← Chapters

အခန်း ၃၇

Vol. 4 Ch. 37

အခန်း ၃၇

Vol. 4 Ch. 37

အပိုင်း ( ၃၇ )

ထိုခရစ္စမတ်နေ့မှာ အရာအားလုံးကို အဖြူရောင်နှင်းတွေ ဖုံးလွှမ်းထားကာ နေ့ရာတိုင်းမှာ ပျော်မြူးရွှင်ပျစရာ အငွေ့အသက်တွေ ပြည့်နှက်နေခဲ့သည်။ ကျားရှောင်ယုနှင့် ချန်းလီလီတို့က ညနေပိုင်းမှာ ရုပ်ရှင်သွားကြည့်ဖို့ စီစဉ်ထားပြီး “ ပိုင်ရှင်ရှိတဲ့ ” ကျန်းပေါင်ဟာ အလိုအလျောက်ပဲ ကောင်မလေးသုံးယောက် စွန့်ပစ်တာ ခံလိုက်ရလေသည်။

အတန်းချိန်အပြီး စာသင်ဆောင်အပြင်ဘက်မှာ ရပ်နေသော ရင်းနှီးနေတဲ့ အမျိုးသားကို မြင်တော့ ကျားရှောင်ယုနှင့် ချန်းလီလီက ကျန်းပေါင်ရဲ့ လက်မောင်းကို ဘယ်ညာတစ်ဖက်စီ ပွေ့ဖက်ထားရင်းမှ ရယ်မောကာ “ ဒီည လုံလုံခြုံခြုံ ကားမောင်းသွားနော်။ ” ဟု တိုးတိုး ပြောသည်။

မိတ်ကပ်လိမ်းထားလျှင်တောင် ကျန်းပေါင်ရဲ့ မျက်နှာက အဲ့ဒါထက် ပိုရဲနေလိမ့်မည် ထင်သည်။ တက္ကသိုလ်မှာ နှစ်ဝက်ကြာ နေထိုင်ဖြတ်သန်းပြီးနောက် “ ကားမောင်းတယ် ” ဆိုတဲ့ စကားလုံးရဲ့ နောက်ကွယ်က “ တခြား အဓိပ္ပာယ်တစ်မျိုး ” ကို သူမ နားလည်နေပါပြီ။

သူတို့ ဖူမင်ရှစ်အနားကို ရောက်တဲ့အခါ ကျားရှောင်ယုတို့သုံးယောက်က သူ့ကို အဓိပ္ပာယ်ပါပါ နှုတ်ဆက်ပြီးမှ ထွက်ခွာသွား၏။

ဖူမင်ရှစ်က ကျန်းပေါင်ကို စိုက်ကြည့်ပြီး “ မင်း နေမကောင်းဖြစ်နေတာလား။ ” ဟု မေးတော့ ကျန်းပေါင်က သူ့ကို မကြည့်ရဲဘဲ မပွင့်တပွင့် အသံဖြင့် ငြင်းဆန်လိုက်သည်။ သူမရဲ့ စိတ်ထဲမှာ ဟိုတစ်နေ့တုန်းက ဖူမင်ရှစ် သူမကို အိပ်ရာပေါ် တွန်းလှဲခဲ့ခြင်းကို အလိုလို သတိရသွားသည်။

ခရစ္စမတ်နှင့် ဗယ်လင်တိုင်းဒေးတွေက သမီးရည်းစားတွေ … ချစ်တင်းနှီးနှောဖို့ အလားအလာအများဆုံး အားလပ်ရက်တွေပဲလို့ သူမရဲ့ အခန်းဖော်တွေ ပြောဖူးသည်။ ဖူမင်ရှစ်ကရော အဲ့လို လုပ်ဖို့ တကယ် စီစဉ်နေတာလား … ။ ထိုသို့ တွေးကြည့်ရုံနှင့် သူမရဲ့ နှလုံးသားကို ပရမ်းပတာ ခုန်ပေါက်စေသည်။

ဖူမင်ရှစ်က သူမကို အချိန်ပိုင်းအလုပ် လုပ်ရမယ့် ဆေးရုံဝင်ပေါက်အထိ လိုက်ပို့ပေးကာ သူကတော့ စာကြည့်တိုက်မှာ စာဖတ်ရင်း စောင့်နေခဲ့သည်။ သူမရဲ့ အလုပ်ချိန် ပြီးခါနီးလျှင် လာကြိုလိမ့်မည်။

“ မင်း ဗိုက်ဆာနေပြီလား။ ” စက်ဘီးနောက်ခုံပေါ်မှာ ထိုင်နေတဲ့ ဖူမင်ရှစ်သည် သူ့အနားကို ရောက်လာတဲ့ ကောင်မလေးကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်၏။

သူမက ခေါင်းညိတ်ပြလိုက်တော့ သူက သူမရဲ့ ပါးလေးကို နမ်းကာ “ ဒါဆို စက်ဘီးကို ဒီမှာ ထားခဲ့ပြီး ဗီလာကို တန်းပြန်ရအောင်။ အဒေါ်ဝမ်က ဒီည အရသာရှိတဲ့ အစားအသောက်တွေ ချက်ထားတယ်တဲ့။ ” ဟု ပြောလိုက်သည်။

သူ့အတွက် ပြင်ဆင်ထားတဲ့ လက်ဆောင်က အဆောင်မှာ ကျန်ခဲ့တာမို့ ကျန်းပေါင်က ဆင်ခြေပေးကာ အဆောင်ကို အရင် ပြန်လာခဲ့လိုက်သည်။ ကားထဲကို ပြန်ရောက်တော့ သူမက လည်စည်းပဝါနှင့် လက်အိတ်လေးတွေကို အိတ်ထဲကနေ မျက်နှာရဲရဲနှင့် ထုတ်လိုက်သည်။

ခါးပတ်ကြိုး ချည်နှောင်ပြီးနောက် အကျင့်ပါနေသည့်အတိုင်း သူမကို လှည့်ကြည့်သော ဖူမင်ရှစ်က သူမလက်ထဲက မီးခိုးရောင် လည်စည်းပဝါလေးကို မြင်ချိန်မှာ ပထမတော့ ဇဝေဇဝါဖြစ်သွားသော်လည်း စက္ကန့်ပိုင်းအတွင်းမှာပဲ သူ့မျက်လုံးထဲမှာ ကြယ်ရောင်တွေ လင်းလက်သွားပုံပေါ်သည်။ “ ကိုယ့်အတွက် ခရစ္စမတ်လက်ဆောင်လား။ ”

ကျန်းပေါင်က ခေါင်းညိတ်ပြကာ သူ့ကို ပစ္စည်းလေးတွေ ပေးရင်း “ ရှင် ဒီကို လာရင် ဝတ်ဖို့အတွက် ကျွန်မကိုယ်တိုင် ထိုးထားတာပါ။ ” ဟု အသံတိုးတိုးနှင့် ပြောလိုက်သည်။

တက္ကသိုလ် A မှာတော့ သူဟာ သာမန် တက္ကသိုလ်ကျောင်းသားတစ်ယောက်ပဲမို့ ဝေဖန်ခံရမှာတွေ ၊ ဘာတွေကို စိတ်ပူစရာ မလိုပါ။ ဒီလည်စည်းပဝါနှင့် လက်အိတ်လေးတွေကို သူမကိုယ်တိုင် ထိုးထားကြောင်း သိလိုက်ရချိန်မှာ ဖူမင်ရှစ်ရဲ့ မျက်လုံးထဲမှာ ကြယ်ရောင်တွေ ပိုလို့တောင် တောက်ပသွားလေသည်။

သူက လည်စည်းပဝါလေးကို လက်ခံယူကာ အစိတ်အပိုင်းတိုင်းကို တစ်လက်မ,မကျန် သေချာ ကြည့်ပြီးနောက် မျက်နှာအပ်ကာ နမ်းရှိုက်လိုက်မိသည်။ ပဝါလေးထဲမှာ သူမရဲ့ ကိုယ်သင်းရနံ့ဖျော့ဖျော့ စွဲငြိနေ၏။ ကားထဲမှာ လေအေးပေးစက် ဖွင့်ထားပေမဲ့ ဖူမင်ရှစ်က သူ့သတို့သမီးလောင်း ပေးတဲ့ ပဝါလေးကို လည်ပင်းမှာ ရစ်ပတ်စည်းနှောင်ပြီး ကားမောင်းထွက်လာရင်း “ ငါ အိမ်ရောက်ရင် ဓာတ်ပုံရိုက်ပြီး အဘိုးကို လှမ်းပို့ပေးလိုက်မယ်။ ” ဟု ပျော်ရွှင်စွာ ပြောလိုက်သည်။

သူ့ပါးစပ်က ကြိုက်တယ်လို့ ထုတ်မပြောသော်လည်း သူ့အပြုအမူတွေက ဖော်ပြနေတာမို့ ကျန်းပေါင် ကျေနပ်သွားသည်။

ဖူမင်ရှစ်က ကားမောင်းနေရင်း တစ်စုံတစ်ခုကို ဖျတ်ခနဲ သတိရသွားသလို “ ငါ မင်းအတွက် လက်ဆောင်ပြင်ဆင်ပေးဖို့ မေ့သွားတယ်။ ” ဟု တောင်းတောင်းပန်ပန် ပြောသောအခါ ကျန်းပေါင် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။ “ ရှင် ကျွန်မကို လက်ဆောင်ပေးပြီးသွားပြီ မဟုတ်ဘူးလား။ ” အဲ့ဒီလည်ဆွဲက အနည်းဆုံး ကိန်းဂဏန်း ငါးလုံးလောက် တန်ဖိုးရှိလိမ့်မည် ထင်သည်။

ဖူမင်ရှစ်က “ အဲ့ဒါက ခရစ္စမတ် လက်ဆောင်လေ။ ” ဟု ပြောတော့ ကျန်းပေါင် ခပ်တိုးတိုး ရယ်မိသည်။

“ ဒါကလည်း ခရစ္စမတ် လက်ဆောင်ပါပဲ။ ”

သူ ဘာမှ ထပ်မပြောတော့ပါ။ ကားက လူသူကင်းရှင်းသော လမ်းပေါ်ကို ရောက်လာတော့မှ ‌လမ်းဘေးတစ်နေရာမှာ ကားရပ်ပြီး သူမဘက်ကို လှည့်ပြီး သူ့အနားကပ်လာဖို့ လက်ဟန်ခြေဟန်ဖြင့် ပြောသည်။ “ ကိုယ် မင်းကို ပြောစရာ ရှိတယ်။ ”

ကျန်းပေါင်က သူ ပြောတဲ့အတိုင်း သူ့အနားကို ကပ်သွားတော့ ဖူမင်ရှစ်က သူမရဲ့ နားရွက်နားကို တိုးကပ်ပြီး “ မင်း ကိုယ့်ကို လက်ဆောင်ပေးတုန်းက ကိုယ် မင်းကို နမ်းချင်နေတာ။ ” ဟု ပြောသည်။

သူဟာ ထိုစကားတွေကို ကျန်းပေါင် ရေရေရာရာ ကြားနိုင်အောင်ပင် မစောင့်ဘဲ သူမရဲ့ မေးစေ့လေးကို ဆွဲမော့ပြီး နှုတ်ခမ်းတွေကို ကျွမ်းကျင်စွာ နမ်းရှိုက်ခဲ့သည်။ အဲ့ဒီတော့မှပဲ ကျန်းပေါင်လည်း သူ့ထောင်ချောက်ထဲ ရောက်သွားပြီ ဆိုတာ နားလည်သွား၏။ ဒါပေမဲ့ သူ့ကို သဘောကျတဲ့ ခံစားချက်တွေကို မထိန်းချုပ်နိုင်ဘဲ တိတ်တိတ်လေး ပြုံးနေမိသည်။

ဖူမင်ရှစ်သည် ‌သူမရဲ့ နှုတ်ခမ်းထောင့်စွန်းလေးတွေ ကော့တက်လာတာကို သတိထားမိသောအခါ အခွင့်အရေးကို မိမိရရ အသုံးချပြီး ပို၍ ပြင်းပြင်းပြပြ နမ်းရှိုက်ခဲ့သည်။ အနမ်းရဲ့ အဆုံးသတ်မှာတော့ ကျန်းပေါင်က ပြတင်းပေါက်အပြင်ကို လှည့်ကြည့်ရင်း လှိုက်ဖိုမောဟိုက်စွာ အသက်ရှူနေမိသည်။

ဖူမင်ရှစ်က သူမရဲ့ ထိုင်ခုံဘက်ကို ခန္ဓာကိုယ်ယိမ်းထားဆဲ ဖြစ်ပြီး ဘေးတစောင်းမျက်နှာလေးကို မျက်ဝန်းနက်နက်များဖြင့် ကြည့်၍ သူမကို အပြီးတိုင် ဝါးမျိုစားသောက်ချင်နေခဲ့သည်။

ထိုအခိုက်မှာပဲ ကျန်းပေါင်ရဲ့ ဖုန်းလေးက ရုတ်တရက် မြည်လာသည်။ ဖူမင်ရှစ်ဟာ ဖုန်းလာသံကို ကြားတော့မှ သေချာ ပြင်ထိုင်ကာ ကားဆက်မောင်းနေတော့သည်။ ကျန်းပေါင်က စိတ်သက်သာရာရသွားသော သက်ပြင်းမောလေးကို မှုတ်ထုတ်ရင်း ဖုန်းကို ငုံ့ကြည့်လိုက်သည်။

ရုပ်ရှင်ရုံထဲမှာ ဘေးချင်းယှဥ်ထိုင်နေတဲ့ ကောင်မလေး သုံးယောက်ရဲ့ ဓာတ်ပုံကို ကျားရှောင်ယု ပို့ထားခြင်း ဖြစ်သည်။ ကျန်းပေါင်က အခန်းဖော်တွေနှင့် ပြုံးပြုံးရယ်ရယ် ဖုန်းပြောနေမိသည်။ သူမနှင့် ဖူမင်ရှစ်တို့ အပန်းဖြေစံအိမ်ကို ရောက်တော့ သူတို့ဘက်မှာ ရုပ်ရှင်စပြနေရုံသာ ရှိသေးသည်။

အဒေါ်ဝမ်က ညစာပြင်ဆင်နေဆဲမို့ ဖူမင်ရှစ်က ကျန်းပေါင်အား သုံးထပ်ရှိ သူ့အခန်းတံခါးရှေ့ကို ခေါ်သွားခဲ့သည်။ သူက သူမရဲ့ ကျောပြင်လေးကို တံခါးနှင့် ဖိကပ်လိုက်တော့ ကျန်းပေါင် ကြောက်စိတ်မွှန်သွားကာ သူမရဲ့ အခန်းဖော်တွေ ခန့်မှန်းထားတာ မှန်နေပြီလားဟု အတွေးဝင်လာသည်။ သို့သော် ဖူမင်ရှစ်က သူမရဲ့ နားရွက်လေးကိုသာ နမ်းပြီး “ ဒီည ကိုယ်တို့ ဖယောင်းတိုင်မီး အပြင်အဆင်လေးတွေနဲ့ ညစာ စားကြမယ်။ ” ဟု ခပ်တိုးတိုး ပြောပါသည်။

ရုပ်ရှင်ဇာတ်လမ်းတွဲတွေထဲမှာ ရုပ်ချောတဲ့ အမျိုးသားနှင့် မိန်းမလှလေးတို့ ရိုမန့်တစ်ဆန်ဆန် အပြင်အဆင် ၊ အခင်းအကျင်းတွေနှင့် ညစာစားနေတဲ့ ဇာတ်ဝင်ခန်းက ကျန်းပေါင်ရဲ့ စိတ်ထဲကို အလိုလို ဝင်ရောက်လာသည်။

ဖူမင်ရှစ်က သူမရဲ့ မျက်လုံးတွေထဲကို စိုက်ကြည့်ပြီး “ ကိုယ် မင်းအတွက် ဂါဝန်လေးတစ်ထည် ပြင်ဆင်ထားတယ်။ မင်း အဲ့ဒါကို လဲ‌ဝတ်ပေးနိုင်မလား။ ” ဟု မေးလျှင် ကျန်းပေါင် ကိုယ့်ကိုယ်ကိုယ် ပြန်ငုံ့ကြည့်မိသည်။ သူမရဲ့ တီရှပ်နှင့် ဂျင်းဘောင်းဘီက ဖယောင်းတိုင်လေးတွေ ထွန်းထားတဲ့ ညစာစားဝိုင်းနှင့် တကယ်ပဲ မလိုက်ဖက်ပေ။

“ ရပါတယ်။ ” ဟု ကျန်းပေါင်က သဘောတူ လိုက်လျောလိုက်သည်။ မနေ့တုန်းက ဖူမင်ရှစ်ရဲ့ စကားအရှည်ကြီးကို နားထောင်အပြီး ဒီတစ်ခေါက်တော့ ထိုဂါဝန်ရဲ့ ဈေးနှုန်းကို တွက်ဆကာ အချိန်ဖြုန်းမနေတော့။ သူက သူ့ခံစားချက်တွေကို ကိုယ်ပိုင်နည်းလမ်းနှင့် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘယ်လိုပဲဖြစ်ဖြစ် အားလပ်ရက်တွေမှာပဲ ပိုက်ဆံဖြုန်းတီးခြင်းမို့ သူ့စိတ်အားထက်သန်မှုကို မလျော့ကျစေချင်ပါ။

“ ဂါဝန်က ကိုယ့်အခန်းထဲမှာ ရှိတယ်။ ကိုယ် ယူပေးရမလား။ ဒါမှမဟုတ် … ” ဖူမင်ရှစ်က စကားရပ်ပြီး သူမရဲ့ နှုတ်ခမ်းတွေကို နမ်းလိုက်သည်။ “ မင်းကိုယ်တိုင် ဝင်ယူမလား။ ”

အဓိပ္ပာယ် တစ်မျိုးတစ်မည်ကို ဆိုလိုချင်တဲ့ လေသံက ကျန်းပေါင်အတွက် ကြံ့ကြံ့ခံဖို့ ခက်ခဲလွန်းလှသည်။ သူမက ဖူမင်ရှစ် အခန်းထဲ ဝင်ပြီး ဂါဝန်သွားယူနိုင်စေရန်အတွက် ဘေးဖယ်ပေးလိုက်တော့ သူက ဟက်ခနဲ ရယ်ကာ သူမကို ထပ်နမ်းပြီးမှ အခန်းထဲ ဝင်သွားသည်။ ခဏကြာတော့ သူ လက်ဆောင်အိတ်နှင့်အတူ လျင်မြန်သွက်လက်စွာ ပြန်ထွက်လာသည်။

သူမရဲ့ အခန်းဆီ စိတ်လှုပ်ရှားစွာ လျှောက်သွားတဲ့ ကျန်းပေါင်နောက်ကို ဟွီသန်းနှင့် ယွဲ့လျန်ကလည်း သတို့သမီးနောက်မှာ ပန်းကြဲပေးတဲ့ သတို့သားအရံလေးတွေလို လိုက်လာခဲ့သည်။ ဖူမင်ရှစ်သည် ကျန်းပေါင် အခန်းထဲ ဝင်သွားတာကို ကြည့်နေပြီးမှ သူလည်း သူ့အခန်းထဲကို ဝင်ပြီး အနောက်တိုင်းဝတ်စုံ လဲဝတ်လိုက်၏။

ဘေးအခန်းထဲမှာတော့ ကျန်းပေါင်က အိတ်ထဲက လက်ဆောင်ဘူးလေးကို အိပ်ရာပေါ် တင်ပြီး ညင်သာစွာ ဖွင့်ကြည့်လိုက်လျှင် ချယ်ရီပန်းရောင် ဂါဝန်လေးကို မြင်လိုက်ရလေသည်။ ပန်းရောင်ကြိုက်တဲ့ ကျန်းပေါင်အတွက် ဂါဝန်အရောင် တစ်ခုတည်းနှင့်ပင် သူမရဲ့ နှလုံးသားကို အနိုင်ယူသွားပြီ ဖြစ်သည်။ သူမ ဂရုတစိုက် ဖြန့်ကြည့်လိုက်တော့ နူးညံ့ချောမွေ့သော ချီဖွန်ဂါဝန်အသားလေးက သူမရဲ့ လက်ချောင်းကြားမှ လျှောဆင်းသွားကာ အထိအတွေ့က သက်သောင့်သက်သာရှိလှသည်။

သို့သော် ဂါဝန်ရဲ့ ဒီဇိုင်း အပြည့်အစုံကို မြင်ပြီးနောက်မှာတော့ ကျန်းပေါင်ရဲ့ ပါးလေးတွေ ရဲတက်လာခဲ့သည်။ အကြောင်းကတော့ လည်ပင်းတစ်ဝိုက်ကို လှစ်ဟိုက်ထားပြီး ကြိုးလေးတွေနှင့် ရစ်ပတ်ချည်နှောင်ထားတဲ့ လည်ဟိုက်ဂါဝန်လေး ဖြစ်နေလို့ပါပဲ။ ကျယ်ပြန့်သော ကြိုးတွေက ဘရာစီယာကို ဖုံးအုပ်နိုင်ပေမဲ့ အရှေ့ပိုင်းနှင့် အနောက်ပိုင်းမှာတော့ အသားစိုင်တွေကို ပကတိ မြင်နေရသည်။

ဒီဂါဝန်ကို ဝတ်ဖို့ တွေးကြည့်ရုံနှင့် ကျန်းပေါင် တစ်ကိုယ်လုံး ပူထူလာမိသော်လည်း ဂါဝန်လေးက သိပ်ကို လှပလွန်းတာမို့ အရင်ဆုံး စမ်းဝတ်ကြည့်လိုက်သည်။ ဂါဝန်ကို ဝတ်ကြည့်ပြီးနောက် မှန်ရှေ့ကို လျှောက်သွားလိုက်တော့ သူမရဲ့ လည်ပင်းအောက်နှင့် ရင်ကြားမှာ အဖုံးအကွယ်မရှိတာကို မြင်ရသည်။ ခန္ဓာကိုယ်ကို တစ်ပတ် လှည့်ကြည့်လိုက်တော့လည်း ကျောပြင် တစ်ခုလုံးနီးပါး လှစ်ဟာပေါ်လွင်နေ၏။

အခုတော့ သူမရဲ့ ပုံစံက တီဗီဇာတ်လမ်းတွဲတွေထဲမှာ ချိန်းတွေ့သည့် စုံတွဲတွေနှင့် တူသွားပြီ ဆိုပေမဲ့ … ။ ကျန်းပေါင် ဒီဂါဝန်ကို ပြန်ချွတ်ဖို့ လုပ်နေတုန်းမှာပဲ တံခါးခေါက်သံ ထွက်ပေါ်လာသည်။

“ မင်း အဝတ်လဲပြီးပြီလား။ ” ဆိုတဲ့ ဖူမင်ရှစ်ရဲ့ အသံကို ကြားသောအခါ ကျန်းပေါင်တစ်ယောက် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားသည်။

အခန်းထဲမှာ ဘာလှုပ်ရှားသံမှ မကြားရသောကြောင့် ဖူမင်ရှစ်က ခပ်တိုးတိုး ရယ်မောလိုက်သည်။ “ မင်း အဲ့ဂါဝန်ကို မဝတ်နိုင်ဘူးလို့တော့ မပြောနဲ့နော်။ ”

ကျန်းပေါင်ကတော့ ဒီဂါဝန်ကို အမှန်တကယ်ပဲ လက်မခံနိုင်ပါ။ သူမရဲ့ တစ်သက်နှင့် တစ်ကိုယ် ဒီလောက် အသားပေါ်လွန်းတဲ့ ဂါဝန်ကို မဝတ်ဖူး။

“ မင်း ဘွဲ့ရပြီးရင် ၊ ငါတို့နှစ်ယောက် လက်ထပ်ပြီးရင် ငါ မင်းကို ပွဲတွေ အများကြီးကို ခေါ်သွားမှာ ကျန်းပေါင်။ မင်း ဒီလို အဝတ်အစားတွေနဲ့ တဖြည်းဖြည်း အသားကျသွားပါလိမ့်မယ်။ ” ဖူမင်ရှစ်က နူးညံ့စွာ ပြောပြီး တံခါးအပြင်ဘက်မှာ စိတ်ရှည်လက်ရှည် စောင့်နေခဲ့သည်။ “ မင်းလည်း ရုပ်ရှင်တွေထဲမှာ မြင်ဖူးမှာပါ။ တကယ့် လက်တွေ့ဘဝက ဂါဝန်တွေက ဒီ့ထက်တောင် အသားပေါ်သေးတယ်။ မင်းရဲ့ ဂါဝန်က တော်တော်လေး လုံခြုံတာပါ။ ”

ကျန်းပေါင်က မှန်ထဲမှာ ကိုယ့်ကိုယ်ကိုယ် စိုက့်ကြည့်လိုက်သည်။ ဒီဂါဝန်က အရမ်း လှသလို အရမ်း အသားပေါ်လွန်းသည်ဟု ခံစားရသည်။

ဖူမင်ရှစ်က တံခါးထပ်ခေါက်လိုက်သည်။ “ တံခါးဖွင့်ပြီး ကိုယ့်ကို ကြည့်ခွင့်ပေးပါ။ ”

ကျန်းပေါင် ချိတုံချတုံ ဖြစ်နေမိသော်လည်း နောက်ဆုံးမှာတော့ မှန်ထဲမှာ ပေါ်နေတဲ့ သူမရဲ့ ရင်ဘတ်ကို လက်နှင့် အုပ်ကာ အံကြိတ်၍ တံခါးသွားဖွင့်ပေးလိုက်တော့သည်။

တံခါးက တဖြည်းဖြည်း ပွင့်သွားသည်။ ဖူမင်ရှစ်က တံခါးအဟလေးကြားကနေ ကြည့်လိုက်သောအခါ သူမရဲ့ ပခုံးတစ်ဝက်နှင့် ဂါဝန်အောက်ပိုင်းကို အရင်ဆုံး မြင်သည် ၊ အဲ့ဒီနောက် အနေရခက်စွာ ခေါင်းငုံ့ထားတဲ့အတွက် ဂါဝန်ထက်တောင် ပန်းရောင်သန်းနေတဲ့ မျက်နှာလေးကို မြင်လိုက်ရသည်။ ဖူမင်ရှစ်က သူ့မြင်ကွင်းတစ်ဆုံးအတိုင်း ကြည့်လိုက်တော့ သူ့ရဲ့ မြင့်မားသော အရပ်ကြောင့် သူမရဲ့ လည်ပင်းအဟိုက်လေးကို ရှင်းလင်းစွာ မြင်ရသည်။

ကျန်းပေါင်ဟာ ကောင်းကောင်း ခန္ဓာကိုယ်ဖွံ့ဖြိုးကြောင်း ဖူမင်ရှစ် သိထားပေမဲ့ အခုမှပဲ ထိုအဓိပ္ပာယ်ကို ပို၍ နက်ရှိုင်းစွာ နားလည်သွားလေသည်။ သူ့လည်ချောင်းက နိမ့်ချည်မြင့်ချည် လှုပ်ရှားသွားကာ ကိုယ့်ကိုယ်ကိုယ် ထိနိးချုပ်လျက် သူမရဲ့ မျက်နှာလေးဆီ အကြည့်ပြန်ပြောင်းပြီး “ အရမ်း လှတယ်။ ” ဟု ဩရှတိုးလျသော အသံဖြင့် ပြောလိုက်မိသည်။

ကျန်းပေါင်ကတော့ ခေါင်းငုံ့ထားဆဲ ဖြစ်သည်။ ဖူမင်ရှစ်က သူမရဲ့ ရှက်ရွံ့မှုကို ဖြေဖျောက်ရန် အတတ်နိုင်ဆုံး ကြိုးစားကာ ခြေတစ်လှမ်း နောက်ဆုတ်၍ အကြံပြုချက်တစ်ခုကို ထပ်ပေးလိုက်သည်။ “ မင်း ဆံပင်ချထားပါလား။ ”

ကျန်းပေါင်သည် သူမရဲ့ ခေါင်းအနောက်မှာ ခပ်ကြီးကြီး ကျစ်ထားသော ကျစ်ဆံမြီးကို လက်နှင့် ထိကိုင်ကြည့်လိုက်၏။ ထိုအချိန်မှာ ဖူမင်ရှစ်က ရုတ်တရက် ရှေ့တိုးလာကာ ကျန်းပေါင်နှင့် ခန္ဓာကိုယ်ချင်း ထိကပ်လုမတတ် ဖြစ်သွားပြီးနောက် သူမရဲ့ ကျစ်ဆံမြီးကို ကူဖြည်၍ ခေါင်းစည်းကွင်းချွတ်ပေးလိုက်သည်။ ဆံနွယ် တစ်မျှင်က အရှေ့ဘက်ကို လွင့်ဝဲကျလာသလို သူမရဲ့ ပါးရဲရဲလေးမှာ နက်မှောင်သော ဆံနွယ်လေးတွေ ကပ်ငြိနေပုံမှာ ဖြူစင်သော ကောင်မလေးကို ပိုဆွဲဆောင်မှုရှိသွားစေသည်။

ဖူမင်ရှစ်က သူမကို နမ်းဖို့ ခေါင်းငုံ့လိုက်တဲ့ အခိုက်အတန့်မှာပဲ အဒေါ်ဝမ်က အောက်ထပ်ကနေ ညစာ အဆင်သင့်ဖြစ်ပြီ ဖြစ်ကြောင်း လှမ်းအော်ပြောပါသည်။ အခုတော့ သူ ရပ်တန့်ကာ သူမရဲ့ လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။

“ သွားရအောင်။ ”

ကျန်းပေါင်က ဝါဂွမ်းဖိနပ်အပါးလေး စီးထားတဲ့ သူမရဲ့ ခြေထောက်တွေကို ငုံ့ကြည့်နေသော်လည်း ဖူမင်ရှစ်ကတော့ သူမရဲ့ ရင်ဘတ်တစ်ဝိုက်ကို မကြည့်မိအောင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရင်း “ မင်း အခု လှနေပါတယ်။ ” ဟု ပြောလိုက်သည်။

သူ ဘာမှ မပြောတဲ့အတွက် ကျန်းပေါင်လည်း ဝါဂွမ်းဖိနပ်အပါးလေးကို မချွတ်တော့ဘဲ သူနှင့်အတူ အောက်ထပ်ကို ‌လိုက်ဆင်းလာရင်း သူ့ကို တိတ်တိတ်လေး ခိုးကြည့်မိသည်။ ဖူမင်ရှစ်က သေးသွယ်သော ခါးနှင့် အထူးတလည် ရှည်လျားသော ခြေထောက်တွေကို ပေါ်လွင်ထင်ရှားစေရန် ဒီဇိုင်နာကိုယ်တိုင် ချုပ်ပေးထားတဲ့ အနောက်တိုင်းဝတ်စုံကို ထုံးစံအတိုင်း ဝတ်ဆင်ထားသည်။ လှေကားပေါ်က ဆင်းနေစဉ် တစ်လှမ်းချင်း လှမ်းတဲ့ သူ့ခြေထောက်တွေရဲ့ လှုပ်ရှားမှုက စကားလုံးနှင့် မဖော်ပြနိုင်လောက်အောင် ‌ကြည့်ကောင်းသည်။

ပထမထပ်ရှိ ဧည့်ခန်းက အလွန် မှောင်မည်းနေပြီး အဒေါ်ဝမ်ကို ဘယ်နေရာမှာမှ မတွေ့ရဘဲ ကြမ်းပြင်ကနေ မျက်နှာကျက်ထိ တစ်ဆက်တည်း ရှည်လျားသော ပြတင်းပေါက်တွေရှေ့မှာ ဖယောင်းတိုင်မီးတွေနှင့် အလှဆင်ထားသည့် လူနှစ်ယောက်စာ ညစာ စားပွဲဝိုင်းကိုသာ တွေ့ရသည်။ ပြတင်းပေါက်တွေရဲ့ အပြင်ဘက်မှာ နှင်းတွေ ထူထပ်နေပေမဲ့ အထဲမှာတော့ ကျန်းပေါင်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ပူနွေးလာတဲ့အထိပင် နွေဦးတမျှ နွေးထွေးနေသည်။

ဖူမင်ရှစ်က သူမအတွက် ထိုင်ခုံကို ထုတ်ပေးရုံသာမက လက်သုတ်ပဝါကိုတောင် အမြော်အမြင်ရှိရှိ ဖြန့်ပေးနေခဲ့သည်။ သူ့ခေါင်းက သူမရဲ့ ရင်ဘတ်တစ်ဝိုက်နှင့် အရမ်း နီးကပ်နေတဲ့အတွက် ကျန်းပေါင်ရဲ့ ခန္ဓာကိုယ်လေး တောင့်တင်းနေပြီး ဘယ်ကိုမှ အကြည့်မဝဲနိုင်ဘဲ မျက်နှာချင်းဆိုင် ထိုင်ခုံမှာ သူ သွားထိုင်တော့မှ သက်ပြင်းမောလေးကို ရှိုက်ထုတ်နိုင်သည်။

စားပွဲပေါ်ကို ကြည့်လိုက်တော့ လှပသော နှင်းဆီပန်းစည်း တစ်စည်း ၊ ဝိုင်နီ တစ်ပုလင်း ၊ မီးထွန်းထားတဲ့ ဖယောင်းတိုင် သုံးချောင်းနှင့် စားချင်စရာ ဟင်းလျာ များစွာကို တွေ့ရသည်။ ကျန်းပေါင် ဗိုက်ဆာလွန်း၍ ဗိုက်ထဲကနေတောင် တဂွီဂွီ အသံတွေ ထွက်လာခဲ့သည်။ သူမ နေ့လယ်စာ စားထားတာ ရှစ်နာရီ ကျော်နေပါပြီ။

ဖူမင်ရှစ်က “ စားတော့လေ။ ” ဟု အပြုံးလေးဖြင့် ပြောရင်း သူမရဲ့ ပန်းကန်ထဲကို ဟင်းတွေ ခပ်ထည့်ပေးသည်။ ကျန်းပေါင်ကတော့ ညစာစားနေချိန်မှာ သူမ ဝတ်ထားတဲ့ ဂါဝန်အကြောင်းကို စိတ်ထဲက ခဏ ထုတ်နိုင်ဖို့ မျှော်လင့်ချက်ဖြင့် အရသာရှိသော အစားအသောက်တွေကိုသာ အာရုံစိုက်ထားခဲ့သည်။

သူမနှင့် မျက်နှာချင်းဆိုင်မှာ ထိုင်နေသော ဖူမင်ရှစ်ကတော့ ပေါ့ပေါ့ပါးပါး အေးအေးဆေးဆေး စားသောက်နေခဲ့သည်။ သူ့အကြည့်က ကျန်းပေါင်ထံမှ မခွာသလောက် ဖြစ်ကာ သူမရဲ့ အစိတ်အပိုင်းတိုင်းရဲ့ ဆွဲဆောင်ခြင်းကို ခံနေခဲ့ရသည်။ သူမရဲ့ ဖြူစင်မှုကို သဘောကျသည် ၊ မရည်ရွယ်ဘဲ လှစ်ခနဲ ထွက်ပေါ်လာတဲ့ အလှတရားကို သဘောကျသည် ၊ မိန်းကလေးဆန်တဲ့ စိတ်နေစိတ်ထားကို သဘောကျသည် ၊ ရင့်ကျက်သော ခန္ဓာကိုယ်ဟန်ကိုလည်း သဘောကျသည်။

***

All Chapters