← Chapters

အခန်း ၁၈၂

Vol. 19 Ch. 182

အခန်း ၁၈၂

Vol. 19 Ch. 182

အခန်း (၁၈၂)

ကမာကင်က ဝိတ်ကျဖို့ ကူညီပေးနိုင်တယ်လား

ကမာခွံများ၏ အောက်ခြေမှာ မညီမညာ ဖြစ်နေသော်လည်း ပန်းကန်ပြားပေါ်တွင် တည့်တည့်မတ်မတ် ရှိနေပြီး အထဲမှ အရည်များမှာ ဖိတ်စင်ခြင်းမရှိပေ။

“ကြက်သွန်မြိတ်လေးတွေ နည်းနည်းလောက် ထပ်ဖြူးလိုက်ပါဦး”

ဟွာကျွင်းက ပြောလိုက်သည်။

အားမောက် ထိုစကားကို ကြားသည်နှင့် ကြက်သွန်မြိတ်ဘူးကို အမြန်ယူလာပြီး ကမာများပေါ်သို့ ဖြူးပေးလိုက်သည်။

ဒေါ်လေးပန်းက ပြောလိုက်၏။

“ကျွန်မ အထဲကို သယ်သွားပေးမယ်”

ထို့နောက် ပန်းကန်ကို ကျွမ်းကျွမ်းကျင်ကျင် မလိုက်ပြီး အထဲသို့ လျှောက်ဝင်သွားတော့သည်။

ဆိုင်ထဲသို့ ရောက်သောအခါ သူမ မေးလိုက်သည်။

“ဘယ်မှာ ချထားပေးရမလဲ”

“ကျွန်တော့်ကို ပေးပါ”

မော့ချွမ်း လမ်းလျှောက်ထွက်လာပြီး ပန်းကန်ကို လှမ်းယူလိုက်သည်။ ထို့နောက် ကမာ သုံးကောင်ကို ရွေးထုတ်ကာ ရှို့ယွန်း၏ ရှေ့တွင် ချပေးလိုက်ပြီး မီးဖိုချောင်ဘက်သို့ ပြန်လှည့်သွား၏။

ဟွာကျွင်း သူ့အင်္ကျီကော်လာကို ဆွဲထားလိုက်ပြီး ရှေ့ဆက်တိုးမရအောင် တားလိုက်ကာ ပြောတော့သည်။

“ရှင် ဘယ်လိုဖြစ်နေတာလဲ။ ရှင့်မှာ ယဉ်ကျေးမှုဆိုတာ လုံးဝမရှိဘူးပဲ။ အခုချက်ချင်း ရပ်လိုက်စမ်း”

သူမ အမိန့်ပေးလိုက်၏။

“ဒါတွေကို သေချာ ပြန်ပြင်ပေးလိုက်စမ်း”

ရှို့ယွန်း သုံးခုစားရန် သဘောတူထားသော်လည်း ဤကဲ့သို့ လုပ်၍မရပေ။ ကမာ သုံးကောင်ကို စားပွဲပေါ်သို့ ဗရမ်းဗတာ ပစ်ချထားသကဲ့သို့ ဖြစ်နေခြင်းမှာ အလွန်ပင် မလေးစားရာ ရောက်လှသည်။

ရှို့ယွန်းမှာ ကြောင်သွားပြီး ဘာတွေဖြစ်နေမှန်း မသိသလို ဤကဲ့သို့ ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် အရာများ သူမရှေ့သို့ အဘယ်ကြောင့် ရုတ်တရက် ရောက်လာသလဲဆိုသည်ကို မသိပေ။

မော့ချွမ်း ထိုကမာ သုံးကောင်ကို ပြန်ယူသွားပြီး တောင်းပန်လိုက်၏။ ထို့နောက် မီးဖိုချောင်သို့ သွားကာ သန့်ရှင်းသော ပန်းကန်ဖြူတစ်ချပ်ကို ယူပြီး ကမာသုံးကောင်ကို သေသေချာချာ စီလိုက်သည်။ ပန်းကန်အလယ်တွင် နံနံပင် အနည်းငယ် ထည့်လိုက်ပြီး ငွေရောင် ဇွန်းရှည်တစ်ချောင်းကိုပါ ထည့်ပေးလိုက်ကာ ရှို့ယွန်း၏ ရှေ့တွင် ပြန်လည် ချထားပေးလိုက်သည်။

ရှို့ယွန်း ယခုမှ သဘောပေါက်သွား၏။ ဤအရာမှာ ဟွာကျွင်းပြောခဲ့သော ညစာပင် ဖြစ်သည်။

သူမ သူငယ်ချင်း သုံးဦးကို ပြုံးပြရင်း ရှင်းပြသည်။

“နင်တို့ တွေ့တဲ့အတိုင်းပဲ။ ငါ ဒီနေ့ညစာအတွက် ဒါ... ဒါကို စားမှာ”

“မီးသွေးနဲ့ကင်ထားတဲ့ ကမာ”

ဟွာကျွင်း သူမကိုယ်စား ဖြည့်စွက်ပြောပေးလိုက်သည်။

“ဪ ဟုတ်သားပဲ၊ မီးသွေးနဲ့ကင်ထားတဲ့ ကမာ။ ဒါက... ဒါက”

ထို့နောက် သူမက ဟွာကျွင်းကို တိုးတိုးလေး မေးလိုက်၏။

“ဒါက အသားလား၊ ဒါမှမဟုတ် ဟင်းသီးဟင်းရွက်လား”

“ဒါက ပင်လယ်က လာတဲ့ သတ္တဝါတစ်မျိုးပါ၊ အသားပေါ့။ ပရိုတင်းဓာတ်တွေ အများကြီးပါဝင်ပြီး အရမ်း အရသာရှိတယ်”

ရှို့ယွန်း အသံကျယ်ကြီးဖြင့် ပြောလိုက်သည်။

“ဟုတ်တယ်၊ အရမ်း အရသာရှိတယ်။ အင်း... အရမ်း အရသာရှိတာပဲ...”

သူမသည် ဇွန်းကို ကိုင်ထားသော်လည်း ကမာ စားရမည်ကို မဝံ့မရဲ ဖြစ်နေ၏။

ဟွာကျွင်း ပြောလိုက်သည်။ “ကမာခွံထဲမှာ ရှိတဲ့ အရာအားလုံးက စားလို့ရပါတယ်။ စွပ်ပြုတ်ရည်နဲ့ အသားကို တစ်ကိုက်တည်း စားလိုက်တာ အကောင်းဆုံးပဲ”

သူမ တုံ့ဆိုင်းနေစဉ်မှာပင် ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးက လက်လှမ်းပြီး ကမာတစ်ကောင်ကို ကောက်ယူလိုက်သည်။

“ဒါက ဘာလဲဆိုတာ ငါ့ကို ပြကြည့်ပါဦး”

အခွံထဲမှ ကမာသားမှာ ပြည့်တင်းပြီး နူးညံ့နေကာ ဆော့စ်ရည်များအောက်တွင် ရွှေဝါရောင်ကဲ့သို့ တောက်ပနေသဖြင့် တစ်လုတ်တည်း မျိုချချင်စရာ ကောင်းလှသည်။

သူမက ၎င်းကို ယူပြီး အနံ့ခံကြည့်လိုက်ရာ မျက်လုံးများ ချက်ချင်း တောက်ပသွား၏။

“ဒါ ဘာလဲ။ ဘယ်လိုဖြစ်လို့ ဒီလောက်တောင် မွှေးနေရတာလဲ”

ကြက်သွန်ဖြူနံ့နှင့် ကမာသားနံ့တို့မှာ တစ်ခုနှင့်တစ်ခု ရောယှက်ကာ နှာခေါင်းထဲသို့ တိုးဝင်လာပြီး မီးသွေးအပူရှိန်ကြောင့် သင်းပျံ့သော မီးခိုးနံ့လေးလည်း ပါဝင်နေသည်။

“ငါ့ကိုလည်း အနံ့ပေးခံဦး၊ ငါလည်း အနံ့ခံကြည့်ချင်တယ်”

မကြာမီမှာပင် ထိုကမာမှာ လူသုံးဦးကြားတွင် လက်ပြောင်းလက်လွှဲ ဖြစ်သွားတော့သည်။

ရှို့ယွန်း ပန်းကန်ကို ပြန်လုယူလိုက်ပြီး ပြောလိုက်၏။

“နင်တို့ ဘာလုပ်နေတာလဲ။ အေးကုန်တော့မှာပဲ”

အမျိုးသမီးများက တိုက်တွန်းကြသည်။

“မြန်မြန်စားကြည့်စမ်း၊ ဘယ်လိုအရသာရှိလဲဆိုတာ မြည်းကြည့်ဦး”

ရှို့ယွန်းက ဘယ်ဘက်လက်ဖြင့် ကမာကို ကိုင်လိုက်ပြီး ညာဘက်လက်မှ ဇွန်းဖြင့် အခွံထဲမှ စွပ်ပြုတ်ရည်၊ ကြက်သွန်ဖြူနှင့် ကမာသားတို့ကို ပါးစပ်ထဲသို့ တစ်ခါတည်း ခြစ်ထည့်လိုက်သည်။

“အင်း... အရသာရှိလိုက်တာ”

သူမက ထပ်ခါတလဲလဲ ချီးကျူးတော့သည်။

“ဘာအရသာမျိုးလဲ”

အခြားသူများက သိချင်စိတ်ဖြင့် မေးကြ၏။

ရှို့ယွန်း တစ်ကောင်လုံးကုန်အောင် စားလိုက်ပြီး သေချာ အရသာခံစားလိုက်ကာ စတင် ဖော်ပြတော့သည်။

“လျှာပေါ်မှာ အရမ်း နူးအိတာပဲ။ ဝါးလိုက်တဲ့အခါမှာလည်း အရမ်း နူးညံ့ပြီး ဘာမှ အားစိုက်စရာ မလိုဘူး”

“ကြက်သွန်ဖြူ အရသာကလည်း အရမ်း ထူးခြားတယ်၊ လုံးဝ မစပ်ဘူး၊ အရေးကြီးဆုံးကတော့ အငန်ဓာတ်က အနေတော်ပဲ။ ပြီးတော့ အဲဒီ အရည်လေးကလေ... အို... ဘုရားရေ။ အရမ်း လတ်ဆတ်တာပဲ”

သူမ အခြားသူများ၏ စားချင်စိတ်ကို မည်သို့ ဆွရမလဲဆိုသည်ကို သိ၏။

“အခု နင်တို့ ငါ့ကို ကြက်ပေါင်ကြီးတစ်လုံးနဲ့ လဲပေးမယ်ဆိုရင်တောင် ငါ မလဲနိုင်ဘူး။ နင်တို့ မစားရတာ တကယ် နှမြောစရာပဲ”

အမျိုးသမီး သုံးဦးမှာ တံတွေးမျိုချလိုက်ကြပြီးမှ ဇွတ်ငြင်းကြ၏။

“နင်က အရသာရှိတယ် ပြောရုံနဲ့ တကယ် ဟုတ်လို့လား။ ဒီလောက် ကြက်သွန်ဖြူတွေ အများကြီး စားပြီးရင် နင့်ပါးစပ်က နံမှာ မကြောက်ဘူးလား”

“အမယ်လေး နင်တို့ကတော့ ချဉ်နေတာပဲ၊ မစားရလို့ မနာလိုဖြစ်နေကြတာ”

နောက်ထပ် အမျိုးသမီးတစ်ဦးက သူဌေးမဟွာကို သိချင်စိတ်ဖြင့် မေးလိုက်၏။

“သူဌေးမလေးဟွာ၊ ဒါကို စားတာက တကယ်ပဲ ဝိတ်ကျဖို့ ကူညီပေးနိုင်တာလား”

ဟွာကျွင်း ခေါင်းညိတ်ပြ၏။

“ကမာတွေမှာ ကယ်လိုရီ ပါဝင်မှု နည်းတယ်။ ရှစ်ကောင်စားမှ ပန်းသီးတစ်ခြမ်းစာနဲ့ပဲ ညီမျှတာ။ ပြီးတော့ ဒါက အသားအရေကိုလည်း လှပစေပြီး အားဖြည့်ပေးနိုင်ပါတယ်။ အရမ်းကောင်းတဲ့ အစားအစာပါ”

ရှို့ယွန်း ဟွာကျွင်းစကားထဲမှ အဓိကအချက်ကို ဖမ်းမိသွားသည်။

“ရှစ်ကောင်စားမှ ပန်းသီးတစ်ခြမ်းနဲ့ ညီတာလား၊ ဒါဆို အစ်မက ဘာလို့ သုံးကောင်ပဲ စားရတာလဲ”

“ဒါကတော့...”

ရှို့ယွန်း ကျန်ရှိသော နှစ်လုံးကို အမြန်ကုန်အောင် စားလိုက်ပြီး စားပွဲကို ရိုက်ကာ ထရပ်လိုက်၏။

“မော့ချွမ်း ငါ့ကို နောက်ထပ် နည်းနည်းလောက် ထပ်ပေးစမ်း”

ရှို့ယွန်း မီးဖိုချောင်တံခါးကို တောက်လျှောက် ခေါက်နေသော်လည်း အထဲမှ မည်သူမျှ တုံ့ပြန်ခြင်းမရှိပေ။

အမျိုးသမီး သုံးဦး ထရပ်လိုက်ကြပြီး သူဌေးမဟွာကို ပြော၏။

“သူဌေးမလေးဟွာ ကျွန်မတို့တွေ ညီမလေးရဲ့ ဝိတ်ချအတန်းမှာ ပိုက်ဆံပေးပြီး တက်မယ်ဆိုရင် ကျွန်မတို့တွေလည်း ကမာ စားလို့ရမှာလား”

“ကမာတင် မကဘူး၊ တခြား အစားအစာ အမျိုးမျိုးကိုလည်း စားရမှာပါ။ ဘယ်လောက်ပဲ အရသာရှိရှိ နေ့တိုင်း တစ်မျိုးတည်း စားနေရရင် ငြီးငွေ့စရာ ကောင်းတယ် မဟုတ်လား။ ပြီးတော့ ရှင်တို့ရဲ့ အဓိက ပန်းတိုင်က ဝိတ်ချဖို့ဆိုတော့ စားတဲ့ အရာတွေက စံနှုန်းတစ်ခု ရှိရပါမယ်။ အရသာရှိရမယ်၊ ပြီးတော့ ကယ်လိုရီလည်း နည်းရမယ်”

သူတို့ သုံးဦးကတော့ ထိုသို့ မစဉ်းစားကြပေ။ ယခုအချိန်မှာ ဝိတ်ကျဖို့ အရေးမကြီးတော့ပေ။ အရေးကြီးသည်မှာ ဤကဲ့သို့ အရသာရှိသော အစားအစာများကို နေ့တိုင်း စားရဖို့ပင် ဖြစ်သည်။ ငွေ (၁၀)တေး သုံးရခြင်းမှာ လုံးဝ မရှုံးပေ။

“သူဌေးမလေးဟွာ ဘာမှ ထပ်မပြောနဲ့တော့၊၊ ကျွန်မ ပိုက်ဆံပေးမယ်”

“ဟုတ်တယ်၊၊ ကျွန်မတို့တွေ အခုပဲ ပိုက်ဆံပေးမယ်”

ထိုသို့ပြောရင်း သူတို့သည် ငွေအိတ်များကို ထုတ်ရန် ပြင်ကြတော့သည်။

ဟွာကျွင်း ပြုံးလိုက်၏။

“အခုတော့ မရသေးပါဘူး၊ နေရာက မပြင်ဆင်ရသေးလို့ပါ။ အစ်မရှို့ယွန်းနဲ့ ဆက်သွယ်ထားပေးပါ၊ ကျွန်မတို့ရဲ့ ဝိတ်ချတဲ့အတန်း စတင် လည်ပတ်ပြီဆိုတာနဲ့ သူက အစ်မတို့ကို ချက်ချင်း အကြောင်းကြားပေးပါလိမ့်မယ်”

သူတို့က ညည်းညူလိုက်ကြသည်။

“ဘာလို့ ထပ်စောင့်ရပြန်တာလဲ၊၊ သူဌေးမလေးဟွာရဲ့ အစားအစာတွေက အရသာရှိပေမဲ့ ရဖို့ အရမ်းခဲယဉ်းတယ်လို့ လူတွေ ပြောကြတာ မမှားဘူးပဲ။ အမြဲတမ်း တန်းစီရတာ ဒါမှမဟုတ် ကြိုတင်စာရင်းပေးရတာပဲ ရှိတယ်။ သူတို့ ပြောတာတွေ မမှားဘူး”

ဟွာကျွင်း တွေးနေမိသည်။

‘သူတို့ ပြောတာ မမှားပါဘူး၊ ဒါပေမဲ့ ဘာလုပ်လို့ ရမှာလဲ၊ ဘုန်းကြီးက များပြီး ဆွမ်းက နည်းနေတာကိုး’

သူမ သူတို့ကိုသာ ချော့မော့လိုက်ရသည်။

“စိတ်မပူပါနဲ့၊ အစ်မတို့အတွက် နေရာတွေကို ကျွန်မ ဖယ်ထားပေးပါ့မယ်”

ရှို့ယွန်း မော့ချွမ်းအား လိုက်ရှာနေခြင်းကို လက်လျှော့လိုက်ပြီး လမ်းလျှောက်လာကာ မာန်ပါပါဖြင့် ပြော၏။

“ဘယ်လိုလဲ၊ ငါ နင်တို့ကို မလိမ်ဘူး မဟုတ်လား။ ငါက အမြဲ ငါ့ညီမတွေကို စဉ်းစားတာ၊ နင်တို့ကျတော့ ငါ့ကို မယုံကြဘူး”

သူတို့ ရှို့ယွန်းကို အမြန်ဝိုင်းလိုက်ကြပြီး အချို့က လက်ကိုဆွဲ၊ အချို့က အင်္ကျီကော်လာကို ပြန်ပြင်ပေးရင်း မနားတမ်း တောင်းပန်ကြတော့သည်။

“အို... ငါတို့တွေ အများကြီး စဉ်းစားမိသွားလို့ပါ၊ တောင်းပန်တာနဲ့ မလုံလောက်သေးဘူးလား၊ ငါတို့တွေ ညီအစ်မ ဖြစ်လာတာ ဒီလောက်ကြာပြီ၊ ငါတို့အကြောင်း နင်မသိဘူးလား။ ငါတို့က အပြင်ပန်းသာ တင်းမာတာ၊ အတွင်းစိတ်က နူးညံ့ပါတယ်ဟဲ့”

ရှို့ယွန်း သူတို့ကို ကိုင်တွယ်ဖြေရှင်းရင်း သူဌေးမဟွာဘက်သို့ လှည့်ကာ မေးစေ့ကို ပင့်ပြပြီး မျက်စိတစ်ချက် မှိတ်ပြလိုက်၏။ ၎င်းမှာ သူဌေးမဟွာကို စိတ်မပူရန်နှင့် သူမ အဆင်ပြေအောင် လုပ်နိုင်ကြောင်း ပြောလိုခြင်းပင်။

ဟွာကျွင်း ပြုံးပြီး ခေါင်းညိတ် တုံ့ပြန်လိုက်သည်။

ဝိတ်ချသည့်အတန်းမှာ မစတင်ရသေးသော်လည်း ဖောက်သည် သုံးဦး ရရှိပြီးသား ဖြစ်သွားသည်။ သူတို့ တကယ် ဝိတ်ချချင်ကြသည် မဟုတ်သော်လည်း ရှို့ယွန်းကတော့ တိုက်ပွဲဝင်လိုစိတ်များ ပြည့်နှက်နေပြီး သူမ သူငယ်ချင်းများကို သေသေချာချာ စောင့်ကြည့်သွားမည်ဖြစ်ကာ ဆိုင်၏ နာမည်ဂုဏ်သတင်းကို လုံးဝ အထိခိုက်မခံနိုင်ကြောင်း ပြောနေတော့၏။

ထို့နောက် ဟွာကျွင်းသည် ရွာထဲမှ ဒေသခံ အိမ်ဆောက်လုပ်သူကို ရှာကာ သုံးထပ်ပါသော တည်းခိုခန်း တစ်ခု ဆောက်ချင်ကြောင်း ပြောလိုက်၏။ သူ ချက်ချင်းပင် ကိစ္စမရှိကြောင်းနှင့် ဟွာကျွင်း ကြည့်ရန်အတွက် ပုံကြမ်းအချို့ကို နောက်မှ ဆွဲလာခဲ့မည်ဟု ပြောသည်။

တည်းခိုခန်း၏ တာဝန်ခံကိုလည်း ဆုံးဖြတ်ရန် လိုအပ်သေးသည်။ ဟွာကျွင်းသည် လီနျန် ဆီသို့ သွားကာ ဆွေးနွေးလိုက်၏။ ဟွာကျွင်း၏ အစီအစဉ်များကို နားထောင်ပြီးနောက် လီနျန် အနည်းငယ် အခက်တွေ့နေသော အမူအရာဖြင့် ပြောသည်။

“အခုက နွေဦး ထွန်းယက်ချိန်ဆိုတော့ အကုန်လုံးက သူတို့ လယ်ကွင်းတွေမှာ အလုပ်ရှုပ်နေကြတာ။ တကယ်လို့ ကျွန်မတို့တွေက လူငယ်တွေကို တည်းခိုခန်း စီမံဖို့ ခေါ်လိုက်မယ်ဆိုရင် သူတို့ရဲ့ ကိုယ်ပိုင်လယ်မြေတွေကို ဂရုစိုက်ဖို့ အချိန်ရှိတော့မှာ မဟုတ်ဘူး”

ဟွာကျွင်း ပြန်ပြောလိုက်၏။

“ဒါကိုလည်း ကျွန်မ ထည့်စဉ်းစားထားပါတယ်။ တည်းခိုခန်းဆိုတာ ညဘက်မှ ဖွင့်တဲ့ မုန့်ဆိုင်လို မဟုတ်ဘူး၊ နေ့ဘက်မှာ လယ်ထဲဆင်းပြီး ညဘက်မှ အလုပ်လုပ်လို့ မရဘူးလေ။ တည်းခိုခန်းက တစ်နေ့လုံး လူရှိနေဖို့ လိုအပ်တယ်”

All Chapters