← Chapters

အခန်း ၃၁

Vol. 4 Ch. 31

အခန်း ၃၁

Vol. 4 Ch. 31

အပိုင်း ( ၃၁ )

ဖူမင်ရှစ်က သူမအတွက် တံခါးခေါက်ပေးလိုက်လျှင် ဆယ်စက္ကန့်အကြာမှာ လန်းဆန်းတက်ကြွနေပုံပေါ်တဲ့ ဖန့်ရွယ်က ရယ်ရယ်မောမောနှင့် တံခါးလာဖွင့်ပေး၏။ ဖန့်ရွယ်ကို မြင်တော့ ဖူမင်ရှစ်က ယာယီ စိတ်ပြောင်းသွားပြီး ကျန်းပေါင်ဘက်ကို ခေါင်းငဲ့ကာ “ ငါ မင်းကို အခန်းထဲထိ လိုက်ပို့ပေးမယ်။ ” ဟု ပြောလိုက်သည်။

ကျန်းပေါင်က ခေါင်းထဲမှာ လေးလံဖိစီးနေတာမို့ ဘာကိုမှ သိပ်မတွေးနိုင်ပေ။ ဖန့်ရွယ်က ဖူမင်ရှစ်ရဲ့ စကားကို ကြားတော့ စနောက်သလို ပြောသည်။ “ ရှင်က သူ့ကို ဒီနေရာနဲ့ ဒီနေရာတောင် လိုက်ပို့ပေးချင်နေတယ် ဆိုတော့ ကျန်းပေါင်နဲ့ ခဏလောက်တောင် မခွဲနိုင်တာလား။ ”

ဖူမင်ရှစ်က ခပ်ယဲ့ယဲ့သာ ပြုံးပြပြီး ကျန်းပေါင်ရဲ့ မျက်နှာလေးကို အရှေ့ဘက်သို့ ထပ်မံဆွဲလှည့်လိုက်သည်။ “ အခု မျက်နှာသွားသစ်တော့။ ” အရေးမပါတဲ့ အပြင်လူတွေနဲ့ အချိန်ဖြုန်းမနေနဲ့ … ။

ကျန်းပေါင်က “ အင်း … ” ဟု နာခံစွာ ပြောကာ မာစတာအိပ်ခန်းထဲကို ဝင်သွားချိန်မှာ ဖူမင်ရှစ်ကတော့ ဘယ်မှ မသွားဘဲ အခန်းရှေ့မှာ ရပ်ပြီး ဖုန်းကို ငုံ့ကြည့်နေခဲ့သည်။ ကျန်းပေါင်ဟာ ရေနွေးနွေးလေးနှင့် မျက်နှာသစ်ပြီးနောက် ပိုလို့တောင် အိပ်ချင်လာမိသည်။ ထို့ကြောင့် မျက်လုံးတွေကို ပွတ်သပ်လျက် မာစတာအိပ်ခန်းတံခါးဝဆီ လျှောက်သွားပြီး ဖူမင်ရှစ်အား အကြံပေးလိုက်သည်။ “ ကျွန်မတို့ မနက်ဖြန် တောင်တက်ရဦးမှာ ဆိုတော့ ရှင်လည်း စောစောစီးစီး အိပ်ရာဝင်သင့်တယ်။ ”

“ အင်း။ ” ဖူမင်ရှစ်သည် သူမရဲ့ ပခုံးကို ဆုပ်ကိုင်ကာ နဖူးလေးကို ငုံ့နမ်းရင်း “ ဂွတ်နိုက်ပါ။ ” ဟု ပြောလိုက်၏။ ကျန်းပေါင်ကတော့ ခေါင်းငုံ့ထားလျက်မှ ပြုံးနေခဲ့သည်။

ဖူမင်ရှစ်က တံခါးပေါက်မှ ထွက်သွားရင်း ညို့ငင်ဖမ်းစားသော မျက်လုံးနက်နက်များဖြင့် သူမကို လှည့်ကြည့်သည်။ “ အခန်းတံခါး အရင် ပိတ်လိုက်။ ငါ မင်း တံခါးပိတ်ပြီးမှ ပြန်မယ်။ ”

ကျန်းပေါင်က သူ ပြောတဲ့အတိုင်း တံခါးပိတ်သည်။ ဖူမင်ရှစ်က တံခါးလက်ကိုင်မှာ ခေါင်းအပ်ထားလျက် “ တံခါးလော့ခ်ချလိုက်။ ” ဟု အလွန် တိုးလျသော အသံဖြင့် ပြောလိုက်တော့ ချက်ချင်း ဆိုသလိုပဲ အခန်းထဲကနေ ကျန်းပေါင် တံခါးလော့ခ်ချလိုက်တဲ့ အသံကို ကြားရသည်။

အဲ့ဒီနောက် ဖူမင်ရှစ်က သူ့ဖုန်းကို ထုတ်ယူကာ သူမကို ဖုန်းဆက်လိုက်သည်။ သူမရဲ့ ဖုန်းက အိတ်ထဲမှာ ရှိနေဆဲမို့ ကျန်းပေါင်က တဝါးဝါး သမ်းဝေရင်း ဖုန်းကို လက်နှင့် မမှီမကမ်း လျှောက်စမ်းလိုက်ရသည်။ ခေါ်ဆိုသူက ဖူမင်ရှစ် ဖြစ်နေတာကို မြင်သောအခါ ရယ်ချင်စိတ်ကို ထိန်းချုပ်မရတော့ဘဲ ဖုန်းကိုင်လိုက်သည်။

“ အခန်းမီးပိတ်ပြီး အိပ်ရာဝင်တော့။ မင်း အိပ်ရာထဲကို လှဲချပြီးသွားရင် ငါ့ကို ပြော။ ” ဖူမင်ရှစ်က တစ်ဖက်ကို လှည့်ကာ တံခါးလက်ကိုင်ကို မှီရင်း ဖန့်ရွယ်ကို တည်ငြိမ်သော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

ကျန်းပေါင်က ဖူမင်ရှစ် ဘာလို့ ဒီလိုတွေ လုပ်နေတာလဲ ဆိုတာ နားမလည်သော်လည်း ဖုန်းကို ဘေးချ ၊ အပေါ်ထပ်အင်္ကျီကို ချွတ် ၊ အိပ်ရာပေါ် တွယ်တက်ကာ အခန်းမီးတွေကို ပိတ်၍ သက်သောင့်သက်သာ လဲလျောင်းပြီးမှ “ ကျွန်မ အခု အိပ်ရာထဲ ရောက်နေပါပြီ။ ” ဟု ဖုန်းတစ်ဖက်ကို ပြန်ပြောလိုက်သည်။

“ အိပ်ချင်နေပြီလား။ ” ဖူမင်ရှစ်က သူမ အိပ်ချင်နေမည့် ပုံ‌စံလေးကို စိတ်ကူးထဲမှာ မြင်ယောင်ကြည့်ရင်း မေးလိုက်သည်။

ကျန်းပေါင် ခေါင်းညိတ်လိုက်သည်။ “ အင်း။ ”

“ အိပ်တော့ အိပ်တော့။ မနက်ဖြန်မနက် မနက်စာ စားတော့မှ တွေ့ကြတာပေါ့။ ” ဖူမင်ရှစ်က အဲ့ဒီတော့မှပဲ တံခါးရှေ့က ထွက်လာခဲ့လိုက်သည်။

“ ကောင်းပါပြီ။ ဂွတ်နိုက်ပါ။ ” ကျန်းပေါင်က အမှန်တကယ် ပင်ပန်းနေပြီမို့ ဖုန်းချပြီးသည်နှင့် အိပ်ပျော်သွားသလို ဖူမင်ရှစ်ကလညါး တစ်ချိန်တည်းမှာပဲ ဟိုတယ်အခန်းတံခါးကို အပြင်ကနေ လော့ခ်ချထားလိုက်သည်။ အခန်းထဲမှာ ပြန်လည် တိတ်ဆိတ်သွားပါသည်။

ဆိုဖာဘေးမှာ ရပ်နေတဲ့ ဖန့်ရွယ်က မာစတာအိပ်ခန်းနှင့် အခန်းတံခါးကို အကြိမ်ပေါင်းများစွာ တစ်လှည့်စီ ကြည့်ရင်း ဖူမင်ရှစ် အခု လုပ်လိုက်တဲ့ အပြုအမူကို နည်းနည်းလေး အူကြောင်ကြောင် ဖြစ်နေမိသည်။

ကျန်းပေါင် မျက်နှာသစ် ၊ အိပ်ရာဝင်တာထိ လိုက်ကြည့်နေတဲ့ အပြုအမူက ကိုယ့်ချစ်သူကောင်မလေးကို သမီးတစ်ယောက်လို ဂရုစိုက်ပြီး သည်းသည်းလှုပ် ချစ်တဲ့ ဂန္တဝင်အချစ်ဇာတ်လမ်းတွေထဲကလို အချစ်မျိုးလား … ။ ဖူမင်ရှစ်က ကျန်းပေါင်ကို အဲ့လောက်တောင် ချစ်တာလား … ။

ဖူမင်ရှစ်ဟာ တဆိတ်တော့ အကဲပိုလွန်းသည်ဟု ဖန့်ရွယ် ခံစားရသည်။ သူတို့က အချစ်ဇာတ်လမ်းတွဲ ရိုက်နေကြတာမှ မဟုတ်တာ … ။ ဒါပေမဲ့ တကယ်လို့သာ သူမကိုလည်း ယောက်ျားတစ်ယောက်က အဲ့လိုမျိုး ဆက်ဆံပေးချင်ခဲ့လျှင် … ။ ဖန့်ရွယ်သည် အတွေးတွေကို ရပ်တန့်ကာ တီဗီပိတ်ပြီး ကျန်းပေါင်ရဲ့ အခန်းတံခါးကို သွားခေါက်လိုက်၏။

ကျန်းပေါင် အပြင်ထွက်သွားတာ နှစ်နာရီနီးပါး ကြာသည်လေ။ ထိုအချိန်မှာ ကျန်းပေါင်နှင့် ဖူမင်ရှစ်တို့ ဘယ်နေရာတွေကို လည်ပတ်ခဲ့တာလဲ ၊ သူတို့နှစ်ယောက် ဘယ်လိုမျိုး စတင် ရင်းနှီးသိကျွမ်းခဲ့တာလဲ စသည်ဖြင့် အတွေ့အကြုံ တချို့ကို လက်ဆင့်ကမ်း မေးမြန်းချင်သည်။

“ ကျန်းပေါင် … ကျန်းပေါင် … ”

အဆက်မပြတ် တံခါးခေါက်သံကြောင့် ကျန်းပေါင်ကို အိပ်ရာနိုးသွားစေခဲ့သည်။ သူမက မျက်လုံးတွေကို ဖွင့်ကြည့်ကာ မျက်မှောင်ကြုတ်ရင်း “ ဘာပြောမလို့လဲ။ ” ဟု မေးလိုက်တော့ အခန်းအပြင်ဘက်က ဖန့်ရွယ်ရဲ့ ရယ်သံကို ကြားရသည်။ “ အခုမှ ဆယ်နာရီပဲ ရှိသေးတာကို။ ထပြီး ငါနဲ့ စကားပြောပါဦး။ ”

ကျန်းပေါင်က အိပ်ရာပေါ်ကို ပြန်လှဲချရင်း “ ငါ ပင်ပန်းနေပြီ။ မနက်ဖြန်မှ ပြောရအောင်။ ” ဟု ပြောလိုက်တော့ ဖန့်ရွယ်ရဲ့ အပြုံးက တောင့်တင်းသွားကာ “ နင် အဲ့လောက် ပင်ပန်းရအောင် မင်ရှစ်နဲ့ ဘာတွေ လုပ်ခဲ့လို့လဲ။ ” ဟု တမင်သက်သက် စနောက်လိုက်သည်။

ဆိုလိုချင်သော အဓိပ္ပာယ်က သိသာထင်ရှားသော်လည်း ကျန်းပေါင်သည် ဖန့်ရွယ်ရဲ့ စောင်းချိတ်ပြောတဲ့ စကားတွေကို အထအန လိုက်ကောက်မနေနိုင်တော့ပေ။ စကားမပြောနိုင်လောက်အောင် ပင်ပန်းနေပြီမို့ တစ်ဖက်ကို လှည့်ပြီး ဆက်အိပ်နေလိုက်သည်။

ကျန်းပေါင် အိပ်ရာမထတဲ့အတွက် ဖန့်ရွယ်က အခန်းတံခါးကို တွန်းဖွင့်ကြည့်လိုက်သော်လည်း အထဲကနေ လော့ခ်ချထားတာကိုသာ သိလိုက်ရလေသည်။ နောက်ဆုံးတော့ ဖန့်ရွယ်တစ်ယောက် လုံးဝ လက်လျှော့လိုက်ပြီး တီဗီပိတ်ကာ ဒုတိယအိပ်ခန်းထဲကို သွား၍ ဖုန်းသုံးနေခဲ့သည်မှာ ညသန်းခေါင် ( ၁၂ ) နာရီ ထိုးခါနီးတော့မှ အိပ်ပျော်သွားခဲ့သည်။

~

ဖူမင်ရှစ်က မနက် ( ၆ ) နာရီမှာ အိပ်ရာထပြီး ကိုယ်လက်သန့်စင်ကာ ကျန်းပေါင်ကို ဖုန်းဆက်လိုက်သည်။ ကျန်းပေါင်ကတော့ အိပ်ပျော်နေဆဲ ဖြစ်ပြီး ဖုန်းမြည်သံက တိုးလွန်းတာကြောင့် ဖူမင်ရှစ် သုံးကြိမ်မြောက် ဖုန်းဆက်တော့မှ ကြားခဲ့သည်။

“ ထတော့ ၊ မနက်စာ သွားစားမယ်။ ”

မနက်ပဲဖြစ်ဖြစ် ၊ ညပဲဖြစ်ဖြစ် ဖူမင်ရှစ်ရဲ့ အသံက အမြဲတမ်း တိုးဖွကြည်လင်နေလေ့ရှိသည်။ ကျန်းပေါင်က အင်းလို့ ပြန်ပြောပြီး အိပ်ရာထဲမှာ ခဏလောက် ပျင်းရိစွာ ဆက်အိပ်နေပြီးမှ အိပ်ရာထခဲ့လိုက်သည်။ နည်းနည်းလေး ခေါင်းကိုက်နေတဲ့ ခံစားချက်က မျက်နှာသစ်လိုက်တာတောင် ပျောက်ကွယ်မသွားပါ။ ကျန်းပေါင်က ဖန့်ရွယ်ကို ခေါင်းကိုက်သက်သာအောင် ဘယ်လို လုပ်ရမလဲလို့ မေးရင် ကောင်းမလား တွေးနေတုန်းမှာပဲ ဖူမင်ရှစ်က တံခါးလာခေါက်သည်။

“ အဆင်သင့် ဖြစ်ပြီလား။ ” ဖူမင်ရှစ်က အခန်းထဲကို ဝင်မလာဘဲ အပြင်မှာ ရပ်စောင့်နေသည်။

ကျန်းပေါင်က အခန်းထဲကို လှည့်ကြည့်ရင်း “ ဖန့်ရွယ်ကို စောင့်ဦးမလား။ ” ဟု မေးလိုက်တော့ အိတ်ကပ်ထဲကို လက်နှစ်ဖက်လုံး ထည့်ထားတဲ့ ဖူမင်ရှစ်က သူမကို စိုက်ကြည့်ပြီး “ မင်း ကိုယ့်ကို ဗိုက်အဆာခံစေချင်ရင်ပေါ့။ ” ဟု ပြန်ပြောသည်။

ထိုစကားက ရိုင်းပျသော်လည်း ဘာ့ကြောင့်မှန်း မသိဘဲ ကျန်းပေါင် ရယ်မိကာ အခန်းသော့တွေကို ယူပြီး အောက်ထပ်ကို ဆင်းလာခဲ့လိုက်သည်။ လေးထပ်ကို ရောက်၍ ဓာတ်လှေကားတံခါးတွေ ပွင့်သွားတော့မှ ဖန့်ရွယ်ကို ဖုန်းဆက်ပြီး နောက်မကျဖို့ သတိပေးလိုက်၏။ မနက်စာ စားရမယ့် နေရာက ပထမထပ်မှာ ရှိသည်။

ဓာတ်လှေကားတံခါး ပွင့်သွားတဲ့အခါ အပြင်မှာ ရပ်နေတဲ့ မင်ကျစ်နျဉ်ကို တွေ့လိုက်ရ၏။ မင်ကျစ်နျဉ်က သူတို့ကို မြင်တော့ အံ့ဩနေပြီးမှ “ မောနင်းပါ။ ” ဟု အပြုံးလေးဖြင့် ပြောလျှင် ကျန်းပေါင်လည်း ခေါင်းညိတ်ပြလိုက်ရသည်။

သူက ဖူမင်ရှစ်ရဲ့ ဘယ်ဘက်ကို လျှောက်သွားလိုက်ပြီး စက္ကန့်ပိုင်းလောက် နှုတ်ဆိတ်နေပြီးမှ ဖူမင်ရှစ်ကို လှည့်ကြည့်ကာ “ မနေ့ညတုန်းက ကိစ္စအတွက် ကျေးဇူးပါ။ ” ဟု ပြောလိုက်သည်။ သေချာ စဉ်းစားဆင်ခြင်ပြီးတဲ့နောက် အရင်တုန်းက အရာအားလုံးဟာ အိပ်မက်လိုပါပဲ။ အသိစိတ်ရှိတဲ့ ဘယ်သူမဆို နောက်ဆုတ်ပါလိမ့်မည်။

ဖူမင်ရှစ်က သူ့ကို ကြည့်ပြီး “ ရပါတယ်။ ” ဟု ပြန်ပြောသည်။ ကျန်းပေါင်ကတော့ သူတို့နှစ်ယောက်ကို နားမလည်နိုင်စွာ ကြည့်ပြီး “ မနေ့ညတုန်းက ဘာဖြစ်ခဲ့လို့လဲ။ ” ဟု မေးမိသည်။

မင်ကျစ်နျဉ်က ပြုံးသည်။ “ မင်ရှစ်က ငါ့ကို ပြဿနာလေးတစ်ခုကို ကူညီပေးခဲ့လို့ပါ။ ”

ကျန်းပေါင်သည် ဖူမင်ရှစ်ကို လှည့်ကြည့်မိသော်လည်း ဘာမှ ဆက်မမေး‌ဖြစ်တော့ပါ။ မနေ့ညတုန်းက သူမ စောစော အိပ်ပျော်သွားခဲ့တာမို့ ဖူမင်ရှစ်ဟာ ဧည့်သည်အခန်းထဲကို ပြန်သွားပြီးနောက်ပိုင်း မင်ကျစ်နျဉ်ကို ဆက်သွယ်ခဲ့တာ ဖြစ်နိုင်သည်။

မနက်စာ စားပြီးသွားချိန်မှာ ဒီဟိုတယ်ကို တောင်တက်ပြီးတဲ့နောက် ဘယ်သူမှ ပြန်လာမှာ မဟုတ်၍ သူတို့အားလုံး အရင်ဆုံး Check Out လုပ်ခဲ့ကြသည်။ ဖူမင်ရှစ်က ကျန်းပေါင်ကို သူ့အနားမှာ တောက်လျှောက် ခေါ်ထားပြီး နောက်ထပ် နေ့တစ်ဝက်အထိ ဖန့်ရွယ်အား ကျန်းပေါင်အနားကို ကပ်ခွင့် မပေးခဲ့ပေ။ သို့သော် ဖန့်ရွယ်ကိုယ်တိုင်ကလည်း သူတို့ကြားမှာ ဝင်ရှုပ်ဖို့ ရည်ရွယ်ချက် မရှိသောကြောင့် မင်ကျစ်နျဉ်အနားမှာပဲ မသိမသာ ကပ်နေခဲ့သည်။

ဆောင်းဦးရာသီ လေ့လာရေးခရီးစဉ် ပြီးတဲ့အခါ ဖူမင်ရှစ်က အလုပ်ထဲမှာ ပြန်လည်နစ်မြုပ်သွားသလို ကျန်းပေါင်ကလည်း စာဆက်သင်ရင်း A တက္ကသိုလ် တိရစ္ဆာန်ဆေးရုံမှာ တစ်ရက်ကို နှစ်နာရီ လုပ်ရမယ့် အချိန်ပိုင်းအလုပ်တစ်ခု ရခဲ့သည်။ အဓိကအားဖြင့် အိမ်မွေးတိရစ္ဆာန်တွေကို ရေချိုးပေး ၊ အခန်းတွေကို သန့်ရှင်းရေးလုပ်ပေးရမည့် အလုပ် ဖြစ်ကာ လစာကတော့ ယွမ် ( ၁၅၀၀ ) ဖြစ်သည်။

တက္ကသိုလ်ကျောင်းသား ၊ ကျောင်းသူ အတော်များများမှာ အချိန်ပိုင်းအလုပ်တွေ ရှိသည်။ တိရစ္ဆာန်ဆေးရုံက တက္ကသိုလ်ပရဝုဏ်အတွင်းမှာ ရှိတာမို့ စီနီယာ ကျောင်းသားတွေ အပါအဝင် အလုပ်လျှောက်သူများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။ ကျန်းပေါင်မှာ အိမ်မွေးတိရစ္ဆာန်တွေကို ရေချိုးပေးဖူးတဲ့ အတွေ့အကြုံရှိပြီး ရေချိုးဖို့ ငြင်းဆန်တဲ့ တိရစ္ဆာန်လေးတွေတောင် သူမလက်ထဲ ရောက်လျှင် သိမ်မွေ့ကျိုးနွံသွားတတ်တာကြောင့် ဒီအလုပ်ကို အလွယ်တကူ ရယူနိုင်ခဲ့သည်။

အချိန်ပိုင်းအလုပ် စလုပ်တဲ့ အပတ်ရဲ့ သောကြာနေ့မှာ ဖူမင်ရှစ်က သူမကို ဖုန်းဆက်ပြီး “ မနက်ဖြန် အပြင်သွားမလား။ ” ဟု မေးသဖြင့် ကျန်းပေါင်သည် လသာဆောင်ကို ထွက်လာပြီး “ ဘယ်ကို သွားမှာလဲ။ ” ဟု ပြန်မေးလိုက်၏။ ရာသီဥတုက အေးလာပြီမို့ ဖူမင်ရှစ်က သူမကို ရေပူစမ်းမှာ ရေစိမ်ရဖို့ ခေါ်သွားပေးချင်နေတာပင်။ “ စိတ်မပူပါနဲ့ ၊ ငါတို့ အတူတူ ရေမစိမ်ပါဘူး။ ”

ဒါပေမဲ့ သူ အဲ့လို ရှင်းပြလေ ၊ ကျန်းပေါင်ရဲ့ စိတ်ထဲမှာ ပေါက်ကရ အတွေးတွေ လျှောက်တွေးဖို့ လွယ်ကူလေပဲ ဖြစ်သည်။ သူမက ခဏလောက် နှုတ်ဆိတ်သွားပြီးမှ “ ရှင် အဲ့ဒီရေပူစမ်းကနေ ဘယ်အချိန် ပြန်မှာလဲ။ ” ဟု မေးလိုက်သည်။

“ အဲ့မှာ တစ်ည အိပ်ပြီး နောက်တစ်နေ့ နေ့ခင်း ပြန်လာမယ်လေ။ ” ဖူမင်ရှစ်က ဖန်သားပြင်ပေါ်က ပြက္ခဒိန်ကို တစ်ချက် ကြည့်ရင်း ပြောလိုက်သည်။

ကျန်းပေါင်က နှုတ်ခမ်းတွေကို စေ့ပိတ်ကာ “ အဲ့လိုဆို အဆင်မပြေလောက်ဘူး။ ကျွန်မက ဘာသာရပ် လေးခုအတွက် စာမေးပွဲအသေးစားလေးတွေ ဖြေရဦးမယ်။ ညဘက်မှာ စာကျက်ဖို့ လိုတယ်။ ” ဟု ခပ်တိုးတိုး ပြန်ပြောလိုက်တော့ ဖုန်းတစ်ဖက်က ဖူမင်ရှစ်ရဲ့ ရယ်သံကို ကြားရသည်။ “ မင်းရဲ့ မှတ်စုစာအုပ်တွေ ၊ ဘာတွေ ယူလာပြီး စာကြည့်လို့ ရတာပဲ။ ”

ကျန်းပေါင်က နံရံကို မှီပြီး “ အဲ့နေရာမှာ ဘယ်လိုလုပ် စာကြည့်ဖို့ စိတ်ပါမှာလဲ။ ” ဟု မသဲမကွဲ ပြန်ပြောလိုက်သည်။ သူမဘက်က အဲ့ဒီလို ပြောနေပြီမို့ ဖူမင်ရှစ်လည်း ဘောပင်တစ်ချောင်းကို စားပွဲပေါ်မှာ လှည့်ရင်း အလျှော့ပေးလိုက်ရပါတော့သည်။ “ ဒါဆို မနက်ဖြန် ရုပ်ရှင်ပဲ သွားကြည့်ကြတာပေါ့။ မင်း စာမေးပွဲဖြေပြီးမှ ရေပူစမ်းကို သွားကြမယ်။ ”

ကျန်းပေါင်သည် တိတ်တိတ်လေး ရယ်မောကာ “ နေ့ခင်းပိုင်းမှာ ရုပ်ရှင်ကြည့်ပြီး ညနေစောစောမှာ အဆောင်ပြန်မယ်။ ” ဟု အလေးအနက် ဆက်ဆွေးနွေးလိုက်၏။ အကြောင်းကတော့ သူမရဲ့ အလုပ်ချိန်တွေက ညနေ ( ၅ ) နာရီခွဲကနေ ( ၇ ) နာရီခွဲအထိ ရှိသောကြောင့်ပါ။ ဖူမင်ရှစ်ကလည်း သူမကို ပညာရေးကိုသာ အပြည့်အဝ အာရုံစိုက်စေချင်သူ ဖြစ်၍ ဘာမှ မတတ်နိုင်ဘဲ လိုက်လျောပေးခဲ့ရသည်။ “ ကောင်းပြီ။ မင်း စာပြန်ကြည့်တာကို မထိခိုက်စေရဘူး။ ”

ကျန်းပေါင်သည် အစီအစဉ်ဆွဲပြီးနောက် စိတ်သက်သာရာရသွားကာ ဖုန်းချလိုက်၏။ သူမအပေါ် ကောင်းကောင်း ဆက်ဆံပေးတဲ့ ဖူမင်ရှစ်ဟာ သူမရဲ့ ခြိုးခြံစိစစ်‌တတ်တဲ့ နေထိုင်မှုပုံစံကိုတောင် ဂရုစိုက်ပေးချင်နေသည်။ သူမ အချိန်ပိုင်းအလုပ် လုပ်နေတဲ့ အကြောင်းကို သူ့အား ပြောပြပြီး စိတ်ပျက်အောင် လုပ်တာထက် သူ မသိအောင် ဖုံးကွယ်ထားတာက ပိုကောင်းလိမ့်မည်။ ပြီးတော့ သူမရဲ့ လက်ရှိ နေထိုင်မှုကုန်ကျစရိတ်တွေ အားလုံးက ဖူမင်ရှစ်ရဲ့ ပိုက်ဆံတွေမို့ သူမက ကိုယ်ပိုင်ပိုက်ဆံ ရှာပြီး သူ့အား လက်ဆောင်လေးတစ်ခု ပေးချင်သည်။

လက်ဆောင်ပေးတဲ့ အချိန်ရောက်မှ သူမ အချိန်ပိုင်းအလုပ် လုပ်နေတဲ့ အကြောင်းကို ပြောလို့ ရသည်။ အမှန်တကယ်လည်း ကျန်းပေါင်မှာ စာမေးပွဲအသေးစားလေးတွေ အများကြီး ရှိခဲ့ပါသည်။ အောက်တိုဘာ လကုန်မှာ ဖြေရမယ့် စာမေးပွဲအသေးစားလေးတွေကို ဖြေဆိုပြီးနောက် ဘာသာရပ် ( ၄ ) ခုရဲ့ အတန်းထဲကနေ အရင်ဆုံး ထွက်လာသူက ကျန်းပေါင် ဖြစ်လေသည်။

“ နင်က အရမ်း တော်တာပဲ ကျန်းပေါင် ၊ ဉာဏ်စမ်းစာမေးပွဲတွေအားလုံးမှာ အမှတ်အများဆုံး ရတဲ့ လူက နင်ပဲ။ နင် ဒီည ငါတို့ကို တစ်ဝိုင်း လိုက်ကျွေးရမယ်နော်။ ” နေ့လယ်ပိုင်း စတုတ္ထမြောက် အတန်းချိန် ပြီးဆုံးသွားပြီးနောက် ဖန့်ရွယ်သည် ကျန်းပေါင်နှင့်အတူ စာသင်ခန်းထဲမှ ထွက်လာခဲ့သည်။ ကျန်းပေါင် ဘာမှ ပြန်မပြောရသေးခင်မှာပဲ သူတို့ဘေးက ကျားရှောင်ယုက စနောက်သလို ဝင်ပြောသည်။

“ ဘယ်လိုပဲဖြစ်ဖြစ် ကျန်းပေါင်က သဘောတူမှာ မဟုတ်ဘူး။ နင့်ရဲ့ လက်ရှိ စာမေးပွဲရလဒ်တွေအရ ဆိုရင် နင် ငါတို့ကို အခု ကျွေးလိုက်ရင် နှစ်တိုင်း နှစ်ဆုံးစာမေးပွဲတွေ ဖြေပြီးတိုင်း ငါတို့ကို လိုက်ကျွေးနေရလိမ့်မယ်။ နင့်ပိုက်ဆံအိတ်လေးကို ငဲ့ညှာသောအားဖြင့် ဒီထုံးစံကို သတ်မှတ်လို့ မရဘူး။ ” တစ်ဝိုင်း ကျွေးတယ် ဆိုရင်တောင် အဆောင်အခန်းဖော်တွေကိုပဲ ကျွေးသင့်တာပေါ့။ ဖန့်ရွယ်က ဘာကိစ္စ ကြားဝင်ချင်နေတာလဲ … ။

ကျန်းပေါင် ခြိုးခြံစိစစ်နေတာ အကြောင်းမဲ့သက်သက် မဟုတ်ပါ။ သူမမှာ ဖူမင်ရှစ်အပေါ် အကြွေးတွေ အများကြီး တင်နေသည်လေ။ စာမေးပွဲအသေးစားလေး တစ်ခုအတွက်နဲ့ သူများတွေကို ဘယ်လိုလုပ် တစ်ဝိုင်း လိုက်ကျွေးနိုင်မှာတဲ့လဲ … ။

“ ထားလိုက်ပါတော့။ ငါ နင့်ကို ဒီတစ်ခေါက်တော့ အလျှော့ပေးလိုက်မယ်။ ” ဖန့်ရွယ်က ချက်ချင်းပဲ စကားလမ်းကြောင်းပြောင်းကာ ကျန်းပေါင်ရဲ့ လက်မောင်းကို ပွေ့ဖက်ကာ “ ငါတို့ ကန်တင်းကို အတူတူ သွားရအောင်။ ” ဟု ပြောလိုက်သည်။

ကျန်းပေါင်က အပြုံးလေးတစ်ခုကို အားယူပြုံးပြကာ “ နင်တို့ အရင် သွားနှင့်ပါ။ ငါက အချိန်ပိုင်းအလုပ်ကို အရင် သွားရဦးမယ်။ ” ဟု ပြောပြီးသည်နှင့် စက်ဘီးပေါ် တက်ပြီး တိရိစ္ဆာန်ဆေးရုံကို ထွက်လာခဲ့လိုက်သည်။

ကျန်းပေါင် ထွက်သွားသောအခါ ကျားရှောင်ယုနှင့် ကျန်နှစ်ယောက်ကလည်း ဖန့်ရွယ်ကို ချန်ခဲ့ပြီး ကန်တင်းသို့ အတူတူ ထွက်သွားခဲ့ကြလေသည်။

ဖန့်ရွယ်ရဲ့ စက်ဘီးက အခိုးခံလိုက်ရပြီး အသစ်တစ်စီး မဝယ်ရသေးတာကြောင့် အဆောင်သို့ တစ်ယောက်တည်း နှေးကွေးစွာ လမ်းလျှောက်ပြန်လာခဲ့ရသည်။ အဆောင်နားကို ရောက်ချိန်မှာတော့ ရင်းနှီးနေတဲ့ ပုံရိပ်တစ်ခုကို အရှေ့မှာ ရုတ်တရက် မြင်လိုက်ပါသည်။ သူမက “ မင်ရှစ် ” ဟု တအံ့တဩလေး လှမ်းခေါ်လိုက်သည်။

ထိုအချိန်မှာ ဖူမင်ရှစ်က ကျန်းပေါင်ကို ဖုန်းဆက်ဖို့ လုပ်နေတာ ဖြစ်သည်။ ဒီနေ့က ဗုဒ္ဓဟူးနေ့ ဆိုပေမဲ့ သူမကို လွမ်းလာတာမို့ ကြိုတင် အကြောင်းကြားခြင်း မရှိဘဲ လာတွေ့ခြင်းပါ။ လမ်းမှာလည်း ကားပိတ်နေခဲ့၍ ကျန်းပေါင်တစ်ယောက် စာသင်ဆောင်ကို ထွက်သွားလောက်ပြီဟု သူ့ဘာသာ တွက်ဆခဲ့သည်။ ဖူမင်ရှစ်က အဆောင်ကို လိုက်သွားကာ ကျန်းပေါင်ကို ဖုန်းဆက်ပြီး စပရိုက်တိုက်ဖို့ ဆုဲးဖြတ်ထားခဲ့တာ ဖြစ်သည်။

ဖန့်ရွယ်ကို မြင်တော့ ဖူမင်ရှစ်ရဲ့ မျက်နှာအမူအရာက တည်ငြိမ်အေးစက်သွား၏။ ဖန့်ရွယ်ကတော့ အဲ့ဒါကို သတိမထားမိဘဲ “ ရှင် ကျန်းပေါင်ကို လာတွေ့တာလား။ သူ အချိန်ပိုင်းအလုပ်ကို သွားပြီလေ။ ” ဟု တက်တက်ကြွကြွ ပြောလိုက်သည်။

ဖုန်းခေါ်ဆိုမှု ခလုတ်ကို နှိပ်ဖို့ ဟန်ပြင်နေသော ဖူမင်ရှစ်ရဲ့ လက်က ရပ်တန့်သွားကာ သူမကို နောက်ဆုံးမှာ စူးစိုက်ကြည့်လိုက်တော့ ဖန့်ရွယ်ကလည်း ထိုအကြည့်ကို နားလည်သွားပြီး “ သူ ရှင့်ကို အဲ့အကြောင်း ပြောမပြထားဘူးလား။ ” ဟု အံ့အားသင့်စွာ မေးခွန်းထုတ်သည်။

ဖူမင်ရှစ်က “ သူ ‌ပြောပြထားတာကို ငါ မေ့သွားတာပါ။ ” ဟု မရေမရာ ပြန်ပြောကာ သူမဘေးမှ ဖြတ်ကျော်ထွက်လာခဲ့လိုက်သည်။ ဖန့်ရွယ်ကတော့ သူ့ရဲ့ တည်ငြိမ်အေးစက်သော ကျောပြင်ကို ကြည့်ပြီး နားမလည်နိုင်စွာ မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်နေမိသည်။

ဖူမင်ရှစ်သည် သူမကို ဂရုမစိုက်ဘဲ ထွက်လာပြီးနောက် သူ့ကို တစ်ဖက်က ကိုင်သည်နှင့် “ မင်း ဘယ်မှာလဲ။ ” ဟု ချက်ချင်း မေးလိုက်၏။ စက်ဘီးရပ်နားရာ နေရာမှာ အခုမှ စက်ဘီးရပ်ပြီးရုံသာ ရှိပြီး တိရစ္ဆာန်ဆေးရုံကို သွားနေတဲ့ ကျန်းပေါင်ကလည်း လိမ်ပြောရသည်။

“ ကန်တင်းမှာပါ။ ဘာဖြစ်လို့လဲဟင်။ ”

ဖူမင်ရှစ်က အေးစက်စက် ရယ်မောလိုက်သည်။ “ ဘာမှ မဖြစ်ပါဘူး။ အချိန်ယူပြီး အေးအေးဆေးဆေး စားပါ။ ငါ မင်းကို အဆောင်အောက်ထပ်မှာ စောင့်နေမယ်။ ”

ကျန်းပေါင် ချက်ချင်းပဲ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားပါသည်။ သူတို့ ကျောင်းပိတ်ရက်တွေမှာပဲ တွေ့ဖို့ သဘောတူထားတာ မဟုတ်ဘူးလား … ။

***

All Chapters