← Chapters

အခန်း ၄၁

Vol. 5 Ch. 41

အခန်း ၄၁

Vol. 5 Ch. 41

အပိုင်း ( ၄၁ )

အနမ်းတို့ ရှေ့ဆက်လာခြင်းနှင့်အတူ ဖူမင်ရှစ်က သူမကို အုပ်မိုးကာ ဆိုဖာပေါ်သို့ ဖြည်းဖြည်းချင်း တွန်းလှဲချလိုက်သည်။ တစ်ဆက်တည်းမှာပဲ တီဗီရီမုတ်ကို လှမ်းယူကာ ကြည့်ဖို့ မသင့်တော်တော့တဲ့ ရုပ်ရှင်ကို ပိတ်သည်။ အဲ့ဒီနောက် ကျန်းပေါင်ကို သူတို့ရဲ့ “ ရင်ခုန်လှိုက်မောဖွယ် ကိုယ်ပိုင် ဇာတ်ဝင်ခန်း ” ထဲသို့ ခေါ်ဆောင်သွားခဲ့လေသည်။ သူမရဲ့ အဝတ်အစားတွေကို ချွတ်ဖို့ ကြိုးစားခြင်း မဟုတ်ဘဲ သူ့ရဲ့ ယောက်ျားပီသ တောင့်တင်းသော ခန္ဓာကိုယ်ကို သူ့သတို့သမီးလောင်းလေးအား နောက်တစ်ကြိမ် ထပ်မံပြသခြင်း ဖြစ်သည်။

ကျန်းပေါင်ကတော့ မြို့ဂိတ်တံခါးအပြင်ဘက်မှာ ရန်သူစစ်တပ်တွေ ပတ်လည်ဝိုင်းခံထားရသကဲ့သို့ ကြောက်လန့်သွားသည်။ ဖူမင်ရှစ်က ပထမဆုံးအကြိမ်အနေနဲ့ အရမ်းကို အရှက်မဲ့လွန်းတယ် … ။ သူမက ဆိုဖာထဲကို တိုးဝင်ဖို့ အစွမ်းကုန် ကြိုးစားလိုက်သည်။

ဖူမင်ရှစ်ကလည်း သူမနှင့်အတူ လိုက်လှုပ်ရှားနေသည်။ ကျန်းပေါင်က သူ ဇွတ်အတင်း ရှေ့ဆက်တိုးမှာကို စိုးရိမ်နေတုန်းမှာပဲ ဖူမင်ရှစ်က သူမရဲ့ လည်ပင်းနားက မခွာချင် ခွာချင်နှင့် ခွာကာ ဘယ်ဘက် နားရွက်နားကို ကပ်၍ “ မင်း ဘာလို့ နှာခေါင်းသွေးလျှံတာလဲ။ ” ဟု မေးသည်။ ရေလှိုင်းထဲက ဖြတ်သန်းလာတယ်လို့ ထင်မှတ်ရတဲ့ သူ့အသံက စွဲမက်ဖွယ် သံလိုက်ဓာတ်တစ်မျိုးနှင့် တိုးလျဩရှနေသည်။

သူက အဲ့ဒီ ရှက်စရာကောင်းတဲ့ အဖြစ်အပျက်အကြောင်း ထပ်ပြောနေပြန်ပါပြီ။ ကျန်းပေါင်က အငွေ့ပျံ ပျောက်ကွယ်သွားချင်သော စိတ်ဖြင့် မျက်နှာကို လက်နှင့် အုပ်လိုက်မိသည်။

ဖူမင်ရှစ်က ပြုံးပြီး သူမရဲ့ လက်ဖမိုးလေးကို နမ်းရှိုက်လိုက်သည်။ “ မင်းက အားကစားသမားတွေရဲ့ ခန္ဓာကိုယ်ကိုတောင် ကြည့်ရဲရက်သားနဲ့ ကိုယ့်ကို မကြည့်ရဲတာလဲ။ ”

“ အဲ့လို မပြောနဲ့ … ” ကျန်းပေါင်သည် ဖူမင်ရှစ်ကို သိသိရက်နှင့် မေးခွင့်မပေးဘဲ သူ့ပါးစပ်ကို လက်နှင့် အုပ်လိုက်၏။ ဖူမင်ရှစ်က သူမရဲ့ လက်ကို ဆုပ်ကိုင်ပြီး လက်ချောင်း တစ်ချောင်းချင်းစီကို နမ်းရှိုက်ခဲ့သည်။ အဆုံးမရှိတဲ့ ကွန်ယက်တစ်ခုလို မျက်ဝန်းနက်နက်တွေကတော့ သူမကို ရှောင်ရှားခွင့် မပေးဘဲ စက္ကန့်မလပ် စိုက်ကြည့်နေသည်။

ကျန်းပေါင် ဆွံ့အနေမိသည်။ သူမကို တွန်းလှဲအုပ်မိုးထားတဲ့ ဒီအမျိုးသားဟာ သူမ မြင်ဖူးသမျှ ရုပ်ချောတဲ့ နာမည်ကြီး အနုပညာရှင်အားလုံးထက် ပိုချောပါသည်။

ထိုအချိန်မှာပဲ ဖူမင်ရှစ်က သူမကို ရုတ်တရက် လွှတ်ပေးလိုက်ကာ “ ရေကူးဝတ်စုံ သွားလဲတော့။ ငါ မင်းကို ဘယ်လို ရေကူးရမလဲ ဆိုတာ သင်ပေးမယ်။ ” ဟု ပြောပြီး သူ့အခန်းထဲကို ဝင်သွားသောအခါ ကျန်းပေါင် တစ်ယောက်တည်းပဲ ကြောင်တောင်တောင်လေး ဖြစ်ပြီး ကျန်ခဲ့သည်။

သူမကို ရေကူး အားကစားသမားနှင့် စနောက်ခဲ့တဲ့ အကြောင်းကို ပြန်သတိရတော့ ကိုယ့်မျက်နှာကိုယ် လက်နှင့် ထိတွေ့ကြည့်ရင်း နာခံစွာပဲ ရေကူးဝတ်စုံ သွားလဲဝတ်လိုက်သည်။ သူမ ရေကူးဝတ်စုံ ဝတ်ထားတာကို ဖူမင်ရှစ် မြင်ဖူးသလို သူ ရေကူးဝတ်စုံ ဝတ်ထားဝာာကိုလည်း သူမ မြင်ဖူးတာမို့ ဖုံးကွယ်ထားစရာ မလိုတော့ပါ။ ဒီနေရာမှာ ရေပူစမ်း ရေကူးကန် ရှိတာ ရှားတာမို့ နှမြောစရာကောင်းစွာ လက်လျှော့မည့်အစား ဖူမင်ရှစ်ရဲ့ ရည်ရွယ်ချက်ကောင်းတွေကို လက်ခံပြီး အပန်းဖြေခရီးကို နှစ်ယောက်အတူ ပျော်ချင်သည်။

ကျန်းပေါင်အဖို့ ရေမိုးချိုး ၊ ရေကူးဝတ်စုံ လဲဝတ်ပြီးနောက် ရေပူစမ်းအခန်းထဲကို ရေချိုးဝတ်ရုံ ပတ်လျက် ထွက်လာနိုင်ရန် ဆယ့်ငါးမိနစ် အချိန်ယူလိုက်ရသည်။ ဖူမင်ရှစ်ကတော့ မရောက်သေးပါ။ ကျန်းပေါင်က ရေထဲကို အရင် ဆင်းကာ အစွန်းနားလေးမှာပဲ ရေစိမ်နေလိုက်သည်။ ငါးမိနစ်လောက် ကြာတော့ ဖူမင်ရှစ်ရဲ့ ခြေသံတွေကို ကြားလိုက်ရသည်။

ကျန်းပေါင်ရဲ့ ခန္ဓာကိုယ်လေးက ရေထဲကို ပိုမြုပ်သွားသည်။ သူမ ခေါင်းလေးကို လှည့်ကြည့်လိုက်တော့ ရေကူးဘောင်းဘီတိုကိုသာ ဝတ်လျက် လျှောက်လာတဲ့ ဖူမင်ရှစ်ကို မြင်လိုက်ရသည်။ ပခုံးကျယ်ကျယ် ၊ ခါးသွယ်သွယ် ၊ ခြေတံရှည်ရှည်နှင့် သူ့အသားအရေကတော့ ပုံမှန်ထက် နည်းနည်းလေး ပိုနီနေပြီး ခန္ဓာကိုယ်တစ်ခုလုံး ဆွဲဆောင်မှုအပြည့်ပင်။

ကျန်းပေါင် အကြည့်လွှဲလိုက်သည်။

ဖူမင်ရှစ်က သူမဘေးက ရေထဲကို ဆင်းလာပြီး ပရော်ဖက်ရှင်နယ်နယ် ရေကူးသင်ပေးခဲ့သည်။ သူတို့ရဲ့ ခန္ဓာကိုယ်ချင်း ထိကပ်သွားချိန်မှာ ပူနွေးသော ရေပူစမ်းရေနှင့်အတူ မီးပွင့်လေးတွေ ဖြာထွက်သွားသလို ခံစားရသည်။ ဆယ်မိနစ်ကျော် ရေစိမ်ပြီးနောက်မှာတော့ ဖူမင်ရှစ်က ကျန်းပေါင်ကို ရေထဲကနေ ခေါ်ထုတ်ကာ နီးစပ်ရာ နားနေခန်းထဲ ခေါ်သွားပြီး သူမကို ဆိုဖာပေါ်မှာ ဖိချ၍ ပြင်းပြသော အနမ်းများဖြင့် နမ်းရှိုက်ခဲ့သည်။

ကျန်းပေါင်သည် တစ်နာရီအကြာမှာ သူမရဲ့ အခန်းထဲကို မျက်နှာရဲရဲလေးနှင့် ပြန်ပြေးလာပြီး မှန်ရှေ့မှာ ရပ်၍ ကိုယ့်ကိုယ်ကိုယ် စစ်ဆေးကြည့်လိုက်သည်။ သူမရဲ့ ညှပ်ရိုးတွေ ၊ ပခုံး ၊ လက်မောင်း ၊ ပေါင် ၊ ခြေသလုံး ၊ ခြေဖမိုးတွေပါမကျန် နေရာတိုင်းမှာ ဖူမင်ရှစ် ပေးထားတဲ့ အမှတ်အသားတွေ ပြည့်နှက်နေ၏။

လက်တွေ့ကျကျ ပြောရလျှင် ထိုအမျိုးသားဟာ သူမကို လိုင်ချီးသီး တစ်လုံးလို သဘောထားကာ ထပ်ခါတလဲလဲ အရသာခံခဲ့ခြင်း ဖြစ်လေသည်။

ဖူမင်ရှစ်ရဲ့ မျက်ဝန်းနက်နက်တွေနှင့်အတူ ချွေးစိုနေသော ရင်ဘတ်ပုံရိပ်က စိတ်ထဲကို ဝင်ရောက်လာသောအခါ ကျန်းပေါင်တစ်ယောက် အမြန် အခန်းမီးပိတ်ပြီး စောင်ထဲ ဝင်ပုန်းနေလိုက်သည်။ စွဲမက်စရာကောင်းသော ပုံရိပ်တွေကို ခေါင်းထဲက ခါထုတ်ဖို့ ကြိုးစားနေပေမဲ့ တဖြည်းဖြည်း အချိန်ကုန်လာသည်နှင့်အမျှ အိပ်ပျော်ဖို့သာ ပိုဝေးလာတာပဲ အဖတ်တင်သည်။ မေ့ပစ်ဖို့ ကြိုးစားလေ ၊ အာရုံထဲ ပို၍ တိုးနစ်ဝင်လေ ဖြစ်တဲ့ ဖူမင်ရှစ်ရဲ့ ဆွဲဆောင်မှုက သူ့ပိုက်ဆံထက်တောင် တွန်းလှန်ရန် ခက်ခဲသည်။

ကျန်းပေါင်သည် ကြံရာမရတဲ့အဆုံး စောင်ကို ဖယ်ခွာကာ အိပ်ရာဘေးစားပွဲပေါ်က ရေခွက်ကို လှမ်းယူပြီး ရေခွက် တစ်ဝက်ကျော်ကို တစ်ထိုင်တည်း မော့သောက်ပစ်လိုက်တော့သည်။

~

ဖူမင်ရှစ်သည် ကျန်းပေါင်ကို မလွှတ်ချင်သော်လည်း အလုပ်တွေ ပြည့်နေတဲ့ သူ့အချိန်ဇယားကြောင့် သူမကို အခုတလော သိပ်အချိန်ပေးနိုင်မှာ မဟုတ်ပါ။ ဆောင်းရာသီ ကျောင်းပိတ်ရက် ငါးရက်မြောက်နေ့မှာ ဖူမင်ရှစ်က ကျန်းပေါင်ကို လေဆိပ်သို့ လိုက်ပို့ပေးခဲ့သည်။

“ မင်း အဲ့ဒီကို ရောက်တာနဲ့ ဖုန်းဆက်နော်။ ” သူက ကျန်းပေါင်ရဲ့ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး လွှတ်ပေးဖို့ တွန့်ဆုတ်နေသည်။

ကျန်းပေါင်လည်း ခွဲခွာခါနီးဆဲဆဲမှာ သူနှင့် ခွဲခွာဖို့ နောက်ဆံငင်မိပေမဲ့ လေယာဉ်ထွက်ချိန် ရောက်လာခဲ့သည်။ သူမကို လာကြိုတုန်းက C မြို့တော်ကနေ ခေါ်လာတဲ့ ဒီကိုယ်ပိုင်လေယာဉ်ပေါ်ကနေ ဖူမင်ရှစ် ဆင်းသွားတာကို ကြည့်ရင်းသာ ကျန်ခဲ့ရသည်။

ခဏလောက် လှုပ်ခတ်သွားပြီးနောက် လေယာဉ်က စတင် ပျံသန်းထွက်ခွာလာခဲ့သည်။ ကျန်းပေါင်က ပြတင်းပေါက်နားကို ကပ်ကာ နောက်ကြောင်းပြန်လှည့် ကြည့်မိသော်လည်း ရင်းနှီးနေတဲ့ ပုံရိပ်လေးကို မမြင်နိုင်တော့ပေ။

နောက်တစ်နေ့ ရောက်တော့‌ ဟော်စတွန်လေဆိပ်မှာ လေယာဉ်ဆိုက်ကပ်ခဲ့သည်။ ထိုနေရာမှာ နေရောင်ခြည် တောက်ပနေပြီး အပူချိန်ကလည်း ကျန်းပေါင်ရဲ့ မွေးရပ်မြေနှင့် တူသည်။ အဘိုးဖူက ကျန်းပေါင်ကို လာကြိုဖို့အတွက် သူမကို မှတ်မိတဲ့ အိမ်တော်ထိန်းတစ်ယောက်ကို လွှတ်ထားသည်။

“ ကျန်းပေါင်လား။ ”

နိုင်ငံခြားသားတွေ ပြည့်နှက်နေသော လေဆိပ်အလယ်မှာ တစ်စုံတစ်ယောက်က သူမရဲ့ နာမည်ကို တရုတ်စကားနှင့် ရုတ်တရက် ခေါ်ဝေါ်ခဲ့သည်။ ကျန်းပေါင် အံ့ဩစွာ လှည့်ကြည့်လိုက်တော့ မရင်းနှီးသော အာရှအမျိုးသားတစ်ယောက်နှင့် အကြည့်ချင်း ‌ဆုံသည်။ အနက်ရောင် ဆံပင်တိုတို ၊ အသားဖြူဖြူ ၊ အရပ်ရှည်ရှည် ၊ ခန္ဓာကိုယ် တောင့်တောင့်တင်းတင်းနှင့် သူ့ကို တရုတ်မှာဆို လူချောတစ်ယောက်ဟု သတ်မှတ်နိုင်သည်။

သို့သော် ကျန်းပေါင်က သူ့ကို မမှတ်မိဘဲ သူမရဲ့ မျက်လုံးထဲမှာ စိတ်ရှုပ်ထွေးမှုတွေ ပြည့်နှက်နေခဲ့သည်။ “ ရှင်က … ဘယ်သူလဲ။ ”

ချန်ယိရဲ့ မျက်လုံးထဲမှာ ပျော်ရွှင်မှု အရိပ်အယောင်တွေ ထင်ဟပ်နေပြီး သူမဆီ ခပ်သွက်သွက် လျှောက်သွားကာ ရှင်းပြလိုက်သည်။ “ ကျွန်တော်က ရှောင်ယာရဲ့ အစ်ကိုလေ။ ပြီးခဲ့တဲ့ နွေရာသီတုန်းက ကျွန်တော် ဘက်ကီ့ကို ပန်းခြထဲမှာ ခွေးကျောင်းထွက်လာရင်း တွေ့ဖူးတယ်လေ။ ”

ထိုအချိန်တုန်းက သူမရဲ့ နာမည်ကို မသိခဲ့ဘဲ နောက်ပိုင်းမှ သူ့ညီမဆီက နှိုက်နှိုက်ချွတ်ချွတ် မေးမြန်းခဲ့ရသည်။ အဲ့ဒီနောက် သူ့ညီမရဲ့ Twitter အကောင့်မှာ ကျန်းပေါင်နှင့် တွဲရိုက်ထားတဲ့ ဓာတ်ပုံကိုလည်း တွေ့ခဲ့သည်။ ချစ်စရာကောင်းတဲ့ အပြုံးလေးနှင့် ပြုံးနေသော ကျန်းပေါင်ရဲ့ ဓာတ်ပုံလေးကို ချန်ယိ မ Save ဘဲ မနေနိုင်ပါ။

ဒီမိန်းမလှလေးကို သူ့စိတ်ထဲမှာ စွဲစွဲမြဲမြဲ မှတ်မိနေသည်။ ချန်ယိသည် လွန်ခဲ့တဲ့ နှစ်ဝက်လုံး ကျန်းပေါင်အကြောင်းကို ရည်ရွယ်ချက်ရှိရှိ တွေးတောနေခဲ့တာမျိုး မရှိ၍ ရှက်တတ်သော ကောင်မလေးနှင့် ဆုံတွေ့ခဲ့ခြင်းကို မေ့လျော့လုနီးပါးပင် ဖြစ်နေခဲ့သော်လည်း လူတွေ အများကြီးကြားထဲမှာ ချစ်စရာကောင်းသော ဖြူဖြူစင်စင် မျက်နှာလေးကို မြင်လိုက်ရချိန်မှာတော့ သူ့စိတ်ထဲမှာ နစ်မြုပ်နေတဲ့ အမှတ်တရတွေ ပြန်လည် အသက်ဝင်လာ၏။

ကျန်းပေါင်က အစတုန်းက ချန်ယိကို မမှတ်မိပေမဲ့ Golden Retriever ခွေးလေး ဘက်ကီက သူမရဲ့ မှတ်ဉာဏ်ကို လှုပ်နှိုးပေးလိုက်သည်။ “ ဪ … ရှင်ကိုး။ ရှင်က ဒီမှာ ဘာလာလုပ်တာလဲ။ ”

ချန်ယိက အိမ်တော်ထိန်းကို တစ်ချက် လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။ “ တရုတ်ကနေ လာလည်တဲ့ သူငယ်ချင်းတစ်ယောက်ကို လာကြိုတာပါ။ မင်းကရော အလည်လာတာလား။ ”

ကျန်းပေါင် ခေါင်းညိတ်ပြလိုက်သည်။

“ အဲ့လို ပြောလို့ ရမယ် ထင်တယ်။ ”

ချန်ယိသည် သူမနှင့် နည်းနည်းလောက် စကားဆက်ပြောချင်သေးသော်လည်း သူတို့ဘေးက အိမ်တော်ထိန်းက ချောင်းဟန့်၍ အချက်ပြပါသည်။ ကျန်းပေါင်ကလည်း အိမ်တော်ထိန်း အလျင်လိုနေတယ်လို့ တွေးမိသွားပြီး ချန်ယိကို အမြန် နှုတ်ဆက်စကားဆိုလိုက်သည်။

“ ဒါဆို ကျွန်မ အရင် သွားတော့မယ်နော်။ ”

ချန်ယိက ထွက်ခွာသွားတဲ့ သူမရဲ့ ကျောပြင်လေးကို လှည့်ကြည့်ပြီး တောက်ပစွာ ပြုံးလိုက်သည်။ “ ငါတို့နှစ်ယောက် နောက်မှ ထပ်တွေ့ကြတာပေါ့။ ”

ကျန်းပေါင် စာသင်နေတဲ့ နှစ်ဝက်အတွင်းမှာ အဘိုးဖူက အနက်ရောင် ခွေးမလေးတစ်ကောင်ကို မွေးထားခဲ့ပြီး ထိုခွေးမလေးကို ဟွီသန်းနှင့် ပေးစားမည်ဟု ပြောသည်။ အဘိုးဖူရဲ့ ရည်ရွယ်ချက်က ကောင်းသော်လည်း ကျန်ပေါင်ကတော့ ဟွီသန်းကို သင်းကွပ်လိုက်ပြီ ဆိုတဲ့ အကြောင်းကို အဘိုးဖူ သိသွားလျှင် ဒေါသထွက်မှာ စိုး၍ ဆင်ခြေရှာပြီး ဟွီသန်းကို ဖူမင်ရှစ်ရဲ့ အပန်းဖြေစံအိမ်မှာ ထားရစ်ခဲ့သည်။

တစ်နှစ်နီးပါး အရွယ်ရှိတဲ့ အနက်ရောင် ခွေးမလေးက အတော်လေး အကောင်ကြီးပြီး ရှေ့ခြေထောက် နှစ်ချောင်းနှင့် ရပ်လိုက်ချိန်မှာ ကျန်းပေါင်ရဲ့ ခါးကိုပင် ရောက်သည်။ ခပ်ဆိုးဆိုး ဟွီသန်းနှင့် ယှဉ်လျှင် သူလေးက အများကြီး ပိုယဉ်ပြီး ခြံဝင်းထဲမှာ လဲလျောင်း၍ နေပူဆာလှုံရတာကို သဘောကျသည်။ ဒါပေမဲ့ ပိုင်ရှင်တွေက သူနှင့် သွားဆော့လျှင်လည်း တကယ့်ကို လိလိမ္မာမ္မာနှင့် ပူးပေါင်းပေးသည်။

အိမ်ထဲမှာ ခွေးတစ်ကောင် ရှိနေတော့ ကျန်းပေါင်လည်း မကြာခင်မှာပဲ အဘိုးဖူနှင့်အတူ နေ့တိုင်း ပန်းခြံထဲမှာ ခွေးကျောင်းထွက်သည့် အကျင့်လေး စွဲကပ်သွားခဲ့သည်။ လေးရက်မြောက်နေ့မှာ သွေးနှော မိန်းမလှလေး ရှောင်ယာ ၊ သူမရဲ့ Golden Retriever ခွေးလေး ဘက်ကီတို့နှင့် တွေ့ဆုံခဲ့ပြီး ငါးရက်မြောက်နေ့မှာတော့ ဘက်ကီ့ကို ခေါ်လာသူက ချန်ယိ ဖြစ်သွားခဲ့သည်။

သူတို့ရဲ့ တတိယအကြိမ် တွေ့ဆုံမှုမှာ ချန်ယိက နောက်ဆုံးတော့ ကျန်းပေါင်အား သူ့ကိုယ်သူ သေချာ မိတ်ဆက်လိုက်သည်။ ချန်ယိဟာ US မှာ တိရိစ္ဆာန်ဆေးပညာကို မာစတာဘွဲ့ တက်ရောက်နေကြောင်း သိလိုက်ရချိန်မှာ ကျန်းပေါင်လည်း အတော်လေး အံ့အားသင့်သွားပြီး သူ့ကို WeChat မှာ အကောင့်အပ်လိုက်သည်။ တစ်ခါတလေ သူတို့ ပရော်ဖက်ရှင်နယ် ခေါင်းစဉ်တွေအကြောင်း စကားပြောဖြစ်သည်။

အဘိုးဖူက ကျန်းပေါင်ဟာ ချန်ယိကို အသိမိတ်ဆွေတစ်ယောက်အဖြစ်သာ မြင်ကြောင်း သိနေတာမို့ သူ့အား သတိထားဖို့ စကားအရိပ်အမြွက် မပေးခဲ့ပေ။ ဒီနေ့တော့ ပန်းခြံထဲကို ခွေးကျောင်းထွက်လာချိန်မှာ ရှောင်ယာက ကျန်းပေါင်အား သူမရဲ့ နှစ်သစ်ကူး ပါတီပွဲကို လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ခဲ့သည်။

တရုတ်မှာကတည်းက တွေ့ဆုံပွဲတွေကို တက်လေ့မရှိတဲ့ ကျန်းပေါင်အဖို့ နိုင်ငံခြားမှာ ဆိုရင်တော့ ပိုလို့တောင် ဝေးသည်။ ကိုယ့်ကိုယ်ကိုယ် အရှက်ရအောင် လုပ်မိမှာ စိုး၍ ရှောင်ယာရဲ့ ဖိတ်ခေါ်မှုကို အကြိမ်ပေါင်းများစွာ ငြင်းပယ်ခဲ့သည်။ ကျန်းပေါင်ကို ချန်ယိ သဘောကျနေတာကို သတိထားမိတဲ့ ရှောင်ယာကလည်း နည်းလမ်းပေါင်းစုံ သုံးပြီး ကျန်းပေါင်ကို စည်းရုံးသိမ်းသွင်းခဲ့သည်။

နောက်ဆုံးတော့ ကျန်းပေါင်သည် သူငယ်ချင်းဖြစ်သူရဲ့ စိတ်အားထက်သန်မှုကို မတွန်းလှန်နိုင်ဘဲ အရင်ဆုံး စဉ်းစားကြည့်ပါဦးမည်ဟု သဘောတူလိုက်ရ၏။

ပန်းခြံခုံတန်းမှာ ထိုင်နေတဲ့ အဘိုးဖူက ကျန်းပေါင် လျှောက်လာတာကို ကြည့်ပြီး “ ဘာဖြစ်လို့လဲ။ ” အပြုံးလေးဖြင့် မေးတော့ ကျန်းပေါင်က စိတ်ပျက်လက်ပျက်နှင့် ရှင်းပြလိုက်သည်။

“ ရှောင်ယာက ဒီတစ်ပတ် ပိတ်ရက်မှာ နှစ်သစ်ကူးပါတီ လုပ်မယ်တဲ့။ အဲ့ဒီ ပါတီပွဲကို လာခဲ့ဖို့ ကျွန်မကို အတင်း ခေါ်နေတယ်။ ”

“ ကောင်းသားပဲ။ လူငယ် ဆိုတာ သူငယ်ချင်း ၊ အပေါင်းအသင်းတွေနဲ့ မကြာခဏ ပျော်သင့်တယ်။ ဖန့်ပေါင်က ဘာလို့ မသွားချင်ရတာလဲ။ ”

ကျန်းပေါင်က ခေါင်းငုံ့ပြီး “ ကျွန်မ အဲ့လို ပါတီပွဲတွေကို တစ်ခါမှ မတက်ဖူးဘူး။ ” ဟု ရှက်ကိုးရှက်ကန်းနှင့် ပြောလိုက်သည်။

အဘိုးဖူ သဘောပေါက်သွားပြီး ဖုန်းပြက္ခဒိန်ကို ကြည့်သလို ၊ နေ့ရက်တွေကို ရေတွက်နေသလို ဟန်ဆောင်ရင်း “ ကိစ္စ မရှိဘူး။ အဲ့အချိန်ဆို မင်ရှစ်လည်း ပြန်ရောက်လောက်ပြီ။ သူ မင်းနဲ့ အတူတူ လိုက်ပေးနိုင်တယ်။ ” ဟု ပြောလိုက်သည်။

ထိုစကားကို ကြားတော့ ကျန်းပေါင်က အလွန် ပျော်ရွှင်သွားပုံပေါ်သည်။ မြေးချွေးမလေးမှာ သူ့မြေးအပေါ် စိတ်ကုန်စိတ်ပျက်နေတဲ့ လက္ခဏာတွေ မတွေ့ရသဖြင့် အဘိုးဖူလည်း စိတ်အေး သက်သာရာရသည်။ ခဏနေတော့ ကျန်းပေါင်က ရှောင်ယာအား သူငယ်ချင်းတစ်ယောက် ခေါ်လာလို့ ရမလားဟု သွားမေးနေချိန်မှာ အဘိုးဖူသည် သူ တိတ်တိတ်လေး ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံနှင့်အတူ သူ့မြေးကို မက်ဆေ့ခ်ျပို့လိုက်လေသည်။

ဖူမင်ရှစ်သည် မက်ဆေ့ခ်ျကို ဖွင့်ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် ချန်ယိရဲ့ နုပျိုချောမောသော မျက်နှာကို ပြန်လည် မြင်တွေ့လိုက်ရ၏။ သူ ထိုဓာတ်ပုံကို စက္ကန့်နှင့် ချီကာ စိုက်ကြည့်နေပြီးမှ ထိုင်ခုံကို ဖြည်းဖြည်းချင်း မှီကာ ဓာတ်ပုံထဲက သူ့သတို့သမီးလောင်းလေးရဲ့ ရူးနှမ်းနှမ်း အပြုံးလေးကို နက်မှောင်သော မျက်လုံးများဖြင့် ကြည့်မိသည်။ မင်ကျစ်နျဉ်ရဲ့ အန္တရာယ်က ကင်းဝေးသွားတာတောင် မကြာသေး ၊ အခု နိုင်ငံခြားက ကျောင်းသား ဆိုတဲ့ ကောင် ထပ်ပေါ်လာပြန်ပြီ။ ဘာလို့ ကျန်းပေါင်မှာ ပိုးပန်းသူတွေ ဝိုင်းဝိုင်းလည်နေရတာလဲ … ။

~

ရှောင်ယာရဲ့ နှစ်သစ်ကူးပါတီက ဒီဇင်ဘာလ ( ၂၈ ) ရက်နေ့မှာ ဖြစ်ပြီး ဖူမင်ရှစ်က ( ၂၇ ) ရက်နေ့ ညနေမှာ ရောက်လာခဲ့သည်။ သူက လေဆိပ်ထဲက ထွက်လာသည်နှင့် တစ်ပြိုင်နက် လာကြိုတဲ့ လူတွေကြားထဲက ကျန်းပေါင်ကို တန်းမြင်သည်။ အဖြူရောင် ကုတ်အင်္ကျီနှင့် အနက်ရောင် ဘောင်းဘီကို ဝတ်ပြီး အားကစားဖိနပ်စီးထားတဲ့ သူမရဲ့ ပုံစံလေးက ချစ်စရာကောင်းသည်။

ဖူမင်ရှစ်က သူမ လာကြိုလိမ့်မည်ဟု မျှော်လင့်မထားပါ။ တစ်ချိန်တည်းမှာပဲ ကျန်းပေါင်ကလည်း သူ့ကို မြင်သွားကာ ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။ အနက်ရောင် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားတဲ့ ဖူမင်ရှစ်က နောက်ဆုံး တွေ့ခဲ့တဲ့ ၊ လွန်ခဲ့တဲ့ တစ်ပတ်တုန်းကထက်တောင် ပိုချောနေသည်။

ဖူမင်ရှစ်က သူမရဲ့ လက်ကလေးကို ဆုပ်ကိုင်ပြီး “ မင်းတစ်ယောက်တည်း လာတာလား။ ” ဟု မေးလိုက်တော့ ကျန်းပေါင်က “ ဟင့်အင်း။ ဦးလေးလီ လိုက်ပို့တာ။ ” ဟု ဆိုကာ နောက်ကို လှည့်ကြည့်သည်။ ထိုအခါမှ လေယာဉ်ဆိုက်ရောက် ခန်းမထဲက ထွက်လာရုံသာ ရှိသေးတဲ့ အိမ်တော်ထိန်း ဦးလေးလီကို မြင်လိုက်ရသည်။

ခုနတုန်းကအထိ ဦးလေးလီက သူမဘေးမှာ ရပ်နေခဲ့တာပါ။ ကျန်းပေါင် အံ့ဩသွားသလို ဖူမင်ရှစ်ဆီကလည်း ရယ်သံထွက်လာသည်။

“ သွားရအောင်။ ကားထဲ အရင် ဝင်ကြမယ်။ ”

ကျန်းပေါင် ခေါင်းညိတ်ပြလိုက်၏။

ကားထဲကို ရောက်သည်နှင့် ဦးလေးလီက မောင်းထွက်လာပြီး သူတို့နှစ်ယောက်က နောက်ခန်းမှာ ထိုင်ခဲ့ကြသည်။ ကျန်းပေါင်က အရှေ့လမ်းက လွဲပြီး ဘယ်ကိုမှ မကြည့်မိအောင် ကိုယ့်ကိုယ်ကိုယ် အတတ်နိုင်ဆုံး ထိန်းချုပ်ထားပေမဲ့ ဖူမင်ရှစ်ကတော့ အလွန် သဘာဝကျစွာဖြင့် ကျန်းပေါင်ရဲ့ လက်ကလေးကို တစ်ချိန်လုံး ဆုပ်ကိုင်ထားကာ တစ်ခါတရံ ဖျစ်ညှစ်နေခဲ့သည်။ ထို့ကြောင့် ကျန်းပေါင်ရဲ့ မျက်နှာလေး တဖြည်းဖြည်း ရဲလာကာ စကားပြောစရာကို ကြိုးစား၍ စဉ်းစားလိုက်သည်။

“ ရှင် ဘယ်တော့ အိမ်ပြန်မှာလဲ။ ”

ဖူမင်ရှစ်က မျက်ခုံးပင့်လိုက်သည်။ “ ကိုယ့်ကို အခုကတည်းက အိမ်ပြန်စေချင်နေတာလား။ ”

ဒရိုင်ဘာထိုင်ခုံရှိ ဦးလေးလီက သူတို့စကားကို ကြားပြီး ရယ်သည်။ ကျန်းပေါင်က ဘာမှ ပြန်မဖြေဘဲ ခေါင်းငုံ့ကာ နှုတ်ခမ်းစူနေမိသည်။

ဖူမင်ရှစ်က သူမရဲ့ လက်ချောင်းလေးတွေကို နူးညံ့စွာ ဖျစ်ညှစ်ပြီး “ နှစ်သစ်ရဲ့ ဒုတိယနေ့မှ ကိုယ် အိမ်ပြန်မှာ။ အဲ့နေ့ကျရင် မင်းလည်း ကိုယ်နဲ့ အတူတူ အိမ်ပြန်လိုက်ခဲ့ရမယ်။ ” ဟု တိုးဖွဖွ ပြောလိုက်သည်။ ဒီနေရာမှာ သူမ တစ်ယောက်တည်း ပျားပိတုန်းတွေကို ဆက်လက်ဆွဲဆောင်နေမှာကို သူ စိတ်မချပါ။

ကျန်းပေါင်က “ အင်း။ ” ဟု တုံ့ပြန်လိုက်သည်။

အပန်းဖြေစံအိမ်ကို ပြန်ရောက်တော့ သူတို့နှစ်ယောက် ဧည့်ခန်းထဲမှာ ထိုင်ပြီး အဘိုးဖူနှင့် စကားစမြည်ပြောကြသည်။ ခဏကြာတော့ ညစာ အဆင်သင့် ဖြစ်သွား၍ သုံးယောက်လုံး ညစာစားလိုက်ကြသည်။ အဘိုးဖူက ကင်ဆာရောဂါကို ဆေးကုနေရသူမို့ ညတိုင်း ရှစ်နာရီ အတိအကျမှာ အိပ်ရာဝင်ရသည်။

အဘိုးဖူ အပေါ်ထပ်ကို တက်သွားတော့ ကျန်းပေါင်က ဆိုဖာပေါ်မှာ တီဗီကြည့်ရင်း ကျန်ခဲ့သည်။ မျက်လုံးတွေက တီဗီကြည့်နေသော်လည်း သူမရဲ့ စိတ်အာရုံက ဆိုဖာအစွန်းတစ်ဖက်မှာ ထိုင်နေသော ဖူမင်ရှစ်ဆီ ရောက်ကာ ပရမ်းပတာ ရင်ခုန်နေမိသည်။

သူတို့ရဲ့ ဆက်ဆံရေးက ရိုးရှင်းစွာ နမ်းခြင်းကနေ နောက်တစ်ဆင့်ကို တက်သွားခဲ့ပါပြီ။ ကျန်းပေါင်က သူမရဲ့ ပခုံးကို ဖူမင်ရှစ် နမ်းတာ ၊ ခြေထောက်တွေကို ပွတ်သပ်တာကို မတားဆီးသော်လည်း ထိုခံစားချက်က အရမ်း စိတ်လှုပ်ရှားစရာကောင်းတာကြောင့် အချိန်မရွေး နှာခေါင်းသွေးလျှံတော့မလိုမျိုး တောင့်ခံခဲ့ရသည်။

***

All Chapters