အခန်း (၁၆၅-၁၆၆)
Vol. 17 Ch. 165-166
အခန်း (၁၆၅)
လောင်းကြေး
မှုန်ကုပ်ကုပ် ဆိုင်ရှင်၏ လှောင်ပြောင်ရယ်မောသံများကြားတွင် နင်ယွဲ့သည် သူမ၏ အောက်နှုတ်ခမ်းကို ဖွဖွ ကိုက်ကာ နောက်ဆုံးတွင် စကားစဆိုလိုက်လေသည်။
"ဒီကျောက်စိမ်းရဲ့ဈေးနှုန်းက ကိုးဆယ့်ခြောက်ကျောင်ပါ...။"
စကားဆုံးသည်နှင့်တစ်ပြိုင်နက် နင်ယွဲ့က ဆက်၍ ပြောလိုက်သည်။
"မဝယ်လည်း ရပါတယ်...။ တကယ်တော့ ဒီကျောက်စိမ်းတုံးက ကျွန်မဆိုင်မှာ ဈေးအကြီးဆုံးပါ...။ ကျွန်မဆီမှာ ဈေးပိုသက်သာတာတွေလည်း ရှိပါသေးတယ်...။ ရှင်ကြည့်ဖို့ သွားယူပေးပါ့မယ်...။"
သူမ စကားပင် မဆုံးလိုက်မီ လျန်ထျန်းက ဘဏ်ကတ်ကို ရှေ့သို့ တွန်းပို့လိုက်ပြီး မိမိဘာသာ ဆက်၍ ပြောနေ လေသည်။
"ဒါကိုပဲ ယူမယ် ပြီးတော့ ကိုးဆယ့်ခြောက်ကျောင် တည်းနဲ့တော့ ရောင်းလို့ မဖြစ်ဘူးလေ...။ အခု မင်းပေး တဲ့ဈေးက ဒီကျောက်စိမ်းရဲ့ အရင်းဈေး မဟုတ်လား...။"
"တကယ်တော့ ကျွန်တော့် ရုပ်ရည်ကိုကြည့်ပြီး အထင်မသေးပါနဲ့…။ ကျွန်တော်လည်း ကျောက်စိမ်းအကြောင်း နည်းနည်းပါးပါးတော့ နားလည်ပါတယ်...။ အခု မင်းဆီက ဒီကျောက်စိမ်းတုံးက သိုးဆီဥအဆင့်ရှိတဲ့ ဟယ်ထျန်း ကျောက်စိမ်းစစ်စစ်ပါ...။"
"ဒီကျောက်စိမ်းမျိုးရဲ့ ပေါက်ဈေးက အခုဆိုရင် တစ်ဂရမ်ကို ငါးကျောင် ခြောက်ကျောင်လောက် ရှိမယ်လို့ ခန့်မှန်းရတယ်...။"
"ပြီးတော့ လေးထောင့်ကျောက်စိမ်းပြား လုပ်လို့ရတဲ့ ဒီအုံးက အလေးချိန် ဂရမ်နှစ်ဆယ်ထက် မနည်းလောက်ဘူး ဆိုတော့ တော်တော်လေး ဈေးကြီးမှာပဲ...။"
"မင်းရဲ့ လုပ်အားခတွေ ဆိုင်စရိတ်တွေနဲ့ တခြား ကုန်ကျစရိတ်တွေကိုပါ ထည့်တွက်မယ်ဆိုရင် ဒီကျောက်စိမ်းတုံး ကို အမြတ်ရဖို့ အနည်းဆုံး နှစ်ယွမ်လောက်တော့ ရောင်းရမှာ မဟုတ်လား...။"
"စောစောက မင်းပြောခဲ့တဲ့ စကားတွေက ကျွန်တော့်ရင်ထဲကို တကယ် ထိရှသွားစေတယ်...။ ကျောက်စိမ်းဆို တာ ငွေကြေးဘယ်လောက် ကုန်ကျလဲဆိုတာနဲ့ ရိုးရိုးရှင်းရှင်း တိုင်းတာလို့ မရတဲ့ အရာမျိုးလေ...။"
"ဒါကြောင့် နောက်ဆုံးအနေနဲ့ ကံကောင်းစေမယ့် ဂဏန်းတစ်ခုကို သတ်မှတ်လိုက်ကြရအောင်၊ နှစ်ယွမ်နဲ့ ခြောက်ဆယ့်ခြောက်ကျောင် ဆိုရင်ရော ဘယ်လိုလဲ...။ ဒီဂဏန်းနဲ့ပဲ သွားလိုက်ကြစို့ ဒီဈေးက တော်တော်လေး ကောင်းတယ်လို့ ထင်ပါတယ် ကတ်သာ ဖြတ်လိုက်ပါတော့...။"
လျန်ထျန်း၏ ပြောင်းပြန် ဈေးဆစ်သည့် နည်းဗျူဟာကို ကြားလိုက်ရသောအခါ အလှပိုင်ရှင် ဆိုင်ရှင်လေး နင်ယွဲ့ နှင့် လမ်းတစ်ဖက်ရှိ မှုန်ကုပ်ကုပ် ဆိုင်ရှင်တို့ နှစ်ဦးစလုံးမှာ အံ့အားသင့်ကာ မှင်တက်သွားကြလေသည်။
သို့သော် ခေတ္တမျှ မှင်တက်သွားပြီးနောက် မှုန်ကုပ်ကုပ် ဆိုင်ရှင်မှာ ရုတ်တရက် တစ်စုံတစ်ရာကို သဘောပေါက် သွားကာ မထီမဲ့မြင်ဟန်ဖြင့် လှောင်ပြောင်လိုက်လေသည်။
"ချီး... နောက်ဆုံးကျ ပိုက်ဆံမပေးနိုင်ဘူးဆိုရင် အစက ပြောခဲ့တာတွေ အကုန်လုံးက ကြွားလုံးထုတ်နေတာ သက်သက်ပဲ မဟုတ်လား...။"
"အလှလေး နင်ယွဲ့...။ မင်း ကတ်မဖြတ်ခင် ဒီကောင်လေးက ဘာမှမဝယ်ဖို့ ဆင်ခြေတစ်ခုခု အသေအချာ ရှာလိမ့်မယ်လို့ ငါ လောင်းရဲတယ်...။"
"သူက သာမန် အစားအသောက် ပို့ဆောင်သူ တစ်ယောက်လေ နှစ်ယွမ်ကျော်ကို ဘယ်ကနေ သွားရမှာလဲ...။ တကယ်လို့ သူသာ ဒီနေ့ တကယ် ပေးနိုင်ခဲ့ရင် ငါ့ဆီက အဝိုင်းပုံ ကျောက်စိမ်းဆွဲကြိုးကို သူ့အတွက် အလကား ပေးလိုက်မယ်...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းသည် ချက်ချင်း လှည့်လာကာ မှုန်ကုပ်ကုပ် ဆိုင်ရှင်ကို လက်ညှိုးထိုး၍ ပြောလိုက်လေသည်။
"ကောင်းပြီ ခင်ဗျားဘာသာ ပြောတာနော်...။ ဒီနေရာက ဆိုင်တိုင်းမှာ စောင့်ကြည့်ကင်မရာတွေ ရှိတယ် ပြီးတော့ ခင်ဗျား အခုလေးတင် ပြောခဲ့တာတွေကိုလည်း မှတ်တမ်းတင်ထားမှာ သေချာတယ်...။ ဒါက သက်သေပဲဆို တော့ ခင်ဗျား စကားကို ပြန်ရုပ်သိမ်းလို့ မရတော့ဘူး...။"
လျန်ထျန်း၏ ရုတ်တရက် တုံ့ပြန်မှုကြောင့် မှုန်ကုပ်ကုပ် ဆိုင်ရှင်မှာ အံ့အားသင့်သွားရလေသည်။ သူသည် တစ်ဖက် လူက သူ၏စကားများကို အတည်ယူလိမ့်မည်ဟု တကယ်ကို မထင်ထားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏အမြင်တွင် အစားအသောက် ပို့ဆောင်သူ တစ်ဦး၌ ထိုမျှများပြားသော ငွေကြေး မျိုး အသေအချာ မရှိနိုင်ဟု ထင်မှတ်ထားသောကြောင့် ဖြစ်သည်။
တကယ်တမ်းတွင် ယခု လက်ရှိ နှစ်ယွမ်ဆိုသည်မှာ ကမ္ဘာပေါ်ရှိ ကုန်ဈေးနှုန်းများ အဆတစ်သန်း မကျဆင်းမီက ယွမ်နှစ်သန်းကျော်နှင့် ညီမျှနေသည် မဟုတ်ပါလား။ ထို့ကြောင့် သူသည် ဘာမျှမစဉ်းစားဘဲ ထိုစကားများကို လွတ်ခနဲ ပြောချလိုက်မိခြင်း ဖြစ်လေသည်။
လျန်ထျန်းက အလွန် အလေးအနက်ထားကာ စောင့်ကြည့်ကင်မရာ မှတ်တမ်းကိုပင် သက်သေအဖြစ် အသုံးပြု နေသည်ကို မြင်သောအခါ မှုန်ကုပ်ကုပ် ဆိုင်ရှင်မှာ စိတ်မသက်မသာ ဖြစ်သွားရတော့သည်။ သို့သော် မိမိပြောခဲ့ သော စကားကို ပြန်လည်ရုပ်သိမ်းလိုက်ပါက အနည်းငယ် ရှက်စရာကောင်းနေမည် ဖြစ်သည်။ အထူးသဖြင့် တစ်ဖက်လူမှာ အစားအသောက် ပို့ဆောင်သူ တစ်ဦး ဖြစ်နေသောကြောင့်ပင်။
ခေတ္တမျှ တွေဝေသွားပြီးနောက် မှုန်ကုပ်ကုပ် ဆိုင်ရှင်သည် အံကိုကြိတ်ကာ ရက်စက်သော လေသံဖြင့် ဆိုလိုက် သည်။
"ကောင်းပြီလေ...။ ဒါပေမဲ့ လောင်းကြေးတစ်ခု ဖြစ်နေတဲ့အတွက် ငါတစ်ယောက်တည်းက အလျော်ပေးနေရ မှာတော့ မဟုတ်ဘူးမလား...။"
"ပြီးတော့ မင်းက သာမန် အစားအသောက် ပို့ဆောင်သူ တစ်ယောက်ပဲ လောင်းကြေးရှုံးသွားရင် မင်းဆီမှာ ပိုက်ဆံ သိပ်ကျန်တော့မှာ မဟုတ်ဘူး..။ ဒါကြောင့် အလှလေး နင်ယွဲ့ကိုပဲ အဲ့ဒီ လောင်းကြေးကို ပေးစေချင် တယ်...။"
"အကယ်၍ မင်းက ဟယ်ထျန်းကျောက်စိမ်းတုံးကို ဝယ်ဖို့ နှစ်ယွမ်နဲ့ ခြောက်ဆယ့်ခြောက်ကျောင် ထုတ်မပေးနိုင် ဘူးဆိုရင် အဲ့ဒီ ကျောက်စိမ်းတုံးက ငါ့အပိုင် ဖြစ်သွားမယ်...။ ဘယ်လိုလဲ...၊ ကျောက်စိမ်းတစ်တုံးနဲ့ ကျောက်စိမ်း တစ်တုံး အလဲအထပ်လုပ်တာ တရားမျှတတယ် မဟုတ်လား...။"
“တရားမျှတတယ် ဟုတ်လား…။”
မှုန်ကုပ်ကုပ် ဆိုင်ရှင်၏ နောက်ဆုံးစကားက လျန်ထျန်းကို ရယ်ချင်စိတ် ပေါက်သွားစေလုမတတ် ဖြစ်သွားစေ သည်။ လျန်ထျန်းက သူ ကျောက်စိမ်းအကြောင်း နားလည်သည်ဟု ပြောခဲ့ရာတွင် သူ တကယ်ပင် နားလည်ခြင်း ဖြစ်သည်။ သူ ကျောင်းတက်နေစဉ်က အချိန်ပိုင်းအလုပ် လုပ်ခဲ့ပြီး အလွန် နာမည်ကြီးသော ကျောက်စိမ်းဆိုင် တစ်ဆိုင်တွင် အလုပ်လုပ်ခဲ့ဖူးရာ အရည်အသွေးမြင့် ကျောက်စိမ်း အမျိုးအစားစုံကို တွေ့မြင်ခဲ့ဖူးလေသည်။
ထိုအချိန်က လျန်ထျန်းတွင် ငွေကြေး မရှိခဲ့သဖြင့် ဝတ်ဆင်ရန် ကျောက်စိမ်းကောင်း တစ်တုံး ဝယ်ယူရန် မည် သည့်အခါကမျှ မတွေးခဲ့ဖူးပေ။ အရည်အသွေးညံ့သော ကျောက်စိမ်းများမှာလည်း ကျောက်ခဲတစ်လုံးနှင့် ဘာ မျှမကွာခြားသောကြောင့် နောက်ပိုင်းတွင် သူသည် ထိုအရာများနှင့် မည်သည့်အခါမျှ ထပ်မံ ထိတွေ့ခြင်း မရှိ တော့ပေ။
ကမ္ဘာပေါ်ရှိ ကုန်ဈေးနှုန်းများ အဆတစ်သန်း ပြုတ်ကျသွားပြီးနောက် မိမိ နားလည်ထားသော ကျောက်စိမ်းများ တွင် လျန်ထျန်း အဘယ်ကြောင့် ရင်းနှီးမြှုပ်နှံရန် မရွေးချယ်ခဲ့သနည်း ဆိုသော် ဤနယ်ပယ်အကြောင်းကို သူ အနည်းငယ် နားလည်ထားသောကြောင့်ပင် ရှောင်ကြဉ်ခဲ့ခြင်း ဖြစ်လေသည်။
ရွှေမှာ ဈေးရှိပြီး ကျောက်စိမ်းမှာ ဈေးဖြတ်၍ မရနိုင်ဟူသော ဆိုရိုးစကားအတိုင်းပင် ဖြစ်သည်။ ကျောက်စိမ်း၏ ဈေးနှုန်းမှာ အတက်အကျ ကြမ်းတမ်းလွန်းပြီး ပြန်လည်ရောင်းချရန် ခက်ခဲသောကြောင့် စွန့်စားမှုနည်းသော ရင်းနှီးမြှုပ်နှံမှုများအတွက် မသင့်တော်ပေ။
ဤအလှပိုင်ရှင် ဆိုင်ရှင်လေး နင်ယွဲ့ကဲ့သို့ပင် သူမ၏ ဆိုင်ရှိ ကျောက်စိမ်းများအားလုံးကို အရည်အသွေးမြင့် ကျောက်စိမ်းများအဖြစ် သတ်မှတ်နိုင်သည်။ အကယ်၍ ကျောက်စိမ်းအကြောင်း နားလည်သူ တစ်ဦးနှင့်သာ တွေ့ဆုံခဲ့ပါက သူမအနေဖြင့် မည်သည့် ဈေးနှုန်းဖြင့်မဆို ရောင်းချနိုင်ပေသည်။ သို့သော် အကယ်၍သာ မရောင်း ရပါက နောက်လအတွက် ဆိုင်ခန်းခကိုပင် ပေးနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ထိုအချိန်က လျန်ထျန်းအတွက် သူ၏ ငွေကြေးတချို့ကို တန်ဖိုး မကျဆင်းစေရန် ချက်ချင်း ရင်းနှီး မြှုပ်နှံလိုပါက ကျောက်စိမ်းမှာ ရွှေနှင့် အိမ်ခြံမြေကဲ့သို့သော တည်ငြိမ်သည့် ပိုင်ဆိုင်မှုများလောက် ဆွဲဆောင်မှု မရှိခဲ့ပေ။ မှုန်ကုပ်ကုပ် ဆိုင်ရှင်လေး စောစောက ပြောခဲ့သော တရားမျှတမှုအကြောင်းသို့ ပြန်ကောက်ရလျှင် သူက သူ၏ အဝိုင်းပုံ ကျောက်စိမ်းဆွဲကြိုးကို အလှပိုင်ရှင် ဆိုင်ရှင်လေး နင်ယွဲ့၏ ဟယ်ထျန်းကျောက်စိမ်းဖြင့် ပြုလုပ်ထားသော လေးထောင့်ကျောက်စိမ်းပြားနှင့် လောင်းကြေးထပ်ခဲ့ခြင်း ဖြစ်သည်။
တစ်ခုက ခြောက်ဆယ့်ရှစ်ကျောင်ဖြင့် ရောင်းချရပြီး နောက်တစ်ခုမှာ ထုတ်လုပ်စရိတ်ပင် တစ်ယွမ်နီးပါး ကုန်ကျ လေသည်။ ဤသည်က မည်သို့ တရားမျှတနိုင်မည်နည်း။ ထိုကျောက်စိမ်းဆွဲကြိုးမှာ အရည်အသွေး ကောင်းမွန် သော်လည်း လက်ရှိ ပေါက်ဈေးအရ ၎င်း၏ ကုန်ကျစရိတ်မှာ အများဆုံး တစ်ကျောင်မှ နှစ်ကျောင်ကြားသာ ရှိမည်ဖြစ် ကြောင်းကို လျန်ထျန်းက တစ်ချက်ကြည့်ရုံဖြင့် သတိထားမိပြီး ဖြစ်သည်။
မှုန်ကုပ်ကုပ်မျက်နှာနှင့် ဆိုင်ရှင်မှာ ဈေးနှုန်းသတ်မှတ်ရာတွင် တကယ်ကို လက်ရဲဇာတ်ရဲ ရှိလှပြီး အမြတ်ငွေ သုံးဆကျော်ကို ချက်ချင်းပင် တောင်းဆိုထားလေသည်။ ထို့ကြောင့် ထိုအဝိုင်းပုံ ကျောက်စိမ်းဆွဲကြိုးနှင့် ဟယ်ထျန်းကျောက်စိမ်းဖြင့် ပြုလုပ်ထားသော လေးထောင့်ကျောက်စိမ်းပြားတို့၏ တကယ့် တန်ဖိုးမှာ ဆယ်ဆ နီးပါးမျှ ကွာခြားနေခဲ့လေသည်။
ဤသည်မှာ အခြားသူတစ်ဦးတွင် ဆယ်ဖန်တန် ပစ္စည်းတစ်ခု ရှိနေချိန်၌ တစ်စုံတစ်ယောက်က သင့်ကို တစ်ယွမ်တန် ပစ္စည်းတစ်ခုဖြင့် လာရောက် လောင်းကြေးထပ်နေသည်နှင့် တူလေသည်။ မည်ကဲ့သို့သော တရားမျှတမှုမျိုး ဖြစ်နေသနည်း။
မှုန်ကုပ်ကုပ် ဆိုင်ရှင်၏ အရှက်မရှိသော မျက်နှာကို ကြည့်ကာ လျန်ထျန်းသည် ပထမဆုံး တွေဝေနေဟန် ဆောင်လိုက်ပြီး နှုတ်ဆိတ်နေလိုက်လေသည်။ ထိုအခြေအနေကို မြင်သောအခါ မှုန်ကုပ်ကုပ် ဆိုင်ရှင်က သူ လောင်းကြေး နိုင်သွားပြီဟု ထင်မှတ်ကာ တစ်ဖက်လူမှာ ဆက်လုပ်ရဲတော့မည် မဟုတ်ဟု တွေးလိုက်ပြီး ချက်ချင်းပင် ကြောက်ရွံ့မှု မရှိတော့သည့်ဟန်သို့ ပြောင်းလဲသွားလေသည်။
"ဘာလဲ... မင်းမှာ ပေးစရာ ပိုက်ဆံ မရှိတော့လို့ အခု ကြောက်ပြီး နောင်တရနေပြီလား...။ ဟားဟား…၊ ဒါမျိုး တော့ မရဘူးလေ...။"
"ဒီနေရာက ဆိုင်တိုင်းမှာ စောင့်ကြည့်ကင်မရာတွေ ရှိပြီး အသံတွေကိုလည်း မှတ်တမ်းတင်ထားနိုင်တယ်…။ အားလုံးက သက်သေပဲလို့ မင်း အခုလေးတင် ပြောခဲ့တာလေ...။"
"ငါ ဒီလောင်းကြေးကို လောင်းတယ်...။ မင်း သဘောမတူလို့ မရဘူး…။ အဲ့ဒီတော့ ငါတို့ အခုလေးတင် ပြောခဲ့ တဲ့အတိုင်းပဲ လုပ်ကြတာပေါ့...။ မင်း ပိုက်ဆံ ထုတ်မပေးနိုင်ဘူးဆိုရင် အဲ့ဒီ ကျောက်စိမ်းကို ငါ့ကို ပေး...။"
မှုန်ကုပ်ကုပ် ဆိုင်ရှင်မှာ သူ၏ ကတိစကားကို စတင် ဖောက်ဖျက်နေပြီဖြစ်သည်ကို မြင်သောအခါ လျန်ထျန်း သည် ဆက်လက် တွေဝေနေဟန်ဖြင့် ထစ်အစွာ ပြောလိုက်လေသည်။
"ခင်ဗျားရဲ့ ကျောက်စိမ်းက ဒီတစ်ခုလောက် တန်ဖိုးမရှိဘူးလေ ၊ ဒါကို ဘယ်လိုလုပ် တရားမျှတတယ်လို့ သတ်မှတ်နိုင်မှာလဲ...။ ဒါကြောင့် ကျွန်တော် လောင်းကြေးမလုပ်ဖို့ ရွေးချယ်တာက ယုတ္တိရှိပါတယ်...။"
လျန်ထျန်း စကားပင် မဆုံးလိုက်မီ မှုန်ကုပ်ကုပ် ဆိုင်ရှင်က ဆက်၍ ရွှတ်နောက်နောက် ပြောဆိုလေသည်။
"ဒါဆိုရင် ငါ့ဆိုင်တစ်ဆိုင်လုံးကို လောင်းကြေးထပ်မယ် အဲ့ဒါဆို ရပြီလား...။ ဘယ်လိုပဲဖြစ်ဖြစ် မင်းက နှစ်ယွမ် ကျော်ကို ထုတ်ပေးနိုင်မှာမှ မဟုတ်တာ…။ ငါက ဘာကို လောင်းရမှာ ကြောက်နေရမှာလဲ...။"
"မင်းက အမြဲတမ်း ကြွားလုံးထုတ်တတ်တဲ့ ကောင်ဆိုတာ ငါ သိပြီးသားပါ…။ ဒီတစ်ခါတော့ မင်းကို ပညာပေးရ မယ်...။ ဟီးဟီး နင်ယွဲ့... မင်းတော့ ဒီအစားအသောက်ပို့တဲ့ ငမွဲကောင်လေးကြောင့် ဒုက္ခရောက်ပြီပဲ...။"
"အခုတော့ မင်း သိလောက်ပြီပေါ့…။ ဒီဆင်းရဲသားတွေက သနားဖို့ လုံးဝ မတန်ဘူးဆိုတာကိုလေ...။ ဘာလို့ လဲဆိုတော့ သူတို့က ဆင်းရဲရုံတင် မကဘူး ကြွားလည်း ကြွားချင်ကြသေးတာကိုး...။"
"တကယ်လို့ မင်း အခု နောက်ဆုတ်ချင်ပြီး ဆက်မလောင်းချင်တော့ဘူးဆိုရင်လည်း ရပါတယ်...။ ငါ အရင်က တောင်းဆိုခဲ့တာကို သဘောတူပြီး ငါနဲ့ ရက်အနည်းငယ်လောက် အချိန်ဖြုန်းပေးလိုက်ရင် ရပြီလေ ဘယ်လို လဲ...။ ဟီးဟီးဟီး...။"
မှုန်ကုပ်ကုပ် ဆိုင်ရှင်မှာ ပါးနပ်လွန်းလှပေသည်။ နင်ယွဲ့ တစ်ခွန်းမျှ မဟရသေးမီမှာပင် သူမ၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးကာ သူ၏ ယုတ်မာသော အတွေးများကို ထုတ်ဖော်ပြသလိုက်လေသည်။ ထိုလောင်းကြေးကို မည်သည့်အခါကမျှ သဘောမတူခဲ့သော နင်ယွဲ့က တစ်စုံတစ်ရာ ပြောရန် ဟန်ပြင်လိုက်စဉ် လျန်ထျန်းက သူမကို တားဆီးလိုက်လေသည်။
လျန်ထျန်း၏ နှုတ်ခမ်းထက်တွင် ကျေနပ်သွားသော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
"ကောင်းပြီ...၊ ဒီလောင်းကြေးကို ခင်ဗျားက အတင်းအကျပ် လုပ်ခဲ့တာနော်။ ပြီးတော့ ခင်ဗျားရဲ့ ဆိုင်တစ်ဆိုင်လုံး ကို လောင်းကြေးထပ်မယ်လို့ ပြောခဲ့တာ...။"
ထို့နောက် လျန်ထျန်းသည် အလှပိုင်ရှင် ဆိုင်ရှင်လေးဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။
"နင်ယွဲ့... မင်း အခု ကတ်ဖြတ်လို့ ရပါပြီ...။ အရင်က ငါပြောခဲ့တဲ့ ဈေးနှုန်းဖြစ်တဲ့ နှစ်ယွမ်နဲ့ ခြောက်ဆယ့်ခြောက် ကျောင်ကိုပဲ ဖြတ်လိုက်ပါ...။"
"ကတ်ဖြတ်ပြီးသွားရင် ဒီလောင်းကြေး ပြီးမြောက်သွားအောင် သူ့ကို ငွေရှင်းဖြတ်ပိုင်း ပြလိုက်ပါ...။"
အခန်း (၁၆၆)
သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
လျန်ထျန်း၏ မျက်နှာထက်မှ အပြုံးကို မြင်လိုက်ရသောအခါ မျက်နှာချင်းဆိုင်ရှိ မှုန်ကုပ်ကုပ် ဆိုင်ရှင်မှာ ရုတ်တရက် ကျောချမ်းသွားရလေသည်။
သူ တစ်စုံတစ်ရာ မပြောနိုင်မီမှာပင် အလှပိုင်ရှင် ဆိုင်ရှင်လေး နင်ယွဲ့သည် လျန်ထျန်း၏ တိုက်တွန်းမှုကြောင့် ကတ်ကို ဖြတ်လိုက်ပြီ ဖြစ်လေ၏။
“တီ တီ တီ…”
နင်ယွဲ့၏ ပြူးကျယ်နေသော မျက်လုံးများနှင့် တစ်ဖက်ရှိ မှုန်ကုပ်ကုပ် ဆိုင်ရှင်၏ မယုံကြည်နိုင်သော မျက်နှာ ထားတို့ကြားတွင် အောင်မြင်စွာ ငွေပေးချေပြီးကြောင်း ပြေစာတစ်ရွက် ထွက်ကျလာခဲ့လေသည်။
အမှန်တကယ်တော့ နင်ယွဲ့သည် ဤလောင်းကြေးတွင် ပါဝင်ရန် မည်သည့်အခါကမျှ မရည်ရွယ်ခဲ့သလို နှစ်ယွမ်ကျော်သာရှိသော ဤငွေပေးချေမှုမှာ အောင်မြင်စွာ ပြေစာထွက်လာလိမ့်မည်ဟုလည်း မယုံကြည်ရဲ ခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ လျန်ထျန်းသည် အစားအသောက်ပို့ဆောင်သူ၏ ဝတ်စုံကို ဝတ်ဆင်ထားပြီး နှစ်ယွမ် ကျော်ကို ထုတ်ပေးနိုင်မည့်သူနှင့် လုံးဝ မတူသောကြောင့် ဖြစ်သည်။
သို့သော် လျန်ထျန်း ပြောဆိုသမျှ စကားတိုင်းက သူမကို ခြွင်းချက်မရှိ ယုံကြည်သွားစေသည့် ထူးဆန်းသော ခံစားချက်တစ်ခုကို ပေးစွမ်းနေခဲ့လေသည်။
ထို့ကြောင့် ယခု ပြေစာထွက်လာသောအခါ နင်ယွဲ့သည် အံ့အားသင့်သွားရသကဲ့သို့ ဖြစ်သင့်ဖြစ်ထိုက်သည်ဟု လည်း ခံစားနေရကာ သူမ၏ စိတ်ခံစားချက်များမှာ လွန်စွာ ရှုပ်ထွေးနေခဲ့လေသည်။
လမ်းတစ်ဖက်ရှိ မှုန်ကုပ်ကုပ် ဆိုင်ရှင်မှာမူ အလွန်တရာ အံ့အားသင့်လျက် မယုံကြည်နိုင် ဖြစ်နေတော့သည်။
"စက်ပျက်နေတာ ဖြစ်ရမယ်...။ အစားအသောက်ပို့တဲ့ ငမွဲကောင်က ဘယ်လိုလုပ်ပြီး နှစ်ယွမ်ကျော်ဆိုတဲ့ ငွေကြေးအမြောက်အမြားကို ပေးနိုင်မှာလဲ...။"
လျန်ထျန်းက ပြေစာကို ကိုင်ကာ သူ့ကို လက်ယပ်ခေါ်လိုက်လေသည်။
"ဒီကို လာခဲ့...၊ လာကြည့်လိုက်ရင် စက်ပျက်နေတာလား၊ ဒါမှမဟုတ် ငါ တကယ်ပဲ နှစ်ယွမ်ကျော်ကို ရှင်းလိုက် တာလား ဆိုတာ သိရမှာပေါ့...။"
လျန်ထျန်းက ဆက်မပြောရသေးမီမှာပင် မှုန်ကုပ်ကုပ် ဆိုင်ရှင်သည် ဒယိမ်းဒယိုင်ဖြင့် ရောက်လာကာ ပြေစာကို လုယူ၍ သေချာစွာ ကြည့်ရှုလေတော့သည်။
ပြေစာတွင် အမှန်တကယ်ပင် အောင်မြင်စွာ ငွေပေးချေပြီးကြောင်းနှင့် ပမာဏမှာလည်း နှစ်ယွမ်နှင့် ခြောက် ဆယ့်ခြောက်ကျောင် ဖြစ်နေကြောင်းကို သူ မြင်တွေ့လိုက်ရလေသည်။
"အား..."
မှုန်ကုပ်ကုပ် ဆိုင်ရှင်မှာ လန့်ဖြန့်သွားသကဲ့သို့ ရုတ်တရက် အော်ဟစ်လိုက်လေသည်။
ထို့နောက် ပြေစာကို ပစ်ချကာ လျန်ထျန်းအား ဒေါသတကြီးဖြင့် အော်ဟစ်လိုက်လေတော့သည်။
"မဖြစ်နိုင်ဘူး...၊ ငါ မယုံသေးဘူး...။"
"ဒီမှာ တစ်ခုခု လွဲမှားနေတာ သေချာတယ်...။ မင်းတို့အားလုံး ပေါင်းပြီး ငါ့ကို ထောင်ချောက်ဆင်နေကြတာ မဟုတ်လား...။"
ထို့နောက် သူသည် နင်ယွဲ့ဘက်သို့ လှည့်ကာ ဆက်၍ အော်ဟစ်ပြန်လေသည်။
"နင် သူ့ကို သိတယ် မဟုတ်လား...။ အရှက်မရှိတဲ့ မိန်းမ...၊ နင်က ငါ့ကို လိမ်ဖို့ တခြားလူနဲ့တောင် ပူးပေါင်းနေ တယ်ပေါ့...။ နင် ငါ့ဆိုင်ကို မျက်စိကျနေတာ ကြာပြီပဲ...၊ ငါ နင့်ကို ဒီအတိုင်း လွှတ်မထားဘူး...။"
ရူးသွပ်နေသော မှုန်ကုပ်ကုပ် ဆိုင်ရှင်ကို ရင်ဆိုင်ရင်း လျန်ထျန်းသည် နင်ယွဲ့၏ ရှေ့သို့ တက်ရပ်ကာ ပြုံးလိုက် လေသည်။
"ကျေးဇူးပြုပြီး ငါ ဒီကို ဘယ်လိုရောက်လာလဲ ဆိုတာ မင်း မသိဘူးလား...။"
"လွန်ခဲ့တဲ့ ဆယ်မိနစ်လောက်က မင်းဆီကို အစားအသောက် လာပို့တာလေ...။ လမ်းကြုံလို့ မင်းဆီက ကျောက်စိမ်း တစ်တုံး ဝယ်မလို့ လုပ်တာကို မင်းက ငါ့ကို နှင်ထုတ်ခဲ့တယ်လေ...။"
"အဲ့ဒါနဲ့ ငါ ဒီမှာ ကျောက်စိမ်းလာဝယ်တာကို မင်းက သရော်တဲ့စကားတွေ ဆက်ပြောနေရုံတင်မကဘူး မင်းဆိုင် ကိုပါ လောင်းကြေးထပ်ပြီး လောင်းကြေး လုပ်ခဲ့သေးတယ် မဟုတ်လား...။"
"အစကနေ အဆုံးထိ မင်းကိုယ်မင်း ဖန်တီးခဲ့တာချည်းပါပဲ...။ မင်း မယုံဘူးဆိုရင် ဒီဆိုင်က စောင့်ကြည့် ကင်မရာ တွေကို ပြန်ကြည့်လို့ ရပါတယ်…၊ အဲ့ဒါတွေက သက်သေတွေချည်းပဲ...။"
လျန်ထျန်း၏ စကားများအပြီးတွင် မှုန်ကုပ်ကုပ် ဆိုင်ရှင်မှာ ဆွံ့အသွားရလေသည်။
သို့သော် နောက်သို့ ခြေနှစ်လှမ်းဆုတ်ကာ စိတ်တည်ငြိမ်သွားပြီးနောက် အခြေအနေကို သဘောပေါက်သွားပြီး ချက်ချင်းပင် အရှက်မရှိစွာ ပြန်လည်ပြုမူတော့သည်။
"အဲ့ဒီ လောင်းကြေးက အကျုံးမဝင်ဘူး...။ ဗီဒီယို သက်သေ ရှိတော့ရော ဘာဖြစ်လဲ...။"
"စာချုပ်စာတမ်း ဒါမှမဟုတ် သဘောတူညီချက် မှတ်တမ်းမှ မရှိတာ ငါ အသိအမှတ် မပြုဘူးလေ...။ မင်း ငါ့ကို ဘာလုပ်နိုင်မှာလဲ...။ မင်း ငါ့ကို တရားစွဲလို့ မရဘူး မဟုတ်လား...။"
ထိုစကားကို ကြားသောအခါ လျန်ထျန်းက သူ့ကို လက်မထောင်ပြလိုက်သည်။
"ဟေး... အဲ့ဒါက အကြံကောင်းပဲ...။ ငါ အရင်က ဘာလို့ မတွေးမိပါလိမ့်...။ သတိပေးတဲ့အတွက် ကျေးဇူးပဲ...။"
ထိုသို့ပြောပြီးနောက် လျန်ထျန်းသည် ဖုန်းကို ထုတ်ကာ သူ၏ အဆက်အသွယ်များထဲမှ နာမည်ကြီး ဥပဒေ အကျိုးဆောင်ကုမ္ပဏီ၏ ဖုန်းနံပါတ်ကို ခေါ်လိုက်လေသည်။
မကြာမီပင် အမှုနိုင်ခြေ ကိုးဆယ်ရာခိုင်နှုန်းကျော်ရှိသော ရှေ့နေဝုမ်က စပီကာမှတစ်ဆင့် မှုန်ကုပ်ကုပ် ဆိုင်ရှင် အား စကားပြောလာလေသည်။
"ကျွန်တော့် အမှုသည် ပြောပြတဲ့ ကိစ္စရပ်တွေကို သေချာ ကြားသိပြီးပါပြီ။ အခု ခင်ဗျားကို အသေးစိတ် ပြောပြ ပါ့မယ်...။"
"ဒီကိစ္စရဲ့ အဓိကအချက်က စာချုပ်စာတမ်း ဒါမှမဟုတ် သဘောတူညီချက် ရှိမရှိကို ငြင်းခုံဖို့ မဟုတ်ဘဲ နှစ်ဦး နှစ်ဖက် သဘောတူညီမှု ရမရနဲ့ ကမ်းလှမ်းမှုနဲ့ လက်ခံမှု ရှိမရှိဆိုတာကို ကြည့်ရမှာပါ...။"
"အကယ်၍ နှစ်ဦးနှစ်ဖက်ရဲ့ အစစ်အမှန် ဆန္ဒသဘောထား ဖြစ်ပြီး သဘောတူညီချက်ကို လိုက်နာဖို့ အာမခံနိုင် ကြောင်း သက်သေ အထောက်အထား ရှိတယ်ဆိုရင် နှုတ်နဲ့ဖြစ်စေ စာနဲ့ဖြစ်စေ အသိအမှတ်ပြုထားတာကို စာချုပ်အဖြစ် သတ်မှတ်ပါတယ်...။"
"ဒီအချိန်မှာ တစ်ဖက်ဖက်က စာချုပ်ကို ဖောက်ဖျက်ခဲ့ရင် ကျန်တစ်ဖက်က နစ်နာကြေး တောင်းခံဖို့ တရားစွဲဆို ခွင့် ရှိပါတယ်...။ ပြီးတော့ ဒီကိစ္စကို မျက်မြင်သက်သေအဖြစ် တတိယလူတစ်ဦးလည်း ရှိနေပါတယ်...။ ကျွန်တော်တို့ ဒီအမှုကို အနိုင်ရဖို့ ယုံကြည်ချက် ရှိပါတယ်...။"
ထိုစကားကို ကြားသောအခါ အနီးတွင် ရပ်နေသော နင်ယွဲ့သည် ချက်ချင်း ရှေ့သို့ တိုးလာကာ ဝင်ပြောလိုက် လေသည်။
"ဟုတ်ပါတယ်...၊ ကျွန်မ သက်သေခံနိုင်ပါတယ်...။"
ထိုစကားကို ကြားပြီးနောက် မှုန်ကုပ်ကုပ် ဆိုင်ရှင်မှာ ထိတ်လန့်သွားသော်လည်း စိတ်တည်ငြိမ်သွားပြီးနောက် သူ၏ အရှက်မရှိမှုကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်။
"မင်း ငှားထားတဲ့ ရှေ့နေကို ငါ မယုံဘူး...။ ငါ ရဲတိုင်မယ်...၊ ဒီလိုကိစ္စမျိုးကို ရှေ့နေက အသိအမှတ်ပြုလိမ့်မယ်လို့ ငါ မယုံဘူး...။"
လျန်ထျန်းက ပခုံးတွန့်ကာ ဆက်၍ ပြုံးနေလိုက်သည်။
"တိုင်ချင်ရင် တိုင်လိုက်လေ...၊ ငါလည်း ရဲစခန်းမှာ သိတဲ့သူ တချို့ ရှိပါတယ်...။"
မိနစ်နှစ်ဆယ်ခန့် စောင့်ဆိုင်းပြီးနောက် ရဲအရာရှိများ ရောက်ရှိလာခဲ့လေသည်။
မှုန်ကုပ်ကုပ် ဆိုင်ရှင်သည် လျန်ထျန်းအား လက်ညှိုးထိုးကာ သူတို့က သူ့ကို လိမ်လည်ရန် ကြံစည်နေကြောင်းနှင့် လိမ်လည်သူများ ဖြစ်ကြောင်း ရဲအရာရှိများအား ချက်ချင်းပင် တိုင်တန်းတော့သည်။
သို့သော် စောင့်ကြည့်ကင်မရာ ဗီဒီယို၊ အသံဖမ်းမှတ်တမ်းများနှင့် အခြားသက်သေများကို စစ်ဆေးပြီးနောက် ဇာတ်ကြောင်းတစ်ခုလုံးကို အပြည့်အဝ နားလည်သွားသော ဦးဆောင်ရဲအရာရှိက မှုန်ကုပ်ကုပ် ဆိုင်ရှင်အား အေးစက်စွာ ဆိုလိုက်လေသည်။
"ဒါက အရပ်ဘက် အငြင်းပွားမှုတစ်ခုပါ...။ ခင်ဗျားတို့ အချင်းချင်း အရင် ဖြေရှင်းကြည့်သင့်တယ်...၊ တကယ်လို့ မဖြေရှင်းနိုင်ဘူးဆိုရင်တော့ မစ္စတာလျန်ရဲ့ ဆန္ဒအတိုင်း တရားစွဲဆိုတဲ့ လုပ်ငန်းစဉ်ကိုသာ ဆက်လုပ်ပါ...။"
သူတို့ ထွက်ခွာသွားချိန်တွင် ဦးဆောင်ရဲအရာရှိက လျန်ထျန်းအား အလေးပြုကာ ဆိုလိုက်သည်။
"မစ္စတာလျန်...၊ ညွှန်ကြားရေးမှူးတန်က တခြားကိစ္စတွေနဲ့ အလုပ်များနေလို့ သည်တစ်ခေါက် မလာနိုင်ခဲ့ ပါဘူး...။ ဒါကြောင့် ကျွန်တော့် ကို မစ္စတာလျန်ဆီ နှုတ်ခွန်းဆက်စကား ပါးလိုက်ပါတယ်...။"
မှုန်ကုပ်ကုပ် ဆိုင်ရှင်မှာ မှင်တက်သွားရလေသည်။ အစားအသောက် ပို့ဆောင်သူနှင့် တူသော ကောင်လေးတွင် ရဲစခန်း၌ သူငယ်ချင်း ရှိနေရုံမျှမက ထိုသူမှာ ညွှန်ကြားရေးမှူးပင် ဖြစ်နေလိမ့်မည်ဟု သူ မည်သည့်အခါကမျှ မထင်ထားခဲ့ပေ။
ဤအရာများအားလုံး ပြီးဆုံးသွားပြီးနောက် မှုန်ကုပ်ကုပ် ဆိုင်ရှင်မှာ လုံးဝ မျှော်လင့်ချက်မဲ့သွားကာ မြေပြင် ပေါ်သို့ အရုပ်ကြိုးပြတ် ခွေကျသွားပြီး အလွန်တရာ စိတ်ဓာတ်ကျနေပုံ ပေါက်နေလေသည်။
ထိုစဉ် လျန်ထျန်းသည် အဝိုင်းပုံ ကျောက်စိမ်းဆွဲကြိုးကို ကောက်ယူကာ မှုန်ကုပ်ကုပ် ဆိုင်ရှင်ရှေ့တွင် ရမ်းပြ လိုက်လေသည်။
"တကယ်တော့ ငါက သဘောကောင်းတဲ့သူပါ...။ လူတစ်ယောက်ကို ချောက်ကမ်းပါးစွန်းအထိ တွန်းပို့မှာ မဟုတ်ပါဘူး...။"
"ဒီလိုလုပ်မယ်...။ ငါ မင်းကို အခွင့်အရေး တစ်ခု ပေးမယ်...။ မင်းဆိုင်မှာ တန်ဖိုးအကြီးဆုံး ကျောက်စိမ်းက ဒီတစ်တုံးပဲ ရှိတယ်လို့ ငါထင်တယ်...။"
"ဒါကို မင်းဆီ ပြန်ပေးမယ်...၊ ဒါမှ မင်း ဒါကို ရောင်းပြီး နောင်တစ်ချိန်မှာ ပြန်လည် ထူထောင်နိုင်မယ့် အခွင့် အရေး ရနိုင်မှာပေါ့...။"
"ဒါပေမဲ့ မင်းက အချက်နှစ်ချက်ကိုတော့ သဘောတူရမယ်...။ ပထမအချက်က ဒီနေ့ကစပြီး စီးပွားရေးကို ရိုးရိုး သားသား လုပ်ရမယ်၊ ကောက်ကျစ်စဉ်းလဲတဲ့ အလုပ်တွေကို မလုပ်ရဘူး...။ ပြီးတော့ နင်ယွဲ့လို မိန်းကလေး တွေကို နောက်ထပ် မနှောင့်ယှက်ရဘူး...။"
"ဒုတိယ အချက်ကတော့..."
ဤနေရာတွင် လျန်ထျန်းက တမင်တကာ ရပ်လိုက်ရာ မှုန်ကုပ်ကုပ် ဆိုင်ရှင်မှာ ဒုတိယအချက်မှာ အလွန် ပြင်းထန်မည်ကို စိုးရိမ်ကာ ကြောက်ရွံ့စိုးရိမ်နေလေသည်။
သို့သော် လျန်ထျန်းက အမှန်တကယ် ပြောလိုက်သောအခါ သူ ချက်ချင်း ထုံပေသွားရလေသည်။
လျန်ထျန်းက ဤသို့ ပြောလိုက်သည်ကိုသာ ကြားလိုက်ရလေသည်။
"စောစောက ငါပို့ခဲ့တဲ့ အစားအသောက်အတွက် ကြယ်ငါးပွင့် မှတ်ချက် ပေးလိုက်ပါ...။ ဒီအချက်ကို မှတ်ထား ပြီး နောက်ဘယ်တော့မှ ဘယ်သူ့ကိုမှ အထင်မသေးပါနဲ့...။"
ဒုတိယအချက်မှာ အစားအသောက်ပို့သည်ကို ကြယ်ငါးပွင့် မှတ်ချက် ပေးရန်သာ ဖြစ်လေသည်။
ထိုစကားကို ကြားသောအခါ မှုန်ကုပ်ကုပ် ဆိုင်ရှင်မှာ လက်တွေ့မဆန်ဟု ခံစားလိုက်ရပြီး သူ နားကြားလွဲသွား သည်လားဟုပင် သံသယ ဝင်သွားလေသည်။
လျန်ထျန်းက သူ့ကို တိုက်တွန်းကာ ထပ်မံ ပြောဆိုလာမှသာ သူ နားကြားလွဲခြင်း မဟုတ်ကြောင်းကို ယုံကြည် သွားပြီး ချက်ချင်းပင် ဖုန်းကို ထုတ်ကာ အစားအသောက်ပို့ဆောင်မှုအတွက် ကြယ်ငါးပွင့် မှတ်ချက် ပေးလိုက် လေတော့သည်။
ထို့နောက် လျန်ထျန်းသည် အဝိုင်းပုံ ကျောက်စိမ်းဆွဲကြိုးကို သူ့ထံ အမှန်တကယ် ပြန်ပေးလိုက်လေသည်။
ကြယ်ငါးပွင့် မှတ်ချက်တစ်ခုက တစ်ယွမ်ကျော်သာ တန်ဖိုးရှိသော ကျောက်စိမ်းဆွဲကြိုး တစ်ကုံးကို အမှန် တကယ် ရရှိစေခဲ့လေသည်။
မှုန်ကုပ်ကုပ် ဆိုင်ရှင်သည် လျန်ထျန်း စိတ်ပြောင်းသွားမည်ကို စိုးရိမ်သဖြင့် သူ၏ဆိုင်ကိုပင် လှည့်မကြည့်ဘဲ အမြန် ထကာ ပြေးထွက်သွားလေတော့သည်။
ဪ... ယခု လျန်ထျန်း ပိုင်ဆိုင်သွားပြီဖြစ်သော သူ၏ ဆိုင်ဟောင်းဟု ဆိုရမည် ဖြစ်သည်။
ထိုစဉ် အလှပိုင်ရှင် ဆိုင်ရှင်လေး နင်ယွဲ့သည် အနောက်မှ လျှောက်လာကာ ထုပ်ပိုးထားသော ဟယ်ထျန်း ကျောက်စိမ်းဆွဲကြိုးကို အပြုံးဖြင့် ကမ်းပေးလိုက်လေသည်။
"မစ္စတာလျန်... ဒါက ရှင့်ရဲ့ ကျောက်စိမ်းဆွဲကြိုးပါ...။"