အခန်း (၇၅၇-၇၅၈)
Vol. 71 Ch. 757-758
အခန်း (၇၅၇) - ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ စွမ်းပကား၊ အလယ်အလတ်ကမ္ဘာများကို ဖမ်းယူခြင်းနှင့် ရွှမ်ဟွမ်ကမ္ဘာ၏ ဆင့်ကဲပြောင်းလဲမှု(၂)။
ဝုန်း...။
ချက်ချင်းပင် ကျိုးစွေ့သည် လက်နှစ်ဖက်ဖြင့် လက်ကွက်ဖော်လိုက်ရာ သူ၏ ဝိညာဉ်စွမ်းအားများက ပတ်ဝန်းကျင်သို့ ပြန့်နှံ့သွားပြီး ကောင်းကင်နှင့် မြေကြီးကြားရှိ ဓာတ်ငါးပါးစွမ်းအင်များနှင့် ယင်ယန်စွမ်းအားများကို ဆွဲငင်ကာ တစ်နေရာတည်းသို့ စုစည်းလိုက်လေသည်။
ထိုခဏ၌ လေဟာပြင်ထဲတွင် အမည်းအဖြူရောစပ်ထားသော ဆေးမီးဖိုတစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
ယင်းမှာ ယင်ယန်စွမ်းအားများ ပေါင်းစည်းထားသည်နှင့် တူညီပြီး ငါးနှစ်ကောင် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားကာ အသက်ဝင်နေသကဲ့သို့ ဖြစ်နေချေသည်။ ၎င်း၏အပေါ်တွင် သိပ်သည်းလှသော ယင်ယန်မန္တန်အက္ခရာများ ပေါ်ထွက်လာပြီး အဆက်မပြတ် လည်ပတ်ကာ ဝဲကတော့တစ်ခုသဖွယ် ဖြစ်ပေါ်နေတော့သည်။
အမည်းနှင့်အဖြူ ပညာရပ်မျိုးစေ့တစ်ခုက လေဟာပြင်ထဲတွင် ချက်ချင်း လွင့်မျောလာပြီး အဆုံးအစမဲ့သော အလင်းရောင်များကို ထုတ်လွှတ်လိုက်ပြန်သည်။
ပုံသဏ္ဌာန်မဲ့သော ယင်ယန်စွမ်းအားများမှာ ပတ်ဝန်းကျင်သို့ ပြန့်နှံ့သွားပြီး လေဟာနယ်လှိုင်းဂယက်များကို အဆက်မပြတ် ထွက်ပေါ်လာစေပုံရသည်။
"သြော်... ဒီလိုကိုး။ ဒါက ကောင်းကင်မြေကြီး ဆေးပေါင်းဖိုပညာရပ်ပဲ...”
ကျိုးစွေ့၏ မျက်လုံးများထဲတွင် စူးရှသော အလင်းရောင်တစ်ခု ထွက်ပေါ်လာကာ လွန်စွာ စိတ်လှုပ်ရှားသွားလေ၏။
နောက်ဆုံးတွင် ဤကောင်းကင်မြေကြီး ဆေးပေါင်းဖိုပညာရပ်ကို အောင်မြင်စွာ လေ့ကျင့်နိုင်ခဲ့ပြီး ဤဆေးဖော်စပ်ပညာရပ်၏ အခြေခံအဆင့်သို့ ဝင်ရောက်သွားပြီဖြစ်ကြောင်း သူ သိလိုက်၏။
ဓာတ်ငါးပါး ဆေးဖော်စပ်ခြင်းပညာရပ်သည် ဓာတ်ငါးပါးစွမ်းအင်ကို အသုံးပြု၍ ဆေးလုံးများကို ဖော်စပ်ခြင်းဖြစ်သည်ဆိုလျှင်၊ ကောင်းကင်မြေကြီး ဆေးပေါင်းဖိုပညာရပ်မှာမူ တစ်ဆင့်ပိုတက်သွားကာ ကောင်းကင်နှင့် မြေကြီး၏ ယင်ယန်စွမ်းအားများကို အသုံးပြု၍ ဖော်စပ်ခြင်းပင် ဖြစ်ပေသည်။
သိသာထင်ရှားစွာပင် ဤဆေးဖော်စပ်ပညာရပ်၏ စွမ်းပကားမှာ တစ်ဆင့်ပို၍ သာလွန်ပေသည်။
မည်သို့ပင်ဆိုစေ ဓာတ်ငါးပါး ဆေးဖော်စပ်ခြင်းပညာရပ်ကို အဆုံးစွန်ထိ ကျင့်ကြံလျှင်ပင် ပဉ္စမအဆင့် ဆေးလုံးများကိုသာ ဖော်စပ်နိုင်မည် ဖြစ်၏။ ဆဋ္ဌမအဆင့်နှင့်အထက် ဆေးလုံးများအတွက်မူ ဓာတ်ငါးပါးစွမ်းအင်သက်သက်ဖြင့် ဖော်စပ်၍ မရနိုင်တော့ပေ။
အဆင့်မြင့် ဝိညာဉ်ဆေးပင် အများအပြားမှ အညစ်အကြေးများကို ဖယ်ရှားလိုပါက ပိုမိုစွမ်းအားကြီးမားသော သန့်စင်ခြင်းပညာရပ်မရှိလျှင် အလုပ်ဖြစ်မည် မဟုတ်ချေ။
ကောင်းကင်မြေကြီး ဆေးပေါင်းဖိုပညာရပ်မှာ ဤကဲ့သို့သော ဆေးဖော်စပ်ပညာရပ်မျိုးပင် ဖြစ်လေ၏။
တစ်ကြိမ် ဖော်ထုတ်အသုံးပြုလိုက်သည်နှင့် လေဟာနယ် ဆေးမီးဖိုတစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး ကောင်းကင်နှင့်မြေကြီး၏ ယင်ယန်စွမ်းအားများကို စုစည်းကာ ဝိညာဉ်ဆေးပင် အများအပြားကို သန့်စင်ပေးနိုင်မည် ဖြစ်၏။
ဤပညာရပ်သည် ဆဋ္ဌမအဆင့် ဆေးဖော်စပ်ပညာရှင်အဆင့်သို့ လှမ်းတက်နိုင်ရန် သူ့ကို ကူညီပေးနိုင်မည်ဟု ဆိုနိုင်ပေသည်။
ဤအခိုက်အတန့်၌ ဆေးဖော်စပ်ပညာရပ်အပေါ် သူ၏နားလည်မှုမှာ တစ်ဆင့်ထပ်မံ မြင့်တက်သွားကြောင်း သူ ခံစားလိုက်ရ၏။ ဆဋ္ဌမအဆင့် ဆေးဖော်စပ်ပညာရှင်အဆင့်သို့ လှမ်းတက်ရန် ခြေတစ်လှမ်းသာ လိုတော့သကဲ့သို့ပင် ဖြစ်ပေသည်။
'ဟင်...'
မူလက ကျိုးစွေ့သည် ဤဆေးဖော်စပ်ပညာရပ်ကို ဆက်လက်၍ နားလည်သဘောပေါက်ရန် ကြိုးစားချင်သေးသော်လည်း ရုတ်တရက် သူ၏စိတ်ထဲတွင် လှုပ်ရှားသွားကာ ရွှမ်ဟွမ်ကမ္ဘာဘက်မှ ထူးဆန်းသော ပြောင်းလဲမှုတချို့ ဖြစ်ပေါ်နေသည်ကို ခံစားလိုက်ရ၏။
ထိုပြောင်းလဲမှု၏ အရင်းအမြစ်မှာ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ပင် ဖြစ်ချေသည်။
နှစ်တစ်ရာကြာအောင် တိတ်ဆိတ်ငြိမ်သက်နေခဲ့သော ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်သည် ကမ္ဘာသုံးခုကို ပေါင်းစည်းလိုက်ခြင်းမှ ရရှိလာသော အကျိုးကျေးဇူးများကို အပြည့်အဝ ချေဖျက်စုပ်ယူလိုက်ပုံရ၏။
၎င်းကိုယ်ပေါ်ရှိ စွမ်းအားများမှာလည်း အံ့မခန်းအဆင့်တစ်ခုအထိ မြင့်တက်သွားခဲ့ချေပြီ။
အကောင်းဆုံးအခြေအနေနှင့် မယှဉ်နိုင်သေးသော်လည်း မဟာကမ္ဘာကြီးများထဲတွင်ဆိုပါက အတော်လေးကို စွမ်းအားကြီးမားနေပြီ ဖြစ်ပေ၏။
'အမ်း... သူက ဘာလုပ်နေတာလဲ...’
'မဖြစ်နိုင်တာ။ ဒါက အလယ်အလတ်ကမ္ဘာ တစ်ခုပြီးတစ်ခုကို ဖမ်းယူနေတာလား' ဟု တွေးလိုက်မိကာ ကျိုးစွေ့မှာ မျက်လုံးပြူးသွားပြီး အလွန်အမင်း အံ့အားသင့်သွားရတော့သည်။
'ဆေးဝါးကူ' ၏ စွမ်းအားကြောင့် သူသည် ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်နှင့် ပဋိညာဉ်ချုပ်ဆိုထားသည်မှာ ကြာပြီဖြစ်ပြီး ဤ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ကို သူ၏ ကိုယ်ပိုင်အသက်ဝိညာဉ်အပင်အဖြစ် ပြောင်းလဲထားကာ ဝိညာဉ်သိစိတ်တစ်ခုကိုပါ ချန်ထားခဲ့၏။
ထို့ကြောင့် ဤဝိညာဉ်သိစိတ်မှာ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ ကိုယ်ပေါ်တွင် တွယ်ကပ်နေပြီး တတိယလူအမြင်ဖြင့် ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ လှုပ်ရှားမှုတိုင်းကို မြင်တွေ့နိုင်လေသည်။
ဝုန်း... ဝုန်း… ဝုန်း…။
ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ ကိုယ်ပေါ်ရှိ နွယ်ပင်များက ရွှမ်ဟွမ်ကမ္ဘာမှနေ၍ အပြင်ဘက်သို့ အဆက်မပြတ် ဆန့်ထွက်သွားသည်ကို မြင်လိုက်ရ၏။ အစိမ်းရောင် နွယ်ပင်ချည်မျှင်များက လေဟာနယ်နက်ရှိုင်းရာဆီသို့ ပျော်ဝင်သွားသကဲ့သို့ ဖြစ်နေပြီး မည်သည့်နေရာအထိ တိုးချဲ့ရောက်ရှိသွားမှန်းပင် မသိနိုင်ပေ။
ချက်ချင်းပင် အစိမ်းရောင် နွယ်ပင်အချို့သည် မလှမ်းမကမ်းရှိ ကြီးမားသော အလင်းလုံးကြီးတစ်ခုကို ရှာတွေ့သွားသည်ကို မြင်လိုက်ရ၏။ ထိုအလင်းလုံးကြီးက အလယ်အလတ်ကမ္ဘာတစ်ခုကို ကိုယ်စားပြုနေခြင်းပင် ဖြစ်ပေသည်။
၎င်း၏အဆင့်မှာ ယခင်ကျင့်ကြံခြင်းကမ္ဘာ၊ ရှေးဟောင်းနတ်ဆိုးကမ္ဘာ၊ ရှေးဟောင်းသားရဲကမ္ဘာ စသည့်ကမ္ဘာများနှင့် အတူတူပင်ဖြစ်ပြီး အားလုံးမှာ အလယ်အလတ်ကမ္ဘာထဲတွင် ပါဝင်ကြကာ၊ ယင်းတို့အတွင်းရှိ သက်ရှိများထဲတွင် အစွမ်းအထက်ဆုံးသူမှာ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများသာ ဖြစ်ပေသည်။
သို့ရာတွင် ယခုမူ အစိမ်းရောင်နွယ်ပင်များသည် ထိုကမ္ဘာ၏ အတားအဆီးများအတွင်းသို့ အလွယ်တကူ ထိုးဖောက်ဝင်ရောက်သွားခဲ့ပြီးနောက် ထိုကမ္ဘာလောက၏ ဝိညာဉ်ကြောများအနက်ပိုင်းဆီသို့ ပျော်ဝင်သွားခဲ့လေ၏။
သုံးမိနစ်ပင် မကြာလိုက်ပေ။ အစိမ်းရောင်နွယ်ပင်များသည် ထိုကမ္ဘာလောက၏ စိတ်ဝိညာဉ်သွေးကြောများကို အစားထိုးနေရာယူသွားခဲ့ပြီး တစ်ကမ္ဘာလုံးကို အပြီးတိုင်ဖမ်းယူကာ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ ပိုင်ဆိုင်မှုအဖြစ်သို့ ပြောင်းလဲပစ်လိုက်ပုံရလေသည်။
"အရမ်းကို လွန်ကဲလွန်းနေပြီပဲ...”
ကျိုးစွေ့၏ သူငယ်အိမ်များ ကျုံ့ဝင်သွားလေ၏။
ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်က ကမ္ဘာလောကများကို ဤသို့ ဖမ်းယူတတ်သည်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင် ဖြစ်ပေသည်။
၎င်းအတွက်မူ အဆုံးမဲ့လေဟာနယ်အတွင်းရှိ ကမ္ဘာလောကများသည် အရသာရှိသော အစားအစာများကဲ့သို့ ဖြစ်နေပြီး စိတ်ကြိုက်ဖမ်းယူနိုင်နေသည်။
ထို့နောက် ထိုကမ္ဘာလောကများအားလုံးကို သယ်ဆောင်သွားကာ ရွှမ်ဟွမ်ကမ္ဘာထဲသို့ ပေါင်းစည်းပစ်လိုက်၏။
'ဒီလိုကိုး၊ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်က ဆင့်ကဲပြောင်းလဲနေသလို ရွှမ်ဟွမ်ကမ္ဘာကလည်း ဆင့်ကဲပြောင်းလဲနေတာပဲ။ ရွှမ်ဟွမ်ကမ္ဘာရဲ့ ဆင့်ကဲပြောင်းလဲမှုနှုန်းအရဆိုရင် ဝိညာဉ်လောကလိုမျိုး မဟာကမ္ဘာကြီးအဆင့်အထိ ကြီးထွားလာချင်တယ်ဆိုရင် နှစ်ပေါင်း သန်းထောင်ချီ မကြာဘဲနဲ့ လုံးဝကို ဖြစ်နိုင်မှာ မဟုတ်ဘူး…
ဘာလို့လဲဆိုတော့ ကမ္ဘာလောကတစ်ခု ကြီးထွားလာတဲ့နှုန်းက အလွန်ကို နှေးကွေးလွန်းလို့ပဲ။ ဒါပေမဲ့ တခြား အလယ်အလတ်ကမ္ဘာတွေကို ဖမ်းယူမယ်ဆိုရင်တော့ မတူတော့ဘူး။ အလယ်အလတ်ကမ္ဘာတိုင်းမှာ ကြီးမားလှတဲ့ စွမ်းအင်တွေ ပါဝင်နေပြီး နှစ်ပေါင်း ဘယ်နှစ်သောင်းလောက် ဖွံ့ဖြိုးတိုးတက်လာခဲ့လဲဆိုတာတောင် မသိနိုင်ဘူးလေ…
အကယ်၍ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်က ဒီကမ္ဘာတွေကို ဖမ်းယူပြီး ရွှမ်ဟွမ်ကမ္ဘာထဲကို ပေါင်းစည်းလိုက်မယ်ဆိုရင် ရွှမ်ဟွမ်ကမ္ဘာကို လျင်လျင်မြန်မြန် ကြီးထွားလာအောင် ကူညီပေးနိုင်မှာဖြစ်ပြီး ကြီးထွားဖို့ လိုအပ်တဲ့ အချိန်တွေကို ဘယ်လောက်တောင် လျှော့ချပေးနိုင်မလဲ မသိနိုင်ဘူး…
ဒီလိုဆိုရင် နှစ်ပေါင်း သန်းထောင်ချီ လိုအပ်မယ့် ကြီးထွားမှုအချိန်က အခုဆိုရင် နှစ်သောင်းချီ ဒါမှမဟုတ် နှစ်သိန်းချီလောက်ဆိုရင် လုံလောက်သွားနိုင်တယ်။ ဒါက ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်ရဲ့ ကြီးထွားလာတဲ့ နည်းလမ်း ဒါမှမဟုတ် ကျင့်ကြံတဲ့ နည်းလမ်းပဲ ဖြစ်ရမယ်'
ကျိုးစွေ့မှာ အံ့အားသင့်လျက် ရှိနေလေ၏။
အင်မော်တယ်လောကမှ ဆင်းသက်လာသောအပင်ဟူသော ဂုဏ်ပုဒ်နှင့် အမှန်တကယ်ပင် ထိုက်တန်ပေသည်။ အဆုံးမရှိသော နက်နဲမှုများနှင့် နည်းလမ်းများ ပါဝင်နေပြီး ယခုကဲ့သို့ လူသားလောကသို့ ဆင်းသက်လာခြင်းမှာ သာမန်လူများအတွက်မူ လုံးဝကို အဆင့်ကွာခြားလွန်းသည့် တိုက်ခိုက်မှုမျိုး ဖြစ်ပေ၏။
သာမန်လူများမှာ ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်နှင့် ယှဉ်ပြိုင်နိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။
တစ်ဖက်နှင့်တစ်ဖက် ကွာဟချက်က အလွန်ကို ကြီးမားလွန်းလှပြီး ကိန်းဂဏန်း အချက်အလက်များဖြင့် တိုင်းတာ၍ပင် မရနိုင်ချေ။
မှန်ပေသည်၊ ထိုအလယ်အလတ်ကမ္ဘာမှာ လက်ရှိ ရွှမ်ဟွမ်ကမ္ဘာအတွက်မူ အမှန်တကယ်ပင် သာမန်မျှသာ ဖြစ်သွားချေပြီ။
ကမ္ဘာသုံးခု ပေါင်းစည်းပြီးကတည်းက တစ်အပေါင်းတစ် ဟူသည့် ရိုးရှင်းသော အခြေအနေမျိုး မဟုတ်တော့ပေ။
ယခု ရွှမ်ဟွမ်ကမ္ဘာ၏ ဧရိယာသည် ယခင်ကမ္ဘာသုံးခု ပေါင်းထားသည်ထက် အဆတစ်ရာမက ကြီးမားနေပြီ ဖြစ်၏။
ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်ပေါ်လာရခြင်းမှာ သဘာဝကျစွာပင် ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ စွမ်းအားကြောင့်သာ ဖြစ်ပေသည်။
၎င်းသည် အဆုံးမဲ့လေဟာနယ်အနက်ပိုင်းရှိ စွမ်းအင်များနှင့် ဒြပ်ပစ္စည်းများကို စုပ်ယူနိုင်ပြီး ရွှမ်ဟွမ်ကမ္ဘာ၏ ကိုယ်ထည်ကို အဆက်မပြတ် ချဲ့ထွင်ပေးနိုင်၏။
ထို့ကြောင့်ပင် ရွှမ်ဟွမ်ကမ္ဘာ၏ ဧရိယာနှင့် ထုထည်သည် ဤမျှအထိ အံ့မခန်း ဖြစ်နေရခြင်း ဖြစ်လေသည်။
အလယ်အလတ်ကမ္ဘာတစ်ခုကို ပေါင်းစည်းလိုက်ရုံမျှဖြင့် လက်ရှိ ရွှမ်ဟွမ်ကမ္ဘာအတွက် အမှန်တကယ်တွင်မူ ပို၍ပင် တင့်တယ်သွားစေရုံမျှသာ ဖြစ်ချေသည်။
သို့ရာတွင် ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်က အလယ်အလတ်ကမ္ဘာများကို အဆက်မပြတ် ဖမ်းယူနေသည်နှင့်အမျှ ရွှမ်ဟွမ်ကမ္ဘာ၏ ဧရိယာနှင့် ထုထည်သည်လည်း ပို၍ တိုးတက်လာပေလိမ့်မည်။
'ဒီအလယ်အလတ်ကမ္ဘာတွေက ရွှမ်ဟွမ်ကမ္ဘာထဲကို ပေါင်းစည်းသွားပြီးတဲ့နောက် သူတို့ကမ္ဘာထဲက ကုန်းမြေတွေ၊ ကျွန်းတွေက ရွှမ်ဟွမ်ကမ္ဘာရဲ့ ကုန်းမြေတွေနဲ့ အတူတကွ ပေါင်းစည်းသွားပြီး တစ်သားတည်း ဖြစ်သွားလိမ့်မယ်…
ဒီလိုဆိုရင်တော့ ဒီအခြားကမ္ဘာက သက်ရှိတွေက ရွှမ်ဟွမ်ကမ္ဘာနဲ့ အသားကျမှာ မဟုတ်ဘူး။ ဒါပေမဲ့လည်း ကိစ္စမရှိပါဘူးလေ…
ရွှမ်ဟွမ်ဂိုဏ်းရဲ့ လက်ရှိအင်အားအရဆိုရင် တခြားကမ္ဘာတွေက ကျင့်ကြံသူတွေ အမြောက်အမြား တိုးလာရင်တောင် လုံးဝကို အလွယ်တကူ ဖိနှိပ်ထားနိုင်တယ်'
ကျိုးစွေ့က သူ၏မေးစေ့ကို ပွတ်သပ်လိုက်လေ၏။
အမှန်အတိုင်း ဆိုရလျှင် ရွှမ်ဟွမ်ကမ္ဘာအတွက်မူ ဤသည်မှာလည်း အလွန်ကြီးမားသည့် ကောင်းကျိုးတစ်ခုဖြစ်ပြီး ရွှမ်ဟွမ်ကမ္ဘာ၏ ဆင့်ကဲပြောင်းလဲမှုကို အရှိန်မြှင့်တင်ပေးနိုင်သည်။
တစ်ချိန်တည်းမှာပင် ရွှမ်ဟွမ်ကမ္ဘာ၌ ရှိနေကြသော ကျင့်ကြံသူ အများအပြားသည်လည်း ဤသို့သော ဆင့်ကဲပြောင်းလဲမှုမှ အကျိုးအမြတ်များ ရရှိကြမည်ဖြစ်ကာ ၎င်းတို့၏ ကျင့်ကြံမှုအဆင့်များလည်း လျင်မြန်စွာ တိုးတက်လာစေမည် ဖြစ်၏။
ထို့ကြောင့် ရွှမ်ဟွမ်ကမ္ဘာ၌ နေထိုင်နေကြသော သူ့တာအိုလက်တွဲဖော်များ၏ ကျင့်ကြံမှုအတွက် သူ စိုးရိမ်နေရန် မလိုအပ်တော့ပေ။
ဤမျှ မြန်ဆန်စွာ ဆင့်ကဲပြောင်းလဲနေသော ကမ္ဘာကြီးတွင် ထွက်ပေါ်လာမည့် အရင်းအမြစ်များမှာလည်း သေချာပေါက် များပြားလှမည် မဟုတ်ပါလော။
သူတို့၏ ကျင့်ကြံမှုများလည်း အဆက်မပြတ် တိုးတက်လာမည် ဖြစ်၏။
တာအိုလက်တွဲဖော်များ၏ လက်ရှိကျင့်ကြံမှုများအရ ကြည့်မည်ဆိုလျှင် ကျိပင်းယွီ၊ မုဇီယန်၊ ရှားကျင်းယန်တို့သည် မကြာမီ နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ လှမ်းတက်နိုင်တော့မည် ဖြစ်ပြီး အလွန်ဆုံးမှ နောက်ထပ် ဆယ်စုနှစ် အနည်းငယ်မျှသာ အချိန်ယူရတော့မည် ဖြစ်သည်။
'အင်း… ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်က အဆက်မပြတ် ကြီးထွားနေဆဲပဲ...’
'ဒါက တကယ်ပဲ အင်မော်တယ်လောကနဲ့ ချိတ်ဆက်နိုင်မှာတော့ မဟုတ်ပါဘူးနော်...’
ကျိုးစွေ့သည်လည်း ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ အပြောင်းအလဲများကို ခံစားသိရှိနေရ၏။ ၎င်းကိုယ်ပေါ်ရှိ နွယ်ပင်များသည် လေဟာနယ်အနက်ပိုင်းသို့ ဆက်လက် ထိုးဖောက်ဝင်ရောက်နေဆဲဖြစ်ကာ မည်မျှများပြားသော အတိုင်းအတာများကို ထိုးဖောက်ကျော်ဖြတ်သွားသည်ကို မသိနိုင်ဘဲ အင်မော်တယ်လောကအတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားချင်နေပုံရပေသည်။
လေဟာနယ်အတွင်းရှိ ဤနွယ်ပင်များသည် တစ်ခါတစ်ရံတွင် လေဟာနယ်မုန်တိုင်းများ၏ တိုက်ခိုက်မှုကို ကြုံတွေ့ရလေ့ရှိသော်ငြားလည်း၊ ၎င်းတို့သည် ဤနွယ်ပင်များကို ဖျက်ဆီးနိုင်ခြင်း မရှိသေးပေ။
ဖျက်ဆီးနိုင်ခဲ့လျှင်ပင် လျင်မြန်စွာ ပြန်လည်ရှင်သန်လာဦးမည်သာ ဖြစ်၏။
'အကယ်လို့ အင်မော်တယ်လောကနဲ့ တိုက်ရိုက်ချိတ်ဆက်နိုင်သွားပြီဆိုရင်တော့ ဒါက လုံးဝကို သာမန်မဟုတ်တဲ့ အပင်တစ်ပင် ဖြစ်သွားတော့မှာပဲ...’
'မဟာယာနအဆင့် ကျင့်ကြံသူတွေလိုမျိုး အဆုံးမရှိတဲ့ အင်မော်တယ်စိတ်ဝိညာဉ်ချီတွေကို ဆွဲယူချပေးနိုင်ကောင်း ဆွဲယူချပေးနိုင်လိမ့်မယ်...’
'ဒီလိုသာဆိုရင် ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင် အနီးတစ်ဝိုက်က နေရာတွေက အင်မော်တယ်လောကလိုမျိုး ကျင့်ကြံခြင်းကောင်းချီးမြေ ဖြစ်သွားနိုင်တယ်...’
အနာဂတ်တွင် ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်က မည်သည့်အဆင့်အထိ ဆင့်ကဲပြောင်းလဲသွားမည်ကို ကျိုးစွေ့ အလွန်ပင် မျှော်လင့်စောင့်စားနေမိတော့သည်။
……
အခန်း (၇၅၈) - ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်၏ စွမ်းပကား၊ အလယ်အလတ်ကမ္ဘာများကို ဖမ်းယူခြင်းနှင့် ရွှမ်ဟွမ်ကမ္ဘာ၏ ဆင့်ကဲပြောင်းလဲမှု(၃)။
ထိုအချိန်တွင် ရွှမ်ဟွမ်ကမ္ဘာ၊ ရွှမ်ဟွမ်ဂိုဏ်း၌။
ကုယုံတောင်ထွတ်။
"ဆရာ၊ မကြာခင်မှာ ဆရာလည်း နတ်ဘုရားအသွင်ပြောင်းအဆင့်ကို တက်လှမ်းနိုင်တော့မယ် ထင်တယ်...”
ကျောက်ဟွမ်ကျန်းသည် သူ၏ဆရာ ဝူဝေတာအိုအရှင်ကို ကြည့်ကာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
ရှည်လျားလှသော အချိန်ကာလတစ်ခုအထိ ကျင့်ကြံပြီးနောက် ဝူဝေတာအိုအရှင်သည်လည်း နောက်ဆုံးတွင် ဝိညာဉ်သန္ဓေသား ပြီးပြည့်စုံခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ကာ၊ သက်တမ်းမှာလည်း ကြီးမားစွာ တိုးလာခဲ့ပြီး နတ်ဘုရားအသွင်ပြောင်းကျင့်ကြံသူတစ်ဦး ဖြစ်လာမည့် မျှော်လင့်ချက်များလည်း ရှိလာခဲ့ပြီ ဖြစ်သည်။
"မှန်တယ်။ အမှန်တိုင်းပြောရရင် ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ ငါလည်း မထင်ထားခဲ့ဘူး...”
"ငါ့ဘဝမှာ နတ်ဘုရားအသွင်ပြောင်းအဆင့်ကို တက်လှမ်းနိုင်ဖို့ မျှော်လင့်ချက် မရှိတော့ဘူးလို့ အစက ထင်ထားခဲ့တာ...”
"ဂိုဏ်းချုပ်ကြီးက ရုတ်တရက် ပေါ်ထွက်လာပြီး ကောင်းကင်နဲ့ မြေကြီးကို ပြောင်းလဲကာ ကမ္ဘာသုံးခုကို ပေါင်းစည်းပစ်လိုက်မယ်လို့ ဘယ်သူက ထင်မှတ်ထားခဲ့မိမှာလဲ...”
"အဲဒီကတည်းကစပြီး နတ်ဘုရားအသွင်ပြောင်းအဆင့်ကို တက်လှမ်းဖို့ဆိုတာ ခက်ခဲတဲ့ကိစ္စရပ်တစ်ခု မဟုတ်တော့ဘူး...”
"နတ်ဘုရားအသွင်ပြောင်းအဆင့်တင် မကသေးဘူး။ အနာဂတ်မှာ လေဟာနယ်သန့်စင်ခြင်းအဆင့်၊ ခန္ဓာပေါင်းစည်းခြင်းအဆင့်တွေအတွက်ပါ မျှော်လင့်ချက် ကြီးကြီးမားမား ရှိလာခဲ့ပြီ...”
"အဆိုးဆုံးအခြေအနေနဲ့ နတ်ဘုရားအသွင်ပြောင်းကျင့်ကြံသူ ဖြစ်လာမယ်ဆိုရင်တောင် နှစ်ခြောက်ထောင်လောက် ရှင်သန်နိုင်ပြီလေ...”
"ဒါက အရင်ကဆို စိတ်ကူးတောင် မယဉ်ရဲခဲ့တဲ့ သက်တမ်းပမာဏပဲ...”
ဝူဝေတာအိုအရှင်သည် အလွန် ခံစားချက်ပြင်းပြစွာဖြင့် ပြောလိုက်ကာ သူ၏ မျက်နှာအမူအရာမှာလည်း ပြောမပြတတ်အောင် ရွှင်လန်းနေလေသည်။
သိသာထင်ရှားစွာပင် သူ၏ကျင့်ကြံမှု တိုးတက်လာခြင်းမှာ ခေတ်ကာလပြောင်းလဲမှုနှင့် ကမ္ဘာလောက၏ ပြောင်းလဲမှုများမှ အကျိုးအမြတ် ရရှိခဲ့ခြင်း ဖြစ်ပေသည်။
ယခင်ကဆိုလျှင် သူသည် အခြေခံအားဖြင့် တာအိုလမ်းစဉ်အတွက် မျှော်လင့်ချက်မဲ့နေခဲ့ခြင်း ဖြစ်၏။
ဝိညာဉ်သန္ဓေသား နောက်ဆုံးအဆင့် မဟာကျင့်ကြံသူ ဖြစ်လာနိုင်ခြင်းကပင် ဤဘဝ၏ အဆုံးစွန်ကန့်သတ်ချက် ဖြစ်နေခဲ့သည်။
ရာသီဥတုအပြောင်းအလဲကဲ့သို့ ကမ္ဘာလောကကြီး အသွင်ပြောင်းလဲသွားကာ နောင်တစ်ချိန်တွင် နတ်ဘုရားအသွင်ပြောင်းအဆင့် ဖြစ်လာရန်မှာပင် ခက်ခဲသော ကိစ္စရပ်တစ်ခု မဟုတ်တော့မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။
အချိန်အခါနှင့် ကံကြမ္မာဟုသာ ဆိုရမည် ဖြစ်ပေသည်။
"မဟုတ်လို့လား။ ဂိုဏ်းချုပ်ကြီးက ဒီလောက်များပြားတဲ့ အမွေအနှစ်တွေကို ဘယ်ကနေများ ရလာလဲဆိုတာတောင် မသိရဘူး...”
"အရင်က ကျွန်တော် 'သိဒ္ဓိဝင်ကျမ်းစာတောင်' ပေါ်ကို တက်သွားတုန်းက အဲဒီရဲ့ မာတိကာတွေထဲမှာ ပဉ္စမအဆင့်၊ ဆဋ္ဌမအဆင့်၊ သတ္တမအဆင့် အမွေအနှစ်တွေ အများကြီး ထပ်တိုးလာတာကို အံ့သြဖွယ် တွေ့လိုက်ရတယ်။ အဲဒီလိုမျိုး အမွေအနှစ် ကျင့်စဉ်တွေက ရေတွက်လို့တောင် မရနိုင်လောက်အောင်ပဲ...”
"ဆိုလိုတာက ကျွန်တော်တို့ နောင်တစ်ချိန်မှာ နတ်ဘုရားအသွင်ပြောင်းအဆင့်၊ လေဟာနယ်သန့်စင်ခြင်းအဆင့် စတဲ့အဆင့်တွေကို တက်လှမ်းသွားရင်တောင်မှ ကျင့်ကြံဖို့အတွက် ကျင့်စဉ်တွေ အများကြီးရှိနေတယ်ဆိုတဲ့ သဘောပဲ...”
"ကျွန်တော်တို့ အမွေအနှစ် ပြတ်လပ်သွားမှာကို စိုးရိမ်နေဖို့ လုံးဝ မလိုတော့ဘူး...”
"အမှန်တိုင်းပြောရရင် ဂိုဏ်းချုပ်ကြီးက အင်မော်တယ်ဝင်စားပြီး အင်မော်တယ်မှတ်ဉာဏ်တွေကို ရရှိထားတယ်ဆိုရင်တောင် ဒီလောက်များပြားတဲ့ အမွေအနှစ်တွေကို ရနိုင်မှာ မဟုတ်ဘူးမလား...”
ကျောက်ဟွမ်ကျန်းက သက်ပြင်းချကာ ပြောလိုက်၏။
ဤကမ္ဘာမှ ကျင့်ကြံသူများသည် နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းပြီးနောက် သင့်တော်သည့်ကျင့်စဉ်များကို ရှာဖွေရန် ခက်ခဲလိမ့်မည်ဟု အစက သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်၏။
မည်သို့ပင်ဆိုစေ ယခင်ကျင့်ကြံခြင်းလောက၏ အသန်မာဆုံးသူများဆိုသည်မှာလည်း နတ်ဘုရားအသွင်ပြောင်းကျင့်ကြံသူများသာ ဖြစ်သည်မဟုတ်ပါလော။
ပို၍ အဆင့်မြင့်မားသော ကျင့်စဉ်များနှင့် လျှို့ဝှက်ပညာရပ်များကို ရှာဖွေရန်မှာ အခြေခံအားဖြင့် မဖြစ်နိုင်သောကိစ္စပင် ဖြစ်ပေသည်။
သို့သော် မည်သူက ထင်မှတ်ထားပါမည်နည်း။ ရွှမ်ဟွမ်ဂိုဏ်း၏ 'သိဒ္ဓိဝင်ကျမ်းစာတောင်' တွင် ကျင့်စဉ်အမြောက်အမြားကို စုဆောင်းထားပြီးဖြစ်ကာ အမွေအနှစ်များမှာလည်း ပြိုင်ဘက်ကင်းလောက်အောင် ပြီးပြည့်စုံနေလေသည်။
အမှန်အတိုင်း ဆိုရလျှင် သူတို့၏ဂိုဏ်းချုပ်က တခြားနေရာသို့ သွားပြီး အခြားသူများ၏ အမွေအနှစ်များ အားလုံးကို သယ်ယူလာခဲ့ခြင်းများလားဟုပင် သူ သံသယဝင်မိလေသည်။
သို့မဟုတ်ပါက အမွေအနှစ်များက မည်ကဲ့သို ဤမျှ ပြီးပြည့်စုံနေပါမည်နည်း။
"အမှန်တိုင်း ပြောရရင် ဂိုဏ်းချုပ်ကြီးက ကမ္ဘာဖြတ်ကျော် တည်နေရာပြောင်းအစီအရင်ကို တတ်ကျွမ်းထားတယ်လို့ ငါ သံသယရှိတယ်...”
"အဆုံးမဲ့လေဟာနယ်ထဲမှာ မဟာကမ္ဘာကြီးသုံးထောင် ရှိနေတယ်ဆိုတာ သိထားဖို့ လိုတယ်...”
"ဒီမဟာကမ္ဘာကြီးတွေက စိတ်ဝိညာဉ်ကမ္ဘာတစ်ခုတည်းတင် မဟုတ်ဘူး၊ တခြား မဟာကမ္ဘာကြီးတွေလည်း အများကြီး ရှိသေးတယ်...”
"ပြီးတော့ ဒီမဟာကမ္ဘာကြီးတွေမှာ အလွန် တောက်ပတဲ့ ယဉ်ကျေးမှုတွေလည်း ရှိနေကြတာပဲ...”
"အကယ်၍ ဂိုဏ်းချုပ်ကြီးသာ ဒီကမ္ဘာတွေထဲကို ခိုးဝင်သွားခဲ့မယ်ဆိုရင် အဲဒီကမ္ဘာတွေဆီကနေ အမွေအနှစ်ကျင့်စဉ် အမြောက်အမြားကို ရလာနိုင်တာပဲ...”
ဝူဝေတာအိုအရှင်က သူ၏အမြင်ကို လျှို့ဝှက်ဆန်းကြယ်သည့်ဟန်ဖြင့် ဖွင့်ဟပြောလိုက်၏။
"ဆရာ့အဓိပ္ပာယ်က ဒီအဆင့်မြင့်ကျင့်စဉ်တွေနဲ့ အမွေအနှစ်တွေက ဂိုဏ်းချုပ်ကြီး တခြားကမ္ဘာတွေဆီကနေ ခိုးယူလာခဲ့တဲ့ အသိပညာတွေ ဖြစ်နိုင်တယ်ဆိုတဲ့ သဘောလား...”
ကျောက်ဟွမ်ကျန်း၏ မျက်ဝန်းများမှာ အရောင်လက်သွားလေသည်။
အမှန်အတိုင်းဆိုရလျှင် သူကိုယ်တိုင်ကလည်း ထိုအချက်ကို အလွန်ပင် သံသယရှိနေခဲ့ခြင်း ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော အမွေအနှစ်အသိပညာများက အလွန်ကို ပြီးပြည့်စုံလွန်းနေကာ လူတစ်ဦးတစ်ယောက်တည်းက ဖန်တီးနိုင်စွမ်းရှိသည့် အရာမျိုး လုံးဝ မဟုတ်သောကြောင့်ပင်။
မည်သို့ပင်ဆိုစေ ဤသည်မှာ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာမှ ဉာဏ်ပညာများကို စုစည်းထားသည့် ဉာဏ်ပညာ ပုံဆောင်ခဲများသာ ဖြစ်ပေသည်။
"မှန်တယ်။ ငါ့မှာ ဒီအချက်ကို သက်သေပြနိုင်မယ့် အထောက်အထား ဘာတစ်ခုမှ မရှိပေမဲ့လည်း...”
"ဒါက အမှန်တရားနဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက် နီးစပ်နေတယ်ဆိုတာကိုတော့ ငါ အာမခံရဲတယ်...”
"သေချာတာပေါ့လေ။ ဒါက ငါတို့အတွက်တော့ အမှန်တကယ် ကောင်းတဲ့ကိစ္စပဲ...”
"အကယ်၍ ဂိုဏ်းချုပ်ကြီးကသာ တခြားကမ္ဘာတွေရဲ့ ယဉ်ကျေးမှု အသိပညာတွေကို မခိုးယူလာခဲ့ရင် ငါတို့က ဘယ်လိုလုပ် ဒီလောက်မြန်မြန် ကြီးထွားလာနိုင်ပါ့မလဲ...”
"ကျန်တဲ့ကျင့်စဉ်တွေကို ငါတို့ဘာသာ ငါတို့ ဖန်တီးကြရမှာလား။ ဒါက လုံးဝကို မဖြစ်နိုင်တဲ့ကိစ္စလေ...”
"သူများတွေက ဒီလောက် တိုးတက်နေပြီဆိုတော့ ငါတို့က တိုက်ရိုက် သင်ယူလိုက်ရုံပဲပေါ့။ ကိုယ့်ဘာသာကိုယ် ပင်ပင်ပန်းပန်း ဖန်တီးနေစရာ ဘာလိုတော့လို့လဲ...”
"ကိုယ့်ဘာသာကိုယ် ဖန်တီးရမယ်ဆိုရင် ဖြတ်လမ်းမပါဘဲ ဘယ်လောက်တောင် အချိန်ကုန်ခံရဦးမလဲ မသိနိုင်ဘူး...”
ဝူဝေတာအိုအရှင်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်၏။
သူ့အနေဖြင့် ဤကဲ့သို့ ဖြစ်နေခြင်းကပင် ကောင်းကျိုးတစ်ခုဟု ခံစားနေရ၏။ မည်သို့ပင်ဆိုစေ သစ်ပင်ကြီးအောက်တွင် အရိပ်ခိုရသည်က ပို၍ ကောင်းမွန်သည် မဟုတ်ပါလော။
အခြားကမ္ဘာများမှ အသိပညာများကို ခိုးယူလာလျှင်လည်း ဘာဖြစ်သနည်း။ အားလုံးက ကျင့်ကြံသူများသာဖြစ်ပြီး ဤသည်မှာ အစကတည်းက ရိုးအီနေပြီဖြစ်သော ကိစ္စရပ်တစ်ခုပင် မဟုတ်ပါလော။
ကိုယ့်အင်အားစု၏ အမွေအနှစ်ကို သေချာ မကာကွယ်နိုင်သူများကသာ အရည်အချင်းမရှိခြင်း ဖြစ်လေသည်။
တစ်ဖက်လူက တံခါးဝအထိ လာရောက် ရှာဖွေချင်လျှင်ပင် မည်သည့်နည်းလမ်းမှ ရှိမည်မဟုတ်ပေ။
မဟာကမ္ဘာကြီးနှစ်ခုကို ဖြတ်ကျော်လိုခြင်းမှာ မည်ကဲ့သို့ ထိုမျှ ရိုးရှင်းပါမည်နည်း။
"ဒီလိုဆိုရင်တော့ ဂိုဏ်းချုပ်ကြီးက အရမ်းကို စွမ်းလွန်းနေပြီ မဟုတ်ဘူးလား...”
"သာမန်အားဖြင့်ဆိုရင် ဒီလောက်များပြားတဲ့ အမွေအနှစ်အသိပညာတွေကို အလွန် လုံခြုံအောင် ကာကွယ်ထားသင့်တာလေ...”
"ဂိုဏ်းချုပ်ကြီးက ဒါတွေကို ဘယ်လိုများ ခိုးယူလာခဲ့တာလဲ...”
ကျောက်ဟွမ်ကျန်းက အလွန်တရာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
"တုံးလိုက်တာ။ သေချာပေါက် အတွင်းလူ ရှိနေလို့ပေါ့...”
"နေ့ညမပျက် ဘယ်လောက်ပဲကာကွယ်ပါစေ၊ အိမ်တွင်းသူခိုးကိုတော့ ကာကွယ်ဖို့ ခက်တယ်လေကွာ...”
"ဂိုဏ်းချုပ်ကြီးရဲ့ အချစ်ရေးကံက ဘယ်လောက်တောင်ကောင်းလဲဆိုတာ မင်းလည်း သိတာပဲ...”
"ဘယ်မိန်းမပျို ကျင့်ကြံသူကများ ဂိုဏ်းချုပ်ကြီးကို မြင်လိုက်တာနဲ့ မေတ္တာမသက်ဝင်ဘဲ စိတ်နှလုံးညို့ငင်ခံရတာမျိုး မရှိလို့လဲ...”
"ငါ ခန့်မှန်းရသလောက်ဆိုရင် ဂိုဏ်းချုပ်ကြီးက လှည့်ကွက်လေး နည်းနည်းသုံးပြီး ရုပ်ရည်လေးဗန်းပြလိုက်တာနဲ့ မိန်းမပျိုကျင့်ကြံသူ အများအပြားကို အလွယ်တကူ ညို့ယူဖမ်းစားလို့ရနေပြီ...”
"အဲဒီအချိန်ရောက်ရင် အမွေအနှစ်ကျင့်စဉ် အများအပြားက လက်ထဲ သူ့အလိုလို ရလာတာမျိုး မဟုတ်ဘူးလား...”
ဝူဝေတာအိုအရှင်က ပွင့်ပွင့်လင်းလင်း ပြောလိုက်လေသည်။
သူတို့ဂိုဏ်းချုပ်မှာ အခြားကမ္ဘာများ၌ ဤသို့ လွယ်ကူစွာ ရယူနိုင်ရန်အတွက် သေချာပေါက် ကိုလူချောလှည့်ကွက်ကို အသုံးပြုခဲ့ခြင်းဖြစ်မည်ဟု သူ ခံစားမိလေသည်။
"ဒါလည်း အဓိပ္ပါယ်မရှိတာတော့ မဟုတ်ဘူးပဲ...”
ကျောက်ဟွမ်ကျန်းသည် ဤစကားကို အလွန်သဘောတူပေ၏။
သူတို့ဂိုဏ်းချုပ်အရှင်၏ ဆွဲဆောင်မှုအောက်တွင် တောင့်ခံနိုင်စွမ်းရှိသည့် အမျိုးသမီးကျင့်ကြံသူဆိုသည်မှာ အလွန်ရှားပါးလှသည်ဟုလည်း သူ ထင်မြင်မိလေသည်။
ယခင်က ဂိုဏ်းချုပ်အရှင်သည် သာမန်ကျင့်ကြံသူတစ်ဦးဘဝမှ အလျင်အမြန် ထိပ်တန်းသို့ရောက်ရှိလာခဲ့ခြင်းမှာ သူ၏ဆွဲဆောင်မှုများကို အားကိုးကာ အမျိုးသမီးကျင့်ကြံသူများစွာ၏ မျက်စိကျခြင်းကို ခံရပြီးနောက် သယံဇာတများစွာကို ရယူကာ ကျင့်ကြံခြင်းအဆင့်ကို အလျင်အမြန် မြှင့်တင်နိုင်ခဲ့ခြင်းကြောင့် မဟုတ်ပါလော။
အခြားသော ကမ္ဘာများသို့ သွားရောက်လျှင်တောင်မှ ဂိုဏ်းချုပ်အရှင်၏ ဆွဲဆောင်မှုကို တောင့်ခံနိုင်မည့်သူ ရှိမည်မဟုတ်ပေ။
"အင်း၊ ဂိုဏ်းချုပ်အရှင်က ငါတို့ဆီကို သတင်းတစ်ခု ပို့လိုက်တယ်...”
"ထာဝရစိမ်းလန်းအင်မော်တယ်နွယ်ပင်က အလယ်အလတ်ကမ္ဘာတစ်ခုကို ဖမ်းယူလိုက်ပြီး အဲဒီအလယ်အလတ်ကမ္ဘာက ချင်းကျိုးတိုက်ကြီးထဲကို ပေါင်းစပ်သွားခဲ့ပုံရတယ်...”
"ပြီးတော့ ဒီအလယ်အလတ်ကမ္ဘာထဲမှာ ဒေသခံကျင့်ကြံသူ အများအပြား ရှိနေသေးတယ်...”
"ဒီဒေသခံကျင့်ကြံသူတွေက ရွှမ်ဟွမ်ကမ္ဘာကို ဖျက်ဆီးတာမျိုး မဖြစ်ရအောင် ငါတို့ ရွှမ်ဟွမ်ဂိုဏ်းက ကျင့်ကြံသူတွေ သွားပြီးတော့ ပညာပေးဖို့ လိုအပ်နေတယ်...”
ထိုအချိန်မှာပင် ဝူဝေတာအိုအရှင်သည် သတင်းတစ်ခုကို ချက်ချင်း လက်ခံရရှိလိုက်လေသည်။ ထိုသတင်းမှာ ကျိုးစွေ့ထံမှ ပို့လိုက်ခြင်းပင် ဖြစ်၏။
သူ၏မျက်နှာထက်တွင် စိတ်ဝင်စားဖွယ်ကောင်းသည့် အမူအရာတစ်ခု ချက်ချင်း ပေါ်လာလေသည်။
"အလယ်အလတ်ကမ္ဘာလား...”
"ဆိုလိုတာက ငါတို့ အရင်ကနေခဲ့တဲ့ ကျင့်ကြံခြင်းလောကနဲ့ သိပ်မကွာဘူးပေါ့...”
"ဒီလိုကမ္ဘာမျိုးက ကျင့်ကြံသူတွေရဲ့ စွမ်းအားက အတော်လေး သာမန်မဟုတ်လောက်ဘူး...”
ကျောက်ဟွမ်ကျန်းသည် အံ့ဩသွားလေ၏။
ယခုလက်ရှိ ရွှမ်ဟွမ်ကမ္ဘာ၏ အဆင့်သည် စိတ်ဝိညာဉ်ကမ္ဘာနှင့် သိပ်မကွာခြားသည်မှာ မှန်သော်လည်း ယခုမှ စတင်ဖွံ့ဖြိုးလာခြင်းဖြစ်သောကြောင့် လက်ရှိအချိန်အထိ အလယ်အလတ်ကမ္ဘာတစ်ခု၏ စွမ်းအားနှင့် သိပ်မကွာခြားလှပေ။
သဘာဝကျကျပင် နောင်တစ်ချိန်တွင် အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး လေဟာနယ်သန့်စင်ခြင်းအဆင့်၊ ခန္ဓာပေါင်းစည်းခြင်းအဆင့်နှင့် မဟာယာနအဆင့် ကျင့်ကြံသူများ အများအပြား ပေါ်ထွက်လာမည်မှာ သေချာလှသည်။
သို့သော် ထိုအရာများမှာ နောက်ထပ် နှစ်ထောင်ပေါင်းမည်မျှကြာပြီးမှ ဖြစ်လာမည့် ကိစ္စရပ်များ ဖြစ်ပေသည်။
လက်ရှိ ရွှမ်ဟွမ်ကမ္ဘာသည် နှစ်တစ်ရာ၊ နှစ်ရာခန့်သာ စတင်ဖွံ့ဖြိုးလာခြင်းဖြစ်ရာ နှစ်ပေါင်းသန်းချီ၍ ဖွံ့ဖြိုးလာခဲ့သော ကမ္ဘာကြီးများနှင့် သဘာဝကျကျပင် ယှဉ်နိုင်မည်မဟုတ်ပေ။
အလယ်အလတ်ကမ္ဘာတစ်ခုကို ရင်ဆိုင်ရခြင်းမှာ လွယ်ကူသောကိစ္စ မဟုတ်ချေ။ အနည်းငယ်မျှ မသတိထားမိပါက ရွှမ်ဟွမ်ဂိုဏ်းနှင့် အခြားကမ္ဘာများအကြား စစ်ပွဲများ ဖြစ်ပွားလာနိုင်ပြီး အသေအပျောက်များစွာကို ဖြစ်ပေါ်စေနိုင်သည်။
ဤကိစ္စကို သတိထား၍ ကိုင်တွယ်ရပေမည်။