← Chapters

အခန်း ၃၆

Vol. 4 Ch. 36

အခန်း ၃၆

Vol. 4 Ch. 36

အပိုင်း ( ၃၆ )

အဆောင်အခန်း မျက်နှာကျက်မှာ မီးချောင်း နှစ်ချောင်း ရှိပေမဲ့ ထို‌မီးချောင်းတွေရဲ့ အလင်းရောင်ကို ကောင်မလေးသုံးယောက်ရဲ့ ခေါင်းတွေက ပိတ်ကွယ်လုနီးပါး ဖြစ်နေခဲ့သည်။ သို့သော်လည်း လက်ဝတ်ရတနာဘူးထဲက ပန်းသီးပုံသဏ္ဍာန် ပတ္တမြားဆွဲသီးလေးကတော့ မှိန်ဖျော့ဖျော့ အလင်းရောင်အောက်မှာတောင် တောက်ပနေပြီး လက်ရာအနုစိပ် လှပသော ပလတ်တီနမ်ကြိုးလေးက သွေးရောင်ကို ကိုယ်စားပြုတဲ့ လက်မအရွယ် ပတ္တမြားဆွဲသီးလေးကို ရစ်ပတ်ခြံရံထားသည်။

ခမ်းနားကြီးကျယ်တဲ့ သေသပ်လှပမှုအပြင် ခရစ္စမတ်ပွဲတော်ရဲ့ အငွေ့အသက်တွေပါ ပျော်ဝင်နေတဲ့ ဒီပတ္တမြားလည်ဆွဲလေးရဲ့ အလှတရားကို ဘယ်မိန်းကလေးမှ မတွန်းလှန်နိုင်။

“ အား။ ” ဖန်ရွှမ်းက ကျန်းပေါင်ရဲ့ လက်မောင်းကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လှုပ်ယမ်းလိုက်သော်လည်း အသံကိုတော့ တိုးထားခဲ့သည်။ “ နင့်ရဲ့ ဖူမင်ရှစ်က အရမ်း ချမ်းသာတာပဲ ကျန်းပေါင်။ နင့်နေရာမှာ ငါသာဆို ငါ့ကို ဒီလည်ဆွဲ ပေးတဲ့ ဘယ်သူ့နဲ့မဆို ချက်ချင်း မင်္ဂလာ‌ဆောင်ပစ်လိုက်မှာပဲ။ ”

“ ဖူမင်ရှစ်က ငါ့ကောင်လေး မဟုတ်ရင်တောင် ငါ့ကို ဒီလည်ဆွဲလေး ပေးတဲ့အတွက် သူနဲ့ လက်ထပ်ချင်မိတယ်။ ” ကျားရှောင်ယုက ကျန်းပေါင်ရဲ့ တခြား လက်မောင်းတစ်ဖက်ကို ပွေ့ဖက်ထားရင်း သူမကို အားကျစိတ်ဖြင့် မျက်လုံးလေးတွေ တောက်ပနေခဲ့သည်။

ကျန်းပေါင်ရှေ့မှာ ရပ်နေတဲ့ ချန်းလီလီကလည်း ပြုံးစိစိလေး လုပ်နေသည်။ “ ဘယ်သူ သိမှာလဲ ၊ ကျန်းပေါင်က သူနဲ့ လက်ထပ်ဖို့ ကတိပေးထားပြီးတာလည်း ဖြစ်နိုင် ဖြစ်နိုင်တာပဲ။ ”

ကျန်းပေါင်က “ ပေါက်ကရတွေ လျှောက်ပြောမနေနဲ့။ ” ဟု ရှက်ရှက်နှင့် အော်လိုက်တော့ ကောင်မလေး သုံးယောက်ဆီက ရယ်သံတွေ ဝေါခနဲ ထွက်လာသည်။

ဖန်ရွှမ်းက သူမရဲ့ အသံကို တစ်ချိန်လုံး တိုးထားခဲ့ပြီး ကျန်းပေါင်အား လည်ဆွဲလေးကို လုံလုံခြုံခြုံ သိမ်းထားဖို့ သတိပေးလိုက်သည်။ “ အဲ့ဒီလည်ဆွဲက အနည်းဆုံး ကိန်းဂဏန်း ခြောက်ခု တန်ဖိုးရှိတယ်။ နင် အဲ့ဒါကို အိမ်မှာ လုံခြုံအောင် သိမ်းထားသင့်တယ် ကျန်းပေါင်။ ငါတို့အခန်းထဲကို လူတွေက အမြဲ ဝင်ထွက်သွားလာနေတာ။ တစ်ခုခု ပျောက်ပျက်သွားရင် မကောင်းဘူး ၊ ဆက်ဆံရေးတွေကိုလည်း ပျက်စီးစေလိမ့်မယ်။ ”

“ ငါ သူ့ကို ပြန်ပေးမှာပါ။ ဒီလည်ဆွဲက အရမ်း ဈေးကြီးလွန်းတယ်။ ” ကျန်းပေါင်က ခေါင်းညိတ်ပြီး လက်ဝတ်ရတနာဘူးလေးကို သူမရဲ့ အပေါ်ထပ်အင်္ကျီအိတ်ကပ်ထဲ ပြန်ထည့်လိုက်သည်။ ဖူမင်ရှစ်က အဆောင်အောက်မှာ ရှိနေတုန်းပဲမို့ အခန်းဖော်တွေ ပေးတဲ့ အကြံဉာဏ်ကို သိပ်နားမထောင်တော့ဘဲ အောက်ထပ်ကိုသာ အရင်ဆုံး ဆင်းလာခဲ့လိုက်သည်။

အဆောင်ပတ်ဝန်းကျင်မှာ လူတွေ အများကြီး သွားလာလှုပ်ရှားနေတာကြောင့် ကျန်းပေါင်က ဖူမင်ရှစ်ကို လက်တစ်ဖက်ဖြင့် လည်ဆွဲလေး ပြန်ပေးရင်း အိတ်ကပ်ထဲက လက်ဆောင်ဘူးကို သူမရဲ့ နောက်လက်တစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့သည်။

နှင်းကျနေတဲ့ ခရစ္စမတ်ပွဲတော်မြင်ကွင်းကို ဓာတ်ပုံလာရိုက်နေသော မိန်းကလေးတွေ အများကြီးကို မြင်ချိန်မှာ ရိုမန့်တစ်ဆန်သည့် လေထုက ပိုလို့တောင် ပေါ်လွင်သွားသည်။ ပေါများလွန်းတဲ့ စုံတွဲတွေကို နေရာတိုင်းမှာ တွေ့ရ၏။ တဖွဲဖွဲ ကျဆင်းနေတဲ့ နှင်းပွင့်နှင့်ဖတ်တွေက လမ်းမီးရောင်ကို ပိတ်ဆို့ကာဆီးထားပြီး ဝါဖျော့ဖျော့ အလင်းရောင်ကို ပက်ကြဲထားစေရာ အရာအားလုံးက မှုန်ရီဝေဝါးစွာ လှပနေခဲ့သည်။

စာကြည့်တိုက်နောက်မှာ လူမရှိသလောက် နည်းကာ အဲ့ဒီဘက်မှာ လေထုက အ‌ခြေအနေကောင်းတာမို့ ဖူမင်ရှစ်က ကျန်းပေါင်ရဲ့ ပခုံးလေးကို ပွေ့ဖက်၍ လမ်းမီးတိုင်နှင့် ဖိကပ်ပြီး သူမကို ငုံ့မိုးကြည့်လိုက်သည်။ “ ငါ့ကို လွမ်းလား။ ”

သူတို့ရဲ့ ခေါင်းတွေက အရမ်းကို နီးကပ်နေသောကြောင့် နှင်းပွင့်နှင်းဖတ်တွေတောင် သူတို့ကြားကို ဝင်ရောက် မနှောင့်ယှက်နိုင်တော့ဘဲ ဖူမင်ရှစ်ရဲ့ ခေါင်းပေါ်မှာသာ စုပုံလာခဲ့သည်။

မှိန်ဖျော့ဖျော့ အလင်းရောင်အောက်မှာ ကျန်းပေါင်က ခေါင်းလေးကို စောင်းငဲ့ထားမိသည်။ သူမရှေ့က အမျိုးသားရဲ့ မျက်လုံးနက်နက်ဟာ ညကောင်းကင်ထက်က ကြယ်ပွင့်လေးတွေလိုပဲ တောက်ပနေသည်။ နတ်သမီးပုံပြင်ထဲက ၊ ရုပ်ရှင်ဇာတ်လမ်းတွဲထဲက ခုန်ထွက်လာတယ်လို့ ထင်မှတ်ရလောက်အောင် ချောမောခန့်ညားပြီး အရမ်း ချမ်းသာတဲ့ ဖူမင်ရှစ်ဟာ သူမကို တစ်သက်လုံးအတွက် သဘောကျနိုင်ပါ့မလား။

“ အဲ့ဒီမေးခွန်းက ဖြေရခက်လို့လား။ ” ကျန်းပေါင် ပူပန်ကြောင့်ကြနေတာကို မြင်တော့ ဖူမင်ရှစ်က သူမကို နမ်းချင်စိတ်အား ခဏလောက် ထိန်းချုပ်ထားလိုက်သည်။ ကျန်းပေါင်ကတော့ မျက်လွှာချပြီး ခေါင်းညိတ်ပြမိသည်။ သူမ ဒီအကြောင်းကို နေ့တိုင်း တွေးနေခဲ့တာပါ။

“ အဲ့ဒါဆို မင်း ဘာလို့ မပျော်မရွှင် ဖြစ်နေတာလဲ။ ” ဖူမင်ရှစ်က သူမရဲ့ နဖူးလေးကို နမ်းလိုက်သည်။

“ ရှင် ဘာလို့ ဒီလို ဈေးကြီးတဲ့ ပစ္စည်းတွေကို အမြဲတမ်း ဝယ်ပေးနေတာလဲ။ ” ကျန်းပေါင်က လက်ဝတ်ရတနာဘူးလေးကို ထုတ်ယူကာ သူ့အိတ်ကပ်ထဲ ထိုးထည့်ဖို့ ကြိုးစားလိုက်သည်။ “ ကျွန်မ ‌ဒီလို ပစ္စည်းတွေနဲ့ အသားမကျဘူး။ ”

“ မင်း ငါ ကြည့်ဖို့အတွက် ဝတ်ထားလို့ ရတာပဲ။ ”

သူမ အပေါ်တက်သွားတုန်းက အကောင်း ၊ ပြန်ဆင်းလာတော့ အမူအရာပျက်နေကတည်းက ဒီလက်ဆောင်ကြောင့် ဆိုတာ ဖူမင်ရှစ် ခန့်မှန်းထားပြီးသား ဖြစ်သည်။ ဖူမင်ရှစ်က လက်ဝတ်ရတနာဘူးလေးကို ပြန်လုယူကာ ဖွင့်ပြီးနောက် သူ့အိတ်ကပ်ထဲ ထည့်လိုက်သည်။ သူ လည်ဆွဲလေးကို ကျန်းပေါင်ရဲ့ လည်ပင်းမှာ ဆွဲပေးလိုက်တော့ သူမက လည်ပင်းလေး လိမ်၍ သူ့လက်တွေကို ဆုပ်ကိုင်ရပ်တန့်စေသည်။

“ ကျွန်မ မလိုချင်ဘူး … ”

ဖူမင်ရှစ်က “ မင်း မကြိုက်လို့လား။ ” ဟု မေးတော့ ကျန်းပေါင် ခေါင်းခါယမ်းပြမိသည်။ သူမ ဘယ်လို ပြန်ဖြေရမှန်း မသိပါ။ ဖူမင်ရှစ်လည်း ဘယ်လိုမှ မတတ်နိုင်တော့ဘဲ လည်ဆွဲလေးကို ခဏလောက် ပြန်သိမ်းထားကာ ကျန်းပေါင်နှင့် နဖူးချင်း ထိကပ်၍ “ ငါ အခု ဘယ်လောက် ချမ်းသာလဲ ဆိုတာ မင်း သိလား။ ” ဟု မေးလိုက်သည်။

ကျန်းပေါင် ခေါင်းညိတ်ပြလိုက်သည်။ သူမ ‌မြို့တော်ကို ရောက်ကတည်းက ဖူမင်ရှစ်နှင့် ပတ်သက်တဲ့ အချက်အလက်တွေကို အွန်လိုင်းပေါ်မှာ ရှာကြည့်ခဲ့သည်။ အဘိုးဖူနှင့် ဖူကျန်း ( ဖူမင်ရှစ်အဖေ ) တို့ရဲ့ ချမ်းသာကြွယ်ဝမှုတွေကို ထည့်မတွက်ရင်တောင် သူဟာ ယွမ် ဘီလီယံ ဆယ်ချီပြီး ချမ်းသာသည်။

“ ငါ့မှာ ပိုက်ဆံတွေ အများကြီး ရှိတယ်။ အဲ့ပိုက်ဆံတွေကို မသုံးရင် အပင်ပန်းခံပြီး ကြိုးကြိုးစားစားနဲ့ ပိုက်ဆံရှာထားရတာ ဘာအဓိပ္ပာယ် ရှိတော့မှာလဲ။ ” ဖူမင်ရှစ်က သူမရဲ့ မျက်လုံးတွေထဲကို စိုက်ကြည့်လိုက်သော်လည်း သူမကတော့ သူ့ကို ပြန်မကြည့်ပါ။ ဖူမင်ရှစ် ခပ်ဟက်ဟက် ရယ်မိရင်း သူ့နှုတ်ခမ်းတွေက သူမရဲ့ နားရွက်နားကို ရွေ့လျားသွားသည်။ “ ဒါမှမဟုတ် မင်းက ပိုက်ဆံတွေ အကုန်လုံးကို ငါတို့ရဲ့ အနာဂတ်ကလေးတွေအတွက် ချွေတာစုဆောင်းထားစေချင်လို့လား။ ”

ကျန်းပေါင်ရဲ့ နားရွက်က ချက်ချင်းပဲ ပူထူသွားသည်။ သူနှင့် လက်ထပ်ချင်တယ်လို့ အခိုင်အမာ ကြေညာထားတဲ့ သူမရဲ့အခန်းဖော်တွေကိုလည်း သတိရသွားသည်။

“ ပိုက်ဆံရှာတယ် ဆိုတာ သုံးဖို့ပဲ ဖန့်ပေါင်။ ”

ဖူမင်ရှစ်ရဲ့ သူမရဲ့ လက်လေးကို သူ့နှုတ်ခမ်းနားသို့ ဆွဲယူကာ နမ်းရှိုက်လိုက်သည်။ သူ့ရဲ့ နက်မှောင်သော မျက်လုံးတွေဟာ သူမဆီက မခွာသေးပေ။ “ ငါက ပိုက်ဆံကို စိတ်ထင်တိုင်း သုံးဖြုန်းနေတာ မဟုတ်ပါဘူး။ တကယ်လို့ ငါသာ ပုံမှန် လခစား ဝန်ထမ်းတစ်ယောက် ဆိုလည်း မင်းကို ငါ တတ်နိုင်တဲ့ လက်ဝတ်ရတနာမျိုး ဝယ်ပေးမှာပဲ။ မင်း ငါ့ကို ဈေးကြီးတာတွေ ဝယ်ပေးခိုင်းရင်တောင် ဝယ်ပေးနိုင်မှာ မဟုတ်ဘူး။ အခု ငါ့မှာ ပိုက်ဆံရှိတယ်။ မင်းက အေးအေးဆေးဆေး နေရတာ ကြိုက်တဲ့သူမို့လို့ ကိုယ် မင်း ကြွားဝါဖို့အတွက် ဟိတ်ဟန်ကြီးကြီး ပစ္စည်းတွေလည်း ဝယ်မပေးဘူး။ ဒါပေမဲ့ လက်ဝတ်ရတနာလို လူမမြင်နိုင်တဲ့ ပစ္စည်းလေးတွေကိုတော့ မင်း မငြင်းပါနဲ့။ ”

ကျန်းပေါင် တစ်ခုခု ပြောဖို့ ပါးစပ်ပြင်နေတုန်းမှာပဲ ဖူမင်ရှစ်က သူမရဲ့ နှုတ်ခမ်းပေါ်ကို ရုတ်တရက် လက်ညိုးလေး ကန့်လန့်ဖြတ် တင်လိုက်သည်။ “ မင်း ငြင်းတာကို ကိုယ် လက်ခံမယ့် တစ်ခုတည်းသော အကြောင်းပြချက်က မင်း ဒီပစ္စည်းကို မကြိုက်လို့ ငြင်းတာကိုပဲ။ ”

ကျန်းပေါင်မှာ ပြန်လည် ချေပစရာ စကားမရှိတော့ပါ။ ဖူမင်ရှစ်က လည်ဆွဲလေးကို ထပ်မံထုတ်ယူကာ သူမရဲ့ လည်ပင်းမှာ ဆွဲပေးလိုက်သည်။ ထို့နောက် သူမရဲ့ ဆံပင်လေးတွေကို သပ်တင်ပေးလိုက်သည်။ ပတ္တမြားလည်ဆွဲရဲ့ အထိအတွေ့က အေးစက်နေသလို နှင်းပွင့်နှင်းဖတ်လေးတွေလည်း အခွင့်အရေးရတုန်း သူမရဲ့ အသားပေါ်ကို ကျလာတဲ့အတွက် ကျန်းပေါင် တုန်ရီသွားတော့ ဖူမင်ရှစ်က တိုးလျစွာ တောင်းပန်စကားဆို၏။

သူ့လက်ဖျားလေးတွေက သူမရဲ့ လည်ပင်းကို အမှတ်တမဲ့ ထိတွေ့ပွတ်တိုက်သွားလျှင် ကျန်းပေါင် ရင်ခုန်သံမြန်လာပြီး စကားစရှာဖို့ အမြန် ကြိုးစားလိုက်သည်။ “ ဒီလည်ဆွဲကို ရှောင်ယုနဲ့ တခြားသူတွေလည်း မြင်သွားတယ်။ ”

ဖူမင်ရှစ်ကတော့ ဘာကိုမှ စိတ်မပူဘဲ လည်ဆွဲချိတ်လေး‌ကို ချိတ်နေရင်းမှ အေးဆေးတည်ငြိမ်စွာ တုံ့ပြန်သည်။ “ တက္ကသိုလ်အခန်းဖော်တွေမှာ အမျိုးအစား နှစ်မျိုး ရှိတယ်။ ပထမ တစ်မျိုးက ဘွဲ့ရသွားတဲ့နောက်ပိုင်း တဖြည်းဖြည်း အဆက်အသွယ်ပြတ်ပြီး သူစိမ်းတွေ ဖြစ်သွားမယ့် အခန်းဖော်မျိုး။ နောက်တစ်မျိုးကတော့ ဘဝတစ်လျှောက်လုံး သူငယ်ချင်းဖြစ်နေမယ့် အခန်းဖော်မျိုးပဲ။ သူတို့ကို ဘယ်လို အခန်းဖော်မျိုးလို့ မင်း ထင်လဲ။ ”

ကျန်းပေါင်က “ ဒုတိယ တစ်မျိုး ဆိုတာ သေချာတယ်” လို့ ချက်ချင်း ပြန်ဖြေလိုက်သည်။

“ အဲ့ဒါဆို သူတို့ စောစောစီးစီး သိသွားလည်း ကိစ္စမရှိပါဘူး။ သူငယ်ချင်းကောင်း အစစ်အမှန်တွေ ဆိုတာ ဘယ်လိုပဲဖြစ်ဖြစ် ကောင်းတဲ့ ကိစ္စဆို မင်းအတွက် ဝမ်းသာပျော်ရွှင်ပေးနိုင်မယ့် လူတွေပဲ။ ” ဖူမင်ရှစ်သည် လည်ဆွဲလေးကို ဆွဲပေးပြီးသောအခါ သူမရဲ့ ဆံပင်တွေကို ကျောပြင်ဘက်သို့ သပ်တင်ပေးပြီး သူမကို ကြည့်လိုက်၏။

ကျန်းပေါင်ကတော့ ရှက်ကိုးရှက်ကန်း ခေါင်းငုံ့ထားပြီး လည်ဆွဲလေးက သူမရဲ့ ဂျာကင်အင်္ကျီကော်လံအောက်မှာ ဖုံးကွယ်ခံထားရသည်။ ဖူမင်ရှစ်က သူမရဲ့ မျက်လုံးတွေထဲကို ကြည့်ပြီး “ အရမ်း လှတယ်။ ” ဟု ချီးကျူးချိန်မှာ ကျန်းပေါင်တစ်ယောက် ပိုလို့တောင် ရင်ခုန်သံမြန်လာမိသည်။

ဖူမင်ရှစ်က သူမအနား တဖြည်းဖြည်း တိုးကပ်လာပြီး သူမရဲ့ မေးစေ့လေးကို ဆွဲမော့သည်။ “ အခု မင်း ငါ့မေးခွန်းကို ကောင်းကောင်း ပြန်ဖြေလို့ ရပြီလား။ ”

ကျန်းပေါင် စိတ်လှုပ်ရှား ငြိမ်သက်နေဆဲမှာ ဖူမင်ရှစ်က သူမရဲ့ နှုတ်ခမ်းကို ထိကပ်တယ် ဆိုရုံလေး နမ်းရှိုက်ပြီး “ ငါ့ကို လွမ်းလား။ ” ဟု မေးတော့ ကျန်းပေါင်လည်း မျက်လုံးမှိတ်ထားပြီး “ အင်း ” လို့ တိုးဖွညင်သာစွာ ပြန်ပြောလိုက်သည်။

သူမ ဝန်ခံလိုက်သည်နှင့် တစ်ပြိုင်နက် သူ့နှုတ်ခမ်းတွေက သူမရဲ့ နှုတ်ခမ်းပေါ်ကို မြဲမြံစွာ ဖိကပ်ကျရောက်လာခဲ့သည်။ ခပ်ဝေးဝေးက စာသင်ဆောင်တွေမှာတော့ ဒီနေရာရဲ့ တိတ်ဆိတ်ငြိမ်သက်မှုနှင့် ဆန့်ကျင်စွာ သက်ဝင်လှုပ်ရှားနေတဲ့ အသံတွေ ပဲ့တင်ထပ်နေတာကို ခပ်သဲ့သဲ့ ကြားရသည်။ ဒီနေရာမှာတော့ နှင်းကျနေတဲ့ အသံတိုးတိုးကို ကြားနိုင်လောက်အောင် ၊ ဖူမင်ရှစ် တံထွေးမျိုချလိုက်တဲ့ အသံကိုတောင် ကြားနိုင်လောက်အောင် တိတ်ဆိတ်နေသည်။

ထိုအခိုက်မှာပဲ ကျန်းပေါင်က သူတို့ဘက်ကို စကားတပြော‌ပြောနှင့် လျှောက်‌လာသော လူနှစ်ယောက်ကို မြင်လိုက်သောကြောင့် ဖူမင်ရှစ်ကို အတင်း တွန်းထုတ်လိုက်သည်။ ဖူမင်ရှစ်ကတော့ သူမကို တောင်တစ်လုံးလို အုပ်မိုးထားပြီး အာရုံပျံ့လွင့်ခွင့် မပေးပါ။ ကျန်းပေါင်က ဘယ်လိုလုပ် စိတ်ငြိမ်ငြိမ် ထားနိုင်မှာလဲ … ။ သူမရဲ့ ခန္ဓာကိုယ်က မလှုပ်ရှားပေမဲ့ နှုတ်ခမ်းကို သူ နမ်းမမီအောင် တွန့်ချည်ရှုံ့ချည် လှုပ်ရှားနေခဲ့သည်။

သို့သော် သူမ အဲ့ဒီလို ရှောင်ရှားလေ ၊ ဖူမင်ရှစ်ရဲ့ နှုတ်ခမ်းက သူမနှင့် မတွေ့ခဲ့ရတဲ့ ဆယ်ရက်ကျော်အတွင်းမှာ သူတို့ လွတ်သွားခဲ့တဲ့ အရာအားလုံးအတွက် လျော်ကြေးတောင်းနေသလို လိုက်ဖမ်းနေခဲ့လေ ဖြစ်သည်။ တစ်ယောက်ယောက် အနားကို ရောက်လာလျှင် သူမကို မမှတ်မိစေရန်အတွက် သူမရဲ့ မျက်နှာကို လက်နှစ်ဖက်ဖြင့် အမြော်အမြင်ရှိစွာ ဆုပ်ကိုင်ပေးထားတာကိုပဲ ကျေးဇူးတင်ရမည်။

သူတို့က စာကြည့်တိုက်ပတ်ဝန်းကျင်ကနေ အမြန် ထွက်လာခဲ့ကြသည်။ လေပြည်လေညှင်းထဲမှာ နှင်းပွင့်နှင့်ဖတ်တွေ ဝေ့ဝဲကခုန်နေသလို ကျန်းပေါင်ရဲ့ နှလုံးသားဟာလည်း ဒရမ်တီးနေသည့်အလား လှုပ်ရှားနေခဲ့လေသည်။

နောက်ဆုံးမှာ သူ ရပ်လိုက်တဲ့အခါ ကျန်းပေါင်ရဲ့ လျှာတစ်ခုလုံး ထုံကျင်နေခဲ့ပြီ ဖြစ်သည်။ ဖူမင်ရှစ်က သူမရဲ့ အင်္ကျီကော်လံပေါ်မှာ မျက်နှာအပ်ကာ လေးလံစွာ အသက်ရှူရှင်း “ အခန်းထဲ သွားရအောင်။ ” ဟု ဩရှရှ ပြောသည်။

သူ့စကားသံက တိုးဖွလွန်းသော်လည်း ကျန်းပေါင်က ပီပီသသ ကြားလိုက်ကာ သူ့ကို မေးခွန်းထုတ်သလို လှည့်ကြည့်မိသည်။

“ ဘာရယ်။ ”

“ မင်း အဆောင်ပြန်ဖို့ အချိန်ရောက်ပြီလို့ ပြောတာပါ။ ” ဟု ဖူမင်ရှစ်က မချင့်မရဲ ရယ်မောရင်း သူဟာ သနားစရာကောင်းလောက်အောင် အသုံးမကျကြောင်း ကိုယ့်ကိုယ်ကိုယ် ဝန်ခံလိုက်သည်။ ဒီနေ့ခေတ်မှာ ချိန်းတွေ့တဲ့ စုံတွဲတွေ အတူတူ အိပ်တာ မထူးဆန်းသလို သူတို့နှစ်ယောက်ကလည်း လူကြီးမိဘတွေရဲ့ ခွင့်ပြုချက်ဖြင့် စေ့စပ်ထားတာ ဆိုပေမဲ့ သိပ်ကို ဖြူစင်လွန်းတဲ့ သူမအား သူ့ရဲ့ မရိုးဖြောင့်တဲ့ ယောက်ျားသဘာဝကို ထုတ်မပြရဲပါ။

ကျန်းပေါင်က သူမရဲ့ ဖုန်းကို ထုတ်ကြည့်လိုက်တော့ တကယ်လည်း ကိုးနာရီခွဲပါတော့မည်။ သူမက ခေါင်းညိတ်လိုက်ပြီး သုံး ၊ လေးချက်လောက် ခုန်ဆွခုန်ဆွ လုပ်လိုက်သည်။ နှင်းထဲမှာ အကြာကြီး ရပ်နေခဲ့ချိန်မှာ သူမရဲ့ ခန္ဓာကိုယ်က သူ့အနမ်းတွေကြောင့် နွေးထွေးနေပေမဲ့ ခြေထောက်တွေကတော့ အေးစက်ခဲ့ရသည်။

သူမရဲ့ အပြုအမူလေးကို သတိထားမိတဲ့ ဖူမင်ရှစ်က သူမရှေ့မှာ ငုံ့ကိုင်းပြီး ကုန်းပိုးပေးဖို့ ကမ်းလှမ်းလိုက်သည်။ ကျန်းပေါင်ကတော့ အိုးတိုးအမ်းတမ်းနှင့် ငြင်းဆန်ကာ အရှေ့ကနေ အရင် လျှောက်သွားလိုက်သည်။ “ သွားရအောင်။ ” တက္ကသိုလ်ပရဝုဏ်ထဲမှာ လူတွေ များလွန်းသည်။

သို့သော်လည်း ခြေလှမ်း အနည်းငယ် လှမ်းပြီးသည်ထိ အနောက်က ဘာခြေသံမှ မကြားရသောကြောင့် ကျန်းပေါင် လှည့်ကြည့်လိုက်တော့ ဖူမင်ရှစ်ဟာ ထိုနေရာမှာပဲ ဒူးတစ်ဖက် ထောက်လျက် ရှိနေဆဲ ဖြစ်ပြီး သူမကို ပြုံး၍ စိုက်ကြည့်နေတာကို တွေ့ရသည်။ မီတာ ( ၅၀ ) နီးပါးအထိ လျှောက်ပြီးတော့မှ နောက်ဆုံးမှာ လက်လျှော့ကာ သူ့ဆီ ပြန်သွားလိုက်၏။

“ ဓာတ်ပုံရိုက်ပြီး အဘိုးဆီ ပို့ရအောင်။ ” ဖူမင်ရှစ်က သူမရဲ့ ခြေထောက်တွေကို ပွေ့ဖက်ကာ လေထဲမှာ ဝှေ့ယမ်းပြီးမှ လမ်းမီးရောင်အောက်မှာ ရပ်လိုက်သည်။ ကျန်းပေါင်ကတော့ လူကြီးတွေရှေ့မှာ အကဲပိုပြရမှာကို ရှက်၍ “ ဟင့်အင်း။ မရိုက်ဘူး။ ” ဟု ပြောလိုက်သည်။

“ အဘိုးလည်း ခရစ္စမတ်ပွဲတော်ကို ဆင်နွှဲနေမှာပဲ။ သူ့ကို ပျော်ရွှင်အောင် လုပ်ပေးသင့်တယ်လေ။ ” ဖူမင်ရှစ်က လမ်းမီးတိုင်ကို မှီထားတဲ့ သူမအနားကို တရွေ့ရွေ့ တိုးကပ်လာကာ ‌ဓာတ်ပုံမရိုက်မချင်း နေရာရွှေ့ပေးဖို့ ငြင်းဆန်ခဲ့သည်။ ထိုအချိန်မှာ လူတစ်ယောက်ကလည်း ခပ်လှမ်းလှမ်းကနေ လမ်းလျှောက်လာသောကြောင့် ကျန်းပေါင်မှာ ဖုန်းကို ထုတ်ဖို့က လွဲပြီး ရွေးချယ်စရာ မရှိတော့။

ဓာတ်ပုံဘောင်တစ်ခုထဲမှာ နှစ်ယောက်လုံး ပါစေဖို့အတွက် ဖူမင်ရှစ်ရဲ့ ပခုံးပေါ်ကို သူမက ခေါင်းတင်ထားရသည်။ ကျန်းပေါင်ရဲ့ ချည်ထိုးဦးထုပ်လေးက အရင်တစ်ခေါက်တုန်းက ဟိုတယ်မှာ ဖူမင်ရှစ် ဝယ်ပေးခဲ့တဲ့ ဦးထုပ်လေးလိုပဲ အဖြူစွတ်စွတ် ပုံစံတူ ဖြစ်သည်။ ဘယ်နေရာက ဝယ်လာတာလဲ မသိတဲ့ ဖူမင်ရှစ်ရဲ့ ဦးထုပ်ကတော့ မီးခိုးရောင်ဖျော့ဖျော့မို့ ဘေးချင်း ယှဉ်ရပ်နေတဲ့အခါ စုံတွဲဦးထုပ်လေးနှင့် တူသည်။

ကလစ်ခနဲ အသံလေးနှင့်အတူ ဓာတ်ပုံရိုက်ပြီးသွားသည်။ သူတို့ ကြည့်လိုက်တော့ ဓာတ်ပုံက လှလှလေး ထွက်လာပါသည်။

ကျန်းပေါင်က “ သွားရအောင်။ ” ဟု ပြောရင်း ဖုန်းလေးကို အိတ်ကပ်ထဲ ထည့်လိုက်သည်။ သူမကို ကုန်းပိုးပေးနေတဲ့ ဖူမင်ရှစ်က “ ငါ အိမ်ပြန်ရောက်ရင် အဲ့ဓာတ်ပုံလေးကို Wallpaper ထားလိုက်မယ်။ ” ဟု တက်ကြွစွာ ပြောသည်။

ကျန်းပေါင်သည် သူ့ပခုံးကို မှီထားတာမို့ သူ့နှုတ်ခမ်းထောင့်စွန်းတွေ ကော့တက်နေတာကို မြင်သွားကာ ဖူမင်ရှစ် သူမကို အမှန်တကယ်ပဲ အလွန် သဘောကျကြောင်း နားလည်သွားလေသည်။ “ ရှင် ဘာလို့ ကျွန်မကို သဘောကျတာလဲ။ ” ဆိုတဲ့ မေးခွန်းကို ပထမဆုံးအကြိမ် မေးမိတော့ ဖူမင်ရှစ်ရဲ့ ခြေလှမ်းတွေက အနည်းငယ် အရှိန်လျော့သွားကာ သူမကို လှည့်ကြည့်ပြီး “ မဖြစ်မနေ အကြောင်းပြချက် ရှိရမှာလား။ ” ဟု ပြန်မေးသည်။

ကျန်းပေါင်က “ အင်း။ ” လို့ ရှက်ရွံ့စွာ ၊ တိုးလျစွာ ပြန်ပြောလိုက်သောအခါ ဖူမင်ရှစ်က ရယ်မောသည်။ သူက သူမကို ကုန်းပိုးထားတာမို့ သူ တစ်ချက် စနောက်ခုန်လှုပ်လိုက်တိုင်း သူ့ကျောပေါ်က သူမပါ ခုန်လှုပ်သွားရသည်။

“ ဖူမိသားစုနဲ့ ကျန်းမိသားစုကို သူတို့ရဲ့ မိဘတွေက လက်ထပ်ပေးဖို့ သဘောတူထားခဲ့တယ် ၊ ဒါပေမဲ့ အဲ့ဒီလက်ထပ်ပွဲက အရင်မျိုးဆက်တွေမှာ အထမမြောက်ခဲ့တော့ ကိုယ်တို့ဆီ လက်ဆင့်ကမ်းလာတယ်။ အဲ့ဒါက ကံကြမ္မာပဲ။ ကိုယ်က မင်းကို သဘောကျဖို့ ကံကြမ္မာက သတ်မှတ်ပေးထားတာ။ ” သူ့စကားဆုံးတော့ သူမကို လေးနက်စွာ လှည့်ကြည့်ပြီး အလေးအနက် ထပ်ပြောသည်။ “ ကံကြမ္မာရဲ့ သတ်မှတ်ချက်အရ မင်းနဲ့ ကိုယ်နဲ့က ရေစက်ပါလာတာပါ။ ”

ချိုမြိန်သော ထိုစကားလေးတွေကို ပြောနေချိန်မှာ နှင်းပွင့်နှင်းဖတ်တွေ တဖွဲဖွဲ ကျဆင်းနေခဲ့သည်။ သူ့မျက်နှာက အလွန် ချောမောသော်လည်း ဖြေရှင်းစကားကတော့ နည်းနည်းလေး ယုတ္တိမရှိသလို ခံစားရ၏။ ကျန်းပေါင်က သူ့ရဲ့ စူးရှသော အကြည့်နှင့် ရင်မဆိုင်ရဲသောကြောင့် မျက်နှာလွှဲထားရင်း “ ကျွန်မကို အကြောင်းပြချက် အမှန်ကို ပြောပါ။ ” ဟု ပြောလိုက်သည်။

ဖူမင်ရှစ်က သူမရဲ့ ချစ်စရာကောင်းသော ချည်ထိုးဦးထုပ်လေးကို ကြည့်ပြီး အသည်းယားလာသည်။ “ ကိုယ် မင်းကို စကားပြောတဲ့ အချိန်မှာ မင်းကို ကြည့်ချင်တယ်။ ”

ကျန်းပေါင်က ထိုစကားကြောင့် ခဏလောက် တုံ့ဆိုင်းနေပြီးမှ သူ့ဘက်ကို နာခံစွာ လှည့်လိုက်ပြီး ရှက်ရွံ့စွာ မျက်လုံးမှိတ်ထားလိုက်သည်။

ဖူမင်ရှစ်သည် ကိုးရိုးကားရား အနေအထားကြားကနေ သူမရဲ့ နဖူးလေးကို မရ,ရအောင် လှမ်းနမ်းပြီး နူးညံ့စွာ ပြောလိုက်သည်။ “ မင်းမို့လို့ သဘောကျတာ။ မင်း ဖြစ်နေလို့ကို ကိုယ် သဘောကျတာပါ။ ”

အဲ့ဒီလောက်ကို ရိုးရှင်းပါသည်။

***

All Chapters