အခန်း ၁၈၅
Vol. 19 Ch. 185
အခန်း (၁၈၅)
သုံးလပတ် အကျဉ်းချုပ် အစည်းအဝေး
ကျန်ရှိနေသည့် လူများမှာ အနည်းငယ် စိတ်လှုပ်ရှားနေကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ ဒေါ်လေးပန်းက ထရပ်လိုက်ပြီး ပြောလိုက်၏။
“ဒါဆိုရင် ကျွန်မ အရင်ပြောမယ်”
အကင်ဆိုင်မှာ ဤမုန့်ဆိုင်တန်းများထဲတွင် လူကြိုက်အများဆုံး ဖြစ်သော်လည်း ကံမကောင်းသဖြင့် ဆိုင်မှာ သေးငယ်ပြီး ငွေအများကြီး မရပေ။ သို့သော်ငြားလည်း ယခု သုံးလပတ်တွင် သူတို့ရရှိသည့် ဝင်ငွေမှာ မနည်းလှပေ။
တွက်ချက်မှုများမှာလည်း ပို၍ရိုးရှင်း၏။ ဟွာကျွင်းတွင် စာရင်းများရှိသည်။ ဝက်သား၊ မီးသွေးနှင့် ဟင်းခတ်အမွှေးအကြိုင်ဖိုးများကို နှုတ်ပြီးနောက်၊ အားမောက်ဘက်မှလည်း သိုးသားဖိုးများကို နှုတ်ပြီးလျှင် ကျန်သည်မှာ အမြတ်ပင်ဖြစ်သည်။
(၃၀)-(၇၀) အချိုးအရ ဟွာကျွင်းက (၃၀) ရာခိုင်နှုန်းယူပြီး ကျန် (၇၀) ရာခိုင်နှုန်းကို အားမောက်က ရရှိ၏။
ဒေါ်လေးပန်းနှင့် အားမောက်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ဟွာကျွင်းထံသို့ ငွေအနည်းငယ် ပေးလိုက်ရင်း ပြောလိုက်သည်။
“ဒါက ကျွန်မတို့ နှစ်ယောက်လုံး မူလတန်းကျောင်းအတွက် လှူဒါန်းတဲ့ ငွေပါ ဟဲဟဲ”
အားမောက်က ဝင်ပြော၏။
“သူဌေးမဟွာ ခင်ဗျား မူလတန်းကျောင်း ဖွင့်ဖို့အတွက် ငွေတွေ အများကြီး အကုန်အကျခံခဲ့တာကို ကျွန်တော်တို့အားလုံး မြင်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် မူလတန်းကျောင်းက ခင်ဗျားနဲ့ ဘာမှမဆိုင်ပေမဲ့ ခင်ဗျားက ဒီလောက်အထိ ရက်ရောခဲ့တယ်။ ရွာသားတွေအနေနဲ့ ကျွန်တော်တို့လည်း တစ်ခုခု မလုပ်ပေးဘဲ ဘယ်နေနိုင်ပါ့မလဲ”
ဒေါ်လေးပန်းကလည်း ထပ်ပြောသည်။
“ဒီတစ်ခါတင် မဟုတ်ပါဘူး၊ နောင်လည်း သုံးလတစ်ကြိမ် မူလတန်းကျောင်းကို ငွေလှူသွားပါ့မယ်”
လျိုအာကလည်း သူ့ရပ်တည်ချက်ကို ဖော်ပြရန် ထရပ်လိုက်၏။
“ကျွန်တော်တို့လည်း ငွေလှူဖို့ ဆန္ဒရှိပါတယ်”
ဟွာကျွင်း အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ ဤရွာမှာ မူလက တစ်နေရာစီမှ စုဝေးလာသူများဖြစ်ကြသည်။ အားလုံးမှာ ထွက်ပြေးလာရင်းဖြစ်စေ၊ ရွာထဲသို့ ပြောင်းရွှေ့လာပြီးမှဖြစ်စေ ဆုံတွေ့ခဲ့ကြသူများဖြစ်သည်။ ယခုတော့ သူတို့တွင်လည်း ရွာအပေါ် သံယောဇဉ်နှင့် ပိုင်ဆိုင်မှုစိတ်ဓာတ်များ ရှိနေကြပြီဖြစ်၏။
ဟွာရှန့်၏ အဖိုးသည် ထရပ်လိုက်သော်လည်း သူ စကားမပြောရသေးမီမှာပင် ဒေါ်လေးပန်း ကြားဖြတ်ပြောလိုက်သည်။
“ရှင်က ထားလိုက်ပါတော့။ ကျွန်မတို့ရွာသား မဟုတ်တာ။ ငွေလှူစရာ မလိုပါဘူး”
“ကျွန်တော်က ဒီရွာသားမဟုတ်ပေမဲ့ ကျွန်တော့်မြေးက မူလတန်းကျောင်းမှာ စာသင်နေတာလေ။ ကျွန်တော်တို့ရဲ့ ဟော့ပေါ့ဆိုင်ကလည်း ရွာထဲမှာပဲ ရှိတာဆိုတော့ ကျွန်တော်လည်း ဒီငွေကို ထည့်သင့်ပါတယ်”
ထို့နောက် သူသည်လည်း ဟော့ပေါ့ဆိုင်မှ ရရှိသည့် ငွေများပါသော သေတ္တာကို ထုတ်လိုက်သည်။
ဟော့ပေါ့ဆိုင်မှာ ဤမုန့်ဆိုင်တန်းများတွင် အမြတ်အစွန်း အများဆုံးဖြစ်ပြီး သုံးလပတ်တစ်ခုအတွင်း ဝင်ငွေ ငွေတေး (၂၀၀) ကျော် ရရှိခဲ့၏။ ဆိုင်ရှိ အသားများကို ဟွာကျွင်းက ထောက်ပံ့ပေးပြီး ကျန်ဟင်းသီးဟင်းရွက် အားလုံးကိုတော့ ဟွာရှန့်၏ အဖိုးကိုယ်တိုင် စိုက်ပျိုးခြင်း သို့မဟုတ် ပတ်ဝန်းကျင် တောင်သူများထံမှ စုဆောင်းခြင်းဖြစ်သည်။
ဟွာကျွင်းက အသားဖိုးကို နှုတ်ယူပြီးနောက် (၃၀) ရာခိုင်နှုန်းကိုသာ ယူလိုက်ပြီး ကျန် (၇၀) ရာခိုင်နှုန်းကို သူ့အတွက် ချန်ထားပေးသည်။
ငွေ လက်ခံရရှိရသည့် ခံစားချက်မှာ တကယ်ကို ကောင်းမွန်လှပေ၏။
လျိုအာ၏ ဇနီး (လျိုရှီ) အလှည့်သို့ ရောက်သောအခါ သူမမှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေ၏။ မည်သို့ပင်ဆိုစေ နံစော်တို့ဟူးမှာ အကင်ကဲ့သို့ လူမကြိုက်လှသဖြင့် သူတို့အမြတ်မှာ သိပ်မများလှပေ။
သူမသည် စကားလုံးများကို အတော်ကြာအောင် စဉ်းစားပြီးမှ နောက်ဆုံးတွင် စကားစလာ၏။
“ကျွန်မ... ကျွန်မတို့ နောက်ထပ် ပိုကြိုးစားပါ့မယ်”
သူတို့ဆိုင်မှာ ဝင်ငွေအနည်းဆုံး ဖြစ်နေသည်ကို ယခုမှ သိလိုက်ကြရသဖြင့် နောက်ဆိုလျှင် ဒေါ်လေးပန်းကဲ့သို့ ကျယ်ကျယ်လောင်လောင် အော်ရောင်းမည်ဟု စိတ်ထဲက တိတ်တဆိတ် ဆုံးဖြတ်လိုက်ကြသည်။
“ရပါတယ်၊ ရှင့်တို့ ရင်းနှီးငွေက နည်းတော့ အရောင်းနည်းတာက သဘာဝပါပဲ”
ဒေါ်လေးပန်းက ဝင်ပြောလိုက်သည်။
“ရှင့်တို့ ဇနီးမောင်နှံက တကယ်ကို ရိုးသားလွန်းပါတယ်။ အခက်အခဲရှိရင်တောင် ပြောလေ့မရှိဘူး။ နောက်ဆို အဲဒီလို မလုပ်ပါနဲ့တော့”
လျိုရှီက အမြန် ခေါင်းခါပြရင်း ပြန်ပြော၏။
“မဟုတ်ပါဘူး၊ အခက်အခဲ မရှိပါဘူး။ ကျွန်မတို့ရဲ့ နံစော်တို့ဟူး စီးပွားရေးလည်း အရမ်းကောင်းပါတယ်။ ပြီးတော့ သူဌေးမဟွာရဲ့ ကော်မရှင်ကလည်း နည်းတာကြောင့် ကျွန်မတို့ ငွေအများကြီး စုမိနေပါပြီ”
ဒေါ်လေးပန်း ဟွာကျွင်းကို ပြောလိုက်သည်။
“လျိုရှီက ယောက္ခမနဲ့ ခွဲနေပြီးတော့ ကိုယ်ဝန်ရသွားပြီ။ ဒါ သတင်းကောင်းကြီး မဟုတ်ဘူးလား”
လီနျန်ကလည်း ဝင်မေးလိုက်သည်။
“ဒါ တကယ် သတင်းကောင်းပဲ။ အခု ဘယ်နှလ ရှိပြီလဲ”
လျိုရှီ ရှက်ကိုးရှက်ကန်းဖြင့် ပြန်ဖြေ၏။
“သုံးလတောင် မပြည့်သေးပါဘူး၊၊ ဒေါ်လေးပန်းကလည်း လူတွေ အများကြီး ရှိနေတာကို ဗြုန်းခနဲ ထပြောရတယ်လို့”
“ဘာဖြစ်လဲ၊ ငါတို့တွေထဲမှာ ကလေးမမွေးဖူးတဲ့သူ ဘယ်သူရှိလို့လဲ”
သူမ ပတ်ပတ်လည်ကို ကြည့်လိုက်ရာ နောက်ဆုံးတွင် မုန့်ဆိုင်က လေးယောက်အဖွဲ့ဆီသို့ အကြည့်ရောက်သွား၏။
“အာ သူဌေးမဟွာနဲ့ သူတို့ကတော့ မမွေးဖူးသေးဘူးပေါ့၊ ဟဲဟဲ”
ဟွာကျွင်း “...”
သူမ ဤအကြောင်းအရာတွင် ဝင်ပြော၍မရသော်လည်း လီနျန်နှင့် ဒေါ်လေးပန်းတို့မှာ စိတ်ဝင်တစားဖြင့် အတွေ့အကြုံများကို မနားတမ်း ပြောပြနေကြရာ လျိုရှီ၏ မျက်နှာမှာ နီရဲနေတော့သည်။
အားမောက် ချောင်းနှစ်ချက်ဟန့်ကာ ဒေါ်လေးပန်းကို နောက်သို့ ဆွဲလိုက်သည်။ ဒေါ်လေးပန်းကတော့ မကျေနပ်သေးဘဲ မေးလိုက်၏။
“ဘာလို့ လာဆွဲနေတာလဲ”
“ငါတို့တွေ အစည်းအဝေး လုပ်နေတာလေ။ တခြားအကြောင်းတွေ ပြောမနေနဲ့တော့”
ဒေါ်လေးပန်းနှင့် လီနျန်တို့ အမြန် ပြန်ထိုင်လိုက်ကြပြီး အားလုံးက ဟွာကျွင်းကို တစ်ညီတစ်ညွတ်တည်း ကြည့်လိုက်ကြ၏။
ဟွာကျွင်းကလည်း ထိုအကြောင်းအရာကို ဆက်စပ်၍ ထပ်ပြောလိုက်သည်။
“ဒါဆို... ဒါဆိုရင်လည်း ရှင် ဂရုတစိုက် နေရမယ်နော်။ ပင်ပန်းတဲ့ အလုပ်တွေ မလုပ်နဲ့”
“သူဌေးမဟွာ စိတ်ချပါ၊ သမားတော်က ကျွန်မရဲ့ ကိုယ်ဝန်က တည်ငြိမ်တယ်လို့ ပြောပါတယ်။ ပင်ပန်းတဲ့ အလုပ်တွေ အကုန်လုံးကို ကျွန်မအမျိုးသားက တာဝန်ယူထားပါတယ်။ ကျွန်မက ငွေပဲ သိမ်းရတာပါ”
သူတို့တွင် ကလေးရှိလာတော့မည်ဖြစ်၍ ငွေပိုလိုမည်ကို ထည့်တွက်ကာ ဟွာကျွင်းက သူတို့ကို ပြောလိုက်၏။
“ရှင်တို့ စီမံနိုင်မယ်ဆိုရင် ရှင့်တို့ ရောင်းဖို့အတွက် နောက်ထပ် ဘာတွေ ထွင်ပေးလို့ရမလဲဆိုတာ ကျွန်မ စဉ်းစားပေးပါ့မယ်”
လျိုအာနှင့် ဇနီးမှာ အလွန်ဝမ်းသာသွားကြပြီး ကျေးဇူးတင်စကားများကို အလျင်အမြန် ပြောကြတော့သည်။
နောက်ဆုံးတွင် ဦးလေးကျန်း အလှည့်သို့ ရောက်သည်။ သူ့ပန်ကိတ်ဆိုင် ဖွင့်လှစ်သည်မှာ ရက်ပိုင်းသာ ရှိသေးသဖြင့် ဟွာကျွင်း သူ့ကို ပြောလိုက်သည်။
“နောက်တစ်ခါမှပဲ စာရင်းရှင်းကြတာပေါ့”
ဦးလေးကျန်းက ထရပ်ကာ ဦးညွှတ်လိုက်ပြီး ပြောလိုက်၏။
“သူဌေးမဟွာ နောင်ကျရင် ကျွန်တော် မနက်ပိုင်းတွေမှာ မူလတန်းကျောင်းကို သွားပြီး ကလေးတွေအတွက် ပန်ကိတ် လုပ်ပေးပါ့မယ်။ ကျွန်တော့်မှာ အချိန်တွေ အများကြီး ရှိပါတယ်”
သူ့တွင် ယခုလောလောဆယ် လှူဒါန်းရန် ပိုလျှံသော ငွေမရှိသဖြင့် သူ၏ ပန်ကိတ်လုပ်သည့် ကျွမ်းကျင်မှုကိုသာ အသုံးပြုလိုခြင်းဖြစ်၏။
“ဒါဆိုရင်လည်း ကောင်းပါပြီ။ ရှင့်ရဲ့ လုပ်အားခကို တွက်ထားလိုက်ပါ”
“လုပ်အားခ မယူပါဘူး၊ ကျွန်တော်လည်း ပါဝင်ကူညီချင်ရုံတင်ပါ”
ဟွာကျွင်း၏ ရင်ထဲတွင် နွေးထွေးမှုများဖြင့် ပြည့်နှက်သွားပြီး ရေရွတ်လိုက်မိ၏။
“ကျွန်မတို့ရွာလေးက တကယ်ကို ပိုပြီး လူသားဆန်လာပြီပဲ”
သူမက ထပ်လောင်းပြောကြားသည်။
“မူလတန်းကျောင်းက အခုမှ ဆောက်ထားတာဆိုတော့ ပြည့်စုံမှုမရှိသေးတဲ့ နေရာတွေ အများကြီး ရှိပါတယ်။ ဒီနေ့ ဒီအကြောင်း ပြောဖြစ်တုန်း ကျွန်မ မရှိတဲ့အချိန်မှာ မူလတန်းကျောင်းက အခက်အခဲ တစ်ခုခုနဲ့ တွေ့ရင်လည်း အားလုံး ဝိုင်းကူညီပေးကြဖို့ တောင်းဆိုချင်ပါတယ်”
အားမောက်က ပြောလိုက်၏။
“ဒါက ဘာခက်တာမှတ်လို့လဲ၊ သူဌေးမဟွာရဲ့ ကိစ္စက ကျွန်တော်တို့ ကိစ္စပဲလေ။ ပြီးတော့ မူလတန်းကျောင်းဆိုတာ ရွာထဲက ကလေးအားလုံးနဲ့ သက်ဆိုင်တာပဲ။ ခင်ဗျား ဘာမှ မမှာခဲ့ရင်တောင် ကျွန်တော်တို့ သေချာပေါက် သွားကူညီမှာပါ”
အားလုံးက တစ်ညီတစ်ညွတ်တည်း ထောက်ခံကြပြီး သူတို့၏ နေ့ဘက် အလုပ်များကို စတင်စီစဉ်ကြတော့သည်။
အားမောက်သည် လယ်ယာအလုပ် ပြီးသည်နှင့် မူလတန်းကျောင်းသို့ တိုက်ရိုက်သွားကာ စားပွဲ၊ ကုလားထိုင်များကို ပြင်ဆင်ပေးမည်ဖြစ်ပြီး ဒေါ်လေးပန်းက နေ့လယ်ဘက်တွင် ထမင်းချက်ဆောင်မှာ သွားကူညီမည်။ လျိုရှီ ကိုယ်ဝန်ဆောင်ထားရသော်လည်း သူမ ဗိုက်ထဲက ကလေးကို စာဖတ်သံများ စောစောစီးစီး ကြားစေချင်သည်ဟုဆိုကာ မူလတန်းကျောင်းတွင် အသေးအဖွဲ အလုပ်များ ကူညီပေးရန် အခိုင်အမာ ပြောဆိုနေတော့၏။
ဤအစည်းအဝေးကြောင့် လူတိုင်း တက်ကြွနေကြပြီး အပြင်သို့ ထွက်သွားသည့်တိုင်အောင် ဆက်လက် ဆွေးနွေးနေကြဆဲဖြစ်သည်။
သူတို့ ထွက်သွားပြီးနောက်တွင်လည်း ဟွာကျွင်း၏ ခေါင်းထဲ၌ အသံများ စီစီညံညံ ကျန်ရစ်နေသေး၏။
နောက်တစ်နေ့တွင် ဟွာကျွင်းသည် မော့ချွမ်းကို ကားမောင်းသင်တန်း တစ်ခုတွင် အပ်ပေးလိုက်ပြီး သူမကိုယ်တိုင်နှင့် ဟွာရှန့်ကိုမူ မြင်းစီးသင်တန်းတွင် အပ်လိုက်သည်။
မြင်းစီးတတ်လျှင် အကြိမ်တိုင်း ခုန်ပေါက်နေသည့် မြင်းလှည်းပေါ်တွင် ထိုင်ရင်း မအီမသာဖြစ်ကာ အန်ချင်စိတ် ပေါက်နေရခြင်းမျိုး ရှိတော့မည်မဟုတ်ပေ။ ထို့ပြင် သူမ သွားချင်သည့်နေရာတိုင်းကိုလည်း လွတ်လပ်စွာ သွားနိုင်တော့မည်။
သူမသည် မြင်းစီးဝတ်စုံကိုပင် သီးသန့်ဝယ်လိုက်သေး၏။ အင်္ကျီအဖြူရောင်နှင့် လိုက်ဖက်သော ခန္ဓာကိုယ်အကပ်သား ဆီလီကွန် မြင်းစီးဘောင်းဘီ၊ မီးခိုးနုရောင် ခါးတိုအင်္ကျီ၊ အနက်ရောင် မြင်းစီးဂျာကင်၊ ထို့နောက် ဒူးအထိ မြင့်သည့် အနက်ရောင် မြင်းစီးဖိနပ်တို့ဖြင့် သူမမှာ အလွန်ပင် ခန့်ညားလှပနေသည်။
သင်ခန်းစာ တစ်ခုတည်းဖြင့် ဟွာကျွင်း မြင်းစီးကွင်းအတွင်း ပတ်စီးနိုင်နေပြီဖြစ်သော်လည်း အနည်းငယ်တော့ မကျွမ်းကျင်သေးပေ။
ထိုနေ့ညနေတွင် သူမ မြင်းတစ်ကောင် ငှားရန် မော့ချွမ်းကို ပြောလိုက်၏။ သူမသည် စစ်သူကြီးလု၏ အိမ်တော်သို့ မြင်းစီးပြီး ကိုယ်တိုင် သွားလိုခြင်းဖြစ်သည်။
ထိုဆိပ်ကမ်းလမ်းကြားတွင် ဘာဖြစ်နေသလဲဆိုသည်ကို မေးမြန်းရန် သူမ စီစဉ်ထားသည်။
မော့ချွမ်း ထိတ်လန့်နေသော အမူအရာ ဖြစ်သွား၏။
“ခင်ဗျား နောက်နေတာလား။ မနေ့ကမှ စသင်ပြီး အဲဒီအဝေးကြီးအထိ မြင်းစီးသွားရဲတယ်ပေါ့”
သူကတော့ ဆန့်ကျင်ဘက်အနေဖြင့် ယနေ့ တစ်နေ့လုံး တစ်နေ့လုံး စီယာတိုင်ကိုသာ လှည့်နေခဲ့ရသည်။
“ကျွန်မက ဖြည်းဖြည်းချင်းပဲ သွားမှာပါ၊ မြင်းပြိုင်ပွဲဝင်မလို့ မဟုတ်ပါဘူး”
မော့ချွမ်းက ထပ်မေး၏။
“ဒါဆို ခင်ဗျား လမ်းသိလား”
ဟွာကျွင်း “...”
‘ဪ ဟုတ်သားပဲ၊ လမ်းညွှန် မရှိဘူးပဲ’
“ကျွန်တော် မြင်းစီးပြီး ခင်ဗျားကို လိုက်ပို့မယ်”
ဟွာကျွင်း မေးလိုက်၏။
“ဒါဆို ကျွန်မက ဘာစီးရမှာလဲ”
“ခင်ဗျား နွား အရင်စီးဦး။ ရွာ နွားလှည်းက နွားကို ဖြုတ်ပြီး အရင်နေသားကျအောင် လုပ်ဦး”
ဟွာကျွင်း ခြိမ်းခြောက်လိုက်၏။
“ဒါဆိုရင် ရှင့်ကို ကျွန်မကား လုံးဝ မထိခိုင်းတော့ဘူး”