← Chapters

အခန်း ၂၂

Vol. 3 Ch. 22

အခန်း ၂၂

Vol. 3 Ch. 22

အပိုင်း ( ၂၂ )

“ နင် ဘာလို့ အခုထိ ကျောင်းကို ပြန်မလာသေးတာလဲ ကျန်းပေါင်။ နင့်ကောင်လေးနဲ့ နေ့တိုင်း ပွေ့ဖက်နမ်းရှုံ့နေလို့ ပြန်မလာချင် ဖြစ်နေတာလို့တော့ မပြောနဲ့နော်။ ” ကျားရှောင်ယုရဲ့ ကျယ်လောင်လွန်းသော အသံနှင့် တရစပ် မေးခွန်းတွေက ဧည့်ခန်းကျယ်ထဲမှာ ပဲတင်ထပ်သွားသည်။ ဖူမင်ရှစ်ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေ ကော့တက်သွားပေမဲ့ ကျန်းပေါင်က “ ငါ ညစာ မစားရသေးလို့ပါဟ။ ညစာ စားပြီးတာနဲ့ တန်းပြန်လာခဲ့ပါ့မယ်။ ” ဟု ရေးကြီးသုတ်ပျာ ရှင်းပြလိုက်ပါသည်။

ကျားရှောင်ယု : “ ဘယ်သူနဲ့ စားမှာလဲ။ ”

ကျန်းပေါင် : “ … ”

သူမ လိမ်ရင် ကောင်းမလားလို့ တွန့်ဆုတ်နေတုန်းမှာပဲ ကျားရှောင်ယုရဲ့ မရိုးဖြောင့်သော ရယ်သံက ပျံ့လွင့်လာခဲ့သည်။ “ မင်ရှစ်ကို ပြောလိုက် ၊ ငါ နင့်အိပ်ရာခင်းတွေ စောင်တွေကို အနံ့အသက်ကောင်းအောင် နေရောင်အောက်မှာ ထုတ်လှန်းပေးထားတယ်လို့ … သူ ငါ့ကို ကျေးဇူးတင်ချင်ရင် နို့လက်ဖက်ရည် တစ်ဘူး ဝယ်တိုက်လို့ ရတယ်လို့။ ငါ သရက်သီး နို့လက်ဖက်ရည် သောက်ချင်တယ်။ နင် မေ့ရဲ မေ့ကြည့်နော် ၊ မေ့လို့ကတော့ ငါတို့အဆောင်ကို ပြန်လာဖို့ ယောင်လို့တောင် မစဉ်းစားနဲ့။ ”

A တက္ကသိုလ်အနီးမှာ နို့လက်ဖက်ရည် ဆိုင် ( ၂ ) ဆိုင်ရှိပြီး တစ်ဆိုင်မှာ ကျားရှောင်ယု အကြိုက်ဆုံး သရက်သီး နို့လက်ဖက်ရည် ရောင်းသည်။

ကျန်းပေါင်က အိပ်ရာခင်းတွေ ၊ စောင်တွေကို ထုတ်လှန်းရမယ့် ကိစ္စကို မေ့လျော့နေခဲ့တာပင်။ သူမရဲ့ အမြော်အမြင်ရှိတဲ့ အခန်းဖော်ကို သူမပိုက်ဆံနှင့် နို့လက်ဖက်ရည် ဝယ်တိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေဖို့ ဆုံးဖြတ်ပြီးကတည်းက ကျန်းပေါင် စာရင်းစာအုပ်လေး ပြင်ဆင်ထားသည်။ သူမ စာမေးပွဲ စဖြေချိန်ကတည်းက သူမအတွက် ဖူမင်ရှစ် အထူးတလည် ပို့ပေးထားတဲ့ ပိုက်ဆံ တစ်ပြားတစ်ကျပ်မကျန် … သူမရဲ့ ထမင်းစားကတ်ထဲက ပိုက်ဆံ ( ၁၀၀၀၀ ) ၊ ဟွီသန်းရဲ့ ခွဲစိပ်မှု ကုန်ကျစရိတ်နှင့် ကျူရှင်လခတွေကအစ ထိုစာရင်းစာအုပ်လေးထဲမှာ အားလုံး ချမှတ်ထားခဲ့သည်။ သူမ ဘွဲ့ရသွားပြီး ပိုက်ဆံရှာနိုင်တဲ့အခါ ဖူမင်ရှစ် သူမရဲ့ ဘဏ်ကတ်ထဲကို လစဉ် ထည့်ပေးထားတဲ့ မနည်းမနော ငွေပမာဏ အပါအဝင် အကုန်လုံးကို အပြည့်အဝ ပြန်ဆပ်ဖို့ စီစဉ်ထားသည်။

သူမ မြို့တော်ကို လာခဲ့တာ အဘိုးဖူကို နှစ်သိမ့်ပေးဖို့အတွက် ဖြစ်သည်။ ဖူမိသားစု ထောက်ပံ့ပေးတဲ့ နေရာထိုင်ခင်းတွေ ၊ လေယာဉ်လက်မှတ်တွေ ၊ အစားအသောက်တွေကို လိပ်ပြာလုံလုံနှင့် လက်ခံနိုင်သော်လည်း တက္ကသိုလ်တက်တာကတော့ သူမရဲ့ ကိုယ်ကျိုးအတွက်မို့ ဖူမင်ရှစ်ရဲ့ ငွေကြေးထောက်ပံ့မှုကို မျက်စိမှိတ် လက်မခံနိုင်ပါ။

ကျန်းပေါင်သည် ဖုန်းချလိုက်ပြီးနောက် ဆိုဖာမှာ တည်ငြိမ်စွာ ပြန်သွားထိုင်ကာ ဖူမင်ရှစ်ကို ပြုံးပြလိုက်သည်။ “ ကျွန်မရဲ့ အခန်းက ကျွန်မ ဘယ်အချိန် ပြန်လာမှာလဲလို့ မေးနေတာ။ ”

ဖူမင်ရှစ်က ကျားရှောင်ယုရဲ့ စကားတွေကို မကြားလိုက်သကဲ့သို့ ဟန်မပျက် တည်ငြိမ်သော မျက်နှာဖြင့် ‘ အင်း ’ လို့ ပြန်ပြောလိုက်ပါသည်။

~

ညစာ စားပြီးသွားတော့ ရှစ်နာရီကျော်နေပြီ ဖြစ်သည်။ ဖူမင်ရှစ်က သူမကို လိုက်ပို့ပေးပြီး သိုသိုသိပ်သိပ် နေထိုင်ရန်အတွက် အနက်ရောင် မာစီးဒီးဘန့်ကားတစ်စီးကို ဝယ်ယူထားသည်။ သူက A တက္ကသိုလ်အနီးမှာ ကားရပ်လိုက်ပြီး ကျန်တဲ့ ခရီးကို လမ်းလျှောက်လာခဲ့ကြသည်။

“ ရာသီဥတုက တဖြည်းဖြည်း အေးလာပြီ ဆိုတော့ မင်းအခန်းဖော်နဲ့ ဈေးဝယ်ထွက်ရင် အနွေးထည်တွေ ဝယ်လိုက်ဦးနော်။ ” ဖူမင်ရှစ်က သူမ ဘယ်လောက်ထိ ခြိုးခြံစိစစ်လဲ ဆိုတာ မျက်မြင်တွေ့ထားတာမို့ စိုးရိမ်နေသည်။

“ ကျွန်မ သိပါတယ်။ ” အဝတ်အစားကတော့ မရှိမဖြစ် လိုအပ်ချက်မို့ ကျန်းပေါင် သေချာပေါက် ဝယ်ယူမှာပါ။ သူမ ဆောင်းဦးနဲ့ ဆောင်းရာသီမှာ အင်္ကျီလက်တိုတွေပဲ ဝတ်လို့ မရဘူးလေ … ။

ဖူမင်ရှစ်သည် အင်္ကျီလက်အောက်က ထွက်ပြူနေတဲ့ သူမရဲ့ လက်ကလေးတွေကို တစ်ချက် ကြည့်ပြီးမှ အကြည့်လွှဲလိုက်၏။

နို့လက်ဖက်ရည်ဆိုင်က အရှေ့တည့်တည့်ဆို ရောက်တော့မှာမို့ ကျန်းပေါင်က ခြေလှမ်းရပ်ပြီး “ ရှင် စောစော ပြန်ရင် တော့လေ။ ” ဟု ခပ်တိုးတိုး အကြံပေးလိုက်သည်။ သို့သော် ဖူမင်ရှစ်ကတော့ “ ငါ မင်းအတွက် နို့လက်ဖက်ရည် ဝယ်ပေးမယ်။ ” ဟု ပြောကာ သူမရဲ့ ပခုံးကို ဖက်ပြီး နို့လက်ဖက်ရည်ဆိုင်သို့ တွန်းခေါ်သွားခဲ့သည်။

ဖူမင်ရှစ်ဟာ တစ်နေရာရာကို သွားဖို့ အကြံပေးတိုင်း သူမရဲ့ ပခုံးကို ဖက်လေ့ရှိတာကို ကျန်းပေါင် သတိထားမိသည်။ သူမက အဖက်ခံထားရတဲ့ အချိန်ကို လျှော့ချရန်အတွက် သူ့လက်အောက်က အမြန် ရုန်းထွက်ကာ နို့လက်ဖက်ရည်ဆိုင်သို့ ခပ်သွက်သွက် ခြေလှမ်းများဖြင့် အရင် လျှောက်သွားလိုက်သည်။ ဖူမင်ရှစ်ကတော့ အိတ်ကပ်ထဲကို လက်ထည့်လျက် ရယ်မောရုံသာ ရယ်မောပြီး သူမနောက်ကို လိုက်လာခဲ့သည်။

ကျန်းပေါင်က ပဲနီ နို့လက်ဖက်ရည်တစ်ဘူး မှာလိုက်သည်။ ဖူမင်ရှစ်ကလည်း မီနူးကို ကြည့်ကာ သူမအတိုင်း မှာပြီးမှ “ ကျားရှောင်ယုက သရက်သီးအရသာ သောက်ချင်တာ ဆိုတော့ မင်းရဲ့ တခြား အခန်းဖော် နှစ်ယောက်ကရော ဘာအရသာ သောက်ချင်တာလဲ။ ” ဟု မေးလိုက်သည်။

အဲ့ဒီတော့မှပဲ ကျန်းပေါင်က သူ အရာအားလုံးကို ကြားသွားမှန်း သဘောပေါက်သွားကာ မျက်နှာလေး နီရဲသွားပြီး မီနူးစာရွက်ကို ဆုပ်ကိုင်၍ ပြောလိုက်သည်။ “ ကျွန်မ ပိုက်ဆံရှင်းလိုက်မယ်။ ”

ဖူမင်ရှစ်က သူမနှင့် ပိုက်ဆံလုမရှင်းသော်လည်း သူ့လက်တစ်ဖက်ကို ဆန့်တန်းထုတ်၍ သူမကို ရင်ခွင်ထဲသို့ ဆွဲခေါ်ကာ “ နှစ်ယောက် ချိန်းတွေ့နေတဲ့ အချိန်မှာ ငါ့ကောင်မလေးကို ဘယ်လိုလုပ် ပိုက်ဆံရှင်းခိုင်းလို့ ဖြစ်မှာလဲ။ ” ဟု အနည်းငယ် အသံမြှင့်ပြီး ပြောလိုက်သည်။

သူတို့ရဲ့ အော်ဒါအမှာကို ပြတင်းပေါက်နားမှာ ရပ်စောင့်နေတဲ့ ဝန်ထမ်းကောင်လေးထံမှ ရယ်သံကို ကြားလိုက်ရချိန်မှာ ကျန်းပေါင်ရဲ့ မျက်နှာလေးက ပိုလို့တောင် ရဲတက်လာခဲ့သည်။ ဖူမင်ရှစ်ရဲ့ ရင်ခွင်ထဲမှ အမြန် ရုန်းထွက်ကာ နို့လက်ဖက်ရည်ဆိုင်ကို တစ်ယောက်တည်း ပြေးထွက်သွားပြီး သူမအခန်းဖော်တွေ အကြိုက်ဆုံး အရသာတွေကို‌ ပြောပြပြီး စုစုပေါင်း နို့လက်ဖက်ရည် ( ၅ ) ဘူး မှာလိုက်သည်။

ဝန်ထမ်းကောင်လေးက ဒီမှာပဲ‌ သောက်မလားဟု မေးတဲ့အခါ ကျန်းပေါင်က ဒီနေ့ တက္ကသိုလ်ကို ပြန်ရမယ့် အချိန် နောက်ကျနေပြီမို့ နည်းနည်းလေးမှ ထပ်နောက်မကျချင်တော့၍ ခေါင်းခါယမ်းကာ ပါဆယ်ထုတ်ဖို့သာ ပြောလိုက်တော့သည်။ ဖူမင်ရှစ်လည်း သူ့နို့လက်ဖက်ရည်ကို ပါဆယ်သာ ထုတ်ရသည်။

ပိုက်ဆံရှင်းပြီးသွားတော့ သူက လက်ထဲမှာ နို့လက်ဖက်ရည် ( ၅ ) ဘူးကို ဆွဲလျက် ကျန်းပေါင်ရဲ့ အဆောင်အောက်ထိ လမ်းလျှောက်ကာ လိုက်ပို့ပေးချင်နေသည်။ ကျန်းပေါင်မှာ ရွေးချယ်စရာ မရှိပေ။

အဆောင်လော်ဘီကို သွားတဲ့ ဝင်ပေါက် နှစ်ပေါက် ရှိသည်။ ပင်မ တံခါးမကြီးက လူသွားလူလာ အရမ်း များပြီး ပတ်ဝန်းကျင်မှာ လူမရှိတဲ့ အချိန်မှာတောင် မီးရောင်တွေ လင်းထိန်နေတတ်သည်။ စက်ဘီးတွေ ရပ်တဲ့ နေရာမှာလည်း ဝင်ပေါက် တစ်ခု ရှိသည်။ ထိုနေရာတစ်ဝိုက်မှာ မီးရောင်က မှိန်ပျပျလေးသာ လင်းနေပြီး လော်ဘီဘေးတံခါးကို ရောက်ဖို့ တစ်မိနစ်လောက် လမ်းလျှောက်ဖို့ လိုသည်။

ကန်တင်း သို့မဟုတ် သင်ကြားရေးအဆောက်အအုံတွေက လာလျှင်တော့ ပင်မ တံခါးမကြီးက ပိုနီးသည်။ ဒါပေမဲ့ အပြင်က ပြန်လာလျှင်တော့ စက်ဘီးတွေ ရပ်တဲ့ နေရာဘက်က သွားတာ ပိုနီးသည်။ ပုံမှန်အားဖြင့် အတန်းဆင်းတဲ့အခါ ကျန်းပေါင်နှင့် သူမရဲ့ အခန်းဖော်တွေက ထိုလမ်းကြောင်းအတိုင်း အမြဲတမ်း ပြန်လေ့ရှိသည်။ နေ့အချိန်မှာတော့ ထိုနေရာက လင်းလင်းထင်းထင်း ရှိပါသေးသည်။

ဒီနေ့ ပြန်ရောက်လာတော့ ကျန်းပေါင်က ဖူမင်ရှစ်အား အကျင့်ပါနေသည့်အတိုင်း ထိုနေရာဘက်ကိုပဲ ခေါ်လာခဲ့လိုက်သည်။ လော်ဘီဘေးတံခါးကို ရောက်ဖို့ ခြေလှမ်း ( ၂၀ ) ၊ ( ၃၀ ) စာလောက် လျှောက်ရမည် ဖြစ်ပြီး အဆောင်ထဲကနေ တောက်ပသော မီးရောင်တွေ လျှံထွက်နေခဲ့သည်။ ဖူမင်ရှစ်က လမ်းတစ်ဝက်ကို ရောက်တော့ ရုတ်တရက် ခြေလှမ်းရပ်ပြီး ကျန်းပေါင်ကို နို့လက်ဖက်ရည်တွေ ပေးလိုက်သည်။

ကျန်းပေါင်သည် ခေါင်းငုံ့ပြီး ဘယ်ဘက်လက်မှာ နို့လက်ဖက်ရည် နှစ်ဘူး ၊ ညာဘက်လက်မှာ နို့လက်ဖက်ရည် နှစ်ဘူး ကိုင်ထားလိုက်၏။ ဘူးတွေကို အညီအမျှ ခွဲပြီးနောက် သူမ ရယ်မောကာ ကျန်းပေါင်အား နှုတ်ဆက်ဖို့ ခေါင်းမော့လိုက်သည်။ သို့သော် ဖူမင်ရှစ်ရဲ့ ရင်ဘတ်ဆီသာ အကြည့်ရောက်သေးချိန်မှာပဲ ထိုအမျိုးသားက ရုတ်တရက် ရှေ့တိုးလာခဲ့သည်။

နို့လက်ဖက်ရည်ဘူးကို ကိုင်ထားတဲ့ သူ့ဘယ်ဘက်လက်က သူမရဲ့ လက်ဖမိုးကို ဆုပ်ကိုက်ရစ်ပတ်လာပြီး သူမကို သူ့ရင်ခွင်ထဲသို့ ဆွဲခေါ်လိုက်ချိန်မှာ သူ့ညာဘက်လက်ကတော့ သူမရဲ့ ခေါင်းကို နောက်ကနေ ထိန်းကိုင်ထားခဲ့သည်။ ကျန်းပေါင် သူမရဲ့ မျက်လုံးတွေကို ဖျတ်ခနဲ မှိတ်လိုက်မိသည်။

ကမ္ဘာကြီး မှောင်မည်းသွားသလို ခံစားလိုက်ရပြီး သူမရဲ့ နှုတ်ခမ်းပေါ်ကို တစ်စုံတစ်ခု ဖိကပ်သွားခဲ့သည်။ ကျန်းပေါင်ရဲ့ ခန္ဓာကိုယ်လေး တောင့်တင်းသွားကာ သူမ ကိုင်ထားတဲ့ နို့လက်ဖက်ရည် ( ၄ ) ဘူးက လျှောကျသွားသည်။ နို့လက်ဖက်ရည်ဘူးတွေ အောက်ပြုတ်ကျသွားတော့မည့် အချိန်မှာပဲ ကောင်မလေးရဲ့ လက်တွေက ထိုဘူးတွေကို အချိန်မီလေး ပြန်လည် ဆုပ်ကိုင်လိုက်နိုင်သည်။

ဒါပေမဲ့ သူမရဲ့ ခန္ဓာကိုယ်ကတော့ ထိုအမျိုးသားရဲ့ ရင်ခွင်ထဲမှာသာ အပြည့်အဝ မှီတွယ်ထားခဲ့ပြီး ရုတ်တရက်ဆန်သော အနမ်းကြောင့် နှလုံးသားတစ်ခုလုံး ယိမ်းခါနေမိသည်။ ပူရှိန်းရှိန်း အရသာဖျော့ဖျော့ကို ရတော့မှ သူ ကားပေါ်က ဆင်းချိန်တုန်းက ပီကေတစ်ခု ဖောက်စားခဲ့ပြီး သူမကိုတောင် စားဦးမလားလို့ မေးခဲ့တာကို ငြင်းခဲ့ခြင်းအား ပြန်သတိရသွားသည်။

“ အရမ်း အေးတယ် … သွားမယ် … သွားမယ် … ”

အပြင်ကနေ ယှဉ်တွဲလျှောက်လာတဲ့ ကောင်မလေးနှစ်ယောက်က ရှေ့မှာ နမ်းနေကြတဲ့ စုံတွဲလေးကို မြင်သွားသည်။ သေချာ ကြည့်လိုက်ပြီးနောက် ကောင်မလေးနှစ်ယောက်ဟာ စုံတွဲလေးကို သီးသန့်အချိန်ပေးရန်အတွက် လမ်းကြောင်းပြောင်းပြီး သူတို့ရဲ့ ခြေလှမ်းတွေကို အရှိန်တင်လိုက်ကြသည်။ ထိုကောင်မလေး နှစ်ယောက်ဟာ ခပ်လှမ်းလှမ်းကို ရောက်တော့မှ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ပြုံးမိကြသည်။ အားကျမှု အနည်းငယ် ပျော်ဝင်နေသော အပြုံးများ ဖြစ်သည်။

ကျန်းပေါင်သည် ထိုရယ်သံတွေကို ကြားတော့မှ သူ့ကို ကြောက်လန့်တကြား တွန်းထုတ်ပစ်ပြီး လော်ဘီထဲကို အသက်လုပြေးသလိုမျိုး ပြေးဝင်လာခဲ့လိုက်၏။ နို့လက်ဖက်ရည်ဘူးတွေကို သယ်ပြီး တတိယထပ်ရှိ လှေကားထစ်တွေပေါ်ကို ပြေးတက်လာခဲ့ကာ နံရံကို မှီပြီး ခဏ နား၍ ဟောဟဲဟောဟဲ အသက်လုရှူနေမိသည်။ သူမရဲ့ အသက်ရှူသံ ပုံမှန်အတိုင်း တည်ငြိမ်ဖို့ အတော်ကြာ အချိန်ယူလိုက်ရသော်လည်း သူ့ရဲ့ နူးညံ့သော အထိအတွေ့ကတော့ နှလုံးသားကို ဝေ့ဝဲတိုက်ခတ်သွားသော နွေဦးလေပြည်လေးကဲ့သို့ ၊ မျက်နှာကို ညင်သာစွာ ပွတ်တိုက်သွားသော ငှက်မွေးလေးကဲ့သို့ နှုတ်ခမ်းပေါ်မှာ စွဲမြဲနေဆဲ။

ကျန်းပေါင် ခေါင်းငုံ့လိုက်မိသည်။

သူ တကယ်ကြီး … သူမကို နမ်းသွားတာပဲ … ။ ဘာမပြော ညာမပြောနဲ့ ဘာလို့ ရုတ်တရက်ကြီး နမ်းတာလဲ … ။ ပြီးတော့ သူတို့ကို တခြားသူတွေလည်း မြင်သွားသေးတယ် … ။

ကျန်းပေါင်သည် ကော်ရစ်ဒါဘက်က အခန်းတံခါးဖွင့်သံကို ကြားရသောကြောင့် ပါးတစ်ဖက်ကို လက်ဖြင့် ဖိကပ်၍ ထိုအနမ်းကို ခေါင်းထဲက ထွက်သွားအောင် ကြိုးစားခါထုတ်ပစ်လိုက်သည်။ ထို့နောက် သူမရဲ့ အခန်းရှေ့ကို သွားပြီး တံခါးခေါက်လိုက်တော့ ကျားရှောင်ယုက ချက်ချင်းပဲ တံခါးလာဖွင့်ပေးသည်။ သူမရဲ့ လက်ထဲက နို့လက်ဖက်ရည် ( ၄ ) ဘူးကို မြင်တော့ ကျားရှောင်ယုက ကျယ်လောင်စွာ ရယ်မောကာ အခန်းထဲက ကျန်တဲ့ နှစ်ယောက်ကို လှမ်းခေါ်လိုက်သည်။ “ ရုပ်ချောတဲ့ ရှစ်က ( ၄ ) ဘူး ဝယ်ပေးမှာ သေချာတယ်လို့ ငါ မပြောခဲ့ဘူးလား။ ”

ချန်းလီလီနှင့် ဖန်ရွှမ်းကလည်း နှစ်ယောက်အတူ ရောက်လာပြီး ကျေးဇူးတင်စကား ပြောသည်။ အမြဲတမ်း အလွယ်တကူ ရှက်တတ်တဲ့ ကျန်းပေါင်က အခုလည်း မျက်နှာလေး ရဲနေပေမဲ့ အခန်းဖော် သုံးယောက်က သိပ်မတွေးခဲ့ပါ။

ကျန်းပေါင်သည် ဘာမှ မဖြစ်ခဲ့သလို ကြိုးစားပြုမူကာ သူမရဲ့ ထိုင်ခုံမှာ သွားထိုင်ပြီး နို့လက်ဖက်ရည် သောက်နေလိုက်သည်။ ဘူးထဲကို ပိုက်နှင့် ထိုးစိုက်ပြီးရုံပဲ ရှိသေး ၊ ဖူမင်ရှစ်က ဖုန်းလှမ်းဆက်လာ၏။ နို့လက်ဖက်ရည်ဘူးလေးကို ကိုင်လျက် သူမအနားကို ရောက်လာတဲ့ ကျားရှောင်ယုက သူမ ဖုန်းချလိုက်တာကို မြင်တော့ “ နင် ဘာလို့ ဖုန်းမကိုင်တာလဲ။ ” ဟု မျက်လုံးအပြူးသားနှင့် မေးသည်။

ကျန်းပေါင် ဘာမှ မပြောနိုင်သေးခင်မှာပဲ ဖုန်းက နောက်တစ်ကြိမ် ထပ်မြည်လာခဲ့သည်။ ကျန်းပေါင်က အခန်းဖော်တွေ အာရုံစိုက်တာ မခံချင်သောကြောင့် ဖုန်းကို ယူပြီး လသာဆောင်ဘက်ကို ထွက်လာခဲ့လိုက်သည်။ မှန်တံခါးလေးကို စေ့ပိတ်ပြီးနောက် ဖုန်းမျက်နှာပြင်ကို ငုံ့ကြည့်လိုက်သော်လည်း ဖူမင်ရှစ်ရဲ့ ဖုန်းကောလ်တွေကို ချလိုက်ဆဲပင်။

သူမရဲ့ စိတ်ထဲမှာ အလွန် စိတ်လှုပ်ရှား ၊ စိတ်ရှုပ်ထွေးနေပြီး အခု ဖုန်းကိုင်လိုက်ရင် ဖူမင်ရှစ်နှင့် ဘယ်လို ရင်ဆိုင်ရမလဲ ဆိုတာ မသိ။ ဖူမင်ရှစ်ရဲ့ လျှပ်တစ်ပြက်ဆန်သော အနမ်းနှင့် ပတ်သက်ပြီးတော့ ဘာလုပ်ရမလဲ ဆိုတာလည်း အဖြေမရှာနိုင်သေးပါ။ ထိုအချိန်မှာပဲ တင်ခနဲ အသံနှင့်အတူ WeChat မက်ဆေ့ခ်ျလေး တစ်စောင် ဝင်လာ၍ ကျန်းပေါင်သည် ထောင့်လေးကို မှီရင်း ဖုန်းမျက်နှာပြင်ကို ဖွင့်လိုက်သည်။

ဖူမင်ရှစ် : အောက်ကို ဆင်းခဲ့။

ကျန်းပေါင်က ဖန်သားပြင်ပေါ်က ထိုစကားလုံး ( ၄ ) လုံးကို အကြာကြီး စိုက်ကြည့်နေမိပြီးမှ [ ရှင် ပြန်သင့်ပြီ။ ] ဟု စာပြန်ပို့လိုက်သည်။

အဆောင်ဘေးက မှောင်ရိပ်အောက်မှာ ရပ်နေတဲ့ ဖူမင်ရှစ်သည် သူ မျှော်လင့်ထားတဲ့အတိုင်း မက်ဆေ့ခ်ျကို မြင်လိုက်ရချိန်မှာ စိတ်ပျက်လက်ပျက်နှင့် ခေါင်းခါယမ်းလိုက်မိသည်။ [ အောက်ကို ဆင်းခဲ့။ ငါ မင်းနဲ့ ပြောစရာ ရှိတယ်။ ]

ကျန်းပေါင်ကတော့ သူနှင့် မတွေ့ချင်သောကြောင့် [ ကျွန်မ အိပ်တော့မယ်။ ] ဟု စာပြန်လိုက်သည်။

ဖူမင်ရှစ်သည် သူတို့ အပြန်အလှန် ပို့ထားတဲ့ မက်ဆေ့ခ်ျတွေကို အထပ်ထပ် အခါခါ ဖတ်ကြည့်နေသော်လည်း သူမထံမှ စကားလုံး အနည်းငယ်နှင့် သူမရဲ့ လက်ရှိ စိတ်ခံစားချက်ကို မမှန်းဆနိုင်ပါ။ သူမ ရှက်နေတာလား ၊ ဒါမှမဟုတ် ဒေါသထွက်နေတာလား … ။ ထိုင်ခုံခါးပတ် ပတ်ပေးတာကိုတောင် ရှက်နေတတ်တဲ့ သူမဟာ သိပ်ကို ဖြူစင်ပြီး ရှေးရိုးဆန်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်သည်။ သူ နမ်းလိုက်လို့ ငိုနေရင် ဘယ့်နှယ့် လုပ်မလဲ … ။

ဖူမင်ရှစ်က နောက်တစ်ခေါက် ထပ်ဖုန်းဆက်လိုက်ပေမဲ့ ကျန်းပေါင်က သူ့ဖုန်းကောလ်တွေကို ချပစ်နေဆဲ ဖြစ်သည်။

ရွေးချယ်စရာမရှိတော့တဲ့ ဖူမင်ရှစ်သည် မက်ဆေ့ခ်ျပို့ခြင်းဘက်ကို ကူးပြောင်းလာကာ “ ငါ မင်းကို သဘောကျတယ်။ ” ဆိုတဲ့ စာကိုတောင် ရိုက်ပြီးမှ သူ့လက်မက ‘ စာပို့မယ် ’ ဆိုတဲ့ သင်္ကေတကို နှိပ်ဖို့ တုံ့ဆိုင်းနေသည်။ သူ ဖန်သားပြင်ကို စိုက်ကြည့်ပြီး စကားလုံးလေးတွေကို တစ်လုံးချင်း ဖျက်ပစ်လိုက်သည်။ သူ သူမကို သဘောကျသည် ၊ မြို့တော်ကို ပြန်တဲ့ လေယာဉ်ပေါ်မှာကတည်းက သူမရဲ့ ဖြူစင်မှု ၊ ချစ်စရာကောင်းမှုတွေအောက်မှာ ကျရှုံးသွားခဲ့ရတဲ့ သူ့ခံစားချက်တွေကို မက်ဆေ့ခ်ျတိုတိုလေးကနေတစ်ဆင့် မဝန်ခံချင်။

အပေါ်ထပ် ဝရန်တာရှိ ကျန်းပေါင်ဆီ [ စိတ်ဆိုးနေတာလား။ ] ဆိုတဲ့ မက်ဆေ့ခ်ျအသစ် တစ်စောင် ရောက်လာခဲ့သည်။ ကျန်းပေါင် စိတ်မဆိုးသောကြောင့် [ စိတ်မဆိုးပါဘူး။ ] လို့ ချက်ချင်းပဲ စာပြန်ပို့လိုက်သည်။ သို့သော်လည်း စာပြန်ပြီးမှ အထီးတည်းဆန်သော တုံးတိစကားလုံးနှင့် ချက်ချင်း ဆိုသလို စာပြန်လိုက်ခြင်းကို သတိထားမိသွားကာ ထိုမက်ဆေ့ခ်ျကို ပြန်ဖျက်ပစ်လိုက်သည်။

ကျန်းပေါင်သည် ထိုမက်ဆေ့ခ်ျကို အောင်မြင်စွာ ပြန်ဖျက်ပြီးတော့မှပဲ စိတ်သက်သာရာရသွားသော သက်ပြင်းမောလေးကို ချနိုင်တော့သည်။ “ စိတ်မဆိုးပါဘူး ” ဆိုတဲ့ စကားက သူ့အပြုအမူကို သဘောကျသည် ၊ လက်ခံချင်သည်ဟု အထင်လွဲသွားစေချင်နိုင်သည်။ တကယ်လည်း ကျန်းပေါင် စိတ်မဆိုးပေမဲ့ ဖူမင်ရှစ်အား အထင်မလွဲစေချင်ပါ။ သူမ စဉ်းစားဖို့ အချိန်လိုသည်။ ဖူမင်ရှစ် သူမကို ဘာလို့ နမ်းတာလဲ ဆိုတာကိုလည်း မသိပါ။ သူ ခဏလောက် သရဲပူးခံလိုက်ရတာလည်း ဖြစ်နိုင်တာပဲ … ။ ဘာပဲဖြစ်ဖြစ် ဖူမင်ရှစ် ရှင်းမပြသေးခင်မှာ သူမ စကားအမှား ပြောလို့ မဖြစ်ပါ။

အောက်ထပ်ရှိ ဖူမင်ရှစ်သည် “ စိတ်မဆိုးပါဘူး ” ဆိုတဲ့ စကားလုံးရဲ့ နောက်ကွယ်က အဓိပ္ပာယ်ကို နားလည်နိုင်အောင် ကြိုးစားနေတုန်းမှာပဲ တစ်စက္ကန့်အတွင်း ထိုမက်ဆေ့ခ်ျလေး ပျောက်ကွယ်သွားတာကို မြင်လိုက်ရသည်။ အဲ့ဒီနောက် [ “ ဖန့်ပေါင် ” စာပြန်ဖျက်သွားပါပြီ။ ] ဆိုတဲ့ စာတန်းလေး ပေါ်လာသည်။

ဖူမင်ရှစ် ရယ်မောမိပါသည်။ ဘယ်လိုလုပ် ဒီလောက်တောင် တုံးအတဲ့ မိန်းကလေးမျိုး ရှိနေရတာလဲ … ။ စိတ်မဆိုးပါဘူးလို့ အရင်ဆုံး ငြင်းသည် ၊ ပြီးတော့ ထိုစာကို အမြန် ပြန်ဖျက်သွားသည်။ သူမရဲ့ ခံစားချက်တွေ အားလုံးကို မကွယ်မဝှက် ဖော်ပြနေသလိုပါပဲ။

သူမ ထိုအနမ်းကို သဘောမကျတာတော့ မဟုတ်ဘူးလို့ သိလိုက်ရတဲ့အခါ ဖူမင်ရှစ် စိတ်သက်သာရာရသွားသည်။ သူမရဲ့ ပရိုဖိုင်ဓာတ်ပုံလေးကို ကြည့်ရင်း [ ငါ့ကို တကယ် ပြန်စေချင်တာလား။ ] ဟု စာပို့လိုက်တော့ ကျန်းပေါင်က ချက်ချင်း စာပြန်သည်။ [ အင်း။ ]

အရှက်သည်းနေတဲ့ သူမရဲ့ ဆန္ဒကို ဖူမင်ရှစ် လိုက်လျောဖို့ ဆုံးဖြတ်လိုက်သည်။ [ ဒါဆို ငါ မနက်ဖြန် မင်းဆီကို ထပ်လာလို့ ရလား။ ]

ကျန်းပေါင် နှုတ်ခမ်းကိုက်လိုက်မိသည်။ [ ဒုတိယနှစ် တက္ကသိုလ်ကျောင်းသားတွေမှာ အတန်းချိန်တွေ သိပ်မရှိဘူးလား။ ] သူမဆီကို မကြာခဏ လာရောက်လည်ပတ်နေပုံဟာ ကျောင်းသားတစ်ယောက်နှင့်တောင် မတူတော့။

ဖူမင်ရှစ်က အနည်းငယ် စဉ်းစားချင့်ချိန်လိုက်ပြီး [ ကောင်းပြီ။ ဒါဆို ငါ မင်းကို ပိတ်ရက်ကျရင် လာတွေ့မယ်။ ] ဟု စာပြန်ပို့လိုက်သည်။

ကျန်းပေါင် ထပ်မငြင်းတော့ပါ။

ဖူမင်ရှစ်က ကိုယ့်နှုတ်ခမ်းတွေကိုယ် လက်နှင့် ခပ်ဖွဖွ တို့ထိကြည့်မိသည်။ သူ ရှေ့ဆက်လည်း မတိုးရဲ ၊ စိတ်လည်း ညစ်သည်။ [ ဒါဆို ငါ ပြန်တော့မယ်။ မင်း စာကြိုးစားနော်။ ]

ကျန်းပေါင် : အင်း။

ဖူမင်ရှစ်သည် သူတို့ ပို့ထားတဲ့ မက်ဆေ့ခ်ျလေးတွေကို အကြိမ်ပေါင်းများစွာ ဖတ်ပြီးမှ သူ့ဖုန်းကို အိတ်ကပ်ထဲ ထည့်လိုက်၏။ ထို့နောက် နို့လက်ဖက်ရည်ကို တစ်ငုံ သောက်ရင်း မှောင်ရိပ်အောက်မှ ထွက်လာခဲ့သည်။ အဆောင်နှင့် ခပ်လှမ်းလှမ်းကို ရောက်တော့မှ အခန်းနံပါတ် ( ၃၀၇ ) ရဲ့ လသာဆောင်ကို လှည့်ကြည့်မိတော့ သူ လှည့်ကြည့်လိုက်တဲ့ အခိုက်အတန့်မှာပဲ အရိပ်လေးတစ်ရိပ် အလျင်အမြန် ပျောက်ကွယ်သွားတာကို မြင်ရသည်။

အဲ့အရိပ်လေးက … သူမများလား … ။

သူ ခဏလောက် ထပ်စောင့်ကြည့်နေခဲ့သော်လည်း သူမရဲ့ ပုံရိပ်လေး ထပ်ပေါ်မလာသောအခါ ဒီတစ်ခေါက်တော့ အမှန်တကယ် လှည့်ထွက်လာခဲ့လိုက်လေသည်။ ဈေးပေါသော ပဲနီ နို့လက်ဖက်ရည်က ချိုမြိန်သော်လည်း သူမရဲ့ နှုတ်ခမ်းလေးတွေရဲ့ အရသာနှင့် ယှဉ်လိုက်လျှင်တော့ အကွာကြီး ကွာသည်။

***

All Chapters