဲ့ ကျွန်တော် ဘာလို့ ခင်ဗျား တစ်ယောက်တည်းကိုပဲ ရိုက်ရတာလဲဆိုတာကို ခင်ဗျား ကိုယ့်ကိုယ်ကိုယ် ပြန်မသုံးသပ်ဖူးဘူးလား...။"
"ဘာလို့လဲဆိုတော့ အမှားနဲ့ အမှန်ကို ရောထွေးစေပြီး အမှန်တရားကို ပုံဖျက်ထားတဲ့ ခင်ဗျားရဲ့ စကားတွေက ဒီကမ္ဘာကြီးအပေါ်ထားရှိတဲ့ ကျွန်တော့်ရဲ့ လှပတဲ့ ခံစားချက်တွေကို ပြင်းပြင်းထန်ထန် ထိခိုက်စေလို့ပဲ...။"
"ကိုယ်ချင်းစာတရားကို ဘေးဖယ်ထားလိုက်ရင်တောင် ခင်ဗျားရဲ့ ဝဖြိုးနေတဲ့ မျက်နှာကြီးက အရိုက်ခံရဖို့ ထိုက်တန်နေတဲ့ပုံစံပဲ…။ အဲ့ဒီ အရိုက်ခံချင်နေတဲ့ မျက်နှာကြီးက ကျွန်တော် ခင်ဗျားကို ရိုက်ဖို့ မြှူဆွယ် နေတာလေ...။"
"ဒါကြောင့် နောက်ဆုံးမှာ ကျွန်တော် ခင်ဗျားကို ရိုက်လိုက်တာက ခင်ဗျားရဲ့ အမှားကြောင့်ပဲလေ…။ အဲ့ဒါ ခင်ဗျား ရဲ့ ကိုယ်ပိုင် သီအိုရီပဲ မဟုတ်ဘူးလား...။"
လျန်ထျန်း၏ စကားများကို ကြားပြီးနောက် ရဲအရာရှိနှစ်ဦးမှာ သူတို့ဘဝ၏ ဝမ်းနည်းစရာ ကိစ္စရပ်များအား လုံးကို ချက်ချင်း ပြန်တွေးလိုက်ကြသော်လည်း...၊ ရယ်ချင်စိတ်ကို မထိန်းနိုင်ခဲ့ကြတော့ပေ။
သူတို့သည် ကျွမ်းကျင်စွာ လေ့ကျင့်သင်ကြားခံထားရပြီး ဘယ်လောက်ပင် ရယ်စရာကောင်းပါစေ မရယ်ဘူး ဟူသော ဆိုရိုးစကားကို အမှန်တကယ်ပင် သက်သေပြနေသည်...၊ မတတ်နိုင်သည့် အခြေအနေမျိုးမှ လွဲ၍ပေါ့။
ရဲအရာရှိများ ရယ်မောနေကြပြီး လျန်ထျန်း ပြဿနာရှာနေသည်ကို မြင်သောအခါ မြေပြင်ပေါ်တွင် ထိုင်နေသော အမျိုးသမီးကြီးမှာ ဆက်၍ သည်းမခံနိုင်တော့ပေ။
သူမသည် ကပျာကယာ ထရပ်လိုက်ပြီး ရူးသွပ်နေသူ တစ်ဦးကဲ့သို့ လျန်ထျန်းထံသို့ ပြေးဝင်လာကာ အော်ဟစ် လိုက်လေသည်။
"ငါ မင်းနဲ့ အသေအကျေ တိုက်ခိုက်ပြမယ်...။"
လျန်ထျန်းမှာ မတုံးအပေ။ အမျိုးသမီးကြီး ပြေးဝင်လာသည်ကို သူက မည်သို့လျှင် ရပ်၍ အကြည့်ခံနေမည် နည်း။ ထို့ကြောင့် သူသည် ဘယ်ဘက် အရှေ့သို့ ကန်ထွက်လိုက်ပြီး ညာဘက် လှည့်ကန်ချက် တစ်ခုကို...၊ အို... မဟုတ်သေးပါဘူး…။ ငါ မှားသွားတယ် အစက ပြန်စရအောင်။
သူသည် ဘယ်ဘက်သို့ ခြေလှမ်းရွှေ့ကာ ရဲအရာရှိနှစ်ဦး၏ အနောက်သို့ ပုန်းကွယ်လိုက်လေသည်။
သူ ရှောင်တိမ်းသွားသည်ကို မြင်သောအခါ အမျိုးသမီးကြီးမှာ သိပ်မစဉ်းစားတော့ဘဲ သဘာဝကျကျပင် ဦးတည် ရာကို ပြောင်းလဲလိုက်လေသည်။
ဤသို့ဖြင့် အမျိုးသမီးကြီးမှာ ရဲအရာရှိနှစ်ဦးထံသို့ ပြေးဝင်သွားလေတော့သည်။
ယခုအခါ ရဲအရာရှိနှစ်ဦးအတွက် အမျိုးသမီးကြီးကို ဖမ်းဆီးထိန်းချုပ်ရန် အကြောင်းပြချက် ရရှိသွားပြီဖြစ်ရာ သူတို့သည် တစ်ပြိုင်နက်တည်းနီးပါး အော်ဟစ်လိုက်ကြလေသည်။
"ရဲကိုများ တိုက်ခိုက်ရဲတယ်ပေါ…၊ ဖမ်းလိုက်စမ်း...။"
အလယ်အလတ်အရွယ် အမျိုးသမီးကြီးတစ်ဦးနှင့် ရဲအရာရှိနှစ်ဦးတို့ တိုက်ခိုက်နေကြသည့် ပြဇာတ်ဆန်ဆန် မြင်ကွင်းတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
သို့သော် အဆိုပါ အမျိုးသမီးကြီးသည် ရဲများနှင့် မည်သို့လျှင် ယှဉ်နိုင်မည်နည်း။ သူမသည် မျက်တောင်တစ်ခတ် အတွင်းမှာပင် ဖမ်းဆီးထိန်းချုပ်ခံလိုက်ရပြီး နောက်ဆုံးတွင် မြေပြင်ပေါ်သို့ လဲကျသွားကာ ကူကယ်ရာမဲ့စွာ ညည်းတွားနေတော့လေသည်။
အကယ်၍ အမျိုးသမီးကြီးသည် လျှပ်စစ်စကူတာ တစ်စီးကိုသာ ခိုးယူခဲ့ပြီး ပါဝင်ပတ်သက်သည့် ပမာဏမှာ မကြီးမားလှပါက ၎င်းသည် ပြဿနာကြီး တစ်ရပ် ဖြစ်လာမည် မဟုတ်ပေ။ အလွန်ဆုံး သူမသည် ဒဏ်ရိုက်ခံရ ပြီး နောက်ထပ် ရက်အနည်းငယ်ခန့် ဖမ်းဆီးထိန်းသိမ်းခံရမည်သာ ဖြစ်သည်။
သို့သော် ရဲအရာရှိတစ်ဦးအား ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းသည် ပို၍ ကြီးလေးသော ပြစ်မှုတစ်ခုဖြစ်ပြီး ထောင်ထဲတွင် နှစ်အနည်းငယ်မျှ အချိန်မကုန်ဆုံးဘဲနှင့် အပြင်သို့ ထွက်လာနိုင်မည် မဟုတ်သည်မှာ သေချာလှ ပေသည်။
ရဲအရာရှိနှစ်ဦးသည် အမျိုးသမီးကြီးအား ခိုးမှုနှင့် ရဲအရာရှိကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုတို့ဖြင့် တညီ တညွတ်တည်း စွဲချက်တင်ကာ သူမကို ချုပ်နှောင်လိုက်ကြလေတော့သည်။
သူမအနေဖြင့် နှစ်အနည်းငယ်ကြာအောင် ပညာပေးစခန်းတွင် နေထိုင်ရမည်ဟု တရားဝင် ပြောကြားခံရသော အခါ အမျိုးသမီးကြီးမှာ တကယ်ပင် ထိတ်လန့်သွားခဲ့တော့သည်။ သူမသည် သနားညှာတာပေးရန် တောင်းပန် ကာ နည်းလမ်းအမျိုးမျိုးဖြင့် တောင်းပန်ခဲ့ပြီး လျန်ထျန်းကိုပင် အကူအညီ တောင်းခံလေတော့သည်။
"အစားအသောက်ပို့တဲ့ မောင်လေး…၊ ကျေးဇူးပြုပြီး ငါ့ကို ကူညီပါဦး…၊ ကျေးဇူးပြုပြီး ကူညီပါဦး...။ အဲ့ဒီအချိန် က ငါ စိတ်လွတ်သွားတယ်ဆိုတာ ငါ ဝန်ခံပါတယ်…။ ပြီးတော့ မင်းရဲ့ လျှပ်စစ်စကူတာမှာ သော့မဖြုတ်ထားတာ ကို မြင်တော့ ငါ ခိုးစီးသွားမိတာပါ...။"
"ဒါပေမဲ့ နောက်ဆုံးတော့ ဒါက လျှပ်စစ်စကူတာလေး တစ်စီးပါပဲ ပြဿနာကြီး တစ်ခု မဟုတ်ပါဘူး…။ ဟုတ်တယ်မလား….၊ ပြီးတော့ ငါလည်း ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ခံယူပြီးပြီပဲ ငါ့ဆီကနေ ဘာတွေ ထပ်လိုချင် နေသေးတာလဲ...။"
"စုတ်ပြတ်နေတဲ့ လျှပ်စစ်စကူတာလေး တစ်စီးကြောင့် ငါ့ဘဝကို ပျက်စီးမခံနိုင်ဘူး…။ နှစ်ရှည်လများ ပညာပေး ခံရမယ့် အဖြစ်ကိုလည်း အရောက်မခံနိုင်ဘူး…။ ငါ့ရဲ့ အနာဂတ်တွေ ပျက်စီးသွားတာမျိုး မဖြစ်ချင်ဘူး….။ ကျေးဇူးပြုပြီး ငါ့အတွက် စကားလေး တစ်ခွန်းလောက် ကောင်းကောင်းပြောပေးပြီး သူတို့ကို ငါ့ကို မချုပ်ထားဖို့ ပြောပေးပါ...။"
ဤအမျိုးသမီးမှာ တကယ်ကို ယုံကြည်နိုင်စရာ မရှိပေ။ သနားညှာတာရန်နှင့် အကူအညီတောင်းခံသည့် သူမ၏ စကားများတွင်ပင် နောင်တရသည့် အရိပ်အယောင် လုံးဝ မတွေ့ရချေ။
၎င်းက သူမသည် ထိတ်လန့်သွားရုံသာဖြစ်ပြီး သူမ မည်သည့်နေရာတွင် မှားယွင်းသွားသည်ကို နားမလည်သေး ကြောင်း ပြသနေခဲ့လေသည်။
ဤအရာနှင့် ပတ်သက်၍ လျန်ထျန်းက အေးစက်စွာသာ ပြန်ဖြေလိုက်လေသည်။
"တောင်းပန်ရုံနဲ့သာ လုံလောက်မယ်ဆိုရင် ရဲတွေနဲ့ ဥပဒေတွေက ဘာလုပ်ဖို့ ရှိနေဦးမှာလဲ...။"
"ခိုးတာက ခိုးတာပဲ…၊ သူခိုးကလည်း သူခိုးပဲ…။ ခိုးယူတဲ့ ပစ္စည်းရဲ့ တန်ဖိုးနဲ့ ဘာမှ မဆိုင်ဘူး..၊ ခိုးသရွေ့တော့ ခင်ဗျားက သူခိုးပဲ...။"
"ပစ္စည်းရဲ့ တန်ဖိုးက ပြစ်ဒဏ်ကို ဆုံးဖြတ်ပေးပေမဲ့ ခိုးမှုဆိုတဲ့ သတ်မှတ်ချက်အပေါ် သက်ရောက်မှု မရှိဘူး…။ ပြီးတော့ ခင်ဗျားက အခုလေးတင် ရဲအရာရှိကို ကိုယ်ထိလက်ရောက် ကျူးလွန်လိုက်သေးတယ်ဆိုတော့ ကျွန်တော် လုပ်ပေးနိုင်တာ ဘာမှ မရှိတော့ဘူး...။"
သူမ၏ အကူအညီတောင်းခံမှုများမှာ အချည်းနှီးဖြစ်သွားသည်ကို မြင်သောအခါ အမျိုးသမီးကြီးသည် သူမ၏ စရိုက်မှန်ကို ချက်ချင်း ပြန်လည်ထုတ်ဖော်ပြသလာပြီး အံကြိတ်ကာ အော်ဟစ်လိုက်လေသည်။
"လူတိုင်း အမှားလုပ်တတ်တာပဲလေ မင်းက တကယ့်ကို အကျိုးအကြောင်း မသင့်တဲ့ကောင်ပဲ မင်းက လူဆိုးပဲ...။"
လျန်ထျန်းက ပြုံးကာ ပြောလိုက်လေသည်။
"ဒါဆို ခင်ဗျား မှားတယ်ဆိုတာ ခင်ဗျား သိသားပဲ…။ အစကနေ အဆုံးထိ ခင်ဗျားက အရမ်းကို မောက်မာနေ တော့ ခင်ဗျား ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း မှန်တယ်လို့ ထင်နေတာပဲလို့ ကျွန်တော် ထင်နေတာ...။"
"အချိန်လည်း နီးကပ်နေပြီဆိုတော့ နောက်မဆုတ်ပါနဲ့ ခင်ဗျားရဲ့ ပုန်ကန်တတ်တဲ့ စိတ်ဓာတ်လေးကို ကျွန်တော် သဘောကျတုန်းပါပဲ...။ ပြီးတော့ အထဲရောက်သွားရင်လည်း ဒီစိတ်ဓာတ်လေးကို ထိန်းသိမ်းထားနိုင်မယ်လို့ မျှော်လင့်ပါတယ်...။"
ထိုသို့ဖြင့် သူမ၏ ရုန်းကန်အော်ဟစ်မှုများကြားမှပင် အမျိုးသမီးကြီးအား ရဲအရာရှိနှစ်ဦးက ဖမ်းဆီးခေါ်ဆောင် သွားလေတော့သည်။
သူမကို စောင့်ကြိုနေသည်မှာ အေးစက်သော သံတိုင်တန်းကြီးများနှင့် နှစ်ရှည်လများ ပညာပေးစခန်း၏ ဘဝပင် ဖြစ်ပေတော့သည်...။