← Chapters

အခန်း ၂၃

Vol. 3 Ch. 23

အခန်း ၂၃

Vol. 3 Ch. 23

အပိုင်း ( ၂၃ )

သောကြာနေ့ နေ့လယ်ခင်းတွင် အတန်းချိန် မရှိသလို အဆောင် စာသင်ခန်းထဲရှိ လေထုကလည်း အရမ်း ထိုင်းမှိုင်းနေသောကြောင့် ကျန်းပေါင်သည် ကျားရှောင်ယု ငှားထားတဲ့ စာအုပ်တွေကို ပြန်အပ်ဖို့အတွက် စာကြည့်တိုက်ကို တစ်ယောက်တည်း ထွက်လာခဲ့သည်။

တိရစ္ဆာန်ဆေးပညာ စာအုပ်တွေက ဒုတိယထပ်ရှိ အရှေ့တောင် ထောင့်မှာ ရှိသည်။ ကျန်းပေါင်က စာအုပ် နှစ်အုပ်ကို ရွေးချယ်ပြီး ပြတင်းပေါက်ဘေးမှာ ထိုင်ကာ ဖတ်နေလိုက်သည်။

“ ဒီထိုင်ခုံမှာ လူရှိလား။ ”

သူမအနီးမှာ လူရိပ်တစ်ရိပ် ရုတ်တရက် ပေါ်လာကာ ဘေးက ထိုင်ခုံကို ညွှန်ပြ၍ မေးတော့ ကျန်းပေါင် ခေါင်းခါယမ်းပြလိုက်သည်။ “ မရှိပါဘူး … ”

သူမ မော့ကြည့်လိုက်တော့မှ ရင်းနှီးကျွမ်းဝင်နေသော မျက်နှာကို မြင်ရသည်။ မင်ကျစ်နျဉ်က သူမကို ပြုံးပြနေပြီး နေရောင်ဟပ်နေတဲ့ သူ့မျက်နှာက အလွန် သစ်လွင်လန်းဆန်းနေသည်။ ဒီလို တိုက်ဆိုင်မှုမျိုးကို မျှော်လင့်မထားတဲ့ ကျန်းပေါင်က အံ့ဩမှုကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားမိသည်။

မင်ကျစ်နျဉ်မှာ ကျောပိုးအိတ် ပါမလာဘဲ သူ့ရဲ့ ပညာရပ်ဆိုင်ရာ ဂျာနယ် အထူကြီးကို စားပွဲပေါ် တင်လိုက်ပြီး ကျန်းပေါင် ဖတ်နေတဲ့ စာအုပ်အဖုံးကို လှန်ကြည့်ကာ ခပ်တိုးတိုး ပြောသည်။ “ မင်းက အခုမှ ပထမနှစ်ပဲ ရှိသေးတာ။ ဒီလို စာအုပ်တွေ ဖတ်ဖို့ စောလွန်းသေးတယ် မဟုတ်ဘူးလား။ ”

ကျန်းပေါင်က ပြုံးပြီး ခေါင်းလေး ငုံ့၍ “ ကျွန်မ ဒီတိုင်း လျှောက်ဖတ်နေတာပါ။ ” ဟု ပြောကာ လေးနက်သော အမူအရာဖြင့် စာဆက်ဖတ်နေလိုက်သည်။ စာကြည့်တိုက်ထဲမှာ တိတ်ဆိတ်ငြိမ်သက်နေသော်လည်း လူတချို့ရဲ့ တီးတိုးစကားသံတွေတော့ ထွက်ပေါ်နေသည်။ ကျန်းပေါင်က အဲ့ဒါကို သဘောမကျပါ။

ကျန်းပေါင် စကားစမြည်ပြောဖို့ စိတ်မဝင်စားတာကို မြင်တော့ မင်ကျစ်နျဉ်ကလည်း ဂျာနယ်ကိုသာ ငုံ့ဖတ်နေလိုက်တော့သည်။ ဒါပေမဲ့ သူ ဘယ်ဘက်ကို စာရွက်လှန်တိုင်း အခွင့်အရေးကို မိမိရရ အသုံးချ၍ သူမကို ခိုးကြည့်လေ့ရှိသည်။ စာကြည့်တိုက်ကို လာနေကျ မဟုတ်တဲ့ သူက ဒီနေ့ ရှားရှားပါးပါး လာခဲ့တာကို သူမနဲ့ တည့်တည့်တိုးတယ် ဆိုတော့ ရေစက်လား … ။

ဆယ်မိနစ်ဝန်းကျင်အကြာမှာတော့ မင်ကျစ်နျဉ်က သူ့ဖုန်းကို ကျန်းပေါင်ဘက်ကို တိုးပေးပြီး သူ အပြင်ခဏသွားတုန်း ကြည့်ထားပေးဖို့ ပြောလိုက်သည်။ ကျန်းပေါင်က သူ သန့်စင်ခန်းသွားတာလို့သာ ထင်ခဲ့ပေမဲ့ ခဏအကြာမှာ အအေးဘူး နှစ်ဘူးနှင့်အတူ ပြန်ရောက်လာတဲ့ မင်ကျစ်နျဉ်ကို မြင်လိုက်ရ၏။

သူက စံပယ်ပန်းရေနွေးကြမ်းဘူးကို သူမရှေ့ကို တွန်းပို့ပေးသည်။ ကျန်းပေါင် ခေါင်းခါယမ်းလိုက်ပေမဲ့ မင်ကျစ်နျဉ်က သူမအတွက် အဖုံးဖွင့်ပေးပြီးပြီ ဖြစ်ပြီး “ သောက်လိုက် … အလဟဿ မဖြစ်စေနဲ့။ ” ဟု ခပ်တိုးတိုး ပြောသောကြောင့် ကျန်းပေါင်မှာ သူ့ကို ကျေးဇူးတင်စကား ပြောရုံက လွဲလို့ ရွေးချယ်စရာ မရှိတော့ဘဲ တစ်ငုံ သောက်လိုက်ရသည်။

သောက်ပြီးသွားတော့ စာဆက်ဖတ်နေလိုက်သည်။ စာဖတ်ရင်းတန်းလန်းနှင့် အိပ်ငိုက်လာတာမို့ ထိုင်ခုံမှာပဲ တစ်ရေး အိပ်ပျော်သွားခဲ့သည်။ မင်ကျစ်နျဉ်ကတော့ သူမ တစ်ရေးအိပ်ပြီးလို့ ပြန်နိုးလာတဲ့ အချိန်ထိ သူမဘေးမှာ ရှိနေဆဲ။

ညနေ လေးနာရီခွဲတော့ ကျားရှောင်ယုက သူမအား ကန်တင်းမှာ ဘယ်အချိန် ညစာ စားမှာလဲဟု မက်ဆေ့ခ်ျပို့၍ လှမ်းမေးသည်။ ကျန်းပေါင်က မင်ကျစ်နျဉ်အား “ ငါ သွားနှင့်တော့မယ်နော်။ ” ဟု ပြောကာ ထိုင်ခုံမှ ထလိုက်တော့ မင်ကျစ်နျဉ်ကလည်း သူ့လက်ပတ်နာရီကို တစ်ချက် ငုံ့ကြည့်ပြီး အတူတူ လိုက်ထသည်။

“ အတူတူ သွားရအောင်။ ”

သူတို့နှစ်ယောက် ဘေးချင်း ယှဉ်၍ လှေကားပေါ်မှ ဆင်းလာခဲ့ကြသည်။ ကျန်းပေါင် စာအုပ်တွေကို သွားစစ်ဆေးနေချိန်မှာလည်း မင်ကျစ်နျဉ်က သူမနောက်ကို တစ်ချိန်လုံး လိုက်လာခဲ့သည်။ စာကြည့်တိုက်ထဲက ထွက်လာကာ စက်ဘီးကို သွားယူချိန်ထိ မင်ကျစ်နျဉ်က သူမနောက်ကို တကောက်ကောက် လိုက်နေဆဲပင်။ သူ ဒီလို ပြုမူနေတဲ့အတွက် ကျန်းပေါင်သည် အရင်ဆုံး ပြန်သွားရမှာကို အားနာလာတာရော ၊ ကန်တင်းက အဲ့ဒီဘက်မှာ ရှိတာကြောင့်ရော စက်ဘီးကို ခပ်ဖြည်းဖြည်း တွန်း၍ မိန်းကလေးအဆောင်သို့ နှစ်ယောက်အတူ လျှောက်လာခဲ့လိုက်သည်။

မင်ကျစ်နျဉ်သည် အဆောင်အောက်ကို ရောက်တော့မှပဲ ကျန်းပေါင် အခန်းဖော်တွေနှင့် ညစာသွားစားတော့မည် ဆိုတာကို နားလည်သောကြောင့် အလိုက်တသိ ထွက်သွားပေးခဲ့လေသည်။ ကျန်းပေါင်ကတော့ စာအုပ်တွေကို ချဖို့ အပေါ်ထပ် တက်လာခဲ့သည်။

သူမ အခန်းတံခါးဖွင့်လိုက်သည်နှင့် ကျားရှောင်ယုက အပြေးအလွှား ရောက်လာကာ တံခါးပိတ်၍ သူမကို စစ်ဆေးမေးမြန်းသည်။ “ ခုနတုန်းက အဆောင်ကို နင်နဲ့ အတူတူ လိုက်လာတဲ့ ကိုလူချောက ဘယ်သူလဲ။ ငါ နင့်ကို ပြောမယ်နော် ကျန်းပေါင် … နင့်မှာ ရုပ်ချောတဲ့ ရည်းစား ရှိနေပြီးသားနော်။ နင် ငါးရံ့နှစ်ကောင် ဖမ်းလို့ မရဘူး။ နင် သူတို့နှစ်ယောက်လုံးကို ယူသွားရင် ငါတို့က ဘယ်သူ့ကို သွားယူရမှာလဲ။ ”

ကျန်းပေါင်က “ နင် ဘာတွေ လျှောက်ပြောနေတာလဲ။ အဲ့တစ်ယောက်က မင်ကျစ်နျဉ်လေ ၊ ငါတို့က အထက်တန်းကျောင်း အတူတူ တက်ခဲ့ကြတာ။ နေ့ခင်းတုန်းက သူလည်း စာကြည့်တိုက်ကို ရောက်နေလို့ ငါတို့ အတူတူ ပြန်လာခဲ့တာ။ ” ဟု အပြုံးလေးဖြင့် ရှင်းပြလိုက်သည်။ ဖန့်ရွယ်က အဆောင်မှာ မင်ကျစ်နျဉ်အကြောင်းကို မကြာခဏ ပြောတတ်တာကြောင့် သူမရဲ့ အခန်းဖော်တွေက သူ့နာမည်ကို ရင်းနှီးနေပြီ ဖြစ်သည်။

“ နင်တို့နှစ်ယောက်က တစ်နေ့ခင်းလုံး စာကြည့်တိုက်ထဲမှာ အတူတူ ရှိနေတာလား။ ” ချန်းလီလီကလည်း အိပ်ရာထဲကနေ ခေါင်းလေး ထွက်ပြူလာကာ စစ်ရေးမေးမြန်းရေးအဖွဲ့ထဲကို ဝင်ရောက်လာခဲ့သည်။ ကျန်းပေါင်က အမှန်အတိုင်းပဲ ဝန်ခံလိုက်ပြီးမှ စာအုပ်တွေကို စားပွဲပေါ် ချကာ သန့်စင်ခန်းဝင်ခဲ့လိုက်သည်။

ကျားရှောင်ယုက သူမရဲ့ နောက်ကို သန့်စင်ခန်းတံခါးရှေ့ထိ လိုက်လာပြီး သံသယမကင်း မေးမြန်းခဲ့သည်။ “ မင်ကျစ်နျဉ်က နင့်မှာ ကောင်လေး ရှိတယ် ဆိုတာ သိလား။ ”

‘ အင်း ’ လို့ ကျန်းပေါင် ပြန်ပြောလိုက်သည်။

ကျားရှောင်ယုက ချန်းလီလီကို ခေါင်းညိတ်ပြလိုက်ပေမဲ့ ကျန်းပေါင်ကိုတော့ သတိပေးမိဆဲ ဖြစ်ပါသည်။ “ ဂရုစိုက် ကျန်းပေါင်။ နင့်လို အချောအလှလေးကို ဒီတစ်မြို့လုံးမှာတောင် ရှာဖို့ မလွယ်ဘူး ၊ ငါတို့တက္ကသိုလ်မှာ ဆိုရင်တော့ ပြောမနေနဲ့တော့။ နင့်ကို ဖူမင်ရှစ်လက်ထဲကနေ ဖြတ်ခုတ်ချင်နေတဲ့ လူတွေကို သတိထား။ ”

‘ ဖြတ်ခုတ်တယ် ’ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို ကျန်းပေါင် နားလည်သော်လည်း မင်ကျစ်နျဉ်မှာ အဲ့ဒီလို ရည်ရွယ်ချက်မျိုး ရှိလိမ့်မည်ဟု မထင်ပါ။ သူတို့က အထက်တန်းကျောင်းမှာတုန်းက စကားတောင် ကောင်းကောင်း ပြောဖူးကြတာ မဟုတ်ဘဲ တက္ကသိုလ်ရောက်တော့မှသာ တိရစ္ဆာန်ဆေးပညာ ကလပ်တစ်ခုတည်းမှာ အဖွဲ့ဝင်တွေ ဖြစ်နေ၍ ရင်းနှီးသိကျွမ်းသွားတာပါ။ ပြီးတော့ မင်ကျစ်နျဉ်က ဖူမင်ရှစ်ကိုလည်း မြင်ဖူးသည်။ သူမမှာ ရည်းစားရှိနေမှန်း သိပါလျက်နှင့် ကြိုက်ပါဦးမတဲ့လား … ။

ကျန်းပေါင်ကတော့ ကိုယ့်ကိုယ်ကိုယ် အဲ့ဒီလောက် ဆွဲဆောင်မှုရှိသည်ဟု မထင်ပေ။ ဗိုက်ဆာလှပြီ ဖြစ်သောကြောင့် ဘာကိုမှ ဆက်မတွေးတော့ဘဲ လက်တွေကို ရေခြောက်အောင် သုတ်ကာ ထမင်းစားကတ်ကို သွားယူလိုက်သည်။ “ သွားရအောင် ၊ ထမင်းစားချိန် ရောက်နေပြီ။ ”

~

ထိုနေ့ ညနေပိုင်းမှာ ကျန်းပေါင်တစ်ယောက် နောက်တစ်နေ့ သင်မယ့် သင်ခန်းစာတွေကို ကြိုတင်ကြည့်ရှုနေချိန်မှာ ကျားရှောင်ယုနှင့် ချန်းလီလီကတော့ အခုတလော နာမည်ကြီးနေတဲ့ ကိုရီးယားဇာတ်လမ်းတွဲကို အတူတူ ထိုင်ကြည့်နေခဲ့ကြသည်။ အဆောင်အခန်းထဲမှာ တစ်ခါတရံ ပျံ့လွင့်လာသော ကိုရီးယား ဒိုင်ယာလော့ခ်တွေက လွဲလို့ တိတ်ဆိတ်နေတဲ့ အခိုက်အတန့်မှာပဲ ထိုနှစ်ယောက်ဆီက စီခနဲ အော်သံထွက်လာပြီး ကျားရှောင်ယုဆိုလျှင် ကျန်းပေါင်ကိုပင် ဆွဲခေါ်ကာ ကြည့်ခိုင်းခဲ့သည်။

ချန်းလီလီက ပြန်ရစ်ပြတာကို ကျန်းပေါင်က သူမနောက်မှာ ရပ်ကာ ကြည့်နေမိသည်။ ဖန်သားပြင်ပေါ်မှာ ခပ်ချောချော အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်တို့က တက္ကသိုလ်ပရဝုဏ်ထဲမှာ လမ်းလျှောက်နေ၏။ ထိုသို့ လမ်းလျှောက်နေရင်း အမျိုးသားဇာတ်လိုက်က အရှေ့ကို ရုတ်တရက် လက်ညိုးထိုးပြကာ အမျိုးသမီးဇာတ်လိုက်အား ထိုနေရာကို ကြည့်ခိုင်းခဲ့သည်။

အမျိုးသမီးဇာတ်လိုက်က လှည့်ကြည့်လိုက်သော်လည်း ထူးဆန်းတဲ့ ဘယ်အရာကိုမှ မမြင်ရသောကြောင့် အမျိုးသားဇာတ်လိုက်ဘက်ကို ပြန်လိုက်တဲ့အခါ သူက ခန္ဓာကိုယ်ကို အဆင်သင့် အနေအထားဖြင့် ငုံ့ကိုင်းထားခဲ့ပြီး သူမကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းကာ နမ်းရှိုက်လိုက်လေသည်။

ရိုမန့်တစ်ဆန်သော နောက်ခံ သီချင်းသံလေးနှင့် နူးညံ့သော အလင်းရောင်အောက်မှာ လှပသော စုံတွဲလေးရဲ့ ချစ်ခန်းကြိုက်ခန်းကို ကြည့်ရခြင်းကပင် ကျန်းပေါင်ရဲ့ နှလုံးသားကို ဂဏှာမငြိမ် ဖြစ်စေသည်။ သူမရဲ့ နှလုံးသားထဲမှာ ယိမ်းထိုးလှုပ်ရှားသွားသည်နှင့် တစ်ပြိုင်နက် ဟိုတစ်နေ့တုန်းက သူမရဲ့ အနမ်းကို ဖူမင်ရှစ် ခိုးယူသွားခဲ့တာကို ဖျတ်ခနဲ ပြန်သတိရမိသည်။

သူတို့နှစ်ယောက်က မှောင်ရိပ်ကျသော စက်ဘီးရပ်နားရာ နေရာမှာ ရှိနေခဲ့ပြီး အလင်းရောင်လည်း မရှိ ၊ သီချင်းသံလည်း မရှိပေမဲ့ အခုထက်တောင် ရင်ခုန်သံမြန်ခဲ့ပါသည်။

“ အယ် … ကျန်းပေါင် ရှက်နေပြီဟေ့။ နင် ဖူမင်ရှစ်အကြောင်း တွေး‌မိသွားလို့လား။ ” ကျားရှောင်ယုက စုယန်ယန်ရဲ့ ပခုံးတွေကို ပွေ့ဖက်ပြီး ပြုံးဖြဲဖြဲဖြင့် စနောက်ခဲ့သည်။

“ ပေါက်ကရတွေ လျှောက်ပြောမနေနဲ့ … ” ကျန်းပေါင်က ဝန်မခံဘဲ ထိုင်ခုံမှာ ပြန်ထိုင်ကာ စာဆက်ဖတ်နေလိုက်သော်လည်း သူမရဲ့ နှလုံးသားကတော့ ပိတ်ရက်ကျရင် ဖူမင်ရှစ် လာမယ့် အကြောင်းကို တွေးမိရုံနှင့် ထိန်းချုပ်လို့ မရလောက်အောင် ယိမ်းထိုးလှုပ်ရှားနေသည်။

ကျားရှောင်ယုက မေးခွန်းဆက်မေးဖို့ လုပ်နေတုန်းမှာပဲ နေ့ခင်းကတည်းက အိမ်ပြန်သွားတဲ့ ဖန်ရွှမ်းက တံခါးကို ရုတ်တရက် တွန်းဖွင့်ပြီး “ ငါ ပြန်ရောက်ပြီ။ ” ဟု ကျယ်လောင်စွာ ကြေညာခဲ့သည်။ သူမရဲ့ လက်ထဲမှာတော့ လိမ္မော်သီးအိတ်ကို ကိုင်ထားပြီး တစ်ယောက်ကို သုံးလုံးစီ ခွဲဝေပေးခဲ့သည်။

လိမ္မော်သီး ကြိုက်တဲ့ ကျန်းပေါင်က သုံးလုံး,လုံးကို တစ်ထိုင်တည်း ကုန်အောင် စားပစ်လိုက်သည်။ သူမ လိမ္မော်သီး စားပြီးချိန်မှာပဲ ဖူမင်ရှစ်က ဖုန်းဆက်လာခဲ့သည်။ ကျန်းပေါင်က သူနှင့် စကားမပြောရဲသေးတာမို့ ထိုဖုန်းကောလ်ကို ချပစ်ကာ အသံပိတ်လိုက်ပြီး “ ဘာဖြစ်လို့လဲ။ ” ဟူ၍သာ မက်ဆေ့ခ်ျပို့လိုက်သည်။

ဖူမင်ရှစ် : ငါ မင်းကို မနက်ဖြန် လာတွေ့လို့ ရလား။

ကျန်းပေါင် : ကျွန်မ မနက်ဖြန် သောကြာနေ့အတန်းတွေ တက်ရဦးမယ်။ တစ်နေ့တည်းကို ( ၈ ) ချိန်တောင်ပဲ။

ဖူမင်ရှစ် : ဒါဆို ငါ တနင်္ဂနွေနေ့ ညနေ လေးနာရီဝန်းကျင်လောက် လာခဲ့မယ်။

ကျန်းပေါင်က “ အင်း ” တစ်လုံးတည်းသာ မတင်မကျ ပြန်ပို့လိုက်၏။ သူတို့နှစ်ယောက်ရဲ့ စကားပြောခြင်း ပြီးဆုံးသွားသောအခါ စာဖတ်ခြင်းကို ဆက်အာရုံမစိုက်နိုင်တော့ဘဲ စောစော အိပ်ရာဝင်ခဲ့သည်။ သူမသည် အိပ်ရာထဲမှာ တော်တော်နှင့် အိပ်မပျော်နိုင်ဘဲ လူးလှိမ့်ရင်း သူမကို ရက်ပေါင်းများစွာ စိတ်အနှောင့်အယှက်ပေးနေခဲ့တဲ့ မေးခွန်းအကြောင်း ပြန်တွေးမိသည်။ ဖူမင်ရှစ်က သူမကို ဘာလို့ နမ်းခဲ့တာလဲ … ။

ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို နမ်းတာက သူမကို သဘောကျတယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ မဟုတ်လား … ။ ဒါပေမဲ့ ဖူမင်ရှစ်ဟာ သူမ အဆောင်မှာ ပြောင်းနေကတည်းက ညတိုင်း ဂွတ်နိုက်လို့ မက်ဆေ့ခ်ျပို့လေ့ရှိသော်လည်း သူမကို သဘောကျကြောင်း ရိပ်ဖမ်းသံဖမ်း ဆိုလိုတဲ့ စကားတွေကိုတော့ ယောင်လို့တောင် မပြောခဲ့ပေ။ ဒါပေမဲ့ ဖူမင်ရှစ်က သူမကို သဘောမကျဘူး ဆိုရင် ဘာလို့ အဲ့ဒီလို လုပ်ခဲ့တာလဲ … ။ ဒီတိုင်း အနိုင်ကျင့်ချင်ရုံသက်သက်ပဲလား … ။

ကျန်းပေါင်သည် ဒုတိယ ဖြစ်နိုင်ချေကို တွေးမိသွား၍ မျက်လုံးထဲမှာ စိုစွတ်လာမိသည်။

သူမက အခုအချိန်မှာ သူ့ကို မှီခိုနေရတာ မဟုတ်လား ၊ သူမရဲ့ ကျောင်းစရိတ်တွေကိုလည်း သူပဲ ပေးနေတာ … ။ ဇာတ်လမ်းတွဲတွေထဲမှာဆို ချမ်းသာတဲ့ လူကြီးတွေက ဆင်းရဲတဲ့ ကောင်မလေးတွေကို ကူညီပေးရင်း အသားယူ အမြတ်ထုတ်လေ့ရှိသည်။ ဗီလိန်ဇာတ်ကောင်တွေမှာ အဲ့ဒီလို အကျင့်စရိုက်မျိုး ရှိလေ့ရှိသော်လည်း ဖူမင်ရှစ်ကတော့ လူဆိုးတစ်ယောက်နှင့် နည်းနည်းလေးမှ မတူပါ။ ဒါပေမဲ့ သူမ သူ့ကို သိလာတာ လပိုင်းပဲ ရှိသေးတာ ၊ သူ ဘယ်လို လူမျိုးလဲ ဆိုတာ ဘယ်လိုလုပ် အတိအကျကြီး ပြောနိုင်မှာလဲ …။

တစ်ညလုံး ပေါက်ကရ အတွေးတွေကို လျှောက်တွေးနေခဲ့တဲ့ ကျန်းပေါင်ဟာ နောက်တစ်နေ့မနက် အိပ်ရာနိုးတဲ့အခါ သူမရဲ့ နှုတ်ခမ်းတွေမှာ တစ်ခုခု ပုံမှန်မဟုတ်တာကို သတိထားမိသွားခဲ့လေသည်။ နှုတ်ခမ်းတွေကို ထိကိုင်ကြည့်ရင်း မှန်ထဲမှာ ကြည့်လိုက်တော့ ဘယိဘက် နှုတ်ခမ်းထောင့်မှာ အပူဖု အကြီးကြီး ပေါက်နေတာကို တွေ့လိုက်ရသည်။

ကျားရှောင်ယုနှင့် ချန်းလီလီက သူမရဲ့ ကံဆိုးမှုကို ဘာပဲဖြစ်ဖြစ် နည်းနည်းလေးတောင် မသနားဘဲ အားရဝမ်းသာ ရယ်မောနေခဲ့ကြသည်။ ဖန့်ရွှမ်းကတော့ သူမ မစားရသေးတဲ့ လိမ္မော်သီးတွေကို ယူသွားပြီး သူမရဲ့ နှုတ်ခမ်းပေါ်က အပူဖုဟာ လိမ္မော်သီးတွေ အများကြီး စားလိုက်လို့ တရုတ်ဆေးဝါး သဘောသဘာဝအရ “ အပူဓာတ် ” အရမ်း များပြီး ပေါက်တာလို့ အပြစ်တင်နေခဲ့သည်။

ကျန်းပေါင်သည် သူမရဲ့ ခံစားချက်တွေကို မဖော်ပြနိုင်သော်လည်း တစ်နေကုန် ပြည့်နေသော အတန်းချိန်တွေကို အပူဖုကြီးနှင့် တက်ခဲ့ရ၏။ ထိုညနေခင်းမှာပဲ ဖူမင်ရှစ်က သူတို့ တွေ့ဆုံမယ့် အချိန်ကို မက်ဆေ့ခ်ျပို့၍ အတည်ပြုတာကို သူမက ရလို့ရငြား အချိန်ဆွဲကြည့်လိုက်သည်။

ကျန်းပေါင် : နောက်တစ်ပတ်မှ တွေ့မယ်လေ။

ဖူမင်ရှစ် : ဘာလို့လဲ။

ကျန်းပေါင်က [ ကျွန်မ မနက်ဖြန် တိရစ္ဆာန်ဆေးပညာကလပ်မှာ လုပ်စရာလေးတွေ ရှိတယ်။ ] ဟု လိမ်ပြောလိုက်သည်။

ဖူမင်ရှစ် : အဲ့ဒါဆို ငါ မနက်ဖြန်ည လာခဲ့မယ်။

ကျန်းပေါင် တခြား ဆင်ခြေတစ်ခု ထပ်ရှာဖို့ ဖုတ်ပူမီးတိုက် စဉ်းစားနေတုန်းမှာပဲ ဖူမင်ရှစ်က နောက်ထပ် မက်ဆေ့ခ်ျတစ်စောင် ထပ်ပို့လာခဲ့သည်။ [ မင်း မနက်ဖြန်ညလည်း မအားဘူးလို့တော့ ငါ့ကို မပြောနဲ့နော်။ ]

ကျန်းပေါင် ခေါင်းကိုက်သွားပေမဲ့ [ ဒါဆို နေ့ခင်းဘက် လာခဲ့ပါ။ ] လို့ စာပြန်လိုက်ပါသည်။ သူ စောစော ရောက်လာရင် စောစော ပြန်မှာပဲ။ ညဘက်ဆို တက္ကသိုလ်ပရဝုဏ်ထဲမှာ လူသိပ်မရှိတာမို့ ဖူမင်ရှစ်က သူမကို နောက်ထပ် နည်းလမ်းအသစ် တစ်မျိုးနဲ့ အသားယူရင် ဘယ့်နှယ့် လုပ်မလဲ … ။ နေ့ဘက်မှာတော့ လူတွေ ရှိတာမို့ သူမရဲ့ လုံခြုံမှုအတွက် စိတ်ချရကာ သူလည်း မဟုတ်တာ လုပ်ရဲမှာ မဟုတ်ပါ။

အခြားတစ်ဖက်၌ ဖူမင်ရှစ်သည် ထိုမက်ဆေ့ခ်ျလေးကို မြင်လိုက်ရချိန်မှာ ကျန်းပေါင် အရှက်မပြေ‌သေးတာ ဖြစ်နိုင်ကြောင်း ခန့်မှန်းမိသွားပြီး [ ငါ့ကို အရမ်း ကြောက်မနေပါနဲ့။ ] ဟု ပြုံး၍ စာပြန်လိုက်သည်။ ကျန်းပေါင်ကတော့ သူ့မက်ဆေ့ခ်ျကို ဖတ်ပြီး ရုတ်တရက်ပဲ သူနှင့် ဆက်စကားပြောချင်စိတ် မရှိတော့ပေ။

~

ရှားရှားပါးပါး နေသာသော ပိတ်ရက်လေးတွင် လတ်ဆတ်သော ဆောင်းဦးလေတို့နှင့်အတူ ကောင်းကင်ကြီးက ပြာလဲ့နေခဲ့သည်။ ဖူမင်ရှစ်က အပန်းဖြေစံအိမ်ကနေ ( ၂ ) နာရီမှာ ထွက်လာခဲ့ပြီး ပန်းဆိုင်တစ်ဆိုင်ကို အရင်ဆုံး ဝင်လိုက်သည်။

“ ဘယ်ပန်း ဝယ်မှာလဲလို့ ဆုံးဖြတ်ပြီးသွားပြီလား ကိုလူချောလေး။ ” ပန်းဆိုင်ပိုင်ရှင်က သွက်သွက်လက်လက်ရှိသော မိန်းကလေးငယ်လေးတစ်ယောက်ပင်။ သူမက တက္ကသိုလ်ကျောင်းသားလို ဝတ်စားထားတဲ့ ဖူမင်ရှစ်ကို မြင်တော့ အပြုံးလေးဖြင့် မေးသည်။

“ နှင်းဆီပန်း ယူမယ်။ ” ဟု ဖူမင်ရှစ်က ပေါ့ပေါ့ပါးပါး ပြောလိုက်တော့ ဆိုင်ရှင်ကောင်မလေးရဲ့ အပြုံးက ပိုလို့တောင် တောက်ပသွားပြီး ဖူမင်ရှစ်ကို နှင်းဆီပန်းတွေ ရှိရာဆီ ခေါ်သွားပေးခဲ့သည်။ “ ရှင့်ကောင်မလေးအတွက်မလား။ ဘယ်နှပွင့် ယူမလဲ ကိုလူချောလေး။ နှင်းဆီပန်းကတော့ အပွင့်များလေ ၊ ရှင့်ကောင်မလေးက သဘောကျလေပဲ။ ”

ဖူမင်ရှစ်သည် နှင်းဆီပန်း ( ၉၉၉ ) ပွင့် ပါသော ပန်းစည်းကြီးကို ကျန်းပေါင် ပွေ့ပိုက်ထားပြီး အဆောင်အထိ ပြန်သယ်သွားရမည့် ပုံစံကို စိတ်ကူးထဲမှာ ပုံဖော်ကြည့်မိသည်။ လူအာရုံစိုက်ခံရတာကို မကြိုက်တဲ့ ကျန်းပေါင်ရဲ့ စိတ်သဘာဝနှင့် ဆိုလျှင် သူမ ပျော်ရွှင်ရမည့်အစား ရှက်ရွံ့နေပါလိမ့်မည်။ ဖူမင်ရှစ် ကိုယ်တိုင်ကလည်း အဲ့ဒီလောက် နှင်းဆီပန်းတွေ အများကြီးကို မကြိုက်။ အပေါစားဆန်သလို ခံစားရသည်။

ဖူမင်ရှစ်က နှင်းဆီပန်းတွေကို ကြည့်ပြီး “ ( ၉ ) ပွင့် ပေးပါ။ အပြင်ဘက်ကို အရောင်ပါတဲ့ စက္ကူနဲ့ ပတ်မပေးနဲ့နော်။ ” ဟု ပြောလိုက်သည်။ သူက နှင်းဆီပန်း သီးသန့်ကိုသာ လိုချင်တာမို့ ကျန်တဲ့ အရာအားလုံးက အလှပျက်စေသည်။ ပန်းဆိုင်ပိုင်ရှင် ကောင်မလေးက နှင်းဆီရိုးတံတွေကို ဖဲကြိုးနီလေး တစ်ချောင်းဖြင့်သာ ရိုးရှင်းစွာ ချည်ပေးသည်။

ဖူမင်ရှစ်ဟာ ပိုက်ဆံရှင်းပြီး သူ့ကားထဲကို ဝင်ကာ A တက္ကသိုလ်သို့ မောင်းလာခဲ့လိုက်သည်။ ကျောင်းထဲကို ရောက်သည်နှင့် သူ အရင်ဆုံး သွားတာက မိန်းကလေးအဆောင် မဟုတ်ဘဲ တက္ကသိုလ်ပရဝုဏ်ထဲရှိ ရှုခင်းအလှဆုံး ရေကန်လေးသို့ ဖြစ်သည်။ အနုပညာကျောင်းသား ၊ ကျောင်းသူ တချို့က ရှုခင်းပန်းချီကားတွေ ရေးဆွဲနေကြပြီး အားလုံးက မိန်းကလေးတွေချည်း ဖြစ်ကာ မြက်ခင်းပေါ်မှာ ထိုင်နေကြသည်။

ဖူမင်ရှစ်သည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီးနောက် အရိုးရှင်းဆုံး ဝတ်ဆင်ထားတဲ့ မိန်းကလေးတစ်ယောက်ကို ရွေးချယ်လိုက်၏။ ရွေးချယ်ခံရတဲ့ မိန်းကလေးက လက်ထဲမှာ နှင်းဆီပန်းတွေ ကိုင်ထားတဲ့ သူ့ကို ကြည့်ကာ လုံးဝ ကြောင်အသွားပြီး သူမရဲ့ မျက်လုံးထဲမှာ မယုံကြည်ရဲသော အရိပ်အယောင်တွေ ယှက်သန်းသွားခဲ့သည်။

***

All Chapters