← Chapters

အခန်း ၃၀

Vol. 3 Ch. 30

အခန်း ၃၀

Vol. 3 Ch. 30

အပိုင်း ( ၃၀ )

လှုပ်ရှားသံတွေကြောင့် ဖူမင်ရှစ်လည်း သီးခြားဧည့်ခန်းထဲမှ ထွက်လာသောအခါ သူမရဲ့ နီရဲနေသော ချစ်စရာ မျက်နှာလေးကို စက္ကန့်ပိုင်းလောက် စိုက်ကြည့်နေမိပြီးမှ စိုစွတ်နေဆဲ ဆံပင်တွေဆီ အကြည့်ရောက်သွားသည်။

ကျန်းပေါင်က သူ့ဘေးကို လျှောက်သွားပြီး နားမလည်နိုင်မှု အပြည့်ဖြင့် “ ကိစ္စ တစ်ခုခု ဖြစ်ထားတာလား။ ” ဟု မေးလိုက်သည်။ ဘေးမှာ ဖန့်ရွယ်လည်း ရှိနေတာမို့ ဖူမင်ရှစ်က ဘာမှ ပြန်မပြောဘဲ သူမရဲ့ ဆံပင်လေးတွေကိုသာ နားရွက်နောက်သို့ သပ်တင်ပေးလိုက်သည်။

“ ဒီနေရာက ညရှုခင်းက အရမ်း လှတယ်။ ငါ မင်းကို လမ်းပတ်လျှောက်ရအောင် ခေါ်သွားချင်တယ်။ အပြင်မှာ လေတွေ အရမ်း တိုက်လို့ မင်းရဲ့ ဆံပင်ကို အရင်ဆုံး ခြောက်အောင် သုတ်လိုက်ဦး။ ”

သူ့အသံဟာ နူးညံ့သည် ၊ သူ့အပြုအမူတွေဟာ နီးနီးကပ်ကပ် နွေးနွေးထွေးထွေး ရှိသည်။ ကျန်းပေါင်က ဖန့်ရွယ်ကို ဖျတ်ခနဲ လှည့်ကြည့်လိုက်တော့ ဖန့်ရွယ်ကလည်း သူတို့ကို ကြည့်နေတာကို တွေ့ရသည်။ ကျန်းပေါင်သည် မာစတာအိပ်ခန်းထဲကို အမြန် ပြန်ပြေးသွားကာ သူမရဲ့ ဆံပင်တွေကို လေမှုတ်လိုက်ပါသည်။ ဖူမင်ရှစ်က ဧည့်ခန်းထဲမှာ ဆက်စောင့်နေသည်။

ဖန့်ရွယ်က LCD ဖန်သားပြင်ကို စိုက်ကြည့်နေရင်းမှ ကျန်းပေါင်ရဲ့ ဆံပင်ကို သပ်တင်ပေးနေတဲ့ ဖူမင်ရှစ်ရဲ့ ပုံရိပ်တွေကို သူမစိတ်ထဲမှာ ပြန်မြင်ယောင်နေမိသည်။ ချစ်သူရည်းစားတွေကြား မထူးဆန်းတဲ့ သာမန် အပြုအမူလေးတွေ ဖြစ်သော်လည်း ဖူမင်ရှစ်နှင့် ကျန်းပေါင်တို့ လုပ်တဲ့အခါ ရုပ်ရှင်ဇာတ်ဝင်ခန်းတွေထက်တောင် ပိုရင်ခုန်စရာကောင်းသည်။ မြင်သူတိုင်းကိုလည်း ရင်ခုန်မှုကို တောင့်တစေ ၊ အားကျစေသည်။ သူမက နှုတ်ခမ်းကိုက်ပြီး ဖုန်းကို ယူကာ မင်ကျစ်နျဉ်ထံ မက်ဆေ့ခ်ျပို့လိုက်သည်။

မင်ကျစ်နျဉ်က သူ့အခန်းထဲကို ပြန်ရောက်လာပြီး အိပ်ရာထဲမှာ လဲလျောင်းကာ သတိလက်လွတ် တွေဝေငေးမောနေတာ မကြာသေးပါ။ ကျန်းပေါင်က လှသည် ၊ နုနယ်သိမ်မွေ့ကာ ချစ်စရာကောင်းသည်။ တိရစ္ဆာန်ငယ်လေးတွေကို ဂရုစိုက်ချိန်မှာ ကျန်းပေါင်ရဲ့ အမြော်အမြင်ရှိမှုနှင့် အပြုံးတို့က သူ့အား သူမနှင့် နီးကပ်စေချင်သည်။ သူက တဖြည်းဖြည်း လောဘတက်လာကာ သူမမှာ ကောင်လေး ရှိပြီးသား ဆိုတာကိုတောင် ဂရုမစိုက်ဘဲ သူ့ကောင်မလေး ဖြစ်စေချင်ခဲ့သည်။

ဒါပေမဲ့ ဒီညမှာတော့ ဖူမင်ရှစ်က ထိုဝိုင်နီပုလင်းနှင့် သူ့ကို မျက်နှာဖြတ်ရိုက်သွားကာ လောဘတက်နေတဲ့ သူ့ကို ရုတ်တရက် အသိစိတ်ကပ်သွားစေခဲ့သည်။ ဖူမင်ရှစ် ပြောတာ မှန်ပါသည်။ သူက ဖူမင်ရှစ်ရဲ့ မိသားစုနောက်ခံကိုသာမက ကျန်းပေါင်ကိုလည်း အထင်သေးခဲ့မိသည်။ ကျန်းပေါင်က ငွေမက်တဲ့ ကပ်ပါးနွယ်ပင်လို မိန်းကလေးမျိုး မဟုတ်ပါ။

သေချာ ပြန်တွေးကြည့်တော့မှ နေ့လယ်စာစားတုန်းက သူမကို ဇိမ်ခံဟိုတယ်မှာ လိုက်ကျွေးခဲ့ပေမဲ့ ကျန်းပေါင်ကတော့ ဘာစကားမှ သိပ်မပြောဘဲ သူမရှေ့မှာ ရှိတဲ့ ဟင်းလျာတွေကိုသာ အလွန် ယဉ်ကျေးစွာဖြင့် ယူစားခဲ့သည်။ ညစာစားတော့ ဖူမင်ရှစ်က သူတို့ကို ယာတဲအိမ်လေးကို ခေါ်သွားပေမဲ့ ကျန်းပေါင်က တစ်ချိန်လုံး ပြုံးနေခဲ့ပြီး ဟင်းလျာတွေကို အကြိမ်ပေါင်းများစွာ ခပ်ထည့်နေခဲ့သည်။

ဖူမင်ရှစ်က သိသာထင်ရှားစွာပင် ကျိကျိတက် ချမ်းသာတာတောင် အမြဲတမ်း သိုသိုသိပ်သိပ် နေထိုင်ခဲ့တာကလည်း ကျန်းပေါင်က ရိုးရှင်းမှုကို သဘောကျလို့ပဲ မဟုတ်လား … ။ အခြေအနေမှန်ကို တွက်ဆပြီးနောက်မှာ မင်ကျစ်နျဉ်တစ်ယောက် ကိုယ့်ကိုယ်ကိုယ် ရယ်ချင်စွာ မျက်နှာကို ပိတ်ရိုက်လိုက်မိသည်။

ကျန်းပေါင်ကို ပိုးပန်းတာက သူ့ဘဝမှာ ရှက်စရာအကောင်းဆုံး ကိစ္စ ဖြစ်နိုင်သည်။ သူ့ကို ဒီအသက်အရွယ်မှာ သင်ခန်းစာပေးတဲ့ ဖူမင်ရှစ်ကိုပဲ ကျေးဇူးတင်ရမည်။ သူကိုယ်တိုင်က ပိုက်ဆံချမ်းသာသည်ဟု ငွေဂုဏ်မောက်ကာ တခြားလူတွေကို အထင်သေးပြီး သူ အမြဲတမ်း မုန်းခဲ့တဲ့ အခွင့်ထူးခံ လူချမ်းသာ ဒုတိယမျိုးဆက် ကလေးတွေလို ဖြစ်သွားတော့မလို့ပင်။

ထိုအချိန်မှာပဲ သူ့ဖုန်းထဲကို WeChat မက်ဆေ့ခ်ျဝင်သံ တင်ခနဲ ကြားလိုက်ရသောကြောင့် မင်ကျစ်နျဉ်က သက်ပြင်းရှည်ကြီး မှုထ်ထုတ်ပြီး သူ့ဖုန်းကို လှမ်းယူကာ ဖွင့်ကြည့်လိုက်သည်။

ဖန့်ရွယ် : မင်ရှစ်က ဒီနေရာက ညရှုခင်းက အရမ်း လှလို့ ညီမတို့ကိုပါ လမ်းလျှောက်ထွက်ချင်လားလို့ ခေါ်နေတယ်။ အစ်ကိုရော အတူဆူ လိုက်ချင်လား။ မဟုတ်ရင် သူနဲ့ ကျန်းပေါင်က ချစ်ကြည်နူးပြနေရင် ညီမ တစ်ယောက်တည်း အနေရခက်လိမ့်မယ်။

မင်ကျစ်နျဉ်သည် ထိုမက်ဆေ့ခ်ျကို စိုက်ကြည့်ရင်း စကားလုံးနှင့် ဖော်ပြလို့ မရလောက်အောင် ရယ်မိသည်။ သူ့ကိုယ်သူ တုံးလှပြီ ထင်တာ သူ့ထက် ပိုတုံးတဲ့ နောက်တစ်ယောက် ရှိနေသေးတာပဲ … ။

လက်ရှိအချိန်မှာ ဟိုတယ်ထဲမှာ ရှိနေတဲ့ လူတွေထဲမှာ ဖူမင်ရှစ် သဘောမကျဆုံး လူတွေကို အစဉ်လိုက် စီလျှင် သူက ဒုတိယ ဖြစ်ပြီး ဖန့်ရွယ်ကတော့ ပထမ ဖြစ်လိမ့်မည်။ ဖူမင်ရှစ် အဲ့ဒီဝိုင်နီပုလင်းကို တစ်ပုလင်းလုံး ကုန်အောင် သောက်ပြီး မူးမနေလျှင် ဖန့်ရွယ်ကိုပါ အတူတူ ခေါ်ဖို့ ဘယ်တော့မှ အကြံပြုမှာ မဟုတ်ပေ။

မင်ကျစ်နျဉ် ပြုံးပြီး စာရိုက်လိုက်သည်။ [ အစ်ကို ဒီနေ့ ပင်ပန်းနေလို့ အိပ်တော့မယ်။ ညီမတို့နှစ်ယောက်ပဲ ကောင်းကောင်း ပျော်ခဲ့ပါ။ ]

ဖန့်ရွယ်က ထိုပြန်စာလေးကို ဖတ်ကာ ခါးသီးစွာ စာပြန်လိုက်သည်။ [ အင်းပါ။ ဂွတ်နိုက်ပါ။ ]

ငါးမိနစ်အကြာမှာတော့ ဆံပင်ကို လေမှုတ် အခြောက်ခံပြီးသွားတဲ့ ကျန်းပေါင်က အခန်းထဲက ထွက်လာခဲ့သည်။ ဖူမင်ရှစ်က သူမရဲ့ ဆံပင်တွေကို နောက်တစ်ခေါက် ပွတ်သပ်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ “ မင်းဆံပင်တွေက စိုထိုင်းထိုင်း ဖြစ်နေတုန်းပဲ။ အောက်ထပ်ကို သွားပြီး မင်းအတွက် ဦးထုပ်ဝယ်ရအောင်။ ”

ဖန့်ရွယ်က ကျွတ်ခနဲ တိတ်တိတ်လေး စုပ်သပ်လိုက်မိသည်။ ဇိမ်ခံဟိုတယ်ကြီးထဲမှာ ရှိတဲ့ ဆိုင်တွေက ဈေးပေါတဲ့ ပစ္စည်းတွေကို သေချာ‌ပေါက် ရောင်းချမှာ မဟုတ်ပါ။

ကျန်းပေါင်က အခန်းထဲက ထွက်ခါနီးမှာ ဆိုဖာပေါ်က သူမရဲ့ အတန်းဖော်လေးကို ကြည့်ပြီး ယဉ်ကျေးစွာ မေးလိုက်သည်။ “ ဖန့်ရွယ်ရော လိုက်ချင်လား။ အတူတူ သွားရအောင်လေ။ ”

ဖူမင်ရှစ်က သူ့နှုတ်ခမ်းတွေကို မသိမသာ ခပ်တင်းတင်း စေ့ပိတ်ထားလိုက်သည်။ ဖန့်ရွယ်က တီဗီကိုသာ စိုက်ကြည့်နေပြီး နည်းနည်းလေးမှ နေရာမရွှေ့ဘဲ ရယ်မောသည်။ “ အပြင်မှာ လမ်းမီးရောင်တွေ အများကြီး ရှိပြီးသားပါ။ ငါ နင်တို့ရဲ့ ဖယောင်းတိုင်မီးရောင်လေးကို လိုက်မနှောင့်ယှက်ချင်ပါဘူးဟာ။ ”

သူမက ငတုံး မဟုတ်တာမို့ သူတို့ရဲ့ ချစ်ခြင်းမေတ္တာတွေ ၊ ချမ်းသာကြွယ်ဝမှုတွေအကြောင်း ကြွားဝါတာကို အရူးတစ်ယောက်လို လိုက်ကြည့်မှာ မဟုတ်ပါ။

ကျန်းပေါင်က အစကတည်းက ဖန့်ရွယ် လိုက်မှာ မဟုတ်ဘူးလို့ ထင်ထားပြီးသား ဖြစ်သည်။ တိကျသေချာတဲ့ တုံ့ပြန်စကားကို ရရှိပြီးနောက် ဖူမင်ရှစ်နောက်ကို နာခံစွာ လိုက်လာခဲ့လိုက်သည်။ အောက်ထပ်ကို ရောက်တော့ ဖူမင်ရှစ်က သူမအတွက် ဦးထုပ်တစ်လုံး ရွေးချယ်ပေး၏။ ဘယ်ဘက်ခြမ်းမှာ ဖဲပြားလေး တပ်ဆင်ထားပြီး နားရွက် နှစ်ဖက်လုံးကို ဖုံးသည့် နို့နှစ်ရောင် ချည်သားဦးထုပ်လေး ဖြစ်သည်။

“ အရမ်း ချစ်စရာကောင်းတယ်။ ” ဖူမင်ရှစ်က သူမကို ဦးထုပ် ကူဆောင်းပေးနေရင်းမှ သူမရဲ့ နားရွက်နားကို ကပ်၍ ပြောလိုက်သည်။ မှန်ထဲက သူမရဲ့ ပုံရိပ်လေးကို ကြည့်လိုက်ချိန်မှာ သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားလျှင် ကျန်းပေါင်က မျက်နှာလေး ရဲသွားခဲ့သည်။

ဖူမင်ရှစ်က သူမကို နွေးနွေးထွေးထွေးဖြစ်အောင် ဂရုစိုက်ပေးပြီးသောအခါ သူမရဲ့ လက်ကို ဆွဲ၍ ဟိုတယ်ထဲမှ ထွက်လာခဲ့သည်။ အပြင်ဘက်မှာ ဥရောပစတိုင် မြို့ငယ်လေး ရှိသည်။ နှစ်ဖက်လုံးက အဆောက်အအုံတွေဟာ အပန်းဖြေစံအိမ်ငယ်လေးတွေ ဖြစ်ပြီး မီးအလင်းရောင်တွေ လင်းထိန်တောက်ပနေသည်။

ကမ္ဘာလှည့်ခရီးသွားတွေက စားသောက်ဆိုင်တွေထဲမှာ ထမင်းစားတဲ့ လူက စား ၊ စိတ်လက်ပေါ့ပါးစွာ လမ်းလျှောက်တဲ့ လူက လျှောက်ဖြင့် တချို့ကတော့ ရပ်တန့်ကာ ဓာတ်ပုံရိုက်နေခဲ့ကြသည်။ ညလေညင်းက အနည်းငယ် အေးစက်နေပြီး မီးရောင်တွေက ရေမျက်နှာပြင်ပေါ်မှာ လင်းဖြာကျနေသည်။ သူတို့ခေါင်းပေါ်က ကြယ်စုံကောင်းကင်ကတော့ အကြည့်မလွှဲချင်စရာကောင်းလောက်အောင် လှပလွန်းပြီး အလယ်ဗဟိုရှိ နဂါးငွေ့တန်းဟာ အဆုံးအစကို မမြင်နိုင်တဲ့ အတောက်ပဆုံး ပုလဲလည်ဆွဲ တစ်ကုံးနှင့် တူသည်။

မြို့တော်ရဲ့ လတ္တီကျုက C မြို့တော်ရဲ့ လတ္တီကျုထက် မြင့်တာမို့ မြေပြင်ပေါ်မှာ ရပ်နေတဲ့အခါ ကောင်းကင်ကြီးက သူတို့နှင့် နီးနေသလို ခံစားရသည်။ ဒီလို ညရှုခင်းမျိုးကို ကျန်းပေါင် အလွန် သဘောကျသည်။

“ ဒီမှာ ထိုင်ရအောင်။ ” သူမက ညရှုခင်းရဲ့ အလှမှာ မျောနေတုန်းမှာ ဖူမင်ရှစ်က လူသူကင်းရှင်းကာ ရှုခင်းလှသော နေရာလေး တစ်ခုကို ရွေးချယ်ခဲ့သည်။ သူက အရင်ဆုံး ထိုင်လိုက်တော့ သူမလည်း သူ့ဘေးမှာ ဝင်ထိုင်လိုက်သည်။

“ ဝိုင်နီ သောက်ချင်လား။ ” ဟု ဖူမင်ရှစ်က သူမဘက်ကို ခေါင်းလေး စောင်းငဲ့၍ မေးတော့ ကျန်းပေါင်က ခေါင်းခါယမ်းပြလိုက်သည်။ “ ဝိုင်နီအရသာက အရမ်း ထူးဆန်းတယ်။ ”

ဖူမင်ရှစ်က ပြုံးလိုက်သည်။ “ ပထမတော့ ဝိုင်နီအရသာနဲ့ အသားကျဖို့ နည်းနည်း အချိန်ယူရတာပေါ့။ နောက်ပိုင်းကျရင် မင်း ကြိုက်သွားပါလိမ့်မယ်။ ” သူ ထိုသို့ ပြောနေစဉ်မှာပဲ ဝိုင်နီ တစ်ပုလင်းဟာ သူမရှေ့မှာ မျက်လှည့်ဆန်စွာ ဘွားခနဲ ပေါ်ပေါက်လာခဲ့သည်။ အဲ့ဒီတော့မှပဲ ကျန်းပေါင်ကလည်း သူ ကျောပိုးအိတ် လွယ်လာတဲ့ ရည်ရွယ်ချက်ကို သဘောပေါက်သွားသည်။

ဖူမင်ရှစ်က ဝိုင်ဖန်ခွက် နှစ်ခွက်ကိုပါ ထုတ်ယူလိုက်လျှင် သူမအနေဖြင့် သူ ဝိုင်ပုလင်း ဖွင့်နေတုန်းမှာ ဖန်ခွက် နှစ်ခွက်ကို ကိုင်ထားပေးရုံသာ တတ်နိုင်ပါတော့သည်။

“ တော်ပြီ။ ” လေက အရမ်း မပြင်းပေမဲ့ ကျန်းပေါင်က သောက်ရတာ မကြိုက်သဖြင့် သူ့ကို အရမ်း အများကြီး မထည့်ခိုင်းပါ။ ဖူမင်ရှစ်က ဝိုင်ဖန်ခွက်ရဲ့ သုံးပုံ တစ်ပုံ ထည့်ပေးပြီး သူ့အတွက်လည်း အနည်းငယ် ထည့်လိုက်သည်။ ကျန်းပေါင် နည်းနည်းလေး ရေဆာနေသောကြောင့် အရင်ဆုံး တစ်ငုံ သောက်ကြည့်လိုက်သည်။

ဖူမင်ရှစ်က “ နေ့ခင်းတုန်းက သောက်ခဲ့တဲ့ ဝိုင်နီအရသာနဲ့ ယှဉ်ကြည့်ရင် ဘယ်လို နေလဲ။ ” ဟု ခပ်တိုးတိုး မေးတော့ ကျန်းပေါင်က ထိုအရသာကို ပြန်လည်တွေးတောကာ နှမြောတသ ပြောလိုက်သည်။ “ အတူတူလောက်ပါပဲ။ ”

အရသာက အတူတူလောက်ပဲမို့ ‌ဈေးနှုန်းကလည်း ကိန်းဂဏန်း ( ၄ ) လုံးလောက် ရှိလိမ့်မည်။ မင်ကျစ်နျဉ်ရော ၊ ဖူမင်ရှစ်ရော နှစ်ယောက်လုံးမှာ ပိုက်ဆံရှိသည်။ သူတို့နေရာမှာ သူမသာ ဆိုလျှင် ယွမ်ထောင်ချီသော ပိုက်ဆံတွေနှင့် သေချာပေါက် ဝိုင်ဝယ်နိုင်မှာ မဟုတ်ပေ။ ထိုအစား ဖြည်းဖြည်းချင်း စုဆောင်းသွားလျှင် တစ်နှစ်စာ ကျူရှင်လခအတွက် လုံလောက်လိမ့်မည်။

ဖူမင်ရှစ်က ပြုံးရုံသာ ပြုံးလိုက်ပြီး သူမကို ဈေးနှုန်းပြောမပြတော့ပါ။ နှစ်ယောက်အတူ ဝိုင်သောက်ရင်း ၊ စကားစမြည် ပြောရင်း ကျန်းပေါင်သည် ရေချိုးပြီးနောက် ရေမသောက်ခဲ့ရသည့်အတွက် ရေဆာနေသည်။ အခု ဝိုင်နီကို ရေလို သောက်လိုက်ရသဖြင့် တစ်ခွက် သောက်ပြီး နောက်တစ်ခွက် ထပ်သောက်ချင်လာခဲ့သည်။ ဖူမင်ရှစ်က သူမအတွက် နောက်ထပ် သုံးပုံ တစ်ပုံ ထပ်ထည့်ပေးပြီး ထိုခွက်ကိုလည်း ခဏအကြာမှာပဲ သူမ အကုန်အစင် သောက်ပြီးသွားခဲ့သည်။

နောက်ဆုံးတော့ ကျန်းပေါင်တစ်ယောက် လုံလောက်သွားပြီဟု ခံစားလိုက်ရကာ သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးလာသည်။ ကျန်းပေါင်က သူမရဲ့ မျက်နှာကို လက်နှင့် အုပ်ရင်း အပူချိန်ကို စစ်ဆေးကြည့်လိုက်သည်။

ဖူမင်ရှစ်က “ မူးနေပြီလား။ ” ဟု ခပ်တိုးတိုး မေးလိုက်သည်။ ကျန်းပေါင်ကတော့ ဘာမှ ပြန်မဖြေနိုင်တော့ပါ။ သူမဘဝမှာ တစ်ခါမှ အရက်မသောက်ဖူးတဲ့အတွက် အရက်မူးတာက ဘယ်လိုမျိုးလဲ ဆိုတာလည်း မသိ။ တီဗီထဲမှာတော့ အရက်မူးနေတဲ့ လူတွေက ဒယိမ်းဒယိုင်နှင့် အမြင်အာရုံ ဝေဝါးနေတတ်သည်။ ကျန်းပေါင် လှည့်ကြည့်လိုက်တော့ သူမဘေးက ဖူမင်ရှစ်ရဲ့ မျက်နှာချောချောက ရှင်းလင်းပြတ်သားဆဲပါပဲ။

“ မင်း ဘာကို ကြည့်နေတာလဲ။ ” အရည်စိုလဲ့နေသော သူမရဲ့ မျက်လုံးလေးတွေထဲမှာ ဟိုးအဝေးက မီးရောင်တွေက အလင်းဟပ်နေသည်။ ဖူမင်ရှစ်က အကြည့်မလွှဲနိုင်ဘဲ ဝိုင်ဖန်ခွက်လေးကို ဘေးမှာ ဖြည်းဖြည်းချင်း ချထားလိုက်သည်။

ကျန်းပေါင်က သူ့မေးခွန်းရဲ့ အဖြေကို အခုမှ ရှာတွေ့သွားပုံဖြင့် အဝေးကို ငေးကြည့်ကာ ‌ရယ်မောလိုက်သည်။ “ ဟင့်အင်း … မမူးပါဘူး။ ”

ကျန်းပေါင် တစ်ဖက်ကို လှည့်လိုက်ချိန်မှာပဲ သူမရဲ့ မေးစေ့ကို ရုတ်တရက် ဆုပ်ကိုင်ခံလိုက်ရကာ အရှေ့ကို တွန်းဆွဲခံလိုက်ရ၏။ သူမမျက်စိရှေ့မှာ မြင်နေရတာက ဝိုင်နီကို အရသာခံနေတဲ့ ဖူမင်ရှစ်ရဲ့ နှုတ်ခမ်းတွေဟာ သူမရဲ့ နှုတ်ခမ်းပေါ်ကို တဖြည်းဖြည်း ရောက်လာခြင်းပဲ ဖြစ်သည်။ သူ့ရဲ့ အေးစက်စက် နှုတ်ခမ်းတွေနှင့် သူမရဲ့ မီးအလား ပူပြင်းနေသော နှုတ်ခမ်းတွေ ထိကပ်သွားချိန်မှာ ညလေညှင်းက ဝေ့ဝဲတိုက်ခတ်သွားသည်။

ကျန်းပေါင် မျက်လုံးမှိတ်ထားလိုက်ပါသည်။ ဖူမင်ရှစ်က သူမကို သူ့ရင်ခွင်ထဲသို့ ဆွဲခေါ်ကာ ငုံ့နမ်းရင်း သူ့ရင်ခွင်ထဲကနေ ရုန်းမထွက်နိုင်အောင် ချောင်ပိတ်ထားခဲ့သည်။ ဝိုင်နီရဲ့ အချိုအရသာဖျော့ဖျော့က သူတို့နှစ်ယောက်ရဲ့ နှုတ်ခမ်းတွေ ၊ သွားတွေကြားကို ဖြတ်သန်းစီးဆင်းသွားကာ အယ်လ်ကိုဟောလယ်ဗယ်နိမ့်နိမ့်ရဲ့ ဖုံးကွယ်ထားသော ပြင်းအားကလည်း သူ့ဟော်မုန်းတွေနှင့်အတူ မြင့်တက်လာခဲ့သည်။

ကျန်းပေါင်ဟာ ကိုယ့်ကိုယ်ကိုယ် အရက်မူးနေတာပဲလား ၊ သူ့ရဲ့ ပြင်းပြထက်သန်သော အထိအတွေ့ကြောင့် မူးဝေလာတာပဲလား မသိပေမဲ့ ဝါဂွမ်းစလေး တစ်စလို နူးညံ့ပျော့ဖတ်ကာ သူ့လက်မောင်းကို မှီရင်း သူ့စိတ်တိုင်းကျ ထိတွေ့ခွင့်ပေးထားခဲ့သည်။

သူမက အရက်မူးနေပေမဲ့ ဖူမင်ရှစ်ကတော့ သူ့အသိစိတ်ကို ထိန်းချုပ်နိုင်ပါသေးသည်။ သူက အရက်မူးချင်ယောင်ဆောင်ပြီး အရက်သောက်ထားတာကို အခွင့်ကောင်းယူကာ စိတ်အလိုလိုက်ချင်သော်လည်း မလုပ်နိုင်ပါ။ သူမက သူ့ကို အရမ်း ယုံကြည်ထားတာ ဖြစ်သည်။

“ ဖန့်ပေါင် … ” ဟု သူမရဲ့ နားရွက်နားကို ကပ်၍ ခေါ်လိုက်သော သူ့အသံက တိုးလျအက်ကွဲနေ၏။

ကျန်းပေါင်က သူ့ရင်ခွင်ထဲမှာ မှီတွယ်ကာ မျက်လုံးတွေကို ဖွင့်ထားရင်း တလက်လက် တောက်ပနေသော စိန်တုံးလေးတွေလို လင်းလက်တောက်ပတဲ့ ကြယ်ပွင့်လေးတွေ ပြည့်နှက်နေသည့် ကောင်းကင်ကြီးကို ငေးကြည့်နေမိသည်။ စိန်တွေက လှပသော်လည်း အေးလွန်းမက အေးလာသောကြောင့် သူ့ရင်ခွင်ထဲကို ပို၍ တိုးဝင်ကာ သူမရဲ့ နီရဲနေသော မျက်နှာလေးအား သူ့အဝတ်အစားတွေကတစ်ဆင့် ဖြတ်သန်းလာတဲ့ ကိုယ်အနွေးဓာတ်ကို ခံစားနိုင်လောက်အောင်ပင် သူ့ရင်ခွင်ထဲမှာ မျက်နှာအပ်ထားခဲ့လေသည်။

ဖူမင်ရှစ်က တစ်ဝက်တစ်ပျက် လျှောကျနေတဲ့ ချည်ဦးထုပ်လေးကို ကောက်ယူကာ သူမရဲ့ ခေါင်းပေါ်ကို ပြန်တင်ပေးလိုက်သည်။

“ လာ … တက် … ” ဖူမင်ရှစ်သည် ဝိုင်ပုလင်းတွေ ၊ ဖန်ခွက်တွေကို သိမ်းဆည်းပြီးနောက် ကျောပိုးအိတ်ကို ရင်ဘတ်ရှေ့မှာ လွယ်ကာ သူမရှေ့မှာ ဆောင့်ကြောင့်ထိုင်ပေးလိုက်၏။ မျက်လုံးဖွင့်ထားဖို့တောင် အရမ်း အိပ်ငိုက်နေတဲ့ ကျန်းပေါင်ကလည်း သူ့ကျောပေါ်ကို နာခံစွာ တွယ်တက်ကာ သူ့ပခုံးပေါ်မှာ မေးတင်၍ အသက်ရှူသံ ခပ်တိုးတိုး ထွက်နေခဲ့သည်။

ဖူမင်ရှစ်က သူမကို ကုန်းပိုးထားရင်း ပြုံးမိသည်။ အပြန်လမ်းမှာတော့ သူတို့နှစ်ယောက်ကို အဖော်ပြုပေးနေတဲ့ ကြယ်‌စုံကောင်းကင်က လွဲလို့ လမ်းပေါ်မှာ လူသူကင်းရှင်းနေခဲ့သည်။

ဖူမင်ရှစ်က ကျန်းပေါင်ကို ဟိုတယ်အနီးရှိ သစ်ပင်အောက်အထိ ကုန်းပိုးလာပြီးမှ နှိုးလိုက်သည်။ သူ ကျန်းပေါင်ကို ဟိုတယ်ထဲအထိ ကုန်းပိုးခေါ်သွားချင်ပေမဲ့ မလိုလားအပ်တဲ့ အထင်လွဲမှုတွေ ဖြစ်ပေါ်လာမှာ စိုးရိမ်သည်။ ညကြီးမင်းကြီးမှာ အရက်မူးပြီး အိပ်ပျော်နေတဲ့ မိန်းကလေးတစ်ယောက်ကို ‌ဟိုတယ်ထဲ ကုန်းပိုးခေါ်သွားတယ် ဆိုတာ ပြဿနာတက်နိုင်တဲ့ အချက်ပြ စကားလုံးတွေ ဖြစ်သည်။

လူဖြောင့်လူမှန်တစ်ယောက်က သူတို့ကို လာရောက်မေးမြန်းခဲ့လျှင် ကျန်းပေါင်အတွက် အရှက်ရလိမ့်မည် ဖြစ်သလို ဖန့်ရွယ်ကလည်း အခန်းထဲမှာ ပေါက်ကရ အတွေးတွေ လျှောက်တွေးနေပါလိမ့်မည်။ သူက ကျန်းပေါင်ကို သဘောကျတာမို့ သူမရဲ့ နာမည် ဂုဏ်သတင်းအတွက် ဂရုစိုက်ဖို့ လိုသည်။

ဖူမင်ရှစ်က သူ့ကျောပေါ်မှာ အိပ်ပျော်နေတဲ့ ကောင်မလေးရဲ့ နာမည်ကို မနိုးမချင်း ခေါ်နေခဲ့သည်။ ခဏအကြာမှာတော့ သူမ နိုးလာပြီး သူ့ကို ရီဝေဝေ မျက်လုံးတွေနှင့် စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။ ဖူမင်ရှစ်က သူမအား “ မင်း ငါ့ကို မှတ်မိသေးလား။ ” ဟု စနောက်လိုက်ပါသည်။

ကျန်းပေါင်က သူ့ကို ခဏလောက် စိုက်ကြည့်နေပြီးမှ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်သည်။ အေးစက်သော ဆောင်းဦးလေက သူမ အိပ်မပျော်ခင်တုန်းက မှတ်ဉာဏ်တွေကို နည်းနည်းချင်းစီ လှုပ်နှိုးပေးတာကြောင့် သူမကို ဖူမင်ရှစ် နမ်းရှိုက်နေတဲ့ ပုံရိပ်တွေ ခေါင်းထဲမှာ ပေါ်လာ၏။

“ ကျွန်မကို အောက်ချပေးပါ။ ” ဟု ကျန်းပေါင်က မျက်လုံးတွေကို မှေးစင်းထားရင်း ပြော၍ ဖူမင်ရှစ်က သူ့ခန္ဓာကိုယ်ကို အနည်းငယ် ငုံ့ကိုင်းပေးလိုက်သည်။ ကျန်းပေါင် သူ့ကျောပေါ်က ခုန်ဆင်းသွားပုံက အရမ်းကြီး ချောချောမွေ့မွေ့တော့ မဟုတ်ပါ။ ဖူမင်ရှစ်က သူမ မတ်မတ် မရပ်နိုင်မှာကို စိတ်ပူပြီး သူမကို တွဲကူပေးထားခဲ့သည်။

သူ့အပြုအမူက နူးညံ့ညင်သာပြီး သူမကို အသေးစိတ်ကအစ အမြော်အမြင်ရှိစွာ လိုက်ဂရုစိုက်ပေးနေ၍ ကျန်းပေါင်ရဲ့ စိတ်ထဲမှာ နွေးထွေးသွားသည်။ “ ကျေးဇူးတင်ပါတယ်။ ”

ဖူမင်ရှစ်က သူမရဲ့ မျက်လုံးတွေထဲကို စိုက်ကြည့်ရင်း “ ငါတို့က ချစ်သူတွေလေ။ ကျေးဇူးတင်စကား ပြောဖို့ မလိုပါဘူး။ ” ဟု ပြန်ပြောသည်။ သူ့မျက်နှာချောချောက အလွန် နီးကပ်နေသဖြင့် ကျန်းပေါင်တစ်ယောက် အလွန် ရှည်ကြာခဲ့သော အနမ်းကို ပြန်သတိရသွားပြီး လှစ်ခနဲ လှည့်ထွက်ပြေးလာခဲ့လိုက်သည်။

ဖူမင်ရှစ်ကတော့ ကျန်းပေါင်ရဲ့ ခြေလှမ်းတွေနောက်ကို အမီလိုက်ကာ သူမရဲ့ လက်ကို ဆုပ်ကိုင်၍ ဟိုတယ်ထဲသို့ ခေါ်လာခဲ့လိုက်သည်။ ပထမထပ်ကို ရောက်တဲ့အခါ “ ပြီးရင် မျက်နှာသစ်ပြီး အိပ်တော့။ သူများတွေနဲ့ အရေးမပါတဲ့ စကားတွေ လျှောက်ပြောမနေနဲ့။ ” ဟု သူမကို ခပ်တိုးတိုး သတိပေးလိုက်တော့ ကျန်းပေါင်က ရီဝေဝေနှင့် ခေါင်းညိတ်ပြသည်

***

All Chapters