← Chapters

အခန်း ၃၃

Vol. 4 Ch. 33

အခန်း ၃၃

Vol. 4 Ch. 33

အပိုင်း ( ၃၃ )

ဘာလက်ဆောင်ပေးရမလဲ ဆိုတာ ဆုံးဖြတ်ပြီးသွားသော ကျန်းပေါင်သည် ဈေးဝယ်ဝက်ဘ်ဆိုဒ်တစ်ခုကို သွားပြီး မွှေနှောက်ရှာဖွေကြည့်လိုက်၏။ “ မုတ်ဆိတ်ရိတ်စက် ” ဟု ရိုက်ထည့်ကာ ပင်မစာမျက်နှာကို အမြန် ခြုံငုံကြည့်ရှုပြီးသည်နှင့် တချို့ မုတ်ဆိတ်ရိတ်စက်တွေက ယွမ် ဆယ်ဂဏန်း ၊ တချို့က ရာဂဏန်း ရှိတာကို သတိထားမိသည်။

ဖူမင်ရှစ်ကို ပေးမယ့် လက်ဆောင်ဟာ အရမ်းကြီး ဈေးပေါလို့ မဖြစ်။ ကျန်းပေါင်က မူလတုန်းက ယွမ် ( ၂၀၀၀ ) ကျော် တန်ဖိုးရှိပြီး ပရိုမိုးရှင်းကြောင့် ယွမ် ( ၆၀၀ ) စွန်းစွန်းအထိ ဈေးလျှော့ထားသော မုတ်ဆိတ်ရိတ်စက်ကို အမြန် ရွေးချယ်လိုက်သည်။ ထို့နောက် “ ဈေးဝယ်ခြင်းထဲ ထည့်မည် ” ဟူသော ခလုတ်လေးကို ကျန်းပေါင် နှိပ်လိုက်သည်။

“ ဝိုး … နင်က တကယ် စေတနာရက်ရောတာပဲ ကျန်းပေါင်။ နင့်ရဲ့ လဝက်စာ လစာကိုတောင် လူကြီးမင်းရှစ်အတွက် သုံးပစ်လိုက်တယ်။ ” ရုတ်တရက်ပဲ သူမရဲ့ ပခုံးကို တစ်ယောက်ယောက် ပုတ်တာ ခံလိုက်ရကာ ဘယ်အချိန်ကတည်းက ခိုးကြည့်နေမှန်း မသိသော ကျားရှောင်ယုက တမင် ချဲ့ကားပြောဆိုသည်။ “ ကျွတ် ကျွတ် ၊ နင့်ဆီမှာ သကြားမေမေ ဖြစ်နိုင်တဲ့ အလားအလာတွေကို ငါ ရှာတွေ့သွားပြီ ကျန်းပေါင်။ နင်က နင့်အတွက်ဆို ယွမ် ဆယ်ဂဏန်းပဲ ရှိတဲ့ အဝတ်အစားတွေပဲ ဝယ်ပေမဲ့ နင့်ကောင်လေးအတွက်ကျတော့ ပိုက်ဆံတွေကို အနှမြောမရှိ ပုံအောပစ်တာ။ ”

ချန်းလီလီကလည်း ခေါင်းလေး ထွက်ပြူလာပြီး “ ငါကတော့ သူတို့တွေ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အမ်းနေတာလို့ ထင်တယ်။ ” ဟု အတိုင်အဖောက်ညီညီ ဝင်ပြောသည်။

“ ဟုတ်သားပဲ … ပထမတန်းစား အခန်းလေ။ ”

ကျန်းပေါင် ရှက်သွားမိသည်။ ဆောင်းဦးရာသီ အပျော်ခရီးကနေ ပြန်ရောက်ချိန်မှာ ဖန့်ရွယ်ရဲ့ ပါးစပ်ကနေ လွှတ်ခနဲ ပြောမိခဲ့ခြင်း ဖြစ်သည်။

“ ကျန်းပေါင်က သူ့ကို ဘာလို့ လက်ဆောင်ပေးတာလဲ။ မင်ရှစ်ရဲ့ မွေးနေ့လား။ ” ဖန်ရွှမ်းက ပိုလို့တောင် စိတ်ဝင်စားသွားကာ ကျန်းပေါင်နောက်ကို လျှောက်လာပြီး သူမ ရွေးချယ်ထားတဲ့ မုတ်ဆိတ်ရိတ်စက်ကို ကြည့်၍ အကြံဉာဏ် တချို့ ပေးသည်။ “ ရှစ်မိသားစုက တော်တော်လေး ချမ်းသာလောက်တယ် ၊ သူတို့မှာ ဒီလို ပစ္စည်းတွေ မလိုအပ်လောက်ဘူး။ ဟိုတစ်နေ့တုန်းက ခေါင်းစည်းပုဝါထိုးဖို့ ဆိုပြီး ချည်မျှင်တွေ ဝယ်လာတဲ့ ကောင်မလေးတစ်ယောက်ကို ငါ တွေ့ခဲ့တယ်။ နင်လည်း သူ့ကို နင်ကိုယ်တိုင် ထိုးထားတဲ့ ခေါင်းစည်းပုဝါလေး လက်ဆောင်ပေးလိုက်ပါလား။ အဲ့ဒါဆို အများကြီး ပိုအဓိပ္ပာယ်ရှိလိမ့်မယ်။ ”

ကျားရှောင်ယုကလည်း “ ဟုတ်တယ်။ သူ့ကို ခေါင်းစည်းပုဝါလေး ပေးပြီး သူ့နှလုံးသားကို အမိဖမ်းလိုက်။ ” ဟု ဝင်ရောက်ထောက်ခံသည်။

ကျန်းပေါင်မှာ မြို့ကြီးသူတွေ ကျွမ်းကျင်တဲ့ အရည်အချင်းတွေ သိပ်မရှိပေမဲ့ ချည်ထိုးခြင်းကိုတော့ အထူးတလည် ကျွမ်းကျင်သည်။ ထိုလက်မှုပညာကို အိမ်နီးချင်းအဘွားဆီက သင်ယူထားခဲ့ပြီး အိမ်မှာ ရှိတဲ့ ဆောင်းရာသီ ဆွယ်တာတွေ အားလုံးကို သူမကိုယ်တိုင် ချည်ထိုးထားတာ ဖြစ်သည်။ အခန်းဖော်တွေရဲ့ အကြံပြုသလိုပဲ ကျန်းပေါင်လည်း ထိုလက်ဆောင်ကို သင့်တော်ကောင်းမွန်သည်ဟု ခံစားရသည်။

သူမက ချည်လုံး တချို့ကို ချက်ချင်း ရွေးချယ်လိုက်သည်။ သို့သော်လည်း ကျန်းပေါင်သည် ည ( ၁၂ ) နာရီကျော်ချိန်မှာ အင်တာနက်တွေ ဖြတ်တောက်ခံရပြီးနောက် မိုဘိုင်းဒေတာကို သုံးပြီး ထိုမုတ်ဆိတ်ရိတ်စက်ကို တိတ်တဆိတ် ဝယ်ယူလိုက်ပါသေးသည်။

ခေါင်းစည်းပုဝါကို ခရစ္စမတ်ရောက်တော့မှ ပေးပြီး ဒီမုတ်ဆိတ်ရိတ်စက်လေးကိုတော့ စိတ်ရင်းစေတနာကို ဖော်ပြသည့်အနေဖြင့် ပေးလို့ ရသည်။ ဖူမင်ရှစ်က သူမအတွက် ပိုက်ဆံတွေ အများကြီး အကုန်အကျခံခဲ့ရပြီး ဒါက သူမကိုယ်တိုင် ပိုက်ဆံရှာဖူးတာ ပထမဆုံးအကြိမ်မို့ နည်းလမ်း တစ်မျိုးမျိုးနှင့် ကျေးဇူးသိတတ်ကြောင်း ဖော်ပြသင့်သည်ဟု ခံစားရသည်။

ပရိုမိုးရှင်းမှာ ဝယ်ယူထားသော ပစ္စည်းတွေကို ပို့ဆောင်ချိန် နှေးကွေးသောကြောင့် ကျန်းပေါင်ရဲ့ လက်ထဲကို မုတ်ဆိတ်ရိတ်စက်လေး ရောက်လာဖို့ တစ်ပတ်တိတိ စောင့်လိုက်ရသည်။ သူမက မူရင်းဘူးခွံကို လွှင့်ပစ်ပြီး ဈေးမကြီးတဲ့ လက်ဆောင်ဘူး လှလှလေးကို ဝယ်ယူခဲ့သည်။

ပိတ်ရက်မှာ သူ့ကို ပေးဖို့ အဆင်သင့်ပါပဲ။

သောကြာနေ့ ညနေခင်းတွင် ကျန်းပေါင်သည် ဖူမင်ရှစ်နှင့် ပိတ်ရက်မှာ တွေ့ရလိမ့်မည် ဆိုတာ သိနေသောကြောင့် တက်ကြွပျော်ရွှင်နေမိသည်။ ထုံးစံအတိုင်း သူမရဲ့ နှစ်နာရီစာ အချိန်ပိုင်းအလုပ် ပြီးဆုံးသွားသောအခါ ခွဲစိပ်ထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေရဲ့ ကျန်းမာရေးတိုးတက်မှု အခြေအနေကို စစ်ဆေးပေးသော စီနီယာ သူနာပြုကျောင်းသူတစ်ယောက်ကို ကူညီပေးခဲ့သည်။ ဒီအခွင့်အရေးကို အသုံးချပြီး ပုံနှိပ်စာအုပ်တွေထဲကနေ မလေ့လာနိုင်တဲ့ လက်တွေ့ အတွေ့အကြုံတွေကို ရယူချင်သည်။

သို့သော် တိရစ္ဆာန် သုံးကောင်ကိုသာ စစ်ဆေးပြီးသေးချိန်မှာပဲ ဖူမင်ရှစ်က ဖုန်းဆက်လာခဲ့သည်။ ကျန်းပေါင်က စီနီယာ သူနာပြုကျောင်းသူ အစ်မကြီးကို တစ်ချက် ကြည့်ပြီးမှ အခန်းထောင့် တစ်နေရာကို လျှောက်သွားကာ ဖုန်းကိုင်လိုက်သည်။

“ မင်း အိုဗာတိုင်ဆင်းနေတာလား။ ”

သူ့မေးခွန်းကြောင့် ကျန်းပေါင် အံ့သြသွားပြီး “ ရှင် အပြင်မှာ ရောက်နေတာလား။ ” ဟု မေးလိုက်တော့ ဖူမင်ရှစ်က “ အင်း ” ဟု တစ်ခွန်းတည်း တုံ့ပြန်သည်။ ကျန်းပေါင်သည် ချက်ချင်းပဲ ဖုန်းချကာ စီနီယာ သူနာပြုကျောင်းသူ အစ်မကြီးကို သွားတောင်းပန်လိုက်သည်။ “ တောင်းပန်ပါတယ်။ ညီမ ကိစ္စတစ်ခု ပေါ်လာလို့ သွားရတော့မယ်။ ”

“ ညီမရဲ့ ကောင်လေး ဖုန်းဆက်တာလား။ သွား သွား ၊ ချိန်းတွေ့တာကို အနှောင့်ယှက်မဖြစ်စေနဲ့။ ” ဟု မျက်နှာပေါ်မှာ တင်းတိပ်လေးတွေ ရှိတဲ့ စီနီယာ သူနာပြုကျောင်းသူ အစ်မကြီးက ပြုံး၍ ပြောသည်။

ကျန်းပေါင်လည်း ပြန်ပြုံးပြပြီး ပစ္စည်းတွေကို သိမ်းဆည်းကာ ထွက်လာခဲ့လိုက်သည်။ သူမ အပြင်ကို ရောက်သည်နှင့် စက်ဘီးဘေးမှာ ရပ်စောင့်နေသော ဖူမင်ရှစ်ကို မြင်ရသည်။ စာသင်ကြားရေး အဆောက်အအုံမှာပဲဖြစ်ဖြစ် ၊ ဆေးရုံအပြင်ဘက်မှာပဲဖြစ်ဖြစ် သူ သူမကို လာတွေ့တိုင်း စက်ဘီးနောက်ခုံပေါ်မှာ ထိုင်စောင့်နေတတ်တာမို့ ဖူမင်ရှစ်ဟာ သူမရဲ့ စက်ဘီးကို အတော်လေး သဘောကျပုံပေါ်သည်။

“ ရှင် ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ။ ”

ဖူမင်ရှစ်က ခပ်မတ်မတ် ရပ်ကာ သူမကို စူးစမ်းသော အကြည့်ဖြင့် ကြည့်သည်။ “ အဘိုးက မင်းကို သတိရလို့တဲ့။ ငါတို့ ဒီည ဗီဒီယိုကောလ် ပြောကြမယ်။ မင်း ဒီည အိမ်ပြန်လိုက်ခဲ့မလား။ ငါ မင်းကို မနက်ဖြန်ကျ ပြန်လိုက်ပို့ပေးမယ်လေ။ ”

အဘိုးက ဗီဒီယိုကောလ် ပြောချင်နေတယ် ဆိုကတည်းက ကျန်းပေါင်မှာ ပြန်လိုက်သွားဖို့က လွဲလို့ ရွေးချယ်စရာ မရှိတော့ပေ။ သူမလည်း ဟွီသန်းနှင့် ယွဲ့လျန်ကို လွမ်းသည်။ ယွဲ့လျန် ဆိုတာက လေလွင့်တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကနေ သူမ မွေးစားထားတဲ့ ကြောင်မည်းလေး ဖြစ်သည်။ တစ်ကိုယ်လုံး အမွေးမည်းလေးတွေ ဖုံးလွှမ်းထားတဲ့ ကောင်ကလေးကို အမှောင်ထဲမှာဆို ကောင်းကင်ပေါ်က လခြမ်းကွေးလေး နှစ်ခုလို ကြည်လင်စိမ်းလဲ့နေသော မျက်လုံး နှစ်လုံးကိုသာ မြင်နိုင်သောကြောင့် ထိုနာမည် ပေးထားခြင်းပင်။

ကျန်းပေါင်က သူနှင့် မျက်လုံးချင်း မဆုံအောင် ရှောင်လွှဲရင်း“ ဒါဆို ကျွန်မ အဆောင်ကို အရင် ပြန်လိုက်ဦးမယ်။ ” ဟု ပြောလိုက်သည်။ သူ့အတွက် ပြင်ဆင်ထားတဲ့ လက်ဆောင်ကို ယူရဦးမည်။

“ ငါ မင်းကို လိုက်ပို့ပေးမယ်။ ” ဖူမင်ရှစ်က ပြုံးပြကာ သူမရဲ့ စက်ဘီးသော့ကို တောင်းလိုက်သည်။ ဆယ့်ငါးမိနစ်အကြာမှာတော့ သူတို့နှစ်ယောက်လုံး သူ အသစ် ဝယ်ထားတဲ့ သာမန် ကားတစ်စီးထဲကို ရောက်သွားခဲ့ကြသည်။ A တက္ကသိုလ်ကနေ သူ့အပန်းဖြေစံအိမ်ကို နာရီဝက်သာ မောင်းရတာမို့ မျက်စိတစ်မှိတ်အတွင်း ရောက်သွားသည်ဟု ထင်ရသည်။

အဒေါ်ဝမ်က အိမ်ချက်လက်ရာ ဟင်းလျာတွေ အများကြီး ပြင်ဆင်ထားပြီး သူတို့ ရောက်တော့မှ ပူပူလောလော ချက်ပြုတ်ပြီးတာ ဖြစ်သည်။ ကျန်းပေါင်က ဧည့်ခန်းထဲမှာ ထိုင်ကာ တီဗီကြည့်နေတုန်း ဟွီသန်းက သူမကို လျက်ဖို့ ပြေးလာပြီး ယွဲ့လျန်ကတော့ သူ့ရဲ့ အခုန်စွမ်းရည်ကို အားကိုးကာ သူမရဲ့ ရင်ခွင်ထဲကို ဝှီးခနဲ ခုန်ဝင်လာခဲ့သည်။ တစ်ခါတရံ သူ့ရဲ့ ခေါင်းလုံးလုံးလေးနှင့် သူမရဲ့ ရင်ဘတ်ကို တိုးဝှေ့ပွတ်သပ်နေသည်။ ကျန်းပေါင်က သူမရဲ့ လက်တစ်ဖက်ကို ဟွီသန်းအား လျက်ခွင့်ပေးထားရသလို ကျန်လက်တစ်ဖက်ကလည်း ယွဲ့လျန်ကို ပွတ်သပ်ပေးနေရတာမို့ မအားလပ်နိုင်အောင်ပါပဲ။

ဖူမင်ရှစ်ကတော့ ဘေးမှာ ပျင်းရိပျင်းတွဲ မှီထိုင်ပြီး အိမ်မွေးတိရစ္ဆာန်လေးတွေနှင့် ဆော့ကစားနေတဲ့ သူမကို တိတ်ဆိတ်စွာ ကြည့်နေခဲ့လေသည်။

ညစာ စားပြီးသွားတော့ ( ၉ ) နာရီထိုးခါနီးပါပြီ။ ဒီအချိန်ဆို အဘိုးဖူတို့ဘက်မှာ မနက်ပိုင်းမို့ ဗီဒီယိုကောလ် ပြောဖို့ အချိန်ကောင်း ဖြစ်သည်။

အဘိုးဖူက ရွှင်လန်းတက်ကြွနေသလို သူ့အပြုံးကလည်း ကျန်းပေါင်ကို မြင်ပြီးနောက်ပိုင်း တစ်ခါလေးတောင် ပျောက်ကွယ်သွားပုံ မပေါ်ပါ။ သူ့မျက်လုံးထဲမှာ မြေးကိုတောင် မမြင်တော့သလိုမျိုး ကျန်းပေါင်ကိုသာ စကားတွေ ပြောနေခဲ့သည်။ နာရီဝက်လောက် စကားစမြည် ပြောပြီးတော့မှ အဘိုးဖူက မြေးဖြစ်သူနှင့် စီးပွားရေးကိစ္စ တချို့ ဆွေးနွေးတော့မည် ဖြစ်ကြောင်း ပြောကာ ကျန်းပေါင်အား အပေါ်ထပ်မှာ သွားအနားယူခိုင်းခဲ့သည်။

ကျန်းပေါင်က ဖူမင်ရှစ်ကို စောင်းငဲ့ ကြည့်ပြီးနောက် ယွဲ့လျန်ကို ပွေ့ချီကာ ဟွီသန်းကို ဦးဆောင်လျက် သုံးထပ်ကို တက်လာခဲ့လိုက်သည်။ အပေါ်ထပ်ကနေ ဖူမင်ရှစ်ရဲ့ စကားသံကို သဲ့သဲ့ ကြားရသည်။ ကျန်းပေါင်က လှေကားအောက်ကို တစ်လှည့် ၊ ဖူမင်ရှစ်ရဲ့ အိပ်ခန်းကို တစ်လှည့် ကြည့်ရင်း စိတ်ကူးတစ်ခုက သူမရဲ့ စိတ်ထဲကို ရုတ်တရက် ဝင်ရောက်လာခဲ့သည်။

ဖူမင်ရှစ် အခု ဘယ်လို မုတ်ဆိတ်ရိတ်စက်မျိုး အသုံးပြုနေတာလဲ ဆိုတာ သူမ သိချင်သည်။ ဖူမင်ရှစ် လက်ရှိ သုံးနေတဲ့ မုတ်ဆိတ်ရိတ်စက်ရဲ့ တန်ဖိုးက ကိန်းဂဏန်း ( ၄ ) လုံး ဆိုလျှင် မူလတုန်းက နှစ်ထောင်ကျော် တန်ဖိုးရှိတဲ့ သူမရဲ့ မုတ်ဆိတ်ရိတ်စက်က သိပ်မဆိုး။ ဒါပေမဲ့ ဖူမင်ရှစ်ရဲ့ မုတ်ဆိတ်ရိတ်စက်က အရမ်း ဈေးကြီးလျှင်တော့ လက်ဆောင်မပေးသင့်ပါ။

ကျန်းပေါင်သည် ခဏလောက် တုံ့ဆိုင်းနေပြီးမှ ဖူမင်ရှစ်ရဲ့ အိပ်ခန်းတံခါးဆီ တိတ်ဆိတ်စွာ လျှောက်သွားပြီး တံခါးလက်ကိုင်ကို လှည့်ကြည့်လိုက်တော့ လော့ခ်ချမထားကြောင်း သိရ၏။ အသိတရားကပ်နေသေးတဲ့ သူမမှာ သူခိုးလုပ်ဖို့ ရည်ရွယ်ချက် မရှိသော်လည်း ရင်ခုန်သံတွေ တဒိန်းဒိန်းနှင့် အခုန်မြန်နေသည်။

ထို့နောက် ယွဲ့လျန်ကို ကြမ်းပြင်ပေါ် ချကာ အခန်းထဲကို သွက်လက်စွာ ခြေဖော့နင်း ဝင်ရောက်လာပြီး ရေချိုးခန်းထဲကို ချက်ချင်း ဝင်ခဲ့လိုက်သည်။ မုတ်ဆိတ်ရိတ်စက်ကို ရှာတွေ့ပေမဲ့ တံဆိပ်ကို မသိသောကြောင့် ဖုန်းထုတ်ကာ ဓာတ်ပုံရိုက်ထားလိုက်သည်။ သူမရဲ့ အခန်းထဲ ရောက်တော့မှ အင်တာနက်ပေါ်မှာ ရှာကြည့်လို့ ရသည်။ ဓာတ်ပုံရိုက်ပြီးသွားတော့ မုတ်ဆိတ်ရိတ်စက်ကို သူ့နေရာသူ ပြန်ထားကာ အခန်းထဲက အမြန် ပြန်ထွက်လာခဲ့လိုက်သည်။

မပြောပလောက်သော အကွာအဝေးလေးကိုသာ လျှောက်လိုက်ရသော်လည်း ခန္ဓာကိုယ်တစ်ခုလုံး ဇောချွေးပြန်နေတာကို အပြင်ကို ရောက်သည်နှင့် သတိထားမိသည်။ သို့သော် သူမနှင့်အတူ ယွဲ့လျန် ပါမလာကိုတော့ သူမရဲ့ အခန်းထဲ ပြန်ရောက်မှ ရုတ်တရက် သတိရသွားပါသည်။ ကျန်းပေါင်သည် အပြစ်ကင်းစင်သော ဟွီသန်းလေးကို ကြည့်ကာ ယွဲ့လျန်ကို ရှာဖို့ အမြန် လှည့်လာခဲ့လိုက်သည်။

ခုနတုန်းက သူမ ဖူမင်ရှစ်ရဲ့ အခန်းထဲကို ဝင်တုန်းက အိပ်ခန်းတံခါးကို ပိတ်ထားတာမို့ ယွဲ့လျန်က ဘယ်လို နည်းနှင့်မှ သူ့ဘာသာသူ မဝင်ရောက်နိုင်ပေ။ ယွဲ့လျန်ကို ချန်ထားခဲ့ခြင်းက ဖူမင်ရှစ်ရဲ့ အခန်းထဲကို သူမ ကျူးကျော်ဝင်ရောက်ခဲ့တဲ့ သက်သေ ဖြစ်သည်။

ကျန်းပေါင်သည် မာစတာအိပ်ခန်းထဲကို နောက်တစ်ခေါက် ပြန်ရောက်လာချိန်မှာ တစ်ခန်းလုံးကို လျင်မြန်စွာ ရှာဖွေကြည့်ပေမဲ့ ယွဲ့လျန်ကို ရှာမတွေ့ခဲ့ပါ။ အဲ့ဒီနောက် ရေချိုးခန်းထဲကို ဝင်သွားတော့မှ ဘိုထိုင်အိမ်သာဘောင်ပေါ်မှာ ထိုင်ကာ အထဲကို ငုံ့ကြည့်နေတဲ့ ယွဲ့လျန်ကို တွေ့လိုက်ရသည်။

ကျန်းပေါင်တစ်ယောက် မျက်လုံးပြူးသွားပြီး ယွဲ့လျန်ကို အမြန် ဖမ်းဖို့ ကြိုးစားလိုက်ပေမဲ့ ယွဲ့လျန်က လျင်မြန်ပေါ့ပါးစွာ ခုန်ဆင်းသွားပြီး သူမနောက်ကို လိုက်ဖို့ ငြင်းဆန်ခဲ့လေသည်။

“ ယွဲ့လျန်လေးက လိမ္မာပါတယ်ကွယ် … နော် … ” ကျန်းပေါင်က ခန္ဓာကိုယ်ကို ငုံ့ကိုင်းကာ ပြိုင်ဖက်ကင်း နူးညံ့ညင်သာသော အသံကို အသုံးပြု၍ ချော့မော့လိုက်သည်။ ယွဲ့လျန်ကတော့ ရေချိုးကန်ထဲမှာ ထိုင်ပြီး သူ့ပိုင်ရှင်ကို မျက်လုံးစိမ်းများဖြင့် တုံဏှိဘာဝေ ကြည့်နေသည်။

ကျန်းပေါင်က ဖြည်းဖြည်းချင်း ချဉ်းကပ်သွားပေမဲ့ သူမ သူ့အနား မရောက်သေးခင်မှာပဲ ယွဲ့လျန်က ထပ်မံ ထွက်ပြေးသွားကာ အိပ်ခန်းထဲကို လျှပ်စီးလို ပြေးဝင်သွားတဲ့ အနက်ရောင် အရိပ်လေးကိုသာ မြင်လိုက်ရသည်။ ကျန်းပေါင်ကတော့ ပိုလို့ ခေါင်းကိုက်လာပြီး သူ့ကို လိုက်ဖမ်းရသည်။

ဒီတစ်ခေါက်တော့ ကြောင်မည်းလေး ယွဲ့လျန်ဟာ ဖူမင်ရှစ်ရဲ့ ကြီးမားကျယ်ပြန့်သော အိပ်ရာပေါ်မှာ အဆုံးစွန်သော ဇိမ်ကျမှုနှင့် ဘုရင်တစ်ပါးလို လဲလျောင်းရင်း မျက်လုံးမှေးစင်းထားခဲ့သည်။

ကျန်းပေါင်က “ နင် ငါ့စကား နားမထောင်ရင် ငါ နင့်ကို မချစ်တော့ဘူးနော်။ ” ဟု ခပ်တိုးတိုး ခြိမ်းခြောက်ရင်း သူ့အနား ကပ်သွားလိုက်သည်။

ယွဲ့လျန်က တုပ်တုပ်မျှ မလှုပ်သော်လည်း ဖူမင်ရှစ်ရဲ့ အိပ်ရာက ကြီးမားလွန်းပြီး ယွဲ့လျန်က အိပ်ရာအလယ်မှာ လဲလျောင်းနေတာကြောင့် ကျန်းပေါင်က ယွဲ့လျန်ကို လှမ်းမီဖို့ အိပ်ရာကို လက်တစ်ဖက်ဖြင့် ထောက်ထားရသည်။

ထို့ကြောင့် ဖူမင်ရှစ်သည် အိပ်ခန်းထဲကို ‌ဇဝေဇဝါနှင့် ပြန်လာချိန်မှာ သူ မသွားခင်တုန်းက အသေအချာ ပိတ်ထားခဲ့သော အခန်းတံခါးဟာ ပွင့်ဟနေပြီး သူ့သတို့သမီးလောင်းရဲ့ ကျောပြင်ကို အိပ်ရာအလယ်မှာ မြင်လိုက်ရ၏။ အပန်းဖြေစံအိမ်ထဲမှာ အရမ်း မပူတာမို့ ကျန်းပေါင်က ကုတ်အင်္ကျီ ချွတ်ပြီး အဖြူရောင် ဆွယ်တာလေး တစ်ထည်ကိုသာ ဝတ်ထားခဲ့သည်။

အခု ဆွယ်တာလေးက ကြွတက်သွားတဲ့အခါ လှပသော ခါးသွယ်သွယ်လေးက လှစ်ခနဲ ပေါ်လာပြီး အဲ့ဒီအောက်မှာတော့ ဂျင်းဘောင်းဘီ ဝတ်ထားတဲ့ မိန်းမငယ်လေးရဲ့ အချိုးအစားကျန တင်းရင်းပြေပြစ်သော ခန္ဓာကိုယ်အောက်ပိုင်းအလှကို တွေ့ရသည်။

ဖူမင်ရှစ်သည် ယွမ် ဆယ်ဂဏန်းသာ တန်ဖိုးရှိသော ဂျင်းဘောင်းဘီ တစ်ထည်ဟာ ဒီလိုမျိုး ဆွဲဆောင်မှုရှိတဲ့ အလှတရားကို ဖော်ပြနိုင်ကြောင်း ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် သဘောပေါက်သွား၏။ သူ့လည်ဇလုတ်က နိမ့်ချည် ၊ မြင့်ချည် လှုပ်ရှားသွားပြီး အိပ်ရာနားကို တိတ်ဆိတ်စွာ ချဉ်းကပ်လာခဲ့လိုက်သည်။

ဟွီသန်းနှင့် ယွဲ့လျန်က သူနှင့် ရင်းနှီးကျွမ်းဝင်နေပြီးသားမို့ သူ့ကို မြင်သော်လည်း ခွေးရော ၊ ကြောင်ရော အံ့အားသင့်တဲ့ အရိပ်အယောင်မျိုး လုံးဝ မပြပေ။

“ ဆက်ပြီး မဆိုးနဲ့တော့။ ” ကျန်းပေါင်က နောက်ဆုံးတော့ ယွဲ့လျန်ကို ဖမ်းမိသွားကာ ခေါင်းလေးကို ပွတ်သပ်ပေးရင်း သူမနှင့်အတူ လိုက်လာအောင် ချော့မော့ပြောဆိုနေခဲ့သည်။ ယွဲ့လျန်ကတော့ သခင်ဖြစ်သူကို နာခံစွာ တိုးဝှေ့ပွတ်သပ်ရင်း သက်သောင့်သက်သာရှိတဲ့ အိပ်ရာပေါ်က မထချင် ဖြစ်နေခဲ့သည်။

ကျန်းပါင်က မတ်တပ်ပြန်ရပ်ဖို့ လုပ်နေတုန်းမှာပဲ အိပ်ရာဘေးကို ရောက်လာတဲ့ လက်ကြီးတစ်ဖက်ကို ဖျတ်ခနဲ တစ်စွန်းတစ်စ လှမ်းမြင်လိုက်သောကြောင့် အံ့အားသင့်သွားကာ လှည့်ကြည့်လိုက်မိသည်။

ဖူမင်ရှစ်သည် အခွင့်အရေးကို မိမိရရ အသုံးချပြီး သူမရဲ့ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ အိပ်ရာပေါ်ကို တွန်းလှဲချလိုက်၏။ ထို့နောက် သူမရဲ့ ခန္ဓာကိုယ် ဘေးတစ်ဖက်တစ်ချက်ကို သူ့လက်နှစ်ဖက်ဖြင့် ကန့်သတ်ထားကာ သူမကို အုပ်မိုးစူးစိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးနက်နက်ထဲမှာ အန္တရာယ်များသော မီးတောက်မီးလျှံတွေ တောက်ပနေသည်။

“ ငါ့အခန်းထဲကို မင်းသဘောနဲ့မင်း ရောက်လာပြီး ဒီလို အနေအထားမျိုးနဲ့ နေ,နေတယ် ဆိုတော့ ငါပဲ အထင်လွဲနေတာလား ၊ ဒါမှမဟုတ် မင်း … ”

ထိတ်လန့်စရာ အဖြစ်အပျက်ကို လောလောလတ်လတ် ကြုံတွေ့ထားသော ကျန်းပေါင်သည် ကြောက်လန့်မှုဖြင့် နှလုံးခုန်မြန်နေဆဲ ဖြစ်သည်။ အခု ဖူမင်ရှစ်ကပါ သူမကို တောင်တစ်လုံးလို အုပ်မိုးထားပြန်သည်။ သူ့ခန္ဓာကိုယ်အနေအထားက စိတ်မြန်လက်မြန် ၊ ပိုင်စိုးပိုင်နင်းရှိလှသည်။ စိတ်လှုပ်ရှားစွာ ရင်ခုန်သံမြန်နေသော်လည်း သူမ လှုပ်တောင် မလှုပ်ရဲပေ။ ဖူမင်ရှစ် ခုနတုန်းက ပြောတဲ့ စကားကို ခွဲခြမ်းစိပ်ဖြာနိုင်ဖို့ ခဏ အချိန်ယူလိုက်ရပြီး အမြန် မျက်နှာလွှဲကာ ရှင်းပြလိုက်သည်။

“ ကျွန်မ … ယွဲ့လျန်က ရှင့်အခန်းထဲကို ပြေးဝင်သွားလို့ ကျွန်မ သူ့ကို လိုက်ဖမ်းနေတာပါ။ ”

ဖူမင်ရှစ်က သူမရဲ့ မျက်နှာရဲရဲကို စိုက်ကြည့်ပြီး ဩရှနက်ရှိုင်းသော အသံဖြင့် “ ငါ မှတ်မိသလောက်တော့ ငါ မသွားခင် အခန်းတံခါး ပိတ်ထားခဲ့တာပါ။ ” ဟု ပြောလိုက်သည်။

သူမရဲ့ ဆင်ခြေကို သိသာထင်ရှားစွာ အမှားထောက်ခံလိုက်ရသဖြင့် ကျန်းပေါင်ရဲ့ မျက်နှာက ပိုလို့တောင် ရဲတက်လာပြီး ဖူမင်ရှစ်ရဲ့ ခန္ဓာကိုယ်က သူမနှင့် ပိုလို့တောင် နီးကပ်လာပြီ ဆိုတာကိုလည်း နားလည်သွားသည်။ ပို‌ကျိုးကြောင်းဆီလျော်တဲ့ ဖြေရှင်းစကားကို ဆက်မစဉ်းစားနိုင်တော့ဘဲ မျက်လုံးမှိတ်၍ အမှန်အတိုင်း ပြောလိုက်တော့သည်။ “ ကျွန်မ ရှင့်ကို လက်ဆောင်ပေးချင်လို့ပါ … ”

ဖူမင်ရှစ်ရဲ့ လည်ချောင်းထဲမှာ တောင့်တင်းသွားကာ “ ကျေးဇူးပါ။ ငါ မင်းလက်ဆောင်ကို တကယ် သဘောကျတယ်။ ” ဟု ဖြတ်ပြောလိုက်သည်။ ထိုသို့ ပြောပြီးသည်နှင့် သူ့ခန္ဓာကိုယ်ကို သူမနှင့် ဖိကပ်ပြီး သူမရဲ့ နှုတ်ခမ်းတွေကို စိတ်အားထက်သန်စွာ နမ်းရှိုက်လိုက်သည်။

သူမ ပြောတဲ့ လက်ဆောင်က သေချာပေါက် တခြား အဓိပ္ပာယ်ရှိလိမ့်မယ် ဆိုတာ သိပေမဲ့ မသိချင်ယောင်ဆောင်ချင်သည်။ သိပ်ကို စွဲမက်စရာကောင်းလွန်းတဲ့ သူမဟာ သူ့ဆီကို ကိုယ့်ဆန္ဒနှင့်ကိုယ် ရောက်လာခဲ့တာ ဖြစ်သည်။ သူက အဲ့ဒီလောက် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မကောင်းပါ။ သူတို့ရဲ့ အရင်တုန်းက အနမ်းတွေနှင့် မတူဘဲ ဒီတစ်ခေါက်က ခန္ဓာကိုယ်ချင်း နီးစပ်ထိကပ်ကာ အသိစိတ် ထွေပြားချင်စရာကောင်းနေခဲ့သည်။

ကျန်းပေါင်သည် ဖူမင်ရှစ် သူမရဲ့ ရင်ဘတ်ကို တမင် ဖိထားတယ် ဆိုတာကိုတောင် ခံစားနေရ၏။ သူက ရှပ်အင်္ကျီ တစ်ထည်ကိုသာ ဝတ်ဆင်ထားပြီး သူမက ချန်းလီလီ ကူရွေးပေးထားတဲ့ ၊ သူမရဲ့ ခန္ဓာကိုယ်အလှကို သိသာပေါ်လွင်စေသော ကိုယ်ကြပ်ဆွယ်တာလေးကို ဝတ်ဆင်ထားသည်။

ဖူမင်ရှစ်ရဲ့ ကြီးမားကျယ်ပြန့်သော လက်တစ်ဖက်က ဘေးကနေ အပေါ်ဘက်ကို တိတ်တဆိတ် ရွေ့လာချိန်မှာ ကျန်းပေါင်သည် လျှပ်စစ်စီးကြောင်း တစ်ခုကို ခံစားလိုက်ရပြီး သူ့ကို ချက်ချင်းပဲ တွန်းထုတ်ပစ်လိုက်မိသည်။

***

All Chapters