← Chapters

အခန်း ၁၆

Vol. 2 Ch. 16

အခန်း ၁၆

Vol. 2 Ch. 16

အပိုင်း ( ၁၆ )

ကျောင်းအပ်ပြီးနောက် ရက်သတ္တပတ် နှစ်ပတ်ကြာ စစ်ရေးလေ့ကျင့်ရေး စတင်ခဲ့လေသည်။

ဖူမင်ရှစ်က ကျန်းပေါင်အတွက် အတော်လေး ဈေးကြီးသော အသားအရေ ထိန်းသိမ်းရေးပစ္စည်း အကောင်းစား တစ် Set ကို ပြင်ဆင်ပေးထားသည်။ ကျန်းပေါင်က ပထမတုန်းကတော့ ထိုပစ္စည်းတွေကို အသုံးမပြုချင်သော်လည်း မနက်စောစောစီးစီး‌ ရေချိုးခန်းထဲက ထွက်လာကြတဲ့ ကျားရှောင်ယုနှင့် ကျန်နှစ်ယောက်ဟာ နေလောင်ကာခရင်မ် လိမ်းရင်း အလုပ်ရှုပ်နေပြီး သူမကိုလည်း လိမ်းဖို့ လှမ်းသတိပေးတဲ့အတွက် ကျန်းပေါင်လည်း ရောမ ရောက်ရင် ရောမလို ကျင့်ဖို့ ဆုံးဖြတ်ကာ သူမရဲ့ ဗီရိုထဲက အသားအရေ ထိန်းသိမ်းရေးပစ္စည်းတွေ အားလုံးကို ထုတ်ယူလိုက်သည်။

ဖန်ရွှမ်း အသုံးပြုနေတဲ့ Skin Care Set က ဈေးအကြီးဆုံးမို့ ကျန်းပေါင်ရဲ့ ပစ္စည်းတွေက သူမနှင့် ယှဉ်လိုက်တဲ့အခါ ထူးခြားမနေပေ။

ထိုအချိန်မှာပဲ ဖန့်ရွယ်က ရုတ်တရက် တံခါး‌လာခေါက်ခဲ့သည်။ “ ကျန်းပေါင် ရှိလား။ ”

ကျန်းပေါင်က လည်ပင်းကို နေလောင်ကာခရင်မ် လိမ်းနေရင်းမှ တံခါးသွားဖွင့်ပေးလိုက်တော့ ဖန့်ရွယ်က ဖန်ရွှမ်းတို့သုံးယောက်ကို အပြုံးလေးဖြင့် နှုတ်ဆက်ပြီးမှ ကျန်းပေါင်အား “ ငါတို့ အတူ သွားကြမလား။ ” ဟု မေးသည်။

“ ရတာပေါ့ ၊ သွားမယ်လေ။ ” ကျန်းပေါင်က ပါးစပ်ကလည်း ပြောရင်း သူမရဲ့ လက်တွေကိုပါ နေလောင်ကာခရင်မ် လိမ်းနေခဲ့သည်။ ဖန့်ရွယ်က ကျန်းပေါင်ရဲ့ စားပွဲပေါ်က ဘူးတွေ ၊ ပုလင်းတွေကို စိုက်ကြည့်လိုက်ပြီး အဲ့ဒါက တော်တော်လေး ဈေးကြီးလို့ သူမ မဝယ်ရဲတဲ့ အမှတ်တံဆိပ်တစ်ခု ဆိုတာကို မှတ်မိသွားသည်။ ဖန့်ရွယ်သည် ကျန်းပေါင်ရဲ့ ဖုန်းကို ထပ်ကြည့်လိုက်တော့ ဖုန်းကလည်း ဇိမ်ခံအမှတ်တံဆိပ်တစ်ခုရဲ့ နောက်ဆုံးပေါ် အမျိုးအစား ဖြစ်နေပါသည်။

ဖန့်ရွယ်တစ်ယောက် နည်းနည်းလေး မနာလိုစိတ်ဝင်သွားသည်။ သူမရဲ့ မိဘတွေက သာမန် ရုံးဝန်ထမ်းတွေသာပင်။ သူမရဲ့ အထက်တန်းကျောင်း အတန်းဖော်တွေကြားမှာ သူမတို့မိသားစုက ချမ်းသာသည်ဟု သတ်မှတ်နိုင်သော်လည်း မြို့တော်က ကျောင်းသားတွေနှင့် ယှဉ်လိုက်လျှင်တော့ သူမက ရုတ်တရက်ပဲ အောက်ဆုံးကို ရောက်သွားသည်။ မနေ့ညတုန်းက ကျန်းပေါင် ဝတ်စားထားပုံက ရိုးစင်းလွန်းတဲ့အတွက် သူမရဲ့ မိသားစုကိုလည်း အလွန် ချမ်းသာလိမ့်မည်ဟု မထင်ခဲ့ပေ။

ကျန်းပေါင် ထမင်းစားကတ်ဒ်နှင့် မနက်စာဖိုးရှင်းနေချိန်မှာ သူမရဲ့ ဘေးဘယ်ညာမှာ ရပ်နေတဲ့ လူတွေက သူမရဲ့ ကတ်ဒ်ထဲက လက်ကျန်ငွေကို မြင်သောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားကြလေသည်။

ဖန့်ရွယ်က ကျန်းပေါင်ရဲ့ နားရွက်နားမှာ ကပ်၍ “ နင် ထမင်းစားကတ်ဒ်ထဲကို အဲ့လောက် ပိုက်ဆံတွေ အများကြီး ဘယ်လိုလုပ် ထည့်ထားတာလဲ။ ” ဟု တိုးတိုးလေး မေးသည်။ ကျန်းပေါင်ကတော့ မနေ့တုန်းက ဖူမင်ရှစ်နှင့် ထမင်းစားကတ်ဒ်ထဲကို ပိုက်ဆံဖြည့်ပေးတဲ့ အဒေါ်ကြီးတို့ ပြောနေတဲ့ စကားတွေကို သတိရသွားကာ မျက်နှာပြောင်တိုက်၍ လိမ်‌ပြောလိုက်သည်။

“ ငါ့အဒေါ်က နောက်ပိုင်းမှာ အလုပ်ရှုပ်သက်သာအောင်လို့ ဆိုပြီး တစ်ခါတည်း အများကြီး ထည့်ပေးထားတာပါ။ ”

ဖန့်ရွယ်က “ နင့်အဒေါ်က အရမ်း ချမ်းသာတာပဲ။ ” ဟု မနာလိုသော အကြည့်ဖြင့် ပြောလိုက်သည်။

ကျန်းပေါင်သည် သူမရဲ့ မနက်စာကို ယူကာ လူတန်းကြီးထဲမှ အရင်ဆုံး ထွက်လာခဲ့လိုက်တော့ စားပွဲမှာ ခုနကတည်းက နေရာယူပြီးတဲ့ ကျားရှောင်ယုက “ ငါတို့ ဒီမှာ။ ” ဟု ဆိုကာ လက်ဝှေ့ယမ်းပြ‌သည်။ ကျန်းပေါင်က ဖန့်ရွယ်နှင့်အတူ သူတို့ဘက်ကို လျှောက်သွားလိုက်ပြီး အနီးကို ရောက်တော့မှ ထမင်းစားဆောင်ထဲမှာ လေးယောက်ဝိုင်းတွေသာ ရှိကြောင်း တွေ့လိုက်ရသည်။

ထို့ကြောင့် သူမနှင့် ဖန်ရွယ်က ကျားရှောင်ယုတို့ဝိုင်းရဲ့ ဘေးဝိုင်းမှာပဲ ထိုင်လိုက်ကြသည်။ သူမ ဖန့်ရွယ်ကို တစ်ယောက်တည်း ထိုင်ရအောင် လုပ်လို့ မဖြစ်ပါ။ ကျားရှောင်ယုကတော့ ဖန့်ရွယ်ကို မျက်စောင်းထိုးပြီး သူမရဲ့ သူငယ်ချင်းတွေကို တစ်ခုခု တီးတိုး ပြောလိုက်တော့ ချန်းလီလီက တခစ်ခစ် ရယ်သည်။ “ နင် မနာလိုနေတာလား။ ”

ကျားရှောင်ယုတစ်ယောက် နှုတ်ခမ်းလေးစူလိုက်မိသည်။ ကျန်တာထက် သူတို့နှင့် အခန်းဖော်လည်း မဟုတ်ပါဘဲ သူတို့နောက်ကို တကောက်ကောက် လိုက်တွယ်ကပ်နေတဲ့ ဖန့်ရွယ်ကို စိတ်ရှုပ်စရာကောင်းသည်လို့သာ ခံစားရရုံပါ။

စစ်ရေးလေ့ကျင့်ရေးအတွက် တန်းစီရချိန်မှာတော့ ကျားရှောင်ယုက ကျန်းပေါင်ကို အစောကြီးကတည်းက ဆွဲခေါ်ပြီး သူတို့နှင့် တစ်တန်းတည်းမှာ ရပ်ခိုင်းထားလိုက်၏။

အဲ့ဒီတော့မှပဲ ဖန့်ရွယ်ကလည်း သူမရဲ့ ကိုယ်ပိုင် အခန်းဖော်တွေကို သွားရှာတော့သည်။

~

လေ့ကျင့်ရေး ပထမနေ့ ပြီးဆုံးသွားသောအခါ ဖန်ရွှမ်းနှင့် ကျန်လူများသည် ပင်ပန်းလွန်း၍ လှုပ်တောင် မလှုပ်ချင်တော့ပေ။ ဒါပေမဲ့ ရွာမှာ ( ၂ ) နှစ်ကျော် လယ်စိုက်လာခဲ့တဲ့ ကျန်းပေါင်အတွက်တော့ ဒီလောက်လေးက မပြောပလောက်ပါ။ ညစာစား ၊ ရေမိုးချိုးပြီးတော့ အချိန်က ရှစ်နာရီစွန်းစွန်းသာ ရှိသေးသည်။

ကျန်းပေါင်က သူမရဲ့ စာကြည့်စားပွဲကို သပ်သပ်ရပ်ရပ်ဖြစ်အောင် သန့်ရှင်းကာ ဖြည်းဖြည်းချင်း ခေါင်းဖြီးရင်း အပန်းဖြေစံအိမ်ကနေ ယူလာခဲ့တဲ့ အင်္ဂလိပ်ဝတ္ထုစာအုပ် တစ်အုပ်ကို ဖတ်နေခဲ့သည်။

“ ငါတို့ရဲ့ ကျောင်းသားရေးရာ သဘာပတိကြီးကတော့ တကယ့်ကို စံပြပဲဟေ့။ နင်က အစအဆုံး အင်္ဂလိပ်လို ရေးထားတဲ့ ဝတ္ထုစာအုပ်ကိုတောင် ဖတ်နိုင်တာပဲ။ ” ကျားရှောင်ယုက ရုတ်တရက်ပဲ သူမအနားကို ရောက်လာခဲ့သည်။ “ နောက်ပိုင်း CET 4 နဲ့ 5 စာမေးပွဲတွေအတွက် နင့်ကိုပဲ အားကိုးရမယ်။ ”

ကျန်းပေါင် ပြုံးလိုက်မိပါသည်။

ထိုအချိန်မှာ စာကြည့်စားပွဲပေါ်က သူမရဲ့ ဖုန်းလေးက ရုတ်တရက်ပဲ အသံမြည်လာသလို ဖူမင်ရှစ်ရဲ့ ပရိုဖိုင်ဓာတ်ပုံကလည်း ဖုန်းမျက်နှာပြင်ပေါ်မှာ ပေါ်လာခဲ့သည်။ ကျန်းပေါင်က အခုချိန်ထိ သူမရဲ့ ဖုန်းထဲက လုပ်ဆောင်ချက်တွေ အားလုံးကို နားမလည်သေးပေ။ သူမရဲ့ ဖုန်းထဲက ဖုန်းနံပါတ်တွေ ၊ ပရိုဖိုင်ဓာတ်ပုံတွေ အားလုံးကို အဘိုးဖူက မှတ်ပေးထားတာ ဖြစ်သည်။

ကျန်းပေါင်က သူမရဲ့ ဖုန်းကို အမြန် ယူလိုက်ပေမဲ့ မျက်စိလျင်တဲ့ ကျားရှောင်ယုက ဖျတ်ခနဲ မြင်လိုက်သေးရာ “ နင့်ကောင်လေးက အခုကတည်းက နင့်ကို ဖုန်းဆက်နေပြီပဲ။ သိပ်ကို အမြော်အမြင်ရှိတဲ့ ကောင်လေးပဲ။ ” ဟု အားရဝမ်းသာ အသံဖြင့် ပြောခဲ့သည်။

ကျန်းပေါင်သည် မျက်နှာလေး ရဲတက်လာကာ လသာဆောင်ဘက်ကို ခပ်သွက်သွက် ထွက်လာပြီး အသံလုံတံခါးကို ဆွဲပိတ်ပြီးမှ ဖုန်းကိုင်လိုက်၏။

“ မင်း ဒီနေ့ စစ်ရေးလေ့ကျင့်ရေး ဆင်းရတယ်မလား။ ” အောက်ထပ်တွေကနေ အဆောင်သူတွေ စကားလက်ဆုံပြောနေကြတဲ့ တိုးတိုးကျိတ်ကျိတ် စကားသံတွေကို ကြားနေရသော်လည်း ဖူမင်ရှစ်ရဲ့ အသံကတော့ သူတစ်ယောက်တည်းအတွက် သီးသန့် ထုတ်လွှင့်ပေးထားတဲ့ ချန်နယ်ကနေ ပျံ့လွင့်လာသကဲ့သို့ တည်ငြိမ်ကြည်လင်နေသည်။

ကျန်းပေါင်က ‘ အင်း ’ လို့ မသဲမကွဲ ဖြေလိုက်သည်။

“ မင်း ပင်ပန်းနေပြီလား။ ” ဖူမင်ရှစ်က ဧည့်ခန်းထဲက ဆိုဖာကို ခပ်လျော့လျော့ မှီထားရင်း သူ့ခြေရင်းမှာ ဆောင့်ကြောင့်ထိုင်နေတဲ့ ဟွီသန်းကို သတိလက်လွတ် ကြည့်နေမိသည်။ သူမ မရှိတော့ခြင်းနှင့်အတူ အပန်းဖြေစံအိမ်ကြီးဟာ ခြောက်ကပ်တိတ်ဆိတ်သွားသလို ခံစားရသည်။

ညစားစားပွဲကနေ အိမ်ပြန်လာချိန်မှာ သူမရဲ့ ခွေးလေးသာ ရှိမနေရင် ဒီတစ်လျှောက်လုံး အရာအားလုံးကို အိပ်မက်,မက်နေခဲ့တာလားလို့ ဖူမင်ရှစ် သံသယဝင်မိမှာပါ။ သူ့အိပ်မက်ထဲမှာ ကျန်းပေါင် တစ်ယောက်တည်းသာ ရှိကောင်း ရှိနိုင်သည်။ သို့သော်လည်း ဖုန်းတစ်ဖက်က သူမရဲ့ စိတ်လှုပ်ရှားနေသော အသံလေးကို ကြား‌ရတော့ သူ့နှလုံးသားထဲမှာ ငြိမ်းချမ်းသွားသည်။

“ အဆင်ပြေပါတယ်။ တခြားလူတွေက ပူတယ်လို့ ပြောကြပေမဲ့ ကျွန်မအတွက်တော့ C မြို့တော်မှာထက်တောင် အများကြီး ပိုအေးတယ်။ ” ကျန်းပေါင်က သူမရဲ့ တက္ကသိုလ်ကျောင်းသူဘဝအကြောင်း ပျော်ရွှင်စွာ ပြောပြနေခဲ့သည်။ “ ဪ … ဟုတ်သားပဲ။ ကျွန်မရဲ့ အတန်းထဲမှာ ကျွန်မနဲ့ အထက်တန်းကျောင်း တစ်ကျောင်းထဲ တက်ခဲ့တဲ့ အတန်းဖော်တစ်ယောက်လည်း ရှိတယ်။ ”

ဖူမင်ရှစ်က အနည်းငယ် မျက်မှောင်ကြုတ်ပြီး “ ယောက်ျားလေးလား ၊ မိန်းကလေးလား။ ” ဟု မေးလိုက်တော့ သူမက “ မိန်းကလေးပါ။ သူက ကျွန်မရဲ့ ဘေးခန်းမှာ နေတာ။ ” ဟု ပြန်ဖြေသည်။

ကျန်းပေါင်က ဆိုဖာကို ပြန်မှီကာ ဟွီသန်းရဲ့ ခေါင်းလေးကို တစ်ချက် ပုတ်လိုက်ရင်းမှ “ မင်း ငါတို့အကြောင်းကို လျို့ဝှက်ထားချင်တယ် ဆိုရင် အဲ့ဒီ အတန်းဖော်ကိုတောင် ပြောပြလို့ မဖြစ်ဘူးနော်။ ” ဟု ပြောလိုက်သည်။ ရင်းနှီးတဲ့ တစ်ယောက်ယောက်ကို ကျန်းပေါင်ရဲ့ နှုတ်ကနေ သူတို့ရဲ့ လျို့ဝှက်ချက်အား လွှတ်ခနဲ ပြောမိပြီး ကိုယ့်ဒုက္ခကိုယ်ရှာမှာကို သူ စိုးရိမ်သည်။

တစ်ခါတရံမှာ ကိုယ်နှင့် ရင်းနှီးတဲ့ လူတွေကပဲ ကိုယ့်ရဲ့ မျက်လှည့်ပြသလို တိုးတက်အောင်မြင်ခြင်းကို လက်မခံနိုင်ဘဲ မနာလိုဖြစ်လေ့ရှိတာပင်။ ကျန်းပေါင်ကတော့ သေချာပေါက် ဖန့်ရွယ်ကို သူမတို့ရဲ့ အကြောင်း ပြောပြမှာ မဟုတ်ပေ။ ဘယ်သူ့ကိုမှလည်း လုံးဝ မလိုအပ်ဘဲ ပြောပြမှာ မဟုတ်။

ဖူမင်ရှစ်သည် ဒီည အလုပ်မများသော်လည်း လွမ်းတဲ့စိတ် တစ်ခုတည်းနှင့် ကျန်းပေါင်ရဲ့ အနားယူချိန်ကို မနှောင့်ယှက်ချင်သောကြောင့် “ မင်း ဒီနေ့ ပင်ပန်းထားတာ ဆိုတော့ စောစော အိပ်တော့လေ။ ” ဟု ပြောလိုက်သည်။

“ ကောင်းပါပြီ။ ရှင်လည်း စောစော အိပ်ပါ။ ” ကျန်းပေါင်က ဖုန်းမချခင် စက္ကန့် အနည်းငယ်လောက် စောင့်ဆိုင်းနေပြီးမှ သူမဘက်က အရင် ဖုန်းချလိုက်သည်။

သူမ အခန်းထဲ ပြန်ဝင်လာတဲ့အခါ ချန်းလီလီက ကျန်းပေါင်ရဲ့ အရပ်ရှည် ၊ ရုပ်ချောပြီး ကိုယ်ကျင့်သိက္ခာကောင်းမွန်တဲ့ ချစ်သူကောင်လေးရဲ့ ဓာတ်ပုံတွေကို ကြည့်ချင်၍ အရင်ဆုံး အူယားဖားရား ပြေးလာခဲ့သည်။ ကျန်းပေါင်ရဲ့ ဖုန်းထဲမှာ ဖူမင်ရှစ်ရဲ့ ဓာတ်ပုံတွေ ရိုက်ထားတာ မရှိတဲ့အတွက် ဖုန်းမှတ်တမ်းထဲက ပရိုဖိုင်ဓာတ်ပုံကိုသာ ပြလိုက်ရပါသည်။

ဓာတ်ပုံထဲမှာ တင်းနစ်ကစားနေတဲ့ ဖူမင်ရှစ်က ဘောလုံးကို လက်ခံယူရန် ခန္ဓာကိုယ်ကို ကိုင်းညွှတ်ထားပြီး အချိန်မရွေး ရိုက်ချလိုက်ရန် အဆင်သင့်ဖြစ်နေသော စိတ်အားထက်သန်မှုကို ထိန်းချုပ်ထားဟန် တောက်ပနေသည့် နက်ရှိုင်းသော မျက်လုံးများဖြင့် အရှေ့တည့်တည့်ကို ကြည့်နေခဲ့လေသည်။

“ ချောလိုက်တာဟယ်။ ” ချန်းလီလီက အချစ်စိတ်မွှန်ကာ သွားရည်တမြားမြားကျတော့မလို ဖြစ်သွားပြီး သူတို့လေးယောက်ထဲမှာ အတည်ငြိမ်ဆုံး ဖန်ရွှမ်းပင်လျှင် မျက်လုံးတွေ တောက်ပလာသည်။

ထိုအချိန်မှာပဲ ကျန်းပေါင်ရဲ့ ဖုန်းထဲကို တင်ခနဲအသံနှင့်အတူ WeChat မက်ဆေ့ခ်ျတစ်စောင် ဝင်လာခဲ့သည်။ ဖန်သားပြင်ပေါ်မှာ ထိုမက်ဆေ့ခ်ျက ဓာတ်ပုံတစ်ပုံကို ပို့လိုက်တာ ဖြစ်ကြောင်း ဖော်ပြနေ၏။ ချန်းလီလီက စပ်စုချင်စိတ်ကို ချိုးနှိမ်ကာ ကျန်းပေါင်အား ဖုန်းကို ယဉ်ကျေးစွာ ပြန်ပေးလိုက်သော်လည်း ကျန်တဲ့ နှစ်ယောက်ကတော့ ကျန်းပေါင်ရဲ့ ရုပ်ချောတဲ့ ချစ်သူကောင်လေး ပို့လိုက်တာ ဖြစ်နိုင်သော ဓာတ်ပုံကို ကြည့်ချင်၍ စုဝေးနေခဲ့သည်။

ကျန်းပေါင်က ဓာတ်ပုံထဲမှာ ဖူမင်ရှစ်ရဲ့ အပန်းဖြေစံအိမ်နှင့် ပတ်သက်တဲ့ တစ်ခုခုကို ရိုက်ပြထားမှာ စိုးရိမ်၍ ထိုဓာတ်ပုံကို သေချာ ကြည့်ပြီးမှ သူတို့ကို ပြလိုက်သည်။ ချစ်စရာ ခွေးမည်းလေး တစ်ကောင်ရဲ့ ဓာတ်ပုံပါ။

“ အဲ့ဒါ … မျိုးစပ်ခွေး မဟုတ်လား။ ” ဟု ချန်းလီချီက တအံ့တဩ မေးလိုက်သည်။

“ နင့်ကောင်လေးက အိမ်မွေးတိရစ္ဆာန်တွေနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ အမြင်ရှိတာပဲ။ ” ဟု ကျားရှောင်ယုကလည်း ထပ်ဖြည့်ပြောသည်။

ကျန်းပေါင်က “ အဲ့ဒါ ငါ့ခွေးပါ။ ” ဟု မနေနိုင်မထိုင်နိုင် ရှင်းပြလိုက်တော့ ကောင်မလေး သုံးယောက်က သူမကို ပြိုင်တူ လှည့်ကြည့်သည်။ “ နင့်ခွေးက ဘာလို့ သူ့ဆီ ရောက်နေတာလဲ။ ” သူတို့ပုံစံက လျို့ဝှက်ချက်ကြီးတစ်ခုကို ဖော်ထုတ်သိရှိသွားတဲ့ ပုံစံမျိုး ဖြစ်သည်။

ကျန်းပေါင်က သူတို့ ပြောချင်တဲ့ အဓိပ္ပာယ်ကို နားမလည်ပေမဲ့ ပါးစပ်ထဲ ပေါ်လာတဲ့ ဆင်ခြေတစ်ခုကို လက်တန်း ပြောလိုက်သည်။ “ ငါ့အဒေါ်က အလုပ်ကိစ္စနဲ့ ခရီးထွက်နေလို့ သူက ငါ့ခွေးကို ရက်ပိုင်းလောက် ခေါ်ထားပေးတာ။ ”

နောက်ကွယ်မှာ ထို့ထက် ပိုတဲ့ အကြောင်းအရာတွေ ရှိနေလိမ့်မယ် ဆိုတာ သေချာ သိတဲ့ ကျားရှောင်ယုနှင့် ကျန်နှစ်ယောက်က “ ဪ … ” လို့သာ တစ်ခွန်းတည်း တုံ့ပြန်လိုက်ကြသည်။

ကျန်းပေါင်ကတော့ အိပ်ရာထဲကို ခုန်ဝင်ပြီး ဖတ်လက်စ စာအုပ်ကို ဆက်ဖတ်နေလိုက်သည်။ စာဖတ်ရင်းနှင့် ဖုန်းကို ယူကာ ဓာတ်ပုံတွေကို ပြန်ကြည့်နေမိသည်။ နှစ်ရက် ၊ သုံးရက်လောက် မတွေ့ရရုံနှင့် ဟွီသန်းကို သူမ လွမ်းလှပါပြီ။

~

လေ့ကျင့်ရေး ငါးရက်မြောက်နေ့မှာတော့ ကျန်းပေါင်ပင်လျှင် ပင်ပန်းစပြုလာပြီး မနက်ပိုင်း လေ့ကျင့်ရေးကိုပင် မနည်း အားယူရုန်းကန်၍ ကျော်ဖြတ်ခဲ့ရသည်။ လူတိုင်းက လေ့ကျင့်ရေးကွင်းကနေ မနက်တုန်းက လူစုခဲ့တဲ့ အဆောင် အဆောက်အအုံသို့ ပြန်သွားဖို့ အတန်းလိုက် တန်းစီခဲ့ကြသည်။

ကျားရှောင်ယုတစ်ယောက် အဆောင်ကို ပြန်သွားနေတဲ့ ဖုန်းက တုန်ခါလာသောကြောင့် ခေါ်ဆိုသူ ID ကို ကြည့်ပြီး အူကြောင်ကြောင် ပုံစံလေးနှင့် ဖုန်းကိုင်လိုက်သည်။ “ ရှင်က … ”

“ ကျွန်တော် ကျန်းပေါင်ကို ဖုန်းဆက်လို့ မရလို့ပါ။ ” ဖူမင်ရှစ်က ကျန်းပေါင်ရဲ့ အဆောင်ကို သွားတဲ့ မိန်းလမ်းဘေးမှာ ရပ်နေပြီး သူ့ရှေ့က ဖြတ်သွားတဲ့ စစ်ရေးလေ့ကျင့်ရေးဆင်းနေသည့် ပထမနှစ်အဖွဲ့လေးတွေကို နက်မှောင်သော မျက်လုံးများဖြင့် စီးမိုးကြည့်ရှုနေခဲ့သည်။

ကျားရှောင်ယုသည် ကျန်းပေါင်အား ဖုန်းပေးဖို့ လုပ်နေတုန်းမှာပဲ မလှမ်းမကမ်းက မြင့်မြင့်မတ်မတ် အသွင်သဏ္ဍာန်ကို ရုတ်တရက် သတိပြုမိသွားကာ သူက ကျန်းပေါင်ရဲ့ ချစ်သူကောင်လေးဖြစ်ကြောင်း မှတ်မိသွား၏။ ကျားရှောင်ယုက ပြုံးလိုက်ပြီး “ ကျွန်မ ရှင့်ကို တွေ့ပြီ။ ကျန်းပေါင်က ကျွန်မရှေ့မှာ ရှိတယ်လေ။ ရှင် သူ့ကို ရှာတွေ့မလား ဆိုတာ ကြည့်မယ်။ ” ဟု ခပ်တိုးတိုး ပြောလိုက်သည်။

ဖုန်းချပြီးသွားတော့ သူမက ကျန်းပေါင်ကို ပြန်လှည့်ကြည့်လိုက်သည်။ ထို့နောက် ပဟေဋိဆန်သော အပြုံးလေးဖြင့် ပြုံးပြကာ ကျန်းပေါင်အား အရှေ့ဘက်ကို မျက်နှာမူခိုင်းထားလိုက်သည်။ ကောင်မလေးတွေ အားလုံး စစ်ယူနီဖောင်းဝတ်ထားသလို နဖူးပေါ်မှာလည်း ဦးထုပ်တွေက ကွယ်နေသေးရာ သူတို့ရဲ့ မျက်နှာကို နည်းနည်းလောက်သာ မြင်ရသည်။ ကျန်းပေါင်ရဲ့ ကောင်လေးက ကျန်းပေါင်ကို ဒီလူအုပ်ကြီးထဲက ရွေးထုတ်နိုင်လျှင်တော့ တကယ့် အချစ်စစ်ပါပဲ။

ဖူမင်ရှစ်က ဖုန်းချလိုက်ပြီးနောက် လမ်းပေါ်က ဆင်းလာကြတဲ့ ပထမနှစ် ကျောင်းသား ၊ ကျောင်းသူတွေကို ကြည့်လိုက်သည်။ မိန်းကလေးတွေက အရှေ့က လျှောက်လာပြီး ယောက်ျားလေးတွေက အနောက်က လျှောက်လာကြသည်။ သူက သစ်ပင်ကြီးတစ်ပင်ရဲ့ ဘေးက ကျောက်ခင်းလမ်းပေါ် သွားကာ သူ့အရပ်အမြင့်ကို အသုံးချ၍ ကောင်မလေးတွေကို တစ်ယောက်ချင်း သေချာ ကြည့်နေမိသည်။

နှစ်မိနစ်အကြာမှာတော့ ဖူမင်ရှစ် သူ့သတို့သမီးလောင်းကို ရှာတွေ့သွားကာ နှုတ်ခမ်းထောင့်စွန်းတွေ ကော့တက်သွားပြီး ကျောက်ခင်း‌လမ်းပေါ်က ဆင်း၍ သူမဆီ ဖြည်းဖြည်းချင်း လျှောက်လာခဲ့လိုက်သည်။

ဒါပေမဲ့ ကျန်းပေါင်ကတော့ သူ့ကို မမြင်ဘဲ ကန်တင်းဘက်ကိုသာ ကြည့်နေခဲ့သည်။ သူမ ဗိုက်ဆာလှပြီ ဖြစ်သော်လည်း ငွေလက်ကျန် မနည်းမနော ရှိတဲ့ ထမင်းစားကတ်ဒ်ကိုရော ၊ ဈေးကြီးတဲ့ ဖုန်းကိုရော အဆောင်အခန်းထဲမှာ ထားခဲ့တာမို့ အဆောင်ကို အရင်ဆုံး ပြန်သွားပြီး ထမင်းစားကတ်ဒ် ယူရပါဦးမည်။ ယူလာခဲ့လျှင် မတော်တဆ ပျောက်သွားမှာ ၊ စစ်ရေးလေ့ကျင့်ရင်း ဖုန်းကျကွဲသွားမှာ စိုးရိမ်ရသည်လေ။

အတွေးထဲမှာ နစ်မျောနေတဲ့ ကျန်းပေါင်ရဲ့ ကျောပြင်ကို ကျားရှောင်ယုက အနောက်ကနေ ရုတ်တရက် ပုတ်လိုက်သည်။ ကျန်းပေါင်က ကျားရှောင်ယုကို လှည့်ကြည့်လိုက်ပေမဲ့ သူမရဲ့ အကြည့်က ကျားရှောင်ယုဆီ မရောက်သေးခင်မှာပဲ အမျိုးသားတစ်ယောက်ရဲ့ ပုံရိပ်ဆီမှာ တစ်ဝက်တစ်ပျက် ရပ်တန့်သွားခဲ့ရသည်။

ဖူမင်ရှစ်က တင်းနစ်ရိုက်တဲ့အခါ ဆောင်းတဲ့ ဦးထုပ်လေးကို ဆောင်းထားပြီး တောက်ပသော နေရောင်က သူ့အနီးတစ်ဝိုက်မှာ နူးညံ့သော အလင်းရောင်ခြည်တွေကို သွန်းလောင်းချထားသလို ခံစားရသည်။ တောက်ပသော နေရောင်အောက်မှာ ထိုအမျိုးသားရဲ့ နက်ရှိုင်းသော မျက်လုံးတွေက သူမတစ်ယောက်တည်းကိုသာ ကြည့်နေခဲ့သည်။

ကျန်းပေါင် သူ့ဘေးကို ရောက်သွားတဲ့အခါ ဖူမင်ရှစ်က ဓာတ်ဘူးလေး တစ်ဘူးကို ကမ်းပေးသည်။ “ ဆားခတ်ထားတဲ့ ရေပဲ။ မင်း ရေဓာတ်ပြည့်သွားအောင် သောက်လိုက်ဦး။ ”

ကျန်းပေါင်က ထိုဓာတ်ဘူးလေးကို လှမ်းယူဖို့ လက်လှမ်းနေတုန်းမှာပဲ ကျားရှောင်ယုက သူမကို လူတန်းကြီးထဲကနေ တွန်းထုတ်ပစ်လိုက်သည်။

မြန်မြန် ယူစမ်းပါဟဲ့ ၊ နင့်နေရာမှာ ငါသာ ဆိုရင် ဒီလောက် ရုပ်ချောပြီး ရိုမန့်တစ်ဆန်တဲ့ ချစ်သူကောင်လေးကို တွေ့တာနဲ့ သူ့ရင်ခွင်ထဲကို ချက်ချင်း ပြေးခုန်ဝင်လိုက်မှာပဲ … ။

ကျန်းပေါင်ကို ကျားရှောင်ယုက တွန်းထုတ်လိုက်ချိန်မှာ အတန်း ( ၂ ) တစ်တန်းလုံးရဲ့ အရှိန်နှုန်းက ရုတ်တရက် လျော့ကျသွားတာကြောင့် ကောင်မလေးတွေက စိတ်လှုပ်ရှားစွာ လှည့်ကြည့်သလို နောက်က ကောင်လေးတွေကလည်း ကျန်းပေါင်ကို အေးဆေးတည်ငြိမ်စွာ ထိန်းကိုင်ထားတဲ့ ဖူမင်ရှစ်ကို တစ်လှည့် ၊ ပန်းသီးနီလေးလို ပါးလေးတွေ ရဲတက်နေတဲ့ သူတို့အတန်းရဲ့ အလှပဂေးလေးကို တစ်လှည့် ကြည့်ကာ တချို့က လေချွန်၍ အားပေးသည်။ တချို့ကတော့ စိတ်ရှုပ်ထွေးကာ ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။

ငါတို့က စစ်ရေးလေ့ကျင့်ပြီးသွားရင် အတန်းရဲ့ အလှပဂေးလေးကို ပိုးပန်းဖို့ တွေးနေတာလေ။ သူ့မှာ ဘယ်လိုလုပ် ပိုင်ရှင် ရှိနေရတာလဲ … ။

***

All Chapters