← Chapters

အခန်း ၁၈၆

Vol. 19 Ch. 186

အခန်း ၁၈၆

Vol. 19 Ch. 186

အခန်း (၁၈၆)

ကြက်ရိုးကြော်သည့် အကြော်သံပြား

မော့ချွမ်း အန္တရာယ်များလွန်းသည်ဟုဆိုကာ ဟွာကျွင်းကို မြင်းမငှားဘဲ ငြင်းဆိုလိုက်သည်။ ဟွာကျွင်းကလည်း မြင်းလှည်းမစီးချင်သလို နွားစီးဖို့ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူတို့နှစ်ဦးမှာ အခြေအတင် ဖြစ်နေကြ၏။

ဟွာကျွင်း အားမောက်ရှိရာသို့ လျှောက်သွားပြီး ပြောလိုက်၏။

“အားမောက်... မနက်ဖြန် ရှင် သိုးသွားဝယ်တဲ့အခါ ကျွန်မအတွက် မြင်းတစ်ကောင်ပါ ဝယ်ခဲ့ပေးပါလား”

မော့ချွမ်းကို တစ်ချက်စောင်းကြည့်ကာ ထပ်ပြောလိုက်သည်။

“ခန့်ညားပြီး ယဉ်ပါးတဲ့ မြင်းမျိုးပဲ လိုချင်တယ်နော်”

မော့ချွမ်း နှာခေါင်းရှုံ့ရင်း ခနဲ့လိုက်သည်။

“သူက မြင်းရွေးတတ်လို့လား”

အားမောက်လည်း အခက်တွေ့နေသော မျက်နှာထားဖြင့် ပြန်ဖြေရှာ၏။

“သူဌေးမဟွာ... ကျွန်တော့်ကို အကျပ်မကိုင်ပါနဲ့ဗျာ။ ကျွန်တော် တကယ်ပဲ မရွေးတတ်ပါဘူး။ မြင်းလိုမျိုး တန်ဖိုးကြီးတဲ့အရာကို လက်နဲ့တောင် မထိဖူးသေးဘူး”

“ခင်ဗျား အရင် ရက်နည်းနည်းလောက် လေ့ကျင့်ဦး၊ ပြီးမှ ကျွန်တော် မြင်းကောင်းတစ်ကောင် ရွေးပေးမယ်”

မော့ချွမ်း ပြောလိုက်၏။

ဟွာကျွင်း လက်လျှော့လိုက်ရတော့သည်။ သို့သော် ဤကိစ္စမှာ သူမ တစ်နေကုန် ကားမောင်းခိုင်းခဲ့သည်ကို မော့ချွမ်းက ကလဲ့စားချေနေခြင်းဖြစ်သည်ဟု သူမ သံသယဝင်မိသည်။

မနေ့က ကတိပေးထားသည့်အတိုင်း သူမသည် ကြက်ရိုးအချို့ကို ယူကာ လျိုရှီထံသို့ သွားသည်။ လျိုရှီကို ကြက်ရိုးကြော်နည်း သင်ပေးချင်သောကြောင့် ဖြစ်၏။

ဟွာကျွင်းသည် ကြက်ရိုးများကို ကြက်ကြော်မှုန့်၊ ဆီ၊ ရေတို့ဖြင့် ကြိုတင်နှပ်ထားပြီးသား ဖြစ်သဖြင့် ကြော်ရန်သာ လိုတော့သည်။

လျိုရှီနှင့် အခြားသူများသည် ဟွာကျွင်းလာသည်ကို မြင်သဖြင့် လမ်းဖယ်ပေးကြ၏။ ဟွာကျွင်းက နံစော်တို့ဟူးကြော်သည့် အိုးနှင့်မရောဘဲ အခြားအိုးတစ်လုံး သီးသန့်ရှာခိုင်းလိုက်သည်။

ဆီထည့်၊ ဆီပူလာလျှင် ကြက်ရိုးများကို ထည့်ကြော်ရသည်။ ခြောက်မိနစ် သို့မဟုတ် ခုနစ်မိနစ်ခန့်သာ ကြာပြီ မကြာခဏ လှန်ပေးရသည်။ ကြက်ရိုးများ ရွှေဝါရောင်သန်းလာလျှင် ဆယ်ယူ၍ ရပြီဖြစ်သည်။

ဤအချိန်တွင် ကြက်ရိုးများမှာ ကြွပ်ရွနေပြီး အနေအထားမှာ ကွက်တိပင်။ ဆီစစ်ပြီးနောက် အတုံးလေးများ တုံးကာ ဇီရာမှုန့်နှင့် ငရုတ်သီးမှုန့် ဖြူးလိုက်လျှင် ပြီးစီးပြီဖြစ်သည်။

ဘေးတွင် စောင့်နေကြသော ဖောက်သည်များသည် ဟွာကျွင်းက ကြက်ရိုးကြော်များကို စက္ကူအိတ်ထဲ ထည့်နေသည်ကို မြင်သည်နှင့် ဝယ်ယူရန် ဝိုင်းအုံလာကြ၏။

“ကြေးပြား (၁၅) ပြားပါ”

ဟွာကျွင်းက ပြောလိုက်သည်။

ထိုလူကလည်း ဝမ်းသာအားရ ငွေချေပြီး အိတ်ကို ယူသွားတော့သည်။

လျိုရှီက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် မေးလိုက်၏။

“ဒါက ကြက်သားလေ... အရမ်း စျေးမပေါလွန်းဘူးလား”

ဟွာကျွင်းက ရှင်းပြ၏။

“ဒါက ကြက်သားဆိုပေမဲ့ အသားသိပ်မပါတဲ့ ကြက်ရိုးတွေပဲလေ၊ ဒါကြောင့် ဈေးကို အများကြီး မသတ်မှတ်သင့်ဘူး”

ကြက်ရိုးများမှာ မူလကပင် ဈေးသက်သာ၏။ လက်ကားဝယ်လျှင် တစ်ခုကို နှစ်ယွမ် သို့မဟုတ် သုံးယွမ်ခန့်သာ ရှိသည်။ ဟွာကျွင်း အနည်းငယ် ပိုကောင်းသည်များကို ဝယ်သော်လည်း လေးယွမ်ကျော်သာ ကျသင့်သည်။

သို့သော် အသားနှပ်သည့် ဆော့စ်များကမူ ပို၍ ဈေးကြီးသည်။

ခုနက ကြော်လိုက်သည့် ကြက်သွန်ဖြူအရသာ ကြက်ကြော်အပြင်၊ ဟွာကျွင်းသည် ကြက်သားဟင်းအရသာ၊ မာလာအရသာနှင့် အသားကင်အရသာ ဆော့စ်များကိုလည်း ပြင်ဆင်ထားသည်။ ပို၍ ထူးခြားသည်မှာ သူမသည် အစပ်ချောင်းအရသာ ဆော့စ်ကိုပင် ဝယ်ယူထားသေးသည်။

အကယ်၍ ဖောက်သည်က ချိုချိုချဉ်ချဉ် အရသာ လိုချင်ပါက ကြက်ရိုးကြော်ပေါ်တွင် သကြားဖြူး၊ ရှာလကာရည် အနည်းငယ်ဖျန်းပြီး သေသေချာချာ သုတ်ပေးလိုက်ရုံပင်။

ထို့ပြင် ဆား၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူနုပ်နုပ်စဥ်း၊ ဇီရာ၊ ဆီးချိုသီးနှင့် ရေညှိမှုန့် စသည့် ဟင်းခတ်အမွှေးအကြိုင် အမျိုးမျိုးလည်း ရှိသေးသည်။

စုံလင်လှသော အရာများကို ကြည့်ပြီး အားလုံးမှာ မှင်တက်နေကြ၏။

လျိုအာမှာ ရတနာတစ်ခု တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ရေရွတ်နေတော့၏။

“ဒီညတော့ ကျွန်တော် အိပ်ပျော်မှာ မဟုတ်ဘူး၊၊ ဒီအမွှေးအကြိုင်တွေကို အလွတ်ရအောင် ကျက်ရမယ်”

ကြက်ရိုးကြော် ဝယ်သွားသည့် ဖောက်သည်မှာ ခဏချင်းပင် ပြန်ရောက်လာ၏။ သူသည် ခဏအတွင်းမှာပင် ကြက်ရိုး တစ်အိတ်နီးပါး ကုန်အောင် စားလိုက်ပုံရသည်။

“သူဌေးမဟွာ... ခုနက တခြားအရသာတွေ အများကြီးရှိသေးတယ်လို့ ကြားလိုက်လို့ပါ။ ကျွန်တော့်အတွက် နောက်ထပ် နှစ်အိတ်လောက် ထပ်ကြော်ပေးပါဦး”

ဤကြက်ရိုးကြော်များမှာ အရိုးကကြွပ်၊ အသားကလည်း အရသာရှိသဖြင့် အပျင်းပြေစားရန် အလွန်ကောင်းလှသည်။ ကြေးပြား (၁၅) ပြားဆိုသည်မှာ တကယ်ပင် မများပေ။

ဟွာကျွင်း နှပ်ထားသည့် ကြက်ရိုးများကို ကြည့်ကာ ပြောလိုက်၏။

“မာလာအရသာနဲ့ အသားကင်အရသာလည်း ရှိပါတယ်”

“ကောင်းပြီ၊ တစ်မျိုးကို တစ်အိတ်စီ ပေးပါ”

သူက ငွေအလွယ်တကူ ချေလိုက်ပြီး လျိုအာက စတင်ကြော်တော့သည်။ ဤအလုပ်မှာ မခက်ခဲသဖြင့် ဟွာကျွင်းလည်း ဆိုင်သို့ စိတ်အေးလက်အေး ပြန်လာခဲ့သည်။

သူမက အားမန်ကို ပြောလိုက်၏။

“ပြီးခဲ့တဲ့ မီးပုံပွဲကို မှတ်မိသေးလား၊ အဲဒီတုန်းက ရှင် ဒီရွာကို ရောက်ခါစပဲ ရှိသေးတယ် မဟုတ်လား။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ခုနစ်လလောက် ရှိသွားပြီနော်”

အားမန်သည်လည်း ထိုညက ဖြစ်ရပ်များကို ပြန်လည်အမှတ်ရသွားသည်။

မှောင်မည်းနေသော တဲနောက်ကွယ်မှာ ပုန်းရင်း ရွာသားများ မီးပုံပွဲမှာ ပျော်ရွှင်နေကြသည်ကို ကြည့်နေခဲ့ရသည့် ထိုအချိန်ကို သူမ ဘယ်တော့မှ မေ့မည်မဟုတ်ပေ။

“မကြာခင်မှာ နဂါးလှေပွဲတော် ရောက်တော့မယ်။ ကျွန်မ နောက်ထပ် မီးပုံပွဲတစ်ခု ထပ်လုပ်ချင်တယ်။ ဒီတစ်ခါတော့ ရွာသားတွေတင် မကဘူး၊ ဘယ်သူမဆို ပါဝင်လို့ရတယ်”

“ဂိမ်းလေးတွေနဲ့ မုန့်ဆိုင်တန်းတွေလည်း အများကြီး ပြင်ဆင်ထားမှာဆိုတော့ အရမ်း စည်ကားမှာပဲ”

ဟွာကျွင်း အားမန်၏ လက်ကို ကိုင်ကာ မေးလိုက်၏။

“အားမန်... ရှင် ကျွန်မကို ကူညီမှာ မဟုတ်လား”

အားမန် ခေါင်းကို အားပါးတရ ညိတ်ပြသည်။ ပြီးခဲ့သည့် မီးပုံပွဲတွင် သူမမှာ ပြင်ပလူတစ်ယောက် ဖြစ်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ ကိုယ်တိုင်ပါဝင် ဆင်နွှဲချင်နေပြီဖြစ်၏။

ဟွာကျွင်းသည် စာရွက်နှင့် ကလောင်ကို ယူကာ အားမန်ကို ရေးခိုင်းလိုက်သည်။

“နဂါးလှေပွဲတော်ညတွင် ခမ်းနားသော မီးပုံပွဲကြီး ကျင်းပမည်။ မည်သူမဆို လာရောက် ပျော်ပါးနိုင်ပါသည်။ အရသာရှိသော အစားအစာများနှင့် ပျော်စရာဂိမ်းများစွာက လူတိုင်းကို စောင့်ကြိုနေပါသည်”

သူမ နောက်ထပ် စာရွက်တစ်ရွက် ထုတ်လိုက်ပြန်၏။

“ရွာသားတွေအတွက်လည်း တစ်စောင် ရေးရအောင်။ သူတို့မှာရှိတဲ့ ပျော်စရာကောင်းတဲ့ အရာတွေကို မီးပုံပွဲကို ယူလာပေးဖို့ပေါ့”

ဟွာကျွင်း ခိုင်းသည့်အတိုင်း အားမန်က ရေးပေးသည်။ ထိုကြေညာချက်များကို အားမောက်ထံ ပေးကာ ရွာထိပ်ရှိ လူမြင်ကွင်းတွင် ကပ်ခိုင်းလိုက်သည်။ သတင်းမှာ လျင်မြန်စွာ ပျံ့နှက်သွားပြီး နောက်တစ်နေ့တွင်ပင် ရွာသားများစွာ လာရောက် စာရင်းပေးကြတော့၏။

မြို့ထဲရှိ မြို့ဝန် ကျောက်ကလည်း ဤသတင်းကို ကြားသိရသဖြင့် လူလွှတ်ကာ သတင်းစကား ပါးလိုက်သည်။

“မင်းရဲ့ အစီအစဉ်က ကောင်းပါတယ်။ ဒါပေမဲ့ လုံခြုံရေးကိုတော့ သေသေချာချာ ထည့်သွင်းစဉ်းစားရမယ်နော်”

ဟွာကျွင်းကခေါင်းညိတ် သဘောတူကာ ပြောလိုက်၏။

“ကျွန်မတို့ဆီမှာ (၂၄) နာရီ ကင်းလှည့်နေတဲ့ အဖွဲ့ရှိပါတယ်။ အဲဒါကြောင့် အဆင်ပြေမှာပါ”

သံတမန်သည် ဟွာကျွင်းမုန့်ဆိုင်၏ ဆွဲဆောင်မှုကို လျှော့မတွက်ရဲပေ။ ထို့ကြောင့် ထိုနေ့တွင် အခြေအနေကို ထိန်းသိမ်းပေးရန် ရဲမက်အဖွဲ့တစ်ဖွဲ့ကို လွှတ်ပေးခဲ့သည်။

နောက်ရက်များတွင် ဟွာကျွင်းသည် အစားအသောက် ပြင်ဆင်ခြင်းနှင့် ဆိုင်ခန်းများ စီစဉ်ခြင်းတို့ဖြင့် အလုပ်ရှုပ်နေတော့၏။ ဟွာရှန့်က ဆုလက်ဆောင်များပါသည့် စကားထာဝှက်တမ်း ကစားနည်းကို အကြံပြုရာ ဟွာကျွင်းက အလွန်ကောင်းသည်ဟု ယူဆသဖြင့် စကားထာများ ရှာဖွေသည့် တာဝန်ကို ဟွာရှန့်အား ပေးလိုက်သည်။

ပြီးခဲ့သည့်တစ်ခေါက်ကဲ့သို့ပင် လမ်းတစ်ဖက်ခြမ်းရှိ ကွင်းပြင်အလယ်တွင် မီးပုံကြီး ထားရှိပြီး လမ်းဘေးတစ်လျှောက်တွင် ဆိုင်ခန်းအမျိုးမျိုး ချထားမည်ဖြစ်သည်။

အကင်ဆိုင်၊ နံစော်တို့ဟူးဆိုင်၊ ပန်ကိတ်ဆိုင်တို့အပြင် နောက်ပိုင်းတွင် အားမန် တာဝန်ယူမည့် အချိုရည်ဆိုင်လည်း ပါဝင်မည်။

ဟွာကျွင်းသည် ဆီးသီးဖျော်ရည်၊ ပဲနီလေးယို၊ နှမ်းနှစ်၊ ငွေမှိုနှင့် ကြာစေ့စွပ်ပြုတ်၊ ဒိန်ချဉ်နှင့် အခြားသော အပူ၊ အအေး အချိုပွဲများစွာကို ပြင်ဆင်ထားသည်။

နဂါးလှေပွဲတော်အတွက် မရှိမဖြစ်လိုအပ်သည့် မုန့်ဖက်ထုပ်များကိုလည်း မမေ့ပေ။ ဟွာကျွင်းသည် ကောက်ညှင်း၊ အသားနှင့် ဆီးသီးခြောက်များကို ဝယ်ယူကာ အရသာနှစ်မျိုးဖြင့် ထုပ်ရန် စီစဉ်ထားသည်။

အရာအားလုံး အဆင်သင့် ဖြစ်နေပါ၏။ နဂါးလှေပွဲတော်နေ့တွင် ဟွာကျွင်း တံခါးဖွင့်လိုက်သည်နှင့် အပြင်ဘက်တွင် ချိတ်ဆွဲထားသော ဆေးဖက်ဝင် အပင်များကို တွေ့လိုက်ရ၏။ ဒေါ်လေးပန်းနှင့် အခြားသူများမှာလည်း အပြင်ဘက်တွင် စောင့်နေကြသည်။

ဟွာကျွင်း ထွက်လာသည်ကို မြင်သောအခါ ဒေါ်လေးပန်းနှင့် လီနျန်တို့က သူမကို ဝိုင်းလိုက်ကြသည်။ ဒေါ်လေးပန်းက ဟွာကျွင်း၏ ဆံပင်တွင် မဲတီပန်းလေးများ ပန်ပေးပြီး လီနျန်က သူမ လက်ကောက်ဝတ်တွင် ငါးရောင်ခြည် ပိုးချည်မျှင်လေးကို ချည်ပေး၏။

“ဆံပင်မှာ ပန်ထားတဲ့ ဒီမဲတီပန်းလေးတွေက လှသလို အန္တရာယ်တွေနဲ့ ခြင်တွေကိုလည်း ကာကွယ်ပေးတယ်လေ။ ပြီးတော့ ဒီငါးရောင်ခြည် ကြိုးလေးကလည်း အဓိပ္ပာယ်ရှိတယ်”

ဒေါ်လေးပန်း ပြုံးလျက် ပြောလိုက်သည်။

“ဒီငါးရောင်ခြည်ကြိုးကို ဝတ်ဆင်တာက ကံကောင်းခြင်းရဲ့ ပြယုဂ်ပဲ။ နဂါးလှေပွဲတော်ပြီးလို့ ပထမဆုံး မိုးရွာတဲ့အခါ ဒီကြိုးကို ဖြုတ်ပြီး ဗွက်အိုင်ထဲ ပစ်ချလိုက်ရင် တစ်နှစ်ပတ်လုံး အဆင်ပြေချောမွေ့မှာ သေချာတယ်”

လီနျန်သည် ဟွာရှန့်အတွက်လည်း ကြိုးတစ်ချောင်း ချည်ပေးလိုက်ပြီး ဆေးဖက်ဝင် အမွှေးအိတ်လေး တစ်လုံးကို ထုတ်လိုက်သည်။

“ဓလေ့အရဆိုရင် ဒီနေ့မှာ အမွှေးအိတ်လေးကိုလည်း ဆောင်ထားရမယ်လေ”

ဟွာကျွင်းက အမွှေးအိတ်ကို ယူကြည့်လိုက်ရာ ၎င်းပေါ်တွင် ကင်းခြေများ၊ မြွေ၊ ကင်းမြီးကောက်၊ အိမ်မြှောင်နှင့် ဖားပြုပ်ပုံများကို ပန်းထိုးထားသည်ကို တွေ့ရသည်။ သေသေချာချာ အနံ့ခံကြည့်လိုက်သောအခါ ဆေးဖက်ဝင်အပင်နံ့လေးများ မွှေးပျံ့နေသည်။

“အရမ်းမွှေးတာပဲ”

ဟွာကျွင်း လီနျန်ကို ပြောလိုက်သည်။

“အထဲမှာ လေးညှင်း၊ သနပ်၊ ဆေးမြစ်စုံနဲ့ တောဂျင်းတွေ ထည့်ထားတာလေ။ ပုလိပ်ရောဂါကို ကာကွယ်ပေးနိုင်သလို အဆိပ်ငါးမျိုးကိုလည်း အောင်နိုင်တယ်”

လျိုအာသည်လည်း မအားလပ်နေပေ။ သူသည် မီးဖိုတစ်ခုကို ဆိုင်ထဲသယ်လာပြီး စင်အောက်က ထောင့်တစ်နေရာတွင် ချထားလိုက်၏။

“ဒါ ဘာကြီးလဲ”

ဟွာကျွင်း မေးလိုက်သည်။

ဒေါ်လေးပန်း ရှင်းပြပေး၏။

“ဒါက အန္တရာယ်ကင်းတဲ့ အမွှေးတိုင်လေ၊ နဂါးလှေပွဲတော်မှာ အိမ်တိုင်း အိမ်တိုင်း ဒါကို ထွန်းကြတာ။ ရောဂါဘယနဲ့ မကောင်းဆိုးဝါးတွေကို နှင်ထုတ်ပေးနိုင်တယ်။ ဒါမပါရင် နဂါးလှေပွဲတော်က ပြည့်စုံမှာ မဟုတ်ဘူး”

All Chapters