အခန်း ၂၀
Vol. 2 Ch. 20
အပိုင်း ( ၂၀ )
“ မြောင် … ” ကြောင်ဝတုတ်လေး ဆရာကြောင်က ကျန်းပေါင်ကို မြင်သည်နှင့် ပြတင်းပေါက်ဘောင်ပေါ်က ချက်ချင်းပဲ သွက်လက်စွာ ဆင်းလာကာ ကျန်းပေါင်ဆီမှာ အလိုလိုက်ခံရဖို့ ရောက်လာခဲ့လေသည်။
ကျန်းပေါင်က သူနှင့် ခဏလောက် ကစားပေးပြီးမှ အလိုလိုက်ခံရ၍ အကျင့်ပျက်နေတဲ့ ဆရာကြောင်ကို လွှတ်ပေးကာ ကြောင်မည်းလေးဘက်ကို အာရုံလှည့်လိုက်သည်။ ကြောင်တွေကို ရေချိုးပေးဖို့ လိုက်ဖမ်းရင်း တခြား အဖွဲ့ဝင်အသစ်နှစ်ယောက် အတော်လေး အခက်တွေ့နေတာကို မင်ကျစ်နျဉ်က ဘေးကနေ ရပ်ကြည့်နေခဲ့သည်။ ဒီကြောင်မည်းလေးကတော့ ခေါင်းအမာဆုံး ဖြစ်ပြီး သူ့လက်သည်းတွေကို ဝှေ့ယမ်းကာ ခုခံနေခဲ့သည်။ ဒါ့ကြောင့်ပဲ သူ့တစ်ယောက်တည်းကို ချန်ထားခဲ့တာပင်။
“ လာပါ။ ရေချိုးလိုက်မှ နင် လှသွားမှာ။ ” အပြုံးလေးဖြင့် ချော့မော့နေတဲ့ ကျန်းပေါင်ကို ကြောင်မည်းလေးက စိုက်ကြည့်နေသည်။
ကျန်းပေါင်က လှောင်အိမ်ကို လှမ်းကိုင်လိုက်သည်။ ကြောင်မည်းလေးက မဝံ့မရဲ လက်မြှောက်လိုက်ပေမဲ့ ကျန်းပေါင် သူ့ကို ကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ငြိမ်ကျသွားကာ နာခံစွာ ပွေ့ချီခံခဲ့သည်။ ကြမ်းပြင်ပေါ်မှာတော့ ဆရာကြောင်က ကျန်းပေါင်ရဲ့ ခြေထောက်တွေကို ပွတ်သပ်ရင်း သူမကို အဓိပ္ပာယ်ပါပါ ခေါ်ထုတ်နေခဲ့သည်။ သူမရဲ့ ရင်ခွင်ထဲက ကြောင်မည်းလေးကတော့ ဆရာကြောင်ကို ငုံ့ကြည့်ပြီး မောင်းထုတ်နေသည့်အလား သူ့လက်သည်းတွေကို ဝှေ့ယမ်းပြနေခဲ့သည်။
အကောင်သေးသလောက် အတော်လေး စွာသည်။ ဒါမှမဟုတ် သူမရဲ့ ရင်ခွင်ထဲကို ရောက်နေလို့ သတ္တိကောင်းနေတာပဲလားတော့ မပြောတတ်။
“ သူ့အမွေးတွေကို အရင်ဆုံး ဖြီးပေးလိုက်။ မဟုတ်ရင် ရေချိုးပေးရင်း ငြိကုန်လိမ့်မယ်။ ” ကြောင်တွေကို ရေချိုးပေးရာမှာ ကျွမ်းကျင်မှုတွေ ၊ အရည်အချင်းတွေ လိုအပ်သည်။ ဒါက ကျန်းပေါင်ရဲ့ ပထမဆုံးအကြိမ်မို့ မင်ကျစ်နျဉ်က သူမကို သေချာ သင်ပေးနေခဲ့သည်။
ကျန်းပေါင်ကလည်း ကြိုးကြိုးစားစား သင်ယူပြီး ကြောင်လေးရဲ့ အမွေးကြားက အညစ်အကြေးတွေ ၊ ဖုန်မှုန့် ၊ သဲမှုန့်တွေကို ခွာချပြီးနောက် ဘီးဖြီးပေးခဲ့သည်။ အမွေးတွေကို ဘီးဖြီးပေးပြီးရင် သူ့လက်သည်းချွန်တွေကို သပ်သပ်ရပ်ရပ် ဖြစ်သွားအောင် ညှိပေးရမည်။ ကြောင်မည်းလေးက ကျန်းပေါင်ရဲ့ပေါင်ပေါ်က ဇလုံထဲမှာ ငြိမ်သက်စွာ လိလိမ္မာမ္မာ လဲလျောင်းနေခဲ့သည်။ သူ့လက်သည်းချွန်တွေကို သပ်သပ်ရပ်ရပ် ဖြစ်သွားအောင် ညှိပေးနေတဲ့ ကျန်းပေါင်ကိုလည်း စိတ်ဝင်စားနေပုံဖြင့် မော့ကြည့်နေခဲ့သည်။
“ နေလို့ ကောင်းတယ်မလား။ ” ဟု ကျန်းပေါင်က သူ့ကို ငုံ့ပြီး စနောက်ချော့မြှူလိုက်တော့ ကြောင်မည်းလေးက သူမရဲ့ မျက်နှာကို နမ်းရှုံ့ချင်သကဲ့သို့ လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။
ကျန်းပေါင်က မျက်လုံးလေးတွေကို မှိတ်ထားလိုက်ပြီး ကြောင်မည်းလေးအား သူမကို နမ်းရှုံ့ခွင့်ပေးလိုက်သည်။ သူ အခုထိ ရေမချိုးရသေးလည်း ကိစ္စမရှိပေ။
အပြင် ခဏ ထွက်သွားတဲ့ မင်ကျစ်နျဉ် ပြန်ရောက်လာချိန်မှာ ပထမဆုံး မြင်လိုက်ရတဲ့ မြင်ကွင်းက ထိုမြင်ကွင်း ဖြစ်သည်။ ကောင်မလေးတစ်ယောက်က နေရောင်အောက်မှာ ထိုင်နေခဲ့ပြီး သူမရဲ့ မျက်နှာပေါ်က အပြုံးလေးဟာ နေရာင်ခြည် အလင်းတန်းတွေထက်တောင် ပိုနွေးထွေးသည်။ ဒေါသကြီးတဲ့ ဆရာကြောင်ရော ၊ သီးသန့်ဆန်တဲ့ ဒီကြောင်မည်းလေးရော သူမကို သဘောကျတာ အံ့ဩစရာ မရှိ။
မင်ကျစ်နျဉ် ခပ်တိုးတိုး ချောင်းဟန့်လိုက်သည်။
အဲ့ဒီတော့မှပဲ ကျန်းပေါင်ရဲ့ မျက်လုံးတွေ ဖျတ်ခနဲ ပြန်ပွင့်လာကာ သူမ ကြောင်နှင့် ဆော့ကစားခြင်းကို အရမ်း အာရုံစိုက်မိနေလို့ အချိန်ဇယားနောက်မှာ နောက်ကောက်ကျကျန်ခဲ့ပြီ ဆိုတာ သဘောပေါက်သွားကာ ကြောင်မည်းလေးရဲ့ လက်သည်းတွေကို အမြန် ဆက်ညှိပေးနေခဲ့သည်။
လက်သည်းတွေ ပြီးသွားတော့မှ ရေချိုးဖို့ အလှည့်ကျလာသည်။ ကြောင်မည်းလေးက ရေဇလုံကို ကြည့်ကာ မြောင်ခနဲ အသံပြု၍ ဆန္ဒပြနေခဲ့သော်လည်း နူးညံ့သိမ်မွေ့တဲ့ ကျန်းပေါင်က သဘောထားပြတ်သားသည်။ သူမက မင်ကျစ်နျဉ်ရဲ့ လမ်းညွှန်မှုအတိုင်း ကြောင်မည်းလေးကို ခေါင်းစခြေဆုံး ရေချိုးပေးခဲ့သည်။ ရေချိုး ၊ အခြောက်ခံ ၊ အမွေးတွေကို ဘီးဖြီး ၊ မျက်စဉ်း နည်းနည်းပါးပါး ခပ်ပေးပြီးတော့မှသာ သန့်ရှင်းရေးလုပ်ပေးခြင်းကို အောင်မြင်ပြီးစီးသည်ဟု သတ်မှတ်နိုင်သည်။
လတ်လတ်ဆတ်ဆတ် ရေချိုးထားတဲ့ ကြောင်မည်းလေးမှာ အမွေးပွပွလေးတွေ ၊ မျက်လုံးကြည်ကြည်လေးတွေ ရှိသည်။ သူ့မျက်လုံးစိမ်းလေးတွေက စိန်တုံးလေးတွေလို တဖျတ်ဖျတ် လင်းလက်တောက်ပနေသည်။
“ မင်းရဲ့ ပထမဆုံး အလုပ်အတွက် အထိမ်းအမှတ်အဖြစ် ဓာတ်ပုံ တစ်ပုံလောက် ရိုက်ချင်လား။ ” မင်ကျစ်နျဉ်က နံပါတ်ကတ်ပြားလေးကို ကြောင်မည်းလေးရဲ့ ခန္ဓာကိုယ်ပေါ်မှာ ချိတ်ဆွဲပေးရင်း အကြံပေးလိုက်တော့ ဓာတ်ပုံရိုက်ရတာ ကြိုက်တဲ့ ကျန်းပေါင်ကလည်း ကြောင်မည်းလေးကို ပျော်ရွှင်စွာ ပွေ့ချီ၍ လှောင်အိမ်တွေ အစီအတန်းလိုက်ရှေ့မှာ ပို့စ်ပေးခဲ့သည်။
မိန်းမလှလေးတစ်ယောက်ရဲ့ အကောင်းဆုံး အထူးအခွင့်အရေးကတော့ ဘယ်လိုပဲ နေ,နေ ကြည့်ကောင်းနေတာပါပဲ။ လျှပ်တစ်ပြက် ရိုက်ယူလိုက်သော ဓာတ်ပုံတွေဟာ အနုပညာလက်ရာတွေလို လှပစွာ ထွက်လာခဲ့သည်။
မင်ကျစ်နျဉ်က “ ငါ မင်းကို WeChat မှာ အပ်ပြီး ဓာတ်ပုံတွေ ပို့ပေးလိုက်မယ်။ ” ဟု ပြောရင်း ဖုန်းကို ကိုင်လျက် သူမဆီ လျှောက်သွားလိုက်သည်။ အဲ့လိုနှင့် သူတို့နှစ်ယောက် WeChat မှာ သူငယ်ချင်းတွေ ဖြစ်သွားကြသည်။
အဖွဲ့အစည်းရဲ့ PR ဌာနက ကြောင်မည်းလေးအတွက် မွေးစားမည့် လူတွေ ရှာမပေးခင် သင်းကွပ်ဖို့ ၊ ကာကွယ်ဆေးထိုးပေးဖို့ လိုသေးသည်။ သင်းကွပ်ခြင်းအကြောင်း စကားရောက်သွားခြင်းက ကျန်းပေါင်အား ဟွီသန်းကို သတိရသွားစေသည်။ ဟွီသန်းကို သင်းကွပ်ဖို့ကတော့ အဘိုးဖူရဲ့ ခွင့်မပြုခြင်းကြောင့် အချိန်အကန့်အသတ်မရှိ ရွှေ့ဆိုင်းခံထားရ၏။
( ၉ ) နာရီ ဒေါင်ခနဲ ထိုးသည်နှင့် ဖူမင်ရှစ်က ထုံးစံအတိုင်း ဖုန်းဆက်လာခဲ့သည်။ ဖုန်းဆက်သူက ဖူမင်ရှစ် ဖြစ်သော်လည်း တကယ်တော့ ကျန်းပေါင်က ဖုန်းပြောရင်းနှင့် သူမရဲ့ တက္ကသိုလ်ကျောင်းသူဘဝကို အစီရင်ခံရတာပင်။ “ ဒီနေ့ ကျွန်မ ကြောင်မည်းလေးတစ်ကောင်ကို ရေချိုးပေးခဲ့တယ်။ သူ့မှာ မျက်လုံးလှလှလေးတွေ ရှိတယ် ၊ အရမ်းလည်း လိမ္မာတယ် … ”
သူမ ပထမဆုံး ကိုင်တွယ်ရတဲ့ လေလွင့် တိရစ္ဆာန်လေး ဖြစ်နေတာကြောင့်လားတော့ မပြောတတ်ဘဲ ကျန်းပေါင် ထိုကြောင်မည်းလေးကို အလွန် သဘောကျနေမိသည်။
“ သူ့ကို အပန်းဖြေစံအိမ်ကို ခေါ်လာပြီး ဟွီသန်းနဲ့ အတူတူ မွေးလို့ ရပါတယ်။ ” ဖူမင်ရှစ်သည် သူမရဲ့ ချစ်စရာ အမူအရာလေးကို စိတ်ကူးထဲမှာ ပုံဖော်ကြည့်ရင်း ခပ်တိုးတိုး ရယ်လိုက်မိသည်။
“ ရှင် သူ့ကို တကယ် မွေးစားချင်နေတာလား။ ” ကျန်းပေါင်က ဝမ်းသာစိတ်ကို ချိုးနှိမ်ရင်း မေးလိုက်သည်။ အဆောင်မှာ အိမ်မွေးတိရစ္ဆာန်တွေ မွေးလို့ မရသလို အပန်းဖြေစံအိမ်ကလည်း သူမရဲ့ အိမ် မဟုတ်ဘဲ သူမက ဧည့်သည်တစ်ယောက်သာမို့ ကြောင်မည်းလေးကို မွေးစားဖို့ အတွေးမရှိခဲ့ပါ။
ဖူမင်ရှစ်က လက်ပ်တော့ကို ဖွင့်လိုက်တော့ Wallpaper လုပ်ထားတဲ့ သူမရဲ့ တောက်ပသော အပြုံးလေးကို မြင်လိုက်ရသည်။ သူ့အသံက နူးညံ့သွားပါသည်။ “ မင်း မွေးစားချင်ရင်ပေါ့။ ”
သူမသာ မွေးစားချင်လျှင် သူမကို ပျော်ရွှင်အောင် လုပ်ပေးနိုင်မယ့် ဘယ်လို လေလွင့်ကြောင် ၊ လေလွင့် တိရစ္ဆာန်ကိုမဆို သူ မွေးစားချင်သည်။
ဖူမင်ရှစ်ရဲ့ အသံတိုးတိုးက လျှပ်စစ်စီးကြောင်း တစ်ခုလိုပဲ ကျန်းပေါင်ရဲ့ နားရွက်တွေအား စကားလုံးနှင့် ဖော်ပြလို့ မရလောက်အောင် ပူထူသွားစေသည်။ သို့သော် သေချာ စဉ်းစားကြည့်လိုက်တော့ သူမ တွန့်ဆုတ်နေမိသည်။ “ ကျွန်မ ရှင့်ကို အရင်ဆုံး အဲ့ကြောင်လေးရဲ့ ဓာတ်ပုံ ပို့ပေးလိုက်မယ်။ ရှင် သူ့ကို မွေးချင်မလားပေါ့။ ”
ဖူမင်ရှစ်က ကြောင်မည်းလေးကို မမွေးချင်ဘဲ သူမရဲ့ ခံစားချက်ကို လိုက်လျောပေးဖို့ ကြိုးစားနေရုံသာ ဆိုရင်တော့ ထားလိုက်ပါတော့။
“ ကောင်းပြီ။ ” ဖူမင်ရှစ်က ဖုန်းချလိုက်ပြီး သူမ ကြောင်ဓာတ်ပုံ ပို့မှာကို စောင့်ဆိုင်းနေခဲ့သည်။
ကျန်းပေါင်က သူမမှာ ရှိတဲ့ တစ်ပုံတည်းသော ဓာတ်ပုံကို တစ်ယောက်တည်း သိမ်းထားဖို့တောင် တွေးမနေဘဲ သူ့ဆီ ပို့ပေးလိုက်သည်။ ဖူမင်ရှစ်ကတော့ ကြောင်မည်းလေးကိုသာ မျှော်လင့်ထားတာ ဖြစ်ပြီး ဓာတ်ပုံထဲမှာ သူမလည်း ပါဝင်နေလိမ့်မည်ဟု မထင်ခဲ့ပေ။
ဖူမင်ရှစ်သည် ဓာတ်ပုံထဲမှာ ချိုမြိန်စွာ ပြုံးနေတဲ့ ကောင်မလေးကို ကြည့်ပြီး တစ်ချက် စဉ်းစားကာ တမင်သက်သက် စာမပြန်ဘဲ နေလိုက်တော့ တစ်ဖက်က ကျန်းပေါင်က စိုးရိမ်လာခဲ့သည်။
ကျန်းပေါင် : ဘယ်လို ထင်လဲဟင်။ ရှင် သူ့ကို သဘောကျလား။
ဖူမင်ရှစ် : ဘယ်တစ်ခုကို ပြောတာလဲ။
ကျန်းပေါင်က ထိုမက်ဆေ့ခ်ျကို ကြည့်ကာ သူ ပြောချင်တဲ့ အဓိပ္ပာယ်ကို နားမလည်ဘဲ ကြောင်အမ်းအမ်းလေး ဖြစ်နေတုန်းမှာပဲ ဖူမင်ရှစ်က နောက်ထပ် မက်ဆေ့ခ်ျတစ်စောင် ထပ်ပို့လာသည်။
ဖူမင်ရှစ် : ကြောင်လေးက ချစ်စရာကောင်းပါတယ်။ ပိုင်ရှင်ကလည်း မဆိုးပါဘူး။
အခုမှ အချိတ်အဆက်မိသွားတဲ့ ကျန်းပေါင်က အမြန် ရှင်းပြလိုက်သည်။
ကျန်းပေါင် : ကြောင်ကို ပြောတာပါ။
ဖူမင်ရှစ် : ငါ သဘောကျတယ်။
ကျန်းပေါင် ပြုံးလိုက်မိသည်။
တခြားတစ်ဖက်မှာတော့ ဖူမင်ရှစ်သည် “ ပိုင်ရှင်ကိုလည်း သဘောကျတယ်။ ” လို့ စာရိုက်ထားပြီး မပို့ရသေးတဲ့ မက်ဆေ့ခ်ျလေးကို အကြာကြီး စိုက်ကြည့်နေပြီးမှ ဖြည်းဖြည်းချင်း ပြန်ဖျက်ပစ်လိုက်ကာ “ ကောင်းသော ညပါ။ ” ဟု ပြောင်းလဲရေးသား၍ ပို့လိုက်လေသည်။
ကျောင်းပိတ်ရက်ရှည် ရတဲ့ နောက်ဆုံး အတန်းချိန်ကို ရောက်သောအခါ ကျောင်းသားအများစုက စိတ်လှုပ်ရှားမှုဖြင့် တရွရွ တကြွကြွ ဖြစ်လျက် အိမ်ပြန်ချင်နေခဲ့ကြသည်။
ကျန်းပေါင်က သုံးတန်းမြောက်မှာ ထိုင်ပြီး ကျားရှောင်ယုကတော့ သူမရဲ့ ဘေးမှာ ထိုင်ကာ ဝတ္ထုတစ်ပုဒ်ကို တိတ်တဆိတ် ဖတ်ရင်း မှတ်စုတွေကို လုံ့လဝီရိယရှိရှိ လိုက်မှတ်နေသည်။
အတန်းဆင်းဖို့ ဆယ်မိနစ် လိုသေးပေမဲ့ ဆရာမက သူတို့ကို စောစော လွှတ်ပေးခဲ့သည်။ ကျောင်းသားတွေ အားလုံး ဝေါခနဲ ထွက်သွားတဲ့အခါ စာသင်ခန်းထဲမှာ ဟာလာဟင်းလင်း ကျန်ရစ်ခဲ့သည်။ ကျန်းပေါင်က သူမရဲ့ မှတ်စု နောက်ဆုံးစာကြောင်းကို ဖြည်းဖြည်းချင်း ရေးနေပြီးမှ သူမရဲ့ အခန်းဖော် သုံးယောက် ယူသွားခိုင်းထားတဲ့ ပုံနှိပ်စာအုပ် သုံးအုပ် အပါအဝင် ပစ္စည်းတွေကို သိမ်းဆည်းနေလိုက်သည်။
မြို့ထဲမှာပဲ နေတဲ့ ထိုသုံးယောက်ဟာ ဘာကြောင့်မှန်းမသိ တစ်နယ်တစ်ကျေးက လူတွေထက်တောင် ပိုစိတ်လှုပ်ရှားနေပြီး အတန်းဆင်းသည်နှင့် အဆောင်ကိုတောင် မပြန်ဘဲ ကျောင်းထဲကနေ တန်းထွက်သွားခဲ့ကြသည်။
ကျန်းပေါင်က စာအုပ်တွေ အားလုံးကို လွယ်အိတ်ထဲ ထည့်ပြီးနောက် တစ်သျှူး တချို့ကို ထုတ်ယူကာ အရင်ဆုံး သန့်စင်ခန်းဝင်လိုက်သည်။ သူမ သန့်စင်ခန်းထဲက ပြန်ထွက်လာချိန်မှာတော့ လှေကားထစ်တွေကနေ အောက်ထပ်ကို ဆင်းသွားတဲ့ ခြေသံတွေကို ကြားရသည်။ ကြည့်ရတာ စာသင်ကြားရေး အဆောက်အအုံထဲက အတန်းတွေ အကုန်လုံး ပြီးသွားပြီ ထင်သည်။
ကျန်းပေါင်က ဖူမင်ရှစ်အား အတန်းပြီးပြီဖြစ်ကြောင်း မက်ဆေ့ခ်ျတစ်စောင် ပို့လိုက်ကာ အိတ်ကို လွယ်၍ လှေကားထစ်တွေဆီသို့ တစ်ယောက်တည်း လျှောက်လာခဲ့လိုက်သည်။
“ ကျန်းပေါင်။ ” သူမ လူအုပ်ကြားထဲကို တိုးဝင်ကာ အောက်ထပ်ဆင်းဖို့ ပြင်နေတုန်းမှာပဲ တစ်စုံတစ်ယောက်က သူမရဲ့ နာမည်ကို အပေါ်ကနေ ခေါ်လိုက်တာကြောင့် မော့ကြည့်လိုက်တော့ သူမကို ပြုံးပြရင်း လှေကားပေါ်က ဆင်းလာတဲ့ မင်ကျစ်နျဉ်ကို မြင်လိုက်ရ၏။ အနက်ရောင် ရှပ်အကွက်ကို ဝတ်ဆင်ထားတဲ့ မြင့်မတ်ကျစ်လျစ်သော သူ့ကိုယ်ဟန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်တဲ့အခါ လူယဉ်ကျေးတစ်ယောက်ပမာ ခံစားရစေသည်။
မင်ကျစ်နျဉ်က ဒုတိယထပ်ကို ရောက်တော့ သူ့ဘေးက အတန်းဖော်တွေကို နှုတ်ဆက်ပြီးမှ သူမဆီကို တစ်ယောက်တည်း လျှောက်လာခဲ့သည်။ “ မင်း ဘာလို့ တစ်ယောက်တည်း ဖြစ်နေတာလဲ။ ”
“ သူငယ်ချင်းတွေက အရင် အိမ်ပြန်သွားကြလို့ပါ။ ” ကျန်းပေါင်က ရင်းနှီးကျွမ်းဝင်နေသော မျက်နှာပိုင်ရှင်ကို ပြုံးပြလိုက်သည်။
“ မင်း ဘယ်အချိန် ပြန်မှာလဲ။ ” မင်ကျစ်နျဉ်က အောက်ထပ်ကို အလောတကြီး ဆင်းရမည့်အစား သူမဘေးကို လျှောက်သွပြီး စကားပြောလိုက်သည်။ “ ငါတို့က မနှစ်တုန်းက အတန်းဖော်တွေ ဖြစ်ခဲ့ဖူးလို့ မေးတာပါ။ ”
ကျန်းပေါင်က မလှုပ်ဘဲ သူ့ကို လှည့်ကြည့်ကာ “ ငါက အဆောင်ပြန်ပြီး ပစ္စည်းတွေ ချပြီးရင် ပြန်တော့မှာ။ နင်ရော ဘယ်လိုလဲ။ C မြို့တော်ကို ပြန်မှာလား။ ” ဟု ပြောပြီးနောက် အောက်ထပ်ကို တစ်ချက် ငဲ့ကြည့်လိုက်သည်။ ဖူမင်ရှစ်က သူမရဲ့ အဆောင်မှာ ရောက်နေပြီလို့ ပြောထားတာမို့ သူ့ကို အရမ်း အကြာကြီး စောင့်မနေစေချင်ပါ။
မင်ကျစ်နျဉ်က သူမ အိမ်ပြန်ဖို့ စိတ်အားထက်သန်နေတာကို ကြည့်ပြီး သူမနှင့်အတူ စကားတပြောပြောနှင့် အောက်ထပ်ကို ဆင်းလာခဲ့လိုက်သည်။ “ အင်း ၊ ငါ ညနေ လေးနာရီ လေယာဉ်လက်မှတ်ဖြတ်ထားတယ်။ ငါကတော့ ဒီမှာပဲ နေချင်ပေမဲ့ အဘွားက ပြန်ခေါ်နေလို့။ ”
ကျန်းပေါင်က တခြားလူတွေရဲ့ လမ်းလျှောက်နှုန်းနှင့်အတူ ခပ်ဖြည်းဖြည်း လျှောက်ရင်း ရယ်သံတစ်ဝက်နှင့် ပြောလိုက်သည်။ “ လူကြီးတွေက ရှင့်ကို လွမ်းနေတာကို ရှင် အိမ်ပြန်ပြီး သူတို့နဲ့ တွေ့သင့်တာပေါ့။ ”
မင်ကျစ်နျဉ်က သူမထက် ခြေလှမ်းတစ်ဝက်စာလောက် နောက်ကျနေခဲ့သည်။ ခေါင်းကို လှည့်ကြည့်စရာ မလိုဘဲနှင့်ပင် ကျန်းပေါင်ရဲ့ ဖြူကြည်နုမွတ်သော ဘေးတစောင်း မျက်နှာလေးကို မြင်နိုင်သည်။ သူမက ဆံပင်ကို ရိုးရိုးရှင်းရှင်း ပိုနီတေးလ်တစ်ချောင်းအဖြစ် ခပ်မြင့်မြင့် စုချည်ထားတာမို့ နားရွက်လေးတွေက လှစ်ဟာထွက်ပေါ်နေပြီး ပန်းနုရောင် နားရွက်ဖျားလေးတွေဟာ သေးသေးလေးနှင့် ချစ်စရာကောင်းသည်။ သူမ နားပေါက်ဖောက်မထားတာကိုလည်း မင်ကျစ်နျဉ် သတိထားမိလိုက်ပါသည်။
“ နေ့လယ်စာ အတူတူ စားမလား။ ” မင်ကျစ်နျဉ်က နောက်ထပ် လှေကားနှစ်ထစ်ကို ဆင်းရင်း သူမကို တတ်နိုင်သမျှ သဘာဝအဆန်ဆုံး ဖိတ်ခေါ်လိုက်တော့ ကျန်းပေါင်က အံ့ဩသွားကာ ခေါင်းလေးကို စောင်းငဲ့၍ သူ့ကို ကြည့်နေသည်။ မင်ကျစ်နျဉ် လှစ်ခနဲ ပြုံးလိုက်ပါသည်။ “ ငါ့အခန်းဖော်တွေလည်း အိမ်ပြန်သွားပြီ ဆိုတော့ တစ်ယောက်တည်း စားရမှာ ပျင်းလို့ပါ။ ”
ကျန်းပေါင်က အကြည့်လွှဲပြီး အားတုံ့အားနာ ငြင်းဆန်လိုက်သည်။ “ ငါ့ကောင်လေးက ငါ့ကို လာကြိုဖို့ အဆောင်ကို ရောက်နေပြီရယ်။ ”
ဖူမင်ရှစ် ရောက်မနေလျှင်တောင် သူမက ကောင်လေးတွေနှင့် နှစ်ယောက်တည်း ထမင်းစားခြင်းနှင့် ကျင့်သားမရသေးပါ။ မင်ကျစ်နှစ်က သူမအတွက်တော့ မနှစ်တုန်းက အတန်းဖော်ဟောင်းလို့ နာမည်တပ်နိုင်ရုံလောက်သာ မျက်မှန်းတန်း သိကျွမ်းခဲ့သော လူမျိုး ဖြစ်သည်။
မင်ကျစ်နျဉ်ရဲ့ အပြုံးက စက္ကန့်ပိုင်းလောက် ရပ်တန့်သွားပြီးမှ အရွှန်းဖောက်လိုက်သည်။ “ မင်းကောင်လေးက မင်းကို လာကြိုရကောင်းမှန်း သိတယ် ဆိုတော့ မဆိုးဘူးပဲ။ နေ့ခင်း ပြန်မှာလား။ ”
ကျန်းပေါင်က ဝတ်ကျေတန်းကျေ ခေါင်းညိတ်လိုက်သည်။ ပထမထပ် လော်ဘီကို ရောက်တော့ ဟင်းလင်ပြင်က ရုတ်တရက် မြင်ကွင်းထဲ ရောက်လာသည်။ ကျန်းပေါင်က ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုရင်း ရင်းနှီးနေသော ပုံရိပ်တစ်ခုကို မျှော်လင့်မထားစွာဖြင့် မြင်လိုက်ရကာ ခြေလှမ်းတွေ ရပ်တန့်သွားပြီး အံ့ဩစွာ စိုက်ကြည့်နေမိသည်။ ထိုပုံရိပ်က သူမကို အဆောင်ဝင်ပေါက်မှာ စောင့်နေသည်ဟု ခုနတုန်းကမှ စာပို့ခဲ့တဲ့ သူမရဲ့ “ ကောင်လေး ” ပင်။
မင်ကျစ်နျဉ်က သူမရဲ့ ခပ်အမ်းအမ်း ဖြစ်သွားတဲ့ အမူအရာကို သတိထားမိတာကြောင့် သူမ ကြည့်နေရာဆီ လိုက်ကြည့်လိုက်တော့ ကျောင်းသားတစ်ယောက်ကို သွားမြင်သည်။ သူက ( ၁.၇၈ ) မီတာ အရပ်အမြင့်ရှိတာမို့ တော်တော်လေး အရပ်ရှည်တဲ့ထဲ ပါပေမဲ့ ထိုအမျိုးသားကတော့ ( ၁.၉ ) မီတာလောက် ရှိပုံပေါ်သည်။ အနက်ရောင် တီရှပ်ကို ဝတ်ဆင်ထားပြီး ဘောင်းဘီအိတ်ကပ်ထဲကို လက်ထည့်၍ ရပ်နေပုံက မဂ္ဂဇင်းမျက်နှာဖုံးပေါ်က ဖက်ရှင်မော်ဒယ်တစ်ယောက်အတိုင်း။
အဲ့ဒီတော့ ဒါက ကျန်းပေါင်ရဲ့ ကောင်လေးလား။
မင်ကျစ်နျဉ်သည် ဖူမင်ရှစ်ရဲ့ သာမန်ဆန်သော အဝတ်အစားတွေကို ကြည့်ပြီး ထိုအမျိုးသားဟာ သူ့လောက် နေထိုင်မှုအဆင့်အတန်း မမြင့်မားနိုင်တာကို ခန့်မှန်းမိသည်။ သူ့လောက် မချမ်းသာတဲ့ မိသားစုက လာသူ ဖြစ်နိုင်သည်။
“ မင်းကောင်လေးလား … ” မင်ကျစ်နျဉ်က ကျန်းပေါင်နှင့်အတူ ယှဉ်တွဲလျှောက်လာဆဲ ဖြစ်ပြီး ဟာသဆန်ဆန် မေးလိုက်တော့ ကျန်းပေါင်က အိုးတိုးအမ်းတမ်းနှင့် ဟုတ်ကြောင်း ဝန်ခံလိုက်ရသည်။ ထိုအချိန်မှာပဲ ဖူမင်ရှစ်က သူတို့ဆီ ချဉ်းကပ်လာတာကြောင့် သူမကပဲ မိတ်ဆက်ပေးလိုက်သည်။ “ ဒါက မင်ကျစ်နျဉ်ပါ ၊ အထက်တန်းတုန်းက ကျွန်မရဲ့ အတန်းဖော်ပါ။ ”
ဖူမင်ရှစ်က သူတို့နှစ်ယောက် ယှဉ်တွဲလျှောက်လာတာကို မြင်ကတည်းက မင်ကျစ်နျဉ် ဘယ်သူလဲ ဆိုတာ ခန့်မှန်းနိုင်ပြီးသား ဖြစ်သည်။ မရင့်ကျက်သေးတာ သိသာတဲ့ ဒုတိယနှစ်ကျောင်းသားတစ်ယောက်ထက် မပိုပါ။ ဖူမင်ရှစ်က သူ့ကို စိတ်ထဲ မထည့်ဘဲ ခေါင်းလေး တစ်ချက်သာ ဆတ်ပြကာ လူ ( ၄ ) ယောက်ရဲ့ ပုံနှိပ်စာအုပ်တွေ ထည့်ထားတဲ့ ကျန်းပေါင်ရဲ့ ကျောပိုးအိတ်ကို လက်တစ်ဖက်ဖြင့် ယူပြီး ကျန်လက်တစ်ဖက်ကို သူမရဲ့ ပခုံးပေါ် တင်ကာ စာသင်ကြားရေး အဆောက်အအုံထဲမှ ခေါ်ထုတ်လာခဲ့လိုက်လေသည်။
“ မင်း ဒီနေရာကို စက်ဘီးနဲ့ လာခဲ့တာလား။ ငါ မင်းရဲ့ စက်ဘီးကို တွေ့မိသလိုပဲ။ ”
သူက မင်ကျစ်နျဉ်ကို လျစ်လျူရှုထားသည်။ ပခုံးတစ်ဖက်ကို ဖူမင်ရှစ်ရဲ့ လက်ဖဝါးနွေးနွေးနှင့် ဆုပ်ကိုင်ခံထားရတဲ့ ကျန်းပေါင်က မင်ကျစ်နျဉ်အပေါ် သူ့ဆက်ဆံပုံက မဟုတ်သေးဘူးလို့ ခံစားရတာကြောင့် “ ကောင်းကောင်းမွန်မွန် ဆက်ဆံပါ။ သူလည်း လူသားတစ်ယောက်ပဲ။ ” ဟု ခပ်တိုးတိုး သတိပေးလိုက်သည်။ ဘာလို့ သူတို့ တွေ့တိုင်း သူ့လက်ကို သူမရဲ့ ပခုံးပေါ် တင်ထားတာလဲ … ။
ဖူမင်ရှစ်က နာခံစွာ လက်ဖယ်သွားတော့မှ ကျန်းပေါင်က စိတ်သက်သာရာရသွားသော သက်ပြင်းလေးကို မှုတ်ထုတ်လိုက်သည်။ သူတို့နှစ်ယောက် သူမရဲ့ စက်ဘီးကို အတူတူ သွားယူကြကာ စက်ဘီးကို ထုတ်ယူလာသည်နှင့် ဖူမင်ရှစ်က သူမအား စက်ဘီးကို ထိန်းကိုင်ထားခိုင်းပြိး သူကတော့ ခန္ဓာကိုယ်ငုံ့ကိုင်းကာ ထိုင်ခုံကို ချိန်ညှိနေခဲ့သည်။
အူကြောင်ကြောင် ဖြစ်နေတဲ့ ကျန်းပေါင်ဟာ စက်ဘီးလက်ကိုင်ကို ဖူမင်ရှစ် ဆုပ်ကိုင်လိုက်တော့မှ သူ့ရည်ရွယ်ချက်ကို နားလည်သွား၏။ သူမရဲ့ အဖြူရောင် ၊ ပန်းရောင် စက်ဘီးလေးကို ကြည့်ပြီး ကျန်းပေါင် ရယ်ချင်စိတ်ကို ထိန်းမရတော့ပေ။
***