အခန်း ၃၈
Vol. 4 Ch. 38
အပိုင်း ( ၃၈ )
ဖူမင်ရှစ်က သူ့ဘက်ကို ကျန်းပေါင် လှမ်းကြည့်တော့မှာကို အာရုံခံမိတော့မှ ချက်ချင်း အကြည့်ရုတ်သိမ်းကာ သူ့ဝိုင်ဖန်ခွက်ထဲကို ဝိုင် တချို့ လောင်းထည့်လိုက်သည်။ ကျန်းပေါင်က သူ့ဘက်ကို လှမ်းကြည့်ရင်း ဝိုင်ပုလင်းထဲမှာ ဝိုင်ကုန်ခါနီးနေပြီ ဆိုတာ သတိထားမိသွားသည်။
သူမက ဖန်ခွက် သေးသေးလေး တစ်ခွက်သာ သောက်လိုက်ရပြီး ကျန်တာ အားလုံးက ဖူမင်ရှစ်ရဲ့ အစာအိမ်ထဲကို ဝင်ရောက်သွားတာပင်။ ကျန်းပေါင်သည် ဖူမင်ရှစ် အရက်မူးမှာကို ရုတ်တရက်ပဲ အနည်းငယ် စိုးရိမ်သွားသည်။
“ မင်း ဘယ်လို ကရမလဲ ဆိုတာ သိလား။ ” ဖူမင်ရှစ်က နောက်ဆုံး ဝိုင်လက်ကျန်ကို လက်စသတ်ပြီးနောက် သူ့နှုတ်ခမ်းကို လက်ကိုင်ပဝါနှင့် လူကြီးလူကောင်းဆန်ဆန် အသာအယာ ပွတ်သုတ်နေခဲ့သည်။ ထို့နောက် ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေ ရှိနေသလိုမျိုး သူမကို ရွှန်းရွှန်းစားစား ကြည့်ကာ မေးသည်။
ကျန်းပေါင်ရဲ့ နှလုံးသားထဲမှာ ထိတ်ခနဲ တုန်သွား၏။ “ ဟင့်အင်း။ ကျွန်မ မကတတ်ဘူး။ ”
“ ကိုယ် သင်ပေးပါ့မယ်။ ”
ဖူမင်ရှစ်က သူ့လက်ကိုင်ပဝါကို စားပွဲပေါ် တင်ကာ သူမဘေးကို လျှောက်လာပြီး နှစ်ယောက်အတူ တွဲကရန် ပြီးပြည့်စုံသော ဖိတ်ခေါ်မှုအဖြစ် ဘယ်လက်ကို သူ့နောက်ကျောမှာ ကပ်၍ ညာလက်ကို သူမဆီ ဆန့်တန်းထုတ်ပေးခဲ့သည်။
ကျန်းပေါင်က သူ့မျက်လုံးတွေထဲက ဖယောင်းတိုင်မီးရောင်ကို မော့ကြည့်မိသည်။
သူမ ချက်ချင်း မျက်နှာလွှဲကာ “ ကျွန်မ မသင်နိုင်လောက်ဘူး။ ” ဟု ငြင်းဆန်လိုက်သည်။
ဖူမင်ရှစ်က “ ကိုယ်က စိတ်ရှည်ပါတယ်။ ကိုယ် မင်းကို သင်ပေးနိုင်မယ်လို့ ယုံကြည်ချက်ရှိတယ်။ ” ဟု အတင်းအကြပ် ပြောနေသောအခါ ကျန်းပေါင်ရဲ့ မျက်နှာက မီးထလောင်တော့မလား ထင်မှတ်ရလောက်အောင် ပူထူလာခဲ့သည်။ သူ့ဆီက အကမသင်နိုင်မှာကို ကြောက်ခြင်း မဟုတ်ဘဲ အကသင်ခန်းစာကနေ တခြားအရာ ကူးပြောင်းသွားမှာကို ကြောက်ခြင်း ဖြစ်သည်။
ကျန်းပေါင် တွေဝေနေတုန်းမှာပဲ တစ်စုံတစ်ယောက်က သူမရဲ့ လက်ကို ရုတ်တရက် လာဆုပ်ကိုင်ခဲ့သည်။ လှည့်ကြည့်လိုက်တော့ ဖူမင်ရှစ်က သူမကို ပြုံးပြီး ကြည့်နေသည်။ သူက သူမကို ထိုင်ခုံကနေ ဆွဲခေါ်ရင်း နောက်ပြန်လျှောက်သွားခဲ့သည်။ ဖူမင်ရှစ်ရဲ့ ခန္ဓာကိုယ်က တဖြည်းဖြည်း နီးကပ်လာပြီး သူမရဲ့ ခါးကို ပွေ့ဖက်လိုက်ချိန်မှာတော့ စိတ်ထဲမှာ ဗလာနတ္ထိဖြစ်သွားသည်။ အဲ့ဒီနောက် သူမရဲ့ သူမရဲ့ ခေါင်းထဲမှာ မိုးကြိုးပစ်သလိုပင် ပြင်းထန်စွာ တုန်ခါသွားတာကို ခံစားလိုက်ရသည်။
“ စိတ်ကို လျှော့ထားပြီး ကိုယ် ပြောတဲ့အတိုင်း လိုက်လုပ်။ ” ဖူမင်ရှစ်က ခေါင်းငုံ့ပြီး သူမကို ခြေကြွတတ်အောင် သင်ပေးသည်။ အတွေ့အကြုံမရှိတဲ့ ကျန်းပေါင်က သူ့ခြေထောက်ကို ဒယိမ်းဒယိုင်နှင့် မကြာခဏ တက်နင်းမိနေသော်လည်း အလွန် စိတ်ရှည်တဲ့ ဖူမင်ရှစ်ဟာ သူမကို နောက်ဆုံးအချိန်ထိ သင်ပေးချင်နေပုံပေါ်သည်။ သူက သူမရဲ့ ခါးသွယ်သွယ်လေးကို ဆုပ်ကိုင်ပြီး ဧည့်ခန်းထဲမှာ ဖြည်းညင်းစွာ ကတတ်အောင် ညွှန်ကြားသည်။
သူတို့တွေ အက,ကရင်း ကြမ်းပြင်ကနေ မျက်နှာကျက်ထိ ရှည်လျားတဲ့ ပြတင်းပေါက်ရှည်ကြီးတွေကို ဖြတ်ကျော်ပြီး ကြည်နူးဖွယ်ရာ နှင်းတဖွဲဖွဲကျနေတဲ့ ခြံဝင်းကို စီးမိုးကြည့်သည် ၊ ပြတင်းပေါက်ထောင့်က စိမ်းစိုလန်ဆန်းသော အိုးစိုက်အပင်လေးကို ဖြတ်ကျော်ပြီး ဧည့်ခန်းအလယ်ဗဟိုရှိ ဆိုဖာဆီသို့ တဖြည်းဖြည်း ရွေ့လျားချဉ်းကပ်လာခဲ့သည်။
ကျန်းပေါင်က သူ့စည်းချက်ကို လိုက်မီအောင် ကြိုးစားနေတုန်းမှာပဲ မျှော်လင့်မထားစွာဖြင့် သူမရဲ့ ခြေသလုံးနှင့် တစ်စုံတစ်ခုနှင့် ဝင်တိုက်မိသည်။ သူမကို ဖူမင်ရှစ် ဆွဲထိန်းပေးလိမ့်မည်ဟု မျှော်လင့်၍ သူ့ကို မှီတွယ်လိုက်ပေမဲ့ ဖူမင်ရှစ်ကပါ သူမနှင့်အတူ ကံမကောင်းစွာ လဲကျသွားခဲ့သည်။
ပျော့ပြောင်းသော ဆိုဖာပေါ်ကို လဲကျသွားသောကြောင့် မျှော်လင့်ထားတဲ့ နာကျင်မှုကို မခံစားရဘဲ ဖူမင်ရှစ်ရဲ့ ကျယ်ပြန့်သော လက်က သူမရဲ့ ခေါင်းကို ခုပေးထားသည်။
ဖူမင်ရှစ်က သူမရဲ့ ခန္ဓာကိုယ်ပေါ်ကို ငုံ့ကိုင်းအုပ်မိုးထားရင်း “ နာသွားလား။ ” ဟု တိုးလျစွာ မေးသည်။ ကျန်းပေါင်က ဝိုင်နီရဲ့ မွှေးရနံ့ဖျော့ဖျော့ကြောင့် ရင်ခုန်သံမြန်လာကာ ခပ်သွက်သွက် ခေါင်းခါယမ်းပြလိုက်သည်။
“ အဲ့ဒါဆို ကောင်းတယ်။ ”
သူမ ဘာမှ မထိခိုက်တာကို သိရတော့ ဖူမင်ရှစ် စိတ်လျှော့လိုက်ပြီး သူမရဲ့ နှုတ်ခမ်းတွေကို ဖိကပ်နမ်းရှိုက်ကာ သူမရဲ့ ခန္ဓာကိုယ်လေးကိုလည်း လှုပ်ရှားမရအောင် ဖိချုပ်ထားလိုက်လေသည်။
သူမရဲ့ ပခုံးပေါ်ကနေ အင်္ကျီကြိုးတွေ လျှောကျသွားကာ တစ်စုံတစ်ယောက်က သူမရဲ့ ဂါဝန်လေးကို လှန်တင်လိုက်သည်။ သူဟာ ကမ္ဘာပေါ်မှာ ပုန်းကွယ်နေတဲ့ မှော်ဆရာတစ်ယောက်လိုပဲ ရုပ်ဖျက်ထားတဲ့ ပုံစံအမှန်ကို နောက်ဆုံးတော့ ထုတ်ပြလာခဲ့သည်။
သူ့လက်တွေက ပခုံးပေါ်မှာ ပွတ်သပ်လှုပ်ရှားနေချိန်တွင် မမြင်နိုင်သော မီးတောက်မီးလျှံတွေ လောင်ကျွမ်းတောက်လောင်နေသလို ခံစားရသည်။ ပထမဆုံးအကြိမ်အဖြစ် သူ့နှုတ်ခမ်းတွေက သူမရဲ့ ညှပ်ရိုးကို နမ်းရှိုက်ပြီး အောက်ဘက်ကို တဖြည်းဖြည်း ဆင်းသွားသောအခါ နှလုံးခုန်သံမြန်လာသလို နားထဲမှာလည်း အသံတွေ ဆူဝေသွားသည်။ ထိုအသံက အန္တရာယ်ကို အချက်ပေးတဲ့ ဗုံသံနှင့် တူသလို ခမ်းနားကြီးကျယ်တဲ့ အရာတွေကို တစ်ခါမှ မမြင်ဖူးတဲ့ ရွာငယ်လေးက ဖြူစင်သော ကလေးတွေဟာ စိတ်လှုပ်ရှားစွာ ဗုံတီးပြီး အရေးကြီးသော လူပုဂ္ဂိုလ်တစ်ယောက်ကို ကြိုဆိုနေတဲ့ အသံတွေနှင့်လည်း တူသည်။
ကျန်းပေါင်က အလျင်အမြန် လက်မြှောက်လိုက်ပေမဲ့ ထိုလက်တွေကို သူ သတိထားမိသွားပြီး သူမရဲ့ လက်နှစ်ဖက်ကို သူ့လက်တစ်ဖက်တည်းနှင့် ဖမ်းဆုပ်ခြင်းသာ ခံလိုက်ရ၏။ သူ့လက်ဖဝါးက ပူနွေးနေပြီး သူမကို မီးတောက်ပင်လယ်ထဲ ဆွဲခေါ်ဖို့ ကြိုးစားနေသည်။
ကျန်းပေါင် မျက်လုံးဖွင့်လိုက်တော့ တောက်ပမှုကို ခဏတာ လျှော့ချထားဟန်တူသော မျက်နှာကျက်ပေါ်က သလင်းကျောက် မီးပန်းဆိုင်းကြီးကို မြင်ရသည်။ မီးပန်းဆိုင်းမှာ ပြတင်းပေါက်ဘေး ညစာစားပွဲပေါ်က ဖယောင်းတိုင်မီးရောင်တွေ အလင်းပြန်နေသည်။
လိုက်လျောမလား … ငြင်းဆန်မလား … ။ သူက သူမရဲ့ လက်တွေကိုပဲ ချုပ်ထားတာပါ။ သူမ တစ်ခုခု ပြောလိုက်ရင် သူ ဘာလုပ်မှာလဲ …။
ဘွဲ့ရပြီးနောက်ပိုင်းမှသာ ဒီလို ကိစ္စတွေ လုပ်တာ ပိုကောင်းတယ်လို့ အမြဲတမ်း ခံယူထားသော ကျန်းပေါင်သည် ထိုအကြောင်းကို မတွေးချင်သည့်အပြင် နည်းနည်းလေးတောင် ကြောက်မိသည်။ ဒါပေမဲ့ ဖူမင်ရှစ်က ဘွဲ့ရပြီးတဲ့အပြင် အသက် သုံးဆယ်တောင် ပြည့်ပါတော့မည်။ အရင်တုန်းက သူတို့ နမ်းခဲ့တဲ့ အနမ်းတွေမှာ ဖူမင်ရှစ်ရဲ့ ထိန်းချုပ်မှု ၊ စောင့်ထိန်းမှုကို သူမ သတိထားမိသည်။
ကျန်းပေါင်က ခဏလောက် ရုန်းကန်နေပြီးနောက် မျက်လုံးမှိတ်ထားလိုက်တော့သည်။ သူ တကယ် ဆန္ဒရှိလျှင်လည်း ခွင့်ပြုပေးလိုက်တော့မည်။
ဖူမင်ရှစ်ဟာ အမှန်တကယ် ဆန္ဒပြင်းပြနေခဲ့တာ ဖြစ်သည်။ သူ့မေးစေ့က သူမ ဝတ်ထားတဲ့ ဂါဝန်ရဲ့ လည်အဟိုက်လေးကို ထိတွေ့ပွတ်တိုက်သွားသည်။ သူက ထိုနေရာကို ဖွဖွလေး နမ်းရှိုက်လိုက်ပြီး ကျန်းပေါင်ရဲ့ တုံ့ပြန်မှုအပေါ် မူတည်၍ ရှေ့ဆက်တိုးသင့် ၊ မတိုးသင့် ဆုံးဖြတ်ဖို့ သူမကို တိတ်တိတ်လေး မော့ကြည့်လိုက်သည်။
ရိုမန့်တစ်ဆန်သော ဖယောင်းတိုင်မီးရောင် ဝါဖျော့ဖျော့အောက်မှာ ကျန်းပေါင်က အန္တရာယ်ကြီးတစ်ခုကို ရင်ဆိုင်နေရသကဲ့သိုဘ သူမရဲ့ မျက်လုံးတွေကို စေ့ပိတ်ထားပေမဲ့ ရုန်းကန်တာမျိုး မရှိဘဲ သူ ရှေ့ဆက်တိုးအောင် အသံတိတ် ခွင့်ပြုပေးထားခဲ့သည်။
ဖူမင်ရှစ်ရဲ့ ခန္ဓာကိုယ်ထဲမှာ အပူချိန်တွေ တရိပ်ရိပ် တိုးလာသည်။ သူက ဆိုဖာကို လက်တစ်ဖက်နှင့် ထောက်ထားပြီး သူ့ရှပ်အင်္ကျီ ကြယ်သီးတွေကို ကျန်လက်တစ်ဖက်နှင့် အကြမ်းပတမ်း ဆွဲဖြုတ်လိုက်သည်။ သူ့ရင်ဘတ်မှာ တင်းကြပ်မှု လျော့သွားသောအခါ ဖူမင်ရှစ်က ကျန်းပေါင်ကို နောက်ဆုံးတစ်ခေါက် ကြည့်လိုက်သည်။
သူ့လည်ဇလုပ်က နိမ့်ချည်မြင့်ချည် လှုပ်ရှားသွားကာ ခက်ခက်ခဲခဲ တံထွေးမျိုချ၍ ကျန်းပေါင်ရဲ့ ကျောကုန်းအောက်ကို လက်လျိုသွင်းပြီး ဂါဝန်ရဲ့ ဇစ်ကို စမ်းတဝါးဝါး လိုက်ရှာနေခဲ့သည်။ သိသာထင်ရှားသော သူ့ရည်ရွယ်ချက်တွေကြောင့် ကျန်းပေါင် တုန်လှုပ်သွားတာကို မထိန်းချုပ်နိုင်ပါ။ ဒီခံစားချက်က စိတ်လှုပ်ရှားမှုကြောင့်လား ၊ ကြောက်ရွံ့မှုကြောင့်လား ဆိုတာ မသိပါ။ သူမက တဖြည်းဖြည်း ပိုပြီး တုန်လှုပ်လာသည်။
ဖူမင်ရှစ်သည် သူ့အောက်မှာ ခန္ဓာကိုယ်လေး တဆတ်ဆတ် တုန်ယင်နေတဲ့ သူ့သတို့သမီးလောင်းလေးကို ကြည့်ကာ သူ့လှုပ်ရှားမှုတွေ တဖြည်းဖြည်း နှေးသွား၏။
အသက် နှစ်ဆယ်ပဲ ရှိသေးတဲ့ သူမဟာ သိပ်ကို ငယ်လွန်းသေးသည်။ မိတ်ကပ်တွေ ဘာတွေ လိမ်းပြီး လှချင်စိတ်လည်း မရှိဘဲ အားလပ်ချိန်တွေကို စာကြည့်တိုက်ထဲမှာ စာလုပ်ရင်း သို့မဟုတ် စာမေးပွဲအတွက် မေးခွန်းတွေ လေ့ကျင့်ရင်း ကုန်ဆုံးနေတတ်သည်။ သူမမှာ အဆင့်ကောင်းကောင်းရခြင်းကသာ အရေးကြီးဆုံး အရာ ဆိုတဲ့ ကျောင်းသားစိတ်ဓာတ်မျိုး ရှိနေဆဲပင်။
သူမ တကယ် အဆင်သင့်ဖြစ်နေတာလား ၊ သူ့အလိုကို လိုက်လျောဖို့ ကြိုးစားနေတာလား … ။
“ တောင်းပန်ပါတယ်။ ကိုယ် ဒီည အများကြီး သောက်မိသွားတယ်။ ” ဖူမင်ရှစ်က ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ကာ သူမရဲ့ ရှက်ရွံ့နေသော မျက်နှာရဲရဲလေးကို နမ်းရင်း တစ်ချိန်တည်းမှာပဲ ဂါဝန်လေးကို ဇစ်ပြန်တပ်ပေးလိုက်သည်။
ကျန်းပေါင် ဇဝေဇဝါ ဖြစ်သွားရသည်။
ဖူမင်ရှစ်က ပြုံးပြီး သူမရဲ့ နှာခေါင်းထိပ်လေးကို နမ်းတယ် ဆိုရုံလေး ဖျတ်ခနဲ နမ်းလိုက်သည်။ “ ကိုယ့်နောက်ကို လိုက်ခဲ့။ ကိုယ် မင်းအတွက် ပြင်ထားတဲ့ ခရစ္စမတ်လက်ဆောင် ပေးမယ်။ ”
ကျန်းပေါင်တစ်ယောက် ပိုလို့တောင် ဇဝေဇဝါဖြစ်လာချိန်မှာ ဖူမင်ရှစ်က သူမကို သူ့ရင်ခွင်ထဲသို့ ပွေ့ချီသွားသည်။ သူမရဲ့ ဝါဂွမ်းဖိနပ်လေးတွေကတော့ ကျွတ်ကျကျန်ခဲ့ပြီ။
သူက လှေကား သုံးထပ်ကို ဖျတ်လတ်သွက်လက်စွာ တက်ပြီး ကျန်းပေါင်ကို သူမရဲ့ အခန်းထဲ ပွေ့ချီလာကာ ပန်းရောင်ဖျော့ဖျော့ အိပ်ရာခင်းတွေ ခင်းထားသော အိပ်ရာကြီးပေါ်သို့ သူမကို ညင်သာစွာ ချပေးလိုက်သည်။ သူမကို ခဏလောက် နမ်းရှိုက်ပြီးနောက် သူ့အခန်းကို ပြန်သွားကာ လက်ဆောင်သွားယူလိုက်သည်။
သူ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ကျန်းပေါင်က ချက်ချင်း ထထိုင်ပြီး သူမရဲ့ ရင်ဘတ်ကို ငုံ့ကြည့်မိသည်။ အသည်းပုံ ပုံသဏ္ဍာန် လည်အဟိုက်ရဲ့ အပေါ်ပိုင်းမှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အနီကွက် ဖျော့ဖျော့လေး ရှိနေ၏။ ထိုနေရာက သူ အကြာဆုံး နမ်းရှိုက်သွားခဲ့သော နေရာ ဖြစ်သည်။
ထိုအချိန်မှာပဲ တံခါးခေါက်သံ ထွက်ပေါ်လာသောကြောင့် ကျန်းပေါင်က လည်အဟိုက်ကို အမြန် ဆွဲတင်လိုက်သည်။ သူမ တံခါးသွားဖွင့်ပေးဖို့ လုပ်နေပေမဲ့ လှပစွာ ထုပ်ပိုးထားသော ခပ်ကြီးကြီး လက်ဆောင်ဘူးပြားလေးကို ဆုပ်ကိုင်ထားတဲ့ ဖူမင်ရှစ်က သူ့ဘာသာ ဖွင့်ဝင်လာခဲ့သည်။
“ ဆောင်းရာသီ ကျောင်းပိတ်ရက်ကျရင် ရေပူစမ်းမှာ ရေသွားစိမ်ရအောင်။ ” သူက လက်ဆောင်ကို ကမ်းပေးရင်း သူမရဲ့ မျက်လုံးတွေထဲကို စိုက်ကြည့်ကာ ထိုသို့ ပြောသည်။ “ စိတ်မပူပါနဲ့။ ဘာဆို ဘာမှ မလုပ်ဘဲနဲ့ အဖြူစင်ဆုံး ရေပူစမ်းစိမ်တဲ့ အတွေ့အကြုံ ဖြစ်မှာပါ။ ” သူမနှင့်အတူ ခရီးထွက်ပြီး သေးငယ်သည်ဖြစ်စေ ၊ ကြီးမားသည်ဖြစ်စေ ၊ ရိုးရှင်းသည်ဖြစ်စေ ၊ ထူးခြားသည်ဖြစ်စေ သူမ အရင်တုန်းက မလုပ်ဖူးတာတွေကို လုပ်ချင်သည်။
ကျန်းပေါင်က လက်ဆောင်ဘူးလေးကို လက်ခံယူလိုက်ပြီး ခဏလောက် တုံ့ဆိုင်းနေပြီးမှ ဆတ်ခနဲ ခေါင်းညိတ်လိုက်သည်။ သူ ခုနတုန်းက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ခဲ့တာမို့ ရေပူစမ်းမှာ ရေစိမ်ခြင်းကလည်း လုံခြုံလောက်ပါသည်။
“ စောစော အိပ်ရာဝင်နော်။ ” ဖူမင်ရှစ်က သူမနှင့် မခွဲချင်သေးသော်လည်း ခန္ဓာကိုယ်ကို ငုံ့ကိုင်းပြီး သူမကို ဂွတ်နိုက်အနမ်းလေး ပေးလိုက်သည်။
ကျန်းပေါင်က သူ့ကို တံခါးဝအထိ လိုက်ပို့ပေးပြီးနောက် ပုံမှန် ညအိပ်ဝတ်စုံကို လဲဝတ်ကာ လက်ဆောင်ဘူးလေးကို စိတ်ဝင်တစား ဖွင့်ကြည့်လိုက်သည်။ အဝတ်အစားနှင့် တူသော်လည်း နွေရာသီမှာ ဝတ်ရတဲ့ အဝတ်အစား ဖြစ်ပုံပေါ်သည်။ သူမက နားမလည်နိုင်စွာ စိုက်ကြည့်နေပြီးမှ ထိုအဝတ်အစားဟာ ပန်းပွင့်ပုံလေးတွေ ပါသော အပေါ်အောက် ရေကူးဝတ်စုံ အဖြူရောင်လေး ဖြစ်ကြောင်း နားလည်သွားလေသည်။ သူမ ရုပ်ရှင်ထဲမှာ တွေ့ဖူးသော ရေကူးဝတ်စုံတွေနှင့် ယှဉ်လျှင် အတော်အသင့် လုံခြုံပေမဲ့ ဘယ်လောက်ပဲ လုံခြုံပါစေ ၊ ရေကူးဝတ်စုံ ဖြစ်နေတုန်းပါပဲ။
ကျန်းပေါင်ရဲ့ မျက်နှာက နွေးတစ်လှည့် ၊ အေးတစ်လှည့် ဖြစ်သွားသည်။ ဖူမင်ရှစ်က သူမရဲ့ ရေကူးဝတ်စုံအထိ အမြော်အမြင်ရှိရှိ ပြင်ဆင်ပေးနေတာ ဆိုတော့ သူမအတွက် အရမ်း လိုက်စဉ်းစားပေးနေတာ မဟုတ်ဘူးလား … ။
~
နှစ်သစ်ကူးပြီးနောက် မြို့တော်ရှိ တက္ကသိုလ်အသီးသီးမှာ နောက်ဆုံးစာမေးပွဲတွေကို စတင်ခဲ့သည်။ ကျန်းပေါင်က စာမေးပွဲကျမှာကို စိတ်မပူသော်လည်း စကောလားရှစ် လိုချင်သောကြောင့် နေ့တိုင်း သူမရဲ့ အခန်းဖော်တွေနှင့်အတူ ဟောခန်းထဲမှာ စာလုပ်နေခဲ့သည်။ ဖူမင်ရှစ်တောင်မှ ဒီရက်ပိုင်း သူမနှင့် တွေ့ဖို့ A တက္ကသိုလ်ကို ရောက်မလာပေ။
နောက်ဆုံးစာမေးပွဲ ဖြေဆိုပြီးသည့် အခိုက်အတန့်မှာပဲ ကျန်းပေါင်ရဲ့ ဖုန်းထဲကို မင်ကျစ်နျဉ်က စနေနေ့ မနက် ( ၁၁ ) နာရီမှာ နည်းပညာဌာန အဖွဲ့ဝင်တွေအားလုံးကို အတူတူ စားသောက်ရန် ဖိတ်ခေါ်ထားတဲ့ မက်ဆေ့ခ်ျလေး ဝင်လာခဲ့သည်။ အဖွဲ့လိုက် လှုပ်ရှားမှု ဖြစ်နေတဲ့အတွက် ကျန်းပေါင်လည်း မငြင်းနိုင်တော့ဘဲ စားသောက်ဆိုင်ကို ချိန်းဆိုထားတဲ့အတိုင်း ရောက်အောင် သွားခဲ့သည်။
တချို့က ကျောင်းပိတ်ရက်အတွက် အိမ်ပြန်သွားကြပြီ ဖြစ်ပြီး တတိယနှစ်နှင့် စတုတ္ထနှစ် စီနီယာတွေကတော့ ပုံမှန်အားဖြင့် နည်းပညာအထောက်အပံ့တွေသာ ပေးပြီး အဖွဲ့လိုက် လှုပ်ရှားမှုတွေမှာ ပါဝင်ခဲသည်။ ထို့ကြောင့် ကျန်းပေါင် အပါအဝင် လူ ( ၆ ) ခြောက်ယောက်သာ ရှိ၏။ ကျန်းပေါင်က စီနီယာ ကျောင်းသူတစ်ယောက်ဘေးမှာ ထိုင်ခဲ့သည်။
“ ဒါကို ကျွန်တော့်အတွက် ကျွန်တော် လုပ်ပေးတဲ့ နှုတ်ဆက်ပွဲလို့ သတ်မှတ်လို့ ရပါတယ်။ ” လူစုံ ရောက်လာသည်နှင့် တစ်ပြိုင်နက် မင်ကျစ်နျဉ်က ဝိုင်ဖန်ခွက်ကလေးကို ကိုင်လျက် မတ်တပ်ရပ်လိုက်ပြီး အဖွဲ့ဝင် တစ်ယောက်ချင်းစီတိုင်းကို အပြုံးလေးဖြင့် ကြည့်ခဲ့သည်။ ကျန်းပေါင်ရဲ့ မျက်နှာပေါ်ကို သူ့အကြည့် ရောက်လာပေမဲ့ မပြောင်းလဲသော အပြုံးဖြင့် ဆက်ပြောသည်။ “ နိုင်ငံခြားမှာ စာသင်ဖို့အတွက် လိုအပ်တာတွေ အကုန်လုံးကို ကျွန်တော် စီစဉ်ပြီးပါပြီ။ နှစ်သစ်ကူးတာနဲ့ ကျွန်တော် အဲ့ဒီမှာ စတင်တက်ရောက်တော့မှာပါ။ ”
ကျန်းပေါင် ထိတ်လန့်သွားသည်။ မင်ကျစ်နျဉ်က နိုင်ငံခြားမှာ စာသွားသင်တော့မှာတဲ့လား … ။ ဖန့်ရွယ်ရော ဒီအကြောင်းကို သိပြီးပြီလား … ။
“ ကျွန်တော် A တက္ကသိုလ်မှာ တက်ခဲ့တဲ့ တစ်နှစ်ခွဲ ဆိုတဲ့ အချိန်အတွင်း လူတွေ အများကြီးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါပေမဲ့ အဖော်ရွေဆုံး လူတွေကတော့ နည်းပညာဌာနက စိတ်တူကိုယ်တူရှိတဲ့ ခင်ဗျားတို့ပါပဲ။ တစ်နေ့မှာ ကျွန်တော်တို့ အတူတူ ပြန်လည်ဆုံစည်းနိုင်တဲ့ အခွင့်အရေးရအောင်လို့ အားလုံးနဲ့ အဆက်အသွယ်မပြတ်ဖို့ မျှော်လင့်ပါတယ်။ ” သူက နှုတ်ဆက်စကားကို အပြုံးလေးဖြင့် အဆုံးသတ်ကာ ဖန်ခွက်ကို မြှောက်လိုက်သည်။
ကျန်းပေါင်က သူမရဲ့ ဖန်ခွက်လေးကို မြှောက်ကာ တခြားလူတွေ ဖန်ခွက်ချင်း ထိတိုက်တာကို စောင့်ပြီးမှ မင်ကျစ်နျဉ်ရဲ့ ဖန်ခွက်နှင့် ညင်သာစွာ ထိတိုက်လိုက်သည်။ နှုတ်ဆက်ပွဲ ဖြစ်သော်လည်း အခြေအနေကို သက်ဝင်လှုပ်ရှားအောင် လုပ်တဲ့ နေရာမှာ အလွန် ကျွမ်းကျင်သော မင်ကျစ်နျဉ်ကြောင့် တစ်ချိန်လုံးနီးပါး ရယ်သံတွေကြား အချိန်ကုန်ဆုံးခဲ့ရသည်။
ပြန်ရမယ့် အချိန်ရောက်တော့ မင်ကျစ်နျဉ်ကကျ န်းပေါင်အား “ ငါတို့က မွေးရပ်မြေ တစ်မြေတည်းက လူတွေပဲ ကျန်းပေါင်။ ငါ မင်းကို ပြန်လိုက်ပို့ပေးလို့ ရမလား။ ” ဟု တရင်းတနှီး ပြောလာခဲ့သည်။ အတန်းဖော်ဟောင်းတွေ ဖြစ်သလို ဒီခွဲခွာမှုအပြီး ဘယ်အချိန်ကျမှ တစ်ယောက်နှင့် တစ်ယောက် ပြန်တွေ့ရမှာလဲ ဆိုတာ မသိ၍ ကျန်းပေါင် ခေါင်းညိတ်လိုက်သည်။
အပြန်လမ်းမှာ နို့လက်ဖက်ရည်ဆိုင် တစ်ဆိုင်ရှေ့က ဖြတ်တော့ မင်ကျစ်နျဉ်က နို့လက်ဖက်ရည် နှစ်ခွက် ဝယ်ယူကာ မိန်းကလေးအဆောင်ဆီ စကားတပြောပြောနှင့် လျှောက်လာခဲ့ကြသည်။ ( ၅ ) မိနစ် ဆိုတဲ့ အချိန်သာ အထက်တန်းတုန်းက အမှတ်တရတွေအကြောင်း ၊ တက္ကသိုလ်ကျောင်းသားဘဝအကြောင်း ပြောရင်း လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
ကျန်းပေါင်က စက်ဘီးပါကင်အပြင်ဘက်မှာ ရပ်ပြီး မင်ကျစ်နျဉ်ရဲ့ အပြုံးမျက်နှာကို လှည့်ကြည့်မိသည်။ အလယ်တန်းအောင်ပြီး အထက်တန်း စတက်တုန်းကလို မထင်ရှားတဲ့ ခွဲခွာရခြင်း ဝမ်းနည်းမှု တစ်မျိုးက ကျန်းပေါင်ရဲ့ နှလုံးသားထဲမှာ ရုတ်တရက် လှိုက်တက်လာ၏။
သူမက ခဏလောက် တိတ်ဆိတ်နေပြီးမှ “ နင့်ရဲ့ နိုင်ငံခြား ပညာရေးခရီးစဉ်မှာ အစစ အရာရာ အကောင်းဆုံး လုပ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ” ဟု နေရောင်ခြည်ထက် တောက်ပသော အပြုံးလေးဖြင့် ပြောလိုက်သည်။
မင်ကျစ်နျဉ် သူမကို အကြည့်မလွှဲနိုင်ပါ။ အထက်တန်းကျောင်းက လူတွေထဲမှာ ကျန်းပေါင်တစ်ယောက်တည်းကိုပဲ စွဲစွဲမြဲမြဲ ၊ မှတ်မှတ်ထင်ထင်ရှိခဲ့သည်။ တက္ကသိုလ်မှာ ပထမဆုံး ရင်ခုန်မိတဲ့ မိန်းကလေးကလည်း သူမပါပဲ။သူမ ပြုံးနေကျ တောက်ပသော အပြုံးလေးကို မြင်ချိန်မှာ ဆန္ဒတစ်ခုက မင်ကျစ်နျဉ်ကို ရုတ်တရက် အနိုင်ယူသွားသည်။
သူက ကျန်းပေါင်ရဲ့ အရွယ်ရောက် မှတ်ဉာဏ်ထဲမှာ အလှပဆုံး အမှတ်တရ မဟုတ်ခဲ့သော်လည်း သူမကတော့ သူ့ရဲ့ တက္ကသိုလ်ကျောင်းသားဘဝမှာ အတောက်ပဆုံး အရောင်လေး ဖြစ်ခဲ့ပါသည်။
“ မင်း အဲ့ဒီနှစ်တုန်းကသာ ကျောင်းမထွက်ခဲ့ရင် ငါ မင်းကို လိုက်ဖြစ်မယ် ထင်တယ် ကျန်းပေါင်။ ” မင်ကျစ်နျဉ်က ကျန်းပေါင်ကို ကြည့်ရင်း ပြုံးလိုက်သည်။ သူ့အပြုံးက ပွင့်လင်းသည် ၊ နောင်တတွေနှင့် မှုန်မှိုင်းနေသည် ၊ ထို့နောက် အလျင်အမြန်ပဲ ပြန်လည်တည်ငြိမ်သွားသည်။
အံ့ဩမှုကြောင့် ကျန်းပေါင် ပါးစပ်အဟောင်းသား ဖြစ်နေဆဲမှာ မင်ကျစ်နျဉ်က အိတ်ကပ်ထဲကို လက်ထည့်၍ ရိုးသားပွင့်လင်းစွာ စကားဆက်သည်။ “ ဒါပေမဲ့ ငါ ဖူမင်ရှစ်ကို ရှုံးသွားတာကိုတော့ အပြည့်အဝ လက်ခံပါတယ်။ မင်းတို့နှစ်ယောက် အမြဲ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ”
ကျန်းပေါင်သည် ဘာပြောလို့ ပြောရမှန်း ၊ ဘယ်လို တုံ့ပြန်လို့ တုံ့ပြန်ရမှန်းမသိ ဖြစ်နေ၏။ ဖူမင်ရှစ်က သူမကို ဖွင့်မပြောခင်ကတည်းက နမ်းခဲ့တာမို့ သူ ဖွင့်ပြောလာမည့် နေ့အတွက် စိတ်ကို ကြိုတင်ပြင်ဆင်ချိန် ရခဲ့သည်။ ဒါပေမဲ့ မင်ကျစ်နျဉ်ရဲ့ ဖွင့်ပြောခြင်းမှာတော့ လုံးဝ အငိုက်မိကာ အံ့ဩဆွံအသွားမိလေသည်။
***