← Chapters

အခန်း ၁၈၈

Vol. 19 Ch. 188

အခန်း ၁၈၈

Vol. 19 Ch. 188

အခန်း (၁၈၈)

မီးတောက်ခေါက်ဆွ

ဟွာကျွင်း သူ့ကို သတိပေးလိုက်၏။

“အရင်ဆုံး ရှင်းရှင်းလင်းလင်း ပြောထားမယ်နော်၊ ကိုယ်နိုင်သလောက်ပဲ စားပါ။ အစားအစာဆိုတာ တန်ဖိုးရှိတာမို့လို့ အလဟဿ လုံးဝမဖြစ်စေနဲ့”

သူ ဂရုမစိုက်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။

“ဒါကို ကျွန်တော့်ကို ပြောနေဖို့ လိုသေးလို့လား။ တကယ်လို့ ကုန်အောင်မစားနိုင်ရင် ရေစိမ်ပြီး စားမှာပေါ့။ ကြေးပြား (၅) ပြားဆိုတာ မနည်းဘူးဗျ”

ဟွာကျွင်း ပြုံးလျက် ပြောလိုက်သည်။

“ကောင်းပါပြီ၊ အခုပဲ ပြင်ပေးပါ့မယ်”

စကားပြောပြီးနောက် သူမသည် ခေါက်ဆွဲတစ်ပန်းကန် အပြည့်ထည့်ကာ သူ့ထံသို့ ကမ်းပေးလိုက်သည်။

စေးကပ်နေသော ခေါက်ဆွဲများမှာ ဆော့စ်များဖြင့် ရဲရဲတောက်နေတော့သည်။

ပတ်ဝန်းကျင်ရှိ လူအားလုံးက အလွန်စပ်စုချင်နေကြ၏။

“ရှင့်ရဲ့ ခေါက်ဆွဲထဲမှာ ငရုတ်သီးလည်း မတွေ့ရပါလား၊ ဘယ်လောက်အထိ စပ်မှာမို့လို့လဲ”

ဟွာကျွင်းကတော့ သူတို့ကို ငရုတ်သီးအနှစ်၏ စွမ်းပကားကို မြင်တွေ့ခွင့်ပေးရန် စိတ်ထဲကနေ တိတ်တဆိတ် ရယ်မောနေမိသည်။

ထိုလူကလည်း ထိုသို့ပင် ထင်ပုံရသည်။ သူသည် တူကို ကောက်ကိုင်ကာ ခေါက်ဆွဲများကို ပါးစပ်ထဲသို့ အားပါးတရ ထည့်လိုက်တော့သည်။

သူ ခေါက်ဆွဲကို မျိုချပြီးနောက် ပြန်ပြော၏။

“မစပ်ပါဘူး၊ အဆင်ပြေပါတယ်”

ဘေးကကြည့်နေသူများက ရယ်မောကြသည်။

“သူဌေးမဟွာ... ရှင်က အလှူပေးနေတာလား”

ဟွာကျွင်းက ပြုံးနေရုံသာရှိပြီး ဘာမှ ပြန်မပြောပေ။ အစပ်ရှိန်က မတက်သေးချေ။ ခဏစောင့်ကြည့်နိုင်ပါ၏။

သေချာပေါက်ပင်။ ဒုတိယတစ်လုတ် ပါးစပ်ထဲရောက်သည်နှင့် သူ မခံနိုင်တော့ဘဲ တဟွတ်ဟွတ် ချောင်းဆိုးတော့သည်။ ချောင်းဆိုးရင်းနှင့်လည်း အော်ဟစ်တော့၏။

“ရေ... ဟွတ်ဟွတ်... ရေ”

အားမန် ရေတစ်ခွက် ယူလာပေးရာ သူက အငမ်းမရ သောက်ချလိုက်သော်လည်း အစပ်က မပြေသွားပေ။ သူ့မျက်နှာမှာ ခရမ်းချဉ်သီးလို နီရဲတောက်လာပြီး မေး၏။

“စပ်လွန်းလို့ သေတော့မယ်၊ အစပ်ပြေမဲ့ နည်းလမ်းရှိလား”

“နွားနို့ တစ်ခွက်ကို ကြေးပြား (၈)ပြားပါ၊ အစပ်ပြေစေရမယ်လို့ အာမခံပါတယ်”

သူ စားပွဲပေါ်သို့ ကြေးပြား (၈) ပြား ဝုန်းခနဲ ချလိုက်ပြီး အော်လိုက်၏။

“တစ်ခွက် ပေး”

အားမန်က နွားနို့တစ်ခွက် ထပ်ငှဲ့ပေးရာ သူ နှစ်ငုံခန့် သောက်လိုက်ပြီးမှ အသက်ရှူချောင်သွားသလို ညည်းတွားလိုက်သည်။

လူတိုင်း ဝိုင်းဆွေးနွေးကြတော့သည်။

“တကယ်ပဲ အဲဒီလောက် စပ်တာလား”

ဟွာကျွင်း မေးလိုက်၏။

“ဒါဆို ဒီတစ်ပန်းကန်ကို ဆက်စားဦးမှာလား”

သူက မီးတောက်ခေါက်ဆွဲကို ကြောက်လန့်တကြား ကြည့်ရင်း ဖြေလိုက်သည်။

“မစားတော့ဘူး၊ မစားတော့ဘူး၊ ကျေးဇူးပြုပြီး ပါဆယ်ပဲ ထုပ်ပေးပါတော့”

ဤသို့ဖြင့် မီးတောက်ခေါက်ဆွဲ တစ်ပန်းကန်နှင့် အအေးခံထားသော နွားနို့တစ်ခွက်မှာ ရောင်းထွက်သွားတော့သည်။

လူအုပ်ကြီးက ဝိုင်းအုံလာကြပြီး မီးတောက်ခေါက်ဆွဲက ဘယ်လောက်တောင် စပ်သလဲဆိုသည်ကို သိရန် စမ်းစားကြည့်ချင်နေကြသည်။

စပ်စုချင်စိတ်က ဒုက္ခပေးသည်ဟုပင် ပြောရမည်၊၊ ဘေးရှိ အားမန်၏ ဆိုင်မှ နွားနို့အအေးများမှာ ကုန်လုနီးပါး ဖြစ်သွားတော့၏။

အချို့ကတော့ ကုန်အောင် စားနိုင်ကြပြီး သူတို့ အတွေ့အကြုံကိုလည်း အကျဉ်းချုပ်ပေးကြ၏။

“ခေါက်ဆွဲတစ်လုတ် စားလိုက်၊ နွားနို့တစ်ငုံ သောက်လိုက်၊ ပြီးရင် ဇဝေဇဝါ မဖြစ်ဘဲ မြန်မြန်မျိုချလိုက်။ ကျွန်တော်က မြန်မြန်စားနေသရွေ့ အစပ်က ကျွန်တော့်ကို လိုက်မမီနိုင်ဘူး”

“ခေါက်ဆွဲထဲကို နွားနို့ရောပြီး စားပါလား။ အစပ်ပြေဖို့ ပိုပြီး ထိရောက်တယ်လေ”

ဟွာကျွင်း အကြံပေးလိုက်သည်။

ထို့ကြောင့် တစ်စုံတစ်ယောက်က ရဲရဲဝံ့ဝံ့ စမ်းသပ်ကြည့်ရာ နွားနို့ တစ်ဝက်ခန့်ကို ခေါက်ဆွဲထဲ လောင်းထည့်ပြီး မွှေလိုက်သည်။ အမှန်ပင် ယခင်ကလောက် မစပ်တော့သဖြင့် ဟွာကျွင်းကို ချက်ချင်းပင် ပို၍ ကြည်ညိုသွားကြ၏။

“သူဌေးမဟွာက တကယ်ကို ရက်ရောတာပဲ။ ဘာမှ ဖုံးကွယ်မထားဘူး”

ဟွာကျွင်း သာမန်ကာလျှံကာပင် ရယ်ပြလိုက်သည်။ အမှန်တော့ သူမ နွားနို့ကိုပါ တွဲပြီး ရောင်းချင်ရုံသာ ဖြစ်သည်။

ဟွာကျွင်းသည် အားရကျေနပ်စွာ သေတ္တာအလွတ်ကို သိမ်းလိုက်ပြီး အကြည့်လွှဲလိုက်ရာ ဒေါ်လေးပန်းက ခါးကိုကိုင်းပြီး ခိုးကြောင်ခိုးဝှက် လျှောက်သွားနေသည်ကို တွေ့လိုက်ရ၏။

“ဒေါ်လေးပန်းလား” သူမ လှမ်းခေါ်လိုက်သည်။

ဒေါ်လေးပန်းက ဟွာကျွင်းကို လှည့်ကြည့်ပြီးမေး၏။

“သူဌေးမဟွာ... အားမောက်ကို တွေ့မိလား”

ဟွာကျွင်းမှာ အလုပ်ရှုပ်နေသဖြင့် သတိမထားမိပေ။ ထို့ကြောင့် ခေါင်းခါပြလိုက်သည်။

ဘေးနားက အားမန်ကတော့ တွေ့လိုက်သဖြင့် မီးပုံပွဲရှိရာဘက်သို့ လက်ညှိုးညွှန်ပြလိုက်သည်။

ဒေါ်လေးပန်း ခေါင်းညိတ်ပြီး မီးပုံပွဲရှိရာသို့ တန်းတန်းမတ်မတ် လျှောက်သွားတော့သည်။

ဟွာကျွင်းမှာ ထူးဆန်းသည်ဟု ထင်သဖြင့် သူမနောက်သို့ လိုက်သွားပြီး ဘေးနားမှာ ခါးလေးကိုင်းကာ မေးလိုက်၏။

“ဘာဖြစ်လို့လဲ”

“ကျွန်မရဲ့ အားမောက်က အခုတလော အရမ်းထူးဆန်းနေတယ်။ နေ့ဘက်ဆို မြို့ထဲသွားပြီး တစ်နေကုန် ပျောက်နေတတ်တယ်။ ဘယ်သွားလဲ မေးရင်လည်း မပြောဘူး။ ခုနလေးတင်ပဲ ကျွန်မ အပေါ့အပါးသွားပြီး ပြန်လာတော့ ဆိုင်မှာ လူမရှိတော့ဘူး”

သူမ တိုးတိုးလေး ကပ်ပြော၏။

“သူ ဘာတွေလုပ်နေလဲဆိုတာ ကျွန်မ တိတ်တဆိတ် သွားကြည့်မလို့”

ဟွာကျွင်း တစ်ခုခု ဖြစ်မည်စိုးသဖြင့် ဒေါ်လေးပန်းနှင့်အတူ လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။

မီးပုံဘေးတွင် လူတွေ အများကြီး ရှိနေဆဲဖြစ်ပြီး အားလုံး ပျော်နေကြ၏။ ဒေါ်လေးပန်းနှင့် ဟွာကျွင်းတို့မှာ လူအုပ်ကြားထဲကနေ ခက်ခက်ခဲခဲ တိုးဝှေ့ရင်း တစ်ယောက်ချင်းစီကို လိုက်ကြည့်နေကြသည်။

နောက်ဆုံးတွင် အားမောက်ကို မီတာအနည်းငယ်အကွာတွင် တွေ့လိုက်ရ၏။

ထိုစဉ် ဟွာကျွင်း၏ အင်္ကျီကို တစ်စုံတစ်ယောက်က လာဆွဲသည်။ လှည့်ကြည့်လိုက်ရာ ရှို့ယွန်း ဖြစ်နေသည်။

ရှို့ယွန်းက အသံကျယ်ကျယ်ဖြင့် မေးလိုက်၏။

“ညီမ... ဘာလုပ်နေတာလဲ၊ အစ်မက ရှာနေတာ”

ဒေါ်လေးပန်းနှင့် ဟွာကျွင်းတို့က တစ်ပြိုင်နက်တည်း “ရှုး...” ဟု ဆိုကာ သူမကို တိတ်တိတ်နေရန် အချက်ပြလိုက်သည်။ ရှို့ယွန်းက နားမလည်သော်လည်း သူတို့နှင့်အတူ ခါးကိုကိုင်းကာ သစ်ပင်တစ်ပင် နောက်ကွယ်တွင် ပုန်းလိုက်၏။

သူမ ရှေ့ကလူကို သေသေချာချာ မြင်သွားသောအခါ ပြောလိုက်သည်။

“ဪ... ဒါ ဟိုအကင်ဆိုင်က လူ မဟုတ်လား၊ ဟို... ဟို...”

“ရှူး...”

ရှို့ယွန်း အသံကို နှိမ့်လိုက်ပြီး ဆက်ပြော၏။

“သူက ဘာလို့ အမျိုးသမီးတစ်ယောက်နဲ့ လုံးထွေးနေရတာလဲ”

အားမောက်၏ရှေ့တွင် အမျိုးသမီးတစ်ဦး ရပ်နေ၏။ သူမက ငယ်ရွယ်ပြီး ဝတ်ကောင်းစားလှ ဝတ်ထားကာ အားမောက်ကို စိတ်မရှည်ဟန်ဖြင့် တစ်ခုခု ပြောနေသည်။ အားမောက်ကတော့ သူ့အင်္ကျီစွန်းကို ဆွဲကိုင်ရင်း အတော်လေး အနေရခက်နေပုံရသည်။

ဒေါ်လေးပန်း၏ မျက်နှာမှာ ဒေါသကြောင့် စိမ်းဖျော့သွားပြီး လက်သီးကို တင်းတင်းဆုပ်ထားကာ အခုချက်ချင်း ပြေးသွားပြီး ရှင်းခိုင်းချင်နေသည်။ သို့သော် ထိုနေရာတွင် လူအများကြီး ရှိနေသဖြင့် ယခုသွားလိုက်လျှင် လူတိုင်းသိသွားနိုင်ရာ အံကို တင်းတင်းကြိတ်ပြီး အောင့်ထားလိုက်ရ၏။

သူမ ထရပ်လိုက်ပြီး ဟွာကျွင်းကို ပြောလိုက်၏။

“သူဌေးမဟွာ... ကျွန်မရဲ့ အရှက်ရစရာတွေကို မြင်သွားစေမိပြီ၊ ပြန်ကြရအောင်”

ဟွာကျွင်း ခေါင်းညိတ်ပြီး သုံးယောက်သား အတူတူ ပြန်လာခဲ့ကြသည်။

လမ်းတစ်လျှောက်လုံး ဒေါ်လေးပန်းက စကားတစ်လုံးမှ မပြောဘဲ ရှို့ယွန်းကလည်း ပုံမှန်မဟုတ် တိတ်ဆိတ်နေ၏။ ဤသို့ဖြင့် သူတို့ မုန့်ဆိုင်ထဲအထိ ပြန်ရောက်လာကြသည်။

မုန့်ဆိုင်ထဲ ရောက်သည်နှင့် ဒေါ်လေးပန်းမှာ မအောင့်နိုင်တော့ဘဲ အကျယ်ကြီး ငိုချလိုက်တော့သည်။

“ကျွန်မရဲ့ ဘဝက တကယ်ကို ခါးသီးလွန်းပါတယ်။ အားမောက်နဲ့ လက်ထပ်ပြီးတော့ သူ့ရဲ့ လေဖြတ်နေတဲ့ အမေအိုကြီးကိုလည်း ပြုစုပေးခဲ့ရတယ်။ ဒုက္ခသည်အဖြစ်လည်း အတူတူ ထွက်ပြေးခဲ့ရတယ်၊၊ ဆင်းရဲဒုက္ခ အမျိုးမျိုး ခံခဲ့ရတယ်။ အခုမှ နေသာထိုင်သာ ရှိခါစပဲ ရှိသေးတယ်။ သူက ဒီလိုမျိုးတွေ လုပ်နေပြန်ပြီ”

“ကျွန်မဘဝကြီးက ခါးသီးလွန်းပါတယ်။ ဘာလို့ အသက်ရှင်နေသေးတာလဲ၊ ခေါင်းနဲ့တိုက်ပြီး သေလိုက်တာကမှ အေးဦးမယ် ငြီးး”

သူမသည် နှပ်ချေးတရွဲရွဲ မျက်ရည်တစမ်းစမ်းဖြင့် အသည်းအသန် ငိုနေရှာ၏။

ရှို့ယွန်းကလည်း ဒေါသတကြီးဖြင့် ပြောလိုက်သည်။

“ကျွန်မ ပြောသားပဲ၊ ယောကျ်ားဆိုတာ တစ်ယောက်မှ မကောင်းဘူး၊ ချမ်းသာလာရင် ဖောက်ပြန်ကြတာပဲ၊ ဒီအတိုင်းတော့ အသေမခံနဲ့ဦး။ အဲဒီ မြေခွေးမကို ပညာပေးရမယ်”

ဒေါ်လေးပန်း သူမ အင်္ကျီဖြင့် မျက်ရည်များကို သုတ်လိုက်ပြီး ပြန်ပြော၏။

“ဟုတ်တယ်။ ညီမလေးရှို့ယွန်း ပြောတာမှန်တယ်။ မနက်ဖြန် သူ့ကို သွားရှာမယ်။ ကျွန်မ ယောကျ်ားကို ဘယ်လိုမိန်းမက လာပြီး ဖျားယောင်းရဲသလဲဆိုတာ ကြည့်ရသေးတာပေါ့”

ဟွာကျွင်း ပြောလိုက်သည်။

“ဒီကိစ္စကို အရင်ဆုံး ရှင်းအောင် လုပ်ကြည့်ရင် မကောင်းဘူးလား... ရှင့်တို့ ထင်သလို မဟုတ်ရင်ကော။ ဇွတ်အတင်း သွားပြဿနာရှာတာ မကောင်းဘူး ထင်တယ်”

ဒေါ်လေးပန်းက ငိုရင်း ပြော၏။

“ဒါဆို ကျွန်မ ဘာလုပ်ရမလဲ။ သူ့ကို မေးရင်လည်း သူက ဝန်ခံမှာ မဟုတ်ဘူးလေ”

ရှို့ယွန်း ထောက်ခံ၏။

“ဟုတ်တယ်၊၊ လက်ပူးလက်ကျပ် ဖမ်းရမယ်၊၊ ဒီလိုလုပ်ပါ အစ်မကြီး၊ မနက်ဖြန် ကျွန်မ ရှင့်နောက်က လိုက်ခဲ့ပေးမယ်။ ကျွန်မ ရှင့်ဘက်က ရှိနေပေးမယ်”

ဒေါ်လေးပန်းက ခေါင်းညိတ်လိုက်ပြီး နှစ်ယောက်သား အစီအစဉ်ကို စတင် ဆွေးနွေးကြတော့သည်။

“သူက နှစ်ရက်တစ်ခါ မြို့ထဲကို သိုးသားသွားဝယ်တယ်။ အရင်ကဆိုရင် အလွန်ဆုံး နှစ်နာရီလောက်ပဲ ကြာတာ။ ဒါပေမဲ့ အခုတလော တစ်နေကုန် ပျောက်နေတတ်တယ်။ သူ အဲဒီ မြေခွေးမဆီ သွားတာ သေချာတယ်”

ရှို့ယွန်း ပြောလိုက်သည်။

“ဒါက လွယ်ပါတယ်၊ နောက်တစ်ခါ သူ မြို့ထဲသွားရင် ရှင် သူ့နောက်က လိုက်ခဲ့။ လမ်းမှာ လျိုမိသားစု စားသောက်ဆိုင်ကို ဝင်ပြီး ကျွန်မကို လာရှာ။ တံခါးက စားပွဲထိုးကို ကျွန်မကို ချက်ချင်း အကြောင်းကြားခိုင်းလိုက်မယ်။ ကျွန်မ ရှင့်နဲ့အတူ လိုက်ဖမ်းပေးမယ်”

ဟွာကျွင်း ပြောသည်။

“ဒါက အဆင်ပြေပါ့မလား။ အရင်ဆုံး ရှင်းရှင်းလင်းလင်း သိအောင် လုပ်သင့်တာ မဟုတ်ဘူးလား”

“သူဌေးမဟွာ... ဒါကို စိတ်မပူပါနဲ့။ ရှင်က အိမ်ထောင်မရှိသေးတော့ ဒီလိုကိစ္စတွေကို ဘယ်သိပါ့မလဲ။ ဒါက ရှင်းပြလို့ ရတဲ့ကိစ္စ မဟုတ်ဘူး”

ဒေါ်လေးပန်း ပြောလိုက်၏။

ရှို့ယွန်းကလည်း ထပ်ပြောသည်။

“ညီမ မပူနဲ့၊ ကျွန်မ ပါရင် ဘာမှ မဖြစ်စေရဘူး”

ဟွာကျွင်းကတော့ စိတ်ထဲကနေ အော်ဟစ်နေမိသည်။ ‘အစ်မ ပါသွားမှ ပိုပြီး ပြဿနာတက်မှာဟ’

သူတို့ နှစ်ယောက်လုံးက အသေးစိတ်အချက်အလက်တွေကို ထပ်ခါတလဲလဲ ဆွေးနွေးနေကြပြီး ပြောလေလေ ပိုပြီး သံသယဖြစ်လေလေပင်။ ဆိုင်ထဲတွင် ပြောရတာ အားမရသဖြင့် ဟွာကျွင်း ဆိုင်ပိတ်တာကို မနှောင့်ယှက်ချင်ဘူးဟု ဆိုကာ လက်ချင်းချိတ်ပြီး အပြင်ထွက်ကာ ဆက်လက် ဆွေးနွေးကြတော့သည်။

အမျိုးသမီးများ၌ ဘုံတူညီသည့် အကြောင်းအရာတစ်ခု ရှိလာပြီဆိုလျှင် ဆက်ဆံရေးက ချက်ချင်းပင် ရင်းနှီးသွားတတ်ကြသည်။

ဟွာကျွင်း စိတ်မအေးသဖြင့် လီနျန်ကို အခြေအနေကို စောင့်ကြည့်ပေးရန်သာ မှာကြားနိုင်တော့သည်။

မထင်မှတ်ဘဲ နောက်တစ်နေ့တွင် အားမောက်က စတင် လှုပ်ရှားလာတော့သည်။

All Chapters