အခန်း (၃၅၀-၃၅၁)
Vol. 34 Ch. 350-351
အခန်း (၃၅၀) ယိုင်နဲ့နေသော ကောင်းကင်ယံကို ထိန်းမတ်ခြင်း
ရှင်းရှင်းကျောက်က လျင်မြန်စွာ ပြေးလွှားနေစဉ် ရုတ်တရက် ရပ်တန့်သွား၏။ ဌာနေပြန် ဓားမျက်လုံးမှတစ်ဆင့် မရင်းနှီးသော ပုံရိပ်နှစ်ခုကို သူ မြင်လိုက်ရသည်။ ဌာနေပြန် ဓားမျက်လုံးမှ ထွက်ပေါ်လာသော အရှိန်အဝါက အလွန် အားကောင်းပြီး အသစ်ရောက်လာသူများတွင် များပြားလှသော ခွန်အားများ ရှိနေကြောင်း ရှင်းလင်းစွာ ဖော်ပြနေ၏။
"အကူအညီတွေတောင် ပါသေးတယ်ပေါ့လေ..."
ရှင်းရှင်းကျောက်၏ မျက်နှာက မည်းမှောင်သွားသည်။ တစ်ခဏမျှ စဉ်းစားပြီးနောက် သူက လျင်မြန်စွာ လှုပ်ရှား၍ လိုက်လံ ဖမ်းဆီးမှုကို ဆက်လက် ပြုလုပ်ခဲ့၏။
မိုင်အနည်းငယ်မျှသာ ဖြတ်သန်းပြီးနောက် ရှင်းရှင်းကျောက်က သူ၏ စိတ်ထဲတွင် ချီအရှိန်အဝါ နှစ်ခုကို အာရုံခံမိလိုက်သည်။
ရှင်းရှင်းကျောက်၏ အမူအရာက တောက်ပလာ၏။ သူ့ကို ဤမျှ လွယ်ကူစွာ အမီလိုက်နိုင်ခဲ့သဖြင့် သူ့ကို ကူညီပေးမည့်သူမှာ သိပ်ပြီး အစွမ်းထက်ပုံ မပေါ်ချေ။
ရှင်းရှင်းကျောက်၏ ခြေလှမ်းများက လျှောတိုက်သွားပြီး သူ၏ ပုံရိပ်က ဝေဝါးသွားကာ ပို၍ မြန်ဆန်သော အမြန်နှုန်းဖြင့် အမီလိုက်သွား၏။
သို့သော် သူ နီးကပ်လာသည်နှင့်အမျှ ရှင်းရှင်းကျောက်၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားသည်။ ထိုနှစ်ဦး ပေးစွမ်းသော ချီအရှိန်အဝါ ခံစားချက်က အနည်းငယ် မှားယွင်းနေသည်။
ရှင်းရှင်းကျောက် အဖြေမရှာနိုင်မီမှာပင် သူ၏ အရှေ့တွင် ပုံရိပ်သုံးခုကို မြင်လိုက်ရပြီ ဖြစ်၏။ ဤအခိုက်အတန့်တွင် သူတို့ကြားရှိ အကွာအဝေးမှာ တစ်မိုင်အောက်သာ ရှိတော့သည်။
ရှင်းရှင်းကျောက်၏ မသက်မသာ ခံစားချက်က ပိုမို အားကောင်းလာ၏။ သူ ရပ်တန့်ရန် ပြင်လိုက်စဉ် ရုတ်တရက် အရှေ့မှ ပုံရိပ်နှစ်ခုက သူ့ထံသို့ အဟုန်ပြင်းစွာ ပြေးဝင်လာသည်ကို မြင်လိုက်ရသည်။
ရှင်းရှင်းကျောက်က တစ်မိုင်ခန့် အရှေ့သို့ တိုးလာခဲ့စဉ် ထိုလူနှစ်ဦးက ဆန့်ကျင်ဘက် လမ်းကြောင်းမှ အဟုန်ပြင်းစွာ ပြန်လည် ပြေးဝင်လာခဲ့၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ကြားရှိ အကွာအဝေးမှာ မီတာ ၁၀၀ အောက်သို့ ကျဆင်းသွားသည်။ ဤအကွာအဝေးတွင် ရှင်းရှင်းကျောက်က ထိုလူနှစ်ဦး၏ ရုပ်ရည်ကို ချက်ချင်း မြင်လိုက်ရပြီး သူ၏ အမူအရာက ပြင်းထန်စွာ ပြောင်းလဲသွား၏။
ရှင်းရှင်းကျောက်က ချွီချင်းရှန်းနှင့် ကျိုးကျိရွှမ်းတို့ကို မှတ်မိနေ၏။ ယွမ်ချန်ဓားဂိုဏ်း၏ ကျင့်စဉ် ခြောက်ခုကို ပိုင်ဆိုင်ထားသဖြင့် ယွမ်ချန်ဓားဂိုဏ်းမှ လူများကို ရှင်းရှင်းကျောက်က မည်သို့ ဂရုမစိုက်ဘဲ နေနိုင်မည်နည်း။
ရှင်းရှင်းကျောက်သည် နှစ်ဖက် တွေ့ဆုံနိုင်မည့် အခြေအနေ အမျိုးမျိုးကို စဉ်းစားခဲ့ဖူးသော်လည်း ဤအခြေအနေမျိုး အောက်တွင် တွေ့ဆုံရမည် ဟု မထင်ထားပေ။
ပို၍ အရေးကြီးသည်မှာ ယွမ်ချန်ဓားဂိုဏ်းမှ အစွမ်းအထက်ဆုံး ကျင့်ကြံသူ နှစ်ဦးစလုံး ဤနေရာတွင် တစ်ချိန်တည်း မည်သို့ ပေါ်လာနိုင်သနည်း။
ကျိုးကျိရွှမ်းက တစ်ကဏ္ဍ ဖြစ်သော်လည်း ချွီချင်းရှန်းမှာမူ ယွမ်ချန်ဓားဂိုဏ်း၏ ဂိုဏ်းချုပ် တစ်ဦးအနေဖြင့် နတ်တိမ်မြို့ရှိ အခြေအနေများ အကြောင်းကို ရဲရဲဝံ့ဝံ့ ထုတ်ဖော် ပြောဆိုရဲသူ ဖြစ်၏။
ရှင်းရှင်းကျောက်က သူ၏ ညာဖက်ခြေထောက်ဖြင့် အရှေ့သို့ လှမ်း၍ လျင်မြန်စွာ နောက်ဆုတ်လိုက်သည်။ ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့် ပြိုင်ဘက် နှစ်ဦးကို တစ်ယောက်တည်း ရင်ဆိုင်ရမည် ဖြစ်သဖြင့် ရှင်းရှင်းကျောက်က ဝင်ရောက် တိုက်ခိုက်ရန် မဝံ့ရဲဘဲ သဘာဝကျစွာပင် ချက်ချင်း ထွက်ခွာရမည် ဖြစ်၏။
"သူခိုးကောင်... မင်း ဘယ်ကိုပြေးချင်နေတာလဲ..."
ကျိုးကျိရွှမ်းက အော်ဟစ်လိုက်ပြီး ချန်ဖေး၏ စကားများကို ကြားပြီးကတည်းက သူ၏ အတွင်း၌ ဒေါသလှိုင်းများ မြင့်တက်လာသည်ကို ခံစားနေရ၏။ မည်သည့် ဂိုဏ်းအတွက်မဆို ကျင့်စဉ် အမွေအနှစ်သည် အရေးအကြီးဆုံး အရာဖြစ်သည်။
ဂိုဏ်းများစွာသည် ပျောက်ဆုံးသွားသော ကျင့်စဉ်တစ်ခုကို ပြန်လည်ရယူရန်အတွက် အစွမ်းကုန် ကြိုးပမ်းကြမည် ဖြစ်သော်လည်း ဌာနေပြန်ဓားမျှော်စင်တွင်မူ ယွမ်ချန်ဓားဂိုဏ်းမှ ကျင့်စဉ် စုစုပေါင်း ခြောက်ခုကို သိမ်းဆည်းထား၏။
ချွီချင်းရှန်းက ရှင်းရှင်းကျောက်ကို ကြည့်၍ သူ၏ ဝိညာဉ်ဓားကို အရှေ့သို့ ထိုးချိန်လိုက်ရာ အမည်းရောင် ဓားအစီအရင် တစ်ခုက ရှင်းရှင်းကျောက်ကို လွှမ်းခြုံသွားသည်။
ရှင်းရှင်းကျောက်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ သူ၏ လက်ထဲရှိ ဝိညာဉ်ဓားက စူးရှသော အလင်းတန်းတစ်ခု ထုတ်လွှတ်လိုက်ပြီး ဧရာမ ပုံရိပ်ယောင် ဓားအရိပ်ကြီး တစ်ခု ကောင်းကင်သို့ ထိုးတက်သွားကာ ကျုံးယွမ် ဓားအစီအရင်ကို တားဆီး၍ ကျဆင်းမလာနိုင်အောင် ပြုလုပ်လိုက်သည်။
ဤအခွင့်အရေးကို အသုံးချ၍ ရှင်းရှင်းကျောက်က လျှင်မြန်စွာ နောက်ဆုတ်သွား၏။
အကယ်၍ အဆင့်တူ ကျင့်ကြံသူ နှစ်ဦးသည် ကျင့်ကြံခြင်းအဆင့်တွင် အလွန်အမင်း ကွာခြားမှု မရှိဘဲ လုံလောက်သော အကွာအဝေး တစ်ခုတွင် ရှိနေပါက နှစ်ဦးအနက် တစ်ဦးက ထွက်ခွာရန် ဆုံးဖြတ်ထားလျှင် လွတ်မြောက်နိုင်ရန် အခွင့်အလမ်း များပြားလှသည်။
တစ်ခုခု မှားယွင်းနေကြောင်း အာရုံခံမိပြီး သူတို့ကြားတွင် အကွာအဝေး အနည်းငယ် ရှိနေသေးသဖြင့် ရှင်းရှင်းကျောက်က အနည်းငယ် စိတ်သက်သာရာ ရသွား၏။
ယွမ်ချန် ဓားကျမ်းစာ၏ ကောင်းကင် ရှောင်တိမ်းခြင်း ကိုယ်ဖော့ပညာက အထင်ကြီးစရာ ကောင်းသော်လည်း ဌာနေပြန်ဓားမျှော်စင်၏ အမွေအနှစ်ကလည်း ထိုနည်းတူ အစွမ်းထက်လှသည်။ ထို့ကြောင့် ချွီချင်းရှန်းနှင့် ကျိုးကျိရွှမ်းတို့သည် ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့်တွင် အစွမ်းအထက်ဆုံးသူများ မဟုတ်သဖြင့် အထိအခိုက်မရှိ လွတ်မြောက်နိုင်မည်ဟု ရှင်းရှင်းကျောက်က ယုံကြည်မှု ရှိနေ၏။
"ရပ်စမ်း..."
ဟိန်းဟောက်သံ တစ်သံနှင့်အတူ ကျိုးကျိရွှမ်းသည် ချွန်ထက်သော ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ဖြစ်သွားပြီး ရှင်းရှင်းကျောက်၏ အရှေ့သို့ ရောက်ရှိရန် မီတာ တစ်ရာကျော်ကို ချက်ချင်း ဖြတ်သန်းသွား၏။
နောက်တစ်ခဏတွင် ကျိုးကျိရွှမ်းက ရှင်းရှင်းကျောက်ကို ဝင်တိုက်လိုက်သည်။
‘ဘုန်း…’
နားကွဲမတတ် ပေါက်ကွဲသံကြီးက ကောင်းကင်ယံသို့ တည့်မတ်စွာ ထိုးတက်သွား၏။ အဝေးမှနေ၍ပင် ချန်ဖေးက ထိုတိုက်မိမှု၏ ဧရာမ စွမ်းအားကြီးကို ခံစားလိုက်ရသည်။
ကျိုးကျိရွှမ်း၏ ဒွာရပေါင်းစည်းခြင်း အဆင့်သို့ တက်လှမ်းရန် ကြိုးစားမှု ကျရှုံးခြင်းက သူ၏ စွမ်းအင်များကို လျင်မြန်စွာ အားနည်းသွားစေခဲ့သည်။ သို့သော် ကျိုးကျိရွှမ်းသည် အဆင့်တက်လှမ်းသည့် လုပ်ငန်းစဉ် အတွင်း၌ တိုးတက်မှု အချို့ကို ရရှိခဲ့သေးပြီး ယခုလေးတင် သူ ကြုံတွေ့ခဲ့ရသော စွမ်းအင် ပေါက်ကွဲမှုမှာ ထိုတိုးတက်မှုများအနက် တစ်ခုဖြစ်၏။
ဒွာရပေါင်းစည်းခြင်း အဆင့်သည် ဒွာရအားလုံးကို ပေါင်းစပ်ပြီး နောက်ဆုံးတွင် အမှတ်တစ်ခုတည်းအဖြစ် စုစည်းလိုက်ခြင်း ဖြစ်သည်။ ဤသည်က အလွန် အစွမ်းထက်သော စွမ်းအားတစ်ခု ဖြစ်ပြီး ဒွာရသန့်စင်ခြင်း အဆင့်ကို များစွာ ကျော်လွန်၏။
ကျိုးကျိရွှမ်းသည် အဆင့်တက်လှမ်းရန် ကျရှုံးခဲ့သော်လည်း ဒွာရနှင့် ဒွာရ ပေါင်းစည်းခြင်း၏ နက်နဲမှုကို အတိုင်းအတာ တစ်ခုအထိ နားလည်သဘောပေါက်ခဲ့သည်။
ယခုလေးတင် မီတာ တစ်ရာကျော်ကို လျှပ်တစ်ပြက် ပြေးလွှားနိုင်ခဲ့ခြင်းမှာ ကျိုးကျိရွှမ်းက ဒွာရ ပေါင်းစပ်မှု အမှတ်များ၏ စွမ်းအားကို ဘီလူးဝိညာဉ် ဓားသိုင်းနှင့် အတင်းအကျပ် ပေါင်းစပ်ခြင်းဖြင့် ထုတ်လွှတ်လိုက်သော စွမ်းအားပင် ဖြစ်၏။ ဤသိုင်းကွက်သည် ရန်သူကို မထိခိုက်မီ အသုံးပြုသူကို ဦးစွာ ဒဏ်ရာရစေမည် ဖြစ်သည်။ သို့သော် ကျိုးကျိရွှမ်းက ဤအရာကို သိပ်ပြီး ဂရုမစိုက်တော့ချေ။
သူ၏ သက်တမ်းမှာ အလွန် နည်းပါးနေပြီ ဖြစ်ရာ ဤဒဏ်ရာ အသေးစားလေးမှာ အရေးမပါလှပေ။
ထို့အပြင် ဒွာရ ပေါင်းစည်းခြင်း၏ သဘောတရား အနည်းငယ်ကို နားလည်သဘောပေါက်ထားသဖြင့် ဤအခိုက်အတန့်တွင် ကျိုးကျိရွှမ်း၏ တိုက်ခိုက်ရေးစွမ်းအားမှာ ထိုနေရာတွင် ရှိနေသူများအနက် အစွမ်းအထက်ဆုံးဟု ဆိုနိုင်ပေသည်။
ဓားချင်း တစ်ချက် ရိုက်ခတ်မိရုံဖြင့် ရှင်းရှင်းကျောက်မှာ အလိုအလျောက် ခြေတစ်လှမ်း နောက်ဆုတ်သွားရ၏။ ထိုအကွက် တစ်ကွက်တည်းဖြင့်ပင် ကျွမ်းကျင်မှု ကွာခြားချက်က ချက်ချင်း သိသာထင်ရှားသွားသည်။ သူက ရှုံးနိမ့်မည့် လက္ခဏာများ မပြသေးသော်လည်း အရေးနိမ့်နေကြောင်း ရှင်းလင်းလှ၏။
ရှင်းရှင်းကျောက်၏ အားနည်းသွားသော အခိုက်အတန့်ကို အသုံးချ၍ ကျုံးယွမ် ဓားအစီအရင်က ကျဆင်းလာပြီး ရှင်းရှင်းကျောက်ကို လုံးလုံးလျားလျား လွှမ်းခြုံသွားသည်။ ယခုမူ ရှင်းရှင်းကျောက်၌ လွတ်မြောက်ရန် အခွင့်အရေး မရှိတော့ချေ။
သူ၏ ပတ်ဝန်းကျင်ကို အာရုံခံမိသောအခါ ရှင်းရှင်းကျောက်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဟိန်းဟောက်သံ တစ်သံနှင့်အတူ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးရှိ ယွမ်စွမ်းအင်များ ချက်ချင်း ဆူပွက်လာ၏။
အဆင့်တူ အစွမ်းထက် ပညာရှင် နှစ်ဦး၏ ပေါင်းစပ် တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် အကယ်၍ လွတ်မြောက်ရန် မဖြစ်နိုင်ပါက ရှင်းရှင်းကျောက် လုပ်နိုင်သမျှမှာ သူ၏ နေရာကို အခိုင်အမာ ရပ်တည်ရန်သာ ဖြစ်သည်။
ဆွေဝမ်ကုန်းက မိုင်အနည်းငယ် အကွာတွင်သာ ရှိ၏။ အကယ်၍ သူက အချိန်အတိုင်းအတာ တစ်ခုအထိ တောင့်ခံထားနိုင်ပါက ဆွေဝမ်ကုန်း ရောက်လာလိမ့်မည်။ ထိုအချိန်ကျလျှင် သူတို့ နှစ်ဦးစလုံးက ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့်များ ဖြစ်ကြသဖြင့် အနိုင်အရှုံးကို ဆုံးဖြတ်ရန် ထိုမျှ လွယ်ကူမည် မဟုတ်တော့ချေ။
"သတ်..."
ကျိုးကျိရွှမ်းက ဟိန်းဟောက်လိုက်ပြီး ဘီလူးဝိညာဉ် ဓားသိုင်းက ကောင်းကင်ယံ တိမ်းစောင်းမှုကို ဆွဲယူလိုက်သည့်အလား ထွက်ပေါ်လာကာ ဧရာမ အားအဟုန်ကြီးက အရပ်မျက်နှာ အနှံ့အပြားသို့ လွှမ်းခြုံသွား၏။
သူ၏ တစ်သက်တာလုံး ကျင့်ကြံခဲ့သော ကျင့်စဉ် တစ်ခုဖြစ်သည့် ဘီလူးဝိညာဉ် ဓားသိုင်းအပေါ် ကျိုးကျိရွှမ်း၏ နားလည်သဘောပေါက်မှုက နက်ရှိုင်းလှသည်။ သူ ပြသလိုက်သော ဓားစွမ်းရည်မှာ ဘီလူးဝိညာဉ် ဓားသိုင်း ရှိသင့်သော အတိုင်းအတာကိုပင် သိသာစွာ ကျော်လွန်နေ၏။
ချန်ဖေးက အဝေးတွင် ရပ်လျက် သူ၏ မျက်လုံးများ လင်းလက်နေသည်။ သူ၏ ဘီလူးဝိညာဉ် ဓားသိုင်းမှာလည်း မဟာ ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိတော့မည် ဖြစ်၏။ ကျင့်ကြံခြင်းအဆင့် ကွာခြားချက်ကို ဘေးဖယ်ထားလိုက်လျှင် ကျိုးကျိရွှမ်း၏ ဘီလူးဝိညာဉ် ဓားသိုင်းက အနည်းငယ် ကွဲပြားနေပုံရကြောင်း ချန်ဖေး ရုတ်တရက် သတိပြုမိလိုက်သည်။
သဘာဝကျစွာပင် ထိုအရာက ကျိုးကျိရွှမ်း မူလကျင့်ကြံသော ဘီလူးဝိညာဉ် ဓားသိုင်း မဟုတ်ချေ။ ကျင့်ကြံမှု အမှားအယွင်း မဟုတ်ဘဲ ကျိုးကျိရွှမ်း အသုံးပြုသော ဘီလူးဝိညာဉ် ဓားသိုင်းက အံ့သြစရာ ကောင်းလောက်အောင်ပင် ကျိုးကျိရွှမ်း၏ ကိုယ်ပိုင် အယူအဆ အချို့ကို ပေါင်းစပ်ထားခြင်း ဖြစ်၏။
ယွမ်ချန်ဓားဂိုဏ်းအတွက် ဘီလူးဝိညာဉ် ဓားသိုင်းနှင့် ကျုံးယွမ် ဓားသိုင်းတို့သည် ကျင့်ကြံခြင်း၏ အထွတ်အထိပ်နှင့် ကျင့်စဉ်များ၏ အဆုံးစွန်ကို ကိုယ်စားပြုသည်။ ထို့ထက် ပို၍ ရှေ့ဆက်ရန် နည်းလမ်း မရှိတော့ချေ။
အခြား ကျင့်စဉ်များကို ရှာဖွေ၍ ပေါင်းစပ် သို့မဟုတ် ကိုယ်ပိုင် လမ်းစဉ်ကို ဖန်တီးရမည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ချွီချင်းရှန်းနှင့် ကျိုးကျိရွှမ်းတို့၏ ကျင့်ကြံခြင်းအဆင့်များမှာ ယခု လက်ရှိ အတိုင်းပင် ဖြစ်ပြီး နှစ်ပေါင်းများစွာ ကြာပြီးနောက် သူတို့မှာ မူလအတိုင်းပင် ရှိနေဆဲ ဖြစ်၏။
အနုစိတ်ပြီး ပြီးပြည့်စုံသော ဒွာရသန့်စင်ခြင်းအဆင့် ကျင့်စဉ်များကို ရှာဖွေရန်မှာ အလွန် ခက်ခဲလွန်းလှပြီး ကံတရား အလွန်အမင်း လိုအပ်သည်။
ကျိုးကျိရွှမ်းက သူ၏ ကိုယ်ပိုင် လမ်းစဉ်ကို ဖန်တီးလိုခဲ့၏။ ဘီလူးဝိညာဉ် ဓားသိုင်း၏ မူဘောင် အတွင်း၌ တီထွင်ဆန်းသစ်သော လမ်းစဉ် တစ်ခုပင် ဖြစ်သည်။ ယုံမှားသံသယကင်းစွာဖြင့် ဤနည်းလမ်းက အလွန် ခက်ခဲလှပြီး ကျိုးကျိရွှမ်းက ရလဒ်များစွာ မရရှိခဲ့ပေ။
သို့သော် ဤရလဒ် အနည်းငယ်ကပင် ချန်ဖေးကို ကွဲပြားသော ခံစားချက် တစ်ခု ပေးစွမ်းနိုင်ခဲ့၏။
‘ဘုန်း…’
ကျုံးယွမ် ဓားအစီအရင် အတွင်း၌ ပေါက်ကွဲသံများ အဆက်မပြတ် ပဲ့တင်ထပ်နေသည်။ အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း အားနည်းလာသော ရှင်းရှင်းကျောက်၏ ဟိန်းဟောက်သံကို ချန်ဖေး ကြားနေရ၏။
ရှင်းရှင်းကျောက်၏ ပြင်းထန်သော အရှိန်အဝါမှာ ယခုအခါ တဖြည်းဖြည်း လျော့ကျလာနေပြီ ဖြစ်သည်။
သို့သော် သူက ကာကွယ်ရေး အနေအထားကိုသာ ရယူထားပြီး မည်သည့် တိုက်ခိုက်ရေး လှုပ်ရှားမှုကိုမျှ မပြုလုပ်သောကြောင့် သူက ရှုံးနိမ့်မည့် လက္ခဏာများ ပြသနေသော်ငြားလည်း သေဆုံးရန်မှာ အချိန်အနည်းငယ် လိုနေသေး၏။ သူတို့၏ ကျင့်ကြံခြင်းအဆင့်များ အကြမ်းဖျင်း တူညီနေသဖြင့် တစ်ဖက်က ကာကွယ်ရေး အနေအထား သက်သက်ကိုသာ ထိန်းသိမ်းထားစဉ် အခြားတစ်ဖက်က တိုက်ခိုက်မှု စတင်ရန် အလွန် ခက်ခဲလှသည်။
ထို့အပြင် ရှင်းရှင်းကျောက်၏ စိတ်ဓာတ်က မယုံနိုင်လောက်အောင် ကြံ့ခိုင်လှပြီး အထူးသဖြင့် ဆွေဝမ်ကုန်း၏ အရှိန်အဝါကို အဝေးမှ မြင်တွေ့နေရပြီ ဖြစ်သောကြောင့်ပင်။
အကယ်၍ သူတို့က အချိန်အနည်းငယ်မျှ ထပ်မံ တောင့်ခံထားနိုင်ပါက ဆွေဝမ်ကုန်း ရောက်လာလိမ့်မည်။ ထိုအချိန်ကျလျှင် ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့် အရေအတွက် တူညီသွားမည်ဖြစ်ပြီး သူတို့၏ အင်အားမှာလည်း တူညီသွားမည် ဖြစ်၏။ အစစ်အမှန် တိုက်ပွဲတစ်ခုတွင် ရလဒ်ကို ခန့်မှန်းရန် မလွယ်ကူတော့ချေ။
ပို၍ ဖြစ်နိုင်ချေရှိသော အခြေအနေမှာ နှစ်ဖက်စလုံး ရန်လိုမှုများ ရပ်တန့်သွားခြင်း ဖြစ်သည်။ အစပိုင်းနှင့် နှိုင်းယှဉ်ပါက ကျိုးကျိရွှမ်း၏ အင်အားက စတင် ကျဆင်းလာနေပြီ ဖြစ်ကြောင်း ရှင်းရှင်းကျောက်က အာရုံခံမိနိုင်သည်။
အစပိုင်းတွင် သူ့အပေါ် အကြီးမားဆုံး ဖိအားပေးခဲ့သူမှာ ယခုအခါ ပေးစွမ်းနိုင်သော ဖိအားများကို တဖြည်းဖြည်း လျှော့ချလာနေပြီ ဖြစ်၏။
ကံမကောင်းစွာဖြင့် ချွီချင်းရှန်းက သူ၏ ဘေးတွင် ရှိနေဆဲ ဖြစ်သဖြင့် ရှင်းရှင်းကျောက်၌ ထွက်ခွာရန် အခွင့်အရေး မရရှိသေးပေ။
ရှင်းရှင်းကျောက်က ကျိုးကျိရွှမ်း၏ အခြေအနေကို အာရုံခံမိနိုင်ပြီး ဒွာရပေါင်းစည်းခြင်း အဆင့်သို့ တက်လှမ်းရန် ကျရှုံးပြီးနောက် ကျိုးကျိရွှမ်း၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ ကျဆင်းလာနေသည်ကို ချွီချင်းရှန်းလည်း သဘာဝကျစွာပင် သိရှိထား၏။
ပုံမှန်အားဖြင့် ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့်၏ ကျင့်ကြံခြင်းအဆင့်နှင့် တိုက်ခိုက်ရေးစွမ်းအားကို ထိန်းသိမ်းထားနိုင်သော်လည်း ဤတိုက်ခိုက်ရေးစွမ်းအားက ရေရှည် တည်တံ့နိုင်စွမ်း မရှိချေ။ ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့် အောက်ရှိ ပြိုင်ဘက်များကို ရင်ဆိုင်ရာတွင် ကွာခြားချက်က ထိုမျှ သိသာထင်ရှားမည် မဟုတ်ပေ။
သို့သော် အဆင့်တူ လူများကြား တိုက်ပွဲတစ်ခုတွင် ကျိုးကျိရွှမ်းသည် ယခုကဲ့သို့ပင် ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့်၏ စွမ်းအားကို အချိန်တိုအတွင်းသာ ထုတ်လွှတ်နိုင်၏။
ချန်ဖေးသည် တစ်ချိန်ချိန်ကတည်းက တိုက်ပွဲမြေပြင်မှ မီတာ တစ်ဒါဇင်ခန့် အကွာသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ဘယ်သူမှ သတိမထားမိခဲ့ပေ။ ထိုနေရာမှနေ၍ ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့် သုံးဦးထံမှ ထွက်ပေါ်နေသော အရှိန်အဝါနှင့် ဖိအားများကို သူ ရှင်းလင်းစွာ ခံစားနေရ၏။
လေထဲတွင် ချန်ဖေး၏ ဆံပင်များက အနောက်သို့ လွင့်မျောနေပြီး သူ၏ အဝတ်အစားများက ခန္ဓာကိုယ်တွင် ကပ်နေသည်။
ကျုံးယွမ် ဓားအစီအရင် အတွင်း၌ ရှင်းရှင်းကျောက်၏ ဝိညာဉ်ဓားက လှည့်ပတ်နေပြီး ပတ်ဝန်းကျင်မှ တိုက်ခိုက်မှုများကို အဆက်မပြတ် တွန်းလှန်နေ၏။ သူ၏ မျက်လုံးထောင့်မှနေ၍ ဓားအစီအရင် အပြင်ဘက်ရှိ ချန်ဖေးကို သူ တစ်ချက် မြင်လိုက်ရပြီး သူ၏ မျက်လုံးများထဲတွင် ရက်စက်သော အရိပ်အယောင် တစ်ခု လင်းလက်သွားသည်။
ဤလူကြောင့်သာ သူ ဤမျှ စိတ်ပျက်ဖွယ်ကောင်းပြီး အန္တရာယ်များသော နေရာသို့ ရောက်ရှိလာခဲ့ရခြင်း ဖြစ်၏။ အကယ်၍ အခွင့်အရေး ရပါက ရှင်းရှင်းကျောက်က ချန်ဖေးကို တုံ့ဆိုင်းမှု အနည်းငယ်မျှ မရှိဘဲ သေချာပေါက် သတ်ဖြတ်မည် ဖြစ်သည်။
ချန်ဖေးက ရှင်းရှင်းကျောက်၏ သတ်ဖြတ်လိုသော အငွေ့အသက်ကို အာရုံခံမိလိုက်ပြီး ရှင်းရှင်းကျောက်ကို တစ်ချက်ကြည့်ကာ အဝေးမှ ချဉ်းကပ်လာသော ဆွေဝမ်ကုန်း၏ အရှိန်အဝါကိုပါ အာရုံခံမိလိုက်၏။
နောက်တစ်ခဏတွင် ချန်ဖေး၏ အသိစိတ်ပင်လယ် အတွင်းရှိ ဝိညာဉ်ကြိုးမျှင် ကျင့်စဉ်က အထွတ်အထိပ်တွင် လည်ပတ်နေပြီ စိတ်စွမ်းအားများ ဆူပွက်လာသည်။
‘နတ်ဘုရား သတ်ဖြတ်ခြင်း…’
မျက်စိဖြင့် မမြင်နိုင်သော ဓားအလင်းတန်း တစ်ခုက ချန်ဖေး၏ အသိစိတ်ပင်လယ် အတွင်းမှ ပစ်ထွက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ဓားအစီအရင်ထဲသို့ ပျောက်ကွယ်သွားကာ ရှင်းရှင်းကျောက်၏ အရှေ့သို့ ရောက်ရှိသွား၏။
ရှင်းရှင်းကျောက်က တစ်ခုခု မှားယွင်းနေကြောင်း အာရုံခံမိလိုက်ပြီး အသိစိတ်ပင်လယ် အတွင်းရှိ စိတ်စွမ်းအားများ ရုတ်တရက် တင်းကျပ်သွားသည်။
‘ဝီ…’
ရှင်းရှင်းကျောက်က အသိစိတ်ပင်လယ် ထံမှ တုန်လှုပ်မှု တစ်ခုကို ခံစားလိုက်ရပြီး သူ၏ စိတ်ထဲတွင် ဧရာမ အပေါက်ကြီး တစ်ခု ပေါ်လာ၏။ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုထက် အဆပေါင်းများစွာ ပိုမို ပြင်းထန်သော ခံစားချက် တစ်ခုက အသိစိတ်ပင်လယ် အတွင်း၌ ပေါက်ကွဲသွားသည်။
ဤနာကျင်မှုက ရှင်းရှင်းကျောက်အတွက် ဘာမျှ မဟုတ်ပေ။ ပုံမှန်အားဖြင့်ဆိုလျှင် သူ မျက်မှောင်ပင် ကြုတ်မည် မဟုတ်ချေ။
ဤစိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများပင်လျှင် ရှင်းရှင်းကျောက်အတွက် ဘာမျှ မဟုတ်ပေ။ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများက တစ်ခါတစ်ရံတွင် တိုက်ခိုက်သူနှင့် အတိုက်ခံရသူ နှစ်ဦးစလုံးကို ထိခိုက်စေနိုင်သော အသွားနှစ်ဖက်ပါ ဓားတစ်လက် ဖြစ်၏။ အကယ်၍ သူ ဒဏ်ရာရသွားပါက အခြားလူမှာလည်း တန်ပြန်သက်ရောက်မှုကို ခံစားရမည်ဖြစ်ပြီး ပိုမို ကောင်းမွန်သည့် အခြေအနေ ရှိမည်မဟုတ်ပေ။
သို့သော် ဤအခိုက်အတန့်တွင် ရှင်းရှင်းကျောက်က တိုက်ခိုက်မှုကို ကာကွယ်ရန် ဝိညာဉ်ဓားကို ကိုင်ဆောင်ထားစဉ် သူ၏ စိတ်ကို ရုတ်တရက် ထိခိုက်သွားသဖြင့် သူ တစ်ခဏမျှ ရပ်တန့်သွား၏။
အလွန် တိုတောင်းသော ရပ်တန့်မှု ဖြစ်သော်လည်း သိုင်းဆရာများကြား တိုက်ပွဲတစ်ခုတွင် ဤအသေးအဖွဲ ရပ်တန့်မှုကပင် အားနည်းချက် တစ်ခု ဖြစ်သွားနိုင်သည်။
အကယ်၍ ချွီချင်းရှန်း သို့မဟုတ် ကျိုးကျိရွှမ်း တစ်ဦးဦးကသာ ယခုလေးတင် စိတ်ပိုင်းဆိုင်ရာ နည်းစနစ်ကို အသုံးပြုခဲ့ပါက သူတို့အထဲမှ တစ်ယောက်ယောက် ရပ်တန့်သွားမည်ဖြစ်ပြီး ကျန်တစ်ယောက်က အခွင့်အရေးကို အသုံးချခဲ့လျှင်တောင် အနိုင်အရှုံးကို ဆုံးဖြတ်ရန် ခက်ခဲပေလိမ့်မည်။
သို့သော် ချွီချင်းရှန်းနှင့် ကျိုးကျိရွှမ်း နှစ်ဦးစလုံးမှာ ဤအခိုက်အတန့်တွင် အထိအခိုက် မရှိကြပေ။ နှစ်ပေါင်းများစွာ နားလည်မှု ရှိလာခဲ့သဖြင့် ကျိုးကျိရွှမ်းက ဘီလူးဝိညာဉ် ဓားသိုင်း၏ စွမ်းအားများကို ချွီချင်းရှန်း၏ ဓားအစီအရင် အတွင်းသို့ လောင်းထည့်လိုက်၏။
‘ချွင်…’
ချွီချင်းရှန်း၏ လက်ထဲရှိ ကျုံးယွမ် ဓားသိုင်း၏ စွမ်းအားက ချက်ချင်း မြင့်တက်လာသည်။ ဓားတစ်ချက် ဝှေ့ယမ်းလိုက်ရာ ရှင်းရှင်းကျောက်က တုံ့ပြန်ရန် ကြိုးစားလိုက်သော်လည်း အချိန်နှောင်းသွားခဲ့ပြီ ဖြစ်၏။ သူက ဘေးသို့သာ ရှောင်တိမ်းနိုင်တော့သည်။
နောက်တစ်ခဏတွင် သူ၏ ပခုံးရိုး အစိတ်အပိုင်း အနည်းငယ် ပါဝင်သော လက်မောင်းတစ်ဖက်က လေထဲသို့ လွင့်ပျံသွားပြီး သွေးမြူများအဖြစ် ပေါက်ကွဲသွား၏။
ရှင်းရှင်းကျောက်မှာ ဓားဖြင့် ခေါင်းဖြတ်ခံရရန် ဆံခြည်တစ်မျှင်မျှသာ လိုတော့သော်လည်း သူ၏ ခန္ဓာကိုယ် အလိုအလျောက် တုံ့ပြန်မှုက သူ၏ အသက်ကို ကယ်တင်ပေးခဲ့သည်။
"အား..."
ရှင်းရှင်းကျောက်က ပြင်းထန်စွာ ဟိန်းဟောက်လိုက်ရာ သူ၏ ဒွာရများ အားလုံး ရုတ်တရက် ကျယ်ပြန့်လာပြီးနောက် ရုတ်တရက် ကျုံ့ဝင်သွားကာ သူ၏ ဒွာရများ အနှံ့ အက်ကွဲကြောင်းများ ပျံ့နှံ့သွား၏။
နောက်တစ်ခဏတွင် ဧရာမ စွမ်းအား လှိုင်းလုံးကြီးတစ်ခု ပေါက်ကွဲထွက်လာပြီး ရှင်းရှင်းကျောက်သည် ဓားအလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ ကျုံးယွမ် ဓားအစီအရင်ကို ဆုတ်ဖြဲ၍ ပျောက်ကွယ်သွားသည်။
ချန်ဖေးက မော့ကြည့်လိုက်ရာ ထိုဓားအလင်းတန်းက အဝေးရှိ ဆွေဝမ်ကုန်းကိုပင် တိုက်ရိုက် လွှမ်းခြုံသွားပြီး ဤဧရိယာမှ ပျောက်ကွယ်သွားစေကြောင်း မြင်တွေ့လိုက်ရ၏။
အခန်း (၃၅၁) ကံကြမ္မာကို လက်ခံခြင်း
ပြတ်ထွက်သွားသော လက်မောင်းကို ပြန်လည်ဆက်၍ မရနိုင်တော့ပေ။ ဒွာရများကို ဤကဲ့သို့ အသုံးပြုလိုက်ခြင်းကြောင့် ရှင်းရှင်းကျောက်သည် နောင်တွင် မည်သည့်ဒွာရကိုမျှ ထပ်မံဖွင့်လှစ်နိုင်တော့မည် မဟုတ်ချေ။ ဤဘဝတွင် သူ၏ ကျင့်ကြံခြင်းလမ်းစဉ်သည် အဆုံးသတ်သွားပြီ ဖြစ်သည်။
အစွမ်းထက်သော ဆေးလုံး သို့မဟုတ် ဝိညာဉ်ပစ္စည်းများ မရှိပါက သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အောက်သို့ တဖြည်းဖြည်း လျှောကျသွားမည်သာ ဖြစ်၏။
ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့်မှ ဒွာရသန့်စင်ခြင်း အစောပိုင်းအဆင့်အထိ လျော့ကျသွားနိုင်ခြေ ရှိသည်။
ဤသည်က ရှင်းရှင်းကျောက်၏ နောက်ဆုံး အသည်းအသန် ခုခံမှုကြောင့် ထွက်ပေါ်လာသော ရလဒ်ပင် ဖြစ်၏။
အကယ်၍ ရှင်းရှင်းကျောက်သည် ရလဒ်က ဤမျှ ဆိုးရွားလိမ့်မည်ဟု သိထားပါက ယခုနည်းလမ်းကို စောစောစီးစီးကပင် အသုံးပြုခဲ့မည် ဖြစ်သည်။ ချန်ဖေး၏ ရုတ်တရက် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုသာ မရှိခဲ့ပါက ရှင်းရှင်းကျောက်သည် အချိန်အနည်းငယ်မျှ ထပ်မံ တောင့်ခံထားနိုင်သေးသည်။
သို့သော် တိုက်ပွဲများဆိုသည်မှာ ခန့်မှန်းရခက်ပြီး ရှင်းရှင်းကျောက်မှာ အနည်းဆုံးတော့ အသက်ရှင်ကျန်ရစ်ခဲ့သည်။
"အဟွတ်..."
ကျိုးကျိရွှမ်းက ဖွဖွလေး ချောင်းဟန့်လိုက်သည်။ သူ ဒဏ်ရာမရခဲ့သော်လည်း ပုံမှန်ထက် များစွာ အိုမင်းသွားသကဲ့သို့ ရှိနေ၏။
ကျိုးကျိရွှမ်း၏ မျက်လုံးများထဲတွင် ဝမ်းနည်းမှု အရိပ်အယောင်တစ်ခု ရှိနေသည်။ ဤမျှ ကောင်းမွန်သော အခွင့်အရေးကြီး ဖြစ်သော်ငြားလည်း သူ၏ ခန္ဓာကိုယ်က ဌာနေပြန်ဓားမျှော်စင် အတွင်းသို့ ဆက်လက် ဝင်ရောက်တိုက်ခိုက်ရန် ခွင့်မပြုတော့ချေ။
အကယ်၍ သူတို့သာ နောက်ထပ် ဆယ်နှစ်ခန့် ငယ်ရွယ်နေသေးပါက ဌာနေပြန်ဓားမျှော်စင်ကို ကာကွယ်ပေးထားသော အစီအရင် ရှိနေသည့်တိုင်အောင် ဖျက်ဆီးပစ်ရန် အခွင့်အရေး ရှိနေဆဲ ဖြစ်သည်။ သို့သော် ယခုအခါ ထိုအရာများ အားလုံးက စိတ်ကူးယဉ် အိပ်မက်တစ်ခုသာ ဖြစ်သွားခဲ့ပြီ ဖြစ်၏။
ဌာနေပြန်ဓားမျှော်စင်သည် ကြီးမားသော တန်ဖိုးတစ်ခုကို ပေးဆပ်ခဲ့ရသော်လည်း ကျိုးကျိရွှမ်းမှာမူ ကျေနပ်မှု မရှိသေးပေ။
"အင်းလေ..."
ကျိုးကျိရွှမ်းက သက်ပြင်းမောချလိုက်ပြီး မော့ကြည့်လိုက်သောအခါ ချန်ဖေးကို မြင်လိုက်ရသည်။ သူ၏ မျက်နှာပေါ်ရှိ ဝမ်းနည်းမှု အရိပ်အယောင်များမှာ တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ သူ့အတွက် မျှော်လင့်ချက် သိပ်မရှိတော့သော်လည်း ချန်ဖေး ရှိနေသရွေ့ ယွမ်ချန်ဓားဂိုဏ်းသည် အနာဂတ်တွင် သေချာပေါက် ပိုမို တိုးတက်လာမည်မှာ အသေအချာပင်။
"သွားကြစို့... ဒီနေရာကနေ အရင် ထွက်သွားကြတာပေါ့..."
ချွီချင်းရှန်းက တိုးညှင်းစွာ ပြောလိုက်သည်။
ချွီချင်းရှန်းမှာ ရှင်းရှင်းကျောက်ကို အမြစ်ပြတ် မချေမှုန်းနိုင်ခဲ့သည့်အတွက် အနည်းငယ် စိတ်ပျက်မိ၏။ သို့သော် ဤသို့သော ကိစ္စများကို အတင်းအကျပ် လုပ်ယူ၍ မရနိုင်ပေ။ အပြတ်အသတ် သာလွန်သော စွမ်းအားမရှိပါက ဤသည်က တစ်ခုတည်းသော ဖြစ်နိုင်ခြေရှိသည့် ရလဒ်သာ ဖြစ်သည်။
ယခင်က ယွမ်ချန်ဓားဂိုဏ်းတွင် ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့် ပညာရှင်များ အသုံးပြုရန်အတွက် ကျုံးယွမ် ဓားသိုင်းနှင့် ဘီလူးဝိညာဉ် ဓားသိုင်း ဟူသော ကျင့်စဉ် နှစ်ခုသာ ရှိခဲ့သည်။ သို့သော် ဒွာရ ၈၀ အထိသာ ဖွင့်လှစ်နိုင်သောကြောင့် ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့်တွင် အလွန် သာမန်သာ ဖြစ်နေ၏။
မကြာသေးမီကမှ ယွမ်ချန် ဓားကျမ်းစာ၏ အလွှာနှစ်ခုကို ပြန်လည်ရယူနိုင်ခဲ့ပြီး ကျင့်စဉ်များကို ဒွာရ ၉၀ အထိ တိုးမြှင့် ဖွင့်လှစ်နိုင်ခဲ့သည်။ သို့သော် လေ့ကျင့်ရသော အချိန်ကာလမှာ တိုတောင်းလွန်းသေးပြီး ရလဒ်များကို မြင်တွေ့ရရန် အနည်းဆုံး နှစ်ပေါင်းများစွာ ကြာမြင့်ဦးမည် ဖြစ်သည်။
နှစ်အနည်းငယ်အတွင်း နောက်ထပ် ကျင့်စဉ်တစ်ခုကို လျင်မြန်စွာ ကျင့်ကြံနိုင်ခဲ့ခြင်းမှာ အားလုံးသည် ယွမ်ချန်ဓားဂိုဏ်း၏ ကိုယ်ပိုင် ကျင့်စဉ်များ ဖြစ်နေပြီး အခြေခံ သဘောတရားများ တူညီနေသောကြောင့်ပင် ဖြစ်သည်။
ထိုသို့ မဟုတ်ပါက ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့် ပညာရှင်များ၏ သိုင်းပညာ နားလည်သဘောပေါက်မှု ရှိနေသည့်တိုင်အောင် လုံးဝ စိမ်းသက်နေသော ကျင့်စဉ်အသစ် တစ်ခုအတွက်မူ ဆယ်စုနှစ်တစ်ခုကျော် လေ့လာခြင်းမရှိဘဲ မည်သို့မျှ အထောက်အကူ ဖြစ်မည်မဟုတ်ပေ။
သူတို့ သုံးယောက်၏ ပုံရိပ်များက နတ်တိမ်မြို့ဆီသို့ ဦးတည်၍ လျင်မြန်စွာ ရွေ့လျားသွားကြသည်။ လက်ရှိ အမြန်နှုန်းနှင့် အနားယူချိန်များကို ထည့်သွင်းတွက်ချက်ပါက ဤခရီးက အနည်းဆုံး တစ်ရက်ခန့် ကြာမြင့်မည် ဖြစ်၏။
ဒုတိယနေ့ မွန်းတည့်ချိန်တွင် သူတို့ သုံးယောက်သည် မိုင်တစ်ထောင်ကျော် ခရီးနှင်ခဲ့ပြီး ရှီးယွင်မြို့ကို အဝေး၌ ချန်ရစ်ခဲ့ကြသည်။
ယခုအခါ တောင်ကုန်းတစ်ခုပေါ်၌ အနားယူနေစဉ် ချွီချင်းရှန်းနှင့် ကျိုးကျိရွှမ်းတို့သည် သူတို့၏ လက်ထဲရှိ ကျောက်စိမ်းစာလိပ်များကို ဝမ်းသာအားရ ကြည့်ရှုနေကြသည်။
ခရီးသွားနေစဉ်အတွင်း ချန်ဖေးက သတ်ဖြတ်ခြင်းဓားသွား ဓားသိုင်း၊ ရေကျောက်စိမ်း ဓားသိုင်း၊ မဟာမိုးကြိုးဓားသိုင်းနှင့် ယွမ်ချန် ဓားကျမ်းစာ ဟူသော ကျင့်စဉ် လေးခုကို ကျောက်စိမ်းစာလိပ်များအတွင်းသို့ တိုက်ရိုက် မှတ်တမ်းတင်လိုက်၏။
ချန်ဖေးက ထိုကျောက်စိမ်းစာလိပ်များကို ချင်ဟိုင်မြို့ရှိ ရွမ်မိသားစုထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ အရေးပေါ် အခြေအနေများကို ကြိုတင် စဉ်းစားတွေးတော၍ ကျောက်စိမ်းစာလိပ် ဒါဇင်ကျော်ခန့်ကို ပြင်ဆင်ထားခဲ့ခြင်း ဖြစ်ပြီး ယခုအခါ အမှန်တကယ်ပင် အသုံးဝင်လာခဲ့ပြီ ဖြစ်သည်။
ကျိုးကျိရွှမ်းက ကျောက်စိမ်းစာလိပ်ကို ပွတ်သပ်ရင်း သူ၏ မျက်လုံးများက ဝမ်းသာကြည်နူးမှုများ မျက်လုံးတွင် အရိပ်ထင်နေ၏။ ဤကျင့်စဉ်များ ယွမ်ချန်ဓားဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာသည်ကို သူ အသက်ရှင်လျက် မြင်တွေ့ရလိမ့်မည်ဟု ဘယ်သောအခါကမျှ မထင်မှတ်ထားခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ ယွမ်ချန်ဓားဂိုဏ်းသည် ဤကျင့်စဉ်များကို ရှာဖွေနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
တစ်ချိန်က ခွဲထွက်သွားခဲ့သော ဂိုဏ်းခွဲများကို ရှာဖွေရန် မကြိုးစားခဲ့ခြင်း မဟုတ်ချေ။ အကယ်၍ ယွမ်ချန်ဓားဂိုဏ်း၏ ကျင့်စဉ်များ ကျန်ရှိနေသေးမည့် နေရာတစ်ခု ရှိမည်ဆိုလျှင် ထိုဂိုဏ်းခွဲများထံတွင်သာ ရှိနေမည် ဖြစ်သည်။
သို့သော် နှစ်ပေါင်းများစွာ ကြာမြင့်လာသည်နှင့်အမျှ ထိုဂိုဏ်းခွဲများသည် သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့ပြီး မည်သည့်နေရာသို့ ရောက်သွားကြောင်း မည်သူမျှ မသိကြပေ။
အနည်းဆုံးတော့ ယွမ်ချန်ဓားဂိုဏ်းက ထိုအချိန်က ကပ်ဘေးကြီးကို ရှင်သန်ကျော်ဖြတ်နိုင်ခဲ့သည်။
ထိုဂိုဏ်းခွဲများမှာ လုံးလုံးလျားလျား ပျက်သုဉ်းသွားပုံရပြီး မည်သို့ စတင်ရှာဖွေရမည်ကိုပင် ယွမ်ချန်ဓားဂိုဏ်းက မသိတော့ချေ။
ထို့ကြောင့် ကျိုးကျိရွှမ်းသည် တစ်ခါတစ်ရံ ဤကျင့်စဉ်များ အကြောင်းကို တွေးတောမိသော်လည်း စိတ်ကူးယဉ် အိပ်မက်များအဖြစ်သာ သဘောထားခဲ့သည်။
အချိန်အများစုတွင်မူ သူ့ကိုယ်သူ တွေးလွန်နေကြောင်း သိ၍ ရယ်မောရုံသာ တတ်နိုင်ခဲ့၏။
သို့သော် ယနေ့ ဤကျင့်စဉ်များကို အမှန်တကယ် မျက်မြင်တွေ့ရလိမ့်မည်ဟု ကျိုးကျိရွှမ်း တစ်ကြိမ်မျှ မမျှော်လင့်ထားခဲ့ချေ။ ယွမ်ချန် ကြယ်စင် ဓားခန္ဓာ ကျင့်စဉ်မှလွဲ၍ အခြားသော ကျင့်စဉ် ခြောက်ခုစလုံးမှာ ယခု ပြန်လည် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
အချိန်တန်လျှင် ယွမ်ချန်ဓားဂိုဏ်း၏ ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့် ပညာရှင်များသည် ပတ်ဝန်းကျင်ရှိ ဂိုဏ်းများအကြားတွင် အဆင့်နိမ့်နေတော့မည် မဟုတ်ပေ။ ထို့အပြင် ရွေးချယ်စရာ ကျင့်စဉ်အသစ်များ ရရှိလာသဖြင့် ဂိုဏ်း၏ ဒွာရသန့်စင်ခြင်း အဆင့်များအတွက် ရွေးချယ်စရာများ ပိုမို များပြားလာမည် ဖြစ်သည်။
ကျင့်စဉ်များကို လေ့ကျင့်ရာတွင် တစ်ခါတစ်ရံ မိမိနှင့် ကိုက်ညီမှု ရှိမရှိကလည်း အရေးကြီးသည်။ ကျင့်စဉ်တစ်ခုက မိမိနှင့် လိုက်ဖက်မှု ရှိမရှိက ကျင့်ကြံမှု အမြန်နှုန်းကို အဆုံးအဖြတ်ပေးလေ့ ရှိ၏။
ယခင်က ရွေးချယ်စရာဟူ၍ ကျင့်စဉ် နှစ်ခုတည်းသာ ရှိခဲ့သော်လည်း ယခုမူ ရွေးချယ်စရာများ သိသိသာသာ တိုးလာသဖြင့် ဒွာရသန့်စင်ခြင်း အဆင့်များ၏ ကျင့်ကြံမှု အမြန်နှုန်းမှာ သေချာပေါက် တိုးတက်လာမည် ဖြစ်သည်။ ရေရှည်တွင် ယွမ်ချန်ဓားဂိုဏ်းသည် သဘာဝကျစွာပင် ပိုမို ကြီးပွားတိုးတက်လာမည်မှာ အသေအချာပင်။
ဤအကြောင်းများကို တွေးမိသောအခါ ကျိုးကျိရွှမ်းက ချန်ဖေးကို လေးစားအားကျမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ဌာနေပြန်ဓားမျှော်စင်ကဲ့သို့သော ဂိုဏ်းကြီးတစ်ခုအတွင်းသို့ တစ်ကိုယ်တည်း တိတ်တဆိတ် ဝင်ရောက်ရန်ဆိုသည်မှာ အလွန် ကြီးမားသော ရဲစွမ်းသတ္တိနှင့် ယုံကြည်မှု လိုအပ်ပြီး အမှန်တကယ် အောင်မြင်ရန်မှာ ပို၍ပင် ခက်ခဲလှသည်။
အခြားသူများ အိပ်မက်ပင် မမက်ရဲသော အရာကို ချန်ဖေးက တစ်ကိုယ်တည်း အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။
ကျိုးကျိရွှမ်းက သက်ပြင်းချလိုက်ပြီး သူ၏ ဘေးတွင် ရပ်နေသော ချွီချင်းရှန်းကလည်း အလားတူ ခံစားနေရကြောင်း သတိပြုမိလိုက်သည်။ ဂိုဏ်းချုပ် တစ်ဦးအနေဖြင့် ချွီချင်းရှန်း၏ ခံစားချက်များက ကျိုးကျိရွှမ်းထက် ပိုမို ရှုပ်ထွေးနေမည် ဖြစ်၏။
ဂိုဏ်းချုပ် တစ်ဦး၏ တာဝန်မှာ ဂိုဏ်းတစ်ခုလုံးကို ဦးဆောင်၍ အမွေအနှစ်များကို ဆက်လက် ထိန်းသိမ်းရန်နှင့် ပိုမို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရန် ဖြစ်သည်။
ချွီချင်းရှန်း စတင် တာဝန်ယူချိန်က ရည်မှန်းချက်များ ကြီးမားခဲ့သော်လည်း နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် အရာများစွာက လူ့စွမ်းအားဖြင့် ထိန်းချုပ်၍ မရနိုင်ကြောင်း သူ ရှာဖွေတွေ့ရှိခဲ့ရသည်။
ပို၍ တိတိကျကျ ဆိုရလျှင် သူသည် ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့်တွင် ရှိနေသည့်တိုင်အောင် သာမန် ပညာရှင် တစ်ဦးသာ ဖြစ်နေသေးသဖြင့် အရာများစွာကို ပြောင်းလဲနိုင်စွမ်း မရှိခဲ့ပေ။
ပြောင်းလဲမှုများ ပြုလုပ်ရန် ပိုမို ကြီးမားသော စွမ်းအား လိုအပ်သော်လည်း ချွီချင်းရှန်းက ထိုစွမ်းအားကို မရရှိနိုင်ခဲ့ချေ။
ကျိုးကျိရွှမ်းနှင့် ချွီချင်းရှန်းတို့ နှစ်ဦးစလုံး အတွေးများနေကြစဉ် ချန်ဖေးက မျက်လုံးများကို မှိတ်၍ ကျင့်ကြံနေခဲ့သည်။ သူ၏ အသိစိတ်ပင်လယ်အတွင်း၌ ဘီလူးဝိညာဉ် ဓားသိုင်း၏ ထိုးထွင်းသိမြင်မှုများက အဆက်မပြတ် ဝင်ရောက်နေပြီး ဧရာမ ယွမ်စွမ်းအင် နယ်ပယ်ကြီးက ဖိနှိပ်နေသည်ကို ခံစားနေရ၏။
ဤမျှ ကာလရှည်ကြာ ကျင့်ကြံပြီးနောက် ဘီလူးဝိညာဉ် ဓားသိုင်းမှာ ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ဘီလူးဝိညာဉ် ဓားသိုင်း သာမက ကောင်းကင် ရှောင်တိမ်းခြင်း ကိုယ်ဖော့ပညာမှာလည်း ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိရန် အချိန်အနည်းငယ်သာ လိုတော့သည်။
အကယ်၍ ကျုံးယွမ် ဓားသိုင်း၊ ဘီလူးဝိညာဉ် ဓားသိုင်းနှင့် ကောင်းကင် ရှောင်တိမ်းခြင်း ကိုယ်ဖော့ပညာတို့ အားလုံး ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိသွားပါက ယွမ်ချန် ဓားကျမ်းစာကိုပါ ပေါင်းထည့်နိုင်မည် ဖြစ်သည်။
ချန်ဖေးသည် ယွမ်ချန် ဓားကျမ်းစာ၏ တတိယအဆင့်သို့ ရောက်ရှိသွားပါက ဤကျင့်စဉ် သုံးခုကို တစ်သားတည်း ပေါင်းစပ်နိုင်မည် ဖြစ်၏။
ထိုအချိန်သို့ ရောက်လျှင် ဓားအစီအရင် အတွင်းရှိ ဓားပုလဲများသည် စွမ်းအား သိသိသာသာ တိုးလာရုံသာမက အမြန်နှုန်းမှာလည်း များစွာ မြန်ဆန်လာမည် ဖြစ်သည်။
တစ်ခါတစ်ရံတွင် တိုက်ခိုက်မှု တစ်ခု၏ စွမ်းအားသည် ပြင်းထန်မှုနှင့် ထက်မြက်မှု အပေါ်တွင်သာ မဟုတ်ဘဲ အမြန်နှုန်း အပေါ်တွင်လည်း မူတည်နေသည်။ အမြန်နှုန်း မြင့်တက်လာသည်နှင့်အမျှ ဖျက်ဆီးနိုင်စွမ်းမှာလည်း အလွန် ကြောက်မက်ဖွယ် ကောင်းသော အဆင့်အထိ ရောက်ရှိသွားမည် ဖြစ်သည်။
တစ်ခဏအကြာတွင် ချန်ဖေးက ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်ပြီး မျက်လုံးများကို တဖြည်းဖြည်း ဖွင့်လိုက်ရာ ချွီချင်းရှန်းနှင့် ကျိုးကျိရွှမ်းတို့က သူ့ကို ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
"ဂိုဏ်းချုပ်... အကြီးအကဲကျိုး... ပြောစရာ ရှိလို့လား..."
ချန်ဖေးက နားမလည်စွာဖြင့် မေးလိုက်၏။
"ငါ အကြီးအကဲကျိုးနဲ့ တိုင်ပင်ပြီးပြီ… ကျင့်စဉ်တွေ ပြန်လည်ရရှိလာတဲ့ ကိစ္စကို အကြီးအကဲ အားလုံးကို အခုချက်ချင်း အသိမပေးသေးဖို့ ဆုံးဖြတ်လိုက်တယ်..."
ချွီချင်းရှန်းက တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။
ချန်ဖေး၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး စကားမဖြတ်ဘဲ ခေါင်းညိတ်လိုက်၏။
"နတ်တိမ်မြို့မှာ ငါတို့ ယွမ်ချန်ဓားဂိုဏ်းရဲ့ အင်အားက အရမ်း နည်းလွန်းနေသေးတယ်... ဖျက်ဆီးခံလိုက်ရတဲ့ ချန်ဟုန်ဂိုဏ်းကတောင် ငါတို့ထက် ပိုအားကောင်းခဲ့တယ်... အခု နတ်တိမ်မြို့ ပတ်ဝန်းကျင်က အခြေအနေတွေ မတည်ငြိမ်သေးတဲ့ အချိန်မှာ ဒီကျင့်စဉ်တွေ ပြန်လည်ရရှိလာတဲ့ သတင်းသာ ပေါက်ကြားသွားရင် အကြောင်းမဲ့ သက်သက် အာရုံစိုက် ခံရလိမ့်မယ်..."
ကျိုးကျိရွှမ်းက သက်ပြင်းဖွဖွချ၍ ချွီချင်းရှန်း၏ စကားကို ဆက်ပြောလိုက်သည်။
ဤသို့သော အချိန်မျိုးတွင် သိုသိုသိပ်သိပ် နေခြင်းက အကောင်းဆုံး ဖြစ်၏။ ကျင့်စဉ်များ ပြန်လည်ရရှိလာခြင်းမှာ ရေတိုအတွင်း ပြဿနာ မရှိပေ။
သို့သော် အာရုံစိုက်ခံရခြင်းက ကောင်းမွန်သော အရာ မဟုတ်သည်မှာ သေချာသည်။ ထို့အပြင် ယွမ်ချန်ဓားဂိုဏ်း၏ ကျင့်စဉ်များသာ ပေါင်းစပ်လိုက်ပါက ထိပ်တန်း ဒွာရသန့်စင်ခြင်း အဆင့် ကျင့်စဉ်များအဖြစ် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်ရှိ ဂိုဏ်းများကို ဖိအားပေးနိုင်မည် ဖြစ်သည်။
လူ့သဘာဝဆိုသည်မှာ ခန့်မှန်းရခက်၏။ မိမိက အင်အား မတောင့်တင်းသေးချိန်တွင် အခြားသူများ၏ သံသယဝင်ခြင်းကို မခံရစေရန် သတိထားရမည် ဖြစ်သည်။ သတိထားခံရခြင်းသည် ဘယ်သောအခါမျှ ကောင်းမွန်သော အရာ မဟုတ်ပေ။
ဤသည်က ယွမ်ချန် ဓားကျမ်းစာ၏ ပထမအလွှာ နှစ်ခုကို ပြန်လည်ရရှိခဲ့စဉ်က အခြေအနေနှင့် လုံးဝ ကွာခြားသည်။ ယွမ်ချန် ဓားကျမ်းစာ၏ ပထမအလွှာ နှစ်ခုသည် ယွမ်ချန်ဓားဂိုဏ်း၏ ကျင့်စဉ်အဆင့်ကို ဒွာရ ၈၀ မှ ၉၀ သို့သာ တိုးမြှင့်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။
ဒွာရ ၉၀ ဖွင့်လှစ်နိုင်သော ကျင့်စဉ် တစ်ခုကို ဖော်ဆောင်ခြင်းက ၈၀ ထက် ပိုကောင်းသော်လည်း လက်ခံနိုင်သော အတိုင်းအတာ အတွင်း၌သာ ရှိနေသေး၏။
သို့သော် ယခု ဤကျင့်စဉ်များ ပြန်လည်ရရှိလာချိန်တွင် အားလုံးကို အောင်မြင်စွာ ကျင့်ကြံနိုင်ပါက ဖွင့်လှစ်နိုင်မည့် ဒွာရ အရေအတွက်မှာ တစ်ရာကျော်သွားမည် ဖြစ်သည်။ တစ်ရာကျော် ဒွာရများ ဖွင့်လှစ်နိုင်သော ကျင့်စဉ်မျိုးမှာ နတ်တိမ်ဓားဂိုဏ်းတွင်သာ ရှိပေသည်။
"ကျင့်စဉ်တွေ လိုအပ်တဲ့ သူတွေကိုတော့ ငါတို့ တစ်ယောက်ချင်းစီ အသိပေးသွားမယ်... ပြီးတော့ ဘယ်အကြီးအကဲကမှ ယွမ်ချန် ဓားကျမ်းစာရဲ့ ပထမအလွှာ နှစ်ခုကို အပြည့်အဝ မကျွမ်းကျင်ကြသေးဘူး... တခြား ကျင့်စဉ်တွေကို ပေးလိုက်ရင်တောင် သူတို့ရဲ့ စွမ်းအားက တိုးလာမှာ မဟုတ်ဘူး..."
ချွီချင်းရှန်းက ရှင်းပြလိုက်သည်။
ကျင့်စဉ်များကို ကျင့်ကြံရာတွင် အချိန်ယူရစမြဲ ဖြစ်သည်။ ကွာခြားချက်မှာ ပါရမီမြင့်မားသူများက အချိန်တိုတိုအတွင်း ပိုမိုမြန်ဆန်စွာ ကျင့်ကြံနိုင်ခြင်းသာ ဖြစ်၏။ ပါရမီ သာမန်ရှိသူများအတွက်မူ ကျင့်ကြံခြင်း လုပ်ငန်းစဉ်က သေချာပေါက် အချိန်ပိုကြာမည် ဖြစ်သည်။
ယွမ်ချန်ဓားဂိုဏ်းမှ ဒွာရသန့်စင်ခြင်း အဆင့်သို့ ရောက်ရှိလာသူများသည် သဘာဝကျစွာပင် ပါရမီရှင်များ ဖြစ်ကြသော်လည်း ဒွာရသန့်စင်ခြင်း အဆင့် ကျင့်စဉ်များသည် အချိန်များစွာ ယူရသည်။ ဥပမာအားဖြင့် ချွီချင်းရှန်းနှင့် ကျိုးကျိရွှမ်းတို့၏ အခြား ကျင့်စဉ်တစ်ခုကို လေ့လာရန်ပင် နှစ်ပေါင်းများစွာ အချိန်ယူရသည်။
ဒွာရသန့်စင်ခြင်း အစောပိုင်းနှင့် အလယ်အလတ်အဆင့်ရှိ အခြား အကြီးအကဲများအတွက်မူ အချိန်ပို၍ပင် ကြာမြင့်ဦးမည် ဖြစ်၏။ ထို့ကြောင့် ရေတိုအတွင်း အသိမပေးခြင်းက ဤအကြီးအကဲများ၏ ကျင့်ကြံခြင်းအပေါ် ထိခိုက်မှု ရှိမည် မဟုတ်ပေ။
အကယ်၍ အကြီးအကဲ တစ်ဦး၏ ကျင့်ကြံမှု အမြန်နှုန်းက လျင်မြန်လွန်းနေပါက ချွီချင်းရှန်းနှင့် သူ၏ အဖွဲ့က ထိုအခြေအနေကို သင့်လျော်သလို ဖြေရှင်းပေးမည် ဖြစ်သည်။
"ချန်ဖေး နားလည်ပါပြီ..."
ချန်ဖေးက ခေါင်းညိတ်လိုက်သည်။
အကြီးအကဲ အားလုံးကို အသိမပေးခြင်းဖြင့် ကျင့်စဉ်များ ပြန်လည်ရရှိလာသည့် သတင်းကို များစွာ ဖုံးကွယ်ထားနိုင်ပြီး ဂိုဏ်း၏ အင်အား တိုးတက်လာမှုကိုလည်း ထိခိုက်စေမည် မဟုတ်ပေ။ သို့သော် ဤလျှို့ဝှက်ချက်ကို မည်မျှကြာအောင် ထိန်းသိမ်းထားနိုင်မည်ကိုမူ မသေချာချေ။
ချွီချင်းရှန်းနှင့် ကျိုးကျိရွှမ်းတို့က ဤဆုံးဖြတ်ချက်ကို ချန်ဖေးအား အသိပေးရခြင်းမှာ ဤကျင့်စဉ်များကို ချန်ဖေး ကိုယ်တိုင် ပြန်လည်ရှာဖွေပေးခဲ့ခြင်း ဖြစ်ပြီး ချန်ဖေး၏ ကြိုးစားအားထုတ်မှုများကို လေးစားသောကြောင့် ဖြစ်သည်။ ချွီချင်းရှန်းနှင့် ကျိုးကျိရွှမ်းတို့သည် ချန်ဖေးအပေါ် အမှန်တကယ် သဘောကျ ကျေနပ်နေကြ၏။
သတင်းကို မည်မျှကြာအောင် လျှို့ဝှက်ထားနိုင်မည်ဆိုသည်နှင့် ပတ်သက်၍မူ သူတို့ တတ်နိုင်သမျှ ကြိုးစားသွားမည် ဖြစ်ပြီး ကျန်သည့်အရာများကိုမူ ကံကြမ္မာ၏ အဆုံးအဖြတ်အတိုင်းသာ လွှတ်ထားရတော့မည်။
ချွီချင်းရှန်းက မျက်နှာပေါ်တွင် ပြုံးရွှင်မှုများဖြင့် စကားဆက်ပြောရန် ပြင်လိုက်စဉ် သူ၏ မျက်ခုံးများ ရုတ်တရက် တွန့်ကွေးသွားပြီး သူ၏ ရင်ခွင်ထဲမှ ကျောက်စိမ်းရောင် ဝိညာဉ်လက်နက် တစ်ခု ပျံထွက်လာ၏။
ကျောက်စိမ်းတုံးလေးမှာ ကြည်လင်တောက်ပနေသော်လည်း ယခုအခါတွင် အဆက်မပြတ် တုန်ခါနေပြီး အလင်းရောင်များမှာလည်း မတည်မငြိမ် ဖြစ်နေသည်။
ကျောက်စိမ်းတုံးလေး ထွက်ပေါ်လာသည်နှင့် ကျိုးကျိရွှမ်း၏ မျက်ခုံးများက အနည်းငယ် တွန့်ကွေးသွား၏။
"ဂိုဏ်းထဲမှာ တစ်ခုခု ဖြစ်နေပုံပဲ... ငါ အရင် ပြန်သွားနှင့်မယ်... အကြီးအကဲကျိုး... မင်းနဲ့ ချန်ဖေးက နောက်ကနေ လိုက်ခဲ့ကြ..."
ချွီချင်းရှန်းက ကျိုးကျိရွှမ်းနှင့် ချန်ဖေးကို မော့ကြည့်၍ ပြောလိုက်သည်။
ဤကျောက်စိမ်း ဝိညာဉ်လက်နက်သည် ယွမ်ချန်ဓားဂိုဏ်း၏ ပင်မ တောင်ထွတ်နှင့် ချိတ်ဆက်ထားသော ဝိညာဉ်လက်နက် တစ်ခုဖြစ်သည်။ ရှုပ်ထွေးသော သတင်းစကားများကို မပို့နိုင်သော်လည်း သတိပေးချက်များကိုမူ ထုတ်လွှင့်ပေးနိုင်သည်။