← Chapters

အခန်း ၂၆

Vol. 3 Ch. 26

အခန်း ၂၆

Vol. 3 Ch. 26

အပိုင်း ( ၂၆ )

ညစာတစ်နပ်ကို အရသာရှိရှိ စားသောက်ပြီးနောက် ( ၇ ) နာရီခွဲကျော်သွားပါပြီ။ ဖူမင်ရှစ်က သူမကို ရုပ်ရှင်ကြည့်ဖို့ ခေါ်သွားပြီး စုံတွဲထိုင်ခုံ လက်မှတ်ကိုပဲ ဝယ်ယူခဲ့သည်။ ဒီတစ်ခေါက်တော့ သူက မီးအလင်းရောင်တွေ အလုံးစုံ မှိတ်မသွားခင်ကတည်းက သူမရဲ့ လက်ကို ဆုပ်ကိုင်ထားခဲ့ပါသည်။ ကျန်းပေါင်က ရုန်းဖို့ ကြိုးစားလိုက်ပေမဲ့ သူက သူမရဲ့ လက်ကို သူ့လက်နှစ်ဖက်ကြားထဲ ညှပ်ကာ တင်းကြပ်နေအောင် ဆုပ်ကိုင်ထားခဲ့သည်။

ကျန်းပေါင်တစ်ယောက် တဒိန်းဒိန်းနှင့် ရင်ခုန်သံမြန်လာပြီး သူတို့ရဲ့ အနေအထားကို တခြားလူတွေ သတိထားမိသွားမှာ စိုး၍ ခန္ဓာကိုယ်ကို ခပ်မတ်မတ် ပြင်ထိုင်လိုက်သည်။

ရုပ်ရှင်က ရိုမန့်တစ် အချစ်ဇာတ်လမ်း ဖြစ်သည်။ အချစ်ဇာတ်လမ်း မဟုတ်လျှင်တောင် စုံတွဲထိုင်ခုံက စုံတွဲတွေက သေချာပေါက် ခိုးနမ်းကြလိမ့်မည်။ တိုက်ဆိုင်တာပဲလား ၊ ဘာပဲလား မသိသော်လည်း သူတို့ရှေ့က စုံတွဲလေးကပါ စတင် လှုပ်ရှားလာခဲ့သည်။ ကျန်းပေါင်က အိုးတိုးအမ်းတမ်းနှင့် ခေါင်းငုံ့လိုက်မိသလို ဖူမင်ရှစ်ရဲ့ လက်က တဖြည်းဖြည်း ပိုနွေးလာတာကိုလည်း သတိထားမိသွားသည်။

ဒါပေမဲ့ ဖူမင်ရှစ်မှာ တခြားလူတွေကို အတုခိုးဖို့ ရည်ရွယ်ချက်ရှိပုံ မရလို့ တော်သေးသည်။

ရုပ်ရှင်ကို အစအဆုံး ကြည့်ရှုပြီးတဲ့နောက် အချိန်က ( ၉ ) နာရီကျော်သွားပြီ ဖြစ်သည်။ မိန်းကလေးအဆောင်တံခါးက ည ( ၁၁ ) နာရီဆို ပိတ်လေ့ရှိတာမို့ ဖူမင်ရှစ်က ကျန်းပေါင်ကို အလောတကြီး မဖြစ်စေချင်၍ A တက္ကသိုလ်ကို ဂရုတစိုက် ပြန်လိုက်ပို့ပေးရာ ( ၁၀ ) နာရီတိတိမှာ ကျောင်းကို ပြန်ရောက်ခဲ့သည်။ အချိန်ရှိသေးပေမဲ့ ကျန်းပေါင်ကတော့ သူမရဲ့ အခန်းဖော်တွေ ပေါက်ကရတွေ လျှောက်တွေးနေမှာကို စိုးရိမ်သဖြင့် ခပ်သွက်သွက် လျှောက်နေမိသည်။

ဖူမင်ရှစ်ကလည်း သူမရဲ့ ခြေလှမ်းနှုန်းကို အမီ လိုက်လျှောက်လာခဲ့သည်။ သူတို့ အဆောင်ရှေ့ကို ရောက်ချိန်မှာ ကျန်းပေါင်က အရင်တစ်ခေါက်တုန်းက သင်ခန်းစာကို သတိရသွားပြီး အဆောင်ရဲ့ အရှေ့တံခါးကို ကွေ့ပတ်သွားဖို့ ဟန်ပြင်လိုက်သည်။ ဒါပေမဲ့ သူမဘက်က အဲ့ဒီလို လုပ်တော့မယ့် အရိပ်အယောင်ပြသည်နှင့် ဖူမင်ရှစ်က ရုတ်တရက်ပဲ သူမကို ပွေ့ချီခဲ့သည်။ ကျန်းပေါင် အော်မိတော့မလိုပင် ထိတ်လန့်သွားကာ ပါးစပ်ကို လက်နှင့် ကြောက်လန့်တကြား အုပ်လိုက်မိသည်။

ဒီအချိန်ဆို အပြင်မှာ လူမရှိသလောက်နီးပါး ဖြစ်နေပြီမို့ ဖူမင်ရှစ်က ကျန်းပေါင်ကို ကားပါကင်ရဲ့ ချောင်အကျဆုံး ထောင့်နေရာလေးသို့ တောက်လျှောက် ပွေ့ချီလာခဲ့ပြီးမှ အောက်ချပေးကာ နံရံနှင့် တွန်းကပ်လိုက်သည်။ သူ ဘာလုပ်ဖို့ ကြံရွယ်နေတာလဲ ဆိုတာက သူမကို ပွေ့ချီလိုက်တဲ့ အခိုက်အတန့်မှာပဲ သံသယမရှိ ထွက်ပေါ်လာပြီးသား ဖြစ်လေသည်။

ကျန်းပေါင်က ငတုံး မဟုတ်သော်လည်း သူ့ကို နောက်တစ်ပတ်အထိ ထပ်မတွေ့ရဘူး ဆိုတာ တွေးမိသောအခါ ငြိမ်ငြိမ်လေးပဲ သူမအား ပွေ့ဖက်ခွင့် ၊ နမ်းခွင့် ပေးလိုက်တော့သည်။

“ ပါးစပ်ဟ။ ” ဖူမင်ရှစ်က ဩရှအက်ကွဲသော အသံဖြင့် အမိန့်ပေးလိုက်သော်လည်း ကျန်းပေါင်ကတော့ ပါးစပ်မဟခဲ့ပါ။ ဖူမင်ရှစ်က သူမရဲ့ နှုတ်ခမ်းကို မထိတထိ ထိတွေ့ကာ “ အဲ့ဒါဆို ငါ မနက်ဖြန် ထပ်လာခဲ့မှာနော်။ ” ဟု ပြောတော့မှ ကျန်းပေါင် အထိတ်တလန့် ဖြစ်သွားသည်။

“ ရှင် … ”

သူမ ပါးစပ်ဟလိုက်သည်နှင့် သူ့ထောင်ချောက်ထဲမှာ မိသွားသည်။ ဖူမင်ရှစ်က သူမရဲ့ ခါးလေးကို လက်တစ်ဖက်ဖြင့် ပွေ့ဖက်၍ ချီမြှောက်လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် သူမရဲ့ မျက်နှာကို ဆုပ်ကိုင်ကာ နက်ရှိုင်းကြာရှည်စွာ နမ်းရှိုက်ခဲ့သည်။ သူမရဲ့ စိတ်ထဲမှာ မီးရှူးမီးပန်းတွေ ပေါက်ကွဲဖြာဝေသွားသလို ခံစားရပြီး ခြေထောက်တွေ အားပျော့ယိုင်နဲ့လာသည်။ သူ့ကုတ်အင်္ကျီကို မသိစိတ်အရ ဆုပ်ကိုင်ထားပြီး ရှောင်ပြေးဖို့ ကူကယ်ရာမဲ့ ကြိုးစားမိသည်။

ဒါပေမဲ့ သူမ ဘယ်လိုလုပ် ရှောင်ပြေးနိုင်မှာလဲ … ။

ဖူမင်ရှစ်က သူ့ခန္ဓာကိုယ်နှင့် နံရံကြားမှာ သူမကို ညှပ်ပြီး ချောင်ပိတ်ထားကာ နာရီဝက်တိတိ နမ်းရှိုက်နေခဲ့သည်။ သူမ အပေါ်ထပ်ကို မဖြစ်မနေ တက်ရတော့မည့် အချိန်ရောက်လာတော့မှ သူက မရပ်ချင် ရပ်ချင်နှင့် ရပ်ပေးခဲ့သည်။

“ မင်းနှုတ်ခမ်းလေးက ချိုတယ် ကျန်းပေါင်။ ” သူက ရေနွေးပူပူ လောင်းချခံထားရသလို ပူလောင်နေတဲ့ သူမရဲ့ ပါးလေးကို နှုတ်ခမ်းတွေနှင့် ဖိကပ်လိုက်ချိန်မှာ သူတို့နှစ်ယောက်ရဲ့ အသက်ရှူသံတွေ ရောထွေးသွားသည်။

“ သွားတော့မယ်။ ” ပိန်းပိတ်အောင် မှောင်မည်းနေသော အမှောင်ထုထဲမှာ ကျန်းပေါင်က သူ့ခန္ဓာကိုယ်ကို လက်တစ်ဖက်နှင့် တွန်းထုတ်ပြီး အဆောင် ဘေးတံခါးဆီသို့ ခေါင်းငုံ့ကာ အမြန် လျှောက်လာခဲ့သည်။ ခြေလှမ်း နှစ်လှမ်းလောက် လှမ်းပြီးရုံနှင့် သူမရဲ့ ခြေလှမ်းတွေကို အရှိန်တင်ကာ ပြေးသွားလိုက်ပါတော့သည်။

ဖူမင်ရှစ်ကတော့ နံရံကို မှီကာ မျက်လုံးမှိတ်ထားရင်း ကြောက်လန့်တကြား ထွက်ပြေးသွားတဲ့ သူမရဲ့ ခြေသံလေးတွေကို နားထောင်နေခဲ့လေသည်။

ကျန်းပေါင်သည် လုံခြုံရေးအဒေါ်ကြီးရဲ့ သံသယအကြည့်အောက်မှာ အပေါ်ထပ်ကို ပြေးတက်လာခဲ့သည်။ တကယ်တော့ အဒေါ်ကြီးက ဘာမှ သိပ်မတွေးဘဲ ကျန်းပေါင်ကသာ တစ်ယောက်တည်း မလုံမလဲ ဖြစ်နေတာပါ။

“ နင် ပြန်လာပြီပဲ။ ” ကောလိပ်ကျောင်းသားတွေက ညအိပ်ရာဝင် နောက်ကျတဲ့အတွက် ချန်းလီလီနှင့် ဖန်ရွှမ်းက အခုအချိန်ထိ သူတို့ အကြိုက်ဆုံး ဇာတ်လမ်းတွဲကို ကြည့်နေဆဲ ရှိသေးသည်။ ကျန်းပေါင် ပြန်ရောက်လာတာကို မြင်တော့ ချန်းလီလီက စ‌စနောက်နောက် လှမ်းပြောသောကြောင့် ကျန်းပေါင်က အတော်လေး အိုးတိုးအမ်းတမ်း ဖြစ်သွားသည်။ သူမက ဒီကို ပြန်မလာလို့ ဘယ်နေရာကို သွားရမှာလဲ … ။

ချန်းလီလီက အမြန် စကားလမ်းကြောင်းပြောင်းလိုက်သည်။ “ ငါ နင့်အတွက် နှင်းသစ်တော်သီးတွေ ဝယ်ထားတယ်။ နင့်စားပွဲပေါ် တင်ပေးထားတယ်။ နှင်းသစ်တော်သီးတွေက ခန္ဓာကိုယ်တွင်း အပူဓာတ်ကို ငြိမ်းအေးစေတယ်တဲ့။ ”

ကျန်းပေါင်က “ ကျေးဇူးပါ။ ” ဟု အပြုံးလေးဖြင့် ပြောကာ တံခါးကို ညင်သာစွာ ပိတ်လိုက်သည်။ တစ်ချက် လှမ်းကြည့်လိုက်တော့ ကျားရှောင်ယုက အိပ်ပျော်နေပုံပေါ်သည်။ ချန်းလီလီတို့နှစ်ယောက် နားကြပ်တပ်ထားတာ အံ့ဩစရာ မရှိပေ။

ကျန်းပေါင် အိတ်ကို စားပွဲပေါ် တင်ကာ သူမအတွက် ချန်းလီလီ ပေးထားတဲ့ နှင်းသစ်တော်သီး ခပ်ကြီးကြီး တစ်လုံးကို ယူပြီး ရေချိုးခန်းထဲ ဝင်လာခဲ့လိုက်သည်။ ရေချိုးခန်းထဲမှာ မီးရောင် တောက်ပနေတာမို့ သူမရဲ့ နီရဲနေတဲ့ မျက်နှာနှင့် အပူဖုအပြင် နည်းနည်းလေး ဖူးရောင်နေတဲ့ နှုတ်ခမ်းတွေကို မှန်ထဲမှာ တွေ့ရသည်။ ကျန်းပေါင်က တံခါးကို ယဲ့ယဲ့ မှီကာ မျက်လုံးမှိတ်ထားမိသည်။

မှောင်မည်းနေတဲ့ ကားပါကင်နှင့် ဖူမင်ရှစ်ရဲ့ အနမ်းတွေက သူမရဲ့ စိတ်ထဲမှာ ရှင်းလင်းပြတ်သားစွာ လွင့်မျောနေသည်။ သူက သူမရဲ့ နှုတ်ခမ်းတွေကို အရင်ဆုံး နမ်းသည်။ သူမက နှုတ်ခမ်းတွေကို အတင်း စေ့ပိတ်ထားပေမဲ့ သူကတော့ သူမရဲ့ နဖူး ၊ မျက်လုံး ၊ နှာခေါင်း ၊ ပါးနှင့် သူမရဲ့ အစိတ်အပိုင်းတိုင်းကို မြတ်နိုးပုံဖြင့် အဆက်မပြတ် နမ်းရှိုက်နေခဲ့သည်။ သူမရဲ့ နားရွက်နားအထိ အနမ်းတွေ ရောက်လာချိန်မှာတော့ မခံနိုင်လောက်အောင် ယားကျိကျိ ဖြစ်လာ၍ သူက သူမရဲ့ နှုတ်ခမ်းတွေကို ပြန်နမ်းသည်။ အဲ့ဒီနောက် သူမရဲ့ ပါးစပ်ကို ဖွင့်အောင် လှည့်စားပြီး မရမက ၊ အတင်းအကြပ် နိုင်စားနမ်းရှိုက်ခဲ့လေသည်။

“ မင်းနှုတ်ခမ်းတွေက ချိုတယ်။ ” သူက အနမ်းတစ်ပွင့်ရဲ့ အဆုံးသတ်မှာ တိုးလျလှိုက်မောစွာ ပြောသည်။ သေမင်းမှာသာ သူ့လို အသံမျိုး ပိုင်ဆိုင်ထားလျှင် လူတိုင်း သူ့လှည့်စားမှုအောက်မှာ ကျရှုံးသွားပြီး အသက်ကို လိုလိုချင်ချင် ပေးချင်မှာ စိုးရိမ်ရသည်။

မှတ်ဉာဏ်တွေ ရပ်တန့်သွားသည်။ ကျန်းပေါင်က ဂရုတစိုက် မျက်နှာသစ်ပြီးနောက် နှင်းသစ်တော်သီးကို ဆေးကြောလိုက်သည်။ သူမရဲ့ စားပွဲကို ပြန်ရောက်တော့ ဖူမင်ရှစ်က [ မပြန်ချင်သေးဘူး။ ] လို့ စာပို့ထားတာကို တွေ့ရသည်။ ကျန်းပေါင်ရဲ့ စိတ်ထဲမှာ ကားပါကင်ထောင့်မှာ အထီးကျန်စွာ ရပ်နေတဲ့ ပုံရိပ်တစ်ခုက ဖျတ်ခနဲ ပေါ်လာ၏။

လက်တစ်ဖက်မှာ နှင်းသစ်တော်သီးကို ကိုင်ထားလျက်မှ ကျန်လက်တစ်ဖက်ဖြင့် [ ရှင် ပြန်သင့်နေပြီ။ ကားကိုလည်း ဂရုစိုက် မောင်းပါ။ ] ဟု စာပြန်လိုက်သည်။ သူသာ သူမဘေးမှာ ရှိနေလျှင် အလွန် စိတ်လှုပ်ရှားမိမှာ ဖြစ်သော်လည်း အခုတော့ မျက်နှာချင်းဆိုင် မတွေ့ရတာကြောင့် ကျန်းပေါင် အတော်လေး တည်ငြိမ်နေသည်။

ဖူမင်ရှစ် : [ မင်း အခု ဘာလုပ်နေတာလဲ။ ]

ကျန်းပေါင်က သစ်တော်သီးကို တစ်ကိုက် ကိုက်ပြီး စာပြန်လိုက်သည်။ [ ကျွန်မအတွက် လီလီ ပေးထားတဲ့ သစ်တော်သီးကို စားနေတာ။ ]

အောက်ဆုံးထပ်ရှိ ကားပါကင်ထဲမှာ ဖုန်းမျက်နှာပြင်လေး တစ်ခုရဲ့ အလင်းရောင်က သေးငယ်သော ဧရိယာတစ်ဝိုက်မှာ တောက်ပနေပြီး အမျိုးသားတစ်ယောက်ရဲ့ ချောမောနူးညံ့သော မျက်နှာမှာ အလင်းဟပ်နေသည်။ ဖူမင်ရှစ်က သူ့သတို့သမီးလောင်းရဲ့ ပြန်စာကို ဖတ်ပြီး ခပ်တိုးတိုး ရယ်‌မောမိသည်။ ထိုရယ်သံက စက္ကန့်ပိုင်းအကြာမှာပဲ အဓိပ္ပာယ်ပါသော ရယ်သံနက်နက်အဖြစ် ပြောင်းလဲသွားပြီး [ ငါလည်း စားချင်တယ်။ ] ဟု စာပြန်ပို့လိုက်သည်။

သစ်တော်သီးကို တစ်ကိုက် ကိုက်ပြီးရုံသာ ရှိသေးတဲ့ ကျန်းပေါင်က ဖူမင်ရှစ် ပြန်ပို့တဲ့ မက်ဆေ့ခ်ျကြောင့် ခဏလောက် ကြောင်အမ်းအမ်း ဖြစ်သွားပြီးမှ [ ကျွန်မ မနက်ဖြန်ကျ အဒေါ်ဝမ်ကို ဝယ်ခိုင်းလိုက်မယ်။ ] ဟု စာပြန်လိုက်သည်။

ဖူမင်ရှစ် : [ ငါက မင်းဟာကိုပဲ စားချင်တာ။ ]

ဘဝမှာ အခုမှ ပထမဆုံးအကြိမ် ရည်းစားထားဖူးသော ကျန်းပေါင်သည် ဖူမင်ရှစ် သူမကို မထိတထိ စကားတွေ ပြောပြီး ရင်ခုန်အောင် လုပ်နေတယ် ဆိုတာ နားမလည်ပေ။ နှစ်ကိုက် ၊ သုံးကိုက်လောက်သာ ကိုက်ရသေးတဲ့ သစ်တော်သီးကို ငုံ့ကြည့်ရင်း [ ရှင် ကားပါကင်မှာပဲ ရှိသေးလား။ ] ဟု ရိုးသားစွာ မေးလိုက်သည်။

ဖူမင်ရှစ်ကလည်း ရင်ခုန်သွားပြီး [ မင်း ဆင်းလာမှာလား။ ] ဟု ပြန်မေးလိုက်သည်။

ကျန်းပေါင် : [ ဟင့်အင်း။ ရှင် အဆောင်အောက်မှာ ရပ်နေလေ။ ကျွန်မ သစ်တော်သီးကို အပေါ်ကနေ ရှင့်ဆီ ရောက်အောင် ပစ်ပေးမယ်။ ] အကြာကြီး နမ်းထားတာမို့ သူ ရေဆာနေမှာ သေချာသည်။

ဖူမင်ရှစ်က ရယ်မောလိုက်ပြီး ခဏလောက် စဉ်းစားပြီးနောက် [ ကောင်းပြီလေ။ လသာဆောင်ကို အရင်ဆုံး ထွက်လာခဲ့လိုက်။ မင်း သစ်တော်သီးကို နောက်ထပ် တစ်ကိုက်လောက် ကိုက်လို့ ရပါသေးတယ်။ ] ဟု ပြန်ပြောလိုက်သည်။

ကျန်းပေါင်လည်း ရယ်မောမိပါသည်။ သူမက ဖုန်းကို စားပွဲပေါ် တင်လိုက်ပြီး ချန်းလီလီထံမှ သစ်သီးလှီးဓား တစ်ချောင်းကို သွားငှားလိုက်သည်။ သူတို့နှစ်ယောက်ရဲ့ မျက်လုံးရဲ့ မျက်လုံးတွေက သူမရဲ့ ဖုန်းမျက်နှာပြင်ဆီ ရောက်လာကာ ချန်းလီလီက သူမအား ဓားကို ကိုယ့်ဘာသာ သွားယူခိုင်းသည်။ ကျန်းပေါင်က သစ်သီးလှီးဓားကို အရင် ဆေးကြောပြီးမှ သူမ ခုနတုန်းက ကိုက်ထားတဲ့ အပိုင်းလေးကို လှီးထုတ်ကာ ဖုန်းကို ကိုင်၍ လသာဆောင်ကို ထွက်လာခဲ့လိုက်သည်။

အဆောင်အောက်မှာ ရပ်နေတဲ့ ဖူမင်ရှစ်ကို လမ်းမီးရောင်တွေရဲ့အကူအညီဖြင့် မြင်ရသည်။ သူတို့ကြား မီတာပေါင်းများစွာ ကွာဝေးနေသော်လည်း ကျန်းပေါင်ကတော့ နည်းနည်းလေး ရှက်ရွံ့နေမိဆဲပင်။ ဖူမင်ရှစ်က သူ့ဖုန်းကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်ကာ သူမအား သစ်တော်သီးကို ပစ်ပေးဖို့ လက်ဟန်ခြေဟန်နှင့် လှမ်းပြောသည်။

ကျန်းပေါင် ပြုံးလိုက်ကာ အကွာအဝေးကို အကြမ်းဖျင်း တွက်ဆပြီး သစ်တော်သီးအား အဆောင်အောက်သို့ အားသိပ်မထည့်ဘဲ ပစ်ပေးလိုက်သည်။ ဖူမင်ရှစ်က ခြေလှမ်း အနည်းငယ် နောက်ဆုတ်ပြီး ထိုသစ်တော်သီးအား အလွယ်တကူ ဖမ်းယူလိုက်နိုင်သည်။ ကျန်းပေါင်က အဲ့ဒီတော့မှ စိတ်သက်သာရာရသွားသော သက်ပြင်းလေး ချကာ ဝရန်တာလက်ရန်းပေါ် လက်တင်၍ သူ့ကို ကြည့်နေမိသည်။

ဖူမင်ရှစ်က သစ်တော်သီးကို တစ်ကိုက် ကိုက်လိုက်ပြီး သူမကို ဖုန်းဆက်ကာ “ မင်းရဲ့ နှုတ်ခမ်းတွေလောက် မချိုဘူး။ ” ဟု ပြောသဖြင့် ကျန်းပေါင်တစ်ယောက် ခန္ဓာကိုယ်လေး ကျုံ့သွားပြီး သူ မမြင်နိုင်တဲ့ နေရာမှာ ပုန်းကွယ်၍ “ အခု ပြန်တော့လေ။ ” ဟု ပြောလိုက်သည်။

ဖူမင်ရှစ်က ဝရန်တာကို မော့ကြည့်လိုက်သည်။ “ ငါ မပြန်ခင် မင်းကို နောက်ထပ် တစ်ခေါက်လောက် ကြည့်သွားပါရစေဦး။ ” သူ့အသံက သိမ်မွေ့တိုးလျလွန်းတာကြောင့် ကျန်းပေါင်ရဲ့ နားထဲမှာပင် သိမ့်ခနဲ လှုပ်ရှားသွားသည်။ သူမဘက်က အရင်ဆုံး ဖုန်းချလိုက်ပြီး ရှက်ရွံ့မှုကြောင့် ခဏလောက် ပုန်းကွယ်နေပြီးမှ ဝရန်တာဘက်ကို ပြန်ထွက်လာခဲ့သည်။

အဆောင်ထဲမှာ မီးရောင်တွေ လင်းလက်တောက်ပနေတာမို့ သူမရဲ့ အပြာဖျော့ဖျော့ ဇာဆွယ်တာလေးဟာ အဖြူရောင်နီးပါး ဖြစ်နေသည်။ ခေါင်းငုံ့ထားတဲ့ သူမရဲ့ ချစ်စရာ မျက်နှာလေးကိုတော့ မသဲမကွဲ မြင်ရသည်။ ဖူမင်ရှစ်က ထိုပုံရိပ်လေးကို မော့ကြည့်နေရင်းမှ သူမအား သူ့ရင်ခွင်ထဲကို ခုန်ချခိုင်းချင်စိတ်တွေ ဝင်လာခဲ့သည်။

ကျန်းပေါင်က သူ့အား သူမကို တဝကြီး ကြည့်ခွင့်ပေးပြီးနောက် လက်ဝှေ့ယမ်း နှုတ်ဆက်ကာ ပြန်လည် ပုန်းကွယ်နေလိုက်သည်။ ဖူမင်ရှစ်ကလည်း သူ့သတို့သမီးလောင်းလေး မရှိတော့တဲ့အခါ ထိုနေရာမှာ နောက်ထပ် နှစ်မိနစ် ၊ သုံးမိနစ်လောက် ရပ်နေခဲ့ပြီးမှ သစ်တော်သီးစားရင်း တက္ကသိုလ်ပရဝုဏ်ထဲမှ ဖြည်းဖြည်းချင်း လှည့်ထွက်သွားခဲ့သည်။

ခဏအကြာမှာတော့ မိန်းလမ်းပေါ်မှာ‌ ဖူမင်ရှစ်ရဲ့ အထီးကျန်နေသော အရိပ်ရှည်ရှည်လေးကို တွေ့ရသည်။ ကျန်းပေါင်က သူ့ပုံရိပ်လေး သူမရဲ့ မြင်ကွင်းထဲက ပျောက်ကွယ်သွားတဲ့ထိ ငေးကြည့်နေမိသည်။ ဆောင်းဦးလေက အေးပေမဲ့ နှလုံးသားထဲမှာ နွေးနေသည်။ လူတစ်ယောက်ကို ချစ်မိဖို့ တစ်ခါမှ တွေးမကြည့်ဖူးပေမဲ့ တကယ်တမ်း ချစ်မိတော့လည်း အတင်း လုပ်ယူထားတာမျိုး မရှိဘဲ သဘာဝဆန်ဆန် ရောက်ရှိလာခဲ့သည်။

လက်ရှိ အချိန်မှာတော့ တစ်ယောက်တည်း နေရခြင်းကို ကျေနပ်နိုင်သော ကျန်းပေါင်သည် အခန်းထဲကို ပြန်ဝင်လာခဲ့ချိန်မှာ နှစ်ထပ်ခုတင်ပေါ်ကနေ လှေကားလေးနှင့် ဆင်းလာတဲ့ ကျားရှောင်ယုကို မြင်လိုက်ရ၏။ ချန်းလီလီကတော့ စားပွဲပေါ်က သစ်တော်သီး တစ်ခြမ်းကို လက်ညိုးထိုးပြရင်း “ အကြောင်းစုံ ရှင်းပြစမ်းပါဦး။ ” ဟု မေးနေသည်။

ကျန်းပေါင်က ကိုယ့်ကိုယ်ကိုယ် စိတ်တင်းကာ အိပ်ရာထဲကို ဝင်လာခဲ့လိုက်သည်။ ချန်းလီလီက သူမအား “ သစ်တော်သီး တစ်ခြမ်းက ဘယ်ရောက်သွားတာလဲ။ နင် မင်ရှစ်ကို ပေးလိုက်တာလား။ ” ဟု စတင် စစ်ဆေးမေးမြန်းနေခဲ့လေသည်။ ကျန်းပေါင်က သူတို့ရဲ့ ဆက်တိုက် စနောက်မှုတွေကို ဘယ်လို ဖြေရှင်းရင် ကောင်းမလဲလို့ စဉ်းစားကြည့်သည်။ သို့သော် နောက်ဆုံးမှာတော့ ဟုတ်တယ်လည်း မပြော ၊ မဟုတ်ဘူးလည်း မပြောဘဲ ပြုံးပြုံးကြီးနှင့် ခေါင်းသာ ငုံ့ထားမိပါတော့သည်။

“ ငါ ဘာလို့ အိပ်ရာထပြီး ဒီဒုက္ခကို ခံစားနေရတာလဲ မသိပါဘူး။ မနက်အထိ ထိန်းထားခဲ့သင့်တာ။ ” ဆံပင်တွေ ရှုပ်ပွနေတဲ့ ကျားရှောင်ယုက အပြေးအလွှား ရောက်လာပြီး ကျန်းပေါင်ရဲ့ ခန္ဓာကိုယ်လေးကို ကိုင်လှုပ်ကာ သူမရဲ့ ဓမ္မတာလာခြင်း ပြဿနာကို ဖြေရှင်းဖို့ သန့်စင်ခန်းထဲကို အားခနဲ အော်၍ ‌ဝင်သွားခဲ့သည်။ ထို့နောက် ရေချိုးခန်းထဲကနေ အော်ပြောသည်။ “ သစ်တော်သီးလေး တစ်ခြမ်းပဲဟာ။ ဘာဖြစ်လဲ … မနက်ဖြန် ငါ့ဘာသာ ဝယ်စားလိုက်မယ်။ ”

ကျန်းပေါင်က ကျားရှောင်ယု သန့်စင်ခန်းထဲက ထွက်လာတဲ့အခါ ပွက်လောရိုက်နေလိမ့်မည်ကို စိုးရိမ်၍ စောစော အိပ်ရာဝင်ခဲ့လိုက်သည်။ သူမ အိပ်မပျော်သေးခင်မှာ ဖူမင်ရှစ်က [ ဂွတ်နိုက်ပါ။ မနက်ဖြန် တွေ့မယ်။ ] ဟု မက်ဆေ့ခ်ျပို့သည်။ အိပ်ပျော်တော့မည့် ကျန်းပေါင်ဟာ [ မနက်ဖြန် တွေ့မယ်။ ] ဆိုတဲ့ မက်ဆေ့ခ်ျလေးကို စိုက်ကြည့်ပြီး မျက်လုံးကျယ်သွားလေသည်။

ကျန်းပေါင် : [ ဒီတစ်ပတ် ပိတ်ရက်လား။ ]

ဖူမင်ရှစ် : [ မနက်ဖြန် နေ့ခင်းကျ မင်းမှာ အတန်း မရှိဘူးလေ။ စိတ်မပူပါနဲ့ ၊ မနက်ဖြန် မနမ်းပါဘူး။ ]

ကျန်းပေါင်က ဖုန်းလေးကို ခေါင်းအုံးဘေးမှာ ချကာ တစ်ဖက်ကို ခပ်ဖြည်းဖြည်း လှည့်၍ နံရံဘက်ကို မျက်နှာမူထားလိုက်သည်။ သူမရဲ့ မျက်နှာလေးကတော့ နီရဲတက်နေခဲ့ပါသည်။

~

ကျန်းပေါင်က မနက်ပိုင်း အတန်းတွေ ပြီးသွားတော့ သူမရဲ့ အခန်းဖော် သုံးယောက်နှင့်အတူ အတန်းထဲက ထွက်လာခဲ့သည်။ ကျားရှောင်ယုက သူတို့အားလုံးနှင့် လက်ချင်း တွဲထားပြီး သုံးယောက်သား စကားတပြောပြောနှင့် လမ်းလျှောက်လာစဉ်မှာပဲ ချန်းလီလီက သူမကို ရုတ်တရက် တံတောင်နှင့် တွတ်သည်။ “ ဟိုမှာ နင့်ရဲ့ မင်ရှစ်ကြီး မဟုတ်လား ကျန်းပေါင်။ ”

ကျန်း‌ပေါင် ထိတ်လန့်သွားကာ လှမ်းကြည့်ကတော့ အဖြူရောင် ဂျာကင်အင်္ကျီကို ဝတ်ဆင်ထားလျက် သူမရဲ့ စက်ဘီးဘေးမှာ မြင့်မြင့်မတ်မတ် ရပ်နေတဲ့ ဖူမင်ရှစ်ကို အမှန်တကယ် တွေ့လိုက်ရသည်။ ဘေးတစောင်း မြင်‌ရ‌သော သူ့မျက်နှာက အေးစက်စွာ ချောမောသည်။ သူက ကျောင်းသား ၊ ကျောင်းသူတွေရဲ့ ဆူဆူညံညံ အသံတွေကို ကြားလို့လား မပြောတတ်ဘဲ သူ့မျက်လုံးအကြည့်က သူတို့ဆီ အမြန် ဝေ့ဝဲလာကာ သူမဆီမှာ ရပ်တန့်သွားသည်။

ကျန်းပေါင်က နွေဦးရာသီမှာ နှင်းတွေ ၊ ရေခဲတွေ အရည်ပျော်သလို သူ့အပြုံးကို မြင်လိုက်ရသည်။ သူမရဲ့ မွေးရပ်မြေမှာ ပထမဆုံးအကြိမ် တွေ့တုန်းက အနောက်တိုင်းဝတ်စုံကို သပ်သပ်ရပ်ရပ် ဝတ်ထားတဲ့ ပုံစံနှင့် ယှဉ်လျှင် လုံးဝ မတူညီတဲ့ လူအသစ်တစ်ယောက်လိုပါပဲ။

“ ကျွတ် ကျွတ် ၊ ကောင်လေး ရှိတာ တကယ့်ကို အကောင်းဆုံးပဲ။ ” ကျားရှောင်ယုက ကျန်းပေါင်ရဲ့ လက်ကို လွှတ်ပေးကာ ချန်းလီလီကို သွားဖက်ရင်း ကျန်းပေါင်ကို အားကျစွာ ကြည့်နေခဲ့သည်။

တကယ့်ကိုပဲ ဖူမင်ရှစ်ရဲ့ လက်ထဲမှာ သစ်တော်သီးတွေ အပြည့် ပါတဲ့ ဈေးဝယ်အိတ် တစ်လုံးကို ဆွဲထားပါသည်။ ကျန်းပေါင်က အနောက်မှာ အတန်းဖော်တွေ ရှိနေတဲ့အတွက် သူ့ဆီ အမြန် ပြေးသွားလိုက်သည်။ သူမ ကျောင်းစတက်ကတည်းက အတန်း အချိန်ဇယားကို သူ့အား ပြောပြထားတာမို့ သူ ဒီနေရာကို ရှာတွေ့တာ ထူးတော့ မထူးဆန်းပါ။

မနေ့ညတုန်းက ရှည်ကြာသော အနမ်းနှင့် လျှာတွေပါ ရစ်ပတ်ဆက်နွှယ်ပြီးနောက်မှာ တစ်ယောက်နှင့် တစ်ယောက် အခုလို ပြန်တွေ့ရသည်။ ကျန်းပေါင်က တစ်ချိန်လုံး ခေါင်းငုံ့ထားမိသည်။ “ ရှင် ဘာလို့ ဒီအချိန် ရောက်လာတာလဲ။ ” ဖူမင်ရှစ်မှာ နေ့ခင်းဘက်ဆို အလုပ်တွေ ရှိသေးတာမို့ ညနေမှ ရောက်လာလိမ့်မည်ဟု ထင်ထားခဲ့တာ ဖြစ်သည်။

“ မင်းနဲ့ အတူတူ နေ့လယ်စာ စားဖို့လေ။ ” ဖူမင်ရှစ်က သူမရဲ့ နှုတ်ခမ်းထောင့်ကို ငုံ့ကြည့်လိုက်သည်။ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ အပူဖု အတော်လေး သက်သာသွားတာကို မြင်တော့မှ သူ ခပ်တိုးတိုး ရယ်မောလိုက်သည်။ “ နှင်းသစ်တော်သီးရဲ့ အပူ လျှော့ချတဲ့ အာနိသင်က အရမ်း ထိရောက်တယ် ထင်တယ်။ ”

ကျန်းပေါင်က သူ့ကို မျက်စောင်းထိုးလိုက်သည်။ ဖူမင်ရှစ်ကတော့ သစ်တော်သီးတွေကို သူမရဲ့ စက်ဘီးခြင်းတောင်းထဲမှာ ထည့်ကာ သူမရဲ့ စက်ဘီးကို တွန်းပေး၍ အဆောင်သို့ နှစ်ယောက်အတူ လျှောက်လာခဲ့ကြသည်။

ထိုမြင်ကွင်းကို ချန်းလီလီ ၊ ဖန့်ရွယ်နှင့် တခြား ပထမနှစ် ကျောင်းသားတွေ ၊ အတန်းကြီးတွေ မြင်သွားရုံသာမက အတန်းဆင်းပေးလိုက်တဲ့ ဒုတိယနှစ် အတန်း နှစ်တန်းထဲက လူတွေပါ မြင်သွားခဲ့သည်။

***

All Chapters