← Chapters

အခန်း ၁၅

Vol. 2 Ch. 15

အခန်း ၁၅

Vol. 2 Ch. 15

အပိုင်း ( ၁၅ )

ဖူမင်ရှစ်သည် ကျန်းပေါင်ရဲ့ သိုသိုသိပ်သိပ် နေထိုင်လိုသော ဆန္ဒကို ဖြည့်ဆည်းပေးရန်အတွက် နောက်တစ်နေ့မှာ သူမအတွက် တမင် တက္ကစီဌား၍ A တက္ကသိုလ်သို့ ပို့‌ပေးခိုင်းလိုက်သည်။

“ ရှေ့မှာ လမ်းပိတ်နေတယ်။ မင်း ဒီမှာပဲ ဆင်းလို့ ရမလား။ ” A တက္ကသိုလ်ဂိတ်ပေါက်နှင့် မလှမ်းမကမ်းရှိ လမ်းဆုံကို ရောက်တော့ တက္ကစီဒရိုင်ဘာက ပိတ်ဆို့နေသော ယာဉ်တန်းကြီးကို ကြည့်ပြီး လှည့်မေးသည်။

“ ရပါတယ် … အဲ့ဒါဆို ကျွန်မ ဒီမှာပဲ ဆင်းလိုက်ပါ့မယ်။ ” သဘောချိုတဲ့ ကျန်းပေါင်က ချက်ချင်းပဲ ခေါင်းညိတ်လက်ခံလိုက်သည်။

တက္ကစီဒရိုင်ဘာက ကားရပ်ပေးသောအခါ ကျန်းပေါင်က သာမန်အမှတ်တံဆိပ် အိတ်တစ်လုံးကို ဆွဲလျက် တက္ကစီပေါ်မှ ဆင်းလာခဲ့သည်။ သူမက ဂျင်းဘောင်းဘီတိုလေးနှင့် အဖြူရောင် တီရှပ်တစ်ထည်ကို ဝတ်ဆင်ထားသည်။ မျက်နှာကိုသာ မကြည့်ရင် လူအုပ်ကြီးထဲမှာ မထင်မရှား ရောနှောသွားမယ့် အသွင်အပြင်မျိုး။

မီးခိုးရောင် ဘောင်းဘီရှည် ၊ အဖြူရောင် တီရှပ် ၊ အားကစားဖိနပ်နှင့် တင်းနစ်ရိုက်တဲ့အခါ ဆောင်းသည့် လျှာထိုးဦးထုပ်လေးကို ဆောင်းထားတဲ့ ဖူမင်ရှစ်ကလည်း သူမရဲ့ နောက်ဘက်က ကားပေါ်ကနေ ဆင်းလာခဲ့သည်။ သူ့အသွင်အပြင်က ခပ်ချောချော အတန်းဖော်တစ်ယောက်နှင့် တူသည်။

သူက ကျန်းပေါင်ရဲ့ ခရီးဆောင် လက်ဆွဲသေတ္တာလေးကို ကားနောက်ခန်းထဲက ထုတ်၍ လက်တစ်ဖက်ဖြင့် ဆွဲလာကာ ကျန်လက်တစ်ဖက်ဖြင့် ကျန်းပေါင်ရဲ့ လက်ကလေးကို သဘာဝကျစွာ ဆုပ်ကိုင်လိုက်သည်။ လမ်းပေါ်မှာ ဥဒဟို သွားလာနေတဲ့ လူ အများစုက ကျောင်းသားသစ်တွေနှင့် သူတို့ရဲ့ မိဘတွေ ဖြစ်လောက်မည်။ ကျန်းပေါင်ရဲ့ မျက်နှာလေးက နီရဲတက်လာပြီး သူ့လက်ကို ရုန်းခါဖို့ ကြိုးစားလိုက်ပေမဲ့ ဖူမင်ရှစ်ကတော့ သူမကို လွှတ်မပေးတဲ့အပြင် သူ့အနားကိုတောင် ပိုလို့ နီးနီးကပ်ကပ် ဆွဲကပ်လိုက်ပြီး “ လူတွေ အရမ်း များတယ် ၊ လမ်းမပျောက်စေနဲ့။ ” ဟု အရှေ့က လမ်းကို ကြည့်လျက် ပြောသည်။

ကျန်းပေါင်က “ ကျွန်မ လမ်းမပျောက်ပါဘူး။ ” ဟု ခပ်တိုးတိုး ရှင်းပြလိုက်သည်။ သူမက ကလေးတစ်ယောက်မှ မဟုတ်တော့တာ … ။

ဖူမင်ရှစ်က သူမရဲ့ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး “ ငါကတော့ ဘာပဲဖြစ်ဖြစ် စိုးရိမ်တယ်။ လူနည်းတဲ့ နေရာကို ရောက်ရင် လက်လွှတ်ပေးလိုက်ပါ့မယ်။ ” ဟု ပြောလျှင် ကျန်းပေါင်တစ်ယောက် ဘာမှ မပြောသာတော့ဘဲ နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်၍ လက်မြှောက် အရှုံးပေးလိုက်ရပါတော့သည်။

~

တက္ကသိုလ်ပရဝုဏ်ထဲမှာ ကျောင်းသားသစ်တွေကို ကြိုဆိုသည့် အနီရောင် ဆိုင်းဘုတ်ကြီးတွေကို နေရာအနှံ့မှာ ထောင်ထားသည်။ မေဂျာ တစ်ခုချင်းစီတိုင်းမှာ သက်ဆိုင်ရာ မေဂျာကျောင်းသားသစ်တွေအား ကြိုဆိုတဲ့ နေရာလေးတွေကို ပြင်ဆင်ထားသည်။

ဖူမင်ရှစ်က တိရစ္ဆာန်ဆေးပညာမေဂျာရဲ့ သင်္ကေတကို လူအုပ်ကြီးကြားထဲကနေ အလျင်အမြန် ရှာတွေ့သွားကာ ကျန်းပေါင်အား ထိုနေရာသို့ ခေါ်လာခဲ့လိုက်သည်။ သူမရဲ့ လက်ကိုတော့ ဆုပ်ကိုင်ထားဆဲ ဖြစ်ပါသည်။

“ ရပြီ … ဒီလောက်ဆို ရပြီ … ” ကျန်းပေါင်သည် ကျောင်းသားသစ်တွေကို ကြိုဆိုသည့် နေရာနှင့် တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ ဖူမင်ရှစ်ရဲ့ လက်မှ လွတ်အောင် ရုန်းကန်မှုကလည်း ပိုအားကောင်းလာခဲ့သည်။ ဖူမင်ရှစ်ကလည်း အဲ့ဒီတော့မှ သူမရဲ့ လက်ကို လွှတ်ပေးလိုက်သည်။

ကျောင်းသားရေးရာ အကြံပေးသူအပြင် စေတနာ့ဝန်ထမ်းအဖြစ် ကျောင်းသားသစ်လေးတွေကို လာရောက်ကြိုဆိုတဲ့ ဒုတိယနှစ်ကျောင်းသား ၊ ကျောင်းသူတွေလည်း ရှိသည်။ စီနီယာ အစ်မကြီးတွေက ဖူမင်ရှစ်နှင့် ကျန်းပေါင်ကို အဝေးမှ လှမ်းမြင်ချိန်ကတည်းက ဖူမင်ရှစ်ကို နှလုံးသားထဲကနေ တိတ်တဆိတ် သဘောကျသွားသလို စီနီယာ အစ်ကိုကြီးတွေကလည်း ဂျူနီယာ ကျောင်းသူသစ်လှလှလေးမှာ ပိုင်ရှင်ရှိပြီးသား ဖြစ်နေတဲ့အတွက် ဝမ်းနည်းသွားကြလေသည်။

သူမဘေးမှာ ဖူမင်ရှစ် ရှိနေတဲ့အတွက် ကျောင်းအပ်ခြင်းဟာ လျင်မြန်ချောမွေ့စွာ ပြီးဆုံးသွားသည်။ လိုအပ်တဲ့ ပစ္စည်းတွေကို သိမ်းဆည်းပြီးနောက် ကျောင်းတွင်းဆောင် အဆောင်အအုံဘက်ကို သူတို့နှစ်ယောက် လျှောက်လာခဲ့ကြသည်။ အဆောင်စောင့် လုံခြုံရေးအဒေါ်ကြီးက သူတို့ကို အဝင်ဝမှာ တားဆီးပြီး ဖူမင်ရှစ်အား နာမည်စာရင်းသွင်းပြီးမှ အထဲဝင်ဖို့နှင့် ဒီနေ့ တစ်ရက်တည်းသာ လိုက်ပို့ခွင့်ရှိကြောင်း ၊ နောက်ပိုင်းမှာ ကျောင်းသားတွေဟာ ကျောင်းသူအဆောင်ထဲကို ဝင်ခွင့်မရှိကြောင်း ပြောခဲ့သည်။

ဖူမင်ရှစ်သည် နှုတ်ခမ်းထောင့်စွန်းမှာ အပြုံးတစ်စွန်းတစ်စ ငြိတွယ်သွားခြင်းနှင့်အတူ နာမည်စာရင်းမှာ မင်ရှစ် ဟူသော နာမည်ကို လက်မှတ်ရေးထိုးခဲ့သည်။ ကျန်းပေါင်ကတော့ ဘေးမှာ ရပ်လျက် ဒီလူဟာ အရမ်း ပျင်းစရာကောင်းပြီး စီအီးအိုတစ်ယောက်နှင့် နည်းနည်းလေးမှ မတူဘူးလို့ ခံစားလိုက်ရသည်။

“ သွားရအောင်။ ” ဖူမင်ရှစ်က ခရီးဆောင်လက်ဆွဲသေတ္တာကို ယူပြီး သူမအား အရှေ့မှ လျှောက်ခိုင်းသည်။ ကျန်းပေါင်က သုံးထပ်မြောက်ရှိ အခန်း ( ၃၀၇ ) မှာ နေရမှာ ဖြစ်သည်။ သူတို့ အခန်းနံပါတ်ကို ရှာတွေ့တဲ့အခါ အခန်းတံခါးက ပွင့်နေပြီ ဖြစ်၍ အခန်းထဲကို ချောင်းကြည့်လိုက်တော့ အထဲမှာ နောက်တစ်ယောက် ရှိနေတာကို တွေ့ရသည်။

ဆံပင်ကို ပေါင်မုန့်လုံးလေးလို ထိပ်မှာ စုချည်ထားပြီး တိုနန့်နန့် ဘောင်းဘီလေးကို ဝတ်ထားတဲ့ ကောင်မလေးက “ နင်လည်း ဒီမှာ နေမှာလား။ ” ဟု စိတ်လှုပ်ရှားစွာ မေးသည်။

ကျန်းပေါင်က ဒီတစ်ယောာက်ဟာ သူမရဲ့ အခန်းဖော်အသစ် ဖ်ြစလိမ့်မည်ဟု ခန့်မှန်းရင်း ရှက်ကိုးရှက်ကန်း ခေါင်းညိတ်ပြလိုက်သည်။

ကျားရှောင်ယုက အခန်းထဲက ပြေးထွက်လာပြီး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ဖို့ ပြင်နေတုန်းမှာပဲ တံခါးဘေးမှာ တစ်ချိန်လုံး ရပ်နေခဲ့တဲ့ အရပ်ရှည်ရှည် ၊ ရုပ်ချောချော အမျိုးသားတစ်ယောက်ကို မြင်လိုက်ရပါသည်။ ကျားရှောင်ယုသည် ချက်ချင်းပဲ ပါးစပ်ကို လက်နှင့် အုပ်လိုက်ပြီး စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်နေသော မျက်လုံးများဖြင့် ဖူမင်ရှစ်နှင့် ကျန်းပေါင်ကို ကြည့်ကာ နာမည်ကျော် အနုပညာရှင်တွေကို တွေ့ရတာထက်တောင် ပိုစိတ်လှုပ်ရှားနေမိသည်။

ကျန်းပေါင်က အရှက်သည်းနေပေမဲ့ ဖူမင်ရှစ်ကတော့ ဒီအခန်းဖော်အသစ်ကို ချိုချိုသာသာ နှုတ်ဆက်လိုက်သည်။ “ တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က ကျန်းပေါင်ရဲ့ ကောင်လေးပါ ၊ T တက္ကသိုလ်မှာ ဒုတိယနှစ် တက်နေတဲ့ ကျောင်းသားတစ်ယောက်ပါ။ ကျန်းပေါင်ကို ရှေ့လျှောက် ဂရုစိုက်ပေးဖို့ မျှော်လင့်ပါတယ်။ သူက နည်းနည်းလေး တုံးတော့ ကိစ္စ တော်တော်များများကို နားမလည်ဘူး။ ”

ဘယ်သူက တုံးလို့လဲ … ။ ကျန်းပေါင်သည် ထိုစကားကြောင့် သူ့ကို မျက်စောင်းထိုးလိုက်၏။ ဖူမင်ရှစ်ကတော့ နူးညံ့သော မျက်လုံး ၊ နွေးထွေးသော အပြုံးဖြင့် သူမကို ငုံ့ကြည့်နေသည်။

“ အား … ငါ ခံနိုင်ရည်မရှိတော့ဘူးဟေ့။ နင့်ကောင်လေးက အရမ်း ချောတာပဲ ကျန်းပေါင်။ ” ချောမောလှပတဲ့ စုံတွဲလေး သူမမျက်စိရှေ့မှာ ချစ်ကြည်နူးနေတာကို မျက်မြင်တွေ့လိုက်ရသော ကျားရှောင်ယုသည် ကျန်းပေါင်အား ပွေ့ဖက်ချင်စိတ်ကို ထိန်းမရတော့ပေ။ ရုပ်ချောတဲ့ ကောင်လေးက သူမအပိုင် မဟုတ်ပေမဲ့ မျက်စိအစာကျွေးစရာလေးတော့ ဖြစ်နေတုန်းပါပဲ။

ကျန်းပေါင်က အနေရခက်စွာ ခေါင်းညိတ်ပြရုံသာ တတ်နိုင်သည်။ ကျားရှောင်ယုရဲ့ မိဘတွေလည်း အခန်းထဲမှာ ရှိနေပြီး တစ်ယောက်က အိပ်ရာခင်းပေးနေကာ ကျန်တစ်ယောက်က ဝရန်တာကို သန့်ရှင်းရေးလုပ်ပေးနေသည်။ ကျန်းပေါင်က သူတို့ကို ဦးလေးနှင့် ဒေါ်လေးကို ယဉ်ကျေးစွာ ခေါ်ဆိုလိုက်ပြီးနောက် ကျားရှောင်ယုရဲ့ အကြံပြုချက်အတိုင်း သူမနှင့် ဘေးချင်းကပ်ရက် အိပ်ရာကို ရွေးလိုက်သည်။

“ ရှင် အခု ပြန်ရင် ပြန်တော့လေ။ ကျန်တာတွေကို ကျွန်မဘာသာ ဆက်လုပ်လိုက်ပါ့မယ်။ ” ကျားရှောင်ယုရဲ့ မိဘတွေ ရှိနေတာမို့ ကျန်းပေါင်က ဖူမင်ရှစ်ကို မြန်မြန် ပြန်လွှတ်ချင်နေသည်။

“ ကိုယ် မင်းကို အိပ်ရာကူခင်းပေးမယ်လေ။ ” ဖူမင်ရှစ်က ကျားရှောင်ယုရဲ့ အဖေက သမီးဖြစ်သူအတွက် အိပ်ရာခင်းပေးနေတာကို တစ်ချက် ကြည့်ကာ ရှူးဖိနပ်တွေကို ခပ်သွက်သွက် ချွတ်ပြီး ခုတင်ပေါ် တက်သွားလိုက်သည်။

“ ကမ္ဘာ့အကောင်းဆုံး ချစ်သူကောင်လေးပဲဟေ့။ ” သူတို့နှစ်ယောက်ကို စုံတွဲဓာတ်ပုံ ရိုက်ပေးချင်နေတဲ့ ကျားရှောင်ယုကို ကျန်းပေါင်က အမြန် ဖြောင်းဖြတားမြစ်၍ ဓာတ်ပုံမရိုက်ချင်ကြောင်း ပြောလိုက်သည်။ ကျားရှောင်ယုကလည်း ကျန်းပေါင် ရှက်နေတာကို သိသွားကာ ချက်ချင်းပဲ ဖုန်းကို ဘေးချပြီး သူမရဲ့ မိဘတွေနှင့်အတူ ကျောင်းကန်တင်းမှာ နေ့လယ်စာစားဖို့ ထွက်သွားခဲ့သည်။ အခန်းထဲမှာ သူတို့နှစ်ယောက်ပဲ ကျန်ခဲ့တဲ့အခါ ကျန်းပေါင်က ဖူမင်ရှစ်ကို မော့ကြည့်ပြီး “ ရှင် အိပ်ရာ ဘယ်လို ခင်းရမလဲ ဆိုတာရော သိလို့လား။ ” ဟု မေးလိုက်သည်။

“ ငါ့ကို ခြင်ထောင်ပေး။ ” ဖူမင်ရှစ်က သူမရဲ့ မွေ့ရာနှင့် ဂွမ်းကပ်တို့ကို သပ်သပ်ရပ်ရပ် ခင်းပေးပြီးနောက် လက်ဆန့်တန်းထုတ်ကာ ခြင်ထောင်ကို လှမ်းတောင်းသည်။ ကျန်းပေါင်က ကျောင်းက ပေးလိုက်တဲ့ အိတ်ကြီးထဲက ခြင်ထောင်ကို ယူကာ သူ့အား ပေးလိုက်သည်။

ဖူမင်ရှစ်သည် အရာအားလုံး ထောင့်စေ့အောင် ပြင်ဆင်ပြီးတော့မှ ရေချိုးခန်းထဲ သွားကာ လက်ဆေးလိုက်သည်။ သူ ပြန်ထွက်လာချိန်မှာ ကျန်းပေါင်အား “ ကန်တင်းကို သွားမလား။ ” ဟု မေးလိုက်တော့ ကျန်းပေါင်က သူ့ကို အံ့ဩသော အကြည့်ဖြင့် ကြည့်နေ၍ ပြုံးမိသွားသည်။

“ ငါ ဗိုက်ဆာနေပြီ။ ထမင်းစားပြီးတာနဲ့ ပြန်မှာပါ။ ”

ကျန်းပေါင်က သူ့ကို ပြန်စေချင်နေပေမဲ့ ထိုအကြောင်းကို သူ့ပါးစပ်က ထုတ်ပြောသောအခါ နည်းနည်းလေး မလုံမလဲ ဖြစ်သွားမိသည်။ ဘာပဲပြောပြော ဖူမင်ရှစ်က သူမကို စိတ်ရောကိုယ်ရော အစစ အရာရာ ကူညီပေးခဲ့သူပင်။ ကျန်းပေါင်သည် ကျားရှောင်ယုလည်း ကန်တင်းမှာ နေ့လယ်စာစားပြီးရင် သူမရဲ့ မိဘတွေနှင့်အတူ တက္ကသိုလ်ပရဝုဏ်ထဲကို လှည့်လည်ကြည့်ရှုဦးမည့် အကြောင်းကို သတိရသွားသောအခါ ပိုက်ဆံအိတ်ကို ယူရင်း တိုးတိတ်စွာ မေးလိုက်သည်။ “ ရှင် … ကျောင်းထဲကို တစ်ပတ်လောက် လမ်းလျှောက်ချင်လား။ ”

ဖူမင်ရှစ်ရဲ့ အကြည့်က ‌နက်ရှိုင်းလေးနက်သွားပြီး အချိန်အတော်ကြာတော့မှ “ အင်း ၊ သွားမယ်လေ။ ” ဟု ပြန်ပြောသည်။ အခန်းတံခါးကို သော့ပိတ်ပြီးတော့ သူတို့နှစ်ယောက်လုံး အောက်ထပ်ကို ပြန်ဆင်းလာခဲ့ကြသည်။

ဖူမင်ရှစ်က ကျန်းပေါင်အား သူမရဲ့ ထမင်းစားကတ်ဒ်ကို ငွေဖြည့်ဖို့အတွက် ခေါ်သွားပေးခဲ့သည်။ ကျန်းပေါင်က သူ့ရှေ့ကနေ အရင် ပြေးသွားပြီး အနီရောင် ငွေစက္ကူတစ်ရွက်ကို ထုတ်ယူကာ ( ၁၀၀ ) ဖြည့်လိုက်သည်။

ဖူမင်ရှစ်က သူမ အစားအသောက်မှာ ပိုက်ဆံချွေတာနေမှာကို စိတ်ပူကာ မျက်မှောင်ကြုတ်လိုက်မိသည်။ အသေအချာပဲ သူတို့ ကျောင်းကန်တင်းကို ရောက်တဲ့အခါ ကျန်းပေါင်က ဈေးသက်သာသော အသီးအရွက်ဟင်းနှစ်ပွဲကိုသာ မှာခဲ့သည်။ သူတို့နောက်မှာ တန်းစီနေတဲ့ လူတွေလည်း ရှိသေး၍ ဖူမင်ရှစ်က လောလောဆယ်တော့ ဘာမှ မပြောသော်လည်း သူ ဟင်းတွေ မှာဖို့ အလှည့်ကျလာတဲ့အခါ အသားဟင်း သုံးမျိုးကို တစ်ထိုင်တည်း မှာယူလိုက်သည်။

စီတန်းနေတဲ့ လူတန်းကြီးရဲ့ အပြင်ဘက်မှာ လင်ဗန်းလေးဖြင့် ရပ်စောင့်နေတဲ့ ကျန်းပေါင်က ဖူမင်ရှစ်ရဲ့ လင်ဗန်းထဲက ဟင်းလျာတွေကို မြင်သောအခါ ဈေးနှုန်းကို ချက်ချင်းပဲ စိတ်ထဲကနေ တွက်ကြည့်လိုက်သည်။ ယွမ် ( ၁၀၀ ) ကို အဲ့ဒီလို သုံးလိုက်တာ ကြည့်ပြီး ကျန်းပေါင် နည်းနည်းလေး ရင်နာသွားသည်။

“ ငါတို့ ခဏနေရင် မင်းရဲ့ ထမင်းစားကတ်ဒ်ထဲကို ပိုက်ဆံထပ်သွားဖြည့်မယ်။ ” ဖူမင်ရှစ်က ထမင်းစားကတ်ဒ်ထဲကို သူ့အိတ်ကပ်ထဲ ထည့်ရင်း သူမအား ခပ်တိုးတိုး ပြောလိုက်သည်။

“ နေပါစေ … မလိုပါဘူး … ” ဟု ကျန်းပေါင်က အလျင်စလို ငြင်းဆန်လိုက်သည်။ ပိုက်ဆံကုန်သွားတာကို နှမြောမိပေမဲ့ သူ ဈေးကြီးတဲ့ အစားအသောက်တွေ မှာတာကို လက်မခံဘူး ဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်ပါ။

“ အခုက စပြီး ထမင်းတစ်နပ်မှာ အနည်းဆုံး အသားဟင်း တစ်မျိုးတော့ မှာစားပါ။ မင်းကို စောင့်ကြည့်ပေးဖို့ မင်းရဲ့ အခန်းဖော်ကို အကူအညီတောင်းထားရမယ်။ မင်း အစားအသောက်ကို များများ မစားရင် လူတိုင်းကို ငါတို့ရဲ့ ဆက်ဆံရေးအကြောင်း အမှန်အတိုင်း ပြောပြလိုက်မယ်။ ” ဖူမင်ရှစ်က ထိုင်ခုံမှာ ဝင်ထိုင်ကာ သူ့လင်ဗန်းထဲက ငါးကင်ကို ကျန်းပေါင်ဘက်သို့ ပြောင်းထည့်ပေးရင်း အေးစက်စွာ ခြိမ်းခြောက်လိုက်သည်။

ကျန်းပေါင် နှုတ်ခမ်းစူလိုက်မိပါသည်။

“ မင်း အပေါစား အဝတ်တွေ ဝတ်လို့ ရတယ် ၊ ဒါပေမဲ့ အစားအသောက်ကိုတော့ ချွေတာစားလို့ မရဘူး။ ငါ့အဘိုးကို စိတ်ပူအောင် မလုပ်ပါနဲ့။ ” ဖူမင်ရှစ်က သူ့လေသံကို ပျော့ပျောင်းစေလိုက်ပြီး သူမရဲ့ လင်ဗန်းထဲကို နောက်ထပ် ပုဇွန် သုံး ၊ လေးကောင် ထပ်ထည့်ပေးလိုက်သည်။

ကျန်းပေါင်သည် သူမနှင့် ပုံမှန် ဗီဒီယိုကောလ်ပြောလေ့ရှိသော သခင်ကြီးကို ပြန်သတိရသွားလျှင် နောက်ဆုံးမှာ ခေါင်းညိတ်လိုက်တော့သည်။

နေ့လယ်စာ စားပြီးနောက် သူတို့နှစ်ယောက် တက္ကသိုလ်တစ်ပတ် လမ်းပတ်လျှောက်ဖို့ ပြင်နေတုန်းမှာပဲ ဖူမင်ရှစ်က ကျန်းပေါင်ရဲ့ ခါးလေးကို ပွေ့ဖက်ပြီး ထမင်းစားကတ်ဒ်ထဲကို ပိုက်ဆံဖြည့်သည့် နေရာကို ပြန်သွားကာ ကိန်းဂဏန်း ( ၅ ) လုံး ပါသည့် ပမာဏကို ချက်ချင်းပဲ ဖြည့်လိုက်လေသည်။

တက္ကသိုလ်ရောက်တာ ပထမဆုံးနေ့မို့ ထိုညမှာပဲ ကျောင်းသားသစ်တွေ အားလုံး တစ်ယောက်နှင့် တစ်ယောက် ရင်းနှီးသိကျွမ်းပြီး အတန်းကော်မတီ ရွေးချယ်နိုင်စေရန်အတွက် အတန်းအစည်းအဝေးလေး တစ်ခု ပြုလုပ်ခဲ့သည်။

ကျန်းပေါင်က သူမရဲ့ အခန်းဖော် သုံးယောက်နှင့်အတူ ထိုင်နေခဲ့သည်။ ဖန်ရွှမ်းနှင့် ချန်းလီလီက အရှေ့တန်းမှာ ထိုင်ပြီး သူမနှင့် ကျားရှောင်ယုကတော့ သူတို့နောက်မှာ ထိုင်သည်။ ကျောင်းသားရေးရာ အကြံပေးက သူတို့က ထိုင်ခုံ အစီအစဉ်အလိုက် တစ်ယောက်ချင်း ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ဖို့ အကြံပေးသည်။

ငါးမိနစ်အကြာမှာတော့ ကျန်းပေါင်ရဲ့ အလှည့်ရောက်လာခဲ့သည်။ သူမက ဒီလောက် အတန်းဖော်တွေ အများကြီးရှေ့ မရောက်တာ အချိန် အတော် ကြာခဲ့ပြီမို့ သူမ မတ်တပ်ရပ်လိုက်သည်နှင့် မျက်နှာနီရဲတက်လာမိသည်။ ကျန်းပေါင် အရှေ့ကို ထွက်သွားတဲ့အခါ သူမရဲ့ ပုံစံလေးက အရမ်းကို အပြစ်ကင်းစင်ပြီး ရှက်ကိုးရှက်ကန်းဖြစ်နေ၍ အတန်းထဲက ကျောင်းသား တစ်ဝက်လောက်က သူမရဲ့ မိတ်ဆက်စကားကို အာရုံစူးစိုက်စွာ နားထောင်ခဲ့ကြသည်။ တချို့ ဆိုလျှင် ဖုန်းတွေကိုပါ ထုတ်ပြီး တိတ်တိတ်လေး ဓာတ်ပုံရိုက်နေ၏။

ကျန်းပေါင်သည် ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပြီးသောအခါ တခြား ကျောင်းသားသစ်တွေရဲ့ မိတ်ဆက်စကားတွေကိုလည်း နားထောင်ဖို့ ထိုင်ခုံကို အမြန် ပြန်လာခဲ့လိုက်သည်။ ကောင်လေး တချို့က သူမကို မကြာခဏ ခိုးကြည့်နေပြီး ဖျတ်ခနဲ အကြည့်ပြန်လွှဲသွားတတ်သည်။

ကျန်းပေါင်ကတော့ နောက်ထပ် အလှည့်ကျလာ၍ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်နေတဲ့ ဖန့်ရွယ် ဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အကြည့်က သူမဆီ မကြာခဏ ဝဲလာတော့မှ သတိထားမိသွားပါသည်။ ကျန်းပေါင် ထိုကောင်မလေးကို စိတ်ဝင်စားသွားပြီး ဂရုတစိုက် နားထောင်ကြည့်လိုက်တော့ သူမဟာ C မြို့တော်က လာသူ ဖြစ်ကြောင်း သိရသည်။

သူတို့အတန်းထဲမှာ သူနဲ့ တူညီတဲ့ ခရိုင်တစ်ခုတည်းက အတန်းဖော် ရှိနေတာပဲ … ။

ကျန်းပေါင်ရဲ့ မျက်လုံးတွေ အရောင်တောက်သွားကာ ထိုကောင်မလေးကို ပြုံးပြလိုက်တော့ စင်မြင့်ပေါ်က ကောင်မလေးကလည်း စိတ်လှုပ်ရှားနေပုံဖြင့် ပြန်ပြုံးပြသည်။ အတန်းကော်မတီ ရွေးချယ်ဖို့ အချိန်ကျရောက်လာတော့ ကျန်းပေါင်သည် အခန်းဖော် သုံးယောက်ရဲ့ အားပေးတိုက်တွန်းမှုအရ ကျောင်းသားရေးရာ သဘာပတိ လုပ်ဖို့ နာမည်စာရင်းသွင်းလိုက်သည်။

ကျောင်းသားရေးရာသဘာပတိ လုပ်လျှင် ပညာသင်ဆုလျှောက်တဲ့အခါ အပိုအမှတ်တွေ ရသည်ဟု သတင်းကြားထားသည်။ သူမရဲ့ ပြိုင်ဖက်ကတော့ မျက်နှာပေါ်မှာ ဝက်ခြံတွေ အများကြီး ရှိတဲ့ ကောင်လေးတစ်ယောက် ဖြစ်ပြီး ပထမအလှည့် မဲပေးခြင်းမှာ ကျန်းပေါင်က မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။

အစည်းအဝေး ပြီးသွားတော့ ကျန်းပေါင် အတန်းထဲက ထွက်လာချိန်မှာပဲ ဖန့်ရွယ် ဆိုတဲ့ ကောင်မလေးက သူမကို လာရှာခဲ့သည်။

“ အယ် … ငါတို့က အထက်တန်းကျောင်း တစ်ခုတည်းမှာ တူတူ တက်ခဲ့ကြတာပဲ။ ငါ ဘာလို့ နင့်ကို အရင်တုန်းက မမြင်ဖူးတာပါလိမ့်။ ” ဟု ဖန့်ရွယ်က တအံ့တဩ မေးလျှင် ဖူမင်ရှစ်ရဲ့ ညွှန်ကြားချက်တွေကို မမေ့သေးတဲ့ ကျန်းပေါင်သည် ခပ်တိုးတိုး ပြန်ဖြေလိုက်၏။

“ ငါက ဆယ်တန်းဖြေပြီးတော့ ကျောင်းတစ်နှစ် အောက်လိုက်သေးတယ် ၊ ငါ့အဒေါ်က ဒီမြို့မှာ နေတော့ အဲ့နောက်ပိုင်း ဒီကို ကျောင်းပြောင်းလာပြီး ငါ့အဒေါ်နဲ့ အတူတူ နေဖြစ်သွားတာ။ ”

ဖန့်ရွယ်က ပိုလို့တောင် အံ့ဩသွားပုံဖြင့် ကျန်းပေါင်ကို ကြည့်ပြီး စကားဆက်သည်။ “ ဒါဆို ငါတို့က အတန်းလည်း တူခဲ့တာပဲ။ ငါက မနှစ်တုန်းက ကောလိပ်ဝင်ခွင့်စာမေးပွဲကို သေချာ မဖြေနိုင်ခဲ့လို့ ဒီနှစ်မှ ထပ်ဖြေပြီး အောင်သွားတာ။ နင် ဆယ်တန်းတုန်းက ဘယ်အခန်းမှာလဲ။ ”

ကျန်းပေါင်သည် သူမရဲ့ ဆယ်တန်းကျောင်းသူဘဝကို ပြန်မှတ်မိအောင် မနည်း အစဖော်၍ သူမ တက်ခဲ့တဲ့ အခန်းကို ပြောပြလိုက်သော်လည်း ဖန့်ရွယ် ဆိုတဲ့ နာမည်နှင့် ဘယ်သူ့ကိုမှ မမှတ်မိပါ။ ဖန့်ရွယ်က မြို့က ဖြစ်ပြီး ကျန်းပေါင်က တောရွာက ဖြစ်သည်။ တစ်ယောက်က အိမ်ကနေ နေ့စဉ် ကျောင်းအသွားအပြန် လုပ်၍ ကျောင်းတက်သူ ဖြစ်ပြီး ကျန်တစ်ယောက်ကတော့ ကျောင်းမှာပဲ ကျောင်းအိပ်‌ကျောင်းစားနေသူ ဖြစ်သည်။ သူတို့ရဲ့ အခန်းတွေကလည်း အပေါ်ထပ် ၊ အောက်ထပ်မို့ ကျန်းပေါင် သူ့ကို မမှတ်မိတာ မထူးဆန်းပါ။

ဘယ်လိုပဲဖြစ်ဖြစ် အထက်တန်းကျောင်းတုန်းက အတန်းဖော်တစ်ယောက်နှင့် မြို့တော်မှာ ပြန်လည်ဆုံတွေ့ရခြင်းက ကျန်းပေါင်ကိုရော ၊ ဖန့်ရွယ်ကိုရော အလွန် ပျော်ရွှင်စေပါသည်။ သူတို့ ဖုန်းနံပါတ်တွေ လဲလှယ်ပြီးနောက် ဖန့်ရွယ်ကလည်း တိုက်ဆိုင်စွာပဲ ကျန်းပေါင်ရဲ့ အဆောင်ဘေးခန်းမှာ နေသူ ဖြစ်နေ၍ နောက်ပိုင်းမှာ သူတို့ မကြာခဏ အပြင်သွားဖို့ သဘောတူလိုက်ကြသည်။

***

All Chapters