အခန်း ၁၈၁
Vol. 19 Ch. 181
အခန်း (၁၈၁)
မီးသွေးဖြင့် ကင်ထားသော ကမာများ
ဟွာကျွင်းသည် မီးဖိုချောင်ထဲသို့ ဝင်သွားပြီး နံရံဘေးမှ ဖော့ဘူးတစ်ခုကို ထုတ်လိုက်သည်။
လက်ဖက်ရည် တည်ခင်းပြီးနောက် ဝင်လာသည့် မော့ချွမ်းသည် ဟွာကျွင်း၏ လှုပ်ရှားမှုကို မြင်သောအခါ စိုးရိမ်တကြီး အော်လိုက်၏။
“ဟွာကျွင်း ခင်ဗျား ဘာလုပ်မလို့လဲ။ ဒါက ကျွန်တော်တို့ ညဉ့်နက်စာ စားဖို့လို့ ပြောထားတယ် မဟုတ်လား”
“အများကြီး ရှိတယ်။ ရှင်စားဖို့ လောက်ပါတယ်။ အစ်မရှို့ယွန်း တစ်ယောက်တည်းက ဘယ်လောက်များ စားနိုင်မှာမို့လို့လဲ”
မော့ချွမ်း ပြောလိုက်သည်။
“သူက ဝိတ်ချနေတာလေ၊ ဒါကြောင့် သုံးခုပဲ ပေးလိုက်၊ အဲဒီထက် ပိုမပေးနဲ့”
ဟွာကျွင်းက ဖော့ဘူးကို ဖွင့်လိုက်ရာ အထဲတွင် လက်ဖဝါးခန့် အရွယ်အစားရှိသည့် ကမာများ ပါရှိနေသည်။
မော့ချွမ်း ဟွာကျွင်း၏ အင်္ကျီလက်ကို ဆွဲကာထပ်ပြော၏။
“ကျွန်တော့်ကို ကတိပေး။ သူ့ကို သုံးခုပဲ ပေးမယ်လို့”
“ကြားပါတယ်၊ ကြားပါတယ်။ နားနှစ်ဖက်လုံးနဲ့ ကြားပါတယ်။ ရှင် အရင်ဆုံး ကမာတွေကို ဆေးကြောလိုက်ပါဦး”
ဟွာကျွင်းသည် မော့ချွမ်းကို အလုပ်ပေးလိုက်ပြီးနောက် ကမာကင်အတွက် မရှိမဖြစ်လိုအပ်သည့် ကြက်သွန်ဖြူဆော့စ်ကို စတင်ပြင်ဆင်တော့သည်။
သူမသည် ကြက်သွန်ဖြူဥကြီး အတော်များများကို ယူကာ နှစ်ပိုင်း ခွဲလိုက်၏။ ကြက်သွန်ဖြူ တစ်ဝက်ကို ညက်နေအောင် လှီးလိုက်ပြီး ကြက်သွန်ဖြူအနှစ် ပြုလုပ်လိုက်ကာ ကျန်တစ်ဝက်ကိုတော့ အဖတ်လေးတွေ ဖြစ်ရုံမျှသာ လှီးလိုက်သည်။
ထိုကြက်သွန်ဖြူ နှစ်မျိုးကို နောက်မှ သုံးရန် သီးခြားစီ သိမ်းဆည်းထား၏။
မြေပဲဆီ အနည်းငယ်ကို ဒယ်အိုးထဲ ထည့်ကာ (၅၀) ရာခိုင်နှုန်းခန့် ပူလာအောင် အပူပေးလိုက်သည်။ ထို့နောက် ဟွာကျွင်းသည် ကြက်သွန်ဖြူအနှစ် တစ်ဝက်ကို ထည့်ကာ မီးအေးအေးဖြင့် လျင်မြန်စွာ မွှေလိုက်သည်။
ဒယ်အိုးထဲမှ ကြက်သွန်ဖြူများ ရွှေဝါရောင် ပြောင်းသွားသည်နှင့် သူမသည် ၎င်းတို့ကို ပန်းကန်ပြားတစ်ခုထဲသို့ ထည့်ကာ အအေးခံလိုက်သည်။
အပူချိန် အနေတော် ဖြစ်သွားသည်ကို မြင်သောအခါ ဟွာကျွင်းသည် ထိုကြော်ထားသော ကြက်သွန်ဖြူများကို ကျန်ရှိနေသည့် လှီးထားသော ကြက်သွန်ဖြူများထဲသို့ လောင်းထည့်လိုက်သည်။
အားမန်က ဟွာကျွင်းကို ဇဝေဇဝါဖြင့် ကြည့်နေပြီး မော့ချွမ်းက သူမ မေးချင်သည့် မေးခွန်းကို မေးလိုက်၏။
“ဘာလို့ ဒီလောက် အပင်ပန်းခံနေတာလဲ။ ကြက်သွန်ဖြူ တစ်မျိုးတည်းကို နှစ်မျိုး ခွဲလှီးရတယ်၊ တစ်ဝက်က အစိမ်း၊ တစ်ဝက်က အကျက် ဖြစ်နေတယ်”
“ဒါကို ‘ရွှေငွေ ကြက်သွန်ဖြူ’ လို့ ခေါ်တယ်။ အပင်ပန်းခံရပေမဲ့ ကမာကင် အရသာရှိဖို့အတွက် အဓိက သော့ချက်ပဲ”
မော့ချွမ်း ရုတ်တရက် သဘောပေါက်သွားကာ ပြောလိုက်၏။
“ကျွန်တော် သိပြီ၊ ကြော်ထားတဲ့ ကြက်သွန်ဖြူကို ‘ရွှေကြက်သွန်ဖြူ’ လို့ ခေါ်ပြီး မကြော်ရသေးတဲ့ ကြက်သွန်ဖြူကိုတော့ ‘ငွေကြက်သွန်ဖြူ’ လို့ ခေါ်တာပေါ့။ အဲဒီ နှစ်မျိုးကို ရောလိုက်တော့ ခင်ဗျား ပြောတဲ့ ‘ရွှေငွေ ကြက်သွန်ဖြူ’ ဖြစ်သွားတာပေါ့”
“ရှင်က သင်ပေးရတာ လွယ်သားပဲ”
ကြက်သွန်ဖြူများကို မွှေပြီးနောက် ဟွာကျွင်းသည် ဟင်းခတ်အမွှေးအကြိုင်များကို စတင်ထည့်တော့သည်။
ပဲငံပြာရည် အကြည်၊ ခရုဆီ၊ သကြားဖြူ၊ ငံပြာရည်၊ နှမ်းဆီ စသည်ဖြင့် တစ်ခုပြီးတစ်ခု လောင်းထည့်လိုက်သည်။
“အို... ဘုရားရေ။ ဒီကြက်သွန်ဖြူဆော့စ်တွေ ပိုနေရင် ကျွန်တော့်အတွက် သိမ်းထားပေးပါ၊ မနက်ဖြန်ကျရင် ကျွန်တော့် ဖိနပ်အောက်ခံ ပြားနဲ့ တို့စားဖို့”
ဟွာကျွင်း ဘာမှ ပြန်မပြောဘဲ စောစောက ကြက်သွန်ဖြူကြော်ထားသည့် ဆီများကို ထပ်ထည့်ကာ ဇွန်းကြီးဖြင့် သေချာနှံ့အောင် မွှေလိုက်သည်။
“ကဲ... ရပြီ”
ဟွာကျွင်းက ခေါင်းငုံ့ပြီး အနံ့ခံကြည့်သည်။ သူမ လိုချင်တဲ့ အနံ့လေးပင်။
မော့ချွမ်းကို လှည့်ကြည့်လိုက်ရာ သူ ကမာဆေးကြော ပြီးသွားပြီး ဟွာကျွင်း၏ လက်များကို စိုက်ကြည့်နေ၏။
“ရှင် လုပ်စရာရှိတာတွေ ပြီးပြီလား”
ဟွာကျွင်း မေးလိုက်သည်။
မော့ချွမ်း သတိပြန်ဝင်လာပြီး ပြောလိုက်၏။
“ပြီးပါပြီ။ ကမာတွေကို အကုန်လုံး တိုက်ချွတ် ဆေးကြောပြီးပါပြီ”
“ဒါတွေကို ကျွန်မတို့တွေ ဘယ်လို စားမှာလဲ။ ရှင် ဒါတွေကို ခွာရဦးမယ်လေ။ ကျွန်မတို့တွေ ဒီနေ့ည ကမာခွံတွေကို ကိုက်စားကြမလို့လား”
မော့ချွမ်း ကမာတစ်လုံးကို ကောက်ကိုင်ကြည့်ပြီး ဘယ်က စရမှန်း မသိဖြစ်နေ၏။
“မဟုတ်ပါဘူး၊ ဒါကို ဘယ်လို ခွာရမှာလဲ”
ဟွာကျွင်းသည် ကမာခွာရန် သီးသန့်ဓားလေးကို ယူလာပြီး မော့ချွမ်းကို ကမ်းပေးကာ ပြောလိုက်သည်။
“အပေါက်လေး ရှာပြီး ကော်ထုတ်လိုက်ပါ။ ဒါက ကျွန်မ ကူညီပေးနိုင်တဲ့ အပိုင်းပဲ”
မော့ချွမ်းမှာ အတော်ကြာအောင် စမ်းတဝါးဝါး လုပ်နေပြီးနောက် နောက်ဆုံးတွင် အပေါက်လေးတစ်ခုကို တွေ့သွားသည်။ ဓားငယ်လေးကို ထိုးထည့်ကာ အားစိုက်ပြီး ကော်လိုက်ရာ အခွံမှာ လုံးဝ ပွင့်ထွက်သွားတော့သည်။
ဟွာကျွင်း တန်ဖိုးကြီးပေးပြီး ဝယ်ထားသည့် ကမာများ ဖြစ်သည့်အတိုင်း အခွံထဲတွင် နူးညံ့ပြီး ပြည့်တင်းနေသည့် ကမာသားများကို တွေ့ရကာ ၎င်းတို့အပေါ်တွင် အပြာရောင် အစင်းကြောင်းလေးများ ပါသည်။
နောက်ထပ် နှစ်လုံး၊ သုံးလုံးခန့် စမ်းကြည့်ပြီးနောက် မော့ချွမ်းသည် နည်းလမ်းကို သိသွား၏။ သူသည် အားမန်အား ထိုနည်းလမ်းကို ပျော်ပျော်ရွှင်ရွှင် သင်ပေးလိုက်ပြီး သူတို့နှစ်ဦးသည် တစ်လုံးပြီးတစ်လုံး အလျင်အမြန် ခွာတော့သည်။
သူတို့ ခွာပြီးသမျှ တစ်လုံးချင်းစီကို ဟွာကျွင်းက ကြက်သွန်ဖြူဆော့စ်များ ဆမ်းပေးလိုက်ပြီး ပန်းကန်ပြားကြီး တစ်ခုပေါ်တွင် တင်လိုက်သည်။ ပန်းကန်ပြား ပြည့်သွားသည်နှင့် သူမသည် အပြင်သို့ သယ်သွားသည်။
မော့ချွမ်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ဘာလို့ အပြင်ကို သယ်သွားတာလဲ။ ဒီအတိုင်း စားလို့ ရလို့လား၊ ဒါတွေကို ကင်ရဦးမယ် မဟုတ်လား”
“ကင်ရမှာပေါ့၊ ဒါပေမဲ့ ပေါင်းအိုးထဲမှာ မဟုတ်ဘူး။ မီးသွေးနဲ့ ကင်မှ မွှေးတာ၊ အပြင်က အားမောက်ကို သွားကူခိုင်းမလို့”
ဟွာကျွင်းသည် ပန်းကန်ပြားကို လက်နှစ်ဖက်ဖြင့် ကိုင်ထားကာ မီးဖိုချောင်တံခါးကို သူမ၏ တင်ပါးဖြင့် တွန်းဖွင့်လိုက်ပြီး မှာကြားကာ ထွက်သွား၏။
“ကြက်သွန်ဖြူအနှစ်တွေ ဆက်ထည့်ထားလိုက်ဦး”
ဟွာကျွင်း ထွက်လာသည်ကို မြင်သောအခါ ရှို့ယွန်းက အမြန်ထရပ်ပြီး ဟွာကျွင်းရှေ့သို့ ပြေးသွားကာ မေးလိုက်သည်။
“အစ်မ ကူညီပေးရမလား”
ဟွာကျွင်း ခေါင်းခါပြကာ ပြောလိုက်၏။
“ကျွန်မဘာသာ လုပ်နိုင်ပါတယ်၊ အစ်မတို့ လက်ဖက်ရည် ဆက်သောက်နေကြပါ”
ထို့နောက် တံခါးဘက်သို့ တန်းတန်းမတ်မတ် လျှောက်သွားသည်။
အမျိုးသမီးများက သိချင်စိတ်ဖြင့် မေးကြ၏။
“ငါတို့တွေ ထင်တာက ညစာက ဒီမှာပဲ ကျွေးမှာလားလို့။ ဘာလို့ တံခါးအပြင်ကို သယ်သွားတာလဲ”
ရှို့ယွန်းက ပြန်ဖြေ၏။
“ငါလည်း ဘယ်သိမှာလဲ”
“အမယ်လေး... နင် ဒီမှာ ထမင်းတွေ အများကြီး စားခဲ့ပြီးတာကို ဘယ်လိုဖြစ်လို့ မသိရတာလဲ။ နင် လိမ်ပြန်ပြီ မဟုတ်လား”
“နင်တို့ အမြင်ကျဉ်းလိုက်တာ။ ငါ ညီမလေးဟွာရဲ့ ဆိုင်မှာ စားလာကတည်းက တစ်ခါစားပြီးသား ဟင်းကို နောက်တစ်ခါ ထပ်မစားဖူးသေးဘူး၊ ဒီနေ့လည်း အသစ်အဆန်း တစ်ခုခု ဖြစ်မှာပဲ”
“ငါတို့တွေ ဒီမုန့်ဆိုင်အကြောင်း ကောလာဟလတွေ အများကြီး ကြားဖူးပါတယ်၊ ဘယ်လောက်ပဲ ကောင်းကောင်း မုန့်ဆိုင်ပဲ မဟုတ်လားလို့ ထင်ခဲ့တာ။ ဒီနေ့တော့ ကိုယ်တိုင် တွေ့လိုက်ရမှပဲ နာမည်နဲ့ လိုက်ဖက်တယ်ဆိုတာ သိတော့တယ်”
အားမောက်သည် ကမာများကို ကင်စင်ပေါ်သို့ တစ်ခုချင်း တင်လိုက်ပြီး အပူရှိန်ကို ညှိကာ ကင်တော့သည်။ ဟွာကျွင်း အထဲသို့ ပြန်မဝင်ချင်တော့သဖြင့် အားမောက်နှင့် ဒေါ်လေးပန်းတို့ရှိရာ အကင်ဆိုင်ဘေးတွင် ရပ်ကာ စကားပြောနေလိုက်၏။
အနီးအနားရှိ ဖောက်သည် အတော်များများကလည်း ဤထူးဆန်းသည့် အရာများက ဘာလဲဟု လာမေးကြရာ ဟွာကျွင်း တစ်ဦးချင်းစီကို ရှင်းပြပေး၏။
“ဒါတွေက ပင်လယ်က လာတဲ့ အစားအစာတွေပါ၊ ကမာလို့ ခေါ်သလို ယောက်သွား လို့လည်း သိကြပါတယ်”
ဤခေတ်ကာလတွင် ကမာများ ရှိသော်လည်း ဤနေရာမှာ ပင်လယ်နှင့် ဝေးလွန်းသဖြင့် လူအတော်များများ တစ်ခါမှ မမြင်ဖူးကြပေ။
သို့သော် ဤသို့ ကြက်သွန်ဖြူဆော့စ်ဖြင့် စားသည့် နည်းလမ်းမှာ အသစ်အဆန်း ဖြစ်နေ၏။ အစပိုင်းတွင် ကြက်သွန်ဖြူနံ့ အနည်းငယ်သာ ထွက်သော်လည်း အပူချိန် တက်လာသည်နှင့်အမျှ အထဲမှ ဆီများမှာ ပူလာပြီး အသံတစီစီ မြည်ကာ အငွေ့များ ထွက်လာသည်။
ထိုအချိန်တွင် ကြက်သွန်ဖြူဆော့စ်၏ အနံ့မှာ အပြည့်အဝ ပျံ့လွင့်လာပြီး အကင်ဆိုင်၏ မွှေးပျံ့လှသော ပတ်ဝန်းကျင်တွင် သူ့အလိုလို နေရာယူလာတော့သည်။
ကမာခွံ တစ်ခုချင်းစီမှာ ပန်းကန်လုံးလေးများကဲ့သို့ ဖြစ်နေပြီး မကြာမီမှာပင် စွပ်ပြုတ်ရည်များဖြင့် ပြည့်လာသည်။
ဤစွပ်ပြုတ်ရည်မှာ ကမာသားထဲမှ ထွက်လာသည့် အရည်များဖြစ်ပြီး ဆီနှင့် ကြက်သွန်ဖြူဆော့စ်တို့ ရောနှောသွားကာ ကမာသားများကို ပို၍ ပြောင်လက်နေစေ၏။
သိုးသားကင် စောင့်နေသည့် ဖောက်သည်တစ်ဦး တံတွေးမျိုချရင်း မေးလိုက်သည်။
“သူဌေးမလေးဟွာ... ဒီကမာတွေကို ရောင်းသလား”
ဟွာကျွင်းက ငြင်းလိုက်၏။
“မရောင်းပါဘူးရှင့်။ ဒီနေ့ ကမာတွေကို အများကြီး မပြင်ဆင်ထားလို့ ကျွန်မတို့ဆိုင်က ဝန်ထမ်းတွေ စားဖို့ပဲ ရှိတာပါ”
သူ လက်မလျှော့ဘဲ ထပ်မေးပြန်သည်။
“ဒါဆို သူဌေးမတို့ ဆိုင်မှာ လူထပ်ခေါ်ဦးမလား”
ဟွာကျွင်း ရယ်ချင်သွားသော်လည်း စကားပင် မပြောရသေးမီမှာပင် မော့ချွမ်း ကြက်ကလေးများကို ကာကွယ်မည့် ကြက်အမေကြီးကဲ့သို့ ပြေးထွက်လာပြီး အော်လိုက်၏။
“ကမာတွေ မရောင်းဘူး၊ လူလည်း ထပ်မခေါ်ဘူး”
မော့ချွမ်း တွေးနေ၏။
‘နောက်ထပ် ယောက်ျားတွေ ထပ်ခေါ်လို့ မဖြစ်ဘူး၊ သူတို့တွေက ငါ့လောက် စားကြမှာ၊ ဒါဆို စားစရာ ဘယ်လောက်တောင် ကုန်သွားမှာလဲ’
ဟွာကျွင်း ပြုံးပြီး ဖောက်သည်ကို ပြောလိုက်သည်။
“နောက်ရက်အနည်းငယ် ကြာရင် အားမောက်ဆီမှာ ကမာတွေ ဝယ်လို့ရပါလိမ့်မယ်၊ ခဏစောင့်ပေးပါဦးရှင့်”
အားမောက်နှင့် ဒေါ်လေးပန်းတို့သည် သူတို့၏ အလုပ်များကို တပြိုင်နက်တည်း ရပ်လိုက်ကြပြီး နားကြားမှားသလားဟုပင် ထင်သွားကြသည်။
“သူဌေးမလေးဟွာ ပြောတာ ဒီကမာကင်တွေကိုလည်း ကျွန်တော်တို့ဆီမှာ ရောင်းမယ်လို့ ပြောတာလား”
“ဟုတ်တယ်၊ ဘာပဲဖြစ်ဖြစ် အားမောက်ရဲ့ လက်ရာက ကောင်းသားပဲ။ ကြည့်ပါဦး။ သူ ပထမဆုံးအကြိမ် ကမာကင်တာတောင် အောင်မြင်နေတာပဲ၊ ပါရမီရှိတယ်”
အားမောက်နှင့် ဒေါ်လေးပန်းတို့၏ ဟွာကျွင်းအပေါ် ကျေးဇူးတင်မှုမှာ ချက်ချင်းပင် အထွတ်အထိပ်သို့ ရောက်သွားတော့၏။ ဟင်းလျာအသစ် တစ်မျိုးတိုးခြင်းမှာ အမြတ်အစွန်း တစ်ခုတိုးခြင်းဖြစ်ကြောင်း သူတို့ သိကြသည်။ သူဌေးမလေးဟွာ ကမာကင်ကို သူတို့ဆိုင်မှာ ရောင်းခြင်းက သူတို့ကို တန်ဖိုးထားကြောင်း ပြသနေခြင်းပင်။
အားမောက်နှင့် ဒေါ်လေးပန်းတို့ စကားပင် မပီသတော့ဘဲ ကျေးဇူးတင်စကားများကို ထပ်ခါတလဲလဲ ပြောနေကြတော့သည်။
သူတို့ စကားပြောနေစဉ်မှာပင် ကမာများမှာ ကျက်သွားပြီဖြစ်၏။ အားမောက် ကမာများကို ညှပ်ဖြင့် သေချာကိုင်ပြီး ပန်းကန်ထဲသို့ ပြန်ထည့်ပေးလိုက်ရာ ဘေးမှ ဖောက်သည်များက ကမာခွံထဲမှ စွပ်ပြုတ်ရည်များ ဖိတ်ကျသွားမည်စိုး၍ စိုးရိမ်တကြီး စိုက်ကြည့်နေကြသည်။