အခန်း ၁၈၃
Vol. 19 Ch. 183
အခန်း (၁၈၃)
မျက်မှန်ဝယ်ခြင်း
ဟွာကျွင်း လီနျန်ကို မေးလိုက်၏။
“အန်တီ့ကို လာကူခိုင်းရင် အဆင်ပြေမလားလို့ ကျွန်မ စဉ်းစားနေတာ”
လီနျန် အံ့ဩတကြီးဖြင့် ပြောလိုက်သည်။
“ကျွန်မအမေကတော့ လာချင်မှာ သေချာပါတယ်။ ဒါပေမဲ့ သူက ဘယ်လိုလုပ် လာလို့ရမှာလဲ။ သူ့မျက်စိတွေက မှုန်နေတာ၊ လမ်းလျှောက်ရင်တောင် စမ်းတဝါးဝါးနဲ့ သွားနေရတာလေ”
“မျက်စိမှုန်တာ ကိစ္စမရှိပါဘူး၊ မျက်မှန်တပ်လို့ ရတာပဲ”
“မျက်မှန်ဆိုတာ ဘာလဲ”
ဟွာကျွင်း ပြန်ဖြေ၏။
“ဒီလိုလုပ်ပါလား၊ မနက်ဖြန်ကျရင် အန်တီ စမ်းတပ်ကြည့်ဖို့ စာကြည့်မျက်မှန်ကို ပါဝါအမျိုးမျိုး ကျွန်မ ယူလာခဲ့ပါ့မယ်”
“စာကြည့်မျက်မှန်ဆိုတာ ဘာလဲ”
ဟွာကျွင်း သူမကို အကျဉ်းချုပ် ရှင်းပြလိုက်ရာ သူမ အနည်းငယ် နားလည်သွားသည်။ ထို့နောက် သူမ ဟွာကျွင်းကို ပြော၏။
“ဒါဆိုရင် ကျွန်မ ပြန်သွားပြီး သူ့ကို ပြောပြလိုက်မယ်။ ပြီးတော့ ရွာထဲက တခြား အဘွားကြီးတွေကိုလည်း ရှာလို့ရသေးတယ်။ သူတို့ကလည်း နေ့တိုင်း ရွာထိပ်မှာ ထိုင်ပြီး ကွာစေ့ပဲ ကိုက်နေကြတာဆိုတော့လေ”
ဟွာကျွင်း စဉ်းစားကြည့်ပြီးနောက် ဖြစ်နိုင်သည်ဟု ယူဆကာ သဘောတူလိုက်သည်။
လီနျန် အိမ်ပြန်ရောက်သောအခါ သူမ ယောက္ခမကို ထိုအကြောင်း ပြောပြလိုက်သည်။ အစပိုင်းတွင် သူမ၏ ယောက္ခမမှာ မျက်စိမကောင်းသဖြင့် စိတ်ပျက်နေမိ၏။ မဟုတ်လျှင် သူမလည်း အလုပ်လုပ်ပြီး အိမ်အတွက် ငွေအနည်းငယ် ဝိုင်းရှာပေးချင်နေသည်။
လီနျန်တွင် အကြံရှိထား၍ မျက်မှန်အကြောင်းကိုတော့ ကြိုမပြောသေးပေ။ ဟွာကျွင်းပြောသည့် မျက်မှန်က အလုပ်မဖြစ်ခဲ့လျှင် သူမအမေမှာ မျှော်လင့်ချက်ထားပြီးမှ စိတ်ပျက်သွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။
နောက်တစ်နေ့တွင် ဟွာကျွင်း မျက်မှန်ဆိုင်တစ်ဆိုင်သို့ သွားကာ ဆိုင်ဝန်ထမ်းကို အဘွားကျန်း၏ အခြေအနေကို ရှင်းပြလိုက်၏။
ထိုအခါ ဝန်ထမ်းက မေးလိုက်သည်။
“လူကို ဒီ ခေါ်လာလို့ ရမလားရှင့်”
ဟွာကျွင်းမှာ ထိုသို့မလုပ်နိုင်သဖြင့် ဝန်ထမ်းက ပြောလိုက်၏။
“ဒါဆိုရင်တော့ ရှင်ပြောတဲ့ အချက်အလက်တွေပေါ် မူတည်ပြီး မျက်မှန်ပါဝါ ကွက်တိရဖို့ မလွယ်ဘူး”
ဟွာကျွင်း တက်ကြွစွာ ပြန်ဖြေ၏။
“ရပါတယ်၊ စာကြည့်မျက်မှန် ပါဝါအမျိုးမျိုးကို တစ်စုံစီပဲ ပေးလိုက်ပါ”
ကံကောင်းသည်မှာ အနီးမှုန်ခြင်းသည် အဝေးမှုန်ခြင်း နှင့် မတူပေ။ ဆိုင်တွင် အသင့်လုပ်ပြီးသား မျက်မှန်များ ရှိတတ်သည်။ ဝန်ထမ်း စဉ်းစားကြည့်ပြီး ယခုခေတ် အနီးမှုန်သူအများစုမှာ ပါဝါ (၁၅၀) သို့မဟုတ် (၂၀၀) လောက် လိုအပ်မည်ဟု တွေးလိုက်၏။
သူမသည် (၁၅၀)တစ်စုံနှင့် (၂၀၀)တစ်စုံကို ဟွာကျွင်းအတွက် ထုတ်ပေးရင်း ပြောလိုက်သည်။
“ဒီနှစ်စုံကို အရင်ယူသွားပြီး စမ်းကြည့်ပါဦး။ အဆင်မပြေရင် ပြန်လာလဲလို့ ရပါတယ်”
ဟွာကျွင်းမှာ ထိုမျှ အချိန်မရှိပေ။ သူမ တိုက်ရိုက်ပင် ပြန်ပြောလိုက်၏။
“ကျွန်မကို (၁၅၀) ကနေ (၄၀၀) အထိ ပါဝါအမျိုးမျိုးကို တစ်စုံစီ ပေးလိုက်ပါ”
စိတ်ချရအောင် အဝေးကြည့်မျက်မှန် ပါဝါအမျိုးမျိုးကိုလည်း ပြင်ဆင်ပေးရန် ဝန်ထမ်းကို ခိုင်းလိုက်သေးသည်။
ကံမကောင်းသည်မှာ မျက်စိစမ်းသပ်ရန် နည်းလမ်းမရှိသဖြင့် ဤအတိုင်းပင် ခပ်ကြမ်းကြမ်း လုပ်လိုက်ရတော့သည်။
ဝန်ထမ်းမှာ မှင်တက်သွား၏။
“ရှင် တကယ်ပဲ အဲဒီလောက် အများကြီး ယူမှာလား”
“ဟုတ်ကဲ့၊ ပြန်လည်း မလဲတော့ပါဘူး။ ကျွန်မကို တိုက်ရိုက်ပဲ ပေးလိုက်ပါ”
“ဪ... ဒါနဲ့”
သူမ ထပ်ဖြည့်ပြောသည်။
“မျက်စိစမ်းသပ်တဲ့ ဇယား တစ်ခုလည်း ဝယ်ချင်ပါတယ်”
ဝန်ထမ်းက အမြန်ပင် ပြန်ပြောလိုက်၏။
“ညီမလေးရယ်... မျက်စိစမ်းသပ်ဇယားကိုတော့ ဒီမှာ အလကားပဲ ပေးလိုက်ပါ့မယ်”
မျက်မှန်များ ရရှိပြီးနောက် ဟွာကျွင်းသည် မော့ချွမ်းတို့ကို ခေါ်ကာ အပြေးအလွှားပင် ဆောက်လုပ်ရေး ပစ္စည်းဆိုင်များနှင့် အိမ်သုံးပရိဘောဂဆိုင်များသို့ ပြေးလွှားပြီး လေ့လာကြည့်ရှုတော့သည်။
မော့ချွမ်းက ပြော၏။
“အရမ်းကြီး ခမ်းနားအောင် လုပ်စရာ မလိုဘူး။ ပထမထပ်မှာ အခန်းနိမ့်လေးတွေ ထားပြီး ဒုတိယထပ်မှာမှ အခန်းကောင်းလေးတွေ ထားပေါ့။ ကျွန်တော်တို့ ဆီက တည်းခိုခန်းတွေက အဲဒီအတိုင်းပဲလေ”
ဟွာကျွင်း သူပြောတာ မှန်သည်ဟု တွေးမိသည်။
“ဒါဆို အောက်ထပ်ကို သန့်ရှင်းသပ်ရပ်အောင်ပဲ ထားပြီး အပေါ်ထပ်ကိုတော့ ပိုလှအောင် ပြင်ရမှာပေါ့”
“ပြီးတော့ နောက်ဖေးမှာ သစ်သားအိမ်လေးတွေ ဆောက်ပြီး ကုတင်နည်းနည်းစီ ထည့်ထားမယ်၊၊ ဈေးနှုန်းကိုလည်း လျှော့ထားမယ်”
“တစ်ထပ်တည်းလား၊ နှမြောစရာကြီး။ ဘာလို့ နောက်ထပ် အထပ်တွေ ထပ်မတိုးတာလဲ”
မော့ချွမ်း ပြောလိုက်၏။
“အခုချက်ချင်း ရပ်လိုက်တော့။ မြေကွက်တွေ အများကြီး ရှိတာပဲ၊ ခင်ဗျား ဒီအကျင့်ကို ပြင်ရမယ်။ အဲဒီလောက် အမြင့်ကြီး ဆောက်လိုက်ရင် ဘယ်သူက လိုက်သန့်ရှင်းရေး လုပ်နိုင်မှာလဲ။ ပြီးတော့ အန္တရာယ်လည်း မကင်းဘူး”
“ကောင်းပါပြီ”
ဟွာကျွင်း လက်လျှော့လိုက်ရသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နေ့လယ်စာ စားချိန် ရောက်လာ၏။ ဟွာကျွင်းသည် သူတို့ကို ကုန်တိုက် ဆီသို့ ကားမောင်းပြီး ခေါ်သွားပြန်သည်။
ကားမောင်းရသည်မှာ ဟွာကျွင်းကို အတော်လေး ပင်ပန်းစေ၏။
တစ်ဖက်တွင် မော့ချွမ်းနှင့် ဟွာရှန့်တို့မှာ ဖုန်းများ အေးအေးဆေးဆေး ပွတ်နေကြပြီး တစ်ခါတစ်ရံ တစ်ယောက်ကိုတစ်ယောက် မှတ်ချက်ပေးကာ ရယ်မောနေကြ၏။
ကားပါကင် ထိုးပြီးသောအခါ ဟွာကျွင်းသည် သူမ၏ ခါးကို ထုရင်း မကျေမနပ် ပြောလိုက်သည်။
“မော့ချွမ်း၊ မနက်ဖြန်ကစပြီး ရှင် နေ့ဘက်မှာ အိပ်လို့ မရတော့ဘူး။ ကားမောင်းလိုင်စင် သွားယူတော့”
မော့ချွမ်း မထင်မှတ်ဘဲ ပျော်သွား၏။
“တကယ်လား၊ ကျွန်တော်လည်း ကားမောင်းလို့ ရပြီပေါ့”
ဟွာကျွင်းသည် အမျိုးသားများအတွက် ကား၏ ဆွဲဆောင်မှုကို လျှော့တွက်မိသွားသည်။ သူ ဝါသနာပါမှန်း သိလျှင် ကားမောင်းလိုင်စင်ကို စောစောစီးစီး သွားယူခိုင်းလိုက်ပါသည်။ ဤသို့ဆိုလျှင် သူမလည်း အကြိမ်တိုင်း ပင်ပန်းနေစရာ မလိုတော့ပေ။
သူမ ကားထဲတွင် ဖုန်းအေးအေးဆေးဆေး ပွတ်ချင်သေးသည်။
ကုန်တိုက်ထဲတွင် လူများဖြင့် စည်ကားနေ၏။ ရာသီဥတုက တဖြည်းဖြည်း ပူလာသဖြင့် လမ်းသွားလမ်းလာများမှာ အဝတ်အစား ခပ်ပါးပါးလေးများ ဝတ်လာကြသည်။ ခေတ်မီသည့် မိန်းကလေးအချို့မှာ စကတ်တိုလေးများပင် ဝတ်ဆင်ထားကြ၏။
ဤနေရာ၌ သူတို့နှစ်ဦးလုံးအတွက် ပထမဆုံး နွေဦးရာသီ ဖြစ်သည်။ ဟွာရှန့်သည် သူတို့ခြေတံဖော်ထားသည်ကို ကြည့်ကာ ဟွာကျွင်းကို ခပ်ရှက်ရှက်ဖြင့် မေး၏။
“အစ်မ သူတို့ ဘာလို့ ဒီလောက်တိုတဲ့ အဝတ်တွေ ဝတ်ထားတာလဲ။ ခြေထောက်တွေ ပေါ်နေတယ်”
“ခြေထောက်တွေက လှနေရင်တော့ ထုတ်ပြရမှာပေါ့ကွယ်”
ဟွာကျွင်း ပြန် ပြောလိုက်သည်။
မော့ချွမ်းကို လှမ်းကြည့်လိုက်ရာ သူသည် မျက်လုံးကို ဘယ်နားထားရမှန်း မသိဖြစ်နေသဖြင့် ခေါင်းငုံ့ကာ ဖုန်းပွတ်ချင်ယောင် ဆောင်နေသည်။ သို့သော် သူ့နားရွက်များမှာ အတော်လေး နီရဲနေတော့၏။
ဟွာကျွင်း သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ဖုန်းထဲမှာလည်း စကတ်တိုတွေ၊ လက်ပြတ်တွေ ဝတ်ထားတဲ့ လူတွေအများကြီးပဲ မဟုတ်ဘူးလား”
“ကျွန်တော် မကြည့်ဘူး၊ ကျော်သွားတာ။ ပြီးတော့ ဖုန်းထဲကဟာနဲ့ အပြင်ကဟာနဲ့ တူပါ့မလား”
ဟွာကျွင်း သူတို့နှစ်ဦးကို နှစ်သိမ့်လိုက်၏။
“ရပါတယ်၊ နောက်ဆိုရင် နေသားကျသွားမှာပါ”
မော့ချွမ်းက သက်ပြင်းအရှည်ကြီး ချလိုက်သည်။ သူသည် ဆံပင်တောင် မညှပ်ချင်သည့် လူစားမျိုး ဖြစ်သဖြင့် ဤအရာက သူ့အတွက် အလွန် ခက်ခဲလှ၏။
နေ့လယ်စာကို အမြန်စားပြီးနောက် ဟွာကျွင်းသည် သူတို့ သုံးဦးအတွက် အဝတ်အစား အနည်းငယ် ရွေးဝယ်ပေးလိုက်သည်။ မော့ချွမ်း ပျင်းနေသည်ကို မြင်သောအခါ သူ့ဘာသာ လျှောက်သွားခွင့် ပေးလိုက်၏။
ဟွာကျွင်းတို့ ဈေးဝယ်ပြီးသောအခါ မော့ချွမ်းကို ဖုန်းဆက်ပြီး သူ ဘယ်မှာလဲဟု မေးလိုက်သည်။
မော့ချွမ်းဘက်မှ အသံမှာ အလွန် ဆူညံနေပြီး သီချင်းသံများလည်း ကျယ်လောင်နေသည်။ သူတို့ အတော်ကြာအောင် စကားပြောပြီးမှ တွမ်ဘဲယား ကစားကွင်းဆိုသည့် နေရာတွင် သူ ရှိနေကြောင်း ဟွာကျွင်း သေချာ ကြားလိုက်ရ၏။
ဟွာကျွင်း လုံခြုံရေးဝန်ထမ်းကို ထိုနေရာက ဘယ်အထပ်မှာလဲဟု မေးပြီး ဟွာရှန့်ကို ခေါ်ကာ အမြန်သွားလိုက်သည်။ ထိုနေရာသို့ ရောက်သောအခါ မော့ချွမ်းသည် ကားမောင်းကစားနည်းကို ကစားနေပြီး သူ့ နောက်တွင် ကလေးအချို့ ရပ်ကာ လက်ခုပ်တီးပြီး အားပေးနေကြသည်ကို တွေ့လိုက်ရ၏။
ဟွာကျွင်း သူ့ကို မေးလိုက်သည်။
“ရှင် ဘာလို့ ဒီကို လာနေတာလဲ”
သူ တရားသဖြင့် ပြောသလိုမျိုး ပြန်ပြော၏။
“ခင်ဗျားပဲ ကျွန်တော့်ကို ကားမောင်းလိုင်စင် သွားယူခိုင်းတာ မဟုတ်လား။ ဒါကြောင့် ကျွန်တော် ကားမောင်း လေ့ကျင့်နေတာလေ”
ကစားကွင်းတွင် ကားမောင်း လေ့ကျင့်နေခြင်းမှာ ရယ်စရာကောင်းလှသည်။
ဟွာရှန့်ကို လှည့်ကြည့်လိုက်ရာ သူမသည်လည်း ဂိမ်းစက်လေးများ၏ ဆွဲဆောင်မှုကို ခံနေရပြီး ဘေးနားတွင်ရပ်ကာ စိုက်ကြည့်နေသည်။
ဟွာကျွင်းသည် အကြွေစေ့လဲသည့် စက်သို့သွားကာ အကြွေစေ့ နှစ်ရာနှင့် လဲလိုက်ပြီး ဟွာရှန့်ကို ခေါ်ကာ စတင် ကစားတော့၏။
လျှောက်ကစားပြီးနောက် သူတို့ အရုပ်ကောက်သည့် စက်တန်းရှေ့မှာ ရပ်ကာ အရုပ်ကောက်ရန် ကြိုးစားကြသည်။
သူတို့နှစ်ဦးလုံးမှာ ကျွမ်းကျင်သူများ မဟုတ်ပေ။ သူတို့ ကြိုက်သည့် အရုပ်တွေကိုသာ ရွေးကောက်နေကြခြင်း ဖြစ်၏။ အကြွေစေ့ တစ်ရာကျော် သုံးပြီးနောက် အရုပ် သုံးရုပ်သာ ကောက်ရသည်။
ကလေးပရိသတ်များကြားမှ လွတ်မြောက်လာသော မော့ချွမ်းလည်း ပြေးလာ၏။ သူတို့ ကစားနေသည်ကို ခဏကြည့်ပြီးနောက် သူ့အကြွေစေ့များကို ထုတ်ကာ သုံးယောက်သား ဆက်လက် ကြိုးစားကြသည်။
မော့ချွမ်းမှာ အတော်လေး ဉာဏ်ကောင်းသူမို့ သံသယဖြစ်ဖွယ် အချက်တစ်ခုကို ချက်ချင်း တွေ့ရှိသွားသည်။
“ဒီစက်က အကြိမ်ရေ တစ်ခု ရောက်မှ လက်က မြဲသွားတာလား”
သူသည် ဘေးပတ်ဝန်းကျင်က စက်များကို လေ့လာတော့သည်။ တစ်စုံတစ်ယောက် အကြိမ်အနည်းငယ် ကစားပြီး မရသဖြင့် ထွက်သွားလျှင် သူ ထိုစက်တွင် သွားကောက်သည်။ သူ့အောင်မြင်မှုနှုန်းက တက်လာတော့၏။
“တကယ်ပဲ၊ စီးပွားရေးသမားတွေထဲမှာ မလိမ်တဲ့သူ မရှိဘူးပဲ”
မော့ချွမ်း ကောက်ချက်ချလိုက်သည်။
နောက်ဆုံးတွင် သူတို့ သုံးဦး အရုပ် (၁၂) ရုပ်နှင့်အတူ အိမ်ပြန်ခဲ့ကြသည်။
အရုပ်အားလုံးကို ဟွာရှန့်အား ပေးလိုက်ရာ သူမမှာ အလွန်ပျော်နေပြီး အိမ်အပြန်လမ်း တစ်လျှောက်လုံး အစီအစဉ်တွေ ဆွဲနေတော့သည်။
‘ဒီအရုပ်က မောင်လေးအတွက်၊ ဒါက အားမန်အတွက်၊ ဒါက လီနျန်ရဲ့ မောင်လေးအတွက်’
လျိုယောင်ကျူပင် တစ်ရုပ် ရလိုက်သေးသည်။
ထို့နောက် သူမသည် ညနေခင်းကို စိတ်လှုပ်ရှားစွာ စောင့်မျှော်နေတော့သည်။
ညနေပိုင်းတွင် ဟွာကျွင်းသည် အရာအားလုံးကို စီစဉ်ပြီးနောက် မျက်မှန်များကို ယူကာ လီနျန်နှင့်အတူ သူမအိမ်သို့ ပြန်လိုက်သွားသည်။
သူတို့ ရောက်သွားသောအခါ အဘွားကျန်းမှာ ရင်ပြင်ထဲတွင် ရှောင်ပေါင်လေး အတွက် အဝတ်လျှော်နေသည်။ သူမသည် အသံကြားသဖြင့် ထရပ်ကာ လက်ကို သုတ်ပြီး ဟွာကျွင်းကို အမြန် တံခါးဖွင့်ပေးကာ အထဲသို့ ခေါ်လိုက်သည်။
အဘွားကျန်း၏ မျက်စိမှာ မကောင်းသော်လည်း အိမ်မှာ သန့်ရှင်းသပ်ရပ်နေသည်။ ဟွာကျွင်းသည် မျက်မှန်ဘူးအားလုံးကို ထုတ်ကာ စားပွဲပေါ်တွင် ပါဝါအနိမ့်ဆုံးမှ အမြင့်ဆုံးအထိ စီထားလိုက်တော့သည်။