အခန်း ၁၈၄
Vol. 19 Ch. 184
အခန်း (၁၈၄)
အလင်းရောင် ပြန်လည်ရရှိခြင်း
အဘွားကျန်းသည် သေချာမမြင်ရသဖြင့် အနီးကပ်ပြီး လက်ဖြင့် စမ်းကြည့်နေရသည်။ သူမမှာ ထူးဆန်းသလို ဖြစ်နေကာ မေး၏။
“ဒီသေတ္တာလေးတွေက ဘာတွေလဲ”
ဟွာကျွင်းသည် သူမ၏ လှုပ်ရှားမှုကို မြင်သောအခါ အဘွားကျန်းမှာ အနီးမှုန်မဟုတ်ဘဲ အဝေးမှုန် နေခြင်းဖြစ်ကြောင်း သဘောပေါက်သွားသည်။
သူမသည် အဝေးမှုန်မျက်မှန်တစ်စုံကို ထုတ်ယူကာ အဘွားကျန်းကို တပ်ပေးလိုက်၏။
အစပိုင်းတွင် အဘွားကျန်းသည် သူမနှင့် မရင်းနှီးသော အရာတစ်ခုမို့ ဘယ်ညာတိမ်းရှောင်နေသော်လည်း မျက်မှန် တပ်ပြီးသွားသောအခါမှာတော့ ငြိမ်သက်သွားတော့သည်။
“ဘယ်လိုနေလဲ”
ဟွာကျွင်း မေးလိုက်၏။
“လင်းသွားတယ်၊ ပြီးတော့ နည်းနည်းတော့ ခေါင်းမူးသလိုပဲ”
ဟွာကျွင်းက သေတ္တာထဲမှ စာရွက်လေးကို ကြည့်လိုက်ရာ အဝေးမှုန်ပါဝါ (၃၀၀) ဖြစ်နေသည်။
ထို့ကြောင့် သူမသည် တစ်ခါပြန်ရှာပြီး ပါဝါ(၅၀၀)ရှိသော မျက်မှန်တစ်စုံနှင့် လဲပေးလိုက်ပြန်၏။
“အခုကော ဘယ်လိုလဲ”
အဘွားကျန်းသည် မျက်မှန်ကိုင်းကို လက်ဖြင့်ကိုင်ကာ ဘယ်ညာကြည့်လိုက်ပြီး အံ့ဩတကြီး ပြောလိုက်၏။
“အများကြီး ပိုကြည်လင်သွားပြီ”
လီနျန် မေးလိုက်သည်။
“အမေ၊ ကျွန်မကို သေချာ မြင်ရလား”
“နည်းနည်းတော့ ဝါးနေသေးတယ်”
ဟွာကျွင်း ရှာကြည့်လိုက်ရာ အမြင့်ဆုံးပါဝါမှာ (၈၀၀) ဖြစ်နေသဖြင့် သူမသည် ထိုမျက်မှန်ကို တိုက်ရိုက်ထုတ်ပြီး တပ်ပေးလိုက်သည်။
“ငါ မြင်ရပြီ။ သေချာ မြင်ရပြီ။”
အဘွားကျန်း အော်လိုက်သည်။
ဤ ပါဝါ(၈၀၀) မျက်မှန်ကို တပ်ထားသော အဘွားကျန်းသည် ကလေးတစ်ယောက်ကဲ့သို့ စိတ်လှုပ်ရှားနေတော့၏။
သူမသည် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို စပ်စုကြည့်ရှုတော့သည်။ ယခင်က တစ်ခါမှ သတိမထားမိခဲ့သော အသေးစိတ်အချက်အလက်များကို ရှာဖွေတွေ့ရှိနေသည်။ နံရံပေါ်မှ ပုံစံများ၊ စားပွဲပေါ်မှ ပန်းကန်ခွက်ယောက်များကို အထင်အရှား မြင်နေရ၏။
သူမ ရှောင်ပေါင်ရှိရာသို့ ပြေးသွားကာ သူ့ကို ပွေ့ချီရင်း ငိုရှိုက်ကာ ပြောလိုက်သည်။
“ရှောင်ပေါင်ရေ မင်းဘယ်လိုပုံစံလဲဆိုတာ အဘွား နောက်ဆုံးတော့ မြင်ရပြီ”
သူမ ခေါင်းငုံ့ပြီး ငိုချလိုက်တော့သည်။
ရှောင်ပေါင်ကို ပြန်ချထားပြီးနောက် သူမသည် ဟွာကျွင်းဘက်သို့ လှည့်ကာ ဒူးထောက်လိုက်ရာ ဟွာကျွင်းမှာ ထိတ်လန့်သွားတော့၏။
သူမ ထပ်ခါတလဲလဲ ပြောနေသည်။
“သူဌေးမဟွာ ကျေးဇူးတင်ပါတယ်။ ကျွန်မတော့ ဒီမှောင်မှောင်မည်းမည်းထဲမှာပဲ သေမဲ့နေ့ကို စောင့်ရတော့မယ် ထင်နေတာ။ အခုလို အလင်းရောင် ပြန်ရလိမ့်မယ်လို့ တစ်ခါမှ မမျှော်လင့်ခဲ့မိဘူး”
ဟွာကျွင်းနှင့် လီနျန်တို့က သူမကို အမြန်ဆွဲထူလိုက်ပြီး ရှင်းပြလိုက်၏။
“ဘာတွေ ပြောနေတာလဲ အဘွားရယ်။ အဘွားက မျက်စိကွယ်နေတာ မဟုတ်ပါဘူး၊၊ အဝေးမှုန်နေတာပါ။ မျက်မှန်တပ်လိုက်ရင် အဆင်ပြေသွားမှာပါ”
သူမသည် မျက်မှန်ကို တုန်တုန်ရင်ရင်ဖြင့် ကိုင်ကြည့်ကာ ပြောလိုက်သည်။
“ဒါက တကယ်ကို နတ်ဆေးလိုပဲ”
လီနျန်လည်း အလွန်ကျေးဇူးတင်နေ၏။ အကြာကြီး စဉ်းစားကြည့်သော်လည်း သူမအိမ်တွင် တန်ဖိုးရှိသည့်အရာ ဘာမှမရှိပေ။ ထို့ကြောင့် ခုတင်ဘေးက သေတ္တာလေးကို ထုတ်ကာ အထဲမှ ကြေးပြားနှင့် ငွေစများကို စားပွဲပေါ်သို့ လောင်းချလိုက်ပြီး ဟွာကျွင်းဘက်သို့ တွန်းပေးလိုက်သည်။
“သူဌေးမဟွာ၊ ဒါက ကျွန်မတို့အိမ်မှာ ရှိသမျှ ပိုက်ဆံတွေပါ။ ဒါကို အရင်ယူထားပေးပါ၊ ကျန်တာကို ကျွန်မ ဖြည်းဖြည်းချင်း ထပ်စုပြီး ပေးပါ့မယ်”
သူတို့အသိဉာဏ်ထဲတွင် မျက်စိပြန်မြင်ရဖို့ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သောအရာဖြစ်ပြီး ယခု အဘွားကျန်း ပြန်မြင်ရသဖြင့် မည်မျှပင် ကုန်ကျပါစေ ပေးဆပ်ချင်နေကြသည်။
“ဒါတွေ အကုန်လုံး မလိုပါဘူး။ အဘွားကျန်းက ကျွန်မကို ဆိုင်ကူကြည့်ပေးမယ်လို့ ကျွန်မတို့တွေ သဘောတူထားကြတယ် မဟုတ်လား။ မျက်မှန်ကတော့ အဘွား အတွက် လက်ဆောင်ပါ”
အဘွားကျန်းနှင့် လီနျန်တို့လည်း ဤပိုက်ဆံမှာ မျက်မှန်ဖိုးအတွက် အဝေးကြီး လိုနေသေးမှန်း သိကြသဖြင့် ငွေများကို ပြန်သိမ်းလိုက်ရ၏။
အဘွားကျန်း ပြော၏။
“တည်းခိုခန်း ဖွင့်ပြီဆိုရင် အဝတ်လျှော်၊ တံမြက်စည်းလှည်းဖို့ လူတွေ အမြဲလိုမှာပဲ။ ကျွန်မက မျက်စိမှုန်နေပေမဲ့ အိမ်နီးနားချင်းတွေနဲ့တော့ အဆက်အသွယ်ရှိပါတယ်။ အခြေအနေ မကောင်းတဲ့ မုဆိုးမ အချို့ကို ကျွန်မ သိတယ်၊၊ သူတို့ကို ပြောလိုက်ရင် သူတို့ လာလုပ်ကြမှာ သေချာတယ်”
ဟွာကျွင်း ခေါင်းညိတ်ပြီး ပြန်ပြောလိုက်သည်။
“ဒါဆို တည်းခိုခန်းဘက်ကို အဘွားပဲ ကူကြည့်ပေးပါဦးနော်”
လီနျန်က ဟွာကျွင်းကို သတိပေးလိုက်၏။
“လကုန်တော့မယ်ဆိုတော့ ကျွန်မတို့တွေ အစည်းအဝေး လုပ်ရအောင်လား”
ဟွာကျွင်း စဉ်းစားကြည့်ရာ ဟုတ်ပေသည်။ မူလက အစည်းအဝေးကို လစဉ် ပြုလုပ်သော်လည်း သူမ ပျင်းသောကြောင့် သုံးလတစ်ကြိမ် ပြောင်းလိုက်ခြင်းဖြစ်သည်။ ယခု အချိန်တန်လေပြီ။
ထို့ကြောင့် ယနေ့ည မုန့်ဆိုင်ပိတ်ပြီးနောက် ခဏတဖြုတ် အစည်းအဝေးလုပ်ရန် အားလုံးကို အကြောင်းကြားပေးဖို့ လီနျန်ကို ခိုင်းလိုက်သည်။
စကားပြောပြီးနောက် ဟွာကျွင်းသည် ရှောင်ပေါင်နှင့် ခဏကစားကာ မုန့်ဆိုင်သို့ ပြန်ခဲ့သည်။
အဘွားကျန်းသည် မျက်မှန်ကို ချွတ်လိုက်ပြီး မခွဲချင်သလို ပွတ်သပ်နေကာ ခဏနေမှ ပြန်တပ်လိုက်ပြန်သည်။
“တကယ်ကို ကောင်းကင်ကြီးက မျက်စိဖွင့်ပေးလိုက်တာပဲ။ အမေတို့တွေ သူဌေးမဟွာလို လူကောင်းနဲ့ တွေ့ရတာ”
လီနျန် ပြန်ပြော၏။
“အမေကလည်း ဘာလို့ ကောင်းကင်ကြီးကို ကျေးဇူးတင်နေတာလဲ။ ဒါက သူဌေးမဟွာက ပေးတဲ့ မျက်မှန်လေ”
“နှစ်ယောက်လုံးကို ကျေးဇူးတင်တာပါ။ အထူးသဖြင့် သူဌေးမဟွာကိုပေါ့”
ဟွာကျွင်းသည် မျက်မှန်အိတ်ကြီးကို ကြည့်ပြီး အမြဲလိုလို စာအုပ်ထဲတွင် နစ်နေတတ်သည့် စွန်းရှို့ချိုက်ကို သွားရှာလိုက်သည်။
သူမက တိုက်ရိုက်ပင် မေးလိုက်၏။
“ရှင် အဝေးက အရာတွေကို ကြည့်ရင် ဝါးနေလား”
စွန်းရှို့ချိုင် တုံ့ပြန်မှု အနည်းငယ် နှေးနေပြီး အတော်ကြာမှ ပြန်ဖြေ၏။
“သူဌေးမဟွာ... ခင်ဗျားက တကယ်ကို နတ်ဆရာမလို ဟောတာမှန်တာပဲ။ ဟုတ်တယ်၊ ကျွန်တော် နှစ်မီတာထက် ပိုဝေးတဲ့ လူတွေရဲ့ မျက်နှာကို သေချာ မမြင်ရဘူး”
ဟွာကျွင်းက အိတ်ကို စားပွဲပေါ်သို့ ဝုန်းကနဲ ချလိုက်ပြီး ပါဝါ(၂၀၀)ဝန်းကျင်ရှိသော မျက်မှန်တစ်စုံကို ထုတ်ကာ သူ့ကို ကမ်းပေးလိုက်သည်။
“စမ်းတပ်ကြည့်လိုက်”
“အိုး”
စွန်းရှို့ချိုက်က အံ့သြသံဖြင့် ပြောတော့သည်။
“အံ့ဩစရာပဲ၊ အံ့ဩစရာပဲ၊ သူဌေးမဟွာ ခင်ဗျား ပုံစံက တကယ်တော့ ဒီလိုပါလား”
‘ဟော... ကြည့်စမ်း၊ သူက အခုထိ ငါ့ရုပ်ကို သေချာ မမြင်ခဲ့ဖူးဘူးပဲ’
“ကဲ... အဆင်ပြေရင်တော့ ယူထားလိုက်တော့”
ဟွာကျွင်း ပြောလိုက်သည်။
ဆိုင်ထဲသို့ ပြန်ရောက်သောအခါ တစ်စုံတစ်ယောက်က သူမကို စောင့်နေ၏။
အိမ်ဆောက်ပေးမည့် ရွာထဲမှ ဦးလေးကြီးသည် ဟွာကျွင်းကြည့်ရန် လက်ဆွဲပုံကြမ်း အတော်များများကို ယူလာသည်။
ဟွာကျွင်းက သူမ စိတ်ကူးများကို ရှင်းပြပြီး ရှို့ယွန်းကလည်း ဘေးမှနေ၍ အကြံပြုချက် အများအပြား ပေးသည်။ ဦးလေးကြီးက ပုံကြမ်းကို ပြန်ပြင်လိုက်ရာ အစီအစဉ်မှာ အမြန်ပင် အတည်ဖြစ်သွားတော့၏။
ဦးလေးကြီးက ပြောသည်။
“ရွာထဲမှာတော့ လူအင်အား မလုံလောက်ဘူး၊၊ ဒါကြောင့် အပြင်က လူတွေကိုပါ ခေါ်သုံးရလိမ့်မယ်”
“ရပါတယ်။ အပြင်ကလူတွေကိုတော့ ကျွန်မတို့လူတွေထက် ဈေးနည်းနည်း လျှော့ပေးလိုက်တာပေါ့”
ဈေးလျှော့ပေးသည်ဆိုသော်လည်း ၎င်းမှာ တခြားမည်သည့်နေရာတွင်မှ မရနိုင်သော ဈေးကောင်းပင် ဖြစ်နေသေးသည်။
နောက်ထပ် ကိစ္စတစ်ခု ပြီးသွားသဖြင့် ဆောက်လုပ်ရေး စတင်ရန် စောင့်ဆိုင်းဖို့သာ ကျန်တော့သည်။
ထိုနေ့တွင်ပင် ဆိုင်ပိတ်ချိန်၌ မုန့်ဆိုင်၏ ဝန်ထမ်းကိုယ်စားလှယ် အစည်းအဝေး စတင်တော့၏။
ဟွာကျွင်းက ထိပ်တွင် ထိုင်နေပြီး သူမ ဘေးတွင် ပန်းထိုးအလုပ်ရုံတာဝန်ခံ လီနျန်၊ နံစော်တို့ဟူးသည် လျိုအာနှင့် ဇနီး၊ အကင်သည် အားမောက်နှင့် ဒေါ်လေးပန်း၊ ဟွာရှန့်၏ အဘိုး၊ ဟော့ပေါ့ဆိုင်ပိုင်ရှင်နှင့် ပန်ကိတ်သည် ဦးလေးကျန်းတို့ ထိုင်နေကြသည်။
ထို့ပြင် ဝန်ထမ်းလောင်း ရှို့ယွန်းလည်း ပါဝင်သည်။
သူတို့အားလုံး အဆင်သင့် ပြင်ထားကြပြီး လီနျန်က သူမ စီမံခန့်ခွဲသည့် ပန်းထိုးအလုပ်ရုံ၏ လတ်တလော အခြေအနေများကို ဟွာကျွင်းထံ စတင် အစီရင်ခံ၏။
ကိန်းဂဏန်း အများကြီး ပြောလိုက်သဖြင့် ဟွာကျွင်းပင် ခေါင်းမူးသွားသည်။
သေချာ စဉ်းစားမကြည့်လျှင်ပင် ပန်းထိုးအလုပ်ရုံ၏ စီးပွားရေးမှာ မည်မျှ ကောင်းမွန်နေကြောင်း သိသာလှ၏။
နောက်ဆုံးတွင် လီနျန်က သုံးလအတွင်း ပန်းထိုးအလုပ်ရုံမှ ရရှိသမျှ အမြတ်ငွေများကို ငွေစက္ကူ များအဖြစ် ပြောင်းလဲထားသော သေတ္တာလေးကို ထုတ်ပေးလိုက်သည်။
စုစုပေါင်း ဝင်ငွေမှာ ငွေ (၃၈၀) တေး ဖြစ်ပြီး အလုပ်သမားခနှင့် ပိတ်စဖိုး တေး (၇၀) ကျော်ကို နှုတ်ပြီးနောက် ကျန်ရှိသော ပမာဏမှာ ဤသေတ္တာထဲတွင် ရှိသည်။
ပန်းထိုးအလုပ်ရုံကို အစောပိုင်းက တည်ထောင်ခဲ့ခြင်းမှာ ဒုက္ခသည် အမျိုးသမီးများ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်စေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်၏။ ထိုစဉ်က ပန်းထိုးသူများကို နေ့တွက်ကြေးသာ ပေးရန် စီစဉ်ခဲ့ပြီး အမြတ်ခွဲဝေမှုအကြောင်း အသေးစိတ် မဆွေးနွေးခဲ့ပေ။
သို့သော် ယခုတော့ မတူတော့ပေ။ ပန်းထိုးအလုပ်ရုံသည် မုန့်ဆိုင်ပြီးလျှင် အမြတ်အစွန်း အများဆုံးဆိုင် ဖြစ်လာပြီး ၎င်းမှာ ပန်းထိုးသူများ၏ ကြိုးစားအားထုတ်မှုနှင့် မကင်းပေ။
ထို့ကြောင့် ဟွာကျွင်းသည် ပိတ်စဝယ်ယူခနှင့် ဒီဇိုင်းပုံစံများအတွက် သူမ၏ အရင်းအနှီးကို ခန့်မှန်းလိုက်သည်။ သူမသည် ငွေ (၃၀၀) ကျော်ထဲမှ တေး (၁၅၀) ကို ယူလိုက်ပြီး ကျန်တာကိုတော့ လီနျန်အတွက် သေတ္တာထဲမှာပဲ ထားလိုက်၏။
“စီမံခန့်ခွဲသူ အနေနဲ့ရော၊ ပန်းထိုးသူ အနေနဲ့ရော လီနျန်က အစောဆုံးလာပြီး အနောက်ကျဆုံး ပြန်ရတယ်၊ အပင်ပန်းဆုံးလည်း ဖြစ်တဲ့အတွက် လစဉ်လစာကို (၁၀) တေး ထပ်တိုးပေးမယ်။ ကျန်တဲ့ ပန်းထိုးသမားတွေ အကုန်လုံးကိုလည်း လစာ နှစ်ဆ ပေးမယ်။ ကျန်တဲ့ငွေတွေကိုတော့ ပန်းထိုးအလုပ်ရုံမှာပဲ ထားပြီး နေ့စဉ်ကုန်ကျစရိတ်တွေ နှုတ်ပြီးရင် နှစ်ကုန်မှာ အားလုံးကို အမြတ်ဝေစု ခွဲဝေပေးမယ်”
လီနျန် ခဏတာ မှင်တက်သွား၏။ ၎င်းမှာ မူလက ဆွေးနွေးထားသည်နှင့် လုံးဝ ခြားနားနေသည်။ သူမ တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ဟွာကျွင်းက ကြားဖြတ် ပြောလိုက်သည်။
“ပန်းထိုးအလုပ်ရုံက အရင်လို မဟုတ်တော့ဘူး။ ဒါကြောင့် အမြတ်ခွဲဝေတဲ့ ပုံစံကိုလည်း ပြောင်းလဲရမယ်”
ထို့နောက် ဟွာကျွင်း နောက်တစ်ယောက်ကို စကားပြောရန် အချက်ပြလိုက်တော့သည်။