← Chapters

အခန်း ၁၉၀

Vol. 19 Ch. 190

အခန်း ၁၉၀

Vol. 19 Ch. 190

အခန်း (၁၉၀)

ငွေတေး (၈၀)

ဤခေတ်ကာလတွင် သာမန်မိသားစုတစ်ခု၏ တစ်နှစ်တာအသုံးစရိတ်မှာ ငွေ (၁၀) တေး ပင်မပြည့်သဖြင့်ငွေ (၈၀) တေးဟူသော ပမာဏမှာ မနည်းလှပေ။

ဟွာကျွင်း ရဲရဲဝံ့ဝံ့ပင် ပြောလိုက်၏။

“ကျွန်မဆီက ချေးလိုက်လေ၊ ကျွန်မမှာ ပိုက်ဆံရှိတယ်”

သူမ၏ ထူးချွန်သော ဝန်ထမ်းများအတွက် ငွေအနည်းငယ် သုံးစွဲရသည်ကို ဟွာကျွင်းက ဝမ်းသာအားရ ရှိနေ၏။

အားမောက်နှင့် ဒေါ်လေးပန်းတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် ဟွာကျွင်းရှေ့တွင် ချက်ချင်း ဒူးထောက်ကာ ဦးတိုက်တော့သည်။

ဟွာကျွင်း ညည်းလိုက်မိသည်။

‘အမလေး... ခဏခဏ ဒူးထောက်တတ်တဲ့ ဒီအကျင့်ကြီးကို ဘယ်တော့မှ ဖျောက်ကြမှာလဲ’

သူတို့ကို အမြန်ဆွဲထူရင်း သူမက မေးလိုက်သည်။

“ရှင်တို့ နောက်ထပ် ဘယ်လောက် လိုသေးတာလဲ”

အားမောက်က ပြန်ဖြေ၏။

“နောက်ထပ် တေး (၇၀) လောက် လိုပါသေးတယ်...”

“ကောင်းပြီ၊ ကျွန်မ ပေးမယ်။ ရှင်တို့ သူမကို အခုချက်ချင်း သွားရွေးလိုက်တော့”

“ဒါဆို ဒီငွေတွေကို... သူဌေးမဟွာ၊ ကျွန်တော် အကြွေးမှတ်တမ်း ရေးပေးပါ့မယ်။ ကျွန်တော်တို့ တကယ်ပဲ အလုပ်ကို ကြိုးကြိုးစားစားလုပ်ပြီး ခင်ဗျားကို ပြန်ဆပ်ပါ့မယ်”

ဟွာကျွင်းက လက်ကာပြရင်း ပြောလိုက်သည်။

“မလောပါဘူး”

ထို့နောက် မီးဖိုချောင်အောက်ရှိ ဗီရိုထဲမှ ငွေသေတ္တာကို ထုတ်ကာ (၈၀) တေးတန် ငွေစက္ကူတစ်ရွက်ကို အားမောက်ထံ ပေးလိုက်သည်။

“ပိုနေတဲ့ (၁၀) တေးကိုလည်း ယူသွားလိုက်ဦး။ တကယ်လို့ သူတို့က မျက်နှာချင်းဆိုင်ကျမှ ဈေးတင်လာရင် အဆင်ပြေအောင်လို့”

ဈေးဘယ်လောက်ပဲ တက်တက် (၁၅) ရာခိုင်နှုန်းလောက် ပိုပါသွားလျှင် ကိုင်တွယ်နိုင်လိမ့်မည်ဟု ဟွာကျွင်း တွေးလိုက်သည်။

ငွေရသည်နှင့် အားမောက်မှာ တစ်စက္ကန့်ပင် မစောင့်နိုင်တော့ပေ။ သူ့ဆိုင်ခန်းကို သိမ်းဆည်းပြီး မြို့ထဲသို့ ချက်ချင်း ပြေးတော့၏။

ယခုအချိန်မှာ ပြည့်တန်ဆာရုံ၏ အစည်ကားဆုံး အချိန်ဖြစ်သည်။ အားမောက်သည် ပြည့်တန်ဆာရုံထဲသို့ ဝင်ကာ ရှင်းအာကို ရွေးချင်ကြောင်း မဒမ် ကို ပြောလိုက်သည်။

ထိုမဒမ်၏ မျိုးရိုးအမည်မှာ ချွေ ဖြစ်ပြီး အားလုံးက သူမကို ချွေမားမားဟု ခေါ်ကြသည်။ သူမ မျက်နှာမှာ မိတ်ကပ်များ ထူထူထဲထဲ ခြယ်သထား၏။ အားမောက်၏ စကားကို ကြားပြီးနောက် သူမက ရှင်းအာကို အောက်သို့ ခေါ်လိုက်သည်။

အားမောက်သည် ရှင်းအာကို ကြည့်ကာ သူ့ရင်ခွင်ထဲမှ ငွေထုပ်နှင့် ငွေစက္ကူများကို ထုတ်လိုက်ပြီး ပြောလိုက်၏။

“ရှင်းအာ... အစ်ကို နင်ကို ရွေးဖို့ လာပြီ”

ရှင်းအာ၏ မျက်နှာမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။ သူမအစ်ကိုက ဤမျှတိုတောင်းသော အချိန်အတွင်း ငွေ (၈၀) တေးကို မည်သို့ စုဆောင်းနိုင်ခဲ့သည်ကို သူမ မသိပေ။

“ဒီလောက် ငွေအများကြီးကို ဘယ်လိုရလာတာလဲ” ရှင်းအာက မေးလိုက်သည်။

“အဲဒါတွေ စိတ်မပူနဲ့။ ချွေမားမားက ငွေလက်ခံလိုက်တာနဲ့ နင် ငါနဲ့ လိုက်ခဲ့ရုံပဲ”

ချွေမားမားက ရှင်းအာကို တစ်ချက်ကြည့်၊ အားမောက်ကို တစ်ချက်ကြည့်ပြီးနောက် အေးအေးဆေးဆေးပင် မေးလိုက်၏။

“ရှင်းအာ... နင် သေသေချာချာ စဉ်းစားပြီးပြီလား။ သူ့နောက်ကို လိုက်သွားချင်တာ သေချာရဲ့လား”

ရှင်းအာက မျက်ရည်များ ဝဲလျက် ခေါင်းညိတ်ပြသည်။

ချွေမားမားသည် အိတ်ထဲမှ ငွေစအားလုံးကို စားပွဲပေါ်သို့ လောင်းချကာ တစ်ချက်ကြည့်ပြီးနောက် ပြောလိုက်သည်။

“ဒါ မလောက်ဘူး။ ပြန်ယူသွားလိုက်”

အားမောက်နှင့် ရှင်းအာတို့ နှစ်ဦးလုံး မှင်တက်သွားကြသည်။ ရှင်းအာက မေးလိုက်၏။

“မားမား... ကျွန်မကိုယ်ကျွန်မ ရွေးဖို့ဆို (၈၀) တေးဆို လုံလောက်ပြီလို့ အရင်က ပြောခဲ့တယ်မဟုတ်လား”

ချွေမားမားက သဘာဝကျကျ ပြောတော့၏။

“(၈၀) တေးဆိုတာ နင် ကိုယ့်ဘာသာကိုယ် ရွေးတဲ့ဈေးလေ။ တခြားလူက လာရွေးမယ်ဆိုရင်တော့ အဲဒီဈေး မဟုတ်တော့ဘူး”

အားမောက်က ဟွာကျွင်း ပိုပေးလိုက်သည့် (၁၀) တေးတန် ငွေစက္ကူကို ထုတ်ပြကာ ပြောလိုက်၏။

“ချွေမားမား... ကျွန်တော့်မှာ နောက်ထပ် (၁၀) တေး ရှိပါသေးတယ်။ ဒါနဲ့ဆို လောက်မလား ကြည့်ပေးပါဦး”

ချွေမားမားက အားမောက်ကို စိတ်ဝင်တစား ကြည့်ကာ ပြောလိုက်၏။

“နင့်မှာ ဒီလောက် ငွေရှိမယ်လို့ ငါ မထင်ထားမိဘူး”

သူမက လေသံကို ပြောင်းလိုက်ပြီး မျက်နှာကို တည်တင်းကာ ပြောပြန်၏။

“ပိုတဲ့ (၁၀) တေးနဲ့ဆိုရင်တောင် မလုံလောက်သေးဘူး”

ရှင်းအာမှာ စိုးရိမ်လာ၏။ သူမ ကြောက်လန့်နေသည့်အရာက တကယ်ဖြစ်လာလေသည်။ သူမ၏ လွတ်လပ်မှုကို ပြန်ရဖို့ဆိုသည်မှာ မည်သို့ လွယ်ကူနိုင်ပါမည်နည်း။ ထိုကဲ့သို့သော အရာမျိုးကို အိပ်မက်ပင် မမက်ရဲခဲ့ပေ။

“ဒါဆို ခင်ဗျား ငွေဘယ်လောက် လိုချင်တာလဲ”

အားမောက် မေးလိုက်သည်။

ချွေမားမားက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ ခြေထောက်ချိတ်ထိုင်ရင်း ဖြေလိုက်၏။

“(၃၀၀) တေး။ ပြီးတော့ မြန်မြန်လုပ်ရမယ်နော်။ ရှင်းအာက ဧည့်သည်လက်ခံရမဲ့ အရွယ်ကို ရောက်တော့မှာ၊ အဲဒီကျရင်တော့ ဈေးက ဒါမျိုး ဖြစ်မှာမဟုတ်တော့ဘူး”

“(၃၀၀) တေး “

အားမောက် အံ့ဩတကြီး အော်လိုက်မိ၏။ သူကိုယ်တိုင်ပင် (၈၀) တေးကို မရနိုင်၍ သူဌေးမဟွာဆီက ချေးထားရခြင်းဖြစ်ရာ အချိန်တိုအတွင်း ငွေတေး(၃၀၀) ကို မည်သို့ ရှာနိုင်ပါမည်နည်း။

ရှင်းအာသည် သူမ၏အစ်ကိုမှာ မည်သို့ပင်ဖြစ်စေ ဤမျှကြီးမားသော ငွေပမာဏကို မရနိုင်မှန်း သိလိုက်သည်။ မျှော်လင့်ချက်မဲ့မှုများ သူမကို လွှမ်းမိုးသွားသည်။

“ထားလိုက်ပါတော့ အစ်ကိုရယ်၊ ရှင်းအာ ဒီဘဝမှာ ဘယ်တော့မှ ထွက်သွားနိုင်မှာ မဟုတ်တော့ပါဘူး”

ဤသို့ပြောရင်း ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သလို ရယ်လိုက်၏။

“ရပါတယ်၊ ကျွန်မ ထွက်သွားနိုင်ရင်တောင် လူတွေက အထင်သေးကြမှာပဲ။ အစ်ကို့ကို ပြန်မှတ်မိရတာနဲ့တင် ကံကောင်းလှပါပြီ။ ရှင်းအာ နောက်ထပ် အပိုတွေ မမျှော်လင့်ရဲတော့ပါဘူး။ အစ်ကို ပြန်ပါတော့”

ဆက်ပြောနေလည်း အပိုပင် ဖြစ်သည်။ အားမောက်က ငွေတွေကို တိတ်တဆိတ် ပြန်သိမ်းကာ ပြောလိုက်၏။

“ညီမလေး... စောင့်နေပါ၊ အစ်ကို ငွေလုံလောက်အောင် ကြိုးစားပြီး စုပါ့မယ်”

အားမောက် ထွက်သွားပြီးနောက် ရှင်းအာက မျက်ရည်တွေကို သုတ်ကာ အခန်းထဲသို့ ပြန်ရန် ပြင်သည်။

ချွေမားမားက သူမကို လှမ်းခေါ်လိုက်သည်။

“သူက နင့်အစ်ကိုအရင်းမှန်း ဘယ်လိုသိလဲ။ ဒီနှစ်တွေမှာ သူ နင်ကို မရှာဘဲနဲ့ အခုမှ ရုတ်တရက် ပေါ်လာတာကို နင်က ယုံတာလား”

“သူနဲ့ အသေးစိတ် အချက်အလက်တွေ အကုန်တိုက်စစ်ပြီးပါပြီ။ ပြီးတော့ သူက ကျွန်မအစ်ကိုအရင်း မဟုတ်ဘူးဆိုရင် ကျွန်မကို ဘာလို့ ရွေးပေးဖို့ ကြိုးစားမှာလဲ”

ချွေမားမား နှုတ်ခမ်းမဲ့ကာ ပြော၏။

“ဒါကတော့ ပြောရခက်တာပဲ။ ဒီလောကကြီးရဲ့ ဆိုးယုတ်မှုကို နင် ဘယ်သိပါ့မလဲ။ ပြီးတော့ နင့်မျက်နှာက သူတို့ရိုက်ထားတဲ့ ဒဏ်ရာတွေကိုလည်း ကြည့်ဦး။ နင် ထွက်သွားရင်ကော ဘဝကောင်းကောင်း နေရမှာမို့လို့လား”

ရှင်းအာက သူမ၏ နားရွက်နောက်က ဒဏ်ရာများကို ထိလိုက်ပြီး ပြောလိုက်သည်။

“အဲဒါက နားလည်မှုလွဲတာပါ...”

ချွေမားမားက မတ်တတ်ရပ်ကာ သူမစကားကို ဖြတ်ပြောလိုက်၏။

“ငါ့ကိုလည်း အပြစ်မတင်နဲ့ဦး။ တကယ်လို့ သူက နင်ကို တကယ်ရွေးချင်တယ်ဆိုရင် တခြားနည်းလမ်း ရှာပါလိမ့်မယ်။ စောင့်ကြည့်ရမှာပေါ့”

အားမောက်သည် လာစဉ်က စိတ်လှုပ်ရှားနေသလောက် ပြန်ချိန်တွင်မူ စိတ်ပျက်အားငယ်နေ၏။ (၃၀၀) တေးသည် သူဌေးမဟွာ သူ့ကို ချေးမည် မချေးမည်ကို ထား သူကိုယ်တိုင်ပင် မတောင်းရဲတော့ပေ။

သူဌေးမဟွာနှင့် သူသည် အမျိုးလည်းမတော်သလို သူ့မိသားစုကို ထောက်ပံ့နိုင်အောင် လုပ်ခလစာ ပေးနေသည်မှာပင် အလွန်တရာ ကျေးဇူးတင်စရာ ကောင်းလှပြီဖြစ်သည်။

မျိုးရိုးအမည် ချွေ ဆိုသည့် မဒမ်က မျက်စိရှေ့မှာတင် ဈေးတင်လိုက်ခြင်းဖြစ်ရာ သူသည်လည်း အရှက်မရှိဘဲ ထပ်တောင်းရန် မသင့်တော်ပေ။

သူ ဆိုင်သို့ ပြန်ရောက်သောအခါ ဒေါ်လေးပန်းက သူဝင်လာသည်ကို မြင်သည်နှင့် နောက်သို့ လှည့်ကြည့်သော်လည်း မည်သူမျှ ပါမလာသည်ကို တွေ့လိုက်ရသည်။

“ဘယ်မှာလဲ၊ ညီမလေး ဘယ်မှာလဲ၊ ရှင် ဘာလို့ တစ်ယောက်တည်း ပြန်လာတာလဲ”

အားမောက်က ခေါင်းခါပြပြီး (၈၀) တေးတန် ငွေစက္ကူကို ဟွာကျွင်းအား ပြန်ပေးကာ ပြောလိုက်၏။

“မဒမ်က တကယ်ပဲ မျက်စိရှေ့မှာတင် ဈေးတင်လိုက်တယ်”

ဟွာကျွင်းမေးလိုက်၏။

“သူ ဘယ်လောက် လိုချင်တာလဲ”

“သူဌေးမဟွာ... ခင်ဗျား စိတ်မပူပါနဲ့တော့။ ဒါက ကျွန်တော်တို့ မိသားစုကိစ္စမို့ ကျွန်တော်တို့ဘာသာ ဖြေရှင်းပါ့မယ်”

ငွေပမာဏ နည်းမည်မထင်ပေ။

“ကျွန်မ ဒီကိစ္စကို သိသွားပြီဆိုတော့ ဝင်မကူညီဘဲ နေဖို့ အကြောင်းမရှိပါဘူး။ သူ အတိအကျ ဘယ်လောက် လိုချင်တာလဲ”

အားမောက်သည် မြေပြင်တွင် ဒူးထောက်ကာ မျက်နှာကို အုပ်လျက် ပြောလိုက်သည်။

“သူဌေးမဟွာ ကျွန်တော် တကယ်ပဲ ပြောဖို့ ရှက်လှပါတယ်။ သူက... သူက ငွေ (၃၀၀) တေး လိုချင်တယ်တဲ့...”

ဒေါ်လေးပန်း မှင်တက်သွား၏။

‘ငွေ (၃၀၀) တေး ‘

သူမဘဝတွင် ဤမျှများပြားသော ငွေကို စိတ်ကူးပင် မယဉ်ဖူးပေ။

“ငွေ (၃၀၀) တေး”

ဟွာကျွင်း ခဏမျှ စဉ်းစားပြီး ပြော၏။

“အတော်လေး များတာပဲ”

ယောကျ်ားရင့်မာကြီး ဖြစ်သည့် အားမောက်ပင် ဤအချိန်တွင် မအောင့်နိုင်တော့ဘဲ ငိုကြွေးတော့သည်။

“သူက ပြောသေးတယ်။ ရှင်းအာက မကြာခင်မှာ ဧည့်သည်တွေ လက်ခံရတော့မယ်တဲ့။ အချိန်ထပ်ဆွဲနေရင် အရမ်း နောက်ကျသွားလိမ့်မယ်”

ဟွာကျွင်းက စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။

“ရှင်းအာက အသက်ဘယ်လောက်ရှိပြီလဲ”

“သူက ကျွန်တော့်ထက် အတော်လေး ငယ်ပါတယ်။ ဒီနှစ်ဆို (၂၃) နှစ် ရှိလောက်မယ်...”

အသက် (၂၃) နှစ်မှ ဧည့်သည်လက်ခံခိုင်းတာလား။

ဤပြည့်တန်ဆာရုံက အတော်လေး ထူးဆန်းသည်ဟု ဟွာကျွင်း တွေးမိသည်။

သူမ အားမောက်ကို ထပ်မေး၏။

“ရှင်းအာကို ရှင့်မိဘတွေက ပြည့်တန်ဆာရုံကို ရောင်းစားခဲ့တာလား”

“မဟုတ်ပါဘူး။ ရှင်းအာကို မူလက အစေခံလုပ်ဖို့ ရောင်းခဲ့တာပါ။ ဒါပေမဲ့ တစ်နည်းနည်းနဲ့ ပြည့်တန်ဆာရုံထဲကို ရောက်သွားတာ”

လွန်ခဲ့သော လေးလပတ်အစည်းအဝေးတွင် ငွေစက္ကူအချို့ ပြန်ရထားခြင်းမှာ ကံကောင်းသည်ဟု ဆိုရမည်။ သို့မဟုတ်လျှင် ယခုကဲ့သို့ အချိန်တိုအတွင်း ငွေအမြောက်အမြားကို ထုတ်ပေးနိုင်မည် မဟုတ်ပေ။

“ဒူးထောက်မနေပါနဲ့တော့။ အရင်ထလိုက်ဦး။ ကျွန်မ ငွေစက္ကူ သွားယူလိုက်မယ်”

ဟွာကျွင်းသည် သူမ ကူညီနိုင်လျှင် ကူညီရမည်ဟု ယုံကြည်ထားသည်။

သူမ ငွေစက္ကူများကို ရေတွက်ပြီး ခဏစဉ်းစားကာ ပြောလိုက်၏။

“ဒီတစ်ခါတော့ ကျွန်မလည်း ရှင့်နဲ့အတူ လိုက်ခဲ့မယ်”

အားမောက် လှည့်ဖျားမည်ကို ကြောက်၍ မဟုတ်ပေ။ သူက အရိုးလွန်းသည်ဟု ခံစားရသဖြင့် ဈေးဆစ်နိုင်မလား သိရန် လိုက်သွားခြင်း ဖြစ်သည်။

“ဒါ ဘယ်ဖြစ်ပါ့မလဲ၊၊ ခင်ဗျားက ဒီလိုနေရာမျိုးကို ဘယ်လိုလိုက်လာမှာလဲ”

မော့ချွမ်းကလည်း ဝင်ပြော၏။

“မင်း ရူးနေတာလား၊ ဘယ်လို အမျိုးသမီးကောင်းက ပြည့်တန်ဆာရုံထဲကို ဝင်မှာလဲ”

“ဟုတ်သားပဲ မော့ချွမ်း၊ ရှင်လည်း လိုက်ခဲ့။ တကယ်လို့ ညှိနှိုင်းမရလို့ ရန်ဖြစ်ကြရင် ရှင်က ကျွန်မတို့ကို ကာကွယ်ပေးပေါ့”

မော့ချွမ်းက ပုံမှန်နှင့်မတူဘဲ ပြောတော့သည်။

“ကျွန်တော်ပဲ သွားမယ်။ ခင်ဗျား သွားစရာ မလိုဘူး”

“ဒါတွေကို ကျွန်မ ဂရုစိုက်မယ် ထင်နေလို့လား”

ဟွာကျွင်း ပြန်ပြောလိုက်သည်။

All Chapters