အခန်း ၃၄
Vol. 4 Ch. 34
အပိုင်း ( ၃၄ )
ဖူမင်ရှစ်က ရှေ့ဆက်တိုးချင်သော်လည်း တကယ်တော့ သူမကို စမ်းသပ်နေခြင်းသာ ဖြစ်သည်။ ကျန်းပေါင် ခွင့်မပြုတဲ့အတွက် သူလည်း ချက်ချင်း ရပ်တန့်ပြီး သူမကို တောင်းပန်သလို ကြည့်လိုက်သည်။ “ တောင်းပန်ပါတယ်။ ငါက မင်းကို … လက်ဆောင်လို့ ထင်သွားတာ … ”
“ မဟုတ်ပါဘူး။ အဲ့လို ဖြစ်စရာလား။ ” ကျန်းပေါင်က သူ့ကို အရင်ဆုံး ဘေးဖယ်ခိုင်းပြီးနောက် အိပ်ရာပေါ်မှ ထကာ မသပ်မရပ်ဖြစ်နေသော ဆွယ်တာလေးကို ပြုပြင်ပြီး သူ့ဘက်ကို လှည့်၍ ခပ်တိုးတိုး ပြောလိုက်သည်။ “ ကျွန်မ လစာရလာလို့ ရှင့်အတွက် မုတ်ဆိတ်ရိတ်စက်လေး ဝယ်လာခဲ့တယ်။ အရမ်း ဈေးပေါတာကို ရွေးလာမိရင် ရှင် မကြိုက်မှာ စိုးလို့ ရှင် ဘာတံဆိပ် သုံးတာလဲ ဆိုတာ လာကြည့်တာပါ။ ”
အချိန်ပိုင်းအလုပ်က ရတဲ့ ပိုက်ဆံနဲ့ သူ့အတွက် လက်ဆောင် ဝယ်ပေးတယ်တဲ့လား … ။ သတို့သမီးလောင်းလေးဆီက ပထမဆုံးအကြိမ် လက်ဆောင်ရသော အဖြစ်က ဖူမင်ရှစ်အား သူ့သွေးသားဆန္ဒတွေကို မေ့လျော့သွားစေတဲ့အထိ အလွန်အမင်း အံ့အားသင့်စေခဲ့လေသည်။
ဖူမင်ရှစ်က သူမဘေးကို လျှောက်သွားကာ “ ပြပါဦး။ မုတ်ဆိတ်ရိတ်စက်တွေရဲ့ ဈေးတွေက အတူတူပါပဲ။ ငါ သုံးနေတဲ့ တစ်ခုကလည်း ဈေးမကြီးဘူး။ ” ဟု လေးနက်စွာ ပြောလိုက်သည်။
ကျန်းပေါင်သည် သူ အမှန်အတိုင်း ပြောနေတာလား ၊ လိမ်ပြောနေတာလား ဆိုတာ မသိသော်လည်း အနေရခက်သော လက်ရှိ အခြေအနေကနေ ရုန်းထွက်ချင်သောကြောင့် လက်ဆောင်ကို သွားယူဖို့အတွက် ဖူမင်ရှစ်ကို အမြန် ဖြတ်ကျော်၍ သူမရဲ့ အခန်းဆီ လျှောက်လာခဲ့လိုက်သည်။
ဖူမင်ရှစ်က သူမနောက်ကို လိုက်သွားချင်ပေမဲ့ သူမက တံခါးပိတ်သွားပြီး ဟွီသန်းကိုပါ အပြင်မှာ ထားခဲ့သည်။ ဟွီသန်းက သူ့လက်ဖဝါးလေးကို မြှောက်ပြီး အခန်းတံခါးကို ကုတ်ခြစ်နေရှာသည်။ သူကတော့ စိတ်ပျက်လက်ပျက်ပဲ ပြုံးမိပါသည်။ ဒါက စိတ်မရှည်ခြင်းရဲ့ အကျိုးရလဒ် ဖြစ်သည်။
“ ဒီမှာ။ ” ကျန်းပေါင်က တံခါးကို နည်းနည်းလေး ဖွင့်ဟလိုက်ပြီး ထိုကြားလေးထဲကနေ လက်ကလေးတစ်ဖက် ဆန့်ထွက်လာခဲ့သည်။ လူကတော့ တံခါးနောက်မှာ ပုန်းကွယ်လျက်သာ။
“ အခုမှ ကိုးနာရီတောင် မထိုးသေးဘူး။ ငါတို့ အတူတူ ရုပ်ရှင်ကြည့်ကြမလား။ ” ဖူမင်ရှစ်က အနည်းငယ် ပွင့်နေသော တံခါးအဟလေးနားကို ကပ်သွားပြီး ခပ်တိုးတိုး ဖိတ်ခေါ်လိုက်တော့ “ ကျွန်မ အိပ်ချင်နေပြီ။ ” ဟု ပြန်ပြောသည်။
ကျန်းပေါင်ရဲ့ မျက်နှာက နီရဲနေဆဲ ဖြစ်ကာ သူနှင့် ဒီည နောက်တစ်ခေါက် ထပ်မတွေ့ချင်တော့ပါ။ ဖူမင်ရှစ်သည် စိတ်ညစ်စွာ သက်ပြင်းချရုံသာ တတ်နိုင်ပြီး လက်ဆောင်လေးကို လက်ခံယူလိုက်ရ၏။ သူ လက်ဆောင်ဘူးလေးကို ယူပြီးသည်နှင့် အခန်းတံခါးက ညင်သာစွာ ပိတ်သွားသည်။ ဖူမင်ရှစ် အောက်ကို ငုံ့ကြည့်မိလျှင် ဒီတစ်ခေါက်တော့ ဟွီသန်းတောင် အခန်းထဲကို မနည်း တိုးဝင်သွားရကြောင်း တွေ့ရသည်။
ဖူမင်ရှစ်သည် ပေးမယ် ဆိုတဲ့ လက်ဆောင်ကိုတော့ ပေးလိုက်လို့ တော်ပါသေးသည်ဟုသာ နှလုံးသွင်း မှတ်ယူကာ သူ့အခန်းထဲကို ပြန်သွားပြီး လက်ဆောင်ဘူးလေးကို ဖွင့်ကြည့်လိုက်သည်။ လူငယ်ဆန်သော အပြာဖျော့ဖျော့ လက်ဆောင်ဘူးလေး ဖြစ်ပြီး အထဲမှာ နာမည်ကြီး တံဆိပ်တစ်ခုရဲ့ မုတ်ဆိတ်ရိတ်စက်လေး ရှိသည်။
ဒီတံဆိပ်ကို သူ တက္ကသိုလ်ကျောင်းသားဘဝတုန်းက အသုံးပြုခဲ့ဖူးပြီး သူ ဒီနေ့အထိ အသုံးပြုနေတဲ့ မုတ်ဆိတ်ရိတ်စက်ကလည်း သူ့အမေ မွေးနေ့လက်ဆောင်ပေးထားတဲ့ တံဆိပ်တူ မုတ်ဆိတ်ရိတ်စက်လေး ဖြစ်သည်။
ထိုအချိန်မှာပဲ သူ့ဖုန်းက တင်ခနဲ မက်ဆေ့ခ်ျဝင်သံနှင့်အတူ တုန်ခါသွားသောကြောင့် ယူကြည့်လိုက်တော့ ကျန်းပေါင်ထံမှ မက်ဆေ့ခ်ျတစ်စောင်ကို မြင်ရသည်။ [ အဲ့ဒါက အရမ်း ဈေးပေါတယ်။ ရှင် မကြိုက်ရင် မသုံးပါနဲ့။ ]
ဖူမင်ရှစ်က ခပ်တိုးတိုး ရယ်မောရင်း စာပြန်လိုက်သည်။ [ ငါ မနက်ဖြန်မနက်က စပြီး အဲ့ဒါကို သုံးလိုက်မယ်။ ပစ္စည်း မပျက်စီးသေးသရွေ့ ၊ မင်း ငါ့ကို အသစ် ဝယ်မပေးသရွေ့ ငါ တခြားသာ မသုံးဘူး။ ]
ဘေးချင်းကပ်ရက် အိပ်ခန်းထဲမှာတော့ ကျန်းပေါင်က အိပ်ရာပေါ်မှာ လဲလျောင်းနေခဲ့သည်။ ဖူမင်ရှစ် ပြန်ပို့သော စာကို မြင်တော့ စိတ်သက်သာရာရသွားသော်လည်း သူမ တိတ်တဆိတ် ရိုက်ယူလာတဲ့ ဓာတ်ပုံလေးတွေကို ကြည့်ကာ အမှတ်တံဆိပ်ကို ချရေးပြီး ‘ Zafirro မုတ်ဆိတ်ရိတ်စက် ’ ဟု အွန်လိုင်းပေါ်မှာ ရိုက်ရှာကြည့်လိုက်၏။ ကျလာတဲ့ ရလဒ်တွေကို လျှောက်ကြည့်ရင်း ‘ ကမ္ဘာ့ဈေးအကြီးဆုံး မုတ်ဆိတ်ရိတ်စက် ’ လို့ နာမည်တပ်ထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို နှိပ်ကြည့်ပြီးနောက် ဓာတ်ပုံတွေကို ယှဉ်ကြည့်လိုက်တော့ ဖူမင်ရှစ် အသုံးပြုနေတဲ့ တစ်ခုက ထိုမုတ်ဆိတ်ရိတ်စက်နှင့် တစ်ထေရာတည်း တူကြောင်း နားလာ်သွားသည်။
တစ်ခုက ယွမ် သိန်းချီတန်ပြီး လျှော့ဈေးနှင့် ဝယ်ထားတဲ့ နောက်တစ်ခုကတော့ ယွမ် ( ၆၀၀ ) သာ တန်ပါသည်။ ကျန်းပေါင်သည် စောင်တွေကြားထဲမှာ မျက်နှာကို မြှုပ်ထားရင်း သူမနှင့် ဖူမင်ရှစ်ဟာ မိုးနှင့် မြေလို ကွာခြားသော ဘဝမျိုး ဖြစ်ကြောင်း ထပ်မံနားလည်သွားသည်။
ထိုအချိန်မှာ ဖူမင်ရှစ်ကလည်း စူးစမ်းချင်စိတ်အရ ကျန်းပေါင် ပေးတဲ့ လက်ဆောင်ရဲ့ဈေးနှုန်းကို ရှာကြည့်ခဲ့သည်။ သူမကို ဝေဖန်ဖို့ မဟုတ်ဘဲ သူ့အတွက် ပိုက်ဆံ အများကြီး မသုံးစေချင်သောကြောင့် ဖြစ်သည်။ သူမက မုန့်ပဲသွားရည်စာတောင် ဝယ်မစားနိုင်တဲ့ထိ ခြိုးခြံချွေတာတတ်တဲ့ မိန်းကလေးမျိုးပင်။ အချိန်ပိုင်းအလုပ်မှာ သူမ ဘယ်လောက် ကြိုးစားထားတယ် ဆိုတာ သိနေတဲ့အလျောက် သူမ ပင်ပင်ပန်းပန်း ရှာထားတဲ့ ပိုက်ဆံကို သူ့အတွက် မဖြုန်းတီးဘဲ သူမရဲ့ ကိုယ်ပိုင်ဘဝ တိုးတက်စေရေးအတွက်သာ သုံးစေချင်သည်။
သို့သော်လည်း ရှာကြည့်ပြီးနောက်မှာတော့ ဖူမင်ရှစ်သည် ကျန်းပေါင်ဟာ ဒီလက်ဆောင်အတွက် လဝက်စာ လစာ အကုန်လုံးနီးပါးကို အသုံးပြုခဲ့ရကြောင်း နားလည်သွားလေသည်။ သူမက တကယ့်ကို နုံအလွန်းတဲ့ အရူးမလေးတစ်ယောက် ဖြစ်သည်။
~
ဒီနေ့က စနေနေ့မို့ ကျန်းပေါင် အတန်းသွားစရာ မလိုပေ။ အလုပ်ရှုပ်ခဲ့သော တစ်ပတ်တာတုန်းက အိပ်ချိန်တောင် မနည်း လုခဲ့ရပေမဲ့ ဒီနေ့တော့ မနက် ရှစ်နာရီကတည်းက နိုးနေသည်။ မျက်နှာသစ် ၊ သွားတိုက် ၊ အစိုဓာတ်ဖြည့်ခရင်မ် လိမ်းပြီးနောက် လမ်းလျှောက်ရင်း ခွေးကျောင်းထွက်မည် ဟူသော ရည်ရွယ်ချက်ဖြင့် တံခါးဖွင့်လိုက်သည်။
သူမကို အံ့ဩသွားစေတာကတော့ တံခါးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ဖူမင်ရှစ်က တံခါးဘေးကနေ ရုတ်တရက် ပေါ်ပေါက်လာတာပါပဲ။ သူက သူမကို မနေ့ညတုန်းက ပြင်းပြင်းပြပြ မနမ်းရှိုက်ခဲ့သလိုမျိုး နူးညံ့စင်ကြယ်သော မျက်လုံးများဖြင့် ကြည့်ရင်း “ ကောင်းသော မနက်ခင်းပါ။ ” ဟု ပြောသည်။
ကျန်းပေါင်ကတော့ သူ့လောက် သဘာဝကျကျ သရုပ်မဆောင်နိုင်ဘဲ ခေါင်းငုံ့ကာ ခေါင်းညိတ်ပြလိုက်သည်။ “ ရှင် ဘယ်အချိန်ကတည်းက ရောက်နေတာလဲ။ ”
ဖူမင်ရှစ်က “ ငါ အခုလေးတင် တံခါးခေါက်တော့မလို့ပါ။ ” ဟု ပြောကာ သူမ ထွက်ဖို့အတွက် ဘေးကို လမ်းဖယ်ပေးသည်။
ကျန်းပေါင်က သူမရဲ့ အနောက်က တံခါးကို လက်တစ်ဖက်ဖြင့် ပိတ်ဖို့ လုပ်နေတုန်းမှာပဲ ဖူမင်ရှစ်က သူမကို ရုတ်တရက် တံခါးနှင့် ဖိကပ်ကာ ငုံ့ကိုင်းလာခဲ့သည်။ သူမက လျှပ်တစ်ပြက် အနမ်းကို ရှောင်ရှားဖို့ ကြိုးစားလိုက်ပေမဲ့ ဖူမင်ရှစ်က သူမရဲ့ ခေါင်းကိုသာ ကိုင်ထားပြီး တိုဟူးတုံးလေးလို နူးညံ့နေတဲ့ သူမရဲ့ ပါးလေးကို သူ့မေးစေ့နှင့် သာသာလေး ရှပ်တိုက်သွားသည်။
စူးခနဲ ယားကျိကျိ ခံစားရသည်။
ကျန်းပေါင်က ဇဝေဇဝါနှင့် ခေါင်းလေးကို စောင်းငဲ့ရင်း “ ရှင် ဘာလုပ်နေတာလဲ။ ” ဟု မေးမိသည်။ သူမကို နမ်းဖို့ ကြိုးစားနေတာနှင့်လည်း မတူပေ။ ဖူမင်ရှစ်က သူမရဲ့ မျက်နှာကို သူ့မေးစေ့နှင့် ဆက်လက်ပွတ်တိုက်နေရင်းမှ ပြန်ဖြေသည်။
“ ငါ့သတို့သီးလောင်းလေး ပေးထားတဲ့ မုတ်ဆိတ်ရိတ်စက်နဲ့ ဒီနေ့မနက် မုတ်ဆိတ်ရိတ်လာခဲ့တယ်။ အဲ့မုတ်ဆိတ်ရိတ်စက်က ကောင်းရဲ့လားလို့ စမ်းသပ်ကြည့်တာပါ။ ”
ကျန်းပေါင် ခပ်တိုးတိုး ရယ်မိသည်။ အဝတ်အစားအသစ်တွေကို စိတ်အားထက်သန်စွာ ကြွားဝါတတ်တဲ့ ကလေးတွေအကြောင်းကိုသာ ကြားဖူးပြီး မုတ်ဆိတ်ရိတ်စက်အသစ်ကြောင့် စိတ်လှုပ်ရှားနေတဲ့ လူမျိုးကိုတော့ သူမ မမြင်ဖူးပေ။
“ ကောင်းပြီ။ ” သူက သူ့မေးစေ့ကို သူမရဲ့ ပါးနှင့် ဆက်ပွတ်တိုက်နေသလို သူမကလည်း လှေကားကို ကြည့်ရင်း အဒေါ်ဝမ် ရောက်လာလျှင် သူတို့နှစ်ယောက်ကို မြင်သွားမှာ စိတ်ပူနေမိသည်။
“ ငါ့ကို ဂွတ်မောနင်းအနမ်းလေး ပေး။ ” ဖူမင်ရှစ်က သူမအသံထဲက ရယ်မြူးရိပ်ကို ခံစားမိသောကြောင့် သူမဘက်ကို ဖြည်းဖြည်းချင်း လှည့်ပြီး သူမရဲ့ မျက်လုံးတွေထဲကို စိုက်ကြည့်လိုက်သည်။
သူက သူမအတွက် သိပ်ကို ကောင်းလွန်းတဲ့ လူတစ်ယောက်ပါပဲ။ ကျန်းပေါင်က သူနှင့် စက္ကန့်ပိုင်းလောက် အကြည့်ချင်း ဆုံနေပြီးမှ ပြုံးလိုက်ပြီး မျက်လုံးမှိတ်၍ နှုတ်ခမ်းချင်း ထိကပ်တယ် ဆိုရုံလေး ဖျတ်ခနဲ နမ်းလိုက်သည်။
ပေါ့ပါးသွက်လက်သော လျှပ်တစ်ပြက် အနမ်းလေးဟာ ရေမျက်နှာပြင်ပေါ်မှာ ပုစဉ်းလေးတစ်ကောင် ရှပ်တိုက်ဖြတ်ပြေးသွားခြင်းနှင့် တူလေသည်။
ကျန်းပေါင်သည် လျှော့ဈေးချထားသော ချည်မျှင်တွေကို ဝယ်ယူပြီးနောက် သူမရဲ့ လက်ထဲကို ပစ္စည်းရောက်လာသည်နှင့် တစ်ပြိုင်နက် ခေါင်းစည်းပုဝါလေးကို ချည်ထိုးခဲ့သည်။ သို့သော် ချည်မျှင်တွေ အများကြီး ကျန်နေသေးတာကြောင့် အွန်လိုင်းပေါ်မှာ လက်အိတ်ပုံစံတွေကို ရှာကြည့်ခဲ့ပြီး A တက္ကသိုလ်အနီးရှိ ဆိုင်တစ်ဆိုင်ကနေ အရောင်လိုက်ဖက်သော ချည်လုံး တချို့ကို ဝယ်ယူကာ လက်အိတ်တွေကို စတင်ချည်ထိုးခဲ့၏။
“ ကျန်းပေါင်က တကယ့်ကို ဇနီးကောင်း ၊ မိခင်ကောင်း ဖြစ်မယ့် မိန်းကလေးမျိုးပဲဟေ့။ ” ကျားရှောင်ယုက ထိုင်ခုံကို ပြတင်းပေါက်နား ရွှေ့ကာ နေပူဆာလှုံရင်း ၊ အာလူးကြော် စားနေရင်းမှ ကျန်းပေါင် လက်အိတ်တွေကို ချည်ထိုးနေတာကို ထိုင်ကြည့်နေခဲ့သည်။
ကျန်းပေါင်က သူမကို မော့ကြည့်ကာ “ အဲ့ဒါဆို နင်ကရော ဘယ်လို မိန်းကလေးမျိုးလဲ။ ” ဟု ပြန်လည် ချေပလိုက်သည်။ ထိုအခါ အိပ်ရာပေါ်မှာ လှဲအိပ်နေတဲ့ ချန်းလီလီက “ သူက အစားအသောက်မက်တဲ့ မိန်းကလေးမျိုးလေ။ ” ဟု အတိုင်အဖောက်ညီညီ ဝင်ရောက်နှိပ်ကွပ်သည်။
“ နင်ကမှ အစားအသောက် မက်တာဟဲ့။ နင် မနေ့တုန်းက ဝယ်တဲ့ မုန့်တွေက ငါ့ထက်တောင် များသေးတယ် မဟုတ်ဘူးလား။ ” ဟု ကျားရှောင်ယုက ငြင်းတော့ ချန်းလီလီက ခွက်ထိုးခွက်လန် ရယ်မောနေခဲ့သည်။
ကျားရှောင်ယုက ကျန်းပေါင်ကို “ နင် ထိုးထားတဲ့ လည်စည်းပဝါလေးကို နင့်ချစ်သူကို ဘယ်အချိန် ပေးမယ်လို့ စီစဉ်ထားလဲ ” ဟု ထပ်မေးသည်။
ကျန်းပေါင်က အချိန်ကို ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။ “ ခရစ္စမတ် ရောက်ရင် ပေးမယ်။ ”
ကျားရှောင်ယုက ထိုင်ခုံကို မှီကာ ကျန်းပေါင်ကို ကြည့်ရင်း ဝမ်းနည်းပက်လက် သက်ပြင်းချသည်။ “ ရည်းစားရှိတာ ကောင်းလိုက်တာ။ ခရစ္စမတ်နဲ့ ဗယ်လင်တိုင်းဒေးလို အားလပ်ရက်တွေက ငါတို့လို တစ်ကိုယ်တည်းသမားတွေကို စိတ်ဒုက္ခပေးဖို့သက်သက် တည်ရှိနေသလိုပဲ။ ”
ကျန်းပေါင်က ပြုံးကာ ခေါင်းငုံ့လိုက်မိသည်။ ထိုအချိန်မှာပဲ တံခါးခေါက်သံနှင့်အတူ နောက်ဆက်တွဲ ကပ်ပါလာသော ဖန့်ရွယ်ရဲ့ အသံကို ကြားလိုက်ရ၏။ ကျားရှောင်ယုဟာ ဖန့်ရွယ်ကို လုံးဝ သဘောမကျတာမို့ ကျန်းပေါင်ကို တမင်သက်သက် မျက်လုံးထောင့်ကပ် ကြည့်ပြီးနောက် ထိုင်ခုံကို တောင်ဘက်သို့ လှည့်သွားကာ သူမကို လျစ်လျူရှုထားခဲ့သည်။
ကျန်းပေါင်တစ်ယောက် အနေရခက်စွာ ပြုံးမိသည်။ ပထမနှစ်ရဲ့ ပထမ နှစ်ဝက်သင်တန်းကာလ ပြီးဆုံးတော့မည် ဖြစ်သည်။ အချိန်တစ်ခုကြာ ထိတွေ့ဆက်ဆံပြီးသောအခါ ဖန့်ရွယ်မှာ စိတ်ပိုင်းဆိုင်ရာ အားနည်ချက် တချို့ ရှိကြောင်း ကျန်းပေါင် သတိထားမိခဲ့သည်။ ဥပမာအားဖြင့် ဖူမင်ရှစ်က ကျန်းပေါင်ကို အပြင်ခေါ်သွားတိုင်း ဖန့်ရွယ်က သူတို့ ဘယ်သွားလဲ ၊ ဘာလုပ်လဲ စသည်ဖြင့် ကျန်းပေါင် မဖြေချင်တဲ့ မေးခွန်းတွေကို နှိုက်နှိုက်ချွတ်ချွတ် မေးလေ့ရှိသည်။
ဒါပေမဲ့ သူတို့က မွေးရပ်မြေ တစ်မြေတည်းက လူတွေ ဖြစ်နေသလို ဖန့်ရွယ်မှာ တခြား ကြီးကြီးမားမား ပြစ်ချက်လည်း မရှိတာမို့ ကျန်းပေါင်သည် သူမကို စပ်စုတတ်တဲ့ အကျင့်တစ်ခုကြောင့် လျစ်လျူရှုထားလို့ မရပါ။
ဖန့်ရွယ်က တံခါးဝမှာ ရပ်နေပြီး “ ဒီနေ့ မင်ရှစ်နဲ့ သွားချိန်းမတွေ့ဘူးလား။ ” ဟု စနောက်သည်။
“ ငါတို့အားလုံး နှစ်ကုန်စာမေးပွဲတွေအတွက် စာလုပ်နေတာ ဆိုတော့ ချိန်းတွေ့ဖို့ အချိန်မရှိဘူးလေ။ ” ဟု ကျန်းပေါင်က ချောချောမွေ့မွေ့ လိမ်ပြောလိုက်သည်။ ဖူမင်ရှစ်ဟာ အလုပ်များတဲ့ လုပ်ငန်းရှင်တစ်ယောက်ပီပီ နိုင်ငံခြားကို ထွက်သွားတာ မကြာသေးပါ။ သူ ( ၂၀ ) ရက်နေ့နောက်ပိုင်းမှ ပြန်လာလောက်သည်။
“ အဲ့ဒါဆို ကွက်တိပဲ။ ငါနဲ့ အတူတူ ဈေးဝယ်ထွက်ပေးပါလား ကျန်းပေါင်။ ငါ ပစ္စည်းလေးတွေ နည်းနည်းပါးပါး ဝယ်စရာရှိတယ်။ ” ဖန့်ရွယ်က အဆောင်အခန်းထဲကို ကြည့်ပြီး သူမကို မျှော်လင့်တကြီး စိုက်ကြည့်နေခဲ့သည်။
အပြင်မှာ ရာသီဥတု အေးစက်နေသလို ကျန်းပေါင်မှာ ဝယ်ချင်တာလည်း မရှိ၍ “ ငါ စာလုပ်ချင်လို့ပါ။ ” ဟု အိုးတိုးအမ်းတမ်း ပြောလိုက်သော်လည်း သူမရဲ့ စကားမဆုံးသေးခင်မှာပဲ ဖန့်ရွယ်က ဖြတ်ပြော၏။
“ နင့်အဆင့်တွေနဲ့ဆို နင့်ကို ရိုက်ချတောင် စာမေးပွဲမကျပါဘူးဟယ်။ နင် ဘာကို တွေးပူနေတာလဲ။ ” ဖန့်ရွယ်က သူမကို အပြင်ဘက်ကို ဆွဲခေါ်ကာ တံခါးပိတ်ပြီးမှ တိုးတိုးလေး ဆက်ပြောသည်။ “ လာမယ့် ဗုဒ္ဓဟူးနေ့က မင်ကျစ်နျဉ်ရဲ့ မွေးနေ့ပဲ ကျန်းပေါင်။ နင်လည်း သူ့အတွက် လက်ဆောင် ပြင်ဆင်ပေးသင့်တယ်။ သူက ပြီးခဲ့တဲ့ ဆောင်းရာသီ အပန်းဖြေခရီးတုန်းက ဒကာခံခဲ့တာလေ။ အဲ့ဒါကြောင့် ငါတို့ သူ့မွေးနေ့မှာ ကျေးဇူးတင်ကြောင်း ဖော်ပြသင့်တယ်မလား။ ”
ကျန်းပေါင် အံ့ဩသွားရသည်။ “ နင်က သူ့မွေးနေ့ကို ဘယ်လိုလုပ် သိနေတာလဲ။ ”
“ အထက်တန်းကျောင်းတုန်းက သူ့ကို တစ်ဖက်သတ် သဘောကျတဲ့ မိန်းကလေးတွေ အများကြီးပဲ။ နှစ်တိုင်း သူ့မွေးနေ့ရောက်ရင် မင်ကျစ်နျဉ်ရဲ့ ခုံပေါ်မှာ လက်ဆောင်တွေ အများကြီး ရောက်နေတတ်တယ်။ အဲ့ဒီတော့ အတန်းထဲက လူတိုင်း သူ့မွေးနေ့ကို သိတယ်။ ”
ကျန်းပေါင်လည်း ဆောင်းရာသီ အပန်းဖြေခရီးအကြောင်း ပြန်တွေးမိသွားကာ ခေါင်းညိတ်လိုက်သည်။ “ ငါ့ကို ခဏလေး စောင့်ဦး။ ငါ ပိုက်ဆံအိတ် သွားယူလိုက်ဦးမယ်။ ”
ဖန့်ရွယ် ဒီလို ပြောနေပြီ ဆိုကတည်းက သူမ မင်ကျစ်နျဉ်ရဲ့ မွေးနေ့ကို မသိချင်ယောင်ဆောင်ပြီး လက်ဆောင်ဝယ်ပေးဖို့ ကပ်စေးနှဲနေလျှင် နှမြောတွန့်တိုရာရောက်သွားပါလိမ့်မည်။
ကျန်းပေါင်သည် ပိုက်ဆံအိတ်ကို ကိုင်လျက် မြေအောက်ရထား စီးလာခဲ့ပြီးနောက် မှတ်တိုင် သုံး လေးခုအကျော် ၊ A တက္ကသိုလ်အနီးရှိ လက်ဆောင်ပစ္စည်းတွေ ရောင်းချသော ဆိုင်တစ်ဆိုင်ထဲသို့ ဖန့်ရွယ်နှင့်အတူ ဝင်ခဲ့လိုက်သည်။ ဆိုင်ထဲမှာ တောက်ပနေသော လက်ဆောင်ပစ္စည်း လှလှလေးတွေ မျိုးစုံ ရှိသည်။
ဖန့်ရွယ်က ကျန်းပေါင်ရဲ့ လက်မောင်းကို ဆွဲထားရင်း ပစ္စည်း တစ်ခုချင်းစီကို လိုက်ကြည့်နေခဲ့သည်။ ကျန်းပေါင်ကတော့ ဈေးနှုန်းတွေကို ကြည့်ပြီး ဝယ်ဖို့ တဖြည်းဖြည်း နှမြောလာမိသည်။ သူမမှာ အဲ့ဒီလောက် ပိုက်ဆံမရှိသလို သာမန် အတန်းဖော်ဟောင်းတစ်ယောက်အတွက်လည်း အရမ်းကြီး ငွေကုန်ကြေးကြ မခံချင်ပေ။
“ နင် ဒီခွက်လေးကို ဘယ်လို မြင်လဲ။ ” ဖန့်ရွယ်က အပူခံ ခွက်ကလေးကို ညွှန်ပြရင်း မေးသည်။
ကျန်းပေါင်သည် အကျင့်ပါနေသည့်အတိုင်း ယွမ် ( ၅၀၀ ) ကျော် ဆိုတဲ့ ဈေးနှုန်းကို အရင်ဆုံး ကြည့်ပြီးမှ အပူခံ ခွက်ကလေးကို ခြုံငုံကြည့်ရှုလိုက်၏။ ရိုးရိုးရှင်းရှင်းနှင့် အမျိုးအစားကောင်းပြီး ယောက်ျားလေးအတွက် သင့်တော်တဲ့ လက်ဆောင်မျိုးပါပဲ။
ဖန့်ရွယ်က သူမရဲ့ ခွင့်ပြုချက် ရသွားသောအခါ ထိုခွက်လေးကို စေတနာရက်ရောစွာ ရွေးချယ်လိုက်ပြီး သူမကိုလည်း လက်ဆောင် လိုက်ရွေးပေးသည်။ သူမကတော့ ( ၉၉ ) ယွမ် ပေးရသည့် ဘောပင်တစ်ချောင်းပဲ ဝယ်ခဲ့သည်။
ဖန့်ရွယ်ဟာ ကျန်းပေါင်ရဲ့ ခြိုးခြံစိစစ်တဲ့ နေထိုင်မှုပုံစံကို သိပြီးသားမို့ ဈေးပေါလွန်းတဲ့ ပစ္စည်းတစ်ခုကို ကျန်းပေါင် ရွေးချယ်လိုက်တဲ့အခါ တိတ်တိတ်လေး အားရကျေနပ်သွားလေသည်။
~
အချိန်ပိုင်းအလုပ် လုပ်ပြီး ၊ ညစာ စားပြီးသော ဗုဒ္ဓဟူးနေ့ ညနေခင်းတွင် ကျန်းပေါင်သည် ယောက်ျားလေးအဆောင်မှာ မင်ကျစ်နျဉ်ကို သွားရှာဖို့ ကတိပြုထားတဲ့အတိုင်း ဖန့်ရွယ်ကို ဖုန်းဆက်လိုက်၏။ ဖန့်ရွယ်က မင်ကျစ်နျဉ် နေတဲ့ အဆောင်ကိုတောင် သိနေကာ သူတို့ အဆောင်နားကို ရောက်လာတော့ ဖုန်းကို ထုတ်ပြီး မင်ကျစ်နျဉ်ကို ဖုန်းဆက်ခဲ့သည်။ သုံးကြိမ်တိတိ ဆက်သော်လည်း တစ်ဖက်က ဖုန်းမကိုင်ပေ။
“ နင် ဆက်ကြည့်ပါလား။ ” ဖန့်ရွယ်က မင်ကျစ်နျဉ်တို့ အဆောင်အခန်းရဲ့ လသာဆောင်ကို မော့ကြည့်ရင်း ကျန်းပေါင်ကို တိုက်တွန်းသည်။
ကျန်းပေါင်ကတော့ မလိုအပ်ဘူးလို့ ခံစားရသောကြောင့် “ သူ ရေချိုးနေတာ ဖြစ်လောက်မှာပါ။ နောက်ထပ် နည်းနည်းလောက် ထပ်ဆက်ကြည့်ပါလား။ ” ဟု ခန့်မှန်းလိုက်သည်။
အရှုံးမပေးချင်တဲ့ ဖန့်ရွယ်က နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်လိုက်ကာ ဘယ်သူမှ မကိုင်တဲ့ ဖုန်းလေးကို ဆက်တိုက် ခေါ်နေခဲ့သည်။ ခဏကြာတော့ ဖန့်ရွယ်ကိုယ်တိုင်လည်း နည်းနည်းလေး စိတ်ပျက်လာကာ ကျန်းပေါင်အား “ နင် ဆက်ကြည့်လိုက်ပါဦး။ သူ မကိုင်ရင်တော့ ပြန်ကြတာပေါ့။ ” ဟု ပြောလိုက်သည်။
ဖုန်းကို အသံပိတ်ထားကာ စာကြည့်တိုက်ထဲ ရောက်နေတဲ့ မင်ကျစ်နျဉ်သည် ဖန့်ရွယ် ဖုန်းဆက်နေတာကို မြင်သော်လည်း မကိုင်ခဲ့ပေ။ အခု ဖုန်းမျက်နှာပြင်က နောက်တစ်ခေါက် လင်းလာပြီး ခေါ်ဆိုသူနာမည်က ကျန်းပေါင်ရဲ့ နာမည်အဖြစ် ပြောင်းလဲသွားသည်။ မင်ကျစ်နျဉ်ရဲ့ နှလုံးသားထဲမှာ လှုပ်ရှားသွားပြီး ဖုန်းကို အမြန် ကောက်ကိုင်ကာ ထိုင်ခုံမှ ထ၍ အဝေးကို ခြေလှမ်း အနည်းငယ် လျှောက်လာခဲ့လိုက်သည်။သို့သော် သူ ဖုန်းကိုင်ဖို့ လုပ်နေတုန်းမှာပဲ တစ်ဖက်က ဖုန်းကျသွားသောကြောင့် စာကြည့်တိုက်အပြင်ဘက်ကို ထွက်ပြီး ကျန်းပေါင်ကို ဖုန်းပြန်ဆက်လိုက်သည်။
***