← Chapters

အခန်း ၃၅

Vol. 4 Ch. 35

အခန်း ၃၅

Vol. 4 Ch. 35

အပိုင်း ( ၃၅ )

အခြားတစ်ဖက်၌ အဆောင်ကို ပြန်ချင်နေတဲ့ ကျန်းပေါင်က ဖုန်းချလိုက်ပေမဲ့ ဖန့်ရွယ်ကတော့ ခဏလောက် ထပ်စောင့်ဖို့ မရမက တိုက်တွန်းနေခဲ့၏။ ကျန်းပေါင်တစ်ယောက် စိတ်ညစ်နေတုန်းမှာပဲ သူမရဲ့ ဖုန်းက ရုတ်တရက် အသံမြည်လာတာမို့ ယူကြည့်လိုက်တော့ မင်ကျစ်နျဉ် ဖြစ်နေသည်။ ဖန့်ရွယ်လည်း အဲ့ဒါကို မြင်သွားကာ မှိန်ဖျော့ဖျော့ လမ်းမီးရောင်အောက်မှာ သူမရဲ့ မျက်နှာက မကျေမနပ် ဖြစ်သွားသည်။

သူမ မင်ကျစ်နျဉ်ကို လိုက်နေတာ သုံးနှစ်ခွဲလောက် ရှိပါပြီ။ သူမ သူ့ကို တကယ် သဘောကျသည်။ ဒါပေမဲ့ သူက ဘာလို့ သူမကို ပြန်သဘောမကျဘဲ ကျန်းပေါင်ကို အရေးပေး ဆက်ဆံနေတာလဲ … ။

နောက်ထပ် မိနစ်အနည်းငယ် စောင့်ဆိုင်းပြီးသောအခါ မင်ကျစ်နျဉ်က စက်ဘီးစီး၍ ရောက်လာခဲ့ပြီး သူတို့ရှေ့မှာ တောက်ပသော အပြုံးလေးဖြင့် ရပ်သည်။ သူက “ မိန်းမလှလေး နှစ်ယောက်က ငါ့ကို မွေးနေ့ဆုတောင်းပေးဖို့ ရောက်လာတယ် ဆိုတော့ ငါ ဒီနှစ် သေချာပေါက် စာမေးပွဲမကျတော့ဘူး။ ” ဟု ပြောနေချိန်မှာ သူ့အကြည့်ကတော့ ကျန်းပေါင်ဆီမှာပဲ တဝဲဝဲ လည်နေခဲ့သည်။ သူမကို ဆက်မပိုးပန်တော့ပေမဲ့ သူမအပေါ် သဘောကျစိတ်ကတော့ ရှိနေဆဲပင်။ သူ ကျန်းပေါင်ကို သူငယ်ချင်းကောင်းတစ်ယောက်လို သဘောထား၍ ဆက်ဆံချင်သည်။

ကျန်းပေါင်က “ ပျော်ရွှင်စရာ မွေးနေ့ ဖြစ်ပါစေ။ ” ဟု ပြောရင်း သူမရဲ့ လက်ဆောင်ကို ပေးလိုက်သည်။ “ ဒီတိုင်း မထူးခြားတဲ့ ပစ္စည်း သေးသေးလေးမို့လို့ အထင်မသေးပါနဲ့။ ”

မင်ကျစ်နျဉ်က လက်ဆောင်ကို ချက်ချင်းပဲ ဖွင့်ဖောက်လိုက်ကာ ဘောပင်လေးကို လက်ထဲမှာ လှည့်ရင်း ကျေကျေနပ်နပ် ပြောသည်။ “ ငါ နှစ်ဆုံးစာမေးပွဲမှာ ဒီဘောပင်ကို သုံးလိုက်ပါ့မယ်။ ”

မင်ကျစ်နျဉ်သည် ကျန်းပေါင်ရဲ့ လက်ဆောင်ကို ယူပြီးနောက် ဖန့်ရွယ်ဘက်ကို လှည့်လိုက်တော့ ဖန့်ရွယ်ကလည်း လက်ဆောင်ဘူးလေး တစ်ဘူးကို ပေးသည်။ ဖွင့်ဖောက်ကြည့်လိုက်တော့ အပူခံ ခွက်လေးတစ်ခွက် ဖြစ်နေပါသည်။ မင်ကျစ်နျဉ်ရဲ့ မျက်လုံးထဲမှာ စိတ်ရှုပ်ထွေးသော အငွေ့အသက်တွေ ယှက်သန်းသွားသော်လည်း အပြင်မှာ ထုတ်မပြဘဲ ဖန့်ရွယ်အား ကျေးဇူးတင်စကားသာ ပြောကာ အပူခံ ခွက်လေးကို သူ့ကျောပိုးအိတ်ထဲ ထည့်လိုက်သည်။

“ သွားရအောင်။ ငါ မင်းတို့ကို အသားကင် လိုက်ကျွေးမယ်။ ငါလည်း အကြာကြီး စာဖတ်ထားရလို့ အရမ်း ဗိုက်ဆာနေပြီ။ ”

ကျန်းပေါင်က ထမင်းစားထားတာ မကြာသေး၍ ဗိုက်မဆာသေးတာမို့ “ နင်တို့နှစ်ယောက်ပဲ သွားစားလိုက်ပါလား။ ” ဟု ပြောလိုက်သော်လည်း စကားမဆုံးသေးခင်မှာပဲ ဖန့်ရွယ်က သူမရဲ့ လက်မောင်းကို ဆုပ်ကိုင်ဆွဲခေါ်ရင်း “ ငါ ဗိုက်ဆာတယ်။ ငါ့ကို အဖော်လုပ်ပေးစမ်းပါ။ ” ဟု ခပ်တိုးတိုး ပြောသည်။ ကျန်းပေါင်မှာ သဘောတူဖို့က လွဲလို့ ရွေးချယ်စရာ မရှိတော့။

ကျောင်းနားမှာ လာဖွင့်ထားတဲ့ စားသောက်ဆိုင်တွေ အများကြီး ရှိတဲ့အထဲကမှ သူတို့သုံးယောက်က အသားကင်ဆိုင် တစ်ဆိုင်ထဲကို ဝင်ခဲ့ကြသည်။ ကျန်းပေါင်က သိုးသားကင်အစပ် နှစ်ချောင်းမှ လွဲ၍ ကျန်တာ မမှာသော်လည်း ဗိုက်ဆာနေတဲ့ ဖန့်ရွယ်ကတော့ အများကြီး မှာယူခဲ့သည်။

သူတို့ရဲ့ မီနူးကို စားပွဲထိုးလေး လာယူသွားချိန်မှာပဲ ကျားရှောင်ယုက သူမကို ဖုန်းလှမ်းဆက်ကာ ဘာလို့ အဆောင်ကို ပြန်မလာသေးတာလဲဟု မေးသည်။ ကျန်းပေါင်က အတန်းဖော်ဟောင်းတစ်ယောက်ရဲ့ မွေးနေ့ပွဲကို ရောက်နေကြောင်း ပြောလိုက်တော့မှ ကျားရှောင်ယုက စိတ်အေးကာ ဖုန်းချသွားသည်။

သိုးသားကင် တစ်ချောင်းကို စားပြီးသွားတော့ ဖူမင်ရှစ်လည်း ဖုန်းဆက်လာခဲ့သည်။ ဆိုင်ထဲမှာ အရမ်း ဆူညံနေသောကြောင့် ကျန်းပေါင်က ဆိုင်အပြင်ကို သွားပြီး ဖုန်းကိုင်လိုက်ရသည်။

“ မင်း အဆောင်မှာ မဟုတ်ဘူးလား။ ” နိုင်ငံခြားနှင့် တရုတ်ပြည်နှင့် အချိန်ကွာခြားချက်ကြောင့် ဖူမင်ရှစ်ရဲ့ ဘက်မှာ မနက်စောစော အိပ်ရာနိုးခါစပဲ ရှိသေး၍ ကျန်းပေါင်ဘက်မှာ နည်းနည်းလေး ဆူညံနေတာကို ပြောနိုင်ခြင်း ဖြစ်လေသည်။

ကျန်းပေါင်က “ ဒီနေ့ မင်ကျစ်နျဉ်ရဲ့ မွေးနေ့လေ။ သူက ကျွန်မနဲ့ ဖန့်ရွယ်ကို အသားကင် လိုက်ကျွေးနေတာ။ ” ဟု ပွင့်ပွင့်လင်းလင်း ရှင်းပြလိုက်တော့ တစ်ဖက်က ဖူမင်ရှစ်က မျက်မှောင်ကြုတ်မိသွားကာ “ မင်းကို သူ့ဘက်က အရင် ခေါ်တာလား။ ” ဟု ပြန်မေးလာသည်။

ကျန်းပေါင် ပြန်စဉ်းစားကြည့်လိုက်သည်။ “ ဟင့်အင်း။ ကျွန်မတို့ အစတုန်းက သူ့ကို မွေးနေ့လက်ဆောင်ပေးဖို့ပဲ သွားတာ ၊ အဲ့ဒါနဲ့ သူက ကျွန်မတို့ကို အသားကင်လိုက်ကျွေးတာ။ ကျေးဇူးတင်ကြောင်း ဖော်ပြတာ ထင်ပါတယ်။ ”

ဖူမင်ရှစ်ရဲ့ မျက်ခုံးတွေက မပြေလျော့သေးပေ။ “ မင်းက သူ့မွေးနေ့မှန်း ဘယ်လိုလုပ် သိတာလဲ။ ”

ကျန်းပေါင်က စားသောက်ဆိုင်ထဲကို တစ်ချက် ကြည့်ပြီး “ ကျွန်မကို ဖန့်ရွယ် ပြောပြတာ။ လက်ဆောင်ဝယ်ဖို့ အတင်း ခေါ်သွားတာလည်း သူပဲ။ အဲ့ဒါကြောင့် လက်ဆောင်မပေးဘဲ နေလို့ မရတော့ဘူး။ ” ဟု တီးတိုး ပြောလိုက်သည်။

ဖူမင်ရှစ် ရယ်မောမိသည်။ “ မင်း ပိုက်ဆံဘယ်လောက် သုံးလိုက်လဲ။ ”

ကျန်းပေါင်က “ ( ၉၉ ) ယွမ်။ ” ဟု အနည်းငယ် ရှက်ရွံ့စွာ ပြန်ပြောလိုက်သည်။ ဖူမင်ရှစ်ရဲ့ အသံထဲမှာ စနောက်လိုဟန်တွေ သိသာထင်ရှားနေတာမို့ ကျန်းပေါင် သူ့ကို ဆက်မဖျော်ဖြေချင်ပါ။ “ ဒါပဲမလား။ တခြား ပြောစရာ မရှိရင် ကျွန်မ ပြန်သွားတော့မယ်။ ”

“ မင်း အဆောင်ကို ပြန်ရောက်ရင် ငါ့ကို ဖုန်းဆက်ဖို့ မမေ့နဲ့နော်။ ” ဟု ဖူမင်ရှစ်က ရယ်သံတစ်ဝက်ဖြင့် ပြောသောအခါ ကျန်းပေါင်ကလည်း အင်းပါလို့ ခပ်တိုးတိုး ပြန်ပြောပြီး ဖုန်းချလိုက်သည်။

စားသောက်ဆိုင်ထဲကို ပြန်ဝင်လာတော့ ဖန့်ရွယ်နှင့် မင်ကျစ်နျဉ်တို့ စကားပြောရင်း ရယ်မောနေတာကို ခပ်ဝေးဝေးကပင် ကြားရ၏။ ကျန်းပေါင်သည် ထိုညမှာ အဆောင်ကို ပြန်ရောက်တဲ့ထိ အဲ့ဒီအကြောင်းကို သိပ်မတွေးဖြစ်ပေမဲ့ ကျားရှောင်ယုက ရုတ်တရက် အတင်းတုပ်ပါသည်။

“ ဖန့်ရွယ်က မင်ကျစ်နျဉ်ကို တစ်ဖက်သတ် သဘောကျနေတယ် ဆိုတာ ငါ လောင်းရဲတယ်။ သူ တစ်ယောက်တည်း မလှုပ်ရှားရဲလို့ အတန်းဖော်ဟောင်း ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ကျန်းပေါင်ကိုပါ ဆွဲခေါ်နေတာ။ နောက်ဆို သူတို့ကြားထဲ အရမ်း ဝင်မပါနဲ့ ကျန်းပေါင် ၊ မဟုတ်ရင် မင်ကျစ်နျဉ်က နင်လည်း သူ့ကို သဘောကျနေတာလို့ အထင်လွဲသွားလိမ့်မယ်။ ဟွန်း ၊ ဖန့်ရွယ်က အဲ့လောက်တောင် သိသာနေတာကို သူလည်း သတိမထားမိစရာ အကြောင်းမရှိဘူး။ သူ စိတ်မဝင်စားလို့ မသိချင်ယောင်ဆောင်နေတာပဲ နေမှာ။ ”

ချန်းလီလီက ခေါင်းညိတ်၍ ဝင်ရောက်ထောက်ခံသလို ဖန်ရွှမ်းကလည်း ထိုစကားကို ယုံကြည်လက်ခံပုံပေါ်သည်။

ကျန်းပေါင် သေချာ ပြန်တွေးကြည့်တော့ အမှန်တကယ်ပဲ ဖန့်ရွယ်ဟာ မင်ကျစ်နျဉ်ကို တစ်ဖက်သတ် သဘောကျနေပုံပေါ်တာကို နားလည်သွားသည်။ ကျန်းပေါင်သည် ထိုသံသယကြောင့် နောက်ပိုင်းမှာ သူမကို မင်ကျစ်နျဉ်နှင့်အတူ အပြင်သွားဖို့ ဖန့်ရွယ် လာခေါ်တိုင်း တတ်နိုင်သမျှ ငြင်းလေ့ရှိသည်။

~

ဖူမင်ရှစ်သည် သူ တွက်ဆထားတဲ့ အချိန်ထက် နိုင်ငံခြားမှာ နှစ်ရက် ပိုကြာသွားခဲ့ပြီး သူ မြို့တော်ကို ပြန်လာချိန်မှာ ခရစ္စမတ်ပွဲတော်ရှိသည့် ကြာသပတေးနေ့ကို ရောက်နေပြီ ဖြစ်သည်။

ဒီနေ့ ကျန်းပေါင်မှာ စုစုပေါင်း အတန်းချိန် ( ၈ ) ချိန် ရှိသည်။ နေ့ခင်းဘက် ရောက်တော့ ကျန်းပေါင်က ဖူမင်ရှစ် သူမကို ကြိုတင်အကြောင်းမကြားဘဲ လာစောင့်နေလိမ့်မည်ဟု ခံစားရသောကြောင့် သင်ကြားရေးအဆောက်အုံထဲကနေ အမြန် ထွက်လာပြီး သူ့ကို တိတ်တိတ်လေး လိုက်ရှာနေမိသည်။ ဒါပေမဲ့ သူမရဲ့ စက်ဘီးဘေးမှာ တစ်ယောက်မှ ရှိမနေ၍ နည်းနည်း စိတ်ပျက်သွားပြီး နေ့ခင်းပိုင်း အတန်းတက်ရင်း ဖုန်းကို ဆက်တိုက် ကြည့်နေမိသည်။

ကျားရှောင်ယုက “ နှင်းကျနေပြီ။ ” ဟု ဆိုကာ သူမရဲ့ လက်မောင်းကို ပုတ်ပြီး အပြင်ကို ကြည့်ခိုင်းသည်။ ကျန်းပေါင် လှည့်ကြည့်လိုက်တော့ ပြတင်းပေါက် အပြင်ဘက်မှာ နှင်းပွင့်နှင်းဖတ်တွေ တဖွဲဖွဲ ကျနေတာကို မြင်ရသည်။ ဒီနှစ်အတွက် ဒုတိယအကြိမ် နှင်းကျခြင်း ဖြစ်ပါသည်။

ထိုအချိန်မှာပဲ သူမရဲ့ ဖုန်းက ရုတ်တရက် တုန်ခါသွားသောကြောင့် ကျန်းပေါင် ချက်ချင်း ငုံ့ကြည့်လိုက်တော့ ဖူမင်ရှစ်ထံမှ [ အပြင်မှာ နှင်းတွေ ကျနေပြီ။ ဒီည ညစာ အတူတူ စားရအောင်။ ] ဆိုတဲ့ မက်ဆေ့ခ်ျလေး ဝင်နေသည်။

ကျန်းပေါင် ပြုံးမိသည်။ [ အင်း။ ]

ဖူမင်ရှစ် ညဘက်မှာသာ ရောက်လာလိမ့်မည် ဆိုတာ သိနေသော ကျန်းပေါင်သည် ရှစ်ချိန်မြောက် အတန်းချိန် ပြီးသွားတဲ့အခါ စာသင်ခန်းထဲကနေ အချိန်ပိုင်းအလုပ်ကို သုတ်ခြေတင် ပြေးထွက်လာခဲ့ရသည်။ အပြင်မှာ ငန်းမွေးအရွယ် နှင်းပွင့်နှင်းဖတ်တွေ နူးညံ့ညင်သာစွာ ကျဆင်းနေပြီး ခပ်ဝေးဝေးရှိ လမ်းမထက်မှာတော့ နှင်းတွေ ထုတက်နေ၏။ အတန်းဆင်းချိန်မို့ သင်ကြားရေးအဆောက်အအုံရှေ့က လူသွားလမ်းလေးမှာ နည်းနည်း လူရှုပ်နေသည်။

ကျန်းပေါင်က ဦးထုပ်ဆောင်းပြီး ခြေလှမ်းတွေကို အရှိန်တင်လိုက်သည်။ နှင်းဖုံးနေတဲ့ စကျင်ကျောက်မျက်နှာပြင်က အရမ်း ချောနေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါ။ သူမ ဘာမှ မလုပ်နိုင်သေးခင်မှာပဲ မြေပြင်ပေါ်ကို ဘုန်းခနဲ လဲကာ မြီးညှောင့်ရိုး အောင့်သွားသည်။

သူမနောက်က ကျောင်းသားတချို့ရဲ့ ရယ်သံ ထွက်လာသော်လည်း ကျန်းပေါင်မှာ ရှက်နေဖို့ အချိန်မရှိပေ။ လက်ကို ဖုတ်ဖတ်ခါ ၊ ဂရုတစိုက် မတ်တပ်ရပ်ပြီး ခေါင်းငိုက်စိုက်ချလျက် အရှေ့ကို တစ်လှမ်းချင်း ခပ်ဖြည်းဖြည်း လျှောက်လာခဲ့ရသည်။ ကွန်ကရစ်လမ်းပေါ်ကို ရောက်တော့မှ စိတ်သက်သာရာရတဲ့ သက်ပြင်းလေးကို မှုတ်ထုတ်နိုင်တော့သည်။

ထိုအခိုက်အတန့်မှာပဲ သူမရဲ့ ခေါင်းပေါ်ကနေ “ နာသွားလား။ ” ဆိုတဲ့ ရင်းနှီးနေသော အသံလေး ထွက်ပေါ်လာသောကြောင့် ကျန်းပေါင် အလန့်တကြား မော့ကြည့်လိုက်တော့ ဖူမင်ရှစ်ဟာ သိုးမွေးဦးထုပ်နှင့် ဂျာကင်အင်္ကျီအရှည်တို့ကို ဝတ်ဆင်ထားပြီး ပြုံးရိပ်သန်းသော မျက်လုံးနက်နက်တို့ဖြင့် သူမကို ကြည့်နေသည်။

သူ ဘာကို ပြုံးနေတာပါလိမ့် … ။ ခုနတုန်းက သူမ အရှက်ကွဲခဲ့တာကို မြင်သွားတာများလားဟု တွေးမိတော့ ကျန်းပေါင်ရဲ့ မျက်နှာရဲလာသည်။

“ ခရစ္စမတ်နေ့ ဆိုတော့ လမ်းမှာ လူ အရမ်း ရှုပ်နေတယ်။ ငါ အခုလေးမှ ဒီကို‌ ရောက်လာတာ ၊ မဟုတ်ရင် မင်းကို လော်ဘီမှာ ထိုင်စောင့်နေရမှာ။ ” ဖူမင်ရှစ်က သူမရဲ့ ပခုံးပေါ်ကို လက်တစ်ဖက်တင်၍ သူတို့ရဲ့ စက်ဘီးတွေ ရှိရာဆီ ခေါ်လာခဲ့လိုက်သည်။ သူသာ နှစ်မိနစ် စောပြီး ရောက်လာခဲ့လျှင် ကျန်းပေါင်လည်း ချော်လဲမှာ မဟုတ်ပေ။

တစ်ယောက်နှင့် တစ်ယောက် ဆယ်ရက်ကျော် မမြင်တွေ့ရပြီးနောက် ပထမဆုံးအကြိမ် ပြန်တွေ့ခြင်းမှာ အရှက်ဟက်တက်ကွဲသွားတဲ့ ကျန်းပေါင်က စကားပြောချင်စိတ် ရှိမနေဘဲ စက်ဘီးပေါ် တက်ကာ “ အခု ရှင် ဒီကို ရောက်နေပြီ ဆိုတော့ နောက်နှစ်နာရီကို ဘာလုပ်မယ် တွေးထားလဲ။ ” ဟု စူပုပ်ပုပ်လေး မေးလိုက်သည်။

“ ငါ့ကို မင်းရဲ့ ကျောင်းသားကတ်ဒ် ပေးလိုက်ပေါ့။ ငါ စာကြည့်တိုက်ကို သွားပြီး စာဖတ်နေလိုက်မယ်။ ” ဘေးပတ်ဝန်းကျင်မှာ ဥဒဟို ဖြတ်သန်းသွားလာနေတဲ့ ကျောင်းသူ ၊ ကျောင်းသားတွေ အများကြီး ရှိသလို ဖူမင်ရှစ်ကလည်း စက်ဘီးကိုသာ အပြည့်အဝ အာရုံစိုက်၍ နင်းနေခဲ့သည်။ ကျန်းပေါင်က သူ့ရဲ့ နှစ်နာရီကို အလကား အချိန်မကုန်စေချင်ပါ။

ထို့ကြောင့် သူ့ကျောပြင်ကို မှီရင်း “ ဒီနေ့ နှင်းတွေ အရမ်း ကျနေတာ ဆိုတော့ ရှင် အရင်ဆုံး ပြန်လိုက်ပြီး မနက်ဖြန်ညမှ ထပ်လာခဲ့ပါလား။ ” မနက်ဖြန်က သောကြာနေ့ ဖြစ်၍ သူမ အပန်းဖြေစံအိမ်မှာ တစ်ည နေလို့ ရသည်။ ဖူမင်ရှစ်လည်း စောင့်ရကျိုး ပိုနပ်လိမ့်မည်။

သို့သော် သူက ဘာမှ မဆိုင်တဲ့ မေးခွန်းကို ပြန်မေးပါသည်။ “ မင်း အရင်တစ်ခေါက်တုန်းက အသားကင် သွားစားတာ ဘယ်ဆိုင်မှာလဲ။ ”

ကျန်းပေါင် ခဏလောက် ကြောင်အမ်းအမ်း ဖြစ်သွားပြီးမှ အသံထွက် ရယ်ရင်း “ ကျောင်းအပြင်က ဆိုင်မှာ။ ” ဟု ဖြေလိုက်သည်။

“ စားကောင်းလား။ ”

“ မဆိုးပါဘူး။ ”

“ အဲ့ဒါဆို မင်း ငါ့ကို ဒီည အဲ့ဆိုင်မှာ လိုက်ကျွေး။ ”

ကျန်းပေါင် : ……

သူ ညစာတစ်နပ် အလကား ဂုန်းဆင်းရဖို့အတွက် ဒီအထိ တကူးတက ရောက်လာတာလား … ။

အကင်ချောင်းတွေကို စားပြီးနောက် ချဉ်ချဉ်စပ်စပ်နှင့် သောက်လို့ ကောင်းသော ခရမ်းချဉ်သီး ကြက်ဥစွပ်ပြုတ် တစ်ခွက်ကို သောက်ပြီးသောအခါ ကျန်းပေါင်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးလာသည်။

လမ်းပေါ်မှာ နှင်းလွှာထူထူ ဖုံးလွှမ်းထားပြီး ဖူမင်ရှစ်ဟာ လက်တစ်ဖက်ဖြင့် စက်ဘီးကို တွန်းလျက် ကျန်လက်တစ်ဖက်ဖြင့် ကျန်းပေါင်ရဲ့ လက်ကို သူ့ဂျာကင်အိတ်ကပ်ထဲ ထည့်ကာ ဆုပ်ကိုင်ထားခဲ့သည်။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း နှင်းတွေက သူတို့ခြေထောက်အောက်မှာ နစ်ဝင်သွားပေမဲ့ ဖူမင်ရှစ်ရဲ့ လက်က ကျယ်ပြန့်နွေးထွေးနေသည်။

စက်ဘီးပါကင်ကို ရောက်တဲ့အခါ ဖူမင်ရှစ်က စက်ဘီးသော့ခတ်နေတုန်း ကျန်းပေါင်သည် အဆောင်ကို ပြန်ဖို့ နောက်ဆံငင်နေမိသည်။ သူက နှင်းတွေ အများကြီး ကျနေတဲ့ကြားက ဒီကို ရောက်အောင် လာပြီး နှစ်နာရီတောင် စောင့်ခဲ့သော်လည်း သူမကတော့ သူ့ကို ညစာတစ်နပ် စားရုံသာ အဖော်ပြုပေးနိုင်သည်။

ဖူမင်ရှစ်က ကျန်းပေါင်ကို “ ငါတို့ လမ်းပတ်လျှောက်ကြမလား။ ” ဟု ခပ်တိုးတိုး မေးလိုက်သည်။ ညနေခင်း ကိုယ်ပိုင်စာကြည့်ချိန်ကနေ ပြန်လာတဲ့ ကျောင်းသား ၊ ကျောင်းသူတွေက စက်ဘီးပါကင်ထဲကို စက်ဘီးလေးတွေနှင့် တဖွဲဖွဲ ရောက်လာနေတာမို့ ဒီနေရာက နမ်းဖို့ သင့်တော်တဲ့ နေရာ မဟုတ်တာ သေချာပါသည်။

တကယ်တော့ သူလည်း မပြန်ချင်သေးဘူးပဲ … ။ ကျန်းပေါင်ရဲ့ နှလုံးသားထဲမှာ ကြည်နူးသွားကာ “ ကျွန်မရဲ့ ပစ္စည်းတွေကို အပေါ်ထပ်မှာ အရင် သွားထားလိုက်ဦးမယ်။ ” ဟု ပြောလိုက်တော့ ဖူမင်ရှစ်က “ မြန်မြန် လုပ်နော်။ ” ဟု ပြန်ပြော၏။

ကျန်းပေါင်တစ်ယောက် မျက်နှာလေး ရဲသွားပြီး လက်တစ်ဖက်မှာ ပိုက်ဆံအိတ်ကို လွယ်လျက် ၊ နောက်လက်တစ်ဖက်မှာ ဖူမင်ရှစ် ပေးတဲ့ လက်ဆောင်အိတ်ကို သယ်လျက် လှည့်ထွက်လာခဲ့လိုက်သည်။ ဖူမင်ရှစ် ဒီလက်ဆောင်အိတ်ကို ပေးတုန်းက အိတ်ထဲကို ချောင်းကြည့်ခဲ့ရသလောက် ပန်းသီး နီနီရဲရဲ ခပ်ကြီးကြီး ( ၄ ) လုံး ရှိပုံပေါ်သည်။

“ နင် ပြန်လာတာ စောလှချည်လား။ ငါက နင်တို့နှစ်ယောက်ကို တက္ကသိုလ်ပရဝုဏ်ထဲမှာ လမ်းပတ်လျှောက်ဦးမယ်လို့ ထင်နေတာ။ တဖွဲဖွဲ ကျနေတဲ့ နှင်းမှုန်နှင်းစက်လေးတွေနဲ့ ဘယ်လောက်တောင် ရိုမန့်တစ်ဆန်လိုက်မလဲ။ ” ကျားရှောင်ယု ၊ ဖန်ရွှမ်းနှင့် ချန်းလီလီတို့သုံးယောက်က စာလုပ်ရင်း ပျင်းနေခိုက်မှာ လက်ဆောင်အိတ် လှလှလေးနှင့် ပြန်လာသော ကျန်းပေါင်ကို မြင်တော့ စနောက်ချင်စိတ်အား ထိန်းမရတော့ပေ။

အခုတော့ ကျန်းပေါင်လည်း ဒီလို စနောက်မှုမျိုးတွေကို တည်တည်ငြိမ်ငြိမ် တုံ့ပြန်နိုင်သွားပြီ ဖြစ်သည်။ သူမက လက်ဆောင်အိတ်ကို ကိုင်ထားရင်းမှ ပန်းသီး နီနီရဲရဲ‌လေးတွေကို ထုတ်ပေးလိုက်သည်။

ပထမဆုံး ပန်းသီးရတဲ့ ချန်းလီလီက ပန်းသီးကို ဟန်ပန်အမူအရာပိုပိုဖြင့် ခပ်မြင့်မြင့်လေး မြှောက်ကိုင်ပြီး ကျယ်လောင်စွာ ချီးမွမ်းသည်။ “ ဝါး … ငါ့ဘဝမှာ ဒီလောက် ကြီးတဲ့ ပန်းသီးကြီးကို တစ်ခါမှ မမြင်ဖူးဘူး။ ထင်တဲ့အတိုင်းပဲ အချစ်ရဲ့ အာဟာရဓာတ်တွေနဲ့ဆို ပန်းသီးတွေကတောင် တခြား မိသားစုတွေထက် ပိုကြီးတာပဲ။ ”

ကျန်းပေါင် အရယ်မရပ်နိုင်တော့ပါ။ ဖန်ရွှမ်းကို ပန်းသီးတစ်လုံး ပေးပြီးနောက် ကျားရှောင်ယုအတွက် နောက်ထပ် တစ်လုံး ထပ်ယူရင်း လှပစွာ ဖဲကြိုးစည်းနှောင်ထားတဲ့ ပန်းသီးလေး နှစ်လုံးဘေးမှာ ရှည်မျောမျော လက်ဆောင်ဘူးရှည်လေး တစ်ဘူးလည်း ရှိနေတာကို ရုတ်တရက် သတိပြုမိသွားသည်။

ကျန်းပေါင် ခဏလောက် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်နေမိသည်။ အမြင်စူးရှတဲ့ ကျားရှောင်ယုက ကျန်းပေါင်ရဲ့ အမူအရာကို သတိထားမိသွားကာ ချက်ချင်းပဲ လည်ဆန့်၍ ကြည့်သည်။ ကျန်းပေါင်က လက်ဝတ်ရတနာဘူးရှည်လေးကို ဖွက်ထားချင်ပေမဲ့ ကျားရှောင်ယုက ဇိုးဇိုးဇက်ဇက် ယူသွားသည်။

ဖန်ရွှမ်းက သူတို့ထဲမှာ အချမ်းသာဆုံး မိသားစုက လာသူ ဖြစ်သည်။ ကျားရှောင်ယုရဲ့ လက်က လေထဲမှာ လျင်မြန်စွာ လှုပ်ရှားနေဆဲမှာပဲ ဖန်ရွှမ်းဟာ ပန်းသီးဆက်စားဖို့တောင် မေ့လျော့သွားပြီး “ ဘုရားရေ … အဲ့ဒါ ကာတီးယားပဲ။ ” ဟု အံ့ဩတကြီး ရေရွတ်ခဲ့သည်။

ထိုနာမည်က ကျန်းပေါင်ရဲ့ မရင်းနှီးသော်လည်း ကျားရှောင်ယုကတော့ လက်ဝတ်ရတနာဘူးလေးကို လက်အပူလောင်သွားသကဲ့သို့ ကျန်းပေါင်ရဲ့ လက်ထဲကို အမြန် ပြန်ထည့်သည်။ မတော်တဆ ထိခိုက်ပျက်စီးအောင် လုပ်မိသွားလျှင် ပြန်လျော်ဖို့ ပိုက်ဆံမတတ်နိုင်မှာကို စိုးရိမ်နေသလိုမျိုးပါ။

“ မြန်မြန် ဖွင့်ကြည့်လိုက် ကျန်းပေါင်။ ” ချန်းလီလီနှင့် ဖန်ရွှမ်းက စက္ကန့်ပိုင်းလောက် ထိတ်လန့်ကြောင်အနေပြီးမှ သူမအနားကို ဝိုင်းအုံလာသည်။ ဖူမင်ရှစ်ဟာ ပထမတန်းစား အခန်း နှစ်ခန်းကို တစ်ထိုင်တည်း ဘိုကင်တင်ခဲ့တယ်လို့ ဖန့်ရွယ်ဆီက ကြားထားကတည်းက သူဟာ လူချမ်းသာတစ်ယောက် ဖြစ်လိမ့်မယ်လို့ သူတို့သုံးယောက်လုံး ထင်ပြီးသားပင်။

ထို့ကြောင့် အခုအချိန်မှာ သူတို့က ဖူမင်ရှစ်ရဲ့ ပိုက်ဆံအသုံးကြမ်းသော လုပ်ရပ်တွေအကြောင်း နှိုက်နှုက်ချွတ်ချွတ် တွေးတာထက် လက်ဆောင်ကိုပဲ အာရုံရောက်နေခဲ့သည်။

ကျန်းပေါင်က “ သူ အဆောင်အောက်မှာ ငါ့ကို စောင့်နေတုန်းပဲ။ ” ဟု ရှက်ရွံ့စွာ ပြောလိုက်တော့ ဖန်ရွှမ်းက “ အမြန် ဖွင့်ကြည့်လိုက်စမ်းပါ။ ပြီးတာနဲ့ သူ့ဆီ သွား။ ” ဟု စိတ်လှုပ်ရှားစွာ တိုက်တွန်းသည်။

ကျန်းပေါင်လည်း လက်ဆောင်ကို သိချင်နေတာမို့ ထူးဆန်းစွာ စိတ်လှုပ်ရှားနေသော နှလုံးသားနှင့်အတူ သူမရဲ့ အခန်းဖော်သုံးယောက်ရှေ့မှာ လက်ဆောင်ဘူးလေးကို ဖွင့်ကြည့်လိုက်သည်။

***

All Chapters