အခန်း (၇၅၅-၇၅၆)
Vol. 71 Ch. 755-756
အခန်း (၇၅၅) - နတ်ဘုရားအသွင်ပြောင်း နှောင်းပိုင်းအဆင့်သို့ တက်လှမ်းခြင်း၊ အင်မော်တယ်အဆင့် စိတ်ဝိညာဉ်အမြစ်၊ ဆဋ္ဌမအဆင့် 'မိုးကြိုးကပ်ဘေးကူ'(၅)။
"အင်မော်တယ်ပုံဆောင်ခဲရဲ့ ဇာစ်မြစ်က အတော်လေး ရှုပ်ထွေးတယ်...”
"အင်မော်တယ်ပုံဆောင်ခဲ တစ်ချို့ကတော့ အင်မော်တယ်စံအိမ်တွေကနေ လာတာ...”
“သိထားရမှာက ဝိညာဉ်လောကထဲမှာ တစ်ခါတရံ အင်မော်တယ်စံအိမ်တချို့ ပေါ်လာတတ်တယ်”
“ဒီအင်မော်တယ်စံအိမ်တွေက အင်မော်တယ်တွေရဲ့ စံအိမ်တွေပဲ။ အကြောင်းရင်းမသိရဘဲနဲ့ ဒီအင်မော်တယ်စံအိမ်တွေက ဝိညာဉ်လောကထဲကို ကျလာခဲ့တာ”
“ဒါက အင်မော်တယ်တွေရဲ့ စံအိမ်ဆိုတာ သိထားဖို့လိုတယ်။ အထဲမှာပါတဲ့ သာမန်အရာတွေတောင် ကျွန်မတို့အတွက်တော့ အတုမရှိတဲ့ ရတနာတွေချည်းပဲ”
“အင်မော်တယ်စံအိမ်တစ်လုံးပေါ်လာတိုင်း ဝိညာဉ်လောကတစ်ခုလုံးကို ရုတ်ရုတ်သဲသဲဖြစ်စေပြီး အင်အားကြီးမျိုးနွယ်စုတွေကို အုံခဲပြီးရောက်လာစေတယ်”
“အင်မော်တယ်သလင်းကျောက် အများအပြားကလည်း အင်မော်တယ်စံအိမ်တွေထဲကနေ ထွက်ပေါ်လာတာပဲ”
“ဘာပဲဖြစ်ဖြစ် သမိုင်းမှာ ဝိညာဉ်လောကထဲမှာ အင်မော်တယ်စံအိမ်တွေ အများကြီး ပေါ်လာဖူးတယ်။ အဲဒီအထဲက အင်မော်တယ်သလင်းကျောက် အရေအတွက်ကလည်း နည်းနည်းနောနောမဟုတ်ဘူး”
ပိုင်စုကျဲ့က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ဒီလိုဖြစ်ခဲ့ရင်တောင် အင်မော်တယ်စံအိမ်ထဲမှာ အင်မော်တယ်သလင်းကျောက်တွေ အများကြီး ရှိနေလိမ့်မယ်”
“ဒါပေမဲ့ အချိန်အကြာကြီး ကြာသွားပြီဆိုတော့ အင်မော်တယ်သလင်းကျောက်တွေလည်း စောစောစီးစီး ကုန်ခန်းသွားလောက်ပြီပေါ့”
“ဒီနေ့အချိန်အထိ အင်မော်တယ်သလင်းကျောက်တွေ အများကြီး လည်ပတ်နေတာမျိုး မဖြစ်နိုင်ဘူးလေ”
“အင်မော်တယ်သလင်းကျောက်တွေကို ရနိုင်တဲ့ တခြားနည်းလမ်း ရှိနေသေးတာလား”
ကျိုးစွေ့က မျက်လုံးကို မှေးစင်းလိုက်သည်။
“ကျွန်မရဲ့ယောက်ျားဆိုတဲ့အတိုင်း တကယ်ကို သတိမိတာပဲ…”
“အင်မော်တယ်သလင်းကျောက်တွေ မကုန်မခမ်း ထွက်ပေါ်နေတာက တခြားရနိုင်တဲ့ နည်းလမ်းတွေ ရှိနေသေးလို့ပေါ့…”
“တကယ်တော့ မဟာယာနအဆင့် ကျင့်ကြံသူတွေက အင်မော်တယ်သလင်းကျောက်တွေကို စုစည်းဖန်တီးနိုင်တယ်…”
ပိုင်စုကျဲ့က အနည်းငယ် ပြုံးလိုက်လေသည်။
“ဘာအဓိပ္ပာယ်လဲ။ မဟာယာနအဆင့် ကျင့်ကြံသူတွေကတောင် အင်မော်တယ်သလင်းကျောက်တွေကို စုစည်းဖန်တီးနိုင်တယ်ပေါ့…”
ကျိုးစွေ့ အံ့အားသင့်သွားရချေသည်။
“မှန်ပါတယ်။ ဝိညာဉ်လောကထဲက မဟာယာနအဆင့် ကျင့်ကြံသူတွေကို လွတ်လပ်သောအင်မော်တယ်လို့လည်း ခေါ်ကြတယ်…”
“တစ်နည်းအားဖြင့် ပြောရရင် သူတို့က အကြိုအင်မော်တယ်တွေပဲ…”
“ကောင်းကင်ကပ်ဘေးကို မဖြတ်ကျော်ရသေးလို့ အင်မော်တယ်ကမ္ဘာကို မတက်လှမ်းနိုင်သေးတာပဲ ရှိတာ…”
“ကောလာဟလတွေအရ သူတို့ကျင့်ကြံတဲ့အချိန်မှာ အင်မော်တယ်ကမ္ဘာနဲ့ ဆက်သွယ်နိုင်ပြီး အင်မော်တယ်ကမ္ဘာကလာတဲ့ အင်မော်တယ်ချီစွမ်းအင်တွေကို ရယူနိုင်တယ်လို့ ဆိုကြတယ်…”
“ကြီးမားတဲ့ အင်မော်တယ်ချီစွမ်းအင်တွေကို စုစည်းလိုက်တဲ့အခါ အဲဒီစွမ်းအင်တွေကို အင်မော်တယ်သလင်းကျောက်အဖြစ် ပြောင်းလဲပစ်နိုင်တယ်…”
“တကယ်တော့ ဝိညာဉ်လောကမှာ လည်ပတ်နေတဲ့ အင်မော်တယ်သလင်းကျောက် တော်တော်များများက မဟာယာနကျင့်ကြံသူတွေ ကိုယ်တိုင် ဖန်တီးထားတာတွေချည်းပဲ…”
ပိုင်စုကျဲ့က ရှင်းပြလေ၏။
“မဟာယာနအဆင့် ကျင့်ကြံသူတွေ ဖန်တီးထားတာတဲ့လား။ ဒါက သိပ်ကို ပုံကြီးချဲ့လွန်းရာမကျဘူးလား…”
“မဟာယာနအဆင့် ကျင့်ကြံသူတိုင်းက အင်မော်တယ်သလင်းကျောက် သတ္တုကြောတွေ ဖြစ်မနေဘူးလား…”
“အကယ်လို့ သူတို့သာ ဆန္ဒရှိမယ်ဆိုရင် ဝိညာဉ်လောကနေရာတိုင်းမှာ အင်မော်တယ်သလင်းကျောက်တွေ ပြည့်နှက်နေလောက်ပြီ…”
ကျိုးစွေ့ မျက်တောင်တစ်ချက် ခတ်လိုက်မိသည်။
'ဒီလိုမျိုးစွမ်းရည်မျိုးရှိတဲ့ မဟာယာနအဆင့် လွတ်လပ်သောအင်မော်တယ်တွေဟာ ပိုက်ဆံရိုက်ထုတ်တဲ့စက်နဲ့ သိပ်ကွာခြားမှုမရှိပါလား' ဟု သူတွေးလိုက်မိ၏။
“ဘယ်ကသာ… ကိစ္စတွေက ဘယ်မှာ အဲဒီလောက် ရိုးရှင်းနေပါ့မလဲ…”
“သူတို့က အင်မော်တယ်သလင်းကျောက်တွေကို ဖန်တီးနိုင်တယ်ဆိုရင်တောင် ဖြစ်ကတတ်ဆန်း လုပ်လို့ရတာ မဟုတ်ဘူး…”
“သာမန်အားဖြင့် နှစ်တစ်ရာ၊ ဒါမှမဟုတ် နှစ်ရာပေါင်းများစွာ အချိန်ယူပြီးမှသာ အင်မော်တယ်သလင်းကျောက် ပမာဏတစ်ခုကို စုစည်းနိုင်တာ…”
“ပြဿနာက သာမန် မဟာယာနအဆင့် ကျင့်ကြံသူတွေမှာ ကိုယ်တိုင်ကျင့်ကြံဖို့တောင် အချိန်မရှိကြဘူးလေ။ သူတို့ရဲ့ သက်တမ်းကို အကုန်ခံပြီး အင်မော်တယ်သလင်းကျောက်တွေကို ဘယ်လိုလုပ် ဖန်တီးနေနိုင်ပါ့မလဲ။ ဒါက အလဟဿဖြစ်မနေဘူးလား…”
“မဟာယာနအဆင့် ကျင့်ကြံသူတွေအတွက်တော့ ကိုယ်ပိုင်ကျင့်ကြံမှုထက် ပိုအရေးကြီးတာ ဘာမှမရှိတော့ဘူးလေ…”
“ဒါ့အပြင် သူတို့လို အဆင့်မျိုးမှာ ဘယ်လိုရတနာ၊ ဘယ်လိုစည်းစိမ်မျိုးကိုမဆို လိုချင်တယ်ဆိုရင် စကားတစ်ခွန်း ပြောလိုက်ရုံနဲ့ ရနိုင်တယ်မလား…”
“အင်မော်တယ်သလင်းကျောက်ဆိုတာ ဘယ်လို သွားလိုအပ်နေမှာလဲ…”
ပိုင်စုကျဲ့က လေးနက်သောအသံဖြင့် ပြောလိုက်လေသည်။
“ဒါဆိုရင် အင်မော်တယ်သလင်းကျောက်တွေကို ပုံမှန်ရနိုင်တဲ့ တတိယမြောက်နည်းလမ်း ရှိနေသေးတာလား…”
ကျိုးစွေ့သည် ပိုင်စုကျဲ့၏ စကားထဲမှ သွယ်ဝိုက်ဆိုလိုရင်းကို နားလည်သွားသည်။
“မှန်တယ်။ တတိယနည်းလမ်း တကယ်ရှိပါသေးတယ်…”
“အဲဒါကတော့ အင်မော်တယ်ရတနာတွေရဲ့ စွမ်းအားကို အသုံးပြုတာပဲ…”
“ပြောကြတာတော့ ဝိညာဉ်လောကထဲက အစစ်အမှန်ဝိညာဉ်မျိုးနွယ်စုတွေမှာ စွမ်းအားကြီးမားတဲ့ အင်မော်တယ်ရတနာတစ်ပါးစီ ရှိကြတယ်တဲ့…”
“ဒီအင်မော်တယ်ရတနာတွေက အဆုံးမရှိတဲ့ စွမ်းအားရှိရုံတင်မကဘူး၊ အင်မော်တယ်ကမ္ဘာနဲ့လည်း ဆက်သွယ်နိုင်ပြီး အင်မော်တယ်ကမ္ဘာက အင်မော်တယ်ချီစွမ်းအင်တွေကို စုပ်ယူနိုင်တယ်...”
“သာမန်အားဖြင့် အင်မော်တယ်ရတနာတစ်ပါးက အင်မော်တယ်ချီစွမ်းအင်တွေကို စုပ်ယူထုတ်လွှတ်တဲ့အခါ အင်မော်တယ်သလင်းကျောက် အများအပြားကို ဖန်တီးနိုင်တယ်…”
“ဒီအင်မော်တယ်သလင်းကျောက်တွေက အစစ်အမှန်ဝိညာဉ်မျိုးနွယ်စုတွေဆီကနေ ထွက်ပေါ်လာတာဖြစ်ပြီး တခြားမျိုးနွယ်စုတွေဆီကနေ ရတနာတွေနဲ့ လဲလှယ်ဖို့ သီးသန့်အသုံးပြုကြတာလေ…”
“ဒါပေမဲ့ အင်မော်တယ်သလင်းကျောက် အများစုကို သူတို့ကိုယ်တိုင်ပဲ သုံးစွဲပစ်လိုက်ကြလို့ တစ်စိတ်တစ်ပိုင်းပဲ အပြင်ကို ထွက်လာတတ်တယ်…”
ပိုင်စုကျဲ့က ရှင်းပြလိုက်၏။
“ဒါ...”
ဤစကားကို ကြားသောအခါ ကျိုးစွေ့၏ ရင်ထဲတွင် အလွန် ခံစားသွားရလေသည်။
အစစ်အမှန်ဝိညာဉ်မျိုးနွယ်စုများသည် ဝိညာဉ်လောက၌ အလွန်အမင်း ချမ်းသာကြွယ်ဝလှသည်မှာ သိသာထင်ရှားလှပေသည်။
အင်မော်တယ်သလင်းကျောက်များကို အစုလိုက်အပြုံလိုက် ဖန်တီးနိုင်ပြီး ကုန်ကျစရိတ်မရှိသော ၎င်းတို့ဖြင့် အခြားမျိုးနွယ်စုများ၏ ရတနာများကို လဲလှယ်ယူနေကြသည် မဟုတ်ပါလော။
ဤသည်မှာ အရင်းတစ်ပြားမျှမစိုက်ရဘဲ အကျိုးအမြတ် သောင်းဂဏန်းရနေခြင်းပင် ဖြစ်ချေသည်။
သို့ရာတွင် ဤသည်မှာလည်း မတတ်နိုင်သည့်ကိစ္စပင်ဖြစ်ပေသည်။ သူတို့တွင် အင်မော်တယ်ရတနာရှိနေသည်ကို မည်သို့ တတ်နိုင်မည်နည်း။
ဝိညာဉ်လောကထဲတွင် အင်မော်တယ်ရတနာများ၏ အရေအတွက်သည် မဟာယာနအဆင့် ကျင့်ကြံသူများထက်ပင် နည်းပါးလှပေသည်။
အစစ်အမှန်ဝိညာဉ်မျိုးနွယ်စုတစ်ခု၌ အင်မော်တယ်ရတနာတစ်ပါးရှိနေခြင်းကပင် အတော်လေး အံ့မခန်းဖြစ်နေပြီဖြစ်ရာ ဒုတိယတစ်ပါးရှိရန်မှာ အလျဉ်း မဖြစ်နိုင်ပေ။
ကောလာဟလများအရ လူသားမျိုးနွယ်စု၌မူ စောင့်ကြပ်ပေးမည့် အင်မော်တယ်ရတနာ မရှိပေ။
ထို့ကြောင့် အခြား အစစ်အမှန်ဝိညာဉ်မျိုးနွယ်စုများနှင့် ယှဉ်လျှင် လူသားမျိုးနွယ်စု၏ စွမ်းအားက အလွန် အားနည်းနေရခြင်းဖြစ်ကာ အားနည်းသော မျိုးနွယ်စုများထဲမှ တစ်ခုသာ ဖြစ်နေရချေသည်။
“ဒီလိုဆိုရင် အခြားမျိုးနွယ်စုတွေက ဘာလို့ သူတို့ရဲ့ရတနာတွေကို ထုတ်ပြီး အင်မော်တယ်သလင်းကျောက်နဲ့ လဲလှယ်ချင်ရတာလဲ…”
ကျိုးစွေ့ သိချင်စိတ်ဖြင့် မေးလိုက်လေသည်။
အခြားမျိုးနွယ်စုများသည် အင်မော်တယ်သလင်းကျောက်၏ ကုန်ကျစရိတ်မှာ နည်းပါးကြောင်း အထင်အရှား သိထားပါလျက်နှင့် အပြိုင်အဆိုင် လိုချင်နေကြကာ အလုအယက်ပင် ဖြစ်နေကြသည် မဟုတ်ပါလော။
ဤအချက်က အလွန်ပင် ထူးဆန်းနေချေသည်။
“သိပ်ကိုရိုးရှင်းပါတယ်။ အင်မော်တယ်သလင်းကျောက်တွေက တကယ်ကို တန်ဖိုးရှိလို့ပဲပေါ့…”
“အင်မော်တယ်သလင်းကျောက် အများစုက ဆဋ္ဌမအဆင့် ဒါမှမဟုတ် သတ္တမအဆင့် ရတနာဆေးလုံး တစ်လုံးစီနဲ့ ညီမျှတယ်…”
“အင်မော်တယ်သလင်းကျောက် အမြောက်အမြားရဲ့ စွမ်းအင်တွေကိုသာ ချေဖျက်နိုင်မယ်ဆိုရင် ကျွန်မတို့ရဲ့ ကျင့်ကြံမှုအမြန်နှုန်းကို တိုးမြှင့်ပေးနိုင်တယ်…”
“အင်မော်တယ်သလင်းကျောက် အများကြီး ပိုင်ဆိုင်ထားမယ်ဆိုရင် နှစ်ရာပေါင်းများစွာ၊ ဒါမှမဟုတ် နှစ်ထောင်ပေါင်းများစွာ ကြာမယ့် ပြင်းထန်တဲ့ ကျင့်ကြံမှုအချိန်တွေကို သက်သာစေနိုင်တယ်…”
“ပိုအရေးကြီးတာက အင်မော်တယ်သလင်းကျောက်တွေမှာ ပါဝင်တဲ့ စွမ်းအင်တွေက ကျွန်မတို့ရဲ့ အခက်အခဲတွေကို ချိုးဖြတ်ရာမှာ ကူညီပေးနိုင်တဲ့ အံ့ဖွယ်အာနိသင်တွေ ရှိတာပဲ…”
“အင်မော်တယ်ချီစွမ်းအင်တွေထဲမှာ အချိန်အကြာကြီး စိမ်ထားမယ်ဆိုရင် ရိုးတွင်းခြင်ဆီကို ဆေးကြောပေးနိုင်ပြီး စိတ်ဝိညာဉ်အမြစ်ရဲ့ အရည်အသွေးကို မြှင့်တင်ပေးနိုင်တဲ့ အာနိသင်တောင် ရှိသေးတယ်…”
“တချို့ကလည်း အင်မော်တယ်သလင်းကျောက်တွေကို သုံးပြီး ဆေးဖော်စပ်ကြတယ်။ ဆေးဖော်စပ်မှု အောင်မြင်နှုန်းကိုလည်း မြင့်တက်စေတယ်…”
“ဒါတင်မကဘဲ မှော်ရတနာတွေ ဖန်တီးရာမှာလည်း သုံးနိုင်ပြီး မှော်ရတနာရဲ့ စွမ်းအားကိုလည်း မြှင့်တင်ပေးနိုင်တယ်…”
“အစီအရင်တွေရဲ့ စွမ်းအင်ရင်းမြစ်အနေနဲ့လည်း သုံးလို့ရပြီး အစီအရင်တွေကို အချိန်အကြာကြီး မောင်းနှင်ပေးနိုင်တယ်…”
“အတိုချုပ်ပြောရရင် အကျိုးကျေးဇူးက အဆုံးမရှိဘူးပေါ့…”
“ဒါကြောင့် အဆင့်မြင့်ကျင့်ကြံသူ တော်တော်များများက သူတို့ရဲ့ ရတနာအမျိုးမျိုးကို အင်မော်တယ်သလင်းကျောက်တွေနဲ့ လဲလှယ်ဖို့ လိုလိုလားလား ရှိနေကြတာပေါ့…”
“ပြီးတော့ အဲဒီ အစစ်အမှန်ဝိညာဉ်မျိုးနွယ်စုတွေက အင်မော်တယ်ရတနာရှိလို့ အင်မော်တယ်သလင်းကျောက်တွေကို ဖန်တီးနိုင်တယ်ဆိုပေမဲ့ တကယ်တမ်း ဖန်တီးနိုင်တဲ့ အရေအတွက်ကလည်း သိပ်မများလှဘူး။ သူတို့ မျိုးနွယ်စုအတွင်းက သက်ရှိတွေရဲ့ ကျင့်ကြံမှု လိုအပ်ချက်ကိုတောင် မဖြည့်ဆည်းပေးနိုင်ဘူး…
အလွန်အင်မတန် ထူးခြားတဲ့ ရတနာမျိုး မဟုတ်ရင် သူတို့က အင်မော်တယ်သလင်းကျောက်တွေကို ထုတ်ပြီး လဲလှယ်ချင်မှာ မဟုတ်ဘူး။ ဒါကြောင့် အချိန်တွေ ကြာလာတာနဲ့အမျှ အင်မော်တယ်သလင်းကျောက်ရဲ့ တန်ဖိုးက တရိပ်ရိပ် တက်လာခဲ့တာပဲ…”
ပိုင်စုကျဲ့က လေးနက်သောအသံဖြင့် ပြောလိုက်လေသည်။
သိသာထင်ရှားစွာပင် မျိုးနွယ်စုအသီးသီးမှ သက်ရှိများသည်လည်း ငတုံးများ မဟုတ်ကြပေ။
အကယ်၍ အင်မော်တယ်သလင်းကျောက်များ၌ သီးသန့် အာနိသင်များသာ မရှိပါက မျိုးနွယ်စုသောင်းချီ၏ အပြိုင်အဆိုင် လိုက်လံရှာဖွေခြင်းကို ခံရမည်မဟုတ်သလို အဆင့်မြင့် ကျင့်ကြံသူများကြားရှိ ခိုင်မာသော ငွေကြေးတစ်ရပ်လည်း ဖြစ်လာမည် မဟုတ်ချေ။
“ဒီလိုဆိုရင် အထွတ်အထိပ် ဝိညာဉ်ကျောက်တုံး ဘယ်လောက်နဲ့မှ အင်မော်တယ်သလင်းကျောက် တစ်တုံးကို လဲလှယ်နိုင်မလဲ…”
ကျိုးစွေ့သည် အင်မော်တယ်သလင်းကျောက် တစ်တုံး၏ တန်ဖိုးမည်မျှရှိသည်ကို သိချင်နေခဲ့သည်။
“အင်း... ဒီအတွက် သတ်မှတ်ချက်စံနှုန်းရယ်လို့တော့ အတိအကျမရှိဘူး…”
“ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူမှ အင်မော်တယ်သလင်းကျောက်ကို အထွတ်အထိပ် ဝိညာဉ်ကျောက်တုံးနဲ့ သွားလဲမှာ မဟုတ်လို့ပဲ…”
“အဆင့်မြင့်ရတနာ အများအပြားကို အင်မော်တယ်သလင်းကျောက်နဲ့မှသာ လဲလှယ်နိုင်တာ…”
“အထွတ်အထိပ် ဝိညာဉ်ကျောက်တုံးတွေကို အဆင့်မြင့်ကျင့်ကြံသူတွေက လုံးဝ အရေးလုပ်မှာ မဟုတ်ဘူး…”
“ဘာပဲဖြစ်ဖြစ် ဝိညာဉ်လောကထဲမှာ အထွတ်အထိပ် ဝိညာဉ်ကျောက်တုံး အရေအတွက်က မနည်းဘူးလေ။ လုံးဝကို တန်ဖိုးမရှိတာ…”
“ဒါကြောင့် အစ်မဖုန်းရှီးက ကျုပ်ကို အင်မော်တယ်သလင်းကျောက် အတုံးတစ်ရာ ပေးခဲ့တာပေါ့…”
“အင်မော်တယ်သလင်းကျောက် အတုံးတစ်ရာသာ ရှိရင် လေလံပွဲမှာ လေဟာနယ်သန့်စင်ခြင်းအဆင့် ရတနာအမျိုးမျိုးကို ဝယ်ယူနိုင်လောက်တယ်လေ…”
ပိုင်စုကျဲ့က ခံစားချက်ပြင်းပြစွာဖြင့် ပြောလိုက်၏။
လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများအတွက်မူ အင်မော်တယ်သလင်းကျောက် အတုံးတစ်ရာဆိုသည်မှာ အလွန်တရာ ကြီးမားလှသော စည်းစိမ်တစ်ခု ဖြစ်နေပြီ ဖြစ်သည်။
သာမန် လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးများတွင် အင်မော်တယ်သလင်းကျောက် တစ်တုံးပင် ရှိမည်မဟုတ်ပေ။
ဖုန်းရှီးတာအိုအရှင် ထုတ်ပေးလိုက်သော ဤလက်ဆောင်၏ တန်ဖိုးက မည်မျှတိုင် အံ့မခန်းဖြစ်နေကြောင်းကို မှန်းဆကြည့်၍ ရနိုင်ပေသည်။
အခြားရတနာများအားလုံး ပေါင်းလိုက်လျှင်ပင် အင်မော်တယ်သလင်းကျောက် အတုံးတစ်ရာလောက် တန်ဖိုးရှိမည် မဟုတ်သည်မှာ သေချာသလောက်ပင် ဖြစ်ချေသည်။
“အင်မော်တယ်သလင်းကျောက်တဲ့လား…”
ကျိုးစွေ့ မေးစေ့ကို ပွတ်သပ်လိုက်လေသည်။
အမှန်အတိုင်းဆိုရလျှင် သူ၏ ကိုယ်ပေါ်တွင်လည်း အင်မော်တယ်ရတနာနှစ်ပါး ရှိနေသည် မဟုတ်ပါလော။ တစ်ပါးမှာ ရှန်းဟိုင်ပုလဲဖြစ်ပြီး နောက်တစ်ပါးမှာ ဧကရာဇ်နတ်ဆိုးတူ ဖြစ်လေသည်။
အကယ်၍ ဤအင်မော်တယ်ရတနာနှစ်ပါးကိုသာ ထိန်းချုပ်နိုင်မည်ဆိုလျှင် အင်မော်တယ်ကမ္ဘာနှင့် ဆက်သွယ်ကာ အင်မော်တယ်သလင်းကျောက်များကို စုစည်းနိုင်ကောင်း စုစည်းနိုင်မည် မဟုတ်ပါလော။
ထိုအချိန်ရောက်လျှင် သူသည် အင်မော်တယ်သလင်းကျောက် သတ္တုကြောတစ်ခုသဖွယ် ဖြစ်လာမည်ဖြစ်ကာ ဝိညာဉ်လောက၏ အချမ်းသာဆုံးသော ကျင့်ကြံသူ ဖြစ်လာပေမည်။
အင်မော်တယ်သလင်းကျောက်များ၏ အရေအတွက်ကို အသုံးပြုကာ ရတနာအများအပြားကို လဲလှယ်ယူနိုင်ပေလိမ့်မည်။
သို့ရာတွင် ယခုမူ သူ၏ကျင့်ကြံမှုမှာ အားနည်းနေသေးသဖြင့် အင်မော်တယ်ရတနာများကို ထိန်းချုပ်နိုင်စွမ်း မရှိသေးပေ။
လေဟာနယ်သန့်စင်ခြင်းအဆင့်၊ သို့မဟုတ် ခန္ဓာပေါင်းစည်းခြင်းအဆင့်သို့ တက်လှမ်းနိုင်သည့် အချိန်ရောက်မှသာလျှင် ဤကိစ္စမျိုးကို လုပ်ဆောင်နိုင်မည် ဖြစ်ချေသည်။
“သူဌေးမကြီးပဲ။ အဲဒီ ဖုန်းရှီးတာအိုအရှင်က တကယ်ကို သူဌေးမကြီးပဲ…”
ကျိုးစွေ့ အလွန်ပင် ခံစားသွားရလေသည်။
ဖုန်းရှီးမြို့စား တစ်ယောက်အနေနှင့်ရော၊ ခန္ဓာပေါင်းစည်းခြင်းအဆင့် အရှင်သခင်တစ်ပါးအနေနှင့်ပါ ဖုန်းရှီးတာအိုအရှင်၏ ချမ်းသာကြွယ်ဝမှုကို သာမန်လူများ တွေးတောမှန်းဆနိုင်မည် မဟုတ်ပေ။
လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်သည့် ဂုဏ်ပြုလက်ဆောင်အဖြစ်နှင့်ပင် အင်မော်တယ်သလင်းကျောက် အတုံးတစ်ရာကို လက်လွတ်စပယ် ထုတ်ပေးနိုင်သည်မှာ အလွန်အမင်း ပုံကြီးချဲ့လွန်းရာကျနေပြီ မဟုတ်ပါလော။
အခန်း (၇၅၆) - ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ စွမ်းပကား၊ အလယ်အလတ်ကမ္ဘာများကို ဖမ်းယူခြင်းနှင့် ရွှမ်ဟွမ်ကမ္ဘာ၏ ဆင့်ကဲပြောင်းလဲမှု(၁)။
အချိန်သိပ်မကြာလိုက်ဘဲ ပိုင်စုကျဲ့သည် ဂုဏ်ပြုလက်ဆောင်အားလုံးကို စီစဉ်နေရာချထားပြီးသွားလေ၏။
ဤဂုဏ်ပြုလက်ဆောင်များမှာ အမှန်တကယ်ပင် တန်ဖိုးမဖြတ်နိုင်လောက်အောင် ကောင်းမွန်လွန်းလှပြီး လူတိုင်းကို သွားရည်ကျစေနိုင်ကြောင်း ဆိုရပေမည်။
ဤသည်မှာ လူသားဧကရာဇ်၏ သမီးတော်ဟူသော ဇာတ်မြစ်က ယူဆောင်လာပေးသည့် တန်ဖိုးပင် ဖြစ်ပေ၏။
သာမန် လေဟာနယ်သန့်စင်ခြင်းအဆင့် ဘိုးဘေးများအနေဖြင့် လုံးဝ ယှဉ်ပြိုင်နိုင်စွမ်း မရှိပေ။
"ဒီလောက် လူတွေအများကြီးက မင်းကို ဂုဏ်ပြုလက်ဆောင်တွေ လာပေးကြမှတော့ ခင်ပွန်းဖြစ်တဲ့ ငါကလည်း ဂုဏ်ပြုလက်ဆောင် မပေးဘဲ နေလို့မဖြစ်ဘူးပေါ့...”
ကျိုးစွေ့က ပိုင်စုကျဲ့ကို ကြည့်ကာ ပြုံးရွှင်စွာ ပြောလိုက်၏။
"ဂုဏ်ပြုလက်ဆောင်ဟုတ်လား၊ ဘာလက်ဆောင်လဲ...”
ပိုင်စုကျဲ့က မျက်တောင်လေးပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ရင်း ကျိုးစွေ့ကို စပ်စုချင်ဟန်ဖြင့် ကြည့်လိုက်လေ၏။
သူမတွင် ရတနာများ မလိုအပ်သော်ငြား ကိုယ့်ခင်ပွန်းသည်က လက်ဆောင်ပေးလာမည်ဆိုပါက သဘာဝကျကျပင် လိုချင်မိပေ၏။ တန်ဖိုးမည်မျှပင်ရှိစေကာမူ လက်ဆောင်ဆိုသည်မှာ လက်ဆောင်ပင်ဖြစ်ပြီး ခင်ပွန်းဖြစ်သူ၏ မေတ္တာကို ကိုယ်စားပြုသည် မဟုတ်ပါလော။
"ဒါက ဝိညာဉ်အရက်တချို့ပါ...”
ကျိုးစွေ့က သူ၏ကိုယ်ပေါ်မှ ဝိညာဉ်အရက်နှစ်အိုးကို ထုတ်ယူလိုက်ကာ ပိုင်စုကျဲ့၏ ရှေ့တွင် ချပေးလိုက်၏။
"မဖြစ်နိုင်တာ၊ ဒါက ဆဋ္ဌမအဆင့် ဝိညာဉ်အရက်တွေပဲ။ ရှင် ဒါတွေကို ဘယ်ကနေ ရလာတာလဲ၊ ဒါက ဘာဝိညာဉ်အရက်တွေလဲ...”
ပိုင်စုကျဲ့က မျက်လုံးပြူးသွားပြီး လုံးဝ မယုံကြည်နိုင်ဖြစ်သွားရချေသည်။
ဤဝိညာဉ်အရက်နှစ်အိုးတွင် ကြီးမားလှသော စွမ်းအင်များနှင့် ဆေးစွမ်းများ ပါဝင်နေသည်ကို သူမ ခံစားလိုက်ရ၏။
နည်းနည်းလေး သောက်လိုက်ရုံဖြင့်ပင် သူမကိုယ်တွင်းရှိ လေဟာနယ်သန့်စင်ခြင်းအဆင့် မှော်စွမ်းအင်များကို အလျင်အမြန် တိုးပွားလာစေနိုင်ပုံရ၏။
ယင်းတို့ထဲရှိ ဆေးစွမ်းများမှာ ဆဋ္ဌမအဆင့် ဆေးလုံးများထက် လုံးဝ လျော့ကျခြင်း မရှိပေ။
သိထားရမည်မှာ ဝိညာဉ်လောကထဲတွင်ပင် အဆင့်မြင့် ဝိညာဉ်အရက်များ၏ ဈေးနှုန်းမှာ သက်သာလှသည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အဆင့်မြင့် ဝိညာဉ်အရက်ကို ချက်လုပ်ရာတွင် ဝိညာဉ်ဆေးပင် အများအပြားနှင့် အထောက်အကူပြု ပစ္စည်းအမျိုးမျိုး လိုအပ်သောကြောင့် ဖြစ်ပေ၏။
ဈေးနှုန်းမှာ မည်ကဲ့သို လျော့နည်းနိုင်ပါမည်နည်း။
ထို့အပြင် ဝိညာဉ်အရက် အဆင့်မြင့်လေလေ၊ ဈေးနှုန်းက ပိုမိုကြီးမြင့်လေလေပင် ဖြစ်ချေ၏။ ပိုက်ဆံရှိလျှင်တောင်မှ ဝယ်ချင်တိုင်း ဝယ်၍ရမည် မဟုတ်ပေ။
"တစ်အိုးက မြွေပျံအရက်ပဲ။ သောက်လိုက်ရင် ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ သွေးချီစွမ်းအင်ကို တိုးပွားစေနိုင်တယ်…
နောက်တစ်အိုးကတော့ ရွှေဖားပြုပ်အရက်တဲ့။ သောက်ပြီးတာနဲ့ ခန္ဓာကိုယ်ပေါ်က အဆိပ်ပေါင်းတစ်ရာကို ဖြေဖျောက်ပေးနိုင်ပြီး ကျင့်ကြံမှုကို တိုးတက်စေတဲ့အပြင် ဒဏ်ရာတွေကိုပါ သက်သာပျောက်ကင်းစေနိုင်တယ်...”
ကျိုးစွေ့က ရှင်းပြလိုက်၏။
ဤဝိညာဉ်အရက်နှစ်မျိုးမှာ သဘာဝကျကျပင် 'အရက်ကူ' မှ လေဟာနယ်သန့်စင်ခြင်းအဆင့်ရှိ မြွေပျံနှင့် ရွှေဖားပြုပ် အလောင်းအများအပြားကို သန့်စင်ချက်လုပ်ပြီးမှ နောက်ဆုံးတွင် ရရှိလာသော ဝိညာဉ်အရက်များပင် ဖြစ်ပေသည်။
အခြေခံအားဖြင့် 'အရက်ကူ' သည် မည်သို့သော သက်ရှိမျိုးကို သန့်စင်သည်ဖြစ်စေ၊ ထိုအရာနှင့် ကိုက်ညီသော ဝိညာဉ်အရက်ကို ရရှိမည်ဖြစ်၏။
မှန်ပေသည်၊ ပါဝင်ပစ္စည်း အရင်းအမြစ်များ မတူညီပါက ထွက်ပေါ်လာသော ဝိညာဉ်အရက်၏ အာနိသင်များမှာလည်း ကွဲပြားသွားမည် ဖြစ်လေသည်။
ဤလေဟာနယ်သန့်စင်ခြင်းအဆင့် မျိုးနွယ်ခြားအလောင်းများကို 'အရက်ကူ' မှ ဝါးမျိုပြီးနောက်တွင် ဆဋ္ဌမအဆင့်ဝိညာဉ်အရက် အများအပြားအဖြစ်သို့ ပြောင်းလဲသွားပြီဟု ဆိုနိုင်ပေသည်။
မည်သည့်ဆေးလုံးမျှ မလိုအပ်ဘဲ ဤဝိညာဉ်အရက်များသက်သက်ဖြင့်ပင် သူ၏ကျင့်ကြံမှုကို ကြီးမားစွာ မြှင့်တင်ပေးရန် လုံလောက်နေချေပြီ။
"ကျေးဇူးပါပဲ ယောက်ျား...”
ပိုင်စုကျဲ့မှာ လွန်စွာ စိတ်လှုပ်ရှားနေလေ၏။
သူမ၏ ခင်ပွန်းသည်က ဤဆဋ္ဌမအဆင့် ဝိညာဉ်အရက်များကို မည်သို့ရရှိလာသည်ကို သူမ မသိသော်လည်း၊ ဤသည်မှာ အမှန်တကယ်ပင် တန်ဖိုးကြီးမားလှသည့် အကောင်းဆုံး လက်ဆောင်တစ်ခုဖြစ်ပြီး အခြားသော လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများပေးသော လက်ဆောင်များထက် လုံးဝ လျော့နည်းခြင်းမရှိကြောင်း ပြောရမည်ပင်။
အကယ်၍ လေလံတင်ရောင်းချမည်ဆိုပါက မြို့တစ်မြို့နှင့်ပင် တန်ဖိုးညီမျှနိုင်ပြီး ကျင့်ကြံသူများစွာ၏ ရူးသွပ်စွာ လုယက်လေလံဆွဲခြင်းကို ဖြစ်စေမည်မှာ သေချာလှပေ၏။
မည်သို့ပင်ဆိုစေ ဝိညာဉ်လောကထဲတွင်လည်း ယစ်ထုတ်များမှာ မနည်းလှပေ။
ဂလု... ဂလု...။
ထိုအကြောင်းကို တွေးမိသည်နှင့် ပိုင်စုကျဲ့သည် မြွေပျံအရက်အိုးကို ကောက်ကိုင်ကာ တစ်ကျိုက်တည်း အလုတ်ကြီးကြီး သောက်ချလိုက်လေသည်။
ဤဆဋ္ဌမအဆင့် ဝိညာဉ်အရက်များမှာ ဗိုက်ထဲသို့ ရောက်သွားပြီးနောက်ခဏအတွင်းပင် ချက်ချင်း သန့်စင်ခံလိုက်ရကာ ကြီးမားလှသော စွမ်းအင်များအဖြစ် ပြောင်းလဲသွားပြီး ပူပြင်းသော ချော်ရည်ပူများကဲ့သို့ သူမ၏ ခြေလက်အင်္ဂါများနှင့် အရိုးအဆစ်များဆီသို့ စီးဝင်သွားကြောင်းကို ခံစားလိုက်ရ၏။
သူမကိုယ်တွင်းရှိ လေဟာနယ်သန့်စင်ခြင်းအဆင့် မှော်စွမ်းအင်များမှာလည်း အဆပေါင်းများစွာ တိုးတက်လာသည်ကို ပြသနေလေသည်။ ဤသည်မှာ ဆဋ္ဌမအဆင့် ဆေးလုံးတစ်လုံးကို စားသုံးလိုက်ရသည်နှင့် တူညီနေတော့သည်။
ပို၍အရေးကြီးသည်မှာ ဆဋ္ဌမအဆင့် ဝိညာဉ်အရက်က ပို၍ကြီးမားသော အာနိသင်ကို ပြသလိုက်သဖြင့် သူမ၏ ခန္ဓာကိုယ်တွင်းရှိ သွေးများကို ဆူပွက်လာစေခြင်းပင် ဖြစ်၏။
လှပသော မျက်နှာလေးမှာ နီမြန်းလာပြီး မျက်ဝန်းအစုံမှာလည်း မှိုင်းရီနေကာ အတိုင်းထက်အလွန် ဆွဲဆောင်မှု ရှိနေတော့လေသည်။
"ယောက်ျား...”
ပိုင်စုကျဲ့က သစ်ခွပန်းကဲ့သို့ မွှေးပျံ့သော လေငွေ့လေးများကို မှုတ်ထုတ်လိုက်ပြီး သူမ၏လှပသော မျက်ဝန်းအစုံဖြင့် ကျိုးစွေ့ကို ညို့ငင်လိုစွာ ကြည့်လိုက်ရင်း သူမ၏ ရွှေရောင် အမွေးပွအမြီးလေးက ရုတ်တရက် ရစ်ပတ်လာလေတော့သည်။
'ဘာလဲဟ...’
ကျိုးစွေ့မှာ ချက်ချင်းပင် ကြက်သီးမွေးညင်းများ ထသွားရ၏။
သူသည် ဤမိန်းမ၏ အရက်ခံနိုင်ရည်မှာ ဤမျှလောက်အထိ ညံ့ဖျင်းလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။ တစ်ကျိုက်တည်းသာ သောက်ရသေးသော်လည်း ချက်ချင်းဆိုသလို ထကြွလာခဲ့ချေပြီ။
မကြာမီမှာပင် အိပ်ခန်းထဲ၌ တာအိုအသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့ပြီး ရက်ပေါင်းများစွာတိုင်အောင် ပဲ့တင်ထပ်နေတော့လေ၏။
…………
နောက်ထပ် တစ်လအချိန် ကုန်လွန်သွားခဲ့ပြန်၏။
သိသာထင်ရှားစွာပင် အမှတ် (၈၈) တာအိုကျောင်းတော်သည်လည်း ယခင်ကဲ့သို့ ငြိမ်းချမ်းမှုဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့လေသည်။
ပိုင်စုကျဲ့မှာ လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ အမှန်တကယ် တက်လှမ်းသွားနိုင်ခဲ့သော်လည်း ယခင်ကနှင့် ကြီးမားသော ကွာခြားမှုမရှိဘဲ အမှတ် (၈၈) တာအိုကျောင်းတော်၏ ကျောင်းအုပ်အဖြစ် ဆက်လက်တည်ရှိနေကာ အများဆုံးအနေဖြင့် အစိုးရထံမှ ထောက်ပံ့ကြေးများ ပိုမိုရရှိလာခြင်းသာ ရှိသည်။
ကျိုးစွေ့အနေဖြင့်မူ အေးအေးချမ်းချမ်းဖြင့်သာ ဆက်လက်ကျင့်ကြံနေခဲ့ပြီး ကျင့်ကြံမှုကို အဆက်မပြတ် မြှင့်တင်နေခဲ့၏။ သူသည်လည်း လေဟာနယ်သန့်စင်ခြင်းအဆင့်သို့ အမြန်ဆုံး တက်လှမ်းလိုနေသည်။
ထိုသို့ဖြစ်လာမှသာ ဝိညာဉ်လောကထဲတွင် လျှောက်လှမ်းနိုင်သည့် စွမ်းအားကို ရရှိမည်ဖြစ်ပြီး ကမ္ဘာဖြတ်ကျော် တည်နေရာရွှေ့ပြောင်းရေးအစီအရင်၏ ခြေရာခံများကို ရှာဖွေနိုင်မည် မဟုတ်ပါလော။
ဝုန်း...။
ယခုအချိန်၌ ကျိုးစွေ့သည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေကာ ကျမ်းစာတိုက်မှ သူရရှိထားသော ဆေးဖော်စပ်ခြင်းပညာရပ် တစ်ခုဖြစ်သည့် ကောင်းကင်မြေကြီး ဆေးပေါင်းဖိုပညာရပ်ကို နားလည်သဘောပေါက်ရန် လေ့လာနေလေ၏။
ဤသည်မှာ ဤကမ္ဘာရှိ လူသားမျိုးနွယ်များ ရရှိထားသော ထိပ်တန်း ဆေးဖော်စပ်ပညာရပ်များထဲမှ တစ်ခုဖြစ်ပြီး အဆုံးအစမဲ့အောင် နက်နဲလှပေသည်။
ဤပညာရပ်ကို အမှန်တကယ် တတ်မြောက်နိုင်သော ဆေးဖော်စပ်ပညာရှင်များမှာ လက်ချိုးရေတွက်၍ရနိုင်လောက်အောင် နည်းပါးလှသည်ဟု ဆိုနိုင်သည်။
ဤမျှ သင်ယူရန် ခက်ခဲရခြင်း၏ အကြောင်းရင်းမှာ ဤပညာရပ်ကို တတ်မြောက်ရန်အတွက် ထိုက်ယင်ချီနှင့် ထိုက်ယန်ချီတို့ကို နားလည်ခံစားနိုင်ရမည်ဖြစ်ပြီး၊ ထို့နောက် ယင်ယန်ပေါင်းစည်းခြင်း၏ အစစ်အမှန်အနှစ်သာရကို သဘောပေါက်ကာ ယင်ယန်မီးဖိုကို စုစည်းနိုင်မှသာ သင်ယူနိုင်မည်ဖြစ်သောကြောင့်ပင်။
ထိုသို့မဟုတ်ပါက အခြေခံအဆင့်သို့ ဝင်ရောက်ရန်ပင် တတ်နိုင်မည် မဟုတ်ချေ။
မူလက သူ၏ဉာဏ်ရည်ဉာဏ်သွေးအရဆိုလျှင် ဤပညာရပ်ကို သင်ယူရန် အလွန်ပင် ခက်ခဲနေမည် ဖြစ်သည်။ သို့သော် သတ္တမအဆင့် 'စာအုပ်ကူ' ၏ အကူအညီဖြင့် သူ၏ဉာဏ်ရည်မှာ အဆပေါင်းများစွာ တိုးတက်လာခဲ့လေ၏။
ဝုန်း...။
'စာအုပ်ကူ' ထံမှ စီးဆင်းလာသော အငွေ့အသက်များသည် ကျိုးစွေ့၏ သိစိတ်ပင်လယ် နက်ရှိုင်းရာဆီသို့ ဝင်ရောက်သွားပြီး သူ၏ ပြင်ပအတွေးများအားလုံးကို ဖယ်ရှားပေးလိုက်ကာ၊ သူတစ်ကိုယ်လုံးကို ဘာကိုမှမသိတော့သည့် အာရုံစူးစိုက်မှုအဆင့်တစ်ခုသို့ ရောက်ရှိသွားစေပြီး ဉာဏ်ရည်ဉာဏ်သွေးကို အံ့မခန်း မြင့်တက်သွားစေခဲ့၏။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဤကောင်းကင်မြေကြီး ဆေးပေါင်းဖိုပညာရပ်ကို သူ နားလည်သဘောပေါက်သွားခဲ့သည်။ ဤသည်မှာ သူကိုယ်တိုင် ဤပညာရပ်ကို နှစ်ရာပေါင်းများစွာ ကျင့်ကြံခဲ့သကဲ့သို့ပင် ဖြစ်နေတော့သည်။
'သြော်... ဒီလိုကိုး၊ ကောင်းကင်မြေကြီး ဆေးပေါင်းဖိုပညာရပ်ဆိုတာ တကယ်တော့ ဓာတ်ငါးပါး ဆေးဖော်စပ်ခြင်းမန္တန်ရဲ့ အဆင့်မြှင့်တင်ထားတဲ့ ပုံစံပဲ… ဓာတ်ငါးပါး ဆေးဖော်စပ်ခြင်းမန္တန်က ဓာတ်ငါးပါးစွမ်းအင်ကို ရိုးရိုးရှင်းရှင်း အသုံးပြုပြီး ဆေးလုံးတွေကို ဖော်စပ်တာပဲ ဖြစ်တယ်…
ဒါပေမဲ့ ကောင်းကင်မြေကြီး ဆေးပေါင်းဖိုပညာရပ်ကကျတော့ ကောင်းကင်နဲ့ မြေကြီးရဲ့ ဓာတ်ငါးပါး၊ ယင်ယန်စွမ်းအင်တွေကို အကူအညီယူပြီး မီးဖိုအဖြစ် ပြောင်းလဲကာ လောကကြီးထဲက ပါဝင်ပစ္စည်း အမျိုးမျိုးကို ဖော်စပ်ရတာပဲ…
လောကမှာရှိတဲ့ ဘယ်လိုဒြပ်စင်မျိုးမဆို မီးဖိုထဲကို ရောက်သွားတာနဲ့ အလျင်အမြန် သန့်စင်ခံရပြီး အသန့်စင်ဆုံးအရာအဖြစ် ပြောင်းလဲသွားလိမ့်မယ်။ ဒါက မရေမတွက်နိုင်တဲ့ ဒြပ်စင်တွေကို ဖရိုဖရဲအခြေအနေအဖြစ် ပြောင်းလဲပစ်တဲ့ ကောင်းကင်မြေကြီး ဆေးပေါင်းဖိုပညာရပ်ရဲ့ လျှို့ဝှက်နက်နဲမှုပဲ…
ဒီပညာရပ်ကို နားလည်ဖို့ သော့ချက်က ဓာတ်ငါးပါး ပေါင်းစည်းခြင်းနဲ့ ယင်ယန်ပေါင်းစည်းခြင်းပဲ။ အကယ်၍ ဒါကိုသာ နားမလည်နိုင်ခဲ့ဘူးဆိုရင် အခြေခံအဆင့်ကို ဘယ်တော့မှ ဝင်ရောက်နိုင်မှာ မဟုတ်ဘူး'
ကျိုးစွေ့က တွေးလိုက်မိ၏။
ကျိုးစွေ့မှာ ချက်ချင်းပင် ဉာဏ်အလင်းရသွားသကဲ့သို့ ဖြစ်သွားပြီး ဤဆေးဖော်စပ်ပညာရပ်၏ အဆုံးအစမဲ့သော နက်နဲမှုများကို မျက်တောင်တစ်ခတ်အတွင်း သဘောပေါက်သွားခဲ့လေသည်။
လူသားမျိုးနွယ်ရှိ ဆေးဖော်စပ်ပညာရှင်အများအပြားက ဤပညာရပ်ကို သိရှိကြသော်လည်း အမှန်တကယ် တတ်မြောက်သူ အလွန်နည်းပါးရခြင်း၏ အကြောင်းရင်းကိုလည်း သူ သိရှိသွားခဲ့၏။
ယင်းမှာ ဓာတ်ငါးပါး ပေါင်းစည်းခြင်းနှင့် ယင်ယန်ပေါင်းစည်းခြင်း၏ အစစ်အမှန်အနှစ်သာရကို နားလည်သဘောပေါက်ရန် အလွန်ပင် ခက်ခဲလွန်းသောကြောင့် ဖြစ်ပေသည်။
အကယ်၍ ထူးကဲသော ဉာဏ်ရည်ဉာဏ်သွေး မရှိပါက ဤပညာရပ်ကို အပြည့်အဝ နားလည်သဘောပေါက်ရန် စိတ်ပင်ကူးနိုင်မည်မဟုတ်ချေ။ အတားအဆီးများ၌သာ အဆက်မပြတ် တဝဲလည်လည် ဖြစ်နေရမည်သာ ဖြစ်၏။