အခန်း (၁၆၁-၁၆၂)
Vol. 17 Ch. 161-162
အခန်း (၁၆၁)
အစ်ကို၊ ညီ ခေါ်ဆိုကြခြင်း
လျန်ထျန်းသည် ဘီယာနှစ်ပုလင်းကို ပျော်ရွှင်စွာ သောက်သုံးပြီးနောက် သူမှာထားသော အသားကင်များကို စားသောက်ကာ သူ၏ လျှပ်စစ်စကူတာကို တွန်း၍ အနားယူရန် အိမ်သို့ ပြန်လာခဲ့လေသည်။
လမ်းညွှန်မြေပုံအရ ဤနေရာမှာ အယ်လ်မြို့တော်၏ လူသူကင်းမဲ့သော နေရာတစ်ခုတွင် ဖြစ်သည်။ လျန်ထျန်း ဝယ်ယူထားသည့် အထက်တန်းစား လူနေရပ်ကွက်ရှိ အနီးဆုံးအိမ်နှင့်ပင် ဆယ်ကီလိုမီတာကျော် ကွာဝေးလေ သည်။
လျန်ထျန်းသည် ဘီယာနှစ်ပုလင်း သောက်ထားသော်လည်း အလွန်အကျွံ သောက်လေ့မရှိပေ။ သို့သော် အရက် သောက်လျှင် မမောင်းရ၊ မောင်းလျှင် မသောက်ရဟူသော မူဝါဒကို အမြဲတမ်း စွဲကိုင်ထားသူ ဖြစ်သည်။
မည်သို့ပင်ဆိုစေ လမ်းများစွာ ရှိသော်လည်း ဘေးကင်းလုံခြုံရေးက ပထမဆုံးပင် ဖြစ်သည်။ သူသည် အရက် သောက်ထားပါက စကူတာစီးရန် မည်သည့်အခါမျှ စွန့်စားမည် မဟုတ်ပေ။
ဤသည်မှာ မိမိကိုယ်ကို၊ မိသားစုကိုနှင့် လူတိုင်းကို တာဝန်ယူခြင်းပင် ဖြစ်လေသည်။
လျန်ထျန်းသည် သူ၏ လျှပ်စစ်စကူတာကို တစ်နေရာတွင် သော့ခတ်ထားခဲ့ပြီးနောက် အနားယူရန် တက္ကစီငှား ပြန်ရမည်လားဟု စဉ်းစားနေစဉ်မှာပင်...၊
သူသည် ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်ရာမှ ရုတ်တရက် သတိရသွားခဲ့လေသည်...။
*ဟော…၊ ငါအရင်က ငှားနေခဲ့တဲ့ အိမ်လေးက ဒီနေရာနဲ့ မဝေးလှဘူးပဲ...။*
*အဲ့ဒီတုန်းက အိမ်ရှင်အဒေါ်ကြီးက ငါ့ရဲ့ အိမ်လခထဲကနေ တစ်ယွမ် ယူထားပြီး ပြန်အမ်းပေးမယ်လို့ ပြောခဲ့ တာ...။*
*အဲ့ဒီနောက် ငါလှည့်အကြည့်မှာ...၊ အချိန်အတော်ကြာပြီးမှ သူတို့ကို ပြန်ဆက်သွယ်တော့ အိမ်ကို ငါ့အတွက် နှစ်နှစ်ဆယ်စာ တစ်ခါတည်း ငှားပေးလိုက်ပြီလို့ ပြောခဲ့တယ်...။*
*ဟူး တချို့လူတွေက နောက်လှည့်ကြည့်ဖို့ဆိုတာ အများအားဖြင့် နောက်ကျသွားတတ်ပြီလို့ ပြောကြတာ...။*
*ငါက တစ်ယွမ်လေးကို တကယ် ဂရုမစိုက်တာမို့ ပြဿနာ မလုပ်ခဲ့ဘူးလေ၊ ငှားထားတဲ့ အိမ်သော့ကိုလည်း သိမ်းထားခဲ့ပြီး ငါ့ရဲ့ လျှပ်စစ်စကူတာ သော့နဲ့ အမြဲ တွဲချိတ်ထားခဲ့တာ...။*
*ဒါကို ပြန်လိုလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး…။ ဒီညတော့ အဲ့ဒီမှာပဲ သွားအိပ်လိုက်တော့မယ်…။ ရိုးရိုး သားသား ပြောရရင် အဲ့ဒီအိမ်လေးကို ငါတောင် လွမ်းနေမိပြီ...။*
ထိုသို့ တွေးမိသည်နှင့် လျန်ထျန်းသည် သူ၏ လျှပ်စစ်စကူတာကို တွန်းကာ ယခင်က နေထိုင်ခဲ့ဖူးသော အိမ်လေးရှိရာသို့ ဦးတည်သွားလိုက်လေသည်။
ထိုအိမ်လေးမှာ တကယ်ပင် မဝေးလှဘဲ နှစ်မိုင်ပင် မပြည့်ပေ။ လျှပ်စစ်စကူတာကို တွန်းသွားလျှင်ပင် ဆယ်မိနစ် ခန့်သာ ကြာမြင့်မည် ဖြစ်သည်။
သို့သော် လျန်ထျန်းသည် သူ၏ လျှပ်စစ်စကူတာကို ရပ်နားကာ ရင်းနှီးနေသော စင်္ကြံရှည်ကြီးရှိရာ အပေါ်ထပ်သို့ တက်သွားလိုက်သောအခါ...၊
သူ ငှားရမ်းထားသော အခန်းရှေ့တွင် လူအချို့ ရပ်နေကြသည်ကို တွေ့လိုက်ရပြီး ထိုသူများမှာ အင်္ကျီမဝတ်ထား ဘဲ တက်တူးများ ထိုးထားသော လူမိုက်များ ဖြစ်နေခဲ့လေသည်။
ထိုတက်တူးနှင့် လူမိုက်အချို့မှာ ဆေးလိပ်သောက်နေကြပြီး အချို့က မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ ငိုက်မျဉ်းနေကြကာ အချို့ကမူ ဘီယာပုလင်းများဖြင့် ဘီယာသောက်နေကြလေသည်။
သန်းခေါင်ယံအချိန် နီးပါးဖြစ်နေပြီး စင်္ကြံလမ်းတွင် အသွားအလာ ရှိသူဟူ၍ မရှိသလောက်ပင် ဖြစ်ရာ မည်သည့် လှုပ်ရှားမှုကိုမဆို လွယ်ကူစွာ သတိထားမိနိုင်လေသည်။
ထို့ကြောင့် လျန်ထျန်းက သူတို့ကို သတိပြုမိသကဲ့သို့ သူတို့ကလည်း လျန်ထျန်းကို သဘာဝကျစွာပင် သတိပြုမိ သွားကြလေသည်။
လျန်ထျန်း၏ အစားအသောက် ပို့ဆောင်သူ ဝတ်စုံကို မြင်လိုက်ရသောအခါ ထိုခန္ဓာကိုယ် တောင့်တင်းသော လူမိုက်များမှာ ချက်ချင်းပင် တက်ကြွသွားကြပြီး ခေါင်းဆောင်ဖြစ်သူက လျန်ထျန်းကို လက်ညှိုးထိုးကာ ချဉ်းကပ်လာလေသည်။
"ဟေး မင်းက အစားအသောက် ပို့ဆောင်သူ မဟုတ်လား ငါက အရက်လာပို့ခိုင်းတာကို မင်းက လာမပို့တဲ့ ကောင်ပဲ ပြီးတော့ ငါ့ရဲ့ အမှာစာကိုပါ ဖျက်သိမ်းပစ်ခဲ့တယ်ပေါ့လေ...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းမှာ အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း ရုတ်တရက် သဘော ပေါက်သွားကာ အမှတ်မထင် ပြောလိုက်လေသည်။
"ခင်ဗျား...၊ ခင်ဗျားက ကျွန်တော့်ကို ဘီယာငါးဖာ ဝယ်ခိုင်းပြီး အထပ်ငါးထပ်ကို တက်ခိုင်းတဲ့ ဖောက်သည်လား ခင်ဗျား ဒီနေရာကို ဘယ်လိုလုပ် သိသွားတာလဲ...။"
လျန်ထျန်းသည် စကားပြောနေရင်း မသိမသာ နောက်သို့ ဆုတ်လိုက်ပြီး အချိန်မရွေး ထွက်ပြေးရန် အသင့်ပြင် ထားလိုက်လေသည်။
သို့သော် တက်တူးနှင့် လူမိုက်တစ်ဦးက လေချွန်လိုက်ရာ လျန်ထျန်းသည် သူ၏နောက်ကျောဘက် လှေကားပေါ် မှ ခြေသံများကို ကြားလိုက်ရလေသည်။
နောက်သို့ လှည့်ကြည့်လိုက်ရာ အင်္ကျီမပါဘဲ တက်တူးထိုးထားသော လူမိုက်အချို့ တက်လာပြီး လှေကားကို ပိတ်ဆို့လိုက်ကာ လျန်ထျန်း၏ ထွက်ပြေးရာလမ်းကို ပိတ်ဆို့ထားလိုက်လေသည်။
လျန်ထျန်းတွင် ထွက်ပြေးစရာ လမ်းမရှိတော့သည်ကို မြင်သောအခါ စောစောက စကားပြောခဲ့သော တက်တူး နှင့် လူမိုက်က လှောင်ပြောင်လိုက်လေသည်။
"မင်းလို အနံ့အသက်ဆိုးတဲ့ အစားအသောက် ပို့ဆောင်သူတစ်ယောက် နေတဲ့နေရာကို ရှာရတာက လွယ်လွယ် လေး မဟုတ်ဘူးလား...။"
"အစားအသောက် ပို့ဆောင်ရေး ဖောက်သည်ဝန်ဆောင်မှုဌာနကို ဖုန်းဆက်ပြီး နည်းနည်းလောက် ခြိမ်းခြောက် လိုက်တာနဲ့ မင်းရဲ့ အချက်အလက်တွေ အကုန်လုံးကို ဖော်ပြပေးလိမ့်မယ်...။"
ထိုစကားကို ကြားသောအခါမှ လျန်ထျန်းသည် ဤလိပ်စာမှာ သူ အစားအသောက် ပို့ဆောင်သူအဖြစ် စတင် လုပ်ကိုင်စဉ်ကတည်းက ပေးထားခဲ့သော လိပ်စာဖြစ်ကြောင်း သတိရသွားခဲ့လေသည်။
ထိုအချိန်က ပို့ဆောင်သူ မှတ်ပုံတင် အချက်အလက်များတွင် လိပ်စာကို မဖြစ်မနေ ဖြည့်သွင်းရမည် ဖြစ်သည်။ လျန်ထျန်းမှာ ရိုးသားလွန်းလှသဖြင့် အသေးစိတ် မှတ်ပုံတင်ခဲ့ခြင်း ဖြစ်လေသည်။
ဤကိစ္စကြောင့် တစ်နေ့နေ့တွင် တစ်စုံတစ်ယောက်က မိမိတံခါးကို လာခေါက်လိမ့်မည်ဟု သူ မည်သည့်အခါမျှ မထင်ထားခဲ့ပေ။
ထိုဖောက်သည်ဝန်ဆောင်မှု ကိုယ်စားလှယ်များမှာလည်း ပို့ဆောင်သူများ၏ အချက်အလက်များကို အခြားသူ များထံ အလွယ်တကူ ပေးလွန်းကြပြီး ပို့ဆောင်သူများ၏ ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို အနည်းငယ်မျှပင် တန်ဖိုးမထားကြပေ။
လျန်ထျန်းသည် အစားအသောက် ပို့ဆောင်ရေးလုပ်ငန်းတွင် ပိုလုပ်လေလေ ဤလုပ်ငန်း၌ တိုးတက်ရန် လိုအပ် သော အပိုင်းများစွာ ရှိနေသေးကြောင်း ပိုမို တွေ့ရှိလာရလေလေ ဖြစ်သည်။
သို့သော် လက်ရှိအခြေအနေမှာ ထိုအရာများကို စဉ်းစားရမည့်အချိန် မဟုတ်သည်က ရှင်းလင်းနေလေသည်။
လျန်ထျန်းသည် မိမိကိုယ်ကို တည်ငြိမ်အောင် ကြိုးစားရင်း လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။
"အဲ့ဒီတုန်းက ဖုန်းထဲမှာ ကျွန်တော် သေသေချာချာ ရှင်းပြခဲ့ပြီးပါပြီ ခင်ဗျားဆီကို မပို့ချင်တာ မဟုတ်ပါဘူး ခင်ဗျားက ကျွန်တော့်ကို အနိုင်ကျင့်နေတာလေ...။"
"အဲ့ဒီနောက်မှာတောင် ကျွန်တော့်ဆီကို ခြိမ်းခြောက်ပြီး ဆဲဆိုတဲ့ မက်ဆေ့ချ်တွေ ပို့သေးတယ်လေ..။ အဲ့ဒီ အစားအသောက်တွေကို ခင်ဗျားဆီ နောက်ထပ် လာပို့ဖို့ ကျွန်တော်က ဘယ်လိုလုပ် ရဲတော့မှာလဲ...။"
"လူတွေဆိုတာ ကိုယ်ချင်းစာတရား ရှိကြပါတယ်..။ ခင်ဗျားရော သူများနေရာကနေ ဝင်မတွေးကြည့်ဖူးဘူးလား တစ်ယောက်ယောက်က ခင်ဗျားကို အခက်တွေ့အောင် လုပ်ခဲ့ရင်ကော...။"
သို့သော် လျန်ထျန်း စကားမဆုံးမီမှာပင် တက်တူးနှင့် လူမိုက်က သူ့ကို ဖြတ်ပြောလိုက်ပြီး သူ၏ စကားများမှာ ကြမ်းတမ်းဟန်ပေါက်သော်လည်း တကယ်တမ်းတွင်မူ အားနည်းနေလေသည်။
"ဘာလို့ မင်းလို အဆင့်နိမ့်တဲ့ အစားအသောက် ပို့ဆောင်သူတစ်ယောက်က ငါ့ကို ကိုယ်ချင်းစာဖို့ ကြိုးစားခိုင်း နေရတာလဲ…၊ ငါဘယ်သူလဲဆိုတာကိုရော မင်း သိရဲ့လား...။"
"ငါက ဒီနယ်မြေတစ်ခုလုံးရဲ့ ဘော့စ်ကွ…။ မင်း ငါ့ကို မြင်ရင် သခင်ကြီးရှန်း လို့ ခေါ်ရမယ် နားလည်လား...။"
"မင်းလို အဆင့်နိမ့်တဲ့ အစားအသောက် ပို့ဆောင်သူတစ်ယောက်ကိုတော့ ပြောမနေနဲ့တော့ ဒီနယ်မြေက ရဲအရာရှိတွေတောင် ငါ့ရှေ့မှာ ခါးညွှတ်ပြီး အရိုအသေ ပေးရတယ်...။"
"ငါ့ဆီ အရက်လာပို့ရတာက မင်းအတွက် ဂုဏ်ယူစရာပါကွ…။ ဒါကို မင်းက ငြင်းရဲရုံတင်မကဘဲ ငါ့ဆီ အစား အသောက် လာပို့တာကိုပါ ရပ်တန့်ရဲတယ်ပေါ့လေ...။"
"ငါ မင်းကို ပြောခဲ့တယ်လေ…၊ ငါ့ဆီ အရက်လာမပို့ရဲရင် နောက်ဆက်တွဲ အကျိုးဆက်တွေက ပြင်းထန်လိမ့် မယ်လို့ အခုတော့ မင်း နောင်တရသင့်ပြီ…။ ဟားဟားဟား...။"
စကားပြောအပြီးတွင် သခင်ကြီးရှန်းသည် မကောင်းဆိုးဝါးဆန်စွာ ရယ်မောလိုက်ပြီး သူ၏နောက်မှ တက်တူးနှင့် လူမိုက်အုပ်စုကို ဦးဆောင်ကာ လျန်ထျန်းအနီးသို့ တဖြည်းဖြည်း တိုးကပ်လာခဲ့ကြလေသည်။
သို့သော် သူပြောခဲ့သည်များကို ကြားပြီးနောက် လျန်ထျန်းသည် တစ်စုံတစ်ရာကို စဉ်းစားမိသွားသဖြင့် တည်ငြိမ် သွားကာ အေးအေးဆေးဆေးပင် ပြန်ပြောလိုက်လေသည်။
"ခင်ဗျားက ဒီနယ်မြေတစ်ခုလုံးရဲ့ ဘော့စ်လို့ ပြောလိုက်တာလား…။ ဒေသခံရဲတွေတောင် ခင်ဗျားရှေ့မှာ အရို အသေ ပေးရတယ်ပေါ့...။"
"တိုက်ဆိုင်လိုက်တာ ကျွန်တော်လည်း ဒီနယ်မြေက ရဲတွေနဲ့ အဆက်အသွယ် နည်းနည်း ရှိတယ်လေ။ ရေကြီးလို့ နဂါးမင်းရဲ့ ဗိမာန်ကို ရေဆေးချလိုက်သလိုမျိုး ဆွေမျိုးအချင်းချင်း မမှတ်မိတာမျိုးများ ဖြစ်နေမလားလို့...။"
"ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ…၊ ဆရာရှန်း ခင်ဗျား လိုချင်တဲ့ဈေးကို ပြောပါ ကျွန်တော် ဘယ်လောက်ပဲ လျော် ကြေးပေးရပေးရ လက်ခံပါ့မယ်...။ ပြီးတော့ ကျွန်တော်နဲ့ ရင်းနှီးတဲ့ အဲ့ဒီ ရဲအရာရှိကိုပါ ခေါ်လိုက်မယ်ဆိုရင် ကျွန်တော်တို့အားလုံး တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းသွားတာပေါ့ အဲ့ဒါဆို ဘယ်လိုလဲ...။"
လျန်ထျန်း၏ စကားကို ကြားသောအခါ သခင်ကြီးရှန်းသည် သူ၏နောက်မှ လူများကို လှုပ်ရှားရန် လက်ကာပြ တော့မည် ပြုစဉ် တစ်ဝက်ခန့် မြှောက်ထားသော သူ၏လက်မှာ ရုတ်တရက် ရပ်တန့်သွားလေသည်။
ထို့နောက် သူသည် လျန်ထျန်းကို မျက်လုံးမှေးကြည့်ကာ တစ်ဝက်ယုံ၊ တစ်ဝက်သံသယဖြင့် ပြောလိုက် လေသည်။
"မင်းက သာမန် အစားအသောက် ပို့ဆောင်သူလေးပါ…၊ ဒီနယ်မြေက ရဲတွေကို မင်းက ဘယ်လိုလုပ် သိမှာလဲ ပြီးတော့ ငါတောင်းသမျှ လျော်ကြေးကို မင်းက ပေးမယ်ပေါ့လေ...။"
လျန်ထျန်းက လေးနက်စွာ ခေါင်းညိတ်ပြလိုက်လေသည်။
"သေချာတာပေါ့ သခင်ကြီးရှန်း ခင်ဗျား လိုချင်တဲ့ဈေးကိုသာ ပြောပါ၊ ပြီးတော့ ကျွန်တော်သိတဲ့ ရဲအရာရှိက တော်တော်လေး ရင်းနှီးတယ်လို့ ပြောလို့ရပါတယ်။ သန်းခေါင်ယံအချိန်ကြီး သူ့ကို ခေါ်ထုတ်ဖို့က ပြဿနာ မရှိပါဘူး...။"
လျန်ထျန်း၏ လေးနက်မှုကို မြင်သောအခါ သခင်ကြီးရှန်းသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် လက်ချောင်း ငါးချောင်းကို ထောင်ပြလိုက်လေသည်။
"ကောင်းပြီလေ ဒါဆိုရင် မင်း ငါ့ကို အရင်ဆုံး ငါးဖန် လျော်ကြေးပေးလိုက်၊ ပြီးရင် မင်းရဲ့ ရဲအရာရှိ သူငယ်ချင်း ကို ထွက်လာကြည့်ဖို့ ခေါ်လိုက်လေ...။"
ထိုစကားကို ကြားသောအခါ သခင်ကြီးရှန်း၏ ဘေးရှိ လူက သူ၏ နားထဲသို့ အမြန် တီးတိုးပြောလိုက်လေသည်။
"အစ်ကိုရှန်း ဒီကောင်ကို ဒီနေရာမှာ တကယ်ပဲ ရဲခေါ်ခွင့်ပြုလိုက်တော့မလို့လား…။ သူက ရဲကို တိုက်ရိုက်ခေါ် လိုက်ရင် ကျွန်တော်တို့ ဒုက္ခရောက်ကုန်မှာ မဟုတ်ဘူးလား...။"
သခင်ကြီးရှန်းက ပြုံးလိုက်ပြီး အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်လေသည်။
"စိတ်မပူပါနဲ့ ငါ ဒီနယ်မြေက ရဲတွေကို လာဘ်ထိုးထားပြီးပြီဆိုတော့ ဘာပြဿနာကြီးမှ မရှိနိုင်ပါဘူး...။"
"ဒါပေမဲ့ ဒီကောင် ပြောတာက အတည်ဆိုရင်တော့ နောက်ပိုင်းကျရင် ငါတို့ ဒေသခံရဲတွေနဲ့ တကယ် အဆက် အသွယ် ရသွားနိုင်တယ်...။"
"အဲ့ဒါဆိုရင် ယွမ်အဖိုးကြီးတို့ လိုကောင်တွေကို ငါတို့ ကြောက်စရာ မလိုတော့ဘူး…။ ပြီးတော့ နယ်မြေထဲကနေ ပိုက်ဆံတွေ ပိုကောက်လို့ရပြီ ငါတို့ရဲ့ ဆင်းရဲဒုက္ခရောက်နေတဲ့ နေ့ရက်တွေ ပြီးဆုံးသွားပြီပေါ့...။"
နောက်ဆုံးတွင် သခင်ကြီးရှန်း၏ အသံထဲသို့ စိတ်လှုပ်ရှားမှုများ ဝင်ရောက်လာသည်ကို ကြားနိုင်လေသည်။
ထိုလူမှာလည်း တောက်ပသော အနာဂတ်ကို စိတ်ကူးယဉ်နေဟန်ဖြင့် အလွန် စိတ်လှုပ်ရှားသွားပြီး တစ်ဖက် လူကို မြှောက်ပင့်ရန် လက်မထောင်ပြလိုက်လေသည်။
"အစ်ကိုရှန်းက တကယ် အရမ်းမိုက်တာပဲဗျာ…။ ကျွန်တော်တို့ ညီအစ်ကိုတွေ အစ်ကို့နောက်ကို လိုက်တာ ရွေးချယ်မှု မှန်ကန်သွားပြီ..။ အခုကစပြီး အစ်ကိုရှန်း အသားစားရတဲ့အခါ ကျွန်တော်တို့ ညီအစ်ကိုတွေလည်း ဟင်းရည်သောက်ရတော့မှာပေါ့...။"
သခင်ကြီးရှန်းသည် ဤမြှောက်ပင့်စကားကြောင့် အလွန် သဘောကျသွားပြီး လျန်ထျန်းကို ဘဝင်မြင့်သော မျက်နှာထားဖြင့် ကြည့်လိုက်လေသည်။
"ကောင်းပြီ မင်း ခုနက ပြောတဲ့အတိုင်း မြန်မြန် လုပ်လိုက်တော့…။ မင်း ခေါ်လိုက်တဲ့ ရဲအရာရှိက ဒေသခံ ရဲစခန်းမှာ ဩဇာတိက္ကမ ရှိတဲ့သူ ဖြစ်ဖို့တော့ မျှော်လင့်ပါတယ်...။"
လျန်ထျန်းသည် ပထမဆုံးအနေဖြင့် ကုဒ်ကို လိမ္မာကျိုးနွံစွာ စကင်ဖတ်ကာ ငါးဖန်ကို လွှဲပြောင်းပေးလိုက်ပြီး နောက် သခင်ကြီးရှန်းကို ပြုံးလျက် ဖုန်းနံပါတ်တစ်ခုကို နှိပ်ကာ ပြောလိုက်လေသည်။
"စိတ်မပူပါနဲ့ ကျွန်တော် ခေါ်လိုက်တဲ့ ရဲအရာရှိက ဒီနယ်မြေမှာ သေချာပေါက် ဩဇာရှိတဲ့သူပါ သူက သခင်ကြီး ရှန်းကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး...။"
လျန်ထျန်းက ထိုသို့ အသံထွက်၍ ပြောနေသော်လည်း သူ၏ စိတ်ထဲတွင်မူ တိတ်တဆိတ် ရယ်မောနေ ခဲ့လေသည်။
*အယ်လ်မြို့တော် ရဲဌာနချုပ်နဲ့ ညွှန်ကြားရေးမှူးတန်က ခင်ဗျားရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီလောက်အောင် ဩဇာ လွှမ်းမိုးမှု ရှိမရှိဆိုတာ ငါသိချင်မိတယ်...။*
*ညွှန်ကြားရေးမှူးတန်က အထက်လူကြီးတွေဟာ မကြာသေးမီက စနစ်တကျ ဖွဲ့စည်းထားတဲ့ ရာဇဝတ်မှုတွေကို နှိမ်နင်းနေပြီး၊ သူ့အနေနဲ့ ဒီအပိုင်းမှာ ရလဒ်ကောင်းတွေ တကယ်လိုအပ်နေတယ်လို့ ငါ့ကို အရင်က ပြောဖူးတာ ငါမှတ်မိသေးတယ်...။*
*ငါ့ရှေ့က ဒီလူတွေက အရည်အချင်း ပြည့်မီမယ်လို့ ထင်ပါတယ်…။ တကယ်လို့ မပြည့်မီဘူးဆိုရင်တောင် သူတို့ ကို ငါးဖန် လွှဲပေးလိုက်ပြီမို့ ခြိမ်းခြောက်ငွေညှစ်မှုနဲ့ ငါ စွပ်စွဲလို့ ရသေးတယ်လေ...။*
*ဒီအချက်ကတင် ညွှန်ကြားရေးမှူးတန်အတွက် သူတို့အားလုံးကို အပြစ်ရှိတယ်လို့ သတ်မှတ်ဖို့၊ ပြီးတော့ အကုန် လုံးကို ဖမ်းဆီးပြီး ပြန်လည်ပညာပေးဖို့ ခေါ်သွားဖို့ လုံလောက်နေပါပြီ...။*
*မဟုတ်ရင် ဒီလူတွေကို လူ့အဖွဲ့အစည်းထဲမှာ ထားရှိခြင်းက လူမှုရေးတည်ငြိမ်မှုကို ထိခိုက်စေတဲ့ မသေချာမရေ ရာတဲ့ အချက်တစ်ခု သေချာပေါက် ဖြစ်လာမှာပဲ...။*
လျန်ထျန်းသည် ဤအရာများကို စဉ်းစားနေစဉ် သူ၏ မျက်နှာချင်းဆိုင်ရှိ သခင်ကြီးရှန်းနှင့် သူ၏အဖွဲ့ကို ကြည့် လိုက်လေသည်။
သူတို့အားလုံးသည် ငါးဖန်ကို ယခုလေးတင် လက်ခံရရှိထားသဖြင့် မျက်နှာများပေါ်တွင် ကျေနပ်နေသော အပြုံးများ ရှိနေကြလေသည်။
သူ၏ အပြုံးထဲတွင်တော့ လာမည့်အရာများအတွက် မျှော်လင့်ချက်များနှင့် အနာဂတ်အတွက် လှပသော အမြင်အာရုံများလည်း ပါဝင်နေခဲ့လေသည်။
ဖုန်းဆက်ပြီးနောက် စောင့်ဆိုင်းနေစဉ်တွင် လျန်ထျန်းသည် အိတ်ကပ်ထဲတွင် အမြဲဆောင်ထားလေ့ရှိသော စီးကရက်တစ်ဗူးကို ထုတ်ကာ လူများကို ကမ်းပေးလိုက်လေသည်။
အစားအသောက် ပို့ဆောင်သူတစ်ဦးဖြစ်သည့် လျန်ထျန်းက စီးကရက် သယ်ဆောင်လာနိုင်သည်ကို မြင်သော အခါ သခင်ကြီးရှန်းနှင့် အခြားသော ခန္ဓာကိုယ် တောင့်တင်းသူများမှာ လျန်ထျန်းသည် သာမန် အစားအသောက် ပို့ဆောင်သူများနှင့် တကယ်ပင် ကွဲပြားခြားနားကြောင်း ပို၍ ယုံကြည်သွားကြလေသည်။
အချိန်တိုအတွင်းမှာပင် သခင်ကြီးရှန်းသည် လျန်ထျန်းနှင့် သွေးသောက်ညီအစ်ကိုများ ဖြစ်လာခဲ့ပြီး သူ၏ စီးပွားရေး ကိစ္စအချို့အကြောင်းကို ပြောပြနေလေတော့သည်။
ထို့အပြင် တမင်တကာ ချဲ့ကားပြောဆိုမှုများစွာလည်း ပါဝင်လေသည်။ မည်သို့ပင်ဆိုစေ ဤနယ်ပယ်မှ လူများ သည် မိမိကိုယ်ကို ပိုမို အထင်ကြီးစရာကောင်းအောင် ကြွားလုံးထုတ်ရန်နှင့် ချဲ့ကားပြောဆိုရန် နှစ်သက်ကြသည် မဟုတ်ပါလား။
ဤကြွားလုံးထုတ်နေသော စကားများကို ကြားသောအခါ လျန်ထျန်းက ပြုံး၍ သဘောတူဟန်ပြကာ သူ၏ ဖုန်းပေါ်ရှိ အသံဖမ်းသည့် လုပ်ဆောင်ချက်ကို တိတ်တဆိတ် ဖွင့်ထားလိုက်လေသည်။
မိနစ်နှစ်ဆယ်ခန့် အကြာတွင် ရဲကားအချို့သည် ဥဩဆွဲသံ မပါဘဲ တိတ်ဆိတ်စွာ မောင်းနှင်လာခဲ့လေသည်။
သခင်ကြီးရှန်းသည် ကားပေါ်မှ ဆင်းလာသော ရဲအရာရှိ ဆယ်ဂဏန်းခန့်ကို မြင်လိုက်ရသောအခါ အစပိုင်းတွင် အံ့အားသင့်သွားသော မျက်နှာအမူအရာကို ပြသခဲ့ပြီးနောက် လျန်ထျန်းကို လက်မထောင်ပြလိုက်လေသည်။
"ညီလေး မင်းရဲ့ ရဲအရာရှိ သူငယ်ချင်းက ဒီနယ်မြေမှာ တော်တော်လေး ဩဇာရှိပုံရတယ်၊ သူက ရဲစခန်းတစ်ဝက် လောက်ကို ခေါ်လာတာ ဖြစ်ရမယ် ဟုတ်တယ်မလား...။"
"စိတ်မပူပါနဲ့ မင်းရဲ့ သူငယ်ချင်းကို ငါ့နဲ့ မိတ်ဆက်ပေးရင် မင်းကို ငါ သေချာပေါက် ကောင်းကောင်းမွန်မွန် ဆက်ဆံပါ့မယ် အခု မင်းကို ငါးဖန် ပြန်ပေးရင်ကော ဘယ်လိုလဲ၊ ဘာပဲဖြစ်ဖြစ် အခုကစပြီး ငါတို့က ညီအစ်ကို တွေ ဖြစ်သွားပြီပဲလေ...။"
"ပြီးတော့ နောင်ကျရင် ငါ ပိုက်ဆံကောက်ဖို့ နယ်မြေတွေ ပိုရလာတဲ့အခါ ဒီပိုက်ဆံလေး နည်းနည်းပါးပါးအတွက် အခက်အခဲ မရှိနိုင်တော့ပါဘူး…။ ပြီးတော့ မင်းကိုလည်း အမြဲ သတိရနေမှာပါ ညီလေးရာ...။"
သခင်ကြီးရှန်း၏ ရုတ်တရက် ပြောင်းလဲသွားသော သဘောထားနှင့် မျက်နှာချိုသွေးနေသော အမူအရာတို့ကို ရင်ဆိုင်ရသောအခါ လျန်ထျန်းက ခေါင်းခါမ်းပြီး ပြုံးလိုက်လေသည်။
"ခင်ဗျား ပိုက်ဆံကို ပြန်ပေးစရာ မလိုပါဘူး…။ ဘာလို့လဲဆိုတော့ ခင်ဗျား နောက်ကျရင် အဲ့ဒါကို လိုအပ်လိမ့် မယ်လေ...။"
ထိုစကားကို ကြားသောအခါ သခင်ကြီးရှန်းမှာ မှင်တက်သွားလေသည်။
"အဲ့ဒါကို တခြားသုံးစရာ ရှိသေးလို့လား ဘာအတွက် အသုံးပြုရမှာလဲ...။"
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သခင်ကြီးရှန်းသည် ချဉ်းကပ်လာသော ရဲအရာရှိ ဆယ်ဂဏန်းခန့်ကို ကြည့် ကာ ရုတ်တရက် သဘောပေါက်သွားလေတော့သည်။
"ဪ…၊ ဒါဆို မင်းက ဒီရဲအရာရှိတွေကို ထမင်းကျွေးဖို့ ရည်ရွယ်တာပေါ့ ဟုတ်တယ်မလား…။ ကောင်းပြီ မင်းက တကယ့်ကို ရက်ရောတာပဲ...။"
သိသိသာသာကြီး နားလည်မှုလွဲနေသော သခင်ကြီးရှန်း၏ စကားကို ကြားသောအခါ လျန်ထျန်း၏ အပြုံးမှာ ပို၍ ကျယ်ပြန့်လာတော့သည်။
အခန်း (၁၆၂)
ပြစ်ဒဏ်က ကြီးလေးလှသည်ဟု ထင်ရပေသည်
သခင်ကြီးရှန်းသည် တောက်ပနေသော ငွေရောင်လက်ထိတ်တွဲကို ရရှိလိုက်သောအခါ လုံးဝ မှင်တက်သွားခဲ့ပြီး ဘေးနားရှိ လျန်ထျန်းကို ကြောင်တောင်တောင်ဖြင့် ကြည့်နေမိလေသည်။
"ညီလေး...၊ ဒါက ဘာသဘောလဲ...။"
လျန်ထျန်းက ပြုံး၍ ပြန်ဖြေလိုက်လေသည်။
"ခင်ဗျားက ကျုပ်ဆီကနေ ငါးဖန် ခြိမ်းခြောက်ငွေညှစ်ခဲ့တာ အမှုဖွင့်ဖို့ လုံလောက်တယ်လေ...။ ကျုပ်က ရဲ ခေါ်ပြီး ဖမ်းခိုင်းတာ...၊ ပြဿနာရှိလို့လား...။"
ထိုစကားကို ကြားသောအခါ သခင်ကြီးရှန်း၏ မျက်နှာအမူအရာမှာ ပြင်းပြင်းထန်ထန် ပြောင်းလဲသွားလေတော့ သည်။
"မင်း...၊ မင်းစောစောက ငါးဖန်က အသုံးဝင်သေးတယ်ဆိုတာ ဒါကို ပြောတာလား...။"
တစ်ယောက်ပြီးတစ်ယောက် လက်ထိတ်ခတ်ခံနေရသော အခြား တက်တူးထိုးထားသည့် လူမိုက်များမှာလည်း စိုးရိမ်ထိတ်လန့်လာကြလေသည်။ ယခင်က သခင်ကြီးရှန်းနှင့် စကားပြောခဲ့ဖူးသူ တစ်ဦးက အော်ဟစ်လိုက်လေ သည်။
"အစ်ကိုရှန်း...၊ ဒီကောင် ရဲတိုင်လိမ့်မယ်လို့ ကျွန်တော် စောစောကတည်းက ပြောသားပဲ...။ အခု ဘယ်လိုလုပ် ကြမလဲ...။"
သခင်ကြီးရှန်း၏ မျက်နှာအမူအရာမှာ အကြိမ်ကြိမ် ပြောင်းလဲသွားပြီးနောက် လျင်မြန်စွာပင် တည်ငြိမ်သွားကာ အော်ဟစ်လိုက်လေတော့သည်။
"မကြောက်ကြနဲ့...။"
ထို့နောက် သူက လက်ထိတ်ခတ်နေသော ရဲအရာရှိကို တိုးတိုးလေး ကပ်ပြောလိုက်လေသည်။
"ရဲအရာရှိအစ်ကို...၊ ခင်ဗျားတို့ နယ်မြေရဲစခန်းက အဖွဲ့ခေါင်းဆောင်ကုန်းကို သိတယ်မလား...။"
"ကျွန်တော်က အဖွဲ့ခေါင်းဆောင်ကုန်းနဲ့ လတိုင်း အဆက်အသွယ်ရှိပါတယ်...။ ပြီးတော့ စခန်းက ညီအစ်ကိုတွေ ကို ဆေးလိပ်ဖိုး အရက်ဖိုးပေးဖို့ သူ့ကို မကြာခဏ ပိုက်ဆံပေးထားရတာ...။"
"ဒါကြောင့် ခုဟာက နားလည်မှုလွဲတာ ဖြစ်နိုင်ပါတယ်...။ မယုံရင် အဖွဲ့ခေါင်းဆောင်ကုန်းဆီ ဖုန်းဆက်ပြီး ရှန်းဆန်းအာ ပြဿနာနည်းနည်း တက်နေတယ်လို့ ပြောကြည့်လိုက်ပါ...။"
ရှန်းဆန်းအာ၏ စကားကို ကြားသောအခါ ကိုယ်တိုင်ကိုယ်ကျ လက်ထိတ်ခတ်ပေးနေသည့် တန်ကော်ဟွာမှာ ချက်ချင်းပင် ရယ်ချင်သွားပြီး သူ၏ အသံကို တမင်တကာ နှိမ့်ကာ ပြောလိုက်လေသည်။
"ဪ... ဟုတ်လား...။ ဒါဆိုရင် မင်းရဲ့ အဖွဲ့ခေါင်းဆောင်ကုန်းဆီ အခုချက်ချင်း ဖုန်းဆက်လိုက်လေ...။ သူ ဘာပြောမလဲဆိုတာ ငါ ကြည့်ချင်တယ်...။"
ထိုစကားကို ကြားသောအခါ ရှန်းဆန်းအာက တစ်ဖက်လူ အလျှော့ပေးသွားပြီဟု အထင်မှားသွားကာ ချက်ချင်း ပင် မျက်နှာချိုသွေး၍ ပြုံးလိုက်လေသည်။
"ရတာပေါ့...၊ ရတာပေါ့...။ ဘာပဲဖြစ်ဖြစ် ကိုယ့်ညီအစ်ကိုတွေချည်းပဲဟာ...၊ အေးအေးဆေးဆေး စကားပြောကြ တာပေါ့...။"
ခေတ္တမျှ ရပ်နားပြီးနောက် ရှန်းဆန်းအာသည် သူ၏ လက်ထိတ်ခတ်ခံထားရသော လက်ဖြင့် ဖုန်းကို ခက်ခက်ခဲခဲ ခါးကြားမှ နှိုက်ယူလိုက်ပြီး ဘေးနားရှိ လျန်ထျန်းကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ကာ အံကြိတ်၍ ပြောလိုက် လေသည်။
"မင်းလို အစားအသောက်ပို့တဲ့ ကောင်စုတ်က ငါ့ရဲ့ အစွမ်းကို မသိသေးဘူးထင်တယ်...၊ စောင့်ကြည့်နေ လိုက်...။"
ထိုမြင်ကွင်းကို မြင်သောအခါ အခြား တက်တူးထိုးထားသည့် လူမိုက်များမှာလည်း ယခင်က စိုးရိမ်ထိတ်လန့်နေ မှုများ ချက်ချင်း ပျောက်ကွယ်သွားပြီး စိတ်တက်ကြွလာကြလေသည်။
"အစ်ကိုရှန်းက တကယ်ကို အမြော်အမြင်ကြီးတာပဲ...၊ နယ်မြေရဲစခန်းက လူတွေနဲ့ ပတ်သက်ဖို့ ပိုက်ဆံကို နှမြောမနေခဲ့ဘူး...။ ဒီတစ်ကြိမ်တော့ ငါတို့ ကြောက်စရာ မလိုတော့ဘူး...။"
"ဟုတ်တယ်...၊ ကိစ္စပြီးတာနဲ့ ဟိုအစားအသောက်ပို့တဲ့ ကောင်စုတ်ကို ငါတို့ကို လိမ်ရဲအောင် မှတ်လောက်သား လောက်ဖြစ်သွားအောင် သင်ခန်းစာပေးဖို့ အခွင့်အရေး ရှာရမယ်...။"
"အစ်ကိုရှန်း နောက်လိုက်ခဲ့တာ ငါတို့အတွက် အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ပဲ...။ အခုကစပြီး အစ်ကိုရှန်းအတွက် ဆိုရင် ရေတွင်းထဲပဲ ဆင်းရဆင်းရ မီးတွင်းထဲပဲ ခုန်ချရခုန်ချရ ဘာမဆို လုပ်မယ်...။"
ထိုလူများမှာ စကားပြောရင်းနှင့် စိတ်လွတ်ကိုယ်လွတ် ဖြစ်လာကာ သူတို့၏ စကားများမှာလည်း ပို၍ အခြေ အမြစ် မရှိဖြစ်လာတော့သည်။
သို့သော် သခင်ကြီးရှန်းမှာမူ ထိုကဲ့သို့ မြှောက်ပင့်မှုများကို သဘောကျသူ ဖြစ်လေရာ သူ၏ တပည့်များက တက်တက်ကြွကြွ အော်ဟစ်လေလေ သူက ပို၍ ဘဝင်မြင့်လာလေလေ ဖြစ်တော့သည်။
"မင်းတို့ စောင့်သာ ကြည့်နေကြ...၊ ငါသိတဲ့ အဖွဲ့ခေါင်းဆောင်ကုန်းက လုံးဝ ယုံကြည်စိတ်ချရတယ်...။ ငါ့နောက် လိုက်တဲ့သူ မှန်သမျှ အခုကစပြီး ဘဝလှပြီသာ မှတ်...။"
"ပြီးတော့ ငါ့ကို ဆန့်ကျင်တဲ့သူတွေကတော့ သေချာပေါက် ဆိုးရွားတဲ့ ကံကြမ္မာနဲ့ ရင်ဆိုင်ရလိမ့်မယ်...။"
နောက်ဆုံးစကားကို ပြောလိုက်စဉ် သခင်ကြီးရှန်းသည် လျန်ထျန်းကို နောက်တစ်ကြိမ် ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်လေသည်။
လျန်ထျန်းက ပြုံး၍ လက်ခုပ်တီးပေးလိုက်လေသည်။
"ဒီစကားတွေက တော်တော်လေး အားတက်စရာကောင်းတယ်...။ ခင်ဗျားအတွက် ငါ အကျဉ်းချုံးပြောပြမယ်...။ ပြစ်ဒဏ်က အတော်လေး ကြီးလေးပြီး ခင်ဗျားဘဝက တရားခွင်မှာ ရင်ဆိုင်ရဖို့ ပိုပိုပြီး သေချာလာပြီလို့ ငါထင် တယ်..."
သခင်ကြီးရှန်းသည် လျန်ထျန်း၏ စကားထဲမှ လျှို့ဝှက်အဓိပ္ပာယ်ကို နားမလည်ဘဲ လေလုံးထွားနေဆဲ ဖြစ်လေ သည်။
"အခုမှ ငါ့ကို ဖားချင်နေတာလား...၊ နောက်ကျသွားပြီ...။"
"စောင့်သာ ကြည့်နေ...၊ ငါတို့ မကြာခင် လွတ်လာလိမ့်မယ်...။ မင်း အသက်ချမ်းသာပေးဖို့ တောင်းပန်တဲ့အခါ ဘာပြောရမလဲဆိုတာ အခုကတည်းက စဉ်းစားထားဖို့ အကြံပေးချင်တယ်...၊ ဟားဟား...။"
ထိုအချိန်တွင် ဖုန်းဝင်သွားခဲ့လေသည်။
သခင်ကြီးရှန်း၏ အမူအရာမှာ ချက်ချင်းပင် မျက်နှာဖုံးချွတ်လိုက်သကဲ့သို့ ပြောင်းလဲသွားခဲ့လေသည်။
"အဖွဲ့ခေါင်းဆောင်ကုန်း...၊ ကျွန်တော်ပါ...။ ရှန်းဆန်းအာပါ...။"
"ဟုတ်ကဲ့... ဟုတ်ကဲ့...။ အချိန်မတော် အနှောင့်အယှက်ပေးမိလို့ အားနာပါတယ်...။ ဒါပေမဲ့ ကျွန်တော် အခု ပြဿနာနည်းနည်း တက်နေလို့ပါ...။"
"ကျွန်တော် အရင်က ကူညီခဲ့ဖူးတာတွေကို ထောက်ထားပြီး ခင်ဗျား ကျွန်တော့်ကို ကူညီမှ ရမယ်...။ စိတ်မပူပါနဲ့ ကြီးကြီးမားမား ပြဿနာ မဟုတ်ပါဘူး...။ အစားအသောက်ပို့တဲ့ ကောင်စုတ်တစ်ကောင်က ကျွန်တော့်ကို လှည့် စားပြီး ရဲခေါ်ဖမ်းခိုင်းလို့ပါ...။"
"ဟုတ်ကဲ့... ဟုတ်ကဲ့...။ ရဲအရာရှိ နည်းနည်းရောက်နေပါတယ်...၊ ဒါက ခင်ဗျားရဲ့ စီရင်ပိုင်ခွင့်အောက်မှာဆိုတော့ သူတို့က ခင်ဗျားနယ်မြေက ဖြစ်ရမယ်...။"
"ဟုတ်ပြီ... သူ့ကို ဖုန်းပေးလိုက်ပါမယ်...။ ခင်ဗျား သူ့ကို စကားနည်းနည်းလောက် ပြောလိုက်ပါ...၊ ခင်ဗျား အမိန့် ပေးလိုက်ရင် ကျွန်တော် စိတ်ပူစရာ မလိုတော့ဘူးပေါ့...။"
ထိုသို့ပြောရင်း သခင်ကြီးရှန်းသည် ယခင်ကထက် ပို၍ ယုံကြည်မှုရှိသော အမူအရာဖြင့် သူ၏ ဖုန်းကို တန်ကော်ဟွာ ထံသို့ ကမ်းပေးလိုက်လေသည်။
"ရဲအရာရှိအစ်ကို...၊ အဖွဲ့ခေါင်းဆောင်ကုန်းက ခင်ဗျားကို စကားနည်းနည်းလောက် ပြောချင်လို့တဲ့...၊ သေချာ လုပ်...။ ဒါ ခင်ဗျားအတွက် အခွင့်အရေးပဲ...။"
တန်ကော်ဟွာက ဖုန်းကို ယူလိုက်ပြီး စပီကာခလုတ်ကို ချက်ချင်း ဖွင့်လိုက်လေသည်။
"ဟယ်လို... အဖွဲ့ခေါင်းဆောင်ကုန်းလား...။"
ဖုန်းထဲမှ ပထမဆုံး ထွက်ပေါ်လာသည်မှာ အဖွဲ့ခေါင်းဆောင်ကုန်း၏ အသံမဟုတ်ဘဲ အမျိုးသမီးတစ်ဦး၏ ညည်း ညူသံ ဖြစ်နေခဲ့လေသည်။
"ကိုကိုရေ... အချိန်မတော်ကြီး ဘယ်သူက ဖုန်းဆက်တာလဲ...။ တို့ရဲ့ အပျော်တွေကို လာဖျက်ဆီးနေတယ်...၊ စိတ်ရှုပ်စရာကောင်းလိုက်တာ...။"
ထို့နောက် အဖွဲ့ခေါင်းဆောင်ကုန်း၏ အသံ ထွက်ပေါ်လာလေသည်။
"အသည်းလေး...၊ မလောပါနဲ့ ညက ရှည်ပါသေးတယ်...၊ ဒီကိစ္စလေးကို အမြန်ရှင်းလိုက်ဦးမယ်...။ ပြီးရင် ကိုယ့် ကို သေသေချာချာ ပြုစုရမယ်နော်...၊ မနက်ဖြန်ကျရင် အိတ်တစ်လုံး ဝယ်ပေးမယ်...။ ဟီးဟီး...။"
သူ၏ ချစ်သူကို နှစ်သိမ့်ပြီးနောက် အဖွဲ့ခေါင်းဆောင်ကုန်းသည် သူ၏ ရုံးသုံးလေသံကို ပြန်လည် ပြောင်းလဲလိုက် လေသည်။
"ဒီနေ့ည ဘယ်သူ တာဝန်ကျလဲ...။ ရှန်းဆိုတဲ့ ကောင်ကို အခုချက်ချင်း လွှတ်ပေးလိုက်...၊ မဟုတ်ရင် သူက ငါ့ကို ပြဿနာရှာလိမ့်မယ်...။ ကြားလား...။"
တစ်ဖက်လူ၏ မောက်မာသော လေသံကို ကြားသောအခါ တန်ကော်ဟွာက ရယ်မောလိုက်လေသည်။
"လွှတ်ပေးလိုက်ရုံနဲ့ ရပြီလို့ မင်း ထင်နေတာလား...။ ရဲစခန်းက မင်းရဲ့ ကိုယ်ပိုင်ပစ္စည်းလို့ ထင်နေတာလား...။"
ဖုန်းထဲမှ အဖွဲ့ခေါင်းဆောင်ကုန်းမှာ ထိုကဲ့သို့ တုံ့ပြန်မှုမျိုး ရလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။ ခေတ္တမျှ မှင်တက်သွားပြီးနောက် သူသည် ဒေါသတကြီး ပေါက်ကွဲသွားလေတော့သည်။
"ငါ့စကားက အရာမဝင်ဘူးလို့ မင်း ထင်နေတာလား...။ မင်းရဲ့ ကိုယ်ပိုင်နံပါတ်ကို ပြောစမ်း...။"
"မင်းအသံကို ငါ မမှတ်မိဘူး...၊ မင်းက အရန်ရဲတပ်ဖွဲ့ဝင် အသစ်တွေထဲက တစ်ယောက်မလား...။ ယုံချင်ယုံ မယုံ ချင်နေ...။ မင်းကို စကားတစ်ခွန်းတည်းနဲ့ အလုပ်ဖြုတ်ပစ်လိုက်လို့ရတယ်...။"
ထိုစကားကို ကြားသောအခါ တန်ကော်ဟွာသည် ပို၍ပင် ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။
"ငါ့ရဲ့ ရဲကိုယ်ပိုင်နံပါတ်ကို သိချင်တယ်ပေါ့...။ ကောင်းပြီလေ ဒါဆိုရင် မင်း သေသေချာချာ မှတ်ထားတာ ပို ကောင်းမယ်...၊ ငါ့ရဲအမှတ်က (0X0001) ပဲ...။"
အဖွဲ့ခေါင်းဆောင်ကုန်းက ရယ်မောလိုက်လေသည်။
"ဘယ်သူ့ကို လာလိမ်နေတာလဲ...၊ (0X0001) ဆိုတာက ရဲမှူးချုပ်ရဲ့ ရဲအမှတ်ဆိုတာ လူတိုင်းသိတယ်...။ မင်းကို လိမ္မာပါးနပ်ဖို့ သတိပေးလိုက်မယ်...၊ မဟုတ်ရင်တော့...။"
တန်ကော်ဟွာက ထပ်မံ၍ ရယ်မောလိုက်ပြီး သူ၏စကားကို ဖြတ်ပြောလိုက်လေသည်။
"ငါက အယ်လ်မြို့တော် ရဲဌာနချုပ်ရဲ့ ညွှန်ကြားရေးမှူးပဲ...။ ငါ့မျိုးရိုးနာမည်က တန်...။"
ထိုစကားကို ကြားသောအခါ တစ်ဖက်မှ လူမှာ ရုတ်တရက် အသံတိတ်သွားခဲ့လေသည်။
(၅) စက္ကန့်၊ (၆) စက္ကန့်ခန့် တိတ်ဆိတ်သွားပြီးနောက် အဖွဲ့ခေါင်းဆောင်ကုန်းသည် တံတွေးမြိုချလိုက်ပြီး တုန်ရီ သော အသံဖြင့် ပြောလိုက်လေသည်။
"ရှန်းဆန်းအာ ဘယ်မှာလဲ... ရှန်းဆန်းအာ...။"
ရှန်းဆန်းအာက အမြန်ပြေးလာကာ၊
"အဖွဲ့ခေါင်းဆောင်ကုန်း...၊ ကျွန်တော် ဒီမှာပါ...။"
ထိုအချိန်တွင် အဖွဲ့ခေါင်းဆောင်ကုန်း၏ အသံမှာ အလျင်စလိုဖြစ်ကာ ဒေါသထွက်နေခဲ့လေသည်။
"မင်းပြောတော့ နယ်မြေရဲစခန်းကပါဆို...။ သိပ်ပြီး ပြဿနာမကြီးဘူးဆို...။"
ရှန်းဆန်းအာက ပြာယာခတ်လျက် ရှင်းပြလိုက်လေသည်။
"ကျွန်တော်...၊ ကျွန်တော် မသိဘူးလေ...။ ဒီနယ်မြေထဲမှာဆိုတော့ ဒီခရိုင်က ရဲတွေ လာရမှာ မဟုတ်ဘူးလား...။"
အဖွဲ့ခေါင်းဆောင်ကုန်းက ဒေါသတကြီးဖြင့် သူ၏စကားကို ဖြတ်ပြောလိုက်လေသည်။
"အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့... အခု သူ့ရဲ့ ကိုယ်ပိုင်အမှတ်နဲ့ ပခုံးပေါ်မှာ ကြယ်ဘယ်နှစ်ပွင့် ရှိလဲဆိုတာ သေချာကြည့်စမ်း...။"
ထိုအမိန့်ကို ကြားသောအခါ ရှန်းဆန်းအာသည် သူ၏ မျက်လုံးများကို ချက်ချင်း ပွတ်သပ်လိုက်ပြီး တန်ကော်ဟွာ ၏ ရင်ဘတ်ပေါ်ရှိ ရဲတံဆိပ်နှင့် ပခုံးပေါ်ရှိ ရာထူးတံဆိပ်ကို ဂရုတစိုက် ကြည့်လိုက်လေသည်။
ယခင်က အပြင်ဘက်တွင် အလွန် မှောင်မိုက်နေခဲ့သည်။ မည်သို့ပင်ဖြစ်စေ သန်းခေါင်ကျော်နေပြီ ဖြစ်ရာ ကောင်းကင်ကြီးမှာလည်း အမှောင်အတိ ကျနေခဲ့လေသည်။
စင်္ကြံလမ်းရှိ မီးရောင်များမှာလည်း အလွန်မှေးမှိန်သော အဝါရောင်အလင်းကိုသာ ထုတ်လွှင့်ပေးနေသည့် တန်စတင်မီးသီးဟောင်းများ ဖြစ်သဖြင့် သူ တကယ်ကို ရှင်းရှင်းလင်းလင်း မမြင်ရခြင်း ဖြစ်သည်။
သေသေချာချာ ကြည့်ပြီးနောက် ရှန်းဆန်းအာ၏ သူငယ်အိမ်များမှာ ရုတ်တရက် ကျုံ့ဝင်သွားပြီး သူ၏ စကားများမှာ ပို၍ပင် ထွက်လာရန် ခက်ခဲသွားတော့သည်။
"ကိုယ်ပိုင်အမှတ်က... (0X0001) တဲ့...။ ပခုံးပေါ်မှာ ကြယ်သုံးပွင့် ရှိတယ်...။"