← Chapters

အခန်း ၂၇

Vol. 3 Ch. 27

အခန်း ၂၇

Vol. 3 Ch. 27

အပိုင်း ( ၂၇ )

မင်ကျစ်နျဉ်က ဒီနေ့ ကျန်းပေါင်မှာ မနက်ပိုင်း အတန်းချိန်တွေ ရှိတယ် ဆိုတာ သိတာမို့ သူ့အတန်းဆင်းသည်နှင့် အောက်ထပ် ဆင်းရင်း သူမနှင့် အမှတ်မထင် ဆုံတွေဖို့ မျှော်လင့်ချက်ဖြင့် စာသင်ခန်းထဲက ပြေးထွက်လာခဲ့သည်။ စာသင်ဆောင်ထဲက ထွက်,ထွက်ချင်းမှာပဲ ကျန်းပေါင် ချစ်သူကောင်လေးနှင့် ချစ်ကြည်နူး တစ်တီတူးနေတာကို တွေ့ရလိမ့်မည်ဟု မထင်ခဲ့။

မိန်းကလေးတစ်ယောက်က သူ့ကို ချမ်းသာကြွယ်ဝမှုကြောင့် လာကြိုက်လျှင် မင်ကျစ်နျဉ် ဘယ်တော့မှ လက်ခံမှာ မဟုတ်ပေမဲ့ မိန်းကလေးတစ်ယောက်ကို သူ့ဘက်က အရင် စကြိုက်လျှင်တော့ သူ့မှာ ကျန်းပေါင်ရဲ့ လက်ရှိချစ်သူထက် သာတာ ဆိုလို့ မိသားစုနောက်ခံပဲ ရှိပါသည်။ မင်ကျစ်နျဉ်သည် ထိုနောက်ခံကိုသာ အားသာချက်အဖြစ် အသုံးပြုပြီး သူမကို လုယူဖို့ ကြိုးစားနိုင်လေသည်။

သူက ကျန်းပေါင်တို့စုံတွဲကို ငေးကြည့်ပြီး လမ်းလျှောက်နေတာကြောင့် မိန်းကလေး တစ်ယောက်နှင့် မတော်တဆ ဝင်တိုက်မိသည်။

“ ဆောရီးပါ … ” သူ အမြန် အကြည့်လွှဲပြီး တောင်းပန်လိုက်တော့ အံ့ဩစရာကောင်းစွာဖြင့် သူ သိတဲ့ တစ်စုံတစ်ယောက် ဖြစ်နေသည်။

“ တိုက်ဆိုင်လိုက်တာ ၊ အစ်ကိုလည်း အတန်းချိန်တွေ ရှိတာလား။ ” ဖန့်ရွယ်က သူ့ကို ပျော်ရွှင်စွာ နှုတ်ဆက်တာကို မင်ကျစ်နျဉ်က အပြုံးလေးဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ဖန့်ရွယ်သည် သူ တစ်ယောက်တည်း ရှိနေတာကို မြင်သောအခါ သူနှင့်အတူ သဘာဝကျကျ စကားပြောရင်း ကန်တင်းသို့ နှစ်ယောက်အတူ လျှောက်လာခဲ့လိုက်၏။ “ ခုနလေးတင်ပဲ ကျန်းပေါင်ရဲ့ ကောင်လေးက သူ့ကို လာကြိုသွားတာလေ။ အစ်ကိုလည်း မြင်လိုက်တယ်မလား။ သူ့ကောင်လေးက သူ့ကို အရမ်း ဂရုစိုက်တာ … ဒီကို နေ့တိုင်းနီးပါး လာတယ်။ ဒါပေမဲ့ ကျန်းပေါင်က အရမ်း လှတော့ ညီမသာ သူ့ကောင်လေးနေရာမှာ ဆိုရင်လည်း စိုးရိမ်မိမှာပဲ။ ကျန်းပေါင်ကို တစ်ယောက်ယောက် ဖြတ်ခုတ်သွားမှာ ကြောက်ရတယ်လေ။ ”

မင်ကျစ်နျဉ်က ဘာစကားမှ မတုံ့ပြန်ဘဲ ပြုံးရုံသာ ပြုံးလိုက်သည်။ သူသာ ကျန်းပေါင်ရဲ့ ကောင်လေး ဆိုလျှင် သူမကို အခုထက် ပိုပြီး လိုလေသေးမရှိ ပြီးပြည့်စုံအောင် ဂရုစိုက်ပေး ၊ ချစ်ပေးမှာပါ။

~

မင်ကျစ်နျဉ်က သူ့ကတိအတိုင်း ကျန်းပေါင်နှင့်အတူ နေ့လယ်စာ စားပြီးနောက် ဘာထိတွေ့မှုမှ မလုပ်ဘဲ ပြန်သွားခဲ့သည်။

ကျန်းပေါင်က အဆောင်ကို ပြန်သွားကာ သူမရဲ့ အခန်းဖော်တွေအား တစ်ယောက်ကို သစ်တော်သီး တစ်လုံးစီ ခွဲဝေပေးလိုက်သည်။ သူတို့ သစ်တော်သီး စားရင်း စကားစမြည် ပြောနေစဉ်မှာပဲ ကျန်းပေါင်ရဲ့ ဖုန်းက ရုတ်တရက် မြည်လာသောကြောင့် ယူကြည့်လိုက်တော့ မင်ကျစ်နျဉ် ဖြစ်နေသည်။

ကျန်းပေါင်က အဆောင်အခန်းထဲမှာပဲ နေရာမရွှေ့ဘဲ ဖုန်းကိုင်လိုက်သည်။

“ ငါ မွေးရပ်မြေက ကျောင်းသားဟောင်းတွေနဲ့ တွေ့ဆုံပွဲလေး လုပ်မလို့ စီစဉ်နေတာ ၊ ဒီတစ်ပတ် စနေနေ့ကျရင် တောင်တက်မလားလို့လေ။ နင့်မှာ အချိန်ရှိလား။ အကုန်လုံး ငါ့ဘက်က ဒကာခံမှာပါ ၊ လူပဲ ရောက်အောင် လာခဲ့ရင် ရပြီ။ ” ဖုန်းတစ်ဖက်က မင်ကျစ်နျဉ်ရဲ့ အသံက တရင်းတနှီး ပေါ့ပေါ့ပါးပါး ရှိလှသည်။

ကျန်းပေါင်က ကျောင်းသားဟောင်း တွေ့ဆုံပွဲ ဆိုတာကို နည်းနည်းလေး စိတ်ဝင်စားသွားပေမဲ့ ဒကာခံမည့် လူက မင်ကျစ်နျဉ် ဖြစ်နေတဲ့အတွက် ငြင်းဆန်လိုက်သည်။ “ ငါ အဲ့နေ့ မအား … ”

မင်ကျစ်နျဉ်က “ မင်ရှစ်နဲ့ ချိန်တွေ့မလို့လား။ ” ဟု စကားဖြတ်ပြောကာ ရယ်မောသည်။ “ နင် မိသားစုကိုလည်း ခေါ်လာလို့ ရတယ်။ မွေးရပ်မြေက လူတွေနဲ့ ပြန်တွေ့ရမယ့် အခွင့်အရေးကို လက်လွှတ်မခံပါနဲ့။ စဉ်းစားကြည့်ပါဦး ၊ ငါ ဖန့်ရွယ်ကိုလည်း ဖုန်းဆက်ပြီး အသိပေးလိုက်ဦးမယ်။ ”

အဲ့ဒီနောက် သူက ချက်ချင်း ဖုန်းချသွားသည်။ ကျားရှောင်ယုက “ ဘယ်သူလဲ။ ” ဟု စိတ်ဝင်တစား မေးသောကြောင့် အမှန်အတိုင်း ပြောပြလိုက်သည်။

ကျားရှောင်ယုက မင်ကျစ်နျဉ်မှာ ကျန်းပေါင်အပေါ် မရိုးသားသော ရည်ရွယ်ချက်တွေ ရှိနေသည်ဟု အစတုန်းက သံသယဝင်ခဲ့သော်လည်း မိသားစုကိုပါ ခေါ်လာနိုင်သည် ဟူသော စကားကို ကြားချိန်မှာ သွားဖို့ တိုက်တွန်းခဲ့သည်။ “ အဲ့ဒါဆို သွားပျော်လိုက်ပေါ့ဟဲ့။ ငါတို့အားလုံးက မွေးရပ်မြေ တစ်မြေထဲက လူတွေပဲ ၊ ပြီးတော့ သူ့ဘက်က ဒကာခံမှာ။ မင်ရှစ်ကိုသာ ခေါ်သွားဖို့ မမေ့နဲ့။ ”

ကျန်းပေါင် တွန့်ဆုတ်နေစဥ်မှာပဲ အခန်းတံခါးအပြင်ဘက်ကနေ ဖန့်ရွယ်ရဲ့ အသံကို ရုတ်တရက် ကြားလိုက်ရသောကြောင့် တံခါး သွားဖွင့်ပေးလိုက်တော့ ဖန့်ရွယ်က သူမကို စိတ်လှုပ်ရှားစွာ ပွေ့ဖက်သည်။ “ နင့်ကိုလည်း မင်ကျစ်နျဉ် ဖုန်းဆက်ထားတယ်မလား။ သွားကြမယ် ကျန်းပေါင်။ ငါတို့ အတူတူ သွားပြီး လွတ်လွတ်လပ်လပ် ပျော်ကြရအောင်။ ”

မင်ကျစ်နျဉ်က သူမအား အဲ့ဒီမှာ မိန်းကလေးတွေ သိပ်မရှိကြောင်းနှင့် ကျန်းပေါင်ကိုပါ အတူတူ လိုက်လာအောင် စည်းရုံးပေးစေချင်ကြောင်း ပြောထားသည်။ မင်ကျစ်နျဉ် အဖိတ်ခေါ်ချင်ဆုံး လူက ကျန်းပေါင် ဖြစ်လိမ့်မည် ထင်သည်။ ပထမတော့ သူမ နည်းနည်း မကျေမနပ် ဖြစ်မိပေမဲ့ မင်ကျစ်နျဉ်က ကျန်းပေါင်ရဲ့ ကောင်လေးကိုပါ ခေါ်စေချင်ကြောင်း ပြောချိန်မှာ ဖန့်ရွယ်တစ်ယောက် ပျော်ရွှင်သွားသည်။ အဲ့လိုဆို ကျန်းပေါင်က သူမရဲ့ ကောင်လေးကို လူတိုင်းရှေ့မှာ ကြွားဝါပြီး မင်ကျစ်နျဉ်လည်း သေချာပေါက် နောက်ဆုတ်သွားလိမ့်မည်။

ဖန့်ရွယ်က ငြင်းဆန်ချင်နေတဲ့ သူမကို တက်တက်ကြွကြွ ဖြောင်းဖြနေသောကြောင့် သူမက ဖူမင်ရှစ်ကို ဆင်ခြေအဖြစ် သုံးလိုက်သည်။ “ ငါ မင်ရှစ်ကို အရင်ဆုံး မေးကြည့်လိုက်ဦးမယ်။ ”

“ အင်း ၊ အဲ့ဒါဆိုလည်း သူ့ကို အခုပဲ မေးကြည့်လိုက်။ ” ဟု ဖန့်ရွယ်က လောဆော်လိုက်သည်။ တကယ်လို့ ကျန်းပေါင်ရဲ့ ကောင်လေးက သဘောမတူခဲ့သည်ရှိသော် သူမ သူ့ကိုပါ သဘောတူအောင် စည်းရုံးမည်။

ကျန်းပေါင်က ဖန့်ရွယ်ရဲ့ အတင်းအကြပ် တိုက်တွန်းမှုကြောင့် လသာဆောင်ကို ထွက်ကာ ဖူမင်ရှစ်ကို ဖုန်းဆက်ဖို့က လွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။ သူမ ဖုန်းဆက်လိုက်တော့ ဖူမင်ရှစ်ဟာ ကုမ္ပဏီကို ပြန်နေတဲ့ လမ်းမှာပဲ ရှိသေးသည်။ ဖုန်းခေါ်သူက ကျန်းပေါင် ဆိုတာကို မြင်တော့ သူက ချက်ချင်းပဲ ဖုန်းကိုင်ခဲ့သည်။

မင်ကျစ်နျဉ်ရဲ့ ဆောင်းဦးရာသီ ခရီးအစီအစဉ်နှင့် အစားအသောက် ၊ နေရာထိုင်ခင်းကအစ သူ့ဘက်က စေတနာရက်ရောစွာ ဒကာခံချင်နေကြောင်း သိလိုက်ရသောအခါ ဖူမင်ရှစ်က ဟက်ခနဲ ရယ်မောလိုက်သည်။ “ ကျောင်းသားဟောင်း တွေ့ဆုံပွဲ ဆိုတော့လည်း အတူတူ သွားကြတာပေါ့။ ဘယ်အချိန်လဲလို့သာ မေးလိုက် ၊ ငါ စနေနေ့ရောက်ရင် လာခဲ့မယ်။ ”

ဖူမင်ရှစ် အတော်လေး စိတ်ကြည်လင်နေပုံပေါ်သည်ဟု သူမ ခံစားရသည်။ ဖူမင်ရှစ်ကိုယ်တိုင် လက်ခံတဲ့အတွက် ကျန်းပေါင် ဖုန်းချကာ အနီးမှာ စိတ်အားထက်သန်စွာ ရပ်စောင့်နေတဲ့ ဖန့်ရွယ်ကို ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် ဖန့်ရွယ်က သူမ ပေးတဲ့ သစ်တော်သီး နှစ်လုံးကို ယူပြီး ပျော်ရွှင်စွာ ပြန်သွားသည်။

ဖန့်ရွယ် ပြန်သွားပြီး မိနစ်ပိုင်းအကြာမှာပဲ မင်ကျစ်နျဉ်က ကျန်းပေါင်ကို ဖုန်းဆက်ပြီး အကျိုးအကြောင်း မေးသည်။ ကျန်းပေါင်ရဲ့ အတည်ပြုချက်ကို ရလျှင် မင်ကျစ်နျဉ်ရဲ့ နှုတ်ခမ်းတွေက အပြုံးတစ်ပွင့်အဖြစ် ကော့တက်သွားခဲ့သည်။ အဲ့ဒီတော့မှပဲ သူက ရှုခင်းလှသော နေရာတွေ ၊ ဟိုတယ်တွေကို အွန်လိုင်းပေါ်မှာ လိုက်ရှာရင်း သူတို့ခရိုင်က ကျောင်းသားဟောင်းတွေကို ဆက်သွယ်လိုက်သည်။ ညဘက် ရောက်တဲ့အခါ အရာအားလုံး စီစဉ်ပြီးပြီ ဖြစ်ပြီး မင်ကျစ်နျဉ်က ခရီးစဉ်လမ်းကြောင်းကို လူတိုင်းဆီ ပို့ပေးခဲ့သည်။

ကျန်းပေါင်က မင်ကျစ်နျဉ် ပို့လိုက်တဲ့ ဓာတ်ပုံလေးကို အကြမ်းဖျင်း ဖွင့်ကြည့်ပြီးနောက် ဖူမင်ရှစ်ထံ တစ်ဆင့် ပြန်ပို့ပေးလိုက်သည်။

ကော်ဖီသောက်နေတဲ့ ဖူမင်ရှစ်သည် ခရီးစဉ်လမ်းကြောင်းကို မြင်သောအခါ ထူးဆန်းစွာပဲ ထိုခရီးစဉ်ကို မျှော်လင့်နေမိသည်။

မင်ကျစ်နျဉ်က မနက် ( ၈ ) နာရီတွင် A တက္ကသိုလ်ရဲ့ ပင်မ ဂိတ်တံခါးမှာ ဆုံတွေ့ဖို့ ချိန်းဆိုထားသည်။ ကျန်းပေါင်က မနက် ( ၇ ) နာရီမှာ သံပတ်ပေးထားခဲ့ပေမဲ့ သံပတ်မမြည်သေးခင်ကတည်းက သူမရဲ့ ဖုန်းကို တစ်စုံတစ်ယောက်က ဖုန်းဆက်လာခဲ့သည်။

ချန်းလီလီနှင့် ကျန်တဲ့ အခန်းဖော် နှစ်ယောက်ကတော့ အိပ်မောကျနေဆဲ ဖြစ်သည်။ ကျန်းပေါင်က ချက်ချင်း ဆိုသလိုပဲ နိုးနိုးကြားကြား ဖြစ်သွားပြီး ဖုန်းကို အမြန် ကောက်ကိုင်ကာ “ ဟယ်လို။ ” ဟု ခပ်တိုးတိုး ပြောလိုက်သည်။

“ အခုထိ မနိုးသေးဘူးလား။ ” ဖုန်းတစ်ဖက်က ထွက်ပေါ်လာတဲ့ ဖူမင်ရှစ်ရဲ့ တိုးဖွကြည်လင်သော စကားသံဟာ အလွန် တက်ကြွနေ၏။ ကျန်းပေါင်က “ အင်း။ ” လို့ ပြန်ပြောရင်း သမ်းဝေလိုက်သည်။

“ ငါ အဆောင်အောက်မှာ ရောက်နေပြီ။ မနက်စာ အတူတူ သွားစားရအောင်။ မင်းရဲ့ ထမင်းစားကတ်ဒ်ကို ယူလာဖို့ မမေ့နဲ့နော်။ ” ဟု ဖူမင်ရှစ်က ရယ်သံတစ်ဝက်နှင့် ပြောပြီးမှ ဖုန်းချသွားသည်။ ကျန်းပေါင် ဖုန်းကို တစ်ချက် ကြည့်လိုက်တော့ ( ၇ ) နာရီထိုးဖို့ ( ၁၀ ) မိနစ်အလို။

သူမ သံပတ်ပေးထားတာကို ဖျက်ပြီး နှစ်ထပ်ခုတင်ပေါ်မှာ တိတ်တိတ်လေး ဆင်းလာခဲ့လိုက်သည်။ ( ၁၀ ) မိနစ်အတွင်း အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပြီးနောက် သူမရဲ့ ကျောပိုးအိတ်ထဲက ပစ္စည်းတွေကို နှစ်ကြိမ် စစ်ဆေးရသည်။ သတ္ထုဆားရေဘူး နှစ်ဘူး ၊ ပလတ်စတစ်အိတ်လေးထဲမှာ ခေါက်ထည့်ထားတဲ့ သန့်ရှင်းသော အတွင်းခံ တစ်စုံ ( ဘယ်သူမှ မမြင်အောင် အကန့်လေးထဲမှာ ဖွက်ထား ) ၊ ဖုန်းအားသွင်းကြိုး ၊ ထီးတစ်ချောင်းနှင့် လမ်းမှာ အချိန်ဖြုန်းဖို့အတွက် စာအုပ်တစ်အုပ် ဖြစ်သည်။

ကျောပိုးအိတ်က နည်းနည်း လေးနေတာမို့ ကျန်းပေါင်က စာအုပ်ကို ထုတ်လိုက်ကာ နောက်တစ်ကြိမ် ထပ်စစ်ဆေးပြီးမှ ထမင်းစားကတ်နှင့်အတူ ထွက်လာခဲ့လိုက်သည်။

ကျောင်းသူ အများစု အိပ်ပျော်နေဆဲ ဖြစ်တာကြောင့် အဆောင်ထဲမှာ တိတ်ဆိတ်အေးချမ်းနေသည်။ အခန်းတချို့မှ ရေဆွဲချသံတွေကိုတော့ တစ်ခါတရံ ကြားရသည်။ ကျန်းပေါင်သည် ပထမထပ်ရှိ‌ ဧည့်တွေ့ခန်းကို ရောက်ဖို့ လှေကားထစ်ပေါင်း မြောက်များစွာကို ဆင်းလာပြီးမှ အဆောင်အပြင်မှာ ပေါ့ပေါ့ပါးပါး ဝတ်စားထားပြီး ရပ်နေတဲ့ ဖူမင်ရှစ်ကို တွေ့လိုက်ရသည်။ ခရီးဝေး လမ်းလျှောက်ရာမှာ လွယ်တဲ့ မီးခိုးရောင် ကျောပိုးအိတ်တစ်လုံးကို သူ့ကျောပေါ်မှာ လွယ်ထားသည်။ သူ့ပုံစံက တက္ကသိုလ်ကျောင်းသားတစ်ယောက်အလား။

ကျန်းပေါင်က “ ဘာလို့ ဒီလောက် အစောကြီး ရောက်နေတာလဲ။ ” ဟု ခပ်တိုးတိုး မေးလိုက်သည်။

“ အိပ်ရာ စောစော ထလို့ အစောကြီး ရောက်နေတာပေါ့။ ” ဖူမင်ရှစ်က သူမရဲ့ ကျောပိုးအိတ် အလေးကြီးကို လက်လွှဲယူရင်း “ ဒီထဲမှာ ဘာတွေ အဲ့လောက်တောင် ထည့်ထားတာလဲ။ ” ဟု မေးသည်။

ကျန်းပေါင်က သူမရဲ့ အတွင်းခံကို သူ တွေ့သွားမှာ စိုး၍ ကျောပိုးအိတ်ကို အမြန် ပြန်လုယူလိုက်သည်။ “ ရေဘူး နှစ်ဘူးနဲ့ ထီးတစ်ချောင်းတည်းပါ … ”

“ အကုန်လုံး ငါ့ကို ပေးလိုက်။ ” ဖူမင်ရှစ်က သူမရဲ့ ပစစ္စည်းတွေကို ပြောင်းထည့်ဖို့အတွက် သူ့ကျောပိုးအိတ်ကို ဖွင့်ပေးသည်။ ကျန်းပေါင်က လေးလံတဲ့ ပစ္စည်းတွေကို နာခံစွာပဲ သူ့ကျောပိုးအိတ်ထဲ ထည့်လိုက်သည်။ အဲ့လို ထည့်နေရင်းနှင့် သူ့ကျောပိုးအိတ်ထဲမှာလည်း အိတ်လေး တစ်လုံး ရှိတာကို အမှတ်မထင် သတိထားမိသွားသည်။ ဖူမင်ရှစ်လည်း သူ့အတွင်းခံတွေကို ထိုအိတ်ထဲမှာ သိမ်းထားလောက်တယ် ဆိုတာကို တွေးမိတော့ ကျန်းပေါင်ရဲ့ မျက်နှာက ပူထူသွားသည်။

ဖူမင်ရှစ်က ကျောပိုးအိတ်ကို ဇစ်ပိတ်နေဆဲ ဖြစ်၍ သူမဘာသာ အရင်ဆုံး ထွက်လာခဲ့လိုက်သည်။ A တက္ကသိုလ် ကန်တင်းမှာ မနက်စာ‌အတွက် ရွေးချယ်စရာတွေ အတော်လေး စုံလင်သည်။ မနက်ပိုင်း စောသေး၍ ကန်တင်းထဲမှာ လူအနည်းငယ်သာ ရှိပါသည်။ ကျန်းပေါင် မနက်စာ စားနေစဉ်မှာ ဖန့်ရွယ်လည်း ကန်တင်းကို မနက်စာ လာစားတာ တွေ့လိုက်ရသည်။ ဖန့်ရွယ်က သူမကို မြင်တော့ လင်ဗန်းလေးကို သယ်လျက် ရောက်လာခဲ့ပြီး ဖူမင်ရှစ်ကို စနောက်သည်။

“ ရှင်က အစောကြီး ရောက်နေတာ ကျန်းပေါင်ကို အရမ်း လွမ်းလို့လား ၊ ဒါမှမဟုတ် ကျွန်မတို့ကျောင်းက မနက်စာကို စားချင်လို့လား။ ”

ဖူမင်ရှစ်က ကျန်းပေါင်ကို အပြုံးလေးဖြင့် ကြည့်လိုက်တော့ ကျန်းပေါင် ရှက်သွေးဖြာသွားသည်။ သို့သော် ဖန့်ရွယ်ကတော့ ဖူမင်ရှစ်ရဲ့ နူးညံ့သော အပြုံးကို ငေးခနဲ ဖြစ်သွားမိသည်။ ဖူမင်ရှစ်ကို ငေးနေရင်း သူမဘက်ကို သူ လှည့်ကြည့်လာတာကို အာရုံခံမိ၍ အမြန် အကြည့်လွှဲပြီး မနက်စာ စားခြင်းကိုသာ အာရုံစိုက်ထားလိုက်ရသည်။ တစ်ခါတလေ သူ့ကို ခိုးကြည့်မိနေတာက လွဲလို့ပေါ့လေ … ။

သူမက မင်ကျစ်နျဉ်ကို အထက်တန်းကျောင်းကတည်းက တစ်ဖက်သတ် သဘောကျလာခဲ့ပြီး A တက္ကသိုလ်ကို ရောက်ချိန်မှာ မင်ကျစ်နျဉ်က ကျန်းပေါင်ကို စိတ်ဝင်စားနေကြောင်း သိလိုက်ရ၍ သူမရဲ့ လမ်းကို ဝင်ရှုပ်မှာကို နည်းနည်းလေး စိတ်ပူမိခဲ့သည်။ ဒါပေမဲ့ ဖူမင်ရှစ်နှင့် အနီးကပ် ထိတွေ့ဆက်ဆံပြီးနောက်မှာတော့ ဖန့်ရွယ်တစ်ယောက် လုံးဝ စိတ်မပူတော့ပေ။ အနည်းဆုံးတော့ ရုပ်ရည်အားဖြင့်ပဲဆိုဆို ၊ စရိုက် သဘောထားဖြင့်ပဲဆိုဆို မင်ကျစ်နျဉ်က ကျန်းပေါင်ရဲ့ ကောင်လေးကို မယှဉ်နိုင်ပါ။

ဖန့်ရွယ်သည် စိတ်အေးသွားပြီး နုနယ်လှပသော ကျန်းပေါင်ကို မနက်စာ စားရင်း ကျိတ်မနာလိုဖြစ်နေမိသည်။ ကျန်းပေါင်နှင့် ဖူမင်ရှစ်က သူမထက် အရင် စားပြီးသွားသည်။ သူတို့က ဖန့်ရွယ်ရဲ့ အပြည့်နီးပါး ရှိနေသေးသော လင်ဗန်းကို ကြည့်ကာ သူမကို စောင့်ခိုင်းရအောင် မလုပ်ချင်တာမို့ ဖန့်ရွယ်ကပဲ သူတို့နှစ်ယောက်ကို အပြုံးလေးဖြင့် အရင် သွားခိုင်းလိုက်သည်။

ကျန်းပေါင်က သူမ တစ်ယောက်တည်းသာ ဆိုလျှင် ဖန့်ရွယ်ကို စောင့်နေပေးဖို့ ဝန်လေးမှာ မဟုတ်ပေမဲ့ အခုတော့ ဖူမင်ရှစ်ပါ ရှိနေတာကြောင့် နှုတ်ဆိတ်သွားသည်။ သူ ဖန့်ရွယ်အနားမှာ သက်သောင့်သက်သာ မရှိတာကို သတိထားမိ၍ ကျန်းပေါင်က ကျင့်ဝတ်တွေ ၊ ဘာတွေအတိုင်း လုပ်မနေတော့ဘဲ အိတ်ကို လွယ်ကာ ဖန့်ရွယ်အား နှုတ်ဆက်စကား ပြောပြီးနောက် ကျောင်းဂိတ်ပေါက်မှာ ဆုံဖို့ သဘောတူလိုက်သည်။

ဖန့်ရွယ်သည် ထွက်ခွာသွားတဲ့ သူတို့နှစ်ယောက်ကို ကြည့်ရင်း ဖူမင်ရှစ်က ကျန်းပေါင်ရဲ့ လက်တစ်ဖက်ကို လှမ်းကိုင်လိုက်တာကို သတိထားမိ၏။ ကျန်းပေါင်က ရုန်းနေပေမဲ့ သူကတော့ မြဲမြံစွာ ဆုပ်ကိုင်ထားခဲ့သည်။ မထူးခြားသော အပြုအမူလေး ဖြစ်သော်လည်း ထိုအမျိုးသားရဲ့ ကျန်းပေါင်အပေါ် ထားတဲ့ ချစ်ခင်မြတ်နိုးမှု ၊ ဂရုစိုက်မှုကို ဖော်ပြနေသည်။

ဖန့်ရွယ် ရုတ်တရက်ပဲ မနက်စာ ဆက်စားချင်စိတ် မရှိတော့ပါ။ သူမလည်း ကောင်လေး လိုချင်သည်လေ။ သူမလည်း မင်ကျစ်နျဉ် သူမကို အဲ့ဒီလို ဆက်ဆံပေးတာ လိုချင်သည်။

~

ဖူမင်ရှစ်က ကျန်းပေါင်ရဲ့ လက်ကို တွဲရင်း A တက္ကသိုလ်ပရဝုဏ်ထဲမှာ လမ်းပတ်လျှောက်နေပြီးမှ လူစုဖို့အတွက် ကျောင်းဂိတ်ပေါက်သို့ စိတ်လက်ပေါ့ပါးစွာ လျှောက်လာခဲ့လိုက်သည်။

ဆောင်းဦးရာသီ အပျော်ခရီးအတွက် ဖူမင်ရှစ် အပါအဝင် စုစုပေါင်း လူ ( ၁၅ ) ယောက် ရှိသည်။ သူတို့ထဲက ( ၅ ) ယောက်ကသာ မိန်းကလေး ဖြစ်ပြီး အလှဆုံး မိန်းကလေး ကျန်းပေါင်က ချစ်သူကောင်လေးကို ခေါ်လာခဲ့သည်။ မွေးရပ်မြေ တစ်ခုတည်းက လူတွေရဲ့ တွေ့ဆုံပွဲမှာ တစ်ယောက်တည်းသော အပြင်လူ ဖြစ်နေတဲ့ ဖူမင်ရှစ်က အတော်လေး ထင်းထွက်နေသည်။ ပြီးတော့ သူက စကားနည်းပြီး ဘယ်သူနှင့်မှ တက်တက်ကြွကြွ မိတ်ဆွေမဖွဲ့တာကြောင့် ချက်ချင်းပဲ သီးခြားဖြစ်နေပုံပေါ်ခဲ့သည်။

မင်ကျစ်နျဉ်က မီနီဘတ်စ်တစ်စီး ငှားရမ်းထားသည်။ ဘတ်စ်ပေါ်ကို လူတိုင်း တက်ပြီးသောအခါ သူက “ A တက္ကသိုလ် ” ဆိုတဲ့ အမှတ်သင်္ကေတလေး ပါတဲ့ တင်းနစ်ဦးထုပ် အဖြူရောင်လေးတွေကို တစ်ယောက်ချင်းစီ လိုက်ဝေပေးခဲ့သည်။ တင်းနစ်ဦးထုပ်တွေကို လိုက်ဝေပေးရင်း “ ငါတို့ အဲ့ဒီကို ရောက်ရင် ဦးထုပ်ဆောင်းထားဖို့ မမေ့နဲ့နော်။ အဲ့ဒါမှ လူစုမကွဲမှာ။ ” လို့ စနောက်နေခဲ့သည်။

ဖူမင်ရှစ်နှင့် ကျန်းပေါင်တို့ ထိုင်နေတဲ့ ဘတ်စ်ကားနောက်ဖျားပိုင်းကို ရောက်တော့ မင်ကျစ်နျဉ်က သူတို့နှစ်ယောက် လက်ချင်း တွဲထားတာကို ချက်ချင်း သတိထားမိသွားသည်။ သူက ဖူမင်ရှစ်အား အလွန် ရွှင်ပျသော အပြုံးလေးဖြင့် ဦးထုပ် တစ်လုံး ပေးလိုက်သည်။ “ ကျန်းပေါင်ကို စိတ်ပူစရာ မလိုပါဘူး။ သူ့မှာ သူ့ကို ဂရုစိုက်ပေးမယ့် မိသားစု ရှိပါတယ်။ ”

ကားအရှေ့ပိုင်းကနေ အားပေးသံတွေ ၊ စနောက်သံတွေ ထွက်ပေါ်လာသည်။ ကျန်းပေါင်ကတော့ ခေါင်းငုံ့ကာ ဦးထုပ်ဆောင်းရင်း ပန်းသီးလုံးလေးသဖွယ် နီရဲနေတဲ့ သူမရဲ့ မျက်နှာလေးကို ဖုံးကွယ်ဖို့ ကြိုးစားနေခဲ့လေသည်။

ဖူမင်ရှစ်က “ ကျေးဇူးတင်ပါတယ်။ ” ဟု ယဉ်ကျေးစွာ ပြောကာ ဦးထုပ်ကို ယူလိုက်သည်။ မင်ကျစ်နျဉ်ကတော့ ပြုံးရုံသာ ပြုံးပြီး ကားအရှေ့ပိုင်းကို ပြန်သွားပါသည်။ ဖူမင်ရှစ်သည် ဦးထုပ်ကို တစ်ချက် ကြည့်ပြီး ဘေးမှာ ချထားလိုက်၏။ သူ ပတ်ဝန်းကျင်ကို မေ့လျော့ပြီး ကျန်းပေါင်ရဲ့ နားရွက်နားကို ကပ်လိုက်သည်။

“ ငါတို့ ကားပေါ်က ဆင်းရင် ငါနဲ့ အနီးဆုံးမှာပဲ နေနော်။ အဲ့ဒါမှ မင်း လမ်းမပျောက်မှာ။ ”

သူ့ရဲ့ ဝင်‌လေထွက်လေ နွေးနွေးကြောင့် သူမရဲ့ နားရွက်မှာ ယားယံသွားတာကြောင့် ကျန်းပေါင်က ဇက်လေး ပုလိုက်မိခြင်းနှင့်အတူ သူ့ရဲ့ စနောက်သော လေသံကိုလည်း သတိမထားမိလိုက်ပါ။ ဖူမင်ရှစ်က သူမရဲ့ လက်ကို စိတ်အားတက်ကြွစွာ ဖျစ်ညှစ်လိုက်သည်။

အနည်းဆုံး နှစ်နာရီကြာမည် ဖြစ်သော လမ်းခရီးမှာ မင်ကျစ်နျဉ်က ရေသန့်ဘူးတွေကို ကားအရှေ့ပိုင်းမှာ ဝေပေးနေခဲ့သည်။ ဖူမင်ရှစ်က တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး ကျန်းပေါင် ထုပ်လာတဲ့ ရေဘူး နှစ်ဘူးကို ယူကာ “ တစ်ဘူးက ငါ့အတွက်လား။ ” ဟု မေးလိုက်သည်။

ကျန်းပေါင်သည် သူ ဘာလို့ မေးတာလဲ ဆိုတာ နားမလည်ပေမဲ့ ခေါင်းညိတ်ပြလိုက်၏။ သူ့အတွက် မဟုတ်လို့ ဘယ်သူ့အတွက် ယူလာရမှာလဲ … ။

ဖူမင်ရှစ်က ရေသန့်ဘူး နှစ်ဘူးကို ဘေးချင်းယှဉ် ချထားလိုက်သည်။ သူ့အတွက် ကျန်းပေါင် ရေသန့်ဘူးတွေ ဝယ်လာတာကို တွေးမိသောအခါ အတိုင်းထက်အလွန် ပျော်ရွှင်မိသည်။ မင်ကျစ်နျဉ် ရောက်လာချိန်မှာတော့ သူက ပဟေဋိဆန်သော ၊ အဓိပ္ပာယ် မပြတ်သားသော အပြုံးတစ်ပွင့်ဖြင့် သတ္တုဆားရေ တစ်ဘူးကို ကိုင်ထားခဲ့သည်။

သူ့အပြုံးမျက်နှာဟာ ရေဘူးဝေပေးဖို့ ရောက်လာတဲ့ မင်ကျစ်နျဉ်ကို ဒေါသထွက်သွားစေပြီး ကားအရှေ့ပိုင်းကို ပြန်လှည့်သွားစေခဲ့ပါသည်။

***

All Chapters