အခန်း ၁၇
Vol. 2 Ch. 17
အပိုင်း ( ၁၇ )
“ အရှေ့ကို ဆက်သွားမယ်ဟေ့။ ”
နည်းပြက လေသံတင်းတင်းနှင့် ရုတ်တရက် အော်လိုက်တာကို အတန်း ( ၂ ) က ကြောင်အမ်းအမ်း ငေးငိုင်နေဆဲ ဖြစ်သော်လည်း အရှေ့နှင့် အနောက်က အတန်းတွေကတော့ ကျန်းပေါင်တို့ကို ကြည့်ကာ ရယ်သံတွေ ဝေါခနဲ ထွက်လာခဲ့သည်။ နောက်ဆုံးမှ သတိဝင်လာတဲ့ အတန်း ( ၂ ) က နည်းပြနောက်ကို အမြန် လိုက်သွားသော်လည်း နောက်ဘက်က အတန်းတွေရဲ့ စူးစမ်းသော အကြည့်တွေကို ခံစားနေရသောကြောင့် ကျန်းပေါင်တစ်ယောက် မြေအက်ကွဲကြောင်းလေး တစ်ကြောင်းကို ရှာကာ ထိုအက်ကွဲကြောင်းထဲ ဝင်သွားချင်မိသည်။
အခုတော့ ကောင်းရော။ သူမမှာ ရည်းစားရှိတယ် ဆိုတာကို တစ်တန်းလုံးတင် မဟုတ်ဘူး ၊ တိရစ္ဆာန်ဆေးတက္ကသိုလ် တစ်ခုလုံးပါ သိသွားပြီ။
“ မင်းဖုန်းကို ဆက်တာ မကိုင်လို့ပါ။ ” ဖူမင်ရှစ်က ကျန်းပေါင် အကြပ်ရိုက်နေတာကို ကြည့်ပြီး ရှင်းပြဖို့ ဆုံးဖြတ်လိုက်သည်။ အဆောင် အဆောက်အအုံရဲ့ အောက်ထပ်မှာ သူမကို သွားစောင့်နေချင်ပေမဲ့ သူမ ဘယ်အချိန်မှ ပြန်လာမှာလဲ ဆိုတာ မသိသလို အဆောင်ကို ပြန်မလာခင် အတန်းဖော်တွေနှင့်အတူ နေ့လယ်စာ အရင် သွားစားနှင့်မှာကို စိုးရိမ်သောကြောင့် ဒီမိန်းလမ်းကို လာခဲ့လိုက်ခြင်း ဖြစ်သည်။
“ ကျွန်မ စစ်ရေးလေ့ကျင့်နေတဲ့ အချိန်အတွင်း ဖုန်းယူသွားလေ့မရှိလို့ပါ။ ” ကျန်းပေါင်က သူ့ကို အပြစ်မတင်ပါ။ တစ်ကျောင်းလုံးက လူတွေ အကုန် ဖြတ်သွားပြီးတော့မှ ဖူမင်ရှစ်အား လမ်းတစ်ဖက်ရှိ အဆောင်နှစ်ခုကြားက လမ်းသွယ်လေးထဲ အမြန် ခေါ်လာကာ “ ရှင် ဘာလို့ ဒီအချိန်ကြီး လာတာလဲ။ ” ဟု နားမလည်နိုင်စွာ မေးလိုက်သည်။ ရှင့်မှာ နေ့ခင်းဘက်ဆို အလုပ်မရှိဘူးလား … ။
“ နေ့လယ်စာ စားချိန်ဆို အလုပ်သိပ်မရှုပ်လို့ ငါ မင်းနဲ့ တွေ့ရအောက် လာခဲ့တာပါ။ ” ဖူမင်ရှစ်က ခြေနှစ်လှမ်း နောက်ဆုတ်ပြီး ကျန်းပေါင်ကို ငုံ့ကြည့်လိုက်တော့ သူမရဲ့ မျက်နှာ တစ်ဝက်လောက်ကို စစ်ဦးထုပ်က ဖုံးကွယ်ထားတာကို တွေ့ရသည်။ ဒါကလည်း အရပ်ရှည်လွန်းခြင်းရဲ့ ဆိုးကျိုးတွေထဲက တစ်ခု။
သူ့အကြည့်က သိသာလွန်းတာမို့ ကျန်းပေါင်က သူမရဲ့ မျက်နှာကို ပွတ်သပ်ကြည့်ရင်း ရယ်မောသည်။ “ ကျွန်မ နေလောင်သွားလို့လား။ ”
“ နည်းနည်းလေးပါ။ ” ဖူမင်ရှစ်က သူမရဲ့ ဦးထုပ်ကို ကူချွတ်ပေးလိုက်ပြီး တစ်ချိန်တည်းမှာပဲ သူမရဲ့ နဖူးမှာ ကပ်ငြိနေတဲ့ ဆံနွယ်မျှင် တချို့ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်ပေးလိုက်သည်။
သူတို့နှစ်ယောက်ရဲ့ အနေအထားက အရမ်းကို နီးကပ်နေတာကြောင့် ကျန်းပေါင်က တခြားလူတွေ မြင်သွားမှာ စိုးရိမ်၍ ဓာတ်ဘူးလေးကို ပွေ့ပိုက်ပြီး တစ်ဖက်ကို လှည့်ကာ ရေသောက်ရင်း ရှက်ရွံ့မှုကို ဖုံးကွယ်ထားလိုက်၏။ ကောင်မလေး ခေါင်းမော့လိုက်တဲ့အခါ နေရောင်ခြည်အောက်မှာ ပွင့်လန်းလာခါစ ပန်းပွင့်ဖတ်လေးတွေလို ဖြူဥနုမွတ်ကာ နူးညံ့သိမ်မွေ့သော ဘေးတစောင်း မျက်နှာလေးနှင့် လည်တိုင်တို့က လှစ်ခနဲ တစ်စွန်းတစ ထွက်ပေါ်လာသည်။ မြင်သူတိုင်းကို သူမအား ထိတွေ့ကိုင်တွယ်ကြည့်ချင်အောင် ဆွဲဆောင်နေပေမဲ့ သူတို့ကြောင့် သူမ မတော်တဆ ထိခိုက်သွားမှာကိုလည်း စိုးရိမ်မိစေသည်။
ဖူမင်ရှစ်ရဲ့ မျက်လုံးတွေက မည်းမှောင်သွားသည်။
သူမက သိပ်ကို ဖြူစင်ရိုးသားလွန်းသည်။ သူမရဲ့ ဆွဲဆောင်မှုအောက်မှာ သူ အလွယ်တကူ ကျရှုံးမိသော်လည်း ထိုဖြူစင်မှုကြောင့်ပင် စာကြိုးစားနေတဲ့ ပထမနှစ်ကျောင်းသူလေးကို ကြောက်လန့်အောင် လုပ်မိမှာ စိုးရိမ်၍ သူ့ဘက်က လှုပ်ရှားဖို့ အမြဲတမ်း အခက်တွေ့ရသည်။
စာကြည့်ခန်းထဲမှာ အစမ်းစာမေးပွဲ ဖြေနေတဲ့ ကျန်းပေါင်ရဲ့ ပုံရိပ်လေးတွေ ၊ သူနှင့်အတူ စာရင်းဇယားဖိုင်တွေကို ရေးဆွဲတတ်အောင် စိတ်ဝင်တစား သင်ယူနေတဲ့ ပုံရိပ်လေးတွေ … အရာအားလုံးက သူ့အား သူမအပေါ် မရိုးမသား မကြံစည်မိအောင် သတိပေးနေသည်။
“ အဘိုးက မင်းကို ဓာတ်ပုံရိုက်ပြီး သူ့ဆီ ပို့ပေးဖို့ မှာလိုက်တယ်။ ” ဖူမင်ရှစ်က ဖုန်းကို ထုတ်လိုက်သည်။ သူ ရည်ညွှန်းချင်တဲ့ အဓိပ္ပာယ်က သိသာထင်ရှားပါသည်။ ထို့နောက် သူ့ဘေးက နှစ်တစ်ရာပင်ကြီးကို လက်ညိုးထိုးကာ ကျန်းပေါင်အား ထိုသစ်ပင်အောက်မှာ သွားရပ်ခိုင်းလိုက်သည်။ ကျန်းပေါင်ကလည်း အဘိုးဖူရဲ့ တောင်းဆိုမှု ဖြစ်နေ၍ သစ်ပင်အောက်သို့ နာခံစွာ သွားကာ သူ့ကို ခပ်ဖွဖွ ပြုံးပြ၍ ပို့စ်ပေးနေခဲ့လေသည်။
ဖူမင်ရှစ်က ကျန်းပေါင် တစ်ယောက်တည်းရဲ့ ဓာတ်ပုံတွေ အများကြီးကို တရစပ် ရိုက်လိုက်ပြီးနောက် သူမဆီ လျှောက်သွားကာ သူမရဲ့ မျက်လုံးတွေထဲကို စိုက်ကြည့်လိုက်သည်။ “ တစ်ပုံလောက် အတူတူ တွဲရိုက်ကြမလား။ ”
ကျန်းပေါင်ရဲ့ အပြုံးက အနေရခက်နေပုံ ဖြစ်သွားသောကြောင့် ဖူမင်ရှစ်က “ ရိုက်လိုက်ပါ။ ငါ မင်းနဲ့ တကယ် လာတွေ့ခဲ့တယ် ဆိုတာ သက်သေပြရအောင်လို့လေ။ အဲ့ဒါမှ အဘိုးက စိတ်အေးမှာ။ ” ဟု ပြောကာ သူ့လက်တစ်ဖက်အား ကျန်းပေါ်ရဲ့ ပခုံးပေါ်သို့ ကျွမ်းကျင်သွက်လက်စွာ တင်လိုက်သည်။ အဲ့ဒီနောက် ကင်မရာရှုထောင့်ကို ချိန်ညှိပြီး သူမ သဘာဝဆန်ဆန်လေး ပြုံးနေခိုက်မှာ အတူတူ ဆယ်လ်ဖီဓာတ်ပုံ ရိုက်လိုက်ကြသည်။ သူမ တက္ကသိုလ်တက်နေတဲ့ နှစ်တွေ တစ်လျှောက်လုံးမှာ သူမကို ဒီလိုပဲ အဖော်ပြုပေးရပါဦးမည်။
~
ကျန်းပေါင်သည် ဖူမင်ရှစ်ကို အောက်ထပ်မှာ စောင့်ခိုင်းထားပြီးနောက် အဆောင်အခန်းကို ပြန်သွားကာ ထမင်းစားကတ်ဒ် သွားယူခဲ့သည်။
ဖန်ရွှမ်းနှင့် ကျားရှောင်ယုက ထမင်းစားဖို့ ထွက်သွားပြီ ဖြစ်ပြီး ချန်းလီလီကတော့ ထမင်းစားချင်စိတ် မရှိ၍ အဆောင်မှာ အနားယူဖို့ တစ်ယောက်တည်း ပြန်လာခဲ့သည်။ ကျန်းပေါင် အခန်းထဲကို ပြေးဝင်လာချိန်မှာ ချန်းလီလီက မျက်နှာသစ်ပြီးရုံသာ ရှိသေးပြီး ထမင်းစားကတ်ဒ်ကို အလောတကြီး ယူကာ အောက်ပြန်ဆင်းဖို့ ပြင်နေတဲ့ သူမကို တားဆီး၍ သူမ ဝတ်ထားတဲ့ စစ်ယူနီဖောင်းကို ဆွဲကာ မြည်တွန်တောက်တီးသည်။ “ နင့်ကောင်လေး ရောက်နေတာကို နင် အနည်းဆုံးတော့ မျက်နှာသစ် ၊ အဝတ်အစားလေး ဘာလေး လဲသင့်တာပေါ့။ ”
သူမက တကယ့်ကို မသပ်မရပ်နိုင်လွန်းသည်။
ချန်းလီလီရဲ့ စကားကြောင့် ကျန်းပေါင် တွန့်ဆုတ်သွားကာ “ သူ အောက်ထပ်မှာ စောင့်နေတာ။ ” ဟု မပွင့်တပွင့် ပြန်ပြောလိုက်သည်။
ချန်းလီလီက သူမကို ပြန်ဆွဲခေါ်ရင်း “ စိတ်မပူပါနဲ့ ၊ သူ နောက်ထပ် မိနစ်ပိုင်းလောက် ထပ်စောင့်ရလို့ စိတ်ဆိုးမှာ မဟုတ်ပါဘူး။ နင့်ကိုယ်နင် လှလှလေး ဖြစ်အောင် လုပ်လိုက်ရင် သူလည်း ဒီကို လာရကျိုးနပ်သွားမယ် မဟုတ်လား။ ” ဟု ပြောလိုက်သည်။ ထို့နောက် ကျန်းပေါင်ရဲ့ ထမင်းစားကတ်ဒ်ကို လုယူကာ စားပွဲပေါ် ပစ်တင်ပြီး အရင်ဆုံး မျက်နှာသွားသစ်ခိုင်းလိုက်သည်။
ကျန်းပေါင်က သူမ စစ်ရေးလေ့ကျင့်တုန်းက ချွေးထွက်များထားတယကိူ ပြန်တွေးပြီး ရေချိုးခန်းထဲကို နာခံစွာ ဝင်သွားကာ အနက်ရောင် ဂျင်းဘောင်းဘီနှင့် အဖြူရောင် တီရှပ်တစ်ထည်ကို လဲဝတ်ပြီးမှ အောက်ထပ်ကို ဆင်းလာခဲ့လိုက်သည်။
ချန်းလီလီက သူမအတွက် ပိုမိန်းကလေးဆန်သော အဝတ်အစားတွေကို ရွေးချယ်ပေးချင်သော်လည်း ကံမကောင်းစွာဖြင့် ကျန်းပေါင်ရဲ့ အဝတ်ဗီရိုထဲမှာ အဲ့ဒီလို အဝတ်အစားမျိုးတွေသာ အပြည့်နီးပါး ရှိနေပြီး စကတ်လေး တစ်ထည်တောင် မရှိပေ။ ဒါပေမဲ့ စစ်ယူနီဖောင်းနှင့် ယှဉ်လျှင် ဂျင်းဘောင်းဘီတွေက အပုံကြီး သာပါသေးသည်။
အဆောင် အဆောက်အအုံရဲ့ အပြင်ဘက်မှာ ရပ်နေတဲ့ ဖူမင်ရှစ်က ခြေသံကြား၍ လှည့်ကြည့်လိုက်သောအခါ ကျန်းပေါင်ကို ကြည့်ပြီး စက္ကန့်ပိုင်းလောက် ငေးမောသွားရသည်။
“ ဒုတိယထပ်ကို သွားရအောင်။ အဲ့ဒီက အစားအသောက်တွေက ပိုစားကောင်းတယ်။ ” ကျန်းပေါင်ဟာ တစ်ပတ်ကျော် ကျောင်းတက်ပြီးတဲ့နောက် သူမရဲ့ အခန်းဖော်တွေနှင့်အတူ စားသောက်ဆိုင်တိုင်းနီးပါးကို မြည်းစမ်းဖူးပြီးပြီမို့ ဖူမင်ရှစ် ရောက်လာတဲ့အခါ အကောင်းဆုံးဆိုင်ကို ခေါ်သွားပေးခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူမရဲ့ ထမင်းစားကတ်ဒ်ထဲက ပိုက်ဆံက ဖူမင်ရှစ်ရဲ့ ပိုက်ဆံဆိုပေမဲ့လည်းပေါ့လေ … ။
ဖူမင်ရှစ်က ပြုံးလိုက်ပြီး ဓာတ်ဘူးလုံးလေးကို ကိုင်လျက် သူမနောက်မှ လိုက်လာခဲ့သည်။
နေ့လယ်စာကို ရိုးရိုးရှင်းရှင်းပဲ စားသောက်ခဲ့ကြ၏။ သူတို့ စားသောက်ပြီးတဲ့အခါ အချိန်က ( ၁၂ ) နာရီခွဲနေပြီ ဖြစ်ပြီး ကျန်းပေါင်တို့က နေ့လယ် ( ၂ ) နာရီမှာ လူပြန်စုရမှာ ဖြစ်သည်။ ဖူမင်ရှစ်က ကျန်းပေါင်အား အဆောင်ကို ပြန်လိုက်ပို့ပေးပြီး အပေါ်ထပ်ကို တက်ခိုင်းလိုက်သည်။
“ ကျွန်မ ရှင့်ကို လိုက်ပို့ပေးပါ့မယ်။ ” ကျန်းပေါင်သည် ဖူမင်ရှစ်ဟာ အလုပ်ရှုပ်နေတဲ့ကြားက သူမကို တကူးတက လာတွေ့တာကိုရော ၊ အဆောင်ကနေ ကျောင်းဂိတ်ပေါက်အထိ မိနစ်ပိုင်းလောက်ပဲ လျှောက်ရမှာကိုရော တွေးမိသွားတာကြောင့် သူ့ကို လိုက်မပို့ပေးလျှင် အားနာရလိမ့်မည် ထင်သည်။
ဖူမင်ရှစ်ကတော့ ဘာမှ မပြောဘဲ လှေကားထစ်တွေကိုသာ မေးငေါ့ပြသည်။
အဆောင်တံခါးဝက လုံခြုံရေးအဒေါ်ကြီးက သူတို့နှစ်ယောက်ကို ကြည့်နေသည်။ ကျန်းပေါင်က သူ လက်မခံတဲ့အတွက် ခေါင်းကုတ်ပြီး နှုတ်ဆက်စကားပြောကာ အပေါ်ထပ်ကို တစ်ယောက်တည်း တက်လာခဲ့လိုက်သည်။
ဖူမင်ရှစ်သည် သူ့မြင်ကွင်းထဲကနေ ကျန်းပေါင်ရဲ့ ပုံရိပ်လေး ပျောက်ကွယ်သွားတော့မှ အဆောင်ရှေ့က ထွက်လာခဲ့လိုက်၏။ A တက္ကသိုလ်ဂိတ်ပေါက်ကို ရောက်သောအခါ A တက္ကသိုလ်အနီးက သူ့အိမ်ကို တက္ကစီငှားလာခဲ့ပြီး အိမ်ရောက်တော့မှ အနောက်တိုင်းဝတ်စုံ လဲလှယ်ကာ ကုမ္ပဏီကို မောင်းလာခဲ့လိုက်သည်။
~
စစ်ရေးလေ့ကျင့်ရေး နှစ်ပတ်ကျော်အကြာမှာတော့ ကျန်းပေါင်ရဲ့ လည်ပင်းအရောင်နှင့် အင်္ကျီကော်လံအောက်က အသားအရောင်တို့ဟာ မတူညီသော အရောင် ( ၂ ) ရောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ဒါပေမဲ့ တက္ကသိုလ်ကျောင်းသူဘဝက အခုမှ အစပဲ ရှိပါသေးသည်။ ပထမနှစ်လေးတွေက အားလပ်ချိန်မှာ သူတို့ စိတ်ဝင်စားတဲ့ အသင်းအဖွဲ့တွေကို လိုက်လျှောက်နေတတ်သည်။
ကျန်းပေါင်ကလည်း ကျားရှောင်ယုနှင့်အတူ အသင်းအဖွဲ့ အမျိုးမျိုးရဲ့ ပရိုမိုးရှင်းဆင်းထားသော ကြော်ငြာဘုတ်ပြားတွေကို လှည့်လည်ကြည့်ရှုဖြစ်ခဲ့သည်။ တကယ်တမ်း သူမ ဝင်ခွင့်လျှောက်လွှာတင်တာကတော့ လေလွင့်တိရစ္ဆာန် ကာကွယ်ရေး အဖွဲ့အစည်း တစ်ခုတည်းကိုသာ ဖြစ်ပြီး ဖောင်ဖြည့်ပြီးနောက် အင်တာဗျူးမယ့် အချိန်ကို စောင့်နေခဲ့သည်။
သူမ လျှောက်လွှာတင်ခဲ့တာက စနေ ၊ တနင်္ဂနွေမှာ ဖြစ်ကာ တနင်္လာနေ့ နေ့လယ်ရောက်တော့ ညနေ ( ၅ ) နာရီခွဲမှာ လေလွင့်တိရစ္ဆာန် ကာကွယ်ရေး အဖွဲ့အစည်းရုံးကို အင်တာဗျူးသွားဖြေဖို့ အကြောင်းကြားစာ ရခဲ့လေသည်။ ကျန်းပေါင်တစ်ယောက် နည်းနည်းလေး စိတ်လှုပ်ရှားနေပြီး သူမလိုပဲ လျှောက်လွှာတင်ထားတဲ့ ဖန့်ရွယ်နှင့်အတူ နာရီဝက်စော၍ သွားခဲ့သည်။
လေလွင့်တိရစ္ဆာန် ကာကွယ်ရေး အဖွဲ့အစည်းရဲ့ ဆောင်ပုဒ်က ကောင်းလှပါသည်။ ထိုအဖွဲ့အစည်းမှာ အဓိက တာဝန်နှစ်ခု ရှိပြီး ပထမ တာဝန်က လေလွင့်တိရစ္ဆာန် အထီး အမတွေကို သင်းကွပ်ပေးရန် ၊ ဒုတိယ တာဝန်ကတော့ လမ်းဘေး ခွေးလေး ကြောင်လေးတွေအတွက် သင့်တော်တဲ့ ပိုင်ရှင် ရှာပေးရန် ဖြစ်သည်။
ပညာရပ်ဆိုင်ရှာ ရှုထောင့်မှ ကြည့်လျှင်လည်း သင်းကွပ်ပေးခြင်းလို အလုပ်တွေကို လက်တွေ့ ပရော်ဖက်ဆာတွေက ညွှန်ကြားနည်းပြမှာ ဖြစ်ပြီး စီနီယာကျောင်းသားတွေက ဦးဆောင် ဆောင်ရွက်မှာမို့ ပထမနှစ်လေးတွေက ထိုအဖွဲ့အစည်းကို ဝင်ရန် စိတ်အားထက်သန်နေကြသည်။
ကျန်းပေါင်က တိရစ္ဆာန်လေးတွေကို အမှန်တကယ် သဘောကျသလို ပရော်ဖက်ရှင်နယ် စွမ်းရည်တွေနှင့် စောစောစီးစီး ထိတွေ့ရင်းနှီးခွင့်ရခြင်းကလည်း သူမကို အတော်လေး ဆွဲဆောင်နိုင်သည်။
အဖွဲ့အစည်းကို ဌာနတွေ အများကြီး ခွဲထားပြီး ကျန်းပေါင်နှင့် ဖန့်ရွယ်က ပညာရပ်ဌာနအတွက် အင်တာဗျူးဖြေတာ ဖြစ်သည်။ ငါးယောက်တစ်ဖွဲ့ ဆယ်မိနစ်ကျော် စောင့်ပြီးတဲ့နောက် နောက်ဆုံးတော့ သူတို့အလှည့် ရောက်လာသည်။
သိပ်မကျယ်တဲ့ ရုံးခန်းထဲကို လူငါးယောက် ဝင်လာတဲ့အခါ နည်းနည်းလေး ပြည့်ကြပ်သွားသလို ခံစားရသည်။ အံ့ဩစရာကောင်းစွာဖြင့် အင်တာဗျူးကို စစ်ဆေးသူက တစ်ယောက်တည်းသာ ရှိနေ၏။ ကျန်းပေါင်က ဖန့်ရွယ်နောက်မှ လျှောက်လာရင်း စားပွဲမှာ ကွန်ပျူတာစာရိုက်နေတဲ့ ကျောင်းသားကို စိတ်ဝင်တစား စူးစူးစမ်းစမ်း ကြည့်မိသည်။
သူက ကွန်ပျူတာဖန်သားပြင်ကနေ မျက်လုံးမခွာဘဲ သူတို့ကို ဖျတ်ခနဲ လှမ်းကြည့်နေပြီးနောက် အရှေ့ဘက်နံရံပေါ်က ကြောင်လေးတွေ ဆော့ကစားတဲ့ တန်းလေး တစ်ခုကို ညွှန်ပြသည်။ “ အလှည့်ကျ ကြိုးစားကြည့်ပါ။ သူ့ကို လက်နဲ့ မထိမကိုင်နဲ့ အောက်ကို ဆင်းလာအောင် ခေါ်နိုင်တဲ့ ဘယ်သူမဆို အပြင်မှာ ရပ်စောင့်နေပေးပါ။ ကျန်တဲ့ လူတွေကတော့ ပြန်လို့ ရတယ်။ ”
ကျန်းပေါင်က ကြောင်တွေ ဆော့ကစားတဲ့ တန်းလေးကို လှမ်းကြည့်လိုက်လျှင် ထိုတန်းပေါ်မှာ အဖြူရောင် သိုးမွှေးလုံးကြီးလို အလွန့်အလွန် ဝဖြိုးနေတဲ့ ကြောင်ဖြူကြီးတစ်ကောင် လဲလျောင်းနေတာကို တွေ့လိုက်ရသည်။ သူက ပယင်းရောင် တောက်ပနေသော မျက်လုံးများဖြင့် သူတို့ကို ကြီးကျယ်မြင့်မြတ်သည့် ဟန်ပန်နှင့် အပေါ်စီးကနေ စီးမိုးကြည့်နေခဲ့လေသည်။
ကျောင်းသူသစ်တစ်ယောက်က အရင်ဆုံး ကြိုးစားကြည့်သည်။ သူမရဲ့ အသံက နူးညံ့ညင်သာသော်လည်း သူမ ဘယ်လောက်ပဲ ချော့မော့ခေါ်ပါစေ ၊ ကြောင်ဖြူကြီးက တုပ်တုပ်ပင် မလှုပ်ပါ။ ကောင်မလေးက နောက်တစ်ခေါက် ထပ်ကြိုးစားဖို့ လုပ်နေတုန်းမှာပဲ ကွန်ပျူတာရှေ့က အမျိုးသားထံမှ ခံစားချက်မဲ့ အသံထွက်ပေါ်လာသည်။ “ တစ်ယောက်ကို စက္ကန့် ( ၃၀ ) ပဲ အချိန်ရတယ်။ မင်း သွားလို့ ရပြီ။ ”
ကောင်မလေးက ရှက်သွားကာ မျက်နှာရဲရဲလေးနှင့် ထွက်သွား၏။ နောက်ထပ် ကောင်လေးနှင့် ကောင်မလေးတစ်ယောက်လည်း မအောင်မြင်ပါ။
ကျန်းပေါင်က ဖန့်ရွယ်ကို အားပေးဖို့ ပြင်နေတုန်းမှာပဲ ဖန့်ရွယ်က အပြုံးလေးဖြင့် ဘေးဖယ်ကာ သူမကို အရင်ဆုံး သွားခိုင်းသည်။ သူမကို စကားပြောရင်း ကွန်ပျူတာရှေ့က အမျိုးသားကို ခိုးကြည့်နေတာကိုတော့ ကျန်းပေါင် သတိမထားမိလိုက်ပါ။ ကျန်းပေါင်က ကြောင် တက်အိပ်နေတဲ့ တန်း,အောက်သို့ ခပ်ဖြည်းဖြည်း လျှောက်သွားပြီး ကြောင်ဖြူကြီးအား ထိကိုင်တော့မည့်ဟန် လက်လှမ်း၍ “ တို့ မင်းကို တစ်ခါလောက် ဖက်လို့ ရမလားဟင်။ ” ဟု မေးလိုက်တော့ ကြောင်ဖြူကြီးက သူမကို ငုံ့ကြည့်ကာ ညောင်ခနဲ အသံပြုသည်။
မင်ကျစ်နျဉ်ရဲ့ ကီးဘုတ်ရိုက်နေတဲ့ လက်တွေ ရပ်တန့်သွားကာ အဲ့ဒီဘက်ကို လှမ်းကြည့်လိုက်သော်လည်း ကောင်မလေးတစ်ယောက်ရဲ့ သေးသွယ်သော ကျောပြင်လေးကိုသာ မြင်ရသည်။
“ အယ် … အစ်ကိုက မင်ကျစ်နျဉ် မဟုတ်လား။ ” ဖန့်ရွယ်က သူ့ကို အခုမှ မှတ်မိသွားသကဲ့သို့ စိတ်လှုပ်ရှားစွာ အော်လိုက်တော့ မင်ကျစ်နျဉ်က သူမကို စက္ကန့်ပိုင်းလောက် ကြည့်နေပြီးမှ မှတ်မိသွားပုံပေါ်သော်လည်း အမူအရာကတော့ ပြောင်းလဲမသွားဘဲ “ ညီမလည်း A တက္ကသိုလ်မှာ တက်နေတာလား။ ” ဟု ပြန်မေးသည်။
ဖန့်ရွယ် စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ရင်း မင်ကျစ်နျဉ်ကို လိုချင်မက်မောသော မျက်လုံးများဖြင့် ကြည့်နေမိသည်။ သူဟာ အထက်တန်းကျောင်းတုန်းက သူမရဲ့ အတန်းဖော် ဖြစ်ပြီး တစ်တန်းလုံးရဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လည်း ဖြစ်သည်။ ပြီးတော့ သူမ သုံးနှစ်လုံးလုံး တိတ်တိတ်လေး တစ်ဖက်သတ် ချစ်ခဲ့ရသူ ဆိုလည်း မမှား။ တကယ်တော့ သူမရဲ့ မနှစ်တုန်းက ရမှတ်တွေနှင့် ဆိုလျှင် ခရိုင်ရဲ့ ထိပ်တန်း တက္ကသိုလ်တစ်ခုမှာ တက်နိုင်ပေမဲ့ မင်ကျစ်နျဉ်နှင့်အတူ ရှိချင်တာကြောင့် နောက်တစ်နှစ် ထပ်ဖြေဖို့ ရွေးချယ်ခဲ့တာပါ။ ဒီနှစ်မှာတော့ သူမရဲ့ ဆန္ဒ ပြည့်ဝခဲ့ရသည်။
“ အစ်ကို့ကို ညီမရဲ့ ဖုန်းနံပါတ် ပေးခဲ့လေ။ နောက်ပိုင်း တစ်ခုခု အကူအညီ လိုအပ်လာရင် ညီမ အစ်ကို့ကို လာရှာလို့ ရပါတယ်။ ”
မင်ကျစ်နျဉ်မှာ ဖန့်ရွယ်အပေါ် ထူးခြားလေးနက်သော ခံစားချက် မရှိသော်လည်း သူတို့က အထက်တန်းကျောင်း တစ်ကျောင်းထဲမှာ တက်ခဲ့သူတွေ ဖြစ်တာကြောင့် သူမ တစ်ခုခု အကူအညီလိုလာလျှင် သူ့ဘက်က တတ်နိုင်သလောက် ကူညီပေးဖို့ ဝန်မလေးပါ။
ဖန့်ရွယ်က သူနှင့်အတူ အားရဝမ်းသာစွာ ဖုန်းနံပါတ်လဲလှယ်လိုက်သည်။
တစ်ဖက်မှာတော့ ကျန်းပေါင်က ကြောင်ဖြူကြီးကို သူမရင်ခွင်ထဲ ရောက်အောင် လုပ်နိုင်ခဲ့ချိန်မှာပဲ ဖန့်ရွယ်ရဲ့ “ မင်ကျစ်နျဉ် ” ဆိုတဲ့ ခေါ်သံကို ကြားလိုက်ရသောကြောင့် ထိတ်လန့်သွားကာ သူတို့ ပြောနေတဲ့ စကားတွေကို ငြိမ်ငြိမ်လေး နားထောင်နေခဲ့သည်။ သူမရဲ့ ခံစားချက်ကို ဘယ်လို ဖော်ပြရမလဲ ဆိုတာတောင် မသိတော့ဘဲ စိုးရိမ်ကြောင့်ကြသော စိတ်မသက်မသာ ခံစားချက်ဖြင့် ခပ်တောင့်တောင့် ရပ်နေမိခဲ့တာပါ။
“ ဪ … ဟုတ်သားပဲ။ ညီမတို့ရဲ့ ပထမနှစ်မှာ ကျန်းပေါင် ဆိုတဲ့ ကောင်မလေးလည်း ရှိတယ် ၊ ဒါပေမဲ့ သူက အထက်တန်းကျောင်း ပထမနှစ်ပြီးကတည်းက ကျောင်းထွက်သွားတာ ဆိုတော့ အစ်ကို သူ့ကို သိချင်မှ သိမှာ။ ”
ဖန့်ရွယ်က ကျန်းပေါင်ကို သတိရသွားကာ သူမအား မင်ကျစ်နျဉ်နှင့် ရင်းရင်းနှီးနှီး မိတ်ဆက်ပေးခဲ့သည်။ ကျန်းပေါင်က အထက်တန်းကျောင်း ဒုတိယနှစ်မှာ အနုပညာနှင့် သိပ္ပံဘာသာရပ် ခွဲပြီးနောက်မှသာ မင်ကျစ်နျဉ်နှင့် အတန်း တစ်တန်းထဲ ဖြစ်ခဲ့တာပင်။ ပထမနှစ်တုန်းက မင်ကျစ်နျဉ် ဘယ်အတန်း တက်ခဲ့တာလဲ ဆိုတာကိုတော့ မေ့နေပြီ။
သို့သော်လည်း မင်ကျစ်နျဉ်ကတော့ ဘာကိုမှ မမေ့သေးဘဲ ဖန့်ရွယ် ပြောတဲ့ ကျန်းပေါင် ဆိုတဲ့ ကောင်မလေးကို အံ့အားသင့်စွာ ကြည့်နေမိသည်။
ကျန်းပေါင်က ကြောင်ဖြူကြီးကို ပွေ့ချီထားလျက်မှ အသက်ပြင်းပြင်း တစ်ချက် ရှူကာ မင်ကျစ်နျဉ်ဘက်ကို လှည့်ပြီး သဘာဝဆန်သော အပြုံးတစ်ပွင့်ကို အားယူပြုံးပြလိုက်သည်။ အထက်တန်းကျောင်းတုန်းက အတန်းဖော် အများစုရဲ့ နာမည်တွေကို မမှတ်မိတော့ပေမဲ့ မင်ကျစ်နျဉ်ကိုတော့ သူမ မှတ်မိသေးသည်။
ငယ်ငယ်လေးကတည်းက စံပြကျောင်းသူတစ်ယောက် ဖြစ်ခဲ့တဲ့ ကျန်းပေါင်ဟာ အထက်တန်းကျောင်းကို ရောက်တော့ သူမရဲ့ အလယ်တန်းကျောင်းတုန်းက အဆင့်တွေက အတန်းအသစ်မှာ ဒုတိယ ဖြစ်သည်။ သူမရဲ့ ကျောင်းသားမှတ်ပုံတင်အမှတ်ကလည်း ( ၂ ) ဖြစ်ပြီး သူမရှေ့က နံပါတ် ( ၁ ) ကတော့ မင်ကျစ်နျဉ်ပဲ ဖြစ်သည်။ သူက ရုပ်ချောသလို သူ့အဖေကလည်း C မြို့တော် တိရစ္ဆာန်ရုံပိုင်ရှင် ဖြစ်နေသေးလေရာ အတန်းထဲက မိန်းကလေး အတော်များများက သူ့ကို ကြိုက်သည်။
ဒါပေမဲ့ ကျန်းပေါင်ရဲ့ အမြင်မှာတော့ မင်ကျစ်နျဉ်က သူမ ကျော်တက်ချင်တဲ့ လူတစ်ယောက်သာပင်။ ပြင်းပြင်းထန်ထန် စာကြိုးစားခဲ့ပြီး ဒုတိယနေရာမှာ နှစ်ဝက်ကျော် နေခဲ့ရပြီးနောက်မှာတော့ နှစ်ဆုံးစာမေးပွဲမှာ သူမ အဆင့် ( ၁ ) ရခဲ့သည်။ သို့သော် သူမ တိတ်တိတ်လေး အောင်ပွဲမခံနိုင်သေးခင်မှာပဲ သူမရဲ့ အဖေက ရုတ်တရက် နာမကျန်းဖြစ်ကာ ကွယ်လွန်သွားခဲ့သည်။ မိသားစုမှာ ပိုက်ဆံပြတ်သွားသလို ကျောင်းမှာ သူမကို တကောက်ကောက် လိုက်နှောင့်ယှက်နေတဲ့ ကျောင်းသားဆိုးတစ်ယောက်လည်း ရှိ၍ သူမ စိတ်ပင်ပန်းလာပြီး ကျောင်းထွက်ခဲ့ရသည်။
ဖန့်ရွယ်ကတော့ အိမ်ရဲ့ ငွေကြေးမပြေလည်မှုကြောင့် သူမ ကျောင်းထွက်ခဲ့ရတာကို မသိပေ။ မင်ကျစ်နျဉ်ကရော သိလောက်မလား … ။
ကျန်းပေါင်သည် မင်ကျစ်နျဉ်ကို စိုးရိမ်ထိတ်လန့်သော အကြည့်ဖြင့် ကြည့်နေမိ၏။ သူမမှာ ချမ်းသာတဲ့ ဆွေမျိုးတစ်ယောက်ကို ရုတ်တရက်ကြီး ဘယ်နေရာက ရလာတာလဲ ၊ သူမကို ကျောင်းပြောင်းပြီး စာဆက်သင်နိုင်အောင် ဘယ်သူက ကူညီပေးခဲ့တာလဲလို့ သူ မေးမှာလား။
***