အခန်း ၁၈
Vol. 2 Ch. 18
အပိုင်း ( ၁၈ )
မင်ကျစ်နျဉ်လည်း ကျန်းပေါင်ကို မှတ်မိပါသည်။ သူမနှင့် တစ်ခါလောက် တစ်တန်းထဲ ကျဖူးတဲ့ ဘယ်ကောင်လေးမဆို သူမကို မေ့လျော့မှာ မဟုတ်ဘူးလို့ သူ ယုံသည်။ ဒါပေမဲ့ ကျန်းပေါင်အပေါ် မင်ကျစ်နျဉ်ရဲ့ အလေးနက်ဆုံး သဘောထားက သူမရဲ့ ချစ်စရာကောင်းသော မျက်နှာလေး မဟုတ်ပါ။ ဘယ်လို အတန်း ၊ ဘယ်လို အဆင့်တွေပဲဖြစ်ဖြစ် ကျန်းပေါင်ရဲ့ နာမည်က အမြဲတမ်း သူ့နောက်မှာပဲ ရှိနေလိမ့်မည်။
နှစ်ဆက်စာမေးပွဲနှင့် နှစ်ကုန်စာမေးပွဲတွေမှာ သူ့နောက်က ဒုတိယနေရာ ထိုင်ခုံလေးက ကျန်းပေါင်ရဲ့ ထိုင်ခုံသာ ဖြစ်ခဲ့သည်။ ချစ်စရာကောင်းတဲ့ မိန်းမလှလေးတစ်ယောက်အပေါ် အကောင်းမြင်ဖို့ မခက်ခဲဘူးလို့ မင်ကျစ်နျဉ် ထင်သည်။
ဒါပေမဲ့ အတန်း တစ်တန်းထဲမှာ တစ်နှစ်လောက် အတူ တက်ခဲ့ချိန်မှာ ကျန်းပေါင်က စာသင်ခန်းရဲ့ အလယ်မှာ ထိုင်ပြီး သူကတော့ နောက်ဆုံးတန်းမှာ ထိုင်သည်။ မင်ကျစ်နျဉ်နှင့် ကျန်းပေါင်က ပုံမှန်ဆို စကားပြောလေ့မရှိဘဲ စာမေးပွဲဖြေနေတုန်း ကျန်းပေါင်ရဲ့ ခဲဖျက်လေး အောက်ကို ပြုတ်ကျ၍ သူ ကောက်ပေးတော့မှ ကျန်းပေါင်က သူ့ကို ပြုံးပြပြီး ကျေးဇူးတင်စကား ပြောခဲ့သည်။
သူမရဲ့ အပြုံးလေးက တောက်ပစင်ကြယ်နေပါသည်။ သူ့ကို ကြည့်တဲ့ အကြည့်ထဲမှာ တခြား မိန်းကလေးတွေလို ရှက်ကိုးရှက်ကန်း ၊ နုနုနွဲ့နွဲ့ အမူအရာတွေအစား အတန်းဖော် အချင်းချင်းကြား အရိုးရှင်းဆုံး ကျေးဇူးတင်စိတ်သာ ပါဝင်သည်။
စာမေးပွဲအဆင့်တွေအတွက်ကတော့ မင်ကျစ်နျဉ် ဘယ်သူနှင့်မှ ရည်ရွယ်ချက်ရှိရှိ ယှဉ်ပြိုင်ခဲ့တာ မဟုတ်ပါ။ နှစ်တိုင်း အဆင့်တစ် ရတာက ဘဝင်မြင့်စရာ မဟုတ်ပေမဲ့ အထက်တန်း ပထမနှစ်ရဲ့ အဆင့်တွေ ထွက်လာချိန်မှာ ကျန်းပေါင်က သူ့ကို ကျော်တက်သွားကြောင်း သိခဲ့ရသည်။ မင်ကျစ်နျဉ် နည်းနည်းလေး စိတ်ရှုပ်ထွေးသွားမိသည်။ ဒါပေမဲ့ အဲ့ဒါက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာ ၊ မနာလိုတာမျိုး မဟုတ်ဘဲ ကျန်းပေါင်က အရမ်း ဉာဏ်ကောင်းတယ်လို့ ခံစားရခြင်းသာ။ သိပ္ပွံဘာသာရပ်မှာ အမှတ်မြင့်မြင့် ရတာက စာကြိုးစားရုံနှင့် ရနိုင်တဲ့ အရာမျိုး မဟုတ်ပါ။
နွေရာသီကျောင်းပိတ်ရက်တွေ စတဲ့အခါ မင်ကျစ်နျဉ် စာမေးပွဲအဆင့်တွေအကြောင်း မေ့သွားပြီး နေရာတိုင်းကို ခရီးထွက်ခဲ့သည်။ ဒုတိယနှစ်တက်ဖို့အတွက် ခရီးက ပြန်ရောက်တော့ အတန်းတွေ ဆက်တက်ခဲ့သည်။ သိပ္ပံကျောင်းသားတွေအတွက် အတန်းစီစဉ်မှုကို အစိုးရပြန်တမ်း ကြော်ငြာဘုတ်ပေါ်မှာ ကပ်ထားသည်။ မင်ကျစ်နျဉ် သူ့အတန်းကို ကြည့်လိုက်တော့ သူက အဆင့်တစ် ဖြစ်နေသေးသော်လည်း အဆင့်နှစ် နေရာကတော့ မတူညီသော နာမည်တစ်ခု ဖြစ်သွားခဲ့သည်။
မင်ကျစ်နျဥ်သည် ကျန်းပေါင် တခြားအတန်းကို ရောက်သွားသည်ဟု ယူဆကာ သိပ္ပံနှင့် အနုပညာအတန်း တစ်တန်းချင်းစီမှာ သူမကို လိုက်ရှာခဲ့ပေမဲ့ ရင်းနှီးနေတဲ့ မျက်နှာလေးကို မမြင်ခဲ့ရပေ။ ကျန်းပေါင်ဟာ မိသားစုက ပိုက်ဆံမပြေလည်လို့ ကျောင်းထွက်သွားခြင်းဖြစ်ကြောင်း နောက်ပိုင်းမှ အတန်းဖော်တွေဆီက ကြားခဲ့ရသည်။
မင်ကျစ်နျဉ် နောင်တရခဲ့သည်။ ထိုအချိန်က စလို့ စာမေးပွဲဖြေဖို့အတွက် စာသင်ခန်းထဲကို ဝင်တိုင်း အဆင့်နှစ် ကျောင်းသူ ထိုင်ခဲ့ဖူးတဲ့ ထိုင်ခုံနေရာကို သူ အမြဲ လှည့်ကြည့်မိသည်။ ဒါပေမဲ့ ထိုထိုင်ခုံမှာ အမြဲတမ်းနီးပါး လူပြောင်းနေပြီး နွေးထွေးတဲ့ အပြုံးလေးနှင့် ရိုးရိုးရှင်းရှင်း ဝတ်ဆင်ပြီး ကျစ်ဆံမြီးကျစ်ထားတဲ့ ကောင်မလေးကိုတော့ ဘယ်တော့မှ ထပ်မတွေ့ရတော့ပေ။
ကျန်းပေါင်က မင်ကျစ်နျဉ်ရဲ့ အထက်တန်းကျောင်းသားဘဝမှာ ထူးခြားသော ပုံရိပ်လေး ဖြစ်ခဲ့သည်။ သူ့ငယ်ဘဝနှင့် သက်ဆိုင်တဲ့ အမှတ်တရလေး ဖြစ်ခဲ့သည်။ သူမကို ရည်ရွယ်ချက်ရှိရှိ သတိရသွားတာ မဟုတ်ပေမဲ့ သူ့ရှေ့မှာ ကျန်းပေါင် ပြန်ပေါ်လာတဲ့အခါ အံ့ဩထိတ်လန့်မှုကို မဖုံးကွယ်နိုင်ပေ။
“ နင် ငါ့ကို မှတ်မိသေးလား ကျန်းပေါင်။ ” မင်ကျစ်နျဉ်သည် ခဏလောက် အံ့ဩနေပြီးမှ ထိုင်ခုံမှ ထကာ သူငယ်ချင်းဟောင်းတစ်ယောက်နှင့် ပြန်လည်ဆုံတွေ့ရသကဲ့သို့ နူးညံ့စွာ ပြုံးလိုက်၏။
“ အတန်းရဲ့ ရာသက်ပန် အဆင့်တစ်ကျောင်းသားကို ငါက မမှတ်မိဘဲ နေမလား။ ဒါပေမဲ့ နင် အထက်တန်းကျောင်းတုန်းက ပုံစံနဲ့ မတူတော့သလိုပဲ။ ငါ နင့်ကို မြင်,မြင်ချင်တုန်းက မမှတ်မိဘူး။ ” ကျန်းပေါင်က ကြောင်ဖြူကြီးကို ရင်ခွင်ထဲမှာ ပွေ့ချီထားလျက်မှ အတတ်နိုင်ဆုံး သဘာဝဆန်ဆန် ပြောလိုက်သည်။ ကြောင် တစ်ကောင်ကို ပွေ့ချီထားတာက စိတ်လှုပ်ရှားမှုကို လျော့ကျစေတာကိုတော့ သူမ ဝန်ခံရမည်။
“ အစ်ကိုတို့က တစ်ယောက်နဲ့ တစ်ယောက် သိတာလား။ ” မင်ကျစ်နျဉ်ရဲ့ ကျန်းပေါင်အပေါ် ဆက်ဆံပုံက သူမထက် အများကြီး ပိုနွေးထွေးတာကို သတိထားမိတဲ့ ဖန့်ရွယ်ရဲ့ အပြုံးက မသိမသာ တောင့်တင်းသွားသည်။
မင်ကျစ်နျဉ်က “ ငါတို့က အထက်တန်း ပထမနှစ်တုန်းက အတန်းဖော်တွေ ဖြစ်ခဲ့ဖူးတယ်။ ” ဟုသာ ရိုးရှင်းသော ဖြေရှင်းချက်ကို ပေးကာ ကျန်းပေါင်ရဲ့ ရင်ခွင်ထဲမှာ ငြိမ်နေတဲ့ ကြောင်ဖြူကြီးကို ကြည့်လိုက်သည်။ သူ အံ့ဩစွာ ရယ်မောရင်း ကျန်းပေါင်အား ပြောလိုက်သည်။
“ ဆရာကြောင်က ပညာရပ်ဆိုင်ရာဌာနရဲ့ ဌာနဒါရိုက်တာ ခေါ်လာခဲ့တဲ့ လေလွင့်ကြောင်တစ်ကောာင်လေ။ သူက အမြဲတမ်း အဲ့ဒီနေရာမှာပဲ နေတယ် ၊ လူတွေကိုလည်း သိပ်သဘောမကျဘူး။ အဲ့ဒါကြောင့် ငါတို့က အဖွဲ့ဝင်အသစ်တွေကို အင်တာဗျူးတိုင်း ဆရာကြောင်ကို သုံးလေ့ရှိတယ်။ တက္ကသိုလ်ကို ရောက်ခါစမှာ လူတိုင်းရဲ့ ပရော်ဖက်ရှင်နယ် အရည်အချင်းတွေက အတူတူပဲ ဆိုတော့ ဘယ်သူက တိရစ္ဆာန်တွေနဲ့ အပြန်အလှန် ရင်းနှီးနားလည်မှု ရှိလဲ ဆိုတာကို ကြည့်တာပါ။ မနှစ်တုန်းက ငါ အင်တာဗျူးဖြေတော့ ဆရာကြောင်က လည်ဆန့်ပြီး ငါ့ကို နည်းနည်းပါးပါး အနံ့ခံတယ်။ မင်းက ငါ့ထက် ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ။ ”
ဒီကြောင်ရဲ့ နာမည်က ဆရာကြောင်တဲ့လား … ။
ကျန်းပေါင်လည်း ရယ်မောရင်း မျက်လုံးဝိုင်းဝိုင်းလေးတွေကို မှေးကျဉ်းထားတဲ့ ဆရာကြောင်ကို ငုံ့ကြည့်လိုက်သည်။ သူ့ပုံစံက တကယ့်ကို တီဗီထဲမှာ ပါတဲ့ နာမည်ကြီး အိမ်မွေးတိရစ္ဆာန်တွေနှင့် တစ်ပုံစံတည်းပါပဲ။
“ ငါတို့ ဒီတစ်ခေါက် လူသစ် သုံးယောက် ခေါ်တာ ဆိုတော့ မင်းကတော့ သေချာပေါက် ဝင်ခွင့်ရသွားပြီ ကျန်းပေါင်။ ညီမရော တစ်ချက်လောက် စမ်းကြည့်ပါလား ဖန့်ရွယ်။ ” အပြင်မှာ အင်တာဗျူးဖြေဖို့ စောင့်နေတဲ့ တခြား ကျောင်းသားသစ်တွေ ရှိနေသေးတာကြောင့် မင်ကျစ်နျဉ်က လုပ်စရာရှိတာကို အရင်ဆုံး လုပ်ပြီး ကျန်းပေါင်အား ဆရာကြောင်ကို စားပွဲပေါ် တင်စေကာ ဖန့်ရွယ်အား ကြိုးစားကြည့်ခိုင်းသည်။
ကျန်းပေါင်က သူ ပြောတဲ့အတိုင်း ဆရာကြောင်ကို စားပွဲပေါ် တင်ပေးလိုက်သည်။ ဆရာကြောင်ကတော့ သူမကို ပျင်းရိပျင်းတွဲ ကြည့်နေပြီး သူ့ရဲ့ ခေါင်းလုံးလုံးလေးကို သူမဘက်ကို မျက်နှာမူထားခဲ့သည်။ ဖန့်ရွယ်က ဆရာကြောင်ကို ပွေ့ချီချင်၍ ရှေ့တိုးသွားပေမဲ့ ဆရာကြောင်ကတော့ တစ်ဖက်သို့ မျက်နှာလွှဲသွားကာ ခန္ဓာကိုယ်ကို အဖြူရောင် ဘောလုံးလေးတစ်လုံးလို လုံးကွေးထားခဲ့သည်။
လက်မလျှော့ချင်တဲ့ ဖန့်ရွယ်က ကြောင်ကို နောက်တစ်ခေါက် ထပ်ကိုင်ကြည့်ဖို့ ကြိုးစားလိုက်ပေမဲ့ ကြောင်ဆရာက စိတ်မရှည်တော့ပုံဖြင့် ရုတ်တရက်ပဲ အကြောဆန့်ပြီး စားပွဲပေါ်ကနေ ခုန်ဆင်းခဲ့သည်။ ထို့နောက် သူ့ရဲ့ အမွေးပွပွ အမြီးလေးကို ထောင်ယမ်းကာ ကျန်းပေါင်ရဲ့ ခြေထောက်နားသို့ လျှောက်သွား၍ ပွတ်သပ်နေပြီး သက်သောင့်သက်သာရှိစွာ မျက်လုံးမှိတ်ထား၏။
တိရစ္ဆာန်တွေ ချစ်ခင်တာ ခံရတာက အတော်လေး ကျေနပ်ပျော်ရွှင်စရာကောင်းပါသည်။ ကျန်းပေါင်က ဆရာကြောင်ကို ပွေ့ချီကာ အမွေးလေးတွေကို ပွတ်သပ်ပေးလိုက်ပြီးနောက် ဖန့်ရွယ်ဆီသို့ လျှောက်သွားကာ ဖန့်ရွယ်အား သူ့ကို ပွတ်သပ်ကြည့်ဖို့ မျက်ရိပ်မျက်ကဲပြလိုက်သည်။
ဖန့်ရွယ်ရဲ့ မျက်နှာကတော့ နီရဲနေခဲ့ပြီ ဖြစ်သည်။ သူမ လမ်းပေါ်က လေလွင့်ကြောင်တစ်ကောင်နှင့် ဆော့ကစားဖို့ ကြိုးစားနေတာကို ဘယ်သူမှ ကြည့်မနေတာမျိုး ဆိုလျှင် ကိစ္စမရှိပေမဲ့ သူမ တိတ်တခိုး သဘောကျနေတဲ့ မင်ကျစ်နျဉ်ရှေ့မှာ ဒီလိုမျိုး လုပ်ရပြီး ကြောင်ကလည်း သူမကို မလေးမစား ဆက်ဆံနေတာကြောင့် အရှက်ကွဲသည်ဟု ဖန့်ရွယ် ခံစားရသည်။
အထူးသဖြင့် ကျန်းပေါင်က သူမထက် အဆပေါင်းများစွာ သာလွန်နေတဲ့ အချိန်မျိုးမှာ ဖြစ်သည်။ ဖန့်ရွယ်သည် ရုပ်မပျက်ချင်၍ အပြုံးတု တစ်ခုကို ဟန်လုပ် ပြုံးကာ ဆရာကြောင်ကို ပွတ်သပ်ဖို့ မဝံ့မရဲ လက်လှမ်းလိုက်တော့ ဆရာကြောင်က သူ့လက်ဖဝါးနှင့် လှမ်းရိုက်သည်။
“ ထားလိုက်ပါတော့။ ဒီကြောင်က ဒေါသကြီးတယ်။ သူ ကုတ်တာ မခံနဲ့။ ” မင်ကျစ်နျဉ်က သူမကို ချက်ချင်း တားဆီးလိုက်သည်။ ဘာပဲပြောပြော ကျန်းပေါင်ရော ၊ ဖန့်ရွယ်ရောက သူနှင့် အထက်တန်းကျောင်း တစ်ကျောင်းထဲက ကျောင်းသားဟောင်းတွေပဲမို့ ဖန့်ရွယ်ကို ဒုတိယအခွင့်အရေး ပေးဖို့ ဆုံးဖြတ်လိုက်သည်။
“ ညီမ ကျန်းပေါင်ကို အဖော်ပြုပေးရင်း နည်းနည်းလောက် ထပ်စောင့်နေပါလား။ အစ်ကိုတို့ နောက်ဆုံးထိ လူ လုံလုံလောက်လောက် မရရင် ညီမကိုလည်း အသင်းထဲ ထည့်ပေးပါ့မယ်။ ”
ဖန့်ရွယ်က သူ့ကို အပြုံးလေးဖြင့် ကျေးဇူးတင်စကား ပြောလိုက်သည်။ ကျန်းပေါင်က ဆရာကြောင်ကို အောက်ချပေးလိုက်ကာ ဖန့်ရွယ်နှင့်အတူ အပြင်ထွက်လာခဲ့သည်။
“ နင် သူနဲ့ အရမ်း ရင်းနှီးတာလား။ ” ဖန့်ရွယ်က ကျန်းပေါင်အား ထောင့်တစ်နေရာသို့ ဆွဲခေါ်သွားပြီး ခပ်တိုးတိုး မေးလိုက်တော့ ကျန်းပေါင်က ခေါင်းခါပြရင်း “ ငါတို့ စကားတောင် သေချာ မပြောဖူးဘူး။ ” ဟု ပြန်ဖြေသည်။
ဖန့်ရွယ်က ကျန်းပေါင်ကို ခဏလောက် စိုက်ကြည့်နေမိသည်။ ကျန်းပေါင်မှာ မင်ကျစ်နျဉ်ထက်တောင် ပိုချောတဲ့ ရည်းစားရှိနေတာကို သတိရသွားတော့မှ စိတ်ပျက်လက်ပျက် သက်ပြင်းချရင်း ကျန်းပေါင်ကို ပွေ့ဖက်လိုက်သည်။ “ ငါ နင်တို့လို မိန်းမလှလေးတွေကို အရမ်း အားကျတာပဲ။ ငါ သူနဲ့ ( ၂ ) နှစ်လောက် အတန်းဖော် ဖြစ်ခဲ့တာတောင် သူ ငါ့ကို မှတ်မိဖို့ စက္ကန့်ပိုင်းလောက် အချိန်ယူရတယ်။ ဒါပေမဲ့ သူက ဒီ ( ၃ ) နှစ်အတွင်း နင့်လောက် လှတဲ့ မိန်းကလေးကို မမြင်ခဲ့ရတော့ နင့်ကိုတော့ ချက်ချင်း တန်းမှတ်မိတာပဲ။ ”
“ နင်လည်း လှပါတယ်ဟာ။ ငါ့နာမည်က ပိုထူးခြားလို့ မှတ်မိနေတာလည်း ဖြစ်နိုင်ပါတယ်။ ” ကျန်းပေါင်က ခွဲခြမ်းစိပ်ဖြာရင်း ရယ်မောလိုက်သည်။ မြင်တွေ့နေကျ နာမည်မျိုး မဟုတ်တဲ့ သူမရဲ့ မျိုးရိုးနာမည်ကို ဖက်ရှင်မကျတဲ့ နာမည်နှင့် ပေါင်းစပ်လိုက်သောအခါ မူလတန်းကျောင်းနှင့် အလယ်တန်းကျောင်းတုန်းကဆို “ ထမင်းစားထားလို့ ဗိုက်ပြည့်နေတယ် ” ၊ “ ရတနာတွေ ဝယ်နေတယ် ” စသည်ဖြင့် ဟာသတွေနှင့် မကြာခဏ စနောက်ခံခဲ့ရသည်။
ဒါပေမဲ့ ဖန့်ရွယ်ကတော့ သူမရဲ့ ထင်မြင်ချက်ကသာ မှန်ကန်ကြောင်း တစ်ထစ်ချ ယူဆထားခဲ့သည်။ မိတ်ကပ်ကောင်းကောင်း ၊ အဝတ်အစားလှလှလေးတွေနှင့် သူမကိုယ်သူမ ကြည့်ပျော်ရှုပျော်ဖြစ်အောင် လုပ်နိုင်သော်လည်း ကျန်းပေါင်နှင့် ယှဉ်လိုက်လျှင်တော့ သိသိသာသာပဲ မိုးနှင့် မြေလို ကွာနေပါသည်။ ယောက်ျားတွေက ရုပ်ရည်ကိုသာ ဂရုအစိုက်ဆုံး ဖြစ်သည်။
မိနစ် နှစ်ဆယ်အကြာမှာတော့ အင်တာဗျူးမေးမြန်းခြင်း ပြီးဆုံးသွားခဲ့သည်။ သူတို့အပြင် အထဲမှာ စောင့်နေတဲ့ တခြား ကျောင်းသားတစ်ယောက် ၊ ကျောင်းသူတစ်ယောက်လည်း ရှိနေတာမို့ ဖန့်ရွယ်တစ်ယောက် ပြုံးပင် မပြုံးနိုင်တော့ပါ။
ရွေးချယ်စရာမရှိတော့တဲ့ မင်ကျစ်နျဉ်က ထိုနှစ်ယောက် ပြန်သွားတဲ့အခါ ဖန့်ရွယ်ကို “ အသင်းသူတစ်ယောက်အနေနဲ့ မင်း လုပ်ဆောင်မှုတွေမှာတော့ အားလုံးနဲ့အတူ ပါဝင်လို့ ရပါသေးတယ်။ ” ဟု နှစ်သိမ့်ပေးလိုက်သည်။ အကဲဖြတ်ခြင်းအတွက် လုပ်ဆောင်မှုရမှတ်တွေကို သူမ မရတော့ရုံသာ ရှိပါလိမ့်မည်။
ဖန့်ရွယ်က မင်ကျစ်နျဉ်ရဲ့ လက်မောင်းကို ဖက်ရင်း “ အစ်ကိုက ဌာနခေါင်းဆောင် မဟုတ်ဘူးလားဟင်။ နောက်ထပ် တစ်ယောက်လောက် ထပ်တိုးခေါ်လို့ မရဘူးလား။ ” ဟု ညိုးငယ်သော အသံလေးဖြင့် မေးလိုက်တော့ မင်ကျစ်နျဉ်က ယဉ်ကျေးစွာ ပြုံးပြပြီး ပါးပါးနပ်နပ် ငြင်းလိုက်သည်။
“ အဲ့လို လုပ်လို့ ဘယ်သင့်လျော်ပါ့မလဲ။ ”
ဖန့်ရွယ်က နှုတ်ခမ်းကိုက်ပြီး ကျန်းပေါင်အား အသနားခံသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ကျန်းပေါင် မင်ကျစ်နျဉ်ကို ကြည့်လိုက်တော့ သူက သူမအား ဝင်မပါဖို့ မျက်ရိပ်မျက်ကဲနှင့် တိတ်တဆိတ် ပြောနေတာမို့ ကျန်းပေါင်လည်း ဘာမှ မတတ်နိုင်တော့ပေ။ ဒီအဖွဲ့အစည်းမှာ ကိုယ်ပိုင်စည်းမျဉ်းတွေ ရှိသလို မင်ကျစ်နျဉ်က ကိစ္စတွေကို ထိုစည်းမျဉ်းတွေအတိုင်း စီမံခန့်ခွဲနေတာမို့ သူတို့က တစ်ကျောင်းထဲ တက်ခဲ့တဲ့ ကျောင်းသားဟောင်းတွေ ဖြစ်နေတာနှင့်ပဲ သူ့အား လိုအပ်ချက်တွေကို ဖြေလျှော့ဖို့ ဖိအားပေးဖို့ မသင့်တော်ပါ။
“ ဒီည ညစာ အတူတူ သွားစားရအောင်။ ငါ ကျွေးပါ့မယ်။ ” မင်ကျစ်နျဉ်က စားပွဲကို သပ်သပ်ရပ်ရပ် ဖြစ်သွားအောင် သန့်ရှင်းရေးလုပ်ရင်းမှ စကားလမ်းကြောင်းပြောင်းလိုက်သည်။
“ ကောင်းပြီလေ … အစ်ကိုက အရမ်း စည်းစနစ်ကျနေတော့လည်း ညီမကို ဈေးအကြီးဆုံး ဟင်းပွဲတွေကို မှာတယ် ဆိုပြီး အပြစ်မတင်နဲ့နော်။ ” ဖန့်ရွယ်က လေထုကို ပေါ့ပေါ့ပါးပါးဖြစ်အောင် အရွှန်းဖောက်ဖို့ နည်းလမ်းရှာတွေ့သွားသည်။
မင်ကျစ်နျဉ်က အလွန် သဘောထားရက်ရောပါသည်။ “ မင်းတို့မိန်းမလှလေးနှစ်ယောက် ကြိုက်တာ မှာပါ။ ဘာမှ အားနာနေစရာ မလိုပါဘူး။ ”
ဆယ့်ငါးမိနစ်အကြာမှာတော့ မင်ကျစ်နျဉ်က သူတို့နှစ်ယောက်ကို A တက္ကသိုလ်အနီးရှိ ကျူးရှန်းလော့ ဆိုတဲ့ အထက်တန်း စားသောက်ဆိုင်တစ်ဆိုင်သို့ ခေါ်သွားခဲ့သည်။ အတွင်းပိုင်း အပြင်အဆင်တွေက လှပသိမ်မွေ့ပြီး အပြင်က သာမန် စားသောက်ဆိုင်တွေနှင့် သိသိသာသာ ကွာခြားသည်။ မင်ကျစ်နျဉ်က သီးသန့်အခန်းတစ်ခန်းကို ရွေးချယ်ထားပြီး ကျန်းပေါင်ဘေးမှာ ထိုင်ကာ မိန်းမလှလေးတွေအား သူတို့စိတ်ကြိုက် မှာခိုင်းလိုက်သည်။
ကျန်းပေါင်က အရင်တုန်းက ဖူမင်ရှစ်နှင့်အတူ ဒီ့ထက်တောင် ပိုအထက်တန်းဆန်တဲ့ စားသောက်ဆိုင်တွေမှာ စားခဲ့တာမို့ ဒီနေရာကို ရောက်တဲ့အခါ ရှိုးတိုးရှန့်တန့် ဖြစ်မနေတော့ပါ။ သူမကိုယ်တိုင်က ရိုးရှင်းတဲ့ အိမ်ချက်လက်ရာတွေကိုပဲ ကြိုက်တာကြောင့် တိုဟူးအစပ် ဟင်းလျာကိုသာ မှာလိုက်သည်။ တိုဟူးပူပူလေးက မွှေးလည်း မွှေးသလို ထမင်းနှင့်လည်း လိုက်ဖက်သည်။ ဒီနေ့ အင်တာဗျူးရှိ၍ ခါတိုင်းထက် နောက်ကျမှ ထမင်းစားခဲ့တာမို့ သူမ ဗိုက်ဆာနေပါပြီ။
“ ကျန်းပေါင်က အရမ်း အမြောအမြင်ရှိတာပဲ။ နင်က အဲ့လိုမျိုး မှာလိုက်တော့ ငါက ဈေးကြီးတဲ့ ဟင်းပွဲတွေ မှာရမှာတောင် လက်တွန့်သွားပြီ။ ” ဖန့်ရွယ်က ကျန်းပေါင်ကို ထူးဆန်းစွာ ကြည့်နေခဲ့သည်။ ကျန်းပေါင်ကတော့ တစ်ကျောင်းထဲ တက်ခဲ့တဲ့ ကျောင်းသားဟောင်း နှစ်ယောက်ရဲ့ ရှေ့မှာ တည်တည်ငြိမ်ငြိမ်ပါပဲ။
“ ငါက တိုဟူးအစပ်ဟင်းကို ကြိုက်လို့ပါ။ ”
မင်ကျစ်နျဉ်ကလည်း “ တိုက်ဆိုင်လိုက်တာ။ ငါလည်း တိုဟူးအစပ်ဟင်း ကြိုက်တယ် ၊ ပိုစပ်လေ ပိုစားကောင်းလေပဲ။ ” ဟု ကျန်းပေါင်နှင့် အတိုင်အဖောက်ညီညီ ဝင်ထောက်ခံသည်။
ဖန့်ရွယ်ကတော့ ခပ်ယဲ့ယဲ့ ပြုံးပြီး သူမရဲ့ မျက်လုံးထဲက မကျေနပ်ချက်တွေကို ဖုံးကွယ်ထားလိုက်သည်။ ထို့နောက် သူမ ကြိုက်တဲ့ ဈေးနှုန်း အသင့်အတင့်ရှိ ဟင်းလျာ နှစ်မျိုးကို မှာလိုက်သည်။ နောက်ဆုံးတော့ မင်ကျစ်နျဉ်က မီနူးစာအုပ်ကို ယူပြီး ဒီဆိုင်ရဲ့ နာမည်ကြီး ဟင်းလျာတွေကို မှာကြားခဲ့သည်။
သူတို့သုံးယောက် အစားအသောက်တွေကို စောင့်နေရင်း အထက်တန်းကျောင်းသားဘဝအကြောင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောဖြစ်ကြသည်။
မင်ကျစ်နျဉ်က ကျန်းပေါင်အား “ မင်း နောက်ပိုင်းမှ ကျောင်းထပ်ပြောင်းခဲ့တာလား။ ” ဟု စူးစူးစမ်းစမ်း မေးလိုက်တော့ ကျန်းပေါင်က သာသာလေး ခေါင်းညိတ်ကာ အင်းလို့ ခပ်တိုးတိုး ပြန်ပြောသည်။ “ ငါ့အဒေါ်က ငါ့ကို ပေကျင်းကို ခေါ်လာခဲ့တာ။ ”
မင်ကျစ်နျဉ်ကတော့ သူမရဲ့ စကားကို သံသယမဖြစ်မိပါ။ ဖန့်ရွယ်က သူ့အမူအရာကို ကြည့်ကာ အပြုံးလေးဖြင့် ဖြတ်ပြောလိုက်သည်။ “ နင့်ကောင်လေးနဲ့ အထက်တန်းကျောင်းကတည်းက စတွဲခဲ့တာလား ကျန်းပေါင်။ ”
အံ့ဩမှုကြောင့် မင်ကျစ်နျဉ် မျက်ခုံးပင့်သွားကာ ကျန်းပေါင်အား လှည့်ကြည့်လိုက်မိသည်။ သူမမှာ ရည်းစားရှိနေတာလား … ။
ကျန်းပေါင်က ပြုံးလိုက်သည်။ “ ဟင့်အင်း … ငါတို့ ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေပြီးမှ တွဲခဲ့တာပါ။ ”
သူမနှင့် ဖူမင်ရှစ်ရဲ့ ဆက်ဆံရေးနှင့် ပတ်သက်လို့ သူမရဲ့ အခန်းဖော် သုံးယောက်က မေးခွန်းတွေ အများကြီး မေးဖူးသည်။ တက္ကသိုလ်မှာ ရည်းစားထားတာက ဝေဖန်ရှုံ့ချစရာ မဟုတ်တာကို သိသွားတဲ့ ကျန်းပေါင်ကလည်း အခုနောက်ပိုင်း ဖူမင်ရှစ်အကြောင်း ပြောချိန်မှာ တကယ့် သမီးရည်းစားတွေကဲ့သို့ သဘာဝဆန်လာခဲ့သည်။
မင်ကျစ်နျဥ်က ရှုပ်ထွေးသော စိတ်ခံစားချက်တို့ဖြင့် “ သူလည်း ငါတို့ကျောင်းကလား။ ” ဟု မေးလိုက်သည်။ အကြာကြီး ဝေးကွာခဲ့ပြီးမှ ပြန်လည်ဆုံစည်းရတဲ့ ကျန်းပေါင်အပေါ် နည်းနည်းလေး စိတ်လှုပ်ရှားနေမိတာကို သူ့ကိုယ်သူ မငြင်းနိုင်ပါ။
“ သူက T တက္ကသိုလ်မှာ တက်တာပါ။ ” ကျန်းပေါင်သည် ဖူမင်ရှစ်အကြောင်း ပြောရင်း သူ့ကို အလိုလို သတိရသွားသည်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက ဖူမင်ရှစ် သူမကို ကျောင်းမှာ လာတွေ့သည် ၊ ပြီးတော့ နိုင်ငံခြားကို အလုပ်ကိစ္စနှင့် ထွက်သွားသည်။ ဒီရက်ပိုင်း သူ့သတင်းကို မကြားသလို သူ ဘယ်အချိန်မှ ပြန်လာမှာလဲ ဆိုတာလည်း မသိပါ။
တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျန်းပေါင် မှာထားတဲ့ တိုဟူးအစပ်ဟင်း ရောက်လာတဲ့ အချိန်မှာပဲ ဖူမင်ရှစ်က သူမကို ဖုန်းလှမ်းဆက်ခဲ့သည်။ ကျန်းပေါင်က အပြင်ထွက်ပြီး ဖုန်းပြောချင်နေပေမဲ့ ဖန့်ရွယ်က “ ဒီမှာပဲ ပြောပါ။ အပြင်မှာ ဆူညံနေတာပဲ။ သေချာ ကြားရဖို့ ပိုတောင် လွယ်မှာ မဟုတ်ဘူး။ ” ဟု ဆိုကာ သူမကို တားခဲ့သည်။
ထို့ကြောင့် ကျန်းပေါင်လည်း ပြန်ထိုင်ရုံသာ တတ်နိုင်ပြီး ဖုန်းကိုင်ကာ အသံတိုးထားလိုက်၏။
***