အခန်း ၁၃
Vol. 2 Ch. 13
အပိုင်း ( ၁၃ )
အောက်ထပ်မှာတော့ ဖူမင်ရှစ်က ဧည့်ခန်းထဲကို ပြန်သွားပြီး အဘိုးဖူအား လမ်းလျှောက်ထွက်ချင်လားဟု မေးလိုက်တော့ အဘိုးဖူက သူ့ကို မယုံသင်္ကာ အကြည့်ဖြင့် ပြန်ကြည့်သည်။ “ မင်း ငါ လမ်းလျှောက်တာကို တကယ် အဖော်လုပ်ပေးချင်တာရော ဟုတ်လို့လား။ ဟိုခပ်ချောချော တိရစ္ဆာန်ဆရာဝန် ကောင်လေးနဲ့ တွေ့ချင်နေတာတော့ မဟုတ်ပါဘူးနော်။ ”
ဖူမင်ရှစ်က “ ဒါဆိုလည်း ကျွန်တော် အခန်းထဲပဲ ပြန်သွားတော့မယ်။ ” ဟု ပြောကာ လှည့်ထွက်လာခဲ့သည်။ အဘိုးဖူကတော့ ဟွန်းခနဲသာ နှာခေါင်းရှုံ့လိုက်ပါသည်။ သူ့မြေးရဲ့ ညတွင်းချင်း ဒရောသောပါး ရောက်လာပုံအကြောင်း ပြန်တွေးမိသောအခါ သူ ဘာမှ ဆက်မပြောတော့ပါ။ တံခါးဝမှာ ဆောင့်ကြောင့်ထိုင်ကာ အပြင်သွားဖို့ စောင့်ဆိုင်းနေတဲ့ ဟွီသန်းကိုသာ လှမ်းခေါ်ပြီး သူနှင့် ရယ်မော ဆော့ကစားနေလိုက်တော့သည်။
အပန်းဖြေစံအိမ်နှင့် မလှမ်းမကမ်းရှိ ပန်းခြံထဲမှာတော့ Golden Retriever ခွေးကြီးတစ်ကောင်က လေဝဲပန်းကန်ပြားလေးကို ပါးစပ်နှင့် ကိုက်ဖမ်းကာ သခင်ဖြစ်သူထံ ပြန်ပြေးလာခဲ့သည်။ ချန်ယိက Golden Retriever ခွေးကြီးရဲ့ ခေါင်းလေးကို ပွတ်သပ်ပေးရင်း လေဝဲပန်းကန်ပြားကို ထပ်ပစ်လိုက်သည်။ သူ မနေ့တုန်းက တွေ့ခဲ့တဲ့ တရုတ်မလေးကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ဝေ့ဝဲရှာဖွေကြည့်ခဲ့သော်လည်း အိမ်ပြန်ချိန် ရောက်တဲ့အထိ သူမကို မတွေ့ခဲ့ပေ။
ထိုညမှာပဲ ကျန်းပေါင်က ဖူမင်ရှစ်နှင့်အတူ အိမ်ပြန်သွားခဲ့သည်။ လေယာဉ်ပေါ်က ဆင်းသည်နှင့် သူတို့ အရင်ဆုံး လုပ်တဲ့ အရာက သူမရဲ့ စာမေးပွဲရလဒ်တွေကို စစ်ဆေးတာပဲ ဖြစ်သည်။ ကျန်းပေါင်က အဖြေတွေကို စစ်ကြည့်တုန်းက အမှတ်အများဆုံး မှန်းဆချက်နှင့် ကိုက်ညီလုနီးပါး ဖြစ်တဲ့ ( ၆၂၆ ) မှတ် ရခဲ့သည်။
သူမက ကွန်ပျူတာ ဖန်သားပြင်ကို ကြည့်ကာ အရူးမလေးတစ်ယောက်လို သွားလေးဖြဲနေခဲ့သည်။ ဘောင်းဘီအိတ်ကပ်ထဲကို လက်ထည့်ထားလျက် သူမနောက်မှာ ရပ်နေတဲ့ ဖူမင်ရှစ်က သူမရဲ့ စာမေးပွဲရလဒ်တွေကို ကြည့်ပြီး ချီးကျူးလိုက်သည်။ “ မင်း တကယ့်ကို ထူးထူးချွန်ချွန်နဲ့ စာမေးပွဲဖြေခဲ့တဲ့ပုံပဲ။ ”
ကျန်းပေါင်က သူမကိုယ်သူမ အမြန် နှိမ့်ချလိုက်သည်။ “ ဒီနှစ် မေးခွန်းလွယ်လို့ပါ။ ”
“ မင်း ဘာလက်ဆောင် လိုချင်လဲ။ ” ဖူမင်ရှစ်က စားပွဲပေါ်မှာ ထိုင်လိုက်ကာ သူ့ခြေထောက်တွေကိုတော့ ကြမ်းပြင်ပေါ်မှာ ပေါ့ပေါ့ပါးပါး ချထားပြီး သူမကို ငုံ့ကြည့်နေသည်။
ကျန်းပေါင်က ကြောင်အမ်းအမ်းနှင့် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ “ ကျွန်မကို ဘာလို့ လက်ဆောင်ပေးမှာလဲ။ ” ဖူမင်ရှစ်က သူမကို လက်ဆောင်တွေ အများကြီး ပေးပြီးပါပြီ။
ဖူမင်ရှစ်က ပြုံးလိုက်သည်။ “ စိတ်ဓာတ်ကျနေတဲ့ မင်းကို အားပေးနှစ်သိမ့်တဲ့ လက်ဆောင်ရယ် ၊ စာမေးပွဲ ကောင်းကောင်း ဖြေနိုင်တဲ့အတွက် ဆုချတဲ့ လက်ဆောင်ရယ်ပေါ့။ ”
ကျန်းပေါင်ကတော့ ဆုလက်ဆောင်တွေ မလိုချင်ဘဲ သူမရဲ့ အမှတ်စာရင်းကို ကြည့်ကာ စိုးရိမ်တကြီး မေးလိုက်သည်။ “ ဘယ်မေဂျာတွေက ပိုကောင်းလဲ ဆိုတာ ရှင် သိလား။ ” လက်ရှိအချိန်မှာ ဘယ်တက္ကသိုလ် ၊ ဘယ်မေဂျာကို ရွေးချယ်ရမလဲ ဆိုတာက ကျန်းပေါင်အတွက် စိုးရိမ်ပူပန်စရာအကောင်းဆုံး ဖြစ်သည်။
ဖူမင်ရှစ်ကိုယ်တိုင်လည်း လွန်ခဲ့တဲ့ နှစ်များစွာတုန်းက အထက်တန်းကျောင်း အောင်ပြီးနောက် မေဂျာရွေးချယ်ရာတွင် စိုးရိမ်ပူပန်မှုတွေ ရှိခဲ့သည်။ အခု သူ့လိုပဲ မေဂျာရွေးဖို့ စိတ်ပူနေတဲ့ ကျန်ပေါင်ကို စီအီးအိုတစ်ယောက်အနေဖြင့် ကြည့်ကာ သူမက ကလေးဆန်စွာ ချစ်စရာကောင်းတယ်လို့ပဲ ခံစားလိုက်ရသည်။ သို့သော် “ ငါ့ကို မင်း လိုချင်တဲဘ လက်ဆောင် ပြောပါ။ ညကျရင် မင်း ရွေးနိုင်တဲ့ မေဂျာစာရင်းကို ပို့ပေးထားမယ်။ ” ဟု လေးလေးနက်နက် ပြောလိုက်သည်။
ကျန်းပေါင်က အကျင့်ပါနေသည့်အတိုင်း နှုတ်ခမ်းလေး ဆူနေသည်။ ဖူမင်ရှစ်က သူမရဲ့ ပန်းရောင် နှုတ်ခမ်းလေးတွေကို ကြည့်ပြီး စိတ်ရှည်လက်ရှည် စောင့်နေခဲ့ရသည်။
ကျန်းပေါင်က အခုထိ အင်တာနက်ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးမပြုတတ်သေးပါ။ သက်ဆိုင်ရာ အချက်အလက်တွေကို သူမဘာသာ ရှာဖွေဖို့ ကြိုးစားတိုင်း အလိုအပ်ဆုံး အချက်အလက်ကို ဘယ်တော့မှ ရှာမတွေ့။ ဖတ်ရင်း ဖတ်ရင်းနှင့် စိတ်ရှုပ်ထွေးလာရလေ့ရှိတာမို့ သူ့အကူအညီကို အမှန်တကယ် လိုအပ်ပါသည်။
“ ကျွန်မ စက်ဘီးလိုချင်တယ်။ ” ကျန်းပေါင်က ခက်ခက်ခဲခဲ စဉ်းစားပြီးမှ သူမ လိုအပ်တဲ့ ပစ္စည်းကို နောက်ဆုံးမှာ တွေးမိသွားသည်။ တက္ကသိုလ်နယ်မြေက အရမ်း ကျယ်ဝန်းတဲ့အတွက် ကျောင်းအဆောင်ကနေ စာသင်ခန်း အဆောက်အအုံတွေဆီသို့ ရောက်ရန် စက်ဘီးစီးသွားဖို့ လိုသည်ဟု သူမ ကြားဖူးသည်။
သူမ စက်ဘီးလိုချင်ရတဲ့ အကြောင်းပြချက်ကို ကြားတော့ ဖူမင်ရှစ်ရဲ့ မျက်ခုံးတွေက မသိမသာ တွန့်ချိုးသွားသည်။ “ မင်းက ကျောင်းတွင်းအဆောင်မှာ နေချင်တာလား။ ”
ကျန်းပေါင်ကို ကြည့်ရသလောက် သူ့စကားက မှန်နေပုံပေါ်သည်။ ဖူမင်ရှစ်က ကျန်းပေါင်အား သူ့အိမ်မှာ ဆက်နေဖို့ ၊ သို့မသုတ် တက္ကသိုလ်နားမှာ သူမအတွက် အိမ်ဝယ်ပေးဖို့ မျှော်လင့်ထားတာပင်။ အတိုချုံ့ ပြောရလျှင် သူ ကျန်းပေါင်နှင့် အတူ ရှိနေချင်သည်။ ထို့ကြောင့် ကျန်းပေါင်အား ကျောင်းတွင်းအဆောင်မှာ နေခြင်းရဲ့ အဆင်မပြေမှုတွေကို ပြောပြလိုက်သည်။ “ ကျောင်းအဆောင်တွေမှာ အကျင့်စရိုက် အမျိုးမျိုး ၊ စိတ်နေစိတ်ထား အမျိုးမျိုး ရှိတဲ့ လူပေါင်းစုံနဲ့ ပြည့်နေတာ။ အဲ့ဒါကြောင့် အဆောင်နေတဲ့ လူအချင်းချင်း ကတောက်ကဆဖြစ်ဖို့ လွယ်တယ် ၊ မိန်းကလေးအဆောင်က ပြဿနာအများဆုံးပဲ။ ”
ကျန်းပေါင် အထက်တန်းကျောင်းသူဘဝတုန်းက ကျောင်းအဆောင်မှာ နှစ်ဝက်ကြာ နေထိုင်ခဲ့ဖူးပါသည်။ အဆောင်မှာ မိန်းကလေး ခြောက်ယောက် ရှိပြီး အားလုံးက တစ်ယောက်ကို တစ်ယောက် ဟင်းချက်ပေးသည် ၊ ရေနွေးအိုးတည်ပေးသည်။ ထို့ကြောင့် သူမရဲ့ ကိုယ်ပိုင် အတွေ့အကြုံကို သုံးပြီး ဖူမင်ရှစ်အား ချေပလိုက်သည်။ “ ရှင် ပြောတဲ့ အခြေအနေတွေက ဖြစ်လေ့ဖြစ်ထ မရှိပါဘူး။ ကျွန်မလည်း အဲ့လောက်တော့ ကံမဆိုးလောက်ပါဘူး။ ”
တက္ကသိုလ်ကာလက လေးနှစ်တိတိ ကြာမှာ ဖြစ်သည်။ ဆိုးဝါးသော အတန်းဖော်တွေနှင့် ဆုံတွေရမှာကို စိုးရိမ်တာ တစ်ခုတည်းကြောင့် ဖူမိသားစုနှင့်အတူ အမြဲတမ်း နေသွားလို့ မရပေ။
ဖူမင်ရှစ်က နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်ထားပြီး သူမကို မှုန်မှိုင်းစွာ ကြည့်နေခဲ့သည်။ ခွင့်မပြုချင်တဲ့ သူ့အမူအရာကို ကြည့်ပြီး ကျန်းပေါင်က ဖန်သားပြင်ဘက်ကို လှည့်ကာ အသံတိုးတိုးလေးနှင့် အသနားခံလိုက်သည်။ “ ကျွန်မ အထူး အခွင့်အရေးတွေ မလိုချင်ဘူး။ ”
သူမရဲ့ အတန်းဖော်တွေသာ သူမနှင့် ဖူမင်ရှစ်ရဲ့ ဆက်ဆံရေးအကြောင်း သိသွားရင် သေချာပေါက် အတင်းတုပ်ကြလိမ့်မည်။ ကောလိပ်ဝင်ခွင့် စာမေးပွဲ ပြီးဆုံးသွားတာ မကြာသေးပါ။ ဖူမင်ရှစ် သူမကို ဝေ့ပေါ်မှာ ဖောလိုးလုပ်လိုက်ကတည်းက ဖော်လိုဝါ တစ်သိန်းကျော်ကို ညတွင်းချင်း ရရှိခဲ့သလို ကွန်းမန့် ပေါင်းစုံလည်း ရောက်လာခဲ့သည်။ ကျန်းပေါင်တစ်ယောက် ဖူမင်ရှစ်ကို မပြောဘဲ အကောင့်လေးတစ်ကောင့်ကို ပြန်မှတ်ပုံတင်တဲ့ထိ ကြောက်ရွံ့သွားခဲ့မိသည်။ ဖူမင်ရှစ် ဖွင့်ပေးထားတဲ့ အကောင့်ကို သူမ ဘယ်တော့မှ ထပ်သုံးဖို့ အစီအစဉ်မရှိပါ။
ကျန်းပေါင်က အရာအားလုံးကို စီစဉ်ထားပြီးသား ဖြစ်သည်။ တက္ကသိုလ်ရောက်သည်နှင့် တစ်ပြိုင်နက် သူမနှင့် ဖူမင်ရှစ်ရဲ့ ဆက်ဆံရေးကို အတတ်နိုင်ဆုံး လျို့ဝှက်ထားပြီး သာမန်ကျောင်းသူ တစ်ယောက်အဖြစ်သာ နေသွားမည်။
ဖူမင်ရှစ်သည် ကျန်းပေါင်ရဲ့ ခေါင်းမာသော ပုံစံလေးကို ကြည့်ကာ ရွာမှာတုန်းက နေ့ရက်တွေကို ရုတ်တရက် ပြန်သတိရသွား၏။ ဘဲငန်းတွေကို ကျောင်းနေရင်း သူ့ကို ကိုက်လိုက်တဲ့ အချိန်ကတည်းက ဒီမိန်းကလေးဟာ နုနယ်ပျော့ပျောင်းပုံပေါ်သော်လည်း အရေးကြီး ကိစ္စတွေနှင့် ပတ်သက်လာလျှင် ခိုင်မာသော သဘောထားတွေ ရှိတာကို နားလည်ခဲ့သည်။
အဲ့ဒီနေ့တုန်းက သူ့အဘိုးသာ အုတ်ဂူရှေ့မှာ ဝမ်းနည်းပက်လက် မငိုကြွေးဘဲ ကျန်းပေါင်ရဲ့ နှလုံးသားကို ပျော့ညံ့သွားအောင် မလုပ်နိုင်ခဲ့ရင် အခုအချိန်မှာ သူမက ဝေးလံခေါင်ဖျားတဲ့ ထိုရွာသေးသေးလေးမှာပဲ ဆက်ရှိနေဦးမှာပါ။
“ ကျောင်းအဆောင်မှာ နေတာကို ခွင့်ပြုပေးမယ်။ ဒါပေမဲ့ မင်း စနေ တနင်္ဂနွေနဲ့ ဆောင်းရာသီကျောင်းပိတ်ရက် ၊ နွေရုသီကျောင်းပိတ်ရက်တွေဆို ဒီမှာ ပြန်နေရမယ်။ ” ဖူမင်ရှစ်က သဘောတူ လိုက်လျောလိုက်ပြီး အခြေအနေတွေကို ထပ်ဖြည့်ပြောလိုက်သည်။
တက္ကသိုလ်ကျောင်းသူဘဝကို မကြုံတွေ့ဖူးသေးတဲ့ ကျန်းပေါင်ကလည်း မဝံ့မရဲ လက်ခံလိုက်သည်။
ဖူမင်ရှစ်သည် ကျန်းပေါင်အား အကောင်းစား လက်ဆောင်တစ်ခု ပေးချင်သော်လည်း ကျန်းပေါင်က သူ ပိုက်ဆံကုန်မှာကို စိုးရိမ်နေတာမို့ စက်ဘီးတစ်စီးသာ ဇွတ်ဝယ်ခိုင်းခဲ့သည်။ ကျန်တဲ့ ဘယ်လက်ဆောင်မှ အလုပ်မဖြစ်တဲ့အဆုံး ဖူမင်ရှစ်က သူမကို စက်ဘီးတစ်စီး ရွေးချယ်နိုင်အောင် ကူညီပေးလိုက်ရတော့သည်။
ဈေးကြီးတဲ့ စက်ဘီးတွေ အများကြီး ရှိသော်လည်း တက္ကသိုလ်ပရဝုဏ် ပတ်ဝန်းကျင်အကြောင်း တွေးမိသောအခါ ဖူမင်ရှစ်သည် အွန်လိုင်းပေါ်မှာ အချက်အလက်တွေကို ရှာဖွေကြည့်ခဲ့ပြီးနောက် ဈေးနှုန်းကို ယွမ် ( ၅၀၀ ) နှင့် ( ၁၀၀၀ ) ကြား သတ်မှတ်လိုက်သည်။ ဈေးကြီးတဲ့ စက်ဘီး ဆိုလည်း မတော်တဆ ပျောက်သွားရင် သူမအတွက် စက်ဘီးအသစ်တစ်စီး အချိန်မရွေး ဝယ်ပေးလို့ ရတာပါပဲ။ ဒါပေမဲ့ ဖူမင်ရှစ်က ကျန်းပေါင် စက်ဘီးကုန်ကျစရိတ်ကို နှမြောနေမှာကို စိုးရိမ်၍ ဈေးသက်သာတဲ့ စက်ဘီးတစ်စီးကိုပဲ ရွေးချယ်လိုက်သည်။ အဲ့ဒါဆို တကယ်လို့ ပျောက်သွားလျှင်တောင် သူမ နှမြောတသ စိတ်မကောင်းဖြစ်စရာ မလိုတော့။
“ မင်း ကြိုက်တဲ့ တစ်စီး ရွေးလိုက်ပါ။ ”
ဖူမင်ရှစ်က လက်ပ်တော့ ဖန်သားပြင်ကို ကျန်းပေါင်ဘက်သို့ လှည့်ပေးလိုက်သည်။ ဖန်သားပြင်ပေါ်မှာ စက်ဘီးဓာတ်ပုံတွေ ပြည့်နှက်နေ၏။ ကျန်းပေါင်က စက်ဘီးတွေ အကုန်လုံးကို သဘောကျပြီး ချစ်စရာကောင်းတဲ့ အရှေ့ဆွဲခြင်းလေး ပါသော ပန်းရောင်နှင့် အဖြူစပ် စက်ဘီးလေးကို ရွေးချယ်လိုက်သည်။
ဖူမင်ရှစ်က သူမရဲ့ အလှအပဆိုင်ရာ အမြင်ကို ဘာမှ မှတ်ချက်မပေးခဲ့ပါ။ သူ ပိုက်ဆံရှင်းဖို့ ပြင်နေတုန်းမှာပဲ အတွေးတစ်ခု ရသွားကာ ကျန်းပေါင်အား လှမ်းခေါ်၍ အွန်လိုင်းပေါ်မှာ ဈေးဝယ်နည်း သင်ပေးလိုက်သည်။ အဲ့ဒါမှ သူမ တက္ကသိုလ်ရောက်တဲ့အခါ နောက်ကွယ်မှာ အဆောင်ဖော်တွေ ဟားတိုက်တာ မခံရမှာပင်။
“ နောက်ပိုင်း မင်း တစ်ခုခု ဝယ်ချင်တာ ရှိရင် ငါ့အကောင့်ကိုပဲ သုံးလိုက်ပါ။ ” ဖူမင်ရှစ်က သူ့ Password ကိုလည်း ပြောပြလိုက်သည်။
ကျန်းပေါင်ကတော့ သဘောထား ခိုင်မာသည်။ “ ဟင့်အင်း … ကျွန်မကိုလည်း ကိုယ်ပိုင်အကောင့်တစ်ခု ဖွင့်ပေးပါ။ အဲ့ဒီအကောင့်ကို ကျွန်မရဲ့ ဘဏ်အကောင့်နဲ့ ချိတ်ဆက်နိုင်အောင်ပဲ ကူညီပေးပါ။ ”
ဖူမင်ရှစ်က သူမကို တစ်ချက် ကြည့်လိုက်သော်လည်း ဇွတ်အတင်း ဖိအားမပေးတော့ပါ။ အဲ့ဒီအစား အခုက စပြီး သူမရဲ့ လစဉ် “ လစာ ” အပြင် အွန်လိုင်းရှော့ပင်ထွက်ရာမှာ သုံးဖို့အတွက် မုန့်ဖိုးပါ ထပ်ထည့်ပေးဖို့ တိတ်တိတ်လေး ဆုံးဖြတ်ချက်ချလိုက်သည်။ ထိုညမှာ ဖူမင်ရှစ်က ကတိပေးထားတဲ့အတိုင်း ထိပ်တန်း တက္ကသိုလ်စာရင်းနှင့် သက်ဆိုင်ရာ မေဂျာကောင်းတွေကို ကျန်းပေါင်ထံ ပို့ပေးခဲ့၏။
သူက မေဂျာတစ်ခုချင်းစီရဲ့ ခက်ခဲမှု ၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် အမျိုးသား-အမျိုးသမီး အချိုးတွေကိုတောင် မှတ်စုရေးထားပေးခဲ့သည်။ ကျန်းပေါင်က သူ ပို့လာတဲ့ အချက်အလက်တွေကို ကြည့်ကာ အွန်လိုင်းပေါ်မှာ ည ( ၁၀ ) နာရီထိုးသည်ထိ ရှာဖွေနေခဲ့သော်လည်း ဘယ်မေဂျာကို ရွေးချယ်ရမလဲ ဆိုတာ မဆုံးဖြတ်နိုင်သေးပေ။
နောက်တစ်နေ့က ဖူမင်ရှစ်ရဲ့ အလုပ်နားရက် ဖြစ်သည်။ အစတုန်းက သူက ကျန်းပေါင်အား အပြင်ကို ခေါ်သွားကာ အတူ လည်ပတ်ဖို့ စီစဉ်ထားပေမဲ့ သူမက ဓမ္မတာလာနေတဲ့အတွက် အပန်းဖြေစံအိမ်မှာပဲ နေခဲ့ကြသည်။
နေ့ခင်းရောက်တော့ ကျန်းပေါင်ရဲ့ စက်ဘီးအသစ်လေး ရောက်လာခဲ့သည်။ ပန်းရောင်စက်ဘီးလေးဟာ အပန်းဖြေစံအိမ်ရဲ့ မြစိမ်းရာင် မြက်ခင်းရှေ့မှာ ရပ်လိုက်တော့ ပိုလို့တောင် လိုက်ဖက်လှပသွားခဲ့လေသည်။
ဖူမင်ရှစ်က သစ်ပင်ရိပ်အောက်မှာ ရပ်ကာ သူမ စက်ဘီးစီးတာကို ကြည့်ဖို့ စောင့်ဆိုင်းနေရင်းမှ “ စမ်းစီးကြည့်လိုက်ပါဦး။ ” ဟု ပြောလိုက်သည်။ ကျန်းပေါင်ကတော့ စက်ဘီးရှေ့မှာ အိုးတိုးအမ်းတမ်း အမူအရာဖြင့် တွန့်ဆုတ်စွာ ရပ်နေခဲ့၏။ ဖူမင်ရှစ်က သူမရဲ့ ပုံစံလေးကို ကြည့်ကာ ကျန်းပေါင်ရဲ့ ရွာက မိသားစုအိမ်ဝင်းထဲမှာ စက်ဘီးတစ်စီးမှ မရှိတာကို ရုတ်တရက် ပြန်သတိရသွားသည်။
သူမဆီ လျှောက်သွားရင်း “ မင်း စက်ဘီးမစီးတတ်ဘူးလား။ ” ဟု ခပ်တိုးတိုး မေးလိုက်တော့ သူမက ရှက်ကိုးရှက်ကန်း ခေါင်းညိတ်ပြသည်။ ဖူမင်ရှစ်က “ လွယ်ပါတယ်။ ” ဟု ပြောကာ စက်ဘီးရဲ့ ဘယ်ဘက်ဘေးကို သွားပြီး ထိုင်ခုံအမြင့်ကို ချိန်ညှိကာ လက်ကိုင်ကို ကိုင်၍ သူမကို အရင်ဆုံး ထိုင်ခိုင်းလိုက်သည်။
လက်ကိုင်ကို မြဲမြံစွာ ကိုင်ထားရင်းမှ “ ခြေနင်းကို နင်းပြီး အရှေ့ကို ဦးတည်သွားလိုက်။ ” ဟု ပြောလိုက်သည်။ “ အရမ်း မကြောက်နဲ့။ မင်း ယိုင်သွားရင် ခြေထောက်တစ်ဖက်နဲ့သာ ထောက်ထားလိုက်။ အဲ့ဒါဆို မလဲကျတော့ဘူး။ ”
ကျန်းပေါင်သည် သူ့စကားကို သံသယရှိသော်လည်း တက္ကသိုလ်ကျောင်းသူတစ်ယောက် ဖြစ်လာတဲ့အလျောက် နည်းနည်းလေး သတ္တိရှိလာခဲ့သည်။ သူမက စက်ဘီးကို နည်းနည်းလောက် စီးလိုက် ၊ ရပ်လိုက်နှင့် ခဏအကြာမှာတော့ စက်ဘီးစီးနည်းကို လျင်မြန်စွာ နားလည်သွားခဲ့သည်။ ဖူမင်ရှစ်က သူမနှင့်အတူ အကွာအဝေးတစ်ခုထိ ခပ်သွက်သွက် လိုက်လျှောက်ပြီးနောက် စက်ဘီးကို တိတ်တိတ်လေး လက်လွှတ်လိုက်သော်လည်း သူမရဲ့ နောက်ကို ဆက်လိုက်နေဆဲ ဖြစ်သည်။
တည့်တည့် သွားရတာက ဘာပြဿနာမှ မရှိတဲ့အတွက် ဖူမင်ရှစ်က ဘယ်ဘက်ကို လှည့်ကြည့်လိုက်သည်။ “ ဘယ်ကို ကွေ့မယ်။ ”
ကျန်းပေါင်က လက်ကိုင်ကို လှည့်လိုက်ပေမဲ့ သူမရဲ့ ခြေထောက်တွေက လက်လှုပ်ရှားမှုနှင့်အတူ လိုက်မလှုပ်ရှားသောကြောင့် စက်ဘီးက ချက်ချင်းပဲ ဘယ်ဘက်ကို ယိုင်သွားသည်။ ဖူမင်ရှစ်က သူမ လဲကျတော့မည် ဆိုတာကို မြင်သည်နှင့် ချက်ချင်း ပြေးသွားပြီး စက်ဘီးလက်ကိုင်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ကျန်လက်တစ်ဖက်ဖြင့် သူမရဲ့ ခါးကို ပွေ့ဖက်ထားလိုက်သည်။ ကျန်းပေါင်ကလည်း သူမကိုယ်သူမတောင် သတိမထားမိဘဲ သူ့ရှပ်အင်္ကျီကို ဆုပ်ကိုင်ထားခဲ့လေသည်။
ဖူမင်ရှစ် စက်ဘီးကို ဟန်ချက်ညီအောင် ထိန်းညှိပေးနေစဉ်မှာ ကျန်းပေါင်က စက်ဘီးထိုင်ခုံပေါ်မှာ ထိုင်လျက် သူ့ရင်ခွင်ထဲကို မျက်နှာအပ်၍ နှစ်မြုပ်ထားခဲ့သည်။ သူက သူမကို စက်ဘီးပေါ်ကနေ အရင်ဆုံး ပွေ့ချီ၍ အောက်ချပေးလိုက်ပြီးမှ “ မင်း အဆင်ပြေရဲ့လား။ ” ဟု စိုးရိမ်တကြီး မေးလိုက်သည်။
ကျန်းပေါင်သည် ထိတ်လန့်မှုကြောင့် ဇောချွေးပြန်နေသော်လည်း ထိခိုက်နာကျင်မှုတော့ မရှိခဲ့ပေ။ အသက်ကို လုရှူနေရင်းမှ သူ့ရင်ခွင်ထဲကနေ အပြုံးလေးဖြင့် ရုန်းထွက်လိုက်သည်။ “ ကျွန်မ ဘာမှ မဖြစ်ပါဘူး ၊ နောက်တစ်ခေါက် ထပ်ကြိုးစားကြည့်ဦးမယ်။ ”
စက်ဘီးစီးနည်းကို အခုမှ သင်ယူလေ့လာခွင့်ရတဲ့အတွက် သူမ စိတ်လှုပ်ရှားနေသေးသည်။ ဖူမင်ရှစ်က ပြုံးလိုက်ပြီး သူမရဲ့ ဘေးကင်းလုံခြုံရေးအတွက် ဆက်လက် စောင့်ကြည့်ပေးနေခဲ့သည်။
စက်ဘီးစီးရတာက ရိုးရှင်းတာမို့ မိနစ် အနည်းငယ်ကြာ လေ့ကျင့်ပြီးနောက်မှာပဲ ကျန်းပေါင် စက်ဘီးစီးတတ်သွား၏။ ခြံဝင်းထဲမှာ နှစ်ကျော့ ၊ သုံးကျော့လောက် လှည့်ပတ်စီးနေရင်း သူမရဲ့ ပါးပြင်လေးတွေက နေအပူရှိန်ကြောင့် ရဲတက်လာခဲ့သည်။ နေရောင်ကာခရင်မ် လိမ်းရခြင်းနှင့် မရင်းနှီးတဲ့ သူမဟာ အသားမည်းညိုသွားလည်း ဂရုမစိုက်ပါ။ ဒါပေမဲ့ အမြော်အမြင်ရှိတဲ့ ဖူမင်ရှစ်ကတော့ သူမ အနာဂတ်မှာ နောင်တရမည်ကို တားဆီးရန်အတွက် အိမ်ထဲကို အချိန်မီ ပြန်ခေါ်လာခဲ့လိုက်သည်။
ပေါ့ပါးပျော်ရွှင်စရာကောင်းသော တစ်ရက်တာ ကုန်ဆုံးသွားပြီးနောက် ဖူမင်ရှစ်က ထုံးစံအတိုင်း အလုပ်ပြန်သွားပြီး ညဘက်မှသာ အိမ်ပြန်လာလေ့ရှိသည်။ လေး ၊ ငါးရက်အတွင်း တက္ကသိုလ်လျှောက်ရတော့မယ့် ကျန်းပေါင်ကလည်း သူမရဲ့ ရွေးချယ်စရာတွေကို အေးအေးဆေးဆေး စဉ်းစားနေခဲ့သည်။
“ ဟွီသန်း … ”
ကျန်းပေါင်သည် မနက်စာစားပြီးနောက် ဖူမင်ရှစ် အလုပ်သွားချိန်မှာ အပေါ်ထပ်ကို ပြန်တက်လာခဲ့လိုက်သည်။ အိပ်ခန်းတံခါးကို တွန်းဖွင့်ကာ ခြေနှစ်လှမ်း ဝင်လာရုံပဲရှိသေး ၊ ကြမ်းပြင်ပေါ်က အစွန်းအထင်း တစ်ခုကို ရုတ်တရက် သတိပြုမိသွား၏။ ထိုအစွန်းအထင်းကို တစ်မိနစ်နီးပါး စိုက်ကြည့်နေမိပြီးမှ အဲ့ဒါက ဘာလဲ ဆိုတာ သဘောပေါက်သွားကာ ဟွီသန်းကို ချက်ချင်း လှမ်းခေါ်လိုက်သည်။
ရွာငယ်လေး တစ်ရွာကနေ မြို့ကြီးပြကြီးကို ပြောင်းရွှေ့လာတာက သူမအတွက်ရော ၊ ဟွီသန်းအတွက်ရော ရုတ်တရက်ဆန်သော ပြောင်းလဲမှုကြီးတစ်ခု ဖြစ်သည်။ ကံကောင်းစွာဖြင့် ဟွီသန်းက သူမရဲ့ ပြောစကားကို လိလိမ္မာမ္မာ နားထောင်ကာ ခွေးအိမ်သာကို အသုံးပြုတတ်အောင် သင်ယူခဲ့ပါသည်။
စားပွဲအောက်ကို ကျန်းပေါင် ငုံ့ကြည့်လိုက်တဲ့အခါ စားပွဲအောက်မှာ လဲလျောင်းရင်း သူမကို သနားစရာ မျက်လုံးလေးများဖြင့် ကြည့်ကာ တအီအီ ညည်းနေတဲ့ ဟွီသန်းကို မြင်လိုက်ရသည်။ အစတုန်းက ဟွီသန်း တမင်သက်သက် ညစ်ပတ်အောင် လုပ်ထားတာလို့သာ ထင်ခဲ့မိသော်လည်း အားအင်ကုန်ခမ်းနေတဲ့ သူ့ပုံစံလေးကြောင့် စိုးရိမ်စိတ်ဝင်လာမိသည်။
သူ နေမကောင်းဖြစ်နေတာလား … ။
ဟွီသန်းကို ကိုင်ကြည့်လိုက်တော့ သူ့ခန္ဓာကိုယ်က နည်းနည်းလေး နွေးနေသည်။ ဒီလို အဖြစ်အပျက်မျိုးကို တစ်ခါမှ မကြုံတွေ့ဖူးတဲ့ ကျန်းပေါင်က ဟွီသန်းရဲ့ ပထမဆုံးအကြိမ် နေမကောင်းဖြစ်ခြင်းကို ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်နေသည်။ ထို့ကြောင့် ဟွီသန်းကို ချက်ချင်းပဲ အောက်ထပ်သို့ ပွေ့ချီလာခဲ့ကာ အဒေါ်ဝမ်ကို အကူအညီတောင်းလိုက်သည်။
ခွေးနေမကောင်းဖြစ်ခြင်းကို အတွေ့အကြုံမရှိတဲ့ အဒေါ်ဝမ်ကလည်း ရေရေရာရာ မသိပေ။ “ အဒေါ်တို့ ဟွီသန်းကို တိရစ္ဆာန်ဆေးရုံကို ခေါ်သွားရင် မကောင်းဘူးလား မိန်းကလေးကျန်း။ ”
ကျန်းပေါင်ရဲ့ ရင်ထဲမှာ ဟွီသန်းကို စိုးရိမ်စိတ်တွေ ပြည့်နှက်နေသည်။ “ အဲ့ဒီ တိရစ္ဆာန်ဆေးရုံက ဘယ်မှာ ရှိလဲ ဆိုတာ အဒေါ် သိလားဟင်။ ”
မခက်ပါ။ အဒေါ်ဝမ်က ဖုန်းကို ထုတ်ကာ အနီးအနားရှိ ဂုဏ်သတင်းကြီးသော တိရစ္ဆာန်ဆေးရုံ တစ်ခုကို အလျင်အမြန် ရှာတွေ့သွားသည်။ “ ဒီဆေးရုံက ရီဗျူးကောင်းတွေ အများကြီး ရထားတာ ၊ အဒေါ်တို့အိမ်ကနေဆို နာရီဝက်လောက်ပဲ သွားရမှာ။ ဒါနဲ့ ဟုတ်သားပဲ … အဒေါ်တို့ လူကြီးမင်းဖူကို အသိပေးဦးမလား။ ”
“ နေပါစေ ၊ အဲ့လောက်ထိ အရေးကြီးတဲ့ ကိစ္စ မဟုတ်ပါဘူး။ ” အလုပ်ရှုပ်နေတဲ့ ဖူမင်ရှစ်ကို ဒီကိစ္စကြောင့် အနှောင့်အယှက်မဖြစ်စေချင်ပါ။ ကျန်းပေါင်သည် ဟွီသန်းကို အောက်ချကာ အပေါ်ထပ်ကို တက်၍ အခန်းထဲက ပိုက်ဆံအိတ် ၊ ဖုန်းနှင့် ကတ်ဒ်တို့ကို အပြေး ယူရသည်။
***