အခန်း ၃၂
Vol. 4 Ch. 32
အပိုင်း ( ၃၂ )
တိရစ္ဆာန်ဆေးရုံမှာ အရမ်းကို လူကပ်တဲ့ အမွေးပွ ကြောင်လေးတစ်ကောင် ရှိသည်။ သူ့ပိုင်ရှင်က နိုင်ငံခြားသွားနေတာကြောင့် ကြောင်လေးကို သူတို့ရဲ့ ဂရုစိုက်မှုအောက်မှာ အပ်ထားခဲ့တာ ဖြစ်သည်။ ကျန်းပေါင်က ကြောင်လေးကို ကျွမ်းကျင်စွာ ရေချိုးပေးပြီး လေမှုတ်စက်ဖြင့် လေမှုတ် အခြောက်ခံပေးလိုက်သည်။
ချစ်စရာကောင်းသော အမွေးပွ ကြောင်လေးဟာ သန့်ရှင်းရေးလုပ်ပေးပြီးသွားတော့ သူမရဲ့ ရင်ခွင်ထဲမှာ လဲလျောင်းရင်း သူမကို ပွတ်သပ်တိုးဝှေ့နေခဲ့သည်။ ကျန်းပေါင်က သူ့ကို ကြောင်လှောင်အိမ်ထဲ ထည့်ဖို့ ကြိုးစားကြည့်ပေမဲ့ အမွေးပွ ကြောင်လေးက သူ့လက်ဖဝါး ( ၄ ) ခုကို ဆန့်ထုတ်ပြီး လှောင်အိမ်တံခါးကို ကုပ်တွယ်ကာ ကျန်းပေါင်ဘက်ကို ခေါင်းလေးလှည့်၍ အသနားခံသလို အသံပြုနေခဲ့သည်။
သူ့မျက်လုံးလေးတွေထဲက သနားစရာ အကြည့်က ကျန်းပေါင်ရဲ့ နှလုံးသားထဲကို အပြစ်မကင်းသော ခံစားချက်တွေ ပြည့်နှက်သွားစေသည်။
“ ရပြီ ကျန်းပေါင် … ညီမလေး ထမင်းသွားစားရင် စားတော့လေ။ ” အခန်းရှေ့က ဖြတ်သွားတဲ့ သူနာပြုအစ်မကျောက်က အခန်းထဲက အခြေအနေကို သတိပြုမိသွားပြီး လျှောက်ဝင်လာကာ အမွေးပွ ကြောင်လေးကို သူမရဲ့ ရင်ခွင်ထဲသို့ ပွေ့ချီလိုက်၏။ ကြောင်လေးက လှောင်အိမ်ကို အထည့်မခံရတော့သဖြင့် နည်းနည်းလေး ငြိမ်သွားပေမဲ့ သူ့ခေါင်းကတော့ ကျန်းပေါင်ကိုသာ လှည့်ကြည့်နေဆဲ။
“ ဒါဆို ညီမ သွားတော့မယ်နော်။ ” အပြင်မှာ သူမကို ရပ်စောင့်နေတဲ့ ဖူမင်ရှစ် ရှိသေးသည်။ ကျန်းပေါင်က ကြောင်လေးကို ပုတ်ပြီး အစ်မကျောက်ကို ပြုံး၍ နှုတ်ဆက်လိုက်သည်။
သူမ ဆေးရုံထဲမှ ထွက်လာတော့ အပြင်မှာ မှောင်နေပြီ ဖြစ်သည်။ ကျန်းပေါင်က ဘေးပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်တော့ စက်ဘီးပါကင်မှာ ရပ်နေသော ဖူမင်ရှစ်ကို တွေ့သွားသည်။ သူက သူမစက်ဘီးရဲ့ နောက်ခုံပေါ်မှာ ထိုင်လျက် အရှေ့ဘက်ကို လှည့်ကာ ချစ်သူကောင်မလေးကို စောင့်နေတဲ့ သာမန် တက္ကသိုလ်ကျောင်းသားတစ်ယောက်လိုမျိုး သူ့ဖုန်းကို အာရုံစူးစိုက် ငုံ့ကြည့်နေခဲ့သည်။
သူ အဲ့လိုမျိုး နှစ်နာရီလောက် ထိုင်စောင့်နေခဲ့ရတယ် ဆိုတဲ့ အတွေးက ကျန်းပေါင်ကို အပြစ်မကင်း ခံစားသွားရစေတာမို့ သူ ရှိရာကို အမြန် လျှောက်သွားလိုက်သည်။ ခြေသံ ကြားလို့ လှည့်ကြည့်တဲ့ ဖူမင်ရှစ်ကလည်း သူ့ကို နှစ်နာရီတိတိ စောင့်နေရအောင် လုပ်ထားတဲ့ သတို့သမီးလောင်းလေးကို မြင်သွားသည်။ သူ့အကြည့်ဟာ သူမရဲ့ မျက်နှာပေါ်မှာ စွဲမြဲကပ်ငြိသွားပုံပေါ်ပြီး သူ့ဆီ လျှောက်လာတဲ့ သူမကို တောက်လျှောက် စိုက်ကြည့်နေခဲ့သည်။
“ ကျွန်မ ရှင့်ကို အရင် ပြန်နှင့်ပါလို့ ပြောထားတာ မဟုတ်ဘူးလား။ ” ကျန်းပေါင်က မလုံမလဲနှင့် ခေါင်းလေး ငုံ့ထားမိသည်။ ဖူမင်ရှစ်က သူ့ဖုန်းကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်လိုက်ပြီး စက်ဘီးထိုင်ခုံပေါ်မှာပဲ ငြိမ်နေသည်။ ထိုင်ရာက ထမလာသလို ဘာစကားမှလည်း မပြောပေ။
ကျန်းပေါင်က သတ္တိစုစည်းပြီး မော့ကြည့်လိုက်တော့ သူမကို တိတ်ဆိတ်စွာ မေးခွန်းထုတ်နေသည်ဟု ထင်ရတဲ့ ဖူမင်ရှစ်ရဲ့ အကြည့်နက်နက်နှင့် အကြည့်ချင်း ဆုံသွားသည်။ သူမ ခေါင်းပြန်ငုံ့ပြီး လေသံပျော့လေးနှင့် ခပ်တိုးတိုး ရှင်းပြလိုက်သည်။ “ ကျွန်မ အချိန်ပိုင်းအလုပ်တွေ လုပ်တာကို ရှင် သဘောမကျမှာ စိုးရိမ်လို့ မပြောပြခဲ့တာပါ။ ”
အပြစ်လုပ်ထားတဲ့ ကလေးတစ်ယောက်လိုပဲ သနားစရာကောင်းကာ ကျိုးကျိုးနွံနွံလေး ဖြစ်နေသော သူမပုံစံက လူတွေအား သူမကို ပွေ့ဖက်စေချင်သည်။ ဖူမင်ရှစ်က သူမအား ပွေ့ဖက်ချင်စိတ်ကို ချိုးနှိမ်ကာ နက်မှောင်သော မျက်လုံးများဖြင့် သူမကို စိုက်ကြည့်ရင်း ဩရှလေးနက်စွာ ပြောလိုက်သည်။ “ မင်းက ငါ သဘောမကျမှန်း သိရက်နဲ့ လုပ်ခဲ့တာ ဆိုတော့ ငါ့ကို ရည်ရွယ်ချက်ရှိရှိ တော်လှန်နေတာလား။ ”
ကျန်းပေါင်က နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်လိုက်တာကြောင့် ဖူမင်ရှစ်ရဲ့ အကြည့်က သူမရဲ့ နှင်းဆီသွေးရောင် နှုတ်ခမ်းလေးတွေဆီ ရောက်သွားသည်။ “ မင်း ဒီအချိန်ပိုင်းအလုပ်ကို လုပ်နေတာ ဘယ်လောက် ကြာပြီလဲ။ ”
“ လဝက်စွန်းစွန်းလောက် ကြာပြီ။ ”
ဖူမင်ရှစ် ပြုံးလိုက်သော်လည်း သူ့ရယ်သံက အေးစက်နေသည်။ “ တစ်ရက်ကို ဘယ်နှနာရီ လုပ်ရတာလဲ။ လစာကရော ဘယ်လောက်လဲ။ ”
ကျန်းပေါင်က အမှန်အတိုင်း ဝန်ခံလိုက်တော့ ဖူမင်ရှစ်က ချက်ချင်းပဲ “ ဒီနေ့က စပြီး ငါ မင်းကို လတိုင်း ယွမ် ( ၁၅၀၀ ) ထပ်ပေးမယ်။ ဒီအချိန်ပိုင်းအလုပ်ကို ဆက်မလုပ်ဘဲနဲ့ စာကိုသာ သေချာ အာရုံစိုက်ပါ။ ” ဟု ပြန်ပြောသည်။
တက္ကသိုလ်ကျောင်းသူ ၊ ကျောင်းသားတွေအနေဖြင့် တချို့ မေဂျာတွေက သင်ရိုး ပေါ့ပါးသော်လည်း ကျန်းပေါင်ရဲ့ မေဂျာမှာတော့ ခက်ခဲတဲ့ ဘာသာရပ်တွေ အများကြီး ပါတာကြောင့် ဖူမင်ရှစ်က သူမကို အရမ်း မပင်ပန်းစေချင်ပါ။
“ ရှင် ကျွန်မကို ထောက်ပံ့ပေးတာ လုံလောက်နေပြီးသားပါ။ ဒီအချိန်ပိုင်းအလုပ်ကို လုပ်တာက ကျွန်မဘာသာ ပိုက်ဆံရှာချင်လို့လည်း ပါတယ် ၊ ပြီးတော့ ဒီအလုပ်ကို ကျွန်မ ပျော်တယ်။ ” ကျန်းပေါင်က သူနှင့် အကြည့်ချင်း မဆုံအောင် မျက်လုံးအကြည့်ကို ရှောင်လွှဲထားပြီး ခုနတုန်းက မလုံမလဲဖြစ်နေသော အမူအရာလေးကလည်း စိတ်ပိုင်းဖြတ်ထားပြီးသော အမူအရာအဖြစ် ပြောင်းလဲသွားလေသည်။ သူ ရင်းနှီးနေသော သူမရဲ့ ခေါင်းမာမှုနှင့် မကျေမနပ် အမူအရာကိုလည်း ဖူမင်ရှစ် သတိပြုလိုက်မိသည်။
ဖူမင်ရှစ်သည် ကျန်းပေါင်ရဲ့ ခေါင်းမာမှုကို ထိပ်တိုက် ရန်မစချင်သောကြောင့် လေသံပြောင်းပြီး ပြောလိုက်၏။ “ အဘိုးသာ မင်း အချိန်ပိုင်းအလုပ် လုပ်နေတာကို သိသွားရင် … ”
“ သူ့ကို မပြောနဲ့ပေါ့။ ” ကျန်းပေါင်က နှုတ်ခမ်းကိုက်ပြီး ဉာဏ်နီဉာဏ်နက်များသော အမူအရာလေးဖြင့် ပြုံးပြသည်။ ဒီကိစ္စအကြောင်း ပြဿနာဆက်ရှာချင်တဲ့ ဖူမင်ရှစ်တစ်ယောက် သူမရဲ့ အပြုံးအောက်မှာ ကျရှုံးသွားသည်။
သူက ပတ်ဝန်းကျင်မှာ ဖြတ်သန်းသွားလာနေတဲ့ ဆေးရုံဝန်ထမ်းတွေကို လျစ်လျူရှုပြီး ကျန်းပေါင်ရဲ့ ခါးလေးကို သူ့လက်တစ်ဖက်ဖြင့် သိမ်းကျုံးထွေးပွေ့ကာ နဖူးချင်း ထိကပ်ပြီး မျက်လုံးဝိုင်းလေးတွေထဲကို စိုက်ကြည့်၍ ဩရှတိုးလျသော အသံဖြင့် ပြောလိုက်သည်။ “ ငါ့ကို လာဘ်ထိုးရင် လာဘ်ထိုးနော်။ မဟုတ်ရင် အဘိုးကို အခုချက်ချင်း ဖုန်းဆက်လိုက်မယ်။ ”
ကျန်းပေါင်ဟာ ရွာငယ်လေး တစ်ရွာက လာခဲ့သူပီပီ တီဗီဇာတ်လမ်းတွဲတွေကို သိပ်မကြည့်ဖူးသလို မြို့ကြီးသားတွေရဲ့ ပြောဆိုဆက်ဆံပုံတွေ ၊ တစ်ဖက်လှည့်နှင့် စနောက်မှုတွေကို သိပ်နားမလည်ပေမဲ့ ဒီတစ်ခေါက်မှာတော့ ဖူမင်ရှစ်ရဲ့ နှုတ်ခမ်းက သူမနှုတ်ခမ်းနှင့် စင်တီမီတာ အနည်းငယ်သာ ဝေးကွာတော့တာမို့ သူ့မျက်လုံးတွေထဲက “ ငါ့ကိုနမ်း။ ” ဆိုတဲ့ ထင်ရှားသော အဓိပ္ပာယ်ကို နားလည်သွားသည်။
ထိုအချိန်မှာပဲ လူတစ်ယောက်က စက်ဘီးယူဖို့ ရောက်လာသောကြောင့် ကျန်းပေါင်က ကြောက်အားလန့်အားနှင့် လှည့်ထွက်သွားဖို့ ကြိုးစားလိုက်သော်လည်း ဖူမင်ရှစ်က သူမကို လွှတ်မပေးဘဲ မြဲမြံစွာ ဆွဲဖက်ထား၏။
ကျန်းပေါင်က ဘယ်သူမှ မရှိတဲ့ နေရာဘက်ကို မျက်နှာလေး လှည့်ကာ “ ကျေးဇူးပြုပြီး ဒီလို မလုပ်ပါနဲ့။ ” ဟု တိုးတိုးလေး ပြောလိုက်သည်။
“ မင်းက ငါ့ကို နှစ်နာရီတောင် စောင့်ရအောင် လုပ်ထားတာ။ ငါ ညစာလည်း မစားရသေးဘူး။ မင်း ငါ့ကို နည်းနည်းပါးပါး အားနာကြောင်း ၊ ကျေးဇူးတင်ကြောင်း ဖော်ပြသင့်တယ် မဟုတ်ဘူးလား။ ” သူ့ကိုယ်သူ ဖြောင့်မတ်မှန်ကန်တယ်လို့ ခံစားရတဲ့ ဖူမင်ရှစ်က ဘေးပတ်ဝန်းကျင်မှာ သွားလာလှုပ်ရှားနေတဲ့ ကျောင်းသား ၊ ကျောင်းသူတွေ ၊ ဆရာဝန်တွေနှင့် သူနာပြုတွေကို တစ်ချက် စောင်းငဲ့ ကြည့်လိုက်သည်။ ထို့နောက် ကျန်းပေါင်ရဲ့ နားရွက်နားကို တိုးကပ်ပြီး “ အရင်ဆုံး ညစာ သွားစားရအောင်။ ပြီးမှ ဒီကိစ္စကို ဆက်ရှင်းကြတာပေါ့။ ” ဟု ပြောလိုက်သည်။
ကျန်းပေါင်က နားရွက်ထဲမှာ အနေရခက်စွာ ယားကျိကျိဖြစ်သွားသောကြောင့် ခေါင်းလေးကို လှည့်ပြီး ထိုနားရွက်ကို လက်တစ်ဖက်ဖြင့် အုပ်ထားလိုက်မိသည်။ ဖူမင်ရှစ်ကတော့ သူမရဲ့ လက်ဖမိုးကို အပြုံးလေးဖြင့် နမ်းပြီးမှ လွှတ်ပေးကာ စက်ဘီးကို နေရာရွှေ့လိုက်သည်။
ည ရှစ်နာရီ ထိုးခါနီးနေပြီမို့ ဖူမင်ရှစ်က ကျန်းပေါင်အား စားသောက်ဆိုင် တစ်ဆိုင်ကို ခေါ်သွားပေးခဲ့သည်။ စားသောက်ဆိုင်ကို ရောက်တော့ သူက အစားအသောက်တွေ မှာထားတာကို စောင့်နေရင်း “ မင်း နေ့တိုင်း ဒီလောက် နောက်ကျမှ စားတာ ဗိုက်မဆာဘူးလား။ ” ဟု မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
ကျန်းပေါင်က ခေါင်းခါပြလိုက်သည်။ “ ဟင့်အင်း။ တစ်ခါတလေ အလုပ်ပါးတဲ့ အချိန်မျိုးတွေမှာ ကျွန်မ တစ်ခုခု ဝယ်ပြီး စားထားလိုက်တာပဲ။ ”
အပြင်ဘက်မှာ မှောင်စပျိုးလာပြီ ဖြစ်သည်။ ဖူမင်ရှစ်က ကျန်းပေါင်ကို ခဏလောက် ကြည့်နေရင်း သူမ ပိုပိန်သွားတယ်လို့ ခံစားရသဖြင့် ပိုက်ဆံရှင်းပြီးသောအခါ စူပါမားကတ်ကို ခေါ်သွားပြီး သူမအတွက် အားဆေး အနည်းငယ် ဝယ်ပေးခဲ့သည်။ ကျန်းပေါင်က သူ့အား ဈေးဝယ်ခြင်းထဲက ပစ္စည်း အများစုကို ပြန်ထားဖို့ ကြိုးစားစည်းရုံးကြည့်ပေမဲ့ မအောင်မြင်ပေ။
ဈေးဝယ်ပြီးသွားတော့ ဖူမင်ရှစ်က စက်ဘီးစီးကာ ကျန်းပေါင်အား စာကြည့်တိုက်အနောက်ဘက်က သူတို့နှစ်ယောက် တရားဝင် ချစ်သူဖြစ်ခဲ့တဲ့ သစ်ပင်အောက်ကို ခေါ်သွားခဲ့သည်။ စက်ဘီးကို လမ်းဘေးတစ်နေရာမှာ ရပ်ထားခဲ့ပြီး ကျန်းပေါင်က နို့လက်ဖက်ရည် ပူပူလေး နှစ်ခွက်ကို သယ်ကာ ဖူမင်ရှစ်ကတော့ သူမရဲ့ ကျောပိုးအိတ်နှင့် ဈေးဝယ်အိတ်ကို သယ်ပြီး သစ်ပင်အောက်ကို နှစ်ယောက်အတူ ယှဉ်တွဲ လျှောက်လာခဲ့ကြသည်။
ဖူမင်ရှစ်က လက်မလျှော့သေး။ “ မင်းတို့အဆောင်အခန်းထဲမှာ အချိန်ပိုင်းအလုပ် လုပ်တဲ့ လူက မင်းတစ်ယောက်တည်း ရှိတာလား။ ”
ကျန်းပေါင်က နို့လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်သည်။ “ ရှောင်ယုကတော့ လာမယ့် နှစ်မှာ နွေရာသီ ရောက်လာရင် သူလည်း အချိန်ပိုင်းအလုပ် ရှာမယ်လို့ ပြောတယ်။ ” ကျန်းပေါင်ရဲ့ အမြင်အရ ပေကျင်းမှာ အိမ်ပိုင်ယာပိုင်ရှိခြင်းက ချမ်းသာသည်ဟု ဆိုလိုသော်လည်း မြို့တော်က လူနေမှုအဆင့်အတန်းတွေနှင့် ယှဉ်လျှင်တော့ ရှောင်ယုရဲ့ မိသားစုက သာမန် မိသားစု တစ်ခုသာ ဖြစ်သည်။ သူတို့မှာ ပိုက်ဆံပြတ်လပ်တာမျိုး မရှိပေမဲ့ ရှောင်ယုက အပိုမုန့်ဖိုး ရှာချင်တာပင်။
ဖူမင်ရှစ်က နို့လက်ဖက်ရည်ဘူးကို ချပြီး “ အချိန်ပိုင်းအလုပ် လုပ်ဖို့ မဖြစ်မနေ လိုအပ်လို့လား။ ” ဟု လှည့်မေးသည်။ ကျန်းပေါင်က ခေါင်းညိတ်ပြလိုက်၏။ သူမ နောက်တစ်ငုံ ထပ်သောက်ဖို့ ပြင်နေတုန်းမှာပဲ သူမရဲ့ နို့လက်ဖက်ရည်ကို လုယူခံလိုက်ရသည်။
“ ငါ့ကို လာဘ်ထိုးတော့။ ” ဖူမင်ရှစ်က သူမ လာဘ်ထိုးရ လွယ်ကူစေရေးအတွက် သူမအနားကို တိုးကပ်လာခဲ့သည်။ သူတို့ အရင်တုန်းက နှစ်ကြိမ် ၊ သုံးကြိမ်လောက် နမ်းဖူးပေမဲ့ အမြဲတမ်း ဖူမင်ရှစ်ဘက်က အစပျိုးခဲ့ခြင်းသာ ဖြစ်သည်။ နှုတ်ခမ်းပါးပါးလေးနှင့် ဆွဲဆောင်မှုရှိသည်ဟု ကျားရှောင်ယု ပြောဖူးသော ဖူမင်ရှစ်ရဲ့ နှုတ်ခမ်းတွေနှင့် မျက်နှာချင်းဆိုင်မိချိန်မှာ ကျန်းပေါင်တစ်ယောက် အနမ်းကို သူမဘက်က မစတင်နိုင်တော့ပေ။ ထို့ကြောင့် နောက်ဆုတ်ဖို့ ကြိုးစားရင်း “ ကျွန်မတို့ ပြောင်းလို့ မရဘူးလား။ ကျွန်မ ရှင့်ကို တစ်ခုခု လိုက်ကျွေးနိုင်ပါတယ် … ” ဟု တိုးတိုးလေး ပြောလိုက်သည်။
“ ငါ့ကို နမ်းမလား ၊ ဒါမှမဟုတ် ရေပူစမ်းကို အတူတူ သွားမလား။ မင်း ရွေးချယ်ပါ။ ” ဖူမင်ရှစ်က သူမကို သစ်ပင်,ပင်စည်မှာ ဖိကပ်ပြီး တိုးလျစွာ ပြောလိုက်သည်။ “ ငါ တခြား ဘယ်လို ညှိနှိုင်းမှုမျိုးကိုမှ လက်ခံမှာ မဟုတ်ဘူးနော်။ ”
ရေပူစမ်းကို အတူတူ သွားတာကတော့ ... ။
“ ရေကူးကန်ကို သွားပြီး ရေစိမ်ရင်ရော … ”
ကျန်းပေါင်က ဖူမင်ရှစ်ကို ကြည့်ရင်း တဖြည်းဖြည်း မျက်နှာပူနွေးလာကာ မျက်လုံးတွေကို ခပ်တင်းတင်း မှိတ်ထားလိုက်မိသည်။ သူမကိုယ်သူမ အသက်ဘေးကို လက်လျှော့ အရှုံ့ပေးလိုက်သလိုမျိုး ဖူမင်ရှစ်ကို လှမ်းနမ်းလိုက်ပြီးနောက် နှုတ်ခမ်းချင်း ထိတယ် ဆိုရုံလေး ထိကာ အမြန် ပြန်ခွာလိုက်သည်။
ဖူမင်ရှစ်က အန္တရာယ်များသော အသံဖြင့် “ မင်းက စိတ်ရင်းနဲ့ နမ်းတာ မဟုတ်ဘူး။ ” ဟု ပြောသည်။
သူတို့ နမ်းပြီးပြီလေ … ။ အဲ့ဒါနဲ့တောင် စိတ်ရင်းနဲ့ နမ်းတာ မဟုတ်ဘူးလို့ ဘယ်လိုလုပ် ပြောနိုင်ရတာလဲ … ။ ကျနပေါင် ရှက်လည်း ရှက် ၊ ဒေါသလည်း ထွက်သွားသည်။ “ ရှင် … ”
သူမရဲ့ စကား မဆုံးသေးခင်မှာပဲ ဖူမင်ရှစ်ရဲ့ မျက်နှာချောချောက ငုံ့ကပ်လာကာ သူမကို စိတ်ရင်းအပြည့်ဖြင့် နမ်းရှိုက်ခဲ့လေသည်။ အဲ့ဒီလို နမ်းနေရင်း ကျန်းပေါင်အား ယုန်လေးတစ်ကောင်ကို ပွေ့ချီသလိုမျိုး ပွေ့ချီကာ သူ့ပေါင်ပေါ် ပွေ့တင်လိုက်ပြီး ပိုမိုပြင်းပြသော အနမ်းများဖြင့် နမ်းရှိုက်ခဲ့သည်။ ဒီတစ်ခေါက်တော့ ကျန်းပေါင် အရက်မူးမနေတာမို့ အရွယ်ရောက် ယောက်ျားတစ်ယောက်ရဲ့ ပြင်းပြမှု ၊ စိတ်အားထက်သန်မှုကို ခံစားရသည်။
တဒုတ်ဒုတ် လှုပ်ခါနေသော နှလုံးခုန်သံနှင့်အတူ ထူးဆန်းသော ညို့ဓာတ် တစ်မျိုးလည်း ရှိနေပါသည်။ ကျန်းပေါင် တဖြည်းဖြည်း စိတ်လှုပ်ရှားလာကာ သူတို့ ဒီပုံအတိုင်း ဆက်နမ်းနေလျှင် ဖူမင်ရှစ်က သူမ တွေးတောင် တွေးမကြည့်ဖူးတဲ့ အရာတွေကို လုပ်တော့မှာ ဖြစ်ကြောင်း ခပ်ရေးရေး အာရုံခံမိသောကြောင့် သူ့ကို အသာအယာ တွန်းဖယ်လိုက်သည်။
ဖူမင်ရှစ်က သူမရဲ့ မျက်နှာကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ နောက်ထပ် အကြိမ် အနည်းငယ်လောက် နမ်းရှိုက်ပြီးမှ မဖယ်ချင် ဖယ်ချင်နှင့် ဖယ်ခွာလိုက်သည်။ ချိုမြိန်လွန်းတဲ့ သူမရဲ့ နှုတ်ခမ်းတွေကို သူ စွဲလမ်းနေပါပြီ။
ရင်ခုန်သံ အရှိန်မရပ်သေးတဲ့ ကျန်းပေါင်က ခေါင်းငုံ့ထားရင်း “ ပြန်ရအောင်။ ” ဟု ပြောလိုက်သည်။ ဖူမင်ရှစ်ကတော့ ဘာမှ ပြန်မပြောဘဲ တစ်မိနစ်လောက် ကြာတော့မှ သူမကို နို့လက်ဖက်ရည်ဘူး ကမ်းပေးရင်း “ သောက်ချင်သေးလား။ ” ဟု မေးသည်။
ကျန်းပေါင်က သူ ပေးသော ဘူးလေးကို လှမ်းယူလိုက်သည်။ ပူနွေးဆဲ အချိန်မှာ လုယူခံလိုက်ရသော နို့လက်ဖက်ရည်ဘူးလေးဟာ အခုတော့ လုံးဝကို အေးစက်သွားခဲ့ပြီ ဖြစ်သည်။ သူတို့ တစ်ခေါက် နမ်းတိုင်း အချိန်အကြာကြီး ကြာလေ့ရှိသည် ထင်၏။ နို့လက်ဖက်ရည်ဟာ အေးစက်သွားသည်နှင့် တစ်ပြိုင်နက် သောက်မကောင်းတော့တာမို့ နှစ်ဘူးလုံး အမှိုက်ပုံးထဲမှာပဲ အဆုံးသတ်သွားခဲ့သည်။
ဖူမင်ရှစ်က သူ့စက်ဘီးကို ထိန်းကိုင်ထားပြီး ကျန်းပေါင် ထိုင်ပြီးသည်နှင့် စတင်ထွက်ခွာလာခဲ့သည်။ လေက အရှေ့ဘက်မှ တိုက်နေသော်လည်း ကျန်းပေါင်သည် ဖူမင်ရှစ်ရဲ့ နောက်မှာ ပုန်းကွယ်ရင်း နှစ်ယောက်လုံး တိတ်ဆိတ်စွာ စက်ဘီးစီးလာခဲ့ကြသည်။ အဆောင်ကို ရောက်တော့ ကျန်းပေါင် ရုတ်တရက်ပဲ အနည်းငယ် တွန့်ဆုတ်သွားသည်။ တက္ကသိုလ်မှာ ပညာသင်နိုင်ခြင်းက သူမရဲ့ အိပ်မက်ကို ပြည့်ဝပျော်ရွှင်စေသော်လည်း ရက်သတ္တပတ်ရဲ့ အပျော်ရွှင်ဆုံး အချိန်ကတော့ ဖူမင်ရှစ် သူမကို လာတွေ့တဲ့ နေ့ရက်တွေသာ ဖြစ်သည်။
“ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်။ အရမ်းကြီး ကိုယ့်ကိုယ်ကိုယ် တွန်းအားမပေးနဲ့။ ငါတို့မှာ ပိုက်ဆံပြတ်နေတာလည်း မဟုတ်ဘူး။ ” ဖူမင်ရှစ်က စက်ဘီးကို သော့ခတ်ပြီးနောက် သူမရဲ့ နားရွက်နောက်က ဆံပင်လေးတွေကို ကိုယ်ဟန်မတ်မတ်ဖြင့် သပ်တင်ပေးရင်း မနိုင်တဲ့ လူကို အလျှော့ပေးထားရသလို ပြောသည်။
ကျန်းပေါင် ခေါင်းညိတ်ပြလိုက်သည်။
“ အပေါ်တက်တော့။ ” ဖူမင်ရှစ်က သူမကို လွှတ်ပေးလိုက်ပြီး အရှုံးပေးမှု တစ်စွန်းတစ်စ ပျော်ဝင်နေသော အသံဖြင့် ပြောသည်။
“ လမ်းမှာ ဖြည်းဖြည်း မောင်းနော်။ ” ကျန်းပေါင်က သူတို့ ခွဲခွာခါနီး အချိန်တိုင်း အပြန်အလှန် ပြောနေကျ နှုတ်ဆက်စကားတွေကို ထပ်ပြောကာ တွန့်ဆုတ်စွာ ထွက်လာခဲ့သည်။ အပေါ်ထပ်ကို ရောက်တော့ လသာဆောင်မှာ ရပ်ရင်း သူမရဲ့ မြင်ကွင်းထဲကနေ ဖူမင်ရှစ် ပျောက်ကွယ်သွားတဲ့ထိ တိတ်ဆိတ်စွာ ရပ်တန့်ငေးကြည့်နေမိပါသည်။
~
နိုဝင်ဘာ ( ၁၀ ) ရက်နေ့တွင် ကျန်းပေါင်သည် အရင်လအတွက် သူမရဲ့ လဝက်စာ လစာ ယွမ် ( ၈၀၀ ) စွန်းစွနါးကို လက်ခံရရှိခဲ့၏။ အဆောင်ကို မပြန်ခင် အခန်းဖော်တွေနှင့်အတူ အောင်ပွဲခံဖို့အတွက် နို့လက်ဖက်ရည် လေးဘူး ဝယ်သွားခဲ့သည်။ ကျားရှောင်ယုနှင့် ကျန်လူတွေက သူတို့အိမ်ကနေ သူမအတွက် အစားအသောက်တွေ မကြာခဏ ယူလာလေ့ရှိပေမဲ့ သူမကတော့ ဖူမင်ရှစ် ဝယ်ပေးတဲ့ ပစ္စည်းတွေ ၊ အစားအသောက်တွေက လွဲလို့ များများစားစား ပြန်မပေးနိုင်ခဲ့ပါ။
“ နင့်လစာက အဝတ်အစားတွေ ဈေးချနေတဲ့ အချိန်မှာ ကွက်တိ ရောက်လာတာပဲ ကျန်းပေါင်။ ” ကွန်ပျူတာရှေ့မှာ ထိုင်နေတဲ့ ကျားရှောင်ယုက တစ်ချိန်တည်းမှာ ဖန်သားပြင်ကိုလည်း ကြည့် ၊ စကားတွေလည်း တရစပ် ပြောနေသည်။ “ အိုး … ကြည့်ပါဦး။ ဒီကုတ်အင်္ကျီက လှလိုက်တာ။ ”
ကျန်းပေါင် သွားကြည့်လိုက်တော့ နည်းနည်းလေး လူကြီးဆန်ပုံပေါ်သော အညိုရောင်ဖျော့ဖျော့ ကုတ်အင်္ကျီတစ်ထည် ဖြစ်သည်။ သူမလည်း ထိုင်ခုံမှာ ပြန်ထိုင်ပြီး အွန်လိုင်းပေါ်မှာ ပစ္စည်းတွေကို စတင်ရှာဖွေကြည့်လိုက်သည်။ သူမနှင့်အတူ လက်ပ်တော့ ယူလာခဲ့ပေမဲ့ သူမက အင်တာနက်ကုန်ကျစရိတ်တွေနှင့် ပတ်သက်၍ အလွန် ခြိုးခြံစိစစ်သည်။ လိုအပ်တဲ့ အဝတ်အစားတွေ ဝယ်တာ ၊ သင်ထောက်ကူပစ္စည်းတွေကို ရှာတာက လွဲလို့ ကျန်းပေါင် အင်တာနက်သုံးတာ ရှားသည်။ တစ်ခါတလေ သူမ အပန်းဖြေချင်တဲ့ အချိန်မျိုးမှာသာ ထိုင်ခုံကို ကျားရှောင်ယုဘက် ရွှေ့ပြီး ရုပ်ရှင်ဇာတ်လမ်းတွဲတွေ ကြည့်လေ့ရှိသည်။
ဖူမင်ရှစ်ကို ဘာလက်ဆောင် ပေးရမလဲ … ။
ကျန်းပေါင် အွန်လိုင်းအကြံပြုချက်တွေကို ရှာကြည့်လိုက်သည်။ မီးခြစ် ဝယ်ပေးရအောင်လည်း ဖူမင်ရှစ်က ဆေးလိပ်သောက်ပုံမပေါ်ပါ။ အနည်းဆုံးတော့ သူ ဆေးလိပ်သောက်တာကို တစ်ခါမှ မမြင်ဖူး။ ရှပ်အင်္ကျီ ၊ ခါးပတ်နှင့် သားရေအိတ်လို ပစ္စည်းတွေကို ဖူမင်ရှစ် ကုမ္ပဏီသွားတဲ့အခါ နေ့တိုင်း ဝတ်ဆင်သွားပေမဲ့ ဖူမင်ရှစ်ရဲ့ အဆင့်အတန်းနှင့် လိုက်ဖက်သော အဝတ်အစားတွေကို ယွမ် ( ၈၀၀ ) နှင့် မဝယ်နိုင်ပေ။ သူ ဝတ်မှာ မဟုတ်တဲ့ အပေါစား ပစ္စည်းတွေကို ဝယ်ပေးလျှင်လည်း အလကားပင်။
စုံတွဲခွက်လေး ဆိုရင်ရော … ၊ ဟင့်အင်း … အရမ်း ရိုးရှင်းပွင့်လင်းလွန်းတယ် … ။ ဒါဆို မုတ်ဆိတ်ရိတ်စက် ဆိုရင်ရော ဘယ်လိုလဲ … ။
ကျန်းပေါင်ရဲ့ နှလုံးသားထဲမှာ ဒိန်းခနဲ အသံမြည်သွားသည်။ တစ်ခါတုန်းက ဖူမင်ရှစ် သူမကို နမ်းတုန်းက သူ့မေးစေ့ပေါ်က မုတ်ဆိတ်မွေးငုတ်တိုတွေက သူမရဲ့ လည်ပင်းကို ပွတ်တိုက်ယားယံစေခဲ့သည်။ ပြီးတော့ မုတ်ဆိတ်ရိတ်စက်ကို အိမ်မှာ အသုံးပြုတာကြောင့် ရှက်ရွံ့နေရမှာကို စိတ်ပူစရာလည်း မလိုပါ။
***