အခန်း ၁၈၉
Vol. 19 Ch. 189
အခန်း (၁၈၉)
ဝဝတုတ်တုတ်အန်တီကြီး နောက်မီးလင်းသူကို ဖမ်းခြင်း
နောက်တစ်နေ့ နံနက်စောစောတွင် အားမောက်သည် အကင်ကင်သည့်စင်ကို သုတ်ပြီးနောက် ဝတ်စုံတစ်ခုကို ကောက်ဝတ်ကာ အပြင်သို့ ထွက်ရန် ပြင်တော့သည်။
ဒေါ်လေးပန်းက သံသယစိတ်ဖြင့် လှမ်းမေးလိုက်၏။
“ရှင် ဘယ်သွားမလို့လဲ”
“သိုးသွားကြည့်မလို့”
အားမောက်က ခပ်အေးအေးပင် ပြန်ဖြေသည်။
“ဘာလို့ သိုးထပ်ဝယ်မှာလဲ၊ မနေ့မနက်ကမှ ဝယ်ထားတာလေ၊ အများကြီး ကျန်သေးတာကို”
အားမောက်က ကြိုတင်စဉ်းစားထားသည့် ဆင်ခြေကို ပေးလိုက်၏။
“နယ်စပ်ဘက်ကလူတွေ ဒီနေ့ သိုးအုပ်တစ်အုပ် သယ်လာတယ်လို့ ကြားလို့လေ။ ဈေးပေါမလား သွားကြည့်မလို့ပါ”
ပြောပြီးသည်နှင့် သူသည် နွားလှည်းကိုမောင်းကာ မြို့ထဲသို့ ထွက်ခွာသွားတော့သည်။
ဒေါ်လေးပန်းသည် ရွာထိပ်သို့ အပြေးသွားကာ ရွာပိုင်နွားလှည်းကိုစီး၍ သူ့နောက်သို့ ထပ်ကြပ်မကွာ လိုက်တော့၏။
လျိုမိသားစု စားသောက်ဆိုင်သို့ ရောက်သောအခါ သူမသည် လှည်းပေါ်မှဆင်းပြီး အားမောက်၏ နောက်ကျောကို ကြည့်ကာ စားသောက်ဆိုင်တံခါးကို အားရပါးရ ထုတော့သည်။
“ဧည့်သည်.. ကျွန်တော်တို့ နေ့လယ်မှ ဆိုင်ဖွင့်တာပါ” စားပွဲထိုး အထဲမှ အော်ပြောလိုက်သည်။
“နင့်ရဲ့ သူဌေးမကို မြန်မြန်ခေါ်လိုက်စမ်း။ ဒေါ်လေးပန်း လာရှာနေတယ်လို့ ပြောလိုက်”
စားပွဲထိုးမှာ ကြိုတင်ညွှန်ကြားချက် ရထားပြီးသားဖြစ်၍ နောက်ဖေးခြံထဲရှိ ရှို့ယွန်းကို သွားခေါ်တော့၏။
ရှို့ယွန်းမှာ သွားတိုက်နေဆဲဖြစ်သည်။ စားပွဲထိုးပြောသည်ကို ကြားသောအခါ တိုးတိုးလေး ရေရွတ်လိုက်သည်။
“ဒီလောက်တောင် မြန်တာလား”
ထို့နောက် သူမသည် ပါးစပ်ကို အမြန်ဆေးပြီး အပြေးထွက်လာရာ အလျင်စလိုဖြစ်၍ မျက်နှာသစ်ဇလုံကိုပင် တိုက်မိသွားသည်။
သူဌေးလျိုက မေးလိုက်၏။
“ဘယ်သွားမလို့လဲ၊ ဒီလောက်တောင် လောနေရအောင်”
ရှို့ယွန်း လှည့်ပင်မကြည့်ဘဲ ပြန်အော်၏။
“ဖောက်ပြန်တဲ့သူ သွားဖမ်းမလို့”
“ဪ... ဖောက်ပြန်တဲ့သူ သွားဖမ်းမလို့လား၊ လန့်သွားတာပဲ... နေပါဦး၊ ငါက ဒီမှာ ရှိနေတာပဲဥစ္စာ။ ဘယ်သူ့ရဲ့ ဖောက်ပြန်သူကို သွားဖမ်းမှာလဲ”
ရှို့ယွန်း တံခါးဝသို့ ရောက်သောအခါ ဒေါ်လေးပန်းမှာ စိတ်မရှည်စွာ ခြေဆောင့်နေတော့၏။ ရှို့ယွန်းကို မြင်သည်နှင့် သူမကို ဆွဲခေါ်ကာ ပြောလိုက်သည်။
“အဲဒီ လူယုတ်မာ အားမောက်က တစ်ရက်တောင် မစောင့်နိုင်ဘူး၊ မနက်စောစောကြီး မြို့ထဲ ရောက်နေပြီ”
“မြန်မြန်... ကျွန်မတို့ သူ့နောက် လိုက်ရအောင်”
နှစ်ယောက်သား အားမောက်သွားသည့် ဘက်သို့ ပြေးလိုက်ကြသည်။ ကံကောင်းသည်မှာ အားမောက်က အဝေးကြီး မရောက်သေးဘဲ လှပစွာ ပြင်ဆင်ထားသော အဆောက်အအုံငယ်လေးတစ်ခု ဘေးတွင် ရပ်ထားသည့် သူ၏နွားလှည်းကို တွေ့လိုက်ရသည်။
ဒေါ်လေးပန်းက ရှို့ယွန်းကိုဆွဲကာ အထဲသို့ဝင်ရန် ပြင်သော်လည်း ရှို့ယွန်းက ရပ်နေ၏။
“ဘာဖြစ်လို့လဲ”
ရှို့ယွန်း တွန့်ဆုတ်စွာ ပြောလိုက်၏။
“ဒါ... ဒါက ပြည့်တန်ဆာရုံကြီးလေ”
“ဘာ၊ ပြည့်တန်ဆာရုံ ဟုတ်လား”
ဒေါ်လေးပန်းက စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
“ဘုရားရေ... သူ ပိုက်ဆံတောင် အများကြီး မရသေးဘူး၊ အခုကတည်းက မိန်းမလိုက်စားနေပြီပေါ့။ ငါ သူ့ခြေထောက်ကို ရိုက်ချိုးပစ်မယ်”
ပြောပြောဆိုဆိုနှင့် သူမ အထဲသို့ ပြေးဝင်ရန် ပြင်သော်လည်း ရှို့ယွန်းက ဆွဲထားသည်။
“သူတို့က နေ့ဘက်ဆို မဖွင့်ဘူး၊ ရှေ့ပေါက်က သွားလို့မရဘူး။ နောက်ပေါက်က သွားရအောင်”
နှစ်ယောက်သား အဆောက်အအုံ၏ နောက်ဖေးခြံသို့ ပတ်သွားလိုက်ရာ အားမောက် ထွက်လာသည်ကို မြင်လိုက်ရသည်။ သူ့နောက်တွင် ထိုအမျိုးသမီးငယ်လေးလည်း ပါလာ၏။
ဒေါ်လေးပန်းသည် အင်္ကျီလက်ကို လိပ်တင်ကာ အပြေးသွားပြီး အားမောက်၏ခေါင်းကို တရစပ် ထုနှက်တော့သည်။
“နင့်ကို ပြည့်တန်ဆာရုံ သွားခိုင်းလို့လား။ ငါ နင့်ကို သေအောင် သတ်မယ်”
ရှို့ယွန်းကလည်း သစ္စာရှိလှ၏။ ဒေါ်လေးပန်း တစ်ယောက်တည်း တိုက်ခိုက်နေသည်ကို ဘယ်ကြည့်နေနိုင်ပါ့မည်နည်း။ သူမသည် ဘေးတွင် ရပ်နေသော အမျိုးသမီးကို မြင်သည်နှင့် စကားတစ်ခွန်းမှ မဆိုဘဲ အပြေးသွားကာ ဆံပင်ကို ဆွဲတော့သည်။
“နင်ပဲ သူ့ကို ဖျားယောင်းတာ မဟုတ်လား”
အားမောက်မှာမူ သူကိုယ်တိုင် အထုအနှက်ခံရသည်ကို ပြန်မခုခံသော်လည်း ထိုအမျိုးသမီး အဆွဲခံရသည်ကို မြင်သောအခါ စိုးရိမ်သွား၏။ သူသည် ဒေါ်လေးပန်းကို တွန်းထုတ်ကာ ထိုအမျိုးသမီး၏ရှေ့တွင် ကာကွယ်ပေးလိုက်သည်။
ဒေါ်လေးပန်းမှာ ပို၍ပင် ဒေါသထွက်လာပြီး ဟိန်းဟောက်တော့၏။
“ကောင်းပြီ၊ နင်က သူ့ကိုတောင် ကာကွယ်ပေးနေသေးတယ်ပေါ့။ ငါပြောလိုက်မယ်။ ဒီနေ့ သူရှိရင် ငါမရှိ၊ ငါရှိရင် သူမရှိပဲ”
သူမလည်း ဝိုင်းဝန်းတိုက်ခိုက်ရာ အားမောက်မှာ တစ်ယောက်တည်းနှင့် အရှုံးပေးနေရသည်။
အားမောက် အသည်းအသန် အော်ပြောလိုက်၏။
“တော်တော့၊ မင်းတို့ထင်သလို မဟုတ်ဘူး”
ဒေါ်လေးပန်းမှာ စိတ်လွတ်နေပြီဖြစ်၍ ဘာကိုမှ မကြားတော့ဘဲ တရစပ် ထိုးကြိတ် နေတော့သည်။
အားမောက်၏ လက်နှစ်ဖက်မှာ လက်လေးဖက်ကို မယှဉ်နိုင်သလို၊ ထိုအမျိုးသမီးမှာလည်း ပြန်လည်ခုခံရန် အားအင်မရှိပေ။ နှစ်ယောက်သား နံရံတွင် ကပ်နေရရှာ၏။
သူသည် မြေပြင်ပေါ်ရှိ သစ်သားတုတ်တစ်ချောင်းကို မြင်သဖြင့် အမြန်ကောက်ကိုင်ကာ ဝှေ့ယမ်းရင်း အော်လိုက်သည်။
“တော်ကြတော့”
လက်နက်ပါလာသဖြင့် အနည်းငယ် ကြောက်လန့်သွားကြ၏။ ဒေါ်လေးပန်းနှင့် ရှို့ယွန်းတို့မှာ ကြောင်အသွားကြသည်။
ဒေါ်လေးပန်းက သတိပြန်ဝင်လာပြီး မြေပြင်ပေါ်တွင် ထိုင်ချကာ ငိုကြွေးတော့သည်။
“ကျွန်မဘဝက ခါးသီးလှချည်ရဲ့။ ကျွန်မရဲ့ ယောကျ်ားက...”
“ပါးစပ်ပိတ်ပြီး ငါပြောတာ နားထောင်စမ်း”
အားမောက်က ဟောက်လိုက်မှ ဒေါ်လေးပန်း ငြိမ်သွားသည်။
“ဒါ ငါ့ညီမလေးပဲ”
“ဘာ”
ဒေါ်လေးပန်းနှင့် ရှို့ယွန်းတို့ မှင်တက်သွားကာ ထိုအမျိုးသမီးကို လှည့်ကြည့်လိုက်ကြသည်။
အမျိုးသမီးလေးမှာ ဆံပင်များ ဖရိုဖရဲဖြစ်နေကာ ငိုထားသဖြင့် မိတ်ကပ်များလည်း ပျက်နေပြီး ထရပ်ရန်ပင် အားမရှိဘဲ မြေပြင်ပေါ်တွင် ထိုင်နေဆဲဖြစ်သည်။
“လျှောက်မပြောနဲ့။ နင့်မှာ ညီမရှိတယ်လို့ တစ်ခါမှ မကြားဖူးပါဘူး”
“ဒါက ပြောရရင် အရှည်ကြီးပဲ။ အိမ်ပြန်ရောက်မှ ဖြည်းဖြည်းချင်း ပြောပြမယ်”
ပြောရင်း ဒေါ်လေးပန်းကို ဆွဲထူလိုက်ကာ ထိုအမျိုးသမီးလေးကိုလည်း ထူပေးရင်း မေးရှာ၏။
“ဘာဖြစ်သွားသေးလဲ”
သူမက ခေါင်းခါပြပြီး အဆောက်အအုံငယ်လေးထဲသို့ ပြန်ဝင်သွားတော့သည်။
အားမောက်က သက်ပြင်းချကာ ပြောလိုက်သည်။
“ပြန်ကြရအောင်”
အိမ်ပြန်လမ်းတစ်လျှောက် အားမောက်၏ မျက်နှာမှာ တည်တင်းနေပြီး ဒေါ်လေးပန်းကတော့ စကားပြောချင်သော်လည်း အောင့်ထားပုံပေါ်သည်။
လမ်းတစ်ဝက်ခန့် ရောက်သောအခါ ဒေါ်လေးပန်း မအောင့်နိုင်တော့ဘဲ အားမောက်ကို ဆွဲတားကာ မေးတော့သည်။
“ပြောစမ်းပါဦး၊ တကယ်က ဘာဖြစ်တာလဲ”
“ငါ ငယ်ငယ်တုန်းက မိဘတွေက ညီမလေးကို ရောင်းစားလိုက်တာ။ လွန်ခဲ့တဲ့ လဝက်လောက်က ငါ မြို့ထဲ သိုးသားသွားဝယ်ရင်း သူ့ကို မတော်တဆ တွေ့ခဲ့တာ”
“နှစ်တွေ ဒီလောက်ကြာမှ ဘယ်လိုလုပ် မှတ်မိတာလဲ”
“ငါ့ညီမလေးက တခြားသူတွေနဲ့ မတူဘူး၊ သူ့နားရွက်နားမှာ အသားပိုလေး တစ်ခုရှိတယ်။ အဲဒီနေ့က ဖက်ထုပ်ဆိုင်ဘေးမှာ သူ ပစ္စည်းဝယ်နေတာကို တွေ့လိုက်တာနဲ့ ချက်ချင်း မှတ်မိသွားတာ။ နောက်မှ သူ့ကို မေးမြန်းပြီး အချက်အလက်တွေ တိုက်ကြည့်တော့ တကယ်ပဲ ငါ့ညီမလေး ဖြစ်နေတာ”
“အဲဒါကို... ကျွန်မက... ကျွန်မရဲ့ ယောင်းမလေးကို ရိုက်မိသွားတာပေါ့။ ရှင် ဘာလို့ စောစောက မပြောတာလဲ”
“မင်းကို ပြောလိုက်ရင်ရော ဘာထူးမှာမို့လို့လဲ။ ပြီးတော့ သူက ဒီလိုအခြေအနေ ရောက်နေတာဆိုတော့ ရှက်လို့ ဘယ်သူ့ကိုမှ မပြောပါနဲ့လို့ တောင်းပန်ထားတာ”
“ကျွန်မကိုတောင် မပြောရဘူးလား၊ ရှင် ကျွန်မကို တကယ် လှည့်စားခဲ့တာပဲ”
“ငါ... ငါ သူ့ကို ငွေပေးပြီး ရွေးထုတ်ချင်တာ။ ဒါပေမဲ့ မင်း သဘောမတူမှာ စိုးလို့”
“ရွေးထုတ်ရမှာပေါ့။ အခု ကျွန်မတို့ ဘဝလေး အဆင်ပြေနေပြီပဲ၊ ညီမလေးကို အဲဒီလိုနေရာမှာ အကြာကြီး မထားနိုင်ပါဘူး”
အားမောက်သည် ဒေါ်လေးပန်းအပေါ် အားနာသွားကာ ဆက်ပြော၏။
“ဒါက ငွေအနည်းအကျဉ်း မဟုတ်ဘူးလေ။ တောင်းပန်ပါတယ်...”
“ဘာလို့ အဲဒီလို ပြောရတာလဲ၊ ကျွန်မတို့တွေက မိသားစုတွေပဲဟာ... သူ့ကို ရွေးဖို့ ငွေဘယ်လောက် လိုလဲ”
“ငွေတေး (၈၀) တောင်မှ”
“ဘယ်လောက်”
နှစ်ယောက်သား အိမ်ပြန်ရောက်သော် ငွေရှိသမျှ အကုန်မွှေနှောက် ရှာဖွေကြ၏။ ရေတွက်ကြည့်သောအခါ ငွေ (၁၂) တေးသာ ရှိပြီး ၎င်းထဲမှ (၄) တေးမှာ ဟွာကျွင်း ပစ္စည်းဝယ်ရန် ပေးထားသည့် ငွေဖြစ်သည်။
“ဒါက လိုတာထက် အများကြီး နည်းနေသေးတယ်”
အားမောက် စိတ်ပျက်လက်ပျက်ဖြင့် ပြော၏။
“ငွေရှိရင်တောင် အလကားပဲ။ သူတို့က ပြည့်တန်ဆာရုံမှာ ကချေသည်တစ်ယောက်ဖြစ်အောင် သင်ပေးထားရတာ မလွယ်ဘူးဆိုပြီး မလွှတ်ပေးချင်ကြဘူး”
“ဒါဆို... ကျွန်မတို့ သူဌေးမဟွာဆီ သွားပြီး အကြံတောင်းကြည့်ရင်ကော”
“သူဌေးမဟွာက ဒီလိုလူမျိုးတွေနဲ့ ဘယ်တုန်းကမှ မဆက်ဆံဖူးဘူးလေ။ သူ ဘယ်လိုလုပ် နည်းလမ်းရှိမှာလဲ။ သူ့ကို ဒုက္ခမပေးပါနဲ့။ ငါတို့တွေ အရင်ဆုံး ငွေစုနိုင်အောင် ကြိုးစားကြတာပေါ့၊ ရှင်းအာ ကို အဲဒီမှာ ခဏလောက် ထပ်စောင့်ခိုင်းရမှာပေါ့”
သူတို့ မပြောချင်သော်လည်း ရှို့ယွန်းကတော့ ပါးစပ်ကို ပိတ်မထားနိုင်ပေ။ ညနေစောင်းသောအခါ သူမ မြင်ခဲ့သမျှ အကုန်လုံးကို ဟွာကျွင်းကို တရစပ် ပြောပြတော့သည်။
ဟွာကျွင်းက အံ့ဩတကြီးဖြင့် မေးလိုက်၏။
“ဒါဆို... အစ်မတို့က အားမောက်ရဲ့ ညီမလေးကို ဝိုင်းရိုက်ခဲ့ကြတာပေါ့”
ရှို့ယွန်း ပြန်ဖြေသည်။
“အဲဒါက အဓိက မဟုတ်ဘူးလေ။ အဓိကက အားမောက်ရဲ့ ညီမလေးက တကယ်ပဲ ပြည့်တန်ဆာရုံ ရောက်နေတာ”
သူမ ဆက်ပြော၏။
“အားမောက်ရဲ့ မိဘတွေက တကယ့်ကို ရက်စက်တာပဲ။ ကိုယ့်သမီးအရင်းကို ပြည့်တန်ဆာရုံ ရောင်းစားတယ်လို့”
“ဒါက ပြောရခက်ပါတယ်။ ရောင်းလိုက်ရင်တောင် ဒီလောက်အထိ ဝေးတဲ့နေရာကို ရောင်းမှာမဟုတ်ဘူး။ ဖြစ်နိုင်တာက တစ်ဆင့်ပြီးတစ်ဆင့် ရောက်သွားတာ ဖြစ်မှာပါ”
“သနားစရာ ကောင်းလိုက်တာ...”
ဟွာကျွင်းသည် အားမောက်ကို ခေါ်ယူကာ ပွင့်ပွင့်လင်းလင်းပင် မေးလိုက်၏။
“အားမောက်... ရှင့် အစီအစဉ်က ဘာလဲ”
အားမောက်သည် ရှို့ယွန်းကို ကြည့်လိုက်ကာ သတင်းက အတော်လေး မြန်မြန် ပျံ့သွားသည်ကို ရိပ်မိလိုက်၏။
“ဘာပဲဖြစ်ဖြစ် ရှင်းအာက အဲဒီမှာ နေလာတာ နှစ်တွေ အများကြီး ရှိပါပြီ၊ အလောတကြီး လုပ်ဖို့တော့ မလိုသေးပါဘူး...”
ဟွာကျွင်း ပြောလိုက်သည်။
“ရှင်က သူ့အစ်ကိုလေ။ ဘယ်လိုလုပ် အဲဒီလို ပြောရတာလဲ”
ဒေါ်လေးပန်းက ဝင်ပြော၏။
“ကျွန်မတို့မှာ နည်းလမ်းမရှိလို့ပါ။ သူ့ကို ရွေးဖို့က ငွေ (၈၀) တေးတောင် ကုန်မှာလေ၊ အဲဒီလောက် ငွေအများကြီး ကျွန်မတို့ ဘယ်မှာ သွားရှာရမှာလဲ”
“(၈၀) တေးတောင်လား၊ ဘုရားရေ... ဒါက တကယ့်ကို မနည်းတဲ့ ပမာဏပဲ”