← Chapters

အခန်း ၂၁

Vol. 3 Ch. 21

အခန်း ၂၁

Vol. 3 Ch. 21

အပိုင်း ( ၂၁ )

ဖူမင်ရှစ်က ထိုင်ခုံမှာ မြဲမြံစွာ ထိုင်ပြီးမှ သူမကို လှည့်ကြည့်ကာ “ တက်လေ။ ” ဟု ခေါ်သည်။ ကျန်းပေါင်က သူ့စကားအတိုင်း နောက်ခုံမှာ သွားထိုင်လိုက်တော့ ဖူမင်ရှစ်က သူ့ခြေတံရှည်တွေကို စက်ဘီးခြေနင်းပေါ် တင်ကာ သူမနှင့်အတူ စီးနင်းထွက်ခွါလာခဲ့သည်။

“ ငါတို့ ဘယ်မှာ နေ့လယ်စာ စားကြမလဲ။ ” ဟု ဖူမင်ရှစ်က အရှေ့ကို အကြည့်မပျက်ဘဲ မေးလိုက်သည်။ “ ဟော့ပေါ့ စားမလား။ ” ဈေးကြီးပြီး ကိန်းကြီးခန်းကြီးနိုင်လွန်းတဲ့ ဆိုင်တွေက သူမအား မသက်မသာ ဖြစ်စေသည်။

ကျန်းပေါင်က မနက်ကတည်းက အတန်းချိန်တွေကို လေးချိန်ဆက်တိုက် ကြိုးကြိုးစားစား တက်လာခဲ့တာမို့ အခုအချိန်မှာ အရမ်း ဗိုက်ဆာနေပါပြီ။ သူမက သူ့ရှပ်အင်္ကျီကို ခပ်သာသာလေး ဆွဲလိုက်သည်။ “ ကျောင်းကန်တင်းကိုပဲ သွားရအောင်ပါ။ ဒီနေ့ အကုန်လုံး အိမ်ပြန်သွားကြတော့ ကန်တင်းမှာ လူရှုပ်သက်သာပြီး တန်းစီစရာ မလိုလောက်ဘူး။ ”

သူမက ဒီလို အသေးအဖွဲ အဆင်ပြေမှုလေးတွေအကြောင်း စဉ်းစားရုံနှင့်တောင် အလွယ်တကူ စိတ်ကျေနပ်တတ်သူမျိုး ဖြစ်သည်။ သူတို့ စက်ဘီးပေါ်သာ ရောက်မနေလျှင် ဖူမင်ရှစ် နောက်လှည့်ပြီး ချစ်စရာကောင်းတဲ့ စကားတွေ ပြောနေတဲ့ သူမရဲ့ ချစ်စရာ ပန်းရောင်နှုတ်ခမ်းလေးကို နမ်းမိမှာပါ။

“ ကောင်းပြီ။ ငါတို့ ကန်တင်းမှာပဲ စားကြတာပေါ့။ ” ဖူမင်ရှစ်သည် သူမရဲ့ စားသောက်ရေး အဆင်ပြေချောမွေ့စေရေးအတွက် သူ့အစီအစဉ်တွေကို ယာယီ နောက်ဆုတ်ထားလိုက်သည်။ သူတို့မှာ အားလပ်ရက် ( ၇ ) ရက်တောင် ရှိသေးတာမို့ ဒီထမင်းတစ်နပ်အတွက် လောကြီးစရာ မလိုပါ။

သူတို့ စက်ဘီးကို အဆောင်အောက်မှာ ရပ်လိုက်ကြသည်။ ဖူမင်ရှစ်က စက်ဘီးကို လော့ခ်ချနေစဉ်မှာ ကျန်းပေါင်က အပေါ်ထပ်ကို တက်ကာ ပစ္စည်းတွေကို နေရာချပြီးမှ နေ့လယ်စာစားဖို့ ပြန်ဆင်းလာခဲ့သည်။

ကန်တင်းထဲမှာ ကျောင်းသားတွေပ ဝင်ချည် ၊ ထွက်ချည် ရှိနေသည်။ အခုမှ နေ့လယ်ပိုင်း အတန်းချိန်တွေ ပြီးသွားတဲ့ ကျောင်းသားတွေကတော့ ကန်တင်းမှာပဲ နေ့လယ်စာ စားကြတာ များသည်။ ကျန်းပေါင်ရဲ့ မျက်လုံးတွေက ကန်တင်းထဲမှာသာ အကြည့်ရောက်နေပြီး ဖူမင်ရှစ်ရဲ့ မျက်လုံးတွေကတော့ သူမဆီမှာသာ အကြည့်ရောက်နေခဲ့သည်။ တစ်စုံတစ်ယောက်က သူတို့နောက်ကို ခပ်လှမ်းလှမ်းကနေ တစ်ချိန်လုံး လိုက်လာတာကိုတော့ ဘယ်သူမှ သတိမပြုမိပေ။

ကန်တင်းထဲ ဝင်သွားတဲ့ စုံတွဲလေးကို ကြည့်ပြီး မင်ကျစ်နျဉ်ရဲ့ မျက်လုံးထဲမှာ မကျေမနပ် အငွေ့အသက်တွေ ယှက်သန်းသွားခဲ့သည်။ ကျန်းပေါင်သာ သူ့ကောင်မလေး ဆိုလျှင် ဒီလို နေ့မျိုးမှာ ကန်တင်းမှာ နေ့လယ်စာ စားဖို့ ရွေးချယ်မှာ မဟုတ်။ ဒါပေမဲ့ ကျန်းပေါင်ရဲ့ ကောင်လေးက စင်းလုံးချော ပြီးပြည့်စုံမှုမရှိသည့်အတွက် သူ့အတွက် မျှော်လင့်ချက်ရှိနေတာကိုတော့ ဝမ်းသာမိသည်။

မင်ကျစ်နျဉ်သည် ထိုနေရာမှာ ခဏလောက် ရပ်နေပြီးမှ ယောက်ျားလေးအဆောင်ဘက်ကို လှည့်ထွက်လာခဲ့လိုက်သည်။ လောလောဆယ်တော့ သူ ပြန်ပြီး နောက်မှ အခွင့်အရေး ထပ်ရှာမည်။

~

တစ်စုံတစ်ယောက်က သူ့ကောင်မလေးကို ခိုးယူဖို့ စီစဉ်နေတာကို သတိမထားမိတဲ့ ဖူမင်ရှစ်ကတော့ နေ့လယ်စာ စားပြီးနောက် အဆောင်အောက်မှာ ဆက်စောင့်နေခဲ့သည်။ သိုးသိုးသွက်သွက်ရှိတဲ့ ကျန်းပေါင်က ခဏအကြာမှာပဲ လက်တစ်ဖက်မှာ အိတ်ကို ဆွဲလျက် ၊ ကျန်လက်တစ်ဖက်မှာ ကြောင်လှောင်အိမ်လေးကို ဆွဲလျက် အဆောင်အောက်ကို ဆင်းလာခဲ့သည်။

ရက်သတ္တပတ် တစ်ပတ်ကျော်ကြာ ပြုစုစောင့်ရှောက်ခံပြီးတဲ့ ကြောင်မည်းလေးဟာ ကာကွယ်ဆေး ထိုးနှံပြီးသလို မျက်လုံးရောင်ရမ်းတာကိုလည်း ကုသပြီး ကောင်းကောင်းစား ၊ ကောင်းကောင်းအိပ်ထား၍ အခုဆို သိသိသာသာ ပိုဝ ၊ ပိုလှလာခဲ့သည်။

“ မင်း ဘာလို့ အမည်းရောင် အိမ်မွေးတိရစ္ဆာန်တွေကို အရမ်း သဘောကျတာလဲ။ ” ဖူမင်ရှစ်က ကြောင်လှောင်အိမ်ကို ယူကာ ကြောင်မည်းလေးကို စိုက်ကြည့်ရင်း မေးသည်။ ကျန်းပေါင် ရှင်းမပြတတ်ပါ။ ကြက်မည်းက တိုက်ဆိုင်မှုစစ်စစ် ဖြစ်တဲ့ ရွာသားတွေရဲ့ လက်ဆောင် ဖြစ်ပြီး ကြောင်မည်းလေးကတော့ ကံကြမ္မာ ဖြစ်သည်။

ဖူမင်ရှစ်က သူမကို စနောက်လိုက်သည်။ “ မင်း ကြောင်လည်း မွေးပြီးပြီ ၊ ခွေးလည်း မွေးပြီးပြီ ဆိုတော့ ကျီးကန်းရော မွေးချင်သေးလား။ ”

ကျန်းပေါင်က မျက်နှာလေးစူပုပ်သွားသည်။ “ ရှင် ကြိုက်ရင် ရှင့်ဘာသာ မွေးပေါ့။ ” ကျီးကျန်း ဆိုတဲ့ နာမည်က နည်းနည်းလေးမှ ချစ်စရာမကောင်းပါ။

ကျန်းပေါင် အပန်းဖြေစံအိမ်ကို ပြန်ရောက်၍ ကားပေါ်က ဆင်းလာသည်နှင့် ဟွီသန်းက သူမဆီကို မီတာ( ၁၀၀ ) တာတိုအပြေးပြိုင်ပွဲ အပြေးနှုန်းဖြင့် ချက်ချင်းပဲ ပျော်ရွှင်စွာ ပြေးလာခဲ့သည်။

သူမနှင့် တစ်လကျော် မတွေ့ခဲ့ရတဲ့ အတောအတွင်း ဟွီသန်းက အကောင်ထွားလာပြီး သူ့လည်ပင်း ၊ ခြေလက်တွေနှင့် ဗိုက်ပေါ်က အဝါရောင် အမွေးတွေက ပိုလို့ ထင်ရှားလာသည်။ သူ့ရဲ့ မည်းနက်နေသော အရောင်အသွေးက လူတချို့ကို ကြောက်ရွံ့စေနိုင်သော်လည်း အနက်ရောင် ကျောပြင်နှင့် အဝါရောင် ခြေထောက်တွေကို ပေါင်းစပ်လိုက်သောအခါ အလွန် လိမ္မာကျိုးနွံတဲ့ ခွေးကလေးတစ်ကောင်နှင့် တူသွားသည်။

ကျန်းပေါင်က ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ခွေးလေးကို ပွေ့ချီလိုက်ချန်မှာ ဟွီသန်းက သူမရဲ့ မျက်နှာကို စိတ်အားထက်သန်စွာ လျက်နေခဲ့သည်။ ကျန်းပေါင် သူ့ကို တားဆီးဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။

ကားမောင်းသူထိုင်ခုံဘက်က ဆင်းလာတဲ့ ဖူမင်ရှစ်က ကျန်းပေါင်ရဲ့ မျက်နှာပေါ်မှာ ဟွီသန်း လျက်တာ ခံထားရတဲ့ နေရာလေးတွေကို မြင်တော့ စိတ်ရှုပ်ထွေးသွားပါသည်။ ဒီခွေးက အရမ်း ကံကောင်းလွန်းသည်။ အဲ့လိုနှင့် ဟွီသန်းရဲ့ ခြေထောက်နှစ်ဖက်ကြားက တစ်စုံတစ်ခုဆီ မတော်တဆ အကြည့်ရောက်သွားသောအခါ ဖူမင်ရှစ်ရဲ့ နှုတ်ခမ်းတွေ ကော့တက်သွား၏။ သူ ခွေးတစ်ကောင်နှင့်တောင် လိုက်ပြီး သဘောထားသေးသိမ်မနေဖို့ ‌ဆုံးဖြတ်လိုက်သည်။

ဒါပေမဲ့ သူ ဟွီသန်းရဲ့ ခေါင်းလေးကို ပုတ်ပြီး ကျန်းပေါင်အား ဟွီသန်း ဆက်လျက်နေခြင်းကို တားဆီးရန်အတွက် “ အိမ်ထဲကို အရင်ဆုံး ဝင်ရအောင်။ ” ဟု ပြောလိုက်ပါသေးသည်။

ကျန်းပေါင်က ပြုံးလိုက်ပြီး ခေါင်းညိတ် သဘောတူလိုက်သည်။ အပန်းဖြေစံအိမ်ထဲမှာ ဇိမ်ခံပစ္စည်းတွေနှင့် ပြည့်စုံနေသည်။ သူမက ဒီနေရာမှာ တစ်သက်လုံး နေသွားချင်စိတ်တော့ မဖြစ်မိသော်လည်း ရိုးရှင်းသော အဆောင်အခန်းလေးထဲကနေ ကြီးကျယ်ခမ်းနားစွာ အလှဆင်ထားသော အပန်းဖြေစံအိမ်ကို ပြန်လာရခြင်းက သူမအား သက်သောင့်သက်သာ ဖြစ်စေသည်။ ကျန်းပေါင်သည် သူမနှင့် သက်ဆိုင်သော သုံးထပ်ရှိ အိပ်ခန်းထဲကို ရောက်တော့ နူးညံ့သော အိပ်ရာပေါ်မှာ လှဲချ၍ စိတ်လွတ်ကိုယ်လွတ် အိပ်ပစ်လိုက်ချင်သည်။

ထိုအချိန်မှာပဲ တစ်ယောက်ယောက် တံခါးလာခေါက်သောကြောင့် ကျန်းပေါင်က လူးလဲထပြီး သူမကြောင့် တွန့်ကြေသွားတဲ့ အိပ်ရာခင်းကို သပ်ရပ်ပြန့်ပြူးအောင် ပြုပြင်ပြီးမှ အမြန် တံခါးသွားဖွင့်ပေးလိုက်သည်။

တံခါးအပြင်ဘက်မှာ ဖူမင်ရှစ် ရပ်နေသည်။ တံခါးပွင့်လာသည်နှင့် တစ်ပြိုင်နက် ဟွီသန်းနှင့် ဟွီမောင်က နည်းနည်းလေး ဟထားသော တံခါးအဟလေးထဲကနေ အခန်းထဲကို စိတ်အားထက်သန်စွာ တိုးဝင်လာခဲ့ကြသည်။

“ ငါ ဒီနေ့ နေ့ခင်း အားတယ်။ ဟွီသန်းကို ဆေးရုံခေါ်သွားကြမလား။ အရင်ဆုံး သူ့ကို စစ်ဆေးပြီးမှ ခွဲစိပ်မှုမလုပ်ခင် ငါတို့ ဘာတွေကို ဂရုစိုက်ဖို့ လိုမလဲ ဆိုတာ ကြည့်ကြတာပေါ့။ ” ဖူမင်ရှစ်က ဘာကိုမှ မသိတဲ့ ဟွီသန်းကို ကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။ သူ အွန်လိုင်းပေါ်မှာ ရှာကြည့်ထားသလောက် ခွေးတွေဟာ သင်းကွပ်ပြီးနောက်ပိုင်းမှာ တစ်ပတ်လောက် သေချာ ဂရုစိုက်ပေးဖို့ လိုသည်တဲ့။ ကျန်းပေါင်က သေချာပေါက် ဟွီသန်းနှင့် ရှိပေးချင်လိမ့်မည်။

ကျန်းပေါင်က သူ ပြောချင်တဲ့ အဓိပ္ပာယ်ကို သဘောပေါက်သွားကာ “ အဘိုးဖူက ခွင့်မပြုဘူး …. ” ဟု အိုးတိုးအမ်းတမ်း ပြောလိုက်သည်။

“ သူက ခေါင်းမာတဲ့ တစ်ယူသန်သမား။ သူ့စကားကို နားမထောင်နဲ့။ ” ဖူမင်ရှစ်က သူ့အဘိုး မရှိတုန်း သူ့အဘိုးကို မညှာမတာ ဝေဖန်လိုက်သည်။ ကျန်းပေါင်လည်း သူတို့ရဲ့ အိမ်ထောင်ပြုရေးကိစ္စကို ပြန်သတိရသွားတော့ အဘိုးဖူက အမှန်တကယ်ပဲ တော်တော်လေး ရှေးရိုးစွဲသည်ဟု ခံစားလိုက်ရပါသည်။

“ အဲ့ဒါဆို ခဏလေးစောင့်။ ကျွန်မ မျက်နှာသွားသစ်လိုက်ဦးမယ်။ ” ဟွီသန်း လျက်သွားတဲ့ နေရာတွေကို သူမ မဆေးကြောရသေးပါ။ ဖူမင်ရှစ်ရဲ့ အကြည့်က သူမရဲ့ မျက်နှာသွယ်သွယ်လေးဆီမှာ စက္ကန့်ပိုင်းလောက် တဝဲဝဲလည်နေပြီးမှ အောက်ထပ်မှာ ဆင်းစောင့်နေခဲ့သည်။

ကျန်းပေါင် မျက်နှာသစ်ပြီးသွားတော့ ဟွီသန်းနှင့် ဟွီမောင်က ခေါ်စရာတောင် မလိုဘဲ သူမနှင့်အတူ အောက်ထပ်ကို လိုက်ဆင်းလာခဲ့ကြသည်။ ဟွီသန်းက အိမ်စောင့်တဲ့ နေရာမှာ အလွန် တော်ပြီး လူစိမ်းတစ်ယောက် ချဉ်းကပ်လာတာကို မြင်သည်နှင့် အဆက်မပြတ် ဟောင်လေ့ရှိပေမဲ့ ဟွီမောင်ကိုတော့ အဲ့ဒီလို မဆက်ဆံပါ။ သူက ဟွီမောင်ကို သုံး ၊ လေးကြိမ်လောက် စိတ်ဝင်တစား လှည့်ပတ်ကြည့်ရင်း သူ့နှာခေါင်းကို ဟွီမောင်ရဲ့ ကြောင်လက်ဖဝါးလေးတွေနှင့် ရိုက်တာ ခံရပြီးနောက်မှာ ဒီသူငယ်ချင်းအသစ်လေးကို ချက်ချင်းပဲ လက်ခံလိုက်တော့သည်။

ဖူမင်ရှစ်က ဟွီသန်းကို ကားထဲ အရင် ခေါ်သွားသည်။ ကျန်းပေါင်ကတော့ ဟွီမောင်ကို ပွေ့ချီပြီး အိပ်ခန်းထဲကို ပြန်ခေါ်သွားကာ မိနစ်ပိုင်းလောက် သူ့အမွေးလေးတွေကို ပွတ်သပ်ရင်း အနမ်းခြွေပြီးမှ အပြစ်မကင်းသော ခံစားချက်ဖြင့် အခန်းတံခါးပိတ်ထားခဲ့လိုက်သည်။ ‌ဟွီမောင်က အပန်းဖြေစံအိမ် ပတ်ဝန်းကျင်နှင့် မရင်းနှီးသေးတဲ့အတွက် သူ အပြင်ထွက်ရင် လမ်းပျောက်သွားမှာ စိတ်ပူသည်။

“ A တက္ကသိုလ်ကို သွားမလို့လား။ ” ကားထဲကို ရောက်,ရောက်ချင်းမှာပဲ ကျန်းပေါင်ရဲ့ အကြည့်ပြောင်းလဲသွားကာ မေးလိုက်သည်။ ဖူမင်ရှစ်က အဝတ်မလဲရသေးပေမဲ့ သူ့ကားကြီးကတော့ တောက်ပြောင်လွန်းလှသည်။

ဖူမင်ရှစ်က “ တခြား တစ်နေရာကို သွားကြတာပေါ့။ ” ဟု ပြောကာ နောက်ကြည့်မှန်ကို တစ်ချက် ကြည့်ရင်း မောင်းထွက်လာခဲ့လိုက်သည်။ အဲ့ဒီတော့မှပဲ ကျန်းပေါင်လည်း စိတ်အေးသွားကာ ဟွီသန်းအား သူမဘေးမှာ ထိုင်ခိုင်း၍ ဆူညံပူညံ မလုပ်အောင် ထိန်းကိုင်ထားလိုက်သည်။

ဖူမင်ရှစ် ရွေးချယ်ထားတဲ့ တိရစ္ဆာန်ဆေးရုံက A တက္ကသိုလ်နှင့် ဆန့်ကျင်ဘက်အရပ်မှာ ရှိသည်။ ဆေးစစ်ဖို့အတွက် တန်းစီစောင့်ပြီးနောက် သူတို့အလှည့် ရောက်၍ စစ်ဆေးမှုတွေ ပြုလုပ်ပြီးသောအခါ ဆရာဝန်က ဟွီသန်းဟာ အလွန် ကျန်းမာကြောင်း ပြောခဲ့သည်။ သူတို့ကို အကြံဉာဏ် တချို့လည်း ပေးပြီး မနက်ဖြန် နေ့လယ်မှာ ဟွီသန်းကို ခွဲစိပ်ဖို့အတွက် ပြန်ခေါ်လာခိုင်းခဲ့သည်။ အိမ်မွေးတိရစ္ဆာန်တွေကို သင်းကွပ်ပေးခြင်းက ရောဂါ ဖြစ်နိုင်တဲ့ အလားအလာတွေကို လျှော့ချပေးပြီး အသက်ရှည်နိုင်စေပေမဲ့ ကျန်းပေါင်ကတော့ ဟွီသန်းဟာ နည်းနည်းလေး သနားစရာကောင်းသည်ဟု ခံစားနေရဆဲ။ အပန်းဖြေစံအိမ်ကို ပြန်ရောက်တော့ သူမ ဟွီသန်းကိုသာ အဖော်ပြုပေးနေပြီး အခန်းထဲကတောင် တော်ရုံ ထွက်မလာဖြစ်ပါ။

နောက်တစ်နေ့ နေ့ခင်းရောက်တော့ သူတို့နှစ်ယောက်သည် ဆရာဝန်နှင့် ချိန်းဆိုထားတဲ့အတိုင်း ဟွီသန်းကို သင်းကွပ်ဖို့ ခေါ်သွားခဲ့သည်။ ဟွီသန်းတစ်ယောက် တစ်နာရီကျော်ကြာ ခွဲခန်းဝင်ခဲ့ရပြီး ဆရာဝန်က သူ့ကို ပြန်ခေါ်ထုတ်လာချိန်မှာတော့ ဥလေးနှစ်လုံး ပျောက်ဆုံးနေခဲ့ပါပြီ။ ကျန်းပေါင်က ဟွီသန်းအတွက် အလွန် စိတ်မကောင်းဖြစ်သွားပြီး ဆေးရုံက ပြန်ရောက်ကတည်းက သူ့ကို ပို၍ ဂရုတစိုက် ဆက်ဆံပေးခဲ့သည်။ နောက်ရက်ပိုင်းလောက်ထိ သူမနှင့် ဟွီသန်းဟာ မခွဲအတူ ရှိနေခဲ့သည်ဟု ပြောလို့ ရသည်။

ဖူမင်ရှစ်ကတော့ သူမနှင့်အတူ ရှိနေဖို့ အချိန် နှစ်ရက်သာ ရှိပြီး သုံးရက်မြောက်နေ့မှာ ကွမ်ကျိုးကို လေယာဉ်နှင့် ပြန်သွားရမှာ ဖြစ်ကာ ခြောက်ရက်နေ့အထိ ပြန်လာနိုင်မှာ မဟုတ်ပါ။

ဖူမင်ရှစ် အဝေးရောက်နေခြင်းက ကျန်းပေါင်အပေါ် သက်ရောက်မှု ကြီးကြီးမားမ မရှိပါ။ သူမက ဟွီသန်း ၊ ဟွီမောင်တို့နှင့်အတူ ဆော့ကစားသည် ၊ စာလေ့လာသည် ၊ ပင်ပန်းလာတဲ့အခါ ရုပ်ရှင်ကြည့်သည်။ ကျောင်းပိတ်ရက်ရှည်က အဲ့ဒီလိုမျိုး ကျေနပ်ပျော်ရွှင်စရာကောင်းစွာ ပြီးဆုံးသွားခဲ့သည်။ ခြောက်ရက်မြောက်နေ့ နေ့ခင်းကို ရောက်တော့ ဖူမင်ရှစ်က ဖုန်းဆက်ပြီး အပြောင်းအလဲလေးတွေ ရှိလို့ တစ်ရက် နောက်ကျမည် ဖြစ်ကြောင်း ၊ မြို့တော်ကို နောက်တစ်နေ့ ည ( ၇ ) နာရီဝန်းကျင်မှ ပြန်ရောက်မည် ဖြစ်ကြောင်း ပြောခဲ့သည်။ သူက သူမအား သူ ပြန်အလာကို စောင့်ခိုင်းပြီး သူ ကျောင်းလိုက်ပို့ပေးတာကို စောင့်ခိုင်းနေသည်။

ကျန်းပေါင်က သူ့ကို အဲ့ဒီလောက် အလုပ်ရှုပ်မခံစေချင်တာကြောင့် “ ကျွန်မဘာသာ ကျောင်းကို ပြန်သွားလို့ ရပါတယ်။ ရှင် အရမ်း အရေးတကြီး ပြန်လာဖို့ မလိုပါဘူး။ ” ဟု ပြောလိုက်ပေမဲ့ ဖူမင်ရှစ်က သူမကို ငြင်းဆန်ခွင့်မပေးဘဲ “ ငါ့ကို စောင့်နေပါ။ ” ဟုသာ ပြောကာ ဖုန်းချသွားခဲ့လေသည်။

ကျန်းပေါင်သည် ဖူမင်ရှစ်ရဲ့ အတွေးတွေကို ရုတ်တရက် နားမလည်နိုင်ဘဲ သူမရဲ့ ဖုန်းမျက်နှာပြင်ကို စိုက်ကြည့်နေမိ၏။ သူမဟာ တက္ကသိုလ်တက်နေတဲ့ အရွယ်ရောက်ပြီးသား လူကြီးတစ်ယောက် ဖြစ်နေပါလျက်နှင့် ဖူမင်ရှစ်က သူမဆီ တစ်လ တစ်ကြိမ် လာလည်သည် ၊ ကျောင်းပို့ကျောင်းကြို လုပ်ပေးသည်။ သူ့ပုံစံက လူကြီးတစ်ယောက်က ကလေးတစ်ယောက်ကို ဂရုစိုက်ပေးနေတာနှင့် နည်းနည်းလေး တူသည်။

သို့သော်လည်း နောက်တစ်နေ့မှာတော့ ကျန်းပေါင်သည် သူမရဲ့ အထုပ်အပိုးတွေကို စောစောစီးစီး သိမ်းဆည်းကာ သူ ပြန်အလာကို အပန်းဖြေစံအိမ်မှာ စောင့်နေခဲ့သည်။

ခြောက်နာရီခွဲတော့ အောက်ထပ်မှာ အသံဗလံတွေ ကြားရသောကြောင့် ကျန်းပေါင် လသာဆောင်ကို ထွက်ကြည့်လိုက်တော့ ကားပေါ်မှ ဆင်းလာသော ဖူမင်ရှစ်ကို တိုက်ဆိုင်စွာ မြင်ရသည်။ သူက သပ်ရပ်ခန့်ညားသော အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့မျက်နှာပေါ်မှာ ခရီးပန်းလာတဲ့ အရိပ်အယောင်မျိုးတွေ မတွေ့ရပါ။

ကျန်းပေါင်က သူမရဲ့ အိတ်ကို ဆွဲပြီး အောက်ထပ်ကို ခပ်သွက်သွက် ဆင်းလာခဲ့လိုက်သည်။ ‌ဒုတိယထပ်ရှိ လှေကားအကွေ့ကို ရောက်ချိန်မှာတော့ အပေါ်ထပ်ကို တက်လာသော အပန်းဖြေစံအိမ်ပိုင်ရှင်နှင့် ဝင်တိုက်မိသည်။

ကျန်းပေါင် သူ့ကို အကျင့်ပါနေသည့်အတိုင်း ပြုံးပြလိုက်ပါသည်။ “ ရှင် ညစာ စားပြီးပြီလား။ ”

ဖူမင်ရှစ်သည် သူမရဲ့ ချစ်စရာကောင်းသော အပြုံးမျက်နှာလေးကို ကြည့်ရင်း သူ့မျက်လုံးတွေက တောင့်တနေတဲ့ စားစရာလေးတစ်ခုကို နောက်ဆုံးမှာ တွေ့လိုက်ရတဲ့ ဆာလောင်မွတ်သိပ်နေသူတစ်ယောက်လိုမျိုး တဖြည်းဖြည်း မည်းမှောင်သွားခဲ့လေသည်။

ဖူမင်ရှစ် ရေချိုးပြီးသောအခါ အဒေါ်ဝမ်အား မွှေကြော်ဟင်းလျာ တချို့ကို ရိုးရိုးရှင်းရှင်း ချက်ပြုတ်ခိုင်းပြီးမှ အပေါ်ထပ် တက်သွားခဲ့သည်။

ကျန်းပေါင်မှာ ထွေထွေထူးထူး လုပ်စရာမရှိသည်နှင့် မီးဖိုချောင်ထဲကို သွားကာ ဆန်ဆေး ၊ ဆန်ပြုတ်ကျိုရင်း အဒေါ်ဝမ်ကို ကူညီပေးနေမိသည်။ ဖူမင်ရှစ်က ပင်ပန်းစရာကောင်းတဲ့ လေယာဉ်ခရီးကနေ အခုမှ ဆင်းလာတာမို့ အစာစားချင်စိတ် သိပ်မရှိလောက်ပါ။ အဒေါ်ဝမ်က သူ့အစာစားချင်စိတ်ကို လှုံ့ဆော်ဖို့အတွက် ထိုင်ဝမ်မုန်ညှင်းဟင်းလျာကို ချက်ပြုတ်ပြီး ငါးတစ်ကောင်ကို ပေါင်းလိုက်သည်။

ငါးကို ပေါင်အိုးထဲ ထည့်ပြီးသည့် အခိုက်အတန့်မှာပဲ အောက်ထပ်ကို ဆင်းလာတဲ့ ဖူမင်ရှစ်ရဲ့ ခြေသံတွေကို ကြားလိုက်ရသောကြောင့် အဒေါ်ဝမ်က ကျန်းပေါင်ကို ပြုံးပြလိုက်သည်။ “ လူကြီးမင်းဖူက အလုပ်ရှုပ်ပြီး ပင်ပန်းနေတာ ဆိုတော့ မိန်းကလေးက လူကြီးမင်းဖူကို အဖော်ပြုပေးသင့်တယ်နော်။ သူ ဆောင်းရာသီပိတ်ရက်ကျမှ ထပ်ပြန်လာနိုင်မှာ။ ”

ထမင်းအိုးတည်ပြီးသွားတော့ ကျန်းပေါင် လုပ်စရာမရှိတော့ပေမဲ့ အဒေါ်လီ ဟင်းချက်နေတာကို ကြည့်ရတာ သဘောကျသောကြောင့် မီးဖိုချောင်ထဲမှာ ဝေ့လည်ပတ်ကြောင် လုပ်နေမိသည်။ အခု ဖူမင်ရှစ် အောက်ထပ်ကို ဆင်းလာပြီမို့ သူမ သူ့ကို သွားအဖော်ပြုပေးရပါတော့မည်။ အထူးသဖြင့် သူက သူမအား တက္ကသိုလ်ကို ပြန်ပို့ပေးဖို့အတွက် အပြေး ပြန်လာခဲ့တာကြောင့် ဖြစ်သည်။

ကျန်းပေါင် မီးဖိုချောင်ထဲက ထွက်လာခဲ့ချိန်မှာ ဆိုဖာပေါ်တွင် ထိုင်နေသော ဖူမင်ရှစ်ကို မြင်လိုက်ရသည်။ သူက ပေါ့ပေါ့ပါးပါး အနက်ရောင် ဆွယ်တာတစ်ထည်ကို လဲလှယ်ဝတ်ဆင်ထားပြီး ခြေထောက်မှာတော့ အားကစားဖိနပ်တွေ စီးထားသည်။ သူ့အဝတ်အစားတွေက ရိုးရှင်းသော်လည်း ဟန်ပန်အမူအရာနှင့် အရှိန်အဝါကတော့ ရှိန်လောက်ပါသည်။ အထက်တန်းဆန်ဆန် အလှဆင်ထားတဲ့ အပန်းဖြေစံအိမ်ရဲ့ ဧည့်ခန်းထဲမှာ ထိုင်ရင်း ရေနွေးကြမ်းကို တည်ငြိမ်စွာ သောက်နေပုံက သူ့လှုပ်ရှားမှုတိုင်းက သူဟာ အထက်တန်းလွှာ မျိုးရိုးကောင်းတစ်ခုမှာ ကြီးပြင်းလာခဲ့ကြောင်း ဖော်ပြနေသည်။

သို့သော်လည်း ခွေးလည်ပတ်အစွပ်လေးကို စွပ်ထားတဲ့ ဟွီသန်းက ပြေးလွှားခုန်ပေါက် ရောက်ရှိလာပြီး ဖူမင်ရှစ်ကလည်း ရယ်ရယ်မောမောနှင့် သူ့ကို ပွေ့ချီကာ ခွဲစိပ်ထားတာ သက်သာရဲ့လား ဆိုတာ စစ်ဆေးကြည့်ချိန်မှာတော့ သူ့ကို ဝန်းရံထားတဲ့ ကြီးကျယ်သော လေထုက ရုတ်တရက် ပျောက်ကွယ်သွားပါသည်။ မြင့်မြတ်လွန်းတဲ့ လူတစ်ယောက်က သူ့အရှိန်အဝါတွေကို ဖယ်ရှားပြီး သာမန်လူ‌တွေအား ချဉ်းကပ်ခွင့်ပေးလိုက်ခြင်းနှင့် တူသည်။

ကျန်းပေါင်က ဖူမင်ရှစ်နှင့် မျက်နှာချင်းဆိုင် ဆိုဖာမှာ ဝင်ထိုင်ရင်း “ ကျွန်မ အဒေါ်ဝမ်ကို ဟွီသန်းကို နောက်ရက်ထဲမှာ နောက်ဆက်တွဲ စစ်ဆေးမှုတွေ လုပ်ဖို့အတွက် ဆေးခန်းကို ခေါ်သွားခိုင်းထားတယ်။ ” ဟု ပြောလိုက်သည်။

“ ငါ အချိန်ရရင် ခေါ်သွားလိုက်ပါ့မယ်။ ” ဖူမင်ရှစ်က ဟွီသန်းရဲ့ ခေါင်းလေးကို ပွတ်သပ်နေရင်းမှ သူမကို မော့ကြည့်လိုက်သည်။ “ ပြီးခဲ့တဲ့ ရက်တွေတုန်းက တစ်ယောက်တည်း နေရတာ မပျင်းဘူးလား။ ”

ကျန်းပေါင် ပြုံးလိုက်သည်။ “ မဆိုးပါဘူး။ ကျွန်မ ဇာတ်ကားတွေ အများကြီး ဒေါင်းလုတ်ဆွဲထားတယ်လေ၊ ကျောင်းစာလည်း လုပ်စရာ မရှိတာနဲ့ အဲ့ဒီဇာတ်ကားတွေပဲ တောက်လျှောက် ထိုင်ကြည့်နေတာ။ ”

ဖူမင်ရှစ်သည် ကွမ်ကျိုးမှာ ရောက်နေတဲ့ အတောအတွင်း သူမအကြောင်းကို နေ့တိုင်း တွေးမိနေခဲ့တာ ဖြစ်သည်။ သူ့အကြည့်က စိတ်ရှုပ်ထွေးကာ နားလည်ရခက်သွားပြန်သည်။

ထိုအချိန်မှာပဲ ကျန်းပေါင်ရဲ့ ဖုန်းက ရုတ်တရက် ထမြည်လာသောကြောင့် ယူကြည့်လိုက်တော့ ကျားရှောင်ယု ဆက်တာ ဖြစ်သည်။ ကျန်းပေါင်က ဖူမင်ရှစ်အား တိတ်တိတ် နေဖို့ ရှူးဟု ပြောကာ ခပ်ဝေးဝေးကို လျှောက်သွားပြီး ဖုန်းကိုင်လိုက်၏။

***

All Chapters