← Chapters

အခန်း ၁၉

Vol. 2 Ch. 19

အခန်း ၁၉

Vol. 2 Ch. 19

အပိုင်း ( ၁၉ )

“ ညစာ စားပြီးပြီလား။ ”

ရင်းနှီးကျွမ်းဝင်နေတဲ့ စကားသံကို ကြားလိုက်ရချိန်မှာ ကျန်းပေါင် သူမရှေ့က တိုဟူးအစပ်ဟင်းကို ကြည့်ကာ နည်းနည်းလေး ရယ်ချင်သွားသည်။ “ အခုပဲ စားတော့မလို့ပါ။ ”

“ ဘာလို့ ဒီနေ့ အရမ်း နောက်ကျနေတာလဲ။ ” ဖူမင်ရှစ်က လေဆိပ်ထဲမှ လျှောက်ထွက်လာကာ ဖုန်းပြောရင်း ကားထဲကို ဝင်လိုက်သည်။

ကျန်းပေါင်က အမှန်အတိုင်းပဲ ပြန်ဖြေလိုက်ပါသည်။ “ အတန်းဖော်တွေက ကျွန်မကို ညစာစားဖို့ ခေါ်နေတာနဲ့ အပြင်ရောက်နေတာပါ။ ကန်တင်းကို မသွားဖြစ်ဘူး … ” သို့သော် ကျန်းပေါင်ရဲ့ စကားမဆုံးသေးခင်မှာပဲ ဖန့်ရွယ်က သူမနားကို ရုတ်တရက် ကပ်လာပြီး စနောက်ခဲ့သည်။

“ ဒီနေရာမှာ ကျွန်မတို့နဲ့အတူ အရမ်းလန်း ၊ အရမ်းချောတဲ့ ကောင်လေးတစ်ယောက်လည်း ရှိတယ်။ ရှင် ဒီကို လာပြီး ကျန်းပေါင်ကို မျက်စိဒေါက်ထောက် စောင့်ကြည့်ချင်လား။ ”

အဲ့ဒီလို စနောက်မှုမျိုး ၊ အထူးသဖြင့် မင်ကျစ်နျဉ်ပါ ပါဝင်နေတဲ့ စနောက်မှုမျိုးနှင့် အသားမကျသေးတဲ့ ကျန်းပေါင်က ဖန့်ရွယ်ကို အိုးတိုးအမ်းတမ်းနှင့် တားဆီးဖို့ ကြိုးစားလိုက်သည်။ “ နင် ပေါက်ကရတွေ လျှောက်ပြောမနေနဲ့။ ”

ဖန့်ရွယ်ကတော့ သူမ ပြောချင်တဲ့ စကားကို ပြောပြီးတဲ့အတွက် အားရကျေနပ်သော အပြုံးဖြင့် ထိုင်ခုံမှာ ပြန်ထိုင်နေခဲ့ပြီ။ ကျန်းပေါင်က ဖုန်းကို ပြန်ကိုင်လိုက်သော်လည်း တစ်ဖက်က ဘာသံမှ မကြားရ၍ ဖန်သားပြင်ကို ကြည့်ကာ ဖုန်းကျသွားတာလားလို့ စစ်ဆေးကြည့်ပြီးမှ “ ကျွန်မ ရှင့်ကို ထမင်းစားပြီးမှ ဖုန်းပြန်ဆက်လို့ ရလားဟင်။ ” ဟု ခပ်တိုးတိုး မေးလိုက်သည်။

ဖူမင်ရှစ်က “ အင်း … ဖြည်းဖြည်းစား။ ငါ မင်းကျောင်းကို တစ်နာရီခွဲအတွင်း ရောက်မယ်။ ” ဟု ပြောပြီးနောက် ဖုန်းချသွားသည်။

“ သူ ဘာပြောလဲ။ ဒီကို လာမယ်တဲ့လား။ ” ဟု ဖန့်ရွယ်က စိတ်လှုပ်ရှားစွာ လှမ်းမေးသည်။

ဖူမင်ရှစ်ရဲ့ စကားတွေမှာ အငိုက်မိနေဆဲ ဖြစ်တဲ့ ကျန်းပေါင်က ခဏလောက် ဆွံ့အနေပြီးမှ ရယ်မောလိုက်သည်။ “ အထက်တန်းတုန်းက ကျောင်းသားဟောင်းတွေ စုပြီး ညစာ စားတာပဲလေ။ သူက ဘာလာလုပ်မှာလဲ။ ”

သို့သော်လည်း ကျန်းပေါင်သည် ဖန့်ရွယ်နှင့် မင်ကျစ်နျဉ်တို့ ဖူမင်ရှစ်ကို မြင်သွားပြီး သူ့ကောင်မလေး သွေးဆောင်ဖြားယောင်းခံရမှာကို စိုးရိမ်လို့ ရောက်လာသည်ဟု အထင်လွဲသွားမှာကို ရှောင်ရှားရန်အတွက် မြန်မြန် ထမင်းစားကာ ဖူမင်ရှစ်ကို အဆောင်မှာ သွားစောင့်နေဖို့ တိတ်တိတ်လေး ဆုံးဖြတ်လိုက်သည်။ ဖူမင်ရှစ်က သူမကို သုံး ၊ လေးရက် တစ်ခါ လာတွေ့နေကျမို့ ဒီတစ်ခေါက်ကလည်း ခရီးက ပြန်အရောက်မှာ သူမကို ထုံးစံအတိုင်း လာစစ်ဆေးခြင်းပါ။

ဖူမင်ရှစ် မလာဘူး ဆိုတဲ့ စကားကို ကြားတော့ ကျန်းပေါင်ရဲ့ မျက်နှာက သိသိသာသာ မှုန်မှိုင်းသွားကာ မင်ကျစ်နျဉ်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ မင်ကျစ်နျဉ်ရဲ့ မျက်နှာက ပုံမှန်အတိုင်းပဲ ဖြစ်ပြီး ကျန်းပေါင်မှာ ရည်းစားရှိတာက သူ့အတွက် ဘာမှ မထူးခြားသလို စကားစမြည် ဆက်ပြောနေခဲ့ပါသည်။

ညစာ စားပြီးသွားတော့ အချိန်က ( ၇ ) နာရီကျော်နေပြီ။ ဖန့်ရွယ်က တက္ကသိုလ်တစ်ပတ် လမ်းလျှောက်ဖို့ အကြံပေးတာကို ကျန်းပေါင်က ချက်ချင်း ကန့်ကွက်လိုက်သည်။ “ နင်တို့နှစ်ယောက်ပဲ လမ်းလျှောက်ရင် လျှောက်လိုက်နော်။ ငါ့မှာ လုပ်စရာလေး ရှိသေးလို့ အဆောင်ကို အရင် ပြန်နှင့်တော့မယ်။ ”

မင်ကျစ်နျဉ်ကလည်း လက်ပတ်နာရီကို ငုံ့ကြည့်ပြီး “ ငါလည်း ပါဝါပွိုင့်တစ်ခု လုပ်စရာ ရှိသေးတယ်။ နောက်တစ်ခေါက် သုံးယောက်လုံး အားတော့မှ ထပ်တွေ့ကြတာပေါ့။ ” ဟု ပြောလိုက်သည်။

ယောက်ျားလေးအဆောင်က တခြားဘက်မှာ ရှိတာကြောင့် ကျောင်းဂိတ်ပေါက်ကို ရောက်တဲ့အခါ သူတို့ လမ်းခွဲခဲ့ကြသည်။ မင်ကျစ်နျဉ် ထွက်သွားသည်နှင့် ဖန့်ရွယ်ရဲ့ ပုံစံက သိသိသာသာ ညိုးငယ်သွားခဲ့သည်။ ကျန်းပေါင်ကတော့ ဖူမင်ရှစ် ရောက်လာမှာကိုပဲ စိတ်ရောက်နေ၍ ဖန့်ရွယ် မူမမှန်တာကို သတိမထားမိခဲ့ပေ။

အဆောင်ကို ပြန်ရောက်တော့ မိနစ်ပိုင်းလောက်ပဲ ထိုင်ရသေးချိန်မှာ ဖူမင်ရှစ်က သူမကို ဖုန်းလှမ်းဆက်၏။ ကျန်းပေါင်က ထုံးစံအတိုင်း လသာဆောင်ကို ထွက်လာကာ ဖုန်းကိုင်လိုက်သည်။

“ ရှင် ရောက်ပြီလား။ ”

“ အင်း။ ”

ဖူမင်ရှစ်က မိန်းလမ်းပေါ်မှာ ရှိနေဆဲ ဖြစ်သော်လည်း ပြတင်းပေါက်ကို တွန်းဖွင့်လိုက်တဲ့ ကျန်းပေါင်ကို ခပ်ဝေးဝေးကတည်းက မြင်နေရသဖြင့် နှုတ်ခမ်းထောင့်စွန်းတွေ ကော့တက်သွားကာ “ ဆင်းခဲ့။ ” ဟု ပြောလိုက်သည်။ တိုးဖွပြတ်တောင်းသော စကားနှစ်ခွန်းက အမိန့်နှင့် တူပေမဲ့ အမိန့်လောက် တင်းမာမှု မရှိဘဲ အများကြီး ပိုနူးညံ့သည်။

ကျန်းပေါင် ရှည်ရှည်ဝေးဝေး မစဉ်းစားတော့ဘဲ ဖူမင်ရှစ် အောက်ထပ်မှာ ရောက်နေပြီဟု ထင်ကာ အခန်းထဲကို ပြန်လှည့်ဝင်လာခဲ့သည်။ ထို့နောက် ကျားရှောင်ယုတို့သုံးယောက်ရဲ့ စနောက်ချင်ဟန် အကြည့်တွေအောက်မှာ မျက်နှာနီနီနှင့် ထွက်လာခဲ့ရသည်။ သူမ ပထမထပ်ရှိ ဧည့်တွေ့ခန်းကို ရောက်တော့ နည်းနည်းလေး စိတ်လှုပ်ရှားသွားသည်။ ပတ်ဝန်းကျင်မှာ ဝေ့ဝဲရှာဖွေကြည့်မိသော်လည်း သူ့ကို ရှာမတွေ့ပါ။

ကျန်းပေါင်သည် ပတ်ဝန်းကျင်မှာ နောက်တစ်ခေါက် ထပ်ရှာကြည့်နေရင်းမှ ဖုန်းကို ထုတ်ကာ ဖူမင်ရှစ်ရဲ့ ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။

“ မင်း ဘယ်သူ့ကို ဖုန်းဆက်နေတာလဲ။ ”

ရင်းနှီးသော အသံက ရုတ်တရက်ကြီး နီးကပ်နူးညံ့စွာ ထွက်ပေါ်လာသောကြောင့် ကျန်းပေါင် အံ့အားသင့်သွားကာ နောက်ကို ဖျတ်ခနဲ လှည့်ကြည့်လိုက်တော့ ဖူမင်ရှစ်ရဲ့ မျက်နှာချောချောနှင့် အရပ်ရှည်ရှည်ကို လမ်းမီးရောင်အောက်မှာ ရှင်းလင်းစွာ မြင်တွေ့ရသည်။ သူ့မျက်နှာချောချောက တောက်ပနေပြီး နက်ရှိုင်းသော မျက်လုံးတွေဟာ ညကောင်းကင်ပေါ်က ကြယ်လေးတွေလို တဖျတ်ဖျတ် လက်နေသည်။ သူ ပြုံးနေတာ မဟုတ်ပေမဲ့ သူ့ကို ကြည့်ရသည်မှာ အရမ်း စိတ်ကြည်လင် ချမ်းမြေ့နေတယ်လို့ ခံစားရသည်။

သူမက ဘယ်သူ့ကို ဖုန်းဆက်ရမှာလဲ … ။

သေချာပေါက် သူ့ကို ဆက်တာပဲပေါ့ … ။

ကျန်းပေါင်က ဖုန်းကို ဖယ်လိုက်ရင်း ဖူမင်ရှစ်ကို စိတ်ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။ “ ရှင် ဘယ်နေရာမှာ သွားပုန်းနေတာလဲ။ ”

“ ငါ အခုမှ ရောက်တာပါ။ ” ဟု ဖူမင်ရှစ်က အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။ အဆောင် အဆောက်အအုံရဲ့ တစ်ဖက်တစ်ချက်မှာ ပင်မဝင်ပေါက်နှင့် စက်ဘီးရပ်သော နေရာ ရှိပြီး နှစ်နေရာလုံးကနေ အဆောင်ထဲကို ဝင်နိုင်သည်။

ကျန်းပေါင် သဘောပေါက်သွားကာ ခေါင်းလေးငုံ့၍ ရယ်မောလိုက်သည်။ ထို့နောက် ဖူမင်ရှစ် ဘောင်းဘီရှည်နှင့် သားရေဖိနပ်တွေ ဝတ်ထားတာကို သတိထားမိသွား၏။ အပေါ်ပိုင်းက ရှပ်အင်္ကျီ အဖြူရောင်ကလည်း ဈေးမသေးတဲ့ အကောင်းစား အမှတ်တံဆိပ် ဖြစ်ပြီး သူ့ဘယ်ဘက်လက်မှာ လက်ဆောင်အိတ် တစ်လုံးကို ကိုင်ထားသည်။ ကျန်းပေါင်က ညစာစားနေရင်း ဖုန်းပြောတုန်းက သူ့ဘက်က အသံလွှင့်တဲ့ အသံတွေကို ကြားခဲ့ရတာကို သတိရသွားသောကြောင့် “ ရှင် အခုမှ လေယာဉ်ဆိုက်တာလား။ ” ဟု မေးလိုက်သည်။

ဖူမင်ရှစ်က ခေါင်းညိတ်လိုက်ပြီး သူမရဲ့ ပခုံးပေါ် လက်တစ်ဖက် တင်ကာ အရှေ့သို့ ဦးဆောင်ခေါ်သွားခဲ့သည်။ “ တခြား တစ်နေရာမှာ စကားသွားပြောရအောင်။ ” သူတို့က အဆောင်ဘေးမှာ ရပ်နေတာမို့ ပတ်ဝန်းကျင်မှာ သူများအကြောင်း စပ်စုတဲ့ လူတွေ ရှိသည်။

ကျန်းပေါင်က သူ့နောက်ကို နာခံစွာ လိုက်သွားလိုက်သည်။ ညက အပူချိန်လျော့သွားပြီ ဖြစ်သလို သူမကိုယ်တိုင်က လက်ရှည်တွေ ဝတ်ထားသော်လည်း သူမရဲ့ ပခုံးပေါ်က သူ့လက်ဖဝါးရဲ့ အနွေးဓာတ်ကို ခံစားနေရဆဲ။ သူတို့က ခြေလှမ်း ( ၇ ) လှမ်း ၊ ( ၈ ) လှမ်းလောက် လျှောက်လာပြီးမှ ရပ်လိုက်ကြသည်။

“ ရှင် ညစာစားပြီးပြီလား။ ” လေဆိပ်ကနေ ဒီကို လာခဲ့တဲ့ လမ်းတစ်လျှောက်လုံး ဖူမင်ရှစ် ညစာ စားခဲ့မှာ မဟုတ်လောက်ဘူးလို့ ကျန်းပေါင် မှန်းဆမိသည်။ ဖူမင်ရှစ်ကတော့ သူမကို ငုံ့ကြည့်ရင်း “ ငါက မင်းနဲ့ အတူတူ စားချင်တာလေ။ မင်းမှာ တခြားသူတွေနဲ့ ညစာစားဖို့ အစီအစဉ်ရှိနေလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ” ဟု အဓိပ္ပာယ်ပါပါ ပြန်ပြောလိုက်သည်။

ကျန်းပေါင်က ဖန့်ရွယ်ရဲ့ စနောက်မှုကို ရုတ်တရက် သတိရသွားကာ ရှင်းပြဖို့ ပြင်နေတုန်းမှာပဲ တက္ကသိုလ်ရှေ့လမ်းရှိ လူနေရပ်ကွက်ထဲက ပေါင်မုန့်ဆိုင်လေး တစ်ဆိုင်ကို မြင်သွားသည်။ သူမ စိတ်ကူးတစ်ခု ရသွားကာ ထိုပေါင်မုန့်ဆိုင်လေးကို လက်ညိုးထိုးပြလိုက်ပါသည်။ “ တစ်ချက်လောက် သွားကြည့်ချင်လား။ သူတို့ရဲ့ ပဲနီနဲ့ ကြက်သားပြား ပေါင်မုန့်လိပ်က တော်တော်လေး စားကောင်းတယ်။ သူတို့မှာ နို့လက်ဖက်ရည်လည်း ရတယ်။ ”

“ မင်း ဝယ်ကျွေးမလို့လား။ ” ဟု ဖူမင်ရှစ်က သူမကို တမင်တကာ စနောက်လိုက်တာကို ကျန်းပေါင်က “ ကျွန်မရဲ့ ထမင်းစားကတ်ဒ်ကိုပဲ အသုံးပြုလို့ ရပါတယ်။ ” ဟု လေးနက်စွာ ရှင်းပြနေခဲ့သည်။

ဖူမင်ရှစ် ရယ်မောလိုက်ပြီး သူမနှင့်အတူ ထိုကိတ်မုန့်ဆိုင်ကို သွားခဲ့သည်။ ဒီကို လာတဲ့ လမ်းမှာတုန်းက ဗိုက်မဆာခဲ့ပေမဲ့ အခုတော့ သူမက အစားအသောက်အကြောင်း အကြံပေးလာချိန်မှာ ရုတ်တရက်ပဲ စားချင်စိတ် ဖြစ်ပေါ်လာသည်။

ပေါင်မုန့်ဆိုင်လေးမှာ ရွေးချယ်စရာ ပေါင်မုန့်အမျိုးအစားတွေ အများကြီး ရှိသည်။ ဖူမင်ရှစ်က ကျန်းပေါင် ညွှန်းဆိုတဲ့ ပေါင်မုန့် နှစ်မျိုးကို မှာလိုက်ရင်း ကျန်းပေါင်က‌ ကောင်တာပေါ်က ပြောင်းဖူးပြုတ်တွေကို မကြာခဏ ငေးနေတာကို သတိထားမိသဖြင့် ပြောင်းဖူးပြုတ် နှစ်ဖူးအပြင် နို့လက်ဖက်ရည် ပူပူလေး နှစ်ဘူးလည်း မှာယူလိုက်သည်။ လက်ထဲမှာ မုန့်ထုပ် ခြောက်ထုပ်ကို သယ်ထားရတာ တော်တော်လေး မနိုင်မနင်းရှိသည်။

A တက္ကသိုလ်ထဲမှာ တောအုပ်လေးတစ်ခု ရှိသည်။ ထိုတောအုပ်ထဲက လမ်းလေးရဲ့ တစ်ဖက်စီမှာ ခုံတန်းရှည်လေးတွေ အများကြီးဖြင့် အနားသတ်ထားပေမဲ့ ခုံတန်းတိုင်းကို အတွဲတွေက နေရာယူထားသည်။ ခဏလောက် လှည့်ပတ်ရှာဖွေပြီးနောက် လူလွတ်တဲ့ ခုံတန်းတစ်ခုကို သူတို့ ရှာတွေ့သွားသည်။

ခုံတန်းမှာ ထိုင်ပြီး ဝယ်လာတဲ့ မုန့်တွေကို အရင်ဆုံး စားသောက်ကြသည်။ ကျန်းပေါင်ကတော့ ညစာ စားထားတာလည်း မကြာသေးဘဲ ဗိုက်ထပ်ဆာနေတာမို့ ပြောင်းဖူး‌ပြုတ်လေးကို ကိုင်ထားရင်း ရှက်နေခဲ့သည်။ ဒါပေမဲ့ ထိုပေါင်မုန့်ဆိုင်ရဲ့ ပြောင်းဖူးပြုတ်ဟာ နည်းနည်းလေး ဈေးကြီးရုံက လွဲလို့ အလွန် အရသာရှိသည်။ ကျန်းပေါင်က တစ်ခါတလေသာ ဝယ်စားလေ့ရှိပါသည်။ ပြောင်းဖူးပြုတ်တွေကို ထမင်းတစ်နပ် စားသလို ဝဝလင်လင် မစားနိုင်ပေမဲ့ သွားရည်စာအဖြစ် စားခြင်းကပင် ပိုက်ဆံဖြုန်းတီးရာရောက်သည်ဟု ထင်မိသည်။

သူမ ပြောင်းဖူးပြုတ်ကို ဖြည်းဖြည်းချင်း လှလှပပလေး ကိုက်ဝါးနေလိုက်သည်။

“ ရုပ်ချောတဲ့ ကျောင်းသားအသစ်တွေနဲ့ တွေ့ခဲ့သေးလား။ ” ဖူမင်ရှစ်က ပဲနီပေါင်မုန့်လိပ် တစ်လိပ်ကို စားပြီးတဲ့ထိ သူမဘက်က ရှင်းပြဖို့ အရိပ်အယောင်မပြတာကို မြင်တော့ ရည်ရွယ်ချက်မရှိ မေးလိုက်သည်။

ကျန်းပေါင် ပြောင်းဖူးနင်လုနီးပါး ဖြစ်သွားရပါသည်။ တစ်သျှူးနှင့် ပါးစပ်သုတ်လိုက်ပြီး သူ့အား ဒီနေ့ ဖြစ်ခဲ့သမျှ အကြောင်းအရာပေါင်းစုံကို ခရေစေ့ကွင်းကျ ပြောပြလိုက်သည်။ ဖူမင်ရှစ်ကတော့ ခုံတန်းကို မှီကာ ပြောင်းဖူးပြုတ်ကို ဖြည်းဖြည်းချင်း စားရင်း ဟိုးအဝေးကို ငေးကြည့်နေခဲ့သည်။

ကျန်းပေါင်က ပြောင်းဖူးပြုတ်ကို စိတ်ပါလက်ပါ စားနေတဲ့ ဖူမင်ရှစ်ကို မြင်တော့ ပြောင်းဖူးပြုတ်တွေ အေးစက်သွားပြီး အရသာမရှိတော့မည် စိုး၍ ဖြစ်ခဲ့သမျှ ကိစ္စတွေကို စိတ်ထဲ မထည့်ဘဲ သူမရဲ့ ဝေစုကိုသာ ဆက်စားနေလိုက်တော့သည်။ ဒါပေမဲ့ ဖူမင်ရှစ်ကတော့ ပြောင်းဖူးပြုတ် တစ်ကိုက်စာကို အချိန် အတော်ကြာအောင် ဝါးနေခဲ့သည်။

သုံးနှစ်ကြာ ဝေးကွာနေပြီးမှ တက္ကသိုလ်မှာ ပြန်လည်ဆုံတွေ့ခဲ့တဲ့ အထက်တန်းကျောင်းတုန်းက အ‌တန်းဖော်တဲ့လား … ။ ရုပ်ရှင်တွေ ၊ ဝတ္ထုတွေထဲမှာ ဒီလို ဇာတ်လမ်းမျိုးက တစ်ခုခု ဖြစ်ဖို့ ကံကြမ္မာသတ်မှတ်ခံထားရတာ မဟုတ်လား။

ဖူမင်ရှစ်က ပြောင်းဖူးပြုတ်ကို နောက်တစ်ကိုက် ကိုက်ရင်း “ မင်းရဲ့ အဲ့ဒီ အတန်းဖော်က တော်တော် ချောတယ်လား။ ” ဟု ထပ်မေးလိုက်သည်။

ကျန်းပေါင်သည် ဆယ်တန်းတုန်းက မင်ကျစ်နျဉ်ရဲ့ ပုံစံအကြောင်း ပြန်တွေးမိသည်။ တကယ်တော့ မိန်းကလေးတွေ သူ့ကို သည်းသည်းလှုပ် ဝိုင်းကြိုက်ခဲ့တာက လွဲလို့ သူနှင့် ပတ်သက်တဲ့ ဘယ်အရာကိုမှ သူမ သဲသဲကွဲကွဲ မမှတ်မိတော့ပါ။ အခု တက္ကသိုလ်ရောက်ချိန်မှာ ကျောင်းသားတွေရဲ့ ဖက်ရှင်စတိုင်လ်တွေက အထက်တန်းကျောင်းတုန်းက စတိုင်လ်တွေနှင့် အများကြီး ကွာခြားသွားပါပြီ။ သူမ ဒီနေ့ ဆုံတွေ့ခဲ့ရတဲ့ မင်ကျစ်နျဉ်မှာ ထက်မြက်တဲ့ ဆရာဝန်တစ်ယောက်ရဲ့ အရှိန်အဝါ ရှိသည်။

“ သူက တော်တော်လေး ကြည့်ကောင်းပါတယ်။ အထက်တန်းကျောင်းတုန်းက သူက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးလေ။ ” လိမ်ညာစရာ မလိုတဲ့ အချိန်မျိုးမှာ ကျန်းပေါင်က အမှန်အတိုင်း ပြောရခြင်းကို နှစ်သက်သည်။

ဖူမင်ရှစ်က သူမရဲ့ ဘေးတစောင်း ကြည့်နေ၏။ ကျန်းပေါင်သည် ပြောင်းဖူးပြုတ်ကို ဆက်မစားဘဲ သူမကို အကြာကြီး စိုက်ကြည့်နေတဲ့ သူ့ကို နားမလည်နိုင်စွာ ပြန်ကြည့်ကာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ သူ ဘာလို့ သူမကို ဒီလောက်တောင် ကြည့်နေတာလဲ … ။

“ ကိုယ့်ရဲ့ သတို့သလောင်းရှေ့မှာ တခြားယောက်ျားတစ်ယောက်ကို ရုပ်ချောတယ် ဆိုပြီး ချီးကျူးနေတယ် ဆိုတော့ မင်းရဲ့ EQ ကို တိုးတက်အောင် လုပ်ဖို့ လိုအပ်နေတဲ့ပုံပဲ။ ” ဟု ဖူမင်ရှစ်က ဘွင်းဘွင်းရှင်းရှင်း ပြောလိုက်သည်။ သူ့မျက်နှာက တည်တင်းလွန်း၍ ကျန်းပေါင် ပြောစရာစကားမရှိ ဆွံ့အသွားရပါသည်။

“ အဲ့လိုမျိုး ထပ်မဖြစ်စေနဲ့။ ” ဖူမင်ရှစ်က သူမကို လေးနက်သော အကြည့်ဖြင့် စိုက်ကြည့်ပြီးမှ ပြောင်းဖူးပြုတ်ကို ဖြည်းဖြည်း ဆက်ဝါးနေသည်။

ကျန်းပေါင် စိတ်ရှုပ်ထွေးသွားရသည်။ တကယ်လို့ သူတို့က တကယ့် သမီးရည်းစား အစစ်တွေ ၊ သို့မဟုတ် အမှန်တကယ် စေ့စပ်ထားတာ ဆိုလျှင် ဖူမင်ရှစ် သဝန်တိုနေတာကို နားလည်ပေးနိုင်ပေမဲ့ သူတို့က သူ့အဘိုးအတွက် ဟန်ဆောင်စေ့စပ်ထားတာ မဟုတ်ဘူးလား … ။ သူမ ဘာရယ်မဟုတ် ပြောမိတဲ့ စကားတွေကအစ ဘာလို့ လိုက်ဂရုစိုက်နေတာလဲ … ။ သူမက မင်ကျစ်နျဉ်ကို ချောတယ်လို့ပဲ ပြောတာပါ ၊ ဖူမင်ရှစ်ထက် ပိုချောတယ်လို့ ပြောတာ မဟုတ်။

“ ငါက စတာပါ။ ဆက်စား။ ” ဖူမင်ရှစ်က ကလေးတစ်ယောက်ကို ချော့မော့သလိုမျိုး သူမရဲ့ ခေါင်းလေးကို ပုတ်ပေးလိုက်သည်။

ကျန်းပေါင်က သူ့ကို သံသယအကြည့်ဖြင့် သုံး ၊ လေးခါလောက် ကြည့်နေပြီးမှ နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်ကာ “ သူက ရုပ်ချောပေမဲ့ ရှင့်ကိုတော့ လုံးဝ မမီပါဘူး။ ” ဟု ‌ထပ်ပြောလိုက်သည်။ မိုးနှင့်မြေလို ကွာတာပါ။

ဖူမင်ရှစ်က အသံထွက် ရယ်မိတော့မလို ဖြစ်သွားသော်လည်း သူမရဲ့ မျှော်လင့်မထားတဲ့ တည့်တိုးဆန်သော ချီးကျူးစကားကို ကြားရတာက သူ စိတ်ကူးထားတာထက်တောင် ပျော်ရွှင်ကျေနပ်စရာကောင်းနေခဲ့သည်။

အမှိုက်တွေကို နီးစပ်ရာ အမှိုက်ပုံးထဲကို သွားပစ်ပြီးနောက် အချိန်ကို တစ်ချက် ကြည့်လိုက်တော့ ည ( ၈ ) နာရီကျော်နေပြီမို့ ဖူမင်ရှစ်က သူမကို ပြန်လိုက်ပို့ပေးခဲ့သည်။ လမ်းမှာ နေ့စဉ် အရေးကိစ္စတွေအကြောင်း စကားစမြည် ပြောလာခဲ့ကြသည်။ အဆောင်ရဲ့ အရိပ်ကျနေတဲ့ ဘေးတစ်ဖက်ကို ရောက်တော့မှ ဖူမင်ရှစ်က လက်ဆောင်အိတ်လေးကို သူမအား ပေးရင်း “ လက်ဆောင်ပါ။ မုန့်တွေ။ ” ဟု ပြောလိုက်သည်။

“ ကျေးဇူးပါ။ ” တစ်လမ်းလုံး ထိုအိတ်ထဲကို ခိုးကြည့်လာခဲ့တဲ့ ကျန်းပေါင်က အိတ်ထဲမှာ ချောကလက်တွေ ပါတာ ဖြစ်လိမ့်မည်ဟု ခန့်မှန်းထားသည်။ အဝတ်အစားထက် အစားအသောက်တွေက သူမအတွက် လက်ခံရပိုလွယ်တာမို့ ဖိအားမပါဘဲ ယူလိုက်သည်။

“ ငါ မင်းကို အမျိုးသားနေ့ကျောင်းပိတ်ရက် ရောက်ရင် လာခေါ်မယ်။ ” တက္ကသိုလ်ကျောင်းသားတွေအဖို့ ကျောင်းပိတ်ရက်မှာ ပြင်ပဆောင်ရွက်ချက်တွေ အများကြီး လုပ်ရတာမို့ ဖူမင်ရှစ်သည် ကျန်းပေါင်အား ဇွတ်အတင်း အိမ်ပြန်မလာခိုင်းပါ။ ဒါပေမဲ့ ကျောင်းပိတ်ရက်ရှည်တွေမှာတော့ သူမ မဖြစ်မနေ အိမ်ပြန်လာဖို့ လိုသည်။

ကျန်းပေါင်က ခေါင်းညိတ်ပြလိုက်သည်။ သူမ ဟွီသန်းကို လွမ်းနေပြီမို့ သူနှင့် တွေ့ချင်သည်။

လိုအပ်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးပြီးသလို အဆောင်ရှေ့ကိုလည်း ရောက်နေပြီမို့ ကျန်းပေါင်က “ ဒါဆို ကျွန်မ သွားတော့မယ်နော်။ ” ဟု ခပ်တိုးတိုး ပြောလိုက်တော့ ဖူမင်ရှစ်က ခေါင်းညိတ်ပြသည်။

ကျန်းပေါင်သည် လက်ဆောင်အိတ်လေးကို ကိုင်လျက် လှည့်ထွက်လာခဲ့သော်လည်း ‌ခြေလှမ်း တစ်လှမ်းသာ လှမ်းရသေးချိန်မှာပဲ သူမရဲ့ ဘယ်ဘက် လက်ကောက်ဝတ်ကို ရုတ်တရက် ဆုပ်ကိုင်ခံလိုက်ရ၍ အံ့ဩစွာ လှည့်ကြည့်မိသည်။

အဝေးက လမ်းမီးရောင်က သူ့အပေါ် လင်းဖြာနေကျနေတာမို့ သူ့ရဲ့ နက်ရှိုင်းသော မျက်လုံးတွေကို ရှင်းလင်းစွာ မြင်ရသည်။ ဖူမင်ရှစ်ကလည်း သူမရဲ့ မျက်လုံးထဲက စင်ကြယ်မှုကို မြင်လိုက်ပါသည်။ စက္ကန့်ပိုင်းလောက် အကြည့်ချင်း ဆုံနေပြီးနောက် ဖူမင်ရှစ်က သူမကို နမ်းချင်စိတ်အား ချိုးနှိမ်ကာ သူ ပြောချင်တဲ့ စကားကို ပြောင်းလဲလိုက်သည်။ “ စာကြိုးစားနော်။ ကျောင်းက နှင်းဆီခိုင်တွေက ဘယ်လောက်ပဲ ရုပ်ချော,ချော ၊ မင်းမှာ ပိုင်ရှင်ရှိတယ် ဆိုတာ မမေ့နဲ့။ အမည်ခံပဲ ဆိုရင်တောင်မှပေါ့။ ”

ကျန်းပေါင်သည် သူ့ရဲ့ ရွှင်ပျ‌သော လေသံကို နားထောင်ကာ သူမကို ထပ်စနောက်နေပြန်ပြီ ဖြစ်ကြောင်း နောက်ဆုံးတော့ နားလည်သွား၏။ ထို့နောက် သူ့လက်ထဲမှ ညင်သာစွာ ရုန်းထွက်ပြီး ခပ်တိုးတိုး ရယ်မော၍ ပြေးထွက်လာခဲ့လိုက်သည်။

~

စနေနေ့ရောက်တော့ ကျန်းပေါင်သည် သူမနှင့် အဖွဲ့ဝင် အသစ်တွေအတွက် လေလွင့်တိရစ္ဆာန် ကာကွယ်ရေး အဖွဲ့အစည်းထဲကို ခေါ်လာတဲ့ လေလွင့်ကြောင် တချို့ကို ရေချိုးပေးဖို့ တာဝန်ပေးအပ်ခံခဲ့ရသည်။ အဖွဲ့အစည်းမှာ လေလွင့်ကြောင် ၊ လေလွင့်ခွေးတွေကို မွေးစားသူ ရှာမတွေ့သေးခင် အချိန်ထိ အထူးတလည် ထိန်းသိမ်း ဂရုစိုက်ပေးတဲ့ နေရာ ရှိသည်။

အားလုံးထဲမှာ ကျန်းပေါင်ရဲ့ အဆောင်က အဝေးဆုံးမို့ သူမ ရောက်သွားတဲ့အခါ တခြား နှစ်ယောက်က သူတို့ ရေချိုးပေးမယ့် ကြောင်လေးတွေကို ရွေးချယ်ပြီးသွားပြီ ဖြစ်ပြီး ကျန်းပေါင်အတွက် ပိန်လှီသော ကြောင်မည်းလေးတစ်ကောင်သာ ချန်ထားခဲ့သည်။ ကြောင်မည်းလေးမှာ ကြည်လင်သော မျက်လုံးစိမ်းလေးတွေ ရှိသော်လည်း ကံမကောင်းစွာဖြင့် မျက်လုံးထောင့်မှာ နီရဲရောင်ယမ်းနေပုံဖြင့် အလှပျက်စီးစေသည်။

လူစိမ်းတွေကို အရမ်း ကြောက်တဲ့ ကြောင်မည်းလေးဟာ အခန်းထောင့်က လှောင်အိမ်ရဲ့ ထောင့်မှာ ကွေးကွေးလေး နေရင်း ပြတင်းပေါက်ဘောင်ပေါ်မှာ ပျင်းရိပျင်းတွဲနှင့် တစ်ရေးတမော အိပ်နေတဲ့ ဆရာကြောင်ကို သေချာ ကြည့်နေခဲ့သည်။ ဆရာကြောင်ကို မြင်တော့ ကျန်းပေါင် အံ့ဩပျော်ရွှင်သွားမိသည်။

မင်ကျစ်နျဉ်က “ သူက အဖွဲ့အစည်းထဲက သူ သွားချင်တဲ့ နေရာမှန်သမျှကို လျှောက်သွားတယ်။ ဒီနေရာက သူ့ပိုင်နက်ပဲ။ ” ဟု ဆရာကြောင်အား လက်မြှောက် အရှုံးပေးထားပုံဖြင့် ဆိုသည်။

***

All Chapters