← Chapters

အခန်း ၂၄

Vol. 3 Ch. 24

အခန်း ၂၄

Vol. 3 Ch. 24

အပိုင်း ( ၂၄ )

“ တဆိတ်လောက်ပါ။ ကျွန်တော့်ကို တစ်ခုလောက် ကူညီပေးလို့ ရမလား။ ” ထိုကောင်မလေးက မြက်ခင်းပေါ်မှာ ထိုင်နေတဲ့အတွက် သူက ဒူးတစ်ဖက်‌ကို ထောက်လိုက်ပြီး နူးညံ့သော လေသံဖြင့် ပြောလိုက်တော့ သူမက ရှက်ကိုးရှက်ကန်း ခေါင်းညိတ်သည်။ ဖူမင်ရှစ်က သူမကို ခပ်ယဲ့ယဲ့ ပြုံးပြပြီး နှင်းဆီပန်းတွေကို ပေးလိုက်ပါသည်။

“ ကျွန်တော် ခဏနေရင် ကောင်မလေးတစ်ယောက်ကို ဒီနေရာကို ခေါ်လာခဲ့ပါ့မယ် ၊ ကျွန်တော် ချစ်ခွင့်ပန်ချင်နေတဲ့ ကောင်မလေးပါ။ အဲ့ဒါကြောင့် ဒီနှင်းဆီပန်းလေးတွေကို ခဏလောက် ယူထားပေးလို့ ရမလားလို့ပါ။ ကျွန်တော်နဲ့ သူနဲ့ ဒီနေရာကို ပြန်ရောက်လာရင် သူ့ကို ပေးဖို့ တွေးထားပါတယ်။ အဆောင်မှာက လူတွေ အများကြီး ရှိတော့ သိပ်အဆင်မပြေလို့ပါ။ ”

“ ရတာပေါ့။ ” ပန်းတွေက သူမအတွက် မဟုတ်သလို ကိုလူချောကလည်း သူမအတွက် မဟုတ်ရင်တောင် ကျောင်းသူလေးသည် ဒီလို ရိုမန့်တစ်ဆန်သော ကိစ္စကြောင့် အလွန် စိတ်လှုပ်ရှားသွားလေသည်။ သူမက နှင်းဆီပန်းတွေကို ယူပြီး အခိုင်အမာ ကတိပေးလိုက်သည်။ “ စိတ်မပူပါနဲ့ ၊ ဒီနှင်းဆီပန်းတွေကို ကျွန်မရဲ့ ပန်းချီကားနောက်မှာ ဖွက်ထားပေးပါ့မယ်။ သူ လုံးဝ မတွေ့စေရဘူး။ ”

“ ကျေးဇူးပါ။ ” ဖူမင်ရှစ်က သူမကို စိတ်ရင်းနှင့် ပြုံးပြကာ မတ်တပ်ရပ်ရင်း သူမရဲ့ ပန်းချီကားဆီ အကြည့်ရောက်သွားလျှင် ပန်းချီကားကိုလည်း “ လှလိုက်တာ။ ” ဟု ချီးကျူးလိုက်သည်။ ကောင်မလေးကတော့ နီရဲနေတဲ့ မျက်နှာတစ်ဝက်ကို လက်ဖြင့် အုပ်ထားပြီး အသံတိတ်နေခဲ့သည်။

ဖူမင်ရှစ်သည် ပြင်ဆင်စရာရှိတာတွေ အကုန်လုံး ပြင်ဆင်ပြီးသောအခါ ကျန်းပေါင်ရဲ့ အဆောင်ကို ထွက်လာခဲ့လိုက်တော့သည်။ အခန်းနံပါတ် ( ၃၀၇ ) ရှိ ကျန်းပေါင်ကတော့ သန့်စင်ခန်းထဲကို အခေါက်ပေါင်းများစွာ ဝင်ရင်း ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေတုန်းကထက်တောင် ပိုစိတ်လှုပ်ရှားပြီး ဂဏှာမငြိမ် ဖြစ်နေခဲ့သည်။ ဖူမင်ရှစ်က ရုပ်ရှင်ထဲက သေမင်းထက်တောင် ပိုကြောက်စရာကောင်းသည်။

နောက်ဆုံးမှာတော့ သူမကို အောက်ထပ်ဆင်းလာဖို့ လှမ်းပြောတဲ့ ဖူမင်ရှစ်ရဲ့ မက်ဆေ့ခ်ျ ရောက်လာခဲ့သည်။ ကျန်းပေါင်ဟာ လက်တွေ တုန်ယင်တဲ့အထိ စိတ်လှုပ်ရှားနေမိသော်လည်း အောက်ထပ်ကိုတော့ ဆင်းလာခဲ့လိုက်သည်။

လှေကားထစ်တွေကို နင်း၍ အောက်ထပ်ကို ဆင်းလာတဲ့ ကျန်းပေါင်ရဲ့ ခြေထောက်တွေကလည်း တုန်ရီနေသည်။ ဒုတိယရှိ လှေကားအကွေ့ကို ရောက်ချိန်မှာ လှေကားလက်ရန်းဘေးက နေရာကွက်လပ်လေးကတစ်ဆင့် အောက်ကို ငုံ့ကြည့်မိသည်။ ဘောင်းဘီအိတ်ကပ်ထဲကို လက်တစ်ဖက် ထည့်လျက် လှေကားဘက်ကို မျက်နှာမူထားကာ လော်ဘီမှာ ရပ်စောင့်နေတဲ့ ဖူမင်ရှစ်ကို သူမ တန်းခနဲ မြင်နိုင်သည်။

သူ့မျက်နှာချောချောပေါ်မှာ သူ တွေးနေတဲ့ အတွေးတွေရဲ့ သဲလွန်စကို နည်းနည်းလေးမှ ဖမ်းဆုပ်လို့ မရဘဲ ထုံးစံအတိုင်း အေးစက်နေ၏။ ကျန်းပေါင်သည် သူ အပေါ်ကို မော့ကြည့်တော့မည် ဆိုတာကို အာရုံခံမိသောအခါ ချက်ချင်းပဲ ခေါင်းကို နောက်ပြန်ဆုတ်လိုက်တော့သည်။ ဒါပေမဲ့ အောက်ထပ်ကို ရောက်သည်နှင့် တစ်ပြိုင်နက် လွတ်လမ်း မရှိတော့ပါ။ ကျန်းပေါင်က ဖူမင်ရှစ် သူမကို လှမ်းကြည့်နေမှန်း သိသောကြောင့် ခေါင်းငိုက်စိုက်ချထားပြီး မျက်နှာကြီး တစ်ခုလုံး ပူထူနေသည်။ သူမက အောက်ထပ်ကို တစ်လှမ်းချင်း ဖြည်းဖြည်းလေး ဆင်းလာခဲ့သည်။

ဖူမင်ရှစ်က သူမရဲ့ နီရဲတက်နေတဲ့ မျက်နှာကိုရော ၊ သူမရဲ့ နှုတ်ခမ်းထောင့်က အပူဖုကိုရော မြင်လိုက်သည်။ ထိုအပူဖုကို သူ မယုံသင်္ကာ စိုက်ကြည့်မိသည်။ သူနဲ့ မျက်နှာချင်းဆိုင်ရမှာကို ရှက်နေမှန်း နားလည်ပေမဲ့ အဲ့ကိစ္စအတွက်နဲ့ ဒီလောက်တောင် ဒေါသထွက်စရာ လိုလို့လား … ။

သူ အဲ့ဒီလို တွေးနေတုန်းမှာပဲ လှေကားထစ်တွေပေါ်က ကောင်မလေးဟာ ရုတ်တရက်ပဲ ခြေချော်ပြီး ယိုင်လဲသွားခဲ့သည်။ ဖူမင်ရှစ် ထိတ်လန့်သွားရပါသည်။ သူ့စိတ်ထက် လျင်လျင်မြန်မြန် တုံ့ပြန်သော သူ့ခန္ဓာကိုယ်က ချက်ချင်းပဲ ခြေတစ်လှမ်း ရှေ့တိုးကာ သူမကို ‌ဆွဲဖမ်းလိုက်သည်။ သူမရဲ့ ခါးလေးကို သွက်လက်စွာ ပွေ့ဖက်ပြီး ခန္ဓာကိုယ်လေးကို မြေပြင်ပေါ်သို့ ညင်ညင်သာသာ ချပေးလိုက်သည်။

ကျန်းပေါင်ရဲ့ ရင်ခုန်သံတွေကတော့ ပရမ်းပတာ ခုန်ပေါက်နေပြီး တစ်ချိန်တည်းမှာပဲ ကြောက်တာရော ၊ စိတ်လှုပ်ရှားတာရော ပေါင်းစုံနေသည်။ သူ့ရင်ခွင်ထဲကို လျှပ်တစ်ပြက် ရောက်သွားတာမို့ အံ့ဩဆွံအပြီး ဘာပြောလို့ ပြောရမှန်း ၊ ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်နေသည်။ ဖူမင်ရှစ်ကလည်း သူမကို လွှတ်မပေးဘဲ သူမရဲ့ နားရွက်နားကို ငုံ့ကပ်လာကာ လေသံတိုးတိုးလေးဖြင့် ပြောသည်။

“ ဘာလဲ … မင်းကိုယ်မင်း ငါ့ရင်ခွင်ထဲ ရောက်လာအောင် ခွင်ဆင်လိုက်တဲ့ သဘောလား။ ”

နွေးထွေးတိုးလျကာ အဓိပ္ပာယ်နှစ်ခွထွက်သော စကားက သူမရဲ့ စိတ်ခံစားချက်‌တွေကို ပိုလို့တောင် ပရမ်းပတာ ယိမ်းခါသွားစေခဲ့လေသည်။

အဆောင်ထဲကို ဝင်ထွက်သွားလာနေတဲ့ လူတွေ ရှိနေတာကြောင့် ဖူမင်ရှစ်က ကျန်းပေါင်ရဲ့ လက်ကို ဆုပ်ကိုင်ပြီး သူမကို ထိုနေရာကနေ အမြန်ဆုံး ခေါ်လာခဲ့လိုက်သည်။ ဆောင်းဦး နေ့လယ်ခင်းမှာ နေရောင်ခြည်နွေးနွေးက အနောက်အရပ်ရှိ ကျနေကို ကြိုဆိုနေသည်။ ကျန်းပေါင်ကတော့ ခန္ဓာကိုယ် တစ်ခုလုံး ရေနွေးထဲမှာ မြုပ်ခံထားရသလို ခေါင်းစခြေဆုံး ပူထူနေမိသည်။

သူမ ထိုလူရဲ့ နွေးထွေးသော လက်ဖဝါးဆီမှ ရုန်းထွက်ရန် ကြိုးစားလိုက်တော့ ဖူမင်ရှစ်က ပိုလို့တောင် တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး သူမကို စောင်းငဲ့ကြည့်သည်။ “ အပူကို ကြောက်လို့လား။ ”

သူမက ညာဘက်ကို မျက်နှာလွှဲပြီး “ ကျွန်မ လိမ္မော်သီးတွေ စားတာ နည်းနည်းလေး များသွားလို့ပါ။ ” ဟု ပြောတော့ ဖူမင်ရှစ်က ပြုံးလိုက်သည်။ သူမ အမှန်တကယ်ပဲ လိမ္မော်သီးတွေ စားခဲ့လျှင်တောင် ဟိုတစ်နေ့ညတုန်းက အနမ်းကလည်း တစ်နည်းတစ်ဖုံ ပါဝင်ပတ်သက်ပါလိမ့်မည်။

“ ဒီလိုမျိုး မလုပ်ပါနဲ့ … ” ကျန်းပေါင်က သူ့လက်ကို ခါထုတ်ဖို့ ထပ်ကြိုးစားလိုက်သည်။ သူမတို့ မြို့တော်ကို မလာခင်ကတည်းက အယောင်ဆောင် စေ့စပ်ကြောင်းလမ်းမှာပါလို့ သဘောတူထားပြီးသား မဟုတ်လား … ။ သူက ဘာလို့ သူမကို မသင့်တော်တဲ့ ပုံစံမျိုးနဲ့ အမြဲတမ်း အသားချင်း လိုက်ထိနေတာလဲ … ။ ကျန်းပေါင် လက်မခံချင်ပါ။ သူမကို တက္ကသိုလ်တက်ခွင့် ပေးထားတာနှင့်ပဲ အသားယူလို့ ရမည်ဟု ဖူမင်ရှစ် ထင်နေလျှင် အခုချက်ချင်း အိမ်ပြန်လိုက်မည်။

ကျန်းပေါင်ရဲ့ မျက်နှာက မည်းမှောင်ကာ တကယ့်ကို စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့သည်။

ဖူမင်ရှစ်ဟာ ရေကန်ဘေးကို ရောက်ဖို့ အတော်လေး အလှမ်းဝေးသေးတာကို နားလည်တာကြောင့် လောလောဆယ်မှာ သူမရဲ့ လက်ကို လွှတ်ပေးလိုက်ဖို့က လွဲလို့ ရွေးချယ်စရာ မရှိတော့။

“ ကျွန်မတို့ ဘယ်ကို သွားနေတာလဲ။ ” ကျန်းပေါင်က ခြေလှမ်းရပ်ကာ ခေါင်းငုံ့ပြီး မေးလိုက်သည်။ သူမက ဖူမင်ရှစ် သူ့အပြုအမူတွေကို သေချာ ရှင်းပြဖို့ မျှော်လင့်၍ သူနှင့် ဆင်းတွေ့တာ ဖြစ်ပြီး သူနှင့်အတူ ခြေဦးတည့်ရာ လျှောက်သွားနေဖို့ မဟုတ်ပါ။ လှေကားပေါ်မှာတုန်းက ဖူမင်ရှစ် ပြောခဲ့တဲ့ “ ငါ့ရင်ခွင်ထဲကို ” ဆိုတဲ့ စကားအကြောင်း ပြန်တွေးမိတော့ သူဟာ လူမသမာတစ်ယောက်နှင့် ပိုတူလာသည်ဟု ခံစားလိုက်ရသည်။

“ ရေကန်ဘေးကိုလေ။ ငါ မင်းကို ပြောစရာရှိတယ်။ ” ဟု ဖူမင်ရှစ်က အသံတိုးတိုးဖြင့် ရှင်းပြသည်။ “ ဖုန်းထဲကနေ ဆွေးနွေးဖို့ သင့်တော်တဲ့ ကိစ္စ မဟုတ်လို့ အရင်နေ့တွေတုန်းက မပြောခဲ့တာပါ။ ”

ကျန်းပေါင်က နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်ပြီး သူ့နောက်ကို ဆက်လိုက်လာခဲ့ရသည်။

တက္ကသိုလ်ပရ၀ုဏ်ထဲက ရေကန်က စာကြည့်တိုက်ရဲ့ အနောက်ဘက်မှာ ရှိသည်။ ရေကန်ရဲ့ ပုံသဏ္ဍာန်က အလျားရှည် ၊ အနံကျဉ်းပြီး ကန်စပ်မှာတော့ ရေပြင်ပေါ်မှာ လှိုင်းကြက်ခွပ်လေးတွေ ထနေသည်။ ဖူမင်ရှစ်က ကျန်းပေါင်ကို လူသူကင်းရှင်းတဲ့ ထနောင်းတု‌ပင်အောက်သို့ ခေါ်လာခဲ့လိုက်သည်။ ကျန်းပေါင်က ဘေးပတ်ဝန်းကျင်ကို ကြည့်ပြီး ခပ်လှမ်းလှမ်းမှာ ပန်းချီဆွဲနေတဲ့ ကောင်မလေး တချို့ကို မြင်တော့မှ အန္တရာယ်များတဲ့ အတွေးတွေကို ချိုးနှိမ်နိုင်သည်။

သစ်ပင်အောက်ကို ရောက်ချိန်ထိ ကျန်းပေါင်က ခေါင်းငုံ့ထားဆဲ ဖြစ်ပြီး သူ့ဘက်က စကားစပြောမှာကို စောင့်ဆိုင်းနေခဲ့သည်။

“ မင်း မျက်လုံးမှိတ်ထားလိုက်။ ငါ ပစ္စည်းတစ်ခု သွားယူလိုက်ဦးမယ်။ ငါ ပြန်ရောက်လာရင် မင်းကို မျက်လုံးဖွင့်ခိုင်းမယ်။ ” ဖူမင်ရှစ်က သူမရဲ့ မျက်လုံးတွေထဲကို ငုံ့ကိုင်းစိုက်ကြည့်ပြီး နူးညံ့ညင်သာစွာ ပြောလိုက်သည်။ သူ့အသံက နတ်သမီးပုံပြင် တစ်ပုဒ်ကို ဖတ်ပြနေသလိုမျိုး ကြည်လွင်အေးချမ်းကာ ကြားရသူတိုင်းကို အိပ်မက်ကမ္ဘာထဲသို့ ခေါ်ဆောင်သွားနိုင်သည်။

သူတို့နှစ်ယောက်ရဲ့ အနေအထားက အရမ်း နီးကပ်လွန်းနေတာကြောင့် ကျန်းပေါင်က တစ်ဖက်ကို မျက်နှာလွှဲပြီး မျက်မှောင်ကြုတ်၍ မေးလိုက်သည်။ “ ရှင် ဘာလုပ်ဖို့ ကြံနေတာလဲ။ ”

“ မင်း အလွန်ဆုံး ( ၃ ) မိနစ် နေရင် သိရပါလိမ့်မယ်။ ” ဖူမင်ရှစ်က သူမရဲ့ ပခုံးလေးကို ဆုပ်ကိုင်ပြီး သစ်ပင်မှာ မှီခိုင်းကာ အသနားခံသလို ပြောလိုက်သည်။ “ လိမ္မာပါကွာ … နော် … ။ မျက်လုံးလေးတွေကို မှိတ်ထားလိုက်နော်။ ”

ကျန်းပေါင်သည် စက္ကန့်ပိုင်းလောက် တုံ့ဆိုင်းနေပြီးမှ သူမရဲ့ မျက်လုံးတွေကို ( ၃ ) က္ကန့် မပြည့်ခင်မှာ နာခံစွာ မှိတ်လိုက်သည်။ သူ ပြောတဲ့အတိုင်း လိုက်လုပ်မိတာက သူ့လက်ထဲကနေ လွတ်မြောက်ချင်စိတ် ထက်သန်နေလို့လား ၊ သူ့အသံကြောင့် စိတ်လှုပ်ရှားသွားလို့လား ၊ ဒါမှမဟုတ် သူမရဲ့ နှုတ်ခမ်းထောင့်က အပူဖုကို သူ အနီးကပ် ကြည့်တာ မခံချင်လို့လားတော့ ကိုယ့်ကိုယ်ကိုယ် မပြောတတ်တော့ပါ။

“ ငါ့ကို ဒီမှာ စောင့်နေနော်။ အလွန်ဆုံး ( ၃ ) မိနစ်ပါပဲ။ ” သူမက အရမ်းကို လိမ္မာနေတဲ့အတွက် ဖူမင်ရှစ်က သူမရဲ့ ပခုံးလေးကို နောက်ဆုံးအကြိမ် ဖျစ်ညှစ်လိုက်ပြီး သူ့နှင်းဆီပန်းတွေကို ကူညီသိမ်းဆည်းပေးထားတဲ့ ကျောင်းသူလေးဆီ အမြန် ပြန်သွားလိုက်သည်။ ခြေလှမ်း ဆယ်လှမ်းစာလောက် လှမ်းအပြီးမှာတော့ သူ့ရဲ့ လိမ္မာသော ကောင်မလေးကို ပြန်လှည့်ကြည့်ပြီး “ မျက်လုံးမဖွင့်နဲ့နော်။ ” ဟု သတိပေးလိုက်သည်။

နောက်ကြောင်းပြန်လှည့်လာတဲ့ သူ့အရိပ်ရှည်ရှည်ကို ကျနေရောင်က မြက်ပင်တွေ ဖုံးလွှမ်းထားသော ကန်စပ်ပေါ်မှာ ထင်ဟပ်နေစေသည်။ သူ့ရဲ့ နက်မှောင်သော မျက်လုံးတွေဟာ သစ်ပင်အောက်က ကောင်မလေးကို ပျော်ရွှင်စွာ ကြည့်နေခဲ့ပြီး စီအီးအိုတာဝန်ကို နှစ်ပေါင်းများစွာ ထမ်းဆောင်လာတဲ့ လုပ်ငန်းရှင်ကြီးလည်း အခုတော့ နုပျိုသစ်လွင်ကာ လူငယ်ဆန်သော ခံစားချက်တွေ ရှိနေခဲ့ပါပြီ။ သူ့အသံထဲမှာ လူတစ်ယောက်ရဲ့ ကျောင်းသားဘဝမှာပဲ ထူးထူးခြားခြား ရနိုင်တဲ့ တက်ကြွလန်းဆန်းမှု အငွေ့အသက်တွေကို သယ်ဆောင်ထားသည်။

ကျန်းပေါင်က သစ်ပင်,ပင်စည်ကို မှီထားရင်း သစ်ခေါက်တွေကို လက်သည်းနှင့် ခပ်ဖွဖွ ကုတ်ခြစ်နေရင်း ( ၃ ) မိနစ် ဆိုတဲ့ အချိန်က ဘယ်လောက် ကြာပါလိမ့် ဟူသော အတွေးဖြင့် တိတ်ဆိတ်စွာ စတင်ရေတွက်ကြည့်လိုက်သည်။ ( ၉၉ ) ကို ရောက်တဲ့အခါ အေးမြသော လေပြည်တစ်သုတ်က ကန်ရေပြင်ပေါ်ကနေ ဖြတ်တိုက်လာသလို ဖူမင်ရှစ်ရဲ့ ပြန်ပြေးလာတဲ့ ခြေသံတွေကိုလည်း ကြားလိုက်ရသည်။ သူမ လက်သီးဆုပ်လိုက်ပြီး သူ ဘာပစ္စည်းကို သွားယူတာလဲ ဆိုတာ သိချင်လာမိသည်။

“ ဟိုဘက်မှာ လူတွေ ရှိလို့ တခြားနေရာကို သွားရအောင်။ ” ဖူမင်ရှစ်က ပန်းတွေကို ညာဘက်လက်နှင့် သူ့နောက်ကျောမှာ ကွယ်၍ ဆုပ်ကိုင်ထားကာ ဘယ်ဘက်လက်ကို အသုံးပြု၍ သူမရဲ့ ပခုံးကို ထိန်းကိုင်လမ်းပြကာ စက်ဝိုင်းပတ်ပုံသဏ္ဍာန် လှည့်ပတ်ခိုင်းလိုက်သည်။ “ မင်း မျက်လုံးဖွင့်ရတော့မယ် ဆိုရင် ပြောမယ်။ ”

အစကတည်းက အကြာကြီး မျက်လုံးမှိတ်ထားတဲ့ ကျန်းပေါင်အတွက် ဒီလို အချိန်ခဏလေးအတွက် အလျင်စလို ဖြစ်မနေတော့ပေ။ သူမက ဖြည်းဖြည်းချင်း ( ၉၀ ) ဒီဂရီ လှည့်လိုက်သည်။ အဲ့ဒီနောက် ကိုယ့်ကိုယ်ကိုယ် ဟန်ချက်ညီအောင် ထိန်းညှိပြီးရုံပဲရှိသေး ၊ ပန်းရနံ့ ပြင်းပြင်းက ရုတ်တရက် ပျံ့လွင့်လာခဲ့သည်။ ချန်းလီလီ သုံးတဲ့ နှင်းဆီ ရေချိုးဆပ်ပြာရည်လို ရနံ့မျိုး ဖြစ်သည်။

ချန်းလီလီ ရေချိုးပြီးတဲ့အခါတိုင်း ရေချိုးခန်းထဲမှာ နှင်းဆီပန်းရနံ့တွေ ဖုံးလွှမ်းနေလေ့ရှိသည်။ သူမ အခု ရနေတဲ့ ရနံ့ကတော့ ရေချိုးဆပ်ပြာရည်အနံ့ထက်တောင် ပိုပြီးတော့ စူးရှလတ်ဆတ်တဲ့ နှင်းဆီပန်းရနံ့မျိုးပင်။

ကျန်းပေါင်တစ်ယောက် အလွန် စိတ်ရှုပ်ထွေးသွားသည်။ ဖူမင်ရှစ်ရဲ့ အရိပ်အမြွက် စကားတွေကို သူမ မစောင့်နိုင်တော့ဘဲ သိချင်စိတ်ပြင်းပြစွာ မျက်လုံးဖွင့်ကြည့်လိုက်တော့ သိပ်သည်းစွာ စုချည်ထားပြီး မွှေးပျံ့နေတဲ့ အနီလွင်လွင် နှင်းဆီပန်းတွေကို မြင်လိုက်ရသည်။ ကျန်းပေါင်သည် ကြောင်‌အမ်းအမ်း ဖြစ်သွားပြီး ဖြည်းဖြည်းချင်း ခေါင်းမော့ကြည့်လိုက်၏။

ဖူမင်ရှစ်က နှင်းဆီပန်းတွေရဲ့ တစ်ဖက်မှာ ရပ်နေပြီး သူ့ရဲ့ နက်မှောင်သော မျက်လုံးတွေက သူမကို တစ်ချိန်လုံး စိုက်ကြည့်နေတာမို့ သူမ မော့ကြည့်လိုက်ချိန်မှာ အကြည့်ချင်း ‌ဆုံသွားခဲ့ကြသည်။ သူမက သူ ထင်ထားတဲ့အတိုင်း တုံးအသလို သူကလည်း မျှော်လင့်ချက်တွေနှင့် တက်ကြွနေတာထက် စိတ်လှုပ်ရှား ကြောက်ရွံ့တာက ပိုပါသည်။ သူ ဒီ့ထက် ပိုပြီး ရိုမန့်တစ်ဆန်တဲ့ ၊ ထူးခြားဆန်းသစ်တဲ့ နည်းလမ်းနဲ့ သူမကို ချစ်ခွင့်ပန်နိုင်ဦးပါ့ဦးမလား … ။

ဖူမင်ရှစ် ဘာကိုမှ မစဥ်းစားနိုင်တော့ပါ။ သူ့မှာ စဉ်းစားတွေးတောနေဖို့ အချိန်မရှိတာလည်း ဖြစ်ချင် ဖြစ်မည်။ လှိုင်းဂယက်လေးတွေ ထကာ ကြယ်ရောင် ၊ လရောင်ဖြင့် ပြိုးပြက်လင်းလက်နေတဲ့ ကန်ရေပြင်လို စင်ကြယ်သော မျက်လုံးလေးတွေကို မြင်ရချိန်မှာ သူ တစ်လမ်းလုံး စဉ်းစားလာခဲ့တဲ့ အစီအစဉ်တွေ ၊ နည်းလမ်းတွေ အားလုံးကို မေ့လျော့သွားသည်။

“ ငါ မင်းကို သဘောကျတယ် ဖန့်ပေါင်။ ” သူ ခြေတစ်လှမ်း ရှေ့တိုးပြီး သူမကို စိုက်ကြည့်ကာ နူးညံ့စွာ ပြောလိုက်သည်။ သူ့အမူအရာက အရင်တုန်းကထက် ရိုးဖြောင့်စစ်မှန်ပြီး နူးညံ့သိမ်မွေ့နေခဲ့သည်။ သူ့ရဲ့ တိုးလျညင်သာသော အသံကလည်း နတ်သမီးပုံပြင်တစ်ပုဒ်ကို ဖတ်ပြနေသကဲ့သို့ပင် အိပ်မက်ကမ္ဘာထဲကို ခေါ်ဆောင်သွားနိုင်သော အသံမျိုး ဖြစ်သည်။

“ ငါ မင်းနဲ့ မတွေ့ခင်တုန်းက တစ်ယောက်အကြောင်း တစ်ယောက် ဘာမှ မသိလို့ သဘောတူညီချက် စာချုပ်တစ်စောင် ဆွဲခဲ့တာပါ ဖန့်ပေါင်။ ငါက မင်း အထက်တန်းကျောင်းကနေ ကျောင်းထွက်ထားတာကို လက်မခံနိုင်ဘူး ၊ တစ်ချိန်တည်းမှာပဲ မင်းက ငါ့အတွက် သူစိမ်းတစ်ယောက်လို့လည်း မခံစားရဘူး။ အဲ့ဒါကြောင့် အဲ့ဒီစာချုပ်က ငါတို့ နှစ်ယောက်လုံးအတွက် ထွက်ပေါက်ပဲလို့ သဘောထားခဲ့တယ်။ ဒါပေမဲ့ မင်းက မင်းအဘိုးရဲ့ အုတ်ဂူရှေ့မှာ ငါ့အဘိုးကို နှစ်သိမ့်ပေးဖို့အတွက် ငါနဲ့ စေ့စပ်ပါ့မယ်လို့ မျက်ရည်တွေနဲ့ ကိုယ်ကျိုးမငဲ့ ကတိပေးခဲ့တယ်။ အဲ့အချိန်က စပြီး ငါ မင်းကို အတတ်နိုင်ဆုံး အစွမ်းကုန် စောင့်ရှောက်ပေးဖို့ ၊ မင်းနဲ့ တကယ် လက်မထပ်သေးခင် အရင်ဆုံး စေ့စပ်ထားနိုင်အောင် ကြိုးစားဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီညတုန်းက မင်း ငါ့ကို မက်ဆေ့ခ်ျပို့ပြီး အယောင်ဆောင် စာချုပ်ပါနော်လို့ အတည်ပြုတဲ့ အချိန်မှာ ငါ့နှလုံးသားထဲမှာ တစ်ခုခု လှုပ်ရှားသွားတာကို ခံစားလိုက်ရတယ်။ အဲ့ဒီနောက်ပိုင်း ငါ နားလည်သွားတာက … ”

သူက ထိုနေရာမှာ တမင်သက်သက် စကားရပ်လိုက်တာ ဖြစ်သည်။ စိတ်လှုပ်ရှားမှု‌ကြောင့် ကျန်းပေါင်ရဲ့ နှလုံးသားထဲမှာ တဒိန်းဒိန်း ခုန်နေပြီး ပန်းရောင် နှုတ်ခမ်းလေးဟာ ခပ်ဟဟ ပွင့်လျက် သူ စကားဆက်မှာကို စောင့်ဆိုင်းနေခဲ့သည်။

ဖူမင်ရှစ်က သူမရဲ့ လက်ရှိပုံစံလေးကိုပဲ ကြိုက်သည်။ သူ့ခန္ဓာကိုယ်ကို ငုံ့ကိုင်းအုပ်မိုးလိုက်ပြီး နှင်းဆီပန်းတွေကို သူမရဲ့ ပခုံးပေါ်မှာ လက်တစ်ဖက်နှင့် ဖိကပ်၍ ကျန်လက်တစ်ဖက်နှင့် သူမရဲ့ ခါးသွယ်သွယ်လေးကို ပွေ့ဖက်လိုက်တော့ သူမရဲ့ ခန္ဓာကိုယ် တစ်ခုလုံးက သူ့ရင်ခွင်ထဲကို လွယ်လင့်တကူ နစ်ဝင်သွားခဲ့သည်။ ကျန်းပေါင်က ချက်ချင်းပဲ လက်မြှောက်လိုက်သော်လည်း သူမရဲ့ လက်တွေက သူ့ခါးနားကို ရောက်သည်နှင့် တစ်ပြိုင်နက် သူမရဲ့ နားရွက်နားမှာ တစ်စုံတစ်ခု ပွတ်တိုက်သွားသလို ယားယံသွားသည်။

ကျန်းပေါင် ရင်ခုန်သံ မြန်လာပါသည်။ နောက်ဆက်တွဲ လိုက်ပါလာသော ယောက်ျားဆန်သည့် အရှိန်အဝါက သူမရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို အားပျော့သွားစေသည်။

“ ငါ့အတွက် မင်းကို ချစ်မိသွားဖို့ အထူးတလည် ကြိုးစားစရာ မလိုဘူး ဆိုတာ သိလိုက်ရတယ်။ မင်းနဲ့ ပုံမှန်အတိုင်း ပြောဆိုဆက်ဆံနေရင်းနဲ့ကို မင်းကို တစ်သက်လုံး ဂရုစိုက်ပေးချင်လာတယ် ၊ မင်းနဲ့ ချိန်းတွေ့ချင်စိတ်ပေါက်လာတယ်။ ”

ချိန်းတွေ့ချင်စိတ်ပေါက်လာတယ် …… ။

ကျန်းပေါင်ရဲ့ နှလုံးသားက တဒုတ်ဒုတ်နှင့် လျင်မြန်စွာ ခုန်နေသည်။ သူမ ဒီနေ့ ဒီအချိန်ထိ ဘယ်သူနှင့်မှ ချိန်းတွေ့ဖို့ မစဉ်းစားဖူးပါ။ စာကြိုးစားပြီး ကိုယ် ရွေးချယ်ထားတဲ့ မေဂျာကို ကောင်းကောင်း ကျွမ်းကျင်တတ်မြောက်ချင်ရုံသာ ရှိသည်။ ဒါပေမဲ့ တကယ်လို့ သူနဲ့ ဆိုရင်ရော … ။

“ ငါက ဖူမင်ရှစ်ပါ မိန်းကလေးကျန်း။ ငါ မင်းနဲ့ တွဲချင်တယ် ၊ မင်းရော ငါနဲ့ တွဲချင်လား။ ” ဖူမင်ရှစ်သည် သူမကို ရင်ခွင်ထဲမှာ ထွေးပွေ့ထားလျက်မှ ဖြည်းဖြည်းချင်း ငုံ့ကြည့်လိုက်တော့ သူရဲ့ နက်မှောင်သော မျက်လုံးတွေက သူမရဲ့ မျက်လုံးတွေနှင့် နောက်တစ်ကြိမ် အကြည့်ချင်း ဆုံသွားပြန်၏။

ကျန်းပေါင်က အင်းအိုင်စိမ့်စမ်း ၊ မြစ်ချောင်းတောတောင်တွေ ရှိတဲ့ တောင်ပေါ်ရွာလေး တစ်ရွာက လာတဲ့ မိန်းကလေးတစ်ယောက် ဖြစ်သည်။ ထိုနေရာမှာ ကြီးပြင်းခဲ့တဲ့ ကလေးတွေ အားလုံးနီးပါးမှာ ရှင်းသန့်ကြည်လင်သော မျက်လုံးလေးတွေ ရှိသည်။ ကျန်းပေါင်က ရွာရဲ့ အလှဆုံး မိန်းကလေးမို့ အလှဆုံး မျက်လုံးတွေ ရှိသည်။

သူမ မပြုံးရယ်ချိန်မှာ သူမရဲ့ မျက်လုံးလေးတွေက ထုတ်ချင်းပေါက် မြင်ရလောက်အောင် ကြည်လင်အေးချမ်းတဲ့ ရေကန်လေးလိုမျိုး တည်ငြိမ်နေတတ်ပေမဲ့ သူမ ပြုံးရယ်လိုက်လျှင်တော့ ထိုမျက်လုံးတွေက လခြမ်းကွေးလေးတွေလို ကွေးညွှတ်သွားတတ်သည်။ မြင်သူတကာရဲ့ နှလုံးသားကိုပါ အတူ ကွေးညွှတ်သွားစေနိုင်သော မျက်လုံး လှလှလေးတွေ ဖြစ်ပါသည်။

ဒါပေမဲ့ အခုတော့ ကျန်းပေါင်က တောင်ထိပ်မှာ စီးဆင်းနေတဲ့ စမ်းချောင်းလေးလိုမျိုး ကြည်လင်သော မျက်ရည်စီးကြောင်းလေး နှစ်ကြောင်း စီးကျလာကာ ရှိုက်ကြီးတငင် ငိုကြွေးခဲ့လေသည်။ သူမကို သဘောကျတယ် ဆိုရင်လည်း ဘာလို့ စောစောစီးစီး မပြောခဲ့တာလဲ … ။ သူမက သူ့ကို မကောင်းတဲ့ လူတစ်ယောက်လို့ ထင်ပြီး ဒီရက်ပိုင်း အိပ်တောင် မပျော်ဘူး … ။

“ ဖန့်ပေါင် … ” ဖူမင်ရှစ်တစ်ယောက် ပြာပြာသလဲ ဖြစ်သွားသည်။ ဟိုတစ်နေ့ ညတုန်းက သူမကို နမ်းခဲ့ပြီးနောက် အပြန်အလှန် ပို့ဖြစ်တဲ့ မက်ဆေ့ခ်ျတွေအရ သူမ သူ့ကို လက်ခံလိမ့်မည်ဟု ယုံကြည်ထားခဲ့တာ ဖြစ်သည်။ ဒါပေမဲ့ ဒီနေ့ တွေ့လိုက်ရတော့ သူမရဲ့ နှုတ်ခမ်းထောင့်မှာ အပူဖုပေါက်နေတဲ့အပြင် ငိုလည်း ငိုနေသေးတာမို့ ရုတ်တရက်ပဲ ယုံကြည်ချက် ပျောက်ဆုံးသွားသည်။

သူမက အရမ်းကို ဖြူစင်ရိုးသားလွန်းတဲ့ မိန်းကလေးတစ်ယောက်ပါ။ သူနဲ့ တွဲတာက သူမကို ပူပင်သောကရောက်စေမယ် ဆိုရင်လည်း … ။

“ ရှင် ဘာလို့ အရင်ကတည်းက မပြောခဲ့တာလဲ။ ”

ကျန်းပေါင်သည် သူမရဲ့ နှုတ်ခမ်းထောင့်မှာ ပေါက်နေတဲ့ အပူဖုအကြောင်း သတိရသွားသောအခါ သူမ ငိုနေချိန်မှာ သေချာပေါက် ပိုရုပ်ဆိုးနေလိမ့်မည်ဟု တွေးမိသွားပြီး သူ့ရင်ခွင်ကျယ်ထဲမှာ မျက်နှာအပ်၍ မကျေမနပ် ပြောလိုက်မိသည်။

***

All Chapters