← Chapters

အခန်း ၂၉

Vol. 3 Ch. 29

အခန်း ၂၉

Vol. 3 Ch. 29

အပိုင်း ( ၂၉ )

ပထမတန်းစား အခန်းထဲမှာ မာစတာအိပ်ခန်း တစ်ခန်းနှင့် ရိုးရိုးအိပ်ခန်း တစ်ခန်း ရှိသည်။ ဘယ်လိုပဲဖြစ်ဖြစ် ရိုးရိုးအိပ်ခန်းထဲမှာ လူလွတ်နေတာမို့ ဖန့်ရွယ်က ထိုအခန်းကို မျက်နှာပြောင်တိုက်စွာ မောင်ပိုင်စီးလိုက်သည်။

ကျန်းပေါင်က မာစတာအိပ်ခန်းတံခါးကို ပိတ်ရင်း တိုးတိုးလေး သက်ပြင်းချလိုက်သည်။ လျှို့ဝှက်ချက်ကို ထိန်းသိမ်းဖုံးကွယ်နေရတာ အတော်လေး ပင်ပန်းစရာကောင်းပေမဲ့ အဲ့လို မဖုံးကွယ်လျှင်လည်း ဖူမင်ရှစ်ရဲ့ သရုပ်မှန်နှင့် သူတို့ရဲ့ ရူးနှမ်းသော စေ့စပ်ကြောင်းလမ်းခြင်းက အတင်းအဖျင်းမျိုးစုံကို သေချာပေါက် ဆွဲဆောင်ပါလိမ့်မည်။ ကျန်တာ မပြောနှင့် ၊ ဖူမင်ရှစ်က ရှားယင် ဆိုတဲ့ ရုပ်ရှင်မင်းသမီးနှင့် ဧည့်ခံပွဲမှာ စကား သုံး လေးခွန်းပဲ ပြောဖူးတာတောင် အတင်းအဖျင်းတွေ ၊ သတင်းတွေ အများကြီး ထွက်လာခဲ့တာပါ။

သူမနှင့် ဖူမင်ရှစ်ရဲ့ ဆက်ဆံရေးအကြောင်းသာ လူတွေ သိသွားရင် … ။ စင်ဒရဲလားပုံပြင်တွေက လှပပြီး ရင်ခုန်စရာကောင်းသော်လည်း လက်တွေ့ဘဝမှာတော့ အရပ်ရှည် ၊ ရုပ်ချောပြီး ချမ်းသာတဲ့ ယောက်ျားတစ်ယောက်နှင့် ပတ်သက်မိတဲ့ ၊ ဆင်းရဲတဲ့ မိန်းကလေးတစ်ယောက်ဟာ မီဒီယာတွေရဲ့ သတင်းတွေ ၊ ပွဲကြည့်သူတွေရဲ့ အခြေအမြစ်မရှိသော စကားတွေအလယ်မှာ ဖူမင်ရှစ်ရဲ့ အဖြည့်ခံ ဖြစ်သွားလိမ့်မည်။ သူမရဲ့ ရုပ်ရည်ကို အသုံးချပြီး ဖူမင်ရှစ်ကို မြှူဆွယ်ခဲ့တာလို့ နာမည်တပ်ခံရလိမ့်မည်။

ကျန်းပေါင် အဲ့ဒီလို အာရုံစိုက်မှုမျိုးတွေကို မလိုချင်ပါ။ နောက်ပိုင်းမှာ သူမဘာသာ အချိန်ပိုင်းအလုပ်တွေ လုပ်ပြီး စားဝတ်နေရေးအတွက် ပိုက်ဆံရှာမည် ၊ ကျောင်းလခအတွက် ပညာသင်ဆုတွေ ရအောင် စာကြိုးစားမည်။ သူတို့ရဲ့ ဆက်ဆံရေးကို လူတွေ သိသွားတဲ့ အချိန်မှာ သူမကိုယ်သူမ ပံ့ပိုးထောက်ပံ့နိုင်တဲ့ အနေအထားတစ်ခုကို ရောက်နေဖို့ မျှော်လင့်မိသည်။

ကျန်းပေါင် ပစ္စည်းတွေကို ထည့်နေတုန်းမှာပဲ ဖန့်ရွယ်က အိပ်ရာနိုးလာခဲ့သည်။ တံခါးပွင့်သွားချိန်မှာ ကျန်းပေါင်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အိတ်ကို လွယ်မထားတဲ့အတွက် ဖူမင်ရှစ်က သူမ အဆင်သင့် မပြင်ရသေးဘူးလို့ ထင်သွားပြီး အခန်းထဲကို ဝင်ဖို့ ခြေကြွလိုက်သည်။

ကျန်းပေါင်က သူ ထပ်ပြီး လက်ရဲဇက်ရဲနိုင်မည်ကို စိုးရိမ်သောကြောင့် အခန်းထဲကို ချောင်းကြည့်ပြီး “ အထဲမှာ ဖန့်ရွယ်လည်း ရှိတယ် ၊ ဒီည ကျွန်မနဲ့ အတူတူ အိပ်မယ်တဲ့။ ” ဟု ခပ်တိုးတိုး ပြောလိုက်တော့ ဖူမင်ရှစ်ရဲ့ ဖြောင့်တန်းသော မျက်ခုံးတွေက တွန့်ချိုးသွားလေသည်။

ကျန်းပေါင်သည် သူ သဘောမကျမှန်း နားလည်သော်လည်း ရိုးရိုးအိပ်ခန်းထဲမှာ လူလွတ်နေ‌၍ ဖန့်ရွယ်က အိပ်ခွင့်ပေးဖို့ တောင်းဆိုနေတာကို သူမအနေဖြင့် ငြင်းဆန်စရာ အကြောင်းပြချက် မရှိပါ။ သူမက အနိုင်ကျင့်ခံရနေပုံဖြင့် ခေါင်းလေး ငုံ့ထားလျှင် ဖူမင်ရှစ်လည်း မျက်နှာတည်ကြီးဖြင့် ဆက်မနေနိုင်တော့ဘဲ သူမကို သူ့ရင်ခွင်ထဲ ဆွဲခေါ်ကာ နားရွက်နားကို ကပ်၍ ပြောလိုက်သည်။

“ ငါက မင်းကို သူ့ကို နေခွင့်ပေးတဲ့အတွက် အပြစ်တင်နေတာ မဟုတ်ပါဘူး။ နောက်ပိုင်းမှာ မင်း အရမ်း သဘောကောင်းလွန်းရင် အတန်းဖော်တွေ ၊ လုပ်ဖော်ကိုင်ဖက်တွေဆီမှာ အခွင့်အရေးယူခံရမှာ စိုးရိမ်လို့ပါ။ ”

လူတိုင်းက အားနည်းတဲ့ လူတွေကို အနိုင်ကျင့်တတ်ကြသည်။ သူ့ရဲ့ စိုးရိမ်ပူပန်နေတဲ့ မိဘတစ်ယောက်လို လေသံတွေက ကျန်းပေါင်အား အတောမသတ်နိုင်အောင် ရယ်မောမိစေသည်။ သူမက ဖူမင်ရှစ်ကို တွန်းဖယ်ရင်း “ ကျွန်မ အဲ့လောက် မတုံးပါဘူး။ ” ဟု ကတိပေးလိုက်သည်။ သူမအတွက် အပန်းမကြီးတဲ့ ကိစ္စဆို ကူညီပေးနိုင်ပေမဲ့ တကူးတက အပင်ပန်းခံ ၊ အလုပ်ရှုပ်ခံပြီး ကူညီနေမှာတော့ မဟုတ်ပါ။

ဖူမင်ရှစ်က သူမကို ဆက်လက် စနောက်ချင်သေးပေမဲ့ အိတ်ကို သယ်လျက် တစ်ဖက်ခြမ်းက ထွက်လာတဲ့ ဖန့်ရွယ်က သူ့ကို မြင်တော့ “ ရှင်က အရမ်း ချမ်းသာတာပဲ။ ” ဟု ပျော်မြူးရွှင်ပျစွာ အော်ပြောသည်။

ဖူမင်ရှစ်ရဲ့ မျက်နှာကတော့ အေးစက်တာမျိုးလည်း မရှိ ၊ နွေးထွေးတာမျိုးလည်း မရှိဘဲ တည်ငြိမ်လျက်သာမို့ ဖန့်ရွယ် အနည်းငယ် အိုးတိုးအမ်းတမ်း ဖြစ်သွားသည်။ သူမက အောက်ထပ်ကို ဆင်းတဲ့ လှေကားထစ်တွေပေါ်မှာ ကျန်းပေါင်ဘေးတွင် တမင် ရပ်နေခဲ့ပြီး ဖူမင်ရှစ်နှင့် စကားပြောဖို့ ထပ်မကြိုးစားတော့ပေ။

ဟိုတယ်လော်ဘီမှာတော့ မင်ကျစ်နျဉ်က ဖူမင်ရှစ် ဘိုကင်တင်ထားတဲ့ အခန်းဟာ အမှန်တကယ်ပဲ ပထမတန်းစား အခန်း ဖြစ်ကြောင်း ကောင်မလေးတွေနှင့်အတူ အတည်ပြုနိုင်ခဲ့သည်။ ဒါပေမဲ့ သူလည်း အဲ့လို အခန်းမျိုးကို တတ်နိုင်ပါသည်။ သူ့မှာ ကျန်းပေါင်ကို အသေးစိပ် ဂရုစိုက်ပေးဖို့ အခွင့်အရေးမရှိရုံသာ။ ပုံမှန်ဆို နှမြောတွန့်တိုတဲ့ ဖူမင်ရှစ်က ရုတ်တရက်ကြီး လူတိုင်းရှေ့မှာ ကြွားလုံးထုတ်နေတယ် ဆိုကတည်းက သူ့မိသားစုနောက်ခံက အဲ့လောက် ချမ်းသာကြွယ်ဝတာ မဟုတ်ဘဲ ကျန်းပေါ်ရှေ့မှာ ကြွားဝါချင်ရုံသာ ဖြစ်ပါလိမ့်မည်။

“ မင်း ပထမတန်းစား အခန်းကို ဘိုကင်တင်ထားတယ်လို့ ကြားတယ် မင်ရှစ်။ ” မင်ကျစ်နျဉ်က ဖူမင်ရှစ်ကို အပြုံးလေးဖြင့် နှုတ်ဆက်လိုက်တော့ ဖူမင်ရှစ်က သူ့ကို ပြန်ကြည့်ကာ ခပ်ယဲ့ယဲ့ ပြုံး၍ ပါးစပ်က ထုတ်မပြောဘဲ ဟုတ်မှန်ကြောင်း ဝန်ခံသည်။

“ မင်းက အရမ်း ချမ်းသာတာပဲ။ ဒါဆို မင်း ဒီည ငါတို့ကို ညစာ လိုက်ကျွေးပါလား။ ” ဟု မင်ကျစ်နျဉ်က စနောက်လိုက်သည်။ သူ့စကားကို တခြား ကောလိပ်ကျောင်းသား ၊ ကျောင်းသူတွေကလည်း ဝိုင်းထောက်ခံကြသည်။

“ ပြဿနာ မရှိပါဘူး။ ” ဖူမင်ရှစ်က သူ့လက်တစ်ဖက်ကို ကျန်းပေါင်ရဲ့ ပခုံးပေါ် တင်ကာ သူမကို ကြည့်ရင်း ပြောလိုက်သည်။ “ ကျန်းပေါင်နဲ့ ကျွန်တော်နဲ့က တစ်ကျောင်းထဲ တက်ခဲ့ရတာ မဟုတ်တော့ ကျေးဇူးပြုပြီး ပြဿနာ တစ်ခုခု ရှိလာရင် သူ့ကို ဂရုစိုက်ကြပေးပါ။ ”

ကျန်းပေါင်က ဖန့်ရွယ်နောက်မှာ အိုးတိုးအမ်းတမ်း ပုန်းကွယ်နေခဲ့သည်။ မင်ကျစ်နျဉ်က ထိုမြင်ကွင်းကို မကျေမနပ် ကျောပေးလိုက်ပြီး အကုန်လုံးကို ဝိုင်စက်ရုံသို့ လေ့လာရန် ခေါ်လာခဲ့လိုက်သည်။

ဝိုင်စက်ရုံ ဖြစ်တဲ့အလျောက် ဝိုင်အရသာခကို မြည်းစမ်းကြည့်ခြင်းလည်း သဘာဝကျစွာ ပါဝင်သည်။ စုစုပေါင်း လူ ( ၁၅ ) ယောက် ရှိတာကြောင့် မင်ကျစ်နျဉ်က ယွမ် ( ၁၀၀၀၀ ) တန်ဖိုးရှိသော ဝိုင်နီ သုံးပုလင်း မှာယူလိုက်သည်။ သူ ပိုက်ဆံရှင်းတဲ့ အချိန်မှာ သူ့ကတ်ဒ်ကို ဘယ်သူမှ မမြင်အောင် ဖုံးကွယ်ထားခဲ့သော်လည်း ဒီဝိုင်ပုလင်းကို ဝိုင်နီတွေ ထားတဲ့ စင်ပေါ်မှာ ရှင်းရှင်းလင်းလင်း မြင်နိုင်သော ဈေးနှုန်းကပ်၍ ခင်းကျင်းပြသထားတာ ဖြစ်သည်။

ကောလိပ်ကျောင်းသား ၊ ကျောင်းသူတွေဟာ ဖူမင်ရှစ်ရဲ့ ရက်ရောမှုကို တိတ်တဆိတ် ပင့်သက်ရှိုက်မိသည့်တိုင် သူတို့မှာ ဒီလိုမျိုး ဆင်ဖြူတော်မှီပြီး ကြံစုပ်နိုင်တဲ့ အသိမိတ်ဆွေ ကျောင်းသားတစ်ယောက် ရှိနေတာကိုလည်း စိတ်လှုပ်ရှား ပျော်ရွှင်နေကြသည်။ ဝိုင်အရသာကို မြည်းစမ်းနေချိန်မှာ မင်ကျစ်နျဉ်က ဖူမင်ရှစ်ကို တိတ်တိတ်လေး စောင့်ကြည့်နေခဲ့သည်။

ဝိုင်ဖန်ခွက်ကို ကိုင်ထားတဲ့ ဖူမင်ရှစ်က ပြုံးနေပြီး ကျန်းပေါင်နှင့် ဖန်ခွက်ချင်း ထိတိုက်လိုက်သည်။ ထိုအခါ ဖန့်ရွယ်က သူတို့နှစ်ယောက်ကို ကြည့်ပြီး တစ်ယောက်ရဲ့ ဖန်ခွက်ကို တစ်ယောက် အချင်းချင်း လဲသောက်ဖို့ တိုက်တွန်းသည်။

ဖူမင်ရှစ်သည် ကျန်းပေါင်ရဲ့ ကျောင်းနေဖက် သူငယ်ချင်းတွေကို သိပ်သဘောမကျသော်လည်း ဒီတစ်ခေါက်တော့ ဘေးပတ်ဝန်းကျင်က အားပေးသံတွေကို ကြားသည်နှင့် သူ့နှုတ်ခမ်းထောင့်စွန်းတွေ ကော့တက်သွားပြီး ကျန်းပေါင်ရဲ့ တုံ့ပြန်စကားကို စောင့်နေခဲ့သည်။

ကျန်းပေါင်ကတော့ ရှက်ရွံနေသော မျက်နှာရဲရဲလေးနှင့် ငြင်းဆန်ပြီး ခြေနှစ်လှမ်း နောက်ဆုတ်သွားကာ ဖန်ခွက်ချင်း လဲမသောက်ရရေးအတွက် သူမရဲ့ ဖန်ခွက်ထဲက ဝိုင်နီတွေကို တစ်ကျိုက်တည်း မော့သောက်ခဲ့သည်။ ဖူမင်ရှစ်က သူမကို မစနောက်လိုက်နိုင်တဲ့အတွက် အတော်လေး နှမြောတသ ဖြစ်ရသည်။

ဝိုင်နီကို မြည်းစမ်းပြီးချိန်မှာ ရှုခင်းလှတဲ့ နေရာ နှစ်ခုကို ဖြည်းဖြည်းချင်း လည်ပတ်ပြီးနောက် ညစာစားဖို့ အချိန်ကျရောက်လာခဲ့သည်။ ရှုခင်းလှတဲ့ နေရာတစ်ဝိုက်မှာ ဟိုတယ် အကောင်းစားတွေ ရှိသလို ယာတဲအိမ်လေးတွေလည်း ရှိသည်။ ဖူမင်ရှစ်က တစ်ယောက်ကို ယွမ် ( ၁၀၀ ) တောင် မကျတဲ့ ယာတဲအိမ်လေးသို့ အဖွဲ့ကို ခေါ်သွားခဲ့သည်။

လူတိုင်းရဲ့ အမြင်မှာ သူက အများကြီး မျှော်လင့်ထားခဲ့တဲ့ လူချမ်းသာတစ်ယောက် ဖြစ်သော်လည်း သူက စံချိန်စံနှုန်းကို ရုတ်တရက် နှိမ့်ချပစ်လိုက်သောအခါ တချို့လူတွေရဲ့ မျက်နှာပေါ်မှာ စိတ်ပျက်သွားသော အမူအရာတွေ ပေါ်လာခဲ့သည်။ သို့သော် ဖူမင်ရှစ်ကတော့ ထိုလူတွေကို ဂရုမစိုက်ဘဲ ကျန်းပေါင်နား ကပ်ကာ “ ဒီစားသောက်ဆိုင်က ဈေးပေါတယ်နော်။ မင်း ကျေနပ်ပြီလား။ ” ဟု ခပ်တိုးတိုး မေးလိုက်သည်။

ကျန်းပေါင်က ခေါင်းငုံ့ထားလျက်မှ ပြုံးလိုက်သည်။ သူမရဲ့ အပြုံးက နူးညံ့သော်လည်း အလွန် ကျေနပ်ပျော်ရွှင်နေတဲ့ အပြုံးတစ်ပွင့် ဖြစ်ပါသည်။

ကျောင်းသားတွေကြားထဲမှာ ထိုင်နေတဲ့ မင်ကျစ်နျဉ်သည် ဖူမင်ရှစ်အား ပိုက်ဆံနှမြောတွန့်တိုသည်ဟု ပွင့်ပွင့်လင်းလင်း ဝေဖန်ရလောက်အောင် သဘောထား မသေးသိမ်သော်လည်း ဒါက ဖူမင်ရှစ်ဟာ သာမန်မိသားစုက လာသူ ဖြစ်ကြောင်း အတည်ပြုပေးလိုက်တာပင်။ သူ အလွန် ဝမ်းသာသွားသလို အနာဂတ်မှာ ကျန်းပေါင်ကို ဆက်လိုက်ဖို့လည်း ယုံကြည်မှုတိုးသွားသည်။

“ အိမ်ချင်း နီးတဲ့ လူကိုပဲ လက်ထပ်ပါ ” ဆိုတဲ့ ဆိုရိုးစကားလိုပါပဲ။ ရှေ့ဆက် ပညာသင်ရမယ့် တက္ကသိုလ် စာသင်နှစ်တွေ အများကြီး ရှိနေတာမို့ ကျန်းပေါင်နှင့် ဖူမင်ရှစ်ရဲ့ အလှမ်းဝေးတဲ့ အချစ်ရေးကသာ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားရင် … ။ သူက ကျန်းပေါင်ရဲ့ ချစ်စရာကောင်းသော ဘေးတစောင်း မျက်နှာလေးဆီ အကြည့်ရောက်သွားကာ အောင်မြင်ဖို့ ယုံကြည်ချက် အပြည့် ရှိနေသည်။

ညဘက် ရောက်လာတော့ လူတိုင်းက ဟိုတယ်ကို ပြန်လာခဲ့ကြသည်။ ထင်ထားတဲ့အတိုင်း ဖန့်ရွယ်က ကျန်းပေါင်နှင့်အတူ အခန်းထဲကို မျက်နှာပြောင်တိုက်စွာ လိုက်သွားသည်။ ဖူမင်ရှစ်က သူတို့နှစ်ယောက်ကို အခန်းရှေ့ထိ လိုက်ပို့ပေးပြီးမှ သူ့အခန်းထဲကို ပြန်လာကာ လက်ထောက်ကို ဖုန်းဆက်လိုက်သည်။

နာရီဝက်အကြာမှာတော့ မင်ကျစ်နျဉ်ရဲ့ အခန်းရှေ့ကို ဟိုတယ်ဝန်ထမ်းလေးတစ်ယောက် ရောက်လာခဲ့သည်။ တစ်ယောက်တည်း နေတဲ့ မင်ကျစ်နျဉ်က တစ်စုံတစ်ယောက်ဟာ သူ့အတွက် ပစ္စည်းပို့ပေးလိုက်တယ် ဆိုတဲ့ ဟိုတယ်ဝန်ထမ်းလေးရဲ့ စကားကို ကြားသောအခါ စိတ်ရှုပ်ထွေးစွာ တံခါးသွားဖွင့်ပေးလိုက်သည်။

“ လူကြီးမင်းက မင်ကျစ်နျဉ်ပါလားခင်ဗျာ။ ” ဟု ဟိုတယ်ဝန်ထမ်းလေးက အပြုံးလေးဖြင့် မေးတော့ မင်ကျစ်နျဉ် ခေါင်းညိတ်ပြကာ ထိုဝန်ထမ်းလေးရဲ့ လက်ထဲက လက်ဆောင်ဘူးကို ကြည့်လိုက်သည်။ ဝန်ထမ်းလေးက လူမှန်ကြောင်း အတည်ပြုပြီးနောက် လက်ဆောင်ဘူးကို သူ့လက်ထဲ ဂရုတစိုက် ထည့်ပေးကာ ပြန်သွား၏။

မင်ကျစ်နျဉ်က ထောင့်ချိုး တစ်ခုနောက်ကို ထိုဝန်ထမ်းလေး ချိုးကွေ့ပျောက်ကွယ်သွားတော့မှ အခန်းတံခါး ပိတ်ကာ လက်ဆောင်ဘူးကို မျက်မှောင်ကြုတ်၍ ဖွင့်ကြည့်လိုက်သည်။ ဘူးထဲမှာ ဝိုင်နီ တစ်ပုလင်း ရှိပြီး ဝိုင်နီပုလင်းပေါ်မှာ‌ စာတန်းတစ်ခု ကပ်ထားတာ တွေ့ရသည်။

မင်ကျစ်နျဉ်ရဲ့ နှလုံးသားထဲမှာ တင်းကြပ်သွားသည်။ သူ ဝိုင်နီတွေအကြောင်း နည်းနည်းပါးပါး သိသည်။ လက်ဆောင်ဘူးကို ဘေးချပြီး ဖုန်းကို ယူကာ အွန်လိုင်းပေါ်မှာ ရှာဖွေကြည့်လိုက်လျှင် တစ်မိနစ်အကြာမှာပဲ ရလဒ်ထွက်လာခဲ့သည်။ ဒီဝိုင်နီပုလင်းက ကိန်းဂဏန်း ( ၆ ) လုံးစာ တန်ဖိုးရှိပါသည်။

ည ရှစ်နာရီထိုးချိန်မှာ တံခါးခေါက်သံနှင့်အတူ “ ငါပါ ရှစ်မင်။ ” ဟူသော မင်ကျစ်နျဉ်ရဲ့ အသံကိုပါ ကြားလိုက်ရသည်။ ဖူမင်ရှစ်က သူ့ဖုန်းကို အေးအေးဆေးဆေး ဘေးချလိုက်ပြီးမှ အခန်းတံခါး သွားဖွင့်ပေးလိုက်သည်။ သူက အနက်ရောင် ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး မျက်ခုံးတန်းတွေ ထင်ရှားပေါ်လွင်ကာ တသီးတခြား နေတတ်သော အသွင်သဏ္ဍာန် ရှိသည်။

နက်မှောင်သော မျက်လုံးအကြည့်က မင်ကျစ်နျဉ်အပေါ် ကျရောက်သွားတော့လည်း မင်ကျစ်နျဉ်ဟာ အရေးမပါတဲ့ လူတစ်ယောက်လိုမျိုး ဘယ်လို လှုပ်ရှားမှုမှ မရှိပါ။

သူက ခန္ဓာကိုယ်ကျစ်လျစ်ပြီး အများကြားမှာ ထင်းထွက်နေသော အရှိန်အဝါရှိသည်။ တက္ကသိုလ်ကျောင်းသားအဖြစ် ဟန်ဆောင်ခဲ့တုန်းကလည်း အကြည့်မလွှဲချင်စရာ ခပ်ချောချော ကျောင်းသားလေးတစ်ယောက် ဖြစ်ခဲ့သည်။ အခု ဇိမ်ခံ ပထမတန်းစား အခန်းထဲမှာ ရပ်နေတော့လည်း ရင့်ကျက်တည်ငြိမ်တဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ရဲ့ အရှိန်အဝါတွေ ဖြာထွက်နေပြန်သည်။

မင်ကျစ်နျဉ်သည် ဖူမင်ရှစ်ရဲ့ အဲ့ဒီလို ပုံစံကို ကြည့်ကာ သူ ဒီကောင့်အကြောင်းကို ဘာမှ မသိခဲ့ဘူးပဲလို့ ရုတ်တရက် ခံစားလိုက်ရ၏။

“ ဒါက ငါ့အတွက်လား။ ” မင်ကျစ်နျဉ်က နှုတ်ခမ်းထောင့်စွန်းတွေကို ခပ်တင်းတင်း စေ့ပိတ်ထားရင်း ဝိုင်ပုလင်းကို ကိုင်ထားခဲ့သည်။

“ ကျန်းပေါင်က ဒီဆောင်းဦးရာသီ ခရီးစဉ်ကို အရမ်း သဘောကျတယ်။ ဒါက ငါ ပေးနိုင်တဲ့ အသေးအဖွဲ လက်ဆောင်လေးပါပဲ။ ” ဖူမင်ရှစ်က ဘေးချင်းကပ်ရက်ရှိ ဧည့်ခန်းထဲကို အကြည့်ဖြန့်ကျက်ကာ ဘေးကို ရွှေ့၍ မင်ကျစ်နျဉ်အား အထဲဝင်ဖို့ ကြိုဆိုလိုက်သည်။

မင်ကျစ်နျဉ်က သူ့ဆီမှာ လုံလုံလောက်လောက် လှောင်ပြောင်ခံပြီးသွားပြီမို့ ခေါင်းငုံ့ထားရင်း ဝိုင်ပုလင်းကို ပြန်ပေးလိုက်သည်။ “ ဒါက ကျောင်းသားတွေရဲ့ ပျော်ပွဲရွှင်ပွဲလေးပါ။ မင်းက အရမ်း ယဉ်ကျေးလွန်းနေပါပြီ။ ဒါဆို ငါ့မှာ လုပ်စရာလေးတွေ ရှိလို့ အရင် သွားနှင့်ဦးမယ်။ ”

သူက ထိုသို့ ပြောပြီးသည်နှင့် ဝိုင်ပုလင်းကို ကြမ်းပြင်ပေါ် ချကာ လှည့်ထွက်လာခဲ့လိုက်သည်။ ဒီလက်ဆောင်ကို ငြင်းဆန်တာက သူ့မှာလည်း ကျောထောက်နောက်ခံ ရှိတယ် ဆိုတဲ့ အဓိပ္ပာယ်ပင်။ ဖူမင်ရှစ်က ဧည့်ခန်းထဲက ထွက်လာပြီး သူ့ကို တည်ငြိမ်စွာ လှမ်းခေါ်လိုက်သည်။ မင်ကျစ်နျဉ်က ခြေလှမ်းရပ်သွားသော်လည်း နောက်ကို လှည့်မကြည့်ဘဲ အရှေ့ကိုသာ မျက်နှာမူထားဆဲ။

တက္ကသိုလ်ကျောင်းသားလေးရဲ့ ပခုံးတွေဟာ ရှိန်စရာကောင်းတဲ့ ရန်သူတစ်ယောက်ကို ရင်ဆိုင်နေရသကဲ့သို့ တောင့်တင်းနေခဲ့သည်။ ဖူမင်ရှစ်က ခပ်ယဲ့ယဲ့ ပြုံးပြီး တိုးတိတ်စွာ ပြောလိုက်သည်။ “ မင်းနဲ့ တွေ့ရတာ ဝမ်းသာပါတယ်။ ငါ မင်းကို အကြံဉာဏ် သုံးခု ပေးလိုက်မယ်။ ပထမ အကြံဉာဏ်က ကျန်းပေါင်က မင်းကို သူငယ်ချင်းအနေနဲ့ပဲ မြင်တယ် ၊ သူ့ကို အထင်မသေးပါနဲ့။ ဒုတိယ အကြံဉာဏ်က အမျိုးကောင်းသားတွေက မိန်းမလှလေးတစ်ယောက်ကို သင့်တော်တဲ့ နည်းလမ်းနဲ့ပဲ ချစ်တယ်။ တတိယ အကြံဉာဏ်ကတော့ မင်းကို တကယ် ချစ်တဲ့ မိန်းကလေးတစ်ယောက်ကို ရှာပါ ၊ သူနဲ့ တွဲရတာက အများကြီး ပိုပျော်စရာကောင်းလိမ့်မယ်။ ”

သူ့မှာ တက္ကသိုလ်ကျောင်းသားတစ်ယောက်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ဖို့ ရည်ရွယ်ချက် မရှိပါ။ ဒီလို လုပ်ခြင်းအားဖြင့် မင်ကျစ်နျဉ် အချိန်မီ ရပ်တန့်ပြီး ကျန်းပေါင်ကို ဆက်မနှောင့်ယှက်တော့ဖို့သာ မျှော်လင့်သည်။ ကျန်းပေါင်က မင်ကျစ်နျဉ်ရဲ့ ရည်ရွယ်ချက်တွေကို အခုထိ သတိမပြုမိသေးပါ။

မင်ကျစ်နျဉ်က သူမကို ဖြတ်ခုတ်ဖို့ ဆက်ကြိုးစားနေလျှင် ထိုအကြောင်းကို ကျန်းပေါင် သိသွားသည်နှင့် တစ်ပြိုင်နက် အရှက်ရခြင်းကို ရှောင်ရှားဖို့အတွက် သူမ မြတ်နိုးတဲ့ ကျောင်းသားအဖွဲ့အစည်းထဲကနေပါ နှုတ်ထွက်သွားနိုင်သည်။ ဖူမင်ရှစ်က ကျန်းပေါင်ကို အဲ့လိုမျိုး ကျဉ်းထဲကြပ်ထဲ မရောက်စေချင်။

မင်ကျစ်နျဉ်က လူငယ်တွေရဲ့ ကမှူးရှူးတိုးနိုင်သော မာန်မာနဖြင့် “ ငါက တတိယနှစ် ရောက်တာနဲ့ နိုင်ငံခြားမှာ ပညာသင်ဖို့ လျှောက်တော့မှာပါ။ ” ဟု ‌ပြောလိုက်သည်။ ဖူမင်ရှစ်ကတော့ အမြန် တပ်ဆုတ်ထွက်ခွာသွားတဲ့ မင်ကျစ်နျဉ်ကို ကြည့်ပြီး မျက်ခုံးပင့်လိုက်မိသည်။ သူ ပြုံးကာ တစ်ယောက်တည်း ခေါင်းခါယမ်းလိုက်သည်။

ဒါပေမဲ့ ဒီဝိုင်ကတော့ … ။ ပိုက်ဆံနှင့် ဝယ်ပြီးသွားပြီမို့ မသောက်ဘဲ ထားရင် ဖြုန်းတီးရာရောက်ပါလိမ့်မည်။ သူမက ဖြုန်းတီးတာကို အမုန်းဆုံး ဖြစ်သည်။

ဖူမင်ရှစ် ရယ်မောလိုက်သည်။ သူ ဝိုင်ပုလင်းကို ကောက်ယူပြီး အခန်းထဲကို ပြန်ဝင်ခဲ့သည်။ ငါးမိနစ်အကြာမှာတော့ ကုတ်အင်္ကျီ ဝတ်၍ ခရီးဝေးလမ်းလျှောက်ရာမှာ လွယ်သည့် ကျောပိုးအိတ်ကို လွယ်လျက် သူမရဲ့ အခန်းတံခါးကို သွားခေါက်လိုက်သည်။

ထိုအချိန်မှာ ကျန်းပေါင်က ရေချိုးပြီးခါစသာ ရှိသေးပြီး မာစတာအိပ်ခန်းထဲမှာ လေမှုတ်စက်ဖြင့် ဆံပင်ကို လေမှုတ် အခြောက်ခံနေခဲ့သည်။ လေမှုတ်စက်ရဲ့ တဝီဝီ အသံက တံခါးခေါက်သံကို ဖုံးလွှမ်းနေ၍ သူမကတော့ မကြားလိုက်ပါ။

တီဗီကြည့်နေတဲ့ ဖန့်ရွယ်ကသာ ဆိုဖာပေါ်က ချက်ချင်း ထ ၊ ဆံပင်တွေကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြုပြင်ပြီး ခြေညှပ်ဖိနပ် အပါးလေးဖြင့် တံခါးသွား‌ဖွင့်ပေးလိုက်၏။ ဖူမင်ရှစ်ကို မြင်တော့ ဖန့်ရွယ်က သူ့ဝတ်စားထားပုံကို ကြည့်ပြီး ပြုံးလိုက်သည်။ “ အပြင်ထပ်သွားမလို့လား။ ကျန်းပေါင်က ဆံပင်လေမှုတ်နေတယ်။ အထဲဝင်ပြီး ခဏလောက် ထိုင်စောင့်နေလိုက်လေ။ ”

ည ရှစ်နာရီပဲ ရှိသေးတာမို့ အချိန်က စောပါသေးသည်။ ဖူမင်ရှစ်က အင်းလို့ ခပ်တိုးတိုး ပြောပြီး အခန်းထဲကို ဝင်လာခဲ့လိုက်သည်။

ကော်ဖီစားပွဲပေါ်မှာ မုန့်တချို့ ရှိသည်။ သူက ဆိုဖာကို တစ်ချက် ကြည့်ပြီး သီးခြားဧည့်ခန်းထဲမှာပဲ ကျန်းပေါင်ကို သွားစောင့်နေလိုက်သည်။ ဖန့်ရွယ်က လူတွေနှင့် ခပ်ခွာခွာ နေတဲ့ ဖူမင်ရှစ်ကြောင့် သူမ ပြင်ဆင်ထားတဲ့စကားလေးတွေကို ပြန်မျိုချလိုက်ရသည်။ ထို့နောက် အနေရခက်ခြင်းကို ချေဖျက်ဖို့အတွက် မာစတာအိပ်ခန်းတံခါးဝကို သွားကာ အသံကျယ်ကျယ်နှင့် အော်ပြောလိုက်သည်။

“ ကျန်းပေါင်ရေ … ဒီမှာ မင်ရှစ်က နင့်ကို လာစောင့်နေတယ်နော်။ မြန်မြန်လုပ်။ ”

ကျန်းပေါင်က ထိုစကားကို ကြားသည်နှင့် ဆံပင်လေမှုတ်စက်ကို ချက်ချင်း ခလုတ်ပိတ်ပြီး အဝတ်အစားလဲ၍ ဆံပင်တွေကို သပ်ရပ်အောင် ပြုပြင်ရင်း အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။

***

All Chapters