← Chapters

အခန်း ၂၅

Vol. 3 Ch. 25

အခန်း ၂၅

Vol. 3 Ch. 25

အပိုင်း ( ၂၅ )

သူမက သူ့ရင်ခွင်ထဲကို အမှန်တကယ်ပဲ တိုးဝင်လာခဲ့တာမို့ ဖူမင်ရှစ်ရဲ့ မြန်လိုက် ၊ နှေးလိုက် ဂဏှာမငြိမ် ဖြစ်နေသော ရင်ခုန်သံတွေက ချက်ချင်း တည်ငြိမ်သွားသည်။ သူမရဲ့ ကလေးဆန်ဆန် မကျေမနပ် မေးခွန်းလေးကို ကြားတော့ ဖူမင်ရှစ်တစ်ယောက် ဘယ်လိုမှ မတတ်နိုင်ဘဲ သူမကို ပွေ့ဖက်ပြီး သူမရဲ့ ဆံပင်လေးတွေကို ငုံ့နမ်းလိုက်သည်။ ဆံပင်လေးတွေက သူမအတိုင်းပဲ နူးညံ့ပျော့ပျောင်းနေပါသည်။ ဖူမင်ရှစ်က သူမဆံနွယ်တွေရဲ့ မွှေးရနံ့ကို တဝကြီး ရှူရှိုက်ပြီးမှ ရှင်းပြလိုက်သည်။ “ အဲ့ဒီညတုန်းက ငါလည်း မင်းကို ပြောပြချင်ခဲ့ပါတယ်။ ဒါပေမဲ့ မင်းက ငါနဲ့ ဆင်းတွေ့ဖို့ကို ငြင်းခဲ့တယ်လေ။ ”

“ အဲ့ဒါဆိုလည်း ရှင် မက်ဆေ့ခ်ျပို့လို့ ရတာပဲ။ ” ကျန်းပေါင်က နှာခေါင်းရှုံ့ပြီး တိုးတိုးလေး ပြောလိုက်တော့ ဖူမင်ရှစ်ရဲ့ နှုတ်ခမ်းတွေက ပြုံးသွားကာ သူမရဲ့ နားရွက်နားကို ဖြည်းဖြည်းချင်း ရွှေ့သွားခဲ့သည်။ “ တစ်သက်မှာ တစ်ခါပဲ ချစ်ခွင့်ပန်တဲ့ ကိစ္စကို မက်ဆေ့ခ်ျနဲ့ ပြောရင် ဘယ်လိုလုပ် ‌လေးလေးနက်နက် ရှိမှာလဲ။ ”

တစ်သက်မှာ တစ်ခါပဲ ချစ်ခွင့်ပန်တာ … ။

ကျန်းပေါင် အငိုတိတ်သွားသလို မကျေမနပ်နှင့် မျက်နှာလေး စူပုပ်နေတာလည်း ရပ်သွားသည်။ ဒါပေမဲ့ သူမ သူနှင့် မျက်နှာချင်းဆိုင်ရမှာကို အရင်တုန်းကထက်တောင် ရှက်ရွံ့နေမိပါပြီ။

“ မရှင်းတာ ဘာရှိသေးလဲ။ ” ဖူမင်ရှစ်က သူမရဲ့ နီရဲတက်လာတဲ့ ဘေးတစောင်း မျက်နှာလေးကို ကြည့်ပြီး တည်တည်ငြိမ်ငြိမ် မေးလိုက်သည်။

ကျန်းပေါင်က သူမကို သူ စိုက်ကြည့်နေမှန်း သိတာကြောင့် တစ်ဖက်ကို မျက်နှာလွှဲသွားသည်။ သေချာ စဉ်းစားကြည့်ပြီးနောက်မှာတော့ သူမဆီက နောက်ထပ် မေးခွန်းတစ်ခု ထွက်လာခဲ့သည်။ “ ရှင် ဘာလို့ ကျွန်မကို အရင် မပြောခဲ့တာလဲ။ ”

သူမကို ချစ်ကြောင်း မဝန်ခံဘဲ နမ်းခဲ့လို့ သူမရဲ့ နှုတ်ခမ်းထောင့်မှာ အပူဖု ပေါက်လာတာလေ … ။ ဘာပဲဖြစ်ဖြစ် အဆုံးသတ်မှာ အဲ့ဒါက သူ့အမှားပဲ။ တကယ်လို့ သူမက သူ့ကို သဘောမကျရင် ဘယ်လို လုပ်မလဲ … ။ သူမကို ဘာမပြော ညာမပြောနဲ့ ရုတ်တရက် နမ်းတာက အသားယူတာပဲ မဟုတ်လား … ။ သူသာ သူမနှင့် လုံးဝ မသိတဲ့ သူစိမ်းတစ်ယောက် ဆိုလျှင် ထိပါးနှောင့်ယှက်မှုနှင့်တောင် ရဲတိုင်လို့ ရသည်။

“ ငါ ပြောမထွက်ခဲ့လို့ပါ။ ” ဖူမင်ရှစ်က သူမရဲ့ မေးစေ့လေးကို ဖျစ်ညှစ်ကာ သူမရဲ့ မျက်နှာလေးကို သူ့ဘက်ကို ဖြည်းဖြည်းချင်း ဆွဲလှည့်လိုက်သည်။

သူ့အပြုအမူ‌ကြောင့် ကျန်းပေါင်ရဲ့ မျက်နှာလေးက ချက်ချင်းပဲ ရဲတက်လာပြီး စိတ်လှုပ်ရှားစွာ မျက်လုံးမှိတ်လိုက်သည်။ ဖူမင်ရှစ်က သူ သဘောကျရတဲ့ ကောင်မလေးရဲ့ အစင်ကြယ်ဆုံး ၊ ချစ်စရာအကောင်းဆုံး ပုံစံလေးကို တွေ့လိုက်ရချိန်မှာ သူ့အကြည့်က အုံ့မှိုင်းသွားပြီး သူမနားကို တရွေ့ရွေ့ တိုးကပ်သွားလိုက်သည်။

သူ့ဝင်လေ ၊ ထွက်လေက သူမရဲ့ မျက်နှာပေါ်ကို နူးညံ့စွာ ကျရောက်နေပြီး နှင်းဆီပန်းရနံ့တွေအလယ် သူ အသက်ရှူထုတ်လိုက်တဲ့ လေငွေ့ထဲမှာလည်း ရနံ့တစ်မျိုးကို သယ်ဆောင်ထားသည်။

ကျန်ပေါင်ရဲ့ ရင်ခုန်သံတွေ ရပ်တန့်လုနီးပါးပင် ဖြစ်သွားသည်။ ရုပ်ရှင် ဇာတ်လမ်းတွဲတွေထဲက မင်းသား ၊ မင်းသမီးတွေရဲ့ အနမ်းဇာတ်ဝင်ခန်းတွေက သူမရဲ့ ခေါင်းထဲကို ဝင်ရောက်လာသည်။ ဖူမင်ရှစ် ဘာလုပ်တော့မှာလဲ ဆိုတာကို သိပေမဲ့ သူမ ဘာလုပ်သင့်လဲ မသိပေ။

သူမရဲ့ နှုတ်ခမ်းတွေကို တစ်စုံတစ်ခုက လာထိကပ်တော့မလို ယားကျိကျိ ခံစားလာရလျှင် ကျန်းပေါင်သည် ချက်ချင်းပဲ မျက်နှာလွှဲလိုက်ပြီး ခန္ဓာကိုယ် တစ်ခုလုံးကိုလည်း အနောက်က ထနောင်းတုပင်ကြီးဆီ ယိမ်းလိုက်ပြီး မျက်နှာကို လက်နှင့် အုပ်၍ ငြင်းဆန်လိုက်သည်။ “ ဟင့်အင်း …. ရှင် အဲ့လို မလုပ် … ” သို့သော် သူမ မြဲမြံစွာ မရပ်နိုင်သေးခင် ၊ စကားမဆုံးသေးခင်မှာပဲ ဖူမင်ရှစ်က သူမရဲ့ ခန္ဓာကိုယ်လေးကို အတင်း ဆွဲလှည့်ပြီး သူ့ခန္ဓာကိုယ်ကို တံတိုင်းအဖြစ် အသုံးပြု၍ သူမကို သစ်ပင်နှင့် ဖိကပ်ထားခဲ့သည်။

ဖူမင်ရှစ်ရဲ့ ဒီလို အရိုင်းဆန်တဲ့ ပုံစံကို ကျန်းပေါင် အခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၍ ထိတ်လန့်မှုကြောင့် သူမရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့သည်။ သူမရဲ့ နှုတ်ခမ်းတွေနှင့် လက်တစ်ကမ်းအကွာကို ရောက်နေတဲ့ ဖူမင်ရှစ်က သူမရဲ့ ထိတ်လန့်နေသော အမူအရာလေးကို မြင်တော့ ကိုယ့်ကိုယ်ကိုယ် ခက်ခက်ခဲခဲ ထိန်းချုပ်လိုက်ရပြီး အက်ကွဲကြမ်းရှသော အသံဖြင့် မေးလိုက်သည်။ “ မင်း မလုပ်ချင်ဘူးလား။ ”

သူ့မျက်လုံးတွေဟာ သူမရဲ့ မျက်လုံးတွေကို အနီးကပ် စိုက်ကြည့်နေသည်။ ထိုမျက်လုံးတွေရဲ့ ဟိုးအောက်ဘက် အနက်ရှိုင်းဆုံး နေရာမှာ အန္တရာယ်ကို သယ်ဆောင်ထားပုံပေါ်သည်။

ကျန်းပေါင် အလွန် စိတ်လှုပ်ရှားနေသည်။ သူမက ခေါင်းငုံ့လိုက်ပြီး ပါးစပ်က ထုတ်ပြောရမှာကို ရှက်နေ၍ သူမရဲ့ နှုတ်ခမ်းထောင့်ကို ညွှန်ပြလိုက်သည်။ အပူဖုကြီး ပေါက်နေလို့ ဒီလောက်တောင် ကြည့်ရဆိုးနေတာကို သူက သူမကို နမ်းချင်သေးတာတဲ့လား … ။

“ ငါ့အတွက် ကိစ္စမရှိပါဘူး။ ”

သူမဘက်က ဆန္ဒမရှိတာ မဟုတ်တဲ့အတွက် ဖူမင်ရှစ်သည် နှုတ်ခမ်းကို ကွယ်ထားတဲ့ သူမရဲ့ လက်ကလေးကို စိတ်မရှည်စွာ ဖမ်း‌ဆုပ်လိုက်၏။ ကျန်းပေါင်ရဲ့ မျက်နှာက စတော်ဘယ်ရီသီးလေးသဖွယ် နီရဲနေပြီး မျက်လုံးတွေကို မှိတ်ထားခဲ့သည်။ ဖူမင်ရှစ်က သားကောင်ကို ခုန်အုပ်တဲ့ လင်းယုန်တစ်ကောင်လိုပဲ လျင်မြန်သွက်လက်စွာ ငုံ့နမ်းလိုက်သည်။

သို့‌သော်လည်း သူမကို အမှန်တကယ် မနမ်းသေးခင်မှာ သူက သတိကြီးကြီး ထားပြီး သူမရဲ့ ဘယ်ဘက် နှုတ်ခမ်းထောင့်လေးကို မထိမိအောင် သတိထား၍ နမ်းနေခဲ့သည်။ အပူဖုကို ထိမိရင် သူမ နာသွားမှာ သူ စိုးရိမ်သည်။

ကျန်းပေါင်ကတော့ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းနေပြီး နေရာမှာ‌ အေးခဲရပ်တန့်ကာ နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်ထားခဲ့သည်။ ဖူမင်ရှစ်က မလုံလောက်သေးဘူးလို့ ခံစားရသောကြောင့် သူမရဲ့ မျက်နှာလေးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး ပိုမို လေးနက်ပြင်းရှသော အနမ်းတွေကို အစပျိုးဖို့ ကြိုးစားလိုက်သည်။

ဒါပေမဲ့ အဲ့ဒါက လက်ရှိအချိန်မှာ ကျန်းပေါင် လက်ခံနိုင်တဲ့ အ‌နေအထားထက် အဆမတန် ကျော်လွန်နေခဲ့ပါသည်။ သူမရဲ့ နှလုံးသားက ပေါက်ကွဲထွက်သွားတော့မလို ခံစားနေရတာမို့ ဒီ့ထက် ခံနိုင်ရည်မရှိတော့။ သူမ သူ့ကို အသာအယာ တွန်းဖယ်လိုက်သည်။ “ တော်ပြီ … ”

ဖူမင်ရှစ်ကတော့ သူမရဲ့ စကားကို နားမထောင်ပါ။ သူမက ငယ်ရွယ်ကာ အတွေ့အကြုံမရှိသေးပေမဲ့ သူကတော့ အသက် ( ၂၈ ) နှစ်အရွယ် ရင့်ကျက်တဲ့ အမျိုးသားတစ်ယောက်ပင်။ ကျန်းပေါင်ကလည်း သူ့ရဲ့ အဲ့ဒီ ရင့်ကျက်မှုကို ကြောက်တာ ဖြစ်ပြီး ခပ်သာသာလေး တွန်းတာက အလုပ်မဖြစ်တဲ့အခါ ရုတ်တရက် ခွန်အားမြှင့်၍ တွန်းပစ်လိုက်သည်။

ဖူမင်ရှစ် အငိုက်မိကာ ခြေတစ်လှမ်း နောက်ဆုတ်သွားတာကို အခွင့်ကောင်းယူပြီး ကျန်းပေါင်က ထွက်ပြေးဖို့ ခြေလှမ်းပြင်လိုက်ပေမဲ့ တုံ့ပြန်မှု မြန်ဆန်တဲ့ ဖူမင်ရှစ်က သူမကို သူ့ရင်ခွင်ထဲ ပြန်လည် ဆွဲသွင်းခဲ့လေသည်။

“ ဟင့်အင်း … တော်ပြီ … ”

“ ဟုတ်ပြီ ဟုတ်ပြီ။ ”

သူမဘက်က အဆင်သင့်မဖြစ်သေးတာမို့ ဖူမင်ရှစ် အခုတော့ လက်လျှော့ထားရုံသာ တတ်နိုင်သည်။

“ ရှင် ဒီနှင်းဆီတွေကို ဘယ်က ဝယ်လာတာလဲ။ ”

ထနောင်းတု‌ပင်အောက်မှာ ကျန်းပေါင်က မြေပြင်ပေါ်မှာ ထိုင်လျက် သစ်ပင်,ပင်စည်ကို မှီထားရင်း လက်ထဲက နှင်းဆီပန်းတွေကို ငုံ့ကြည့်နေခဲ့သည်။ သူမကို အကြည့်မလွှဲ ထိုင်ကြည့်နေတဲ့ ဖူမင်ရှစ်ဘက်ကိုတော့ ယောင်လို့တောင် လှည့်မကြည့်ရဲပေ။

“ ပန်းဆိုင်တစ်ဆိုင်က ဝယ်လာခဲ့တာ။ သူတို့မှာ နှင်းဆီပန်း ( ၉၉၉ ) ပွင့် ပါတဲ့ ပန်းစည်းလည်း ရှိတယ်။ မင်း ဘယ်လိုဟာမျိုးကို သဘောကျလဲ။ ” ဖူမင်ရှစ်က ပန်းရောင်သန်းနေဆဲ ဖြစ်တဲ့ ကျန်း‌ပေါင်ရဲ့ မျက်နှာလေးကို စိုက်ကြည့်ကာ စိတ်လိုလက်ရ ပြောနေမိသည်။ သူမက သူ့ရဲ့ ချစ်သူကောင်မလေး လုပ်ဖို့ သဘောတူလိုက်ပေမဲ့ သူမကို ဒီ့ထက် ပိုပြီး နမ်းချင်သေးသည်။

ကျန်းပေါင်က စဉ်းစားစရာတောင် မလိုဘဲ သူမရဲ့ လက်ထဲက နှင်းဆီပန်း ( ၉ ) ပွင့်ကို သာသာလေး လှုပ်ယမ်းလိုက်သည်။ “ ဒီလောက်နဲ့တင် တကယ် လုံလောက်နေပါပြီ။ ” ဒီနှင်းဆီပန်းတွေနဲ့တင် သူမအတွက် များလွန်းနေပြီကို ခဏနေရင် အဆောင်ကို ဘယ်လို ပြန်ယူသွားရမှာလဲ … ။ အဆောင်ကို ပြန်ရောက်ရင် အခန်းဖော်တွေက သူမကို သေချာပေါက် ထပ်မံ စနောက်ကြလိမ့်မည်။

ဒါပေမဲ့လည်း ဘဝမှာ ပထမဆုံးအကြိမ် လက်ခံရရှိသော ၊ ယောက်ျားနှင့် မိန်းမကြားက ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့ အနီရောင်လွင်လွင် နှင်းဆီပန်းလေးတွေကို ကျန်းပေါင် အမှန်တကယ် သဘောကျသည်။

ဖူမင်ရှစ် သူမဆီက အနမ်းတစ်ပွင့်ကို ခိုးယူမသွားခင်တုန်းက သူ သူမကို သဘောကျနေလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပါ။ သို့သော် သူ့ပါးစပ်က ကိုယ်တိုင် ထုတ်ပြောခြင်းနှင့် သူမကို နည်းလမ်းပေါင်းစုံဖြင့် ဂရုစိုက်ပေးခဲ့ခြင်းတွေအကြောင်း ပြန်တွေးမိသောအခါ ကျန်းပေါင် သူ့စကားကို ယုံကြည်သည်။ ဖူမင်ရှစ်က သူမကို တကယ် သဘောကျနေတာ ဖြစ်ပြီး သူ သဘောကျတာ ခံရတဲ့ ခံစားချက်က နွေးထွေးလွန်းသည်။

ဖူမင်ရှစ် သူမကို စိုက်ကြည့်နေတာကို ရပ်လိုက်ရင်တော့ ကောင်းမည်။ သူ့အကြည့်က သူမကို ခြေမကိုင်မိ ‌လက်မကိုင်မိ ဖြစ်လောက်အောင်ပင် စိတ်လှုပ်ရှားစေသည်။

“ ဒီည အပြင်မှာ ညစာ သွားစားရအောင်။ ငါ မင်းရဲ့ အဆောင်ကို အရင် လိုက်ပို့ပေးမယ်။ ” ညနေ ( ၅ ) နာရီထိုးခါနီးနေပြီ ဖြစ်၍ ဖူမင်ရှစ်က သူမကို မတ်တပ်ရပ်နိုင်အောင် တွဲကူရင်း ပြောလိုက်သည်။

ကျန်းပေါင်က ခေါင်းညိတ်ကာ ထနောင်းတုပင်နောက်ကနေ ခေါင်းလေး ထွက်ပြူလာခဲ့သည်။ လမ်းတစ်ဖက်မှာ ကျောင်းသား ၊ ကျောင်းသူတွေ သိပ်မများတာကို မြင်တော့မှ စိတ်သက်သာရာရသွားတဲ့ သက်ပြင်းလေး မှုတ်ထုတ်ပြီး ဖူမင်ရှစ်ရဲ့ ခန္ဓာကိုယ်နှင့် ကွယ်ကာ အဆောင်ကို ပြန်လာခဲ့သည်။ သူမက သူ့ခန္ဓာကိုယ်ကို အကာအကွယ်အဖြစ် သုံးပြီး သူမရဲ့ လက်ထဲက ပန်းတွေကို ကွယ်ထားတာကြောင့် ဖူမင်ရှစ်က သူမရဲ့ လက်ကို ဆုပ်ကိုင်ထားချင်သော်လည်း သူမက ခွင့်မပြုဘဲ ငြင်းဆန်သည်။

သူတို့နှစ်ယောက် လျှောက်လာတဲ့ လမ်းဘေးရှိ လူသွားစင်္ကြန်လမ်းလေးက လမ်းမထက် နည်းနည်းလေး ပိုမြင့်သည်။ ကျန်းပေါင်သည် နှင်းဆီပန်းတွေဆီမှာပဲ အာရုံနစ်ဝင်နေတုန်းမှာ တစ်စုံတစ်ယောက်က သူမရဲ့ နာမည်ကို ခေါ်တာ ကြားလိုက်ရ၍ ဇဝေဇဝါဖြစ်သွားကာ မော့ကြည့်လိုက်တော့ ခြေလှမ်း ( ၁၀ ) လှမ်းစာလောက် ကွာဝေးတဲ့ လမ်းတစ်ဖက်မှာ စက်ဘီးရပ်ကာ သူတို့ကို အပြုံးလေးဖြင့် ကြည့်နေတဲ့ မင်ကျစ်နျဉ်ကို မြင်လိုက်ရ၏။ “ နောက်က ကြည့်ကတည်းက မင်းတို့နှစ်ယောက်နဲ့ တူပါတယ်လို့ ထင်နေတာ။ ”

လက်ထဲမှာ နှင်းဆီပန်းတွေကို ကိုင်ထားလျက်သား အခြေအနေမှာ အသိအကျွမ်းတစ်ယောက်နှင့် ဆုံတွေ့ရခြင်းက ကျန်းပေါင်ရဲ့ မျက်နှာကို နီရဲသွားစေသည်။ သူမက နှင်းဆီပန်းတွေကို တစ်ခုခု ဖုံးကွယ်ဖို့ ကြိုးစားနေသကဲ့သို့ သူမရဲ့ နောက်မှာ ကွယ်၍ ဖွက်ထားလိုက်သည်။

ဒါပေမဲ့ မင်ကျစ်နျဉ်ကတော့ ပြီးစလွယ်ဆန်တဲ့ ထိုနှင်းဆီပန်း ( ၉ ) ပွင့်ကို မြင်ပြီးပြီ ဖြစ်ပြီး ဖူမင်ရှစ်ကို ခေါင်းတစ်ချက် ဆတ်ပြကာ ကျန်းပေါင်ကို “ မွေးနေ့လား။ ” ဟု မေးလိုက်သည်။

ကျန်းပေါင်ရဲ့ မွေးနေ့က လနှစ်ပြက္ခဒိန်ရဲ့ မတ်လမှာမို့ အဝေးကြီး လိုသေးပေမဲ့ ဒီအခြေအနေမှာ သူမ လုပ်နိုင်တာက … ။

“ ကျွန်တော်တို့ရဲ့ ချစ်သူသက်တမ်း လေးလပြည့်ပါ။ ” ဖူမင်ရှစ်က ကျန်းပေါင်ရဲ့ ပခုံးကို လက်တစ်ဖက်ဖြင့် ဖက်၍ ကျန်လက် တစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်ပြီး ပြောလိုက်သည်။

( ၁.၉ ) မီတာနီးပါး ရှိတဲ့ သူ့အရပ်က ( ၁.၆၅ ) မီတာ အရပ်အမြင့်ရှိတဲ့ ကျန်းပေါင်ကို ပို၍ သေးကွေးသွားစေပုံပေါ်သည်။ ကျန်းပေါင်ရဲ့ မျက်နှာလေးက ဖြန်းခနဲ ရဲတက်လာပြီး လူတစ်ယောက်အပေါ်မှာ နားနေတဲ့ ငှက်ကလေးတစ်ကောင်လိုမျိုး သူ့ကို မှီလိုက်သည်။

မင်ကျစ်နျဥ်အတွက်တော့ ထိုမြင်ကွင်းဟာ စိတ်မသက်မသာဖြစ်ချင်စရာကောင်းတာကြောင့် အပြုံးတု တစ်ခုကို အားယူပြုံးပြကာ သူတို့နှစ်ယောက်ကို ဂုဏ်ပြုစကား ပြောပြီးနောက် စက်ဘီးနှင့် အရင်ဆုံး ထွက်လာခဲ့လိုက်သည်။

ကျန်းပေါင်က မင်ကျစ်နျဉ် ထွက်သွားသည်နှင့် တစ်ပြိုင်နက် ဖူမင်ရှစ်ရဲ့ ရင်ခွင်ထဲက အမြန် ရုန်းထွက်လိုက်သည်။ ဖူမင်ရှစ်က စက်ဘီးနှင့် ထွက်သွားတဲ့ မင်ကျစ်နျဉ်ရဲ့ ကျောပြင်ကို နောက်ဆုံးအနေဖြင့် တစ်ချက် ကြည့်ပြီးမှ ကျန်းပေါင်ကို ခပ်တိုးတိုး သတိပေးလိုက်သည်။

“ အခု မင်းက ငါနဲ့ တကယ့် သမီးရည်းစားအစစ်တွေ ဖြစ်သွားပြီ ဆိုတော့ ငါ မင်းဘေးမှာ မရှိတဲ့ အချိန်ဆို တခြား ယောက်ျားလေးတွေနဲ့ ခပ်ခွာခွာ နေဖို့ လိုတယ် ၊ သူတို့နဲ့ အရမ်းကြီး နီးနီးကပ်ကပ် တရင်းတနှီး မဖြစ်အောင် ဂရုစိုက်ပါ။ မင်းကို ငါ့ဆီကနေ ခိုးယူလို့ ရလောက်တယ် ဆိုပြီး သူတို့ကို မျှော်လင့်ချက်အမှားတွေ မပေးမိစေနဲ့။ ”

သူမရဲ့ အခန်းဖော်တွေလည်း ဒီလို စကားတွေ ပြောဖူးတာမို့ ကျန်းပေါင်က နာခံစွာ ခေါင်းညိတ်လိုက်သည်။ “ ကျွန်မ သိပါတယ်။ ” ဖူမင်ရှစ်ဘက်က အဲ့လို မပြောလျှင်တောင် သူမက ယောက်ျားလေးတွေနှင့် အနေနီးတာ မဟုတ်ပါ။

ဖူမင်ရှစ်က ကျန်းပေါင်မှာတော့ ဖောက်ပြန်ချင်တဲ့ အတွေး မရှိဘူးလို့ ယုံကြည်ပါသည်။ ဒါပေမဲ့ … ။ ဟိုးအဝေးမှာ ခပ်ပျပျသာ မြင်ရတော့တဲ့ မင်ကျစ်နျဉ်ရဲ့ ကျောပြင်ကို သူ နောက်တစ်ခေါက် လှမ်းကြည့်မိသည်။ တစ်ဖက်လူမှာ ကျန်းပေါင်အပေါ် မရိုးသားတဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ် ဆိုတဲ့ ခံစားချက်ကို ခံစားနေရဆဲ။

~

နှင်းဆီပန်းတွေ တပွေ့တပိုက်ဖြင့် အဆောင်ကို ပြန်ရောက်လာခဲ့သော ကျန်းပေါင်သည် ချက်ချင်းပဲ သူမရဲ့ အခန်းဖော် သုံးယောက်ဆီမှာ အဝိုင်းခံရပြီး ဒီနေ့က ဘာနေ့လဲ ဆိုတာ အတင်း ရှင်းပြခိုင်းခဲ့ကြသည်။ ထို့ကြောင့် ကျန်းပေါင်လည်း ဖူမင်ရှစ်ရဲ့ ဆင်ခြေကိုပဲ သုံးလိုက်ရသည်။

“ ဘုရားရေ … လေးလပြည့်နေ့အတွက်တောင် ပန်းတွေ ပို့ပေးတယ်တဲ့လား။ ဒါဆို တစ်နှစ်လုံးမှာ အထိမ်းအမှတ်နေ့တွေက သေးသေးလေးရော ၊ အကြီးကြီးတွေရော မျိုးစုံ ရှိတာ ဆိုတော့ သူ လတိုင်း ပန်းတွေ ပို့ပေးနေရမှာ မဟုတ်လား။ ” ချန်းလီလီက လက်ချိုး ရေတွက်နေမိသည်။ လစဉ်လတိုင်း အထိမ်းအမှတ်နေ့ အသေးအဖွဲတွေကအစ လက်ဆောင်တွေ ပို့ပေးတာကို အခုမှ ပထမဆုံး ကြားဖူးတာပင်။

“ အူးဝါး … ငါလည်း ရည်းစားလိုချင်လိုက်တာ။ အရှင်ဘုရားရေ … တပည့်တော်မအတွက်လည်း ကျေးဇူးပြုပြီး ကောင်လေးတစ်ယောက် ပို့ပေးပါ။ ” ဓမ္မတာလာနေလို့ အိပ်ရာထဲမှာ အနားယူနေတဲ့ ကျားရှောင်ယုကလည်း အိပ်ရာထဲမှ လူးလဲ ထွက်လာကာ ကျန်းပေါင်ကို လှမ်းခေါ်သည်။ “ ငါ နှင်းဆီပန်းတွေကို နမ်းကြည့်ပါရစေဦး။ ငါ့ဘဝမှာ နှင်းဆီပန်းတွေ တစ်ခါမှ မရဖူးဘူး။ ”

ကျန်းပေါင်က ရယ်မောကာ နှင်းဆီပန်းတွေကို သူမဆီ ကမ်းပေးလိုက်သည်။ ကျားရှောင်ယုက နှင်းဆီပန်းတွေကို ဟန်ပန်အမူအရာပိုပိုဖြင့် တဝကြီး နမ်းရှိုက်ပြီးမှ ကျန်းပေါင်လက်ထဲ မပေးချင် ပေးချင်နှင့် တွန့်ဆုတ်စွာ ပြန်ပေးသည်။ ကျန်းပေါင်ရဲ့ စားပွဲပေါ်မှာ အလှစိုက် ပန်းအိုး မရှိသေးတာမို့ နှင်းဆီပန်းတွေကို ဘောပင်ထည့်တဲ့ ခွက်ထဲပဲ လောလောဆယ် ထည့်ထားခဲ့ပြီး အပြင်ပြန်ထွက်ဖို့ ပြင်လိုက်သည်။

ထိုအခါ ကျားရှောင်ယုက “ နင် ဘယ်သွားမလို့လဲ။ ” ဟု အသံကျယ်ကျယ်နှင့် လှမ်းမေးတော့ ချန်းလီလီက သူမကို လှောင်ရယ်သည်။ “ နင်ကတော့ ခွေးစာတွေ စားချင်နေပြန်ပြီလား။ အောက်ထပ်မှာ ဖူမင်ရှစ် စောင့်နေတာ ဖြစ်မှာပေါ့။ ”

ကျားရှောင်ယုက အိပ်ရာပေါ်ကို ပြန်လှဲချသွားသည်။ စိတ်ကြည်လင်နေတဲ့ ကျန်းပေါင်က သူမရဲ့ အခန်းဖော်တွေကို အဲ့ဒီလိုမျိုး စနောက်ပြီးနောက် အောက်ထပ်ကို ဆင်းလာခဲ့သော သူမရဲ့ ခြေလှမ်းတွေဟာ ခါတိုင်းထက်တောင် သွက်လက်ပေါ့ပါးနေခဲ့လေသည်။

“ မင်း ညစာ ဘာစားချင်လဲ။ ” ဖူမင်ရှစ်က သူမ ကားထဲကို ရောက်သည်နှင့် မေးသည်။ ကျန်းပေါင်က ဟော့ပေါ့ တောင့်တနေတာ ဖြစ်သည်။ ကျေင်းက အစားအသောက်တွေက သူမအတွက် လုံလုံလောက်လောက် မစပ်ပါ။

ဖူမင်ရှစ်က သူမရဲ့ နှုတ်ခမ်းထောင့်က အပူဖုကို ကြည့်ကာ ပြုံးလိုက်သည်။ “ မင်းရဲ့ နှုတ်ခမ်း သက်သာသွားရင် ငါတို့ စားလို့ ရတယ်။ အခု လောလောဆယ်တော့ တခြားတစ်ခု ရွေးလိုက်။ ”

သို့သော် ကျန်းပေါင်ကတော့ ဟော့ပေါ့သာ စားချင်နေခဲ့ပြီး အရည်လဲ့သော မျက်လုံးဝိုင်းလေးများဖြင့် သူ့ကို ခေါင်းမာစွာ စိုက်ကြည့်နေ၏။ ဖူမင်ရှစ် မထိန်းချုပ်နိုင်တော့ဘဲ သူမကို ငုံ့နမ်းလိုက်ပေမဲ့ ကျန်းပေါင်က သူမရဲ့ မျက်နှာကို လက်နှင့် အမြန် အုပ်လိုက်သည်။ ဖူမင်ရှစ်က ကားထိုင်ခုံကို မချင့်မရဲ ရိုက်ပြီး ကားမောင်းဖို့ တစ်ဖက်ကို ပြန်လှည့်လိုက်ရသည်။

မျက်နှာကို လက်နှင့် အုပ်ထားတဲ့ ကျန်းပေါင်က လက်ချောင်းလေးတွေကြားကနေ သူ့ကို တိတ်တိတ်လေး ခိုးကြည့်နေခဲ့သည်။ သူ့မျက်နှာ တည်တည်တင်းတင်းကို မြင်သောအခါ သူမ ခပ်တိုးတိုး ရယ်မောရင်း လက်ကို အောက်ပြန်ချလိုက်သည်။ တစ်ယောက်တည်း ရယ်မောရင်း အလုပ်ရှုပ်နေတဲ့ ကျန်းပေါင်ဟာ သူမရဲ့ ကောင်လေးဆီက ပျဲဝံလာတဲ့ အန္တရာယ်များသော အကြည့်ကို သတိမထားမိပေ။

နာရီဝက်အကြာမှာတော့ ဖူမင်ရှစ်က မြို့တော်ရဲ့ နာမည်ကြီး ဟော့ပေါ့ဆိုင် တစ်ဆိုင်နားမှာ ကားရပ်လိုက်သည်။ ဆိုင်ကြီးကနားကြီး မဟုတ်ပေမဲ့ အတော်လေး နာမည်ကြီးတဲ့ ဆိုင်မို့ စားပွဲတစ်ဝိုင်း ရဖို့ နာရီဝက်လောက် စောင့်ခဲ့ရသည်။ အောက်တိုဘာညတွေဟာ မြို့ပြမှာ အနည်းငယ် ချမ်းအေးနေခဲ့ပြီ ဖြစ်သော်လည်း ပွက်ပွက်ဆူနေတဲ့ ငရုတ်ဆီနီတွေနှင့် ဟော့ပေါ့အိုးကြီး ရောက်လာသည်နှင့် ကျန်းပေါင်ရဲ့ ခန္ဓာကိုယ် တစ်ခုလုံး နွေးထွေးသွားသလိုပင်။

အမဲသားက နူးညံ့ပြီး အရည်ရွှမ်းကာ ချိုချဉ်ငန်စပ် အရသာစုံလင်သည်။ အသီးအရွက်တွေကတော့ အနူးညံ့ဆုံး အစိတ်အပိုင်းတွေ ဖြစ်ပြီး ပွက်ပွက်ဆူနေတဲ့ အိုးထဲမှာ သုံး ၊ လေးကြိမ်လောက် ထည့်မွှေလိုက်ရုံနှင့် အဆင်သင့် စားနိုင်၏။ ကျန်းပေါင်သည် ဟော့ပေါ့ကို ပျော်ရွှင်စွာ စားသောက်ရင်း သူမရဲ့ ပထမဆုံးအကြိမ် ချိန်းတွေရာမှာ ကန့်သတ်ချုပ်ချုယ်မှုတွေကို မေ့လျော့နေခဲ့သည်။ စပ်လွန်းတဲ့ ဟော့ပေါ့ကြောင့် သူမရဲ့ နှာဖျားမှာ ချွေးလေးတွေ ဆို့‌လာသည်။ ဖူမင်ရှစ်က သူမကို ချွေးသုတ်ပေးဖို့ လက်လှမ်းလိုက်တော့မှ ကျန်းပေါင်က ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပေမဲ့ အရင်တုန်းကလောက် အရှက်မသည်းတော့ပါ။

***

All Chapters